July 31, 2025
Uncategorized

ကျားရဲနှင့် သစ်ပင်ထက်ကလူ

တင့်ထူး(ဇေယျဝတီ)
ကျားရဲနှင့် သစ်ပင်ထက်ကလူ

ရန်ကုန် မန္တလေးသွား ကားလမ်း၊ မီးရထားလမ်းအနောက်ဘက်တွင် ပဲခူးရိုးမကြီးက တောင်နှင့် မြောက် တန်းကာ တည်ရှိနေလေသည်။

ထိုရိုးမကြီး တည်ရှိနေခဲ့ခြင်းကြောင့် ကျေးလက်နေထိုင်ကြသူများ အိမ်အတွက်လိုအပ်သည့် ဝါးများ၊ ထင်းများ၊ ပျဉ်များ၊ ကြိမ်၊ လျှော်နှင့် သက်ကယ်က အစ ရိတ်ယူနိုင်ကြသည်။

ထိုရိုးမကြီးပေါ်တွင် ဝါး၊ သစ်မျိုးမျိုး၊ ကြိမ်၊ လျှော် များနှင့် တောတိရစ္ဆာန်မျိုးစုံတို့ မှီတင်းနေထိုင်ကြလေသည်။ တောလည်ရန် ဝါသနာပါသူတို့က တောထဲသို့ ညအိပ်ညဥ့်နေသွားကြကာ ဆတ်၊ ပြောင်၊ တောဝက်၊ သမင်၊ ဒရယ်၊ ချေ၊ ဖြူ၊ လိပ် တို့ကို ရှာဖွေပစ်ခတ်ကြလေသည်။

ထိုကဲ့သို့ တောနက်ထဲ လှည့်လည်ရှာဖွေ ပစ်ခတ်ကြသည့်အခါ မုဆိုးက လက်ဦးမှုရပြီး သားကောင်ရကြသည်လည်း ရှိသည်။

တစ်ခါတစ်ရံ သားကောင်က လက်ဦးမှုရပြီး ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် သေဆုံးသူ၊ အနာတရ ဒဏ် ရာရသူ၊ ထွက်ပြေးလွတ်မြောက်ကြရသူတွေလည်း ရှိလေသည်။ ဗုံလုံတစ်လှည့်၊ ငါးပျံတစ်လှည့် ဆိုစကားအတိုင်း မုဆိုးဖြစ်လိုက် သားကောင်းဖြစ်လိုက်နှင့် သံသရာလည်နေကြလေသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဖြူးမြို့နယ် ပါဝင်သည်။ ဖြူးမြို့နယ်၏ အနောက်ဘက်ရှိ ပဲခူးရိုးမတစ်ကြောတွင် မြရာပင်ကြော ရှိသည်။

ထိုကြောကို မြရာပင်ကြောဟု ခေါ်ဆိုကြခြင်းမှာ ကြောတစ်လျှောက်၌ မြရာပင်များ ပေါများစွာ ပေါက်ရောက်နေခြင်းကြောင့်ပင် ဖြစ်သည်။

ဖြူး အနောက်ဘက်၌ ဖြူးချောင်းများတွင် ကျောက်အိုးကြီး၊ ကျောက်အိုးလေး ဟူ၍ရှိသည်။ ဖြူး ချောင်းက ဖြူးမြို့၏ မြောက်ဘက်အစပ်မှ အရှေ့ဘက် စစ်တောင်းမြစ်အတွင်းသို့ စီးဝင်သည်။ မိုးအခါ ရေကြီးချိန်တွင် မြစ်အတွင်းက ငါးမျိုးစုံတို့က ဖြူးချောင်းအတိုင်း အထက်သို့ ဆန်တက်သွားကြကာ ထိုကျောက်အိုးကြီး၊ ကျောက်အိုးလေး ရောက်ကြလျှင် ထိုအထဲတွင် ခိုအောင်းနေကြသဖြင့် ငါး များ ပေါများသည်။

နွေကာလ ရေနည်းသည့်အချိန်၌ ထိုကျောက်အိုးကြီး၊ ကျောက်အိုးလေးအတွင်း၌ ငါးများကို နည်းမျိုးစုံသုံး၍ လာရောက်ဖမ်းယူကြလေသည်။

ဖြူးမြို့နယ်၏ မြောက်ဘက်နယ်နိမိတ်အဆုံးတွင် ပြောင်သေကျေးရွာရှိ၏။ ထိုပြောင်သေမှ မြောက်ဘက်သို့ လွန်သွားလျှင်တော့ အုတ်တွင်းမြို့နယ်အစ၊ တောင်ဘက်အစ ဖြစ်သွားတော့သည်။

ထိုရွာများ၏ အနောက်ဘက် ပဲခူးရိုးမထိပ်မှ အနောက်ဘက်ထဲ ဆင်းသွားလျှင်တော့ တောလည်းနက်လာသည်။ လူသူအရောက်အပေါက်လည်း နည်းလာသည်။ သစ်ကြီးဝါးကြီးများလည်း ထူထပ်စွာ ပေါက်ရောက်နေလေသည်။

ကြောကြီးအနောက်ဘက်ထဲ၌ ဖားလောင်း၊ သဲဖို့၊ မင်းပုန်း၊ စလူမြောင်၊ စဉ့်အိုးမြောင် စသည့်ဖြင့် မြောင်များ ပေါများစွာရှိနေလေသည်။

ယခင်အခါက ကရင်တိုင်းရင်းသားများက ကြောကြီး၏ အရှေ့ဘက်စောင်းတွင် ယာခုတ်၍ ယာစိုက်ခဲ့ကြလေသည်။ ယာခုတ်ရသည်က တစ်နေရာ ခုတ်၍ စိုက်လျှင် သုံးနှစ်ခန့်သာ ဖြစ်ထွန်းသည်။ ထိုအခါ ယာများကို အနောက်ဘက်သို့ ရွှေ့ပြောင်း၍ ခုတ်ခဲ့ခြင်းဖြင့် ရိုးမကြီး၏ အနောက်ဘက်သို့ တက်တက်စင်ဝေးသည်အထိ ရောက်ခဲ့ကြလေတော့ သည်။

ကိုထွန်းခင်က ဖြူးမြို့နယ် ပြောင်သေရွာတွင် နေထိုင်ပြီး လယ်ယာလုပ်ကိုင်စားသောက်နေသည်။ နွေကာလရောက်လျှင် ဝါးလိုအပ်ပါက တောင်ပေါ်တက်ကာ ဝါးတက်ခုတ်ရသည်။ မိုးတွင်းစာအတွက် ထင်းရရှိရန် တောင်ပေါ်တက်ပြီး ထင်းတုံးတက်ဆွဲရလေသည်။

တစ်နေ့တွင် တောထဲ ဝါးတက်ခုတ်၍ ဝါးရသောအခါ တောင်ပေါ်တွင် ယာခင်းလုပ်ထားသော ကရင်ကြီးတစ်ယောက်နှင့် တွေ့လေသည်။

“ဝေး – ဖထီး၊ တောထဲ ဘာလာလုပ်လဲဝေ့”

“ငါ ယာခင်းခုတ်ထားတယ်လေ။ ငါ့ယာထဲလာတာပဲဝေ့”

“ယာခင်းက ဘယ်လောက်ဝေးလဲ ဖထီး”

“မဝေးပါဘူး -ဒီ စွတ်လမ်းက တောင်ဘက်နည်းနည်း ဆင်းသွားရင်း ရောက်ပြီဝေ့”

“ငါလိုက်လည်လို့ရမလားဝေ့”

“ရပါတယ်ဝေ့၊ ငါ့ယာထဲမှာ နားနေပြီး နေအေးမှ မင်းရွာပြန်ပေါ့ဝေ့”

ကိုထွန်းခင်လည်း ကရင်ကြီးက သူ့ယာထဲခေါ်သဖြင့် လိုက်သွားခဲ့လေသည်။

“ဟာ- ဖထီး – ယာခင်းထဲမှာ ငှက်ပျောတွေကတော်တော်ကောင်းတာပဲနော”

“ဘယ်နှကြိမ်ခုတ်ပြီးပလဲ – ဖထီး”

“မခုတ်ရသေးဘူး ဝေ့”

သီးမွှေးငှက်ပျောခိုင်ကြီးများမှာ အလုံးထွားထွားနှင့် သီးနေကြသည်မှာ အားရစရာပင်။ ထိုငှက်ပျောခိုင်များကို ခုတ်ပြီး ငှက်ပျောပွဲရုံများသို့ ရောင်းချလျှင် ဈေးကောင်းကောင်းရနိုင်လေသည်။

“ဟာ- ကုလားအော် ငရုတ်သီးတွေကလည်း ပြွတ်နေအောင် သီးနေလိုက်ကြတာ တစ်ပင်လုံးကို ရဲထိန်ပြီးမှည့်နေကြပါလား – ဖထီးရေ”

“အေး – ငရုတ်တွေကို ငှက်ပျောပင်တွေကြားမှာ စိုက်ထားတာလေ ခူးမနိုင်ဘူး၊ မင်းပြန်ရင် အိမ်အတွက် ဆွတ်ယူသွားလေ”

ကရင်ကြီးက ဆွတ်ယူခွင့်ပေးလာသဖြင့် ထမင်းထုပ်ထည့်လာသော လွယ်အိတ်အလွတ်တစ်လုံးရအောင် ဆွတ်လိုက်သည်။ ပြီးမှ ယာတဲပေါ် တက်၍ ကရင်ကြီးနှင့်အတူ ထိုင်ကာ စကားပြောနေကြသည်။

“အို – ငါမေ့နေတယ် ဝေ့၊ ငါ့တဲပေါ်မှာ သီးမွှေးငှက်ပျောသီးမှည့်တွေ ရှိတယ်လေ”

ကရင်ကြီးက ပြောပြောဆိုဆိုထ,သွားကာ မီးဖိုနားက တောင်းထဲမှ သီးမွှေးငှက်ပျောတစ်ဖီး ဆွဲထုတ်ယူလာပြီး ထွန်းခင်နားသို့ ချပေးလေသည်။

“စားဟေ့- အားမနာနဲ့ ဝေ့”

“ဟာ- ငှက်ပျောသီးကြီးတွေက တော်တော်ထွားတာပဲနော်- ဖထီး”

“အေး – အဲဒါ လက်ဖျားဖီးကို အုပ်ထားတာ၊ မြို့ကိုရောင်းဖို့ ပို့လိုက်တဲ့ အဖီးတွေဆိုရင် ဒါထက်ကြီးတယ်ဟေ့”

“ကဲ- ဖထီးရေ- နေလည်း အတော်စောင်းသွားပြီ၊ ပြန်တော့မယ်နော်၊ မနက်ကိုလည်း ဝါး လာပြီး စွတ်ဆွဲရဦးမယ်”

“အေး – အေး – နောက် တောထဲလာတဲ့အခါ ငါ့ယာထဲကိုဝင်တည်းပေါ့။ ငါ့နာမည်က စောဖိုးခွားလို့ခေါ်တယ်ဝေ့”

ထိုသို့ဖြင့် ကိုထွန်းခင်မှာ တောထဲသို့ ဝါးခုတ်၊ ထင်းတုံးဖြတ်ရောက်လာလေတိုင်း စောဖိုးခွားယာထဲသို့ ဝင်နားခဲ့လေသည်။ ကရင်ကြီးနှင့်လည်း ခင်မင်သွားခဲ့လေသည်။

ယာထဲမှအပြန်တွင် စောဖိုးခွားက ပေးလိုက်သော ဖရုံညွန့်၊ ငှက်ပျော၊ ဖရုံသီး၊ သခွားသီး၊ ငရုတ်သီးများ ပြန်ယူခဲ့သဖြင့် ကိုထွန်းခင်အိမ်အတွက် ဟင်းသီးဟင်းရွက် ဝယ်မစားခဲ့ရချေ။ တစ်ခါတလေ သူ့အိမ်တွင် ပိုလျှံနေ၍ အိမ်နီးချင်းအိမ်များကိုပင် ဝေငှပေးရလေသည်။

တစ်နေ့တွင် ကိုထွန်းခင်သည် အိမ် အခြင်ဝါးအတွက် တောထဲ ဝါးခုတ်တက်ခဲ့သည်။ ဝါးရသွားလျှင် မနက်ကို အဆင်သင့် စွတ်ဆွဲယူနိုင်ရန် စွတ်ဖွဲ့ထားခဲ့ပြီး စောဖိုးခွားယာတဲသို့ ဝင်လာခဲ့သည်။

“ဟာ- ထွန်းခင်ပါလား။ တောထဲ ဘာလာခုတ်သလဲဝေ့”

“အိမ် အခြင်ဝါး လာခုတ်တယ်လေ”

“ငါလည်း ယာပြောင်းပြီး ခုတ်နေပြီ ထွန်းခင်”

“ဘယ်နားကို ပြောင်းပြီး ခုတ်နေလဲ ဝေ့”

“ဟို သဲဖို့ဘက်ကို ပြောင်းပြီးခုတ်နေတယ်။ အခု မိုးမကျမီမှာ အဲဒီနေရာကို ပြောင်းတော့မယ်ဝေ့”

“ဟိုနေရာက တခြားယာသမားတွေကော ခုတ်တာရှိလား”

“ရှိတယ် ဝေ့၊ ငါတို့ရွာက စောသာထူးတို့ စောဘရင်တို့လည်း ခုတ်ကြတယ်ဝေ့”

“မင်း အဲဒီဘက်ရောက်ရင် ငါ့ယာကိုစုံစမ်းပြီး ဝင်လာခဲ့လေကွာ”

“အေးပေါ့ – စောဖိုးခွားရယ်။ ဒါပေမဲ့- မင်းယာက ဝေးလွန်းလှတယ်ကွာ။ တော်တော်နဲ့ ရောက်ဖြစ်မှာ မဟုတ်ဘူး”

“ရောက်လာတဲ့အခါ ဝင်နားပေါ့၊ ညအိပ်ချင်လည်း ငါကျွေးပါ့မယ်ကွာ”

“အေးပေါ့ကွာ – ရောက်လာခဲ့ရင်လည်း မင်းယာထဲကို လာခဲ့ပါ့မယ်”

ထွန်းခင်လည်း ညနေစောင်းပြီဖြစ်၍ စောဖိုးခွားကို နှုတ်ဆက်ကာ ရွာသို့ ပြန်လာခဲ့သည်။

ဝါးတက်ဆွဲပြီးသည်နှင့် မကြာမီရက်မှာပင် အိမ်အမိုးကို ဖျက်ချကာ အခြင်ဝါးများ အသစ်လဲခဲ့သည်။ ရွာထဲမှ ကာလသားတစ်သိုက်က လုပ်အား ပေးခဲ့ကြ၍ အခြင်ဝါးလဲခြင်း ပြီးခဲ့ကာ သက်ကယ်အသစ်များဖြင့် တစ်မိုးစာ မိုးလုံစေရန် သက်ကယ်ပျစ်ကို မစိပ်မကျဲထားကာ မိုးခဲ့ရသည်။

အိမ်အမိုးအတွက် သက်ကယ်ကို တောထဲတွင် အလေ့အကျပေါက်နေသော သက်ကယ်တောမှ တန်ဆောင်မုန်းလထဲရောက်လျှင် ရှာဖွေရိတ်ကြ၍ လှည်းဖြင့် သက်ကယ်ထုံးများ တင်ယူလာရသည်။

အိမ်ရောက်လျှင် ခြံတန်းတွင် ထောင်၍ လှန်းထားရသည်။ သက်ကယ်အထုံးများ ခြောက်သွေ့သွားလျှင် တံစဉ်ဦးဖြင့် ထိုးပြီး သက်ကယ်ချေး ခါရသည်။ သက်ကယ်ချေးပြောင်လျှင် သန့်စင်သော သက်ကယ်ရွက်ကလေးများ ရလာသည်။

ထို သက်ကယ်ရွက်ကလေးများအား အိမ်ရှိ မိန်းမနှင့် သမီးများက နေ့ခင်းအားနေချိန်တွင် သက်ကယ်ပျစ်ကြလေသည်။

ပျစ်ရသည်က လွယ်မယောင်နှင့် မလွယ်သောအလုပ်တစ်ခုဖြစ်သည်။ မပျစ်မီ နေရာပြင်ရသည်။ လူတစ်ဦးထိုင် ရင်စို့လောက်မြင့်သော ဝါးလုံးတန်းတစ်ခုကို လူထိုင်မည့်ရှေ့တွင် တန်းရသည်။ ပြီးလျှင် ဝါး လုံးနှစ်လုံးကို တန်းပေါ်သို့ အစွန်းနှစ်ဖက်တင်ထား၍ လူထိုင်သည့်ဘက်ကို နိမ့်ထားရသည်။ ပြီးမှ ထိုဝါးလုံးနှစ်လုံးပေါ်သို့ သက်ကယ်ကိုတင်၍ နှီးဖြေပြီး ဖြန့်ချရသည်။

ပျစ်မည့်သူက ဝါးနှစ်လုံးကြားတွင် ခြေဆင်းထိုင်ရသည်။ သက်ကယ်လံအဖြစ် သပ်ထားသော ဝါးခြမ်းတံ လေးတောင်ခန့်အရှည်ကို ဖြန့်ထားသော သက်ကယ်ရွက်ပေါ်တင်ကာ သက်ကယ်ရွက် သုံးလေးပင် တစ်ခုယူ၍ သက်ကယ်တံပေါ် တစ်ဝက်ခေါက်တင်ပြီး နှီးဖြင့်တွဲရက်ရသည်။

ထိုနည်းဖြင့် သက်ကယ်တံဆုံးသည်အထိ သက်ကယ်ရွက် သုံးလေးပင် တစ်ခုယူကာ နှီးဖြင့်ရက်သွားခြင်းဖြင့် သက်ကယ်ပျစ် ရလာခြင်းဖြစ်သည်။

တစ်အိမ်လုံး မိုးပြီးသွားလျှင် ခေါင်ချုပ်၍ မိုးသူများ ခေါင်မိုးပေါ်မှ ပြန်ဆင်းလာကြသည်။

“ကဲ-ဟေ့၊ မင်းတို့ ရေချိုးပြီးရင် ထမင်းစားရအောင် မြန်မြန်ပြန်ခဲ့ကြကွာ”

“ဟုတ်ကဲ့ – ဟုတ်ကဲ့ – ပြန်ခဲ့ကြပါ့မယ်”

မကြာမီ အိမ်မိုးလုပ်အားပေးသူများ ရောက်လာကြသည်။

“ဟာ … ကိုထွန်းခင် ထမင်းမစားမီ ထုံးစံလေးမေ့နေတယ် ထင်တယ်”

“မမေ့ပါဘူးကွာ – ငါက မင်းတို့များ မေ့သွားမလားလို့ မချပေးဘဲ တမင်နေခဲ့တာပါ”

ကိုထွန်းရင်လည်း ပြောပြောဆိုဆို အိမ်ထဲဝင်သွားကာ အသင့်ဝယ်ထားသော တောအရက်ပုလင်းတစ်လုံး ဆွဲထွက်လာသည်။

“ဒီလိုလုပ်စမ်းပါဗျာ”

“အေး မင်းတို့ အဲဒါပဲ မျှသောက်ကြပေါ့ကွာ၊ နေက ပူလွန်းတော့ သိပ်အလွန်အကျွံ မကောင်းဘူးကွ၊ နေပူခံနိုင်ရုံလောက်ပဲပေါ့”

လုပ်အားပေးကြသူများလည်း တစ်ခွက်တစ်ဖလားစီသောက်ပြီးသည်နှင့် ကြက်သားနှင့် ဘူးသီးရောချက်၊ ပဲဟင်း၊ သရက်ချဉ်သုပ်တို့ဖြင့် အားပါ တရ စားသောက်ကြပြီး ပြန်ကြလေသည်။

မကြာမီရက်အတွင်း မိုးကျလာခဲ့သည်နှင့် ကိုထွန်းခင်လည်း လယ်ထဲ ဆင်းခဲ့ရတော့သည်။

သူ၏လယ်များကို နှစ်လနီးပါး ထွန်ယက်စိုက်ပျိုးပြီးခဲ့လေသည်။ လယ်ပြီးသည်နှင့် တောင်ခြေတောစပ် တောင်ကုန်းတောင်စောင်းများရှိ ချုံပင်များကို ခုတ်ထွင်းကာ ဆောင်းနှမ်း ကြဲခဲ့ရသည်။ နွေဘက် ရောက်တော့ စပါးလည်းသိမ်း နှမ်းလည်းသိမ်းခဲ့ပြီးလေသည်။

“အင်း- ငါ အလုပ်တွေပြီးခဲ့လို့ အားသွားတဲ့အချိန်မှာ တောလည်ရင်းနဲ့ လျှော်ဆုပ်သွားဦးမှပဲ၊ ဒါမှ နွားကြိုးအတွက် ကြိုးကျစ်ထားနိုင်မှာပဲ”

ကိုထွန်းခင်က တောလည်ရင်း လျှော်ဆုပ်ရန် စောဖိုးခွားယာထဲ သွားအိပ်မည်ဟု စဉ်းစားထားသည်။

နောက်တစ်နေ့တွင် စောဖိုးခွားအတွက် လက်ဖက်ခြောက်တစ်ထုပ်၊ စိမ်းစားငါးပိ ငါးဆယ်သားကို လုံခြုံအောင်ထုပ်ပိုးယူကာ တောထဲတက်လာခဲ့တော့သည်။

“အင်း- စောဖိုးခွား ယာက ကြောကြီးဘက်ထဲ တက်တက်စင်ဝေးတဲ့ သဲဖို့မြောင်ဘက်မှာပဲ။ ငါ ခြေပြင်းပြင်းသွားပါမှ မိုးချုပ်ခါနီးရင် ရောက်နိုင်မှာပဲ”

ကိုထွန်းခင် ထိုသို့စဉ်းစားမိကာ သွက်သွက်လျှောက်လာခဲ့ရ၏။ ကြောကြီးအနောက်ဘက်ထဲ ဆင်းလာခဲ့တော့ လူသံ၊ သူသံ မကြားရတော့ပေ။ ကျေးငှက်တို့၏ အော်မြည်သံများသာ ကြားနေရတော့သည်။

ထိုသို့ လာခဲ့ရင်းဖြင့် ခရီးအတော်ပေါက်လာခဲ့ပေပြီ။ တောကလည်း တဖြည်းဖြည်း နက်လာ၏။ သစ်ပင်ကြီးများ၊ ဝါးရုံများ ထူထပ်စွာ ပေါက်ရောက်နေလျက် ထိုတောနက်ထဲမှ ဖြတ်သွားနေရလေသည်။ လက်ထဲတွင် ဓားတစ်ချောင်းကို အဖော်ပြုကာ သစ်ပင်များပေါ်သို့ ကြည့်၍ သွားခဲ့ရသည်။

ယခုလို ညနေ စောင်းအချိန်ဆိုလျှင် သစ်ခေါင်းထဲ အောင်းနေတတ်သော ဖွတ်ကြီးများက အစာရှာရန်ထွက်ပြီး အောက်ဆင်းလာတတ်သည်။

“ဟာ – ဟိုသစ်ပုပ်ပင်ကြီးရဲ့ ပင်စည်ဘေးမှာ အောက်သို့ ဆင်းလာနေတာ ဖွတ်ကြီးတစ်ကောင်ပါလား”

ထိုဖွတ်ကြီးကို တက်၍ ကျော့ယူမှ ရနိုင်မည်ဖြစ်ခြင်းကြောင့် အပင်ပေါ် တက်ရန် ကြည့်မိရာ သစ်ပုပ်ပင်ကြီးမှာ အောက်ခြေ၌ ကိုင်းတက်များမရှိ၍ တက်နိုင်ရန် မလွယ်ချေ။

ထိုဖွတ်ကြီးကိုသာ ရအောင် တက်ကျော့ယူသွားလျှင် စောဖိုးခွားနှင့် သူ တစ်ဝတစ်ပြဲ စားသောက်နိုင်ကြမည်ဖြစ်ပြီး စောဖိုးခွားလည်း သူ့အကြိုက်ယူလာခဲ့၍ တော်တော်ဝမ်းသာသွားပေမည်။

ကိုထွန်းခင်လည်း ဝါးလုံးကြီးတစ်လုံးကို ခုတ်ယူပြီး သစ်ပင်ကြီးတွင် ထောင်ကာ ထိုဝါးလုံးအကူဖြင့် သစ်ပင်ကိုတက်ခဲ့ရာ ကိုင်းတက်ရှိရာသို့ ရောက်ခဲ့၏။

ပြီးမှ သစ်ပင်တွင် အသင့်ထောင်ထားသော ဝါးလုံးအဖျား၌ ကျော့ကွင်းကိုချည်၍ ဖွတ်ကြီးကို ကျော့ယူကာ ဆောင့်ဆွဲချလိုက်သဖြင့် ကျော့ကွင်း၌ ဖွတ်ကြီးပါလာလေသည်။ ထိုဖွတ်ကို ဖွတ်အမြီးနှင့် ဖွတ်ပြန် တုပ်ကာ လွယ်အိတ်ထဲထည့်ပြီး အောက်သို့ဆင်းရန် ပြင်လိုက်သည်။

နေ့လည်း အတော်စောင်းသွားပြီဖြစ်၍ ယာထဲရောက်အောင် ခပ်သုတ်သုတ် သွားရပေမည်။

“ဝေါင်း…”

“ဟာ – ကျားဟိန်းသံပါလား”

သူ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ကျားကြီးမှာ ဆောင့်ကြောင့်ထိုင်၍ သူ့အား မော့ကြည့်ကာ မာန်ဖီနေတော့၏။

“အလိုလေး – ဧရာမကျားကြီး တစ်ကောင်ပါလား၊ ငါ့ကို အစာအမှတ်နဲ့ကိုက်ဖို့ အောက်က အဆင်သင့် စောင့်နေတာပါလား”

ကိုထွန်းခင် ယခုမှ အခက်တွေ့တော့၏။

ဖွတ်ကိုသာ မတွေ့ခဲ့လျှင် သူ ယာထဲသို့ ရောက်သွားနိုင်လောက်ပြီ ဖြစ်သည်။ ယခုတော့ ကျားကြီးက သူ့ အား ကိုက်ဝါးရန် အောက်က အဆင်သင့် စောင့်နေသဖြင့် ဆင်းရန် အခက်တွေ့နေတော့၏။

တော်တော့ တော်နေပေသေးသည်။ ကျားကြီးက သစ်ပင်ပေါ် ခုန်တက်မလာနိုင်ခြင်းကြောင့် ဖြစ်သည်။ သူ့တွင် ဓားတစ်ချောင်းသာ လက်နက်အဖြစ် ပါသဖြင့် ထိုကျားကြီးအတွက် ပါသည့်ဓားနှင့် မလုံလောက်နိုင်ပါချေ။

“ဟာ- ကျားကြီးက သစ်ပုပ်ပင်ကြီးကို ပတ်ပြီး ဘာလုပ်နေတာလဲ။ ဧကန္တ- အပေါ်ကိုတက်ဖို့ ပတ်ကြည့်နေတာလားပဲ”

ကျားကြီးက သစ်ပုပ်ပင်ကြီးကို ပတ်ကြည့်နေလေလေ၊ သူက သစ်ပင်ပေါ်မှ စိုးရိမ်နေရလေလေ ဖြစ်နေသည်။

“အင်း – ဒီကျားကြီးဟာ သစ်ပင်ပေါ်မတက်လာနိုင်လို့ လက်လျှော့သွားမဲ့ အရိပ်အယောင် မတွေ့ရဘူး။ ငါဆင်းလာတဲ့အထိ ဇွဲနဲ့ စောင့်နေမယ့်ပုံပဲ”

ကိုထွန်းခင်အဖြစ်က လူကို အန္တရာယ်မပေးနိုင်တဲ့ ဖွတ်ကြီးကိုတော့ တက်ကျော့ယူပြီး ဖမ်းနိုင်ခဲ့၍ လွယ်အိတ်ထဲ ထည့်ထားနိုင်ခဲ့သော်လည်း ကျားကြီးကိုတော့ သူ ကြောက်ရွံ့နေရပြီ။ အောက်သို့ မဆင်းဝံ့ဘဲ သစ်ပင်ပေါ်မှာတင် လိုက်၍ ကြည့်နေခဲ့ရတော့သည်။

ခက်ပြီ။ မိုးက တဖြည်းဖြည်းနဲ့ မိုးချုပ်လာတော့မယ်။ ကျားကြီး အောက်က စောင့်နေသရွေ့ သူလည်း သစ်ပင်ရဲ့ သစ်ကိုင်းပေါ်မှာသာ ငုတ်တုတ်ထိုင်စောင့်နေရတော့မယ်။

ထိုကဲ့သို့ အခက်တွေ့နေစဉ်တွင် ခပ်လှမ်းလှမ်းဆီမှ သေနတ်သံများ တဖောင်းဖောင်းနှင့် ပစ်ခတ်သံများကို ကြားလာရသည်။

“ဟာ-ဒီသေနတ်သံတွေဟာ တောလည်လာတဲ့မုဆိုးရဲ့ သေနတ်သံလားပဲ။ ဘုရားသိကြားမလို့ အဲဒီမုဆိုး ဒီဘက်ကို မြန်မြန်ရောက်လာပါစေဗျာ”

ကိုထွန်းခင်မှ ထိုမုဆိုးအား သူရှိနေသော နေရာဘက်သို့ မြန်မြန်ရောက်လာစေရန် ကြိတ်၍ ဆုတောင်းနေမိလေသည်။

“ဟင်- သေနတ်သံတွေမှ မဟုတ်တာပဲ၊ ဟိုး တော်တော်ဝေးဝေးမှာ မီးအလင်းရောင်ကြီး လင်းထိန်နေတာပါလား၊ ဒါဟာ တောမီးလောင်လာတာဖြစ်မယ်”

“အင်း- တောမီးသာ ဒီဘက်ကို လောင်လာလို့ကတော့ ကျားစာမမိပဲ မီးလောင်ပြီး သစ်ပင်ပေါ်ကကျသေရတော့မှာပါလား”

ကိုထွန်းခင် ကျားကြီးကို အသေအချာ ငုံ့ကြည့်သောအခါ နားရွက်နှစ်ဖက်ကို လှုပ်ခတ်နေပြီး နှာခေါင်းကလည်း အနံ့တစ်ခုခုရသည့်အလား စူးစမ်းနေသယောင် လှမ်းတွေ့နေရလေသည်။

“ဒီကျားကြီးလည်း တောမီးလောင်လာလို့ ဝါးပေါက်သံတွေကို ကြားမှာပဲ၊ ကြားပေမယ့် ထိုင်စောင့်ရကောင်းနိုး မီးလွတ်ရာကို ပြေးရကောင်းနိုး တွေးတောစူးစမ်းနေပုံရတယ်၊ နားစွင့်ပြီး အနံ့ခံကြည့်နေတဲ့ပုံပဲ”

ကျားကြီးသစ်ပင်အောက်မှ ထွက်ပြေးသွားမှ ကိုထွန်းခင် သစ်ပင်ပေါ် က ဆင်းပြီး သူလည်း မီးလွတ်ရာကို ပြေးသွားနိုင်မည် ဖြစ်သည်။ သို့ပေမဲ့ တောမီးက တဖြည်းဖြည်း နီးလာသည့်တိုင်အောင် ကျားကြီးမှာ ထွက်ပြေးမသွားသေးပဲ သူ့အား ဇွဲနဘဲကြီးစွာ ထိုင်စောင့်နေသဖြင့် ကိုထွန်းခင် အောက်သို့ဆင်းရန် အခက်တွေ့နေရသည်။

“ဟာ- တောမီးလောင်လာလို့ တောထဲရှိတဲ့ တောတိရစ္ဆာန်တွေ ဒီဘက်ကို ပြေးထွက်လာကြပါလား”

ကိုထွန်းခင်က သစ်ပင်အမြင့်ကဖြစ်နေ၍ လှမ်းမြင်နေရသည်။ ရှေ့ဆုံးမှ သမင်နှစ်ကောင်က ပြေးလာနေသည်။ ကိုထွန်းခင် တက်နေသော သစ်ပုပ်ပင်ကြီးနား အရောက်တွင် ကျားကြီးနှင့် ပက်ပင်းတိုးခဲ့ကြတော့သည်။

ထိုအခါ ကျားကြီးမှာ ထိုသမင်နှစ်ကောင်ကို တွေ့မြင်သည်နှင့် နောက်က ပြေးလိုက်သွားခဲ့တော့၏။ ထိုကျားကြီးမှာ သူ့အား သဲသဲမဲမဲ စောင့်နေရာက သမင်များကို မြင်တွေ့ခဲ့၍ သူ့အား ဆက်မစောင့်တော့ဘဲ ထိုသမင်များနောက်သို့သာ ပြေးလိုက်သွားခဲ့ခြင်းကြောင့် ကိုထွန်းခင်အတွက် သစ်ပင်ပေါ်မှ ဆင်းရန် အခွင့်အရေး ရလာခဲ့လေသည်။

“အင်း – သမင်နှစ်ကောင်နဲ့ ကျားကြီးတော့ ဘယ်လိုတွေဖြစ်ကြမယ်ဆိုတာ မသိရပေမဲ့ ဒီသမင်နှစ်ကောင်က ငါ့အတွက် သစ်ပင်ပေါ်မှ ဆင်းနိုင်ရန် အခွင့်အလမ်း ဖန်တီးပေးသလိုမျိုး ဖြစ်ခဲ့တာပါလား”

သမင်နှစ်ကောင်အတွက်တော့ ကိုထွန်းခင် ကရုဏာဖြစ်နေမိသည်။ တောတွင်းနေထိုင်ကျက်စားကြတဲ့ တိရစ္ဆာန်တွေဘ၀က ကြီးနိုင်ငယ်ညှဉ်း ဘဝ၊ ခွန်အားကြီးသူက ခွန်အားငယ်တဲ့သားကောင်တွေကို ဖမ်းယူစားသောက်ခဲ့ကြသည်။ ထိုအခြင်းအရာများသည် တောတွင်းရှိ တိရစ္ဆာန်အပေါင်း အမြဲကြုံတွေ့နေကြရသော သဘာဝတရား၏ ဖြစ်စဉ်တစ်ခုသာ ဖြစ်လေ သည်။

ကိုထွန်းခင် သစ်ပင်ကြီးပေါ်မှ သုတ်သုတ်ဆင်းကာ စောဖိုးခွား ယာဘက်သို့ အရောက်ပြေးသွားခဲ့တော့သည်။

ကံကောင်းထောက်မစွာပင် စောဖိုးခွားက သူ့ယာခင်းထဲမှ လမ်းခုလတ်သို့လာကာ တောမီးအခြေအနေ
လာစောင့်ကြည့်နေသည်နှင့် တန်း၍ တိုးခဲ့လေသည်။

“ဟင် ထွန်းခင် – ဘယ်လိုဖြစ်ပြီး ပြေးလာခဲ့တာလဲဝေ့”

“မေးမနေနဲ့ – စောဖိုးခွား။ တဲရောက်မှ ပြောပြမယ်။ တောမီးက ဟိုဘက်ကို လောင်သွားတာဆိုတော့ မင်းယာဘက်ကို မလာနိုင်ပါဘူးကွာ”

သူတို့နှစ်ယောက် ယာတဲသို့ရောက်ကြလျှင် ကိုထွန်းခင် ရလာသော ဖွတ်ကို ချက်ရန် ပြင်ဆင်နေကြ၏။ထိုသို့ ပြင်ဆင်ချက်ပြုတ်ထားရင်းမှ ကိုထွန်းခင်က သူ၏အဖြစ်အပျက်ကို စောဖိုးခွားအား ပြန်ပြောပြခဲ့လေသည်။

“မင်းဟာ တောမီးကြောင့် ပြေးထွက်လာတဲ့ သမင်တွေနောက်ကို ကျားကြီးပြေးလိုက်သွားလို့ အသက်မသေခဲ့တာပါလားကွာ”

ထိုသို့ပြောရင်း ဖွတ်သားဟင်းနှင့် ထမင်းစားကြကာ မောမောနှင့် အိပ်ခဲ့ကြလေတော့သည်တကား။

– ပြီး –

စာရေးသူ – တင့်ထူး(ဇေယျဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *