July 30, 2025
Uncategorized

ကျားသစ်၏လျှာကို ဆွဲကိုင်ခြင်း

မသုံးလုံးစိန်ဝင်း
ကျားသစ်၏လျှာကို ဆွဲကိုင်ခြင်း

(ကျားသစ်နှင့်ပတ်သက်သော အယူအဆ)

အာဖရိကတောကြီးတွင် ကျားသစ်ကို ကြီး ၅ ကြီးစာရင်း၌ မုဆိုးများက ထည့်သွင်းထားကြကြောင်း စာအုပ်များတွင် ဖတ်ရှုရသည်။ ထို့အတူပင် မြန်မာပြည်တွင်လည်း ကျားသစ်ကို အချို့လူများက အလွန်ကြောက်ဖွယ်ကောင်းသကဲ့သို့ ပြောဆိုနေသည်ကို မြင်တွေ့ ကြားသိနေရသည်။

အာဖရိကကျားသစ်များသည် ခြင်္သေ့အမများလောက်အထိ အကောင်အထည်ကြီးမားသည်ဟု ဆိုသည်။ သစ်ပင်တက်လည်း ကျွမ်းကျင်ပြီး အလွန် ကောက်ကျစ်စဉ်းလဲသည်။ အားကြီးသူကို ရှောင်၍ ရင်ဆိုင်လည်း မတိုက်ခိုက်၊ အားနည်းသူကိုသာ ရှာဖွေကာ အလစ်တွင်မှ ဝင်ရောက်တိုက်ခိုက်သည်ဟု ဆိုကြသည်။

အပုန်း အရှောင်လည်း အလွန်ကျစ်လစ် သိပ်သည်းမှု ရှိသည်။ ၎င်း ပုန်းအောင်းနေရာကို မည်သို့လုပ်၍မျှ မသိရှိနိုင်။

မည်သို့လုပ်စေကာမူ လုံးဝအသံမပေးဘဲ ချောင်းမြောင်းနေလေ့ရှိပြီး အငိုက်တွင်မှ ထွက်၍ တိုက်ခိုက်လေ့ရှိသည်ဟု အဆိုရှိကြသည်။

ဤသည်မှာ သူတို့တောမှ ကျားသစ်အကြောင်းကို သူတို့ ရေးကြခြင်းသာ ဖြစ်သည်။

ကျွန်တော်တို့ တိုင်းပြည်က ကျားသစ်အကြောင်းကိုမူ သူတစ်ပါးရေးသည်ကို ဖတ်စရာ မလို။ ကိုယ်တွေ့ အဖြစ်အပျက်များက တစ်ပုံတစ်ခေါင်းကြီး ရှိနေ၏။ သူတို့ရေးကြသည့်အတိုင်းသာ ဟုတ်မှန်ပါက အာဖရိကမှ ကျားသစ်သည် ကျွန်တော်တို့တိုင်းပြည်မှ ကျားသစ်နှင့် လုံးဝမတူဟု ကျွန်တော် ရဲရဲပြောရဲပါသည်။

ကျွန်တော်တို့တိုင်းပြည်တွင် အဓိကအားဖြင့် ကျားသစ်နှင့် သစ်ကျုတ်သာ ရှိသည်။ မည်သည့် ကျားသစ်မျိုးပင်ဖြစ်စေ ယေဘုယျအားဖြင့် အမြီးဖျားမှ နှုတ်သီးဖျားအထိ အရှည်မှာ ၅ တောင်ထက် ပို၍ ရှည်ခဲ၏။

တစ်ကျောင်း တစ်ဂါထာ, တစ်ရွာ တစ်ပုဒ်ဆန်းဖြစ်ကာ အခေါ် လွဲနေ၍လော မပြောတတ်။ တချို့က သစ်ဆင်ကို ကျားသစ်အမျိုးအစားတစ်ခုဟု ခေါ်ဆိုကြသည်။

သို့သော်လည်း ကျွန်တော်တို့ခေါ် သော သစ်ဆင်ကြီးများသည် အလွန်အိုမင်းရင့်ရော်နေပြီဖြစ်ရာ အကောင်အထည်လည်း အလွန်ကြီးမားတတ်ပေသည်။ ၆ တောင်နီးပါးရှိသည့် သစ်ဆင် သို့မဟုတ် သစ်နားပင်းကြီးတစ်ကောင်ကိုပင် ရရှိဖူးခဲ့သည်။

ထိုသစ်ဆင်ကြီးများသည် အကောင်အထည်ကြီးသဖြင့် ကြောက်မက်ဖွယ်ကဲ့သို့ ထင်ရသော်လည်း အမှန်စင်စစ် ကျားသစ်ပျိုများလောက် အန္တရာယ်မကြီးပေ။ ၎င်းတို့ အကောင်အအထည်ကြီးသော်လည်း အင်အားက မရှိ၊ ဖျတ်လတ်သွက်လက်မှုက ဆုံးရှုံးခဲ့ပြီး အစွယ်များ, သွားများကလည်း ကျိုးကြွေကုန်နေပြီ။ မျက်စိကကွဲ, နားကလည်း လေးခဲ့ပြီဖြစ်ရာ လူကို အန္တရာယ်ပေးနိုင်ရန် အလွန်ပင် ခက်လှပေသည်။

ထိုကဲ့သို့သော သစ်ဆင်ကြီးများသည် တောကောင်များကို လိုက်လံသတ်ဖြတ် စားသောက်နိုင်သည့်အရည်အချင်းများ ဆုံးရှုံးခဲ့ကြပြီဖြစ်ရာ ရွာနားသို့ကပ်၍ ခွေးများကိုသာ ရန်မူလေ့ရှိတတ်ကြသည်။

သို့ဖြစ်ရာ ကျွန်တော်တို့တိုင်းပြည်တွင် ကျားသစ်များမှာ နုပျိုစဉ်အခါက လူကို အားချင်းပြိုင်နိုင်လောက်သော အကောင်အထည် မရှိကြ။ အကောင်အထည် အတော်အသင့် ကြီးလာသောအခါ တွင်လည်း အိုမင်းရင့်ရော်ကာ မသန်မစွမ်းဖြစ်လာကြတော့ရာ လူကို ကျားသစ်က လိုက်လံချောင်းမြောင်း ကိုက်သတ်ခြင်းကို မဆိုထားဘိ၊ မတော်တဆ တွေ့ရှိကိုက်ခဲမိရာတွင်လည်း လူကိုသေအောင် ကိုက် သတ်နိုင်သည်ဟု ကြားပင်မကြားဘူးရလောက်အောင် ရှားပါးခဲ့သည်။

ထို့ကြောင့်ပင် ကျွန်တော်နှင့် ကျွန်တော်၏မုဆိုးအသိုင်းအဝိုင်းအတွင်း၌မူ ကျားသစ်ကို အန္တရာယ်ကြီးသော တောကောင်များစာရင်းတွင်ပင် ထည့်သွင်းမထားကြပေ။ ကျွန်တော်၏ မုဆိုးအသိုင်းအဝိုင်း ပစ်ဖော်ပစ်ဖက်များသည် ၂၂ဘို့ ရိုင်ဖယ်ကလေးများဖြင့် ပစ်ခတ်၍ပင် သာမန် Spotted leopard ၄-၅ ကောင်ထက်မနည်း ရရှိခဲ့ကြဖူးပြီ ဖြစ်သည်။

ထိုမျှမက ကျားသစ်ကို တုတ်,ဓား,လှံ စသောလက်နက်များဖြင့် ရင်ဆိုင်ကြရာတွင် သတ္တိနည်းကာ စိတ်ဓာတ်အရ အရှုံးပေးလိုက်မိသူတို့သာ ကျားသစ်ကိုက်ခြင်းကို ပြင်းပြင်းထန်ထန်ခံရတတ်၍ သတ္တိရှိရှိဖြင့်ရင်ဆိုင်သူတို့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရဘဲ ကျားသစ်ကိုသာ သုတ်သင်နိုင်ခဲ့သည့်သာဓကများက အများအပြားရှိနေသည်။

ယခုရေးသားဖော်ပြမည့် အဖြစ်အပျက်မှာမူ ကျားသစ်ကို သတ္တိရှိရှိရင်ဆိုင်၍ အနိုင်ယူခဲ့သော လက်တွေ့ သာဓကများထဲမှ သာဓကတစ်ခုသာ ဖြစ်ပါသတည်း။

(မိုးစပ်တောင်)

မိုးစပ်တောင်သည် ကျောက်ဆည်မြို့၏ အနောက်ဘက် မိုင် ၂ဝ ကျော်ခန့်တွင် တည်ရှိသည်။ မင်းဝံတောင်တန်း၏ တောင်ကြောတစ်ခုဖြစ်သော်လည်း မိခင်တောင်တန်းမကြီးနှင့် ဧရာဝတီမြစ်က ပိုင်းခြားထားသည်။ မင်းဝံတောင်တန်းသည် စစ်ကိုင်းတွင် ငုပ်သွားကာ ဧရာဝတီမြစ်၏တောင်ဘက် ၅ မိုင်ခန့်အကွာတွင် မိုးစပ်တောင်အဖြစ်နှင့် ပြန်၍ပေါ်လာခြင်းဖြစ်သည်။

မိုးစပ်တောင်သည် တံတားဦးမြို့နယ်၏ အနောက်ဘက်နယ်စပ် ငန်းဇွန်မြို့နယ်၏ အရှေ့ဘက်နယ်စပ်နှင့် နွားထိုးကြီးမြို့နယ်၏ မြောက်ဘက်နယ်စပ်တွင် တည်ရှိနေရာ ၃ ခရိုင် ၃ မြို့ နယ်ဆုံစည်းရာ နယ်နိမိတ်မျဉ်းကြောင်းတစ်ခု ဖြစ်တော့သည်။

တောင်ခြေ ပတ်ဝန်းကျင်တွင် သန်း,ဒဟတ်,ပေါင်ပဲ့ စသည်တို့သာ ပေါက်သော ကုန်းခြောက်တောများသာ ဖြစ်သည်။

ကျောက်စရစ်ကုန်းများ, သဲချောင်းများ, ဆပ်ပြာကျင်းများဖြင့် ပတ်ဝိုင်းထားသော တောင် တစ်တောင်သာ ဖြစ်သည်။

ရှေးကမူ တောဆင်များ, ကျားများ ပေါသော တောကြီးတစ်ခုအဖြစ် တည်ရှိခဲ့ဖူးသည်ဟု အဆိုရှိခဲ့သည်။ ယခုအချိန်တွင်မူ တောဝက်ပင် အတော်ရှား၍ နေပေပြီ။ သမင်,ဂျီနှင့် ကျားသစ်တို့မှာမူ မရှားလှသေးပေ။

မိုးစပ်တောင်၏ အရှေ့ဘက်တွင် သက်ငယ်ချင်းရွာ၊ တောင်ဘက်တွင် အောင်ချမ်းသာ,ဇီ,မြဝတီ၊ အနောက်ဘက်တွင် စီသာ, လိပ်ပုပ်, ဆေးခင်းကြီး, သံဖို၊ တောင်အောက်မြောက်ဘက်တွင် မြို့သာ, တောင်တစ်လုံး, တောင်ပြုံး စသောရွာများ ရှိနေကြသည်။

တောင်ကို ပတ်၍ တည်ရှိနေကြသော ထိုရွာများ၏ ဓလေ့စရိုက်များမှာ မတူကြ။ အနည်းငယ် ကွဲပြားခြားနားလျက်ရှိကြသည်။

အထူးသဖြင့် အရှေ့ဘက်ရှိ သက်ငယ်ချင်းရွာမှာ ပတ်ဝန်းကျင် မြေအနေအထားက ဆိုးလှသည်။ စိုက်ပျိုး၍ဖြစ်နိုင်သောမြေက နည်း၏။ မိုးကလည်း ခေါင်ပြန်သည်။ မြေနှင့် ရွာရှိလူဦးရေက မမျှတ။ စိုက်ပျိုးနိုင်သည့် သီးနှံမှာလည်း ဝါနှင့် နှမ်းသာ ဖြစ်သည်။

အခြား စီးပွားရေးအဖြစ် နွားနှင့် ဆိတ်များ မွေးမြူကြရသည်။ စပါးရိတ်ချိန်တွင်မူ ကျောက်ဆည်သို့သွား၍ စပါးရိတ်ကြရသည်။

အလွန်ခေါင်းပါးသောရွာဖြစ်ရာ ၁နှစ်ပတ်လုံး ငတ်လာခဲ့သမျှ ဝါပေါ်သောအချိန်တွင်မှ လာသမျှဈေးသည်ထံက မုန့်ပဲသရေစာများကို ဝါနှင့်လဲကာ ဝယ်ယူစားသောက်လေ့ ရှိကြသည်။

(တောလိုက်နည်းများ)

အားလပ်နေချိန်များတွင် ဟင်းလျာအလို့ငှာ တောလိုက်လေ့ ရှိကြသည်။ တောအနည်းငယ် စည်ချိန်ကမူ မကြာခဏပင် တောဝက်များ ရရှိကြသည်။

၎င်းတို့ တောဝက်လိုက်ခြင်းမှာ ဝါသနာပါသည့် သန်သန်မာမာလူများစုကာ လှံကိုယ်စီနှင့် ခွေးတစ်အုပ်ကိုခေါ်ကာ တောတွင်းသို့ ထွက်လည်ကြသည်။ ပထမ ဝက်ခြေရာအသစ် တွေ့ရှိသောအခါ ထိုဝက်ခြေရာကိုခံကာ ခွေးများနှင့် လိုက်ကြသည်။

တစ်ခါတစ်ရံတွင်လည်း လူက ခြေရာမတွေ့ မီပင် ခွေးများက ဝက်ကို တွေ့ရှိ ဝိုင်း၍ဟောင်ကြသည်။ အလွန်ကြီးမားသော ဝက်ထီးကြီးများသည် ခွေးများကို မကြောက်ကြ။ ဘေးပတ်လည်မှ ဝိုင်း၍ဟောင်နေသော ခွေးများကို မာန်ဖီကာ ရန်စောင်၍ ခုခံနေတတ်သည်။ သတိလစ်နေသောခွေးမှာ မသက်သာ။ ဝက်ပက်ခြင်းကိုခံရကာ အူထွက်သွားတတ်သည်။

တစ်ခါတစ်ရံလည်း စ,တွေ့သည့်နေရာတွင် ခံမနေ သေးဘဲ ထွက်ပြေးပြီး အမောဆို့ကာ မပြေးနိုင်တော့သည့် အခြေအနေကျမှ ခွေးများကို ဝက်က ပြန်၍ခံနေတတ်သည်။

ထိုကဲ့သို့ ခွေးများက ဝက်ကို ဝိုင်းဟောင်နေပြီး ဝက်ကလည်း ခွေးများကိုရန်စောင်ကာ မဲနေချိန်တွင် လူက လှံနှင့်ဝင်ထိုးကြရသည်။ ပထမဆုံး လှံချက်မိအောင်ထိုးနိုင်သူသည် သူ့ဝေစုအပြင် ဝက်ခေါင်း ပိုရရှိပေသည်။

ဝက်ကို လှံနှင့်ထိုးရသည်မှာ မလွယ်ကူလှ။ အသက် စွန့်ရသောအလုပ် ဖြစ်သည်။ သတ္တိကောင်းပြီး လျင်မြန်ဖျတ်လတ်သူတို့သာ လုပ်ရဲသောအလုပ် ဖြစ်တော့သည်။

တစ်ယောက်က လှံဖြင့် ဝင်ထိုးလျှင် ဘေးမှ ၂ ယောက် ၃ ယောက်က လှံဖြင့် ချောင်းနေရသည်။ စတင်ထိုးလိုက်သူကို ဝက်ကလိုက်လျှင် ဘေးမှလူများက ကူရသည်။ ဘေးမှမကူလျှင် စတင်ထိုးသူမှာ သေဖို့ကများတော့သည်။ ထို့ကြောင့် ဝက်ကို တစ်ယောက်တည်း လှံဖြင့်ထိုးရန်ကား မဖြစ်နိုင်ပေ။

ပြေး၍လာသောဝက်ကို လှံထောက်၍ ခံထားလိုက်လျှင် သူ့အရှိန်ဖြင့် သူ စူးဝင်သွားသည်ဟူ၍တော့ အဆိုရှိကြသည်။ သို့သော် ထမ်းပိုးကြီးတွင်းတည့်တည့်ကို လှံသွားဝင်သွားပါမှ ဝက်ကသေနိုင်ပေသည်။ အနည်းငယ် ဘေးသို့တိမ်းကာ ဦးခေါင်း သို့မဟုတ် တောတိုးခေါ် လက်ဖုံးတို့ကိုထိပါက လှံသွားချော်သွားကာ လူမှာ ဝက်အဝါး ခံရတော့သည်။ သို့ဖြစ်ရာ ဤစွန့်စားမှုမျိုးကို ရှောင်ကြဉ်ကြသည်သာ ဖြစ်သည်။

ဝက်ကမမောသေးမီ, ဒဏ်ရာမရသေးမီဆိုလျှင် တော်ပေသေးသည်။ ဝက်က မောလာသောအခါ၊ သို့မဟုတ် ဒဏ်ရာရလာသောအခါတွင်မူ ပို၍ အန္တ ရာယ်များလာတော့သည်။ ထိုအချိန်မျိုးသည် ဝက်က ချုံကောင်းကောင်းတစ်ခုတွင် ပုန်း၍နေတတ်သည်။ မည်းခနဲ လှုပ်ရှားမှုတစ်ခု မြင်လိုက်သည်နှင့် လျင်မြန်စွာလိုက်၍ ပက်တတ်သည်။

ဤလိုအခါမျိုးတွင် လူအားလုံး (သို့မဟုတ်) လူအများနှင့် ဝက်ကိုလှံနှင့်ထိုးရန် မကြိုးစားနိုင်ကြတော့။ ဝက်ပုန်းနေသည့် အနီးအနားက သစ်ပင်များပေါ်သို့ လှံသမားများက ဝက်မမြင်အောင် ပုန်းကွယ်ကာ အမြန်တက်နေကြရသည်။

လှံသမားများ နေရာယူပြီးသောအခါတွင်မူ အရဲရင့်ဆုံးနှင့် အသွက်လက်ဆုံးလူတစ်ယောက်က ဝက်ရှေ့မှဖြတ်ကာ ဝက်ကို မလိုက်လိုက်အောင် စ၍ပြေးရသည်။ ဝက်ကို လှံသမားများဆီသို့ မျှားခေါ်၍ပြေးလာသောအခါ နောက်ကလိုက်လာသော ဝက်ကို သစ်ပင်ပေါ်မှ လှံသမားများက လှံဖြင့် ပစ်ထိုးကြရသည်။

ထိုးတိုင်းလည်း မထိ, ထိတိုင်းလည်း မသေသဖြင့် ဝက်ကို မျှားခေါ်၍ပြေးလာသူသည် ဝက်၏ဘေးမှ လွတ်ရန်အတွက် လှံသမားများကို အားကိုး၍မဖြစ်၊ သစ်ပင်ပေါ်သာ အမြန်တက်၍ ရှောင်ရပြန်သည်။

အချို့ ဆိုးသောဝက်များကား သစ်ပင်ကိုပင် ပတတ်ရပ်ကာ လူကိုကိုက်ရန် ကြိုးစားတတ်သေးသည်။ ထိုအခါမျိုးတွင် ဝက်ကို မျှားခေါ်လာသူမှာ လက်ချည်းဖြစ်နေ၍ ဘာမျှမတတ်နိုင်ဘဲ ဖြစ်နေတတ်သည်။

ထိုကဲ့သို့ဖြစ်နေလျှင် လှံသမားများက အသံပေးကြရသည်။ ဝက်က အသံလာရာဆီသို့ လှည့်ကြည့်လိုက်လျှင် သစ်ပင်ပေါ်မှ အင်္ကျီ, တဘက် စသည်တို့ကို အောက်သို့ ပစ်ချပေးရသည်။ ဝက်က အင်္ကျီ, တဘက်တို့ကို လူအမှတ်ဖြင့် တိုက်ခိုက်နေစဉ် လှံဖြင့်ထိုးရပြန်သည်။

တစ်ခါတစ်ရံ ဤနည်းဖြင့် ၂ ရက်ကြာအောင်လိုက်မှ ဝက်ကို ရတတ်ကြသည်။ ထို့ကြောင့် ဝက်လိုက်ထွက်ခြင်းအလုပ်ကို ထင်တိုင်း မလုပ်နိုင်။ စိတ်ချရသော လူနှင့် ခွေးများ အလုံအလောက်စုမိမှ ဝက်ကို လိုက်ရဲကြသည်။

စိတ်ချရသော လူနှင့် ခွေးများ အလုံအလောက် မစုမိကြလျှင်မူ ဝက်ကို မလိုက်ရဲဘဲ တောကြောင်နှင့် ဖြူများကို လိုက်လေ့ရှိကြသည်။

တောကြောင်နှင့် ဖြူများ လိုက်ရာတွင်မူ ရှိသမျှခွေးကို စုကြသည်။ လူများမှာမူ လှံကိုချည်း မကိုင်ကြ။ အချို့က ဓားများနှင့် တူရွင်းများကို ယူဆောင်ခဲ့ကြရသည်။

တောကြောင်နှင့် ဖြူများမှာ နေ့လယ်နေ့ခင်းများတွင် သဲချောင်းများ, လျှိုမြောင်များ၏ကမ်းပါးတွင်ရှိသော ထူးတွင်းများတွင် အောင်း၍ နေလေ့ရှိသည်။ ထိုထူးတွင်းများကို ရှာဖွေကာ တွင်းဝတွင်ရှိသော ခြေရာများကိုကြည့်၍ အတွင်း၌ မည်သည့်သတ္တဝါ ကိန်းအောင်းနေသည်ကို သိနိုင်သည်။

အတွင်း၌ သတ္တဝါတစ်ကောင်ကောင် ရှိနေကြောင်းသိရပြီး၊ တွင်းကလည်း ခွေးဝင်နိုင်လောက်အောင် ကျယ်ဝန်းနေပါက ခွေးကို အထဲသို့ သွင်းလိုက်ရသည်။ ခွေးက အတွင်းသို့ဝင်ကာ တွေ့သည့်သတ္တဝါကို ကိုက်ချီဆွဲထုတ်လာတော့သည်။

အပြင်တွင် ဖြူကို ခွေးကကိုက်ရန် ခက်လှသည်။ အချို့ ထင်မြင်ယူဆကြသကဲ့သို့ ဖြူက ခါလိုက်လျှင် ဖြူ၏ကိုယ်မှဆူးများက စဉ်ထွက်လာကာ ခွေးကိုစူးဝင်သဖြင့် ခွေးများအနားမကပ်နိုင်သည် ဆိုသည်မှာ မမှန်။

ဖြူသည် သူကိုယ်က ဆူးများကို လွင့်စဉ်ကာ သွားရောက် စူးစိုက်နေအောင် ခါနိုင်သည် မဟုတ်။ သို့သော် ရန်သူက လာရောက်တိုက်ခိုက်လျှင်မူ ခေါင်းကိုဝှက်၍ ကိုယ်ကိုလုံးလိုက်ရာ ဆူးများက ထောင်လာပြီး ဆူးလုံးကြီး ဖြစ်သွားတော့သည်။ ဤဆူးလုံးကို မည်သည့်သတ္တဝါမျှ ကိုက်ရန် မကြိုးစားနိုင်ပေ။

အလွန်လောဘကြီးသော ခွေးများ, ကျားသစ်များနှင့် ကျားများပင် ဖြူကိုတွေ့၍ အရှိန်နှင့် တစ်အားထိုးလိုက်ပါက ဆူးလုံးကြီး နှင့် တွေ့ ရတတ်ပြီး ပါးစပ်,ဝမျက်နှာ,ဝလည်ပင်း စသည်တို့ကို မြောက်မြားလှစွာသော ဖြူဆူးများ၏ စူးဝင်ခြင်း ခံရတတ်သည်။

တစ်ခါတစ်ရံ ထိုဒဏ်ရာနှင့်ပင် သေဆုံးတတ်ကြသည်။

ထို့ကြောင့် မြေပြင်တွင် ဖြူကို ခွေးကိုက်နိုင်ရန် မလွယ်ကူ။ ထူးတွင်းအတွင်း၌မူ ဖြူကလည်း သူ့ဆူးများကို ထောင်နိုင်သည် မဟုတ်ရာ၊ ခွေးများက အလွယ်တကူပင် ကိုက်ချီဆွဲထုတ်ပေသည်။ ဤကား သက်ငယ်ချင်းရွာသားများ တောလိုက်ကြပုံပေတည်း။

(ကိုချစ်တုတ်)

ကိုချစ်တုတ်မှာ သက်ငယ်ချင်း ရွာသားတစ်ဦး ဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းကာ အမှာ ၅ပေကျော်ရုံသာရှိမည့် ဂင်တိုတစ်ယောက်ပင် ဖြစ်သည်။

သျှောင်တစောင်းထုံးထားကာ အသားအရေဖြူစပ်စပ်, နဖူးကျယ်ကျယ်, မေးရိုးကားကား, ပါးစပ်ပြဲပြဲနှင့် နှာခေါင်းက အနည်းငယ်ပြားနေသည်။ သူ့ရုပ်ရေမှာ မိုးခေါင်ရေရှားဒေသမှ အညာသားတစ်ယောက်နှင့် လုံးဝမတူ။ အောက်အရပ်က ကရင်ကပြားတစ်ယောက်နှင့် တူနေသည်။

စကားပြောရာတွင် အနည်းငယ်ထစ်ကာ၊ အမြဲပြုံးနေ၍ သဘောအလွန်ကောင်းသူဖြစ်ရာ လူချစ်လူခင်ပေါများသူတစ်ယောက် ဖြစ်သည်။

ကိုချစ်တုတ်မှာ လူချစ်လူခင်ပေါများရုံသာမက သတ္တိလည်း အလွန်ကောင်းပြီး သွက်လက်ဖျတ်လတ်မှုကလည်း ပြိုင်ဖက်ကင်းသူတစ်ယောက်ဖြစ်၍ တစ်ရွာလုံးက လေးစားခြင်း, အားကိုးခြင်းကိုလည်း ခံရသူတစ်ယောက်ဖြစ်သည်။

ကိုချစ်တုတ် ငယ်စဉ်ကပင် တောလည်ရာတွင် သူမပါ မပြီးခဲ့ပေ။ အထူးသဖြင့် ဝက်လိုက်ရာတွင် အခြားသူများ မလုပ်ရဲသည်ကို လုပ်ရဲသူ၊ လုပ်နိုင်သူဖြစ်ရုံမက၊ ဇွဲကလည်း ကြီးလှသူဖြစ်ရာ သူမပါဘဲ ဝက်လိုက်လေ့ မရှိကြ။ သူသာပါလာလျှင် ဝက်ရဖို့က သေချာသည်။

သို့သော် တော်ရုံဇွဲရှိသူတို့ သူနှင့် မလိုက်ရဲကြပေ။ သူနှင့် ဝက်လိုက်ထွက်လျှင် တစ်နေ့စာဆန်ထုပ်ကို ခါးတွင်ချည်ကာ လိုက်ကြလေ့ရှိသည်။ တစ်နေ့နှင့်မရပါက ဆန်ကုန်သွားသည့်တိုင် ဝက်မရမချင်း ကိုချစ်တုတ်က ပြန်သူမဟုတ်။ ဝက် မရမချင်း ဆက်၍လိုက်သည်သာပင်။

တစ်ခါတစ်ရံ ထမင်းမစားဘဲ ၂ ရက်ခန့်ဆက်ကာ ဝက်ကို ရအောင် လိုက်ရတတ်သည်။ ထိုအခါမျိုးတွင် မောလည်းမော, ဆာလည်းဆာနေသောဝက်သည် အလွန်အန္တရာယ်ကြီးလှသည်။ မောလွန်း ဆာလွန်းနေသော ခွေးများကလည်း အကူအညီ မရလှတော့။ အခြားအဖော်များအနေနှင့်လည်း အားကိုးရတော့သည် မဟုတ်ရာ၊ အဓိကအားဖြင့် စခန်းသွားရသူမှာ ကိုချစ်တုတ်တစ်ယောက်တည်းသာ ဖြစ်တော့သည်။

ဝက်ရှေ့မှ ဖြတ်ပြေးကာ မျှားခေါ်ရသူမှာလည်း ကိုချစ်တုတ်ဖြစ်ကာ ဝက်ကို လှံနှင့်ထိုးရသူမှာလည်း သူသာဖြစ်တော့သည်။ အခြားသူများ စိတ်ကူးမထည့်ရဲသောအလုပ်ပင် ဖြစ်တော့သည်။

ကိုချစ်တုတ်သည် သတ္တိရှိခြင်း, ဖျတ်လတ်သွက်လက်ခြင်းတွင် အများနှင့်မတူဘဲ ထူးခြားနေသည်မဟုတ်။ ဗဟုသုတရှာဖွေရာ, လေ့လာဆည်းပူးရာတွင်လည်း အများနှင့် မတူပေ။ အခြားသူများသည် မိရိုးဖလာ လုပ်ရိုးလုပ်စဉ်အတိုင်းသာ သမားရိုးကျ လုပ်ကိုင်ကြသည်။ ကိုချစ်တုတ်ကား မိရိုးဖလာ လုပ်ရိုးလုပ်စဉ်အတိုင်း ကျေနပ်နေသူမဟုတ်။ အသစ်အသစ် ပညာဗဟုသုတများကို အမြဲတမ်း ရှာဖွေကြိုးစားတတ်သူ ဖြစ်သည်။

မိုးစပ်တောင်ခြေတွင် ထူးတွင်းများ၌ တောကြောင်နှင့် ဖြူများ လိုက်ကြသောအခါ ထူးတွင်းများတွင် ကျားသစ်များနှင့် မကြာခဏ ရင်ဆိုင်ရတတ်သည်။ ထိုအခါများတွင် ကျားသစ်ကိုရရှိရန် ကြိုးစားဖို့ မဆိုထားနှင့် ခွေးများကို အန္တရာယ်မပြုနိုင်စေရန် ကျားသစ်ကို ဝိုင်းဝန်း၍ ငယ်သံပါအောင် အော်ဟစ်ကာ ချောက်ထုတ်လိုက်ရသည်သာ ဖြစ်တော့သည်။

ဤသို့ ဖြစ်နေရသည်ကို ကိုချစ်တုတ် မကျေနပ်နိုင်။

ထို့ကြောင့် မိုးစပ်တောင်၏ တောင်ဘက်ရှိ ၇မိုင်ခန့်ဝေးသော သနခါးတောရွာသို့ ကိုချစ်တုတ် သွားခဲ့သည်။ သနခါးတောရွာတွင် မုဆိုးရေအလွန်ဝကာ ကျားသစ်ကို နပန်းလုံး၍ ဖမ်းဆီးဖူးသည့် ဦးဘိုးဘက ရှိနေသည်။ ကိုချစ်တုတ်သည် ကျားသစ်အကြောင်းကို ဦးဘိုးဘထဲမှ တပည့်ခံ၍နည်းယူရန် လာခဲ့ခြင်းပင်ဖြစ်သည်။

သနခါးတောရွာသို့ရောက်လျှင် ဦးဘိုးဘအိမ်သို့ တန်း၍ ဝင်သွားသည်။ ဦးဘိုးဘလည်း ပြုံးပြုံး ပြုံးပြုံးနှင့် ဝင်လာသော ကိုချစ်တုတ်ကိုမြင်လျှင် ဝမ်းသာအားရပင် ဆီးကြိုနှုတ်ဆက်ကာ မုဆိုးချင်းချင်း သတင်း လွေ့လွေ့ ဖြစ်၍နေတော့သည်။

စကားနည်းသော ကိုချစ်တုတ်သည် ဦးဘိုးဘ မေးမြန်းသည့် မာကြောင်းသာကြောင်း စကားများကို ဝတ်ကျေဝတ်ကုန်သာ ဖြေကြား၍ သူမေးလိုသည်သာ တိုက်ရိုက်မေးမြန်းတော့သည်။

“ဒီမယ် ဦးလေးဘရ။ ကျုပ်တို့ တောလယ်ရာမှာ ကျားသစ်နှင့် ခဏခဏတွေ့ ရတယ်။ ကျုပ်တို့က ကျားသစ်ကို ရအောင်မလုပ်နိုင်တဲ့အပြင် ခွေးကို ရန်မမူနိုင်အောင် မနည်းကြိုးစားပြီး ချောက်လှန့်လွှတ်လိုက်ရတာချည်းပဲဗျ။ အဲဒါ ခံပြင်းလွန်းလို့ ခင်ဗျားဆီက နည်းနာကလေးများ ရမလားလို့ လာခဲ့တာဗျ”

ဟု ဒဲ့ဒိုးပင် မေးလိုက်သည်။

“အံမယ် မောင်ချစ်တုတ်ရယ်။ ဘာခက်တာမှတ်လို့။ မင်းကို ဦးလေးက နည်းပေးလိုက်ရင် မိုးစပ်တောင်ရိုးမှာရှိတဲ့ ကျားသစ်တွေ မင်းလက်ချက်နှင့်တော့ အကုန်ပြုတ်ကုန်မှာတောင် စိုးရိမ်ရသကွယ့်။

မင်း မှတ်သာထားပေတော့။ ကျားသစ်ကိုတွေ့ရင် ဝင်သာလုံး။ သူ့ လက် ၂ ဘက်ကိုကိုင်ပြီး မြေကြီးပေါ်မှာ လဲကျသွားအောင် တွန်းလှဲချလိုက်။ မြေကြီးပေါ် ကျားသစ်ကျသွားရင် ကျားသစ်ကို ကိုယ်လုံးနှင့်ဖိထားပြီး၊ ကျားသစ်ရဲ့လျှာအရင်းကို ဖမ်းဆုပ်ပြီး အတင်းသာ ဆွဲပေတော့ဟေ့။ လျှာရင်းကိုသာ မိမိရရဖမ်းဆုပ်ပြီး ဆွဲထားလိုက်ရင် မင်းကျားသစ် ပါးစပ်ကြီးပြဲပြီး ဘာမျှ မတတ်နိုင်တော့ဘူးကွယ့်။ ဟဲ-ဟဲ-ဟဲ”

ဟု ရယ်မောရင်းပြောလိုက်သည်။

ကိုချစ်တုတ်လည်း ကျေနပ်သွားကာ ဦးဘိုးဘအား နှုတ်ဆက်၍ ပြန်ခဲ့တော့သည်။ လမ်းတွင် ဦးဘိုးဘပြောပြချက်များ တကယ် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလာခဲ့သည်။ ကျားသစ်၏ လက် ၂ ဘက် ကိုင်ကာ မြေပေါ်သို့လှဲချလိုက်ရန်ကိုမူ သူ့ခွန်အားနှင့်ဆိုလျှင် ဖြစ်နိုင်သည်ဟု သူ ယုံကြည်သည်။

သို့သော် ကျားသစ် လျှာအရင်းကို ဆုပ်ကိုင်ရန်ဆိုသည်မှာမူ အတော်စဉ်းစားရ ကျပ်နေပေသည်။ လျှာ အရင်းကိုဆုပ်ကိုင်မိလျှင် ကျားသစ်က မည်သို့မျှမတတ်နိုင်တော့ ဆိုသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပေမည်။

သို့သော် လျှာအရင်းကို ဆုပ်ကိုင်မိရန်အတွက် ကျားသစ်၏ပါးစပ်အတွင်းသို့ လက်ရောက်အောင်သွင်းရန်ကို မည်သို့ လုပ်ရပါမည်နည်း။

မည်သို့ဖြစ်စေ၊ အရေးအကြောင်းရှိက သူ့အား ပစ်၍ ပြေးမည်မဟုတ်ဟု စိတ်ချရသော သူ၏ ညီဝမ်းကွဲ ၂ဦးတို့နှင့် တစ်နေ့တော့ ဦးဘိုးဘ၏ ကျားသစ်ဖမ်းနည်းကို လက်တွေ့ စမ်းကြည့်မည်ဟု ကိုချစ်တုတ် စဉ်းစားလာခဲ့သည်။

(ကျားသစ်၏လျှာကို လက်တွေ့ ကိုင်ဖမ်းကြည့်ခြင်း)

နွေခေါင်ခေါင် နေ့တစ်နေ့တွင် တစ်ရွာလုံး အား၍နေကြသည်။

“ဒီနေ့ ကြောင်လိုက် ထွက်ရအောင်ဟေ့။ လိုချင်တဲ့လူ ထမင်းစောစောစားပြီး ရွာအနောက်ဘက်က သရက်ခြံထဲ လာခဲ့ကြ။ ခွေးတွေလည်း ခေါ်ခဲ့ကြဟေ့”

ဟု ကိုချစ်တုတ်က အော်လိုက်သည်။

မနက် ၉ နာရီခန့်တွင် ရွာအနောက်ဘက်က သရက်ခြံအတွင်း၌ လူများ စုမိကြသည်။ ဓားများ, တူရွင်းများ, လှံများစသည်ဖြင့် ကိုယ်စီ ကိုယ်စီ လက်နက်များနှင့် လူ ၂ဝ ခန့် ရှိပေမည်။ ခွေးတွေကလည်း အကောင် ၂ဝ ကျော်ပေမည်။ ဤလူစုနှင့် ဤခွေးများလက်မှ မည်သည့်ကြောင်, မည်သည့်ဖြူမျှ လွတ်ထွက်ပြေးနိုင်မည် မဟုတ်တော့ပေ။

သရက်ခြံမှာ ရွာကုန်းမြင့်ထက် အတော်နိမ့်၍နေသော ရိုးအတွင်း၌ရှိနေပြီး သရက်ခြံအတွင်း၌ ရေတွင်းတစ်တွင်းလည်း ရှိနေသည်။ ရေဓာတ်က အတော်နီးနေသည်မို့ သရက်ပင်များမှာ စိုပြည်အုပ်ဆိုင်း၍နေရာ အပူရှိန်မှာ အတော်ကလေး လျော့နေသည်။ အချို့လူများက ဗူးသီးခြောက်ဘူးများတွင် ရေတွင်းကရေကို ခပ်၍ထည့်နေကြသည်။

လူအားလုံးမှာ ဖိနပ်ဗလာ, အင်္ကျီကိုယ်ချွတ်နှင့်၊ အချို့မှာ လုံချည်အပိုတစ်ထည်ကို ခေါင်းတွင်ပေါင်းထားကြပြီး၊ အချို့က ချိုင်းတွင် သိုင်းစည်းကာ နေပူဒဏ်မှကာကွယ်ရန် ကိုယ်ပေါ်တွင် ဖြန့်ချ ထားကြသည်။

လူစုံ၍ သရက်ခြံမှ စထွက်လိုက်လျှင်ပင် နံနက် ၉နာရီမျှသာ ရှိသေးသော်လည်း နေပူရှိန်က အကြောင်းပြနေပြီဖြစ်သည်။ ကြည့်လိုက်တိုင်း တောများမှာ မျက်စိတဆုံး ခြောက်သွေ့ကာ တရှိန်ရှိန်ဖြင့် အငွေ့များ ထနေသည်။ သစ်ပင်တစ်ပင်တလေမျှ အရွက်မရှိဘဲ မွဲပြာခြောက်ကပ်၍ မြူများ ထနေသည်။ မျက်စိများမှာ နေရှိန်ဟပ်ကာ ပူလောင်ကျိန်းစပ်၍ နေကြသည်။

ကိုချစ်တုတ်တို့လူစုသည် အနောက်ဘက်တည့်တည့် မိုးစပ်တောင်ခြေရင်းဆီသို့ ဦးတည်သွားကြပြီး မိုးစပ်တောင်ခြေမှ မြောက်ဘက်သို့ လူနှင့်ခွေးများဖြန့်ကာ ရှာကြရန်ဖြစ်သည်။ ရွာမှထွက်၍ ၁ မိုင်ခန့်ရောက်ကြလျှင် ခွေးများဆူညံစွာဟောင်ကာ ခွေးအတစ်ကောင်နောက်သို့ ပြေးလိုက်နေသည်ကိုတွေ့ရပြီး မကြာမီပင် ခွေးအခမျာမှာ အဝတ်စုတ်တစ်ခုကို ဝိုင်းဝန်းဆော့ကစားနေသကဲ့သို့ ခွေးများ၏ ဝိုင်းဝန်းကိုက်ဆွဲခြင်းကိုခံရကာ ဇီဝိန်ချုပ်၍ သွားရရှာတော့သည်။

ခွေးအသား ကြိုက်တတ်သူများက ခွေး၏ နောက်ခြေ ၂ ချောင်းကို ဖောက်၍ချိတ်ပြီး အုံ့ဆိုင်းကာ ဝိုင်း၍နေသော ဆီးပင်ကြီးတစ်ပင်တွင် ချိတ်ဆွဲထားခဲ့ကြသည်။

မကြာမီပင် သဲချောင်းတစ်ခု၏ကမ်းပါးတွင်ရှိသော ထူးတွင်းအဝတွင် ကြောင်ခြေရာများတွေ့ ရှိသဖြင့် ခွေးများကို ထူးတွင်းထဲသို့ အချိန်မီသွင်းရန် စီစဉ်တော့သည်။

“ဟေ့… ဟေ့ နေကြဦးကွ။ ဒီထူးတွင်းက ဂယ်တွေ သိပ်များတယ်။ ဂယ်တွေကနေ ခွေးရော, လူရော ခွဲစောင့်ဦးမှ”

ဟု ကိုချစ်တုတ် က ပြောလိုက်သည်။ ထို့နောက် ပထမတွေ့ သော ထူးတွင်းနှင့် ဆက်လျက်ရှိသော ၁၀ ကိုက် , ၁၅ ကိုက်စီခန့် အကွာတွင် ရှိကြသည့် အခြားတွင်း ၂ ခုတွင် သူနှင့် ခွေးအချို့ခွဲကာ စောင့်စေပြီး လူအချို့နှင့် ခွေးအချို့ကိုခေါ်၍ ကမ်းပါးပေါ်သို့ တက်ခဲ့ပြီး ကမ်းပါးပေါ်တွင် တွေ့ရသော တွင်းငယ်အဝတစ်ခုတွင် လူအချို့နှင့် ခွေးအချို့ ချထားလိုက်သည်။

ထိုတွင်းငယ်မှာ ကြောင်များ ထွက်ပြေးလေ့ရှိသဖြင့် ဂရုစိုက်၍ စောင့်ကြရန် မှာကြားထားခဲ့ပြီး ချောင်းတွင်းသို့ ပြန်ခဲ့သည်။

“ခွေးသွင်းတော့ဟေ့ … ခွေးသွင်းတော့”

ဟု ပြောလိုက်လျှင် ထူးတွင်းဝ၌ ခွေးကိုကိုင်ကာ အသင့်စောင့်နေသူက ခွေးကို တွင်းထဲသို့ ထိုးသွင်းလိုက်သည်။ မကြာမီပင် တွင်းထဲမှ ‘တအိုင်အိုင်’ အော်နေသော ခွေးသံကို ခပ်သဲ့သဲ့ကြားကြရသည်။

“တွေ့ပြီကွ … တွေ့ပြီ။ ဖေ့သားကြီး ဆွဲထုတ်ခဲ့စမ်း”

ခွေးရှင်က ဝမ်းသာအားရအော်လိုက်သည်။

“ထွက်လာပြီ… ထွက်လာပြီ။ ရိုက်ဟ … ရိုက်”

“မရိုက်နဲ့ … မရိုက်နဲ့။ ခွေးတွေထိကုန်လိမ့်မယ်။ ခွေးကိုက်ပါစေ”

ဟူသော အသံများကား ကမ်းပါးပေါ်ရှိ ဂယ်ပေါက်ငယ်ဆီမှ ထွက်ပေါ်လာသည်။

ထိုအတွင်း၌ပင် ထူးတွင်းထဲမှ ကြောင်ပါးအမကြီးတစ်ကောင်ကို ခွေးက အတင်းကိုက်ဆွဲ၍ ထုတ်လာသည်

“ဖယ်ပေး … ဖယ်ပေး။ ခွေးတွေ ဝိုင်းကိုက်ပါစေ”

ဟု အော်သံကြားလိုက်ရပြီး လူတွေက ရှဲပေးလိုက်ကြသည်။ ကြောင်ကြီးမှာ သေးသည်မဟုတ်ရကား တွင်းအပြင်ဘက်ရောက်၍ လွတ်လွတ်လပ်လပ် လှုပ်ရှားသည်နှင့်တစ်ပြိုင်နက် သေဘေးမှလွတ်မြောက်ရန် အစွမ်းကုန် ခုခံကာကွယ်လိုက်ပြီး အလွတ်ရုန်းရန် ကြိုးစားတော့သည်။

ခွေးတစ်ကောင်တည်းသာဆိုပါက လွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ရှိသော်လည်း ခွေး ၃ ကောင်က ဝိုင်းကိုက်လိုက်သောအခါတွင် ကြောင်မကြီးမှာ ခုခံရင်းပင် အသက်ပျောက်သွားရရှာတော့သည်။

ကမ်းပါးပေါ်ရှိ ဂယ်ပေါက်မှ ထွက်ပြေးရန် ကြိုးစားသော ကြောင်ကြီးက အထီးကြီးဖြစ်ကာ ပို၍ကြီးသည်။

လူတွေ ပြန်စုမိသောအခါ

“အောင်ပြီကွ …အောင်ပြီ။ ဝေး… လေ… လေ”

ဟု ပျော်မြူးစွာ အော်လိုက်ကြသည်။ ကြောင်သေ ၂ ကောင်ထမ်းကာ လူများကိုဖြန့်၍ ဆက်လက်ရှာဖွေလာကြရာ၊ ညာတောင်ပံဆီမှ

“သစ်ဟေ့… သစ်။ သတိထားကြ”

ဟု ကြားလိုက်ရသည်။

“ဘယ်မလဲဟ … ဘယ်မလဲ”

ကိုချစ်တုတ်ကအော်ရင်း အသံကြားရာဆီသို့ အတင်းပြေးသွားတော့သည်။

“ဟ ချစ်တုတ် အရမ်းမလုပ်နှင့်။ သစ်က သိပ်မငယ်ဘူး”

တစ်ယောက်က သတိပေးလိုက်သည်။

“ဘယ်နားမှာ တွေ့ပြီး ဘယ်ကို ပြေးသွားသလဲသာ ပြောစမ်းပါ”

ဟု ကိုချစ်တုတ်က ခပ်ငေါက်ငေါက်ပြောလိုက်သည်။ သူ့စိတ်တွင် ဦးဘိုးဘ၏နည်းကို လက်တွေ့ စမ်းသပ်ရတော့မည်ဟု ဝမ်းသာနေသည်။

ဦးဘိုးဘ၏နည်းမှာ တကယ်မမှန်ပါကလည်း အရေးမကြီး။ သူအားကိုးသည့် ညီဝမ်းကွဲ ၂ယောက်က ပါလာခဲ့သည်။ ၎င်းအပြင် ကျားသစ်ကို ကိုက်ရဲသည့် ခွေး ၃ ကောင်ကလည်း ပါနေသေးသည်။ ထို့ကြောင့် ကျားသစ်ဟု အသံကြားလိုက်ရကတည်းက ကျားသစ်ကို ရပြီးသလောက်ပင် ကိုချစ်တုတ်က တွက်ထားလိုက်သည်။

“အဲ… အဲဒီချောင်းရိုးထဲက ပေါင်ပဲ့ချုံအောက်က ထွက်ပြေးတာပဲ။ ချောင်းအတိုင်း ဆန်တက်သွားတယ်”

ဟု ကျားသစ်ကို ပထမဆုံး တွေ့သူက ပြောပြသည်။

(အလစ်တွင် ခံရခြင်း)

ကိုချစ်တုတ်က ချောင်းတွင်းသို့ခုန်ဆင်းကာ ကျားသစ်ခြေရာကိုခံ၍ ချောင်းအတိုင်း ဆန်တက်သွားတော့သည်။ သူ့လက်တွင်ကား ဓားမတစ်ချောင်းသာ ပါခဲ့သည်။ မကြာမီပင် ကျားသစ်သည် ချောင်းကမ်းပါးတွင်ရှိသော ထူးတွင်းတစ်ခုထဲသို့ ဝင်သွားသည်ကိုတွေ့ရသည်။

ကိုချစ်တုတ်က ထူးတွင်းထဲသို့ ငုံ့၍ကြည့်လိုက်ရာ ကျားသစ်က ဝေါခနဲအော်ကာ တစ်ရှိန်ထိုး ထွက်လာတော့သည်။ ကိုချစ်တုတ်မှာ ရုတ်တရက် မည်သို့မျှ မတတ်နိုင်ဘဲ ချောင်းကမ်းပါးပေါ်သို့ ခုန်တက်လိုက်ရသည်။

ကျားသစ်ကလည်း ကိုချစ်တုတ်နောက်သို့ ခုန် တက်လိုက်လာသည်။ အရပ် ၄ မျက်နှာမှ ခွေးသံရော, လူသံတွေကပါ ဆူညံနေသည်မို့ အားအနည်းဆုံးဟု ယူဆရသည့် ကိုချစ်တုတ်၏ဘက်မှ ကျားသစ်ကဖောက်ထွက်ရန် ကြိုးစားပုံရသည်။

ကိုချစ်တုတ်မှာ ကျားသစ်နှင့် လက်တစ်ကမ်းအမှီတွင် ရောက်နေသည်။ ပထမသော် သူ့အား လက်နှင့်ရိုက်ပုတ်၍ လက်သည်းနှင့်ကုတ်ခြစ်ရန် ကြိုးစားနေသော ကျားသစ်ကို “ဟေး … ဟေး” ဟု ပါးစပ်မှအော်ရင်း ဓားဖြင့် ခံယမ်းနေမိသည်။

စိတ်အနည်းငယ် တိမ်းမိလာသောအခါတွင် ကျားသစ်ကို အကဲခတ်ကြည့်မိရာ ကျားသစ်မှာ ၄ တောင်သာသာမျှသာ ရှိသည်ကို တွေ့ရ၍ အားတက်လာသည်။

“ဒီအကောင်လောက်တော့ လက်နှင့်ချည်း လုံးနိုင်သည်”

ဟု အသိက ဝင်လာသည်။ ထိုသို့စဉ်းစားရင်း သတိတစ်ချက်အလစ်လိုက်တွင် ကျားသစ်က ဓားကိုပုတ်ချလိုက်ရာ ကိုချစ်တုတ်လက်မှ ဓား လွင့်ထွက် သွားတော့သည်။

ကိုယ့်ဓား လွင့်ထွက်သွားသည်နှင့် ကျားသစ်မှာ အားတက်လာကာ ဝေါခနဲ တစ်ချက်အော်ပြီး လက် ၂ ဘက်ကိုမြှောက်၍ ကိုချစ်တုတ်အား ခုန်အုပ်တော့သည်။ စိတ်တည်ငြိမ်လာပြီဖြစ်သော ကိုချစ်တုတ် ကလည်း အလစ်မပေး။

၎င်း၏ပခုံး၂ဘက်ဆီသို့ ဝဲလာသော ကျားသစ်၏ လက်၂ ဘက်ကို သူ့လက် ၂ ဘက်ဖြင့် ဆီး၍ ဖမ်းဆုပ်လိုက်သည်။ ကျားသစ်၏ လက် ၂ ဘက်ကို ဖမ်းဆုပ်လိုက်မိသည်နှင့် “ဘာရမလဲကွ” ဟုလည်း ပါးစပ်က အော်လိုက်သေးသည်။

လက် ၂ဘက်ကိုဖမ်း၍ ချည်ကိုင်ခြင်းခံလိုက်ရသောအခါ ကျားသစ်က ကိုချစ်တုတ်အား ပါးစပ်နှင့်ကိုက်ရန် ကြိုးစားပြန်သည်။

ကိုချစ်တုတ်က ကျားသစ်၏ လက် ၂ ဘက်ကို ဘေးသို့ဖြန့်ကားပေးလိုက်ရာ ကျားသစ်မှာ ကိုက်၍မမီ ဖြစ်သွားပြန်သည်။ ကိုချစ်က

“ကိုက်လေ- ကိုက်လေ”

ဟု ပါးစပ်က အော်မေးပြန်သည်။

ကိုချစ်တုတ်က လက်၂ ဘက်ကို ကိုင်၍ထားသောအခါ ကျားသစ်မှာ နောက်ခြေ၂ ချောင်းပေါ်တွင်သာ ရပ်နေရပြီး တိုက်ခိုက်အားကမရှိ ဖြစ်နေသည်။ ထိုသို့ရပ်နေသောအခါတွင် ကိုချစ်တုတ်၏မျက်နှာနှင့် ကျားသစ်၏မျက်နှာတို့မှာ တိုင်းထားသလိုဖြစ်နေကာ မျက်နှာချင်းက တစ်တောင်ခန့်ပင် မဝေးတတ်။

ကျားသစ်ကလည်း တဟဲ- ဟဲ ဟိန်းရင်း ဤမျှနီးနေသော ကိုချစ်တုတ်၏မျက်နှာကိုသာ ကိုက်ရန် ကြိုးစားနေသည်။ ကိုချစ်တုတ်ကလည်း ကျားသစ်၏ မျက်နှာကို စိုက်ကြည့်ကာ အံကျိတ်ပြီး တဟဲဟဲ ပြန်၍အော်ကာ ကျားသစ်ကို ချောက်ပြရင်း ကျားသစ်ကို မြေကြီးပေါ်သို့လှဲချရန် ကြိုးစားလိုက်, ကျားသစ်ကကိုက်ရန် ကြိုးစားလိုက်, ကိုချစ်တုတ်က လက်ကိုဘေးသို့ ဖြဲကားထားလိုက်နှင့် တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မတက်နိုင်၊ အတော်ကြာ၍နေသည်။

(မိုက်လုံးကြီးသည့် ကိုချစ်တုတ်)

ကိုချစ်တုတ်နှင့် ကျားသစ် ရင်ဆိုင်ကတည်းက အနားတွင် ရှိသူများက

“ချစ်တုတ်ကို ကျားသစ်ကိုက်ပြီဟေ့”

ဟုအော်ရင်း ပြေးကြသည်။

ထိုအချိန်မှာ လူအားလုံးက ဖြန့်ရှာနေကြရာ ကိုချစ်တုတ် အားကိုးသည့် ညီ ၂ ယောက်မှာ အဝေးတွင်ရောက်နေကြသည်။ ကျားသစ်ကို ကိုက်ရဲသည့် ခွေး ၃ ကောင်ကလည်း အဝေးတွင် ရောက်ရှိနေကြသည်။

ကိုချစ်တုတ်နှင့် ကျားသစ် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲ၍ကောင်းနေချိန်တွင် ကိုချစ်တုတ်၏ ညီ ၂ ယောက်နှင့် ကျားသစ်ကိုကိုက်ရဲသော ခွေး ၃ ကောင်က ပြေးလာကြသည်။

ခွေးသံရော, လူသံပါ ကြားလိုက်ရသောအခါ ကျားသစ်မှာ ကိုချစ်တုတ်အား ကိုက်ရန်မကြိုးစားတော့ဘဲ အလွတ်ရုန်းရန်သာ ကြိုးစားတော့သည်။

ကိုချစ်တုတ်က ကျားသစ်အား တစ်အားဖိကာတွန်းလှဲချရန် ကြိုးစားခိုက်နှင့် ကျားသစ်ကလည်း ကိုချစ်တုတ်၏လက်က ရုန်းအထွက်လိုက် ကြုံကြိုက်သွားရာ ကျားသစ်ရောလူပါ ချောင်းထဲသို့ လိမ့်ကျသွားကြတော့သည်။

ချောင်းထဲရှိ သဲပြင်ပေါ်သို့ ရောက်သွားသောအခါ ကံအားလျော်စွာပင် ကျားသစ်က အောက်မှာ ပက်လက်ဖြစ်နေကာ ကိုချစ်တုတ်က ကျားသစ်၏ ကိုယ်ပေါ်မှာ ခွစီးလျက်သား ဖြစ်နေတော့သည်။

ချက်ချင်းပင် ကိုချစ်တုတ်က သူ၏တိုက်စစ်ကို ဇက်တိုက်အားသွန်၍ ဖိလိုက်တော့သည်။

ကျားသစ်၏ နောက်ခြေ ၂ ချောင်း အားသွားပြီကိုသိသည်နှင့် မိမိ၏ခြေ၂ ဘက်ဖြင့် ကျားသစ်၏ နောက်ခြေ ၂ ချောင်းကို ဖိထားလိုက်သည်။ ကျားသစ်၏ လက် ၂ ဘက်ကို မိမိ၏ လက် ၂ ဘက်ဖြင့် ဆုပ်ထားရာမှ လွှတ်လိုက်ကာ ကျားသစ်၏လက် ၂ ဘက်ကို လျင်မြန်စွာ တတောင်ဆစ်များနှင့် ဆက်၍ ဖိထားလိုက်သည်။

မိမိ၏ လက် ၂ ဘက်စလုံး အားသွားသည်နှင့် တစ်ဘက်က ကျားသစ်၏ မေးစေ့ကို ဖိထားလိုက်ရာ မောကလည်း မော, စိတ်ဓာတ်လည်း ကျနေပြီဖြစ်သော ကျားသစ်မှာ ကိုချစ်တုတ်၏အောက်တွင် ပြား၍နေတော့သည်။ ကျားသစ်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်မိသည်နှင့် တစ်ပြိုင်နက် ကိုချစ်တုတ်က ဦးဘိုးဘ၏ သဘောတရားကို လက်တွေ့ စမ်းလေပြီ။

ဘယ်ဘက်လက်ဖြင့် ကျားသစ်၏မေးစေ့ကို ထိန်းထားကာ ညာလက်ကို ကျားသစ်၏ပါးစပ်တွင်းသို့ထိုးသွင်းကာ ကျားသစ်၏ လျှာကို ဖမ်းဆုပ်ရန် ကြိုးစားတော့သည်။

ကျားသစ်၏ မေးစေ့ကို ဖိထားခံရသဖြင့် ပါးစပ်ကစေ့နေရာ ကျားသစ်ပါးစပ်တွင်းသို့ လက်ကို ထိုးသွင်း၍မရ ဖြစ်နေသည်။

ထိုကြောင့် မေးစေ့ကို အနည်းငယ် လျှော့ပေးလိုက်ပြီး လက်ကိုထိုးသွင်းရန်ကြိုးစားပြန်ရာ လက်ကိုသာ ကျားသစ်၏သွားများနှင့် ခြစ်မိသည်။ လျှာကိုကား ဆုပ်ကိုင်၍မရ။ ညာဘက်လက်မှာ အနည်းငယ်နာကျင်၍သွားရာ လက်ချင်း ပြောင်းလိုက်ပြန်သည်။

ညာလက်ဖြင့် ကျားသစ်၏မေးစေ့ကို ထိန်းထားကာ၊ ဘယ်လက်ဖြင့် ကျားသစ်၏ ပါးစပ်တွင်းသို့ ထိုးသွင်းကာ လျှာကို ဖမ်းဆွဲရန် ကြိုးစားပြန်သည်။

ယခင်အတိုင်းပင် လက်သာ ကျားသစ်၏ သွားများနှင့် ခြစ်မိသည်။ လျှာကိုမူကား ထိပင်ထိအောင် မလုပ် နိုင်။

အောက်မှ ကျားသစ်မှာလည်း လျှာထွက်ကာ မော၍နေပေပြီ။

“ဒီလိုလူမျိုး တစ်ခါမျှ ငါ မတွေ့ဘူးပါလား။ ဘယ်လိုလူနဲ့များ လာတွေ့နေရပါလိမ့်။ လူဆိုတဲ့သတ္တဝါဟာ တယ်ဆိုးပါလား။ နိုင်တိုင်း ညှဉ်းတာကိုး”

ဟု အောက်မေ့နေပုံရသည်။

ကိုချစ်တုတ်မှာလည်း မသက်သာ၊ အတော်မောနေပြီ။ လက်က ဒဏ်ရာများမှာလည်း သွေးများထွက်လာကာ စပ်ဖျဉ်းဖျဉ်းဖြစ်၍ လာသည်။ ကျားသစ်အား နောက်ဆုံးအပြီးသတ် အောင်ပွဲခံနိုင်ရန် နည်းလမ်းကိုလည်း အကြံထုတ်၍ မရတော့ပြီ။ ထိုအခါကျမှပင် အကူအညီခေါ်ရန် သတိရလာတော့သည်။

“ဟေ့ လာကြပါဦးဟ။ ကူလှည့်ကြပါဦး။ ငါ ကျားသစ်ကို ဖမ်းထားတယ်”

ဟု အော်ရတော့သည်။

(ကျားသစ်၏ ဇာတ်သိမ်းခန်း)

သူ့ထံသို့ ကူညီရန်ပြေးလာကြသော သူ့ညီ၂ ယောက်မှာ ခပ်လှမ်းလှမ်းတွင် ကျားသစ်နှင့် ကိုချစ်တုတ်တို့ အပြန်အလှန် တဟဲ- ဟဲ ဟိန်းနေကြသည်ကို ကြားကြရသေး၏။ သို့သော် နီးလာသောအခါတွင်မှ လူသံရော ကျားသစ်သံပါ ပျောက်သွား၍ ဘယ်လိုက်ကြမည် မသိဘဲ ဖြစ်ခဲ့ကြရသည်။

စိတ်တွင်း၌လည်း အတော်ထူသွားကြကာ တောင်ခြေဆီသို့ စိတ်မှန်း၍ လိုက်သွားမိကြသည်။

ထို့ကြောင့် သူတို့အစ်ကိုနှင့် ကျားသစ်လုံးနေတာကို မတွေ့ဘဲ ဖြစ်နေကြရသည်။ ကိုချစ်တုတ်၏ အော်သံကြားကြရမှ ကိုချစ်တုတ်ရှိရာသို့ ပြန်ပြေး လာကြသည်။

“လာပြီဟေ့ … လာပြီဟေ့ အစ်ကိုရေ။ တို့လာပြီဟေ့”

ပါးစပ်ကအော်ဟစ်ကာ သူတို့အစ်ကိုကို အားပေးလိုက်ကြသေးသည်။

ထိုအခါကျမှပင် ခွေး ၃ကောင်ကလည်း အသံကြားရာဆီသို့ ပြေးသွားကြတော့သည်။

ကျားသစ်နှင့် ကိုချစ်တုတ်တို့ လုံးနေရာသို့ သူ့ညီ၂ယောက်နှင့် ခွေးများ ရောက်လာကြသော်လည်း ပထမတွင် မည်သို့မျှ မလုပ်တတ်ကြဘဲ ငေးကြည့်နေကြရသည်။

ကိုချစ်တုတ်နှင့် ကျားသစ်မှာ ခွဲမရအောင် ပူးနေကြရာ ခွေးများပင် ဝင်မကိုက်တတ်ကြ။ လူများ တွင်ကား ဓားမကိုယ်စီသာ ပါလာကြရာ ဓားကို အသုံးပြု၍ မဖြစ်နိုင်သဖြင့် အကြံအိုက်နေကြသည်။

“ဟာ ဓားနှင့် ဝင်ခုတ်ကြပါဟ”

ကိုချစ်တုတ် အော်လိုက်သည်။

“မင်းကို ခုတ်မိမှာပေါ့ အစ်ကိုရ”

ဟု တစ်ယောက်က ပြောလိုက်သည်။

“နှာယောင်ကိုခုတ် … နှာယောင်ကိုခုတ်”

ဟု ပြောကာ ကိုချစ်တုတ်က ကျားသစ်၏မေးစေ့ကို ဖိမထားတော့ဘဲ လက် ၂ ဘက်လုံးဖြင့် ကျားသစ်၏ လည်ပင်းကို ပြောင်း၍ ဖိပေးလိုက်တော့သည်။

ထိုစဉ်တွင်ပင် ဓားတစ်လက်က ကျားသစ်၏နှာယောင်ရိုးပေါ် သို့ ကျလာကာ “ခွမ်း” ခနဲ မြည်သွားတော့သည်။

ကျားသစ်ကလည်း နောက်ဆုံး ရုန်းကန်ခြင်းဖြင့် အားကုန်ရုန်းလိုက်ရာ ကိုချစ်တုတ်မှာ ကျားသစ်၏ ကိုယ်ပေါ်မှ လိမ့်ကျသွားတော့သည်။ သို့သော် ကျားသစ်မှာ မလွတ်နိုင်ရှာတော့ပေ။

ကျားသစ်၏ ကိုယ်ပေါ်က ကိုချစ်တုတ် လိမ့်ကျသွားခါမှ ကျားသစ်မှာ မှောက်ပြန် ဖြစ်သွားသည့်နှင့် ခွေး ၃ ကောင်က နောက်ပိုင်းကို ဝင်၍ဆွဲကြတော့သည်။

ဓား ၂ လက်မှာလည်း ဦးခေါင်းနှင့် ခါးရိုးများပေါ်သို့ အဆက်မပြတ် ကျလာကြရာ ကျားသစ်မှာ ခြေတစ်လှမ်းမျှ မလှမ်းနိုင်ရှာတော့ဘဲ ဝပ်ကျသေဆုံးရရှာတော့သည်။

ဦးဘိုးဘက နောက်နိုင်လွန်းလှ၏။ ကိုချစ်တုတ်ကလည်း မိုက်လွန်းလှချေသည်တကား။

– ပြီး –

စာရေးသူ – မသုံးလုံးစိန်ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *