လွင်ဦး(ကွမ်းခြံကုန်း)
ကျားသုံးကောင်နှင့် လူသုံးဆယ်ကျော်တိုက်ပွဲ
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်ခန့်က ရွှေကျင်မြို့နယ် ကြခတ်ဝိုင်းကျေးရွာပိုင် တောတွင်းတစ်နေရာ၌ ဖြစ်သည်။
လူသားတို့နှင့် ကျားသတ္တဝါတို့သည်ကား ရှေးရှေးကမ္ဘာတည်ဦးကပင် ကမ္ဘာ့ရန်သူများ ဖြစ်ကြသည်။ ကျားသတ္တဝါသည် သဘာဝမှ ပေးအပ်ထားသော အစွယ်များ၊ လက်သည်းများ၊ သန်မာသော ခွန်အားလျင်မြန်ဖျတ်လတ်မှု၊ စဉ်းလဲပါးနပ်သော အသိဉာဏ်၊ တောကျွမ်းမှုတို့ကို အရင်းတည်ကာ လူသားတို့ကို စိုးမိုးဗိုလ်ကျ အနိုင်ယူခဲ့ကြသည်။
လက်နက်ကိရိယာ ညံ့ဖျင်းသော ကျောက်ခေတ်၊ ကြေးခေတ်က ဆိုလျှင် များသောအားဖြင့် လူသားတို့သည် ကျားသတ္တဝါတို့ကို လက်မြှောက်အရှုံးပေး၍ အစားခံခဲ့ရသည်။
မီးပေါက်လက်နက်များဖြစ်သော ယမ်းသေနတ်များ ပေါ်လာသောအခါမှသာလျှင် လူသားတို့သည် ကျားသတ္တဝါတို့၏ရန်ကို တော်လှန်နိုင်ခဲ့ကြသည်။
ဤသို့ တော်လှန်နိုင်ခဲ့ကြသည်ဆိုသော်လည်း သေနတ်လက်နက်ပိုင်ဆိုင်သော လူစုသာလျှင် ဖြစ်သည်။ သေနတ်လက်နက် မပိုင်ဆိုင်သော တောသူတောင်သား လယ်သမားတို့သည်ကား ကျောက်ခေတ်လူသားများနှင့်မခြား ကျားသတ္တဝါတို့၏ စိုးမိုးဗိုလ်ကျ အနိုင်ယူမှုကို ခံရမြဲဖြစ်သည်။
ဤနေရာတွင် ကျားသတ္တဝါတို့၏ စွမ်းရည်သတ္တိကို အနည်းငယ် တင်ပြလိုသည်။
ကျားသတ္တဝါနှင့် လူ၏ ခန္ဓာကိုယ်အရွယ်အစားကို ကြည့်မည်ဆိုပါက ကျားသည် လူထက် ပိုမိုကြီးမား ထွားကြိုင်းလေသည်။ မြန်မာနိုင်ငံမှလူများ၏ ခန္ဓာကိုယ်အရွယ်အစားကို ကြည့်မည်ဆိုလျှင် ပေါင်တစ်ရာ့သုံးလေးဆယ်မှ ပေါင်တစ်ရာ့ငါးဆယ် အလွန်ဆုံးရှိတတ်ကြသည်။ ပေါင်နှစ်ရာကျော်သူမှာ မရှိ သလောက်ပင် ရှားပါးလှသည်။
ကျားသတ္တဝါတို့၏ ခန္ဓာကိုယ်ကား ပေါင်လေးရာမှသည် ပေါင်ငါးရာကျော်အထိ ရှိတတ်သည်။ ခန္ဓာကိုယ်ကြီးသော်လည်း ကျားသည် ပေါ့ပါးလျင်မြန်ဖျတ်လတ်သည်။ ကျားသည် အသားစားသတ္တဝါတစ်ကောင်ဖြစ်ပေရာ သားကောင်ချောင်းရာတွင် ညင်သာပိရိအောင်၊ သားကောင်ကို ခုန်အုပ်ရာတွင် လျင်မြန်ဖျတ်လတ်အောင်၊ သားကောင်ကို ကိုက်ခဲကုတ်ဖဲ့ရာတွင် ထိရောက်ကောင်းမွန်အောင် သဘာဝက ကျား၏ခန္ဓာကိုယ်ကို ပြုပြင်ဖန်တီးပေးထားလေသည်။
ကြောင်မျိုးနွယ်ဝင် ကျား၊ ခြင်္သေ့၊ ကျားသစ်၊ အမေရိကန်ကျားသစ် ခေါ် ဂျက်ဂွါ၊ တောင်ခြင်္သေ့ခေါ် ပူးမား၊ တောလိုက်ကျားသစ်ခေါ် ချီးတား၊ ကျားမင်း၊ အင်းကျား၊ တောကြောင် အမျိုးမျိုးစသော ကြောင်မျိုးစာရင်းဝင်များတွင် ကျားသည် အသန်မာဆုံး၊ အထူးသဖြင့် မေးရိုးအားဖြင့် ခဲရာ ကိုက်ရာတွင်
အားအသန်ဆုံးဖြစ်သည်။ ထိုသို့ မေးရိုးအားသန်သဖြင့် အိန္ဒိယမှ ခြင်္သေ့များကို အာဖရိကသို့ တိုက်ခိုက်မောင်းထုတ်ကာ အိန္ဒိယတောတွင်း၌ စိုးမိုးဗိုလ်ကျလျက်ရှိသည်။
ကျား၏ ရှေ့လက်နှစ်ဖက်ကို အသုံးပြုကာ ပုတ်အား၊ ခုတ်အားသည် နွားမတမ်းမ၏ဦးခေါင်းကို မိမိရရ ပုတ်မိပါက ဦးခေါင်းခွံကွဲကာ တစ်ချက်တည်းဖြင့် လဲ၍သေလေသည်။ ကျား၏ ခါးရိုးအား၊ ရှေ့လက်မောင်းအား၊ မေးရိုးအားတို့ကို ပေါင်းစပ်ကာ သူ့ထက် အလေးချိန်များစွာ ကြီးမားသော ကျွဲပေါက်ကြီးများ၊ ပြောင်ကြီးများကိုပင်လျှင် ကုန်းဆင်း၊ ကုန်းတက် မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကိုက်ချီ၍ သူအလိုရှိရာနေရာသို့ ဆွဲယူသွားနိုင်သည်။
အလေးချိန် နှစ်တန်မှ သုံးတန်ရှိသော ဆင်ပြောင်ကြီးများကိုပင်လျှင် ခေါင်းချထားရာနေရာသို့ ဖင်ပိုင်းရောက်အောင် ကိုယ်တစ်ပြန်ဆွဲပြီးမှ ပွဲတော်တည်ခဲ့သည့် ခြေရာလက်ရာများကိုလည်း တွေ့ခဲ့ရဖူးသည်။
အာဖရိကခြင်္သေ့သည် ကျား မရှိသော နေရာ၌သာ ဗိုလ်ကျအနိုင်ယူနိုင်ပြီး ကျားရှိသော နေရာတွင်မူ ကျားကို မယှဉ်နိုင်ပေ။ ခြင်္သေ့သည် တောကျွဲကိုသာ အကြီးဆုံးထား၍ တိုက်ခိုက်ပြီး ဆင်ကြီးများကိုမူ ရှောင်လေ့ရှိသည်။
ကျားကမူ လိုအပ်လာပါက ဆင်ပြောင်ကြီးများကိုပင် တိုက်ခိုက်ရန် ဝန်မလေးပေ။ သို့သော် ကျားသည် ခြင်္သေ့ကဲ့သို့ ဗြောင်မတိုက်ခိုက်တတ်၊ ဟိုချုံမှပုန်းချောင်း၊ သည်အပင်မှကွေ့ချောင်းကာ အလစ်တွင် နောက်တံကောက်ကြောကို ဝင်ကိုက်ဖြတ်ကာ တံကောက်ကြောပြတ်၍ ဆင်ကြီးဖင်ထိုင်လဲသည့်
အခါမှသာလျှင် ဇက်ပိုးကို အပိုင်ကိုက်ဖြတ်၍ အနိုင်ယူတိုက်ခိုက်တတ်သည်။ အလွန်ကောက်ကျစ် စဉ်းလဲသောကျားပါပေ။
ထိုသို့ စွမ်းရည်သတ္တိထူးများဖြင့် ပြည့်စုံ၍ ကောက်ကျစ်စဉ်းလဲမှု၊ ပါးနပ်မှုများနှင့် ပေါင်းစပ်ထားသော ကျားသတ္တဝါသည် မြန်မာနိုင်ငံ၏ မဖွံ့ဖြိုးသေးသော ချောင်ကျရာ ကျေးလက်တောရွာများတွင် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးမှုများရှိရာ ရွှေကျင်မြို့နယ်၊ ကြခတ်ဝိုင်းကျေးရွာ တောတွင်း၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို တင်ပြလိုသည်။
ဤနေရာတွင် မြန်မာ့ရိုးရာ သိုင်းပညာကျွမ်းကျင်သော၊ တိုက်ရေးခိုက်ရေးတွင်တော်သော မြန်မာ့သူရဲကောင်းများနှင့် ကျားသတ္တဝါတို့ကို ယှဉ်ပြိုင်တိုက်ခိုက်အနိုင်ယူခဲ့သော အဖြစ်အပျက်များမရှိဘူးလားဟုမေးလျှင် ရှားရှားပါးပါး ရှိခဲ့ဖူးသည်ဟု ဖြေရပေမည်။
မြန်မာနိုင်ငံ တန့်ဆည်မြို့နယ်မှ ရုပ်သေးဆရာကြီး၊ သိုင်းဆရာကြီး ဆရာချစ်နှင့် ရှမ်းပြည်နယ်မှ ဆင်ဦးစီးဟောင်း သိုင်းသမား အိုက်စံတို့၏ ကျားနှင့် ယှဉ်ပြိုင်အနိုင်တိုက်ခိုက်ခဲ့သော အဖြစ်အပျက်များ ရှိခဲ့ဖူးသည်။ သို့သော် ထိုအဖြစ်အပျက်တို့ကိုမူ ထူးခြားသော အဖြစ်အပျက်များအဖြစ် ခြွင်းချက်ထားရှိ၍ ဆရာချစ်တို့အကြောင်းကို သီးခြားဖော်ပြလိုသည်။
ရွှေကျင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီးတွင် တည်ရှိသည်။ တောင်သို့လားသော် ကွမ်းဆိပ်၊ ကျိုက်ထီးရိုးဘုရား၊ အရှေ့သို့လားသော် ရွှေကျင်ချောင်း၊ မဝိုင်း၊ ဖာပွန်၊ ကျောက်ညှပ်၊ မြောက်သို့လားသော် ကျောက်ကြီးနှင့် ကောလူဒိုးတို့ ရှိသည်။
ရွှေကျင်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့ဘက်အစပ် ကရင်ပြည်နယ်အနီးတွင် တည်ရှိသည်။
ပဲခူးရိုးမ၏အစွယ်အပွား တောင်စွယ်တောင်တန်း များနှင့် တောတောင်ထူထပ်သော ဒေသတစ်ခုဖြစ်သည်။ အထူးသဖြင့် ကျားပေါသော တောတောင်များနှင့် ပြည့်နှက်နေပေသည်။
ကြခတ်ဝိုင်းရွာသည် လယ်လုပ်ငန်း၊ သစ်လုပ်ငန်း၊ ဝါးလုပ်ငန်း၊ ထင်းလုပ်ငန်းများဖြင့် တောတောင်ကို အမှီပြုကာ လုပ်ကိုင်စားသောက်သော ရွာဖြစ်သည်။ ကြခတ်ဝိုင်းရွာ၏ အနီးအနားတွင် မြေပြန့်လွင်ပြင် နည်းပါး၍ တောင်များထူထပ်သောကြောင့် လယ်အလုပ်ထက် တောအလုပ်ကို ပိုမိုအားထားကြရသည်။
ကြခတ်ဝိုင်းရွာနေ ဦးဟန်မောင်တွင် မောင်ထွေးဟုခေါ်သော သားနှင့် မမြဥဟုခေါ်သည့် သမီးတစ်ယောက်ရှိသည်။ ယင်းမိသားစုသည် ကလေးများငယ်စဉ်ကပင် မိခင်ဖြစ်သူ ဒေါ်ကြည်သေဆုံး သွားသဖြင့် မိသားစုသုံးယောက်သာ လုပ်ကိုင်စားသောက်ခဲ့သည်။
တောစပ်တွင် ဝမ်းစာအတွက် လယ်သုံးဧကရှိသည်။ ဝမ်းစာအတွက် လယ်ကိုလုပ်ကိုင်သည့်အပြင် ထင်းခုတ်၊ ဝါးခုတ် ရောင်းသည်။ ထို့ပြင် ကြက်၊ ငှက်၊ ချေ၊ ဒရယ်စသော သားကောင်အသေးစားများကို ထောင်သည့် မုဆိုးအငယ်စားအလုပ်ကိုလည်း လုပ်သည်။
တစ်နေ့ဝယ် သားအဖနှစ်ယောက် ကြခတ်ဝိုင်းရွာအရှေ့ဘက်ရှိ ကျောက်အိုးတောထဲသို့ ဝါးခုတ်ရန် ထွက်ခဲ့ကြသည်။ ကျောက်အိုးတောဟူသည်ကား ကျောက်အိုးချောင်းဖြတ်စီးသော တောဖြစ်သည်။ တောထူသည်၊ တောင်ကမ်းကြီးမားသည်။ ကျောက်အိုးချောင်းသည် ရွှေကျင်ချောင်းထဲသို့ စီးဝင်သော ချောင်းလက်တက်တစ်ခုဖြစ်သည်။
ဝါးများကို ခုတ်၍ ကျောက်အိုးချောင်းထဲ စုပုံရသည်။ ၎င်းမှတစ်ဆင့် ချောင်းထဲတွင် ဖောင်ဖွဲ့၍ ရွှေကျင်ချောင်း ရွှေကျင်မြို့သို့ရောက်အောင် ဖောင်ဖွဲ့ကာ ယူရသည်။ ရွှေကျင်သို့ ရောက်သောအခါတွင် ဝါးပွဲစားများက သူ့ထက်ငါ အလုအယက် ဝယ်ယူကြသည်။
ဦးဟန်မောင်တို့ကမူ သွင်းနေကျ ပွဲစားဖြစ်သော သန်းထွေးကိုသာ အမြဲသွင်းသည်။ ဈေးနှုန်း အတက်အကျကိုလိုက်၍ ဖောက်သည်မပြောင်းပါ။ သန်းထွေးကလည်း ဈေးကို သူများထက် မလျော့ရန် အမြဲဂရုစိုက်ပေးရသည်။ ဤကဲ့သို့ ဝါးခုတ်သွင်းခဲ့ သည်မှာ ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။
ဦးဟန်မောင်တို့သားအဖ တောတက်သည့်အခါ စားအိုး စားခွက်နှင့် ရိက္ခာအပြည့်အစုံယူ၍ တောထဲဝယ် တဲထိုးပြီး ချက်ပြုတ်စားသောက်ကာ ဝါးခုတ်ကြသည်။ သမီးငယ် မြနုကိုမူ ဦးဟန်မောင်၏ အမကြီးဖြစ်သူ ဒေါ်တရုတ်မထံ အပ်နှံပြီး ရက်ရှည်ခရီးထွက်ကာ ဝါးခုတ်ကြသည်။
ယခုလည်း ခါတိုင်းကဲ့သို့ပင် ကျောက်အိုးတောထဲသို့ ဝါးခုတ်ရန် ရောက်လာခဲ့ကြသည်။ ကျောက်အိုးချောင်းကမ်းပါးထိပ်တွင် ယာယီတဲဆောက်၍ စားအိုးစားခွက်ဖြင့် ချက်ပြုတ်စားသောက်ကာ ဝါးခုတ်ခဲ့ကြသည်။ ခုတ်၍ရသမျှ ဝါးများကို ကျောက်အိုးချောင်းထဲဝယ် စုပုံထားကြသည်။ ဝါးခုတ်လုပ်ငန်း မပြီးသေး၍ ဖောင်မဖွဲ့ကြရသေးပါ။ ဝါးခုတ်၍ ပြည့်စုံမှသာ ဖောင်ဖွဲ့ကြမည်။ ဖောင်ဖွဲ့ပြီးပါက ရွှေကျင်ချောင်းမကြီးထဲသို့ ဝါးဖြင့်ထိုး၍ စုန်ဆင်းသွားကြရသည်။
မိုးနှောင်းကာလမို့ ချောင်းရေ အတော်နည်းနေသော်လည်း မိုးဦးကျကာလတွင် မိုးကောင်းသဖြင့် တောင်ရေကျကာ ကမ်းပြည့် ကမ်းလျှံလာသည်။ သစ်ပင်အိုကြီးများ တဝုန်းဝုန်းလဲကာ ကမ်းပါးထိပ်မှ တော်ရုံတန်ရုံသစ်ပင်များကို ရေတိုက်စားကာ လှဲချသွားတတ်သည်။ မည်သူမျှ ဖောင်မမျှောရဲကြပေ။
မိုးလယ်ကာလတွင် မိုးလေမှန်လာသဖြင့် ဝါးဖောင်လုပ်ငန်းများ စတင်ကြသည်။ ယခုမိုးနှောင်းပိုင်းဖြစ်၍ ဝါးဖောင်လုပ်ငန်းများရှိသော်လည်း ရေနည်းပေပြီ။ အချို့နေရာများတွင် ဆင်း၍ ပခုံးဖြင့်ထမ်းကာ တွန်းချရသည်။ သို့သော် မျှော၍ရသေးသည်။
နွေကာလတွင်မူ ဤချောင်းတွင်း၌ ခြေသလုံးသာသာခန့်သာ ရေရှိသဖြင့် ဝါးဖောင်မျှော၍ မရတော့ပါ။ ရွှေကျင်ချောင်းရောက်အောင် ပခုံးဖြင့် ထမ်းသွားရသည်။ ရွှေကျင်ချောင်း ရောက်မှသာ ဖောင်ဖွဲ့ရသည်။
ရွှေကျင်ချောင်းကား မိုးရော၊ နွေပါ ရေမခန်းသည့် ချောင်းမကြီးဖြစ်သည်။ ထို့ကြောင့် နွေရာသီတွင် ဝါးခုတ်ရသည့် နေရာလောက်သာ ခုတ်၍ လှည်းဖြင့် တိုက်ကြရသည်။
သို့သော် ကျောက်အိုးတောသည် ချောက်များ၊ ကမ်းပါးများ၊ တောင်စောက်များဖြင့် ပြည့်နှက်နေပေရာ လှည်းဝင်၍ရသောနေရာ အတော်ရှားသည်။
ထို့ပြင် နွေရာသီ၌ ရိုးမပေါ်တွင် ရေရှားသဖြင့် ကျား၊ ဆင်၊ ပြောင်စသော သတ္တဝါကြီးများ တောင်ရိုးပေါ်မှ တောင်အောက်သို့ ဆင်းလာချိန်ဖြစ်သဖြင့် ဝါးခုတ် ထင်းခုတ်သူများအတွက် အလွန်အန္တရာယ်များလေသည်။
ထို့ပြင် ငန်းမြွေများ၊ ဝက်ဝံများလည်း ရှိကြပေရာ ဝါးခုတ်သူများ၏ အန္တရာယ်မှာ မသေးလှပေ။
ဦးဟန်မောင်တို့သည် တဲဆောက်၍ နေကြသည်ဟု ဆိုသော်လည်း ထမင်းဟင်းချက်စားရုံ၊ နေ့ခင်းနေ့လယ် ခေတ္တနားနေရုံသာဖြစ်သည်။
ညဘက်တွင်မူ အနီးရှိ သပြေပင်ကြီးပေါ်တွင် လင့်စင်ထိုးကာ အိပ်ကြလေသည်။ တောထဲဝယ် ကျားနှင့် အခြားမမြင်နိုင်သော အန္တရာယ်များ ပြည့်နှက်နေလေသည်။
ညဘက်တွင် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ မေတ္တာပို့ခြင်းတို့သည် ဦးဟန်မောင်သားအဖတို့၏ ညစဉ်လုပ်နေကျလုပ်ငန်းများ ဖြစ်လေသည်။
ဦးဟန်မောင်တို့သားအဖသည် နံနက်ခင်းဝယ် ခုတ်ထားသော ကြက်သောင်းဝါးများကို တစ်နိုင်ထမ်းလာကြပြီး တဲရှေ့တွင် စုပုံ၍ သားဖြစ်သူ မောင်ထွေးက နံနက်စာအတွက် ပြင်ဆင်နေသည်။
ဦးဟန်မောင်ကမူ ချောင်းသို့ ရေခပ်သွားရန် ရေပုံးကို ဆွဲ၍ တဲဘေးရှိ လှေကားထစ်များသဏ္ဌာန် ဖောက်လုပ်ထားသော ကွေ့ကွေ့ ကောက်ကောက် လမ်းကလေးမှ ချောင်းထဲသို့ ဆင်းသွားလေသည်။
မောင်ထွေးသည် ချေသားခြောက်၊ ပဲစန်ဟင်း၊ ငါးပိရည်၊ တို့စရာတို့ဖြင့် နံနက်စာထမင်းဝိုင်းကို ပြင်ဆင်နေရာမှ သူ့အဖေ တော်တော်နှင့် ပြန်မလာ၍ စိတ်ပူစပြုလာသည်။ ထမင်းဆာနေပြီဖြစ်၍ အနည်းငယ်လည်း စိတ်တိုနေသည်။ ထို့ကြောင့် ထမင်းဝိုင်းကို ပစ်ထားခဲ့ကာ တဲဘေးရှိ ကွေ့ကွေ့ကောက်ကောက် လမ်းကလေးမှ ချောင်းထဲသို့ ဆင်းလိုက်သွားခဲ့သည်။
“အဖေရေ … ဗျို့ အဖေ ကြာလှချည်လားဗျာ”
သို့သော် ချောင်းစပ်တွင် ကျွမ်းထိုးမှောက်ခုံလဲနေသော ရေပုံးကလေးကို တွေ့သောအခါ မောင်ထွေးပါးစပ် အလိုလို ပိတ်သွားသည်။ ထို့ပြင် ရေပုံးအနီး၌ ကျားခြေရာကြီးများ တွေ့လိုက်ရသောအခါ မောင်ထွေး ဘုရားတမိပါတော့သည်။
ကျားခြေရာကြီးများကို တစ်ခုစီ လိုက်ကြည့်လိုက်သောအခါတွင် ဦးဟန်မောင်နှင့် ကျားကြီး လုံးထွေးခဲ့သောခြေရာများနှင့် သွေးစက်များကို တွေ့ ရသောအခါ ဖခင်အား ကျားချီသွားသည်ကို သိလိုက်ရတော့သည်။
အဖေကို ချစ်စိတ်ဖြင့် ရေပုံးကို ကောက်ကိုင်ကာ ကျားခြေရာအတိုင်း လိုက်သွားမိသည်။ မောင်ထွေး၏ ခြေလှမ်းများကို မှောင်မိုက်နေသော ချုံပုတ်ကြီးထဲမှ ကျယ်လောင်တုန်ဟည်းသွားသော ကျားဟိန်းသံက ဆီးကြိုဟန့်တားလိုက်သည်။
လက်ထဲတွင် ရေပုံးတစ်ခုသာ ကိုင်ထားသော ခြေနှစ်ချောင်းပိုင်ရှင် မနုဿလူသားသည် ထက်မြက်သော ခြေသည်းများ၊ အစွယ်များ၊ ခွန်အားများပိုင်ရှင် တောဘုရင်ကျားကြီးကို မည်သို့ယှဉ်ပြိုင်ဝံ့ ပါမည်နည်း။ အသက်အန္တရာယ်မှ ကင်းဝေးအောင် လှေကားထစ်များအတိုင်း ချောင်းကမ်းပါးပေါ်သို့ တက်ပြေးခဲ့ရသည်။
ကမ်းပါးပေါ်သို့ ရောက်သောအခါ ပြင်ဆင်ထားသော ထမင်းဝိုင်းကိုပင် လှည့်မကြည့်အားဘဲ ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ရွာသို့ ထွက်ပြေးခဲ့ရလေသည်။ မောလိုက်သည်မှာလည်း ဆိုဖွယ်ရာမရှိ၊ နားထဲမှလေများပင် တဝီဝီထွက်လာသည်။
မောင်ထွေးတို့ ဝါးခုတ်သောနေရာနှင့် ကြခတ်ဝိုင်းရွာသည် ၁ဝ မိုင်ခန့်ဝေးသည်။ ဖြည်းဖြည်းဆေးဆေးသွားပါက သုံးနာရီကျော်ကျော်သွားရသော်လည်း မောင်ထွေးအဖို့ နောက်သို့မကြည့်စတမ်း ခြေကုန်သွန်ခဲ့ရာ နှစ်နာရီကျော်ကျော်ဖြင့် ကြခတ်ဝိုင်းရွာသို့ ရောက်သွားသည်။
အရီးဒေါ်တရုတ်မတို့အိမ်ရှေ့ ရောက်သောအခါ အိမ်ကပြင်ပေါ်သို့ပင် မတက်နိုင်ဘဲ အမောဆို့ကာ လှေကားရင်းဝယ် လဲကျသွားတော့သည်။
ဒေါ်တရုတ်မနှင့် ရွာသားများက ဝိုင်းပြုစုကြ၍ အတန်ကြာမှ သတိရလာလေသည်။ သတိရလာသောအခါ စကားမပြောနိုင်သေးဘဲ ရေတစ်ခွက်ကိုတောင်း၍ အငမ်းမရသောက်ပြီးမှ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလေသည်။
ဒေါ်တရုတ်မ၊ မမြနုနှင့် ရွာသားများသည် စုတ်တသပ်သပ်ဖြင့် ရင်ထုမနာ ဖြစ်ကြရလေသည်။
ရွာသူကြီးဦးရွှေသည် မောင်းထု လူစုကာ ကျားဆိုးနောက်သို့လိုက်ရန် ပြင်ဆင်ကြလေသည်။ ဦးဟန်မောင်၏အသက်ကိုမူ မျှော်လင့်ချက်မရှိပါပြီ။ အလောင်းကောက်ရန်သာ ဖြစ်သည်။
ဦးရွှေတို့ထွက်လာသောအချိန်သည် နေ့ခင်းတစ်နာရီခန့် ရှိပေပြီ။ မောင်ထွေးတို့ထမင်းဝိုင်းပြင်ချိန်သည် နံနက် (၁၀) နာရီခန့် ရှိပြီဖြစ်ရာ အခင်းဖြစ်ပွား၍ မောင်ထွေး ရွာသို့ပြေးလာချိန် လူစုချိန် စသည်ဖြင့် အချိန်ကုန်ခဲ့ရာ ယခု တစ်နာရီထိုးလေပြီ။
ဦးရွှေတို့လူစုထဲတွင် ဦးရွှေ၊ မောင်ထွေး၊ ဒေါ်တရုတ်မ၏သား မောင်အေးစံ စသဖြင့် လူသုံးဆယ်ကျော် ပါလေသည်။
ဓားများ၊ လှံများ၊ မှိန်းများအပြင် ဒူးလေးသမား သုံးဦးလည်း ပါသေးသည်။
ဒူးလေးသမားသုံးဦးဝယ် အလွန်လက်ဖြောင့်သော မျောက်ဖိုးထွန်းသည် ဒူးလေးသမားတစ်ယောက်ဖြစ်သည်။ မျောက်ဖိုးထွန်းဟု ခေါ်ခြင်းမှာ ဒူးလေးဖြင့် မျောက်ပစ်ရာတွင် အလွန်တော်သောကြောင့် ဖြစ်သည်။ မြားတစ်ချောင်း မျောက်တစ်ကောင် ရသည်ဟု ဆိုရိုးရှိသည်။ ဖိုးထွန်းသည် မျောက်ဖိုးထွန်းဘဝမှ ကျားဖိုးထွန်းဟု ဘွဲ့ထူးခံရန် ဒူးလေးကြီးကို ထမ်းကာ ရှေ့ဆုံးမှ ပါလာသည်။
ကျန်ဒူးလေးသမားများကလည်း မခေပါ။ လက်တည့်သူများပင် ဖြစ်သည်။ ကျန်သော ရွာသားများကလည်း လှံတပြင်ပြင်၊ ဓားတဝင့်ဝင့်ဖြင့် ကျားကြီးကို မည်သို့ ထိုးလိုက်မည်၊ မည်သို့ ခုတ်လိုက်မည်ဟု လေးခင်းပြကာ အာပေါင်အာရင်းသန်သန်ဖြင့် ကြိမ်းဝါးနေကြသည်။
ဤသို့ဖြင့် တောသည် ပို၍နက်လာသည်။ မောင်ထွေးတို့တဲနား ရောက်သောအခါ သူကြီးဦးရွှေက တိတ်တိတ်နေရန် အချက်ပြလိုက်မှသာ စကားပြော ရပ်သွားကြသည်။ သို့သော် စောစောက ဆူညံသံများကြောင့် ချောင်းထဲမှကျားသည် ထိုလူစု ရောက်လာသည်ကို သိသွားလေသည်။
ထို့ကြောင့် ကျားသုံးကောင်ပါဝင်သော မိသားစုများအုပ်စုတစ်စုသည် ကျောက်အိုးချောင်းထဲမှ ကမ်းပါးပေါ်သို့ ခုန်တက်ရောက်ရှိလာတော့သည်။
ထိုစဉ် စောစောက အာပေါင်အာရင်း သန်သန်ဖြင့် ထိုးလိုက်မည်၊ ခုတ်လိုက်မည်ဟု ကြိမ်းဝါးခဲ့သော ရွာသားတစ်သိုက်သည် နီးစပ်ရာသစ်ပင်များပေါ်သို့ မျက်လှည့်ပြလိုက်သည့်အလား ရုတ်ချည်း ပြေးလွှား ခုန်တက်ကုန်တော့သည်။
သူကြီးဦးရွှေသည် သူ့နောက်မှ ရွာသားများကို စီမံကွပ်ကဲ၍ မည်သို့နေရာယူ၊ မည်သို့တိုက်ခိုက်ရမည်ဟု ညွှန်ကြားရင်း နောက်သို့ လှည့်ကြည့်လိုက်သောအခါတွင် တစ်ယောက်မှ မရှိတော့ပေ။ ထို့ကြောင့် သူလည်း အနီးဆုံး ညောင်လန်းပင်ကြီးပေါ်သို့ နွယ်ကြိုးများကို ဖက်တွယ်ကာ အတင်းတက်သွားလေတော့သည်။
ထိုအချိန်တွင် လူအုပ်ရှေ့သို့ ရောက်နေသူမှာ မောင်ထွေးပင် ဖြစ်သည်။ မောင်ထွေးသည် သူ့ဖခင်အလောင်းကောက်ရန် စိတ်စောနေသဖြင့် ရှေ့ဆုံးမှရောက်နေလေသည်။
ထိုစဉ် သူကြီးဦးရွှေ သူ့လူများကို နေရာယူရန် စီစဉ်ကွပ်ကဲနေသံကြား၍ အားလုံးသည် လှံများ၊ ဓားများဖြင့် အသင့်နေရာယူပြီးဖြစ်နေမည်ဟု ထင်နေသည်။ ထို့ကြောင့် လက်ထဲတွင် ကိုင်ထားသော ဝါးခုတ်ဓားကို မြဲမြဲကိုင်ထားရင်း ရှေ့ဆုံးမှ တက်လာသောကျားကြီးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်လိုက်သည်။ သူ့အဖေကို ကိုက်သတ်ထားသော ဤကျားကြီးကို သူသေသေ ကိုယ်သေသေ မီးကုန်ယမ်းကုန် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားသည်။
သို့သော် အနောက်က အသံမကြားရ၍ လှည့်ကြည့် လိုက်သောအခါ မြေပြင်ပေါ်တွင် သူတစ်ယောက်ထဲသာရှိသည်ကို အံ့ဩထိတ်လန့်စဖွယ် တွေ့လိုက်ရသည်။ သို့သော် ထွက်ပြေးရန်လည်း အချိန်မရှိတော့။ ထွက်ပြေးရန် လှည့်လိုက်သည်နှင့် ရှေ့ဆုံးမှကျားကြီးက သူ့ကိုယ်ပေါ်သို့ ခုန်အုပ်တော့မည်။ ထို့ကြောင့် မထူးတော့ပြီမို့ လက်ထဲရှိ ဝါးခုတ်ဓားနှင့်သာ အတတ်နိုင်ဆုံး ခုခံရပေတော့မည်။
ရှေ့ဆုံးမှ တက်လာသောကျားထီးကြီးသည် ဤအုပ်စု၏ ခေါင်းဆောင်ဖြစ်သည်။ ၎င်းနောက်မှ ပါလာသော ကျားမကြီးသည် ဒုတိယခေါင်းဆောင်ဖြစ်သည်။ နောက်ဆုံးတွင် ပါလာသော ကျားပေါက်ကလေးကား သုံးနှစ်သားခန့်ရှိပြီး အရွယ်ရောက်စ ကျားပျိုတစ်ကောင်ဖြစ်သည်။
ကျားတို့သည် မိတ်လိုက်ရာသီမှလွဲ၍ ဤသို့ စုစုစည်းစည်း နေခဲသည်။ ဤကဲ့သို့ အုပ်စုလိုက် တွေ့ရသည်မှာ မောင်ထွေးတို့အဖို့ ကံဆိုးခြင်းပင်ဖြစ်သည်။
ကျားကြီးဘေးမှ ကျားမသည် မောင်ထွေးကို ကျော်သွားပြီး နွယ်ပင်များကို တွယ်တက်နေသော ဦးရွှေကို အောက်မှ ခုန်၍ဆွဲလိုက်သည်။ သို့သော် ကံကောင်းထောက်မစွာ ဦးရွှေက သစ်ကိုင်းပေါ်သို့ လွှဲ၍ တက်လိုက်သဖြင့် ကျားမ မမီတော့ဘဲ အောက်သို့ ဝုန်းခနဲ ပြုတ်ကျလေသည်။
ကျားပေါက်ကလေးကား သစ်ပင်များပေါ်သာ ငေးမောကြည့်နေသည်။ ကျားထီးကြီးသည် ရောက်ရာနေရာတွင် ရှေ့လက်နှစ်ဖက်ပေါ်၌ ဝပ်ချပြီး မောင်ထွေး၏အလစ်ကို ချောင်းနေပေသည်။
တစ်ချီတွင် လစ်လောက်ပြီအထင်နှင့် မောင်ထွေးကိုယ်ပေါ်သို့ လှမ်း၍ ခုန်အုပ်လိုက်သည်။ မောင်ထွေးက ကျားကြီး၏ ညာလက်ကို ဆီး၍ ခုတ်လိုက်သည်။ ကျားကြီးသည် တောဘုရင်ပီပီ မောင်ထွေး၏ ဓားကိုင်လက်ကို ‘ဖတ်ခနဲ’ ပုတ်ချလိုက်လေသည်။ တစ်ဆက်တည်းပင် လက်သည်းရှည်ကြီးများဖြင့် ပခုံးနှစ်ဖက်ကို ကုတ်ဖဲ့ရင်း လည်မျိုသို့ အပိုင်ကိုက်ချလိုက် တော့သည်။
သစ်ပင်ပေါ်သို့တက်ပြေးသော လူအုပ်စုထဲတွင် ဦးဟန်မောင်၏ တူဖြစ်သူ ဒေါ်တရုတ်မ၏သား မောင်အေးလည်း ပါသည်။ သူ့ဦးကြီးကို ကျားကိုက်သတ်သွားရုံမျှမက သူ့ညီဝမ်းကွဲ မောင်ထွေးကိုပါ မျက်စိရှေ့တွင် ကိုက်သတ်လိုက်သည်ကို တွေ့ရသည့်အခါ ခြေဖျား၊ လက်ဖျားများပင် အေးစက်သွားသည်။
ဤမကောင်းဆိုးဝါးကောင်ကြီးများကို မည်သို့ တော်လှန်ရပါမည်နည်း။ ကျားများကို ခုခံနိုင်မည့် တစ်ခုတည်းသော လက်နက်ဖြစ်သည့် ကိုင်းခုတ်ဓားပင် သစ်ပင်ပေါ်တက်စဉ်က အောက်သို့ ပြုတ်ကျသွားသည်။
မျောက်ဖိုးထွန်းတစ်ယောက်မှာမူ ရှေ့ဆုံးမှနေ၍ ကျားကြီးကို ပစ်မည်ဟု ဒူးလေးတင်၍ မြားတပ်လိုက်ရာ ကျားကြီး၏ အနီးမှကပ်၍ ဟိန်းလိုက်သံကြောင့် လက်ထဲမှ ဒူးလေးသည် အောက်သို့ “ဖုတ်ခနဲ” ပြုတ်ကျသွားလေသည်။ ကျားထီးကြီးက သူ့အနားသို့ ပြုတ်ကျလာသော ဒူးလေးကြီးကို လက်ဖြင့်ပုတ်ကာ ကိုင်းတခြား၊ ကိုယ်ထည်တခြားဖြစ်အောင် ဖျက်ဆီးပစ်လိုက်သည်။
ဒုတိယဒူးလေးသမားမှာမူ အောက်တွင် မြားကျည်တောက် ပြုတ်ကျခဲ့သဖြင့် သူ့ဒူးလေးမှာ သုံးမရပေ။
အခြားအပင်တွင် ရှိသော တတိယ ဒူးလေးပိုင်ရှင်မှာမူ ဘေးနားက ရွာသားက ပစ်ရန်တိုက်တွန်းသော်လည်း နတ်ပူးသကဲ့သို့ လက်များ ခြေများတုန်ကာ ဒူးလေးပစ်ရန် အတွင်တွင်ငြင်းဆန်နေတော့သည်။
သူ၏အကြောင်းပြချက်မှာ ဒူးလေးတစ်ချက်ဖြင့် ကျားသည် မသေသည့်အပြင် ဒေါသကိုဆွပေးလိုက်သလိုဖြစ်ပြီး အပင်အောက်မှ မဆင်းမချင်း စောင့်ကာ လက်စားချေမည့်အရေးကြောင့်ဖြစ်သည်။
ယခုအတိုင်းနေသည်ကမှ ကျားထွက်သွားလျှင် အိမ်ပြန်ရန် အခွင့်အရေး ရှိပေသေးသည်။
သူပြောသည်မှာလည်း ဟုတ်သလိုလိုရှိသဖြင့် ဘေးမှ ရွာသားများလည်း မပြောသာတော့ဘဲ အသာငြိမ်နေရလေသည်။
နဂိုက သတ္တိနည်းလှသည့် ရွာသားများသည် ကျားသုံးကောင်က အပြန်လမ်းပိတ်ထားသောကြောင့် ငိုသူကငို၍ တောပိုင်တောင်ပိုင် အရှင်ကြီးများကို တောင်းပန်သည့်သူများကလည်း တောင်းပန်နေကြလေသည်။
နေကလည်း တဖြည်းဖြည်း စောင်းလာသည်။မကြာခင် နေဝင်တော့မည်။ နေဝင်လျှင် တစ်ညလုံး မည်သို့လုပ်ရပါမည်နည်း။
ကျားသုံးကောင်သည် မောင်ထွေးအလောင်းကို ရွာသားများရှေ့မှောက်မှာပင် ကိုက်စားနေကြပြီး ထိုနေရာမှ ပြန်လည်ထွက်ခွာသွားကြလေသည်။
ကျားများထွက်သွားပြီး မကြာခင် ရွာသားများမှာ မတိုင်ပင်ရဘဲ သစ်ပင်ပေါ်မှ အလျှိုလျှိုဆင်းကာ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ပြေးကြလေတော့သည်။ ထိုအထဲတွင် ဦးရွှေနှင့် မောင်အေးတို့မှာ နောက်ဆုံးကဖြစ်သည်။
ဤသို့ပြေးရင်းဖြင့် နေဝင်သွားကာ တစ်တောလုံး မှောင်သွားပေသည်။ ထိုအခါ သူကြီးဦးရွှေက လိုလိုမည်မည် ကြိုတင်ယူလာသော မီးတုတ်များကို ထွန်းညှိကာ ခရီးဆက်ကြသည်။
ညဘက်ဖြစ်သဖြင့် တကွဲတပြား မသွားစေဘဲ စုစုစည်းစည်း ညီညီညွတ်ညွတ် သွားကြစေသည်။ ကျားများရှိသော တောနှင့်လည်း ဝေးလာ၍ စိတ်အေးလက်အေးဖြစ်လာသည်။
သို့သော် စိတ်မအေးနိုင်သူကား မောင်အေးပင်ဖြစ်သည်။
ဦးကြီးလည်း ကျားကိုက်၍သေသည်။ ညီတစ်ဝမ်းကွဲကိုလည်း မိမိရှေ့တွင် ကိုက်သတ်ရုံမက တစစီဖဲ့၍ စားပစ်သည်ကို မြင်ခဲ့ရသည်။ စိတ်မကောင်းစရာ အနိဋ္ဌာရုံများကို မြင်ရသဖြင့် နှလုံးရောဂါအခံရှိသော မောင်အေးသည် ခြေလက်များ အေးစက်ကာ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့ပေ။
ထမ်းခေါ် ရအောင်လည်း ရွာသားများသည် မိမိအသက်ပင် မိမိလု၍ ပြေးလာကြသူများဖြစ်သဖြင့် မည်သူမျှ မထမ်းချင်ကြ။ တောစပ်သို့ ရောက်လာပြီဖြစ်သဖြင့် သစ်ပင်ကြီးကြီးမားမားလည်းမရှိတော့ပေ။
ထို့ကြောင့် မောင်အေး၏ ဆန္ဒအရ ချုံကောင်းကောင်းတစ်ခုထဲသို့ ထည့်ပြီးလျှင် ဦးဟန်မောင်အလောင်းကို သယ်ပိုးရန်ယူလာသော စောင်ဖြင့် ချုံပေးခဲ့ကြသည်။ ဤတောစပ်သည် ကျားရန်မှလည်း ဝေးပြီဖြစ်သဖြင့် နံနက်မှ လှည်းဖြင့်လာ၍တိုက်မည်ဟု စီစဉ် ခဲ့ကြသည်။
ဤသို့ဖြင့် မောင်အေးကို ချုံထဲတွင် သိပ်ထားခဲ့ပြီး ဦးရွှေတို့လူစု ပြန်ခဲ့ကြသည်။
ရွာရောက်သောအခါတွင် ညီညီညွတ်ညွတ် မခုခံရကောင်းလားဟု တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချနေလေသည်။
စည်းလုံးညီညွတ်မှု မရှိခြင်းသည် ပျက်စီးခြင်း အကြောင်းတရားတစ်ပါးပင် ဖြစ်ပေသည်။
နောက်တစ်နေ့တွင် ယခင်နေ့ကထက် လူဦးရေများများ လက်နက်အင်အားများများ ယခင်နေ့ကထက် စည်းရုံးသိမ်းသွင်းမှုကောင်းကောင်းဖြင့် ကျားသုံးကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် ထွက်လာခဲ့ကြသည်။
ယခင်နေ့က မောင်အေးကို ထားခဲ့သော ချုံတောနားရောက်သောအခါ လှည်းဖြင့် ဝင်ခေါ်ကြလေသည်။
သို့သော် အသက်မဲ့နေသော မောင်အေး၏ရုပ်အလောင်းက ဦးရွှေတို့ကို ဆီး၍ကြိုနေလေသည်။ အနားတွင်လည်း ကျားခြေရာများ ပွစာတက်နေသည်။
နံနက်က စည်းရုံးခဲ့သောရွာသားများသည် မောင်အေး အလောင်းကို တွေ့သည်နှင့် အုပ်စည်း၍ မရတော့ဘဲ ရွာဘက်သို့ ကသောင်းကနင်း ပြန်ပြေးကြလေရာ ဦးရွှေ၏ ကျားဖမ်းမည့် အစီအစဉ်ကြီးလည်း ပျက်စီးသွားလေတော့သည်။
(လွန်ခဲ့သောနှစ်လေးဆယ်ခန့်က ရွှေကျင်မြို့နယ်၏ ဖြစ်ရပ်မှန်ကို ရေးသားထားခြင်းဖြစ်ပါသည်။)
– ပြီး –
စာရေးသူ – လွင်ဦး (ကွမ်းခြံကုန်း)
Uncategorized