ထောင်မှူးကြီးသိန်းဝင်း
ကျားအမြီးပြတ်နှင့် သင်းခွေချပ်ကြီး
ရွက်ဝါတွေ ကြွေလွင့်သော တပေါင်းလနံနက်ခင်း အချိန်ဖြစ် ပါသည်။
နှင်းကြွင်းနှင်းကျန် ပက်ဖျန်းထား၍ ရွက်ခြောက်များအပေါ် နင်းလျှောက်လာကြသော်လည်း အသံမထွက်ဘဲ ခြေသံလုံလှပါသည်။
နံနက် (၆) နာရီခန့်သာ ရှိသေးသဖြင့်၎င်း၊ တောရိပ်တောင်ရိပ်ကြောင့်၎င်း၊ ရိုးမတောတစ်ခုလုံး မှုန်ရီဝေမှိုင်းနေပြီး ပတ်ဝန်းကျင်အား သဲကွဲစွာ မမြင်နိုင်သေးပါ။
တပည့်ကျော်မုဆိုးအောင်သန်း အဆွယ်ကောင်းသည်နှင့် ကျွန်တော်လည်း ဝါသနာအလျှောက် ၃ဝ၃ အမေရိကန်ရိုင်ဖယ်ကြီးအား ထမ်း၍ တောလယ်ထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ယ္ခုလရာသီတွင် တောဂွေးသီးနှင့် ဇီးဖြူသီးပေါ်ချိန်ဖြစ်၍ လာရောက်စားသောက်သည့် ချေနှင့် တောဝက်များ မြူးထူးချိန် ဖြစ်ပါသည်။ ညကတည်းက စားပင်များအနီးရှိ လင့်စင်ပေါ်တွင် စောင့်၍ပစ်ရန် တပည့်ကြီးမှ စီစဉ်ထားသော်လည်း သားကောင် ရ မရ မသေချာဘဲ ခြင်ကိုက်၍ ငှက်ဖျားရောဂါရမှာသေချာသောကြောင့် ကျွန်တော်မှ အစီအစဉ်ကို ဖျက်လိုက်ပြီး ယနေ့မနက်စောစောမှ တောလယ်ထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဝါသနာကြောင့် မုဆိုးလုပ်နေရသော်လည်း ငှက်အမျိုးမျိုး မျောက်နှင့် ချေလောက်သာ ပစ်ခတ်ရရှိဘူးပါသည်။
ယမန်နေ့က တပည့်ကျော် မုဆိုးအောင်သန်း ငှက်ပစ်၊ ကိုင်းထောင်ရင်း စားပင်အား တွေ့ရှိပြီး ချေနှင့် တောဝက်များ မြူးတူးပျော်ပါးနေသည်ကို တွေ့ရှိခဲ့သဖြင့် စားပင်အနီး သင့်ရာနေရာတွင် လင့်ထိုးခဲ့ပါသည်။
ကျွန်တော်အနေဖြင့် တာဝန်အရ၎င်း၊ လင့်စင်ပေါ် နေရမည့်ဒုက္ခက မသေးလှသောကြောင့် ၎င်းအစီအစဉ်အား ပယ်ဖျက်ခဲ့ရခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ စခန်းချရာနေရာနှင့် စားပင်မှာ နှစ်မိုင်ခန့်သာ ဝေးကွာသော်လည်း ချောင်းကူး၊ မြောင်းကူး၊ တစ်ကုန်းကျော်၊ တစ်တောင်တက်ဖြင့် အတော်ကလေးကြာအောင် သွားရပါသည်။
တောထူထပ် ရှုပ်ထွေးပြီး မြင်ကွင်းမရှင်းသဖြင့်လည်း ထင်တိုင်းသွား၍ မရပါ။ ၎င်းအပြင် ယ္ခုဝင်လာသည့်တောတွင် ဝက်ဝံနှင့် ကျား ပေါများသဖြင့် ပတ်ဝန်းကျင်အားလည်း သတိထားနေရပါသေးသည်။
တပည့်ကြီး အောင်သန်းမှာ မုဆိုးဝါရင့်သူပီပီ စိုးရိမ်ကြောင့်ကျ ပုံမရပါ။ ရှေ့မှ လမ်းပြရင်း အသော့နှင်နေပါတော့သည်။ ထိုစဉ်တွင် ချောင်းမြောင်ကလေးတစ်ခုအား ဖြတ်အတက် ကမ်းစပ်ရှိ ဝါးရုံတော အတွင်း ဝါးရောင်းငှက်တစ်အုပ် ခုန်ဆွခုန်ဆွနှင့် တစ်ရုံမှ တစ်ရုံကူးကာ မြူးတူးပျော်ပါးနေသဖြင့် တပည့်ကျော်အောင်သန်းမှာ လေးခွတပြင်ပြင် ဖြစ်၍…
“တပည့်ကြီး ချေနှင့် ဝက်ပစ်ဖို့လာတာ ငှက်မပစ်ပါနဲ့ကွာ”
“ဆရာကလည်း လာဘ်ဦးမပယ်ကောင်းဘူးဗျာ”
“အေး. . . မုဆိုးထုံးစံရှိပေမဲ့ အချိန်ကုန်မှာစိုးလို့ပါကွာ။ နေပွင့်လာရင် တောကောင်တွေ ပြေးကုန်ပြီး မပစ်လိုက်ရမှာ စိုးလို့ပါကွာ”
“ရပါတယ် ဆရာရယ်. . . မနေ့က ကျွန်တော်လာတာ ဒီအချိန်ထက်တောင် နောက်ကျပါသေးတယ်။ ချေတွေက စားပင်အောက်မှာ အိပ်တောင်နေသေးတယ်”
ထိုအချိန်တွင် ချောင်းအောက်ဖက် တောငှက်ပျောရုံများဆီမှ တစ်ဝုန်းဝုန်း တောတိုးသံများ ကြားရသဖြင့် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦး နီးစပ်ရာ ပင်စည်ကောင်းသည့် ပျဉ်းမပင်ကြီးအနီးသို့ အပြေးကပ် လိုက်ရပါတော့သည်။
မြင်ကွင်းမရှင်းသဖြင့် ဘာကောင်မှန်းတော့ မသိပါ။ အကောင်ကြီးကြီးတော့ ဖြစ်ပုံရပါသည်။
ကျွန်တော့်တွင် ပါလာသည့် ၃၀၃ ရိုင်ဖယ်အား မောင်းကြိတ်တင်၍ လုံခြုံရေးသော့အား ဖွင့်ထားကာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းကြည့်ရှုနေရပါတော့သည်။
တစ်ဝုန်ဝုန်းနှင့် တောတိုးလာသောအသံမှာ ကျွန်တော်တို့အနီးအရောက်တွင် ရုတ်တရက် ပျောက်သွားပါသည်။ ဝါးရုံများနှင့် ဘိစပ်ပင်များ၊ ထမင်းဆုပ်ပင်များ ထူထပ်သောနေရာဖြစ်၍ အကောင်အထည်အား မမြင်ရပါ။
သို့သော် “ဝူး … ဂဲဂူး … ဂဲ” ဟု အသက်ရှုသံ ပြင်းပြင်းအား ကြားရသဖြင့် ဝက်ဝံကြီးတစ်ကောင်ဖြစ်မှန်းသိလိုက်ရပါသည်။
ရိုင်ဖယ်မှာ အနီးကပ်ပစ်၍ကောင်းသည့် သေနတ် မဟုတ်သဖြင့် ကျွန်တော့်မှာလည်း ဘာလုပ်ရမှန်းမသိပါ။ တပည့်ကျော်အောင်သန်းမှာလည်း မျက်နှာငယ်လေးနှင့် ဖြစ်နေပါသည်။
ဝက်ဝံကြီးမှာ လူနံ့ရသွားသဖြင့် ငြိမ်နေဟန်တူပါသည်။ ကျွန်တော် ချက်ချင်းဆုံးဖြတ်ရပါတော့သည်။ တပည့်ကြီးအား မျက်ရိပ်ပြ၍ ချောင်းမြောက်ဖက် ကမ်းပါးပေါ်မှ အပိုင်ပစ်ရန် ဖြစ်ပါသည်။
သို့သော် နောက်ကျသွားပါပြီ။ ဝက်ဝံကြီးမှာ ပင်စည်တစ်ဖက်မှ ဘွားကနဲပေါ်လာပြီး ကျွန်တော့်ရိုင်ဖယ် သေနတ်ပြောင်းအား ဆုပ်ကိုင်၍ ဆွဲလုသွားပါသည်။
“တပည့်ကြီးရေ ပြေးဟေ့. . . ပြေး”
ဟုအော်ကာ ကျွန်တော်လည်း ချောင်းမြောင်တစ်ဖက်ကမ်းသို့ အပြေးတက်ရပါတော့သည်။
ဝက်ဝံကြီးမှာ ရင်ဘတ်တွင် အဖြူကွက်ကြီးနှင့် အထီးကြီးဖြစ်ပါသည်။ အစွယ်ဖွေးဖွေးနှင့် အနီးကပ်မြင်ရသော မျက်နှာကြီးမှာ အလွန်ကြောက်စရာကောင်းလှပါသည်။
ထိုစဉ်တွင် ဝက်ဝံကြီးမှာ ရိုင်ဖယ်သေနတ်အား ပြောင်းမှကိုင်၍ မြေပြင်သို့ ဆောင့်ချရာ လုံခြုံရေးသော့ဖွင့်ထားသဖြင့် မောင်းခလုတ်ပြုတ်ပြီး ကျည်ထွက်သွားပါတော့သည်။
“ထိန်း. . . ဟိန်း. . . ဟိန်း. . .” ဟူသော ရိုင်ဖယ်သေနတ်သံကြီး ထွက်ပေါ်လာပြီး၊ ရိုးမတောတွင်း ပဲ့တင်ထပ်၍ သွားပါတော့သည်။ ဝက်ဝံကြီးမှာ သေနတ်သံကြောင့် တဝုန်းဝုန်းတောတိုးကာ ပြေးပါတော့သည်။
“တပည့်ကြီးရေ ကံကောင်းလို့ဟေ့။ သေနတ်က ကျည်ထွက်သွားပေလို့ဘဲ။ ကျည်သာမထွက်ရင် သေနတ်ကို ရိုက်ချိုးလိုက်တာနဲ့ ငါတို့လည်း လက်နက်ဖျက်စီးမှုနဲ့ ရုံးတင်ခံရမှာ သေချာတယ်”
“ဆရာရယ် နှမြောလိုက်တာ။ ဝက်ဝံသည်းခြေ အလွန်အဖိုးတန်တာဗျ”
“ကဲ ထားပါတော့ကွာ။ တို့တတွေ အန္တရာယ်မရှိတာဘဲ တော်လှပါပြီ။ သေနတ်သွားကောက်ကွာ၊ ပြန်ကြမယ်။ သေနတ်သံကြောင့် မင်းချေနဲ့ တောဝက်တွေလည်း ပြေးကြရောပေါ့”
“ဆရာ စားပင်နဲ့ ဝေးသေးတယ်။ ဒီအချိန်က တပေါင်းလဖြစ်လို့ ဝါးရုံမီးလောင်ရင်လည်း ဝါးပေါက်သံတွေက သေနတ်သံလိုပဲ တအုန်းအုန်းနဲ့ မြည်တယ်။ ကျွန်တော်တော့ မနေ့က အပင်ပန်းခံပြီး လင့်ထိုးထားခဲ့ရတာ။ စားပင်အောက်တော့ သွားကြည့်ချင်သေးတယ် ဆရာ”
“ကဲ. . . ဒါဖြင့်လည်း ဆက်သွားပေါ့ကွာ။ မုဆိုးထုံးစံလာဘ်ဦးပယ်လိုက်တာ ငါတော့ မှားသွားပြီထင်တယ်”
“ကံပေါ့ ဆရာရယ်”
သို့နှင့် သေနတ်အားကောက်ပြီး စစ်ဆေးရာ ပျက်ဆီးခြင်းမရှိသဖြင့် ကျည်တစ်တောင့်ထိုးကာ လုံခြုံရေးသော့အား ပိတ်လျက် စားပင်ရှိရာသို့ ချီတက်ခဲ့ကြပါတော့သည်။
တောင်ကုန်းတစ်ခုအား ဖြတ်ကျော်၍ လွင်ပြင်တစ်ခုအား ဖြတ်ကျော်ပြီးနောက် တပည့်ကြီးမှ စားပင်အနီး ရောက်လာပြီဖြစ်ကြောင်း အချက်ပြပါသည်။ ရောက်ရှိနေတနေရာမှာ စိမ့်တောဖြစ်၍ ပိန်းရိုင်းပင် နှင့် ဗေဒါပင်များ ပေါက်ရောက်နေပြီး သစ်ပင်ကြီးများ ကျိုးတို့ကျဲတဲသာ ရှိပါသည်။
မြောက်ချောပင်နှင့် တောသရက်ပင်များသာရှိပြီး စိမ့်တောတစ်ဖက်တွင် တောဂွေးပင်နှင့် ဆီးဖြူပင်များ ပေါက်ရောက်နေပြီး အောက်ခြေရှင်းသော တောဖြစ်ပါသည်။
ထိုအချိန်တွင် တောဂွေးပင်တစ်ပင်အောက်ခြေ၌ နီညိုရောင်အဆင်းနှင့် ချေသုံးကောင်အား မြင်လိုက်ရပါသည်။ ကျွန်တော်မှ တပည့်ကြီးအား လက်ပြ၍တားပြီး တစ်ဦးတည်း တကုန်းကုန်းနှင့် တက်ခဲ့ရာ ကိုက် (၂ဝဝ) ခန့် ကွာဝေးနေသေးသဖြင့် အပိုင်ပစ်နိုင်ရန် ရှေ့ကိုက် (၁ဝဝ) ခန့် မြေပြင်တွင် ကန့်လန့်လဲနေသော တောသရက်ပင်ကြီးဆီသို့ ပိန်းတောတိုး၍ တက်ခဲ့ရသည်။
သရက်ပင်ကြီးအနီးရောက်လျှင် ဝမ်းလျားမှောက်၍ သရက်ပင်စည်ပေါ်သို့ သေနတ်အား မေးတင်၍ အပိုင်ပစ်ခတ်ရန် ပစ်ကွင်းအား လေ့လာရပါသည်။
ချေသုံးကောင်အနက် နှစ်ကောင်မှာ စားပင်အောက် တွင် ဝပ်ဆင်းနေပြီး ချေပေါက်ကြီးတစ်ကောင်မှာ ပင်ယံထက်မှ ကြွေကျလာသော တောဂွေးသီးများအား ကောက်စားရင်း မြူးတူးပျော်ပါးလျက် ရှိပါသည်။
၃ဝ၃ ရိုင်ဖယ်ကြီးအား မြူးတူးဆော့ကစားနေသော ချေပေါက်ကြီးအား အသေအချာချိန်၍ မောင်းခလုတ်အားဆွဲရန် အသက်အောင့်လိုက်စဉ်…
“ဝေါင်း … ဝေါင်း” ဟူသော ကျားဟိန်းသံကြီးအား အနီးကပ်ကြားလိုက်ရသဖြင့် ကျွန်တော့်မှာ လက်တုန်သွားသလို ချေသုံးကောင်မှာလည်း တစ်ဟုန်ထိုးထ၍ ပြေးပါတော့သည်။
ထိုအချိန်တွင် တပည့်ကြီးမှာ ကျွန်တော့်ထံသို့ တစ်ဟုန်ထိုး ရောက်ရှိလာပြီး ၎င်းထံတွင်ပါသော အမဲလိုက်ဓားမြှောင်အား အသင့်အနေအထား ဆုပ်ကိုင်ထားပါသည်။
“ဆရာ တောကောင်ကြီးထင်တယ်။ ကျွန်တော်တို့တော့ ဒုက္ခပဲ”
“ဟုတ်တယ်ကွ။ သူကလည်း ချေတွေကိုချောင်းနေတာ။ ငါတို့ကလည်း ချောင်းနေတာဆိုတော့ အကြံတူရန်သူဖြစ်ကုန်တာပေါ့”
“ဆရာရေ … မဲမဲမြင်ရာသာ လက်မနှေးဘဲ ပစ်ပေတော့။ ဟင်းမျိုးကြီးက ဝက်ဝံထက် ကြောက်စရာကောင်းတယ်”
ဤကဲ့သို့ အောက်ခြေရှင်းနေသော တောစပ်အတွင်း တောကောင်ကြီးနှင့် တိုးရခြင်းမှာ မုဆိုးများအတွက် အလွန်အန္တရာယ်ကြီးလှပါသည်။ တောကောင်ကြီးအသံသာ ကြားရသေးသော်လည်း မမြင်ရသေးပါ။ တောကောင်ကြီးကတော့ ကျွန်တော်တို့နှစ်ဦးအား ကြိုတင်မြင်ပြီး ချောင်းမြောင်းနေဟန်တူပါသည်။
မုဆိုးနှစ်ဦးဖြစ်နေရာ အကွက်ကောင်းအား စောင့်ဆိုင်းနေပုံရပါသည်။
ထိုစဉ်တွင် ကျွန်တော်တို့နှင့် မျက်စောင်းထိုး ကိုက် (၁၅၀) ခန့်အကွာ ပျဉ်းမပင်စည်ကြီး အောက်ခြေမှ ဝါဝါအစင်းကြားနှင့် လှုပ်ရမ်းနေသော သားကောင်ကြီး၏ အမြီးအား မြင်လိုက်ရသဖြင့် သားကောင်ကြီး၏ တည်နေရာကို သိရှိလိုက်ရပါသည်။
တပည့်ကြီးအား လက်ကုပ်၍ညွှန်ပြပြီး ဘေးကျပ်နံကျပ် အခြေအနေတွင် ဆုံးဖြတ်ချက်တစ်ခုအား အလျင်အမြန် ချလိုက်ရပါတော့သည်။ ဆုံးဖြတ်ချက်မှာ သေနတ်သံဖြင့် ဝက်ဝံကြီးအား ခြောက်လှန့် သကဲ့သို့ပင် ဟင်းမျိုးကြီးအားလည်း ခြောက်လှန့်ရန် ဖြစ်ပါသည်။
ပျဉ်းမပင်စည်ကြီး ကွယ်နေသဖြင့် အပိုင်ပစ်ခတ်ရန်လည်း မလွယ်ကူပါ။ ထို့ကြောင့် ခြောက်လှန်သောအနေဖြင့် ပင်စည်ဖက်မှ ထွက်ပေါ်နေသည့် ဟင်းမျိုးကြီး၏ အမြီးများအား ရမ်းသမ်း၍ ပစ်ခတ်လိုက်ရပါတော့သည်။
“ဒိန်း. . .”
“ဝေါင်း. . . ဝေါင်း”
၃ဝ၃ ရိုင်ဖယ်သေနတ်သံကြီး ဟိန်းထွက်သွားသလို တောကောင်ကြီး၏ မာန်ဖီကာ ဟိန်းဟောက်သံကြီးက ရိုးမတောတစ်ခွင် ပဲ့တင်ထပ်၍ သွားပါတော့သည်။
“ဆရာ . . . ဆရာ . . . ဆရာပစ်လိုက်တာ တောကောင်ကြီး ထိသွားတယ်ထင်တယ်။ ငယ်သံပါအောင် အော်ပြီး ထွက်ပြေးသွားတာဘဲ”
“တပည့်ကြီးရာ ငါက ထိအောင်ပစ်လိုက်တာမှ မဟုတ်ဘဲ။ ခြောက်လှန့်ရုံသက်သက်ပါကွာ။ မြင်ကွင်းမှမကောင်းဘဲ။ မပိုင်ဘဲနဲ့ ကျားကို မပစ်ရဘူးကွာ။ ကျားနာဟာ လူကို ဒုက္ခပေးတတ်တယ်”
“ဆရာ ကျွန်တော့်အထင်ပြောရရင်တော့ တောကောင်ကြီးကို ထိမှန်သွားပုံရတယ်နော်။ သူ့ အော်သံကြီးက နာနာကျည်းကျည်း အသံမျိုးကြီးဗျ။ ကဲ. . . ဆရာ. . . ကြာပါတယ်။ အဲဒီနေရာကို သွားကြည့်ကြရအောင်လား”
ကျွန်တော်သည် ရိုင်ဖယ်သေနတ်အား ကျည်သစ်တစ်တောင့်ထိုး၍ လုံခြုံရေးသော့အား ဖွင့်လျက် အသင့်အနေအထားဖြင့် ကိုက် (၁၅ဝ) ခန့်အကွာ၊ ပျဉ်းမပင်စည်ကြီးအနီးသို့ ချဉ်းကပ်ခဲ့ကြပါသည်။
ပင်စည်ခြေရင်းတွင် လှုပ်ရှားနေသော ဝါဝါအစင်းကြားတစ်ခုအား တွေ့ရှိရသဖြင့် ငန်းတော်ကြားမြွေထင်မှတ်ပြီး တပည့်ကြီးအား နောက်ဆုတ်ရန် အချက်ပေးရပါသည်။
သေနတ်ပြောင်းအား ဦးညွတ်လျက် ခလုတ်ဆွဲအံ့ဆဲဆဲတွင် တပည့်ကြီးမှ ကျွန်တော်၏လက်အား လှမ်းဆွဲထားပြီး-
“ဆရာ မပစ်နဲ့၊ အဲဒါ ငန်းတော်ကြားမြွေ မဟုတ်ဘူး”
ကျွန်တော့်အနေဖြင့် အသေအချာ စူးစိုက်ကြည့်ရှုပါမှ မြွေမဟုတ်ဘဲ အရင်းတွင် သွေးစို့နေသော
ကျားမြီးပြတ်ကြီးဖြစ်မှန်း သိရပါတော့သည်။
“ဆရာ အရမ်းလက်ဖြောင့်တယ်ဗျာ။ ကိုက် (၁၅၀) လောက်က ကျားမြီးကို မှန်အောင်ပစ်နိုင်တာ ဆရာတစ်ယောက်ပဲရှိတယ်”
တပည့်ကြီးက ချီးမွမ်းပြောဆိုသဖြင့် ကျွန်တော့်အနေဖြင့် ပုထုဇဉ်လူသားပီပီ ဘဝင်မြင့်သွားပြီး မင်္ဂလာယူလိုသေးသဖြင့် ဆရာ တပည့်ချင်း ကပ်၍ကြွားရပါတော့သည်။
“ဟ . . . တပည့်ကြီးရ။ ကျားကိုယ်လုံးကြီးက ပျဉ်းမပင် ပင်စည်ကြီးနဲ့ ကွယ်နေတော့ မမြင်ရဘူးလေကွာ။ အဲဒီတော့ မြင်နေရတဲ့ ကျားရဲ့ ပျော့ကွက် အမြီးဖျားကို ပစ်ချိုးပြီး ခြောက်လှန့်လိုက်ရတာပါကွာ”
ဟု ဆိုလိုက်ရပါတော့သည်။
ထိုစဉ်တွင် ပုပ်အဲ့အဲ့အနံ့ဆိုးများ ရရှိသဖြင့် ပတ်ဝန်းကျင်အား လေ့လာကြည့်ရှုကြရာ ကြခတ်ဝါးရုံနှစ်ခုအကြား ပုပ်ပွပြီးလဲနေသော ဆတ်သေကြီးအား ယင်မမဲရိုင်းများ ဝိုင်းအုံနေသည်ကို တွေ့ရှိရပါသည်။
ဆတ်ကြီးမှာ ဦးချိုမပါသဖြင့် ဆတ်မကြီးဖြစ်ဟန်တူသည်။ ခေါင်းတစ်ခြား ကိုယ်တစ်ခြားဖြစ်နေပြီး ဝမ်းဗိုက်ပွင့်လျက် သေဆုံးနေခြင်းဖြစ်ပြီး ဟင်းမျိုးကြီး ကိုက်ခဲထားဟန်တူပါသည်။
ဆတ်သေကြီးနှင့် မလှမ်းမကမ်းတွင်လည်း ပက်လက်လန်၍ ပုပ်ပွသေဆုံးနေသော (၂) တောင်ခန့်ရှိ မိချောင်းပေါက်တစ်ကောင်ကိုလည်း တွေ့ရှိရပါသည်။
တပည့်ကြီးက …
“ဆရာ. . . ဒီပတ်ဝန်းကျင်မှာ ရေလည်း များများစားစား ရှိတာမဟုတ်ဘဲနဲ့ ဒီမိချောင်းပေါက်က ဘယ်ကရောက်လာတာလည်း မသိဘူးနော်”
ဟု တအံ့တသြ ပြောဆိုပါသည်။
ကျွန်တော်မှ ယင်းအသေကောင်အား သေနတ်ပြောင်းဖျားဖြင့် ထိုး၍လှန်လိုက်ရာ မှောက်ရက်ဖြစ်သွားသဖြင့် မိကျောင်းပေါက်မဟုတ်ဘဲ သင်းခွေချပ်ကြီးတစ်ကောင်ဖြစ်မှန်း သိလိုက်ရပါတော့သည်။
ထိုစဉ်တွင် တပည့်ကြီးမှာ လက်စွဲတော်အမဲလိုက်ဓါးမြှောင်ဖြင့် ပတ်ဝန်းကျင်ရှိ ကြခတ်ဝါးကိုင်းများအား ခုတ်ထွင်ရှင်းလင်းနေရာမှ လျှိုကြီးတစ်ခုအား တွေ့ရှိရသဖြင့် ကျွန်တော့်အား လှမ်းခေါ်၍ပြသပါသည်။
လျှို့ဝမှ ကြည့်ရှုရာ အပုပ်နံ့များ လှိုင်နေပြီး (၇) ပေခန့် အကျယ် (၃၀) ပေခန့် အလျားရှိသော လျှိုကြီးတစ်ခုအတွင်း တိရိစ္ဆာန်ပေါင်းစုံတို့၏ ဦးချိုများ၊ နံရိုးများအား တောင်ပုံရာပုံ တွေ့ရှိရပါသည်။
ဟင်းမျိုးကြီး၏ သားရဲတွင်းဖြစ်ကြောင်း သိလိုက်ရပြီး ဟင်းမျိုးကြီးမှာ တစ်ကောင်တည်းမဟုတ်ဘဲ မိသားစုလိုက်နေသော အသိုက်ဖြစ်နိုင်ကြောင်းလည်း တွေးမိသဖြင့် တပည့်ကြီးအား အမြန်ဆုံးပြန်ကြရန်အတွက် အချက်ပြလိုက်ရပါတော့သည်။
တပည့်ကြီးမှာ အလိုက်မသိဘဲနှင့်…
“ဆရာရေ … ကျွန်တော်တို့တော့ ထောပြီဗျ။ သမင်ချိုနဲ့ စိုင်ချိုကြီးတွေယူပြီး ရောင်းစားလိုက်ရရင် တအားပွမှာဗျနော်”
“ကဲ. . . တပည့်ကြီးရေ အဲဒါတွေ အသာထား။ အန္တရာယ်များတယ်။ နောက်မှ လူအင်အားစုပြီးမှ တစ်ခေါက်လာကြတာပေါ့ကွာ။ စခန်းက ကလေးတွေ ဆေးဖြစ်ဝါးဖြစ်သုံးရအောင် သင်းခွေချပ်အသေကြီးကိုသာ တုတ်လျှိုထမ်းခဲ့ပေတော့ဟေ့”
သို့နှင့် ကျွန်တော်မှ ကျားမြီးပြတ်ကြီးအား လက်မှကိုင်ဆွဲလျက်၎င်း၊ တပည့်ကြီးမှ သင်းခွေချပ်အသေကြီးအား တုတ်လျှိုထမ်း၍၎င်း လာရာလမ်းအတိုင်း စခန်းသို့ ပြန်ခဲ့ကြပါတော့သတည်း။
မြင်ကွင်းစုံမဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၂ဝဝ၂
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ