July 31, 2025
Uncategorized

ကျိန်စာမိသောတောကောင်ဟု ဆိုကြသည်

မောင်တမ်းတ
ကျိန်စာမိသောတောကောင်ဟု ဆိုကြသည်

အသက် ( ၁၃ ) နှစ်အရွယ်က အဖြစ်အပျက်ကလေးတခုကို ယခုထက်တိုင် မေ့မရသေး။ ထိုအဖြစ်အပျက်သည် အံ့ဩစရာကောင်းသည်ထက် ထိတ်လန့်တုန်လှုပ် ချောက်ချားဘွယ်ဖြစ်သည်။

xxx xxx xxx

“အမေ ကျွန်တော် ထတော့မယ်”

သည်စကားသည် မနက်အရုဏ်မိုးသောက် ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ၊ တုံးခေါက်သံများကြားရတိုင်း အိပ်ရာမှထယင်း အမေ့ကို တာဝန်ကျေ ပြောမိသောစကားပင် ဖြစ်သည်။ မီးခွက်ကို ထွန်းညှိယူဆောင်လျက် အိမ်အောက်သို့ ဆင်းခဲ့သည်။

“အို့ … အို့ … မိုးမှောင်ရေ … မိုးမှောင်”

မိုးမှောင်သည် အိမ်အောက်သို့ ပြေးဆင်းလာယင်း ကျွန်တော့်ကို ခုန်အုပ်ကာ တအီအီအော်လျက် ရှိသည်။ သူ့အကျင့်တခုမှာ ကျွန်တော်သွားရာနောက်သို့ တကောက်ကောက်လိုက်နေတတ်ခြင်းပင်။

ယခုလည်း ကျွန်တော့်အလုပ်ရှိရာ ဆန်စက်အတွင်းသို့ အမြီးကလေးတနန့်နန့်နှင့် လိုက်ပါခဲ့ချေပြီ။

တံမြက်စည်းကြမ်းကို ဆွဲယူပြီး ဆန်စက်အတွင်းရှိ အမှိုက်များ၊ ဆန်ကွဲ ဖွဲနုများ လှဲကျင်းနေစဉ် မိုးမှောင်သည် ဆန်စက်ဘေးရှိ ကျူတောဘက်သို့ ပြေးလွှား သွားယင်း တဝုတ်ဝုတ်ဟောင်နေသည်။ သည်အတိုင်းဆိုလျှင် ဟင်းကောင်းစားရမှာ သေချာ၏။

တံမြက်စည်းလှဲပြီးသည့်နောက် ကျေနပ်ပြုံး ပြုံးကာ မိုးမှောင်ဟောင်သံကြားရာဘက်သို့ ရေပုံးအစုတ်တလုံးကို ဆွဲလျက် ထွက်ခဲ့သည်။

“ဟေ့ မိုးမှောင် လက်နဲ့မနှိုက်နဲ့”

မိုးမှောင်သည် ကျွန်တော်ပြောသည့်စကားကို နား လည်သလိုလိုနှင့် တွင်းထဲရှိ ကဏန်းကောင်ကလေးများကို လက်ဖြင့်နှိုက်နေရာမှ တွင်းနှုတ်ခမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်ချယင်း တအီအီအော်ကာ စောင့်နေတော့သည်။ တွင်းထဲသို့ ကျွန်တော် သေသေချာချာကြည့်မိသောအခါ လက်မ လက်သန်းခန့်ရှိ မရေမတွက်နိုင်သော ကဏန်းကောင်ငယ်လေးများ တလှုပ်လှုပ် တရွရွနှင့် နှစ်ပေခန့်နက်သော ကျင်းထဲတွင် လှုပ်ရှားနေပေသည်။

ချက်ချင်းပင် ရေပုံးစုတ်နှုတ်ခမ်းကို စောင်းလျက် ကျင်းထဲသို့ထည့်လိုက်ပြီး လက်ဖြင့် ခပ်မြန်မြန် ကဏန်းကောင်ကလေးများကို ကော်ထည့်လိုက်သည်။

အလုပ်ပြီးပြတ်မှ အကောင်ငယ်ကလေးများကို သာ ရွေးချယ်ယူပြီး အကြီးကောင်များကို ရေထဲသို့ ပြန်လည်လွှတ်ပစ်ရန် စဉ်းစားမိသည်။

ကဏန်းကောင် အသေးကလေးများကို ရွေးယူရခြင်းမှာ အကြောင်းရှိပေသည်။ ကဏန်းကောင်ငယ်ကလေးများ၏ ကျောကုန်းခွံများကို ခွာစရာမလိုပဲ ရေဖြင့် ရွှံ့များစင်အောင် သေချာစွာဆေးကြောပြီး နနွင်း၊ ဂျင်း၊ဆီဆား၊ ကြက်သွန်များနှင့် ရောမွှေကာ ငှက်ပျောဖက်ဖြင့် ကျစ်ကျစ်ထုပ်လျက် မီးကျီးခဲများပေါ် အုံထားလျှင် နံနက်စာဟင်းကတော့ သေချာလေပြီ။

ထမင်းစားခါနီး ငှက်ပျောထုပ်ကို ဖြေလိုက်လျှင် မွှေးကြိုင်သော အနံ့က တသင်းသင်းနှင့်။ စားရသည်မှာလည်း ဆိမ့်သောအရသာကို ခံတွင်းတွေ့သွားနိုင်ပေမည်။

အဖေနှင့် အမေကမူ ဘာသာရေး ကိုင်းရှိုင်းသူများပီပီ ကဏန်းကောင်ကလေးများ ထောင်ဖမ်းခြင်းကို နှစ်သက်ပုံမပေါ်။ တခါတရံ ဤသို့နှယ် ဆုံးမခဲ့ဘူးသည်။

“ဖိုးတုတ် … မင်း ကဏန်းကောင်ကလေးတွေ ထောင်ဖမ်းပြီးစားတာ အဖေသိပ်မကြိုက်ဘူး။ တခါ တလေဖမ်းတာဆိုယင် ထားပါအုံးတော့။ ခုဟာက နေ့တိုင်းဖမ်းနေတာပဲ လွန်လွန်းတယ်ကွာ”

“ဟုတ်သားပဲ ဖိုးတုတ်ရဲ့။ နင့်အဘစကား နားထောင်အုံးမှပေါ့။ ငရဲကြီးမှာ နင် မကြောက်ဘူးလား”

ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘာစကားတခွန်းမျှ ပြန်လှန် မပြောနိုင်ခဲ့။ ဆူတာ ဆုံးမတာတော့ ဟုတ်ပါရဲ့။ထမင်းစားစားပွဲပေါ် ကဏန်းအုံးပါလာလျှင်တော့ အဖေရော အမေရော နှစ်ယောက်စလုံး ပလုတ်ပလောင်း စားကြသည်။ ရယ်စရာတော့ အကောင်းသား။

သို့သော် မည်သို့ပင်ဖြစ်စေ သူတို့စကားကို နားထောင်သည့်အနေဖြင့် တလကို နှစ်ခါ သုံးခါ အနည်ဆုံးထား၍ ဂဏန်းကောင်ကလေးများကို ထောင်ဖမ်းနေမြဲ။

ကဏန်းကောင် မလိုချင်သည့်ရက်များတွင် ကျင်းဝကို ခမောက်စုတ်ကလေးတခုဖြင့် ဖုံးထားရသည်။

ကဏန်းကောင်ကလေးများကို ထောင်ဖမ်းရန် နည်းအမျိုးမျိုးရှိသည့်အနက် ကျင်းဖြင့် ထောင်ဖမ်းခြင်းကို ကျွန်တော် အနှစ်သက်ဆုံး ဖြစ်သည်။

ကဏန်းကောင်ကလေးများ နေတတ်သည့် ကျူတောအနီးတဝိုက် ချောင်းကမ်းဘေးများနားတွင် လက်တပိုက် စာခန့် အကျယ်ရှိသော ကျင်းကို အင်ကုတ်ပုံစံများ အတိုင်း ၂ -ပေခန့်နက်အောင် တူးရသည်။ ယင်းကျင်း၏ ဘေးပတ်လည်တွင် ချောမွေ့နေအောင် ရွှံ့စေးများဖြင့် ထပ်မံသုတ်လိမ်းရသည်။

ကဏန်းကောင်ကလေးများ ထောင်ဖမ်းလိုလျှင် ကျင်းထဲသို့ နို့ဆီခွက် သုံးလေးလုံးစာခန့်ရှိမည့် ဖွဲ့နုနှင့် ဆန်ကွဲ အနည်းငယ်ရော၍ ထည့်ထားလိုက်သည်။

ညအချိန်များတွင် ကျူတောတဝိုက် ချောင်းဘေးရှိ ကဏန်းကောင်ငယ်ကလေးများသည် အစာရှာယင်း ဖွဲနုနံ့ရသည်နှင့် ကျင်းထဲရှိ ဆန်ကွဲနှင့် ရောထားသည့် ဖွဲနုများကို အလုအယက် ပြေးဆင်း၍ စားသောက်ကြသည်။ အစားပြီးလျှင် ကျင်းဝအပေါ်သို့ ပြန်တက်နိုင်ရန် ကြိုးစားကြသော်လည်း ကျင်းဝ၏ မျက်နှာပြင်က ချောမွေ့နေသည့်အတွက် ကျင်းဝအပေါ်သို့ မတက်နိုင်တော့ပဲ ယက်ကန်ယက်ကန်နှင့် မိုးလင်းသည်ထိ ကျင်းထဲတွင် ကျန်ရစ်ခဲ့သည်။

အများအားဖြင့် ကျူတောကဏန်းကောင်ကလေးများသည် လက်မထက် မကြီးနိုင်သည့် အမျိုးများဖြစ်၍ ကျင်းတူးခြင်းကို မပြုလုပ်နိုင်ကြပေ။

xxx xxx xxx

သံပုံးစုတ်ထဲရှိ ကဏန်းကောင်များ သေစေရန် ကွမ်းသီးနှစ်လုံးခန့်မျှရှိသော ဆားအနည်းငယ်ကိုယူပြီးဖြူးချလိုက်သည်။ ဆားရည်ကြောင့်ကဏန်းကောင် ကလေးများသည် တကောင်ပေါ် တကောင် တိုးဝှေ့ နင်းတက်နေကြချိန်တွင် သံပုံးစုတ်ကို ဆန်ပြာစဉ် ဆန်ကောဝိုင်း ဝိုင်းသလို ခဏကြာမျှ လှုပ်ယမ်းလိုက်ရာ နောက်ဆုံးတွင် ကဏန်းကောင်များ တကောင်မှ လှုပ်ရှားမှုမရှိတော့။ ရှေ့ ချောင်းတွင်းသို့ ဆင်းသွားပြီး အညစ်အကြေးများ၊ ရွှံ့ဗွက်များစင်အောင် ရေသန့်သန့်ဖြင့် ဆေးကြောပစ်လိုက်သည်။

“ဪ … ဒီကောင်လေး မနက်စောစောစီးစီး ကဏန်းကောင်လေးတွေ သတ်နေပြန်ပြီ။ နင့်အဘနိုးလာလို့ တွေ့သွားယင်တော့လား အဆူခံရတော့မှာပဲ။ အဲဒါ အရေးမကြီးဘူး … ထားလိုက်။ အမေအားမှ ငှက်ပျောဖက်ယူပြီး ထုပ်ပေးမယ်။ ခု လောလောဆယ်ဆယ် ညတုန်းက အမေခိုင်းထားတာ သွားလိုက်”

ကရုဏာဒေါသောနှင့် ပြောနေသော အမေ့အသံက ကျွန်တော့်နောက်ကျောမှ ပေါ်ထွက်လာသည်နှင့် ညတုန်းက ခိုင်းထားသည့်အလုပ်ကို သတိရမိသည်။ သည်အတိုင်းဆိုလျှင် ကျွန်တော်တို့ရွာ အနောက်ဘက်ရှိ ပိန္နဲကုန်းရွာသို့ သွားရပေဦးတော့မည်။ ကမန်းကတန်း အိမ်ပေါ်သို့ ပြေးတက်ကာ လောက်စာနှင့် သားရေခွထည့်ထားသော လွယ်အိတ်ကို ဆွဲယူယင်း ပိန္နဲကုန်းရွာဘက်သို့ ဦးတည်ထွက်ခွာခဲ့သည်။

xxx xxx xxx

ပိန္နဲကုန်းရွာနှင့် ကျွန်တော်တို့ရွာသည် (၂ ) မိုင်ခန့် ကွာဝေးသဖြင့် မြေနီလှည်းလမ်းအတိုင်း အတော်ကလေးကြာအောင် လျှောက်ယူရသည်။ ရွက်ကြွေချိန်ဖြစ်သဖြင့် သစ်ကိုင်းများပေါ်တွင် နားနေကြသော ချိုးစိမ်း၊ ငူ၊ ခါ များသည် ကျွန်တော့်ကို တွေ့လိုက်သည်နှင့် အလန့်တကြား ပျံပြေးကြသည်။

ပိန္နဲကုန်းရွာ ရောက်ခါနီး ဂျီပေါက်စတကောင်သည် ကျွန်တော်ရှေ့ လှည်းလမ်းပေါ်မှ ဖြတ်ပြေးသွားသည်ကို တွေ့ရသည်နှင့် အိမ်တွင်ကျန်ရစ်ခဲ့သော အဖေ့ ဂျပန်ရိုက်ဖယ်ကို သွားသတိရမိသည်။ အကယ်၍ လက်ထဲတွင်သာ သေနတ်ရှိလျှင် ဂျီပေါက်စကို ပစ်ရမှာ သေချာသည်။

သေနတ် နှစ်ခါ သုံးခါ ပစ်ဖူးသည့် ကျွန်တော့်အဖို့ လက်ယားနေမိသည်။

အဖေသည် သူ့သေနတ်ကို ဆီဆွတ်ထားသော အဝတ်စုတ်ဖြင့် ပြောင်လက်နေအောင်တော့ သုတ် ထား၏။ သို့ရာတွင် အမဲသားကောင်ကို ဘယ်တော့ မှ မပစ်။ သူခိုးဓမြ ရန်ကိုသာ ကာကွယ်ရန် လိုင်စင် ဖြင့် ကိုင်ထားသည်ဟု ခဏခဏ ပြောပြဘူးသည်။

အဖေသည် ကျည်ဆန်မရှိတော့သော သေနတ်ကို မဟာမိတ်စစ်တပ်များက ဂျပန်များကို လိုက်လံတိုက်ခိုက်စဉ် ရရှိထားခြင်းဖြစ်သည်။ သေနတ်ရပုံကလွယ်လွန်း၍ ပြောမယုံအောင်ဖြစ်၏။

ဂျပန်စစ်သားတဦးသည် ပြေးယင်းလွှားယင်း ထမင်း ငတ်သဖြင့် ယင်း၏ သေနတ်ကို ကောက်ညှင်းပေါင်း တအိုးနှင့် လဲယူသွားသည်။ ထိုသေနတ်ဖြင့်ပင် အဖေသည် ဂျပန်စစ်သား ( ၁၃) ဦးတိတိကို သတ်ခဲ့ဖူးသည်ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိသည်။

စစ်ပြီးသည့်နောက် ထိုသေနတ်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ရသည်။

“ကြီးဒေါ်မှုံ … ကြီးဒေါ်မှုံ”

ပိန္နဲကုန်းရွာလယ်ခေါင်ရှိ သူကြီးဦးသာဝ အိမ်ရှေ့အရောက်တွင် ကျွန်တော်က အသံကို ခပ်မြင့်မြင့် ထား၍ လှမ်းခေါ်လိုက်သည်။ ကျွန်တော့်အော် ခေါ်သံကြောင့် အိမ်တွင်းမှ ခပ်ဝဝအဒေါ်ကြီးတဦး ထွက်လာယင်း တအံ့တဩ အသံဖြင့်…။

“ဟင် … ဖိုးတုတ်ပါလား။ နင်တယောက်ထဲ လာ တာလား။ နင့်အမေကော”

“ဟင့်အင်း … လိုက်မလာဘူး။ ကျွန်တော်တယောက်ထဲရယ်။ အမေက မှာလိုက်တက်။ ကြီးဒေါ် ဘို့ စပါးကြိတ်ပြီးပြီတဲ့။ ဆန်လာယူတဲ့အခါမှာ ငှက်ပျောခိုင် နှစ်ခိုင်လောက်ခုတ်ပြီး လှည်းပေါ်ထည့်ပေးခဲ့ဖို့ မှာလိုက်တယ်ဗျာ”

ကြီးဒေါ်မှုံမှာ ခေါင်းတညိတ်ညိတ်နှင့် အာမဘန္တေ ဝန်ခံလိုက်ပြီး ကျွန်တော့်ကို ထမင်းပြင်ကျွေးသည်။

ကျွန်တော်လည်း ထမင်းဆာဆာနှင့် စားယင်း အိမ်ရှေ့ လှည်းလမ်းဘက်သို့ လှည့်ကြည့်မိလိုက်စဉ် ဒေါ်မှုံ၏သားကြီး ကိုရင်ဖိုးခက် သွပ်ပြားတချပ်ဆွဲယင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“ကိုရင်ဖိုးခက် ဘယ်သွားမှာတုံးဗျ”

ကျွန်တော်က အိမ်တံစက်မြိတ်အတွင်းသို့ ဝင်ရောက်လာသည့် ကိုရင်ဖိုးခက်အား လှမ်းမေးယင်း စပ်စုမိသည်။

ကျွန်တော့်တို့တောတွင် ကိုယ့်ထက်ကြီးသောသူများကို ကိုရင်ဟု အမည်ရှေ့မှနေ၍ တပ်ခေါ်လေ့ရှိသည်။ ကိုရင်ဖိုးခက်၊ ကိုရင်ဖိုးခင် စသဖြင့် ခေါ်ရသည်။ ကိုဖိုးခက်၊ ကိုဖိုးခင်ဟု ခေါ်လျှင် သိပ်ရိုင်းတဲ့ကောင်လေးဟု အပြောခံရမည်မှာ မလွဲပေ။

“မင်းလိုက်မလား။ လိုက်ချင်ယင် သွပ်ပြားကို မင်းခေါင်းနဲ့ရွက်ခဲ့။ စကားရှည်ပြီး မေးမနေနဲ့”

ထမင်းစားပြီးသည်နှင့် တပြိုင်နက် ကိုရင်ဖိုးခက်က အလျားအနံ ( ၁) တောင့်ထွာမျှစီ ရှည်လျားသည့် သွပ်ပြားပိုင်းတချပ်ကို လှမ်းပေးသည်နှင့် ဆီးယူလိုက်ရသည်။ သူကိုယ်တိုင်မှာမူ ဘီစကွတ်မုန့် သံဖြူပုံး အကြီး တလုံး၏ နှုတ်ခမ်း တဘက်တချက်စီတွင် အပေါက်ငယ်နှစ်ပေါက် ဖောက်လျက် လျှော်ကြိုးဖြင့် ချည်နှောင်ကာ စလွယ်သိုင်းထားလိုက်သည်။

သူ့နောက်ကိုသာ လိုက်သွားချင်သော်လည်း သွပ်ပြားနှင့် သံဖြူပုံး အဘယ်ကြောင့် ယူသွားရမည်ကို မသိရသည်နှင့် စောဒကတက်မိပြန်သည်။

“ဒါတွေ ဘာလုပ်ဖို့ ယူသွားရမှာလဲဗျ။ လေးလိုက်တာလဲ အရမ်းပဲ”

“ဟာ… ဒီကောင်လေး သိပ်အ,တာ။ ခုထက်ထိ ဘာသွားလုပ်မယ်ဆိုတာ မသိသေးဘူးလား။ ခါချဉ်ဥတွေ လိုက်ယူရအောင်လေကွာ”

ကိုဖိုးခက်က တအံ့တသြနှင့် ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်ယင်း ပြောလိုက်မှ ပို၍ စဉ်းစားကျပ် သွားသည်။ ဘယ်လိုလုပ်၍ ခါချဉ်ဥတွေ ယူမည်နည်း။

ကျွန်တော် သိရသလောက် တွေ့ရသလောက်တော့ ခပ်စိပ်စိပ်ရက်ထားသော ခြင်းတောင်းတလုံးရှိလျှင် ခါချဉ်ဥတွေ ယူလို့ဖြစ်၏။

ပိတောက်ပင်၊ အင်ကြင်း ပင်၊ ဂုံးပင်၊ သစ်စေးပင်၊ သန်းပင်များပေါ်တွင် ခါချဉ်များ အုံဖွဲ့၍ နေတတ်သည်။ ခါချဉ်အုံလိုချင်လျှင် ယင်းတို့ သစ်ရွက်များရက်လုပ်၍ အုံဖွဲ့ထားသော သစ်ကိုင်းများကို ဓားမဖြင့် ခုတ်ချရသည်။ မြေပြင်ပေါ်တွင် ရောက်လျှင် ခါချဉ်အုံကိုဖောက်၍ ချင်းတောင်းထဲသို့ ဥများကျအောင် ခါချရသည်။ ပြီးမှ တောင်းနှုတ်ခမ်းများကို နွယ်စိမ်းဖြင့်ချည်လျက် ဝါးစိမ်းတခုနှင့်လျှိုကာ တနေရာမှတနေရာသို့ ထမ်းယူသွားရပေသည်။

ခြင်းတောင်းထဲမှ ခါချဉ်များက နွယ်စိမ်းမှတဆင့် ထမ်းပိုးဝါးစိမ်းတလျှောက်သို့ တက်မလာနိုင်အောင် မြေမှုန့် ( ဖုန်မှုန့်) ဖြင့် ခဏခဏ လူးပေးရသည်။ သို့ မဟုတ်ပါက ခါချဉ်များသည် ခြင်းတောင်း နွယ်ကြိုး မှတဆင့် ထမ်းပိုးပေါ်သို့ တက်လာကာ ခါချဉ်ဖွပ်သူ ၏ လည်ပင်း၊ ဂုတ်ကအစ တကိုယ်လုံးကို လိုက်လံကိုက်ခဲမည်ဖြစ်သည်။ မြေမှုန်များ မကြာခဏ လူးပေးလျှင် နွယ်စိမ်းရော ထမ်းပိုးပါ ချောမွေ့နေသဖြင့် ခါချဉ်ကောင်များ တက်ရောက်ကုတ်တက်လာပါကလည်း ပြန်လည်လိမ့်ကျသွားလေသည်။

ခါချဉ်အကိုက်ခံရလျှင် အကိုက်ခံရသည့် နေရာများတွင် ညိုမဲလာလျက် နှစ်ရက် သုံးရက် အကြာတွင် အရေပြားများ အဖတ်လိုက် အဖတ်လိုက် ကွာတတ် သည်။ တခါတရံ လက်သည်းထိပ်များကို ကိုက်မိလျှင် လက်သည်းများတဝိုက် ညိုမဲလာလျက် တဇစ်ဇစ် နာကျင်ကိုက်ခဲ့သည့် ဝေဒနာကို ခံစားရတတ်သည်။

ယနေ့လည်း ခါချဉ်အကိုက်ခံရဦးမည် ဖြစ်သဖြင့် အတော်ကလေး စိတ်ပျက်နေမိသည်။

ကျွန်တော်တို့ နှစ်ယောက်စလုံး ပိန္နဲကုန်းရွာနှင့် ( ၁ ) မိုင်ခန့်မျှဝေးသည့် အင်းကြင်းတောထဲသို့ ရောက်ရှိသွားသည့်အချိန်တွင် နေ အတော်ကလေး မြင့်နေပြီ။ အင်ကြင်းပင်တပင်တွင် ခါချဉ်အုံ ( ၃) အုံကို တွေ့ရှိ ရသည့်အတွက် ကိုရင်ဖိုးခက်က အမြီးပေါက်သည့် မျောက်ပမာ အင်ကြင်းပင်ပေါ်သို့ တက်သွားသည်။

ခါးကြားတွင် ထိုးထားသော ဓားမကို ဆွဲယူလျက် ခါ ချဉ်အုံများရှိသော သစ်ကိုင်းအားလုံးကို ခုတ်ချသည်။ ခါချဉ်အုံများမှာ ခြောက်သွေ့သော သစ်ရွက်များဖြင့်သာ ပြုလုပ်ထားသောကြောင့် ခါချဉ်ဥ များ အတော်များများ ရှိပေမည်။ သစ်ရွက် စိမ်းနေသေးလျှင် ခါချဉ်အုံများ သိပ်မများသေးကြောင်း ကျွန်တော်သိပြီး ဖြစ်၏။

သို့ရာတွင် သစ်ပင်မတက်တတ်သဖြင့် ကိုရက်ဖိုးခက် တက်နေသည့် သစ်ပင်အောက် ခပ်လှမ်းလှမ်းတနေရာမှ နေ၍ မော်ကြည့်နေရပေသည်။

“ဖိုးတုတ်… ငေးကြည့်မနေနဲ့ကွ။ သွပ်ပြားပူအောင် အရိပ်လုံးဝမရှိတဲ့ နေရောင်ဘက်ကို ဆွဲပြီး လှန်းထားစမ်း”

ကိုရင်ဖိုးခက်က သစ်ပင်ပေါ်မှဆင်းနေယင်း လှမ်းပြောလိုက်သဖြင့် ကျွန်တော်က သွပ်ပြားပိုင်းကို နေ ရောင်ရှိရာဘက်သို့ ထောင်ထားလိုက်သည်။

ကိုရင် ဖိုးခက်သည် မြေပြင်သို့ ရောက်လျှင်ရောက်ချင်း သစ်ကိုင်းသစ်ခက်ငယ်များဖြင့် ရစ်ဖွဲ့နှောင်ပတ်လျက် သစ်ရွက်များဖြင့် အုံဖြစ်အောင် ပြုလုပ် ထားသော ခါချဉ်အုံများကို ဓားဖြင့် လျင်မြန်စွာ ခုတ် ပိုင်းလိုက်ပြီး တအုံစီ သွပ်ပြားရှိရာသို့ ယူလာခဲ့သည်။

နေလှန်းထားသော သွပ်ပြား ကိုင်မရအောင် ပူ လာသည့်အခါ ခါချဉ်အုုံများကို တုတ်တခုဖြင့် နာ နာမွှေထိုးဖောက်ပြီး သွပ်ပြားပေါ်သို့ ခါချသည်။

ပူသော သွပ်ပြားကြောင့် ခါချဉ်ကောင်များသည် တလှုပ်လှုပ် တရွရွနှင့် မြေပြင်ပေါ်သို့ ဆင်းပြေးသည်။ သေသည့်အကောင်များလည်း သေ၏။ နောက်ဆုံးတွင် သွပ်ပြားပေါ်၌ ဖြူဖွေးနေသော ခါချဉ်ဥများ၊ ဖြူနုနေသော ခါချဉ်ကောင်အနုများနှင့် မသေသေးသော ခါချဉ်ကောင် အရင့်များသာ ကျန်ရစ်ခဲ့ပေသည်။

“ကဲ… ဖိုးတုတ်၊ ဒီဘက်သွပ်ပြားအစွန်းကို လာကိုင်စမ်း။ သံဖြူပုန်းထဲ ခါချဉ်အုတွေ သွန်ထည့်ပြီးယင် အဖုံးပိတ်လိုက်ရုံပဲ။ ဒီလိုမှ မလုပ်ယင် ခါချဉ်တွေ ကိုက်တာနဲ့ လမ်းကောင်းကောင်း လျှောက်ပြန်နိုင်မှာ မဟုတ်ဖူးကွ။ ဒီအကြံ မဟန်ဖူးလား…..”

“ကိုရင်ဖိုးခက် တယ်အကြံပိုင်ပါလားဗျ။ ဒီလို လုပ်တော့ ခါချဉ်လဲ သိပ်အကိုက်မခံရဘူး။ ခြင်း တောင်းနဲ့ထမ်းပြီး ယူသွားရသလို ထမ်းပိုးလဲ ခဏ ခဏ မခါရဘူး။ မြေမှုန့်ယူပြီး ခဏခဏလဲ မသုတ်ရ ဘူး။ အေးအေးဆေးဆေး သံဖြူပုံးလွယ်ပြီး ပြန်ရုံပဲ။ သိပ်ကောင်းတဲ့ အကြံဗျာ … တကယ်ပါ”

ကျွန်တော်က အားတက်သရော ထောက်ခံသည်နှင့် ကိုရင်ဖိုးခက်က ကျေနပ်ပြုံး ပြုံးသည်။

ယခုဆိုလျှင် ခါချဉ်ကောင် အနုနှင့် ခါချဉ်ဥမှာ သံဖြူပုံး၏ သုံးပုံနှစ်ပုံခန့် ရပေပြီ။ နောက်ထပ် ဖျက်လျှင်လည်း ထည့်စရာလုံလောက်အောင် ပါမလာသဖြင့် မြေနီလှည်းလမ်းအတိုင်း ပိန္နဲကုန်းရွာဘက်သို့ ထွက်လာခဲ့သည်။

ကျွန်တော် စိတ်ထဲတွင်မူ ဒီနေ့ညတော့ ခါချဉ်ဥတွေ ဘယ်လိုလုပ်စားမလဲဟုသာ တွေးနေမိသည်။

ကျွန်တော်တို့ဒေသတွင် ခါချဉ်ကို ကြော်စားရ၏။ အုံးစားရ၏။ ခါချဉ်ကောင်အနု များများပါလျှင် ထမင်းအနည်းငယ်ရော၍ ကြော်စားမှသာလျှင် အချဉ်ဓာတ် နည်း၏။

ခါချဉ်ကောင်အရင့်များကိုမူ မည်သူမျှ မလိုချင်ကြပေ။ သို့ကြောင့် ခါချဉ်ကောင်အရင့်များနှင့် ရောထွေးနေသည့် ခါချဉ်ဥကို ချင်းတောင်းထဲ၊ သံပုံးများထဲတွင် ထည့်၍ ရေလောင်းထည့်လိုက်ရသည်။ ထိုစဉ် ခါချဉ်ကောင်အရင့်များသည် ပေါ့ပါးသဖြင့် ရေပေါ်သို့ အားလုံး ပေါ်တက်လာသည်။ ခါချဉ်ဥနှင့် ခါချဉ်ကောင်အနုများသာ အောက်ခြေတွင် နစ်မြုပ်ကျန်ရစ်ခဲ့လေသည်။

ရေပေါ်သို့ ပေါ် တက်လာသော ခါချဉ်ကောင်အရင့်များကို လက်ဖြင့်ဆယ်ပစ်လျှင် ရေများကုန်စင်အောင် စစ်ထုတ်လိုက်ရုံသာ ရှိတော့သည်။

xxx xxx xxx

“ဪ… ဒီကောင်လေးနှယ်နော်၊ ဘယ် သွားခိုင်းသွားခိုင်း စိတ်မချရဖူး။ ငါက တစုံတခု ဖြစ်နေပလားဆိုပြီး စိတ်ပူလိုက်ရတာ။ နင့်အဘတောင် နင့်နောက်ကို ရွာသားတွေခေါ်ပြီး လိုက်သွားတော့ မလို့ တကဲကဲဖြစ်နေတာ။ ကျားတွေ သောင်းကျန်း နေရတဲ့အထဲ။ နောက်တခါ ဒီလိုမဖြစ်စေနဲ့”

အိမ်ပြန်ရောက်ရောက်ခြင်း အမေက အိမ်ပေါက်ဝမှနေ၍ ဆီးဆူသလို အဖေ့မျက်နှာကလည်း ညိုမဲ နေ၏။ တဦးတည်းသောသားမို့ အစစအရာရာ အလိုလိုက်ကာ မရိုက်ရက်ခြင်း ဖြစ်နေ၍သာ ကျွန်တော် သက်သာရာ ရတော့သည်။

သည်အကွက်ကို အခွင့်ကောင်းယူ၍ ဆိုးခဲ့မိမှန်း ကိုယ့်ကိုယ်ကို သိနေသဖြင့် နောက်ဆုံးတွင် အိမ်ပြန်နောက်ကျရခြင်း၏ အကြောင်းကို အဖေနှင့် အမေ ကျေနပ်အောင် စုံလင်စွာ ရှင်းပြလိုက်ရသည်။

“အေး… နောက်တခါ မိုးချုပ်အောင် အလည်မလွန်စေနဲ့ပေါ့ကွာ။ တောထဲတောင်ထဲဆိုတာ သွားတိုင်းကောင်းတာ မဟုတ်ဖူး။ ကဲ … ကဲ ထမင်းစားပြီးယင် မိုးမှောင်ကို အိမ်ပေါ်ခေါ်ပြီး ချည်ထားလိုက် … ကြားလား”

“ဟုတ်ကဲ့ အဘ”

ထူးတော့ ထူးသည်။ ဘာကြောင့်များ မိုးမှောင်ကို အိမ်ပေါ်ခေါ်ပြီး ကြိုးဖြင့် ချည်ထားခိုင်းပါလိမ့်။ယခင်ညများတွင် မိုးမှောင်သည် စပါးသိုလှောင်ထားသည့် စပါးကျီများပေါ်တွင် နွေးနွေးထွေးထွေးနှင့် ကွေး၍ အိပ်နေတတ်၏။ ဆန်စက်နား သူစိမ်းကပ်လျှင် ဟောင်တတ်၏။

ယခုညတော့မူ အိမ်ပေါ်တွင် ချည်ထားခြင်းခံရသဖြင့် တအီအီအော်မြည်လျက် ကြိုးဖြည်ပေးရန် တောင်းဆိုနေသည့် အသံများက နားမခံသာအောင် ရှိနေတော့သည်။

“အဘ … ကျွန်တော် အိပ်လို့မရဘူးဗျ။ မိုးမှောင်ကို ကြိုးသွားဖြည်ပေးလိုက်မယ်နော်”

“တောက် ဒီကောင်လေးနှယ် … ဘာမှမသိပါလား။ ညကြီးမင်းကြီး ပြောပြလို့ ကောင်းတာမဟုတ်ဖူး” နားပိတ်ပြီး အိပ်။ အိပ်ချင်လာတဲ့အခါ သူ့ အလိုလို အိပ်ပျော်သွားမှာပေါ့”

ကျွန်တော် ဘာတခွန်းမျှ အထွန့်မတက်ရဲတော့။ စောဒကတက်နေလျှင် ထပ်မံ၍ အငေါက်ခံရဦးမည် ဖြစ်သဖြင့် အိပ်ပျော်အောင် ကြိုးစားကြည့်သည်။ အိပ်မရ။

သို့သော် ညသန်းခေါင် ကျော်လာသောအခါ မိုးမှောင်၏အသံက လုံးဝ တိတ်ဆိတ်သွားသည်။ အော်ရလွန်း၍ မောသွားဟန် တူပေသည်။

ထိုအချိန်မှစ၍ ကျွန်တော့်မျက်လုံးများလည်း တဖြည်းဖြည်း လေးလာသလို သန်းဝေလျက် အိပ်ချင်လာတော့သည်။

“ဖိုးတုတ် … ဖိုးတုတ် ထတော့။ ဘုန်းကြီးကျောင်းက တုံးခေါက်တာ ကြာလှပြီ”

မည်သည့်အချိန်က အိပ်ပျော်သွားသည်မသိ။ အမေ၏ အော်ခေါ်နှိုးသံကြောင့် အိပ်ရာမှ ကပျာ ကရာ ထလိုက်ပြီး မီးခွက်ကိုဆွဲယူယင်း မိုးမှောင်ရှိရာသို့ ခပ်သွက်သွက်ကလေး လျှောက်သွားကာ ကြိုးဖြေပေးလိုက်သည်။

မိုးမှောင်မှာ တညလုံး ချည်ထားခြင်းခံရသည့်အတွက် စိတ်ကောက်နေသည့်အလား မျက်လုံး ပေကလပ် ပေကလပ်နှင့် အမြီးထောင်ကာ မလှုပ်မရှား မှောက်လျက် အိပ်ကောင်းနေဆဲပင်။ ကျွန်တော့်နောက်သို့ လိုက်လာအောင် သူ့နားရွက်ကို ဆွဲ၍ ခေါ်သော်လည်း မရ။ နှာခေါင်း ရှုံ့ချည် ပွချည်နှင့် နေရာဟောင်းတွင်ပင် ဟန်မပျက် ခွေအိပ်နေပြန် သည်။

“မလိုက်ချင်နေ … ငါတယောက်ထဲ သွားတော့မယ်”

ကျွန်တော် မိုးမှောင်ကိုစောင့်၍ မခေါ်နိုင်တော့ပြီ။ အဖေနိုးလာလျှင် ကျွန်တော့်အကြံအစည် ပျက်သွား ရုံတင်မက အဆူပင်ခံရဦးမည်။

အိမ်အောက်ရောက်လျှင် မိုးမှောင် လိုက်လာလေမလားအထင်ဖြင့် အော်ခေါ်သေး၏။ သို့သော် မိုးမှောင် လိုက်မလာပါချေ။

တံမြက်စည်းပင် မလှဲအားတော့ပဲ ကဏန်းကောင် ကလေးများ ထောင်ဖမ်းထားသည့် ကျူတောဘက် သို့ ကမန်းကတန်း ထွက်ခဲ့သည်။

ညတုန်းက တွင်းဝကို ခမောက်စုတ်ဖြင့် ဖုံးအုပ်ထားရန် မေ့နေသဖြင့် ကဏန်းကောင်ကလေးများ တလှုပ်လှုပ် တရွရွနှင့် ကျင်းထဲတွင် ကျန်ရစ်နေပေတော့မည်။

“ဟိုက် … ပွတာပဲ။ မနေ့တုန်းကထက်တောင် များသေးတယ်”

ဝမ်းသာလွန်းသဖြင့် ပါးစပ်မှ လေသံတိုးတိုး ရေ ရွတ်လျက် ကျင်းထဲသို့ ရေပုံးစုတ်နှုတ်ခမ်းကိုစောင်းရွဲ့ထည့်လိုက်ပြီး ကဏန်းကောင်ကလေးများကို လက်ဖြင့် ကော်ထည့်လိုက်သည်။

ထိုအချိန်တွင် အိပ်ရာမှ နိုးလာသည့် အဖေ့ ချောင်းဆိုးသံက အိမ်ပေါ် မှ ပေါ်ထွက်လာသည်ကို ကြားရသည်။ အဖေသည် ကျွန်တော့်အကြံများကို ရိပ်မိထားဟန် တူသည်။ သည်အတိုင်းဆိုလျှင် ဆန်စက်အတွင်းသို့ ဆင်းလာကာ ငေါက်မည်မှာ သေချာ၏။

ကမန်းကတန်း ကဏန်းကောင်ကလေးများ ထည့်ထားသော ရေပုံးစုတ်ကိုကိုယူပြီး စပါးကျီများ တင်ထားသည့် တတောင်ခန့်သာသာမြင့်သော ကွပ်ပျစ်အောက်သို့ ထိုးသွင်းထားလိုက်သည်။

“ဒုံး … ဂွမ်”

ခက်ချေပြီ။ မညီညာသောကြောင့် ကဏန်းကောင်ကလေးများ ထည့်ထားသော ပုံးသည် လဲသွားသဖြင့် ကဏန်းကောင်ကလေးများသည် တတောင်ခန့်သာသာမြင့်သော ကွပ်ပျစ်အောက်ခြေ မြေပြင်အတွင်းသို့ တလှုပ်လှုပ် တရွရွနှင့် ဝင်သွားကြသည်။

မတတ်နိုင်သည့်အဆုံးတွင် ကျွန်တော်လည်း မီးခွက်ကို လက်တဘက်ဖြင့်ကိုင်ကာ ကဏန်းကောင်ကလေးများ ပြန်လည်ဖမ်းယူရရှိနိုင်အောင် ကွပ်ပျစ် အောက်သို့ ခေါင်းငုံ့ကြည့်မိလိုက်သည်။

“ ဟင်….”

ရင်ထိတ်လှုပ်ရှား နှလုံးသွေးများပင် ခဏ ရပ်တန့် သွားသည်ဟု ထင်ရသည်။ ဘာလုပ်ရမှန်းမသိအောင် ကြက်သေသေရာမှ မီးခွက်ကို ကွပ်ပျစ်ပေါ် တွင် တင်ထားပြီး အိမ်ပေါ်သို့ ဒုန်းစိုင်းပြေးတက်သည်။

မပြောမဆို အိမ်ထရံတွင် ချိတ်ထားသော သေနတ်ကို ဆွဲယူ မောင်းတင်လိုက်ပြီး အိမ်အောက်သို့
ဆင်းပြေးခဲ့သည်။

“ဟေ့ကောင်လေး … ဘာကောင်တွေ့လိုလဲ”

အဖေ့အမေးကို ပြန်လည် ဖြေချိန်မရတော့ပါ။ ကွပ်ပြစ်ပေါ်တွင် တင်ထားသော မီးခွက်ကို မြေပြင် ပေါ်တွင်ချထားပီး ချက်ချင်းပင် သေနတ်ဖြင့် ကွပ်ပျစ်အောက်သို့ ထိုးချိန်လိုက်သည်။

တောကောင်မှာ နှုတ်ခမ်းမွေးတလှုပ်လှုပ်နှင့် ကျွန်တော့်မျက်နှာကို စူးစိုက်ကြည့်နေယင်းမှ သူ့ရှေ့လက်များဖြင့် ရှေ့အနည်းငယ်တိုး၍ မြေပြင်ကို ကုတ်ဆွဲလိုက်သည်နှင့် တပြိုင်နက် ကျွန်တော်က လည်း လက်ညှိုးဖြင့် သေနတ်ခလုတ်ကို ညင်သာစွာဆွဲချမိသည်။

“ဒိုင်းကနဲ” မြည်ဟည်းသံက မနက်မိုးသောက် အရုဏ်ဦးကို လှုပ်နိုးလိုက်သည်။

ကျားသည် ကျွန်တော့်ကို ခုန်အုပ်ရန် ကြိုးစားသော်လည်း သူ့အပေါ်တွင် ကွပ်ပျစ်နှင့် စပါးကျီများရှိနေသည့်အတွက် ထွန့်ထွန့်လူး ရုန်းကန်လှုပ်ရှားနေသည်မှလွဲ၍ ဘာမှ မတတ်နိုင်တော့ပါချေ။

ကျား၏ လှုပ်ရှားတွန့်လိမ်မှုကြောင့် စပါးကျီများပေါ်မှ စပါးများပင် ဖိတ်ကျသည့်အသံ ကြားရလေသည်။

“ဟဲ့… ဖိုးတုတ်၊ ဩော် ဒီကောင်လေး … ဘာတွေ့လို့ ပစ်တာလဲ။ ဒုက္ခတော့ ရောက်ကုန်တော့မှာဘဲ”

အဖေ၏ အလန့်တကြားမေးသံက အိမ်ပေါ်မှ ပေါ်ထွက်လာသည်။

“အဘနဲ့ အမေ … အိမ်အောက်ကို ဆင်းမလာကြပါနဲ့ဗျ။ စပါးကျီအောက်မှာ ကျားတကောင် ဒဏ်ရာရပြီး ကုတ်ဖဲနေတယ်”

အဘနှင့် အမေကို ဤသို့ ပြန်လည်အော်ပြော ဖြေ ကြားလိုက်သည့် အချိန်တွင် ကျွန်တော်လည်း ရေမြောင်းငယ်တခုထဲသို့ ရောက်ရှိသွားရုံမျှမက လက်ထဲရှိ သေနတ်မှာလည်း မောင်းတင်ရက်သား ဖြစ်နေလေပြီ။ မီးခွက်ကို ခလုတ်တိုက်မိ၍လားမသိ၊ မီးငြိမ်းသွားသဖြင့် ကျား၏ လှုပ်ရှားမှုသဏ္ဌာန်ကို ကောင်းစွာ မမြင်ရသော်လည်း ကျားရှိမည်ဟု ထင်ရသည့် ကွပ်ပျစ်အောက်သို့ ခန့်မှန်း၍ သေနတ်ဖြင့်တချက် ထပ်မံပစ်လိုက်သည်တွင် ကျား၏ လှုပ်ရှားမှုမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်သွားသည်။

ကျွန်တော့်အထင်မှာ ကျား၏ ဝမ်းဗိုက်ကို ထိလိမ့်မည်ဟု ခန့်မှန်းကြည့်မိ၏။

မိုးသောက်အရုဏ်ဦး သေနတ်သံကြောင့် ရွာသား နှစ်ဆယ် သုံးဆယ်ခန့်မျှ လှံကိုယ်စီ၊ ဓားလွယ်ကိုယ်စီနှင့် ကျွန်တော်တို့အိမ်သို့ စုရုံးရောက်ရှိလာကြသည်။ သူတို့၏ စုတ်သပ်ချီးမွမ်းဝေဖန်သံများကလည်း ပေါ်လာခဲ့သော အခြေအနေ အကျိုးအကြောင်းနှင့် စပ်ဟပ်ခြင်းမရှိပေ။

သူတို့အထဲတွင် အသက် ၆၀- ခန့်မျှရှိသော ဦးဖိုးလှိုင်၏ ဝေဖန်ချက်က ပိုဆိုးသေးတော့သည်။

“သူ့အမေ ကျိန်စာမိတဲ့ကျားထင်ပါရဲ့ဗျာ။ ပြီးတော့ ခင်ဗျားသားနဲ့လဲ ဘဝဝဋ်ကျွေး မကင်းခဲ့လို့ နေမှာပေါ့။ ဟိုဘဝတုန်းကများ ရန်ငြိုးရှိခဲ့ဘူးတာလားမှ မသိဘဲ”

“ဘာမှ မဆိုင်ပါဘူး ကိုဖိုးလှိုင်ရ။ ဒါက ရိုးရာအစွဲ အလမ်းတွေပါ။ အဲဒီ တဖက်သတ် တယူသန်တဲ့ အစွဲ အလမ်းတွေကြောင့် ကျုပ်သား ကံကောင်းလို့မသေ တယ်။

အမှန်ကတော့ မနေ့ညနေခင်းတုန်းက ဆန်စက်တဝိုက်မှာ ခွေးလာချောင်းတဲ့ ကျားရဲ့ခြေရာကို တွေ့ထားပြီးပြီဗျ။ ဒါပေမယ့် ကျုပ်သား အလည်လွန်လို့ အိမ်ပြန်ရောက်တဲ့အချိန်မှာ မိုးချုပ်နေပြီဆိုတော့ ဟိုတုန်းက ကျုပ်တို့မိဘတွေ ဆုံးမတဲ့စကားတွေ သွား သတိရမိတယ်။

ညကြီးမင်းကြီးမှာ ကျားအကြောင်းတို့၊ သင်းချိုင်းအကြောင်းတို့ မပြောကောင်းဘူးဆိုတာလေဗျာ။ မနက်ရောက်တော့လဲ ကျုပ်က ကျုပ်သားကိုပြောဖို့ မေ့သွားတာနဲ့ ကျားနဲ့ ပက်ပင်းတိုးမိတော့တာပါဘဲ”

ဦးဖိုးလှိုင်၏ ဝေဘန်ကောက်ချက်ချမှုများကို အဘ က အမြင်မှန်ရလာသူပီပီ ရှည်ရှည်ဝေးဝေး ရှင်းပြ သည်။ အကယ်၍သာ ညတုန်းက အဘက ကျွန် တော့်အား “ဆန်စက်တဝိုက်မှာ ကျားခြေရာတွေ တွေ့ထားတယ်။ မနက်အစောကြီး မထနဲ့” ဆိုရင် ကျားနှင့် ကျွန်တော် ရင်ဆိုင်တွေ့ကြုံရန် အကြောင်းမရှိ။

တော်ပေသေးသည်။ ပထမတချက် ပစ်လိုက်သော ကျည်ဆံက ခုနစ်တောင်မျှရှည်သော ကျား၏နဖူးကို တည့်တည့်မှန်၍သာ သေဘေးနှင့် ကျွန်တော် ရင်မဆိုင်ရခြင်းဖြစ်သည်။

“ကျားဆိုတာ အမှောင်ထဲမှာ အစာရှာစားတဲ့ အမျိုးဗျ။ ဒါပေမယ် ဒီကျားကအမှောင်ထုကောင်းတုန်း အစာမရှာဘဲနဲ့ အချိန်လင့်လို မနက်မိုးလင်းခါနီးမှ ဝမ်းပူလာတာနဲ့ အစာကို ငမ်းငမ်းတက် စောင့်နေလိုက်တာ မိုးလင်းသွားမှန်းတောင် သတိမရတော့ဘူးနဲ့တူပါတယ်ဗျာ။ ဒါကြောင့်အသေဆိုးနဲ့ သေရတာပေါ့”

ရွာသားတဦး၏ ဝေဖန်ကောက်ချက်ချမှုကြောင့် ကျွန်တော် တမျိုးတွေးမိကာ စဉ်းစားနေမိသည်။

သဘာဝတရားက မိမိအတွက် ကန့်သတ်ပေးထား သော အချိန်အတွင်းတွင် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို တာဝန်ကျေပွန်အောင် မလုပ်ပဲ မိမိ အတွက် အကျိုးယုတ်တော့မည်ကို သိသောအခါမှ ကတိုက်ကရိုက် စိတ်စော၍ အပူတပြင်း ကြိုးစားလုပ်ဆောင်နေခြင်းသည် အမှားနှင့် ရင်ဆိုင်ရပြီး အရှုံးနှင့် စခန်းသိမ်း ကျန်ရစ်တတ်ပေသည် ဟူသော ကောက်ချက် ချမိပါတော့သည်။ ။ ။

(မြဝတီမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၇၈)

– ပြီး –

စာရေးသူ – မောင်တမ်းတ

Leave a Reply

Your email address will not be published. Required fields are marked *