ကျောက်စိမ်းတုံးနှင့် သိုက်ကလာတဲ့ကျွန်မ(စ/ဆုံး)
———————————–
ကလေးဘဝတုန်းက ကျွန်မတို့မောင်နှမအားလုံးကို အမေကိုယ်တိုင် မကြာမကြာ နဖာချေးကလော်ပေးသည်။ ကျွန်မ အသက် ၅နှစ် အရွယ်လောက်က ဖြစ်မည်။ အမေက ကျွန်မနားကို သန့်ရှင်းပေးရင်း ကျွန်မနားထဲတွင် အစိမ်းရောင်အခဲလေး တစ်ခဲကို တွေ့ပါတော့သည်။
” နားထဲကို ဘာဝင်သွားတာလဲ..သမီး ”
ကျွန်မ မဖြေနိုင်ခဲ့။
” အမေ..ကော်ထုတ်ကြည့်မယ်၊ နာရင်ပြောနော် ”
ကျွန်မနားထဲက ထိုအစိမ်းရောင်အခဲလေးကို နှစ်တွေ
တော်တော်ကြာကြာထိ အမေကော်ထုတ်ဖို့ ကြိုးစားခဲ့သည်။
တစ်ခါမှ မအောင်မြင်ခဲ့၊ ကျွန်မက နားလည်းမကိုက်၊ နားလည်း ကြားနေရသည်ဆိုတော့ ထွေထွေထူးထူးနှင့် ဆေးခန်းလည်းသွားမပြပဲ ဒီအတိုင်းပဲ နေလာခဲ့သည်။
အစ်ကိုအစ်မတွေကတော့ ဒါကို ” ကျောက်စိမ်းတုံး ” ဟု
နံမည်တပ်ကြသည်။ အမေ နဖာချေးကလော်ပေးတိုင်း
ကျွန်မနားထဲက ကျောက်စိမ်းတုံးကို တစ်ယောက်တစ်လှည့်စီ ကြည့်ရင်း၊ ကလေးသဘာဝ စိတ်ထင်ရာပြောကာ စကြ နောက်ကြ၊ ကျွန်မမှာလည်း ငိုရနှင့်။
” . နင့်နားထဲက ကျောက်စိမ်းတုံးကို.သိုက်က လာပေးတာ
ထင်တယ် ”
” နင်က ညစ်တီးညစ်ပတ်နဲ့ဆိုတော့ ..ကြွက်သိုက်ကလာ
တာပဲ ဖြစ်မှာပေါ့ …ဟား ဟား ”
ကျွန်မမှာတော့ ထိုကျောက်စိမ်းတုံးဆိုတာကို မြင်လည်း
မမြင်ရ၊ အစ်ကိုအစ်မတွေက ပြောတိုင်း နားထောင်ဖူးသည့် ဥစ္စာသိုက်ဇာတ်လမ်းတွေထဲကလို ငါ့ကို သိုက်က ပြန်လာ
ခေါ်မှာလား တွေးရင်းသာ အလိုလို ကြောက်စိတ်ဝင်နေခဲ့သည်။ အမေကိုယ်တိုင်ကလည်း ထူးထူးဆန်းဆန်းနှင့် သမီးနားထဲကို ရောက်လာသည့် ကျောက်စိမ်းတုံးကို စိတ်ဝင်တစားနှင့် အမြဲကော်ထုတ်ဖို့ ကြိုးစားသည်။
ဒီလိုနှင့် ကြွက်သိုက်ကပဲလာသလိုလို၊ ဥစ္စာသိုက်ကပဲပေးသလိုလိုနှင့် ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ နားထဲမှာ ကျောက်စိမ်းတုံးလေးတစ်တုံးနှင့်ကျွန်မလည်း အသက် ၁၃နှစ်အရွယ်သို့ပင် ရောက်ရှိလာခဲ့တော့သည်။
တစ်ညတော့ ..
” အမေ..သမီးရဲ့ နားအဝမှာ တခုခု တစ်နေတယ်၊
ကြည့်ပေးပါဦး ”
အမေက အိပ်ချင်မူးတူးနှင့်ထထိုင်ကာ ကျွန်မနားကို
ဓါတ်မီးဖြင့် ထိုးကြည့်သည်။
” ဟယ်..ငါ့သမီးနားထဲက ကျောက်စိမ်းတုံး အပြင်ကို
ထွက်လာပြီတော့်..”
အမေက ဝမ်းသားအားရနှင့် သမီးနားထဲက ထွက်လာသည့် အစိမ်းရောင်အခဲလေးကို လက်ဖဝါးပေါ်တင်ကာ ဓါတ်မီးရောင်ဖြင့် ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးနောက် ဇဝေဇဝါ စကားဆိုသည်။
” ကျောက်စိမ်းတော့.. မဟုတ်ဘူးထင်တယ် ”
” သမီးလည်း.. ကြည့်ချင်တယ် အမေ ”
ပထမဆုံးအနေဖြင့် ထိုအစိမ်းလုံးလေးကို မြင်လိုက်ရသည့် အခိုက်အတန့်မှာ ကျွန်မ၏ စိတ်အာရုံက ၅နှစ်သမီးအရွယ်ကို ချက်ခြင်း ပြန်သတိရသွားသည်။ အိမ်ထဲတွင် အစ်ကို အစ်မတွေနှင့် ပြေးလွှားဆော့ကစားနေသော ကျွန်မက လက်ချောင်းတွင်ဝတ်ထားသော ပလပ်စတစ်လက်စွပ်လေး
အလယ်မှ ပြုတ်ထွက်လာသော ကော်ကျောက်စိမ်းလုံးလေး
နှင့် ဆော့ကစားရင်း နားထဲဝင်သွားပုံတို့ကို ရုပ်ရှင်သဖွယ် ပြန်မြင်ယောင်မှတ်မိလာသည်။
” သမီး မှတ်မိပြီ…ဒါ..ကော်လက်စွပ်က ကော်ကျောက်စိမ်းလုံးလေး..”
” ဖြစ်ရမယ်.သမီးရယ်..နားထဲဝင်အောင်တောင် ဆော့ရ
သလား .”
ကျွန်မနားထဲက ကျောက်စိမ်းတုံးလည်း ညတွင်းချင်းပင် တန်ဖိုးပျောက်ကာ ကော်လုံးဘဝ ရောက်သွားတော့သည်။
တွေးထင်ထားသလို ကျောက်စိမ်းတုံးမဟုတ်၍ အမေကတော့ စိတ်ပျက်သွားသည်ထင့်၊ တစ်ချိုးထဲ ပြန်အိပ်တော့သည်။
အစ်မကတော့ နောက်ဆုံးအချိန်ထိ ကျွန်မကို စဖြစ်အောင်
စသွားသေးသည်။
” သိုက်နန်းရှင်တွေ စိတ်ဆိုးသွားလို့ ကျောက်စိမ်းတုံးက
ကော်လုံးဖြစ်သွားတာ နေမှာပေါ့..ဟား..ဟား ”
မှတ်ညာဏ်အချို့နှင့်အတူ ကျွန်မနားထဲတွင် အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့သော ကော်လုံးလေးကို လက်မှာ ဆုပ်ကိုင်ရင်း အကြောင်းအရာအချို့ကို နှစ်အတော်ကြာ မေ့ပျောက်နေတာမျိုးကို အတိတ်မေ့တယ်ခေါ်သလား တွေးနေမိသည်။
တစ်ခါက ဖတ်ဖူးသော ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ သုမောင်၏ သူ့ဘဝအကြောင်းရေးထားသော မဂ္ဂဇင်း
ဝတ္တုတိုထဲတွင်..
သူစာမူပို့ရန် မြို့ထဲသွားမယ်ပြင်တော့ သမီးက ဖိနပ်ဝယ်ခဲ့ဖို့ လှမ်းမှာသည်တဲ့၊
” သမီး ဖိနပ်ပြတ်နေပြီ၊ ဖိနပ်အသစ် ဝယ်ခဲ့ပေးပါ ဖေဖေ ”
” အေး..ဖေဖေ ဝယ်လာခဲ့မယ်နော် ..သမီး ”
တစ်ရက် သူ စာမူခထုတ်ပြီး အိမ်အပြန်လမ်းမှာ သမီးက ဖိနပ်အသစ်ဝယ်ခဲ့ဖို့ မှာလိုက်သည်ကို ရုတ်တရက် ပြန်သတိ
ရမိတော့ နှစ်တွေအတော်ကြာလို့ သမီးတောင် အရွယ်ရောက်နေခဲ့ပြီတဲ့ ။
စုမင်းမင်းလတ်