September 15, 2025
Uncategorized

ကျွန်တော်တို့ ကျားကြီးပစ်ခဲ့ကြစဉ်က

ကိုကိုကြီး(ကသာ)
ကျွန်တော်တို့ ကျားကြီးပစ်ခဲ့ကြစဉ်က

ကင်းမဲတီးရွာ။ ရန်ကုန်-ပြည် မီးရထားလမ်းပေါ်ရှိ ဥက္ကံဘူတာ မရောက်မီ ဖလုံဘူတာ၏ အရှေ့ဘက် ၆ မိုင်ခန့်တွင်ရှိသော ပဲခူးရိုးမတောင်ခြေ၏ သစ်တိုက် ကားလမ်းဘေးတွင် ကင်းမတီး ၃ ရွာရှိသည်။

အောက် ကင်းမတီး၊ အလယ် ကင်းမတီး၊ အထက် ကင်းမတီးဟူ၍ ကင်းမတီး ၃ ရွာရှိသည့်အနက် ကျွန်တော်တို့တပ်စုသည် နယ်မြေလုံခြုံရေးအတွက် အလယ်ကင်းမတီးရွာထိပ်တွင် တပ်စည်းရိုးကာ၍ ဘန်ကာများ တည်ဆောက်ကြပြီး စခန်းထိုင်နေကြစဉ်က ဖြစ်ပါသည်။

ထုံးစံအတိုင်း အနည်းငယ် အနေကြာလာသောအခါ ရွာသားများနှင့် ကျွန်တော်တို့ ရဲဘော်များမှာ ခင်မင် ရင်းနှီးသွားကြပြီး ပြောမနာ ဆိုမနာ ငယ်သူငယ်ချင်း ညီရင်းအစ်ကိုများပမာ ဖြစ်သွားကြပါတော့သည်။

တစ်နေ့တွင် ရွာထဲမှ ရွာသားတစ်ယောက် သစ် ခုတ်ရာမှအပြန် ရွာထဲသို့ မဝင်သေးဘဲ ကျွန်တော်တို့ တပ်စခန်းတွင်းသို့ ဝင်လာပြီး –

“ဆရာကြီး တောဝက်ကြီးတစ်ကောင် ဖုန်းဆိုးထဲကို ကျွန်တော့်မျက်စိရှေ့တွင် ဝင်သွားတယ်”

ဟု လာရောက်သတင်းပေးပါသည်။

ထိုစဉ် ကျွန်တော်နှင့်အတူ ရွာခံမုဆိုး ကိုတင်ရွှေ လည်း အနားတွင်ရှိနေသဖြင့် ကိုတင်ရွှေက-

“ဆရာကြီး ဒါဆိုရင် သွားမောင်းထုတ်လိုက်ကြစို့။ ဒီကောင်ကြီး ဘယ်မှ သွားတော့မှာမဟုတ်ဘူး။ ဒီအချိန်လောက်ဆိုရင် အဲဒီဖုန်းဆိုးထဲမှာပဲ အိပ်တော့ မှာ သေချာတယ်”

ဟု မုဆိုးဘာဝ ၎င်းထင်မြင်ချက်အား ပြော၍ သွားရောက်တောမောင်းကြရန် တိုက်တွန်းနေသည်က တစ်ကြောင်း၊ ကျွန်တော်တို့ ရဲဘော်များအနေဖြင့် လည်း အသားဟင်း မစားကြရသည်မှာ ကြာပြီဖြစ် သည်က တစ်ကြောင်း၊ ကျွန်တော်ကိုယ်တိုင်ကလည်း တောပစ်ခြင်းကို အလွန်ဝါသနာကြီးသူ ဖြစ်သဖြင့် မဆိုင်းမတွပင် တောမောင်းကြရန် စီစဉ်လိုက်ပါသည်။

ဤနေရာတွင် တစ်ခု တင်ပြရန် ရှိပါသည်။ ကျွန် တော်တို့တပ်စုတွင် တောပစ်မုဆိုးကျော်ကြီးများ အလွန်များနေခြင်းပင် ဖြစ်ပါသည်။

တကယ်တော့ ပါးစပ်မုဆိုးများသာဖြစ်ပြီး တကယ်တမ်း ဟုတ်ဟုတ် ဟတ်ဟတ် ပစ်ဖူးပုံရသည်မှာ နှစ်ယောက် သုံးယောက်ခန့်သာ ရှိပါသည်။

၎င်းတို့အထဲတွင် တပ်သားစိုးမြင့် ဆိုသူ လူငယ်ရဲဘော်တစ်ဦးမှာ အပြောအကြီးဆုံးဖြစ်ပြီး ၎င်းမပစ်ဖူးသည့်တောကောင် မရှိသလောက် အပြောသန်လှသူဖြစ်၍ ကျန်ရဲဘော်များက တပ်သားစိုးမြင့်အား လုဒ္ဒက ဘွဲ့ပေး၍ လုဒ္ဒက စိုးမြင့် ဟူ၍ပင် ခေါ်စမှတ်ပြုခံရသူ ဖြစ်ပါသည်။

“ကဲ-လူစုံရင် သွားကြစို့”

ရွာခံမုဆိုးတင်ရွှေ၏ ဆော်ဩချက်အရ ကျွန်တော် တို့ အဖွဲ့သည် တောဝက်ဝင်သွားသည်ဆိုသည့် ဖုန်း ဆိုးဘက်သို့သွားကြရာ ၎င်းနေရာအရောက်တွင် ရွာခံမုဆိုးတင်ရွှေက တာဝန်အသီးသီး ခွဲဝေပါသည်။

တပ်သား လုဒ္ဒက စိုးမြင့်၊ တပ်သား ထွန်းရွှေ၊ ကျွန်တော်နှင့် မုဆိုးတင်ရွှေတို့က ငန်းဆီးကြမည်ဖြစ်ပြီး တင်ရွှေ၏ညီ တင်ငွေ ဦးဆောင်သည့် အခြား ရဲဘော်များနှင့် ရွာသားအချို့က တောမောင်းကြရန် ဖြစ်ပါသည်။

မုဆိုးတင်ရွှေ ဦးဆောင်၍ ကျွန်တော်တို့ ငန်းဆီး မည့်အဖွဲ့အား နေရာချထားပေးရာတွင် ပထမနေရာ တွင် တပ်သားထွန်းရွှေ၊ ဒုတိယနေရာတွင် ကျွန်တော် ဖြစ်ပြီး တတိယနေရာတွင် တပ်သား စိုးမြင့်အား နေရာချထားပေးပြီး နောက်ဆုံး စတုတ္ထနေရာတွင်မူ မုဆိုးတင်ရွှေက နေရာယူပြီးကြသောအခါ မိမိနေရာ အလိုက် သင့်လျော်သည့် အကွယ်အကာများယူပြီး ငြိမ်စောင့်နေကြစဉ်၊ မကြာမီမှာပင် တောမောင်း သည့်အဖွဲ့မှ တောခြောက်သံများ ကြားရသဖြင့် ကျွန် တော်တို့လည်း တောကောင်ထွက်လာနိူင်သည့် နေရာ များဆီသို့ သေနတ်များအား အသင့်အနေအထား ဖြင့် ကိုင်ဆောင်လျက် အာရုံစိုက်ကာ စောင့်နေကြ စဉ်-

ကျွန်တော်၏နောက် ဘယ်ဘက်ခပ်စောင်းစောင်းမှ အင်မတန်သေးငယ်သည့် သစ်ကိုင်းခြောက်လေးတစ်ခု ကျိုးသည့်အသံလိုလို ကြားလိုက်သည့်အတွက် ကျွန်တော် လှည့်ကြည့်လိုက်သည့်အခါ-

“အာပါးပါး…. နည်းတဲ့အကောင်ကြီး မဟုတ်ပါလား”

ကျွန်တော်ပင် ခေါင်းနားပန်းကြီးသွားရပါသည်။ ဧရာမ ကျားကြီးတစ်ကောင်ခင်ဗျာ့။ တောခြောက်သူ များဘက်မှ မဟုတ်ဘဲ ကျွန်တော်တို့၏ နောက်ကျောဘက်မှ တစ်လှမ်းချင်း တပ်သားစိုးမြင့် ရှိရာသို့ တည့်တည့်ကြီး သွားနေခြင်း ဖြစ်ပါသည်။

စိုးမြင့်ထံသို့ အသံပြု၍ အသိပေးရန်မှာလည်း ဘယ်နည်းနှင့်မျှ မဖြစ်နိူင်တော့။ ထိုသို့ အသံပြုလိုက်ပါလျှင် နဂိုက ကျွန်တော့်ကို မမြင်သေးသည့် ကျားကြီးအား “ငါ ဒီမှာရှိတယ်” ဟု ပြောလိုက်သလိုသာ ရှိတော့မည်။

အသိမပေးနိူင်လျှင်လည်း နောက်ဘက်မှ လာနေသော ကျားကြီးအား စိုးမြင့် ဘယ်နည်းနှင့်မျှ မြင်နိူင်မည်မဟုတ်၍ စိုးမြင့် ကျားကိုက်ခံရတော့မည်။

သို့ဖြစ်၍ နောက်ဆုံး ကျွန်တော်ကပင် လှမ်းပစ်လိုက် ရန် ဆုံးဖြတ်လိုက်ပြီး ကျားကြီး၏ လက်နောက်နားသို့ သေသေချာချာချိန်ပြီး ရိုင်ဖယ်သေနတ်မောင်းအား ဖြုတ်ချလိုက်ရာ

“ဒိုင်း….”

“ဝေါင်း … ဘုတ်””

ကျားကြီးမှာ သေနတ်မှန်လိုက်သည်နှင့် တစ်ပြိုင် နက် ဝေါင်းခနဲ တစ်ချက် ဟိန်းလိုက်ပြီး ရှေ့သို့ တစ်အားခုန်လိုက်ရာမှ တပ်သား စိုးမြင့် ရှိနေသည့် ကြခတ်ဝါးရုံအား ကျော်၍ တပ်သားစိုးမြင့်၏ရှေ့ တစ်လံကွာလောက်တွင် မြေကြီးပေါ်သို့ ဆန်အိတ် ကြီးတစ်အိတ် အမြင့်မှ ပစ်ချလိုက်သလို ဘုတ်ခနဲ မြည်ကာ ကျသွားခြင်းဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် တပ်သား စိုးမြင့်ဘက်မှ သေ နတ်သံများ ဆက်တိုက်ပေါ်ထွက်လာခဲ့ပါတော့သည်။

“ဒိုင်း… ဒိုင်း… ဒိုင်း… ဒိုင်း… ဒိုင်း… ချောက်”

တောပစ်ရာတွင် စည်းကမ်းချက်များ အများအပြားရှိပါသည်။ ယခုကဲ့သို့ ငန်းဆီး၍ တောမောင်းခြင်းကိစ္စ မပြီးမချင်း ငန်းဆီးသူများသည် မိမိနေရာမှ တခြားနေရာသို့ ပြောင်းရွှေ့ခြင်း မလုပ်ရပါ။ မတော် တဆမှုများ ဖြစ်တတ်ပါသည်။

သို့ဖြစ်၍ ကျွန်တော်တို့လည်း တပ်သားစိုးမြင့်ထံသို့ ဖြုန်းခနဲ မသွားကြသေးဘဲ အခြေအနေကို စောင့် ကြည့် အကဲခတ်နေပြီးမှ နောက်ဆုံး တပ်သားစိုးမြင့် ထံမှ ကျည်ဆန်မပါဘဲ မောင်းဖြုတ်ချသည့် “ချောက်” ခနဲအသံ ကြားလိုက်ရသောကြောင့် သေနတ်ထဲတွင် ထည့်ထားသည့် ကျည်ငါးတောင့်မှာ ကုန်ပြီဖြစ် ကြောင်း သိရသဖြင့် ၎င်းရှိရာသို့ လျှောက်သွားကာ

“ဘယ်လိုလဲ တပည့်ကြီးရဲ့ ပစ်လှချည့်လား။ ပြီးပြီလား … ကျားကြီးသေပြီလား”

ဟု မေးရင်း ကျွန်တော် သူ့အနားသို့ ကပ်သွားရာတွင် တပ်သားစိုးမြင့်မှာ ပြူးကြောင်ကြောင်နှင့် ကတုန် ကယင်ဖြစ်ပြီး အထစ်ထစ် အငေါ့ငေါ့ ကျွန်တော် အား ပြန်ပြောသည့်စကားများမှာ ဗလုံးဗထွေးနှင့် စကားအဓိပ္ပာယ် မပါသော အသံများသာ ဖြစ်နေသည်ကို ကြည့်ခြင်းအားဖြင့် ကျွန်တော်သိလိုက်ပါပြီ။ သားကောင် မပစ်ဖူးသေးသူများ ပထမဆုံးအကြိမ် အကောင်ဆိုးများနှင့် တွေ့သည့်အခါ ဖြစ်လေ့ဖြစ်ထရှိသောသဘော ဖြစ်ပါသည်။

ထိုသို့ရှိနေစဉ်အတွင်း တောခြောက်သူများလည်း နီးကပ်လာကြပြီဖြစ်၍ ကျွန်တော်က

“တော်ကြတော့ဟေ့ … လာကြတော့”

ဟု လှမ်းပြောလိုက်ရာ တပ်သား အေးကြည်၊ တပ်သားတုတ်လှ၊ တပ်သားမျိုးကြည်နှင့် တောမောင်းသည့် ရွာသားများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြရာ ရှေ့ဆုံးမှ ရောက်လာသည့် တပ်သား အေးကြည်က-

“ဟာ…. နည်းတဲ့ကောင်ကြီးမဟုတ်ပါလား။ ပွပြီဟေ့ … ဟင်းစားတင် မကဘူး၊ အရိုးနဲ့ သားရေ ရောင်းရင်တောင် တပ်စုရန်ပုံငွေ အများကြီးရနိူင်တယ်”

ဟု ဆိုကာ ငြိမ်သက်နေပြီဖြစ်သာ ကျားသေကြီးအား ဟိုကိုင် သည်စမ်းနှင့် ထိမှန်ချက်များလိုက်ကြည့်ရင်းမှ

“ဟင် … မှန်တာက တစ်ချက်တည်းပါလား”

ဆိုပြီး ဘယ်လိုဘယ်ပုံ ပစ်ရကြောင်း မေးသဖြင့် ကျွန်တော်က အစအဆုံး ပြောပြလိုက်ရာ တပ်သား အေးကြည်က

“နို့ နေပါဦး စိုးမြင့်၊ မင်းပစ်တဲ့ ကျည်ဆန်တွေက ဘယ်မှာ မှန်တာတုံး”

ဟု ပြောပြီး ကျည်ဆန်ဒဏ်ရာများ လိုက်ရှာကြရာတွင် ကျားကြီးလဲနေသည့် နှုတ်သီးဖျားနား မြေကြီးပေါ်တွင် တစ်ချက်၊ ကျောဘက် မြေကြီးပေါ်တွင်တစ်ချက်၊ ကျားကြီး၏ဗိုက်နား ကပ်လျက် မြေကြီးပေါ်တွင် နှစ်ချက်နှင့် ကျားကြီး၏ ညာဘက်ခြေထောက်နားကပ်လျက် မြေကြီးပေါ်တွင် တစ်ချက် တွေ့ရှိကြပါသည်။

တပ်သားအေးကြည်သည် ကျားကြီး၏ ညာဘက် ခြေထောက်အား လက်ဖြင့် ကိုင်မ,ကြည့်ရှုရင်းမှ

“ဒီမှာဟေ့ … တွေ့ပြီ၊ ဒါ စိုးမြင့်ပစ်ချက်ပဲ။ ကျားကြီး ဒီမှန်ချက်နဲ့ သေတာဖြစ်မယ်”

ဟု ဆိုကာ ကျားကြီး၏ ခြေသည်းတစ်ချောင်း ကျွတ်နေပြီး သွေးစအနည်းငယ် စိုနေသည်ကိုပြ၍–

“အံ့ပါ့ စိုးမြင့်ရယ်၊ ကိုးတောင်လောက်ရှိတဲ့ကျားကြီး ကိုယ့်ရှေ့ တစ်လံကွာလောက်မှာ တုံးလုံးကြီး အိပ်ပြီး အပစ်ခံတာကိုမှ ငါးချက်စလုံး လွဲအောင် ပစ်တယ်ဆိုတော့… ကဲ ဒီနေ့ကစပြီး မင်းကို တပ်စုကပေးထားတဲ့ လုဒ္ဒကဘွဲ့ ပြန်ရုပ်သိမ်းစေဗျား”

ဟု ဟားလိုက်သဖြင့် အဖွဲ့သားများအားလုံး ပွဲကျသွားပါတော့သည်။

ဇာတ်လမ်းက သည်မှာတွင် မဆုံးသေးဘူးခင်ဗျာ့။

“ကဲ သွားကြစို့ … လုပ်ကြကိုင်ကြဖို့ ရှိသေးတယ်”

ဟုပြောပြီး ကျားကြီးအား ထမ်းပိုးဖြင့် လူ ၄ယောက် ရှေ့နောက် နှစ်ယောက်စီ ထမ်းကြသည်ပင် မနည်း ထမ်းယူကြရပါသည်။

စခန်းသို့ ရောက်သည့်အခါ စခန်းတွင် ကျန်ရစ်သူ ရဲဘော်များနှင့် ရွာထဲမှ အလည်ရောက်နေကြသူများပါ ဝိုင်းအုံပြီး ကျားကြီး၏ ခြေသည်း လက်သည်း ချွတ်သူချွတ်၊ အစွယ် ရိုက်ချိုးယူသူ ယူနှင့် မိမိတို့ ကြားဖူးနားဝရှိသလို အသုံးတည့်မည့် ကျားကြီး၏ အစိတ်အပိုင်းများ ဖြုတ်ယူကြပြီး သားရေခွာသူ ခွာ၊ သားရေ နေလှမ်းသူ လှမ်း၊ အသားများခုတ်၍ ညစာချက်သူချက်နှင့် အလုပ်ရှုပ်ရင်းဖြင့် ၎င်းနေ့ ကုန်လွန်ခဲ့ကြပြီးနောက် နောက်တစ်နေ့။

ယင်း နောက်တစ်နေ့၏ ဇာတ်လမ်းတွင် အဓိက ဇာတ်ဆောင်ဖြစ်သူကတော့ ဒုတိယတပ်ကြပ် ဆရာ တင်အေး ခင်ဗျာ့။

ဆရာတင်အေးမှာ အသက် ၃ဝကျော်ခန့် ပတ်ဝန်း ကျင်ရှိ လူပျိုကြီး ဖြစ်ပါသည်။ ဆရာတင်အေးသည် ရခိုင်အမျိုးသားဖြစ်ပြီး အလွန်အေးသူ၊ သဘော ကောင်းသူ ဖြစ်သည့်အပြင် စကားပြောရာတွင်လည်း တစ်ဘက်သား နှစ်လိုဖွယ်ရာ သာတောင့်သာယာ ပြောတတ်သူ ဖြစ်ပါသည်။

လူရိုးလူအေး ဖြစ်သည့်အတိုင်း ဝေးဝေးလံလံလည်း လည်ပတ်သွားလာခြင်း မရှိ။

သို့သော် နေ့လယ်နေ့ခင်း အားလပ်သည့် အချိန်များတွင် ကျွန်တော်တို့ တပ်စည်းရိုးနှင့် ကပ်လျက်ရှိ သည့် ဦးလှအော်၏အိမ်သို့ အလည်သွားသည်ကတော့ ဆရာတင်အေး၏ နေ့စဉ်ဝတ္တရားသဖွယ် ဖြစ်ပါလည်။

ဦးလှအောင် ဒေါ်သိန်းတင်တို့တွင်လည်း တစ်ဦး တည်းသော အသက် ၂ဝခန့် သမီးချောကလေး မြမေ ရှိနေသည်ကိုး။

ကျွန်တော်တို့တပ်စုမှ ရဲဘော်များကလည်း အလိုက်သိစွာပင် မည်သူမှ ၎င်းအိမ်ကို သွားရောက်လ ည်ပတ်ခြင်း မပြုကြပါ။

ထိုနေ့ နေ့လယ်ပိုင်းတွင် ထုံးစံအတိုင်း နံနက်စာ စားသောက်ပြီး ၁၀ နာရီကျော်ကျော်ခန့်တွင် ဆရာ တင်အေးတစ်ယောက် ဦးလှအောင်၏ အိမ်ဘက်သို့ ငိုက်စိုက်ငိုက်စိုက်နှင့် ထွက်သွားပြီး မကြာမီပင် ဦးလှအောင်တို့ အိမ်ဘက်ဆီမှ ဆူဆူညံညံနှင့် လူများ လှုပ်လှုပ် ရွရွ ဖြစ်နေကြသဖြင့်

“ဆရာကြီး ဟိုမှာ ဦးလှအောင်တို့အိမ် ဘာဖြစ်နေသလဲမသိဘူး”

ဟု ရဲဘော်စိုးမြင့်က ပြော၍ လှမ်းကြည့်လိုက်ရာ ဦးလှအောင်တို့ တစ်အိမ်သားလုံး ပျာယာခတ်နေသည်ကို တွေ့ကြရသောကြောင့် ကျွန်တော်နှင့် အနားရှိ ရဲဘော် ၄-၅ယောက် ဦးလှအောင်၏ အိမ်ဘက်သို့ အပြေးအလွှား ရောက်သွားကြပါသည်။

“ဆရာတင်အေးကို ခွေးကိုက်လို့ ဆရာကြီး”

ဟု ဒေါ်သိန်းတင်က ဆီးပြောရင်း လက်ထဲမှ ဆန်စေ့ များကို ပါးစပ်ထဲ ထည့်၍ ဝါးနေပါသည်။

(တောရပ်ဒေသများတွင် ခွေးကိုက်ခံရလျှင် ခွေးရှင်က မိမိအိမ်မှ ဆန်ကို ပါးစပ်ဖြင့်ဝါး၍ ခွေးကိုက်ခံရသည့်ဒဏ်ရာကို သိပ်ပေးပြီး ရှိလျှင်ငွေဒင်္ဂါးပြားဖြင့် ဖိပေးက အနာမရင်း ခွေးရူးမပြန်ဟု ယုံကြည်ကြပါသည်။)

“မရသေးဘူးလား … ဟဲ့ သိန်းတင် မြန်မြန်လုပ်”

ဦးလှအောင်က ဒေါ်သိန်းတင်အား လှမ်းပြောလိုက်ရာ

“ရပါပြီ … မှန်း”

ဟု ဆိုကာ ပါးစပ်ထဲမှ ဝါးထားသော ဆန်များအား ခွေးကိုက်ခံရသည့် ဆရာတင်အေး ခြေသလုံးရှိ ဒဏ်ရာတွင် သိပ်၍ လက်ဖြင့် ဖိပေးရင်းမှ

“ကဲ- ပတ်တီး … ပတ်တီး”

ဟု ပါးစပ်ကလည်း ပြောရင်း ဦးလှအောင်လက်ထဲမှ ပုဆိုးစကို ဆွဲယူ၍ ပတ်တီးစည်းပေးနေပါသည်။

“ဘယ့်နှယ်ဗျာ … ဆရာတင်အေး ဒီအိမ်လာတာလဲ ရက်ပေါင်း မရေမတွက်နိူင်တော့ပါဘူး။ နေ့တိုင်းလဲ သူ့အပေါ်က ခွကျော်တက်လာခဲ့တာချည်းပဲ။ တခြား လဲ ဘယ်သူ့ကိုမှ တစ်ခါမှ မကိုက်ဖူးတဲ့ခွေးက ဒီနေ့မှ ထူးထူးခြားခြား ဆရာတင်အေးကို ဘယ်လိုက ဘယ်လိုကြောင့် ကိုက်လိုက်မှန်း မသိပါဘူးဗျာ။ ရူးပုံလဲ မရပါဘူး”

ဟု ဦးလှအောင်က စိတ်မကောင်းစွာ ပြောပြနေစဉ်

ဆရာတင်အေးသည် လက်ညှိုးနှင့်လက်မ ညှပ်ကိုင်ထားသော အမွေးနှစ်ပင်အား အိမ်အပြင် တံစက်မြိက် ဘက်သို့လှည့်၍ တံတွေးဖြင့် ထွီခနဲ ထွေးထုတ်လိုက်ပါသည်။

ကျွန်တော် ထင်လိုက်မိပါသည်။ ဒေသအလိုက် အယူအဆအမျိုးမျိုး ရှိတတ်ကြသဖြင့် ဆရာတင်အေး တို့ ရခိုင်တွင် ခွေးကိုက်ခံရလျှင် မိမိခေါင်းမှ ဆံပင် နူတ်၍ ယခုကဲ့သို့ တံတွေးဖြင့် ထွေးထုတ်ရသည့် အယူအဆများ ဖြစ်မည်လားဟု တွေးထင်မိနေစဉ်မှာပင် ရဲဘော်စိုးမြင့်က-

“အဲဒါက ဘာအတွက်လုပ်တာလဲဆရာ၊ တန်ပြန် တာလား”

ဟု ဆရာတင်အေးအား မေးလိုက်ပါသည်။

“ဘယ်ကလာ တန်ပြန်ရမှာလဲကွာ။ ကျားနှုတ်ခမ်း မွေးဆောင်ထားရင် ဘယ်လောက်ဆိုးတဲ့ခွေးဖြစ်ဖြစ် မကိုက်ဘူးဆိုလို့ မနေ့က မင်းပစ်ခဲ့တဲ့ နှုတ်ခမ်းမွေး နှစ်ပင်နူတ်ပြီး ဆောင်ထားခဲ့မိကာမှ ဘယ်တုန်းကမှ မကိုက်တဲ့ခွေး အကိုက်ခံရပါပေါ့လား မောင်စိုးမြင့်ရ”

ဟု စပ်ဖြီးဖြီးဖြင့် ပြန်ပြောလိုက်ရာ စိတ်မကောင်းဖြစ်နေကြသော ဦးလှအောင်မိသားစုရော ကျွန်တော်တို့ အားလုံး ငိုအားထက် ရယ်အားသန်ခဲ့ကြရပါတော့ သည် ခင်ဗျား။ ။

စစ်ပြန်မဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၉၁

– ပြီး –

စာရေးသူ – ကိုကိုကြီး(ကသာ)

Leave a Reply

Your email address will not be published. Required fields are marked *