July 31, 2025
Uncategorized

ကျွန်ုပ်နှင့် ကျားသုံးကောင်

လွင်ဦး (ကွမ်းခြံကုန်း)
ကျွန်ုပ်နှင့် ကျားသုံးကောင်

ကျားဟူသောသတ္တဝါကား တောတွင်းသတ္တဝါအပေါင်းကို ဗိုလ်ကျစိုးမိုးလျက်ရှိသော တောဘုရင်ပင်ဖြစ်သည်။ တောတွင်းရှိ အသေးဆုံးယုန်သတ္တဝါမှသည် ဆင်ကြီးများအထိ ဗိုလ်မထားစတမ်း ကိုက်သတ်ကာ ပွဲတော်တည်ခဲ့ကြသည်။

ကျား၏ မွေးရာပါလက်နက်များဖြစ်သော အစွယ်များ၊ ခြေသည်းလက်သည်းများနှင့် သန်မာသောခွန်အား၊ စဉ်းလဲပါးနပ်သောအသိဉာဏ်၊ စွန့်စားတိုက်ခိုက်ရဲသော ရဲစွမ်းသတ္တိတို့ကို ပေါင်းစပ်လိုက်ပါက ကျားသည် တောတွင်း၌ ကြောက်စရာအကောင်းဆုံးသတ္တဝါ ဖြစ်၍လာလေသည်။

ကျားနှင့်လူသားတို့ကား ကမ္ဘာဦးအစကတည်းကပင် ရန်သူဖြစ်၍ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပေသည်။ ဤသို့ တိုက်ခိုက်ရာတွင် ကမ္ဘာဦးကျောက်ခေတ်လူသားတို့၌ ကျောက်လက်နက်မှအပ အခြားအားကိုးအားထားစရာ လက်နက်ကိရိယာ မရှိပေရာ ကျားကို လက်မြှောက်အရှုံးပေးရမြဲဖြစ်သည်။

သို့ဖြင့် နှစ်ကာလများကြာညောင်း၍ ခေတ်ကာလတို့ ပြောင်းခဲ့ကြလေသည်။

လူသည် ကျားလောက်မသန်စွမ်း၊ မလျင်မြန်၊ မဖျတ်လတ်သော်လည်း ကျားအပါအဝင် တိရစ္ဆာန်များထက် သာလွန်သော အချက်တစ်ခုမှာကား အသိဉာဏ်ပညာပင်ဖြစ်သည်။

လူသည် အရာရာကို တီထွင်နိုင်၏။ အရာရာကို သင်ခန်းစာယူ၍ ပိုမို ခေတ်မီတိုးတတ်သော ကိရိယာတန်ဆာပလာများကို ပြုလုပ် ဖန်တီးနိုင်၏။

လူ၏ အသိဉာဏ်ကြောင့်ပင်လျှင် ကုန်းမြေပေါ်၌ အင်အားအကြီးမားဆုံးဖြစ်သော ဆင်သတ္တဝါကြီးများပင်လျှင် လူ၏ စေခိုင်းခြင်းကို ခံကြရလေသည်။

သတ္တဝါများတွင် အပါအဝင်ဖြစ်သော ကျားကိုလည်း ဆပ်ကပ်ပွဲများတွင် ကပြ အသုံးတော်ခံခဲ့သည်။ တိရစ္ဆာန်ရုံများသို့ ဖမ်းပို့ကာ လူများအတွက် အပျင်းပြေသော်လည်းကောင်း၊ ဗဟုသုတအတွက်သော်လည်းကောင်း လေ့လာစေသည်။ ကျားသည် လူကိုဖမ်း၍ ဆပ်ကပ်ပြစားခြင်းဟူသည်မှာ လုံးဝမရှိပါ။

ဤသည်ကို ကြည့်ကာ ကျားနှင့်လူသည် မည်သူက အသာရကြောင်း၊ မည်သူက အနိုင်ရကြောင်း ထင်ရှားလေသည်။

သို့သော် ဆပ်ကပ်ထဲမှကျားသည် လူကို ရန်မမူသော်လည်း တောထဲမှ ကျားတို့သည်ကား ကျောက်ခေတ်ကာလမှသည် ယနေ့ခေတ်တိုင်အောင် လူတို့ကို ရန်မူခဲ့ကြသည်။ ကျောက်ခေတ် ကာလတွင် ကျောက်လက်နက်များဖြင့် ခုခံခဲ့ကြသော်လည်း ယခုခေတ်ကာလတွင်မူ ခေတ်မီယမ်းသေနတ်များဖြင့် ပစ်ခတ်ခုခံ နှိမ်နင်းခဲ့ကြလေသည်။

ဤနေရာတွင် ကျား၏ စွမ်းရည်သတ္တိများနှင့် ခေတ်မီယမ်းသေနတ်များ၏ စွမ်းရည်သတ္တိတို့ကို နှိုင်းယှဉ်လေ့လာရန် လိုအပ်ပေသည်။

ကျားသည် အကောင်အထည်နှင့် မလိုက်အောင် အလွန်သန်စွမ်းသော သတ္တဝါဖြစ်ပေသည်။ ၎င်းထက် ခန္ဓာကိုယ် ပိုမိုကြီးမား ထွားကြိုင်းသော နွားပေါက်ကြီးများ၊ ကျွဲပေါက်ကြီးများကို ကိုက်ချီကာ ခုနစ်ပေ ရှစ်ပေမျှရှိသော ခြံစည်းရိုးကို လွတ်အောင် ခုန်နိုင်လေသည်။

၎င်းနွားပေါက်၊ ကျွဲပေါက်ကြီးများကိုပင် ကိုက်ပေါင်းများစွာ ဝေးကွာသော ရေစမ်းရှိရာ (သို့မဟုတ်) ၎င်း၏ သားရဲတွင်းရှိရာနေရာသို့ ကိုက်ချီဆွဲယူကာ စားသောက်ခဲ့ပေသည်။

ဆင်ကြီးများ၊ ကျွဲပေါက်ကြီးများ၏ တံကောက်ကြော၊ ကုပ်ကြောတို့ကို တိခနဲ ကိုက်ဖြတ်နိုင်အောင် မေးရိုးကလည်း သန်မာလှလေသည်။

ကျား၏ လက်ဝါးပုတ်အားသည် မည်မျှ ပြင်းထန်သနည်းဟူမူ နွားမတမ်းမလူ၏ ဦးခေါင်းခွံတို့ကို ကွဲကြေ၍ ဗိုင်းခနဲ လဲသေအောင် ပုတ်နိုင် ခုတ်နိုင် အစွမ်းပြနိုင်လေသည်။

အကောင်အထည်ကြီးမားသော်လည်း ပေါ့ပါးလျင်မြန်စွာ ခုန်နိုင်၊ ပြေးလွှားနိုင်၊ လှုပ်ရှားနိုင်ကြလေသည်။

ညအမှောင်ဝယ် အရိပ်သဖွယ် အသံ စိုးစဉ်းမျှ မမည်အောင် လှုပ်ရှားနိုင်ကြသည်။

လူနှစ်ယောက် လျှောက်သွားလျှင် ရှေ့လူမသိအောင် နောက်လူကို ကိုက်ချီ ဆွဲယူသွားနိုင်ပေသည်။

လူတစ်စုအိပ်နေလျှင် ဘေးအစွန်မှလူကို ကျန်လူများမသိစေဘဲ ကိုက်ချီယူဆောင်သွားနိုင်ပေသည်။ ဤမျှ အစွမ်းထက်သောကျားပင် ဖြစ်သည်။

ကျားသတ္တဝါသည် အစွမ်းထက်သကဲ့သို့ လူတို့တီထွင်ပြုလုပ်ခဲ့သော လက်နက်ကိရိယာများကလည်း အစွမ်းထက်လာသည်။

ရှေးယခင်က သားရဲကြီးများကို အနီးကပ်မှသာလျှင် လှံနှင့်ထိုး၊ ဓားနှင့်ခုတ်နိုင်ကြသည်။ ဒူးလေး၊ လင်းလေးအစရှိသော လေးမြားတို့ကို အသုံးပြုလာနိုင်သောအခါတွင် လေးညှို့မှ မြားကိုလွှတ်ကာ ခပ်လှမ်းလှမ်းမှပင် သားကောင်ကြီးများကို ပစ်ခတ်နိုင်ကြသည်။

သို့သော် မြားတစ်ချက်ဖြင့် သားကောင်ကို မသေစေနိုင်ပေ။ အထူးသဖြင့် ကျားကဲ့သို့ စိတ်ဓာတ်ပြင်းထန်၍ သန်စွမ်း အသက်ပြင်းသော သတ္တဝါကြီးများကို ပစ်ခတ်ရာတွင် ပို၍ အန္တရာယ်များလေသည်။

တစ်ချက်တည်းနှင့် မသေသော သားရဲကြီးသည် လူအနီးသို့ ချက်ချင်းရောက်လာကာ လူကို အန္တရာယ်ပေးလေသည်။

တစ်ချက်ပစ်ပြီးလျှင် ထပ်ဆင့်ပစ်ခတ်ရန် ပြင်ဆင်ချိန်၌ပင် မုဆိုးသည် ကျားရဲ၏လက်သည်းနှင့် အစွယ်များကြားတွင် အသက်ပျောက်ပြီဖြစ်သည်။

ယမ်းသေနတ်များ ပေါ်လာသောအခါတွင် လက်နက်များသည် ပို၍ ခေတ်မီထိရောက်လာ၏။

ယမ်းသေနတ်များဝယ် ပထမဦးဆုံး ပေါ်လာသောသေနတ်သည် တူမီးသေနတ်ဖြစ်၏။ ခပ်လှမ်းလှမ်းမှ ပစ်ခတ်နိုင်သည်။ လေးမြားထက်ပို၍ သေရန် အခွင့်အလမ်း ပိုများသည်။ သို့သော် အသက်ပြင်းသော သားရဲကြီးများအတွက်မူ စိတ်မချရသေးပေ။

၎င်းပြင် သူသည်လည်း နောက်တစ်ချက်ပစ်ရန် ယမ်းထောင်းရခြင်း၊ ကာဖတ်သိပ်ရခြင်း စသည်ဖြင့် မိနစ်အနည်းငယ် ကြာသည်ဖြစ်ရာ ထိုမိနစ်အနည်းငယ်အတွင်း၌ မုဆိုးသည် ကျားစာဖြစ်ပေပြီ။

ထို့နောက် ယမ်းတောင့်ကို တီထွင်ထုတ်လုပ်လာနိုင်သော အချိန်တွင်ကား ယမ်းထောင်းခြင်း၊ ကာဖတ်သိပ်ခြင်း စသော အလုပ်များကို လုပ်ရန်မလိုတော့ပေ။ တစ်တောင့်ချင်းထိုး၍ ပစ်နိုင်လေသည်။

ထို့နောက် ဆက်လက်တီထွင်ထုတ်လုပ်သောအခါတွင် နောက်ထပ် ကျည်ထိုးရန်မလိုဘဲ အလိုလို ကျည်ထိုးမောင်းတင်၍ အလိုအလျောက် ဆက်တိုက်ပစ်နိုင်သော မောင်းပြန်သေနတ်များ ပေါ်လာသည်။

တစ်ဆက်တည်းပင် အတွဲလိုက် ပစ်ခတ်နိုင်သော စက်သေနတ်များ ပေါ်လာသည်။

လက်နက်ခေတ်ကား တစ်ခေတ်ဆန်းပြီ ဖြစ်သည်။

သေနတ်လက်နက်များသည် လျင်မြန်စွာ ပစ်ခတ်နိုင် သကဲ့သို့ သူတို့၏ ထိမှန်ချက်နှင့် ယမ်းအားလည်း ပြင်းထန်လှသည်။

သေနတ်လက်နက်များတွင်
(. ၂၂) ပွိုင့်တူးတူးခေါ် ငှက်ပစ်သေနတ်
(. ၃၀၃) စစ်သုံးသေနတ်နှင့်
ပြောင်းအဝကျယ် (.၄၀ဝ) ကျော်သော အမဲကြီးပစ်သေနတ်များဟူ၍ အုပ်စု (၃) မျိုး ခွဲခြားနိုင်လေသည်။

သေနတ်များ၏ ပြောင်းအဝကျယ်ကို လက်မ၊ ဒသမနှင့် တိုင်း၍ သေနတ်အမျိုးအစားကို ဖော်ပြသည်။

ဥပမာ (. ၄၀၄) မော်ဇာရိုင်ဖယ်ဆိုလျှင် အီတလီနိုင်ငံ ဘာရက်တာကုမ္ပဏီမှ ထုတ်လုပ်ကာ တစ်လက်မကို အပုံတစ်ထောင်ပုံလျှင် အပုံ ၄ဝ၄ ပြောင်းဝအကျယ် အဝန်းရှိလေသည်။

၎င်းထက် ပြောင်းဝ ပိုကျယ်သောသေနတ်များသည် ပို၍ ယမ်းအားပြင်းကာ ပို၍ စွမ်းအားရှိလေသည်။

(. ၄၇၅) ဂျက်ဖရီနံပါတ်(၂) ရိုင်ဖယ်သည် ယမ်းဂရိန် (၄၈၀) ရှိလေသည်။

စစ်သုံးသေနတ် (. ၃၀၃) ရိုင်ဖယ်သည် ယမ်းဂရိန် (၁၆၀) သာရှိလေရာ စစ်သုံးသေနတ်နှင့် အမဲကြီးပစ် သေနတ်တို့၏ ယမ်းအားကွာခြားချက်ကို သိသာနိုင်လောက်သည်။

ပြောင်းဝအကျယ်၊ ယမ်းအားကွာခြားသကဲ့သို့ပင် စွမ်းအားအရာ၌လည်း အပြတ်အသတ် သိသိသာသာ ကွာခြားလွန်းသည်။

လေးထောင့်ရေနံဆီပုံးတစ်ပုံးကို ရေအပြည့်ထည့်၍ ယမ်းအားပြင်းသော အမဲကြီးသေနတ်တစ်လက်ဖြင့် ဗဟိုချက်ကို ထိမှန်အောင်ပစ်လျှင် ထိုလေးထောင့်သံပုံးသည် ခါးလည်မှပြတ်၍ ကျလေသည်။

ဆင်များ၊ ပြောင်များကို တစ်ဖက်လက်ပြင်မှ ပစ်လျှင် တစ်ဖက်လက်ပြင်သို့ တောက်လျှောက်ပွင့်ထွက်၍ ကျဆုံးစေ၏။

ဆင်ကဲ့သို့သော သတ္တဝါကို ထိပ်မှပစ်လျှင် ဖင်မှပွင့်ထွက်ကာ နေရာတွင်ပင် ကျဆုံးစေသည်။ ဤမျှအစွမ်းထက်သော လက်နက်ကောင်းများသည် ဤခေတ်ဤကာလဝယ် ပေါ်ထွန်းကိုင်ဆောင်လျက် ရှိကြလေပြီ။

သို့သော် လက်နက်မည်မျှပင် ကောင်းစေကာမူ ကိုင်တွယ်သော မုဆိုးသည် လျင်မြန်ဖျတ်လတ်မှုနှင့် လက်တည့်၊ လက်တန်းမှု ရှိစေရန် လိုပေသေးသည်။

ထိုသို့မဟုတ်ပါက ခေတ်မီသေနတ် လက်နက်သည်လည်း တုတ်ကောင်းကောင်းတစ်ချောင်းထက်ပို၍ အသုံးဝင်မည်မဟုတ်ပေ။

ဤသို့သော စွမ်းရည်သတ္တိထူးများပိုင်ဆိုင်သော ကျားသတ္တဝါသုံးကောင်နှင့် ဤကဲ့သို့သောစွမ်းအားသတ္တိများရှိသည့် (. ၄၅၈) မဂ္ဂနမ် မဂ္ဂဇင်းရိုင်ဖယ်ကို အသုံးပြုကာ ကျွန်တော်သည် ရွှေကျင်မြို့၏ အရှေ့တောင်ဘက် ကညင်မြောင်ဒေသတွင် ရင်ဆိုင်ခဲ့ဖူးသည်။

ထိုစဉ်က ကျွန်တော်သည် တံခွန်တိုင်ကျေးရွာတွင် စတည်းချကာ စိုင်များကို လိုက်လံပစ်ခတ်စဉ်ဖြစ်သည်။

ရွှေကျင်မြို့နယ်တွင် တာဝန်ကျလျက်ရှိရာ ရုံးအားသောရက်တစ်ရက်တွင် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်မှ အမဲလိုက်ဝါသနာပါသော မိတ်ဆွေများနှင့်အတူ စိုင်ပစ်ရန်အတွက် တံခွန်တိုင်ရွာသို့ စနေနေ့ နေ့ခင်းပိုင်းတွင် ရောက်ရှိလာခဲ့ကြသည်။

ကျွန်တော်တည်းခိုသော အိမ်ရှင် ကိုစံတင်သည် ကျွန်တော်တို့ ရောက်ရှိလာသဖြင့် ပျာပျာသလဲ ဆီးကြိုဧည့်ခံသည်။ ကျွန်တော်တို့ နံနက်စာစားသောက်ပြီးနောက် ရွာတွင်းမှ မုဆိုးဝါသနာပါသူများနှင့် ကျွန်တော်တို့အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာသိန်းကျော်ဌေး၊ ကိုသစ်လွင်၊ ကိုမောင်ဦး၊ ကိုမြင့်ဆွေ၊ ကိုလှဌေး တို့နှင့်အတူ စိုင်များအကြောင်း ဆွေးနွေးကြသည်။

မနက်ဖြန်နံနက် ဝေလီဝေလင်းတွင် စိုင်များကို စတင် ခြေရာခံရန်နှင့် ကျွန်တော်၊ ဒေါက်တာသိန်းကျော်ဌေး၊ ကိုမောင်ဦးတို့က ခြေရာခံ၍ ခြေရာရင်းမှလိုက်ရန်နှင့် ကိုသစ်လွင်၊ ကိုမြင့်ဆွေ၊ ကိုလှဌေးတို့က ခြေဦးထောင်သည့်တောဘက်မှ ဖြတ်ဆီးကြရန်၊ ရွာခံမုဆိုးများမှ တစ်ဖွဲ့လျှင် နှစ်ဦးကျစီလိုက်ရန် စသည်ဖြင့် အစီအစဉ်ဆွဲကြသည်

ဆွေးနွေးပွဲပြီးနောက် ကျွန်တော်သည် (. ၄၅၈) ရိုင်ဖယ်ကို ဆွဲကာ အိမ်ပေါ်မှ ဆင်းလာခဲ့သည်။

“ဆရာလေး ဘယ်လဲဗျ”

ခြံထဲတွင် ထင်းပေါက်ခြမ်းများ ခွဲနေသော အိမ်ရှင် ကိုစံတင်က ချွေးအရွှဲသားနှင့် လှမ်းမေးလေသည်။

“ရွာနားက ရွာစည်းရိုးတွေမှာ ချေလိုက်ချောင်းမလို့ဗျ။ နှမ်းခင်း၊ ပဲခင်းတွေ ဝင်ဖျက်တဲ့ ချေတွေ၊ ဝက်တွေကိုလည်း နှိမ်နင်းရင်း၊ ဧည့်သည်တွေအတွက် ဟင်းစားပြဿနာလည်း ဖြေရှင်းရင်း ဆိုပါတော့ဗျာ”

“သတိထားသွားနော် ဆရာလေး၊ ဒီတောက ရိုးမနဲ့ဆက်နေတာဆိုတော့ သတင်းတစ်ခုကလည်း ကြားထားသေးတယ်။ ကျွန်တော်ပါ ဆရာလေးနဲ့ လိုက်ခဲ့မယ်ဗျာ”

ကိုစံတင်က ပုဆိန်ကြီးကို ပစ်ချကာ လိုက်ဟန်ပြင်လေသည်။

“ခင်ဗျားလိုက်လို့ ဘယ်ဖြစ်ပါ့မလဲဗျာ။ ဧည့်သည်တွေကို ဧည့်ခံရဦးမယ်မဟုတ်လား”

ကျွန်တော့်စကားကြောင့် ကိုစံတင်၏ခြေလှမ်း တန့်သွားသည်။

“အေးဗျာ၊ ကျွန်တော်မလိုက်နိုင်လည်း တစ်ယောက်ယောက်တော့ ခေါ်သွားဗျာ”

ကိုစံတင်က စိုးရိမ်စွာ အကြံပေးရှာသည်။

“ကျွန်တော်အဖွဲ့တွေက အိပ်တဲ့လူကအိပ်ပြီ။ ရွာထဲ ထွက်လည်တဲ့လူကလည်း ထွက်လည်နေပြီ။ နေပါစေဗျာ ကျွန်တော်လည်း သိပ်အဝေးကြီး သွားမှာမှ မဟုတ်ဘဲ။ ရွာနံဘေးနား လေးတင်ပါ”

ကိုစံတင်က တစ်ချက်စဉ်းစားနေပြီးမှ

“အေးလေ၊ ဒါဆိုရင်လည်းသွားပေါ့ဗျာ။ သတိတော့ ထားသွားနော်။ ရွာနဲ့အဝေးကြီးလည်း မသွားနဲ့ဦး”

“စိတ်ချပါ။ အဝေးကြီး မသွားပါဘူး။ အဖော်ကောင်းလည်း ပါနေတာ၊ စိုးရိမ်စရာမရှိပါဘူးဗျာ”

ကျွန်တော်က လွယ်ကြိုးဖြင့်လွယ်ထားသော (. ၄၅၈) မဂ္ဂနမ် မဂ္ဂဇင်းရိုင်ဖယ်ကို လက်ဖြင့် တယုတယသပ်ရင်း ပြောလိုက်သည်။

သို့ဖြင့် ကျွန်တော်သည် တံခွန်တိုင်ရွာအတွင်းမှ ထွက်ခဲ့သည်။

ဤနေရာတွင် (. ၄၅၈) ရိုင်ဖယ်အကြောင်းကို ပြောရန် လိုအပ်ပေမည်။ ဤ (. ၄၅၈) ရိုင်ဖယ်သည် ရိုးရိုးရိုင်ဖယ်မဟုတ်ဘဲ မဂ္ဂနမ်ရိုင်ဖယ်သာဖြစ်သည်။

မဂ္ဂနမ်ဆိုသည့် ဝေါဟာရမှာ ယမ်းအားကြီးခြင်းဟု အဓိပ္ပာယ်ရသည်။

ကျည်ဆန်ခွံကို ကြေးခွံနှစ်ထပ်ပတ်၍ ယမ်းဂရိန် ပိုထည့်ထားသည်။ ယမ်းအားပြင်း၍ ကျည်ဆန်သည် ပစ်မှတ်ကို အပေါ်မှ ဝိုက်မထိမှန်ဘဲ ဝါးလုံးထိုး ထိမှန်လေသည်။

ကျည်သွားလမ်း အလွန်ဖြောင့်လေသည်။

အလေးချိန် (၁ဝ) ပေါင်ကျော်လေး၍ ပြောင်းအရှည်မှာ ၂၅ လက်မရှိလေသည်။ ယမ်းဂရိန်အားဖြင့် (၅၀၀) လေးသည်။

(.၃၀၃) စစ်သုံးရိုင်ဖယ်၏ ယမ်းဂရိန် (၁၆၀) နှင့် ယခု (. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်၏ ယမ်းချိန် (၅၀၀) ကို နှိုင်းယှဉ်ကြည့်ရန် ဖြစ်ပါသည်။

(. ၄၅၈) ရိုင်ဖယ်သည် ကျည်အိမ်အတွင်း၌ ယမ်းတောင့်(၄) တောင့် ထည့်နိုင်ပြီး ပြောင်းရင်းအတွင်းသို့ တစ်တောင့်ထိုးထားနိုင်သဖြင့် တစ်ခါကျည်ထည့်လျှင် (၅) တောင့် ထည့်နိုင်လေသည်။

ပေါ့ပါးသလောက် ဖောက်ထွင်းအားကောင်းသော ပွဲတိုင်းကျော် သေနတ်လက်နက် အဖော်ကောင်းတစ်လက်ဖြစ်သည်။

တံခွန်တိုင်ရွာမှထွက်၍ ယာစည်းရိုးများသို့ လျှောက်ကြည့်သော်လည်း ချေခြေရာ၊ ဝက်ခြေရာ မတွေ့ရပါ။ အလွန်ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းသော နေ့တစ်နေ့ဖြစ်သည်။

ကျွန်တော်သည် ယာစည်းရိုးသို့ လျှောက်ရင်း လျှောက်ရင်းဖြင့် ရွာနှင့် အတန်ငယ်ဝေးလာပြီး တဖြည်းဖြည်း တောအုပ်ထဲသို့ ရောက်ရှိလာခဲ့သည်။ တောက တဖြည်းဖြည်း နက်လာသည်။ ခြောက်ပေလမ်းဟောင်းက တစ်ခါတစ်ရံ မထင်မရှားဖြင့် ပျောက်ကွယ်လုနီးနီးဖြစ်နေသည်။

“တိန် … တိန်”

ကြည်လင်သလောက် ကျယ်လောင်လှသော ဆတ်တစ်သံကို ခပ်လှမ်းလှမ်းမှ ကြားလိုက်ရသည်။

သားကောင်များသည် ရွာခြေသို့ မကပ်သော်လည်း တောထဲမှာတော့ ရှိနေကြသည်။ အားရဝမ်းသာဖြင့် ဆတ်တစ်သံကြားရာဘက်သို့ လေအောက်မှ ချဉ်းကပ်သွားသည်။

(. ၄၅၈) မဂ္ဂနမ် မဂ္ဂဇင်းရိုင်ဖယ်ကိုလည်း သော့ဖွင့်ထားလိုက်သည်။ ကျည်ကိုမူ ရွာမှထွက်လာကတည်းက ထိုးပြီးဖြစ်သည်။ သားကောင် မတွေ့သေးသဖြင့် မောင်းထိန်းခလုတ်ကို ပိတ်ထားသည်။ ယခုမူ သားကောင်ကိုတွေ့ပြီဖြစ်၍ မောင်းထိန်းသော့ကို ဖွင့်လိုက်ပြီး ပစ်ရန်အရန်သင့်ဖြစ်ပေသည်။

“တိန် … တိန်”

သားကောင်သည် အငြိမ်မနေ။ တတိန်တိန်ဖြင့် မြောက်ဘက်သို့ ရွှေ့သွားပြန်သည်။ ဆတ်သည် ထိတ်လန့်၍ တစ်နေပုံရသည်။

ဆတ်တို့သည် တစ်ကောင်နှင့်တစ်ကောင် အချိန်းအချက်ပေး၍ ခေါ်ယူသောအခါ၌လည်းကောင်း၊ ထိတ်လန့်ကြောက်ရွံ့သည့်အခါ၌လည်းကောင်း တစ်သည်။ ကျွန်တော်၏ အရိပ်လက္ခဏာကိုတွေ့၍ လည်းကောင်း၊ အနံ့ကိုရ၍လည်းကောင်း ထိတ်လန့်သွားဟန်တူသည်။

ထိတ်လန့်သွားသောဆတ်ကြီး ဆုတ်ခွာထွက်ပြေးမည့် မြောက်ဘက်မှ ဆီးမိစေရန် မြောက်ဘက်သို့ အပြေးကလေး တက်လာခဲ့သည်။

ကျွန်တော်၏ညာဘက်မှ သားကောင်တစ်ကောင် ကလည်း ကျွန်တော့်ကဲ့သို့ပင် မြောက်ဘက်သို့ ကျိတ်၍ တိုးတက်နေသည်ကို ကြားနေရသည်။ စောစောက ဆတ်တော့မဖြစ်နိုင်။ အခြားဆတ်သော်လည်းကောင်း၊ ချေသော်လည်းကောင်း၊ ဝက်သော် လည်းကောင်း ဖြစ်မည်ဟု တွက်ဆကာ တွေ့သည့်အကောင်ကို ပစ်မည်ဟု သေနတ်ပြောင်းဝအား ညာဘက်ကို အသေအချာချိန်ရင်း ကြည့်လိုက်သည်။

သို့သော် မည်သည့်အရာကိုမျှ မတွေ့ရဘဲ တောသည် တိတ်ဆိတ်လျက်ရှိသည်။

ထို့ကြောင့် ရှဉ့်သော်လည်းကောင်း၊ မျောက်သော်လည်းကောင်း တစ်ကောင်ကောင်ဖြတ်သွားခြင်းကြောင့်သာ အသံမြည်မည်ဟု ထင်မှတ်ကာ ရှေ့သို့ဆက်၍ တက်လာခဲ့သည်။

ကျွန်တော် တက်ခဲ့ပြီး မကြာမီ၌ပင် စောစောကကြားခဲ့သောနေရာ၌ပင် ကျိတ်၍ တိုးနေသောအသံက ပြန်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကျွန်တော့်ကိုတွေ့သွားသော ဆတ်တစ်ကောင် (သို့) ချေတစ်ကောင် သည် ပြေးပေါက်၊ လမ်းပေါက်ပိတ်၍ လွတ်ရာလွတ်ကြောင်း အသာကျိတ်၍ တိုးနေကြောင်း သိရသည်။

စောစောကတစ်နေသော ဆတ်၏ ဆုတ်ခွာရာကိုမှန်း၍ လိုက်ခဲ့ရာ ရေတဝေါဝေါ စီးနေသော ချောင်းကြီးကို တွေ့ရသည်။ ထိုချောင်းသည် ရိုးခိုက်ချောင်းတစ်ခုဖြစ်ပြီး သဲများ၊ ကျောက်စရစ်များ၊ ကျောက်တုံးကျောက်ဆောင်များ ပေါများလှပေသည်။

စောစောက တစ်နေသောဆတ်ကို ကျွန်တော်စိတ်မဝင်စားတော့ပါ။ ကျွန်တော့်ညာဘက်မှ တိတ်တဆိတ်ကျိတ်၍ တိုးနေသော သားကောင်ကိုသာ စိတ်ဝင်စားသည်။

၎င်းသည် ဆက်၍ လာခဲ့လျှင် ဤရိုးခိုက်ချောင်းသို့ ရောက်ပေမည်။ ရိုးခိုက်ချောင်းသို့ရောက်၍ ချောင်းဖြတ်ကူးလျှင် အပိုင်အနိုင် ပစ်ရပေမည်။ ထို့ကြောင့် သားကောင်လာမည့်လမ်းကို သေနတ်ပြောင်းတန်းကာ စောင့်နေမိသည်။

လာပါပြီ။

ကိုင်းပင်များကို တရွေ့ရွေ့တိုး၍ ချောင်းဘက်သို့ တိုးကာ ထွက်လာလေသည်။

သားကောင်၏ ခေါင်းပိုင်းထွက်လာလျှင် ခလုတ်ဖြုတ်မည်ဟု လက်ညှိုးကို ခလုတ်ပေါ်တွင်တင်၍ စောင့်နေစဉ် သားကောင်၏ခေါင်းပိုင်းသည် ကိုင်းပင်များကြားမှ ပေါ်၍လာသည်။

‘ဟာ’ ခနဲ မအော်မိစေရန် မနည်းသတိထား၍ ထွက်ပေါ် လာသောသားကောင်ကို ကြက်သေသေကာ ကြည့်နေမိသည်။

ထွက်ပေါ်လာသောသားကောင်ကား ဆတ်လည်းမဟုတ်၊ ချေလည်းမဟုတ်၊ ဝက်လည်းမဟုတ်။

ဦးခေါင်းဝယ် အစက်အပျောက်များအစင်းကျားများဖြင့် ခြယ်လှယ်ထားသော ကျားကြီးတစ်ကောင်ဖြစ်သည်။

ကျားပင်ဖြစ်စေ၊ တွေ့သည့်သတ္တဝါကို ပစ်မည်ဟု အားခဲကာ ကျားကြီး၏ နှာရောင်ရင်းသို့ (. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်ဖြင့် တည့်မတ်စွာ ချိန်ရွယ်လိုက်သည်။ ရှေ့ချိန်သီး၊ နောက်မှန်ချိန်ပစ်မှတ်တို့ တစ်တန်းတည်းနေချိန်ဝယ် ပစ်ခလုတ်ကို ဆွဲဖြုတ်အံ့ဆဲဆဲတွင် ဗြန်းခနဲ မဖြုတ်ဝံ့ဘဲ ဖြစ်သွားသည်။

အကြောင်းသော်ကား ထိုကျား၏နောက်တွင် နောက်ထပ် ကျားတစ်ကောင် ရောက်လာ၍ဖြစ်သည်။

ကျားတစ်ကောင်ချင်းကို ရင်ဆိုင်ပစ်ခတ်ရန် ဝန်မလေးသော်လည်း ကျားနှစ်ကောင်ဖြစ်လာသော် ကျွန်တော်စဉ်းစားရတော့မည်။ တစ်ကောင်ကိုပစ်ခတ်စဉ် အခြားတစ်ကောင်က ဝင်ရောက်တိုက်ခိုက်သော် ကျွန်တော့်အတွက် အခက်ကြုံပေလိမ့်မည်။

ကျွန်တော်သည် ကျား၊ ဆင်၊ ပြောင် စသည်တို့ကို ပစ်ခတ်ဖူးသော်လည်း ဤကဲ့သို့ နှစ်ကောင်တွဲကို တစ်ခါမှ မပစ်ဖူးပေ။ ၎င်းအပြင် ထိုစဉ်က ပစ်ခတ်ရာတွင် အဖော်အပေါင်းများနှင့် ဘေးမှ သေနတ်အကူများနှင့် ဖြစ်လေသည်။ ယခုကဲ့သို့ တစ်ယောက်တည်း ကျားနှစ်ကောင်ကို တစ်ပြိုင်နက် ပစ်ရမည် ဆိုသောအခါ လက်တွန့်နေမိသည်။

ကျားများသည် မိမိကို ရန်မရှာဘဲ စောစောက တစ်နေသော ဆတ်နောက်သို့ လိုက်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ချိန်ထားသောရိုင်ဖယ်ကို ပြန်ချလိုက်ရသည်။

သို့သော် ကျားနှစ်ကောင်သည် ဆတ်နောက်သို့ လိုက်မည့် လက္ခဏာမပြဘဲ ကျွန်တော်ရှိရာသို့ ချုံပုတ်များကို အကာအကွယ်ယူ၍ ဝပ်ကာ၊ ချောင်းကာဖြင့် တက်လာကြရာ ကျွန်တော် ခေါင်းနားပန်းကြီးသွားသည်။

မည်သို့ပင်ဖြစ်စေ ကျားကိုက်တော့ မခံပြီ။ ရှိသမျှ စွမ်းအားဖြင့် လက်ဦးမှု ရယူ၍ ပစ်ခတ်ရန် ပြောင်းတန်းလိုက် ရတော့သည်။

“တိန်. . . တိန်”

အသံကြီးကြီးဖြင့် တစ်လိုက်သော ကျားတစ်သံကြီးကို ချောင်း၏အထက်ပိုင်း ကျွန်တော်၏ ဘယ်ဘက်ဆီမှ ကြားလိုက်ရသည်။ ဆတ်တစ်သံသည် အသံကြည်၍ သာယာသည်။ ကျားတစ်သံသည် အသံအ၍ ကြီးသည်။

ကျားများသည် သူတို့ချင်းချင်း ဆက်သွယ်ရာတွင်ဖြစ်စေ၊ အမဲသားကောင်လိုက်ရာတွင်ဖြစ်စေ ဤသို့ အသံပေး၍ ဆက်သွယ်ကြသည်။ ချုံများကွယ်နေ၍ အသံရှင် ကျားကိုမူ မတွေ့ရချေ။ အသံကိုသာ ကြားနေရသည်။

“တိန်. . . တိန်. . . တိန်”

သေနတ်ဖြင့် လှမ်းချိန်ထားသော ကျားနှစ်ကောင်ထံမှလည်း တစ်သံပြန်ပေးသည်။

ဤသို့ အချိန်းအချက်ပြုခြင်းသည် သားကောင်များကို လိုက်ရာတွင် တစ်ကောင်နှင့်တစ်ကောင် အချိန်းအချက်ပြု၍ သားကောင်ကို မပြေးနိုင်အောင် ပိတ်ကာဆီး၍ အမိဖမ်းရာ၌ ပြုသောအသံသာဖြစ်သည်။

ကျားမိသားစုသည် စောစောကဆတ်ကို လိုက်နေရာမှ မနုဿသားကောင်ဖြစ်သော ကျွန်တော့်ကိုမြင်၍ အာရုံပြောင်းသွားပြီး သားကောင်အဖြစ် သဘောထားကာ ညှပ်ပူးညှပ်ပိတ် လိုက်လျက် ရှိချေပြီတကား။

ကျွန်တော့်တစ်ကိုယ်လုံး ဇောချွေးများပြန်လာသည်။ ကိုစံတင်က အဖော်ခေါ်သွားရန် တိုက်တွန်းသော်လည်း အဖော်မခေါ်မိခဲ့သဖြင့် သေတွင်းနှုတ်ခမ်းဝသို့ ရောက်နေသော ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။

ကိုစံတင်ပြောသော သတင်းတစ်ခုကြားထားသည်ဆိုသော စကားသည် ဤကျားမိသားစု၏ သတင်းပင် ဖြစ်ဟန်တူသည်။ သတင်းကို စေ့စုံစွာ မစုံစမ်းခဲ့သော မိမိကိုယ်ကိုလည်း အပြစ်တင်မိသည်။

ရွာစည်းရိုးနားမှလွဲ၍ အဝေးသို့မသွားပါဟု ကတိထားလျက် ကတိမတည် ပျက်ကွက်မှု၏ရလဒ်သည် သေခြင်းတရားသာလျှင် ဖြစ်သည်။

ယခုအချိန်ဝယ် မိမိလာလမ်းအတိုင်း ပြန်ပြေးလျှင်လည်း မလွတ်နိုင်။ တက်၍ ပုန်းရှောင်စရာ သစ်ပင်ကြီးကလည်း မရှိ။ ငှက်ဖြစ်၍ မိုးပျံသွား၍ရလျှင်လည်း အကောင်းသားဟု မဖြစ်နိုင်သည်ကို ဆုတောင်းနေမိသည်။

အချိန်ကလည်း တဖြည်းဖြည်း ကုန်လာသည်။

ထို့ကြောင့် ဖြစ်ချင်ရာဖြစ်ဆို၍ ကျွန်တော့်ရှေ့ရှိ ရိုးခိုက်ချောင်းထဲသို့ ပြေး၍ ခုန်ချလိုက်ကာ တစ်ဖက်ကမ်းသို့ရောက်အောင် အတွင်ကူးရတော့သည်။

ထို့နောက် တောတွင်းမှ သတ္တဝါများကို ပစ်ခတ်၍ တိုက်စစ်ဆင်ရန် တောတွင်းသို့ ဝင်လာခဲ့သော်လည်း ကျားမိသားစုနှင့်တွေ့ကာ ခံစစ်ဘဝရောက်ခဲ့ရသည်။

တစ်ဖန် အခြေအနေမဟန်သဖြင့် ခံစစ်မှသည် ပြေးစစ်သို့ပင် ရောက်ရှိခဲ့ရပြန်ပေပြီ။

ရိုးခိုက်ချောင်းသည် ရေစီးကလည်း သန်လှသည်။ ရိုင်ဖယ်ကို အပေါ်သို့မြှောက်၍ ကူးရသည်။ ဤသို့ ကူးရင်း ကူးရင်းဖြင့် ကျားသားအမိနှစ်ကောင်ရှိရာ အောက်ဆိပ်ဘက်သို့ ရောက်လာသည်။ ကျားသားအမိနှစ်ကောင်အနက် အမကြီးသည် ရေထဲသို့ ဆင်းကာ ကျွန်တော့်ဆီသို့ ကူးလာသည်။ သို့သော် ရေကစီးနေ၍ ကျွန်တော့်ဆီမရောက်ဘဲ အောက်ဘက်သို့ မျောပါသွားလေသည်။

ကမ်းပေါ်သို့ ရောက်သည်နှင့် အမြန်တက်ကာ ခိုလှုံ၍ အကာအကွယ်ယူရမည့် နေရာကို ရှာသည်။

ပြေး၍ မလွတ်မည့်အတူတူ တိုက်ပွဲဆင်နွှဲရပေမည်။ တိုက်ပွဲတစ်ပွဲနိုင်ရန် နေရာသည် အရေးကြီးပါသည်။

သို့သော် သစ်ပင်ကြီးကြီးမားမားကလည်း မရှိပေ။ ထို့ကြောင့် ကမ်းဘေးတွင်ရှိသော ၁၂ ပေခန့်မြင့်သည့် ကျောက်ခဲတုံးကြီးကြီးမားမားတစ်ခုဘေးသို့ ပြေးကပ်လိုက်သည်။

နောက်ဘက်တွင် အပေါ်သို့တက်ရန် ဆင်ခြေလျှောဖြစ်နေသဖြင့် အပေါ်သို့ ကုပ်ကပ်တက်ကာ ကျောက်တုံးကြီးပေါ်မှ အပေါ်စီးယူ၍ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။

ကျားအငယ်ကောင်သည် ကမ်းပေါ်မှနေ၍ တစ်ဖက်ကမ်းသို့ မျှော်ကြည့်နေသည်။ ကျားမကြီးက ရေစီးထဲတွင်ကူရင်း ရေလယ်သို့ ရောက်နေပေပြီ။ ကျားထီးကြီးကိုမူ ရှာမတွေ့သေးပါ။

(. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်၏ ကျည်ခလုတ်ထဲတွင် ကျည် ၅ တောင့်ရှိပေသည်။ ဤကျည် ၅ တောင့်နှင့် ကျားမိသားစုကို အပြုတ်နှံရပေမည်။ ဤကျည် ၅ တောင့်ကုန်၍ ကျားမိသားစု သုံးကောင်မပြုတ်သေးလျှင် ကျည်ထပ်ထည့်ရန် အချိန်ရမည်မဟုတ်။ ကျွန်တော်သာ ဇီဝိန်ပြုတ်မည်သာ ဖြစ်သည်။

ကျားမကြီးက ရေစီးထဲတွင် မြုပ်ချီ၊ ပေါ်ချီဖြစ်နေ၍ ပစ်ကွင်း မကောင်းလှ။ ထို့ကြောင့် ကမ်းပေါ်မှ တစ်ဖက်ကမ်းသို့ ငေးမျှော်နေသောကျားပေါက်ကို လက်ပြင်သို့ သေချာစွာချိန်၍ ခလုတ်ကို ဖြုတ်ချလိုက်သည်။

“ဒိုင်း”

ယမ်းချိန် ၅ဝဝ ဂရိန်၏ ပေါက်ကွဲသံနှင့်အတူ (. ၄၅၈) မဂ္ဂနမ် ရိုင်ဖယ်ကျည်ဆန်သည် တစ်စက္ကန့်လျှင် (၂,၃၅၀) ပေနှုန်းဖြင့် လေထုထဲသို့ ဖြတ်သန်းကာ ကျားပေါက်၏ လက်ပြင်သို့ အဆီးအတားမဲ့ ထိမှန်လိုက်သည်။

“အား … ဝူး … ဝေါ … ဝေါ”

ကျားပေါက်သည် နားကွဲမတတ် အော်ဟစ်ရင်း တစ်ဖက်သို့ ပစ်ကျသွားသည်။

ကျားပေါက်သည် ရုန်းကန်၍ ထလိုက်၊ ပြန်ကျလိုက်၊ အော်ဟစ်လိုက်ဖြင့် ကိုင်းတောစပ်ဝယ် ကိုင်းပင်များ ထောင်းလမောင်းကြေလျက်ရှိသည်။ သည်ဘက်ကမ်းသို့ ကူးမလာနိုင်တော့သဖြင့် ကျားပေါက်၏ရန်ကိုမူ မပူရတော့ပါ။

ထို့နောက် မောင်းတုံးကို ကပျာကယာဆွဲ၍ တွန်းတင် လိုက်သည်။ ပစ်ပြီးသားကျည်ဆန်ခွံသည် အသံမည်ကာ လေထဲသို့ ပျံထွက်သွားသည်။

ဒုတိယပစ်ကွင်းဖြစ်သော ကျားမကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။ ချောင်း၏ သုံးပုံနှစ်ပုံခန့်ကို ဖြတ်သန်းကာ သည်ဘက်ကမ်းသို့ ရောက်ခါနီးပေပြီ။

“ဒိုင်း”

ခေါင်းကို အလျင်စလို ချိန်ရွယ်၍ပစ်လိုက်ရာ ရေစီးသန်သော ချောင်းဖြစ်သဖြင့် ရေစီးထဲတွင် လှိုင်းကပုတ်လိုက်ရာ ကျားခေါင်းကြီးသည် ရုတ်တရက်ကွယ်သွားသဖြင့် ကျည်ဆန်သည် ပစ်ကွင်းမှ ချော်ထွက်သွားသည်။

ထို့ကြောင့် နောက်တစ်ချီ ကပျာကယာကျည်ထိုး၍ ခေါင်းကိုချိန်ကာ ပစ်ချလိုက်သည်။

“ဒိုင်း”

ဤတစ်ကြိမ်တွင်မူ ကျားမကြီးကလည်း ကမ်းပေါ်သို့ တက်စပြုလာပြီဖြစ်သဖြင့် ပစ်ကွင်းသည် အကာအကွယ် အဆီးအတားမရှိဘဲ မျက်မှောင်နှစ်ခုကြားတည့်တည့် ထိမှန်သဖြင့် ကျားမကြီးသည် အသံပင် မပြုနိုင်တော့ဘဲ ရေစပ်တွင် လဲကျသွားသည်။

ထိုစဉ် ကျွန်တော်၏ညာဘက်မှ ကျောက်စရစ်ခဲများကို နင်းသံကြားသဖြင့် ခေါင်းနားပန်းကြီးသွားသည်။

ပျောက်နေသော ကျားထီးကြီးဖြစ်ဟန်တူသည်။ ထို့ကြောင့် ကျည်ကို ကပျာကယာထိုးကာ ညာဘက်သို့လှည့်၍ ပစ်ရန် ထိုးချိန်လိုက်သည်။

ကျွန်တော်ချိန်လိုက်သည်မှာ အချိန်မီရုံကလေးသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျားအုပ်၏ခေါင်းဆောင် ကျားထီးကြီးသည် မယားနှင့် သား သေသည်ကို လက်စားချေရန် ကျောက်တုံးပေါ်ရှိ ကျွန်တော့်ထံ တစ်ရှိန်ထိုး ခုန်အုပ်လိုက်သောကြောင့်ဖြစ်သည်။

“ဒိုင်း”

မြေပြင်ပေါ်မှ လွှားခနဲတက်လာသောကျားကြီးကို မချိန်ရွယ်နိုင်ဘဲ တန်းထိုး၍ ပစ်လိုက်ရသည်။ ၁၂ လက်မအတွင်း (၄,၃၃၆) ပေါင် တွန်းကန်အားရှိသော ကျည်ဆန်ထိပ်ဖူးသည် ကျားကြီးကို လေထဲတွင် ရပ်တန့်သွားစေပြီး အောက်သို့ အရှိန်ဖြင့် ကျွမ်းပြန် ကျသွားစေသည်။

သဲပြင်ပေါ်သို့ အကျတွင် ယက်ကန်ယက်ကန်ဖြင့် ကျုံးထနေ၍ နောက်တစ်ချက် မောင်းထိုးကာ လက်ပြင်သို့ ထပ်မံပစ်ချလိုက်သည်။

“ဒိုင်း”

ကျည်စလွယ်ထဲမှ ကျည် ၅ တောင့်ကိုထုတ်၍ ကျည်ခလုတ်ထဲတွင် ကပျာကယာကျည်ထိုးရင်း နောက်ထပ်လှုပ်ရှားလာမည့် ရန်သူကို ရှာဖွေမိသည်။

ကျားထီးကြီးသည် သဲပြင်ပေါ်ဝယ် ငြိမ်သက်နေသည်။ ပထမအချက်က ရင်ဘတ်ကိုထိမှန်၍ ဘယ်ပေါင်ကိုဖြတ်ကာ ကျည်ဆန်ထွက်သွားသည်။ ဒုတိယအချက်သည် လက်ပြင်နှစ်ဖက်ကို ချုပ်၍ ထိမှန်သဖြင့် နေရာတွင် ကျဆုံးရခြင်း ဖြစ်သည်။

ဒုတိယ ရေစပ်တွင်ပစ်သော ကျားမကြီးကား ရေစီးတွင် မျောပါသွား၍ မရှိတော့ပြီ။ ပထမပစ်ခတ်လိုက်သော ကျားပေါက်သည် တစ်ဖက်ကမ်း ကိုင်းတောစပ်တွင် ခွေခွေကလေး လဲကျနေသည်။

ဤကျားသုံးကောင်နှင့် အကျဉ်းအကျပ်တိုက်ပွဲဝယ် (. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်သည် ကျွန်တော်၏ အသက်ကို ကယ်ခဲ့ခြင်း ဖြစ်သည်။

(.၃ဝ၃) နှင့်အောက် ပြောင်းဝအကျယ်ရှိသော သေနတ်များကို ကိုင်ခဲ့လျှင် ဤကဲ့သို့ ရိုင်ဖယ်တစ်ချက်၊ အလွန်ဆုံး နှစ်ချက်ဖြင့် ကျဆုံးမည်မဟုတ်ပါ။ မကျဆုံးခဲ့လျှင် သေနတ်ကိုင်မုဆိုးသည် မုဆိုးဘဝ ဇာတ်သိမ်းရပေမည်။

ယခုမူ (. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်သည် ယမ်းအားပြင်းထန်သည့်အတွက် ဖောက်ထွင်းအားရော၊ ထုနှက်အားတွင်ပါ သာလွန်ပြင်းထန်လေရာ မုဆိုးကို ပြန်လည်ရန်မမူနိုင်အောင် ကျားကြီးများ တစ်ချက်တည်းနှင့် ဒဏ်ရာပြင်းထန်စွာရရှိ၍ ကျွန်တော် အနိုင်ရခြင်းဖြစ်သည်။

(. ၄၅၈) ရိုင်ဖယ်သည် ၁ဝ ပေကျော် ဆင်ကြီးများကိုပင် တစ်ချက်တည်းနှင့် ဖင်ထိုင်သွားသည်အထိ ပြင်းထန်ပေသည်။

အစားကောင်းဟူသည် စားသောက်ပြီး အစာကြေပြီးမှသာ ချီးမွမ်းရသကဲ့သို့ လက်နက်ကောင်းဟူသည် ပစ်ခတ်ပြီး ရန်သူများကို အောင်မြင်စွာ နှိမ်နင်းနိုင်ပြီးမှသာလျှင် ချီးမွမ်းရမည်ဖြစ်သည်။

ကျွန်တော်သည် (. ၄၅၈) မဂ္ဂနမ်ရိုင်ဖယ်ကို မောင်းတင်ထားရာမှ ပြန်လျှော့ချလိုက်ပြီး ပခုံးတွင် လွယ်ကြိုးဖြင့် ညင်သာစွာ လွယ်ထားလိုက်သည်။

တစ်ဖက်ကမ်းတွင် ဒေါက်တာသိန်းကျော်ဌေး ဦးဆောင်သော အဖော်ငါးဦးသည် ကျားသုံးကောင် သေပြီးကာမှာ ကျွန်တော့်နောက်သို့ စုရုံးလိုက်လာကြသည်ကို တွေ့လိုက်ရသည်။

ကျွန်တော့်အတွက်မူ(. ၄၅၈) မဂ္ဂနမ် ရိုင်ဖယ်သည် ယခုလိုက်လာသော အဖော်ငါးဦးထက် ပိုမိုကောင်းမွန်သော အဖော်မွန် ဖြစ်ခဲ့လေပြီတကား။

– ပြီး –

စာရေးသူ – လွင်ဦး (ကွမ်းခြံကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *