July 30, 2025
Uncategorized

ကျွန်ုပ် အိမ်သို့မပြန်နိုင်

ကုမုဒြာ
ကျွန်ုပ် အိမ်သို့မပြန်နိုင်

ဒိုက်သရောကင်းခြင်းဖြင့် အသရေတင့်သော မြစ်ပြင်သည် လရောင်အောက်ဝယ် ပြန့်ပြူးရှင်းသန့်နေ၏။

အဝေးပျပျမှ ချိုးကူသံသဲ့သဲ့သည် နက်ရှိုင်းသော မြစ်ပြင်ကို သတ္တိကင်းစိမ့်သောငှာ မတတ်နိုင်ခဲ့။

ဗေဒါအုပ်စုတို့သည် ဣန္ဒြေကြီးစွာဖြင့် ရွေ့လျားနေ၏။ ဗေဒါသည် မြစ်လယ်ကို ကြောက်လန့်ဟန်ဖြင့် ခပ်ဖယ်ဖယ်ပြုနေ၏။ စုန်ဆင်းရသည်မှာ ပညာပါလှ၏။ တစ်ဖန် ဆန်တက်ရသည်မှာလည်း ထို့ထက်ပို၍ ရင်ခုန်စရာ ကောင်းပြန်၏။

မိုးနှင့်ဆောင်း ရောသော ယခုလိုညကို သူက ပို၍ နှစ်ခြိုက်လေသည်။

ဓနိပင်တန်းများဆီသို့ရောက်ရန် စိတ်ရှည်ရှည်ထား၍ ရွေ့လျားနေရ၏။ မြန်ချင်တိုင်းလည်း မြန် ၍မရ။ မိမိ၏ ဘဝကိုက သည်းထိတ်ရင်ဖိုနိုင်လှခြင်းနှင့် တစ်သားတည်း မွေးဖွားလာသည်မို့ အရာရာသည် အသေးစိတ်ကျ၏။ စေ့စေ့စပ်စပ်လည်း ရှိရ၏။

မိုးနံ့မကင်းသော လေပြည်ငယ်တစ်ချက် ဝေ့သည်တွင် ဗေဒါတို့က မြန်ဆန်စွာ ရွေ့လျားနေသည် ထင်ရ၏။ ဗေဒါသည်လည်း ဘဝနှင့်ပါပဲဟုတွေးကာ ကျိတ်၍ ပြုံးမိပြန်ပါ၏။

မိမိကကော…။

တုံးခေါက်သံကြောင့် ထိတ်ခနဲ လန့်သွားသည့်တိုင် မိမိ၏ပန်းတိုင် ဓနိတောနှင့် ပို၍ နီးလာသည်ကိုကား သတိပြုမိရ၏။ လူနေအိမ်ခြေများနှင့် နီးလာ၍သာ အနှီတုံးခေါက်သံကို ကြားရသည်ပဲ။

ငါးဖမ်းလှေ တစ်စင်းတလေမျှ မတွေ့ရ။

လရောင်နှင့် မြစ်ပြင်ကား ချစ်ကျွမ်းဝင်၍နေလေဆဲ။ မိုးနှင့် ဆောင်းရောသော နီတီတီအရိပ်အငွေ့များသည် လမင်းကိုလျှင် ပြက်ရယ်ပြုဘိသကဲ့သို့ လင်းသည်မှန်ငြား ရှင်းတော့ မရှင်းချေ။

တိတ်တခိုးမှာလိုက်သည့် သူ့ အသံက နားထဲ ပလူပျံရင်း သက်ပြင်းတစ်ချက် ရှိုက်မိပြန်၏။

ရှင်မရယ်. . . ။

xxx xxx xxx

ကျွမ်းကျင်ပိုင်နိုင်သော မုဆိုးပညာကြောင့်ပင် ယခုသက်တမ်းတိုင် တည်မြဲနေသည်ကောလေ။

ကြောက်ရွံ့ခြင်းကင်းသည့် ပြယုဂ်ဖြင့် သူ့ရုပ်သွင်ကား တည်တည်ငြိမ်ငြိမ်။ သစ်တုံးနှင့်တူသည်ဟု နှိမ့်နှိမ့်ချချ နှိုင်းယှဉ်ကြသည်ကို တွေးမိတိုင်း ရင်လှိုင်းခတ်ဆူ ဘဝင်ပူ၏။

တစ်ခါက မြိန်ရှက်ခဲ့ဖူးသည့် ရသတဏှာကြောင့် သည်နေရာသို့ တစ်ခေါက်ထပ်မံ ရောက်ခဲ့ရပြန်ပေါ့ဟု အသိဝင်သည်တွင် အားလည်း တက်၏။

နည်းနည်းလည်း ထိတ်၏။

သို့တစေ. . .

အချစ်အတွက်လော၊ ရသတဏှာအတွက်လော၊ ကိုယ့်အတွက်လောဟုမူ မဝေခွဲတတ်သည့်တိုင် စွန့်စွန့်စားစားတော့ လာခဲ့ရပြန်ချေပြီးလည်း တမုံ့။

လက်ဝါးချင်းရိုက် တိုင်ပင်ထားသည့်နှယ် ဓနိပင်တို့သည် စီစီရီရီ ရှိလှ၏။ ယိမ်းသမတို့ အကတိုက်နေ သည့်ဟန် လေတွင် သွဲ့၍နွဲ့၍လည်း နေကြချေသေး၏။

သက်စွန့်ဆံဖျား ကိုယ့်အတွက်တော့ဖြင့် သည်အာရုံ တွေကို ခံစားခွင့်မရနိုင်။ နံနက်စောစော သို့တည်းမဟုတ် နေဝင်ဖျိုးဖျ မှောင်ရီရီဝယ် သားကောင်ချောင်းရသည်က ပို၍ ဘဝင်ကျစေ၏။ အဆင်လည်းပြေနိုင်၏။

ဝီရိယရှိရမည်၊ ဇွဲကောင်းရမည်၊ ဒါတွေ သူနားလည်သည်။ ပျင်းရိခြင်းနှင့် မဆိုင်သော ငြိမ်သက်ခြင်းတို့ဖြင့် သူတို့တွေတင်စားသည့် သစ်တုံးကဲ့သို့ပင် မိမိကိုယ်ကို ငြိမ်သက်စေရန် စွမ်းဆောင်၏။

ခွေးတစ်ကောင်၏ စူးစူးရှရှ အော်မြည်သံသည် ညဉ့်ယံကို လှုပ်နှိုးလိုက်၏။

လူတွေကတော့ သူတို့အသံကို အူသည်၊ ဟောင်သည် စသည်ဖြင့် ခွဲခြားတတ်ငြား သူကတော့ မြည်သည်ဟုသာ သမုတ်၏။

မှန်သည်။ အသံထွက်ရန် စွမ်းဆောင်သမှုပြု၍ အနှီအသံ ထွက်လာခြင်းဝယ် ဝိသေသများစွာ ခိုဝင်နေစရာမလိုဟု သူတွေးသည်။ ခွေးသံ၊ ကြက်သံ၊ ဝက်သံ၊ ကြောင်သံ၊ မြည်းသံ၊ နွားသံ စသည်ဖြင့် သူတို့အားလုံးသည် အသံဖြစ်စေသမှုကို ပြုကြသည်ပဲ။

မိမိအဖို့ကတော့ အမှန်အတိုင်း ဝန်ခံရလျှင် အမြီးရိုက်အားက အဓိကကျ၏။ ဤအမြီးနှင့် သားကောင်သည် ဒွန်တွဲနေ၏။ အာဟာရရရေးအတွက် အားထုတ်ရသည်က ဤအမြီးသာ ဖြစ်ဘိ၏။

လှိုင်းကြက်ခွပ်တစ်ခု ပြေပြေလေး ဝိုက်၍ ပေါ်လာ၏။

ဩော်. . . ငါးပျံလေးပါလား။

လရောင်ကို ချစ်ရှာ၍ထင့်၊ သူလေးက မြူးထူးနေရှာသည်။

မိုးမခရွက်တို့၏ တီးတိုးတိုင်ပင်သံ ခပ်ရှဲရှဲ ခပ်သဲသဲက ညဉ့်ယံနှင့်လိုက်ဖက်လွန်း၏။ ဟိုဘက်ပြောင်းရင်း သည်ဘက်ပြောင်းရင်း ဖြူလိုက် စိမ်းလိုက် ကစားကာ မာယာများတတ်သော အနှီ မိုးမခရွက်တို့အကြောင်းကို ရှင်မလည်း ပြောဖူး၏။

မာယာများလိုက်တာ မောင်ကြီးရာ တဲ့။ သင်းတို့သာ သက်ရှိသတ္တဝါတွေဆိုရင် သည်ကမ္ဘာကြီးတော့ ပျောက်ဆုံးပြီပဲတဲ့။

ပြောတတ်သည့် ရှင်မ။

ဤသို့ဆိုလျှင် ဓနိပင်တို့ကိုရော ရှင်မသည် အသို့ဆိုအံ့နည်း။ မည်သို့ သုံးသပ်ပါအံ့နည်း။

ဓနိတောကိုဖြင့် သူတို့က ကျေးဇူးရှင်ဟု တင်စားပါ သည်။ ပုန်းရန်၊ ကွယ်ရန်၊ ခိုနားရန် အသင့်တော်ဆုံး အာဝါသအဖြစ် မိမိတို့ဘက်မှာ ရပ်တည်ပေးသည့် ဌာနကြီးပေကိုး။

“ဝုန်း…”

ကြည့်စမ်း။ ပုန်းနေပါသည်ဆိုမှ သည်အမြီးကို အသုံးချလိုက်မိပြန်သည်။ အသက်က စကားပြော လာပြီလား မသိ။ တစ်ခါတစ်ရံများ မေ့တတ်ချင်ချင်။

သတိကပ်စမ်းပါဟု မိမိကိုယ်ကို အားပေးရင်း ဓနိတောညစ်ညစ်၏ ပင်စည်ဝါကြင့်ကြင့်ထဲ ခန္ဓာကိုယ် ကို လိမ်ပြီးတိုး၏။ အိုး. . . မြင်ကွင်းက ကောင်းလှဘိခြင်း။

လူတို့ဆောက်လုပ်ထားသည့် ရေချိုးဆိပ်တံတားငယ်က ရေတက်ထဲဝယ် မြုပ်လုမြုပ်ခင် မပေါ်မလွင် ပါတကား။

အဝတ်ရိုက်ရန်အတွက် ပြန့်ပြူးသော သစ်တုံးကြီးက မနီးမဝေးဝယ် ခပ်ထင်းထင်း။

လရောင်ပါးပါးသည် သစ်တုံးကို ငွေရောင်သုတ်၍ အလှဆင်နေ၏။ မီးမောင်းထိုးပြ ကူညီမှိုင်းမနေသည်သို့။

လေပြည်အဝှေ့ဝယ် အလွမ်းသည် သုတ်သုတ်လေးဝင်လာပြန်၏။ ရှင်မ မျှော်ရှာရော့မည်လား။

တစ်ခါက နှစ်သက်ဖူးသည့် လူသားတမ်းချင်းကြောင့် ဤနေရာသို့ သူ ရောက်ခဲ့ရပြန်ပေါ့။ အချစ်၏ နက်ရှိုင်းသော ဒုက္ခသည်ပင်လျှင် သံယောဇဉ်မာတိကာဖြစ်တုံလျက် ဝေဒနာဝတ္ထုတိုများကို စီကာစဉ်ကာ ဖော်ညွှန်းပြုထားသည်လေ။ ဘဝဟူသည် ဖတ်ကောင်းသည့် စာတစ်ပုဒ်လော၊ စာပေါင်းများစွာ လော။

နွားကဲ့သို့သော သတ္တဝါများမှ တစ်ဖန် အရသာထူးကဲသည့် ဤ လူသား၏ အစိတ်အပိုင်း အစအန အနည်းငယ်ကို သုံးဆောင်မှီဝဲမိပြီးချိန်မှစ၍ ရှင်မ၏ ချင်ခြင်းက ပို၍ ပြင်းပြလာခဲ့၏။ တမ်းမက်မြိန်ရှက် စွာ သုံးဆောင်မှီဝဲခဲ့ဖူးသည့် ထိုညမှာ သူက ကတိပေးခဲ့သည်ပဲလေ။ ရှာခဲ့ပါ့မယ်ကွယ်။

အန္တရာယ်တော့ များမယ်ထင်တယ် မောင်ကြီးရယ်နော်ဟု အားတုံ့အားနာ ဆိုပြန်ချေသေး၏။

မည်သို့ဆိုစေ ချစ်ခြင်းဟူသည်က အင်အားဆိုလေတော့လည်း. . . ။

xxx xxx xxx

ငါးကြင်းကဲ့သို့သော ငါးအကြီးစားတစ်ကောင်က ဗွမ်းခနဲ ထပွက်၏။

မိုက်ရူးရဲဆန်သည့် ငါး။ ဘာများ ပျော်စရာရှိလို့ ဒီလောက် ဣန္ဒြေကင်းရတာလဲကွယ်ဟု ရှုတ်ချချင်ငြား ဪ… သူလည်း သူ့အတွေးနှင့်သူဟု ခွင့်လွှတ်လိုက်ပါသည်။ ငြိမ်သက်မှုကို ဖြိုခွင်းသည့် သတ္တဝါအဖြစ်တော့ အထင်သေးသွားမိသည်ကို ဝန်ခံပါ၏။

ငါးမိုက်။

မိုက်ရူးရဲငါး။

အကြေးဖြူဖြူမို့ လရောင်တွင် ငွေရောင်လက်နေ၏။ သည်လိုငါးမျိုးက အချိုဓာတ်ပြင်းကြောင်း လူသားတွေ မသိဘူးဟုများ သင်းထင်နေရော့သလားမသိ။ နည်းနည်းလေးမှ သတိမရှိ နမော်နမဲ့နိုင်လှသည်ကိုး။

“ကွတ်… ကွတ်… ကွတ်… ကွတ်… ကွတ်…”

ညငှက်တစ်ကောင်က အော်မြည်လိုက်ပြန်၏။ လေပြည်ကြောင့် လှိုင်းကြက်ခွပ်တို့ လှုပ်ရှားလူးလွန့် သွားပြန်လေသည်။

မိုးရယ် … လင်းတော့ကွယ်ဟု နီစပ်စပ်နေမင်းကို သူသည် မျှော်လင့်မိပြန်၏။

လူတို့ နိုးထလာမည့် အချိန်က ခပ်စောစောဖြစ်လျှင်ဖြင့်၊ သို့မဟုတ် လူပြတ်ချိန်ဆိုလျှင် ပိုကောင်း၏။ တစ်ယောက်တည်း ရေခပ်ဆင်းခဲ့ပါ၊ တစ်ဦးတည်း အဝတ် လျှော်စမ်းပါ၊ အထီးကျန်စွာ ငေးငိုင်တွေဝေရင်း မြစ်ကမ်းစပ်ကိုလာခဲ့ပါဟု သူသည် မွတ်သိပ်စွာတောင်းဆိုနေတော့၏။

တစ်ခါက လုံမတစ်ဦးသည် တေးချင်းညည်းရင်း အဝတ်ရိုက်လျှော်နေ၏။

ပြင်းထန်သော အမြီးရိုက်အားဝယ် သူ၏ စိတ်ကူးယဉ်သီချင်းသံလေး တိမ်ဝင်သွား၏။ ခံတွင်းရဲရဲသို့ ဝင်လာသည့် အနှီ လုံမကို မနိုင့်တနိုင် သယ်ပိုးရင်း နွံစပ်စပ်စွတ်ကြောင်းကြီး ဖြစ်စေကာ ရေထဲ ခုန်ချ၏။ တစ်နည်းဆိုရသော် လျှောဆင်းခြင်း ဖြစ်၏။

ဝေးဝေးပျပျမှ မြင်လိုက်သူများ ငြာသံပေး၍ ပြေးလိုက်လာကြသည့်တိုင် အရာအားလုံး နောက်ကျခဲ့ချေပြီ။ ဓနိတောက အကာအကွယ်အဖြစ် မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်ကိုး။

ထိုညက မောင်ကြီးနှင့် ရှင်မတို့၏ ပါတီပွဲက ငြိမ်ငြိမ်ဆိတ်ဆိတ်။ အသားပုပ်နံ့တို့ ပြွမ်းတီးနေသည့် အသိုက်ထဲဝယ် ရိုးရာမပျက် ကျင်းပခဲ့ခြင်းသာ။

အသားနုနု အသွေးဆူဆူက လျှာပေါ်မှာပင် အရည်ပျော်လုလု တိမ်းမူးဖွယ်လူသား။ လူဆိုတာ သည်လိုလားဟုပင် ဆွေးနွေးပွဲလေး ကျင်းပရတော့မတတ်။ ကောင်းလိုက်တာဟု တစ်ခဲနက်ထောက်ခံ
ရမည့် စားသောက်ဖွယ်ရာတစ်ခု။

ကတိတည်မှ ဖြစ်ပါမည်။ ငယ်ပေါင်းနှမအတွက် သည်ကတိကိုတော့ဖြင့် တည်ချင်သည်လေ။

တဝီဝီ ခြင်တို့က ရေကိုလည်း မကြောက်။ ဓနိတောရိပ်ကိုခို၍ သူတို့ သောင်းကျန်းကြသည်။ သည်အခိုက် ဘိုကလေးမြစ်ဝမှ တေးသံသာ ပေါ်လာ၏။

ညအချိန် ငါးဖမ်းပြီး ပြန်လာသည့် ကိုတံငါပေလား၊ သို့တည်းမဟုတ် နံနက်စောစော ဝီရိယကောင်းသည့် ကိုတံငါပေပဲလား။ မည်သို့ဆိုစေ သည်တံငါလှေကိုတော့ဖြင့် စိတ်မဝင်စားမိပါချေ။

အညာမြေ လှေကြုံစီးလို့ အောက်ပြည်ကို မောင်ကြီး လာခဲ့မယ် ဟူသော အသံဝါကြီးက မြစ်ပြင်အထက် ဆယ်မိုင်လောက်အထိ ပျံ့လွင့်သွားသည် ထင်ရ၏။

လူတွေ၏အသံကို သူ နားယဉ်သည်။ တစ်ဖန် ကြောက်လည်း ကြောက်၏။

သူတို့သွေးသားကို ဆန္ဒပြင်းပြ၍သာ ကြိုးစားလာရ သည့်တိုင် လူတို့ဉာဏ်ကိုတော့ သူ နည်းနည်းဖြုံသည်။ မျက်လုံးချင်းလည်း မဆုံရဲ။ သူတို့ဟိတ် သူတို့ ဒြပ်ကိုတော့ လေးစားချင်ချင်။

xxx xxx xxx

ငှက်တစ်ကောင်၏ သံရှည်ဆွဲမြည်သံနောက်ဝယ် ထွက်ပြူစ နေလုံး၏ ရီတီတီအရောင်က မိုးမခပင်ကိုင်းအောက်က မော့မော့လေးပေါ်လာ၏။ အရောင်ဖျော့၍ မလှသေး။ ခွန်အားနည်းသေး၏။ သို့တိုင်… ။

ဟင်… ။

တရှပ်ရှပ်ခြေသံကြောင့် သစ်တုံးနှယ် ကိုယ်ဟန်ကို တစ်ချက်နှိမ့်လိုက်မိ၏။ ဓနိရိပ်ထင်နေသော မြစ် ရေညစ်ညစ်သည် နည်းနည်းလေးမျှ လှုပ်ခတ်မသွား။ ပညာပါသူ မိကျောင်းအို၏ နံပါတ်တစ်ပရိ ယာယ်။

ခပ်ငယ်ငယ် ယောက်ျားလေး တစ်ယောက်သည် မြစ်ဆိပ်သို့ ရှေးရှုလာနေ၏။ သူ၏လက်ထဲဝယ် သံပုံးနှစ်လုံးကို ဟိုဘက်သည်ဘက် ဆွဲထား၏။

အရွယ်ငယ်ငယ် နုနု နယ်နယ် ဆူဆူဖြိုးဖြိုးပါတကား။ ရှင်မအတွက် လက်ဆောင်ကောင်းဖြင့် ရချေမည်ဟု စိတ်တွင်းက ကတိပေး၏။

ရေထဲသို့ ပုံးနှစ်သံက မကျယ်လှသည့်တိုင် ဂယက်ဝိုင်းထပုံက ပန်းချီဆန်လှ၏။ လှလိုက်တာဟု ကျူးရင့်မနေအား။

မှေးစင်းစင်း မျက်လုံး၊ ချောပြောင်ပြောင် ကျောကုန်းနှင့် သစ်တုံးနှင့် တူလှချေဟု လူတို့သမုတ်သည့် ဤခန္ဓာကိုယ် အတ္တဘောက ခုလိုဆိုတော့လည်း ပရိယာယ်၏ စွမ်းအားကြောင့် ပို၍ လေးနက်လာ၏။

ပုဆိုးကွက်ကလေးကို ခါးတောင်းကျိုက်ထားသဖြင့် အသားများ၍ တစ်ရစ်ဆူဖြိုးသော ပေါင်တံနှင့် ခြေသလုံးအထက်ပိုင်းသည် သွားရည်ယိုချင်စရာ ကောင်းလှ၏။

ရှင်မမျက်နှာလေးကို တစ်ချက် ပြေးမြင်၍ ပြင်းစွာသောအဟုန်ဖြင့် တိုးဝင်လိုက်ချေတော့၏။

ဝုန်း. . . ။

ဟာ. . . ။

အော်သံနှင့်တကွ လေထဲတွင် မြောက်တက်သွား၏။ ပါးစပ်ထဲတွင်ကား ဘာကိုမျှ မဟပ်မိလိုက် ထင်၏။ သွေးအလိမ်းလိမ်းနှင့် ခြေဖြစ်စေ၊ လက်ဖြစ်စေ အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို မျှော်လင့်မိသည်မှန် ငြား… ။

မီးအိမ်ရောင် ဝင်းဝါဝါတို့က နေရောင်မပီတပီနှင့်ရောကာ ဓနိတောစပ်ဝယ် ထွန်းလင်းလာ၏။ ရုတ်တရက် ပြန်မပိတ်နိုင်သော ပါးစပ်ဟပြဲပြဲတွင်းသို့ တစ်စုံတစ်ခု တိုးဝင်လာ၏။

လာခဲ့စမ်း. . . ဟပ်ပစ်လိုက်၏။

သဘာဝတစ်ခု အလေ့အထတစ်ခုမို့ အားသွင်း၍ ကျုံးဟပ်လိုက်ရသည့်တိုင် ဝင်ရောက်လာသည့် အာဟာရကမူ သူမျှော်လင့်တောင့်တနေသည့် လူသားမဟုတ်ပါချေ။

“ဟုတ်ပြီ … ဒီအကောင်ပဲကွ။ မအေးလေး အဝတ်လျှော်နေတုန်း ဆွဲသွားတာ ဒီကောင်ပဲ”

နာကြည်းချက်ပြင်းသော ဗလုံးဗထွေးပြောသံပေါ်လာ၏။

“အနား သိပ်မကပ်ကြနဲ့”

နိုင်လွန်ကြိုးစကြီး ဝဲပျံကျလာသည်ကို သတိမမူနိုင်လိုက်မိသည့် အမှားနှင့် ရုတ်တရက် ကိုက်ဝါးလိုက် မိသည့် ဘာမှန်းမသိသည့် အမျှင်တုံးက ပေါင်းစည်းစုရုံးကာ မိမိကို ဒုက္ခပေးကြလေပြီကော။

မျက်လုံးအောက်ဘက်နေရာ အသားပျော့တွင်းသို့ စူးရှသော အရာဝတ္ထုဖြင့် ထိုးသွင်းခြင်း ခံလိုက်ရ၏။ နာလိုက်သည်မှာ ဆိုဖွယ်ရာ မရှိ။

စီးလာသောသွေးများကို မြင်ရခိုက် ပရမ်းပတာစိတ်ဖြင့် အားကုန်သုံး ရုန်းမိငြား ပိုက်ကွန်သည် ပို၍ တင်းကျပ်လာသည် ထင်ရ၏။

“ဒီကောင်ကို ညှဉ်းပြီး သတ်ရမယ်။ မအေးလေး သေသလို အသေဆိုးနဲ့ ဒီကောင် သေရမယ်”

ကျယ်လောင်သော ပေါက်ကွဲသံစဉ်အဆုံး ရှည်လျားသော ဆူးချွန်ကြီးတစ်ခုက ဝမ်းဗိုက်အသားပျော့ နေရာသို့ စူးဝင်လာပြန်သည်။ ပါးစပ်ထဲ ဝင်လာသည့် အမျှင်တုံးကလည်း လွတ်မသွားသေး။

ဟပ်လိုက်မိသည့် အရာက မိမိဘဝအတွက် ဒုက္ခဆိုးဟုသာ အချိန်မီ သိလိုက်နိုင်လျှင် အဘယ်မျှ ကောင်း ခြိမ့်မည်နည်း။

ကြိုးစား၍ ထွေးထုတ်သည့်တိုင် အချည်းနှီးသာ။ အမျှင်များသည် ပို၍ ရှုပ်ထွေးကာ သွားများတွင် ကပ်ငြိကြကုန်၏။ မည်သည့်အရာပေနည်း။

အမြီးရိုက်ချက်ကြောင့် ဗေဒါဖုတ်တို့ လွင့်စဉ်ကုန်၏။ အခြား ထူးခြားချက်တော့ မရှိသေး။

“အသေ မသတ်နဲ့အုံး။ မြို့ကလူတွေလာရင် ပြရအောင်။ ပိုက်ကွန်ကြောင့် ဒီကောင် မပြေးနိုင်တော့ပါဘူး”

သတိပြုမိပါမှ ခန္ဓာကိုယ်တစ်ခုလုံး နွံစပ်သို့ ရောက်နေကြောင်း သိရ၏။ ကြိုးဖြင့် ချည်နှောင်တုပ်ဆွဲသွားကြလေပြီ။ လူတို့၏ ပရိယာယ်ကို မှင်တက်အံ့ဩရင်း ဒေါသစိတ်တို့ ဆူကြွလာပြန်၏။ ဘယ်တုံးကတည်းက ပရိယာယ်ဆင်ကြလေသည် မသိ။

“စောင့်နေတာကြာပြီ၊ သင်းပြန်လာမှာပဲလို့။ ဟိုရက်က ကျွန်းကလေးမှာ နွားတစ်ကောင်ဆွဲသွား တာလည်း သူပဲနေမှာ”

“ဟင့်အင်း … မဟုတ်ဘူး … မဟုတ်ဘူး”

ဟု ဖြေရှင်းချင်ငြား လူသားကမူ သူ၏ထင်မြင်ချက်ကိုသာ တင်ပြနေတော့၏။

မိမိကဲ့သို့သော ဘဝတူ ရေမုဆိုးက မိမိကို နာမည်ဖျက်ခဲ့ပြီကော။ မအေးလေးတော့ စားမိပါတယ်ဗျာ။ နွားတော့ မဆွဲမိပါဘူးဟု သွေးရူးသွေးတန်း ဖြေရှင်းချင်သည့်တိုင်…။

နေမင်းဝါဝါ အရှိန်မြင့်လာသည်တွင် လူတို့သည် မီးအိမ်ကို ငြိမ်းကြကုန်၏။

စိုက်ကြည့်နေသော မျက်လုံးဒဏ်ကို မခံချင်။ ကြောက်စိတ်၊ ဒေါသစိတ်နှင့်အတူ ယူကျုံးမရစိတ်ကပါ ဒွန်တွဲပေါ်လာ၏။

ဖြစ်ပါ့မလား မောင်ကြီး။ လိုက်ခဲ့မယ်ဟု သူပြောစဉ်က ခေါ်ခဲ့လျှင် အကောင်းသား။ မည်သို့ဆိုစေ မိမိတို့သဘာဝ သင်းကွဲသွားလာ တစ်ကိုယ်တော်အစာရှာခြင်းက ဂန္ထဝင်မြောက်သည်မို့လည်း. . .။

“အဲဒါပေါ့ကွ၊ ဓနိတောမှာပျော်တဲ့ မိကျောင်းဟာ ဓနိဘောကြောင့် သေရတယ်ဆိုတာ”

ဆေးလိပ်ဖွာရင်း စိမ်ပြေနပြေ ကြည့်နေသော လူသားက မိန့်ခွန်းခြွေ၏။

“ဟိုတစ်ကောင်တုန်းကလည်း ဒီလိုပဲ ဖမ်းရတာပဲ။ သူတို့ သေမင်းမှန်းသာသိရင် အဲဒီပါးစပ်က ဟပ်မှာမဟုတ်ဘူး။ ဟပ်တိုင်း သေရတဲ့အကြောင်း မှာခဲ့နိုင်ရင် သူတို့ ဒီလိုဖြစ်မှာမဟုတ်ဘူး”

ဝမ်းသာလို့ပြောမှန်း၊ သံဝေဂကြောင့်ပြောမှန်း၊ သနား၍ပြောမှန်း မဝေခွဲတတ်ငြား ဤအမျှင်တုံးကြီးကို ဓနိဘောဟု သူတို့ခေါ် လေသည်။ ဒါဆို ဒါကြီးက ဓနိပင်ကပေါ့။ ဟင်. . . မိမိတို့ကို အကာအကွယ် ပေးနေသည့် ဓနိတောက သည် တစ်ဖက်လှည့်မာယာလည်း သုံးတာပဲလား။

အို… ဓနိပင်သည် မိုးမခပင်နှင့် ချစ်ကျွမ်းဝင်လျက် မာယာအတတ်တို့ကို သင်ထား ကျွမ်းထား လေသည်ကော။

နာကြည်းစိတ် ပြင်းထန်သော်ငြား အမြီးရိုက်အားသည် လျော့ကျလာ၏။ နေရောင်မြင့်လာသည့်တိုင် ပို၍မှောင်မိုက်လာသည်ထင်၏။ နာကျင်ခြင်းဝေဒနာ၊ ဆွေးမြည့်သောခံစားချက်၊ ယူကျုံးမရသည့် နောင်တစိတ်။

ပူလောင်လှသည် ရှင်မရယ်။ နှစ်ကိုယ်တူ မလာမိပါ၍ မောင်ကြီးရဲ့အဖြစ်ဆိုးအား နှမ မမြင်။ နှမအား မည်သို့မည်ပုံ ပြောရပါ့ကွယ်။

ဒီလို ဓနိတောမှာ ဓနိဘော ဆိုတဲ့ ဓနိပင်ကထွက်တဲ့အရာကြီးတစ်ခုဟာ ကိုယ်တို့ကို ဒုက္ခပေးဖို့ စောင့်နေတယ်ဆိုတဲ့ အကြောင်းလေ။

တစ်ဆင့်တစ်ဆင့် လက်ဆင့်မကမ်းနိုင်သော်. . . ။

တစ်နေ့တစ်ချိန်ဝယ် ရှင်မသည်လည်း ကြင်ဖော်ပျောက်ကို ရှာဖွေရင်း စမ်းတဝါးဝါးဖြင့် ဤ ဒေသသို့ ရောက်လာပေလိမ့်မည်။ ကိုယ့်နည်းတူစွာ သူသည်လည်း. . .။

မော်တော်စက်လှေသံနှင့်အတူ လှိုင်းပုတ်လာ၏။ ဓနိတောအောက်ခြေဝယ် လှုပ်ခတ်နေသော ရေလှိုင်းတို့က သေမင်း၏ မချိုမချဉ်မျက်နှာနှင့် တူ၏။ ညစ်နေသောရေက အရိပ်ကို ထင်ဟပ်စေနိုင်စွမ်း မရှိ။

မော်တော်လာပြီ။

“မအေးလေး အစ်ကိုက သူကိုယ်တိုင် ကိစ္စတုံးပစ်ချင်လို့တဲ့”

ပါးစပ်ထဲကအရာကြီးရယ် … သွားစမ်းပါ။ ရုန်းလေ နစ်လေပါတကား။ ဒီအရာကြီးသာ ဆို့တစ်မနေလျှင် သည်ပိုက်ကွန်လောက်တော့ ကြောက်အားပိုမိမည် မထင်။ ပြတ်သတ်ထွက်သွားနိုင်သည်ပဲ။

“အား” ဟု အော်လိုက်ချင်ပါသည်။

မျက်လုံးတစ်ဖက်သို့ အရှိန်ပြင်းစွာ ပြေးဝင်လာသော လှံရှည်ကို နောက်ဆုံးအသိဖြင့် မြင်၏။ အသည်းခိုက်မျှ နာကြည်းချက်ကြောင့် ခန္ဓာကိုယ်သည် ပျော့ကျလာ၏။ သတိက လစ်ချင်ချင်။

တူနှစ်ကိုယ်ပျော်မွေ့ရာ အသိုက်ကလေးကို မြင်၏။ ညိုညစ်ညစ် ခရာပင်တွေကို မြင်၏။ သစ်ကိုင်းသစ် ခက်တို့ဖြင့်တည်ဆောက်ထားသော ကလိုင်ဖောက်ကာ နံရံတွင်းတူးထားသည့် ချစ်စံအိမ်ကလေးကို ဆွေးမြည့်စွာ မြင်ယောင်လာမိ၏။ သူနှင့် ကိုယ်၏ ကမ္ဘာလေးက ပျော်မွေ့ဖွယ်ရာပါ။

မရက်စက်ပါနဲ့ လူသားတို့ရယ်ဟု တောင်းပန်ချင်စိတ် ပေါ်လာငြား မတတ်နိုင်ပါပြီ။

အမှောင်ထုသည် ကြီးစိုးလာသည် ထင်ရ၏။ နေရင်းထိုင်ရင်း ညရောက်တော့မည်လောဟု တွေးထင်၏။

ဟုတ်ပါရဲ့၊ မှောင်မိုက်လိုက်ပါဘိ။

ခရာဆူးချုံတွေ ဘယ်မှာပါလိမ့်ဟု တွေး၏။ ပျောက်နေလိုက်တာ ရှာမရ။ မျှော့မည်းမည်းတွေနှင့် အသုံးမတည့်သည့် ရေမြွေတို့ပျော်ရာ အသိုက်စပ်က လေညင်းခံရာ နွံပြင်လေးကော ဘယ်မှာလဲကွယ်။

ချိုးကူသံသဲ့သဲ့သည် ဝေးဝေးမှ ပျံ့လွင့်လာ၏။

ရှင်မရေ. . . နှုတ်ဆက်တယ်နော်ဟု ရင်မှ တိုးတိတ်စွာ နှုတ်ခွန်းဆက်မိပြန်၏။ ပြတ်ရှဒဏ်ရာတစ်ခု ညာဘက်မျက်ခွံထက်သို့ ကျရောက်လာပြန်ပါပြီ။

မှောင်လိုက်တာကွယ်။

မှောင်လိုက်တာ လောကရယ်။

ဓနိတောရေဟု တမ်းတမိပြန်သည်။

ရှင်မဆီ မြန်မြန်ပြန်မှပါ၊ စိတ်မချပါဘူး။ အသိဝင်လျက် ခန္ဓာကိုယ်ကို အားထည့်၍ လှုပ်ရှားသော် ငြား အချည်းနှီးသာ။

အမြန်ပြန်ရောက်မှ ဖြစ်ပါမည်။ တူနှစ်ကိုယ်အသိုက်ငယ်သို့ အမြန်ပြန်ရောက်မှ ဖြစ်မည်ကို ဒီလူသားတွေ ဘာကြောင့်များ မသိရှာကြတာပါလိမ့်။ သံယောဇဉ်ရှိတတ်သူချင်းမို့ နားလည်ပြီး ပြန်လွှတ်ပေးကြပါနော်။ ရှင်မ အားငယ်လှပြီ ထင်ပါရဲ့။

မှောင်လိုက်တာကွယ်။

မှောင်လိုက်တာ လောကရယ်။

ဪ … သည်လိုပုံနှင့် မိုးကြီးချုပ်ခဲ့ပြီ ထင်ပါရဲ့လေ။ ။

(ငွေတာရီ မဂ္ဂဇင်း)

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *