စိန်လှိုင်
ကျွဲရိုင်းအုပ်နှင့် အမဲလိုက်ခွေး
ကျွန်ုပ်နှင့် ဇနီးဖြစ်သူ ဟီလ်ဒါတို့သည် ဒုတိယအကြိမ်မြောက် ပျားရည်ဆန်းခရီးထွက်ရာမှ အပြန်တွင် အသင့်ရောက်ရှိနေသော စာတစောင်ကို တွေ့ရသည်။ စာမှာ ကင်းယားပြည်ရှိ တောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်သောဌာနမှ အကြီးအကဲဖြစ်သူ ကက်ပတိန်ရစ်ချီထံမှ ရေးသားလိုက်သောစာ ဖြစ်သည်။
ကျွန်ုပ်သည် ခရီးရောက်မဆိုက်ပင် ၎င်းအား သွားရောက်တွေ့ဆုံခြင်း ပြုရပါတော့သည်။
တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်သောဌာနတွင် အရေးကြီးသောပြဿနာတခုနှင့် တွေ့ကြုံနေရသည်။ ပြဿနာကား နိုင်ရိုဘီမြို့၏ မြောက်ဘက် မိုင်တရာခန့်အကွာရှိ သော်မဆင်ရေတံခွန်အနီးတဝိုက်တွင် အခြေစိုက်နေထိုင်လျက်ရှိကြသော တိုင်းရင်းသားလူမျိုးစု တစုအား ကျွဲရိုင်းအုပ်ကြီးတအုပ်က အကြီးအကျယ် ဒုက္ခပေးနေသည့် ကိစ္စပင် ဖြစ်သည်။
ယင်းကျွဲရိုင်းအုပ်ကြီးသည် နေ့စဉ်နှင့်အမျှ လူနေအိမ်ခြေများကို ဖျက်ဆီးလျက်ရှိပြီး တိုင်းရင်းသား အများအပြားကိုလည်း အသက်အန္တရာယ်ပြုလျက် ရှိသည်။ ထို့ကြောင့်ပင် ကက်ပတိန်ရစ်ချီသည် ကျွဲရိုင်အုပ်ကြီးအား သတ်ဖြတ်နှိမ်နင်းပစ်ရန် ဆုံးဖြတ်လိုက်လေသည်။
တောလိုက်မုဆိုးအများအပြားကပင်လျှင် ကျွဲရိုင်းအား အာဖရိကတိုက်ရှိ တောရိုင်းတိရစ္ဆာန်များအနက် ကြောက်မက်ဖွယ်ရာအကောင်းဆုံး တိရစ္ဆာန်အဖြစ် မှတ်ယူထားကြသည်။
ကျွဲရိုင်းတကောင်၏ ရန်မူခြင်းကို ခံရသောအခါ ၎င်းသည် အံ့ဩဘွယ်ရာကောင်းလောက်သော ရဲတင်းခြင်းဖြင့် လိုက်လံတိုက်ခိုက်တတ်သည်။ ၎င်းအား သေနတ်ဖြင့် ပစ်ခတ်သည့်တိုင်အောင် အခြားသော ကြံ့များ၊ ဆင်များကဲ့သို့ ကျည်ဆံကို တွန့်ဆုတ်ရှောင်ရှားခြင်း မရှိဘဲ တဟုန်ထိုးဝင်ရောက် ခတ်တတ်လေ့ရှိသည်။
ကျွဲရိုင်းတကောင်သည် အများအားဖြင့် ၎င်းသေဆုံး သည့်တိုင် သို့မဟုတ် တဘက်ရန်သူမုဆိုး သေဆုံးသည့်တိုင်အောင် သဲသဲမဲမဲ တိုက်ခိုက်လေ့ရှိသည်။
၎င်းတို့သည် အစဉ်းလဲအကောက်ကျစ်ဆုံး တိရစ္ဆာန်များလည်း ဖြစ်သည်။ မကြာခဏဆိုသလိုပင် ဒဏ်ရာရရှိထားသော ကျွဲရိုင်းသည် ရှေ့သို့ ပြေးနေရာမှ နောတ်ကြောင်းပြန်လှည့်ကာ မုဆိုးအား ရန်မူရန် ရည်ရွယ်ချက်ဖြင့် လမ်းဘေးမှနေကာ တိတ်တဆိတ် ချောင်းမြောင်းစောင့်ဆိုင်းနေတတ်လေ့ ရှိသည်။
အမျက်ထွက်ခြင်း မရှိဘဲနှင့်လည်း သွေးအေးအေးဖြင့် ရုတ်တရက် ရန်မူတိုက်ခိုက်တတ်သည်။
ယင်းကြောင့်ပင် ၎င်းအားကြောက်မက်ဘွယ်ရာ အကောင်းဆုံး သားကောင်တကောင်အဖြစ် မှတ်ယူထားကြခြင်း ဖြစ်သည်။
ကျွန်ုပ်သည် ဤခရီးစဉ်တွင် ကိုင်ဆောင်ရန်လက်နက်အဖြစ် .၅၀၀-ပြောင်းနှစ်လုံးတတ် ဂျက်ဖရီရိုင်ဖယ်သေနတ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
အကြောင်းမူ လူတယောက် သက်သောင့်သက်သာ ကိုင်ဆောင်နိုင်သော အပြင်းထန်ဆုံး လက်နက်သည်ပင် ကျွဲရိုင်းတကောင်အတွက် ထိရောက်လိမ့်မည် မဟုတ်ဟု စဉ်းစားမိသောကြောင့်ပင်။
ဒဏ်ရာရရှိထားသော တိရစ္ဆာန်များသည် ခြုံထဲတွင် ဝင်ရောက်ခိုအောင်းလေ့ ရှိသည်ကို သိထားသောကြောင့် ယင်းသို့ ခိုအောင်းနေပါက မောင်း ထုတ်ရန်အတွက် ခွေးများကို အသုံးပြုရန်ပါ ဆုံးဖြတ်လိုက်ပါသည်။
နိုင်ရိုဘီမြို့ရှိ တိရစ္ဆာန်ထောင်တွင်လည်း ခွေးဖျင်း ခွေးညံ့ အနည်းငယ်မှအပ အားထားလောက်စရာ ခွေးကောင်း ခွေးသန့်ဟူ၍လည်း မရှိချေ။ သို့ရာတွင် ကျွန်ုပ်မှာ ရွေးချယ်စရာ အခြားနည်းလမ်း မရှိတော့သဖြင့် ခွေးအုပ်ကို ဝယ်ယူလိုက်သည်။ နောင်အခါတွင် ဤခွေးများထက် အကောင်အနည်းငယ်ထွားပြီး ပိုမိုသွက်လက် ဖျပ်လတ်သော ခွေးကောင်ရေ အနည်းငယ်ကို တိုင်းရင်းသားများထံမှ ဝယ်ယူအားဖြည့်လိုက်ပါသည်။
သို့တိုင်အောင် လက်ရှိခွေးအုပ်ကို ခေါင်းဆောင်ခိုင်းရန်အတွက် ကျွန်ုပ်အဘို့ ခွေးမျိုးကောင်းတကောင် အပူတပြင်း လိုအပ်လျက် ရှိပြန်လေသည်။ ခွေးများသည် ခေါင်းဆောင်၏နောက်သို့ အလွယ်တကူလိုက်ပါတတ်လေ့ရှိရာ ခေါင်းဆောင်ခွေးသာ ကောင်းပါက ခွေးတအုပ်လုံးကို အတော်အတန် အားထားရသော ခွေးအုပ်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်လေသည်။
သို့ရာတွင် ခွေးကောင်းမရတော့သဖြင့် လက်ရှိခွေးမျိုးစုံအုပ်နှင့်ပင် နိုင်ရိုဘီမှ ထွက်ခွာရန် ပြင်ဆင်ရတော့သည်။
ခရီးမထွက်မီ ရက်အနည်းငယ် အလိုတွင် အလုပ်မှထွက်ကာ အနားယူသွားသော အရာရှိတဦးထံမှ ၎င်း၏ခွေးကို ယူရန် ကမ်းလှမ်းခြင်းပြုလာသည်။
၎င်း၏ခွေးမှာ သွန်သင်၍မရနိုင်လောက်အောင်ပင် ဆိုးသွမ်းလှသော ခွေးတကောင်ဖြစ်သည်။ ၎င်း၏ ကိုက်ခဲခြင်းခံရသော တိုင်းရင်းသားများမှာလည်း မနည်းလှဟု ဆိုလေသည်။
ထို့ပြင် နိုင်ရိုဘီအနီးတဝိုက်ရှိ ကျွဲ၊ နွား တိရစ္ဆာန် အများအပြားကိုလည်း ကိုက်သတ်ခဲ့သည်ဟု သိရှိရသည်။
ခွေးရှင်၏ ပြောပြချက်ကို ကြားရသည်နှင့်ပင် ဤခွေးမှာ မျှော်လင့်အားထားစရာ မရှိကြောင်းဖြင့် ဆုံးဖြတ်လိုက်မိသည်။ သို့သော်လည်း တတ်နိုင်သမျှ ကောင်းအောင် ကြိုးစားကြည့်ဦးမည်ဟူသော စိတ်ကူးဖြင့် ၎င်းခွေးကို သွားရောက်ယူငင်လိုက်လေ သည်။
မြင်လျှင် မြင်ခြင်းပင် ခွေးကို သဘောကျသွားမိသည်။ အသွေးအရောင်မှာ ညို၍ အယ်လ်ဇေးရှင်းခွေးတကောင်လောက်ပင် ထွားကျိုင်းသည်။ ၎င်း၏ မေးရိုးများမှာ သန်မာလှပြီး ယင်းမေးရိုးများအား မည်သို့ အသုံးပြုရမည်ကိုလည်း ကောင်းစွာသိသော ခွေးဖြစ်သည်။
တဲရီယားခွေးမျိုးဖြင့် စပ်ကျထားဟန်ရှိသည်။ ကျွန်ုပ်သည် ၎င်းအား အလွယ်အတကူ ခေါ်၍ရအောင် စကားလုံးတိုတိုတုတ်တုတ်ဖြင့် “ဘတ်” ဟု ခေါ်ရန် ဆုံးဖြတ်လိုယ်သည်။
ဘတ်သည် မကြာခင်အတွင်းမှာပင် ခွေအုပ်၏ ခေါင်းဆောင်ဖြစ်သွားလေသည်။ ပထမတွင် ၎င်းအား အကြိမ်ပေါင်းများစွာ အိမ်ခံခွေးအုပ်က ဝိုင်းဝန်း၍ ဗိုလ်လုပွဲ ဆင်နွှဲကြသေးသော်သည်း ချက်ချင်းပင် ၎င်း၏ အစွမ်းအစကို သိရှိကာ အမြီးကုတ်သွားကြသည်။
ခွေးမများကပင် အမြီးကလေး နှံ့ကာ နှံ့ကာဖြင့် ဘတ်အား နှစ်သက်ကြောင်း ပြလာကြသည်။ ဘတ် ကား ရဲရင့်ရုံသာမက တကယ်ပင် အားထားရသော ခွေးမျိုးကောင်း တကောင်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်၏ ခြေရင်းတွင် ဝပ်စင်းနေရာမှ ပါးနပ်သောမျက်စိအစုံဖြင့် ကျွန်ုပ်အား ကြည့်ကာ ကျွန်ုပ်တွေးတောစဉ်းစားနေသမျှကို အကဲခတ်နေတတ်သည်။
ဤသို့ဖြင့် နိုင်ရိုဘီမှ မထွက်ခွာမီ ရက်အနည်းအငယ် အတောအတွင်းမှာပင် ကျွန်ုပ်သည် ဘတ်အား အခြားခွေးများထက် ပို၍ ခင်တွယ်သွားမိသည်။
ကျွဲရိုင်းများကို လိုက်ရာတွင် ၎င်း၏ အစွမ်းအစကို ပြနိုင်ပြီး ကျောက်မက်ဖွယ်ရာ ကောင်းလှသော ကျွဲရိုင်း၏ ဦးချိုဖျားနှင့် ခွာကိုသာ ရှောင်တတ်နိုင်ပါစေဟု မျှော်လင့်အားထားမိသည်။
သော်မဆင်ရေတံခွန်အနီး၌ စခန်းချနေစဉ်အချိန်မှာပင် ဘတ်အား မူလပိုင်ရှင်က မည်သည့်အတွက် စွန့်ပစ်လိုက်ကြောင်း ကောင်းကောင်းကြီး ရိပ်စားမိပါတော့သည်။
တညနေတွင် ကျွန်ုင်သည် ဘတ်ကိုခေါ်၍ လမ်းလျှောက်ထွက်လာသည်။ လမ်းတွင် တိုင်းရင်းသားတဦးသည် သိုးတအုပ်ကို မောင်း၍ ဖြတ်ကျော်သွားသည်။ သိုးများကို မြင်ရသောအခါ ဘတ်သည် စိတ် မထိန်းနိုင်တော့ဘဲ သိုးအုပ်ထဲသသို့ တဟုန်ထိုး ပြေးဝင်၍သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဘတ်၏ သွားများသည် သိုးတကောင်၏ လည်ချောင်းကို ခဲမိပြီးသား ဖြစ်သွားလေသည်။
ကျွန်ုပ်သည် ၎င်းအား အတင်းဆွဲခွာပြီး ခါးပတ်ကိုချွတ်၍ မှတ်လောက်အောင် ရိုက်ပစ်လိုက်မိသည်။ ဘတ်ကား အသံပင်မထွက်ဘဲ ၎င်း၏အပြစ်ကို ခံယူရှာပါသည်။
ဘတ်ကို ကျွန်ုပ်သဘောအကျဆုံးမှာ ဤအချက်ပင် ဖြစ်သည်။ ကျွန်ုပ်မှာ ဆက်လက် လမ်းမလျှောက်နိုင်တော့ဘဲ သိုးရှင်အား တောင်းတောင်းပန်ပန်ဖြင့် လျှော်ကြေးပေးပြီး ပြန်လှည့်ခဲ့ရပါတော့သည်။
တခါတွင်လည်း ခရီးရောက်မဆိုက်မီ ကျွန်ုပ် စခန်းချလျက်ရှိသော တဲအပြင်ဘက်ဆီမှ ကြောက်အားလန့်အားဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်သော အသံတသံကို ကြားလိုက်ရသည်။ အပြင်သို့ အပြေးအလွှားထွက်၍ ကြည့်လိုက်သောအခါ တိုင်းရင်းသူအမျိုးသမီးအား ကိုက်လှဲကာ ဆွဲဆွဲပြီး ခါနေသော ဘတ်အား တွေ့လိုက်ရသည်။
အမျိုးသမီးတွင် အ ရှက်လုံရုံ ဝတ်ဆင်ထားသော တထွာသာသာခန့် အဝတ်ပိုင်းကလေးသာ ရှိသည်။ ယင်းအဝတ်စကလေးကိုပင် ဘတ်သည် ရစရာမရှိအောင် ကိုက်ဖြဲပစ်ပြီး သူမ၏ တင်ပါးကို မလွှတ်တန်း ခဲထားခြင်း ဖြစ်သည်။
ကျွန်ုပ်မှာ ဘတ်အား မနည်းကြိုးစားပြီး ဆွဲခွာယူရသည်။ အမျိုးသမီးမှာလည်း ဘတ်၏ ပါးစပ်တွင်းမှ လွတ်သည်နှင့်တပြိုင်နက် ဖဝါးနှင့် တင်ပါး တသားတည်ကျအောင် နီးရာ တဲတလုံးအတွင်းသို့ ဝင်ပြေးသွားပါတော့သည်။ တကိုယ်လုံးတွင်လည်း သွေးချင်းချင်းနီလျက် ရှိသည်။
ဤအရေးအခင်းကြောင့် ရွာသူရွာသားများက ကျွန်ုပ်အား ဝိုင်းဝန်းကာ အပြင်းအထန် အရေးဆိုကြတော့မည်ကို မျှော်လင့်ထားမိသည်။
သို့ရာတွင် ကျွန်ုပ် ထင်ထားသကဲ့သို့ ဖြစ်မလာချေ။
အမျိုးသမီး၏ ယောက်ျားသည် မြေကြီးပေါ်တွင်လှိမ့်ကာ ဝမ်းဗိုက်ကို လက်ဖြင့်နှိပ်ရင်း အူလှိုက်သဲလှိုက် ရယ်မောနေသည်ကို တွေ့ရသည်။ အခြားသော ရွာသူရွာသားများမှာလည်း ထို့တတူပင် တဟားဟားနှင့် ပွဲကျနေကြသည်။
စိတ်မဆိုးကြသည့်ပြင် ကျွန်ုပ်၏ တဲတွင်းသို့ လာရောက်၍ ဤသို့သော ခွေးကောင်းတကောင်ကို ပိုင်ဆိုင်ထားကြသည့်အတွက် ကျွန်ုပ်အားပင် ချီး ကျူးဂုဏ်ပြုနေကြလေသည်။
ဤသို့ဖြင့် တနေ့သောနံနက်ခင်းတွင် ကျွန်ုပ်သည် လမ်းပြများနှင့်အတူ ဘတ်ခေါင်းဆောင်သော ခွေးအုပ်ကိုခေါ်ကာ ကျွဲရိုင်းများကို ပစ်ခတ်ရန် ထွက်ခွာလာခဲ့သည်။
တတောလုံးမှာ ကျွဲရိုင်းခြေရာများဖြင့် ရှုပ်ရှက်ခတ်လျက် ရှိသည်။ ခွေးအုပ်မှာ ကျွဲရိုင်းများကို ခြေရာခံလိုက်ရာ၌ အစတွင် အနည်းငယ် တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေကြသည်။ ခွေးများသည် ခြင်္သေ့၏ အနံ့ကို ကြောက်လန့်ကြသော်လည်း ကျွဲရိုင်း၏အနံ့ကိုမူ ကြောက်ရွံ့ဟန် မရှိကြချေ။
ထို့ကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ခွေးဟောင်သံများနှင့်အတူ ချုံပုတ်များအကြားတွင် ပြေး လွှားလှုပ်ရှားနေကြသောကျွဲရိုင်းများ၏ အသံများကို ကြားကြရသည်။
ကျွန်ုပ်သည် တိုင်းရင်းသားလမ်းပြများကို နောက်မှထားကာ ခွေးဟောင်းသံများ ထွက်ပေါ်လာရာဆီသို့ နီးကပ်နိုင်သမျှ နီးကပ်အောင် ချဉ်းကပ်သွားသည်။
ထိုအခိုက် စူးရှသော အသံတသံ ထွက်ပေါ်လာပြီးနောက် ကျွဲရိုင်းခတ်လိုက်သဖြင့် လေထဲသို့ မြှောက်တက်သွားသော ခွေးတကောင်ကို တွေ့မြင်လိုက်ရ သည်။ ယင်းခွေးမှာ မည်သည့်နေရာသို့ ကျရောက်သွားသည့်ကို မတွေ့လိုက်ရပေ။
မလိုအပ်ဘဲ ခွေးများ၏အသက် မဆုံးစေလိုသဖြင့် ခွေးအုပ်ကို ပြန်ခေါ်လိုက်သည်။ သို့သော်လည်း ဆူညံသော ခွေးဟောင်သံများကြောင့် ကျွန်ုပ်၏ အသံကိုပင် ကျွန်ုပ် မကြားရဘဲ ရှိသည်။
ခွေးအုပ် အနီးသို့ ရောက်ရှိသွားသောအခါ ၎င်းတို့သည် ကျွဲရိုင်းအထီးငါးကောင်ကို မပြေးသာ မဆုတ် သာအောင် ဝိုင်းဝန်းထားကြောင်း တွေ့ရသည်။ ကျွဲရိုင်းများသည် တကောင်နှင့် တကောင် ဖင်ချင်းဆိုင်လျက် ခွေးများအား အနားသို့ မကပ်နိုင်အောင် ကာကွယ်ထားကြသည်။
ရုတ်ခြည်းပင် ဘတ်သည် ရှေ့သို့ လွှားကနဲခုန်ကာ ကျွဲရိုင်းတကောင်၏ နှာဖျားကို ခဲထားလိုက်သည် ကျွဲရိုင်းသည် နှာဖျားကို အခဲခံထားလျက်နှင့်ပင် ရှေ့သို့ ဒရွတ်ဆွဲသွားပြီး ဘက်အား သစ်ပင်တပင်၏ ပင်စည်လုံးနှင့် ညှပ်၍ သတ်ရန် ကြိုးစားသည်။
ဘတ်ကား အလွယ်တကူ သစ်ပင်နှင့် ညှပ်သက်ခြင်းကို မခံဘဲ နောက်ခြေနှစ်ချောင်းကို ထောက်ကာ ကြံ့ကြံ့ခံ တွန်းလှန်သည်။ နောက်ဆုံးတွင် မညီမျှသော တိုက်ပွဲကို ကျွဲရိုင်းအား ကျွန်ုပ်၏သေနတ်မှ ကျည်ဆံတတောင့်ဖြင့် အဆုံးစီရင်ကာ အပြီးသတ်လိုက်ရသည်။
ထိုအချိန်မှစ၍ကျွဲရိုင်းများကို လိုက်သောအခါ၌ ဘတ်သည် အမြဲတန်း ၎င်းနည်းပရိယာယ်ကိုသာ အသုံးပြုလေတော့သည်။
ကျွဲရိုင်းတကောင်ကို ခွေးအုပ်က ဝိုင်းဝန်းမိသည်နှင့် တပြိုင်နက် ဘတ်သည် ယင်းကျွဲရိုင်း၏ နှာဖျားကိုသာ ပြေးပြီး ကိုက်ဆွဲလေ့ရှိသည်။ ကျွဲရိုင်းများသည် ခွေးအုပ်နှင့် တွေ့သောအခါ ခွေးများကို ချိုဖြင့်ခတ်နိုင်ရန်အတွက် ခေါင်းကိုငုံ့ကာ စိုက်ထားလေ့ရှိသည်။ယင်းကြောင့်ပင် ဘတ်အတွက် အခွင့်ကောင်းရကာ ၎င်းအကြိုက်တွေ့နေသော နည်းပရိယာယ်ကို ကောင်းကောင်းကြီး အသုံးပြုနိုင်လေတော့သည်။
နှာဖျားကို အခဲခံထားရသည်နှင့် ကျွဲရိုင်းသည် ဘတ်အား ခွာချရန် မတတ်နိုင်တော့ချေ။ ဘတ် သည် ခြေလေးချောင်းကိုကားလျက် မလွတ်တန်း ခဲထားသည့်အတွက် ကျွဲရိုင်းအဘို့ ၎င်းဦးချိုဖြင့် ကော်ခတ်ပစ်လိုက်ရန် အင်အား အလုံအလောက် မရရှိနိုင်တော့ပေ။
ကျွဲရိုင်းအထီးတကောင်ဆိုသည်မှာ အလေးချိန်အားဖြင် ပေါင် ၂ဝဝဝ အထက်ရှိ ဧရာမသတ္တဝါကြီးတကောင် ဖြစ်သည်။ ၎င်း၏ ဦးချိုအရင်းသည် လူတယောက်၏ ပေါင်လုံးခန့်ပင် တုတ်ခိုင်လှပြီး တဖြည်းဖြည်း အထက်သို့ ရှူးသွားကာ ချိုဖျားမှာ ဓားသွား တမျှ ချွန်ထက်လှသည်။
ယင်းသို့ အင်အားကြီးမားလှသော တိရစ္ဆာန်ကြီးတကောင်အား အကြီးစား ကာလီဘာရိုင်ဖယ်သေနတ်ဖြင့်သာလျှင် လဲကျအောင် ပစ်ခတ်နိုင်လေသည်။
ကျွဲရိုင်းကို လိုက်လံပစ်ခတ်သောအခါများ၌ ကျွန်ုပ် အနှစ်သက်ဆုံးပစ်မှတ်မှာ ရင်အုပ်၊ လည်ပင်း၊ လက်ပြင်နှင့် မျက်စိနှစ်လုံး၏အကြားပင် ဖြစ်သည်။
သို့ရာတွင် မိမိထံသို့ ကျွဲရိုင်း တဟုန်ထိုးပြေးဝင်လာသောအခါတွင်မူ ရွေးချယ်နေရန် အချိန်မရသဖြင့် ပစ်မိပစ်ရာကိုပင် ပစ်ခတ်ရလေသည်။
တနေ့တွင် ကျွန်ုပ်၏ခွေးအုပ်သည် ကျွဲရိုင်းကြီး တကောင်အား ခြေရာခံလိုက်လံပြီး ဝိုင်းဝန်းမိသည်။
ကျွဲရိုင်းကြီးသည် ခွေးများအား ၎င်း၏အနီးသို့ မကပ်နိုင်အောင် စမ်းချောင်းတချောင်း၏ အလယ်တွင်ရပ်ကာ ကြံ့ကြံ့ခံလျက် ရှိသည်။
ဤအပြုအမူမှာ မိမိတို့၏နောက်သို့ ခွေးများဖြင့် ထပ်ချပ်လိုက်လံခြင်းခံရသောအခါများ၌ တောရိုင်းတိရစ္ဆာန်များ ပြုလေ့ရှိသည့် နည်းပရိယာယ်တသွယ်ပင် ဖြစ်သည်။
ခွေးများသည် ရေထဲသို့ မဆင်းဝံ့ကြသဖြင့် ကမ်းပေါ်တွင် စီတန်း၍ ရပ်ကာ ဟောင်ရုံမှအပ မည်သို့မျှ မတတ်နိုင်ဘဲ ရှိကြသည်။
သို့သော်လည်း ဘတ်အဘို့မှာမူ ယင်းသို့ မဟုတ်ချေ။ ကျွဲရိုင်းကြီးအား မှီလာသည်နှင့် ဘတ်သည် အခြား ခွေးများကဲ့သို့ ကမ်းပေါ်တွင် ရပ်တန့်မနေဘဲ ရေထဲသို့ လွှားကနဲနေအောင် တအားခုန်ချလိုက်ပြီးနောက် ရုတ်တရက် အံ့အားသင့်နေသော ကျွဲရိုင်းကြီးအား နှာဖျားကို ကိုက်ခဲထားလိုက်သည်။
ရှောင်တခင် ခံလိုက်ရသဖြင့် အံ့အားသင့်နေသော ကျွဲရိုင်းကြီးမှာ မည်သို့မျှ မတတ်နိုင်လိုက်ဘဲ ရှိ သည်။ နောက်မှ သတိရကာ ဘတ်အား ရေထဲသို့ ဖိပြီး ရေနှစ်သက်ရန် ကြိုးစားလေတော့သည်။
တဘက်သတ်ကျလှသော တိုက်ပွဲကို ကျွန်ုပ်ကသာ ကျည်ဆံတတောင့်ဖြင့် မကူညီနိုင်လျှင် ဘတ်မှာ အချိန်အနည်းငယ်အတွင်း ရေနစ်သေဘွယ်ရာ ရှိတော့သည်။ ထို့ကြောင့် ကျွဲရိုင်းကြီး၏ ကိုယ်တွင်းသို့ ကျည်ဆံတတောင့်ကို ပစ်သွင်းလိုက်ရသည်။
ဘတ်သည် ကမ်းဘက်သို့ ပြန်၍ ကူးလာပြီးနောက် ချောင်းဆိုးရင်း ရေများကို အန်ထုတ်လျက်ရှိ၏။ ကျွဲရိုးကြီး၏ နှာဖျားကို တအားကိုက်ခဲလိုက်သောကြောင့် ၎င်း၏ ရှေ့သွားအဖျားကလေးများမှာ ကျိုးထွက် ကုန်ကြောင်း တွေ့ရသည်။ ယင်းအချက်ကို ကြည့်ခြင်းဖြင့် ဘတ်၏ စွမ်းအားနှင့် အလျော့မပေးသော ဇွဲသတ္တိကို သိလောက်ပါပေသည်။
ယခုအကောင် ကြီးပါနှင့်ဆိုလျှင် ဘတ် အတင်းဝင်ရောက် ကိုက်ဆွဲခဲ့သော ကျွဲရိုင်းကြီးပေါင်းမှာ ဆယ့်ခုနစ်ကောင်မျှ ရှိသွားလေပြီ။
နောက်တချီ ကျွဲအုပ်နှင့် တွေ့သောအခါတွင်လည်း ဘဘ်မှာ အသက်ဘေးမှ သီသီကလေး လွတ်ခဲ့ရသည်။
ထိုနေ့က ခွေးအုပ်သည် ကျွဲရိုင်းများကိုဝိုင်းဝင်းမိကြသည်။ ခွေးအုပ်က ကျွဲရိုင်းများကို ဟောင်လိုက်၊ နောက်မှနေပြီး အလစ်တွင် ခြေထောက်ကို ဆွဲလိုက်ဖြင့် ရှိနေကြသည်။
ထိုအချိန်မှာပင် ဘတ်သည် ရုတ်တရက် ပြေးဝင်ကာ ကျွဲရိုင်းမတကောင်၏ နှာဖျားကို ခဲထားလိုက်သည်။ ယင်းသို့ မလွတ်တမ်း ခဲထားစဉ် ကျွဲရိုင်းမကြီး၏ သားဖြစ်သော ကျွဲပေါက်တကောင်က ဘတ်အား ဘေးမှနေ၍ ဝင်ခတ်လေတော့သည်။
ဘတ်မှာ ပေါက်ပြဲကုန်သည်။ နှစ်ကောင်နှင့် တကောင် ဖြစ်သော်လည်း ဘတ်သည် အလျော့မပေးဘဲ နှာဖျားကို ခဲမြဲခဲထားသည်။
ကျွန်ုပ်၏ လမ်းပြများက ကျွဲရိုင်းသားအမိကို ပစ်သတ်လိုက်နိုင်၍သာ ဘတ်မှာ အသက်ချမ်းသာရာရခြင်း ဖြစ်သည်။
ဤ အစွန့်စားလွန်သောကိစ္စ ပြီးသည်မှစ၍ ကျွန်ုပ်သည် ဘတ်အား ၎င်း၏ဒဏ်ရာများ ပျောက်ကင်းသည်အထိ အနားပေးထားလိုက်သည်။
ယခုအခါ ကျွန်ုပ်မှာ ကျွဲရိုင်း အကောင်ပေါင်း နှစ်ရာကျော်မျှ ပစ်ခတ်ပြီးဖြစ်ရာ ကျွဲရိုးအုပ်များအား နှိမ်နင်းရန် ပေးအပ်လိုက်သော တာဝန်မှာ လုံးဝ ပြီးစီးသွားလေပြီ။
ဘတ်ကား ကျွန်ုပ် အခြားခွေးများနှင့်အတူ တနေ့တာ အမဲပစ်ထွက်နေစဉ် လုံခြုံရေးအတွက် အစောင့် တာဝန်ကို ထမ်းဆောင်လျက်ရှိသည်။
ကျွန်ုပ်၏ လမ်းပြများအနက် တယောက်ယောက်သည် နေ့စဉ်ပင် အနီးအနားရှိ တဲတတဲသို့ သွား၍ ခွေးများအတွက် နို့များကို သွားရောက်ယူငင်ရသည်။ ၎င်းနှင့်အတူ လမ်းလျှောက်ရန်အတွက် ဘတ်အား ခေါ်သွားစေသည်။ လမ်းလျှောက်စေခြင်းဖြင့် လေးလံထိုင်းမှိုင်းပြီး ပျင်းရိပျင်းတွဲဖြစ်နေသော ဘတ်အား သွက်လက်ဖျပ်လတ်လာစေရန် ဖြစ်သည်။
ယင်းသို လမ်းလျှောက်ခေါ်သွားစေရာမှ တနေ့တွင် တောဝက်တကောင်သည် ဘတ်၏ရှေ့မှ ဖြတ်၍ ကူးသွားသည်။ တောဝက်ကို မြင်သောအခါ ဘတ်မှာ မနေနိုင်တော့ချေ။
လမ်းပြဖြစ်သူ အော်ဟစ်တားဆီးနေသည့်အကြားမှပင် တောဝက်၏နောက်သို့ တဟုန်ထိုး ပြေးလိုက်လေတော့သည်။
ထိုအခါ တောဝက်သည် လှိုဏ်ခေါင်းတခုအတွင်းသို့ ဝင်ပြေးပြီး ဝက်များ၏ ပြုမူနေကျအတိုင်း လှိုဏ်ခေါင်းအဝဘက်သို့ ခေါင်းလှည့်ကာ စောင့်ဆိုင်းနေသည်။
ဘတ်သည် လှိုဏ်ခေါင်းတွင်းသို့ တဟုန်ထိုးပြေးဝင်သွားရာ အသင့်စောင့်နေသော တောဝက်က ဆီးပြီးပက်လိုက်သည်။
အကယ်၍သာ ဘတ်၏ ရှေ့သွားစွယ်များ ကျိုးပဲ့မနေပါတ ဘတ်သည် အလျော့မပေးဘဲ တောဝက်အား မလွတ်တမ်းကိုက်ခဲထားလိမ့်မည်ဟု ထင်မိသည်။
ယခုတော့မူ ၎င်း၏ ကိုက်အားသည် တောဝက်၏ ထူထဲသောအခေါက်ကို ဖောက်နိုင်လိမ့်မည်မဟုတ်ချေ။
ယင်းကြောင့်ပင် တောဝယ်၏ အစွယ်သည် ဘတ်၏ ရင်အုံကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဘတ်မှာ ပွဲချင်းပြီး သေဆုံးသွားရလေတော့သည်။ ကျွန်ုပ်၏ လမ်းပြဖြစ်သူက တောဝက်အား ပစ်သတ် လိုက်သော်လည်း ဘတ်၏ အသက်ကိုမူ မကယ်လိုက်နိုင်တော့ပေ။
ကျွန်ုပ် အမဲလိုက်ရာမှ ပြန်ရောက်လာသာအခါ ဘတ်၏ အလောင်းကိုသာ တွေ့ရလေတော့သည်။ တသက်တွင် တခါ သေစမြဲ ဖြစ်သော်လည်း ဘတ် ယခုကဲ့သို့ သေရလိမ့်မည့်ဟူ၍ကား မတွေးမိပါချေ။
ဘတ်ကဲ့သို့သော ခွေးမျိုးကို ကျွန်ုပ် မည်သည့်အခါမျှပိုင်ဆိုင်တော့မည် မဟုတ်တော့ပေ။ ဘတ်မရှိ တော့သည့်နောက် ကျန်ရှိနေသော ကျွဲရိုင်းများကို ပစ်ခတ်နှိမ်နင်းနေရခြင်း အလုပ်မှာ ကျွန်ုပ်အဘို့ အဆိပ်မျိုရသည့်ပမာ ခါးသီးငြီးငွေ့ဘွယ် ကောင်းလှသည်။
အကြောင်းမူ ကျွန်ုပ်အတွက် ကြီးမားသော မိတ်ဆွေ ကောင်းတဦး ဆုံးရှုံးရခြင်းကြောင့်ပင် ဖြစ်တော့သည်တကား။
(J. A. Hunter ရေးသားသော Buffalo Hunting ကို
ဆီလျှော်အောင် ပြန်ဆိုပါသည်)
စိန်လှိုင်
၁၉၇၃ ခုနှစ်တွင် ထုတ်ဝေခဲ့သော စာရေးဆရာ စိန်လှိုင် ၏ အာဖရိကမုဆိုး ဝတ္ထုတိုများ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။
– ပြီး –
စာရေးသူ – စိန်လှိုင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized