တွင်းကြီးဝမ်းမောင်
ကြက်သမား
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဘိုကုန်းကျောက်ဆည်လေးရွာနှင့် နှစ်ခေါ် သုံးခေါ် မျှ အကွာအဝေးတွင် ရှစ်အိမ်တန်းတဲစုရှိသည်။
ပင်းတလဲတောင် (ပန်းတလဲတောင်) မြေရှိ တောရိုင်းမြေရိုင်းများကို ခုတ်ထွင်၍ ယာသစ်တည်၊ ကျီသစ်ချ၊ ဘဝဝမ်းစာဖူလုံရေး၊ ဘဝတိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြသော မြေမက်ယာမက် ဘဝတိုးတက်မှုကို မက်သည့် ရုန်းကန်လှုပ်ရှားသူများ။
သူတို့ တဲအိမ်စုသည် အသစ်ခြေချ မြေစမ်းခရမ်းပျိုးသူများ။ သူတို့တဲစု၌ ရေတွင်း မရှိ၊ ရေကန် မရှိ၊ ဈေးသည် မရှိ၊ ဆေးခန်း မရှိ၊ ဆရာ မရှိ၊ စာသင် ကျောင်း မရှိ၊ ဘုန်းကြီးကျောင်း မရှိ။
မရှိခြင်းများစွာ တွေ့ကြုံနေရသော်လည်း သူတို့မှာ အနာဂတ်မျှော်လင့်ချက် ရှိသည်။
ဘဝရပ်တည်နိုင်ရန် စားဝတ်နေရေး ပြည့်စုံရမည်။
ဘဝတိုးတက်ရန် ရုန်းကန်လှုပ်ရှား စိုက်ပျိုးစား၊ မွေးမြူရေးလုပ်စား၊ ကြုံရာကျပန်းအလုပ်များကို လုပ်စား၊ စုဆောင်း၊ ရင်းနှီး၊ တစက်ကျများ ပြည့်သော်လားသို့ နောင်တချိန် ကြီးပွားချမ်းသာရမည်ဟု မျှော်လင့်ရင်၌ အပြည့်။
သည်အထဲမှာ ရွာမုဆိုး ကိုပေသီး ပါသည်။ ကိုပေသီးသည် မုဆိုးလည်းလုပ်သည်။ တောရိုင်းလည်း ခုတ်သည်။ မြေသစ်လည်း တည်သည်။ မွေးမြူရေး
လည်း လုပ်သည်။
ငဖူး … ငဖူးက ကာလသားပေါက်သန်သန်။ သူ့ အဖေက ချောင်းဦးမြို့နယ်၊ တောကျောင်းရွာသား။ (ယခု မန္တလေး-ပခုက္ကူကားလမ်း၊ ချင်းတွင်းမြစ်ကူး တံတား ဆင်ဖြူရှင်တံတားကြီး အနီးရွာ)။
တောကျောင်းရွာသည် အနိမ့်ရွာ (ကမ်းနိမ့်ရွာ၊ သုံးပန်လှရွာ)နှင့် လှမ်းအော်ခေါ်က ကြားနိုင်လောက်သော ရွာ။
တောကျောင်းရွာသား ငဖူး၏အဖေ ဦးရွှေယောင်းသည် မြေမရှိ၊ ယာမရှိ၊ လှည်းမရှိ၊ နွားမရှိ။ အငှားအရမ်း လိုက်စားရသော ပျံကျလုပ်သား ကူလီ။
တောကျောင်း၊ အနိမ့်၊ သဇင်လှ၊ အမြင့်သည် ဆက်စပ်ထိတွေ့မှုများသော ချောင်းဦးမြို့နယ် တစ်နယ်တည်း၊ တဆက်တစ်စပ်တည်း ရွာနီးချင်းများ။
ဗိုလ်ဖုန်းမော်သည် သဇင်လှရွာသား။ သည်မှာတင် ဆက်စပ်မိပြီး ရှစ်အိမ်တန်း တဲစုတည်ရာ၌ ပါဝင်ခဲ့၏။ ရွာနေ၍ ယာမြေရမည်မဟုတ်။ အခစား ကျွန်ခံရသည်သာ အဖက်တင်၊ အသက်အရွယ်ကြီး၊ လူမွဲမျိုးဆက်၊ ကျွန်မျိုးဆက်သာ အဖတ်တင်မည်ဟု ယူဆ၍ လိုက်ပါလာခဲ့၏။
ငတောဦးလေး ဦးဘဒေါင်းသည် မြောင်မြို့နယ် ချိုင့်ကြီးရွာသား။ သူသည်လည်းပဲ ယာမြေမက်၍ မွေးရပ်စွန့်ခွာ ရှစ်အိမ်တန်းတဲစု လာအခြေချသည်။
ငတောတို့ ချိုင့်ကြီးရွာမှာ တနေ့ကုန် သုံးကျပ်၊ ထိုစဉ်က ငှားရမ်းခိုင်းသူ နေ့တိုင်း မရှိ။ အလုပ်ရှိမှ ခေါ်ခိုင်းကြသည်။ လုပ်ရ တစ်ရက်၊ မလုပ်ရ တစ်ရက်။
ရှစ်အိမ်တန်းတဲစုမှာ ထိုစဉ်က တစ်နေ့ကုန်လုပ်အားခ ငါးကျပ်၊ ကိုယ်လုပ်နိုင်က နေ့တိုင်း အလုပ်ရှိသည်။ အလုပ်ရှင်က ထမင်းကျွေးသည်။ ထိုစဉ်က အစိုးရလုပ်ခ တစ်နေ့တာမှ ၃ ကျပ် ၁၅ ပြား။ သည်တော့ ငတော စုမိဆောင်းမိစေရန် စရိတ်ပျောက်နယ်မြေ သည်နေရာ လာရောက် အလုပ်လုပ်သည်။
အရွယ်က ကိုရင်ကြီး လူထွက်ကာလသားပေါက်အရွယ်။ ဘယ်အရွယ်ဖြစ်ဖြစ် ဘဝက အသိကို ပြဋ္ဌာန်းပေးသည်။ စားဝတ်နေရေးဟူသည် နေ့စဉ်ရင်ဆိုင်ရသော ဘဝပြဿနာ။ ကြီးကျယ်လေးနက်လွန်း၍ ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါဟု ခိုင်းနှိုင်းကြသည်။
စားရအောင် အလုပ်လုပ်၊ ဝတ်ရအောင် အလုပ်လုပ်၊ လုံလုံခြုံခြုံ နေနိုင် ထိုင်နိုင်ဖို့ အလုပ်လုပ်၊ ဘဝတိုးတက်ဖို့ အလုပ်လုပ်၊ အလုပ်သည်သာ မှီခိုရာ၊ လုပ်အားသည်သာ ဘဝရပ်တည်ရာ။
သည်အသိက ကိုရင်ကြီးလူထွက် ငတောကို ဘဝအကြောင်း သင်ကြားပေးခဲ့သည်။ ငတော ကိုရင်ဘဝက ထွက်လာတော့ အဖေကရော အမေကရော တိုးတိုးတိတ်တိတ် ကျိတ်သင်သည်။ လူဝတ်ကြောင် လိုင်းကျူရှင်ဟုများ ပြောရမလား မသိ။
သား ကိုရင်ဘဝတုန်းက ပြောချင်ရာပြော၊ သာသနာ့အရှိန်အဝါနဲ့ ပြောလို့ရတယ်နော်။ ခု ကိုရင်က လူဖြစ်လာပြီ။ လူဖြစ်လာရင် လူလိုသိမှ နေထိုင်ရမှာနော်။ ဘယ်သူ့ကို ဘယ်လိုမပြောနဲ့။ သူက မြေရှင်ယာရှင်၊ ဓနရှင်ငွေရှင်၊ ပစ္စည်းရှိ လူရည်တတ်၊ သူကြီး၊ မင်းစိုးရာဇာ၊ ပွဲစား၊ ကုန်သည်၊ အမှုပွဲစား ဒလံ၊ နိုင်ငံရေးဆရာကြီး၊ လူချမ်းသာ အသိုင်းအဝိုင်း ကာလသားပေါက် ငတောက လူကို လူလိုမြင်သည်။ လူလိုတွေးသည်။ လူလိုကြည့်သည်။
သူ့အဖေအမေတို့က လူကို လူလိုကြည့်ရုံမျှမက ပစ္စည်းချမ်းသာ၊ ဩဇာ အာဏာရှိသူ၊ အသိုင်းအဝိုင်းကြီးသူ၊ မြေရှိသူယာရှိသူ၊ ငွေရှိသူအာဏာရှိသူ၊ ဂုဏ်ရှိသူအထိ အဆင့်ခွဲကြည့်သည်။
ငတောက ကိုယ်ရှိမှ ကိုယ်စားရမည်။ ကိုယ်စားရအောင် ကိုယ်လုပ်မည်ဟု သိသည်။
ကိုယ်ရှိမှ ကိုယ်စားရတာ၊ ကိုယ်လုပ်မှ ကိုယ်စားရတာကို သူ့အဖေနှင့် အမေကလည်း လက်ခံသည်။ ကိုယ်ရှိမှ ကိုယ်စားရပေမယ့်၊ ကိုယ်လုပ်မှ ကိုယ်စားရတာပေမဲ့ ပိုက်ဆံရှိသူ၊ ဩဇာရှိသူ၊ အာဏာရှိသူ၊ အသိုင်းအဝိုင်းကြီးသူနှင့် ကိုယ်က ကင်းမရ၊ ရှောင်မရ၊ ကွာမရ၊ ခွာမရ၊ အလိုက်အထိုက် ကြည့်နေ အဆင်ပြေအောင် နေတဲ့။
ကိုရင်ကြီးလူထွက် ငတော ခေါင်းချာချာလည်။
သူ ကိုရင်ကြီး ဘဝတုန်းက တစ်နေ့ နှစ်ခေါက်ရောက်သော သူကြီးမင်းအိမ်၊ မနက်ဆွမ်းအိုးယူ တစ်ခေါက်၊ ညနေ ဆွမ်းအိုးပြန်ပို့တစ်ခေါက်၊ ဆံတောက် တဖားဖားနှင့် သူကြီးသမီး မပန်းမှုန်နှင့် ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီး။
ကိုရင်ကြီးလူထွက် ပန်းမှုန်အိမ် ခဏခဏသွားတော့ အမေက တားသည်။
ငါ့သား ကိုရင်မဟုတ်တော့ဘူး။ လူဝတ်ကြောင် ဖြစ်နေပြီ။ ငါ့သားကလည်း လူပျိုပေါက်၊ သူကြီးသမီးကလည်း အပျိုပေါက်။ ဘေးက ကဲ့ရဲ့လာရင် မကောင်းဘူး။ သူတို့ မြေရှင်ယာရှင်၊ ငွေရှင်ကြေးရှင်၊ မင်းပေါက်စိုးပေါက်၊ ဂုဏ်ကြီးရှင်။
အမေတို့က လုပ်ခစား ပျံကျကူလီ၊ အဆင့်အတန်း မတူဘူး။ ဂုဏ်ရည်မတူဘူး။ ကိုယ်က ဘယ်လောက် ရိုးသားရိုးသား ဘေးက မလိုတမျိုး လိုတမျိုး ပြောလာရင် မိန်းကလေးရှင်ခမျာ သိပ်နစ်နာမယ်။
ဒါကြောင့် သူတို့က မခေါ်ဘဲ၊ အကြောင်းကြီးငယ်မရှိဘဲ ပန်းမှုန်အိမ် မသွားပါနဲ့။ သူတို့က ဗြောင် ပြောမထားခင် အသိမပေးခင် ဆင်ခြင်တော့ အလိုက်သိရာကျ။ ငါ့သားသိက္ခာ မကျတာပေါ့။
သူတို့က အလာအသွား ဆင်ခြင်ပါလို့ ပြောမှ ငါ့သားမသွားရရင် ရှက်စရာ
မင်းဘထွေးဒေါင်း ရက်ပိုင်းအတွင်းမှာ ရွာကို ခဏပြန်လာမယ်။ ဟိုမှာ တစ်နေ့ ငါးကျပ်နေ့တိုင်းရသတဲ့။ ထမင်းစရိတ်ငြိမ်းတဲ့။ လူကလေး ရသလောက် ငွေစုထား။ ပိုက်ဆံတွေ အများကြီးရမှ ရွာပြန်ခဲ့။ အဲဒီအချိန်ကျတော့ သွားချင်တဲ့အိမ် သွားချင်သလောက် သွား။ ပိုက်ဆံအရှိန်နဲ့ လူကလေးကို ဟိုအိမ်က လာပါ၊ ဒီအိမ်က လာပါနဲ့ ကြိုတင်ဖိတ်ခေါ်လို့ ဝိုင်းဝိုင်းလည်နေမယ်။
ပိုက်ဆံမရှိရင် မျက်နှာသိပ်ငယ်တယ်နော်။ ကိုရင်ကြီးဘဝတုန်းကလို ဆရာတော်ရဲ့ အရှိန်၊ သင်္ကန်းရဲ့အရှိန်၊ သာသနာ့ရဲ့အရှိန် မရှိတော့တာ၊ မမေ့နဲ့။ ငွေရှိအောင်လုပ်”
ငတောကို ထိုကဲ့သို့ ဘဝသင်တန်းပို့ချ၍ သူ့ဘထွေး (ဘဒွေး)ဦးဘဒေါင်း နှင့် ရှစ်အိမ်တန်းတဲစုကို မပါအပါ၊ မရအရ ဇွတ်ထည့်လိုက်ပါ၏။ ဒါက ငတော သိသောအပိုင်း။
ငတောမသိသောအပိုင်းက သူကြီးကတော်ကြီးက တိုးတိုးမှာ၍ဟု ဆိုသောကြောင့် သူကြီးအိမ်သွား၊ ငတောအမေကို အိမ်ပေါ်သီးသန့်တင်၊ ငတော လူဖြစ်လာ၍ ဘယ်လောက်ရိုးရိုးသားသား၊ သန့်သန့်ရှင်းရှင်း၊ ဝင်ဝင်ထွက်ထွက်၊ အရွယ်တူတွေဖြစ်၍ ဘေးလူအမြင်၌ မသင့်တော်ကြောင်း၊ သမီးချင်းစာနာ၍ သားဖြစ်သူကို တားမြစ်ပေးစေလိုကြောင်း၊ သူတို့က စတင်ပြောင်ပြောထားရမှာ အားနာ၍ တိုးတိုးခေါ်ပြောကြောင်း ဆိုလာသည်။
ငတောအမေက အမဲရိုးနယ် ဟင်းအိုးမှ အားမနာ၊ အနူလက်နှင့် ရွှေခွက်နှိုက်သည်။ ကျီးကန်း သူကောင်းမြှောက်၊ ချေးခြောက်ကောက်စားသည်။ သားရေပေါ်အိပ် သားရေနားစားသည်။ အရိပ်ခိုခို အခက်ချိုးချိုးလုပ်သည်။ ခွေးနှင့်မတန် ဆီအိုးလှန်သည်။ ဆန်မရှိ အစားကြီးလုပ်သည့် သဘောများကို ကိုရင်ကြီးလူထွက်က လုပ်လေသလားဟု ရင်တထိတ်ထိတ်။
စကားဦးသန်းဖူးပါလား၊ စကားဦးမသန်းဖူးပါတဲ့။
အမူအရာ ပြဖူးပါသလား၊ မပြဖူးပါတဲ့။
စကားဦးသန်းမည့် အမူအရာပြမည့်ခြေ မြင်လား၊ မမြင်ပါတဲ့။
မိုးမပြိုဘူး၊ ပြိုခဲ့သော် . . .
မီးဘေးရှောင် မလောင်ခင်က တား။
ဒူးနေရာ ဒူး၊ တော်နေရာ တော် . . . တဲ့။
သည်တော့ ငတောအဖေကို သူ့မောင် ကိုဘဒေါင်းထံ လွှတ်၊ အကျိုးအကြောင်း တိတ်တိတ်ပြော၊ ကိုဘဒေါင်းက သူနဲ့အတူ လိုက်ပါ၍ တောမခုတ်၊ ယာမတည်၍ ငတောအဖေကို လှိမ့်ငေါက်မာန်။
ငတောအဖေ မင်သပ်ပြန်လွှတ်ပြီးမှ ငတောကိုလာခေါ်။
မထိရ၊ မတို့ရ၊ မပြောရ၊ မဆိုရ၊ စိတ်ကူးမရွယ်ရဘဲ ဂုဏ်တံတိုင်းကာခြား ရွှေတံတိုင်းတား၍ ငတောလေး ရှစ်အိမ်စု ရောက်ရပါ၏။
ဒါသည် ဘဝ၊ ဒါသည် လောက၊ ဒါသည် လူတန်းစား။
ငတောဘဒွေး ဦးဘဒေါင်းက ငတောကို နေ့စားလည်း လုပ်ခိုင်းသည်။ ရွာမုဆိုးကိုပေသီးထံ ငတောကို အပ်နှံကာ ရွာမုဆိုးပညာလည်း သင်စေသည်။
ငတော ပင်ကိုယ်ဝါသနာကလည်း ရွာမုဆိုးဝါသနာပါ။ ဝါရင့် သမ္ဘာရင့် ရွာမုဆိုး ကိုပေသီးထံ တပည့်ခံရသောအခါ အားကြိုးမာန်တက် လိုက်ပါ သင်ကြား၏။
ရွာမုဆိုးကိုပေသီးသည် တောဟုပြောလိုက်လျှင် သေတတ်သည့်နေရာဟု ချက်ချင်းသတိဆွဲသူ၊ တောဝင်မည်၊ တောသွားမည်ဆိုလျှင် သေတတ်သည့် နယ်မြေဝင်ရမည်၊ သွားရမည်ဟု ချက်ချင်း သတိထားသူ။
သူ့ ရွာမုဆိုး (ဝါ) သမ္ဘာပညာက ပေးထားသောအသိ ဖြစ်ဟန်ရှိသည်။
မနေ့ညက ငဖူးနှင့် ငတောကို မနက် ကြက်တည်ရန် သွားမည်။ ငဖူးက တူမီးနှင့် ဓားရှည်၊ ငတောက ဒူးလေးနှင့် ဓားရှည်ယူခဲ့။ သူ့အိမ်ကျမှ ထမင်းကြမ်းကြော်စား၊ ရေနွေးကြမ်းသောက်၊ မလင်းခင်လာခဲ့ဟု မှာသည်။
ငတောတို့ ရောက်တော့ ထမင်းကြော်ပြီး ရေနွေးကြမ်း ခပ်ပြီး။ လင်းစတွင် သူ့တည်ကြက်လေးကို အိပ်တန်းမှ ပွေ့ချ၊ ရေတိုက်၊ အစာကျွေး၊ ပြီးမှ ကြက်တည်အိမ်ထဲ ပွတ်သပ်ချော့မော့ထည့်သည်။
သူ့တည်ကြက်ကလည်း တည်အိမ်မှန်းသိပြီး ဝင်နေထွက်နေကျ ဖြစ်၍ တန်းခနဲ ဝင်သည်။ ကြက်တည်အိမ်အဝင်ပေါက် ပိတ်၊ အပေါ်မှ ပုဆိုးဟောင်းအစုတ်နှင့် လုံလုံခြုံခြုံ ခြုံပေး၊ ဖုံးပေး စနစ်တကျ။
ကြက်တည်သမား အများစုက တည်ကြက်ကို လက်နှင့် ပွေ့ကြသည်။ ကြက်ချည်ကြိုးကို အိမ်ကတည်းက ချည်လာ၊ သံငုတ်သံချောင်းပါ တွဲလာတတ်ကြသည်။
ရွာမုဆိုးကိုပေသီးက ထိုသို့မလုပ်။ ဆယ်ရေးတရေး ကိုးရေးတရာ တွေ့လာခဲ့သော် စဉ်းစားသူ။
တည်ကြက်ကို လက်မှ ပွေ့လာသော ကြက်သမား။
အစာငတ်ကျားသစ်က ဝင်ဇွတ်ခုန်ပုတ်၊ ခုန်အုပ်၊ ခုန်ကိုက်သည်။ စုံပွေ့ထားသောလက်ကို တိုက်ရိုက်ပုတ်မိ၍ လက်ကြောပြတ်သွားသူ၊ ကိုက်၍ လက်ချောင်းပြတ်သွားသူ၊ လက်နှစ်ဖက် သို့မဟုတ် တဖက် ညက်ညက်ကြေသူများ ရှိခဲ့သည်။
သတိထားနိုင်က ပိုးစိုးပက်စက် နာနာကြည်းကြည်း မဖြစ်။ ဖြစ်လိုက်လျှင် ပွေ့လာသော တည်ကြက်ပုတ်ရာ၊ အုပ်ရာ၊ ကိုက်ရာ၊ ဝါးရာ၌ လက်လည်း စုံဆုံးနိုင်သည်။ ဗိုက်လည်း ဗွမ်းကနဲ ပွင့်ကျ၊ အူထွက်နိုင်သည်။
တည်အိမ်ထဲထည့် အဝတ်စုတ်၊ ပုဆိုးစုတ်အုပ်ရာ၌ အဝတ်အနီစကိုပင်လျှင် ကိုပေသီးမသုံး၊ အနီစဖြစ်လျှင် မှားတတ်သည်။
ကိုပေသီးကလည်း တူမီးသေနတ်စစ်ဆေး၊ ကြက်ညွှတ်များ ပြန်စစ်၊ ယူစရာ ရှိသည်များ ထပ်စစ်၊ စဉ်းစားဖြည့်စွက်၍ ယူစရာများကို မျှဝေထမ်းပိုးလျက် ရွာမှ ထွက်ခဲ့ကြသည်။
ကြက်တည်အိမ်ကို ထမ်းရမည့်သူက ငတော။
တည်ကြက်သည် အိမ်ကြက်။ အိမ်ကြက်ဖြစ်သော်လည်း တူး၊ စစ်တကောင်း၊ တိုက်ကြက်ဗမာမျိုးမဟုတ်။ ညောင်ကန်မျိုး။ တိန်ညင်မျိုးကြက်အရွယ်အစား သေးသေးငယ်ငယ် တွန်သံချိုချိုအေးအေး၊ စူးစူးရှရှ၊ ကြည်ကြည် လင်လင်၊
ရှေ့လူတယောက်၊ နောက်လူတယောက် နှစ်ယောက်ကြားတွင် ကြက်တည်အိမ်ထမ်းသမားကို ထားသည်။
နေခြည်ဦးက စတင် ယှက်ဖြာလာသည်။
ပင်းတလဲ (ပန်းတလဲ)တောင်ကြီးသည် တောင်ခိုးတွ ဝေနေသည်။ မြူတွေ ဆိုင်းနေသည်။ ပင်းတလဲတောကား တောကြီးမြိုင်မဟာပီပီ နှစ်ရှည်ပင်ကြီးများ၊ ဝါးရုံတောများ၊ ချုံပုတ်ချုံနွယ် ချုံတန်းစဉ်များဖြင့် မှိုင်းမှိုင်းမို့မို့၊ ညို့ညို့ ရီပြာဝေ။
တိုက်ခတ်လာသော လေက ဆောင်းကြွင်းလေ။ တပေါင်းလသည် ဆောင်းကြွင်းနှင့် နွေဦးတို့ ရောယှက်ထားသည့်လ။ နေ့ပူညချမ်း တပေါင်းလဆန်းတဲ့။ အချို့က နေ့ပူညချမ်း တပေါင်းလသရမ်းတဲ့။ နေ့မွန်းတည့်မတိုင်မီနှင့် နေစွယ်ကျိုးအထိ တောင်လေဝှေ့ကောင်းဝှေ့မည်။ လက်ကျန်နှင်းကျသော ညဦးပိုင်းနှင့် မနက်ပိုင်း၌ နှင်းရနံ့၊ မြူရနံ့ ရောနှောနေသော ဆောင်းကြွင်းလေ။
ပွင့်သောပန်းများက နွေဦးပန်း။
ပန်းတလဲတောသည် တောကြီးမြိုင်မဟာ၊ အဝေးကြိုးဝိုင်းတော၌ သစ်ထုတ်လုပ်ငန်းရှိသည့်နေရာ။ သရက်ပျဉ်၊ လက်ပံပျဉ်ထုတ်လုပ်နိုင်သည့်တော။ ကြည့်လေရာရာတွင် နီရဲနေသော လက်ပံပင်များ၊ ပေါက်ပင်များ၊ အနီရောင်၊ ပန်းနုရောင်၊ ခရမ်းရောင် သန်းနေသော သရက်ဖူးသရက်ပွင့်များ၊ ချုံပုတ်ချုံနွယ် ချုံတန်းဆီမှ စီးမျောလာလေသလား၊ သစ်ကြီးဝါးကြီး အပင်ကြီးများဆီမှ လွင့် မျောလာသည်လားမသိ။ ဆောင်းကြွင်းလေဝှေ့ရာတွင် နွေဦးပန်းရနံ့ မွှေးပျံ့ တဝေဝေ။ ဆောင်းကြွင်းလေ၊ နွေဦးပန်းအပြင် သဘာဝတေးဂီတသံများက ညံညံစာစာ။
အူဝူး၊ အူဝူးဟု တွန်ကျူးလေသလား၊ အိုးဝေအိုးဝေဟု တွန်ကျူးလေ သလား၊ အူဝူး အူဝူးဟု ထင်ကာ သူတို့အသံကလည်း အူဝူး၊ အူဝူး၊ ကိုယ့်စိတ်က IL IL အိုးဝေ၊ အိုးဝေဟု ထင်ပါကလည်း သူတို့အသံကလည်း အိုးဝေ အိုးဝေဟု ကြားလာရသော ဒေါင်းတွန်သံများ ညနေဝင်ရီတရော၌ လွမ်းဆွတ်သံ၊ ကြေကွဲ သံလို လို ထင်ရသော မျောက်များအူသံက မနက်ခင်းအခါတွင် မျောက်အော် သံ၌ တက်ကြွသံပါသနိုးနိုး ထင်ရသယောင်ယောင်။ ဘုတ်ပူသံ၊ ခါတုတ်သံ၊ ချိုးကူသံတို့က ဝဲယာထက်အောက် နေရာအနှံ့အပြားမှ ပေါ်ထွက်နေ၏။ ကျေးငှက်ပေါင်းစုံ၏ အိပ်တန်းဆင်းတေးသံ၊ မနက်ခင်း မြည်ကျူးသံသည် တောယံ၊ တောင်ယံအားလုံးကို ပိတ်ဖုံးနေ၏။
ဆောင်းကြွင်းလေ။
နွေဦးပန်း။
NOW WYIN
တောတန်းမြိုင်ယံမှ ငှက်ကျေးသာရကာ မြည်ကျူးသံ။
တစ်စတစ်စဖြင့် ရွာမုဆိုးကိုပေသီးတို့အဖွဲ့သည် မိုးမိတ်ခရိုင်သစ် တော နယ်မြေများနှင့် ထိစပ်နယ်မြေဖြစ်သော ပန်းတလဲတောကြီးထဲသို့ ဝင်ရောက်ခဲ့ မိပြီ။ သုံးဦးစလုံး ညောင်သီးလည်း စားမြားသံလည်း နားထောင်သွားလည်း သွားသတိလည်းထား ထုံးနှလုံးသွင်း၍ ရှေ့ဆက်ရှေ့ဆက် သွားလာနေကြ သည်။
တောလိုက်ခေါင်းဆောင်သည် ရွာမုဆိုးကိုပေသီး။ နောက်လိုက် လက်သင်တပည့်နှစ်ဦးက ငဖူးနှင့် ငတော။
ခေါင်းဆောင်ကသွားလျှင် နောက်က လိုက်ရသည်။ ခေါင်းဆောင်က ဘာမှမပြောသေးဘဲ ငယ်သားကဘယ်သွားမှာလဲ၊ ဘယ်ကျမှနားမှာလဲ မလုပ်ရမမေးရ။ သွားလျှင်လိုက်၊ ပြောလျှင်နားထောင်၊ ခိုင်းလျှင်လုပ်၊ ဤသည်မှာ တောလိုက်သမား ထုံးစံ။ ခေါင်းဆောင်စကား မလိုက်နာက တောခိုက်တတ်သည်။ ဘေးအန္တရာယ် ကြုံတတ်သည်ဟု တောသမားအစဉ်အဆက် အယူသည်းခဲ့ကြပါ၏။ ရှေးထုံးစံအတိုင်း လိုက်နာခဲ့ကြပါ၏။
နဘူး၊ ပိုးနှံ၊ ခံ အစရှိသော ချုံပုတ်ချုံနွယ်များသည် အောက်ပြည်အောက်ရွာများ၌ ပေါက် မပေါက် ငတောတို့မသိ။ ငတောတို့ အညာ၌ တောကြီး မြိုင်ကြီးမှာလည်း နဘူး၊ နပဲချင်းရဲ၊ မိုးနှံ ပေါမှပေါ။ ယာသားလွင်ပြင်ဘေး၊ ရွာဝန်းကျင်ဘေး၌လည်း ပေါမှပေါ၊ အချို့က ဘာအဓိပ္ပာယ်ဟု ငတောမသိ။ နဘူးကို နဘူးရွှေတောင်ဟု ခေါ်ကြပါသေး၏။
တောင်သရက်၊ တောသရက်၊ တောင်ပိန္နဲ၊ အင်၊ ကျွန်း၊ သစ်ဝံ၊ ပိတောက်၊ သန်း၊ ဒဟတ်၊ ရှား၊ ထိန်၊ လိန်၊ သနပ်တို့က အချို့နေရာ၌ ခပ်ပါးပါး၊ အချို့ နေရာ၌ အကိုင်းချင်းယှက်၊ အချို့နေရာ၌ ပင်ကွဲ၊ ပင်ကွဲဖြစ်က အပင်ခပ်ကြီးကြီး။
ဝါးရုံမျိုးစုံက အုံကြွထတော့မလို မြင့်မြင့်မားမား၊ ထူထူပိတ်ပိတ်၊ ကျပ်ကျပ်တည်းတည်း။ ကျပ်တည်းပိတ်ညှပ်နေ၍ ဝါးဖောင်ရိုးလား မမေးနှင့်။ မဟုတ်။ သူ့ရေ သူ့မြေ သူ့မိုး သူ့သဘာဝအရ ချိုင့်ဝှမ်းနေရာ၊ ချိုင့်ဝှမ်းယောင်နေရာများ၌ ဝါးမျိုးအလိုက် တုတ်မှတုတ်။ ပင်ကြီး၊ ပင်လတ်၊ ပင်ပု၊ ပင်ပျပ်၊ ဝါးရုံ၊ ဝါးချုံ၊ ချုံနွယ်ပိတ်ပေါင်းက သာမန်လူဆိုလျှင် တဦးတယောက်တည်း မတိုးရဲ မသွားရဲမည့် အနေအထားထိ မှိုင်းညို့အုပ်ဆိုင်းနေသည်။
ဆင်ဝင်၊ ကျားအောင်းရသော နေရာများမှာ များမှများ။
ငတောတို့အဖွဲ့ လာခဲ့သည်က ကြက်တည်။
ယခု ကြားလာရသော အသံများက တောကြက်အသံများ။
တောကြက်မနှစ်ကောင်၊ သုံးကောင်ခန့်က ပထမအော်တော့ ကတော့၊ က. . တော့၊ က. . . တော့၊ နောက်တော့ ကတော်၊ ကတော်၊ ကတော်၊ ကတော်နှင့် ကြိမ်ရေများစွာ အသံကုန်အော်သည်။ ထိုအသံကို တောလိုက် နောက်သင် ငဖူးနှင့် ငတောပင်လျှင် နားလည်သည်။
တောကြက်မများ မိတ်လိုက်လို၍ မ,သံပေးခြင်း၊ စိတ်ဆာနေခြင်း၊ ကြက်ဖ အလိုရှိနေခြင်း၊ လာမိတ်လိုက်လှည့်ပြီး အဆင်သင့် မိတ်လိုက်ဖက်ရှိပါ သည်ဟု ကြေညာသံ။
သည်နေရာမှာများ ဆရာကိုပေသီး ကြက်တည်စလေ မလား။ ကိုပေသီးက မရပ်၊ ရှေ့ဆက်သွားမြဲပင်။
ဟုတ်သည်။ တောကြက်မများ မိတ်လိုက်လာမည့် ကြက်ဖကို မျှော်နေသောအသံ။ မိတ်လိုက်နေကျ တောကြက်ဖ နာဖျားသေလေသလား။ ကျားသစ်၊ ကျားရဲ၊ တောခွေးအ လက် ပါသွားသလား၊ ကြက်တည်သမား လက်ညွှတ်ကွင်းထဲ သက်ဆင်းသွားသလား၊ တခုခုတော့ တခုခုပင်။
သူ့မိတ်လိုက်ဖက်နှင့်သူ ရှိသည့်တိုင်၊ သည်အသံမျိုးကို ပေးတတ်သော်ငြား၊ ယခုကဲ့သို့ မိတ်ဇောပြင်းပြင်း ထန်ထန်၊ ရမ္မက်အာသာကြီးကြီးဖြင့် အော်လေ့မရှိ။ ရန်သူကို လာဖမ်းစားပါတော့ဟု ကြေညာရာရောက်သော ထပ်ပြန်တလဲလဲ၊ ကြက်မသံပေးခြင်းမှာ မိတ်ဇောဖုံးလွှမ်းနေသောကြောင့်သာ ဘေးမှန်းမသိ ရန်မှန်းမသိ ဆူဆူညံညံ။
သို့ရာတွင် တောကြက်မသည် မမျိုးဝင်သူက မိတ်သံပေး၍ အခြားတောကြက်ဖလာ က ချက်ချင်းလက်ခံ၊ မိတ်လိုက်ပါသလား။ ဝေးလှပါဘိထောင်း။
သူ့အသံပေး၍ လာခဲ့ရသော တောကြက်ဖ။ သူကပဲ အသံပေးခဲ့တာ၊ မြှူဆွယ်ခဲ့တာ မဟုတ်သလိုလိုဖြင့် ဝေးရာက ရှား။ ကြက်ဖက တွေဝေနေလျှင် ထပ်မြူ၊ ကြက်ဖက ထပ်လာလျှင် ပြန်ရှောင်၊ မူနွဲ့ခွဲရှောင်၊ ကပ်ခွာ၊ ခွာကပ်၊ တနေကုန်တောင် အချို့ကြက်မက အကပ်မခံ။ မဗီဇ ပီသလှပါဘိထောင်း။
အချို့တောကြက်ဖက စိတ်ကြွလာ၊ ဒုန်းထိုးစီး၊ ကြက်မအမောက်ကို သူ့နှုတ်သီးဖြင့် မြဲမြဲဆိတ်။ ကြက်ဖ ကျောကုန်းပေါ် ဇွတ်တက်သည့်တိုင် ဝပ်မပေးဘဲ အားထည့်တောင့်ခံ ပေရပ်နေသည်အထိ မူတတ် ကလူတတ်သော တောကြက်မ စရိုက်ကို ကိုပေသီး သိမြင်ကြုံတွေ့ခဲ့ဖူးသည်။ ဒါကြီးကို မသိနားမလည်ဘဲ သွားတည်က ပိုးသာကုန် မောင်ပုံစောင်းမတတ်ထုံး ရောက်ရမည် ဖြစ်ပါဘိတောင်း။
တောနက်ရာအထိသွား၊ ရနိုင်လောက်သော နေရာမှ ကြက်တည်ရန် ကိုပေသီးရှေ့ဆက်ခဲ့သည်။
တောကြက်တွန်သံများက ထက်အောက် ဝဲယာမှ စူးစူးရှရှ၊ မြိန်မြိန်ဆိုင်ဆိုင်။
နှောပင်ကြီးတပင်ဘေး၌ အရိပ်မရှိသော ကွက်လပ် မြက်ခြောက်များသာ ရှိသည်။ ဘေးပတ်ပတ်လည်၌ ဝါးရုံများ၊ ချုံပုတ်၊ ချုံတန်း၊ ချုံနွယ်စဉ်များ၊ အောက်ဖက်မှ တောကြက်တွန်သံက လိုဏ်သံခတ် ပြေးဝင်လာသည်။
ပထမဦးဆုံး ချုံတစ်ချုံကို ရွေး၊ သုံးယောက်ဝင်ပုန်းခိုနိုင်မည့် ပုန်းအိမ်အဖြစ် ညင်ညင်သာသာ ဖြစ်နိုင်သမျှ ထိန်းသိမ်းလုပ်သည်။ ပုန်းအိမ်ပုန်းချုံ လုပ်ရာ၌ တဗြောင်းဗျောင်း၊ တဗျင်းဗျင်း၊ တဒိုင်းဒိုင်း၊ တဒုတ်ဒုတ် အသံဆူညံကျယ်လောင်မှု မရှိစေရန် သတိထားလုပ်။
ပုန်းအိမ်ပုန်းချုံက လှမ်းကြည့်လျှင် မြင်နေရသည့် ကြက်တည်ကွင်းကို ကိုပေသီးရွေး။ ငဖူးနှင့် ငတောကို ကွင်းရှင်းခိုင်းသည်။
တည်အိမ်ထဲမှ တည်ကြက်ကိုထုတ်၊ တစ်ထောင့်ထွာကျော်ကျော် ကြက်ချည်ကြိုးနှင့် ခြေထောက်တချောင်းကိုချည်ကြိုးပါ သံငုတ်ဖြင့် မြေမာပေါ် ထိုးစိုက်ရိုက်။
ကြက်ကလေးကို အစာထပ်ကျွေး၊ ကြက်ကလေးက တစ်ခါနှစ်ခါ စားပြီး အိမ်ကကျွေးလာသဖြင့် ထပ်မစား။ နှုတ်သီးဖြင့် ဘေးယက်ချပြီး ကြက်မ ခေါ်သံ၊ အစာခေါ်သံ ပေးသည်။
တည်ကြက်ထောင်ကွင်း ပြင်ဆင်ခြင်းပြီးနောက် ညွှတ်ကွင်းထောင်ရန် သုံးယောက်သား လုပ်ကြ ကိုင်ကြသည်မှာ တက်ညီလက်ညီ။
ရှေးကြက်သမားကြီးများ ကြက်သမား သမားစဉ်က ကညွှတ်စု နှစ်ဖုံ ထောင်ကြသည်။ ထောင်ရသည်။ ညွှတ်ခွန်နှစ်ဖုံ ပြည့်စုံမှ ညွှတ်အင်္ဂါပြည့်စုံသည်ဟု သင်ကြားခဲ့ကြ၊ လိုက်နာခဲ့ကြသည်။
ယခုအထိ မြန်မာပြည်အရပ်ရပ်၌ လိုက်နာဆဲနေရာများ၊ ကြက်တည်သမားများ အများအပြားရှိသည်။ သူ့ဒေသ သူ့နည်း၊ ကိုယ့်ဒေသ ကိုယ့်နည်း သုံးစွဲကာ ညွှတ်ထောင်နေကြသည်။
ညွှတ်လုပ်နည်းခြင်းပင်လျှင် မတူ။
ညွှတ်ဆိုသည်မှာ တောကြက်မိစေရန် ကွင်းလျှောသဘောမျိုး၊ ကျော့ကွင်းသဘောမျိုး ပြုလုပ်ထားသော ကြက်ဖမ်းငှက်ဖမ်း လက်နက်ကိရိယာတခု ဖြစ်သည်။
ညွှတ်ကို အချို့ဒေသက နွားအမြီးဖျား လိမ်ကျစ်၍ ဖမ်းကွင်းပြုလုပ်၏။ အချို့ဒေသက ကြိမ်ကောင်းကောင်းကို ပါးပါးသပ်၊ ခိုင်ခိုင်ပြုလုပ်၏။ အချို့ဒေသက ခေတ်ပေါ် ပလတ်စတစ်ကြိုး၊ နိုင်လွန်ကြိုး ပြုလုပ်၏။ ရှေးကြက်သမားကြီးများက ကြက်တည်ရာတွင် ညွှတ်ခွန်နှစ်ဖုံစုံမှ ကြိုက်၏။
ကိုယ်ရံညွှတ် တစ်ဖုံ။ [ကိုယ်ရံညွှတ်တစ်ဖုံဟူသည် ၃၆ တိုင် (၃၆ ငုတ်) ပါသော ညွှတ်ကိုခေါ်သည်။
တိုင်တစ်တိုင် သို့မဟုတ် ငုတ်တစ်ငုတ်၌ ညွှတ် ကွင်းတစ်ကွင်းပါသည်။ ထိုညွှတ်ကွင်းသည် နွားမြီးကျစ်ထားသော ညွှတ်ကွင်း ဖြစ်ချင်ဖြစ်သည်။ ကြိမ်ခိုင်ခိုင်သပ်၍ လုပ်ထားသော သို့မဟုတ် ခေတ်သုံး ပလတ်စတစ် နိုင်လွန်ညွှတ်ကွင်း ဖြစ်ချင်ဖြစ်မည်။
တိုင်တစ်တိုင်၌ ကျော့ကွင်း၊ ညွှတ်ကွင်းတစ်ခု ပါသည်။ ထိုညွှတ်ကွင်းကျော့ကွင်းပါ ၃၆ တိုင် စုစည်း၊ ဆက်စပ် ချည်နှောင်ထားသော အပြည့်အစုံမှ ကိုယ်ရံညွှတ်ကွင်းတစ်ဖုံဟုခေါ်သည်။ ကိုယ်ရံညွှတ်- ၃၆ တိုင်ပါ တွဲထားသော ညွှတ်၊ ပြည့်စုံကတစ်ဖုံ၊
လက်စွယ်ညွှတ်နှစ်ဖုံ (လက်စွယ်ညွှတ်၌ ညွှတ် ၂၄ ချောင်းသာပါသည်။ ထိုအတွဲကို လက်စွယ်ညွှတ်ဟုခေါ်သည်။ ၂၄ တိုင် တဖုံ၊ ၂ ဖုံ- ၄၈ တိုင်)
မုတ်ဆိတ်တစ်ဖုံ (မုတ်ဆိတ်ညွှတ်ကွင်း တစ်ဖုံ၌ တိုင် ၂၄ တိုင် ပါသည်)
ကင်းညွှတ်နှစ်ဖုံ (ကင်းညွှတ်၌လည်း ၂၄ တိုင်ပါသည်။
အရံညွှတ်နှစ်ဖုံ (အရံညွှတ်၌လည်း တဖုံ၊ ၂၄တိုင်၊ ကျော့ကွင်း ညွှတ်ကွင်း ၂၄ ကွင်းပါသည်။ နှစ်ဖုံ ၂၄+၂၄ – ၄၈ တိုင်ပါသည်။)
ကိုပေသီးတို့နည်း၊ သင်ဆရာနည်းက အခြားဒေသများနှင့်မတူ။
ညွှတ်တိုင်သတ်မှတ်ကတည်းက ကိုပေသီးတို့နှင့် မူကွဲသည်။ ကိုပေသီးသည် ကိုယ်ရံညွှတ်ရော၊ အခြားညွှတ်ရော ငုတ်တိုင် ၂၅ တိုင်ကို ညွှတ်တစ်ဖုံဟု သတ်မှတ်သည်။ ညွှတ်တစ်ဖုံ၌ ငုတ်တိုင်နှစ်ဆယ့်ငါးတိုင်၊ ကြိမ်ကျော့ကွင်း နှစ်ဆယ့်ငါးကွင်းကို တစ်ဖုံ တန်းတူသတ်မှတ်သည်။
တောကြက်ကို ထောင်ရာ၌ ညွှတ် (၇)ဖုံစလုံး မထောင်။
အခေါ်အဝေါ် တူတာတူ ကွဲတာကွဲ၊ သူ့ဒေသ သူ့နည်း၊ ကိုယ့်ဒေသ ကိုယ့်နည်း၊ ကိုယ်နားလည်သလို လုပ်ကြသည်။
ကိုယ်ရံညွှတ်၊ လက်စွယ်ညွှတ်၊ ကင်းညွှတ်၊ စည်းညွှတ်၊ သည်လေးဖုံသာ သုံးစွဲထောင်သည်။ သည်လေးဖုံသာထောင်၍ ခုနစ်ဖုံထောင်တာ မှားသလား၊ များသလားဟု ကိုပေသီးကို မေး၊ ခုနစ်ဖုံစလုံး ထောင်နိုင်တာက အကောင်းတကာ့ အကောင်းဆုံးပေါ့ဗျာ၊ ခုနစ်ဖုံထောင်တယ်ဆိုတာ ဆိုင်းကြီးဝိုင်းကြီး ပြည့် ပြည့်စုံစုံ အုပ်စုံပါတာနဲ့ တူတယ်။ ကျုပ်တို့နည်းက ဆိုင်းတော့ ဆိုင်း၊ အရပ်သုံး ခါးပြတ်ဆိုင်းဟု ရယ်ရယ်မောမော ဖြေသည်။
အဓိကကတော့ တောကြက်ကို မိရေးပင်။ ကိုပေသီး ထိတွေ့မိသမျှ တောကြက်က ခုန်ပျံဝင်လာချိန်၌လည်း မိတတ်သည်။ စောင်၍ ဇောင်းငမ်း ဇောင်းငမ်း ဝင်လာရာကလည်း မိတတ်သည်။ မြေပေါ်ပြေးလွှားလာရာမှလည်း မိတတ်သည်။
တွန်လိုက်၊ စောင်လိုက်၊ အစာယက်လိုက်၊ ရှေ့တိုးလိုက်လာရာမှလည်း မိတတ်သည်။ ဒုန်းပြေးဝင်လာရာမှလည်း မိတတ်သည်။
ပက်ခြေအဝင် တည်ကြက်အနီးမှလည်း မိတတ်သည်။ (ဝှီးခနဲခုန်လာ၊ တည်ကြက်အနီး ရောက်၊ ခွပ်မှ ကိုယ်ရံညွှတ်၌ မိခြင်း)
တည်ကြက်ဘေး၌ ကိုယ်ရံညွှတ်ကို ပတ်ထောင်ပေးသည်။ ကြက်ချည်ထားသော ကြိုးတစ်ထောင်ထွာကျော်ခန့် ခွာပြီး ညွှတ်စိုက်ပေးသည်။
ညွှတ်တိုင် နှစ်ဆယ့်ငါးတိုင်၏ မြေစိုက်ဝင်အားသည် စုပေါင်းအင်အား၊ ကြက်မိသော ညွှတ်ကွင်းငုတ်တိုင် ကျွတ်ချင်ကျွတ်ပါစေ၊ ငုတ်တိုင် ၂၅ တိုင် ဆက်ချည်ထားရာ ကျန်ငုတ်များက တောင့်တင်းကြံ့ကြံ့ခံရပ်ပေးသည်။
ကိုပေသီးက ရေကို လက်ဆွတ် တည်ကြက်မျက်နှာလေးကို ပွတ်သပ်ပေး၊ ကျော၊ အတောင်ပွတ်သပ်ပေး၊ လက်ဖျောက်အကြိမ်ကြိမ် တီးပြပေးသည်။ ပကတိအသံက ဖျောက်ဖျောက်၊ ဖျောက်ခနဲ။
တည်ကြက်လေးအသိ၌ မင်းအလှည့်ကျပြီ တွန်တော့၊ လာရင်ခွပ်တော့ဟု အားပေးသံ။
သူ့ပတ်ပတ်လည်၌ ညွှတ်တွေ ဝိုင်းထောင်ကတည်းက တိုက်ပွဲတစ်ပွဲ စရတော့မည်ဟု တည်ကြက်က သိသည်။ သူ့တာဝန်သူ ထမ်းဆောင်ရန် သူ တစ်ကိုယ်လုံး လှုပ်ခါယမ်းလိုက်သည်။ လည်တိုင်ထက်မှ အမွှေးများကို ခါလိုက်သည်။ အတောင်ကို တဖျန်းဖျန်းရိုက်ကာ အားရပါးရ စတင်တွန်သည်။
သာမန်နားထောင်က ကြက်တွန်သံ၊ ကြည်ကြည်ပြတ်ပြတ်မာမာ၊ ပုဆိန်ပေါက် အောက်အီးအီးအွတ်။
နယ်မြေခံ တောကြက်အဖို့ မယုံနိုင်စရာ အသံ၊ ရန်စစ်ကြေညာသံ။
တစ်တော တစ်ဖ တွန်လေ့ရှိသော တောကြက်နယ်မြေ။ အခြားကြက် တွန်လာခြင်းသည် သူ့ကြက်ရာဇပလ္လင်ကို စစ်ကြေညာခြင်း။ သည်တော့ ရန်သူတော် ကျူးကျော်ကြက်ကို နှိမ်နိုင် နှိမ်၊ မနှိမ်နိုင်က ကြက်ရာဇပလ္လင်၊ ကြက်အကြီးအမှူးချုပ်ဘဝမှ ဆင်းပေး။
ရာဇသံပေး၊ စစ်ကြေညာသံပေးသော သဘော တောကြက်က ဗီဇသိ သိသည်။ သူ့စိတ်စွဲနေသလား၊ နားကြားလွှဲလေ သလား၊ သေချာသလားဟု စူးစူးရဲရဲ ထပ်နားထောင်သည်။
ကိုပေသီး တည်ကြက်က ပွဲတိုင်းကျော် တည်ကြက်ကောင်း။ တည်ကြက်ကောင်းဟူသည် ဘယ်တောညာတော တောမရွေးရ၊ တောမလန့်ရ။ တောမှန်သမျှ တွန်ဝံ့ရသည်။ တွန်ရာ၌ တောကြက် အာရုံစိုက်လာသည်အထိ အတောင် တဖျောင်းဖျောင်းခတ်၊ အားနှင့်မာန်နှင့် ဆက်ကာ၊ ခြားကာ၊ နားကာ၊ ပြန်တွန်ကာ တောကြက် မလာမချင်း တွန်သည်။
တောမရွေးသလို နွေမိုးဆောင်း ရာသီမရွေးရ။ လူအနားရှိမှ ဝေးမှ မလုပ်ရ။ အကြောင်းမဲ့ တကတော်တော်၊ တကတော်တော် ကြောက်မအော်ရ။ မသင်္ကာ မအော်ရ၊ လန့်မအော်ရ။
အတွန် ရဲသလို အပြိုင်တွန်ရာ၌ တောကြက်တစ်ခွန်း၊ အနည်းဆုံး တည်ကြက် တစ်ခွန်း။ ဖြစ်နိုင်က တည်ကြက်က ကြိမ်ရေများတွန်။
အပြိုင်တွန်ရာ၌ မာန်အားပါရသကဲ့သို့ ခွပ်ရန် စောင်အလာ၌ ပြန်စောင်ရဲရမည်။ ခုန်ကျော်ပျံဝင် တောကြက်ကို တည်ကြက်က ရဲရဲပြန်ခွပ်ရသည်။ ဤသို့ ပြည့်စုံမှ တည်ကြက်ကောင်းဟု ယေဘုယျ သတ်မှတ်သည်။
ကိုပေသီးက သူ့တည်ကြက်ကို ယုံကြည်သူဖြစ်၍ ပထမ စတင်တွန်ကတည်းက ကျန်နှစ်ယောက်ခေါ် ပုန်းအိမ်ပုန်းချုံထဲ အမြန်ဝင်သည်။
တောကြက်ဒေါသကလည်း ကြီးမှကြီး၊ ခွန်းဆင့်ထပ်ထပ်တွန်နေသော တည်ကြက်ရှိရာ နေရာအနီးရှိ လိန်ပင်ကြီးပေါ် ဝှီးခနဲ ပျံသန်းကူးလာ၊ ခွန်းဆင့် ခွန်းဆင့်တွန်သည်။
တည်ကြက်ကလည်း အားကျမခံ တွန်ရာ ပိုမိုစိတ်ဆိုးပြီး ပနီသန်လျှက် ချုံပေါ်သို့ သစ်ပင်ပေါ်မှ ခုန်ချလိုက်သည်။ တောကြက် ခုန်ပျံချသည့်နေရာတော့ ကွက်တိရောက်သည်။ သို့ရာတွင် ပနီသန်လျက် အနွယ်က သူဝန်မထမ်းနိုင်။
မြေပေါ် ညွှတ်ကျရာ တောကြက် ဆောင့်ဆီးအတွန်းခံရသကဲ့သို့ အကျခပ်နာနာ၊ နာတော့ စိတ်ပိုဆိုး၊ စိတ်ဆိုးတော့ ဒုန်းပြေး၊ တည်ကြက်ရှိ ရာ ပြေးဝင်၊ ညွှတ်တကွင်းက တောကြက်ခြေထောက် ဆီးဖမ်းချည်လိုက်သည်။
လူများ ဒုန်းပြေးလာရာ အရှိန်သတ်မရသကဲ့သို့ တောကြက်အရှိန်သတ်မရ။ အရှိန်သတ်မရသော်လည်း ခြေထောက်မှာ ညွှတ်မိနေရာ ရှေ့သွားမရ၊ တုံ့ဆွဲခြေဆောင့်ခံရသကဲ့သို့ ဘွတ်ခနဲ မြည်ကာ နာနာကျင်ကျင်။
နာကျင်၍ ထပ်ရုန်းက မြေကိုင်ရိုက်ခံရသူကဲ့သို့ဖြစ်၊ ထပ်နာ၊ ထပ်ရုန်း၊ ထပ်နာ။
ကိုပေသီးတို့ ဖမ်းဆီးညွှတ်မှ ဖြုတ်သောအခါ အားကုန်အင်ကုန် ပျော့ပျော့စိစိ။
ကြက်တစ်ဖရပြီး တောနက်ရာ ဝင်သည်။ ထိုတစ်ဖကျတော့ တစ်နာရီခန့်ကြာမှ ရသည်။
ထိုနေရာမှ တောနက်သည်ထက်နက်သော တောပိုင်းဝင်ခဲ့ရာ စတင်သိသူက ကိုပေသီးဖြစ်ပါ၏။
တိရစ္ဆာန်တိုးထားသော နဘူးချုံတစ်ချုံ၊ နဘူးချုံကို တိုးစက မသိမသာ၊ နဘူးချုံကြီး အလယ်၌ရှိသော ပေါင်လုံးခန့်တုတ်မည့် ရှားပင်အနီးရောက်သော အခါ သိသိသာသာ။
နဘူးနွယ်နုနေသေးက ခပ်တိုတို၊ သက်လတ်ဖြစ်ပါက ခပ်ရှည်ရှည်အောက်သို့ ပြားမကျသေး၊ ရင့်လာတုတ်လာထောင်နေသော ကိုင်းအင်အား မနိုင်လာမှသာ အောက်ပြားကျသည်။
ယခု နဘူးကိုင်းသက်လတ်များက ပြား၊ ပြားရာမှ ရုန်းထရန် ကြိုးစား၊ သည်အနေအထားက တောကောင် တကောင်ကောင် ဖိနင်းတိုးထားဟန်။
တောကောင် ဘယ်သွားပါသလဲ။ ရှားပင်ကြီးဆီ ၊ ရှားပင်မှာ ဘာရှိပါသလဲ။
ရှားပင်ခွဆုံမှ ကိုင်းဖြာနေသည့် ပင်မကိုင်းကြီး ငါးကိုင်း တုတ်တုတ်ခိုင်ခိုင်။ တိုးဝှေ့ခဲ့သော သတ္တဝါ ရှားပင်ပေါ်မှာလား။ ကိုပေသီး ရွာမုဆိုးမျက်စိဖြင့် ကြည့်သည်။ ရှားပင်ပေါ်မှာတော့ သက်ရှိ ဘာသတ္တဝါမှ မရှိ။ သေချာရဲ့လား ပြန်ကြည့်၊ မရှိ။
မြင်လာသည်က ရှားပင်ခွဆုံ၌ ခွေခွေခေါက်ခေါက် သတ္တဝါ။ သက်ရှိသတ္တဝါ အိပ်များနေသလား။
မြေကြီး ငုံ့ကြည့်၊ တုတ်ချောင်းတို တုတ်တုတ်တွေ့၊ ပစ်ခတ်ခြောက်ကြည့်။ ထိမှန်၊ ဘာမှ တုံ့ပြန်လှုပ်ရှားမှု မရှိ။
တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်။
ကိုပေသီးက ကျန်နှစ်ယောက်ကို တူမီးမောင်းတင်၊ ဒူးလေးမောင်းဆင်ခိုင်း၏။ လှုပ်ရှားအကောင်တွေ့က ပစ်ရန်ခိုင်းပြီး ပါလာသည့် ဓားရှည်အနှောင့်ဖြင့် နီးရာချုံပုတ် ပုတ်ခတ်လှန့်၊ ချုံအနီးမှတွေ့သော တုတ်ချောင်း၊ မြေစာခဲများဖြင့် ပေါက်၊ ခြောက်လှန့်သည်။ ကိုပေသီး ရှားပင်ကြီးဆီ ဝင်လမ်းရရန် ဓား ရှည်ဖြင့် ခုတ်ရှင်း၊ ရှားပင်တက်ရန် ဝင်သည်။
“ငါ ရှားပင်ပေါ်တက်နေတုန်း ဘေးဘီဝဲယာထက်အောက် ဂရုစိုက်၊ လှုပ်တာတွေ့ ပစ်၊ ငါ တက်မယ်”
ရှားပင်ခွဆုံကြား၌ ခွေခေါက်နေသော တောဝက်တစ်ကောင်။ ပိဿာချိန် ခန့်မှန်း ခြောက်ပိဿာကျော်၊ ခုနစ်ပိဿာခန့် ရှိနိုင်သည်။ စားထားသည်က သုံးပုံတစ်ပုံခန့် ကုန်သေးသည်။ နှစ်ပုံခန့် ကျန်သေးသည်။
ကိုပေသီး တောအတွေ့အကြုံအရ စားမကုန်သော အစာကို ဝှက်ရာ၌ တောခွေးအက မြေကြီး အားကိုးသည်။ မြေကြီးယက်ဆွဲသွင်း၊ မြေပြန်ဖုံး၊ နောင်စားချိန်မှ ပြန်ဖော်စားသည်။
ကျားသစ်က သစ်ပင်အားကိုး၊ အမြင့်အားကိုး၊ သူစားမကုန်သော အစာကို အမြင့်ဆွဲတင်၊ ဝှက်ထား၊ ဆာမှပြန်စား။
ကျားက ဝှက်ခဲသည်။ သူကြိုက်ရာ နေရာရောက်အောင် ဆွဲသွင်း၊ ဆွဲယူ အကျင့်ရှိသည်။ ချုံရိပ်ထဲလျှိုထဲ ဆွဲသွင်းချင်သွင်း၊ သူ့ကြိုက်ရာ စားကွင်း ဆွဲ သွင်းချင်သွင်း၊ တခါတရံ မူလနေရာမှာ ထား၊ စား၊ ပြန်သွား၊ ပြန်လာစား။ ကျားကလည်း ကျားနည်းကျားဟန်ကျားစရိုက် ရှိသည်။
ငဖူးနှင့် ငတောကို ဖွင့်ပြောမလား။ ရွာ သုံးယောက် စုပြန်၊ ပြန်လာလုပ်မလား ကိုပေသီး ချိန်ချိန်ဆဆ။
အားလုံးမပြန်သင့်ကြောင်း ကိုပေသီး သုံးသပ်ရ သည်။ ဒီအစာက ကျားသစ်စားထားသော အစာ။ ဝှက်ထားသူက ကျားသစ်၊ ဝက်၏ သုံးပုံတစ်ပုံခန့် ကုန်အောင် စားထားသည်ဆိုမှတော့ ဘယ်နည်းနဲ့မှ ကျားသစ်ပေါက်စ၊ ကြောင်လောက်အကောင် မဖြစ်နိုင်။
တောပရိယာယ်၊ တောသဘာဝ အတွေ့အကြုံရှိ သိနေသော ကျားသစ်လတ် ကျားသစ်ဝါရင့် ဖြစ်နိုင် သည်။
သူတို့သုံးယောက်စလုံးက ရွာပြန်၊ သုတ်ကိုင်းယူ၊ သည်အချိန်မှာ လူနံ့ရ၊ လူ့လှုပ်ရှားမှု သိနေသော ကျားသစ်က သူ့သားကောင် ပြန်ကိုက်ချီ၊ နေရာ ပြောင်းသွားက ကျားသစ် မျက်ခြည်ပြတ်မည်။
သူနေရစ်ခဲ့ပြီး ငဖူး၊ ငတောပြန်လွှတ်၊ သုတ်ကိုင်းပြန်ယူခိုင်းက စုံစုံစေ့စေ့ပါက မထောင်းတာ။ သူ စိတ်ကြိုက် ပါမလာခဲ့သော် မစုံမလင် ဖြစ်ခဲ့သော်
ချိန်သားကိုက် မဖြစ်။ သူကိုယ်တိုင် ရွာပြန်မှသာ ကိုယ့်ထောင်မည့် သုတ်ကိုင်း၊ ပြင်တာပြင်၊ ငှားရမည်ဖြစ်က လှည့်ပတ်ငှားရမည်။
လူငယ်နှစ်ယောက်ထဲ ထားခဲ့၍ ကျားသစ်ကိုက်ပါက …
“ငဖူးနဲ့ ငတော၊ မင်းတို့ ကျားသစ်ကို ကြောက်သလား၊ ပစ်ရဲ ခတ်ရဲလား၊ လွဲချော်သွားရင် ဓားနဲ့ ခုတ်ဝံ့၊ ပိုင်းဝံ့လား။ မှန်မှန်ဖြေနော်။
ကျားသစ်က ဘယ်နေရာလို့သာ မသိတာ၊ တို့နဲ့ လက်တစ်ကမ်းမှာ ရှိနေတယ်။ ရှားပင်ပေါ်မှာ တောဝက်သေအပိုင်းအစ ငါတွေ့တယ်။ အဲလို ဝှက်တတ်တာကလည်း ကျားသစ်ပဲ။ အဲဒီအစာအနီး မနီးမဝေးကစောင့်၊ ရစ်ပတ်နေတတ်တာလည်း ကျားသစ် ပဲ။ ကျားသစ်နဲ့ မင်းတို့ ပက်ပင်းကြုံနိုင်တယ်”
“ဦးလေးပေသီး တူးမီးပြင်၊ ဒူးလေးပြင်ဆိုကတည်းက ကျုပ်တို့ အန္တရာယ်ကောင်နဲ့ တွေ့တော့မယ်ဆိုတာ သဘောပေါက်ပြီး သူသေကိုယ်သေ ပစ်ဖို့ခတ်ဖို့ မာန်သွင်းထားပြီးပါပြီဗျ။ လာပါစေ၊ မကြောက်ပါဘူး”
ငဖူးက ထိုကဲ့သို့ ဖြေသလို ငတောကလည်း ဖြေသည်။
ကိုပေသီးက –
“ငါ ရွာပြန်မယ်။ ယူစရာရှိတာ ချက်ချင်းယူ ချက်ချင်းပြန်လာမယ်။ ကျားသစ်က သူ့အစာ ပြန်မယူဖို့နဲ့ မင်းတို့ကို တိုက်ခိုက်လာရင် မထိခိုက်ဖို့ ကြိုးစား။ ကျားသစ်က လူသံဝေးရင် ဗီဇသိ သိတယ်။
ပုံမှန်အနေအထားနဲ့တော့ မင်းတို့ လာရန်မပြုဘူး။ အသံပေးထားဆိုလို့ ခြောက်လှန့်ထုတ်သလို မဖြစ်စေနဲ့။ မသိမသာ အသံပေးသလို လိမ်လိမ်မာမာလုပ်။ အသံလည်း ပေးတယ်၊ ခြောက်လှန့်ထုတ်ရာလည်း မရောက်အောင် လုပ်။ အကောင်းဆုံးကတော့ တစ်ယောက်က လက်နက်ကိုင်ထား၊ တယောက်က နဘူးချုံရှင်းထား။ နဘူးကိုင်းချင်း မသိမသာ ဖျောင်းဖျောင်းဖျင်းဖျင်း မြည်အောင်လုပ်ပေး။ တစ်ယောက်က လက်နက်နဲ့ မကွာနေ … ကြည့်။ ငါ ပြန်မယ်၊ ချက်ချင်းလာမယ်”
ကိုပေသီးက တူမီးနှင့် ဓားရှည်မှလွဲ၍ ဘာမှ ယူမနေ၊ ရွာဆီတဲစုဆီသို့ ဖြတ်လမ်းမှ သုတ်ခြေတင် အပြေးပြန်သည်။
ငဖူးနှင့် ငတောက သူတို့ဆရာစကားညွှန်း နားလည်သည်။ ချုံကိုလည်း ရှင်း၊ အခက်အလက်ချင်းလည်း တစ်ခက်တစ်ခက် ဖျောင်းခနဲ၊ ဖျောင်းခနဲနေ အောင် ရိုက်ခတ်အသံပေးသည်။ မနီးမဝေးဝါးရုံမှ ဝါးတစ်လုံး၊ နှစ်လုံးကို ခုတ်ချ တမင်ပြုလုပ်သည်။
ကျားသစ်လာဖို့ ဝေးလေစွ၊ အယောင်အရိပ်မျှပင်လျှင် မမြင်ရ။
ကိုပေသီး ချွေးတဒီးဒီးကျ၊ မောကြီးပန်းကြီး ပြန်အလာတွင် အကူလူ ငရွှေနှင့် နီမောင်နှင့်အတူ သုတ်ကိုင်း ငါးကိုင်း ပါလာသည်။ လူငါးယောက်၊ သုတ်ကိုင်းငါးကိုင်းထောင်နိုင်ရန် ထောင်ကွင်း ဝိုင်းဝန်းတက်ညီလက်ညီ ရှင်းသည်။
ရှားပင်ပတ်လည်၌ ကိုင်းစကြာ ထောင်သည်။
ကိုင်းစကြာဟူသည် ရှားပင်ကို ဗဟိုပြု၊ ရှားပင်ပတ်ပတ်လည်၌ ကိုင်း ငါးကိုင်းကို ဝလုံးပုံ ပတ်ပတ်လည်မှ ထောင်သည်။
ရှင်းရှင်းလင်းလင်းရှိသော နေရာမှန်သမျှ သုတ်ကိုင်းထောင်၊ လစ်ဟာနေရာ၌ သစ်ပင်ဆူးကပ်၊ မြေပြင် ပေါ် ချုံသဏ္ဌာန် ဆူးပုံ၊ သစ်ကိုင်းသစ်ခက်ပုံ၊ တားဆီး၊ လူငါးယောက် အင်တိုက်အားတိုက် လုပ်ကိုင်ရာ ညနေဆည်းရီ၌ ပြီးစီးသည်။
ကျားသစ်သည် ဆူးကပ်ထားသော နေရာရှောင်၊ ချုံသဏ္ဌာန်နေရာကို ကွင်း၊ သုတ်ကိုင်းကွင်းရှင်းသောနေရာမှလာ၊ သုတ်ကိုင်းကျင်းနင်း၊ သုတ်ကိုင်း၌ မိမည်။
“တို့ စောင့်နေရမယ့်ပွဲ မဟုတ်ဘူး။ မနက်မှ စောစောလာမယ်။ ခုချိန်ပြန်မှ အနေတော်ကျမယ်။ ပစ္စည်းပစ္စယစစ်၊ ဝေငှထမ်းပိုး သတိနဲ့ပြန်မယ်။ ကြက်သေကို တွဲလောင်းမဆွဲခဲ့နဲ့၊ ပုဆိုးဟောင်းတထည်နဲ့ ထုပ်ယူခဲ့၊ ကဲ… ရှေ့ နောက် ပြန်ကြမယ်”
နေဝင်ဆည်းရီ၌ တောမှထွက်ခဲ့သည်။ ညနေမိုးချုပ်၊ ညီအစ်ကိုမသိတသိ အချိန်၌ တဲစုကို ပြန်ရောက်၊ တောကြက်ကို အမွေးနှုတ်၊ ချက်ပြုတ်စုစားခဲ့ကြ သည်။ နောက်နေ့မနက်၌လည်း သည်ငါးယောက်က သုတ်ကိုင်းထောင်ထားရာ စုစုစည်းစည်း သွားရမည်။
မနက်နေပွင့်ချိန်၌ သုတ်ကိုင်းထောင်ရာသို့ သွားခဲ့ကြသည်။
ပထမသုတ်ကိုင်းက ကျားသစ်မိ၊ ရုန်း၊ ဟိုရုန်းသည်ရုန်းရာမှ စကြာပုံလည်ထောင်ထားသော အခြားသုတ်ကိုင်း ကျင်းနင်းမိ၊ အခြားကျင်းက ကျား သစ်ကို ထပ်ဖမ်း၊ သုတ်ကိုင်းနှစ်ကိုင်း ကြိုးများက ကျားသစ်ကို ဝိုင်းထိန်းထားသည်။
မည်မျှ စိတ်ဆိုး ကိုက်ကိုက် ရုန်းရုန်း၊ သံတုတ်မီး (သံဒုံမီး) ခွန်က ကိုက်မရ။ သွပ်ကြိုးပျော့ ကိုက်နိုင်ဖို့က ဝေးလာဝေး။ သူ့ပါးစပ် လှမ်းမှီလှည့်က သံဒုံမီး(သံတုတ်မီး) ခွန်ဟောင်းက ကာကာပေးထားသည်။
ဖမ်းမိကျားသစ်မှာ ကျားသစ်လတ်လတ်တကောင်။ ကျားသစ်ထီး ။
(စာရေးသူ ငယ်ငယ် ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၃ ခုနှစ်များတွင် သွားလာစခန်းချ လေ့လာနေထိုင်ခဲ့ဖူးသော မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပန်းတလဲ (ပင်းတလဲ) တောင်ခြေအနီးရှိ ဘိုကန်း၊ ကျောက်ဆည်လေး အပါအဝင် ရွာအားလုံးကို အမှတ်တရ ရေးဖွဲ့အပ်ပါသည်။ အားလုံးကို သတိရမိပါသည်။)
စာပြီးရက်- ၂-၁၁-၂၀၁၆
– ပြီး –
စာရေးသူ – တွင်းကြီးဝမ်းမောင်
Uncategorized