August 1, 2025
Uncategorized

ကြင်ဖော်တွဲချင်ရှာလိမ့်မယ်

ဆင်ဖြူကျွန်းအောင်သိန်း

(၁)

“တ ကူး ကူး ကူး …”

ချိုးကူသံသည် ပီသလှ၏။ သည်ပီသသော အသံ သည် အေးဆောင် နားဝင်တွင် ချိုသာလှ၏။

ချိုးကူသံကို ချိုသာသည် ထင်သော်လည်း မီးစနှင့် ထိုးသလောက်နီးနီး ပူသော နေပူသည် အပူလျှော့သွားလေတော့သည်။

စင်စစ် အပူတော ဖြစ်သည်။

ကြည့်လိုက်စမ်း … မြေနီတောကြီး။ ဘယ်ယာကို ကြည့်ကြည့် ညိုညစ်သော၊ အဝါရောင်သန်းသော ယာမရှိ အားလုံး နီရဲနေသည်။

မိုးကိုမျှော်ရင်း ထွန်ရေးလုပ်ထားကြရသည်။ မိုးကလေးသာ တစ်ဖြိုက်လောက် ရွာချထားခဲ့လျှင် ယခုလောက်ရှိ မြေပဲပင်တွေ နှမ်းပင်တွေကို ကန့်လန့်တင် စိမ်းစိမ်းဝေဝေ မြင်ရလောက်ပြီ။

ယခုသော်ကား ထွန်ကြောင်းတွေသာ ရှုပ်ထွေးနေ သည်။ အချို့က စွေစွေ၊ အချို့က စောင်းစောင်း၊ အချို့က တည့်တည့်။

သို့ဖြစ်ငြား ငြီးငွေ့ဖွယ်ရာ အနီရောင်။

ဝါး ငါးရိုက်စာ အကွာတိုင်း အကွာတိုင်းတွင်ကား ဝါးပင်တန်းတွေ ရှိပါ၏။ သူတို့လည်း ခါးဖြတ်ထားသောကြောင့် မဝေဆာနိုင်။ မသေရုံ အားခဲသောအားဖြင့် အိုမွဲသော အရွက်ကလေး မစို့မပို့ဖြင့် ညှိုးကပ်လျက် မိုးကို မျှော်နေရလေ၏။

မိုးကိုမျှော်သူမှာ ဝါပင်တွေသာလော။

မဟုတ်ပါ။ ရှားစောင်းပင်တွေလည်း သာခွေယိုင် ဖြစ်နေကြပြီး မာန်တင်း မထားနိုင်သော ရှားစောင်းလက်ညှိုးတချို့နှင့် ရှားစောင်းမြင်းနား သုံးလေးပင်မှာ ခွေကျကုန်ပြီ။ အတွင်းက အူချောင်သောကြောင့် ဖြစ်ပေ၏။

အေးဆောင်တို့ ယာခရိုးရှိ ရှားစောင်းပြာသာဒ်များမူ အားတင်းထားကာ မော့နေကြဆဲ၊ မတ်နေကြဆဲ။ သို့ဖြစ်ငြား ခေါင်းပြူစ ရှားစောင်းဖူးကလေးများမှာကား ကြာပွင့်ပုံ ပီပီသသ ဖြစ်လာသည်အထိ ထွက်မလာနိုင်ကြ။ ပြူတစ်ဘဝမှာပင် ဦးစိုက်ညှိုးခွေသွားပြီ။

သည်အချိန်တွင် ယာအရှေ့ဘက်က ရိုးခြောက်တွင် ရေကလေး မဖြစ်စလောက်ရှိနေသည်မှာ အဖိုးတန်လှသည်။

ကလိုင်ဖြစ်နေသော ဖွတ်ချေးကျောက်များကြားတွင် နွားလည်း ဝင်မလောက်သာ။ ဆိတ်နှင့် သိုးလည်း တိုး၍ မရ။ သင်းတို့သာ ဝင်၍ရလျှင် အခုလောက်ရှိ ခန်းလောက်ပြီ။

နွား၊ ဆိတ်နှင့် သိုးများ မသောက်နိုင်သောကြောင့် ပျားနှင့် ငှက်များသာ သောက်နိုင်သည်။ သည်အတွက်ကြောင့်ပင် အေးဆောင်အတွက် အဖိုးတန်လှသည် ဆိုရခြင်းပင် ဖြစ်ပေ၏။

အေးဆောင်သည် နေထွက်တစ်ပြူကပင် သည်စမ်း သို့ ရောက်လာ၏။ သူ့တွင် ခွေးတစ်ကောင်၊ ဓားမတိုတစ်လက်နှင့် ညွတ်တစ်ဖုံ ပါလာ၏။ ညွတ်တွေပါလာပါလျက် သူသည် ငှက်မထောင်ဘဲ စမ်းဘေးတွင် ငုတ်တုတ်ကြီး ထိုင်နေခဲ့ရ၏။

အကြောင်းမဲ့ ထိုင်နေခြင်းကား မဟုတ်။ ပျားစောင့် ခြင်း ဖြစ်ပေသည်။

ပျားများသည် အလင်းရောင်ရသည်နှင့် ရေသောက်ရန် ရောက်လာကြသည်။ အေးဆောင် မျက်လုံးများက ထပျံသော ပျားကို ကြည့်သည်။ ထိုးဆင်းလာသော ပျားကိုလည်း ကြည့်သည်။ များစွာ စိတ်ပျက်မိသည်။

ပျံသွားသော ပျားသည် ထောင်တက်ပြီး အရှေ့ ဘက်သို့ သွားကြသည်။ အရှေ့ဘက်တွင် ကုန်ခြောက်တွေသာ များပြားသည်။ အလွန်မျှော်ကြည့်နိုင်ပါမှ သစ်ပင် သုံးလေးပင်ကို မြင်ရ၏။

သည်ပုံသာဆိုလျှင် ခွေးလှေးပျား၊ မွေးလိန်ပျား၊ ထန်းစေ့မှုတ်ပျားနှင့် သစ်ခေါင်းပျားသာ ဖြစ်စရာရှိ၏။

ခွေးလှေးပျားသည် ဟုတ်တိပတ်တိ ပျားသလက် ပျားလဘို့လုပ်သော ပျားမဟုတ်ပေ။

မွေးလိန်ပျားလည်း လူ၏ ဆံပင်ထဲဝင်ပြီး တွယ်ငြိနှောင့်ယှက်ရုံသာ တတ်ကျွမ်းသည်။

ထန်းစေ့မှုတ်ပျားမူ သူ့အုံသည် မည်သည့်အခါမျှ ထန်းစေ့မှုတ်ထက် မကြီးမား။

သို့သော် သစ်ခေါက်ပျားကား မက်လောက်စရာ ရှိ၏။ သစ်ပင် ပင်စည်တွင်းသို့ ဝင်ကာ ပျားရည်များ သိုလှောင်ထားသည်။ ချဉ်သော ပျားရည်အချဉ်အိုးက အပေါ်က၊ အချိုအိုးက အောက်က စီစဉ်ထားရှိ၏။ သို့တစေ ကြားဖူးရုံသာ ရှိ၏။ အေးဆောင် သစ်ခေါင်းပျား မဖွပ်ဖူးပါ။

သစ်ခေါင်းပျားကို အေးဆောင် စိတ်မကူးပါ။

ပျားကောင်က ဝင်လိုက် ထွက်လိုက်နှင့် ပျားဖယောင်း ပေကျံနေသည့် အနာဖေးဝကြီးကို တွေ့ရင် သစ်ခေါင်းပျား ရှိသည်ဟု သိသာ၏။ ထိုအရာကို လိုက်လံရှာဖွေရန်မှာ ပျားစွဲကို လိုက်လံရှာဖွေရန်ထက် ခက်၏။

သည်ခက်ခဲသော သစ်ခေါင်းပျားကို လိုက်လံရှာဖွေ၍ တွေ့ပြီ ဆိုပါစို့။ သစ်ခေါင်းပျားရှိသော အပေါက်သည် မြေပြင်မှ သုံးလေးတောင်အကွာတွင် ရှိပါလိမ့်မည်။

လူထိုင်၍ ကောင်းသော ခွဆုံတွင် ရှိပါလိမ့်မည်ဟု တပ်အပ်သေချာ မသိ။ ထို့ကြောင့် အနောက်ဘက် တောင်ဘက်နှင့် မြောက်ဘက်သို့ ပျံထွက်မည့် ပျားကို အေးဆောင် သတိထား၏။

သူ သတိထားခါမှ အရှေ့ဘက်သို့ချည်း ပျံသန်းကြ၏။

အေးဆောင် ပြုံးသည်။ သည်ကောင်တွေ ငါ့ကို လှည့်စားနေကြပြီ ထင်ပါရဲ့ကွာဆိုကာ ရှားဆောင်းလက်ညှိုးပင်မှ အစေးတွေကို အိုင်စပ်တွင် လျှောက် ချ၏။ ထပျံသော ပျားတိုင်း၏ အတောင်ဖျား၏ ခြေဖျားတွင် အဖြူစေးတွေ ပေကျံလျက် ပါသွား၏။
သာမန်ထက် အကြည့်ရလွယ်ကူငြား အရှေ့ဘက်သို့သာ ပျံကြ၏။

ကျားဘို၏ဟောင်သံ ကြားရ၏။ ကျားဘိုကား သူ၏ ခွေး လူစိမ်းကို မြင်သောကြောင့် ဟောင်သံမျိုး မဟုတ်။ ခွေးအချင်းချင်း မြင်သောအခါတွင် ဟောင်သည့် အသံမျိုးလည်း မဟုတ်ချေ။

ကျားဘို၏ ဟောင်သံတွင် တက်ကြွစိုးမိုးသံ ပါ၏။ ဧကန္တ ပုတက်တွင်းတွေ့သဖြင့် ယက်လိုက် ဟောင်လိုက် လုပ်နေခြင်း ဖြစ်မည်။

“ဘာလုပ်မှာလဲ” ဟူသော အသိရှိထားသည့်အတွက် အေးဆောင် ငဲ့စောင်း၍သော်မျှ မကြည်။ မိုးမရွာသောကြောင့် ဝီခေါ်နေချိန်တွင် ပုတတ်များလည်း ပိန်ချုံးနေကြ၏။ ယခုနေ ပုတတ်သားကို ချက်စားပါက သစ်ကိုင်းခြောက်ကို ဝါးရသည်သို့ ရှိမည်။ ဆီကုန်ခြင်းသာ အဖတ်တင်လိမ့်မည်။

ပုတတ်ထက် အသားပေါသော မြွေကိုပင် အေးဆောင် စိတ်မကူးပါ။ မြွေများလည်း ပုတတ်နည်းတူပင် ပိန်ရှာကြသည်။

ယမန်နေ့က တွေ့သော ငန်းဝါကျားကြီးမှာ စိမ်းလန်းသော ရာသီဖြစ်ပါက လေးငါးပိဿာမှ အောက်နိုင်စရာ မရှိ။ ယမန်နေ့ကသော် ပိန်လိုက်သည်မှာ တုတ်ချောင်းကို မြွေအရေခွံ စွပ်ထားသလား မှတ်ရသဖြင့် ဘေးမဲ့ပေးခဲ့၏။

သခင် မလာသောကြောင့် ကျားဘို အဟောင်ရပ် သွား၏။

အေးဆောင်၏ ခေါင်းပေါ်မှ ဖလပ်ဖလပ်အသံ ကြားသဖြင့် မော့ကြည့်မိသည်။

ချိုးနှစ်ကောင်။

ရေသောက်ရန်အလာတွင် လူကိုမြင်သောကြောင့် လန့်ဖျပ်သွားသော အသံ။

အေးဆောင် တောက်ခေါက်မိ၏။ သည်ဘက် ထနောင်းနှစ်ခွတွင် မိုးဖယ်သောကြောင့် ယာသီးယာနှံ မရှိငြား ဟိုဘက် ဆီးတော ကြောင်ငိုနှင့် ခွေးတက်ရွာများတွင် ယာသီးယာနှံများ မြင်ရပြီ။

အတောင်ပါသော ငှက်တို့အတွက် ခရီးမဝေးလှ။ သို့ဖြစ်၍ ချိုး၊ ခို၊ ဆက်ရက် စသော ငှက်များမှာ အသားပြည့်သည်။

သို့ရာတွင် အေးဆောင်မှာ ငှက်မထောင်ရ။ ပျားဖွပ် ရန်အတွက် မရေမရာ ပျားချောင်းနေရသည်။

ငှက်လာမည့် စမ်းရှိပါလျက် ငှက်ထောင်ရန် ညွတ်ရှိ ပါလျက် ငှက်မထောင်ရ။ အေးဆောင် တောက်ခေါက်ရပြန်ပြီ။

ထိုအခါတွင် မြသွယ်ကို ငြိုငြင်ချင်လာ၏။ ငြိုငြင်ချင်ငြား အေးဆောင် မငြိုငြင်ရက်။

(၂)

လေပူကြီးတစ်ချက် ရိုးကလေးအတိုင်း ဆန်တက် လာသည်။ အေးဆောင် တစ်ကိုယ်လုံး ပွက်ပွက်ဆူ
နေသော ရေနွေးငွေ့ အဟပ်ခံလိုက်ရဘိလို့ ခံစားလိုက်ရ၏။

ချက်ချင်း ချွေးပြိုက်ပြိုက် ကျလာ၏။ ချွေးကို လက်ဖမိုးဖြင့် သပ်လိုက်သောအခါ အရည်နှင့် မထိတွေ့ရ။ ကြမ်းသော ရှသော သဲမှုန့် မြေမှုန့်များ ကပ်ပါလာသည်။

အေးဆောင်သည် မျက်လုံးထဲသို့ ချွေးရည်များ စီးမ ဝင်စေရန် သုံးလေးချက် သုတ်လိုက်ပြီးနောက် စမ်းကလေးဘေးသို့ တဖြည်းဖြည်း ချဉ်းကပ်လာ၏။

အေးဆောင် ဟန်ပန်မှာ တစ်စုံတစ်ရာ ကျပျောက်သဖြင့် လိုက်လံရှာဖွေသူဟု ထင်စရာ ဖြစ်၏။

သို့သော်… ဘာမျှ ကျမပျောက်ပါ။ သို့သော် ငုံ့ ကြည့်နေပါသည်။ ငုံ့ကြည့်သမျှ ညင်ညင်သာသာကလေး … ရွရွကလေး။

အေးဆောင် ငုံ့ကြည့်သောအရာမှာ ငှက်ခြေရာ ဖြစ် သည်။ စမ်းဘေးတွင် နားစရာ ဆင်းစရာနေရာတွေ ကျယ်ကျယ်ဝန်းဝန်း ရှိပါလျက် တစ်တောင်မျှသော နေရာကလေးတွင်သာ ငှက်ခြေရာတွေ ရှုပ်နေ၏။ အခြားနေရာများကို မသင်္ကာသောကြောင့် ရှောင်ဟန်တူ၏။

လက်တွင်းတွင် ဆုပ်လာသော ညွှတ်များကို မြေပေါ် သို့ ချလိုက်ပြီးမှ အေးဆောင် ပြန်ကောက်ကာ တော နာနတ်ပင်ဘေးသို့ ပြေးကပ်၏။ တဝီဝီ အသံတစ်သံ ကြား ရ၍ ဖြစ်သည်။

အသံကြီးသည် ကျယ်လောင်လာ၏။ လေပွေကြီး တစ်ခုကို မြင်ရပါပြီ။ ကြီးမားသော ကတော့ကြီးတစ်ခု အော်ဟစ်လည်ပတ်နေပုံနှင့် တူပါဘိ။ အမှိုက်တွေ ဖုန်တွေ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်တွေကို စုတ်မျိုသယ်ဆောင်လာ၏။

တဝေါဝေါအသံသို့ ပြောင်းလာရုံမက လေချွန်သံများပါ ပါလာ၏။

ကျားဘိုသည် လှဲအိပ်နေရာမှ ထပြေး၏။ ပြေးမ လွတ်ပါ။ တအိုင်အိုင် အော်ရင်းပါသွား၏။ မြောက်ကြွလိုက် တရွတ်တိုက် ပါသွားလိုက်ဖြင့် ရိုးစောင်းနှင့် တိုက်မိမှ ပက်လက်ကလေး ကျန်ခဲ့၏။

အေးဆောင် ပြေးပွေ့၏။ ကုပ်မှဆွဲပြီး မတ်တတ်ရပ်ခိုင်း၏။ အမြီးတစ်ချက်နန့်ပြပြီး ထွက်ပြေးတော့မှ အေးဆောင် ဟင်းချနိုင်၏။

တောကောင်းသော ခွေးမို့ ကျိုးပဲ့သွားမည်ကို အေးဆောင် စိုးရိမ်၏။ ဖွတ်၊ ပုတတ် လိုက်ရာ၊ မြွေလိုက်ရာတွင် ခွေးတိုင်း မကျွမ်းပေ။ ထို့ကြောင့် အေးဆောင် စိုးရိမ်ခြင်းဖြစ်၏။

ကျားဘိုနောက်သို့ ရယ်မောလျက် ပြေးလိုက်ရာ စမ်းဘေးသို့ အေးဆောင် ချဉ်းကပ်လာသည်။ သစ်ကိုင်း ခြောက်တွေ လျှောက်ကောက်ကာ တောင်တစ်ချောင်း မြောက်တစ်ချောင်း ချသည်။ ရှင်းသောနေရာ ရှာမတွေ့ မှသာ ရှုပ်သောနေရာသို့ ဆင်းသက်ကြမည်။

သည်ကြားတွင် ညွတ် ၁၈ ခုကို ထောင်ပစ်ခဲ့ပြီး ချောင်းကလေးဘက်သို့ ဆုတ်ခွာလာ၏။

ချောင်းကလေးမှာ ပက်လွန်း ကောလွန်းသဖြင့် အရာသာ ရှိတော့၏။ ချောင်းနှုတ်ခမ်းတွင် ယာခရိုးများ တန်းစီနေသည်။

အေးဆောင်သည် ရှားစောင်းပင်ရိပ်တွင် ဝင်ထိုင်လိုက်ရာက ခေါင်းပေါင်းပုဆိုးစုတ်ကြားမှ ဆေးလိပ်ကို ဆွဲယူသည်။ ဆေးလိပ်မီးညှိရာက ညွတ်တွေကို လှမ်းကြည့်လိုက်သည်။ သေချာစွာ မြင်ရသည့်အတွက် သူ ကျေနပ်သွားသည်။

တဂဲဂဲ အော်သံများ ကြားရ၏။ ဆက်ရက် ခေါင်းဖြူ များ ဖြစ်၏။ အေးဆောင်မှာ ချိုးနှစ်ကောင် အချီအချ ကူနေသံကို အာရုံစိုက်နေရာမှ စိုးရိမ်တကြီး လှမ်းကြည့်၏။ ဆက်ရက်များ ရေသောက်မဆင်းစေချင်။ သူက ချိုးတွေသာ ဆင်းသက်စေချင်သည်။

သူဆင်းစေချင်ကာမှ ချိုးကူသံ ပြတ်မသွား။ ချိုးကူ သံအရပ်ကို စိတ်စောနေစဉ် ကျားဘို၏အမြီးနှင့် မြေကြီးရိုက်သံ တဖုတ်ဖုတ်ကို ကြားရ၏။

ဟိုဘက်ယာကရော သည်ဘက်ယာကရော။

သည်ဘက်ယာကပဲ ဖြစ်ပါစေ။ သည်ဘက်ယာကလူ ဖြစ်ပါမှ မြသွယ်ဖြစ်ဖို့ မျှော်လင့်နိုင်သည်။

ဝါပင်များကြားမှ ထွက်လာသူမှာ မြသွယ်။ ဝါပေါက်မျှင်များငြိနေသော အိတ်တစ်လုံးကို လွယ်ထားသော မြသွယ်။ နေပူထဲတွင် ကြာကြာနေခဲ့သဖြင့် ညိုချောမှ နီညိုသို့ ပြောင်းနေသော မျက်နှာတွင် ချွေးဥတွေ သီးနေသည်။

“အံမယ် … ကိုယ့်သခင်မကို ကျားဘိုတောင် သိနေပြီဟ”

“သူ့မှာ ဒါပဲတတ်တယ်”

မျက်စောင်းနှင့်အတူ လာသောအသံ။ အေးဆောင်မှာ လက်ပြက်သောမျက်စောင်းကို မြင်ရရုံဖြင့် အမောပြေသည်။ တဟဲဟဲ ဖြစ်ရ၏။

“လာဟာ … ငါ့အနားမှာ ကပ်ထိုင်စမ်း”

မြသွယ် မျက်စောင်းထိုးရပြန်၏။

“ထိုင်ပါလိမ့်မယ် ‘ထေး’ထားဟင်း”

ထိုင်ရန်ဝေးစွ ရပ်လျက်ကပင် လက်တစ်လှမ်းကွာ အတွင်းသို့ တိုးမလာပေ။

“နင်ပြောတော့ ကိုအေးဆောင်ကို မေတ္တာရှိပါ တယ်ဆို”

“မေတ္တာရှိတာနဲ့ လော်မာတာနဲ့ တခြားစီပဲတော်”

“ကိုယ်ချစ်တဲ့လူနဲ့ ကပ်ထိုင်တာများ လော်မာတာ တဲ့။ ဘာဆိုင်လဲ … ဘာမှမဆိုင်ဘူး”

“မိဘ မပေးစားသေးတဲ့ ယောက်ျားတစ်ယောက်နဲ့ အပျိုလေးတန်မဲ့ ဆိတ်ကွယ်ရာမှာ ပူးပူးကပ်ကပ် မနေရဘူးတော့။ ကဲပါ … တော် မပြန်သေးဘူးလား။ ပြန်ရင်လည်း တော့်လှည်းနဲ့ လိုက်ချင်လို့”

သူတို့ယာများမှာ ခရိုးတစ်ခုသာ ခြား၏။ ခရိုးတစ်ခု ဟူရာ၌ ထုံးစံအတိုင်း ရှားစောင်းပင်တွေ စိုက်ထားသော ခရိုး မဟုတ်ချေ။ သုံးပင်ထပ်တန်းထားသော ဝါပင်တန်းသာ ဖြစ်၏။

မြသွယ်အဖေ ဦးသက်သည် သူ့သမီးကို အေးဆောင် နှင့် မဥပါဒ်ချေ။ သို့ဖြင့် ယာထဲတွင် နှစ်ယောက်ချင်းရှိလည်း စိတ်ချသည်။ သူ့လှည်းကို ကိုယ်လိုက်စီး၊ ကိုယ့်လှည်းကို သူလိုက်စီးဖြင့် လှည်းတစ်စီးတည်း နှစ်ယောက်အတူ စီးသွားလည်း စိတ်ချသည်။

မြသွယ်ကလည်း အေးဆောင် မဆိုစလောက် ခြေလက်ဆော့သည်မှအပ စိုးရိမ်စရာမရှိဟု ယုံကြည်သည်။

သို့အတွက် အတူပြန်ချင်ကြောင်း ပြောပြသည်တွင် အေးဆောင်မှာ သက်မချလိုက်ကာ မျက်လုံးပြူးနေ၏။

“မေးတာမဖြေဘဲ ဘာပြူးကြည့်နေတာလဲ”

“ကုန်းပိုးပြီးပို့ဆိုရင် ပို့ရုံပဲရှိတယ် မြသွယ်ရေ့။ နေပါဦး … နင်ကကော ဘာပြုလို့ လှည်းမယူလာတာလဲ။ နီးတဲ့ခရီးလား””

“ဝါကလေး တစ်ပေါက်နှစ်ပေါက် ကောက်ဖို့အရေးမှာ ဘာပြုလို့ နွားပင်ပန်းအောင် လုပ်ရမှာလဲ”

မြသွယ်သည် စကားကိုဖြတ်ပြီး စူးစမ်းဟန်ဖြင့် ကြည့်၏။

“ဟုတ်သေးပါဘူး၊ သည်မှာ တော်တစ်ယောက် တည်း ဘာလာလုပ်နေတာလဲ”

“နင်လာမယ်ဆိုတာ သိလို့ဟေ့”

မြသွယ် မျက်စောင်း မထိုးတော့ပါ။ နီးဝေးဝန်းကျင် သို့ မျှော်ကြည့်လိုက်၊ အေးဆောင်ကို ကြည့်လိုက် လုပ်နေသည်။ ကြည့်ရင်းကြည့်ရင်းဖြင့် မသင်္ကာရိပ်သည် မြသွယ် မျက်နှာ၌ ထင်ဟပ်လာ၏။

“တော် မှန်မှန်ပြော၊ ထင်းခွေတဲ့ကောင်မလေး တစ်ယောက်ယောက်နဲ့ တွေ့ဖို့ စောင့်နေတာ မဟုတ်လား”

အေးဆောင် ထခုန်မိသည်။

“အမယ်လေး … မဟုတ်ရပါဘူးဗျာ”

“ဆိတ်ကျောင်းတဲ့ ဘယ်ကောင်မနဲ့ချိန်းထားလဲ”

အသံက ခက်ထန်ငြား ငိုသံပါလာပြီ။

“မြွေပွေးကြီး ထွန်တုံးလောက် ကိုက်ရစေရဲ့။ ဘယ်သူ့ မှ စောင့်နေတာ မဟုတ်ဘူး။ ဟောဟိုစမ်းဘေးမှာ ချိုးထောင်ထားတာကို စောင့်နေတာ”

သည်မျှဖြင့်လည်း မြသွယ် မယုံသေး။ စမ်းဘေးသို့ သွားရောက်စုံစမ်းသည်။ စုံစမ်းအပြီး၌ ညွတ်တွေကို ဖြုတ်ယူလာသည်။

အေးဆောင်မှာ မီးခဲနင်းမိသူသို့ ခုန်ဆွ ခုန်ဆွဖြစ်သွားလေ၏။

“သွားပါပြီဟာ … သွားပါပြီ။ ဟင်းစားလေးရမလား လို့ ထောင်ထားတာ”

မာန်လည်း မမာန်ရဲသဖြင့် ညည်းညူမိ၏။

မြသွယ်တို့ ယာခရိုးထနောင်းပင်ပေါ်၌ သံဖိုသံမ အချီအချကူချွဲနေသော ချိုးနှစ်ကောင်ကို မော့ကြည့်၏။ သည်နှစ်ကောင် သူ့ညွတ်တွင် မိမည် မမိမည် မတပ်မပြောနိုင်ဘဲနှင့် နှမြောဝမ်းနည်းစွာ မော့ကြည့်ခြင်း ဖြစ်၏။

“မရခင်က နိုင်လှချည်လား မြသွယ်”

“ဩော် ကိုယ်ချင်းမစာဘူးလားဟင်။ ခုနေ ကျုပ် သေသွားရင် တော် ဘယ်လိုနေမလဲဟင်”

“ပါးစပ်ပုပ်ကြီး၊ သွား ရေဆေးပစ်စမ်း”

“အဲသည်လိုပေါ့တော်။ တော့်ညွတ်ကွင်းမှာ တစ် ကောင်မိပြီး တစ်ကောင်ကျန်နေခဲ့ရင် တော်ပူသလို ပူရှာမှာပေါ့။ တော်ဆွေးသလို ဆွေးရှာမှာပေါ့။ ကိုယ်ချင်းစာစမ်းပါတော်”

(၃)

မြသွယ်သည် ထိုနေ့က ညွတ်တွေပါ ပြန်မပေးဘဲ ယူသွားသည်။ သို့ရာတွင် သူနှင့်အတူ ပြန်ခဲ့ရသဖြင့် ကြည်နူးသည်။ သူ့အပြုံး သူ့အရယ်ကလေးတွေအောက်တွင် ယစ်မူးခဲ့ရသည်။

မြသွယ် မနှစ်သက်မှန်းသိလျက်က ညွတ်အသစ် တစ်ဖုံ လုပ်လာခဲ့မိသည်။ အသုံးကား မပြု။

သို့တစေ အမေကလည်း အိတ်ထဲမှပိုက်ဆံ နေ့စဉ် ထွက်ရသဖြင့် ညည်းလှပြီ။ တမာရွက်ပင်မကျန် စိမ်းစိမ်းစိုစို အရွက်ဟူသရွေ့ကို နွားအတွက် ဦးစားပေးရသည်မို့ လူမစားရ။ အမဲ ကြက် ဝက်ချည်း လူက စားရသည်။ ကြာသော် မစားချင်ပြီ။

ပျားရည်ရလျှင် ပျားရည်ဖိုးဖြင့် ဇီးတောရွာဘက်သို့ သွားရောက်ကာ အသီးအရွက်ဝယ်မည် စိတ်ကူးငြား ယနေ့အဖို့ ပျားရရန် မနီးစပ်။

ထိုသို့ အခက်အခဲတွေ့နေစဉ်တွင် မြသွယ်တို့ ယာခရိုးထနောင်းပင်ပေါ်မှ ချိုးကလည်း ကလူ၏သို့ မြူ၏သို့ ကူနိုင်လွန်းပလေ။

နေမမြင့်သေးပါ။ ရှိလှမှ အေးဆောင့် ကျောပြင်ကြီး မူ ပူလှပြီ။ သည်ကျောပူခြင်းထက် ဘာလုပ်ရမည်မသိ အကြံရခက်ခြင်းကြောင့် ရင်ပူသည်က ပိုဆိုးသည်။

ခဏမျှစဉ်းစားပြီး မြသွယ်တို့ ယာဘက်သို့ အေးဆောင် လှမ်းကြည့်သည်။ လူရိပ်သူရိပ် မမြင်ရ။ ခါးပုံစထဲမှ ညွတ်တွေထုတ်ပြီး ထောင်သည်။ သစ်ကိုင်း တွေ ချသည်။

ယနေ့မူ ယာခရိုးရှားစောင်းပင်ရိပ်က မစောင့်။ မတော်တဆ မြသွယ် ပေါက်ချင် ပေါက်ချလာနိုင်၏။ လာ၍ သူ့ကိုတွေ့လျှင် ဟိုလူနှင့်ယိုးစွပ် သည်လူနှင့်ယိုးစွပ် လုပ်မည်။ သို့မဟုတ် ညွတ်တွေ ယူသွားဦးမည်။ သို့ကြောင့် ချောင်းကောနှင့်လှမ်းသော တောနာနတ်ပင်များအောက်တွင် လာခိုသည်။

ချိုးကူသံ တိတ်သွားသည်။

ဟုတ်ပြီ … ရေသောက် ဆင်းတော့မည်အတွေးဖြင့် အေးဆောင် ဝမ်းသာသည်။

သူထင်သည့်အတိုင်း ထိုးဆင်းလာငြား တစ်ပတ်ပဲကြည့်ပြီးမှ ခွာပြီးဆင်းသည်။ ရှေ့မှ ခုန်ဆွခုန်ဆွလာနေသော ချိုးမှာ အဖို။ ရင်မှာ အပြောက်ကြီးတွေဖြင့်။

“ဖလပ် ဖလပ် … ဖလန်း ဖလန်း” အသံများ ပေါ်လာ သည်နှင့်တစ်ပြိုင်နက်တည်း ချိုးမ ပျံပြေးသည်။ ဟင်းစား တစ်နပ်တော့ရပြီအထင်ဖြင့် အေးဆောင် ဝမ်းသာအားရ ထ၏။ ချက်ချင်း ပြန်ထိုင်ရ၏။

ယမန်နေ့က သူထိုင်ခဲ့သော ရှာစောင်းပင်နောက်မှ မြသွယ် ထွက်လာသောကြောင့် ဖြစ်၏။

မြသွယ် မျက်စိကလည်း မလိုရာတွင် ရှင်လှပါဘိ။

“ဟောတော် … ဘယ်သူ ထောင်ထားပါလိမ့်”

ဟု ရေရွတ်ကာ ပြေးလာ၏။

အေးဆောင်မှာ မြေကြီးနှင့် ခေါင်းနှင့် ထိမတတ် ဝပ်နေရင်းက ကျားဘိုကိုပါ ကုပ်နှိမ်ထားရ၏။

စောစောက တကူးကူးဟု သံဖိုသံမ ကူချွဲခဲ့သော သစ်ပင်တွင် သောကသံဖြင့် တစ်ကောင်တည်း ကူနေပြီ။ ကူကူး ကူကူးဟု မရပ်မနား အော်မြည်နေသံသည် ချိုးမ၏ ငိုကြွေးသံပင် ဖြစ်လိမ့်မည်။

မြသွယ်သည် ချိုးဖို ရုန်းကုန်ခုန်ပေါက်နေသဖြင့် အဝတ်ဖြင့် အုပ်ဖမ်းသည်။ ညွတ်ကို စိမ်ပြေနပြေဖြေပြီးမှ ချိုးဖို၏ ညွတ်ပွန်းသော ခြေထောက်ကို အာငွေ့ပေးသည်။ သည်မျှနှင့် အားမရသောအခါ လက်ဝါးပူအောင် ဒူးနှင့် ပွတ်ပြီးမှ ဆုပ်နယ်ပေး၏။ သူ့လက်ညောင်းညာလာမှ လက်ဝါးပေါ်တင်ပြီး လွှတ်လိုက်လေ၏။

သေတွင်းမှ ဝမ်းသာအားရ ပျံထွက်သွားသော ချိုးဖို ကို မျှော်ကြည့်ကာ မြသွယ်မှာ ကြည်နူးလျက် ကျန်ခဲ့၏။

သက်ခင်ပြတ်မျှ မရပ်မစဲအော်နေသော ကူကူး ကူကူးသံ ရပ်သွား၏။ မြသွယ်၏မျက်လုံးအစုံမှာ ကြည်လင်ဝင်းလဲ့ လာ၏။

တစ်ခဏအတွင်းမှာ လေပြည်သာသာအေးအေး ကလေးသည် ချိုအေးလေးတွဲ့သော တကူကူးကူး ဟူသည့် သံဖိုသံမ ကူချွဲသံကို သယ်ဆောင်သွား၏။ ကျေနပ်စွာ ငေးမျှော်ကြည့်နေသော မြသွယ်၏နှုတ်ခမ်းပါးကလေးများမှ လှပသောအပြုံးပန်းကလေးများ ပွင့်ဖူးလာ၏။

အေးဆောင်မှာလည်း ဟင်းစားတစ်နပ်စာ ဆုံးရှုံးရသဖြင့် ဖြစ်ပေါ်နေသော မကျေနပ်မှုနေရာတွင် ပီတိယှဉ်သော အပြုံးတစ်ပွင့် ကူးစက်ပွင့်အာလာရလေပြီ။

စာပေလုပ်သား၊ ၁၉၈၆၊ ဒီဇင်ဘာလ


– ပြီး –

စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *