ကြည်ပြုံးချိုရီ မအေးသီ(စ/ဆုံး)
————————————-
လူတစ်ယောက်ရဲ့ ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုက ကိုယ့်မှတ်ဉာဏ်ထဲကနေ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေပြီးမှ အမှတ်မထင် ပြန်ပေါ်လာတဲ့အခါ နှလုံးခုန်သံတွေဟာ ရုတ်တရက် ရပ်တန့်သွားသလိုမျိုး ဖြစ်တတ်တာကို ကျွန်မ ဒီနေ့မှ ကိုယ်တိုင်ကြုံဖူးတော့သည်။
လေဆိပ်ရဲ့ လူတွေရှုပ်ထွေးလှတဲ့ ထွက်ခွာဆောင်မှာ ခရီးသွားတွေရဲ့ ဆူညံသံတွေ၊ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်သံ၊ ဖုန်းခေါ်သံ၊ ခရီးဆောင်အိတ်တွန်းသံတွေ။ ထို အသံတွေကြားမှာ ကျွန်မ တစ်ယောက်တည်း တိတ်ဆိတ်နေခဲ့သည်။
ကျွန်မရဲ့ ရှေ့ တည့်တည့်မှာ။
ခုံတန်းတစ်ခုမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်။ သူ့ရဲ့ ဘေးတစောင်းမြင်ကွင်းလေးက ကျွန်မကို ဆွဲကိုင်လှုပ်လိုက်သလို။ ဆံပင်တွေကို သေသပ်စွာ စုစည်းထားပုံ၊ စကားပြောလိုက်တိုင်း ယဉ်ယဉ်လေး ခေါင်းညိတ်ပြတတ်ပုံ၊လည်တိုင်ကျော့ကျော့ကလေးချီလို့ စကားပြောတတ်ပုံ။ အချိန်တွေ ဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ၊ တချို့အရာတွေက မနေ့တစ်နေ့ကလိုပဲ ထင်ကျန်နေတတ်တာလား။
ကျွန်မ မယုံနိုင်စွာနဲ့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ သူ ကျွန်မဘက်ကို ခေါင်းလေးအသာစောင်းငဲ့လာတဲ့အခိုက်အတန့်မှာတော့ သေချာသွားခဲ့ပြီ။
ဟုတ်သည်။ သူ… မအေးသီ။
နာမည်တစ်ခုက နှုတ်ခမ်းဖျားမှာ တိုးတိုးလေး ရေရွတ်မိသွားတာနဲ့အတူ ရင်ထဲမှာ လေယာဉ် အင်ဂျင်လည်ပတ်သွားသလို။ ရင်သည် တဒိတ်ဒိတ်။ ပျော်ရွှင်မှုလား။ ဟုတ်သည်။ သူ့ကို ပြန်တွေ့ရတာကို ကျွန်မ တကယ်ပျော်သည်။ ဒါပေမဲ့ အဲ့ဒီပျော်ရွှင်မှုနဲ့အတူ ရင်ဘတ်ကိုလာဖိထားတဲ့ အနေရခက်ခြင်းနှင့် ဝမ်းနည်းခြင်းလို ခံစားချက်ကြီးက တင်းခနဲ ဖြစ်ပေါ်လာသည်။
ကျွန်မ သူ့ကို ဘယ်လို နှုတ်ဆက်ရမလဲ။ ခြေလှမ်းတွေက ရှေ့တိုးဖို့ ဝန်လေးနေသလို၊ မျက်နှာချင်းဆိုင်ဖို့လည်း မဝံ့မရဲ။ ကျွန်မ ကိုယ်တိုင်သည် အမှားကျူးလွန်ခဲ့သူမဟုတ်ပါဘဲ နှုတ်တို့က လေးလံနေသည်။
သူတို့ မိသားစု ထိုင်ရာကနေ ထလိုက်ကြပြီး ဆိုက်ရောက်လေယာဉ်ချိန်တွေကို စစ်ဆေးနေသည်ကိုတွေ့ရသည်။ ကျော့ရှင်းချပ်ကပ်နေသည့် မြန်မာဝတ်စုံ ရင်ဖုံးလှလှကလေးသည် မအေးသီ နှင့် ပနံရစွာ ကြည့်ကောင်းလွန်းနေသည် ။ မအေးသီ က သူ့လက်ကနာရီကိုကြည့်လျက် စိတ်မရှည်သလို သက်ပြင်းမောချသည်။
ထို့နောက် ကျွန်မကို ကျောပေးလျက် မုန့်ဆိုင်တန်းတွေရှိရာဆီ သူတို့ ဦးတည်သွားကြသည်။ ကျွန်မမှာ သူ့ကျောပြင်ကို ငေးလျက်သာ ကြောင်အနေမြဲ။ အဲ့ဒီကျောပြင်ကို ငေးလို့ ကြောင်နေခဲ့ရသည်မှာ အခုမှမဟုတ်ခဲ့။
အဲ့ဒီနေ့က ပူအိုက်စွတ်စိုလှတဲ့ နေ့လယ်ခင်းတစ်ခု။ ကျွန်မတို့အိမ်ကြီးရဲ့ ဧည့်ခန်းကျယ်ကြီးထဲမှာ လေထုက မွန်းကျပ်ထိုင်းမှိုင်းနေခဲ့သည်။ စူးရှပြီး တုန်ယင်နေတဲ့ အမေ့ရဲ့အသံကလွဲလို့ ဘာသံမှမကြားရ။
“နင်… နင် ငါ့မျက်နှာကို အိုးမည်းသုတ်ရဲတယ်ဟုတ်လား! ငါတို့ကျွေးတဲ့ထမင်းကိုစားပြီး ငါတို့မိသားစုကို ပြန်သစ္စာဖောက်ရဲတယ်! ပြောစမ်း မအေးသီ”
အမေ့ရဲ့ရှေ့မှာ မအေးသီက ခေါင်းလေးငုံ့ပြီး မလှုပ်မယှက်ရပ်နေသည်။ သူ့လက်ချောင်းလေးတွေက သူ့ထဘီစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတာကလွဲလို့ သူ့ဆီမှာ ဘာခံစားချက်မှ မမြင်ရ။ သူ့ဘေးနားမှာတော့ ဦးငယ်လေး…။
ဦးငယ်လေးက မျက်နှာဖြူဖျော့ပြီး ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ အမေနှင့် ဦးငယ်လေးသည် မောင်နှမဆိုသည့်တိုင် အသက် ရှစ်နှစ်လောက်ကွာသည့် အမေ့ကို ဦးငယ်လေးက သူ့အမေလိုပင်၊ ချစ်သည်၊ ဆိုးသည်။ ကျွန်မကတော့ ဦးငယ်လေးနှင့် အသက် ၂၀ လောက်ကွာသည့်တိုင် မောင်နှမလို။
ဦးငယ်လေးဆိုတာက ကျွန်မတို့အိမ်ရဲ့ အိမ်ရှေ့စံပဲ။ အဘိုးအဘွားလက်ထက်မှာလည်း တစ်ဦးတည်းသော သားရယ်မို့ ဖူးဖူးမှုတ်၊ ကျွန်မအမေကိုယ်တိုင်ကလည်း ဆွေမျိုးထဲမှာ ပါသည့် တစ်ဦးတည်းသော ယောကျ်ားသားရယ်မို့ မြေမထိ၊နေမထိ မင်းသားတစ်ပါးလို အထားခံရသည့်သူ။ ဦးငယ်လေးက ရေဆို တစ်အိမ်လုံးက ရေတွင်းတူးပေးကြတာမျိုး။
အဘိုးအဘွားတို့ရှိစဉ်၊ အမေ အိမ်ထောင်မကျခင်ကပင် လူငယ်ပီပီ အိမ်ခွဲနေချင်သည်ဟု ဇွတ်အတင်းပူဆာသောကြောင့် အမေတို့က ဦးငယ်လေးကို ခြံတွင်းမှာပင် သူတစ်ဦးတည်းနေဖို့ တိုက်တစ်လုံး ထပ်ဆောက်ပေးခဲ့ရသည်။ ထိုသို့ အလိုလိုက်အချစ်ခံရသည့် ဦးငယ်လေးသည် ကျွန်မထက်ပင် အိမ်တွင် မျက်နှာသာရသည့်သူ။
မင်းသားလိုနေ၊ မင်းသားလိုစား၊ ရုပ်ကလေးတသသနဲ့မို့ ဦးငယ်လေးကို မိန်းကလေးတွေကလည်း ကျကြသည်။ အဲ့ဒီထဲမှာမှ ဦးငယ်လေးကလည်း အရွေးတတ်လိုက်သည်က ထိုစဉ်က နာမည်ကြီးရွှေဆိုင်ပိုင်ရှင်၏ သမီးအကြီးဆုံးနှင့်မှ လက်တွဲကြတော့ အမေတို့မှ ဂုဏ်ယူမဆုံး။ သို့သော်လည်း ဦးငယ်လေးနှင့် ဂုဏ်ကြီးရှင်တို့၏ အိမ်ထောင်ရေးသည် သာယာတင့်တယ်ခဲ့သည်ဟု ကျွန်မတော့ မထင်။ ဆယ်ကျော်သက်ဖြစ်သည့် ကျွန်မ ပင်လျှင် သူတို့လင်မယား၏ ပြောပုံဆိုပုံ၊ နေထိုင်ဆက်ဆံပုံတို့ကို မဲပြာပုဆိုးဇာတ်လမ်းကသည့် ပြဇာတ်တစ်ပုဒ်လို ပျင်းစရာကောင်းသည်ဟု ထင်ခဲ့သေးသည် မဟုတ်ပါလား။ ဦးငယ်လေးတို့ အိမ်ထောင်ရေးဘယ်အချိန်မှာတစ်ခန်းရပ်မလဲဆိုသည်ကိုသာ အမေ့မှာ နေ့စဉ် တထိတ်ထိတ်။
ထိုသို့ အိမ်ထောင်ရေးဂယက်ထဲမှာ မအေးသီကို အမေက ဆွဲထည့်လိုက်တာမြင်ရတော့ ကျွန်မ သည် မထိတ်သာ မလန့်သာဖြစ်ခဲ့သည်။ မအေးသီဆိုလျှင်ကား ဆိုဖွယ်ရာရှိမည်မထင်။
“ဘာလဲ။ ငါ့မောင်က နင့်ကို ဘာတွေပေးထားခဲ့သေးတာလဲ။နင်တို့နှစ်ယောက်က ဘယ်အချိန်ကတည်းက ဖောက်ပြန်နေကြတာလဲ။ အိမ်ထောင်ရှိယောက်ျားတစ်ယောက်ရဲ့ အခန်းထဲတစ်နေ့လုံးဝင်နေရအောင် နင်တော်တော်ဖြစ်နေတာလား”
ကျွန်မ အဲ့ဒီအချိန်က အသက်နှစ်ဆယ်။ လူတစ်ယောက်ရဲ့ မျက်လုံးကိုကြည့်ရင် အမှန်တရားကို မြင်နိုင်တဲ့အရွယ်။ ကျွန်မ မအေးသီကို ကြည့်လိုက်သည်။ သူ့မျက်နှာမှာ အပြစ်ရှိတဲ့အရိပ်အယောင်မရှိ။ နက်ရှိုင်းလှတဲ့ ဝမ်းနည်းခြင်းနဲ့ နာကျင်ခြင်းတွေကလွဲလို့ ဘာမှမရှိဘူး။ သူက အဲ့ဒီလိုလူစားမျိုးမဟုတ်ဘူး။ သူ့မှာ ဂုဏ်သိက္ခာရှိတယ်။ ရိုးသားတယ်။ ကျွန်မ ဒါကို အသေအချာသိသည်။
“အမေ… အဲ့ဒါ… အဲ့ဒါ အမေထင်သလို မဟုတ်ဘူးထင်တယ်…”
ကျွန်မ အားတင်းပြီး ကြားကဝင်ပြောလိုက်တော့ အမေ့ရဲ့ ဒေါသမျက်လုံးတွေက ကျွန်မဆီလှည့်လာသည်။
“နင်ပါးစပ်ပိတ်ထားစမ်း လီလီ။ ကလေးက ကလေးလိုနေ… နင်ဘာမှမသိဘူး”
အမေပြောတာမှားတယ်။ ကျွန်မသိသည်။ မအေးသီက ကျွန်မတို့မိသားစုကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူးဆိုတာ ကျွန်မသိသည်။ ဒါပေမဲ့ အထူးဆန်းဆုံးကတော့ မအေးသီက သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ စကားတစ်ခွန်းမှ မပြောခဲ့ခြင်းပင်။ သူဘာလို့ ဘာမှပြန်မပြောရတာလဲ။
ဦးငယ်လေးကရော… သူကရော ဘာလို့ အမှန်တရားကို ဖွင့်မပြောရတာလဲ။ ဦးငယ်လေးသည် အမေ့ကို အမြဲ အနိုင်ကျင့်ဂျစ်တိုက်နေကြသူပီပီ ထသောင်းကျန်းလိုက်လို့ ရပါလျက် အမေ က မနားတမ်း ဆူပူလျက် တစ်ချက်တစ်ချက် မအေးသီ၏ လက်မောင်းတို့ကို ရိုက်ပုတ်လိုက်သည်ကိုပင် ဝင်မတားခဲ့။
စွပ်စွဲမှုတွေရဲ့အဆုံးမှာ မအေးသီက ငုံ့ထားတဲ့ခေါင်းကို မော့လာခဲ့သည်။ သူ့မျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်လျှံနေပေမဲ့ အံကြိတ်ထားတဲ့ သူ့မျက်နှာက တစ်စုံတစ်ခုကို ခိုင်မာစွာ ဆုံးဖြတ်ပြီးသားပုံစံ။
“ကျွန်မ… ဒီအိမ်ကနေ ထွက်သွားပါ့မယ်။”
သူ့မျက်နှာက ဖြူဖျော့နေပေမဲ့ တည်ငြိမ်နေသည်။ သူ ငိုမနေခဲ့ဘူး။ ဒါပေမဲ့ သူ့မျက်ဝန်းတွေက နီရဲနေတာကိုတော့ ကျွန်မမြင်နေရသည်။ အဲ့ဒီစကားတစ်ခွန်းပဲ။ သူတောင်းပန်ခြင်းမပြု၊ ငြင်းဆန်ခြင်းမပြု။ သူ ဒီနေရာမှာ သူဆက်မနေနိုင်တော့ဘူးဆိုတာကို အသိပေးလိုက်ခြင်းသာ။
သူ ကျွန်မကိုကျော်ပြီး ကျွန်မအခန်းရှိရာဘက်ကို လျှောက်သွားသည်။ ကျွန်မလည်း သူ့နောက်ကနေ တိတ်တဆိတ်လိုက်သွားမိသည်။ သူ ကျွန်မအခန်းထဲကို ဝင်သွားပြီး ကုတင်ပေါ်မှာ ကျွန်မ ပစ်တင်ထားတဲ့ ညဝတ်အင်္ကျီလေးကို ယူပြီး သေသပ်စွာ ခေါက်နေသည်။ အဝတ်အစားလဲပြီးတိုင်း ဖြစ်ကတတ်ဆန်းပစ်ထားတတ်တဲ့ ကျွန်မရဲ့အကျင့်ကို သူ နောက်ဆုံးအနေနဲ့ ပြင်ပေးနေသလို။
ပြီးတော့ စာကြည့်စားပွဲပေါ်က ကျွန်မဖတ်လက်စ စာအုပ်လေးထဲကို စာညှပ်လေးတစ်ခု သေချာထိုးပေးသည်။ အဲ့ဒီ သာမန်အပြုအမူလေးတွေက နှုတ်ဆက်စကားလုံးတွေထက်ပိုပြီး ကျွန်မရင်ကို နာကျင်စေသည်။ သူ ဒီအိမ်ကနေ မထွက်သွားခင် သူ့တာဝန်တွေကို နောက်ဆုံးအချိန်အထိ ကျေပွန်အောင် လုပ်ပေးနေခဲ့တာ။
“မသွားပါနဲ့… မအေးသီ။”
ကျွန်မရဲ့ တုန်ယင်နေတဲ့ အသံက တိုးလွန်းလို့ သူကြားချင်မှတောင် ကြားမှာ။ ဒါပေမဲ့ သူကြားသည်။ သူ ကျွန်မဘက်ကိုဖြည်းဖြည်းချင်းလှည့်လာသည်။ သူ့မျက်ဝန်းတွေထဲမှာတော့ ကျွန်မတစ်သက်လုံး ဖတ်လို့မကုန်နိုင်မယ့် နာကျင်ခြင်းတွေ၊ အရှုံးပေးခြင်းတွေနဲ့ ပြည့်နေခဲ့သည်။ သူက ကျွန်မကို ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ ဖြည်းညှင်းစွာ ခါပြသည်။ ‘မဖြစ်နိုင်တော့ဘူး’ လို့ သူ့မျက်လုံးတွေက ပြောနေခဲ့သည်မဟုတ်လား။
ကျွန်မ သူ့ရှေ့မှာ မျက်ရည်တွေ စီးကျလာသည်။ ကျွန်မ ဘာမှမတတ်နိုင်ခဲ့ဘူး။ အမှန်တရားအတွက် ကျွန်မ မကာကွယ်ပေးနိုင်ခဲ့ဘူး။
သူ ကျွန်မအနားကို တိုးလာသည်။ ဖက်လည်းမဖက်၊ နှစ်သိမ့်စကားလည်းမပြောဘဲ သူ့လက်ချောင်းအေးစက်စက်တွေက ကျွန်မနဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တစ်ချောင်းကို ညင်သာစွာ သပ်တင်ပေးသည်။ ကလေးဘဝကတည်းက သူ ကျွန်မကို အမြဲလုပ်ပေးနေကျ အပြုအမူလေးတစ်ခု။
“လူကောင်းတစ်ယောက်ဖြစ်အောင်နေနော် လီလီလေး။”
သူ့ဆီက ထွက်လာတဲ့စကားသံက တိုးလျပြီး ခိုင်မာနေသည်။
“ဘယ်သူ့ကိုမှ… ကိုယ့်စိတ်ဓာတ်ကို လာဖျက်ဆီးခွင့်မပေးနဲ့။”
ဒါ သူ ကျွန်မကိုပြောခဲ့တဲ့ နောက်ဆုံးစကားပဲ။ ပြီးတော့ သူ ကျွန်မကို ကျော်ဖြတ်ပြီး အခန်းထဲကနေ ထွက်သွားသည်။ ကျွန်မ သူ့နောက်ကနေ လိုက်သွားဖို့ အားအင်မရှိ။ ဧည့်ခန်းပြတင်းပေါက်ကနေပဲ သူ့ကို ငေးကြည့်နေမိသည်။ ကျွန်မတို့အိမ်က ဘာပစ္စည်းတစ်ခုမှ သူယူမသွားခဲ့။ ယုတ်စွအဆုံး သူရစရာရှိသည့် အဲ့ဒီလ လစာကိုပင် ယူမသွားခဲ့။ သူ ဒီအိမ်ကိုလာတုန်းက ပါလာတဲ့ အဝတ်အစားတချို့ကလွဲလို့ပေါ့။
သူ အိမ်ရှေ့ကနေ နောက်ဆုံးတစ်ချက် လှည့်မကြည့်ဘဲ ထွက်ခွာသွားတဲ့ သူ့ကျောပြင်ကို ကျွန်မ ဧည့်ခန်းပြတင်းပေါက်ကနေ မျက်ရည်တွေနဲ့ ကြည့်နေခဲ့ရသည်။ သူ့အတွက် နာကျင်ခံစားရသလို၊ ဘာမှမလုပ်ပေးနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရဖြစ်ခဲ့ရသည်။
…အခုတော့… အဲ့ဒီကျောပြင်က ကျွန်မရှေ့မှာ။
ရင်ထဲက ဆို့နင့်နေတဲ့ ခံစားချက်တွေနဲ့အတူ အရှက်နဲ့ ကြောက်စိတ်တွေကို အားယူတွန်းထုတ်လိုက်ပြီးနောက် “မအေးသီ…”
ကျွန်မရဲ့ တုန်ယင်နေတဲ့ အသံတိုးတိုးလေးကို သူ ကြားနိုင်ပါ့မလား။
သူ ကျွန်မဘက်ကို လှည့်ကြည့်လာသည်။ သူ့မျက်ဝန်းတွေထဲမှာ အစပိုင်းတော့ ရင်းနှီးသလို မရင်းနှီးသလို၊ ဘယ်သူမှန်းမသိတဲ့ အရိပ်အယောင်တွေနဲ့ ပြည့်နေသည်။ သူ ကျွန်မကို မှတ်မိပုံမပေါ်။
“ကျွန်မ… လီလီပါ… မအေးသီ။”
ကျွန်မ နာမည်ကို တိုးတိုးလေး ထပ်ပြောလိုက်တော့မှ သူ့မျက်လုံးတွေက အံ့သြမှုနဲ့အတူ ဝိုင်းစက်သွားသည်။ ပြီးတော့ ပျော်ရွှင်သွားတဲ့ အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်မှာ ဖြတ်ပြေးသွားတာကို ကျွန်မ သတိပြုလိုက်မိသည်။ ဒါပေမဲ့ အဲ့ဒါက တစ်ခဏလေးပါပဲ။ သူ့မျက်နှာက ချက်ချင်းဆိုသလို ပြန်တည်သွားပြီး အားနည်းတဲ့ အပြုံးတစ်ခုကိုသာ ပြုံးပြသည်။ ခေါင်းတစ်ချက်ကို အသာညိတ်ပြသည်။
အဲ့ဒီအမူအရာမှာ သူမှတ်မိပါသည် ဆိုတဲ့ အသိအမှတ်ပြုရုံပါပဲ။ “တွေ့ရတာဝမ်းသာပါတယ်” ဆိုတဲ့ နွေးထွေးမှုမျိုး မပါဝင်ဘူး။ အရင်ကလို ကျွန်မနာမည်ကိုကြားတာနဲ့ “လီလီလေး” ဆိုပြီး အပြေးအလွှားဖက်မယ့် သူ့ပုံစံမျိုး လုံးဝမဟုတ်ဘူး။
သူ့ဘေးက ခင်ပွန်းနဲ့ ကလေးက ကျွန်မတို့ကို နားမလည်သလို ကြည့်နေကြသည်။ ကျွန်မ မှတ်မိနေခဲ့တဲ့ မအေးသီက ဒီလိုလူစားမျိုး မဟုတ်ဘူး။ သူ ကျွန်မအပေါ်ထားတဲ့ မေတ္တာက အကန့်အသတ်မရှိ၊ အကြောင်းပြချက်မရှိ နွေးထွေးခဲ့တာ။ ကျွန်မကို စတွေ့ခဲ့တဲ့ နေ့ကတည်းက ကျွန်မကို နွေးနေအောင် ချစ်ပေးနိုင်ခဲ့တာ။
________________________________________
အခန်း (၂)
အဲ့ဒီနေ့က မိုးတွေသည်းကြီးမည်းကြီး ရွာနေတဲ့ နေ့တစ်နေ့။ ကျွန်မ အသက် ရှစ်နှစ်ပေါ့။ ကျောင်းကပြန်လာကတည်းက အိမ်ထဲမှာတစ်ယောက်တည်း ပျင်းရိစွာ ကစားနေခဲ့သည်။ အိမ်မှာ ရှိသည့် ဘယ်လူကြီးကမှ ကျွန်မကို အဖော်လုပ်ပေးဖို့ စိတ်ဝင်စားသည်မှမဟုတ်ခဲ့ပဲ။
အမေကလည်း အချိန်တန် ဆန်ဆိုင်သွားမည်၊ ညကြီးမှ ရုံးကပြန်လာသည့် အဖေနှင့်အတူ အိမ်ရောက်လာမည်။ ဦးငယ်လေးကလည်း သူ့တိုက်မှာသာ သူနေတတ်သူ။ အိမ်မှာ အကူအဖြစ်ခေါ်ပေးထားသည့် ဒေါ်ကြီးပြုံးကလည်း တိုက်နှစ်လုံးစာ အိမ်မှုရေးရာတွေနှင့် အားသည်မှမရှိ။ နေ့ရက်တိုင်းက ဒီလိုသာပင်။
အဲ့ဒီနေ့မှာတော့ အိမ်ရှေ့ကို ဆိုက်ကားတစ်စီး ဆိုက်လာပြီး လူတစ်ယောက်နဲ့အတူ မိုးစိုရွှဲနေတဲ့ ကောင်မလေးတစ်ယောက် ဆင်းလာသည်။ အဲ့ဒီကောင်မလေးက မအေးသီပဲ။ သူက ကျွန်မထက် အများကြီး ပိုအရပ်ရှည်ပေမဲ့ သူ့ပုံစံက ပိန်ပိန်ပါးပါးလေး။ မိုးရေတွေစိုနေတဲ့ သူ့ရဲ့ ဂါဝန်အနွမ်းလေးက သူ့ကိုယ်မှာ ကပ်နေသည်။ အားလုံးထက် ကျွန်မမှတ်မိနေတာကတော့ သူ့ရဲ့ မျက်လုံးတွေပဲ။ ကြောက်ရွံ့မှုနဲ့ စူးစမ်းလိုစိတ်တွေ ရောယှက်နေတဲ့ မျက်လုံးဝိုင်းစက်စက်တွေ။
အမေက ညဘက်ရောက်တော့ သူနှင့် ကျွန်မကို သေချာမိတ်ဆက်ပေးသည်
။
“လီလီ… ဒါ မအေးသီတဲ့။ ဒီနေ့ကစပြီး ဒီမှာအလုပ်လုပ်မယ်။ သမီးကိုလည်း သူပဲ ထိန်းလိမ့်မယ်။”
ပြီးတော့ အမေက ကျွန်မတို့ဘက်လှည့်ပြီး ဆက်ပြောသည်။
“သူက စာလည်းသင်ဖူးတယ်။ ခြောက်တန်းအထိ နေဖူးတယ်တဲ့။ သူ့ရွာမှာ နိုင်ငံရေးအခြေအနေတွေ မကောင်းလို့၊ စစ်ဖြစ်လို့ ကျောင်းဆက်မတက်နိုင်တော့တာ။ အဲ့တော့ လီလီ့စာတွေကိုလည်း သူကူသင်ပေးလို့ရတာပေါ့။”
အမေ့ရဲ့စကားကြောင့် ကျွန်မ သူ့ကို ပိုပြီးစိတ်ဝင်စားသွားသည်။ “စာတတ်တယ်” ဆိုတဲ့ အသိက သူ့ကို သာမန်အိမ်အကူတစ်ယောက်ဆိုတာထက် ပိုမြင့်တဲ့နေရာတစ်ခုရှိတယ်လို့ အမေက ပြောလိုက်တာဟု ကျွန်မထင်မိခဲ့သဖြင့် အထင်လေးလည်းကြီးသလို ရှိသည်။ သို့သော်လည်း မအေးသီကို ကျွန်မက သာမန် ကစားဖော်ဟုသာ စစချင်းမှာ မြင်ဆဲ။
ကျွန်မရဲ့ ခံစားမှုတွေကို ပြောင်းလဲပေးခဲ့တာကတော့ အင်္ဂလိပ်ပုံပြင်စာအုပ်လေးတစ်အုပ်ပါ။ “knight” ဆိုတဲ့ စကားလုံးတစ်လုံးမှာ ‘ကနစ်’ လို့ အသံထွက်ရမလား၊ ‘ကနိုက်’ လို့ထွက်ရမလားမသိ သည့် ကျွန်မ အနားကို မအေးသီရောက်လာပြီး ခဏလောက် တုံ့ဆိုင်းသွားသည်။ ပြီးမှ တိုးတိုးလေးပြောသည်။
“ညီမလေး… အဲ့ဒီစာလုံးက ‘k’ သံမထွက်ဖူးထင်တယ်။”
ကျွန်မ သူ့ကို မော့ကြည့်လိုက်တော့ သူက မျက်နှာလေးနည်းနည်းနီသွားပြီး ဆက်ပြောသည်။
“သူက ‘knight’ (နိုက်) လို့အသံထွက်တယ်… အဓိပ္ပာယ်က သတ္တိရှိတဲ့ စစ်သူရဲကြီးပေါ့။ ဟို… ဇာတ်တော်တွေထဲကလိုပေါ့။ မင်းသမီးကို ကယ်တဲ့ သူရဲကောင်းကြီးလိုမျိုး။”
သူက နိုင်ငံခြားပုံပြင်ထဲက စကားလုံးတစ်ခုကို ကျွန်မနားလည်အောင် ပြောနိုင်သည့်အခါ ကျွန်မ သူ့ကို အံ့သြစွာနဲ့ စိုက်ကြည့်နေမိသည်။ သူက ချက်ချင်းပဲ လက်လေးယမ်းပြပြီး “မအေးသီ သိတာက မှားများမှားနေမလားမသိဘူး။ ရွာကဆရာမသင်ပေးဖူးတာလေး မှတ်ထားမိတာပါ” လို့ ရှက်ကိုးရှက်ကန်းလေး သူပြောနေခဲ့သည်။ နောက်တစ်နေ့မှာတော့ မအေးသီရဲ့ သင်ကြားမှုက မှန်ကြောင်း ကျွန်မရဲ့ ဆရာမက ထောက်ခံပေးလိုက်တော့ ကျွန်မ သူ့ကို တော်တော်လေးသဘောကျသွားခဲ့သည်။ အဲ့ဒီနေ့ကစပြီး မအေးသီဟာ ကျွန်မရဲ့ စာသင်ဖော်၊ ပုံပြင်ပြောဖော်။
သူ့ရဲ့ တောရွာက လိပ်ပြာဖမ်းခဲ့တဲ့အကြောင်းတွေ၊ စပါးရိတ်ချိန် ပျော်စရာကောင်းတဲ့အကြောင်းတွေမှာ ကျွန်မပျော်ရသလို ၊ “စစ်ဖြစ်တယ်ဆိုတာဘယ်လိုမှ မကောင်းဘူး လီလီရယ်၊ ပြေးလားဟဲ့ ဆို ပြေးရတာကို၊ ဒီကြားထဲလက်နက်ပြပြီး လုစားသူတွေကလည်း ပေါ်လာချင်ပေါ်လာသေးတာ” ဟု သူ့ရဲ့အနိဌာရုံတွေကို ဝေမျှတော့လည်း ကျွန်မက သူနဲ့အတူတူ မျက်ရည်ဝဲရတာပါပဲ။
ကျွန်မ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းနေချိန်မှာ မအေးသီကလည်း သူ့ရဲ့ လူငယ်ဘဝကို ကျွန်မတို့အိမ်ရဲ့ နံရံတွေကြားမှာ ဖြတ်သန်းနေခဲ့တာ။ ကျွန်မက ကမ္ဘာကြီးကို စတင်စူးစမ်းဖို့ အတောင်ပံဖြန့်ကျက်ချင်နေတဲ့အချိန်မှာ သူကတော့ သူ့အတောင်ပံတွေကို ခေါက်သိမ်းပြီး ဒီအိမ်လေးထဲမှာ ရိုးရိုးကလေးနေနိုင်ခဲ့သည်။ ကျွန်မ မဝတ်ချင်တော့သည့် အဝတ်ဟောင်းကလေးတွေကို ပေးတိုင်း “အကောင်းကြီးရှိသေးတာနော်… မအေးသီ ဘုရားသွားမှဝတ်မယ်၊ လီလီတို့မိသားစု ခရီးထွက်ခါမှလိုက်ရရင် ဝတ်မယ်” စသဖြင့် သူက တရိုတသေ ထည့်သိမ်းတတ်သေးသည်။
“အပျိုဖြန်းတစ်ယောက်ကို အိမ်ဖော်ထားဖို့ဆိုတာ ဘယ်အိမ်ကမှ ကြည်ဖြူတာမဟုတ်ဘူး အေးသီ.. ငါက ငါ့သမီးလေး အဖော်ရအောင်ဆိုပြီး အသက်ကလေး ၆နှစ် ၇နှစ်ကွာတဲ့ အစ်မလိုမျိုးရှိပါစေတော့ဆိုပြီး ထားတာမို့လို့ ညည်းက သိတတ်ရမယ်၊ နေတတ်ထိုင်တတ်ရမယ် နားလည်ရဲ့လား” ဟု အမေက အကြောင်းမဲ့ ငေါက်ငမ်းသည့်အခါမျိုးဆို ကျွန်မကပင်ကြားက စိတ်တိုရသေးသည်။
မအေးသီလောက် အနေအထိုင်သိုသိပ်တဲ့ မိန်းကလေးမျိုး ကျွန်မဖြင့် မမြင်ဖူးသေး။ အိမ်မှာ အလုပ်လုပ်ရလွယ်အောင် ဘောင်းဘီဝတ်ရသည်မှာပင် ဘောင်းဘီအကြပ်၊ အတို ဝတ်သူမဟုတ်။ ကျွန်မကတောင် မအေးသီကို ခေတ်မီမီကလေးနေကြည့်ပါဦးဟု မြှောက်ပင့်ပေးရသည်။ မအေးသီဆိုသည်က ကျွန်မအတွက်တော့ အိမ်ဖော်မဟုတ်။ ကျွန်မ၏ အစ်မပဲ။
ကျွန်မ အသက် ဆယ့်ခြောက်နှစ်မှာ တက္ကသိုလ်တက်ဖို့ ပြည်ပကိုသွားမည်ဟု တောင်းဆိုတော့ အမေနဲ့ အကြီးအကျယ် စကားများရသည် ။ ကျွန်မအတွက် လွတ်လပ်မှုရဲ့ အရသာ၊ သူငယ်ချင်းတွေနဲ့အတူရှိနေခြင်းရဲ့ ပျော်ရွှင်မှု။ ဒါပေမဲ့ အမေ့အတွက်တော့ အဲ့ဒါက အန္တရာယ်ရှိတဲ့၊ အကျင့်ပျက်စေနိုင်တဲ့ နေရာတစ်ခုပဲ။
“လုံးဝသွားခွင့်မပြုနိုင်ဘူး” ဆိုတဲ့ အမေ့ရဲ့ နောက်ဆုံးစကားအပြီးမှာ ကျွန်မ အခန်းထဲကိုပြေးဝင်ပြီး တံခါးကို ဆောင့်ပိတ်လိုက်သည်။
ခဏအကြာမှာတော့ မအေးသီက အခန်းတံခါးကို ညင်ညင်သာသာခေါက်ပြီး ဝင်လာသည်။ သူ့လက်ထဲမှာတော့ သူ့ရွာကနေ သူ့အမေပို့လိုက်တဲ့ စာတစ်စောင်ကို ကိုင်ထားသည်။ သူ့ညီမငယ်အိမ်ထောင်ကျတော့မယ့်အကြောင်းနဲ့ သူ့ကိုလည်း အိမ်ပြန်လာတော့မလားဟု ရေးထားသည့်စာ။ သူ့မျက်နှာပေါ်က အရိပ်အယောင်တစ်ခုကို ကျွန်မဖတ်မိလိုက်သည်။ ဝမ်းသာခြင်းလား၊ ဒါမှမဟုတ် အိမ်ကိုလွမ်းဆွတ်ခြင်းလား၊ ဒါမှမဟုတ်… ကျွန်မတို့အိမ်ကြီးထဲမှာ ပိတ်လှောင်ခံထားရသလိုဖြစ်နေတဲ့ သူ့ဘဝအတွက် အားငယ်ခြင်းလား။ သူ အဲ့ဒီအချိန်က အသက်နှစ်ဆယ့်နှစ်နှစ်။
“မအေးသီ ပြန်တော့မလို့လား” ကျွန်မမေးတော့ သူ က ခေါင်းခါပြသည်။
“ဒီစာကကြာပြီပဲ.. မအေးသီ အမြဲထုတ်ကြည့်ပြီး ငိုရတဲ့စာ လီလီသိလား။ မအေးသီလည်း အိမ်ပြန်ချင်တယ်၊ လွတ်လပ်ချင်တယ်။ ဒါပေမဲ့လေ ဝန်ခံရမယ်ဆို ဒီမှာနေရတာ မအေးသီအတွက် အများကြီးလုံခြုံတယ်လို့ ခံစားရတယ်။ မအေးသီ ရွာပြန်ရောက်ရင် ပျက်စီးမှာ”
“မအေးသီကလည်း အမေကျလို့ လူဆိုတာ ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး၊ ဘယ်မှာနေလို့ ပျက်စီးမယ်ဆိုတာ ရှိပါ့မလား”
မအေးသီက သက်ပြင်းချသည်။
“လူတစ်ယောက်ပျက်စီးဖို့ဆိုတာ လွယ်လွယ်ကလေးပဲ လီလီရဲ့။ မအေးသီဆို ဘယ်နှကြိမ်လောက်ပျက်စီးခဲ့ဖူးပြီလဲဆိုတာတောင် မမှတ်မိတော့ပါဘူး”။ မအေးသီပြောသည့်စကားတို့ကို ကျွန်မ အပြည့်အဝနားမလည်ခဲ့။
သို့သော် ပြည်ပကို မထွက်မိခဲ့သည့်အတွက် ကျွန်မသည် မအေးသီနှင့်အတူ နေဖို့ အချိန်ပိုရခဲ့သည်။ တက္ကသိုလ်က ချစ်ဇာတ်လမ်းတွေ၊ သူငယ်ချင်းတွေနှင့် ရန်ဖြစ်သည့်အကြောင်းများ၊ အမေနှင့်အဖေက ကျွန်မကို မချစ်ကြပါဘူးဆိုသည့် စိတ္တဇများ၊ ကျောင်းပြီးသည့်အခါဆိုသည့် အိပ်မက်များ … အရာအားလုံးကို မအေးသီက ကျွန်မနှင့်အတူ ရင်ဘတ်ကြီးဖွင့်လို့ ဝင်ခံစားနိုင်သည်။
“မအေးသီမှာရော ချစ်ရတဲ့သူမရှိသေးဘူးလားဟင်”
ကျွန်မက အတန်းထဲမှာ တိတ်တိတ်ကလေးသဘောကျရသည့် အချစ်ဦးအကြောင်းကို တစ်ဖက်တည်းမပြောချင်တော့သဖြင့် မအေးသီကိုမေးသည့်အခါ သူက ရှက်ပြုံးပြုံးသည်။
“ချစ်တယ်ဆိုတာ မအေးသီတော့ မသိပါဘူး။ ဒါပေမဲ့ ဒီလူနဲ့အတူတူရှိရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကလေးတော့ဖြစ်ဖူးသား လီလီ”
“ဟင်.. ဟုတ်လား။ သူကဘယ်သူလဲ… မအေးသီဘာလို့ သူ့နဲ့အတူတူနေဖို့ မကြိုးစားတာလဲ။ သူကရော မအေးသီကိုချစ်ရဲ့လား”
ကျွန်မဘက်ကဆက်တိုက်ကျလာသော မေးခွန်းများကိုမူ မအေးသီမဖြေခဲ့ပါ
။
“မအေးသီက လီလီတို့လို ကံကောင်းတဲ့သူမျိုးမှမဟုတ်တာ” လို့ မဆီမဆိုင် စကားလေးတစ်ခွန်းကိုသာ သူဆိုခဲ့သည်။
________________________________________
အခန်း (၃)
မအေးသီထွက်သွားပြီးတည်းက ကျွန်မနှင့် ဦးငယ်လေး ကြားမှာ ဆက်ဆံရေးတွေကျဲပါးသွားသည်။
“မမ လုပ်တာ တစ်ခုမှမမှန်ဘူး၊ မအေးသီကို သိပ်အားနာဖို့ကောင်းတာပဲ” ဟု ဦးငယ်လေးက တီးတိုးပြစ်တင်ခဲ့တာကလွဲလို့ အမှန်တရားအတွက် ဘာစကားမှမဆိုခဲ့။ သုံးနှစ်အကြာမှာတော့ အမှန်တရားက သူ့အလိုလို ပေါ်ပေါက်လာခဲ့သည်။ မျှော်လင့်မထားတဲ့ နေရာတစ်ခုကနေ၊ မျှော်လင့်မထားတဲ့ လူတစ်ယောက်ဆီကနေ။ အဲ့ဒီသုံးနှစ်တာကာလလုံးမှာ ကျွန်မတို့အိမ်ကြီးက ဟာတာတာနိုင်မြဲ ဟာတာတာနိုင်နေခဲ့သည်။ မအေးသီဆိုသည့် နာမည်ဟာ ကျွန်မတို့မိသားစုရဲ့ ပြောဆိုခြင်းမပြုရတဲ့ တားမြစ်နယ်မြေတစ်ခုလို ဖြစ်သွားခဲ့သည်။
အဲ့ဒီတစ်ရက်မှာတော့ ခြံထဲမှာ ရံဖန်ရံခါ အလုပ်လာလုပ်ပေးတတ်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတစ်ယောက် အိမ်မှာရှိသည့် အလှူအတွက် လုပ်အားလာပေးသည်။ သူက ကျွန်မအမေနဲ့ စကားစမြည်ပြောရင်း အမှတ်မထင်နဲ့ မေးလိုက်သည်။
“အရင်က အမကြီးတို့အိမ်မှာနေတဲ့ မအေးသီဆိုတဲ့ကောင်မလေးရော… တွေ့တောင်မတွေ့တော့ဘူး။ ဘယ်ရောက်သွားလဲမသိဘူး။”
အမေက မျက်နှာပျက်သွားပြီး အဖြေမပေးခင်မှာပဲ အဲ့ဒီအဒေါ်ကြီးက ဆက်ပြောသည်။
“သူ့ကို နောက်ဆုံးတွေ့လိုက်ရတာ ဟိုတစ်ခါ ကိုငယ်တို့ အိမ်ခန်းရှင်းတုန်းကထင်တယ်။ ကျွန်မကနံရံမှာကပ်တဲ့ရေညှိတွေ ၊ နွယ်တွေရှင်း ၊ သူက အခန်းထဲမှာ ဖုန်တွေရှင်းရတာ။ လူကနေလိုက်မနေလိုက်မို့ ထင်ပါတယ် အခန်းထဲလည်း ကုတင်မှာပါ မှိုတွေစွဲလို့ ။ မှိုနံ့က အပြင်ထိတောင်ရတယ်။ ကိုငယ်ကလည်း လက်ညှိုးထိုးပြီး မနားတမ်းခိုင်း …အဲ့ဒီကောင်မလေးကလည်း ရှင်းလိုက်တာပြောင်ရော… သိပ်တော်တာပဲလို့တောင် စိတ်ထဲကတွေးမိသေးတယ်။”
အဲ့ဒီညမှာတော့ မြိုသိပ်ခဲ့ရသည့် ခံစားချက်တွေကို ကျွန်မ မသိမ်းဆည်းနိုင်။ ဘာကြောင့် အခုလို လှည့်ကွက်ဆင်ရတာလဲဟု ထုတ်မေးတော့ ဦးငယ်လေးသည် ဝေဝေဝါးဝါး။
“ညည်းအမေကို ငါ ငြင်းခဲ့သားပဲ.. ဒါပေမဲ့ သူရှိတာ၊မရှိတာ ငါ့အတွက်မှ အရေးမကြီးတာ”
အမေကတော့ သူဘာကြောင့် အဲ့ဒီနေ့က အဲ့ဒီလောက်ထိ သံသယဝင်ခဲ့ရသလဲဆိုတဲ့ အဓိကအကြောင်းရင်းကို ဖွင့်ဟခဲ့သည်။ အဲ့ဒီလို မဖြစ်ခင် တစ်လလောက်မှာတည်းက အမေက မအေးသီ့အခန်းထဲမှာ သန့်ရှင်းရေးလုပ်ရင်း မအေးသီရဲ့ ခေါင်းအုံးအောက်ကနေ ပစ္စည်းတစ်ခုကို တွေ့ခဲ့သည်တဲ့။
အဲ့ဒါကတော့ ကျွန်မတို့မိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရှေးဟောင်းလက်စွပ်တစ်ကွင်းပဲ။ ဘိုးဘေးတွေဆီကနေ အဖိုး၊ အမေတို့အထိ ပိုင်ဆိုင်ခဲ့တဲ့ အဖိုးတန်ပစ္စည်းတစ်ခု။
အမေက မအေးသီကို ခိုးတယ်လို့စွပ်စွဲတော့ မအေးသီက သူလုံးဝမသိကြောင်း၊ သူ့ခေါင်းအုံးအောက်ကို ဘယ်လိုရောက်လာမှန်းမသိကြောင်း ငိုယိုပြောခဲ့သည်။ အဖေနဲ့ဦးလေးကတော့ မအေးသီ့ဘက်ကနေ ကာကွယ်ပေးခဲ့သည်။ သူဒီလောက်ကြာကြာနေလာတာ တစ်ခါမှအဲ့ဒီလိုအကျင့်မရှိခဲ့ကြောင်း၊ တစ်ယောက်ယောက်က အမှားနဲ့ထည့်မိတာဖြစ်နိုင်ကြောင်း ပြောပြီး အမေ့ကိုတားခဲ့သည်။
“လက်စွပ်ခိုးတာကို အမေစိတ်ပူတာမဟုတ်ဘူး။ သူ ခိုးစခိုးန မရှိဘူးဆိုတာလည်း အမေသိသားပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လုံး အပ်တို တစ်ချောင်းမှ ပျောက်ဖူးတာမှမဟုတ်ဘဲ သမီး.. အမေစိတ်ပူတာကလေ အိမ်တွင်းလူပါနေမှာစိုးတာ။ အဲ့ဒီလက်စွပ်ကို သူ့ကို တစ်ယောက်ယောက်ပေးထားတယ်ဆိုတာမျိုး ဖြစ်မှာ အမေပိုကြောက်တာ လီလီ”
မအေးသီ ဘာကြောင့်ဘာမှပြန်မပြောဘဲ အရှုံးပေးထွက်သွားခဲ့သလဲဆိုတာကို ကျွန်မ အဲ့ဒီအချိန်ကျမှ သဘောပေါက်တော့သည်။
သူ့ရဲ့ရိုးသားမှုကို အဆင့်ဆင့်ထပ်ခါ စော်ကားခံလိုက်ရပြီးနောက်မှာ နောက်ထပ်ဘယ်လိုရှင်းပြချက်ကမှ အရာထင်တော့မှာမဟုတ်ဘူးဆိုတာကို သူသိနေခဲ့လို့ပဲ။ သူ့ရဲ့တိတ်ဆိတ်ခြင်းက အရှုံးပေးခြင်းမဟုတ်ဘဲ ကျွန်မတို့မိသားစုကို သူ့ဘက်ကစပြီး ဖြတ်ခဲ့တာမျိုးပဲ။
သူ့ရဲ့နောက်ဆုံးစကား… “ဘယ်သူ့ကိုမှ ကိုယ့်စိတ်ဓာတ်ကို လာဖျက်ဆီးခွင့်မပေးနဲ့” ဆိုတဲ့စကားကတော့ ကျွန်မနားထဲမှာ ပဲ့တင်ထပ်ကျန်နေခဲ့သည်။
———————————————–
အခန်း ( ၄)
ကျွန်မတို့နှစ်ယောက်ကြားက အေးစက်နေတဲ့လေထုကို ဖြိုခွင်းလိုက်သူကတော့ မအေးသီဘေးနားမှာ ရပ်နေတဲ့ သူ့အမျိုးသားပဲ။
“အေးရဲ့ မိတ်ဆွေလား.. စကားပြောနှင့်လေ။ သမီးက လေယာဉ်တောင်မဆိုက်သေးဘူး”
သူ့အမျိုးသားစကားကြောင့် မအေးသီက ခေါင်းလေးမသိမသာညိတ်သည်။ ပြီးတော့ ကျွန်မနှင့် သူ့အမျိုးသားကို မိတ်ဆက်ပေးသည်။ မအေးသီ၏ အမျိုးသားသည် အသားညိုညို ရွက်ကြမ်းရေကျို ရုပ်မို့ မအေးသီနှင့် သိပ်မလိုက်ဖက်ဟု ကျွန်မက စိတ်အတွင်းက ဝေဖန်လိုက်မိသေးသည်။ မအေးသီသည် ကျွန်မကို သာကြောင်း၊မာကြောင်းမေးသာမေးသော်လည်း အိမ်ကလူတွေအကြောင်း မပြောမိအောင် ရှောင်လွှဲသည်။ “မိဘတွေရော ကျန်းမာရဲ့မလား” ဟုသာ ဖော့ကာရှပ်ကာမေးလိုက်ပြီး အဖြေကိုလည်း သိလိုဟန်မတူ။
“မအေးသီ.. သမီးလေးက နိုင်ငံခြားကပြန်လာမှာလား”
“အင်း.. ဟုတ်တယ် ။ သမီးက Student Exchange Program တစ်ခုမှာ အရွေးခံရတယ်ကွယ် ၊ ဂျပန်ကိုသွားရတယ်။ ရက် ၂၀ ရှိပြီ.. ဒီနေ့မှပြန်ရောက်မှာ”
အမေတစ်ယောက်၏ မာန်ကလေးနှင့် မအေးသီသည် သူ့သမီးအကြောင်းရောက်ပါမှ စကားလုံးတို့ကို ဖောဖောသီသီသုံးပြနိုင်သည်။
“မအေးသီတို့ အခု ဘယ်မှာနေသလဲဟင်။ လီလီ မအေးသီကို အမြဲသတိရတယ်။ အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေက မဟုတ်ဘူးဆိုတာ လီလီတို့ သိပြီးသားပါ။”
“လီလီ့ကိုလည်း သတိရပါတယ်။ ဒါပေမဲ့…”
မအေးသီ၏ အသံတို့သည်တိုးဖျော့သွားသည်။ “ဟော ..လေယာဉ်တော့ဆိုက်ပြီ” ဟူသည့် သူ့အမျိုးသား၏ အသံသည် ပိုလို့ကျယ်လောင်သွားသည်။
“လီလီဟာ အစ်မချစ်ရတဲ့ ညီမလေးပါ.. အဲ့ဒါ ဘယ်တော့မှမပြောင်းလဲပါဘူး လီလီ… ကျန်တာတွေကတော့ လီလီသိထားတဲ့အတိုင်းလေးပဲ ထားလိုက်ကြပါစို့”
မအေးသီတို့ မိသားစုသည် ကျွန်မကို ချန်ရစ်လျက် ဆိုက်ရောက်ဂိတ်မှာ သွားရောက်ကြိုလင့်ကြသည်။ ကျွန်မသည် မအေးသီကို မျက်တောင်မခတ်စမ်းငေးမြဲ။
မအေးသီ၏ သမီးလေးသည် ရွှင်မြူးစွာနှင့် ဂိတ်မှထွက်ခွာလာသည့်အခါ မအေးသီ၏ အပြုံးတို့သည် လက်လို့လာသည်။ ဟုတ်သားပဲ..ကျွန်မလို သွေးမတော်သားမစပ် ကလေးမလေးကိုတောင် မအေးသီသည် မိခင်ပမာ၊ အစ်မပမာ ချော့လှည့်ခြောက်လှည့်စာသင်လို့သင်၊ ဘဝအကြောင်းတွေ ပြောလို့ပြော သွန်သင်တတ်သူ။ မေတ္တာနွေးနွေးကလေးပေးတတ်သူ။ သူ့သမီးကလေးကို သူ ဘယ်လောက်တောင် စောင့်ရှောက်ပေးနိုင်မလဲ။ မိခင်စိတ်သိပ်ကြီးသည့်မိန်းမပဲဟာ။
မအေးသီတို့သည် သူ့သမီးကို ခေါ်လာပြီးနောက် ကျွန်မဘက်ကို နောက်ဆုံးအနေနဲ့ လှည့်ကြည့်သည်။ သူ့မျက်နှာပေါ်မှာ ခန့်မှန်းရခက်သည့် ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ ဝမ်းနည်းခြင်းလား၊ ဒါမှမဟုတ်… သက်ပြင်းချသလိုမျိုးလား။
“ကျွန်မတို့ သွားတော့မယ်နော်။”
ကလေးမလေးသည် ကျွန်မကို မသိသည့်တိုင် ခပ်ပြုံးပြုံးကလေးနှင့် ခါးကိုကိုင်းလို့ ခေါင်းကိုညွတ်ကာ နှုတ်ဆက်သည်။မအေးသီတို့နှင့် အတူတူရှိနေခဲ့သည့် ကလေးလေးသည် အစ်မဖြစ်သူကို အလွမ်းသယ်မဝသည့်အလား ဖက်တွယ်ထားသည့်ကြားက ကလေးမလေးက ပြုံးပြသွားခြင်းဖြစ်သည်။ သားအမိနှစ်ဦးလုံး၏ အပြုံးချိုရီရီကလေးသည် ကျွန်မကို အီလည်လည် ဖြစ်လို့ ကျန်စေသည်။
သူတို့မိသားစု ကျွန်မရှေ့ကနေ တဖြည်းဖြည်း ထွက်ခွာသွားကြသည့်အခါ ကျွန်မကတော့ နေရာမှာတင် ကြက်သေသေရင်း ကျန်နေခဲ့သည်။ ကျွန်မ ခေါင်းထဲမှာ အတွေးတွေက ရှုပ်ယှက်ခတ်နေသည်။ အဲ့ဒီကောင်မလေး…။ သူ့ရဲ့ပုံစံ၊ သူ့ရဲ့မျက်နှာ… ရင်းနှီးနေသလိုပဲ။ ဘယ်သူနဲ့တူနေမှန်းမသိ။
ကျွန်မ လေဆိပ်ကနေ အိမ်ပြန်ရောက်တဲ့အထိ အဲ့ဒီအတွေးက ခေါင်းထဲကမထွက်။ အိမ်ပြန်ရောက်ပြီး နာရီအတော်ကြာတဲ့အထိ ကျွန်မ အိပ်ခန်းထဲမှာ ငိုင်နေမိသည်။
မှတ်ဉာဏ်ထဲက ပုံရိပ်တွေကို တစ်စစီ ပြန်ဆက်စပ်ကြည့်နေမိသည်။ အဲ့ဒီကောင်မလေးရဲ့ မျက်ခုံး၊ နှာတံ၊ အထူးသဖြင့် ယုံကြည်မှုရှိတဲ့ သူ့ရဲ့အပြုံး…။
ရုတ်တရက်… ကျွန်မရင်ထဲ ဒိန်းခနဲဖြစ်သွားသည်။
မဖြစ်နိုင်ဘူး…။
ဧည့်ခန်းထဲက မိသားစုဓာတ်ပုံအယ်လ်ဘမ်အဟောင်းတွေကို အပြေးအလွှားသွားရှာသည်။ စာမျက်နှာတွေကို တစ်ရွက်ချင်း အမြန်လှန်ကြည့်ရင်း ကျွန်မလက်တွေက ဓာတ်ပုံတစ်ပုံပေါ်မှာ ရပ်တန့်သွားသည်။ အဲ့ဒါက ဦးလေးရဲ့ တက္ကသိုလ်ကျောင်းသားဘဝက ဓာတ်ပုံတစ်ပုံ။
ကျွန်မ အသက်ရှူအောင့်ထားမိသည်။ ဓာတ်ပုံထဲက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က လူငယ်တစ်ယောက်ရဲ့အပြုံးနဲ့ လေဆိပ်မှာ ကျွန်မတွေ့ခဲ့တဲ့ ကောင်မလေးရဲ့အပြုံးက ထပ်တူကျနေသည်။ မျက်လုံး၊ နှာတံ… အားလုံးက တစ်ပုံစံတည်း။
ကမ္ဘာကြီးတစ်ခုလုံး ကျွန်မခေါင်းပေါ် ပြိုကျလာသလိုပါပဲ။ အဲ့ဒီနေ့က အဖြစ်အပျက်…။
အားလုံးက လိမ်ညာမှုသက်သက်တွေပဲလား။
ဘယ်သူက ဘယ်သူ့ကို လိမ်ခဲ့သည်လဲ။ ဘယ်သူတွေက အမှန်တရားကို နှုတ်ဆိတ်ခဲ့သည်လဲ။
အဲ့ဒီနေ့က မအေးသီ ဘာကြောင့်ဘာမှမရှင်းပြဘဲ အရှုံးပေးထွက်သွားခဲ့တာလဲ။
ကြည်ပြုံးချိုရီနေသည့် မအေးသီ၏ မျက်နှာကလေးသည် ဝဲလည်လို့လာသည်။
“လူတစ်ယောက်ပျက်စီးဖို့ဆိုတာ လွယ်လွယ်ကလေးပဲ လီလီရဲ့။ မအေးသီဆို ဘယ်နှကြိမ်လောက်ပျက်စီးခဲ့ဖူးပြီလဲဆိုတာတောင် မမှတ်မိတော့ပါဘူး” တဲ့။ ။
အိမ်မွန်
၁၅ သြဂုတ် ၂၀၂၅