မောင်ခြိမ့်
ကြာဝတ်မှုန် ထုံမသင်းနိုင်ခဲ့
“ဗွမ်း” ခနဲ ရေလုံးပွက်သံကြီးကို ကြားလိုက်ရပြီး သူ့ဝမ်းဗိုက်နံဘေးတွင် စူးရဲပြင်းထန်လှသော နာကျင်မှုကို ထိတ်လန့်စွာ ခံစားလိုက်ရသည်။
ပင်ကိုအသိစိတ်နှင့်မဟုတ်ဘဲ သဘာဝ၏ တုံ့ပြန်မှုဖြင့် ခန္ဓာကိုယ်ကို လွန့်ကာ လူးကာ အားနှင့် အင်နှင့် ရုန်းထွက်လိုက်မိသည်။
“သေသေချာချာ မထိလိုက်ဘူးဟေ့။ လိုက်မှိန်းတွေ ထပ်ထိုး … ထပ်ထိုး”
အော်ဟစ်ပြောလိုက်သော လူသံတွေကို ကြားလိုက်ရပြီး နောက်ထပ် ချွန်ထက်စူးမြလှသော သံမဏိမှိန်းသွားတွေ သူ့နံဘေးပတ်လည်တွင် တဝုန်းဝုန်း တစွပ်စွပ်နှင့် ပြေးဝင်လာကြပြန်ပြီ။
ထိုအထဲမှ မှိန်းစွယ်တစ်ချောင်းက သူ့အမြီးဖျားရေယက်ပြားကြီးကို ကပ်၍ ဖောက်ဝင်သွားခဲ့သည်။
အသက်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသည့် သတ္တဝါတိုင်း မိမိတို့၏ အသက်ဝိညာဉ်ကလေး ရှင်သန်ချင်ဇောနှင့် အားကုန် အင်ကုန်ထုတ်၍ ရုန်းကန်ရင်း လွတ်မြောက်ရာလမ်းကို ရှာဖွေကြစမြဲ ဖြစ်တော့၏။
သူသည်လည်း ရှိသမျှ တစ်ကိုယ်လုံးမှ ခွန်အားတွေကို ညှစ်ထုတ်၍ ဟိုး . . . ကြာစွယ် ကြာရိုးတွေ ရှုပ်ထွေးဝေမှောင်ရာ ရေပြင်အောက်ခြေဆီသို့ ကူးခပ်ထွက်ပြေးလာခဲ့ရသည်။
သည်နေရာ သည်ပတ်ဝန်းကျင်သည် သူ မွေးဖွားရာ ဇာတိချက်ကြွေဖြစ်၏။ သူ့ဘိုးဘေးဘီဘင်တွေ လက်မွန်မဆွ အခြေချနေထိုင်ခဲ့ကျက်စားခဲ့ မျိုးဆက်တွေပေါက်ပွားခဲ့ရာ နေရာဒေသကြီးလည်းဖြစ်၏။ နောက်ထပ် နောက်ထပ် သူ့သား၊ သူ့မြေး၊ သူ့မြစ်တို့ ဆက်လက်ရှင်သန်နေကြဦးမည့် နေရာဝန်းကျင်လည်း အမှန်ဖြစ်၏။
ဤ ဂယက်ကွင်း ရေပြင်ကြီးသည် သူ့ဘိုးဘေးတို့လက်ထက်တုန်းက လူသူအရောက်အပေါက် လုံးဝမရှိသလောက် ဝေးလံခေါင်သီသည့် နေရာကြီးဖြစ်ခဲ့၏။
အဲသည်ကာလတွေတုန်းက အလွန်ပျော်စရာကောင်းခဲ့သည်ဟု တစ်ဆင့်စကား တစ်ဆင့်နားနှင့် သူ မှတ်သားနာယူခဲ့ဖူး၏။ အစားအစာတွေကလည်း အလွန်ပေါများကာ သတ်ဖြတ်ညှဉ်းဆဲမည့် ရန်သူလည်း မရှိဟုဆို၏။
ထိုးဝါးနှစ်ပြန်ခန့်နက်လှသော ရေနက်ကွင်းကြီးဖြစ်၍ ငါး၊ ပုစွန်၊ ရေပိုးရေမွှားတွေ အလွန့်အလွန် ပေါများလှ၏။ ရေမှော်၊ ရေညှိ၊ ဒိုက်ပင်၊ ကန်စွန်းရိုးနီပင်၊ ကနဖော့ပင်၊ ညံပင်၊ ဝက်လာပင်၊ ကျူပင်၊ သင်ပင်၊ ငါးတန်ပိန်းပင်၊ ကြာဖြူ၊ ကြာနီ၊ ကြာပုဏ္ဏရိတ်နှင့် ပဒုမ္မာကြာပင်ကြီးတွေ ရှိ၏။
ကြာစွယ်ကြာရိုးဖွေးဖွေး၊ ကြာဝတ်ဆံတွေ မွှေးမွှေးထုံကာ သဘာဝက လက်ဆောင်အဖြစ် ဖန်တီးပေးထားသော သူတို့တစ်တွေ၏ သီးခြားကမ္ဘာလေးလည်း ဖြစ်ခဲ့၏။
ပါးလွှာနူးညံ့လှသော ကြာဖက်ကလေးတွေရဲ့အပေါ် ခြေဖော့နင်းလျှောက်ကာ အစာရှာတတ်သော နှုတ်သီးချွန်ချွန် ခြေတံရှည်သွယ် လည်တံပြောင်းနွဲ့နှင့် ကြာဖက်နင်း ငှက်ကလေးတွေက တီတာခွန်းဆင့် ကျူးရင့်ပျော်မြူးလို့ ငါးပတ်၊ ငါးဖယ်၊ ငါးမျက်ဆံနီ၊ ငါးကြင်းရွှေဝါတွေက ငွေရောင်ဖွေးလက် အကြေးခွံတွေ တဖျပ်ဖျပ်နှင့် အလှပြရင်း ခုန်ပျံပျော်ပါးလို့ အိုင်ကမ်းစပ်က ပျဉ်းမ၊ ထိန်၊ ရေမန်ကျည်း စတဲ့ အပင်တွေအပေါ်မှာတော့ ဗျိုင်းအောက်တွေ၊ ဝေသာလီတွေ၊ ငှက်တော်ကလေးတွေ၊ စစ္စလီတွေက တစ်ကောင့် တစ်ကောင် အစာခွံ့ကျွေး တီတာတေးတွေဆိုလို့။
တင်ကျီးငှက်တွေ၊ ရေဘဲတွေ၊ အော်ရောတွေ၊ ခြောက်တောင်ဗျိုင်းတွေ၊ ကျွဲကျောင်းဗျိုင်းတွေကတော့ တချို့က ဒိုက်ပုံပေါ်မှာ နားလို့၊ တချို့က တဖွားဖွားနဲ့ ရေထဲမှာ ပေါ်ချည်ငုပ်ချည် အစာရှာလို့ ဘာသာဘာဝ ပျော်မြူးခဲ့ကြတဲ့ ကန်သာကြီးပေါ့။
အခုတော့ အဲဒါတွေက ဟိုးအတိတ်မှာ မှုန်ဝါးရီဝေ ကျန်ခဲ့ပါလေပြီ။ တဖြည်းဖြည်းနဲ့ လူနေအိမ်ခြေတွေက တိုးလာ၊ လယ်မြေတွေက တဖြည်းဖြည်းနဲ့ တိုးတက်ကျယ်ပြန့်လာ၊ တွင်းထွက်ပလူ ပရွက်ကောင်တွေလို လူတွေကလည်း တဖြည်းဖြည်း များလာကြတော့။
သူတို့ တစ်ဝမ်းတစ်ခါးလှဖို့အတွက် ဂယက်အင်းကြီးဘဝပျက်ရတော့ပြီ။
သဘာဝက ပေးထားသည့် တိတ်ဆိတ်ခြင်း၊ အေးချမ်းခြင်း၊ သာယာခြင်း၊ စိမ်းစိုခြင်း၊ ငြိမ်သက်ခြင်းတွေ ဝေးလွင့်ခဲ့ရပြီ။ တဖြည်းဖြည်းနဲ့ ရေဟာ တိမ် တိမ်လာခဲ့ပြီ။ ကွန်သမားတွေ၊ ပြုံးသမားတွေ၊ ပိုက်သမားတွေ၊ ရင်တွန်းသမားတွေ၊ ဖားရှာ ငါးရှာသမားတွေနှင့် ဆူညံပွက်လော ရိုက်နေခဲ့ပြီ။ သွေးညှီနံ့တွေ များများလာသလောက် ကြာဝတ်ဆံရနံ့တွေ ပါးပါးလာခဲ့ရပြီ။
သူနဲ့ဘဝတူ မျိုးနွယ်စုတွေတောင် အခု ဘယ်မှာ သိပ်ရှိတော့လို့လဲ။ ရှားပါးလာနေပြီ။ သူတောင် ဘဝပေးအတွေ့အကြုံအရ ရှောင်တိမ်းတတ်၊ ပြေးတတ်၊ ပုန်းတတ်လွန်းလို့ အခုအရွယ်အထိ အသက်ရှင်နေခဲ့တာလည်း ဖြစ်၏။ အသက်ကလေးတစ်ချောင်း ရှင်သန်ရေးအတွက် အသည်းအသန် ရုန်းကန်ကူးခပ်ရင်း မျိုးဆက်သစ်တွေ တိုးပွားရစ်ဖို့ ကြိုးပမ်းနေတုန်း။
ပထမဆုံးမှိန်းချက်က သူ့ရဲ့နံဘေးကို ရှပ်ဝင်ဖောက်ထွက်သွားခဲ့သည်။ ဒဏ်ရာအနာတရနှင့် ကြောက်အားကြီးစွာ အတင်းရုန်းထွက်တော့ အသားစိုင်တွေ၊ အရေပြားတွေ စုတ်ပြတ်ပြီး လွတ်ထွက်ခဲ့ရ၏။ နောက်ထပ် မှိန်းချက်ကတော့ သူ့အမြီးရေယက်ပြားကို စုတ်ပြတ်သွားစေခဲ့ပြန်သည်။
ရေနက်နက်တွင် ပုန်းခိုနေရာမှ ရေပြင်ပေါ်ဆီ အသာဖော့ကာ တက်လာခဲ့သည်။ ရေပြင်အောက် အနက် တစ်ထွာလောက်ကနေ မျက်ခွံမပါတဲ့ မျက်လုံးကြီးကို အစွမ်းကုန်ပြူး၍ သူ အကဲခတ်နေသည်။ အမှားအယွင်းတစ်ခုမှ ထပ်၍ အဖြစ်မခံနိုင်။
ပထမအကြိမ်တုန်းကတော့ သူ့မှာ ဇောတစ်ခုကပ်နေသောကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်ရန်၊ ရန်သူ၏ အန္တရာယ်ကို သတိထားရန် မေ့လျော့သွားခဲ့ပြီးပြီ။ ထိုအတွက် ပေးဆပ်ခဲ့ရသည်က ဒဏ်ရာ နှစ်ချက် ရခဲ့ပြီးပြီ မဟုတ်လား။
သည်တစ်ခါ အမှားအယွင်းထပ်၍ ဖြစ်ခဲ့လျှင် ပေးဆပ်ရမှာက သူ့အသက်။ လောင်းကြေးက ကြီးမားလွန်းလှတော့၏။ ကုန်းပေါ်မှ လူသံသဲ့သဲ့ကို သူ ကြားလိုက်ရ၏။
“ဟေ့. . . ဟေ့၊ ဆူညံဆူညံ လုပ်မနေကြနဲ့။ ရေသံလည်း လုံးဝ ထွက်မလာစေနဲ့။ ဒီကောင်ကြီး နာသွားပြီကွ။ သူ့အန္တရာယ်သိလို့ ခဏငြိမ်ပြီး တစ်နေရာရာမှာ ဝပ်နေတာ။ မကြာခင် ရေပေါ်ကို ပြန်တက်လာမှာ ကျိန်းသေတယ်။ ဒီကောင်ကြီး ပြန်ပေါ်မလာဘဲ နေကို မနေဘူး။ သူ့သားသမီးတွေ ရေပေါ်မှာရှိသေးတယ်လေကွာ ဟင်း … ဟင်း”
သနားညှာတာမှု ကင်းမဲ့လှသောအသံတွေကို သူ ကြားလိုက်ရတော့ ဒေါသတွေက ဆူဝေလာသည်။ ဘာကြောင့်များ သူတစ်ပါး၏ အသွေးအသား၊ အသက်တွေကို ဒါလောက် အာသာငမ်းငမ်း ဖြစ်နေရတာပါလိမ့်။ သူ နားမလည်နိုင်။
ဒဏ်ရာတွေဆီက နာကျင်ကိုက်ခဲမှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လျက်ရှိ၏။ မှောင်မည်းနေသော ဒိုက်ပုံတွေအောက်သို့ နောက်ပြန်ဆုတ်ကာ အသာတိုးဝင်၍ ခိုကပ်နေလိုက်သည်။
“လူတွေ… လူတွေ” အသားစားဘီလူးတွေကဲ့သို့ သူ့ အသွေးအသားကို ဝါးမျိုစားသောက်ရန် အာသာငမ်းငမ်းတက်ကာ စောင့်နေတုန်းဖြစ်၏။
“လောလို့မဖြစ်ဘူး၊ ဆန္ဒစောလို့မဖြစ်ဘူး။ သည်းခံပြီးစောင့်မှ”
ဟု တွေး၏။ ဟုတ်သည်။ တော်တော်ကြာလျှင် သည်လူသားတွေ သူ့ကို ရှာမတွေ့၍ လက်လျှော့ပြန်သွားမှာ အမှန်ဖြစ်သည်ကို အတွေ့အကြုံအရ သူ သိနေသည်။
သို့သော် ခက်တာတစ်ခုက သူတို့မျိုးနွယ်စုသည် ရေအောက်မှာ အကြာကြီးပုန်းခို ငြိမ်သက်နေလို့မရ။ နေလည်း မနေနိုင်။ မကြာမကြာ ရေပေါ်တက်ကာ အစာရှာရင်း၊ အစာစားရင်း လေရှူကြလေ့ရှိ၏။
သဘာဝက ပေးအပ်ထားသော ပါးဟက်နှစ်ဖက်က ရေထုထဲမှ လေကို စုပ်ယူအသက်ရှင်ရန် အသုံးဝင်သော်လည်း ရေပြင်ပေါ်ဖြတ်သန်းတိုးဝှေ့နေတတ်သော ကောက်ပင်ပျိုတို့၏ ရနံ့ သင်းနေသောလေ၊ ကြာဝတ်မှုန်တို့၏ ထုံအီမွှေးပျံ့သည့် ရနံ့တို့ မျောပါသော လေတို့ကိုလည်း သူတို့ မွတ်သိပ်စွာ ရှူရှိုက်တတ်ကြပါ၏။
ထိုအခိုက်မှာပင် ရင်ပေါင်စာ ငါးကလေးတစ်ကောင် သူ့နားက ကပ်ပြီး ကျော်တက်ကူးခပ်သွားသည်။ ဘာမျှမဝေး ငါးတစ်ခုန်စာ လောက်သာရှိမည်။ ဆတ်ခနဲ အမြီးကိုကွေး၍ အားယူဆန့်ထုတ်လိုက်ပြီး ထိုးဟပ်လိုက်သည်။
မမီလိုက်၊ လွတ်သွားပြီ။
ဒဏ်ရာတွေကြောင့် တုံ့ဆိုင်းနှေးကွေးနေပြီဖြစ်၍ ထိုငါးကလေးကိုတောင် မိအောင်မဖမ်းနိုင်တော့ပြီ။ သူ့တစ်ကိုယ်လုံးက တစစ်စစ် ကိုက်ခဲ၍ ကျန်ရစ်သည်။
သူ့နံဘေးဆီမှ စစ်ခနဲ မျက်ခနဲ နာကျင်ခံစားလိုက်ရသဖြင့် ဘေးဘက်သို့ အသာစောင်းငဲ့၍ ကြည့်သည်။ အလို .. သံမဏိမှိန်းစွယ်ဒဏ်ချက်ကြောင့် စုတ်ပြတ်ထွက်သွားကာ အသားစတွေ ဖွာလန်ကြဲနေသော ဒဏ်ရာကြီးကို ငါးကလေးတွေက ဝင်၍ တွတ် ကြ၊ ဟပ်ကြနှင့် ဖဲ့ယူစားမျိုနေပါပကော။
တိမ်ကြားကထွက်၍ ကျဲခနဲပူလိုက်သော နေမင်းက ရေနည်းနေသော ဂယက်ကွင်းကြီးကို မီးလောင်တိုက်သွင်းနေသကဲ့သို့ ရှိ၏။ နေအပူကြောင့် ရေတွေ လှိုက်ဆူပူတက်လာပြီ။ ခုတလော မိုးမရွာတာတောင် ဘယ်နှစ်ရက်ရှိသွားပါလိမ့်။ ရေပူပူထဲတွင် အနာဒဏ်ရာကြီးက အသားစတွေ ရေနွေးဖျောထားသလို ခံစားနေရသည်။ ပို၍လည်း နာကျင်ကိုက်ခဲလာနေသည်။
စုတ်ပြတ်နေသော အမြီးဖျားရေယက်ကြီးကလည်း ကူးခပ်လှုပ်ရှားရာမှာ အားက သိပ်မပါတော့။ ကြီးမားရှည်လျားသော သူ့ကိုယ်လုံးကြီးကို ပါးဟက်ဘေးနှစ်ဖက်မှ ရှေ့ရေယက်ကလေး နှစ်ခုကသာ ထိန်းပေးနေရသည်။ ကိုယ်လုံးကြီးကို တွန့်၍၊ လိမ်၍၊ ယမ်းခါ၍ အနာက အသားစတွေ ဖဲ့စားနေသော ငါးကလေးတွေကို မောင်းထုတ်နေရသည်။
ငါးကလေးတွေက ခွာထွက်သွားလိုက်၊ ပြန်ကပ်လာလိုက်နှင့် အခံရခက်ပြီး ဒေါသတွေထွက်နေမိ၏။
အရင်တုန်းကဆို ဟောဒီ ဂယက်အင်းကြီးထဲမှာ သူတို့မျိုးနွယ်တွေကသာ မင်းမူခဲ့သည်။ သူ့အသားလာထိဖို့မပြောနှင့်၊ သူလာပြီဆိုတာ သိလိုက်သည်နှင့် တခြားငါးတွေ အသက်လုကာ ပြေးကြစမြဲဖြစ်၏။
ခုတော့. . . ခုတော့။
သူတို့မျိုးရိုးထဲတွင် သက်တမ်းစေ့ နေထိုင်ပြီး အသက်ရှင်သွားရသူဟူ၍ ဘယ်တုန်းကမှ မရှိခဲ့။ ယခုလည်း မရှိ။ နောင်တွင်လည်း ရှိမှာမဟုတ်။
သူ့အဖေ၊ သူ့အဘ၊ သူ့အဘိုးတို့ကိုပင်ကြည့်။
လူတွေ၏ ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်းကိုသာ ခံစားခဲ့ကြရ၏။ သူ့သား၊ သူ့မြေး၊ သူ့မြစ်တွေကျတော့ရော ထိုသဘာဝတရားကြီး၏ ရက်စက်သော ဓမ္မစီရင်ချက်အောက်က ရုန်းထွက်နိုင်ဖို့ လမ်းကမမြင်။
ယခု သူ့ကိုပင်ကြည့်။ သတ်ဖြတ်ခံရအံ့ဆဲဆဲ သေအံ့မူးမူးအချိန်ကို ရောက်နေပြီမဟုတ်လား။
“သော် တော်တော်ဆိုးဝါးလှတဲ့ ငါတို့ဘဝတွေပါလား”
ဟု တွေးမိကာ ဝမ်းနည်းပက်လက် ဖြစ်ရသေး၏။
သက်ရှိသတ္တဝါအချင်းချင်း တစ်ဦး၏အသွေးအသားကို တစ်ဦးက ရက်ရက်စက်စက် ဖဲ့ယူဝါးမျိုစားသောက်ကာ အသက်ရှင်နေရသော ဘဝကြီးကို သူရွံရှာမုန်းတီးမိပြီ။
ငါရံ့ခေါင်းရှည်တဲ့၊ ငါးရံ့ခေါင်းတိုတဲ့၊ ငါးရံ့ပနော်တဲ့၊ ငါးရံ့လုံးတဲ့၊ ငါးရံ့ဒိုင်းတဲ့။
အမျိုးတူ မျိုးစိတ်ကွဲတွေက များလှ၏။ ထိုမျိုး စိတ်များစွာထဲတွင် သူတို့မျိုးစိတ် ငါးရံ့ခေါင်းရှည်တွေကို လူကြိုက်များ၏။ ငါးရံ့ခြောက်၊ ငါးရံ့ငါးပိကောင်၊ ငါးရံ့ငါးပိရေချိုတို့သည် ဈေးကွက်ဝင် ရောင်းပန်းလှ လွန်စွာအသုံးတည့်လှ၏။
ထို့ကြောင့်ပင် လူတွေ၏ အမဲလိုက်ခံရခြင်းဖြစ်တော့၏။ ကြည့်စမ်း .. ယခုပင် သူ သေမည့်ဘေးမှ သီသီကလေး လွတ်ခဲ့သည်မဟုတ်လား။
ထိုအခိုက်မှာပင် ခပ်ကြီးကြီးငါးတစ်ကောင်က သူ့ဒဏ်ရာ ဟပြဲကြီးကို ဝင်ရောက်ကိုက်ဖဲ့စားသောက်လိုက်၍ အသားစကြီး တစ်စ ပဲ့ပါသွားပြန်ပြီ။ အရိုးပေါ်အောင် ဆွဲယူဖဲ့စားခြင်း ခံလိုက်ရ၍ အသည်းခိုက်အောင် နာကျင်လှသဖြင့် အားထည့်ကာ ဆတ်ဆတ်တုန် ရုန်းကန်ခတ်ထုတ်လိုက်ရပြန်၏။
ပွက်ထသွားသော ရေလုံး ရေစွယ်များကြောင့် ငါးကလေးတွေ ဘေးသို့ ခဏရှဲသွားပြန်၏။ မကြာခင် ပြန်လာဖဲ့ယူစားသောက်ကြဦးမည်။
သူ့အားအင်တွေ ကုန်စပြုနေပြီ။ ဒဏ်ရာက သွေးတွေ တစိမ့်စိမ့်ထွက်နေ၏။ နာလည်းနာ၊ မောလည်းမောနေပြီ။ ထို့ကြောင့် ဟာနေသော ဝမ်းဗိုက်ကို ဖြည့်ရန် ကြာပင်ရုံကြီးနား အသာကပ်သွားသည်။ ကြာစွယ်ကြီးဘေးတွင် ကပ်ငြိနေသော စိမ်းဖန့်ဖန့် ရေမှော်တန်းတစ်ခုကို အလောတကြီး ဟပ်ယူမျိုချလိုက်ရသည်။ သူ သိပ်မကြိုက်လှသော်လည်း လောလောဆယ် ဟာနေသောဝမ်းဗိုက်ကို ဖြည့်ရန် ဒါပဲရှိသည် မဟုတ်လား။
သူ့အသက် ဘယ်လောက်ရှိပြီဆိုတာ သူမသိ။ သို့သော် သူ့ဘဝမှာ ထောင်ပေါင်းများစွာသော သားပေါက်တို့ကို ဥချပေးခဲ့သော ယခုလို မိုးဦးကျကာလတွေကိုတော့ သူမမှတ်မိနိုင်တော့လောက်အောင် ကျော်ဖြတ်ပြီးခဲ့ပြီ။
အခုကော … အခုကော။ မီးခြစ်ဆံချောင်းခန့် သားပေါက်နီနီကလေးတွေ ဖျာတစ်ချပ်စာခန့်ကို ဘေးမသီ ရန်မခ တခြားသတ္တဝါတွေ ဝါးမျိုစားသောက်ခြင်းမခံရအောင် စောစောတုန်းက သူ စောင့်ရှောက်နေခဲ့သေးသည် မဟုတ်လော။
သူတို့ဓလေ့၊ သူတို့ ဘာသာဘာဝအလိုက် သားပေါက်ကလေးတွေက နေခြည်ပက်ဖျန်းထားသော ရေပြင်၌ ကနဖော့၊ ထိကရုံး၊ လယ်ပတူ၊ မှော်ပင်ကလေးတွေကြားမှာ အစာရှာဖွေမြူးတူးနေကြစဉ် သူကတော့ ထိုသားပေါက်အုပ်ကြီး၏အောက် ရေအနက်တစ်တောင်ခန့်မှာ ရေငုပ်သင်္ဘောကြီးတစ်စင်းလို ငြိမ်သက်၍ မမှိတ်မသုန်သော မျက်စိအစုံဖြင့် ဘေးဘယ်ညာအထက်အောက်ကို အကဲခတ်၍ စောင့်ရှောက်နေခဲ့၏။
ဘဝတူ သားစားငါးရံ့များ၏ရန်၊ လူသားတွေ၏ရန်ကို မပြတ် ဂရုစိုက်နေခဲ့ရသည်။ ရန်သူအရိပ်အခြည်ဟု သူသိလိုက်လျှင် သူ့ပါးစပ်ထဲ ပါးဟက်နှစ်ဖက်မှ ရေပလုံကလေးတွေ စီစီထအောင် မှုတ်ထုတ်အချက်ပေးမည်။
ထိုအခါ အရိပ်အကဲနားလည်လှသော သားပေါက်ကလေးတွေက မျက်စိတစ်မှိတ်အတွင်းမှာပင် ဖျတ်ခနဲ ရေအောက်သို့ ငုပ်ဆင်းလာကြကာ ဒိုက်တွေ၊ မှော်တွေ၊ ရေညှိပင်တွေကြားမှာ ပုန်းအောင်းနေကြလိမ့်မည်။ ဘေးရန်ကင်းရှင်းပြီဟု သူက အချက်မပေးမချင်း ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်လာကြ ဦးမည်မဟုတ်။
ဘေးအန္တရာယ်ရှင်းပြီဟု သူက အချက်ပေးလေမှ ရေမျက်နှာပြင်ပေါ်တက်၍ မြူးတူးပျော်ပါး အစာစားကြပေလိမ့်မည်။
ယခုတော့ တကယ်ပဲ နောက်ကျခဲ့လေပြီ။ သူ့ထက် အဆပေါင်းများစွာ ပရိယာယ်မာယာများလှသော လူသားတွေက သူ မျှော်မှန်းထားသလို ရှေ့ဘက်ကလည်း မလာ၊ ဘေးဘယ်ညာနှစ်ဖက်ကလည်း မချဉ်းကပ်၊ ဘယ်လိုမှ မြင်နိုင်စွမ်းမရှိသော နောက်ဘက်မှ အသာဝင်ကာ စူးရဲထက်မြသော သံမဏိမှိန်းသွားဖြင့် သူ့အသက်ဇီဝိန်ကို ခြွေယူရန် ကြိုးစားခဲ့ခြင်းကို ခံခဲ့ရလေပြီ။
အခုအချိန်ဆို သားပေါက်ကလေးတွေ ဘယ်ဆီမှာပါလိမ့်။ ရန်သူလူသားတွေ၏ လက်ထဲပါများသွားလေပြီလား။ စိုးရိမ်ပူပန်စိတ်က ဒဏ်ရာတွေ၊ နာကျင်မှုတွေ၊ သူ၏ ကာယိကဒုက္ခတွေကို တစ်ခဏအတွင်း မေ့သွားစေလေ၏။
ထို့ကြောင့်ပင် နေခြည်ရိုက်ခတ်ထားသဖြင့် ဝင်းပလင်းလက်နေသော ရေမျက်နှာထက်သို့ အသာအယာထိုးတက်လာခဲ့မိပြန်၏။
သတိထား . . . သတိထား၊ ရေပွက်ကလေးတစ်ခု၊ ရေပလုံစီကလေးတစ်လုံးမှ ထွက်မသွားမိစေရ။ ထွက်သွားပြီဆိုတာနဲ့ ကုန်းပေါ်က စောင့်ကြည့်နေသည့် လူသားတွေရဲ့ ရက်စက်တဲ့မှိန်းသွားက တိုးဝင်လာလိမ့်မည်။ သတိကြီးစွာထား၍ ရေမျက်နှာ ပြင်နှင့် တစ်ထွာခန့်အထိ ထိုးတက်လာခဲ့သည်။
ဦးခေါင်းကို ဟိုသည် ယမ်းကာ လှည့်ကာ ရှာကြည့်၏။
ကြည်စင်ပြာလဲ့နေသော မိုးကောင်းကင်ကြီးပေါ်တွင် တိမ်မျှင်ဂွမ်းစကလေးတွေ တရိပ်ရိပ်လွင့်မျောလျက်ရှိ၏။ ကြာရွက်တွေ ကြားမှာ ဒိုက်တွေ၊ မှော်တွေကြားမှာ ရှာသည်။ မတွေ့။ ဘယ်ရောက်ကုန်ကြပြီနည်း။
“သားပေါက်ကလေးတွေရေ၊ မင်းတို့ ဘယ်ဆီရောက်နေကြသလဲဟေ့။ ရန်သူ့လက် ပါသွားကြလေပြီ လား”
သူ ပျာယာခတ်သွား၏။ စိုးရိမ်စိတ်ကြောင့် ရင်တွေပူလာ၏။ ထို့ကြောင့် သူ့လှုပ်ရှားမှုက ညင်သာခြင်းမရှိတော့။ ရုတ်တရက် ဘေးသို့ ဆတ်ခနဲလှည့်ကာ ရှာ၏။
အရိုးထဲထိအောင် ပဲ့ရွဲ့ထွက် နေသော ဒဏ်ရာကြီးက အလွန်နာကျင်လာသဖြင့်
“နာလိုက်တာ… နာလိုက်တာ”
ရေရွတ်ရင်း ပါးစပ်ကို ဟလိုက်မိတော့ ပါးစပ်ထဲ ပါးဟက်နှစ်ဖက်ထဲက ရေပလုံစီကလေးတွေ လေးငါးဆယ်လုံး ဖွားခနဲ… ဖွားခနဲ ရေပြင်ပေါ်သို့ လွင့်၍ တက်သွားတော့၏။
ထိုခဏမှာပင် မိုးကြိုးပစ်ခံလိုက်ရသလို ဦးခေါင်းတစ်ခုလုံး “ဂျင်း” ခနဲ၊ “ခွပ်” ခနဲ ပြင်းပြသော နာကျင်မှုကို ခံစားလိုက်ရလေတော့၏။ သံမဏိမှိန်းသွားက ဦးခေါင်းခွံအထက်မှ ဝင်၍ မေးအောက်ကနေ ဖောက်ထွက်သွားခဲ့ပြီ။
“မိပြီဟေ့… ရပြီကွ၊ နည်းတဲ့ နှစ်ချို့ငါးရံ့ကြီးမဟုတ်ဘူးဟေ့။ အနည်းဆုံး သုံးလေးပိဿာပဲကွ။ တော်တော်ပါးတဲ့ ငါးရံ့ကြီးဟေ့။ သူ့ကို စောင့်နေမှန်းသိလို့ ဟိုးရေအောက် ဒိုက်ပင်တွေကြားမှာ သွားခိုနေတာ။ တို့ပြန်သွားပြီထင်လို့ သားဇောမွှန်ပြီး ပြန်တက်လာတာကွ။ သေသေချာချာရှာဟေ့။ ကြာပင်တွေကြားမှာ သားပေါက်တွေ ရှိလိမ့်မယ်။ ကွန်သမားက သေသေချာချာအုပ်နော်။ မလွတ်စေနဲ့။ ဟင်း . . . ဟင်း . . . ဘယ်ရမလဲကွာ။ တံငါလုပ်စားလာတာ ကြာပြီပဲဟာ။ ဒင်းတို့ပါးတယ်ဆိုတာလောက်တော့ ဟား … ဟား… ဟား … ဒီညနေ ငါးရံ့အူဟင်းကလေးနဲ့ဆို အတော်ပေါ့ကွ”
တံငါတစ်စု၏ ဟားတိုက်ရယ်လိုက်သံကြောင့် အစာကောက်နေသော ကြာဖက်နင်း ငှက်ကလေးများ၊ ပိန်ညင်းငှက်များ၊ ဗျိုင်းအောက်ကလေးများ အလန့်တကြား ထပျံပြေးကြလေသည်။ ထိုနေ့က ကြာဝတ်မှုန်ရနံ့တို့ ထုံပျံ့ခြင်းမရှိပါ။
– ပြီး –
စာရေးသူ – မောင်ခြိမ့်