July 31, 2025
Uncategorized

ကြွက်ထောင်လူသားနှင့် ကြွက်လိုက်မြွေ

လွင်ဦး(ကွမ်းခြံကုန်း)
ကြွက်ထောင်လူသားနှင့် ကြွက်လိုက်မြွေ

ငမှတ်ကြီးကား စွန်ထောင်ရသည်ကို စိတ်ပျက်၍ ကြွက်ထောင်သောဘက်သို့ လှည့်သွားချေပြီ။

ကြွက်ထောင်နည်းကား မြောက်မြားစွာရှိသည်။

မြန်မာတောင်သူလယ်သမားတို့သည် မြို့များတွင် အသုံးပြုသော သံညှပ်များ၊ တံခါးအရှင်နှင့် သစ်သားထောင်ချောက်များကို အသုံးမပြုချေ။ အသုံးမပြုသောအကြောင်းကလည်း ရှိသည်။

ရှေးဦးစွာ မြို့များတွင်သုံးသော သံညှပ်သည် ကြွက်ဖလောင်းများ၊ ကြွက်ဝမ်းပူများ၊ ကြွက်စုတ်များ စသော အိမ်ကြွက်များအတွက်သာ သင့်လျော်ပြီး ခွန်အားကြီးမားသန်စွမ်းသော လယ်ကြွက်ကြီးများအတွက်မူ မသင့်လျော်ပေ။ သံညှပ်အတွင်းမှ အလွယ်တကူ ရုန်းထွက်သွားပေလိမ့်မည်။

လယ်ကြွက်ကြီးများကို သံညှပ်မှ မောင်းတံသည် တစ်ချက်တည်းနှင့် သေအောင် မရုန်းနိုင်အောင် ဖိနိုင် ညှပ်နိုင်မည် မဟုတ်ပါ။ သစ်သားထောင်ချောက်များမှာမူ သယ်ရ ပိုးရ မလွယ်ကူသဖြင့် ထောင်ရန် အဆင်မပြေနိုင်ပေ။

တောရွာများတွင် ကြွက်ထောင်သမားတစ်ဦးလျှင် မိရိုးဖလာ လုပ်ကိုင်ထားသော ဝါးညှပ်များ အချောင်း (၃ဝ) မှ (၅၀) အထိ ကိုင်လေ့ရှိကြသည်။ ထိုဝါးထောင်ချောက် ကြွက်ညှပ်အချောင်း သုံးလေးဆယ်ကို အလွယ်တကူ ပေါ့ပေါ့ပါးပါး သယ်ယူနိုင်ကြသည်။ ကြွက်လှောင်အိမ် အခု (၃၀) ကို သယ်ယူရန်ကား မလွယ်ကူလှပေ။ ထို့ကြောင့် မြန်မာတောင်သူ လယ်သမားများသည် ကြွက်လှောင်အိမ် ထောင်ချောက်များကို အသုံးမပြုကြခြင်းဖြစ်သည်။

ထိုထက်ပို၍ အဓိကျသောအကြောင်းကား ငွေရေးကြေးရေး ကိစ္စဖြစ်သည်။ မြို့ပေါ်တွင် လုပ်ရောင်းသောသံညှပ်များ၊ သစ်သားထောင်ချောက်များကား တစ်ခုလျှင် တန်ဖိုးကြီးကြီး ပေးရသည်။ တောရွာများ၌ ပြုလုပ်သော ဝါးညှပ်ကား မိရိုးဖလာနည်းဖြင့် အလွယ်တကူပြုလုပ်ထားလေရာ အကုန်အကျ မများလှပေ။ ညှပ်တစ်ခုလုံးကို ဝါးဖြင့်သာ ပြုလုပ်ထားလေရာ ပေါ့ပါးခိုင်ခံ့၍ တန်ဖိုးလည်း နည်းပါးသည်။

ဝါးညှပ်ဟူ၍ အထင်မသေး၍မရ။ လူကြီးတစ်ယောက်အားဖြင့် ဝါးခြမ်းကို ဆွဲကွေးကာ ခလုတ်ဖြင့် ထောင်ထားသော ဝါးညှပ်သည် ခလုတ်ပြုတ်၍ ညှပ်မိနေပါက ထွက်ရန် မလွယ်တော့ပါ။ ကွေးထားသောဝါး၏ တွန်းကန်အားဖြင့် မိထားသောအားသည် ရုန်းရင်း ကန်ရင်းဖြင့်သာ အသက်ထွက်သွားပေမည်။ ဘယ်သောအခါမှ မလွတ်နိုင်ပေ။

ဝါးညှပ်များကို ကြွက်တွင်းဝများ၌ ထောင်ထားကြသည်။ ဝါးညှပ်တွင် အစာမထည့်ပါ။ ကြွက်များ အဝင်အထွက်လုပ်မည့်တွင်းဝတွင် ထောင်ထားခြင်းအားဖြင့် မုချမိမည်ဖြစ်သည်။ အချို့ ပိုသေချာချင်သူများက အစာထည့်ကြ၍ ပိုအမိမြန်သည်။

ကြွက်ညှပ်ကို ပုံဖျက်ထားပါက ပိုစိတ်ချရသည်။ လယ်ကြွက် များသည် ကြွက်ထောင်သူများ ပိုမိုများလာသောအခါ ပါးနပ်လာကြသည်။ ကြွက်တွင်းဝတွင် လာထောင်ထားပါက ထိုတွင်းဝ၌ အဝင်အထွက်မလုပ်တော့ဘဲ ကယ်ပေါက်မှသာ အဝင်အထွက် လုပ်ကြတော့သည်။ ထိုကြွက်များကား ကြွက်လျင် ကြွက်ပါးများဖြစ်၍ ဗြုန်းခနဲ မမိတတ်။

သို့သော် ပေါက်တူးဖြင့်ပေါက်၍ ခွေးဖြင့်လိုက်သော ကြွက်လိုက်သမားများနှင့် တွေ့လျှင်ကား ဘယ်ကိုမျှ ပြေးမလွတ်ဘဲ အသေခံကြရလေသည်။

မည်သို့ပင် လိုက်သည်ဖြစ်စေ ကြွက်မျိုးပြုန်းသွားသည်ကား မရှိ။ ရှေ့ကလိုက်၍ နောက်ကပွားမြဲပွားလျက်၊ လယ်မြေမှ စပါးများကို ဖျက်ဆီးမြဲ ဖျက်ဆီးလျက်ရှိသည်။

ကြွက်ထောင်နည်း များစွာရှိသေးသည်။

နောက်တစ်နည်းကား ညဘက် အသံဖြင့် မျှားသော ဖမ်းနည်းဖြစ်သည်။

လမိုက်ညဖြစ်ပါက ပို၍ကောင်းသည်။ ညဘက် ကြွက်လိုက်တော့မည်ဆိုလျှင် ကြွက်လိုက်သူသည် ပစ္စည်းကိရိယာ သုံးမျိုးကို ယူဆောင်ရသည်။

ပထမပစ္စည်းမှာ မှိန်းဖြစ်၍ ၎င်းကို ခေါင်းပေါ်တွင် ခေါင်းခုဖြင့် တင်ထားရသည်။ ဒုတိယပစ္စည်းကား မီးအုပ်ဆောင်းဖြစ်၍ ဘယ်လက်ဖြင့် ကိုင်ထားရသည်။ တတိယပစ္စည်းဖြစ်သော ရောင်ပြားဒလက်ကို ညာလက်ဖြင့် ကိုင်၍ ခတ်ရသည်။ ရောင်ပြား ခတ်သံသည် ပုစဉ်းထိုးပျံသည်နှင့် တထေရာတည်းတူသည်။

ပုစဉ်းထိုးပျံသံကြားသော် ကြွက်တွင်းထဲမှ ကြွက်သည် တွင်းဝသို့ထွက်လာသည်။ ထိုအခါ မီးအုပ်ဆောင်းဖြင့် စိုက်ထိုးထားရသည်။ ရောင်ပြားကိုလည်း ဆက်ခတ်နေရသည်။ ကြွက်သည် စူးစမ်းရင်း ရှေ့သို့ တိုးလာလေသည်။ ထိုအခါ ရောင်ပြားကို ဘယ်ဘက်လက်ထဲသို့ ထည့်ကာ ညာလက်ဖြင့် ခေါင်းပေါ်မှ မှိန်းကို ယူ၍ ထိုးရသည်။ ဤသို့ဖြင့် ကြွက်များကို တစ်ကောင်ပြီး တစ်ကောင် တစ်ညလုံး ဆက်၍ ထိုးသွားရသည်။

ကြွက်ကို ကြွက်ဖြင့်တည်သော နည်းလည်း ရှိသေးသည်။ တည်ကြက်၊ တည်ချိုးများကဲ့သို့ တည်ရသောနည်းနှင့် မတူပေ။

ပထမဦးစွာ ကြွက်ကို မသေနိုင်လောက်မည့် ခါး၊ ပေါင် စသည့်နေရာသို့ မှိန်းဖြင့်ထိုးပြီး မြေကြီးထဲသို့ စိုက်ထားရသည်။ ထိုအခါ အထိုးခံရသောကြွက်က မချိမဆန့် သေလုမြောပါးအသံဖြင့် အော်လေရာ အနီးအနားတွင်းရှိ ကြွက်များအားလုံး မကျန် ထွက်လာကြပြီး အခြေအနေကို စူးစမ်းကြလေသည်။ အော်နေသောကြွက်ကို အကူအညီပေးရန် ဝိုင်းအုံလာကြသည်။

ကြွက်ရိုက်သွားသောလူက ပထမဦးဆုံး ကြွက်ကို ထိုးပြီးသည်နှင့် မှိန်းကိုလွှတ်ကာ မီးအုပ်ဆောင်းကို ခေါင်းပေါ်တင်လိုက်ရသည်။ အိမ်က အသင့်ယူလာသည့် ကြွက်ရိုက်သော တုတ်တိုတိုကို ကိုင်ကာ မှိန်းဘေးဝယ် ထိုင်စောင့်ရင်း လာသမျှကြွက်ကို ဆီးရိုက်ရုံသာ ဖြစ်သည်။ ဤနည်းသည် ကြွက်အမိမြန်၍ အမိများသည်။

ငမှတ်ကြီးကမူ ဤနည်းကိုမသုံး။ ဤနည်းထက် ကောင်းသောနည်းကို သုံးသည်။ အိမ်မှထွက်ကတည်းက ခါးဝယ် ကြိုးတစ်ချောင်း ချည်သွားသည်။ ပလာယာတစ်ချောင်းလည်း ယူသွားသည်။

ပထမဦးဆုံးမိသောကြွက်၏ သွားများအားလုံးကို ပလာယာဖြင့် ဆွဲနုတ်၍ ခါးတွင် ကြိုးဖြင့် ချည်ထားလိုက်သည်။

သွားမရှိသောကြွက်သည် ငမှတ်ကြီးခါးကို ကိုက်သော်လည်း မနာတော့ပေ။ ဤသို့ဖြင့် ကြွက်သုံးလေးကောင်ကို ငမှတ်ကြီး ခါးဝယ် လှည့်ပတ်၍ ချည်ထားလိုက်ရာ ကြွက်အော်သံများကား ဆူညံနေလေရာ တွင်းထဲမှ ကြွက်များလည်း ထွက်လာကြလေသည်။ ထိုအခါ ငမှတ်ကြီးတစ်ယောက် လက်မလည်အောင် ရိုက်ရတော့သည်။

တစ်နေရာတွင် ကြွက်များ ကုန်သွားသောအခါ အခြားတစ်နေရာသို့ ပြောင်းရသည်။ ငမှတ်ကြီးနည်းက မှိန်းသမားနည်းကဲ့သို့ မှိန်းကို ပြန်နုတ်စရာမလို။ ကြွက်အော်သံများက ငမှတ်ကြီးနှင့် တစ်ပါတည်း ပါသွားမြဲဖြစ်သည်။

ဤနည်းသည် ကောင်းတော့ကောင်းသည်။ သို့သော် ဤနည်းကြောင့်လည်း ဒုက္ခတွေ့ ရသည်။

အဘယ်ကြောင့်ဆိုသော် ဤသို့ ကြွက်အော်သံကြား၍ ကြွက်များလိုက်လာသကဲ့သို့ ကြွက်ကို အစာအဖြစ် ရှာဖွေစားသောက်သော မြွေများကလည်း လိုက်လာကြသည်။

ဤနေရာတွင် မြွေများနှင့် ကြွက်များအကြောင်းကို ရှင်းပြရန် လိုအပ်ပေမည်။

ကမ္ဘာပေါ်တွင် မြွေအမျိုးအစားပေါင်းများစွာ ရှိသည်။ အလျား (၃၅) ပေခန့်ရှိသော အနာကွန်ဒါခေါ် မြွေဆိုးကြီးများမှစ၍ အလျား (၅) လက်မခန့်ရှိသော သဲမြွေများအဆုံး မြွေအမျိုးအစား စုံလင်လှသည်။

အဆိပ်ရှိမြွေများတွင် တောကြီးမြွေဟောက်ခေါ် ငန်းပုပ်သည် အကြီးဆုံးဖြစ်ပြီး အဆိပ်မဲ့ မြွေများတွင် အနာကွန်ဒါသည် အကြီးဆုံးဖြစ်သည်။

မြွေတို့သည် အလွန်ပူပြင်းသော သဲကန္တာရမှစ၍ ပင်လယ် သမုဒ္ဒရာများအထိ ကမ္ဘာအနှံ့အပြား နေထိုင်တတ်ကြသည်။ အမြီးကို ကြမ်းတွင် တဒေါက်ဒေါက်ခေါက်သည့် အမေရိကန်မှ ခလောက်မြွေသည် ထင်ရှားလူသိများသည်။

မြန်မာနိုင်ငံတွင် ရှိသော ဆင်ပစ်မြွေကိုလည်း လူတို့ ကြောက်ရွံ့ကြသည်။ ဆင်ပစ်မြွေသည် မြွေပွေးအမျိုးအစားတွင် ပါဝင်ပြီး စိတ်ဆိုးသည့်အခါ အင်္ဂလိပ်ဂဏန်း ရှစ်ပုံသဏ္ဌာန် ခွေနေလိုက်သည်။ ထို့နောက် ရုတ်တရက်ခုန်၍ ထောက်ပစ်လိုက်သည်။ သူပစ်လိုက်သောနေရာတွင် ရှိသည့် သက်ရှိသတ္တဝါကို ကိုက်ပြီးသားဖြစ်သည်။ ထို့ကြောင့် ဆင်ပစ်မြွေကို လူသာမက ဆင်များကပါ ကြောက်ရွံ့ကြသည်။

မြွေလောက၌ ထူးဆန်းသောမြွေတစ်မျိုးမှာ စပါးကြီးမြွေဖြစ်သည်။

စပါးကြီးမြွေသည် လူသူ၊ ဆိတ်ဝက်၊ ကျွဲနွားစသည့် သက်ရှိသတ္တဝါများကို ညှို့၍ မျိုနိုင်သည်ဟု လူအများက ထင်မှတ်လျက်ရှိကြသည်။ ထိုကဲ့သို့ သာဓက အဖြစ်အပျက်များလည်း ရှိသည်ဟုဆိုကြသည်။ အချို့က စပါးကြီးမြွေပါးစပ်ထဲမှ အိုးစည်ဗုံမောင်းသံများ ကြား၍ ငုံ့အကြည့်ဝယ် အမျိုခံရသည်ဟူ၍ လည်းကောင်း၊ အချို့ကမူ မျက်စိလည်လမ်းမှားကာ စပါးကြီးရှေ့ဝယ် တဝဲလည်လည်ဖြစ်ပြီး နောက်ဆုံး မော၍မသွားနိုင်သောအခါမှ မျိုသည်ဟုလည်းကောင်း ဆိုကြသည်။

စပါးကြီးမြွေ ညှို့နိုင်ရန်အတွက် အညှို့ခံရသောသတ္တဝါ၏ ခြေရာရှိရန် လိုအပ်သည်။ ထိုအခါ စပါးကြီးမြွေသည် ညှို့ကြိုးဖြင့် ထောက်၍ ညှို့သောအခါ အညှို့ခံရသောသတ္တဝါသည် တဝဲလည်လည်ဖြစ်နေပြီး နောက်ဆုံး စပါးကြီးအစာ ဖြစ်ရသည်ဟု ဆိုကြသည်။

စပါးကြီးမြွေ ညှိုသည်ကို ကိုယ်တိုင်မမြင်ဖူးသော်လည်း ငန်းတော်ကြားမြွေ ညှို့ထားသော မြွေဟောက်တစ်ကောင်၏ အဖြစ်ကိုမူ ကိုယ်တိုင် တွေ့ဖူးသည်။

ထိုစဉ်က မိုးကုန်ပြီး ဆောင်းဝင်ကာစအချိန် ကျွန်ုပ်တို့၏ ခြံဝင်းအတွင်း၌ဖြစ်သည်။ ငန်းတော်ကြားတစ်ကောင်သည် မြက်စပ်ဝယ် နေပူဆာလှုံရင်း စန့်စန့်ကြီး လဲလျောင်းလျက်ရှိသည်။ ငန်းတော်ကြားသည် မြွေသူတော်ကောင်းဖြစ်၍ ကျွန်ုပ်တို့ အိမ်သားများက အနှောင့်အယှက်မပေးဘဲ နေခွင့်ပြုထားကြသည်။

ခဏကြာသော် မြွေဟောက်တစ်ကောင်သည် မြက်ကြားထဲမှ ပေါ်လာ၍ ငန်းတော်ကြားရှေ့ဝယ် ဝပ်ဝပ်စင်း ခစားနေသည်။ ကျွန်ုပ်တို့ကား မြွေဟောက်ကို ငန်းတော်ကြား မျိုပြီထင်၍ ကြည့်နေသော်လည်း ငန်းတော်ကြားကား မမျိုဘဲ စန့်စန့်ကြီး လုပ်နေသည်။

အတန်ကြာသော် မြွေဟောက်သည် အမြီးတနန့်နန့် လှုပ်ကာ ထွက်ခွာသွားလေသည်။ ငန်းတော်ကြားသည် အစာဝနေ၍ မြွေဟောက်ကို အသက်ချမ်းသာခွင့်ပေးလိုက်သည်ဟု ထင်လိုက်မိသည်။

သို့သော် သိပ်မကြာလိုက်ပါ။ မြွေဟောက်သည် ငါးကလေးတစ်ကောင်ကို ကိုက်ချီ၍ ပြန်ပေါ်လာကာ ထိုငါးကို ငန်းတော်ကြားရှေ့ဝယ် သွားချလိုက်သည်။ ငန်းတော်ကြားကား တုတ်တုတ်မျှမလှုပ်။

မြွေဟောက် ထွက်သွားပြန်သည်။ ဤအခေါက်၌မူ အတန်ကြာ ပေါ်မလာ။ အတန်ကြာမှ မြွေဟောက်သည် ဖားတစ်ကောင်ကိုကိုက်ချီ၍ ပေါ်လာပြန်သည်။ ဖားကလေးကို ငန်းတော်ကြားရှေ့ဝယ် ချကာ အမြီးတနန့်နန့် လှုပ်နေပြန်လေသည်။ မြွေဟောက်၏ပုံစံမှာ ဖားနှင့် ငါးကို စား၍ သူ့ကို ချမ်းသာခွင့်ပေးပါရန် တောင်းပန်နေသည့်ပုံစံ ဖြစ်သည်။ သို့သော် ငန်းတော်ကြားကမူ တုတ်တုတ်မျှမလှုပ်ပေ။

မြွေဟောက်သည် စိတ်ပျက် လက်ပျက်ပုံစံဖြင့် ထွက်သွားပြန်သည်။ ယခုအခေါက် ဘာယူလာမည်မသိချင်၍ စောင့်ကြည့်နေကြသည်။

ဤအခေါက် ပြန်လာသောအခါတွင်ကား မြွေဟောက်ပါးစပ်တွင် ဘာမျှမပါလာတော့ပေ။ ငန်းတော်ကြားရှေ့တွင် ဝပ်စင်းကာ အမြီးတနန့်နန့် လှုပ်ပြနေပြန်သည်။ မိမိအသက်ကို ချမ်းသာပေးရန် တောင်းပန်နေသည့်ပုံပင်။ ငန်းတော်ကြားကား တုတ်တုတ်မျှပင် မလှုပ်။ လှုပ်ရှားသော တစ်နေရာသာ ရှိသည်။ ထိုနေရာကား ပါးစပ်ပင်ဖြစ်သည်။

ငန်းတော်ကြားက ပါးစပ်ကို အသာဟထားလိုက်သည်။ ငန်းတော်ကြားကို စတွေ့စဉ်က စ၍လှုပ်ရှားသောအရာဟူသည်မှာ ဤတစ်ခုသာ ရှိပါသည်။ မြွေဟောက်သည် ငန်းတော်ကြား ပါးစပ်ဟလိုက်သည်နှင့် မရှေးမနှောင်းပင်`ငန်းတော်ကြားပါးစပ်ထဲသို့ အပြေးအလွှား ဝင်သွားလေတော့သည်။

ဤနေရာဝယ် ကျွန်ုပ်တို့ စဉ်းစားရန်ရှိသည်မှာ မြွေဟောက်သည် ကိုယ်လွတ်ရုန်းကာ ပြေးလွှားနိုင်ပါလျက် အဘယ်ကြောင့် ထွက်မပြေးပါသနည်း။ ညွှတ်ကွင်းမိနေသော သတ္တဝါတစ်ကောင်ပမာ ငန်းတော်ကြားနားဝယ် တဝဲလည်လည် ရစ်ပတ်လျက် ရှိနေသည်။

တစ်စုံတစ်ခုသောစွမ်းအင်က သူ့ကို ချည်နှောင်ထားဟန်ရှိသည်။ ငန်းတော်ကြား၏ စိတ်စွမ်းအင်သည် သူ့ကို လွှမ်းမိုးထားဟန်ရှိသည်။ အလွယ်ကူဆုံးစကားဖြင့် ပြောရလျှင် မြွေဟောက်သည် စွမ်းအင်ညွှတ်ကွင်းဝယ် အမိခံနေရသည်ဟုပင် ဆိုရပေလိမ့်မည်။

အဆိပ်ရှိသောမြွေများထဲတွင် တောကြီးမြွေဟောက်ဟု ခေါ်သော ငန်းပုပ်အပါအဝင် ငန်းမြွေများသည် အကြီးဆုံး ဖြစ်သည်။ ရိုးရိုးမြွေဟောက်တစ်ကောင်၏ အဆိပ်သည် သုံးစက်ခန့်သာရှိရာ တောကြီးမြွေဟောက်၏အဆိပ်သည် အစက် (၃၀) ခန့်ရှိသည်။ တောကြီးမြွေဟောက်ကိုက်လျှင် ဆေးမမီဘဲ တုံးခနဲ လဲ၍ သေနိုင်သည်။

ငန်းမြွေမျိုးတို့သည် အရွယ်အစားကြီး၍ အဆိပ်ပြင်းထန်သလောက် ဒေါသလည်း ကြီးကြသည်။ လူကိုတွေ့လျှင် ရှူးရှူး ရှားရှားဖြင့် ဒေါသတကြီး ထွက်လိုက်တတ်သည်။ အထူးသဖြင့် ငန်းဥနှင့် ငန်းသိုက်များရှိသော ငန်းမကြီးများသည် ပို၍ အငြိုးတကြီး လိုက်တတ်သည်။ သူ့အသိုက်အမြုံကို ဖျက်ဆီးမည်ထင်၍ လိုက်ခြင်း ဖြစ်သည်။

တောထဲ တောင်ထဲဝယ် ထင်းခုတ်ရင်း၊ မျှစ်ချိုးရင်း၊ အမဲလိုက်ရင်း ငန်းဥများတွေ့၍ ပြုတ်စားမိပါက ထိုသူကို အနံ့ခံ၍ လိုက်လာတတ်သည်။ ပြုတ်စားသူသည် ညဘက်အိပ်ပျော်ပါက ငန်းမကြီးသည် ပါးစပ်သို့ လာနမ်းကြည့်ပြီးလျှင် ငန်းဥစားသူကို အသေကိုက်သတ်တတ်လေသည်။ ထို့ကြောင့် တောထဲ တောင်ထဲ သွားလျှင် တွေ့ရာဥကို အရမ်းမစားမိရန် သတိပြုရလေသည်။

ကြွက်အကြောင်းပြောရလျှင်လည်း မြွေအကြောင်း ပြောသကဲ့သို့ စုံလင်များပြားလှသည်။ ကမ္ဘာပေါ်ဝယ် ကြွက်အမျိုးပေါင်းများစွာ ရှိသည်။

မြန်မာနိုင်ငံ၌မူ ကြွက်ဖလောင်း၊ ကြွက်စုတ်၊ ကြွက်ဝမ်းပူနှင့် လယ်ကြွက်များကို လူသိများကြသည်။

လယ်ကြွက်ဝယ် ကြွက်နီနှင့် ကြွက်ကုလားဟူ၍ နှစ်မျိုးရှိသည်။

ကြွက်နှင့် မြွေတို့၏ တူညီချက်မှာ နှစ်မျိုးစလုံး အဖျက်သမားများပင် ဖြစ်သည်။ မြွေတို့သည် လူသူကျွဲနွားတို့ကို နှစ်စဉ် အမြောက်အမြား ကိုက်သတ်သေစေနိုင်သကဲ့သို့ ကြွက်တို့ကလည်း လူ့အသုံးအဆောင်များကို နှစ်စဉ်သန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးအောင် ကိုက်ဖြတ်ဖျက်ဆီးလျက်ရှိသည်။

ထိုအဖျက်သမားနှစ်ဦးဝယ် မြွေက ကြွက်ကို အဖျက်သမားအချင်းချင်း ပြန်လည်စားသောက်လျက်ရှိသည်။

ကြွက်ဝယ် သဘာဝရန်သူများစွာ ရှိသည်။

လူ ခွေးကြောင် သိန်းငှက် ဇီးကွက် မြွေ စသည်တို့ ဖြစ်သည်။ လူ ခွေး ကြောင် သိန်းငှက် စသည်တို့ လိုက်သောအခါ အကြိုအကြားသို့ ပြေးလွှားရှောင်ပုန်းနိုင်သော်လည်း မြွေလိုက်သောအခါတွင် မည်သည့် အကြိုအကြားသို့မျှ ပြေးလွှားရှောင်ပုန်း၍ မလွတ်တော့ချေ။ ကြွက်သွားသမျှ အကြိုအကြားသို့ ထက်ကြပ်မကွာလိုက်ကာ အမိဖမ်းတော့သည်။ လွတ်လမ်းမရှိပေ။

မြေကြွက်များသည် တွင်းဖြင့်နေသော သတ္တဝါဖြစ်ပေရာ မြွေသည် တွင်းထဲအထိ လိုက်လံဖမ်းဆီးကာ အကောင်လိုက် မျိုပစ်လိုက်ရာ ကြွက်တွင်းသည် မြွေတွင်းဖြစ်သွားတော့သည်။

တစ်ခါက ခရီးသွားရင်း မြင်တွေ့ဖူးသည်။ ထိုစဉ်က ကျွန်ုပ်သည် ရေဦးမြို့နယ်တွင် တာဝန်ကျလျက်ရှိရာ ကြည်၊ ဘုရားထွက်၊ ရှမ်းရွာ၊ တင်းတိမ်ယရွာ စသော ရွာများသို့ ကိစ္စရှိ၍ တောလမ်းခရီး ဖြတ်သန်းသွားလာစဉ် မြွေဆိုးမြွေဟောက်ကြီးတစ်ကောင်နှင့် လယ်ကြွက်တစ်သိုက် ယှဉ်ပြိုင်တိုက်ခိုက်သည်ကို မြင်တွေ့ ဖူးသည်။

မြွေဟောက်ကြီးသည် မြေကြွက်တို့၏ တွင်းများကို မွှေနှောက်လှန်လှော၍ အသိုက်တွင်းမှ ကြွက်မွေးစလေးများပါမကျန် မျိုချလေသည်။ ထိုအခါ မြေကြွက်မကြီးက မြွေကြီးကို ဝင်ရောက်ကိုက်ခဲရာ မြွေကြီးက ပြန်၍ ကိုက်မည်လုပ်သဖြင့် ထွက်ပြေးရလေသည်။ သို့သော် လွတ်အောင်မပြေးနိုင်ရှာ။ တောလမ်းတစ်နေရာတွင် မိ၍ ကုပ်ကို ခဲမိသဖြင့် ဆန့်ငင်ဆန့်ငင်နှင့် မြွေဆိပ်မိကာ သေလေသည်။

မြွေကြီးသည် ကြွက်မကြီးကို မမျိုသေး။ အခြားကြွက်များသို့ လိုက်လံမွှေနှောက်ရှာဖွေလေသည်။ လယ်ကြွက်တို့လည်း ခြေဦးတည့်ရာ ပြေးကြလေသည်။ မပြေးနိုင်သော ကြွက်မွေးစ နီတာရဲကလေးများ အမျိုခံရပြန်သည်။ ကြွက်တို့၏ အစုအဝန်းကလေးဝယ် ယောက်ယက်ခတ်ကာ ကမ္ဘာပျက်သကဲ့သို့ ရှိလေသည်။

ထိုအချိန်ဝယ် ကြွက်သိုးကြီးငါးကောင်သည် မြွေကြီးကို သူသေကိုယ်သေ ခံချရန် စုစည်းရောက်ရှိလာသည်။

ကြွက်မများ၊ အသက်ကြီးကြီး ကြွက်ကြီးများကား လွတ်ရာသို့ ပြေးကြလေပြီ။

ကြွက်ငါးကောင်အနက် ခေါင်းဆောင်ဟုထင်ရသော ကြွက်ကြီးသည် တွင်းအပြင်ဝ၌ ကျန်နေသောမြွေအမြီးကို ပြေးကိုက်၍ ရန်စလိုက်လေသည်။

တွင်းထဲ၌ ကြွက်ပေါက်စလေးများကို မျိုနေသောမြွေကြီးသည် တွင်းအပြင်သို့ ချက်ချင်းထွက်ကာ မိမိအား ရန်စသူကို ကြည့်လိုက်သည်။ ကြွက်ကြီးငါးကောင်ကား လွင်သာရာ ကွင်းကျယ်ရာ မြေကွက်သို့ အရလု၍ ထွက်ပြေးနေရာယူလိုက်ကြ၏။

မြွေကြီးကလည်း ကြွက်အစုအဝေးကို မြင်လိုက်သောအခါ ပြေးသွား၍ ရှေ့ဆုံးမှ ကြွက်ကြီးကို ပေါက်ချလိုက်သည်။ ကြွက်ကြီးက ခုန်ရှောင်လိုက်သဖြင့် မြေကြီးကိုသာ ပေါက်မိလေသည်။ ကြွက်ငယ်တစ်ကောင်က မြွေအမြီးကို ပြေးကိုက်လိုက်သဖြင့် မြွေကြီးသည် အမြီးရှိရာသို့ ပေါက်ထည့်လိုက်လေသည်။

သို့သော် ကြွက်ငယ်က ရှောင်တိမ်းပြီးဖြစ်နေ၍ မထိလိုက်ပေ။ မြွေကြီးသည် မိမိ၏အစာဖြစ်သော ကြွက်ငယ်တစ်စုက ဤသို့ အာခံနေသဖြင့် ဒေါသထွက်မဆုံးနိုင်အောင် ဖြစ်နေလေသည်။

မြွေကြီး၏ဒေါသသည် ရှေ့ဆုံးမှ ကြွက်ကြီးဆီသို့ ရောက်ရှိသွားလေသည်။ ရှေ့ဆုံးမှ အကောင်ကြီးသည် မြွေကြီး သူ့ထံသို့ လာသည်နှင့် နေရာမှထကာ လှည့်ပတ်ပြေးလေတော့သည်။ မြွေကြီးကလည်း နောက်မှ အတင်းလိုက်လေရာ မထင်မှတ်ဘဲ ကြွက်သိုးတစ်ကောင်က မြွေကြီး၏ နံဘေးနားကို ပြေး၍ ခဲလိုက်၏။ ရုတ်တရက် ခဲထားရာမှ လွှတ်ကာ နောက်သို့ ဆုတ်သွားလေသည်။

လယ်ကြွက်တိုက်ခိုက်မှုမှာ မြန်ဆန်လှသဖြင့် မြွေကြီးသည် ခေါင်းဆောင်ကြွက်ကြီးဆီသို့လည်း မရောက်၊ ကြွက်ငယ်ကိုလည်း မကိုက်မိဘဲ မာန်ဖီလျက်သာရှိသည်။ ထိုအခိုက် ကြွက်တစ်ကောင်က အမြီးကို ခဲလိုက်ပြန်သည်။ ထိုကြွက်ကို လှည့်ကာ အားပါပါဖြင့် ပေါက်ချလိုက်ရာ ထိုကြွက်ကို မမိဘဲ သစ်ကိုင်းခြောက်ကြီးကိုသာ ခဲမိလေသည်။ ထိုအခိုက် ခေါင်းဆောင်ကြွက်ကြီးသည် မြွေကြီး၏ ဇက်ပိုးပိုင်းကို ဝင်၍ တအားခဲလိုက်သည်။

ခေါင်းဆောင်ကြွက်ကြီးသည် မြွေကြီးကို အကြာကြီးလည်း ခဲမထားရဲ။ မြွေကြီး၏ အမြီးပိုင်းဖြင့် လိမ်ပတ်မည်ကိုလည်း ကြောက်၍ နောက်ဆုတ်လိုက်သည်။ သို့သော် မြွေဟောက်ကြီးသည် စောစောကလောက် မာန်မဖီနိုင်တော့ဘဲ ခေါင်းဝယ် သွေးအရဲသားဖြင့် အထိနာလျက်ရှိလေပြီ။

ခေါင်းဆောင်ကြွက်ကြီးကို လိုက်၍ ကိုက်လေတော့သည်။ ခေါင်းဆောင်ကြွက်ကြီးကလည်း လှည့်ပတ်၍ ပြေးနေရသည်။ သို့သော် ကြာကြာမပြေးရ။ ကျန်ကြွက်များက အမြီးကို လိုက်ကိုက်လေရာ မြွေကြီးသည် လှည့်၍ ရန်လုပ်နေရသဖြင့် ခေါင်းဆောင်ကြွက်ကြီး လွတ်သွားပြန်လေသည်။

ခေါင်းဆောင်ကြွက်ကြီးသည် အလစ်ကိုချောင်းကာ မြွေကြီး၏ ဇက်ပိုးကို ခုန်၍ ထပ်မံခဲလိုက်သည်။ ဤတစ်ခါခဲရာတွင် ပြန်မလွှတ်တော့ဘဲ ပိုင်ပိုင်နိုင်နိုင်နှင့် မိမိရရ ခဲထားလေတော့သည်။ ထိုစဉ် မြွေကြီး၏အမြီးပိုင်းက ကြွက်ကြီးကို လာရောက်ရစ်ပတ်လေသည်။

ခေါင်းပိုင်းကား ကြွက်ကြီးပါးစပ်ထဲဝယ် ရောက်နေသဖြင့် ပြန်၍လည်း မကိုက်နိုင်ချေ။ ထိုအချိန်၌ ခေါင်းဆောင်ကြွက်ကြီးလည်း မြွေကြီး၏ ရစ်ပတ်ထားမှုကြောင့် မျက်လုံးပြူးကာ အသက်ရှူကြပ်လျက် ရှိလေပြီ။

ထိုအခိုက် ကျန်သောကြွက်လေးကောင်သည် မြွေကြီး၏ ခါးပိုင်းမှနေ၍ ဝိုင်းကာ တညီတညာ နှစ်ပိုင်းပြတ်အောင် ကိုက်လိုက်ကြသည်။

ထိုအခါမှ ကြွက်ကြီးလည်း အသက်ရှူ ချောင်သွားလေသည်။ သို့သော် မြွေကြီး၏ခေါင်းကို မလွှတ်ရဲသေးချေ။ ဇက်ပိုးနားမှ နေ၍ ဝိုင်းကိုက်ကြပြန်သည်။ မြွေကြီးကား အပိုင်းပိုင်းပြတ်၍ သေလေသည်။

ဤတိုက်ပွဲကား လယ်ကြွက်တစ်စု အသက်စွန့်တိုက်ရသော တိုက်ပွဲဖြစ်သည်။

မြွေကြီးမသေပါက ကြွက်အားလုံး အမျိုးပြုတ်မည့် အခြေအနေဖြစ်သည်။ မြွေကြီးသေသွား၍သာ အားလုံး အသက်ချမ်းသာရာ ရသွားကြလေသည်။ အလွန်ရှားပါး၍ မြင်ရခဲသော တိုက်ပွဲတစ်ခုဖြစ်သည်။

သို့သော် ပုံမှန်အားဖြင့်ကား တစ်ကောင်ချင်းတွေ့လျှင် ကြွက်သည် မြွေအစာဖြစ်မြဲဖြစ်သည်။

ထို့ကြောင့် ငမှတ်ကြီး ကြွက်လိုက်ရာတွင် မြွေဆိုးများနှင့် မကြာခဏ ကြုံရတတ်သည်။ သတိထားနိုင်လွန်းသောကြောင့်သာ မြွေကိုက်မခံရခြင်းဖြစ်သည်။

ကြာသော် မြွေကိုက်၍မပေါက်နိုင်သော ဟာကြူလီကြက်ပေါင်စေး လည်ရှည်ဖိနပ်ကြီးကို ဝယ်စီးထားရတော့သည်။ ထိုအခါမှ စိတ်ချလက်ချ ကြွက်လိုက်ရဲတော့သည်။

ကြွက်လိုက်ရာတွင် တချို့က အဖော်ခေါ်ကြသည်။ တချို့က အဖော်မခေါ် ၊ တစ်ယောက်ထဲ လိုက်သည်။ တစ်ယောက်ထဲလိုက်ရာတွင် ခြေသံလုံ၍ ကြွက်ပိုရသည်။ သို့သော် မြွေအန္တရာယ်အတွက် နောက်ပိုင်းမလုံပေ။

ထိုကဲ့သို့ အဖော်မခေါ်သောကြောင့် တစ်နေ့သောအခါဝယ် ငမှတ်ကြီး ကြွက်လိုက်သွားရင်း မြွေနှင့် တွေ့သောအခါ ကူသူမရှိ ဖြစ်ခဲ့ရသည်။

ငမှတ်ကြီးတွေ့သောမြွေကား သာမန် တွေ့ ရိုးတွေ့စဉ် မြွေပွေး၊ မြွေဟောက်များမဟုတ်။ တောကြီးမြွေဟောက်ခေါ် မြွေဟောက်ဘုရင် (King of Cobra) ဖြစ်သည်။ တောအရပ်အခေါ် အားဖြင့် ငန်းပုပ်ဟု ခေါ်ကြသည်။

ငမှတ်ကြီးခါးတွင် ချိတ်ထားသော သွားမရှိသည့် ကြွက်သုံးကောင်ကလည်း ဆူညံစွာ အော်ဟစ်လျက်ရှိရာ အမျိုးတူ လယ်ကြွက်များ အရပ်လေးမျက်နှာမှ ပြေးလာကြသည်။ ငမှတ်ကြီးကလည်း ငုတ်တုတ်ထိုင်ကာ လာသမျှကြွက်များကို ပျဉ်းကတိုးသားတုတ်တိုဖြင့် လက်မလည်အောင် ရိုက်နေရသည်။

ထိုအခိုက် အနောက်ဘက်မှ သူ့ဆီသို့ပြေးလာသော မြွေတစ်ကောင်၏အသံကို ကြားလိုက်ရသည်။

ကြွက်ပြေးသောအသံနှင့် မြွေပြေးသောအသံကား မတူပါ။

ငမှတ်ကြီးသည် ရိတ်ပြီးသော ရိုးပြတ်ထဲတွင် ကြွက်လိုက်နေသဖြင့် ယင်းရိုးပြတ်များကို တိုးဝှေ့ကာ ပြေးလာသောအသံကို ကြားရသည်။

ထိုအသံ ကျယ်လောင်လွန်းသဖြင့် ကျောမှလွယ်ထားသော သုံးထောင့်ထိုးဓာတ်မီးကိုဖြုတ်ကာ အသံလာရာဘက်သို့ ထိုးကြည့်လိုက်သည်။

“ဟာ”

ငမှတ်ကြီး သူ့မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ မီးရောင်ကိုမြင်လိုက်ရသဖြင့် လိုက်နေသည်မှ ရပ်ကာ ပါးပျဉ်ထောင်၍ကြည့်နေသော တောကြီးမြွေဟောက်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ပါးပျဉ်းကား သံလင်ပန်းအသေးစားတစ်ချပ်ခန့် ရှိပြီး မြွေကြီး၏ဦးခေါင်းသည် သူ့ဦးခေါင်းကိုပင် မိုးနေပေလိမ့်မည်။

ဤအရပ်သည် တောကောင်းသောအရပ်ဖြစ်ပေရာ သစ်တောများထဲတွင် ငန်းမြွေများရှိသည်ဟု ဦးလေးတစ်ယောက် ပြောဖူးသောစကားကို ပြန်ကြားယောင်မိလိုက်သည်။

တစ်ဦးတည်း နယ်ကျွံကာ တောစပ်လယ်ကွင်းထဲသို့ လာရောက်ကြွက်လိုက်မိသဖြင့် ဒုက္ခလှလှတွေ့ပြီဖြစ်သည်။

ငမှတ်ကြီးသည် ဘာမှစဉ်းစားမနေတော့ဘဲ ဟာကြူလီဖိနပ်ကို အရင်ချွတ်ပစ်သည်။

ဟာကြူလီဖိနပ်သည် ခြေဖမိုး၊ ခြေမျက်စိတို့ကို ကိုက်သော မြွေပွေး မြွေဟောက်တို့အတွက်သာ အသုံးဝင်သော်လည်း ယခုကဲ့သို့ သူ့ဦးခေါင်းပေါ်ဝယ် မိုးနေသော ငန်းမြွေကြီးနှင့် တိုက်ခိုက်ရာတွင်ကား အသုံးမဝင်ပေ။

ထို့ပြင် ယခုကဲ့သို့ အသက်လုပြေးရာတွင်လည်း အနှောင့်အယှက် ဖြစ်ပေလိမ့်မည်။

ငမှတ်ကြီးသည် ကြွက်ထည့်သည့် အိတ် ပလိုင်းတို့ကို မယူအား။ တုတ်တိုကို ခါးတွင်ညှပ်ကာ မှိန်းနှင့် မီးအုပ်ဆောင်းကို အရယူ၍ ယင်းနေရာမှ အသက်လုကာ ပြေးထွက်ခဲ့ရလေသည်။

ငမှတ်ကြီး နေရာမှထ၍ သုတ်ခြေတင်သောအခါ နောက်မှ ထက်ကြပ်မကွာ လိုက်လာပါသည်။

တောကြီးမြွေဟောက်တို့သည် အလွန်ရန်လိုသော သတ္တဝါများဖြစ်လေရာ ရန်မမူပါ့ဘဲ ဒေါသတကြီး လိုက်လံတိုက်ခိုက်တတ်ကြသည်။

ငမှတ်ကြီးသည် အားနှင့် ပြေးထွက်ခဲ့ရာတွင် မီးအုပ်ဆောင်းအတွင်းမှ မီးခွက်သည်ပင် လေဟပ်၍ ငြိမ်းသွားရုံမက မီးခွက်ပင် ဘယ်ဆီ ကျနေခဲ့မှန်းမသိ။

အမှောင်ထဲဝယ် ချောက်မှန်းမသိ ကမ်းမှန်းမသိ အလဲလဲအပြိုပြို ထွက်ပြေးလာခဲ့ရသည်။ လဆုတ်ပိုင်းဖြစ်၍ ညဦး လ မရှိ။ မှောင်မှောင်နှင့် မည်းမည်းသာ ဖြစ်သည်။

ပြေးရင်း လွှားရင်းဖြင့် လထွက်လာသည်။ နောက်မှ လိုက်လာသော အသံကလည်း ဝေးသွားသည်မရှိဘဲ တဖြည်းဖြည်း ပို၍နီးလာသည်။

ဤအတိုင်းဆက်ပြေးနေပါက အိမ်မရောက်မီ လမ်း၌ မြွေကြီးက နောက်ပိုးသိပ် ပေါက်ပေလိမ့်မည်။ တောကြီးမြွေဟောက်တို့သည် အဆိပ်ပြင်းလှလေရာ နေရာ၌ပင် ပွဲချင်းပြီး သေနိုင်သည်။ ထို့ကြောင့် တောကြီးမြွေဟောက်၏ ကိုက်ခဲမှုကို အသားလွတ်မခံ။ သူသေသေ ကိုယ်သေသေ ခုခံတိုက်ခိုက်ပြီးမှသာ တိုက်ပွဲဝင်ရင်း အသေခံတော့မည်ဟု ငမှတ်ကြီး စိတ်ပိုင်းဖြတ်လိုက်သည်။

ထို့ကြောင့် ပြေးရင်းလွှားရင်းဖြင့် ခုခံတိုက်ခိုက်၍ ကောင်းမည့် မြေနေရာ ကျယ်ကျယ်ဝန်းဝန်းတစ်ခုကို ရှာမိသည်။

လကလည်း တဖြည်းဖြည်းမြင့်လာသဖြင့် ပတ်ဝန်းကျင်ကို ကောင်းကောင်း မြင်လာရသည်။ အတော်ကလေး သွားမိသောအခါ ရေစပ်စပ်ရှိသော ချောင်းကလေးကို ဖြတ်ကူးရသည်။

သဲပေါသော ပင်လယ်ပိုင်း အရပ်ဖြစ်၍ ချောင်းခုံသည် အတော်ကလေး ကျယ်သည်။ ထိုနေရာသည် မြွေကြီးကို ခုခံတိုက်ခိုက်ရန် အကောင်းဆုံးနေရာ ဖြစ်၍ ချောင်းခုံကလေးပေါ်မှရပ်ကာ နောက်မှလိုက်လာသည့် မြွေကြီးကို စောင့်ဆိုင်းလိုက်သည်။

အသက်လုပွဲကား စတင်ပေတော့မည်။

ငမှတ်ကြီးကား လက်ထဲတွင်ရှိသော ပစ္စည်းများကို တစ်ခုမှ အောက်သို့ မချဝံ့သေး။ ဘယ်ဘက်က မီးခွက်မရှိသော မီးအုပ်ဆောင်းကို ကိုင်ထားပြီး ညာဘက်က ကြွက်ထိုးမှိန်းကို ဆုပ်ထားသည်။

ကံအားလျော်စွာပင် ခါးတွင် ထိုးထားသော ကြွက်ရိုက်ပျဉ်းကတိုးတုတ်က ကျမကျန်ရစ်ခဲ့၍ တော်ပေသေးသည်။ ကျောတွင် လွယ်ထားသော သုံးတောင့် ထိုးဓာတ်မီးကား ဤမြွေကြီးနှင့် တိုက်ခိုက်ရေးဝယ် အပိုပစ္စည်းသာ ဖြစ်သည်။

မကြာပါ။

ငန်းပုပ်ကြီးကား တရွှီရွှီ တွန်သံပေးရင်း ဆိုက်ရောက်လာတော့သည်။ ငန်းပုပ်ကြီးသည် ငမှတ်ကြီးဆီသို့ မလာသေးဘဲ ချောင်းစပ်တွင် ပါးပျဉ်းထောင်၍ ကြည့်လိုက်သေးသည်။

နောက်မှ တရွေ့ရွေ့ ချဉ်းကပ်လာကာ အားကုန် လွှဲပေါက်လိုက်သည်။

ငမှတ်ကြီးကလည်း လက်ထဲရှိ မှိန်းကို မီးအုပ်ဆောင်းနှင့် စုံကိုင်၍ ငန်းပုပ်ကြီး၏ ဦးခေါင်းကို ဆီး၍ ခံလိုက်သည်။

ငန်းပုပ်ကြီး၏ ခေါင်းပိုင်းသည် လိုရာသို့ မရောက်ဘဲ ကြွက်ထိုးမှိန်း၏ စူးဝင်မှုကြောင့် လမ်းခုလတ်တွင် တန်းလန်းကြီးဖြစ်နေရာ နောက်ပိုင်းတွင် ကျန်နေသောအမြီးဖြင့် အားယူကာ လွှဲရိုက်လိုက်သည်။

ငမှတ်ကြီးကလည်း ဤသို့ဖြစ်လာနိုင်သည်ကို ကြိုတင်တွက်ချက်မိသဖြင့် မှိန်းကိုလွှတ်ပြီး နောက်သို့ အလွတ်ခုန်ကာ ရှောင်လိုက်ရသည်။ လူကသာ လွတ်သွားသော်လည်း လက်ထဲမှ မီးအုပ်ဆောင်းမှာမူ အမြီးအဖျားနှင့် ခတ်မိ၍ လွင့်စဉ်ကာ သဲပြင် ပေါ်သို့ ကျသွားသည်။

ငမှတ်ကြီးကလည်း ရှိစုမဲ့စု လက်နက်ကိရိယာကလေးများတို အဆုံးမခံနိုင်သဖြင့် ပြေး၍ ကောက်လိုက်ရလေသည်။

ဤသို့ ပြေးအကောက်ဝယ် ငန်းပုပ်ကြီး၏ ဦးခေါင်းပိုင်းသည် ထိုးပေါက်ချ လိုက်ပြန်သည်။

ငမှတ်ကြီးသည် သူ့ထံသို့ရောက်လာသော အစွယ်ချွန်မြမြ နှစ်ချောင်းကို မီးအုပ်ဆောင်းဖြင့် ဆီး၍ ကြောက်ကြောက်လန့်လန့်ဖြင့် ခံလိုက်သည်။ မီးအုပ်ဆောင်းသည် ဒိုင်းသဖွယ် ဆီးခံထားသဖြင့် အစွယ်နှစ်ချောင်းသည် လိုရာသို့မရောက်ဘဲ မီးအုပ်ဆောင်းဖင်မှ သံပြားကိုသာ ဒေါက်ခနဲ ကိုက်မိလေသည်။

ထို့နောက် ငမှတ်ကြီးသည် ခါးကြားမှ ပျဉ်းကတိုးတုတ်ကို ဖြုတ်ကာ မီးအုပ်ဆောင်းကို ကိုက်မိလျက်သားဖြစ်နေသည့် ငန်းပုပ်ကြီး၏ ဦးခေါင်းကို မိမိရရ ရိုက်ထည့်လိုက်လေသည်။

ငန်းပုပ်ကြီးသည် နာလွန်းသဖြင့် တစ်ကိုယ်လုံး ခါရမ်းသွားပြီး ငမှတ်ကြီးကို ကိုယ်လုံးဖြင့်ရစ်ပတ်ရန် ကြိုးစားလေသည်။

ငမှတ်ကြီးကလည်း မြွေကြီး၏ ကိုယ်လုံးနှင့် အမြီးဒဏ်ကို ကြောက်သဖြင့် နောက်သို့လွတ်အောင် ဆုတ်လိုက်ရသည်။

ငန်းပုပ်ကြီး၏ ပါးပျဉ်းအလယ်တည့်တည့်တွင် စူးဝင်နေသော မှိန်းကြီးကလည်း ငန်းပုပ်ကြီး လှုပ်ရှားတိုင်း ခရီးမတွင်အောင် ရှိနေတော့သည်။ ငမှတ်ကြီးလည်း သောင်ခုံပေါ်ဝယ် လှည့်ပတ်ပြေးရင်း ချောင်ပိတ်မမိအောင် သတိထားနေရသည်။

တစ်ချီတွင် ငန်းပုပ်ကြီးက ချောင်ပိတ်ကာ အပိုင် ပေါက်ထည့်လိုက်ပြန်သည်။ ငမှတ်ကြီးကလည်း မီးအုပ်ဆောင်းနှင့်ခံကာ ခေါင်းကို ပျဉ်းကတိုးတုတ်နှင့် နှစ်ချက်တိတိ ဆင့်ကာ ရိုက်လိုက်သည်။ ငန်းပုပ်ကြီး နာလွန်း၍ ခါရမ်းနေစဉ် အခွင့်ကောင်းယူကာ သောင်စွန်းအစွန်ကလေးမှ ဖြတ်၍ အကျယ်ပိုင်းသို့ နေရာယူလိုက်သည်။

ငန်းပုပ်ကြီး၏ကိုယ်လုံးဖြင့် မဖမ်းမိစေရန် သတိထားနေရသည်။ ဖမ်းမိပါက ရစ်ပတ်ဆွဲဆန့်၍ အရိုးများ ကျိုးကြေကာ မပြန်လမ်းသို့ မြန်းရပေလိမ့်မည်။

ငမှတ်ကြီးသည် လွင်ကျယ်ရာသို့ ရောက်သွား၍ လက်ထဲမှ တုတ်တဆဆ၊ မီးအုပ်ဆောင်း တပြင်ပြင်နှင့် ငန်းပုပ်ကြီး နောက်ထပ် တိုက်ခိုက်လာပါက ခုခံရန် ပြင်ဆင်ထားသည်။

သို့သော် ငန်းမြွေကြီးသည် ငမှတ်ကြီးကို မျှော်ကြည့်ပြီး ရုတ်တရက် ပါးပျဉ်းချကာ သောင်ခုံပေါ်မှ ဆင်း၍ ချောင်းကို ဖြတ်ကူးသွားပြီး လာလမ်းအတိုင်း တလှုပ်လှုပ် ပြန်သွားလေတော့သည်။

လာစဉ်တုန်းကကဲ့သို့ တရှူးရှူး တရှားရှားဖြင့် မာန်သွင်းခြင်း တွန်ခြင်း မပြုနိုင်တော့ချေ။

နောက်နှစ်ရက်ခန့်ကြာသော် တောထဲတွင် မှိန်းဒဏ်ရာ၊ တုတ်ဒဏ်ရာများဖြင့် သေနေသော ငန်းပုပ်ကြီးကို ကျွဲကျောင်းသားလေးများ တွေ့ကြလေသည်။ အရှည်ကိုတိုင်းကြည့်ရာ ၁၃ ပေခွဲ ရှိသည်။

စွန်ကုပ်ခံရ၍ အလုပ်အကိုင်ပြောင်းခဲ့ရသော ငမှတ်ကြီးသည် ငန်းမြွေကြီးကြောင့် လုပ်ငန်းပြောင်းစရာမလိုတော့ပေ။

ကြွက်များပေါ်တွင်သာမက ငန်းမြွေများပေါ်ပါ အနိုင်ယူ ဗိုလ်ကျ စိုးမိုးနိုင်လေပြီ။

အခြေအနေ အချိန်အခါကို ချင့်ချိန်တွက်ချက်ပြီး ရရာ လက်နက်ကိရိယာများကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့သော ငမှတ်ကြီးကို ငန်းပုပ်ကြီး လက်မြှောက် အရှုံးပေးသွားရလေသည်။

– ပြီး –

စာရေးသူ – လွင်ဦး (ကွမ်းခြံကုန်း)

Leave a Reply

Your email address will not be published. Required fields are marked *