ခြင်ကျား(မအူပင်)
ကြွက်သေကို အရင်းပြု
အခန်း(၁)
“ကြွက်သေတစ်ခု အရင်းပြုဆိုတဲ့ပုံပြင်ကို ကြားဖူး တယ်မဟုတ်လား ငခြုံ”
ပိန်းပိတ်အောင်ကျနေသော နှင်းကို ကွင်းလေနှင်တံက တို့လိုက်လေရာ နှင်းစက်တို့သည် အဝတ်မှ လွတ်နေသော အသားကို ဆူးတွေလို ထိုးဆွနေလေ သည်။
ဒီကြားထဲမှာ မောင်ခြုံ့ရှေ့က လျှောက်နေသော အေးဆောင်က အလိုက်မသိစွာ စကားစလိုက်၏။ ဒါ့ကြောင့်လည်း မောင်ခြုံက တုံ့ပြန်စကားမဆိုဘဲ ငြိမ်ပြီး နှင်းတောထဲမှာ ဖြည်းဖြည်းလျှောက်နေသည်။
“ငခြုံ … ငါပြောတာ မကြားဘူးလား”
ဒီတော့ အေးဆောင် ထပ်ပြီး စကားစသည်။
“စကားပြန်မလို့ပါ၊ နှင်းတွေနဲ့ ချောကျိနေတဲ့မြေကိုလည်း သတိထားနင်းနေရတာမို့လို့ပါ”
“ဟိုကွာ … တို့ငယ်ငယ်က ကြားဖူးတဲ့ ပုံပြင်လေကွာ၊ ကြွက်သေတစ်ခု အရင်းပြုဆိုတာလေ”
“ကြားဖူးပါတယ် ကိုကြီးအေးဆောင်”
ဘဝတူချင်း တင်းမခံရက်လေတော့ အေးဆောင် စကားကို အလိုက်တသင့် ဆောလျင်စွာ တုံ့ပြန်ရသည်။
“ဟိုကွာ … သူဌေးကြီးက လူငယ်လေးတစ်ယောက် ကို ကြွက်သေတစ်ကောင်ပေးပြီး အရင်းအနှီးလုပ်ခိုင်းလိုက်တာ။ အဲဒီလူငယ်လေးက ကြွက်သေကိုရင်းပြီး ငွေရှာတယ်လေ။ အသပြာများစွာရအောင် ကြွက်သေတစ်ကောင်ကို ရင်းပြီး ရှာနိုင်တဲ့လူငယ်ကို သူဌေးကြီးက သဘောကျပြီး သမီးနဲ့ ပေးစားပြီး သမက်တော်လိုက်တယ်လေ”
ပိန်းပိတ်သောနှင်း၊ စရိုက်ကြမ်းလှသောကွင်းလေ ကြားထဲ စိတ်ဖြေစရာစကားဆိုနေသည့် အေးဆောင် ကို အလိုက်တသင့်ဖြေမှတော်မည်ဟု မောင်ခြုံတွေး လိုက်သည်။
“အေးဗျာ … ငယ်ငယ်တုန်းက ဒီပုံပြင်ကို သိပ်စိတ်ဝင်စားတာ”
ဒါ့ကြောင့်လည်း မောင်ခြုံက ကောက်ကာငင်ကာ ဖြေသည်။
“တို့များဘဝကို တွေးတာပါ။ တို့မှာက ကြွက်ရှာချိန်မှာ ကြွက်သေတွေများစွာကိုရင်းလည်း ကွင်းကျွဲ ဘဝကကို ရုန်းမထွက်နိုင်တာကို တွေးမိလို့ပါကွာ” တဲ့။
ဒီနှယ် အေးဆောင်စကားကို မောင်ခြုံ ကြားမိပြန် တော့ ဘဝတူချင်းမို့ စာနာမိပြန်သည်။ စိတ်ထဲမှာ ဆွေးဆွေးမြည့်မြည့်။
ပြီးတော့ လောကဓံ အရှိုးဒဏ်ရာ ထပ်နေသော ကျောကုန်းတူအချင်းချင်း မဟုတ်ပါကလား။
မိုးရာသီမှာ ငါးရံ့ကိုင်းထောက်၊ ပိုက်ချ၊ ပုံးထောင်။
တစ်ခါ ဆင်လိမ်မြှုံးနှင့် ရေကတွတ်ပေါက်မှာ လိပ်ရှာသည်က တစ်မျိုး။
ဆောင်းရာသီ ပက်အင်းကို တစ်နိုင်တစ်ပိုင်လုပ်၊ ရေကျန်ငါးရှာသည်က တစ်ဖုံ၊ ကြွက်ရှာသည်က တစ်တန်။
နွေကျတော့ ရေကျန်ငါးမရလျှင် ချောင်းရိုးထွက်
ပိုက်ချ၊ ကွန်ပစ်။ တစ်ခါမှ ဝီရိယမလစ်ခဲ့တဲ့ မောင်ခြုံတို့၊ အေးဆောင်တို့ရဲ့ ဘဝ။
“ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ ကိုကြီးအေးဆောင်ရယ်”
မောင်ခြုံက အေးဆောင်ကို နှစ်သိမ့်သည်။
“ငါကလည်း စိတ်ကူးမယဉ်ပါဘူး ငခြုံ။ ကိုင်းကြွေး၊ အင်းကြွေး ကင်းရင်ပဲ ကျေနပ်ပါတယ်။ အခုတော့ကွာ အကြွေးဆိုတာ တို့ရဲ့ငယ်ပေါင်းကြီးဖော်လို ဖြစ်နေလို့ပါ”
မောင်ခြုံ သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သည်သို့ပင် အေးဆောင်က ခြောက်သွေ့အက်ကွဲနေသော နှုတ်ခမ်းကို မပြတ်ရုံတစ်မည် ကိုက်လိုက်ပါ၏။
ဒီလိုနှင့် ကြွက်လိုက်သမား မောင်ခြုံနှင့် အေးဆောင်တို့ ကျုံတာအင်းချောင်းဘေးရှိ သူတို့နေထိုင်ရာ တဲစုလေးရောက်အောင် လျှောက်ကြသည်။ စကားတပြောပြောနှင့်လျှောက်ရတော့ ပို၍ ခရီးတွင်ခဲ့သည်။
ဒီခရီးကလည်း ပန်းခင်းလမ်းမဟုတ်။ တစ်မိုးတွင်းလုံး ကွင်းရေစိမ်ရသောမြေသည် ရေခန်းစဖြစ်သော်လည်း ဆောင်းနေကြောင့် စေးထန်းနေ၏။ ဒီထဲမှာ နှင်းရေကြောင့် ကျိချွဲနေဆဲ။
ဒီမြေပေါ်လျှောက်ရသည်မှာ ဟန်ချက်ကို မထိန်းနိုင်လျှင် ခြေပစ်လက်ပစ် လဲနိုင်၏။
ဒါတင်မက ရိုးတွေ၊ လက်တက်တွေကလည်း ဒီခရီးကို ကန့်လန့်ခံနေ၏။ ပြီးတော့ ဒီရိုးတွေ၊ လက်တက်တွေကို ဖြတ်ကူးဖို့လုပ်ထားသည့် တံတားက လည်း ဝါးတစ်လုံးတံတားတွေဖြစ်၏။
ဝါးပိုး၊ ဝါးနက်နှင့် သုံးသည့်တံတား။ ဒီလျှောက်ဝါးကို ဝါးနှစ်လုံး ကြက်ခြေခတ်ပေါ်တင်ထားသည်။ ထိုကြက်ခြေခတ် လေးစုံလောက်ဖြင့် တံတားကို ထိန်းချုပ်ထားခြင်း ဖြစ်၏။ အစည်းအဆက် မပျက်စေရန် အုန်းဆံကြိုး၊ ပီနံကြိုးနှင့် တုပ်နှောင်ထားသည်။
အခုကာလက အုန်းဆံသုံး ခဲပါဘိ။ ကြွပ်ကြွပ်ကြိုး၊ သို့မဟုတ် ပီနံကြိုးကို သုံးကြ၏။ ကြွပ်ကြွပ်ကြိုးက ဒီလို နှင်းနှင့် နေနှင့် မပြတ်ထိလျှင် ဆွေးလွယ်သည့်မျိုး။
နံနက်ခင်းဆိုလျှင် ဝါးတစ်လုံးတံတားပေါ်တွင်
ဖြတ်သွားသူတွေ၏ ခြေထောက်မှာ ကပ်ပါသော ရွှံ့စေးနှင့် ဆောင်းနှင်းပေါက်တို့ ရောထွေးကာ ချောကျိနေသည် မဟုတ်ပါကလား။
သို့ရာတွင် ကွင်းပျော်တို့ ခြေဖဝါးက အသားမာ တက်နေလေချေ၏။ ဒီနောက် သာမန်လူတို့ မလျှောက်နိုင်သော ကွင်းမြေ၊ မြက်သင်တုန်းတော၊ ထိကရုံးဆူးပေါက်တောတို့ကို မမှုသည်သာမက ဒီလို ဝါးတစ်လုံးတံတားပေါ်တွင် ဟန်ချက်မပျက် လျှောက်ခြင်းသည် ကွင်းပျော်တို့အတွက် ထမင်းစား ရေသောက် ကိစ္စပင် ဖြစ်ပါတော့သည်။
(၂)
“ဟဲ့ … စိန်မယ်၊ ငခြုံ ပြန်မလာသေးဘူးလား။ ရောင်နီတောင် ကောင်းကင်မှဲ့ပြောက်ထိုးနေတဲ့ဟာ”
“ဟင် … အဖေ”
ကဲလားတစ်ဖက်ယပ်အောက် မြေကျင်းမီးဖိုမှာ အိုးမဲဝနေသည့် ပြည်ဝင်သတ္တုအိုးဖြင့် ရေနွေးကျို နေသော စိန်မယ်က ဖခင် ဦးကျော်မြကို မြင်၍ အာမေဍိတ်သံ ထွက်သွားသည်။
ကြေးတို့ဝနေသည့် ဂွမ်းစောင်ကို ကိုယ်မှာရုံ၊ တစ်လုံးထိုးမှိန်းကို တောင်ဝှေးလုပ်ကာ လျှောက်လာသည့် ကွင်းပျော်ကြီး ဖိုးကျော်မြ။
“အဖေ့နှယ် … စောစောစီးစီး မမြင်မစမ်းနဲ့ ဘာလာ လုပ်ရတာတုံး။ မိုးလင်းမှ လာတာမဟုတ်ဘူး”
“နင်တို့က ငါ့ကိုအသက်ကြီးပြီဆိုပြီး အထင်သေး ရန်ကော။ အိမ်က နင့်အမေတို့၊ နင်တို့က တားနေလို့ ကြွက်မလိုက်ရတာ။ စိတ်ထဲမှာ ရွပိုးထိုးနေသဟ။ အခု ငါ မောင်ခြုံ့အလာ စောင့်ပြီး ကြွက်ရရင် တောင်းပြီး အိမ်မှာ ကြွက်ချေးခါး ချက်မလို့ဟ”
“ဒါဆိုလည်း လိုက်လာရသလား၊ သမီးလာပို့မှာ ပေါ့”
“ငယ်စိတ်က မပျောက်ဘူး စိန်မယ်ရဲ့။ ငခြုံတို့ ကြွက်ရတာကို ကြည့်ချင်စိတ်ပေါ့ဟာ။ ဒီစိတ် မထိန်းနိုင် လို့ လာတာပေါ့”
“အဘ စောလှချေလား”
“အမယ် … သံချောင်းတောင် နိုးနေပြီကိုး”
“အဘလိုပေါ့၊ သံချောင်းလည်း အဖေ့ကို စောင့် နေတာ”
မြေးဖြစ်သူ သံချောင်းက ဖိုးကျော်မြကို ပြေးဖက် သည်။
“အတော်ပဲ … အဘပြန်ရင် မြောက်ခြမ်းကိုလိုက်ခဲ့ … သိလား။ အဘ သားကို ကြွက်ချေးခါး ချက်ကျွေးမယ်” တဲ့။
“ဟာ … အဘကလည်း ရွံစရာဗျ၊ ကြွက်ချေးက နံကနံနဲ့”
“ဟား … ဟား … ဟား၊ ဒီကလေး မသိဘဲ ရွံနေပြန်ပြီကိုး။ လာ … ထိုင် … အဘ ရှင်းပြမယ်”
ဖိုးကျော်မြက သံချောင်းကို မီးဖိုဘေးမှာ ထိုင်စေပြီးမှ ကြွက်ချေးခါးအကြောင်း စိတ်ရှည်စွာ ရှင်းပြသည်။
“ကြွက်ချေးခါးဆိုတာ ကြွက်အစာအိမ်။ အဲ … မင်းတို့အခေါ် အမြစ်ပေါ့ကွာ။ အစာအိမ်က အထွက် အူကို သုံးရတာ မဟုတ်ဘူး။ အဲဒီအူကို စားရင် ကြွက်ချေးနံ့ နံမှာပေါ့ဟ … ဟား … ဟား”
ဒီတော့လည်း သံချောင်းတစ်ယောက် ကြွက်ချေးခါးဆိုသည်ကို စိတ်ဝင်စားသွားသည်။
“လည်ချောင်းကနေ အစာအိမ်ဝင်တဲ့ အူကိုဖြတ်ပြီး နုပ်နုပ်စဉ်းပြီး ချက်ရတာ။ နှမ်းဆီနဲ့ချက်ရင် ပိုပြီး ဆေးဖက်ဝင်တယ်”
“အဘ ဘယ်လိုပဲပြောပြော ကြွက်အူကိုတော့ မစားချင်ပါဘူး”
ဒီတော့လည်း ဦးကျော်မြက မြေးကိုဖက်ပြီး ရယ်သည်။
“ဒီလို ဆောင်းရာသီ ဆောင်းကြွက်မတွေ ဗိုက်ထဲက အဆီခဲတွေကို ငါ့မြေး ကြိုက်တယ်မဟုတ်လား”
“ကြိုက်တာပေါ့၊ ဆောင်းကြွက်မတွေ ဗိုက်ထဲက အဆီခဲလေးတွေက သိပ်စားကောင်းတာကိုးဗျ”
“မှတ်ထား ငါ့မြေး၊ အဲဒါ အဆီခဲမဟုတ်ဘူး။ ကြွက်သားလောင်းတွေ၊ ခြေလက်အင်္ဂါ မစုံသေးတဲ့ ကြွက်ကလေးတွေကွ”
“ဟာဗျာ … ထွီ”
ဖိုးကျော်မြ ရှင်းပြတော့ သံချောင်း ပျို့ချင်သလို ဖြစ်သွားသည်။
“ဒီလို ဆောင်းရာသီမှာ ဆောင်းကြွက်တွေက မြက် ဖျားမှာသီးတဲ့ နှင်းနဲ့ မြက်နုလေးတွေကို စားတယ်ကွ။ ဒါ့ကြောင့် အစာအိမ်ကိုသွားတဲ့ အူကိုစားရင် ဆေးဖက်ဝင်တာ”
သံချောင်းက လူမမည်အရွယ်။ မြက်သီးနှင်း အကြောင်း ဦးကျော်မြသည်ပင် ခရေစေ့တွင်းကျ မသိ။ မြက်သီးနှင်းတွင် ပြဒါးပါ၏။ မြက်တွင် ပါဝင်သော ဓာတ်သည် ပြဒါးဆိပ်ကို ပြယ်သည်။
ကြွက်ချေးခါး၊ သို့မဟုတ် မြက်သီးနှင်းကိုစားသော ကြွက်၏ အစာဝင်အူကို စားပါက ဝမ်းတွင်းနာများပျောက်သည်ဟု ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင် ဖွင့်ဆိုထားသည် မဟုတ်ပါကလား။
(၃)
မောင်ခြုံနဲ့ အေးဆောင်တို့ နှစ်ယောက်၏ ခြေအစုံက
‘နှင်းခိုင်း’သောကြောင့် မသွက်။ မိုးလင်းခါနီးလေ နှင်းက တစ်ရပ်လုံး ပိန်းပိတ်အောင်ကျလေ။
ကွင်းနှင်းက ပိုသိပ်သည်း၏။ တစ်လံအကွာ လူလုံး
ပေါက်သည်အထိ စိမ့်အေးနေသောကြောင့် ခြေတို့ ဆိုင်းနေသောကြောင့်တစ်ကြောင်း၊ နှင်းပြုသမျှနုရ သော နှင်းတောသွားခရီးသည်တို့ ခရီးမတွင်သည်ကို နှင်းခိုင်းသည်ဟု ဆိုခြင်းဖြစ်သည်။
မောင်ခြုံနှင့် အေးဆောင်က နှင်းခိုင်းသည်သာမက ပခုံးထက်က ဝန်ကလည်း သူတို့နှစ်ဦးကို ပိနေလေ သည်။
ပခုံးပေါ်က ထမ်းပိုးထိပ်နှစ်ဖက်တွင် ဝါးဖြင့်ပြု လုပ်ထားသည့် ကြွက်လည်ညှပ်များ သီထား၏။ အချို့ ကြွက်လည်ညှပ်တို့တွင် ကြွက်သေကြီးများက တန်းလန်း။
“ငခြုံရေ … ဟိုရှေ့က ကုက္ကိုဝိုင်းမှာ ခဏနားပြီး ကွမ်းစား ဆေးသောက် လုပ်ကြစို့လား” တဲ့။
အေးဆောင်က ခဏနားရန် စကားဆိုလာသော် လည်း မောင်ခြုံ မနားချင်ပေ။
သို့သော် အေးဆောင်က မောင်ခြုံထက် အသက်ကြီးသူ ဖြစ်သည်။ ဒီတော့လည်း မောင်ခြုံတို့လို ထင်သလောက် ခရီးမတွင်။
“ရပါတယ်၊ ခဏနားပြီးမှ ဆက်ကြတာပေါ့”
ဒီလိုနှင့် မောင်ခြုံတို့နှစ်ယောက် ကုက္ကိုဝိုင်းတွင် တစ်ထောက်နားကြသည်။ အေးဆောင် သူ့ခါးကြားထဲမှာ ပလတ်စတစ်အိတ်နှင့် စုထည့်လာသည့် ကွမ်းကို ဖြေစားသည်။
“ငခြုံရေ … ကွမ်းဝါးပါအုံးလား”
“စားပါဗျာ၊ ကျုပ်က ဆေးလိပ်သမားရယ်။ နှစ်မျိုး လိုင်းပူးရင် စရိတ်ထောင်းတယ်ဗျ”
မောင်ခြုံကလည်း ဆေးလိပ်သမားပီပီ ရှမ်းဖက် လိပ် လက်မအရွယ် သောက်လက်စကို ထုတ်၍ မီးညှိဖွာလိုက်သည်။ တစ်ချက်ရှိုက်သွင်းပြီး မီးခိုးကို နှာခေါင်းမှ ထုတ်လိုက်၏။
ဒီလို နားလိုက်သည်နှင့် မောင်ခြုံ့အတွေးက ဇနီးသည် စိန်မယ်ဆီသို့ ရုတ်ခြည်းရောက်သွား၏။ ဒီအတွေးကတော့ လိမ်ကုန်းကွင်းမှာ ကြွက်ထောင်ခဲ့ရာတွင် အတော်ရသည့် ကိစ္စနှင့် ဆက်နွယ်နေသည်။
အိမ်ရောက်သည်နှင့် စိန်မယ်က မောင်ခြုံ့ကို ထမင်းကြမ်းခဲနှင့် ထန်းလျက် ကျွေးပေလိမ့်မည်။ ထမင်းကြမ်းစားပြီးတာနှင့် တစ်ရေးအိပ်ခိုင်းမည်။
မောင်ခြုံသည် ကြွက်တစ်လားလိုက်လိုက်၊ နား သည့်နေရာမှာ ငိုက်လိုက်နှင့် တစ်ရေးမှ မအိပ်ရသေး။ ဒါကို အလိုက်သိတဲ့ စိန်မယ်က တစ်ရေးအိပ်ခိုင်းမည်။
စိန်မယ်ကတော့ ကြွက်သေတွေကို အရေခွံဆုတ်မည်။ ပြီးတော့ ပွက်ပွက်ဆူသော ရေနွေးမှာ ခေတ္တမျှ နှစ်ပြီး ပြုတ်ယောင်ပြုရမည်။
ပြီးတော့ ကြွက်တွေကို နနွင်းပက်၍ ဒန်အိုးကြီး ထဲမှာ နနွင်းနှံ့အောင် သစ်သားယောက်မနှင့် မွှေမည်။ နနွင်းညီသောအခါ သံဒယ်အိုးခွင်ပေါ်တင်ကာ ကြွက်များကို မီးနွေးနွေးနှင့် ကြော်ယောင်ပြသည်။
သူ့ကြွက်ဆီနှင့်သူ အနည်းငယ်ခြောက်သွားသည်အထိ ကြော်သည်။ ကြော်သည်ဟု ဆိုခြင်းထက် လှော်သည်ဟုသုံးလျှင် ပို၍သင့်တော်ပါလိမ့်မည်။
ဒီလို ဇနီးဖြစ်သူက တပင်တပန်းလုပ်နေတဲ့ အချိန်မှာ မောင်ခြုံ အိပ်ပျော်မှာတဲ့လား။ ခါးဆန့်ရုံသာ ဆန့်နိုင်မည်ပေါ့။
ဟိုဘက်ဒီဘက်လှိမ့်လိုက်တိုင်း မြည်သံပေးနေသော ဝါးကြိတ်သံကိုကြားရသောအခါ စိန်မယ် စိတ်မဖြောင့်။
“ကိုမောင်ခြုံရယ် … အိပ်မှာသာ အိပ်ပါတော့။ ရှင်လည်း ပင်ပန်းလှပြီပဲ။ ကျုပ်အတွက် အိပ်မဖြောင့် ဖြစ်ရန်ကောတော်။ ဒီအလုပ်တွေက စိန်မယ်တို့အတွက် ထမင်းစားရေသောက် အလုပ်ပါတော်”
လို့ တုံ့ပြန်တတ်သည်။
စိန်မယ်သည် လင်က တစ်ထမ်းထမ်းလျှင် မယားက တစ်ရွက်ရွက်မည့် မိန်းမမျိုး။ တစ်ခါတလေ မောင်ခြုံ မသိအောင် ငါးသားပုစွန် ရှာတတ်သေးသည်။
“မောင်ခြုံရေ … နှင်းလည်း မရပ်ဘူးကွ။ တို့လည်း နားတာ တော်လောက်ရောပေါ့။ ငါပြန်ရမယ့် ခရီးက မင်းထက်ဝေးတယ်”
အေးဆောင် စကားစတော့မှ မောင်ခြုံ အတွေးကိုဖြတ်ပြီး တဲအရောက် ခရီးပြင်းနှင်ဖို့ ပြင်ဆင်လိုက် ပါလေသည်။
(၄)
“ဟာ … အဖေ စောလှချေလား။ ခြေခင်း လက်ခင်းနဲ့အဖေရာ၊ မိုးလင်းမှ လာတာမဟုတ်ဘူး။ ဟင်းစားလိုချင်ရင်လည်း လူကြုံနဲ့ ပြောပေါ့။ လာပို့မှာပေါ့”
တဲကိုရောက်သည်နှင့် မောင်ခြုံက ဒီနှယ် ဦးကျော်မြကို လှမ်းပြောသည်။
“အမယ် … မင်းတို့က ငါ့ကို အိုပြီဆိုပြီး အထင်သေးရန်ကော။ ညှပ်အစိတ် ငါးဆယ်လောက်ကတော့ နိုင်ပါသေးတယ်။ အိမ်က အဘွားကြီးနဲ့ မင်းတို့တစ်တွေက တားနေလို့ ကြွက်မထောင်ရတာ။ ကြာတော့ ငါ ပျင်းလာတယ်။ ဒါ့ကြောင့် မနက်စောစော မင်းတို့တဲကို လာရတာပေါ့”
ဦးကျော်မြက လုံးကြီးတင်မခံ။
အခု ဦးကျော်မြ အသက်ခုနစ်ဆယ်ကျော်နေပြီ။ အသက်နှစ်ဆယ်ဝန်းကျင်လောက်ကတည်းက ရေနက်ကွင်းကိုမှီ၍ ငါးသားပုစွန် ရှာဖွေစားသောက်သည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းခဲ့သူ ဖြစ်သည်။
အရွယ်ထောက်လာ၍ ဇနီးသည်နှင့် သားသမီးတွေတားကြလို့ ဒီအလုပ်ကနားရသည်။ ရေနက်ကွင်း တစ်ကွင်းလုံးက ငါးသားပုစွန်ရှာဖွေသည့်အလုပ်နှင့် ပတ်သက်၍ မတတ်တာရှိရင်၊ မသိတာရှိရင် ဖိုးကျော်မြထံမှာ နည်းနာနိဿယ ယူကြရသည်မဟုတ်ပါကလား။
ဒါ့ကြောင့်လည်း ရေနက်ကွင်းပျော်တို့က ဖိုးကျော် မြ၏ မျက်ကွယ်တွင် “တစ်ပွဲစား” ဟု သမုတ်ခေါ်ဆိုကြခြင်း ဖြစ်လေသည်။
“ကဲ … ထားပါတော့၊ ဒီည ငခြုံ ကြွက်အတော် ထိလာသကိုး”
ဦးကျော်မြက မောင်ခြုံ့အထမ်း ထမ်းပိုးက လည်ညှပ်နှင့် တွဲလျက်ပါလာသော ကြွက်သေတွေကို လှမ်းကြည့်ရင်း မှတ်ချက်ချလိုက်သည်။
“လတောင် လုံးလုံးမမိုက်သေးဘူး၊ ဒီရက်ထဲ ကြွက်ထိတယ် အဖေရဲ့။ ဒီညမှ အေးဆောင်ဆွယ်လို့ စထောင်တာ”
“တချို့က လမိုက်ရက် ကြွက်ထိတယ်ဆိုတယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ပါ။ ကြွက်ဆိုတဲ့ သတ္တဝါတွေက လမိုက် လသာ မရွေးပါဘူးကွာ။ ကြွက်လမ်းလည်း သိရမယ်၊ ကြွက်ကို ခြောက်သလိုလည်း မလုပ်ရင် ထိတာပါပဲ။
ကြွက်တွေကလည်း ညဘက်မှ အစာရှာ ထွက်ရတာကွ”
မောင်ခြုံက ဖိုးကျော်မြ သမက်ပဲ၊ ခေသူမဟုတ်။ ကြွက်လမ်းကို နေ့ဘက် မြင်မြင်ထင်ထင်ကတည်းက ကြည့်ရှုအကဲခတ်ထားသည်။
ထို့ပြင် ကြွက်တွေကို ခြောက်သလိုမဖြစ်အောင် လည်း သတိပြုရသည်။ ကြွက်လည်ညှပ်တွင် တပ်ဆင်ထားသော သားရေကြိုး(လောက်လေးခွသုံး သားရေပြားကြီး)လျော့ မလျော့ လည်ညှပ်တိုင်း စစ်ဆေးရသည်။
ကြွက်မထောင်မီ ကြိုတင်စစ်ဆေးမထားလျှင် ကြွက်က လည်ညှပ်တွင်မိချက် အားပျော့ခဲ့ပါက ဆူညံ
စွာအော်ဟစ်တတ်ပါသည်။ ထိုအသံကြောင့် ကြွက် ဖော်ကြွက်အပေါင်းက လန့်ပြီး ရှောင်ဖယ်သွားတတ် သည် မဟုတ်ပါကလား။
“အဖေ … ကြွက်ချေးခါးချက်စားမလို့လား”
မောင်ခြုံက အလိုက်တသိ ဆို၏။
“အေးဟ … ကြွက်ချေးခါး စားချင်လို့ သွားရည်ယိုတာထက် ဟဲ … ဟဲ … ကိုယ်မလုပ်ပေမယ့် မင်း ကြွက်ထောင်အပြန်ကို သွားရည်ယိုတာက အဓိကပဲဟ”
ဒီတော့လည်း မောင်ခြုံ ယောက္ခမဖြစ်သူကို စာနာမိသည်။ အားကောင်းမောင်းသန် ရှိစဉ်တုန်းက မောင်ခြုံတို့ထက် ရေနက်ကွင်းတစ်ကွင်းလုံး ဖိုးကျော် မြ၏ ခြေရာ ထပ်ခဲ့ပါသည်။
ဒါပေမဲ့ ဒီအဘိုးကြီးက အားမသန်လည်း မာန်လျှော့မည့်သူတော့ မဟုတ်။
“ကဲပါ…. အဖေ့ကို တဲပေါ်ခေါ်လေ စိန်မယ်”
“ဟုတ်သားပဲ အဖေကလည်း၊ တဲပေါ်တက်တော့”
ဒီတော့မှ စိန်မယ်က တဲပေါ်တက်ခိုင်းဖို့ သတိရ သည်။
အဖေ ထမင်းကြမ်းစားဖို့ ရေနွေးအိုးတည်နေသော ဖိုထဲမှ မီးကျီးခဲထုတ်ပြီး ဖုတ်ထားသော ဂျပန်ငါးခြောက်မှာ ကျက်နေရုံမက ငါးအဆီများ ဂျပန်ငါးခြောက်တွင် ဆီပြန်နေလေသည်။
(၅)
စိန်မယ် ကြွက်တွေကို ရွဲတိုက်ပြီး အပြန်လမ်းမှာ တော့ မျက်နှာမလှ။
ဒီည ခင်ပွန်းသည် မောင်ခြုံ ကြွက်လိုက်ကောင်းသည်မှာ မှန်၏။
သို့သော် ရွဲက ဈေးမပေး။
“မကြီးငွေရယ်၊ ဖြတ်တဲ့ဈေးက မနည်းဘူးလား”
စိန်မယ်က ရွဲကို အတွန့်တက်လိုက်သည်။
“ပြီးတော့ မကြီးငွေလည်း သိတာပဲ၊ အခု ကွင်းထဲမှာက ကြွက်ရှားလာပြီလေ”
ဒီတော့ ရွဲဒေါ်ငွေခင်က ခုနစ်သံချီနှင့်. . .
“ဒီမှာစိန်မယ် … နင်တို့ တောမှာသာ ကြွက်ရှားနေတာဟဲ့။ မြို့မှာက ပေါမှ ပေါ”
“ကြံကြီးစည်ရာတော်”
“ဟဲ့ကောင်မ စိန်မယ်၊ မြို့ဆင်ခြေဖုံးမှာ နေတဲ့သူတွေကလေ မြို့ရဲ့ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဈေးကြို ဈေးကြားမှာ ကြွက်ထောင်ပြီး ရောင်းနေကြတာဟဲ့”
ဒီတော့ စိန်မယ် အံ့ဩသွားသည်။
“တောကြွက်နဲ့ မြို့ကြွက် တူမလား မကြီးငွေရယ်။ တောကြွက်က စပါးသီးနှံလောက်စားတော့ သန့်တယ်လေ။ မြို့ကြွက်က ဘယ်သန့်မလဲ။
ကျွန်မ မြို့က ညီမဝမ်းကွဲအိမ် သွားလည်ဖူးတယ်။ သူတို့ဆီက လက်လုပ်လက်စားတွေက ဆေးရုံနား၊ ရင်ခွဲရုံနားမှာ ကြွက်ထောင်ပြီး ရောင်းတာ ကြားဖူးတယ်။ ကျွန်မညီမဝမ်းကွဲဆိုရင် ဈေးထဲက ကြွက်ကိုမစားဘူး၊ ကျွန်မတို့ကို မှာစားတာတော့်” တဲ့။
စိန်မယ်ကတော့ နွားထီး နို့ညှစ်နေသည်။
ဒေါ်ငွေခင့်လို ရွဲပါးဝနေသူဆီက ငွေကို လိုချင်လို့ ရမှာတဲ့လား။
“ဟဲ့. . . စိန်မယ်မရဲ့၊ နင့်ညီမက ဓာတ်သိကိုးဟဲ့။ မသိတဲ့သူက တောကြွက်၊ မြို့ကြွက်လို့ တံဆိပ်ရိုက်ထား တာမှ မဟုတ်တာ။ ခွဲရမလား။
အခုဟာက မြို့က နေရာမရှောင် ကြွက်ထောင်တဲ့သူတွေကြောင့် ကြွက်ဈေး မပေါက်တာကို ပြောတာ”
ဒီတော့လည်း စိန်မယ် မတတ်နိုင်ပါပြီ။
“အင်း … မြို့ကလူတွေ ဒါ့ကြောင့် ရောဂါထူတာ၊ မြို့ကြွက်တွေက ရောဂါပိုးတွေပါမှာ”
ဟု စိန်မယ် ညည်းတွားရုံမျှသာ။
အခု ကြွက်က ပိဿာချိန်စီးပေမယ့် ငွေက မစီး ပါချေ။
ရွဲဆီကပြန်လာသော စိန်မယ့် ခြေအစုံကား နှေးကွေးနေပေပြီ။
သူတို့တင်မက မြို့ဆင်ခြေဖုံးက လက်လုပ်လက် စားတွေသည်လည်း ကြွက်သေတွေကို အရင်းအနှီးပြု၍ ဝမ်းကျောင်းနေရသည်။ ပုံပြင်ထဲက သူဌေးလည်း မဖြစ်၊ သူဌေးသမက်လည်း မဖြစ်။
ပုံပြင်ထဲကလို ကြွက်သေကိုအရင်းပြု၍ ကြီးပွား သူမှာ ဒေါ်ငွေခင်တို့လို ရွဲများပင် ဖြစ်ပါလိမ့်မည်ဟု စိန်မယ် တွေးကာ သက်ပြင်းရှည်ကြီး ချလိုက်ပါသတည်း။ ။
ငွေတာရီမဂ္ဂဇင်း
အမှတ် (၇၀၇)
ဇွန်လ ၊ ၂၀၁၉
– ပြီး –
စာရေးသူ – ခြင်ကျား(မအူပင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized