သန်လျင်ရန်နောင်
ခါးဖော့
တောင်နံရံသည် ကျောက်စွန်းကျောက်စွယ်တို့ဖြင့် ပြည့်နေသည်။ မတ်သည့်နေရာ မတ်သည်။ ပြေသည့်နေရာ ပြေသည်။ အကွဲအအက် အပဲ့အခြမ်းတို့လည်း ရှိသည်။
သည်တောင်ကို ကျော်လျှင် ဂီဂီတရာသို့ ရောက်မည်။ ခက်ခက်ခဲခဲ ဖြတ်သန်းစရာ မလို။ လားလမ်းရှိသည်။ တစ်လန်သာသာခန့် တောင်ပေါ် လားလမ်းပင် ဖြစ်၏။
မှန်ပြောင်းကို အထက်သို့ မြှင့်လိုက်သည်။ တောင်ခါးပန်းအလယ်မှ ဖြတ်၍ မျဉ်းပြေးဆွဲကြည့်သည်။
တစ်နေရာတွင် သစ်ခက်လှုပ်သွားသည်ကို မြင်ရ၏။
တောင်စောင်းတွင် ပေါက်နေသော ချုံနွယ်။
ကျွန်တော် မှန်ပြောင်းကို ရပ်လိုက်သည်။ လှုပ်နေသော နေရာတွင် နေရာချလိုက်သည်။ မြင်ကွင်းက ပို၍ ပီပြင်မှုရှိလာ၏။
အညိုရောင် သတ္တဝါတစ်ကောင်က ကျောက်စွန်းကလေးတွင် ရပ်နေသည်။ မမှီမကမ်းမှ ချုံနွယ်ကို ဆွဲစားနေသည်။ လည်ကို အစွမ်းကုန် ဆန့်ထားသဖြင့် လှပသော ဦးချိုနှစ်ချောင်းက ဇက်ကို ခွယောင် ပြုနေသည်။
“တောင်ဆိတ်”
အသိက ဆုံးဖြတ်ချက် ချပေးသည်။ မျက်လုံးမှ မှန်ပြောင်းကို လွှဲဖယ်ကာ ပကတိအမြင်ဖြင့် ကြည့်သည်။ လက်သီးဆုပ်ခန့် အစက်အပြောက်ကလေးသာ မြင်ရ၏။
ကိုက်နှစ်ရာခန့် ဝေးမည်။
“တောင်ဆိတ်ဗျို့ … အဘိုးကြီး”
ကျွန်တော်က ကချင်မုဆိုးကြီး ဦးဂွန်ဂမ်အား သတင်းပို့လိုက်သည်။ ဦးဂွန်ဂမ်က ကျွန်တော့်လက်မှ မှန်ပြောင်းကို ယူသည်။
“ဘယ်နားဆီမှာလဲ”
“ဟော့ဟို ကျောက်စွယ်နက်နက်ကြီးတစ်ခုကို တွေ့တယ်မဟုတ်လား။ အဲဒီအောက်က ကျောက်စွန်းကလေးကို ကြည့်”
ကျွန်တော် လက်ညှိုးညွှန်သည်။ ဦးဂွန်ဂမ်က မှန်ပြောင်းကို နေရာချသည်။
“ဟုတ်တယ်ဗျို့… တောင်ဆိတ်ကြီးပဲ။ နေဦး… ဒီကောင်ကို ပစ်ရင် ဖြစ်မလားလို့ ကျုပ် လေ့လာလိုက်ဦးမယ်”
ဦးဂွန်ဂမ်က မှန်ပြောင်းကို တောင်ဆင်းလမ်းဆီသို့ စိုက်လိုက်သည်။ နောက် အထက်သို့ ပြန်မြှောက်သည်။
အထက်အောက် အပြန်အလှန် စိတ်ကျေနပ်လှအောင် လေ့လာပြီးမှ မှန်ပြောင်းကို ခွာသည်။
“ဖြစ်တယ်ဗျို့… ကျုပ်တို့ ဆင်းမယ့် တောင်ကူးလမ်း အတိုင်း ကျမှာပဲ။ နည်းနည်း ရှာချင် ရှာရမယ်။ ဘာပဲဖြစ်ဖြစ် ဆိတ်သား မစားရတာ ကြာပြီဗျာ။ စမ်းကြည့်ရသေးတာပေါ့”
ဦးဂွန်ဂမ်က မှန်ပြောင်းကို ကျွန်တော့်လက် ကမ်းသည်။ မလှမ်းမကမ်းတွင်ရှိသော တပ်ကြပ်ကြီး လင်းယုန်ဘက် လှည့်သည်။
“လင်းယုန်ကြီးရေ၊ ငါ့ မှန်ပြောင်းတပ် ရိုင်ဖယ်ကလေး ပေးစမ်းကွာ”
တပ်ကြပ်ကြီးလင်းယုန်က ပွိုင့်-၄၄ ဝင်ချက်စတာ အသေးစား ရိုင်ဖယ်ကလေးကို ယူလာပြီး ပေးသည်။
“ဘာလုပ်ဦးမလို့လဲ ဒူဝါဂမ်”
တပ်ကြပ်ကြီး လင်းယုန်က စပ်စုသည်။
“ခါးဖော့လုပ်မလို့ဟေ့…”
“ဗျာ…”
“ခါးဖော့လေကွာ”
“ခါးဖော့ဆိုတာ ဘာလဲ ဒူဝါဂမ်”
“ဟာ…. အရေးထဲကွာ၊ နောက်မှ ရှင်းမယ်ဟေ့….”
ကချင်မုဆိုးကြီး ဦးဂွန်ဂမ်က ပွိုင့်-၄၄ ရိုင်ဖယ်ကလေးကို မြှောက်လိုက်သည်။ ပခုံးတွင် ထောက်သည်။ သေနတ်ဒင်ပေါ်တွင် ပါးကို မှေးကပ်သည်။ ညာမျက်လုံးကို မှန်ပြောင်းတွင် နေရာချ၍ ဘယ်မျက်လုံးကို မှိတ်သည်။ နောက် သေနတ်ပြောင်းကို ရွေ့လျားလိုက်သည်။
ကျွန်တော်က ဦးဂွန်ဂမ် ပစ်ခတ်မည့် ပစ်ကွင်းဆီသို့ မှန်ပြောင်းကို မြှောက်၍ ကြည့်လိုက်သည်။
ဒိုင်းကနဲ ကော်ရိုက်ယမ်းအား ပေါက်ကွဲသံနှင့်အတူ ပတတ်ရပ်၍ စားနေသော တောင်ဆိတ်ကြီးမှာ စွေ့ခနဲ မြောက်တက်သွားသည်။ နာကျင်လွန်းသဖြင့် ကော့ထိုးလိုက်ဟန် ရှိသည်။
နောက် ကျောက်စွန်းမှ လွတ်ထွက်လျက် အဆီးအတားမရှိ တောင်ချောက်ထဲသို့ ထိုးကျသွားသည်။
“ဒါမှ တို့ ဒူဝါဂမ်ကွ”
တပ်ကြပ်ကြီးလင်းယုန်နှင့် ရဲဘော်သောင်းစိန်က အားပါးတရ ဩဘာပေးလိုက်သည်။
“ဒူဝါဂမ်က သိပ်လက်ဖြောင့်တာပဲ။ ဘယ်အရွယ်က စပြီး အမဲလိုက်လာတာလဲ”
ရဲဘော်သောင်းစိန်က ဦးဂွန်ဂမ်လက်မှ သေနတ်ကို လှမ်းယူရင်း မေးသည်။
“ငါ အမဲလိုက်တာလား”
“ဟုတ်ကဲ့”
“ငါ မမွေးခင်ကထဲကပေါ့ကွ”
“ဟာ… မဖြစ်နိုင်တာ”
“ဖြစ်ပါတယ်ကွ၊ ငါမမွေးခင်ကဆိုတာ ငါတို့ မျိုးရိုးစဉ်ဆက် အမဲလိုက်လာတာကို ပြောတာ”
“ဒါဖြင့် ဒူဝါဂမ်တို့က မုဆိုးမျိုးပေါ့”
ရဲဘော် သောင်းစိန်က မေးသည်။ ဦးဂွန်ဂမ်က ခေါင်းယမ်းလိုက်၏။
“ငါတို့က မုဆိုးမျိုးမဟုတ်ဘူး။ ကချင်တစ်မျိုးသားလုံး မုဆိုးမျိုးကွ။ အမဲ မပစ်လို့ မရဘူး”
“ဟင်… ဘာဖြစ်လို့လဲ ဒူဝါဂမ်”
“ခါးဖော့စရာ ရှိနေလို့ပေါ့”
တပ်ကြပ်ကြီးလင်းယုန်မှာ ဆတ်ခနဲ ဖြစ်သွားသည်။ ခေါင်းထောင်လာသည်။
“ဟုတ်သားပဲ ခါးဖော့၊ နောက်မှ ရှင်းမယ်ဆို၊ ဒူဝါဂမ် ရှင်းပါဦး”
ဦးဂွန်ဂမ် ပြုံးလိုက်သည်။
“ရှင်းရတာပေါ့ကွာ၊ ဒါနဲ့ ဗိုလ်ကြီး ကျုပ်တို့ ရှေ့ကင်းကို သတင်းပို့ထားရင် ကောင်းမလား”
“ကောင်းတော့ ကောင်းတယ်၊ သူတို့ ဆင်းရှာရင် အန္တ ရာယ်နဲ့ တွေ့နိုင်တယ်”
“အင်းလေ၊ ကျုပ်တို့ဟာ ကျုပ်တို့ ရောက်မှ ရှာတာပေါ့၊ ဒီလိုကွ……”
ဦးဂွန်ဂမ်က ကျွန်တော့အား ပြောရင်း တစ်ဆက်တည်း လင်းယုန်ဘက် လှည့်လိုက်၏။
“ဟုတ်ကဲ့ … ဒူဝါဂမ်”
“ခါးဆိုတာ ကချင်လို ကြွေးလို့ခေါ်တယ်”
“ဟုတ်ကဲ့”
“ဖော့ဆိုတာ ဖွင့်တာ…”
“အင်း…”
“ခါးဖော့ဆိုတော့ ကြွေးဖွင့်တာပေါ့ကွာ။ ကြွေးစာရင်း ဖွင့်ပြီး တောင်းတာပေါ့”
“ဘာကို ကြွေးစာရင်းဖွင့်ပြီး တောင်းတာလဲ၊ ဒူဝါဂမ်”
“ပြောမယ်လေ၊ မင်းတို့ တချို့မနောပွဲတွေမှာ နတ်စားခေါင်းဆောင်လုပ်တဲ့လူက ရွတ်ဖတ်သရဇ္ဈာယ်တာ ကြားဖူးလား”
“ကြားတော့ ကြားဖူးတယ်၊ ဘာဖြစ်လို့လဲ”
“တယ်ညံ့တဲ့ လူတွေပဲ၊ ကျွဲ နွားတွေ နတ်ပူဇော်တဲ့ ပွဲတွေမှာ နတ်ဆရာ ရွတ်တဲ့အခါ ခါးဖော့နဲ့စပြီး အဆုံးသတ်ကြတော့လဲ ခါးဖော့နဲ့ ဆုံးတယ်။ အဲဒါ အကြောင်းရှိတယ်”
“ဟုတ်ကဲ့…”
“ဟိုရှေးရှေးတုန်းက လူတွေဟာ မအို မနာ မသေကြဘူးတဲ့၊ ရောဂါလဲ မဖြစ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုရင် ကျနွမ်းယန်းဝေရွှန်းလို့ခေါ်တဲ့ ဘုရားသခင်ဟာ အားလုံးကို ဖန်ဆင်းပြီးတဲ့နောက် စီခရန်စီနန်းလို့ ခေါ်တဲ့ မသေဆေးပင်ကို ဖန်ဆင်းပေးခဲ့တယ်။
မကြွယ်ရှင်ဂမ်ဘွမ်းလို့ခေါ်တဲ့ ဟိမဝန္တာတောင်ကြောမှာ ဒီမသေဆေးပင်တွေ ရှိခဲ့တယ်လို့ ဆိုတယ်”
“ဟုတ်ကဲ့… ပြောပါဦး၊ ဒူဝါဂမ်”
“တစ်နေ့တော့ ကြက်ဖတစ်ကောင်ဟာ ဒီ စီခရန်စီနန်းကို ဆိတ်ပြီး စားလိုက်တယ်၊ စားပြီးတာနဲ့ တစ်ပြိုင်နက် လှပတဲ့ အမွှေးအတောင်တွေနဲ့ လှပတဲ့ အမောက်ကြီး ထွက်လာတယ်။ နောက် ဆိတ်တစ်ကောင်က စားပြန်တယ်။ ဒီဆိတ်လဲ လှပတဲ့ ဦးချိုနဲ့ မုတ်ဆိတ်ချွန်ချွန်ကလေး ထွက်လာပြန်ရော”
တပ်ကြပ်ကြီးလင်းယုန်က စိတ်ဝင်စားစွာဖြင့် ခေါင်းညိတ်သည်။ ကျွန်တော်က ခပ်ပြုံးပြုံးလုပ်၍ ဆက်နားစွင့်သည်။
“အဲဒီလိုနဲ့ တိရစ္ဆာန်တွေ စားလိုက်ကြတာ စီခရန်စီနန်း ဆေးပင်တွေဟာ အမြစ်ပါမကျန် မျိုးပြုတ်သွားတယ်။ လူတွေက စားချင်တော့ မရှိတော့ဘူး။ ဒီမှာတင် အိုတာတွေ၊ နာတာတွေ၊ သေတာတွေ ဖြစ်လာတယ်။ နောက်ဆုံး မခံနိုင်တော့ ကချင်တွေကိုးကွယ်တဲ့ မထုံမထာ နတ်မင်းဆီမှာ သွားတိုင်တယ်။
စီခရစီနန်းဆေးပင်တွေကို တိရစ္ဆာန်တွေ စားပစ်လိုက်လို့ ကုန်ပြီ။ ဒါကြောင့် သူတို့ကို ဆေးပင်အသစ်ပေးဖို့ တောင်းကြတယ်။ မထုံမထာ နတ်ကလဲ ဘုရားသခင်က ဖန်ဆင်းပေးထားတာဖြစ်လို့ သူ မတတ်နိုင်ဘူး။ ဒီတော့ စီခရန်စီနန်းကို စားသွားတဲ့ တိရစ္ဆာန်တွေကို တွေ့တဲ့နေရာမှာ သတ်ပြီး တောင်းပေတော့လို့ ပြောလိုက်တယ်”
“ဒါနဲ့ လူတွေက သတ်ရောလား”
လင်းယုန်က ဖြတ်မေးသည်။ ဦးဂွန်ဂမ် ခေါင်းညိတ်၏။
“သတ်တာပေါ့ကွ။ သတ်ရုံတင် ဘယ်ကမလဲ၊ ဖမ်းလို့ရတဲ့အကောင်ကို ဖမ်းတယ်။ ကြက်တို့၊ ဝက်တို့၊ ကျွဲတို့၊ နွားတို့ဆိုတဲ့ အကောင်တွေ မိတော့ အိမ်တိုင်မှာ ချည်ပြီး မွေးထားတယ်။ ဖမ်းလို့မရတဲ့ အကောင်တွေကျတော့ အကုန်ပစ်ပြီး ကြွေးဖွင့်တာပဲ။ အဲဒီအချိန်ကစပြီး အမဲလိုက်တာ”
ဦးဂွန်ဂမ် မောသွားသည်။ ခါးမှ ရေဘူးကို ဖြုတ်၍ မော့သောက်နေသည်။ တပ်ကြပ်ကြီးလင်းယုန်က သဘောကျသွားဟန်နှင့် ခေါင်းတညိတ်ညိတ် လုပ်နေသည်။
တဖြည်းဖြည်းနှင့် ကျွန်တော်တို့လူစုသည် ပေသုံးထောင်အမြင့်ဆီမှ နိမ့်ဆင်းလာသည်။ မကြာမီ တောင်ကူးလမ်းသို့ ရောက်ပေတော့မည်။
ဦးဂွန်ဂမ် ပစ်ချလိုက်သော တောင်ဆိတ်ကို အလွယ်တကူ တွေ့နိုင်လိမ့်မည် ထင်သည်။
“အဘိုးကြီး… ရှေ့က ကွေ့ကျော်ရင် တောင်ခြေ တောင်ကူးလမ်းကို ရောက်တော့မယ်။ ကျုပ်တို့အကောင်ကို နည်းနည်းပါးပါး ရှာလို့မှ မရရင် ခရီး
ဆက်ရမှာပဲ”
“ဟုတ်တယ်လေ၊ ကျုပ်တို့ နောက်ကျလို့တော့ ဘယ်ဖြစ်မလဲ။ သတ်မှတ်ရက်ကို သူတို့ စောင့်ကြလိမ့်မယ်”
ကျွန်တော် ခေါင်းညိတ်လိုက်သည်။
သတ်မှတ်ရက်ကို သူတို့ စောင့်ကြပေလိမ့်မည်။ သူတို့ဆိုသည်က ကျွန်တော်တို့နှင့် နယ်နိမိတ်စပ်နေသော တစ်ဖက်နိုင်ငံမှ နယ်ခြားစောင့်တပ်ဖွဲ့ပင် ဖြစ်၏။
ကျွန်တော်တို့ စတင် ချီတက်ခဲ့သည်မှာ ခေါ်ဘူဒဲမှ ဖြစ်၏။ ခေါ်ဘူဒဲမြို့နယ်မှာ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီမှ ၈၉ ဒသမ ၂ဝ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၂၆ ဒီဂရီမှ ၂၈ ဒသမ ၂၇ ဒီဂရီအကြားတွင် ရှိသည်။
အရှေ့မြောက်ဘက်စူးစူးတွင် နှင်းခဲထုများ ဖုံးလွှမ်းနေသော ဂီဂီတရာတောင်ကြား၊ ဂေါဂျီတရာတောင်ကြားနှင့် ရှင်ခေါင်တရာတောင်ကြားများ ရှိ၍ မြောက်ဘက်တွင် လုံဂျစ်လခါးတောင်ကြား၊ အာလန်လခါးတောင်ကြား၊ ပုထန်လခါးတောင်ကြားနှင့် ပစစ်လခါးတောင်ကြားများ ရှိသည်။
ကျွန်တော်တို့ ချီတက်ရမည်မှာ ဂီဂီတရာတောင်ကြားဆီသို့ ဖြစ်သည်။
ကျန်ခဲ့သည့် ရက်အနည်းငယ်က တစ်ဖက်နိုင်ငံ နယ်ခြားစောင့်တပ်ဆီမှ နယ်စပ်ခွဲ ကျောက်တိုင်အမှတ် (၂၇) သဘာဝအလျောက် ပျက်စီးနေကြောင်း သတင်းပို့သည်။
ထိုသတင်းပေးပို့ချက်အရ နှစ်နိုင်ငံ၏ တပ်ဖွဲ့များ ရှေ့မှောက်တွင် ပြန်လည်ပြင်ဆင်ရန် တာဝန်ပေးချက်အရ ခရီးပြင်းနှင်လာခဲ့ခြင်း ဖြစ်သည်။
နောက်နှစ်ရက်မျှ ခရီးပြင်းနှင်လိုက်လျှင် သတ်မှတ်စခန်းသို့ ရောက်ပေတော့မည်။
နောက်ထပ် နာရီဝက်မျှရှိလျှင် ကျွန်တော်တို့ တောင်ခြေတောင်ကူးလမ်းဆီသို့ ချဉ်းကပ်လာသည်။ တောင်ကူးလမ်းသည် တောင်တစ်တောင်မှ ဆင်း၍ တောင်တစ်တောင်သို့ ပြန်တက်သော လျှိုကူးဖြစ်သည်။
“ကဲ… အဘိုးကြီး၊ ကျုပ်တို့ ပစ်ချလိုက်တဲ့ အောက်တည့်တည့်ကို ရှာရမယ်ဆိုရင် ဟောဒီ ညာဘက်လျှိုအတိုင်း လိုက်ရမှာပဲ။ သိပ်တော့ ဝင်ရမယ် မထင်ဘူး”
ကျွန်တော်က လက်ယာဘက်ဘေးရှိ လျှိုဆီသို့ လက်ကို ဝှေ့ပြလိုက်သည်။ ဦးဂွန်ဂမ်က ခေါင်းညိတ်၏။
“ကဲ… ကျုပ်နဲ့ လင်းယုန် ဝင်ရှာမယ်။ ဗိုလ်ကြီးတို့ ဒီမှာနေခဲ့”
ဦးဂွန်ဂမ်က ကျွန်တော့်အား လှမ်းပြောသည်။ ကျွန်တော်က ခေါင်းယမ်းလိုက်၏။
“နေဦး အဘိုးကြီး၊ ကျုပ်ပါ လိုက်မယ်။ သောင်းစိန်နဲ့ ရဲဘော်တွေ ဒီမှာစောင့်နေ။ လိုအပ်ရင် အချက်ပေးလိုက်မယ်”
ဦးဂွန်ဂမ်က လျှိုလမ်းအတိုင်း ဆင်းသွားသည်။ သူ့နောက်မှ ကျွန်တော် ကပ်လိုက်၏။ လင်းယုန်က ကျွန်တော့်နောက်မှ ပါလာသည်။
“တောနည်းနည်း ရှုပ်တယ် အဘိုးကြီး၊ သတိထားဝင်နော်”
ကျွန်တော်က ဦးဂွန်ဂမ်အား သတိပေးလိုက်သည်။ အဘိုးကြီးက ခေါင်းညိတ်ပြရင်း ရှေ့မှ ဝင်သည်။
လျှိုမှာ ဝင်စက ချုံနွယ်ပိတ်ပေါင်းများ ရှုပ်နေသော်လည်း ခြေလှမ်းနှစ်ဆယ်မျှ ဝင်မိလျှင် တောင်ပေါ် ရေတိုက်စားထားသော သဲလမ်းကြောင်း လျှိုလျားကြီး တစ်ခုပေါ်သို့ ခြေချမိလာသည်။ လျှိုထဲတွင် သစ်ပင်ချုံနွယ်များ ရှင်းနေသော်လည်း တောင်ပေါ်မှ လိမ့်ကျလာသော ကျောက်တုံး အကြီး အသေးတို့ နေရာတကာ ပြည့်နှက်နေသည်။
လျှိုစောင်းမှာမူ လူနှစ်ရပ်ခန့် ရှိ၍ ပေါင်းပင်များ တစ်ဖက်တစ်ချက် အုပ်မိုးယှက်ကာထားသည်။
ကျွန်တော်နှင့် ဦးဂွန်ဂမ်တို့သည် ရှေ့သို့ ဂရုတစိုက် လှမ်းရင်း ကျွန်တော်တို့ တောင်ဆိတ်ပစ်ခဲ့သော ကျောက်စွန်းကို တမော့မော့ ရှာရသည်။
ငါးမိနစ်မျှ ဝင်မိလျှင် ကျောက်စွန်းအောက်တည့်တည့်သို့ ရောက်လာသည်။ ကျွန်တော်တို့ ပတ်ဝန်းကျင် ဘယ်ညာကို မျက်စိ ကစားသည်။ သစ်ကိုင်းကျိုး သစ်အခက်အလက် မြေစာခဲသစ် အတုံးအစကလေးများကို ရှာသည်။
ဟော… တွေ့ပြီ။
ဦးဂွန်ဂမ်က လောလောလတ်လတ် ပဲ့ကျနေဟန် ရှိသော လက်သီးဆုပ်ခန့် မြေစိုင်ခဲတစ်ခုကို ကုန်းကောက်သည်။ လှည့်ပတ်ကြည့်ပြီး ကျွန်တော့်အား ပေး သည်။
ကျွန်တော် ဦးဂွန်ဂမ်လက်မှ မြေစိုင်ခဲကလေးကို လှမ်းယူသည်။ ဟုတ်ပြီ … တောင်ဆိတ်၏ ကိုယ်လုံးနှင့် ရိုက်ခတ်မိ၍ ပဲ့ကျလာသော မြေစိုင်ခဲကလေး ဖြစ်မည်။
ကျွန်တော် ခေါင်းညိတ်လိုက်၏။ သည်အနီးတစ်ဝိုက်၌ တောင်ဆိတ်သေ မုချ ရှိရမည်ဟူ၍ ကျွန်တော် မှတ်ချက်ချသည်။
လျှိုစောင်းတွင် တင်ကောင်း တင်နေမည်။
ကျွန်တော် အထက်ဘက်လျှိုစောင်းဆီသို့ မျက်လုံးကစားကြည့်သည်၊ လူနှစ်ရပ်သာသာခန့်မြင့်သော လျှိုနှုတ်ခမ်းတွင် ပေါင်းပင်များ ယှက်မိုးထားသဖြင့် ဘာကိုမျှ ပွင့်ပွင့် မမြင်ရ။
ထိုအခိုက် ကျွန်တော့်နားတွင်းသို့ လျှောခနဲ အသံတစ်ခု တိုးဝင်လာသည်။ အသံက တိုးတိတ်ညင်သာလွန်းသည်။ အသံထွက်ရာဆီသို့ ကျွန်တော် ဖျတ်ခနဲ လှည့်လိုက်၏။ သို့သော် အသံက ချက်ချင်းပျောက်သွားသည်။
ကျွန်တော် မကျေမနပ် ဆက်နားစွင့်သည်။ ညာဘက်ဘေးတွင် ရှိသော ဦးဂျွန်ဂမ်အား တံတောင်နှင့် ဆတ်ခနဲတို့၍ သတိပေးလိုက်သည်။ နောက် ဦးခေါင်းကို ငြိမ်ငြိမ်ထား၍ မျက်လုံးကို အထက်သို့ စိုက်ပြသည်။
“နားထောင်စမ်း” ဟူ၍ ဦးဂွန်ဂမ်အား အချက်ပြလိုက်ခြင်း ဖြစ်သည်။
ဦးဂွန်ဂမ် ချက်ချင်း သဘောပေါက်သွားသည်။ နောက် နားစွင့်သည်။
ချက်ချင်းပင် ဦးဂွန်ဂမ်၏ မျက်လုံးများ ကျွန်တော့်ဆီ ရောက်လာသည်။ နောက်… ခေါင်းညိတ်သည်။ အသံတစ်သံကို သူ ကြားကြောင်း သတင်းပို့ပြီ။
ကျွန်တော့်နားထဲတွင်လည်း အင်မတန် ကျစ်လျစ် သိပ်သည်းသော လှုပ်ရှားသံတစ်ခုကို ထပ်ကြားရသည်။
မုဆိုးသက် အတွေ့အကြုံအရ ကျွန်တော်တို့၏ အနီးတွင် လျှို့လျှို့ဝှက်ဝှက် ရှိသော သတ္တဝါတစ်ကောင် ရှိနေပြီမှန်း သိလာသည်။
ထိုအခိုက် ကျွန်တော်တို့ အပေါ်တည့်တည့် လျှိုစောင်းမှ လျှောခနဲ သစ်ရွက်တိုးသံတစ်ချက် ရုတ်တရက် ထွက်လာကာ လွှားခနဲ မည်းမည်းသဏ္ဌာန်ကြီးတစ်ခု ကျွန်တော်တို့ ခေါင်းပေါ်မှ အရှိန်ပြင်းစွာ ဖြတ်သန်းသွားသည်။
“ဟာ…. တောင်ကျားသစ်ကြီးဗျို့၊ ကျုပ်တို့ကို ချောင်းနေပြီ”
ဦးဂွန်ဂမ်က စိုးရိမ်တကြီး အသံထွက်သွားသည်။
လင်းယုန်က “ဒုက္ခပဲ” ဟူ၍ ပါးစပ်မှ ညည်းလိုက်သည်။
“လင်းယုန် တိတ်စမ်း၊ အဘိုးကြီး လျှိုစောင်းကို ကျောကပ်”
ကျွန်တော်က ပါးစပ်မှပြောရင်း လျှိုတစ်ဖက်စောင်းသို့ လျင်မြန်စွာ ကပ်လိုက်သည်။ ဦးဂွန်ဂမ်နှင့် လင်းယုန်က ကျွန်တော့်နည်းတူ လိုက်ကပ်သည်။
အကယ်၍ တောင်ပေါ် ကျားသစ်ကြီးသည် သည်ပုံစံအတိုင်း ကျွန်တော်တို့ကို တိုက်ခိုက်လိုလျှင် စစ်မျက်နှာတစ်ဖက်မှသာ တိုက်ခိုက်နိုင်တော့မည်။
ချက်ချင်းပင် ကျားသစ်သည် အမှတ်မထင် ကျွန်တော်တို့ ခေါင်းပေါ်မှ လွှားခနဲ ကျော်သွားပြန်သည်။
အလွန်လက်မြန်သော ဦးဂွန်ဂမ်ပင် အမီ မပစ်လိုက်နိုင်ချေ။ ကျွန်တော်ကမူ သေနတ်ကို လှုပ်ရုံသာ လှုပ်လိုက်နိုင်သည်။
“သိပ်မြန်တဲ့ အကောင်ကြီးဗျို့။ ကျုပ်တို့ကို တိုက်လိမ့်မယ်။ သတိနဲ့ နေပေတော့”
ဦးဂွန်ဂမ်က သတိပေးလိုက်သည်။ ကျွန်တော်က ခေါင်းညိတ်လိုက်သည်။
ကျားသစ်ကြီးမှာ တောင်ပေါ်ကျားသစ်ကြီးပီပီ ရိုးခနဲ ရိပ်ခနဲသာ တွေ့ရသည်။ တစ်ဖက်နှင့် တစ်ဖက်ကို လှစ်ခနဲ လှစ်ခနဲ ခုန်ကူးလျက် ကျွန်တော်တို့အား တိုက်ခိုက်ရမည့် တိုက်ကွင်းကို ရှာနေသည်။
ပထမတွင် ကျားသစ်သည် လျှိုတစ်ဖက်ဆီသို့ မှန်မှန် ဖြတ်သန်းသည်။ လက်ဝဲဘက်မှ လက်ယာဘက်သို့ ဖြတ်ကူးလျှင် ကျားသစ် လက်ယာဘက် လျှိုစောင်း တွင် ရှိနေကြောင်း ကျွန်တော်တို့ သိနိုင်သည်။ လက်ဝဲဘက်သို့ ကူးလျှင် လက်ဝဲဘက်၌ ရှိနေမှန်း သိသည်။
အချိန်အနည်းငယ်အတွင်း၌ပင် ကျားသစ်သည် ကျွန်တော်တို့အား လှည့်စားလာသည်။ လက်ယာဘက် လျှိုနှုတ်ခမ်းဆီသို့ ခုန်ကူးသွားပြီးလျှင် ကျွန်တော်တို့ လက်ယာဘက်သို့ စူးစိုက်နေလျှင် လက်ဝဲဘက်မှပင် ပြန်ပေါ်လာသည်။
ကျွန်တော်တို့ မမြင်နိုင်သည့် နေရာမှ တိတ်တဆိတ် ပြန်ကူးလာပြီး ကျွန်တော်တို့ ခေါင်းပေါ်မှ ပြန်ချောင်းသည်။ သို့သော် သူ့အတွက် တိုက်ကွက် မလွယ်ကူ။ လျှိုနှုတ်ခမ်းမှ လျှောချမှသာ ကျွန်တော်တို့ခေါင်းပေါ် ရောက်နိုင်မည်။
သည်တော့ တစ်ဖက် လျှိုစောင်းဆီသို့ ပြန်ကပ်သည်။
“ကျားသစ်တော့ ကျုပ်တို့ကို လှည့်စားနေပြီဗျို့… တစ်ချက်ချက်တော့ ဝင်လိမ့်မယ်”
ဦးဂွန်ဂမ်က အသံကိုမြှင့်၍ ပြောလိုက်သည်။ ကျွန်တော်က ခေါင်းညိတ်သည်။
လင်းယုန်မှာမူ တုန်လှုပ်နေဟန် ရှိသည်။
စက္ကန့်ပိုင်းအတွင်း၌ပင် ကျားသစ်၏ လှုပ်ရှားမှုမှာ ငြိမ်သက်သွားသည်။ ချိုးချိုးကျက်ကျက်အသံပင် မကြားရအောင် ရှိနေသည်။
ကျားသစ် တိုက်ကွက်ပြောင်းတော့မည်ဟူ၍ ခန့်မှန်းမိသည်။ တစ်နေရာမှ မြုံ၍ တစ်ရှိန်ထိုး ခုန်အုပ်တိုက်ခိုက်လိမ့်မည် ထင်သည်။
အချိန်က တစ်မိနစ်ပြီး တစ်မိနစ် စွန်းထွက်လာသည်။ ကျားသစ်၏ လှုပ်ရှားမှုကို လုံးဝ မတွေ့ရတော့။ ဇက်ကို မော့ထားရသဖြင့် နောက်ကျောများ တောင့်တင်းလာသည်။
ကျွန်တော်က မော့ထားရာမှ ခေါင်းကို ပြန်ချလိုက်သည်။ ဇက်ကျောများ ပြေသွားစေရန် လျင်မြန်စွာ ဘယ်ညာစောင်း၍ ခေါင်းကို ငဲ့လိုက်သည်။
ကျွန်တော့်ပါးစပ်မှ မတိုးမကျယ်သော အာမေဋိတ်သံတစ်ချက် ထွက်သွားသည်။ ကျွန်တော် ခေါင်းကို ငဲ့လိုက်စဉ် မျက်လုံးများက လျှိုလမ်းဆီသို့ ရောက်သွားသည်။
အကွေ့အကောက် အကွယ်အထောက်များသော လျှိုလမ်းတွင် ကျောက်တုံးကျောက်ခဲများနှင့် ပြည့်နေသည်။ ကျွန်တော်တို့နှင့် ပေအစိတ်နီးပါးသာ ဝေးသော ကျောက်တုံးနက်နက်ကြီးတစ်ခု၏ နောက်ကွယ်တွင် ရိပ်ခနဲ ငုံ့ဆင်းသွားသော အရာတစ်ခုကို ဖျပ်ခနဲ တွေ့လိုက်ရသည်။
သိပ် အချိန်မရလိုက်။ ကျွန်တော်က ပါးစပ်မှ “အဘိုးကြီး” ဟူ၍သာ အော်လိုက်နိုင်ပြီး ကျောက်တုံးရှိရာသို့ လျင်မြန်သော အဟုန်နှင့် လှည့်လိုက်သည်။
မီရုံကလေး ရှိမည်။ ကျွန်တော် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တုံးနောက်မှ အန္တရာယ်က ဘွားခနဲ ခုန်ထွက်လာသည်။ တောင်ပေါ်ကျားသစ်ကြီးပင်တည်း။
ကျားသစ်မှာ လျင်မြန်လွန်းသည်။ ကျောက်တုံးကို တစ်ခုန်လွှားပြီးသည်နှင့် တစ်ပြိုင်တည်း နောက်တစ်လွှားက ကျွန်တော်တို့ဆီသို့ မည်းခနဲ တန်းဝင် လာသည်။
“ဟာ….”
ကျွန်တော် ဒါပဲ အော်နိုင်သည်။ လက်မှ သေနတ်ကို တန်းထိုးပစ်ထည့်လိုက်မိသည်။ ဦးဂွန်ဂမ်ဆီမှ မပီမသ ရေရွတ်သံနှင့်အတူ သေနတ်သံ ထွက်လာသည်။
အဖြစ်အပျက်မှာ လျင်မြန်လွန်းသောကြောင့် ထိသည်၊ မထိသည်ကိုပင် မခန့်မှန်းနိုင်။ ရပ်နေရာမှ ခြေလှမ်း နှစ်လှမ်းမျှ ဆုတ်ခွာလိုက်မိသည်။
ဟဲ … ခနဲ မာန်ဖီသံကြီးနှင့်အတူ ကျွန်တော်တို့ ရှေ့တစ်လံအကွာတွင် ကျားသစ်ကြီး ဖုံးခနဲ ကျလာသည်။
“ထိပြီ”
မထိလျှင် ဤမျှ နီးကပ်သော အကွာအဝေး၌ ကျားသစ်သည် သူ့သားကောင်ကို ပိုင်ပိုင် အုပ်နိုင်မည်။ ခရီးတစ်ဝက်တစ်ပျက်၌ တန့်သွားစရာ မလို။ တစ်စုံ တစ်ခုသော အနှောင့်အယှက်ကြောင့်သာ ရပ်တန့်သွားရခြင်းဖြစ်မည်။ ဒါကလည်း ကျွန်တော်တို့ ပစ်ခတ်လိုက်သော ကျည်ဆန်များကြောင့်ပင် ဖြစ်ပေလိမ့်မည်။
“အဘိုးကြီး… နောက်ဆုတ်ဗျို့”
ကျွန်တော် အော်၍ သတိပေးလိုက်သည်။ ကျွန်တော်လည်း နောက်သို့ အတော်လှမ်းလှမ်း ဆုတ်သည်။ ကျားသစ်ကြီးမှာမူ ကျသည့်နေရာတွင် ပါးစပ်မှ တဟင်းဟင်း မာန်ဖီလျက် အလူးလူးအလိမ့်လိမ့် ဖြစ်နေသည်။
ကျွန်တော် ကမန်းကတမ်း ကျည်သစ်ထိုးလိုက်သည်။ ကျွန်တော့်ထက်မြန်သော ဦးဂွန်ဂမ်ဆီမှ သေနတ်သံတစ်ချက် ထပ်ထွက်လာသည်။
ကျားသစ် ခေါင်းလန်သွား၏။ သည်နောက်တော့ အမြီးဖျားကလေး တဖုတ်ဖုတ် လှုပ်ရုံမှအပ ငြိမ်သက်သွားသည်။
ဦးဂွန်ဂမ်က ကျွန်တော့်မျက်နှာ လှည့်ကြည့်ပြီး လေပူကြီးတစ်ချက်ကိုလည်း မှုတ်ထုတ်လိုက်သည်။
“ကံကောင်းလို့ဗျို့၊ ကျုပ်တို့ ပြန်ပြီး ခါးဖော့ ခံရတော့မလို့။ ဗိုလ်ကြီး တွေ့ပေလို့ပဲ”
ကျွန်တော် မသိမသာ ပြုံး၍ ခေါင်းညိတ်လိုက်သည်။ တကယ်တော့ ဇက်ညောင်း၍ အကြောမဖြေခဲ့လျှင် ကျွန်တော်တို့ အပိုင် အတိုက်ခံရတော့မည်။ တစ်ဦးဦး ဒဏ်ရာအပြင်းအထန်ရမည်မှာ မလွဲ။
အကယ်၍ လူသုံးယောက်ထဲတွင် ကျွန်တော်သာ ဒဏ်ရာအပြင်းအထန် ရရှိသွားပါက တာဝန်ပျက်ကွက်မှုများ ရှိလာတော့မည်။ ချိန်းသည့်ရက်တွင် ဂီဂီတရာတောင်ကြားသို့ ကျွန်တော် ရောက်နိုင်တော့မည် မဟုတ်။
ကျွန်တော် ပခုံးတွန့်လိုက်မိသည်။ နောက်နောင်ဆိုလျှင် တာဝန်ပ အချိန်ကိုသာ ကျွန်တော် အချိန်ယူ၍ သတ်မှတ်ရပေလိမ့်မည်။
ကျွန်တော်က ငြိမ်သက်နေသော တောင်ပေါ် ကျားသစ်ကြီးကို လှမ်းကြည့်ရင်း သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၇-ခုနှစ်၊ မတ်လ။ စာအုပ်အမှတ် (၃၁)
– ပြီး –
စာရေးသူ – သန်လျင်ရန်နောင်
Uncategorized