July 31, 2025
Uncategorized

ခဲလုံးကြားက ပုလဲလုံးများ

ကျွန်းစဉ်မြေစောခက်
ခဲလုံးကြားက ပုလဲလုံးများ

မိုးတွင်းကာလပင်ဖြစ်သော်လည်း မိုးသားတိမ်တိုက် ကင်းစင်မှုကြောင့် သရက်တောင်ရွာ၏ နံနက်ခင်းသည် သာယာလွန်းနေသည်။

ယနေ့ ကျောင်းပိတ်ရက်မို့ စတုတ္ထတန်းကျောင်းသား လှမိုး၊ ခင်မောင်နှင့် ငကျန်တို့သုံးယောက် နေ့လယ်ပိုင်းတွင် ရွာလယ်ဇရပ်ကြီး၌ ဆုံမိကြ၏။ ငယ်သူငယ်ချင်းသုံးယောက်မှာ အိမ်နီးချင်းဖြစ်သလို အတန်းတူတွေလည်း ဖြစ်ကြသည်။ ခုလို ကျောင်းပိတ်ရက်တိုင်း ရွာပြင်ထွက်ပြီး တစ်ခုမဟုတ် တစ်ခု သွားဆော့ကြစမြဲ။

“တို့ ဒီနေ့ တစ်နေရာရာ သွားကြရအောင်ကွာ”

“သွားမယ်ဆိုလည်း လှေနဲ့ သွားရတဲ့နေရာပဲ သွားချင်တယ်ကွာ”

“အဲလိုဆို တို့ ကံပြင်ကျွန်း သွားကြမယ်လေ”

“မင်း လမ်းသိလို့လား”

“သိတာပေါ့ကွာ၊ တို့ အဖေကြီးနဲ့ ဇီးကိုင်းကျွန်းသွားတုန်းက ဒိုးတန်းပြွန်ဆိုတဲ့ ချောင်းကို ပြတယ်လေ။ အဲဒီချောင်းအတိုင်း ဝင်သွားရင် ကံပြင်ကျွန်းရောက်တယ်တဲ့”

“ကံပြင်ကျွန်းမှာ ဘာသွားလုပ်ကြမှာလဲကွာ”

“ဟေ့ကောင် ငတုံး၊ ကံပြင်ကျွန်းမှာ ဒီလိုရာသီ ကြာပန်းတွေ ပေါမှပေါတဲ့။ နောက်ပြီး အဲဒီ ကံပြင်ဆည်ကြီးအနီးမှာလဲ ငှက်သိုက်တွေ အများကြီးပဲတဲ့”

“ဟေ . . . . ဟုတ်လား၊ ဒါဖြင့် သွားကြမယ်လေ”

“သွားဖို့ဆိုတာတော့ ဟုတ်ပါပြီ။ တို့ ဘယ်လှေနဲ့ သွားကြမှာလဲ”

“လှေဆိပ်မှာ တွေ့တဲ့လှေတစ်စီးစီး ယူကြတာပေါ့ကွာ”

လှမိုး၊ ခင်မောင်နှင့် ငကျန်တို့မှာ လုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် တီးလုံးတိုက်နေကြခြင်းပင်။

သူငယ်ချင်းသုံးယောက် လှေဆိပ်သို့ ခပ်သွက်သွက်ပဲ ဆင်းလာကြသည်။ ချည်တိုင်တွင် ချည်ထားသော လှေများကို လိုက်ကြည့်ကြ၏။

“ဟိုမှာ တွေ့လား၊ အဲဒီလှေကလေး ယူရအောင်ကွာ။ ရေလည်း တစ်ပေါက်မှ မဝင်ဘူး။ လှေကလေးက ကော့နေတာပဲ”

“အေး . . . . ဟုတ်တယ်ကွာ၊ အဲဒီလှေ ယူကြမယ်”

သူတို့သုံးယောက် ပြေးသွားလိုက်ကြသည်။ လှေပေါ်သို့ လှမ်းတက်လိုက်ကြ၏။

“ဟေ့ကောင်တွေ … တို့ သွားဖို့သာ လုပ်နေကြတာ။ ဘယ်မှာလဲ လှော်တက်”

“ဟာ . . . . ဟုတ်ပါရဲ့ကွာ။ တို့မှာ လှော်တက်မှ ပါမလာကြသေးတာ။ ရယ်ရတယ်ကွာ … ဟား… ဟား… ဟား”

လှမိုး စကားကြောင့် ခင်မောင်က အားရပါးရပြောပြီး ရယ်နေလိုက်သည်။

“ရပါတယ်ကွာ။ ဒီနားက ဦးဖိုးညိုအိမ်နားမှာ ဝါးခြမ်းပြားတွေ တွေ့တယ်။ ငါ သွားယူလိုက်မယ်”

ငကျန်မှာ ပြောပြောဆိုဆို ကမ်းသို့ ခုန်တက်ပြီး ပြေးသွားလိုက်သည်။ သိပ်မကြာမီ ဝါးခြမ်းပြားသုံးခြမ်းကို ပခုံးပေါ် တင်ပြီး ပြန်ရောက်လာသည်။

“ဒီကောင် မဆိုးဘူးကွ … တော်တယ်”

ခင်မောင်က အားရဝမ်းသာ ပြောလိုက်၏။

“ကဲ … ကဲ … ဖယ်နေကြ၊ ဝါးခြမ်းတွေ လှေထဲ ပစ်ချလိုက်မယ်”

“ဂလွမ်း”

ငကျန်မှာ ပြောရင်းပင် ဝါးခြမ်းတွေကို လှေထဲသို့ ပစ်ချလိုက်သည်။ ကိုယ်တိုင်လည်း လှေပေါ်သို့ ခုန်တက်လိုက်၏။

“ကဲ … သွားကြစို့၊ ကြိုးဖြုတ်ကွာ”

ခင်မောင်က အမိန့်ပေးသံပြုလိုက်ရာ ငကျန်က ချက်ချင်း လှေကြိုးကို ဖြေလိုက်၏။

“ဟေ့ကောင်တွေ … နေကြဦး။ တို့ ဘယ်သူက ပဲ့ကိုင်တတ်လို့လဲ”

“ဟေ့ကောင် လှမိုး၊ ရှည်မနေနဲ့။ ငါတတ်တယ်၊ မင်း ဦးဖျားက လှော်၊ ငကျန်က အလယ်ခန်းကလှော်၊ ငါက ပဲ့ကိုင်မယ် … ဒါပဲ”

လှမိုး၏အမေးကို ခင်မောင်က အေးအေးဆေးဆေး ပြန်ပြောလိုက်၏။

“ကဲ … ထွက်မယ်ကွာ၊ လှေသားတွေ ညီညီညာညာ လှော်ကြနော်”

ခင်မောင်မှာ ပြောရင်း လှော်တက်ကို ကန့်ကျိတ်ပြီး လှေဦးကို လှည့်ပေးလိုက်၏။

“ဟာ … ဒီကောင်မဆိုးဘူးကွ၊ ဟေ့ကောင် … မင်း အဲလို ပဲ့ကိုင်ဖို့ ဘယ်တုန်းက တတ်နေတာလဲဟ”

“ငါက အဘိုးတို့ အိမ်နောက်ဘက်ချောင်းဖျားမှာ လှေလှော်ကစားနေကျကွ။ ယောက်ျားတို့ တတ်အပ်တဲ့ ပညာပဲလေ”

ခင်မောင်မှာ ခပ်ကြွားကြွားပြောရင်း လှေကို တစွတ်စွတ် လှော်ပေးလိုက်သည်။

လှမိုးနှင့် ငကျန်တို့ကလည်း မခေ။ ဝါးခြမ်းတက်ကလေးများဖြင့် အားရှိပါးရှိ ကျုံးလှော်လိုက်ကြ၏။

လှေကလေးမှာ ရွာချောင်းရေပြင်တွင် ရေယက်ကလေးဖွေးဖွေးဖြင့် ခပ်သွက်သွက် ပြေးနေသည်။

“ယီး လေ့ လေး … ယီး လေ့ လေး”

“ယီး လေ့ လေး … ယီး လေ့ လေး”

“ယီး လေ့ လေး … ယီး လေ့ လေး”

သူငယ်ချင်းသုံးယောက်မှာ သံပြိုင်ဟစ်ပြီး အားဖြည့် လှော်နေကြ၏။ ချောင်း၏ ဝဲယာနှစ်ဘက်မှ ဓနိပင်တန်းကလေးများက လှေကလေးကို တသွက်သွက်ခါယမ်း နှုတ်ဆက်နေကြ၏။

“ပျော်လိုက်တာကွာ”

ငကျန်၏ ဆန္ဒတရား နှုတ်ဖျားမှ လွင့်စင်ထွက်ကျ လာသည်။

“ဟုတ်တယ်နော် … ဟိုတစ်ခေါက် ရွာတောင်ကြီးတက်ကြတာထက် ပျော်ဖို့ကောင်းတယ်”

ငကျန်၏စကားကို လှမိုးက အားဖြည့်ပေးလိုက်သည်။

“ဟေ့ကောင်တွေ … လှော်ကြကွာ၊ စကားများနေလို့ ရောက်မှာလား။ ရေကျရင် ရွာပြန်မရောက် ဖြစ်နေမယ်”

“အောင်မယ်လေး … မင်းက လှေဦး ဘယ်ညာလှည့်ပေးရုံတင်၊ သိပ်ပြီး ဆရာကြီးမလုပ်နဲ့ကွာ။ မင်းလည်းလှော်”

ခင်မောင် စကားကို လှမိုးက ပြန်တွယ်လိုက်သည်။

သူငယ်ချင်းသုံးယောက်မှာ ပြိုင်တူကျုံးလှော်လိုက်ကြပြန်သည်။ ရွာချောင်းကြီးမှ လက်တက်ဖြာထွက်နေသော ဒိုးတန်းချောင်းဝသို့ ရောက်လာကြ၏။

“ဟဲ့… ဟဲ့… ဟဲ့… ဟိုမှာ”

လှမိုးက လှေဦးက ကြောက်လန့်တကြား အော်လိုက်၏။ လှမိုး လက်ညှိုးညွှန်ပြရာသို့ အားလုံးပြိုင်တူ လိုက်ကြည့်လိုက်ကြရသည်။ အုန်းသီးလုံးခန့်ရှိ မည်းမည်းနက်နက် အရာဝတ္ထုသုံးခု လှေဦးရှေ့က လှုပ်လှုပ် လှုပ်လှုပ် တွေ့လိုက်ကြရသည်။

“အဲဒါ မိချောင်း …မိချောင်း”

“ဟေ့ကောင်တွေ လှေနံခေါက် … လှေနံခေါက်”

ငကျန်က ကျုံးအော်လိုက်သည်။

“ဒေါက် … ဒေါက် … ဒေါက် … ဒေါက် … ဒေါက်”

ဝါးခြမ်းလှော်တက်များကို လှေစပ်နံအား ပြိုင်တူခေါက်လိုက်ကြရာ ချောင်းရိုးတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ဝါးခြမ်းပြားများမှာ ဝါးအရင်းပိုင်းတွေမို့ ကွဲခြမ်းမသွားကြ။

“နစ်သွားပြီ … နစ်သွားပြီ၊ မြန်မြန်လှော်ကြကွာ”

လှမိုးက သတိပေးလိုက်ရာ လှေကို ကျုံးလှော်လိုက်ကြပြန်သည်။ လှေမှာ ပြေးအားကောင်းကောင်းဖြင့် ဒိုးတန်းချောင်းထဲသို့ ဝင်လာသည်။ ဒိုးတန်းချောင်းမှာ ပိုမိုကျဉ်းမြောင်းလာသဖြင့် ဓနိခင်းထဲသို့ လှေဦး မကြာခဏ တိုးဝင်သွားရာ ဓနိလက်များကို တွန်းကန်ပြီး လှေကို ပြန်ပြန်ထုတ်ယူရသည်။

“ဟဲ့ … ဟိုမှာတွေ့လား၊ လက်ယာဘက်က မြင်နေ ရတဲ့ လယ်ကွင်းဟာ ကံပြင်ကျွန်းပဲ”

“ဟာ … ရောက်တော့မှာ … ရောက်တော့မှာ”

ရေပြင်ကျယ်တစ်ခုကိုဖြတ်ပြီး ကံပြင်ကျွန်းသို့ ဦးတည်လှော်လိုက်ကြရာ ရေငန်တား တာပေါင်ရိုးကြီးသို့ ဆိုက်ရောက်ခဲ့သည်။

လှမိုးက ရှေ့က လှေကြိုးကို ကိုင်ပြီး တက်လိုက်၏။ ဆလီထူးကိုင်းတစ်ခုတွင် လှေကြိုးကို ချည်လိုက်၏။

သုံးယောက်စလုံး တာပေါင်ရိုးပေါ် တက်ပြီး ကံပြင်ကျွန်းကို ဝှေ့ယမ်းကြည့်လိုက်ကြသည်။

“လယ်ကွင်းပြင်ကြီးက အကျယ်ကြီးပဲနော်”

“ဟုတ်တယ်ကွာ၊ တဲတွေလည်း ဟိုနားတစ်လုံး ဒီနား တစ်လုံး အဝေးကြီးပဲ။ ဟိုက ကွင်းလယ်က ဆည်ကြီးကတော့ ကံပြင်ဆည်ကြီးဆိုတာ ဖြစ်လိမ့်မယ်”

လှမိုးနှင့် ခင်မောင်တို့ ကွင်းပြင်ကြီးကို ကြည့်ပြီး ထင်မြင်ချက်ပေးလိုက်ကြသည်။

“တို့ ဒီလိုကြည့်နေလို့ မရဘူးလေ။ ဆည်ကြီးဘက် သွားလိုက်ကြရအောင်”

“အေး … ဟုတ်တယ်၊ ကဲ … သွားလိုက်ကြစို့”

ငကျန် စကားကို ခင်မောင်က ထောက်ခံလိုက်သည်။ သုံးယောက်စလုံး လယ်ကွင်းထဲသို့ ဆင်းပြီး လယ်ကန်သင်းရိုးအတိုင်း လျှောက်လိုက်ကြသည်။

ကံပြင်ကျွန်းမှာ ကောက်ကြီးစပါးစိုက်သော လယ်ကွင်းဖြစ်သည်။ သည်နှစ်တွင် နှောင်းမိုးကောင်းသဖြင့် ကောက်ကြီးစပါးပင်များ သန်လွန်းလှသည်။ လှမိုးတို့သုံးယောက်၏ အရပ်လောက်ကတော့ စပါးခင်းထဲတွင် အေးအေးဆေးဆေး ပျောက်သွားသည်။

“ဟိုမှာ … ဟိုမှာ … တွေ့ပြီ … တွေ့ပြီ၊ ကြာတွေ အများကြီးပဲ”

လှမိုး ညွှန်ပြရာသို့ ပြိုင်တူကြည့်လိုက်ကြ၏။

ဆည်ကြီးတစ်ခုလုံးကို ကြာရွက်များဖြင့် ဖုံးအုပ်ထား၏။ ကြာဖြူ၊ ကြာနီ ပွင့်ငုံများက ကြာရွက်များပေါ်က ထိုးထိုးထောင်ထောင် လှမာန်ဆောင်ကာ ရှိနေကြသည်။

“ဟာ … အားရစရာကြီးကွာ၊ ကဲ … ဆင်းပြီဟေ့”

“ဗွမ်း”

ခင်မောင်သည် ဆည်ထဲသို့ ခုန်ဆင်းပြီး ရေလယ်သို့ ကူးသွား၏။

“ဗွမ်း”

“ဗွမ်း”

လှမိုးနှင့် ငကျန်တို့ကလည်း ရှေ့ဆင့်နောက်ဆင့် ခုန်ဆင်းလိုက်ကြသည်။

ဆည်ကြီးတစ်ခုလုံးတွင် ကြာရိုးကြာနွယ်များဖြင့် ပြည့်နှက်နေပေရာ တစ်နေရာနှင့် တစ်နေရာ တော်တော် ခက်ခက်ခဲခဲ ကူးခတ်ကြရသည်။

လှမိုးတို့ သုံးယောက်မှာ ကြာဖြူ ကြာနီပန်းများကို ကူးခတ်ပြီး ခူးဆွတ်ကြသည်။ ရသမျှကို လက်ဖြင့် ဆုပ်ကိုင်ထားကြ၏။ လက်တွင် ပြည့်လာလျှင် လက်တစ်ဘက် ဖြင့် ချိုင်းကြားတွင် ညှပ်ထားပြီး ကျန်လက်တစ်ဘက်ဖြင့် ကူးခတ်ကာ ချိုးယူကြပြန်သည်။

“ကြာတွေက အများကြီးပဲကွာ၊ ပျော်လိုက်တာကွာ”

လှမိုးတို့မှာ ကြာပန်းများကို ဟိုတစ်ပွင့် သည်တစ်ပွင့် ကူးခတ်ချိုးယူနေကြသည်။

“ငါ့တော့ ဒီမှာ ပြည့်နေပြီဟေ့၊ ကမ်းကူးပြီး သွားထားလိုက်ဦးမယ်”

“အေး … ငါလဲ ပြည့်နေပြီကွ”

ခင်မောင်နှင့် ငကျန်တို့ နှစ်ယောက် ကမ်းသို့ ကူးသွား ကြပြီး ကြာပန်းများကို ပုံထားလိုက်ကြသည်။

“ဟေး … လာကြပါဦးကွ၊ ငါ့ခြေထောက် ကြာနွယ် တွေ ရစ်နေပြီ။ ငါ ရေကူးမရတော့ဘူး။ ဝူး … ဝူး … ဝူး”

လှမိုးထံမှ မချိမဆန့် အော်သံကြောင့် ခင်မောင်နှင့် ငကျန်တို့ လှမ်းကြည့်လိုက်ကြရာ လှမိုးမှာ ကူးခတ်မရတော့ဘဲ ရေများပင် ပါးစပ်ထဲ ဝင်နေပေပြီ။ ခင်မောင်နှင့် ငကျန်တို့မှာ ချက်ချင်း ဆည်ထဲသို့ ခုန်ဆင်းလိုက်ကြပြီး လှမိုးထံသို့ ကူးသွားကြ၏။

လှမိုးထံမှ စကားသံ ပီပီသသ မထွက်တော့ချေ။

ငကျန်က လှမိုးထံမှ ကြာပန်းများကို လှမ်းယူပြီး လက်တစ်ဘက်ဖြင့် ချိုင်းအောက်တွင် ညှပ်ယူထားလိုက်၏။ ကျန်လက်တစ်ဘက်ဖြင့် လှမိုးကို တွဲကူလိုက်သည်။

ခင်မောင်က လူမိုး ခြေထောက်တွင် ရစ်ပတ်နေသော ကြာနွယ်ရိုးများကို ရေငုပ်ပြီး ချိုးဖြတ်လိုက်သည်။ နောက် လှမိုးကို တွဲကူကာ ကမ်းသို့ ကူးလာကြ၏။

ကျွန်းစဉ်ဒေသသည် မြစ်ချောင်းများ ယှက်ဖြာဝန်းရံ နေသော ဒေသဖြစ်ပေရာ လှမိုးတို့အရွယ်ဆို ယောက်ျား မိန်းမ အကုန်လုံး ရေကူးတတ်နေကြပေပြီ။

ကမ်းသို့ရောက်လျှင် မြက်တောကြီးထဲတွင် အနားယူပြီး မှေးနေလိုက်ကြသည်။

“လှမိုး … မင်း တော်တော်ပင်ပန်းသွားတယ်ထင်တယ် … ဟုတ်လား”

“အေးပေါ့ကွာ … ငါ ရေတွေတောင် သောက်သွားရတာ၊ တော်တော်မွန်းကျပ်သွားတယ်”

“ဒါဖြင့် မင်း မခူးနဲ့တော့၊ အနားယူနေ။ တို့နှစ်ယောက် ခူးမယ်နော်”

ခင်မောင်နှင့် ငကျန်တို့ ကြာပန်းများ ဆက်ခူးကြပြန်သည်။ ခူးရင်း ကမ်းပြန်ထားရင်းနှင့် အပုံတော်တော်ကြီးလာသည်။

“ကဲ … တော်လောက်ပြီ။ တို့ သယ်မနိုင် ဖြစ်နေကြ လိမ့်မယ်”

“အေး … တော်ပြီ … တော်ပြီ”

သူငယ်ချင်းသုံးယောက် ကြာပန်းများကို လည်ပင်းတွင် တစ်ဘက်တစ်သွယ် တွဲလောင်းချပြီး တင်လိုက်ကြသည်။

“ဟ …အများကြီးပဲ၊ တော်တော်လေးနေပြီ”

“ပြန်ကြစို့ကွာ”

“ဟေ့ … မင်းတို့ကို တစ်ခုပြောမယ်”

“ဘာလဲကွာ”

“ဟိုမှာကြည့် … ဆည်တစ်ဘက်ကမ်းမှာ ညောင်ချုံကြီး တွေ့တယ်မဟုတ်လား။ အဲဒီ ညောင်ချုံကြီးထဲမှာ ဆက်ရက်သိုက်တွေ အများကြီးရှိတယ်ဆိုပဲ။ ဒီရာသီ ဆက်ရက်ပေါက်တဲ့ ရာသီတဲ့ … သိလား။ အဲဒီနေရာ သွားကြည့်ကြရအောင်နော်”

“အေး … ဒါဆို သွားမယ်ကွာ”

ကြာပန်းတွေကို လည်မှာဆွဲပြီး ညောင်ချုံတောကြီးသို့ ဆက်သွားကြသည်။ တောကြီးမှာ နွေရာသီ ကျွဲနွားများ အရိပ်ခိုနားသော ညောင်ကြတ်တောဖြစ်ပြီး ပိန်းပိတ်နေ၏။

သုံးယောက်စလုံး ညောင်ကြတ်တောသို့ ဝင်လိုက်ကြသည်။ အဖော်ကောင်းတော့ ရဲခဲ့ကြသည်။

ညောင်ကြတ်ပင်အုပ်ကိုမော့ကြည့်လိုက်ကြ၏။

“ဟာ … ငှက်သိုက်တွေချည်းပဲကွ … တွေ့လား”

လှမိုးက အံ့ဩတကြီး ပြောလိုက်သည်။

“ဟုတ်သားပဲ … တက်မယ်ကွာ”

ငကျန်က ဝမ်းသာအားရ ပြောလိုက်ပြန်သည်။

“ကြာတယ်ကွာ၊ တစ်ယောက်တစ်ပင် တက်မယ်”

ကြာပန်းများကို အပင်ခြေရင်းတွင် ပုံထားပြီး သစ်ပင်များကို တက်လိုက်ကြသည်။

ငှက်သိုက် တော်တော်များများ တွေ့ကြရသည်။ ငှက်သိုက်ရှိရာ ရွက်အုပ်များသို့ လျှောက်လိုက်ကြ၏။ ငှက်သိုက်များကို သစ်ကိုင်းခြောက်၊ ကောက်ရိုးခြောက်၊ မြက်ခြောက်လေးများဖြင့် ဖွဲ့စည်းထားကြသည်။

ငှက်သိုက်များမှာ အုန်းသီးလုံးလောက်စီ ရှိကြပြီး ငှက်မများ ဝင်ထွက်ရာ အပေါက်ကလေးတစ်ပေါက်သာ ရှိသည်။

လှမိုးက ငှက်သိုက်တစ်သိုက်ကို လက်နှိုက်လိုက်၏။ လက်ကို ပြန်ထုတ်ယူလာရာ ငှက်ကလေး နီတာရဲကလေးက တဖျတ်ဖျတ်လှုပ်ကာ ပါလာ၏။

“ဟေ့ . . . . ဒီမှာ ငှက်ကလေး”

“ဟုတ်လား . . . . မင်းခါးပိုက်ထဲ ထည့်ထားလေကွာ”

“ငါလဲ နှိုက်ကြည့်လိုက်မယ်”

ခင်မောင်သည် ငှက်သိုက်ကို နှိုက်လိုက်သည်။

“ဟာ … ဒီမှာလည်း ငှက်ကလေး ဟေ့”

“ဒီမှာလည်း တွေ့တယ်ဟေ့”

သူငယ်ချင်းသုံးယောက် ဟိုအသိုက် သည်အသိုက် နှိုက်လိုက်ကြရာ ဆက်ရက်ကလေး တစ်ယောက် ငါးကောင်စီ ရရှိကြသည်။ ခါးပိုက်ထဲထည့်ပြီး အပင်ပေါ်မှ ဆင်းလာကြ၏။

ဆက်ရက်ငှက်မများက သားသမီးကြောင့် ဖြစ်တည်သော သောကမီးကြောင့် ပြင်းပြပူလောင်နေကြပုံရသည်။ ဟိုပင် သည်ပင် ခုန်ပျံကာ ကျည်ကျည်ကျာကျာ အော်မြည်နေကြ၏။

“ဒီနေ့ တို့တော့ ဟန်ကျပြီကွာ၊ ငှက်ကလေးတွေလည်း ရတယ်၊ ကြာပန်းတွေလည်း အများကြီးပဲ”

“ကဲ … ကဲ … တို့ ပြန်ကြမယ်ကွာ၊ နေတောင် ဝင်လုနီးနေပြီ။ ရွာကို တစ်နာရီကျော်ကျော်လောက် လှော်ရမှာနော် … မလွယ်သေးဘူး”

“အေး … ဟုတ်တယ်ကွာ၊ သွားကြစို့”

ကြာပန်းတွေကို လည်ပင်းတွင် အစည်းလိုက် တွဲလောင်းချပြီး တင်လိုက်ကြ၏။ ငှက်ကလေးတွေကိုတော့ ပုဆိုး ခါးပုံစတွင် ခါးပိုက်လုပ်ပြီး ထည့်လိုက်ကြသည်။ ငှက်ကလေးတွေက အမွေးအတောင် မစုံသေးပေမယ့် တောင်ပံကလေးတွေ တဖျပ်ဖျပ်ခတ်နေပေပြီ။

အပြန်ခရီးတွင် သူတို့၏ ခြေလှမ်းများမှာ အပျော်စိတ်နှင့်မို့ သွက်လွန်းနေကြ၏။

“ကြာဖြူ ကြာနီ ကြာညိုနှောလို့
တို့လယ်တောမှာ ပွင့်ကြတယ်
ကောက်စိုက်အပြန် ရေကန်ကြီးက
ကြာတစ်စည်းလောက် ချိုးခဲ့ကွယ်”

လှမိုးက စလိုက်လျှင်ပင် ပြိုင်တူ အော်ပစ်လိုက်ကြသည်။ လူငယ်သုံးယောက်၏ အပျော်မျက်နှာများမှာ ရွှန်းလဲ့တောက်ပနေကြသည်။

“ရောက်တော့မယ်ကွာ၊ တို့ လှေထားခဲ့တဲ့နေရာနဲ့ နီးလာပြီ”

ကလေးသုံးယောက်မှာ မြက်တောထူထူကြီးတွေ့လျှင် လွှားခနဲ လှမ်းလိုက်ကြ၏။ ချောက်ကလေးတွေ့လျှင်လည်း ဖြောက်ခနဲ ခုန်ကျော်လိုက်ကြသည်။

ရေငန်တား တမံရိုးကြီးနားသို့ ရောက်လာကြပေပြီ။

တမံရိုးကို တွယ်ချိတ်တက်ပြီး ရေငန်ချောင်းရိုးဘက်သို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြ၏။

“ဟာ”

“ဟင်”

“သွားပြီကွာ …. ”

လူငယ်သုံးယောက်၏ အပျော်စိတ်ကလေးများအား သောကတောင်ထုကြီးက ဖိနင်းလိုက်ချေပြီ။

ဒီရေစစ်ချိန် ဖြစ်နေပေပြီ။ ဆားငန်ရေလွှမ်း မြေပြင်မှာ တွယ်ကပ်ပေါက်ရောက်နေကြသော မြက်ခါးတောကြီးက ကြည့်မဆုံး။ ဆားငန်ပြင်များအလယ်တွင် ဒီရောက်တောတွေကလည်း ဟိုနားတစ်စု သည်နားတစ်ဝန်း။

အဆိုးဆုံးမှာ သူတို့၏ လှေကလေးမှာ ဆလီဆူးချုံထိပ်ဖျားသို့ ရောက်နေခြင်းပင်။

ရွှံ့လတာပြင်ထဲသို့ သုံးယောက်စလုံး ပြေးဆင်းလိုက်ကြ၏။ ပေလေးဆယ်ဝန်းကျင်ခန့်ရှိ ဆလီဆူးချုံကြီးထိပ်ဖျားတွင် တင်နေသော လှေကလေးကို မော့ကြည့်ပြီး ဝမ်းနည်းရိပ်များ ယှက်သန်းသွားကြသည်။

“အဲဒါ ပြဿနာပဲကွာ။ တို့ ဒီရောက်တုန်းက ရေပြည့်ချိန်ကိုးဟ။ အဲဒါ တို့က မစဉ်းစားဘဲ ဆလီချုံခက်ကလေးမှာ လှေကြိုးချည်ပြီး ထားခဲ့ကြတာကိုး”

“အေးကွာ၊ ရေစစ်လာဦးမယ်ဆိုတာ တို့ သတိမထားမိကြပဲကိုး”

“တို့ကလည်း ကြာပန်းတွေဆီပဲ စိတ်က ရောက်နေကြတာနော်”

လှမိုး၏ ရင်အစုံတွင် နောင်တနှင့် သောကသည် ထွေးလုံးရစ်ပတ်နေကြ၏။

“အဲဒါ ဘယ်လိုလုပ်ကြမလဲဟင်”

“ဒီလှေကိုတော့ တို့ ဘယ်လိုမှ ချယူလို့မရဘူး။ ဆလီချုံက ကပ်လိုက်တာနဲ့ တို့ကို ချိတ်ကြတော့မှာ။ ဆလီဆူး စူးတာ သိပ်နာတာ”

နေကလည်း ဝင်လုနီးနေပြီ။ အနောက်ဘက် ဒီရောက်တောတန်းကြီးတွင် မေးတင်နေပေပြီ။

“တို့ ဘယ်လိုလုပ်ကြမလဲ. . . ငါတော့ ငိုချင်လာပြီ”

ငကျန်မှာ အားငယ်တတ်သူပီပီ ပြောရင်း ငိုသံကြီးများ ရောလာပြီး မျက်ရည်ဝဲလာ၏။

“ဟေ့ကောင်. . . ငိုနေလို့ရမှာလားဟ။ တို့ ဒီလိုလုပ် ကြမယ်”

“ကဲ. . . . မင်း အကြံပြော”

လှမိုး ဆန္ဒကို ခင်မောင်က တောင်းခံလိုက်သည်။

“တို့ ဟိုမှာ တွေ့လား . . . .ဟိုးဝေးဝေးမှာ ပျပျမြင်နေ ရတဲ့ ဘုရားစေတီဟာ တို့ ရွာတောင်ကပဲ။ အဲဒီဘုရားကို မှန်းပြီး တို့ လျှောက်ကြမယ်။ ကြာပန်းတွေကိုတော့ ဒီတမံရိုးကြီးပေါ်မှာပဲ ပုံထားခဲ့ကြမယ်။ မနက်ဖြန် လာယူကြတာပေါ့ကွာ”

“အေး . . . . မင်းပြောတာတော့ မဆိုးဘူး။ တို့ ဒီငှက် ကလေးတွေကကော”

“ဒါလဲ …. တမံရိုးကြီးဘေးက သစ်ခွပင်အောက်မှာ ဖက်ခြောက်ကလေးတွေနဲ့ အုံထားခဲ့ကြမယ်လေ”

“အေး . . . . မင်းအကြံလည်း မဆိုးဘူးကွ”

“တို့ သွားရမယ့်လမ်းမှာ ဒိုးတန်းချောင်းကြီး ရှိနေတယ် ဆိုတာကော မတွေးမိကြဘူးလား”

“ဟေ့ကောင် ငကျန်ရာ . . . . မင်းဟာလေ ကြောက်ဖို့ အားငယ်ဖို့ပဲ သိတာ။ အဲဒီချောင်းကြီးက ခု ရေစစ်ချိန်ဆိုတော့ ရေက ပေါင်ရင်းတောင် မထိဘူးဟ … သိလား။ ရွှံ့ကျွံတာလောက်ပဲ ရှိတာ။ ဟိုဘက်ကမ်းရောက်ရင် ဓနိတော တိုးပြီး ထွက်သွားရင် ရွာပြင်ကိုလှမ်းမြင်ရတော့မှာ။ လာပါ … တို့ လူခြေတိတ်ချိန်လောက်ဆို ရွာရောက်နိုင်တယ်”

“ဘယ်လောက်ကြာမှာလဲဟင်”

“ဟေ့ကောင်ငကျန် အဲဒါတွေ မေးမနေနဲ့။ မသွားလို့မဖြစ်ဘူး။ နှစ်နာရီလောက်တော့ ရွှံ့ထဲ လျှောက်ရမှာ ပေါ့ကွာ။ ကဲလာ . . . . ကြာတယ် . . . သွားကြစို့”

သုံးယောက်စလုံး တမံရိုးကြီးကို ပြန်တွယ်တက်ပြီး ကြာပန်းများနှင့် ငှက်ကလေးများကို နေရာတကျထားလိုက်ကြသည်။ ချက်ချင်းပဲ ရွှံ့လတာပြင်ထဲသို့ ဆင်းလိုက်ကြ၏။ ဘုရားစေတီကလေးကို ရှေးရှုပြီး လတာပြင်ကြီးကို ခရီးပြင်းနှင်နေကြလေပြီ။

လှမိုးက,ကောင်းကင်သို့ တစ်ချက်မော့ကြည့်လိုက်၏။

“ငှက်တွေတောင် အိပ်တန်းပြန်နေကြပြီကွာ”

“ငါတော့ ဗိုက်ကလည်း အရမ်းဆာနေပြီကွာ။ ညကလည်း မှောင်လာပြီ။ ဒုက္ခပဲ … ဘယ်လိုလုပ်ကြမလဲ”

“ဟေ့ကောင် ငကျန်… မင်းဟာ အဲလိုပဲ၊ အမြဲတမ်း အားငယ်တတ်တယ်။ သွားမှ ရွာရောက်မယ်။ ရွာရောက်မှ ထမင်းစားရမှာပေါ့ကွ”

“ဖြုတ်ကလဲ . . . . နေမှောင်လာလို့ ထင်တယ်ကွာ။ အုံလာကြပြီ။ မလွယ်ဘူးဟ၊ ယားစပ်စပ်နဲ့ အခံရဆိုးလိုက်တာ”

“ဟေ့ကောင် . . . ခင်မောင်၊ မင်းကပါ ညည်းလာ ပြန်ပြီ ဟုတ်လား။ လာတုန်းကတော့ မင်းပဲ ဦးဆောင်လာခဲ့တာ။ အခက်အခဲဖြစ်လာတော့လည်း ခံနိုင်ရမှာပေါ့ကွာ … ယောက်ျားပဲ”

လှမိုးမှာ လူပုံနွဲ့သလောက် ဇွဲသတ္တိကောင်းသူဖြစ်သည်။ လှမိုး သူငယ်ချင်းနှစ်ယောက်ကို အားဖြည့်စကား ပြောလိုက်၏။

“ဟေ့ . . . ဟိုမှာ တွေ့လား၊ ရှေ့မှာ ဆီးနေတာ ဒီရောက်တောကြီးလေ။ အဲဒီတောဟာ ဒိုးတန်းချောင်းဘောင်ပဲ။ တို့ ချောင်းကို ဖြတ်သန်းလိုက်တာနဲ့ ဓနိတောကို ဖောက်တက်လိုက်ရင် ရွာမြင်ရတော့မယ်”

လှမိုးက အားဖြည့်စကား ပြောလိုက်ပြန်၏။

လှမိုးတို့မှာ တောတန်းကိုဖောက်ပြီး ဒိုးတန်းချောင်းသို့ ဆင်းလိုက်ကြ၏။ ချောင်းဘောင်တွင် ရွှံ့မှာ ပိုပျော့ပြီး ခြေထောက်ကို နင်းချလိုက်တိုင်း ပိုပြီး ကျွံဝင်သွားသည်။ ပုဆိုးကို ရေမစိုရေးအတွက် ခါးပုံစထိ မ,တင်ထားလိုက်ကြ၏။

“လာ … လာ … လာကြ … လာကြ၊ ငါ ဒီဘက် ရောက်သွားပြီ။ ခရီးတစ်ဝက် ကျိုးလာပြီကွ။ ရောက်တော့မယ် … အားမလျှော့ကြနဲ့”

လှမိုးက သူ့လူများကို အားဖြည့်စကား ပြောလိုက်၏။ ဖြုတ်ကောင်များကိုလည်း လက်နှစ်ဖက်ဖြင့် ပွတ်သပ်ချနေကြရရာ ဆိုင်းဝိုင်းထဲက ဆိုင်းဆရာလက်လို အငြိမ်နေရသည်မရှိ။

လူတွေမှာလည်း တစ်ကိုယ်လုံး ရွှံ့ပျော့များဖြင့် ပေကျံနေပေရာ ခွေးလိုက်ခံထားရသော မျောက်နှင့် ဘာမျှမခြား။

ဒိုးတန်းချောင်းတစ်ဘက်ကမ်းသို့ လှမ်းတက်လိုက်ကြပေပြီ။ ဓနိတောကို ဖောက်ထွက်လာကြ၏။

“ဟေ့ကောင်တွေ … ငါ့ကို တွဲခေါ်ကြဦးလေကွာ။ ငါ မတက်နိုင်တော့ဘူး”

“ဟေ့ကောင်ငကျန် … မင်းစိတ်ကို တင်းထားစမ်းပါ၊ စိတ်ဓာတ်မကျနဲ့”

“ငါ … မတက်နိုင်တော့လို့ပါကွာ”

“လာ …. လာ …. လာ … ဒါဆိုလဲ ငါတွဲခေါ် မယ်”

ငကျန်ကို လှမိုး တွဲခေါ်လိုက်၏။

လှမိုးတို့ ရွာပြင်လယ်ကွင်းသို့ ရောက်ချိန်တွင် မိုးချုပ်သွားခဲ့လေပြီ။

သင်္ချိုင်းအနီး တာလမ်းဘေးက ဖြတ်လျှောက်ပြီးမှ ရွာသို့ ရောက်ပေမည်။

သုံးယောက်စလုံး ရင်ထိတ်နေကြ၏။ သူငယ်ချင်းသုံးယောက် တစ်ယောက်လက် တစ်ယောက်တွဲကာ အရဲစွန့်ပြီး ရွာဆီသို့ လျှောက်လာကြ၏။ ရွာသို့ရောက်ချိန်တွင် လူခြေတိတ်ပြီး တစ်ရွာလုံး ဆိတ်နေခဲ့ပေပြီ။

သုံးယောက်စလုံး ကိုယ့်အိမ်ကိုယ် တိတ်တိတ်ကလေး ဝင်သွား၏။

“ဖုန်း”

“အောင်မလေး … နာပါတယ် အဖေကြီးရဲ့”

“သေပါပြီဗျ”

“ဖုန်း”

“နောက် … အဲသလို လုပ်ဦးမလား”

“မလုပ်တော့ပါဘူး အဖေကြီးရဲ့”

ငကျန်တို့အိမ်က အသံဗလံများသည် လှမိုးနားထဲသို့ ပဲ့တင်ထပ်ဝင်လာ၏။ လှမိုးမှာ ငကျန်၏အဖြစ်ကိုကြားပြီး ရင်တုန်နေသည်။ အဖေကြီးကို တစ်ချက်လှမ်းကြည့်လိုက်၏။ အဖေကြီးမှာ ကုလားထိုင်ပေါ်တွင်ထိုင်ရင်း စာကြည့်နေသည်။

အဘိုးလက်ထက်ကတည်းက ကျန်ခဲ့သော ဇိနတ္ထပကာသနီ ကျမ်းစာအုပ်ဖြစ်သည်။ အဖေကြီးမှာ အဆိုပါ ကျမ်းစာအုပ်ကို အားအားရှိတိုင်း ဖတ်တတ်ကြောင်း လှမိုး သိသည်။

ခင်မောင်တို့အိမ်ကလည်း ဘာသံမျှမကြားရ။

ခင်မောင်မှာက အဘိုးအို အဘွားအိုတို့နှင့် နေ၏။ ခင်မောင် ဘာပဲလုပ်လုပ် ခွင့်လွှတ်ကြသည်။

ယခုလည်း မြေးအနှစ်မို့ ရွှေပြည်အေးနေခြင်းပဲ ဖြစ်တန်ရာသည်။

xxx xxx xxx

နောက်တစ်နေ့မနက်ခင်းသည် မိုးရာသီလို့ မထင်မှတ်ရလောက်အောင်ထိ သာယာနေပြန်၏။

“သား … လှမိုး”

“ဗျာ … အဖေကြီး”

“လာ … လာ”

“ဟုတ်ကဲ့ ….လာပါပြီ အဖေကြီး”

လှမိုး မဝံ့မရဲဖြင့် အဖေကြီးကို လှမ်းကြည့်လိုက်၏။

အဖေကြီးက သားကို အသာတကြည် ကြည့်နေသည်။ လှမိုးက အသာအယာလှမ်းလာပြီး ခပ်လှမ်းလှမ်းက မတ်တတ်ရပ်နေ၏။

အဖေကြီးအနီးမှာ တုတ်တော့ မတွေ့ရ။ လှမိုး နည်းနည်း စိတ်အေးသလို ဖြစ်သွားသည်။

“ကဲ … လာ … သား ဒီနားထိုင်”

လှမိုး အဖေကြီးရှေ့မှာ ကျုံ့ကျုံ့ကလေး ထိုင်လိုက်သည်။ အဖေကြီး ရိုက်တော့မည်ဟု အတတ်တွေးလိုက်သည်။ ရင်တထိတ်ထိတ် ဖြစ်နေ၏။

“သားမှာ … အပြစ်ရှိလား မရှိဘူးလား”

“ရှိပါတယ် အဖေ”

“အဲဒီအပြစ်ရှိအောင် ဘယ်သူလုပ်ခဲ့တာလဲ”

“သားတို့ပဲ လုပ်ခဲ့ကြတာ”

“ဟုတ်ပြီ . . . . သားကို အဖေ ပြောပြမယ်”

လှမိုး တိတ်တိတ်ကလေး နားထောင်နေ၏။

“သားတို့ အဖြစ်အပျက်ကို ငကျန်တို့အဖေ ကိုစောထွန်း ပြောပြထားလို့ အဖေကြီး အကုန်လုံးသိထားပြီ။ သားတို့ယူသွားတဲ့ လှေကိုလဲ ညတုန်းကပဲ အဖေကြီးနဲ့ ကိုစောထွန်းနဲ့ သွားယူထားလို့ ရွာရောက်နေပြီ”

သူ့အဖေစကားကြောင့် လှမိုး အရမ်းဝမ်းသာသွားသည်။

“ဖေကြီးတို့ အဲဒီနေရာကို ဘယ်လိုလုပ်သိတာလဲဟင်”

“ပြောသံကြားကတည်းက အဲဒီနေရာဟာ ဦးသာဖိုး လယ်အောက်ဆိုတာ သိတာပေါ့ကွ။ သားတို့ ယူသွားတဲ့လှေက ဦးအောင်ချမ်းသာတို့ လှေလေ။ အဲဒါ သူတို့မှာလဲ မနေ့က လှေရှာမရတာနဲ့ လယ်ထဲ မဆင်းရ ဖြစ်သွားတာပေါ့။ အဲဒါလဲ အဖေတို့ သွားတောင်းပန်ထားပြီးပြီ။

အဲဒီလှေ ပျောက်သွားခဲ့ရင် လျော်ရမှာ မလွယ်ဘူးသားရဲ့။ ပိန္နဲသားလှေ … သိပ်ကောင်းတာ”

“မနေ့တုန်းက သားတို့ လမ်းတစ်ဝက်အရောက်မှာ မိချောင်းဆိုတာ တွေ့တယ်လို့ပြောတယ်။ အဲဒါ မိချောင်း မဖြစ်လောက်ဘူး။ ဖျံအုပ်တွေပဲ ဖြစ်မှာပါ။ မိချောင်းသာဆို သားတို့ အန္တရာယ်တွေ့တာပေါ့။

အဲဒီမှာတင် သားတို့ ဘယ်လောက်ကြောက်ခဲ့ရသလဲ။ ဟုတ်တယ် မဟုတ်လား”

“ဟုတ်ပါတယ် အဖေ”

“အဲဒီကတည်းက သားတို့ ပြန်လှည့်လာသင့်ပြီ။ အဲသလို ပြန်လှည့်မလာပဲ ဆက်သွားလိုက်တော့ ဘယ်လိုဒုက္ခရောက်ခဲ့ကြသလဲ”

လှမိုးမှာ ခေါင်းငုံ့ပြီး တိတ်တိတ်ကလေး နားထောင် နေသည်။

“ကံပြင်ဆည်ကြီးဆိုတာ ကြာတွေ အရမ်းပေါတာ။ အဲဒီမှာ သားခြေထောက်ကို ကြာနွယ်တွေ ရစ်ခဲ့သေးတယ်ဆို”

လှမိုး ခေါင်းညိတ်လိုက်သည်။

“အဲဒါ သား …. ဆွဲမရလို့ရှိရင် သား သေမှာ သိလား။

နောက်ပြီးတစ်ခါ သားတို့က ငှက်ကလေးတွေ သွားနှိုက်ကြသေးတယ် မဟုတ်လား”

လှမိုးမှာ အဖေ့ကို တစ်ချက်မော့ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ပြန်သည်။

“အဲဒါ ပိုဆိုးတာပေါ့ သားရယ်။ အသိုက်အမြုံဆိုတာ မဖျက်ကောင်းဘူး သားရဲ့။ သားတို့ …. အဲဒီ အမွေးမစုံ၊ အတောင်မစုံတဲ့ ငှက်ကလေးတွေ ယူလာကြတော့ သူ့ခမြာတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲ။ ခုလောက်ဆို ငှက်ကလေးတွေလဲ သေကုန်ရော့ပေါ့။ ငှက်မကြီးက သားချစ်တဲ့ ရတက်ဇောနဲ့ ဘယ်လောက်ထိ ပူလောင်ကြေကွဲရမလဲ။ မိဘဆိုတာ သားသမီးကို သိပ်ချစ်ကြတာလေ”

လှမိုးသည် သူတို့ ငှက်သိုက်နှိုက်စဉ် ဖျပ်ဖျပ်လူး နေသော ငှက်မကြီး၏အဖြစ်ကို ပြန်မြင်ပြီး သနားစိတ်ဝင်သွားသည်။

“သားတို့ မနေ့က ရွာကပျောက်သွားတော့ အဖေတို့ ဘယ်လောက်ထိ သောကများခဲ့ကြတယ်ဆိုတာ သားတို့ မသိဘူး။ ရှာကြတာလဲ ရွာတစ်ပြင်လုံး နှံ့နေပြီ။ တကယ်လို့ သားတို့သာ ပြန်မရောက်ရင် အဖေတို့လဲ အိမ်မှာနေရင်း ရာဇဝတ်မှုသင့်မှာလေ။

နောက်ပြီးတစ်ခါ သားတို့ ရွှံ့နွံတောကြီးကိုဖြတ်ပြီး ညဆည်းဆာချိန်မှာ လာခဲ့ကြတာလေ။ တကယ်လို့များ မျက်စိလည် လမ်းမှားပြီး တစ်နေရာရာရောက်သွားရင် ဘယ့်နှယ်လုပ်ကြမလဲ။ ခရီးကလဲ လူကြီးတွေတောင် တော်ရုံကိစ္စနဲ့ ဒီလမ်း သွားကြတာ မဟုတ်ဘူး။ ဖေကြီးတော့ တွေးရင်း ရင်တုန်လိုက်တာကွာ”

ဖေကြီး၏အသံမှာ တည်ငြိမ်လွန်းနေသည်။

“သားတို့က မှားမှန်း မှန်မှန်းမသိ၊ ကိုယ်လုပ်ချင်တာ
စွတ်လုပ်ကြတာကိုး”

“သားတို့ နောက် မမိုက်တော့ပါဘူး အဖေကြီးရယ်”

“အမှန်တော့ ဒီကိစ္စမှာ ဖေကြီးဟာ သားကိုရိုက်ရမှာ။ ဒါပေမယ့် မရိုက်ခဲ့ဘူး”

“ဘာကြောင့်လဲဆိုတော့ ရိုက်လိုက်ရင် သားက အသားနာရုံပဲ ရှိမှာ။ အရိုက်ခံရမှာစိုးလို့ နောက် အဲလိုမလုပ်ပဲနေရင် နေမယ်ပေါ့ကွယ်။ ဒါပေမယ့် ဒီဖြစ်ရပ်အတွက် သားမှာ ဘာသင်ခန်းစာမှ ရမှာမဟုတ်ဘူး။ အမှားနဲ့အမှန်၊ အဆိုးနဲ့အကောင်း ခွဲခြားပြီး စဉ်းစားတတ်မှာ မဟုတ်ဘူး”

လှမိုး၏မျက်နှာ ဝင်းပလာသည်။

“ခု … သားတို့ရဲ့ အမှားလုပ်ရပ်ထဲမှာ အဖေကြီး သဘောကျတဲ့ အချက်တွေပါတယ်။ အဲဒါ … ဖေကြီး လက်ခံတယ်”

“ဘာလဲဟင် …. ဖေကြီး”

လှမိုး အဖေ့ကို ခပ်ပြုံးပြုံးဖြင့် မော့ကြည့်ရင်း စိတ်ဝင်တစားမေးလိုက်သည်။

“ဘာလဲဆိုတော့ သားတို့ဟာ တက်မရှိပေမယ့် ဝါးခြမ်းပြားကလေးတွေနဲ့ လှေတစ်စီးကို လှော်ပြီး ကိုယ်ရည်မှန်းရာကို အရောက်သွားနိုင်ခဲ့ကြတယ်။

နှစ်အချက်က သားခြေထောက်ကို ကြာရိုးကြာနွယ်တွေ ရစ်ပတ်ပြီး ကူးမရ၊ ခတ်မရ ဖြစ်နေတုန်း သားသူငယ်ချင်းတွေက လက်တွဲကူပြီး သားကို အသက်ဘေးက ကူညီခဲ့ကြတာလေ။

သုံးအချက်က ငကျန်ဟာ စိတ်အားငယ်တတ်သူပီပီ မိုးလဲချုပ်သွားပြီ။ ရွှံ့လတာပြင်ကြီးကလဲ ကျွံ၊ ဗိုက်ကလဲ အရမ်းဆာလာတော့ အားငယ်စိတ်တွေ ဖြစ်လာတဲ့အချိန်မှာ သားတို့က အားဖြည့်စကားပြောပြီး ဖေးမခေါ်ယူလာခဲ့ကြတယ် မဟုတ်လား။

အဲဒါတွေဟာ . . . . သားတို့ရဲ့ စည်းလုံးညီညွတ်မှု၊ အခက်အခဲကို လက်တွဲဖြေရှင်းမှုဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တယ်လေ။

ဒါကြောင့် . . . .သားတို့လုပ်ရပ်ထဲမှာ အမှားကြားက အမှန်ကို အဖေကြီး ရှာဖွေတွေ့ရှိခဲ့တယ်။ သဲနဲ့ ကျောက်စရစ်ခဲတွေကြားမှာ ပုလဲလုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုရမှာပေါ့ သားရယ်။

အဲဒါ . . . . အမှန်တော့ သားတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို လှစ်ဟပြလိုက်တာပဲ သားရယ်”

လှမိုး၏ ဝင်းပသည့် မျက်နှာကလေးမှာ ပကတိရိုးသားဖြူစင်သည့် အပြုံးပန်းလေး ငွါးငွါးစွင့်စွင့် ဖူးပွင့်သွားခဲ့ပေသည်။

“သားတို့ရဲ့ အရည်အသွေးမှန်တဲ့ အရည်အချင်းတွေကို မှန်ကန်တဲ့လုပ်ရပ်ကလေးတွေမှာ အသုံးချနိုင်ကြပါစေကွယ်”

အဖေနှင့် အမေတို့၏ မျက်နှာပြင်များတွင် အေးမြသော အပြုံးများ ပြည့်လျှံသွားကြသည်။

– ပြီး –

စာရေးသူ – ကျွန်းစဉ်မြေစောခက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Leave a Reply

Your email address will not be published. Required fields are marked *