August 4, 2025

ချိုးငတင်

ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
ချိုးငတင်

အနောက်ဖက်အင်တိုင်းတလျှောက်ဝယ် ညံညံစာစာ တွန်ကျူးလျက်ရှိကြသည့် “တက်တက်တူး ခါခါ” အသံများ ထုတ်လွင့်ရာ ခါအုပ်ကို အပျင်းပြေ ပစ်ခတ်ရေးအတွက် တပ်ကြပ်ကြီးသန်းထွန်းကို ခေါ်ဆောင်ကာ ကျွန်တော်သည် ၁၂-ဘို့ သေနတ်တလက်စီ ယူဆောင်ကာ ရေစပ်စပ်နှင့် လယ်ကွင်းကိုဖြတ်ကာ လာခဲ့ကြသည်။

သို့ရာတွင် ရုတ်တရက် လေပင့်ဆော်အလိုက်တွင် တဖြောက်ဖြောက် ရွာချသည့်မိုးကို ရှောင်ကွင်းရန်အတွက် အင်တိုင်းတောစပ်နှင့် လယ်ကွင်းအနီးရှိ လယ်တဲ တတဲဆီသို အပြေးအလွှား ခိုဝင်ခဲ့ရသည်။

တဲရှင်မှာ ကျွန်တော်တို့ကို ကောင်းစွာ သိရှိကြသူများဖြစ်၍ ခရီးဦးကြိုပြုရင်း နေရာထိုင်ခင်း ပေးအပ်သည်ကြောင့် ခေတ္တမိုးခိုရင်း စကားစမြည် ပြောနေမိသည်။

ထိုအခိုက်တွင် တဖြောက်ဖြောက် ကျနေသော မိုးကို လုံးဝ ဂရုမစိုက်တမ်း ခြေလှမ်းတွေဖြင့် အင်တိုင်းတောဆီသို့ ရှေ့ရှုကာ လာနေကြသည့် ဝါးခမောက်ကိုယ်စီနှင့် လူနှစ်ယောက်ကို အမှတ်မထင် တွေ့မြင်လိုက်မိသည်။

ရှေ့ဆုံးက အသားညိုညို ပိန်ပိန်ပါးပါးနှင့် အရပ်ငါးပေလေးလက်မခန့် လူ၏ ပခုံးပေါ်၌ ဖဲထီးရွက်ဟောင်းတခုကို လွှမ်းခြုံထားသည်။ ချိုးခြင်းတခုကို အဖျားတွင် သံချိတ်တခု တပ်ထားသော ဝါးလုံးရှည်တွင် ချိတ်လျက် ထမ်းလာသလို သူ၏ နောက်ကအဖော်တွင် ခြင်းအလွတ်တလုံးနှင့် ယှဉ်ချထားသည့် ချိုးတယ်အိမ်ငယ်တလုံးကိုပါ ဝါးလုံး တလုံးတွင် ရှေ့နောက် တပ်ကာ ထမ်းသည်ကို မြင်မိပါသည်။

ရှေ့ကလူသည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရရှိူက်ဖွာရင်း စကားတပြောပြောနှင့် မိုးပေါက်တွေကို မဖြုန်စတမ်းအမူအရာနှင့် သွားလာနေတော့သည်။

“ဗျို့ … ဘထွေးတင်၊ မိုးဝင်မခိုတော့ဘူးလားဗျ။ ဝင်အုံးလေ”

တဲရှင်က လှမ်း၍ ခေါ်လိုက်ရာ ရှေ့ဆုံးမှ ပုဂ္ဂိုလ်သည် တန့်ကနဲ ရပ်ကာ လယ်တဲဆီသို့ လှမ်းကြည့်လိုက်ပြီး

“မဝင်တော့ဘူးကွာ စံဖေ၊ မိုးအတိတ်မှာ တန်းပြီး တယ်အိမ်ထိုးဘို့ အရေးကြီးတယ်။ ငါ့ချိုးက သိပ်ထလွန်းလို့ တချီတမောင်း ပွဲထုတ်ရအုံးမယ်”

ဟု ဖြေကြားလိုက်ပြီး ကျွန်တော်တို့ သေနတ်သမား နှစ်ဦးကို တွေ့မြင်သွားသည်ကြောင့် အနည်းငယ်စဉ်းစားသည့် မျက်နှာဖြင့် …

“ကျုပ်တို့ ဟောဒီ အင်တိုင်းတောထဲ ဝင်လို့ဖြစ်ပါ့မလား စစ်ဗိုလ်ကြီး”

ဟု ကျွန်တော့်အား လှမ်း၍ တောတွင်းသို့ ဝင်ခွင့်တောင်းလိုက်ပါသည်။

“ကိစ္စမရှိပါဘူးဗျာ … ဝင်ကြပါ။ ကျွန်တော်တို တောင်ဘက်တိုးပြီး ပစ်ပါ့မယ်”

ဟု ကျွန်တော်က ပြန်၍ ဖြေကြားလိုက်ရပေ၏။

ချိုးသမားနှစ်ဦးသည် အင်တိုင်းတောအတွင်းဝယ် မကြာခင်ကာလတွင် ချိုးတယ်မည့်အရေးအခင်းကို ကျွန်တော်က နားလည်မှုရှိစွာဖြင့် တနေရာသို့ ရှောင်ထွက်ကာ အခွင့်အရေးပေးရပေမည်။

“ကျွန်တော်တို့ ဟင်းစားလက်ဆောင်ကလေးတွေ ညနေခင်းအရောက် စစ်ဗိုလ်ကြီးတို့ တည်းခိုတဲ့ ဦးဖိုးဝေတို့အိမ်ကို ပို့လိုက်ပါရစေဗျာ”

ဟု ပြောင်းဖူးဖက်ဆေးလိပ် သောက်နေသောပုဂ္ဂိုလ်က အကြောင်းကြားပြီး အင်တိုင်းတောစပ်သို့ ပြေး နေသည့် ခြေသွားလမ်းကလေးဆီသို့ သူတို့နှစ်ယောက်သား ခပ်သုတ်သုတ် ဝင်ရောက်သွားကြပါသည်။

“အဲဒါပေါ့ ဗိုလ်မှူး၊ ချိုးငတင်ဆိုတဲ့ ဧရာမချိုးသမားကြီးလေ။ အင်မတန် ဇွဲကြီးမဲကြီးတဲ့ အဖိုးကြီးပါဘဲဗျာ။ ချိုးတို့ ခါတို့ ထောင်ရမယ် တယ်ရမယ်ဆိုရင် ထမင်းမှန်းဟင်းမှန်း မသိအောင် ဝါသနာကြီးတဲ့ လူကြီးဗျ”

ဟု တဲရှင်က ခွင့်တောင်းသွားသည့် ချိုးသမားကြီးအကြောင်းကို စတင်ကာ ထုတ်ဖော်၍ ပြောလိုက်တော့၏။

ကျွန်တော်က မိုးရွာရွာတွင် မရှောင်တမ်း ချိုးတယ်လိုသည့် ဆန္ဒရှင်အဖိုးကြီး၏ အကြောင်းကို စဉ်းစားရင်း …

“သူ့မှာ လယ်ယာလုပ်ငန်းတွေ မရှိရှာဘူးလား။ ဘယ်ရွာကလဲဗျ။ နောက်ကအဖော်က သူ့သားလား”

စသည့် မေးခွန်းတွေတသီကြီး မေးမြန်းမိပါသည်။

“ဟာ … ဒီအဖိုးကြီးလား၊ လယ်တွေ ယာတွေနဲ့ဗျ။ သူ့သားတယောက်က ပဉ္စင်းဝတ်ပြီး ရွှေမြို့မှာ ကျောင်းထိုင်နေပြီ။ သားသမီးတွေလဲ မနည်းဘူး။ တနှစ်ကို ဝမ်းစာစပါး လေးငါးရာ ထည့်ရအောင် လယ်တွေယာတွေ ပြည့်စုံတဲ့ ကျောက်ဖျာရွာက စားနိုင်သောက်နိုင်တဲ့လူကြီးဘဲ ဗိုလ်မှူး။

စီးပွားရေးကြောင့် မဟုတ်ဘူးဗျ၊ ဝါသနာ။ အင်မတန် မုန်းစရာကောင်းတဲ့ သူ့ဝါသနာကြောင့် မိုးရွာမှန်း နေပူမှန်း မသိနိုင်အောင် ချိုးတယ် ချိုးထောင်တဲ့အလုပ်ကို သိပ်ဇွဲကြီးနေတာကလား။

သူ့နာမည်က ဦးဖိုးတင်တဲ့။ ဒါပေမယ် ဒီဘက်နယ်ကလူတွေက သူ့ကို ဦးဖိုးတင်ဆိုရင် သိပ်မသိကြဘူး။ ချိုးငတင်ဆိုမှ ချက်ကနဲ သိကြတာကိုး။ သူ့နောက်က အချိန်မရွေးလိုက်ပြီး သူခိုင်းတာလုပ်ကိုင်ပေးတဲ့ တပည့်လက်ရင်းတွေလဲ တော်တော်များတယ်။ အကုသိုလ်နဲ့ သိပ်အကျိုးပေးတယ်ခင်ဗျ။ သူများချိုးတွေ ကောင်းလှပြီဆိုရင် တနေ့ အများဆုံး တယ်လို့ရရင် လေးငါးကောင်ဘဲ။

ဒီအဖိုးကြီးအနေနဲ့ တယ်ချိုးတွေရော တယ်ခါတွေရော တတန်းကြီး ရှိနေတယ်။ နောက်က သူ့တပည့် ထမ်းလာတဲ့ ခြင်းအလွတ်ဟာ ဒီနေ့ မိုးမချုပ်ခင် ဘထွေးတင် ပခုံးပေါ်က ထမ်းလာတဲ့ တယ်ချိုးနဲ့ အပြည့်အလျှံရအောင် တယ်ယူမှာဘဲ။ ဒါကြောင့်လဲ ဒီအဖိုးကြီး သိပ်နာမည်ကြီးနေတာကလား ။ ချိုးငတင် … ချိုးငတင်နဲ့ ဟိုးလေးကျော်ဘဲ”

စသည်ဖြင့် ချိုးသမားကြီးအကြောင်းကို ပြောပြလိုက်ပါသည်။
ကျွန်တော့်အဖို့ ထိုအခါကျမှပင် တပ်ကုန်းမြိုနယ်အနောက်ဖက်တွင် ကျော်စောထင်ရှားလှသည့် ချိုးသမားကြီးဦးဖိုးတင် (ဝါ) ချိုးငတင်နှင့် မျက်နှာချင်းဆုံခွင့် စကားပြောခွင့်ကို အချိန်းအချက်မရှိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ဆုံရရှိလိုက်ခြင်း ဖြစ်ပါသည်။

+ + +

အင်တိုင်းတော တတောလုံးလည်း ကျေးငှက်သံစုံ သားကောင်များ၏ အသံများဖြင့် ညံညံစီစီ လှုပ်ရှားနေတော့သည်။

ချိုးငတင်တို ဆရာတပည့်နှစ်ဦးသည် အင်တိုင်းတောထဲသို့ ဣန္ဒြေရရ ခြေလှမ်းများဖြင့် ဆိတ်ငြိမ်စွာ အသံမပြုဘဲ ဝင်ရောက်ခဲ့ကြသည်။

ချိုးငတင်သည် တောတောင်အခြေအနေကို ဟန်ပါပါ နားတချက်စွင့်၍ထောင်လိုက်ပြီး သူ၏ စီစဉ်လုပ်ဆောင်ရမည့် အကွက်တွေကို အပြီးအပိုင် စိတ်ကူးထဲ၌ ဇယားချထားလိုက်သည်။

ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ကပျာကရာ သူ၏ခါးတွင် ထိုးထားသည့် ဝါးဆစ်ခေါင်းကလေးထဲသို့ တရို တသေ ထည့်သွင်းလိုက်ပြီး …

“ထွန်းခိုင်ရေ … ရှေ့နားတိုးအုံးကွ။ ဒီနားက ချိုးတွေဟာ သက်ကြီး ကောင်အိုတွေ။ နောက်မှ အလုပ်လုပ်ရမယ်။ ဟောဟိုရှေ့ ရွှေတဆုပ်မြှောင်နားကို ရောက်အောင်သွား။ အဲဒီက တွန်နေတဲ့ ချိုးတွေက မနှစ်ကပေါက်တဲ့ ချိုးပေါက်တွေ။ သိပ်ထတဲ့ အကောင်မျိုးတွေက တယ်ရ ဖမ်းရတာ အလွန်လွယ်တယ်။ အစိမ်းသက်သက်ကောင်တွေကလား”

သူ၏ ပညာစွမ်းကို စတင်ကာ အသုံးပြုရင်း ချိုးအိုကြီးတွေနှင့် ချိုးပျိုတို့ကို လွယ်ကူစွာဖြင့် အသံနားထောင်ရင်း ခွဲခြားပြသပါသည်။

ကွမ်းတရာညက်ခန့် သွားမိကြသည့်အခါတွင် ဦးဖိုးတင်သည် ချိုးများ နားနေပုံ၊ ကူပုံနှင့် သစ်ရိပ်ဝါးရိပ်များကို တချက် အကဲခတ်ကာ ကပျာကရာပင် ဝါးတပြန်ခန့်မြင့်သော နှောပင်ကိုင်းတွင် သူ၏ချစ်သား တယ်ချိုးကြီးကို တည်ထားသည့် တယ်အုံကို ပိုက်ဖွင့်ကာ လှမ်း၍ ချိန်လိုက်၏။ ပြီးလျှင် စနစ်တကျ လျှောက်ကိုင်း သုံးလေးကိုင်းနှင့် နေရာတွင် တယ်အုံချိတ်ဆွဲလိုက်ပြီး …

“မှတ်ထား ထွန်းခိုင်၊ ခုလို မနက်စောစောမှာ ကိုရွှေချိုးတွေက နေပူစာလှုံရင်း သစ်ပင်မြင့်မြင့်မှာ ကူလေ့ ရှိတယ်။ တော်တော်နေပူလာတဲ့အခါ ဆွမ်းခံပြန်ချိန်လောက်ဆိုရင် နေပူရှိန်ကြောင့် သစ်ရွက်ထူထူ အုံကောင်းကောင်း ခပ်နိမ့်နိမ့်မှာ နေဝင်ခိုရင်း မြူးလေ့ရှိတယ်ကွ။ ကောင်းကောင်းမှတ်ထားနော်”

သွန်သင်ကာ ပညာပေးလိုက်ပြီး …

“ကိုင်း … သားကြီး အောင်မောင်း၊ လုပ်လိုက်စမ်း၊ တွန်လိုက်စမ်း … တချက်ထဲ”

ခပ်ကျယ်ကျယ် အသံပေးကာ လက်ဖြောက်သုံးလေးချက်တီးလိုက်သည့် တခဏ၌ တယ်အုံကလေးအတွင်းက ဦးဖိုးတင်၏ တယ်ချိုးများအနက် အောင်မောင်းအမည်ခံ ချိုးကြီးသည် စတင်ကာ အတောင်များခတ်ထုတ်လိုက်ပြီး လည်ဆန့်၍ တကူကူနှင့် ကူလိုက်ပါတော့သည်။

ဦးဖိုးတင်နှင့် တပည့်ကျော်တို့သည် အပင်ခြေရင်းရှိ အင်တောအတွင်းသို့ ဝင်ရောက်ကာ ပုန်းအောင်းရင်း အသာမြုံ့နေလိုက်ကြသည်။

မကြာမီ ချိုးတကောင်၏ ကူသံအဆုံးဝယ် တဖျတ်ဖျတ်အတောင်ခတ်ကာ တယ်အုံဆွဲချိတ်ထားရာ ကိုင်းဆီသို တန်းဝင်လာပြီး လျှောက်ကိုင်းတံပေါ်သို့ နင်း၍ တယ်အုံတွင်းက တယ်ချိုးကြီးကို ထိုးဆိတ်ရန်မူရန် အပြင်တွင် ဖျပ်ကနဲ ကိုင်းတံပြုတ်ကျပြီး ရန်မူလိုသည့်ချိုးမှာ ပိုက်ကွန်ထဲဝယ် မလှုပ်တမ်း မလွန့်တမ်း မိနေတော့၏။

ထွန်းခိုင်က မိထားသည့်ချိုးကို နှိုက်ယူကာ ခြင်းတောင်းထဲသို့ ထည့်လိုက်ပါသည်။ ချိုးငတင်သည် သစ်ပင်ကို တနေရာသို့ ရွှေ့ပြောင်းကာ ချိတ်ဆွဲလိုက်ပြန်ပါသည်။

အောင်မောင်းကြီး၏ ကူသံ၊ ချိုးစိမ်းများ၏ ဒေါသတကြီးနှင့် လျှောက်ကိုင်းနင်းသံ၊ ဖြောက်ကနဲ ပိုက်ကိုင်း ကျသံများသည် ချိုးငတင်၏ ချိုးတယ်မှု သံသရာဝယ် စည်းချက်ဝါးချက်မှန်စွာ ထွက်ပေါ်ခဲ့သလို ချိုးစိမ်းများ ထည့်လှောင်ထားသည့် ချိုးခြင်းတောင်းကြီးမှာလည်း ချိုးငှက်တွေ တအစ်အစ်နှင့် မြည်စပြုလာပါသည်။

“ကိုင်းဟေ့… နေအတော်ပူလာပြီ။ နောက်ကြောင်းပြန်ပြီး ချိုးကြီးတွေကို တလှည့်ထောင်ကြအုံးစို့ရဲ့”

တပည့်ဖြစ်သူ ထွန်းခိုင်ကို အသံပြုကာ သူ၏ တယ်ချိုးအုံကို အပင်ကိုင်းမြင့်မှ အသာဖြုတ်၍ သူ၏ချစ်သား အောင်မောင်းအား အသံပြုကာ စပါးနှင့် ရေကို ဆုလာဘ်အဖြစ် တိုက်ကျွေးပြုစုလိုက်သည်။

သစ်ရိပ်ဝါးရိပ်ထူရာ တောသို့ ရောက်ခဲ့ကြသည်တွင် ချိုးငတင်သည် သစ်ရိပ်ကောင်းလှသော အင်ပင်ပုပုတွင် တယ်အုံကို ချိတ်ဆွဲလိုက်ပြီး….

“ကိုင်း … ကြိုးစားလိုက်အုံး သားကြီးရေ။ တချီတမောင်းကွ”

အသံပြုကာ လက်ဖြောက်တီး၍ ကူရန်အချက် ပေးလိုက်သည့် တခဏအတွင်း အောင်မောင်းကြီးသည် အားရပါးရ ကူလိုက်တော့သည်။

တခဏအတွင်း ပတ်ဝန်းကျင်တောအုပ်မှ နေခိုရင်း ငြိမ်သက်နေသော ချိုးကြီးများ (ဝါ) သက်ကြီးဝါရင့် ချိုးကြီးများသည် သံပြိုင်ထ၍ တွန်ကြ ကူကြလေသည်။

ချုံပုတ်အတွင်း အသာပုန်းကွယ်နေသော ချိုးငတင်တို့ ဆရာတပည့်နှစ်ယောက်က ပြုံးလျက် နားစွင့်နေကြပါသည်။

တခဏအတွင်း၌ ချိုးကြီး တကောင်သည် တယ်အုံရှိရာသို့ ဒေါသကြီးစွာဖြင့် တန်း၍ ထိုးပျံလာပြီး လျှောက်ကိုင်းတွင် ဆုတ်မဆိုင်းတမ်း ဝင်ရောက်၍ ထိုစစ်ဆင်လိုက်ရာ ဖြောက်ကနဲ ကိုင်းတံပြုတ်ကျသံ ကြားလိုက်ရပေ၏။
ထွန်းခိုင်က ပိုက်ကွန်တွင် မိထားသည့် ချိုးကိုဖြုတ်ကာ သီးခြားခြင်းတွင် ထည့်နေသလို ချိုးငတင်က သူ၏ ချစ်သား အောင်မောင်းကို ရေတိုက်ကျွေးရင်း ခေါင်းနှင့် လည်တံများကို ပွတ်သပ်ချော့မြူကာ အားပေးလိုက်သည်။

တဖြောက်ဖြောက်နှင့် ကိုင်းတံပြုတ်ကျသံများကို နာခံရင်းပင် ဒုတိယ ချိုးခြင်းသည် သက်ကြီးဝါကြီးချိုးကြီးများနှင့် ပြည့်ခဲ့ရပေ၏။

ထွန်းခိုင်အဖို ချိုးခြင်းနှစ်ခြင်း ပြည့်နေပြီဖြစ်ကြောင်း သူ့ဆရာ ဦးဖိုးတင်ကို ပြောပြရန် မဝံ့သည်ကြောင့် အရိပ်အခြေကြည့်၍ နေရပေ၏။

သုံးလေးကောင် ဆက်၍မိသည့်ကာလဝယ် ချိုးငတင်သည် ခြင်းနှစ်ခြင်း၏ အခြေအနေကို ကြည့်၍ …

“ဒီနေ့တော့ တော်လောက်ပြီဟေ့။ အောင်မောင်းကြီးလဲ ပင်ပန်းနေပြီ ထွန်းခိုင်ရေ့ … ပြန်ကြစို့”

ဟု စခန်းသိမ်းကျေညာချက်ကို ချိုးငတင်က ကျေညာလိုက်ပြီး အောင်မောင်းကြီးကို စပါးနှင့် ရေများကို တယုတယ တိုက်ကျွေးလိုက်ပြီး နေပူမှ သက်သာစေရန် ဖဲထီးရွက်ဟောင်းကို တယ်အုံပေါ်မှာ ခြုံလွှမ်း၍ ပေးလိုက်ပြီး ဆရာတပည့်နှစ်ယောက် အထမ်းအပိုးတွေနှင့် ရွာဆီသို့ ခပ်ကြော့ကြော့ ပြန်လာခဲ့ကြသည်။

+ + +

“ခွေးကြည့်အုံးဟဲ့ … ကြည်အေး”

နေပူစ၌ ဖျာတချပ်တွင် စပါးလှန်းနေသော အသက် ဆယ့်လေးနှစ်ခန့် လုံမကလေးတယောက်ကို ကျွန်တော် ခေါ်ဆောင်လာသူ ဦးဘိုးဝေက အသံပြု သတိပေးလိုက်ရာ လုံမလေးသည် ကျွန်တော်တို့ကို တချက် အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး

“လာကြပါ ဘကြီးဝေ”

ဟု ခရီးဦးကြိုပြုကာ အိမ်ရှေ့တွင် အစီအရီ အိပ်နေကြသည့် ခွေးတအုပ်ကို တုတ်တချက်မြှောက်၍ ပြသလိုက်ရင်း …

“အဘရေ … ဘကြီးဝေတို့ လာတယ်”

ဟု အသံပြုလိုက်ပြန်ပါသည်။

အိမ်ဦးခန်းတွင် ကွမ်းစားနေသော ဖျင်ကြမ်းတိုက်ပုံ အင်္ကျီအဟောင်းတထည်ကို ဝတ်ထားသည့် လူတယောက်က ရုတ်တရက် တံခါးမှခေါင်း ပြူ၍ ကျွန်တော်တို့ဆီသို့ ကြည့်လိုက်ပြီး …

“ဪ… အကိုတို့ပါလား။ စစ်ဗိုလ်ကြီးတွေလဲ ပါလာသကိုး။ ကြွကြပါ ခင်ဗျား”

ပျာပျာသလဲ ဖြစ်သွားပြီး မူလ သူထိုင်နေရာဆီသို့ အခန်းထောင့်တွင် လိပ်၍ ထောင်ထားသည့် သင်ဖျာတလိပ်ကို အရေးတကြီးဆွဲကာ ခင်းကျင်းလိုက်ပါသည်။

ကျွန်တော်က ဖျာပေါ်တွင် နေရာယူလိုက်ပြီး အိမ်၏ အခင်းအကျင်းနှင့် ပတ်ဝန်းကျင်ကို တချက် စူးစူးစိုက်စိုက် လာလိုက်သည်။

ခြင်းအကျယ်တွင် ထည့်ထားသည့် တယ်ချိုးသုံးကောင်သည် ပြတင်းပေါက်အနီးတွင် တနေရာစီ ယူထားသလို တယ်ခါနှစ်ကောင်ကလည်း လူစိမ်းများရောက်ရှိလာသည့်အတွက် ကြောက်ပုံဖြင့် တလှုပ်လှုပ် တရွရွ ဖြစ်နေတော့သည်။

အိမ်ခန်းနံရံတလျှောက်ဝယ် ခါပိုက်၊ ငုံးပိုက်များဖြင့် အစီအရီ ထိုးစိုက်ထားသလို နွားမြီးကွင်းများဖြင့် ချည်နှောင်ထားသည့် ချိုးထောင်သည့် ကိရိယာများကိုလည်း တွေ့မြင်ရပေ၏။

ကျပ်ခိုးစင်ပေါ်ဝယ် ချိုးမှုတ်ပြောင်းဝါးရှည် ခြောက်တောင်ခန့် လေးချောင်းကိုလည်း တွေ့မြင်ရသည်။ဝါးထရံတလျှောက်ဝယ် ချိုးမွေးနုနုများဖြင့် ဖင်ပိုင်းတွင် အမြီးတပ်ထားသည့် ပြောင်းဝါးမျှားတံရှည်များ ကို ကပ်လျက် စိုက်ထားလေသည်။

အခန်း၏ ထောင့်တွင်မူကား ယုန်လိုက်ရာ၌ အသုံးပြုသည့် ဂုတ်ပိုက်ငယ်များနှင့် တန်းပိုက်ရှည်များက ခေါက်လျက် အခန့်သား နေရာယူနေလေသည်။

အိမ်၏ ခြေရင်းပိုင်း နံရံ၌မူကား ပိုက်ရှည်ကြီး သုံးလေးဖုံကို တွေ့ရပြန်သည်။

ယုန်ကို မီးပြ၍ ရိုက်ရသည့် ဝါးတုတ်ရှည် နှစ်ချောင်း ခြေချုပ်လုပ်သည့် ခြူတကုး၊ မီးအုပ်ဆောင်းများကလည်း ကျပ်ခိုးစင်ပေါ်ဝယ် နေထားတကျ တွေ့နေရပေ၏။

အိမ်အပြင်ဘက်သို့ တချက် လှမ်း၍ ကြည့်လိုက်ပြန်သည်တွင် တင်းကုပ်နှစ်ခုကို တွေ့ရသလို၊ စား ကွင်းထဲ၌ ခေါင်း စိုက်ကာ စားနေကြသည့် ခိုင်းနွား လေးကောင်နှင့် ခပ်လှမ်းလှမ်းတွင် ချည်နှောင်ထားသည့် နို့စားနွားမ သုံးကောင်နှင့် နွားကလေးများကို တွေ့မြင်ရသလို ကျွဲတင်းကုပ်အတွင်း၌မူ ကျွဲတရှဉ်းသန့်သန့်ကို တွေ့ရပေ၏။

အိမ်၏ နောက်ပိုင်းနှင့် မလှမ်းမကမ်းတွင်မူကား တောင့်တင်းလှသော စပါးကျီတခုက နေရာယူလျက် တွေ့ရပေ၏။

ဝက်တအုပ်ကလည်း တအိအိ အော်မြည်ရင်း အိမ်အောက်ထပ်က အစာတောင်းနေသလို အတော်များပြားလှသည်။

ကြက်အုပ်က ငှက်ပျောပင်များအနီး၌ ပက်ကျွေးထားသည့် အစာကို အလုအယက် စားသောက်နေကြသည်။

“လယ်ဘယ်လောက်လုပ်သလဲ ဦးဖိုးတင်”

ဟု ကျွန်တော်က တချက်လှမ်း၍ မေးလိုက်ရာ …

“များများစားစား မလုပ်ပါဘူး စစ်ဗိုလ်ကြီးရာ။ ဧက အစိတ်လောက်ပါဘဲ။ ကျုပ်သား သုံးယောက်ကိုဘဲ မျက်နှာလွဲပြီး ထားရတယ်။အသက်က ကြီးလာတော့ သိပ်အပင်ပန်း မခံနိုင်ဘူးဗျာ”

ဟု ဦးဖိုးတင်က ဖြေကြားလိုက်သည်။

“သုံးဆောင်ကြအုံးဗျ။ တောအလိုက်အထိုက်ပဲဗျို့။ အချိုကိုတော့ ကျုပ်တို့လယ်သမားတွေမှာ မသုံးဆောင်တတ်လို့ မပါဘူးဗျ”

ဟု ပြောကြားကာ ဒန်လင်ပန်းတွင် ထည့်ထားသည့် မြေအိုး လဖက်ရည်အိုးတလုံး၊ မြေပဲကြော်တပန်းကန်၊ ချိုးသားကြော် တပန်းကန်၊ လဖက်သုပ် စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးလိုက်သည်။

အိမ်နောက်ခန်းသို့ လှည့်၍ …

“မယ်မြင့်ရေ၊ ဆွမ်းအုပ်နဲ့ လှူစရာတွေကိုလဲ သာအေးကိုလွှတ်ပြီး ကျောင်းကို ပို့ခိုင်းပေတော့။ လဖက်ခြောက်ထုပ်နဲ့ ဆီပုလင်းကိုလဲ မေ့မသွားစေနဲ့”

ဟု မှာကြားလိုက်ပြီး …

“ဟဲ့ … အမြည်း ဒါဘဲလားဟဲ့”

မေးမြန်းလိုက်ရာ အိမ်ရှင်မ၏ အသံဖြင့်…..

“ရှိပါတယ် …ယုန်သားကင်နဲ့ ကြက်ဥကြော် ယူလာပါပြီတော်”

ဟူသော အသံနှင့်အတူ အသက်ငါးဆယ်ခန့်ရှိ အဒေါ်ကြီးသည် လဖက်ရည်အမြည်းများကို လာရောက်တည်ခင်း ကျွေးမွေးပြန်ပါသည်။

“နေပါစေဗျာ၊ ဒီလောက် အမြည်းတွေများရင် ဘယ်ပန်းကန် နှိုက်ရ စားရမှန်း မသိတော့ဘူး”

ကျွန်တော်က တောင်းပန်လိုက်ရာ …

“ဟာ … စစ်ဗိုလ်ကြီးရယ်၊ ဒီနေ့မနက်စာ ကျုပ်ဆီက ကျွေးပါရစေ၊ ကြုံကြိုက်ခဲ့ပါတယ်ဗျာ။ အကိုဝေရဲ့ … မပြန်နဲ့ဗျို့။ သိပ်ဝမ်းသာလိုက်တာဗျာ။ ကျုပ်ကို ရွာထဲကလူတွေ ချိုးသမား၊ ခါသမားဆိုပြီး သိပ်ပြီး နှိမ့်ချကြတယ်။ ဆေးဖော်ကြောဘက်တောင် တချို့က မလုပ်ချင်ကြဘူးဗျ။ ခုလို စစ်ဗိုလ်ကြီးကိုယ်တိုင် ကျုပ်အိမ်ကို မိတ်ဖြစ်ဆွေဖြစ် လာတယ်ဆိုတာ ပြောစတုန်းက ကျုပ် မယုံနိုင်အောင် ဖြစ်ခဲ့တယ်”

ဟု ပြောကြားလိုက်ပြန်သည်။

ထိုအခိုက်ဘွင် အိမ်ပေါ်သို့ လူနှစ်ယောက် တက်ရောက်လာတော့သည်။

“အရီးတင် နေကောင်းရဲ့လား”

ဟူသော နှုတ်ဆက်စကားပြောရင်း ဦးဖိုးတင်နှင့် မျက်နှာတမ်းမိနေပုံ ရပါသည်။

ဦးဖိုးတင်သည် ထိုလူနှစ်ယောက်ကို ကြည့်၍ …

“ဘာလဲ … မောင်သန်း၊ မင်းတို့ တပ်ကုန်းက ထမင်းသယ်တွေ သိပ်ရောင်းကောင်းတယ် သတင်းကြားရတယ်။ ငွေ သိပ်ရွှင်တဲ့အကောင်တွေ”

ဟု ပြန်၍ နှုတ်ဆက်လိုက်ရာ ထမင်းသည် မောင်သန်းဆိုသူကပင်

“အရီးတင်ဆီ လာပြီး ပိုက်ဆံပို့တာပါခင်ဗျာ။ တခြားတော့ မဟုတ်ပါဘူး။ ချိုးတွေရရင် ကျွန်တော်တို့ဆီ သွင်းပါလို့။ တကောင်ကို တကျပ်နှုန်း ပေးပါ့မယ်။ဘယ်လောက်များများ ကျွန်တော်တို့ အားလုံး လက်ခံ ပါတယ် အရီးတင်”

ဟု အလုပ်စကား ပြောလိုက်တော့သည်။

ဦးဖိုးတင်သည် ခေါင်းကို ခါလိုက်ပြီး …

“မဖြစ်ဘူးကွ မောင်သန်းရဲ့။ ငါက ချိုးတယ်တာ အပျင်းပြေနဲ့ မိတ်ဆွေတွေနဲ့ အပျော်စားဖို့ လုပ်တာ။ စီးပွားရေးလုပ်ငန်း မဟုတ်ဘူး”

ဟု အသံပြတ်နှင့် ပြောလိုက်ပြီး …

“ဒါကြောင့် မောင်သန်းရေ့။ ဒီ့ပြင်ချိုးသမားတွေလဲ အများကြီး ရှိနေပါတယ်ကွာ။ သူတို့ဆီ သွားပြီး မေးကြအုံးဟေ့””

ဟု ဖြေကြားလိုက်ရာ…

“မဟုတ်ဖူး ဘကြီးတင်။ ဒီ့ပြင်က ချိုးသမားတွေဟာ အရီးတင်လို များများစားစား ဝယ်မရဘူးဗျ။ တကောင်ကို တကျပ်ခွဲပေးမယ်ဗျာ။ အရီးတင် ရောင်းမယ်ဆိုရင်’”

ဟု အတင်း ဈေးကိုမြှင့်၍ တောင်းဆိုလိုက်ရာ ဦးဖိုးတင်သည် အတွင်သာ ခေါင်းယမ်းရင်း

“မဖြစ်ပါဘူးကွာ။ ငါက တယ်ရတဲ့ အကောင်တွေကို ရောင်းမစားဘူ။ ဒီ့ပြင် ချိုး သမားတွေဆီမှာ သွားရှာကြကွာ။ ငါ့ဆီမှာတော့ စားမလောက် သောက်မလောက်ဘဲ။ ရေအေးတို သရော်ပင်အင်းတို့မှာလဲ ချိုးသမားတွေ အများကြီး ရှိပါတယ်”

ဟု အတင်းပင် ရောင်းရေးဝယ်တာကိစ္စကိုဖြတ်၍ လွှတ်လိုက်ပါသည်။ ဈေးသည်နှစ်ဦး ထွက်ခွာသွားမှ ဦးဖိုးတင်သည် ပင့်သက်ကြီးကို ချကာ …

“ကျုပ်က အပျော်သက်သက်လုပ်တာဗျ။ ငယ်ငယ်က အဖေအမေ အရိုက်ခံပြီး ထမင်းအငတ်ခံပြီး ဒီအလုပ်ကို သိပ်ဝါသနာကြီးတာကလား။ ချိုးဇွဲကြီးတာနဲ့ မြွေကိုက်ခံရမယ် ဖြစ်တာလဲ များပြီ။ ကျုပ်မှာ အေးအေးဆေးဆေး ထိုင်ပြီး စားနိုင်တဲ့အင်အား ရှိပေမယ်လို့ မိုးကလေးညို့လာရင် စိတ်ထဲမှာ အငြိမ်နေလို့ မရတော့ဘူး။ ချိုးခြင်းထမ်းပြီး တောထဲကို သွားချင်တဲ့ စိတ်ဆန္ဒတွေဟာ တားလို့ဆီးလို့ မရတော့ဘူး စစ်ဗိုလ်ကြီးရေ”

ဟု အားရပါးရ ပြောချလိုက်သည်။

+ + +

နာမည်ကြီးလှ၊ ကျော်လှသော ချိုးငတင်ကို တနေ့ တွင် အကြီးအကျယ် ခေါင်းကိုက်စေမည့် ပြဿနာတရပ်နှင့် ရင်ဆိုင်လိုက်စေ၏။ ထိုပြဿနာမှာအချိန် မတော်သည့်ကာလ။ညနေစောင်းမှကပ်၍ လူလေး ဆယ်အတွက် ချိုးသားကို ရှာ ဖွေ ရ ရှိ စေ မည့် ပြဿနာပင်ဖြစ်ပါသည်။

ဗမာ့တပ်မတော် စစ်သားစုဆောင်းရေးတရားပွဲကို အကြောင်းပြု၍ ပျဉ်းမနားမှ သခင်တင်ထွန်း၊ သခင်မြကြီး၊ သခင်ပါကြီး အစရှိသော ရဲဘော်များနှင့် ကျွန်တော်နှင့် နောက်ပါရဲဘော်များ၊ တပ်ကုန်း ကင်မွန်းတန်းရွာတွင် တပ်စွဲထားသည့် ဗိုလ်ထွန်းရှိန် (ဗိုလ်နဂါး) ၏ အမြောက်တပ်ရဲဘော်များ စုစုပေါင်း လူလေးဆယ်ကျော်အတွက် အပူတပြင်း ညနေစောင်းကျမှ ကပ်၍ ချိုးသား၊ ခါသား စားချင်ကြသည့် အရေးပေါ် ပြဿနာပင် ဖြစ်ပါသည်။

သခင်အောင်မြကြီးတို့က ရွာခံပီပီ လူရင်း ချိုး ငတင်ခေါ် ဦးဖိုးတင်ကို ကပ်၍ အတင်းပူဆာနေ ကြသည်တွင် ဦးဖိုးတင်က နေဝင်လုဆဲဆဲ အခြေ အနေကို ကြည့်လိုက်ပြီး…

“စားရစေ့မှာပေါ့ဗျား … ဘာခက်လို့လဲ။ ည လူခြေတိတ်လောက်မှာ စားနိုင်မယ်။ ထမင်းသာ ကြိုတင်ချက်ထားကြပါ”

ဟု ခပ်အေးအေးနှင့် ဖြေကြားလိုက်ရာ ဘေးက ရဲဘော်များက …

“ဘယ်လိုလုပ်ပြီး အချိန်မတော် ညကြီးမင်းကြီးမှာ ချိုးတယ်လို့ရမလဲဗျ။ ဘာလဲ … ဦးကြီးတင်၊ အိမ်ကတယ်ချိုးသုံးကောင်ကို မရ ဒဿကချိုင်မလား။ ရာဇ ဝင်ရိုင်းသွားမယ်ဗျို့ … မလုပ်ပါ”

ဟု ခင်မင်ရင်းနှီးကြသည့်အလျောက် ဟန့်တားရင်း နောက်ပြောင်လိုက်ကြသည်တွင် ဦးဖိုးတင်သည် …

“ချိုးသား အဝစားရစေ့မယ်။ ခုအချိန် ချိုးတယ်ဘို့အချိန် မဟုတ်ဘူး။ ကျုပ်ဘယ်လို ချိုးရှာဖွေတယ်ဆိုတာ ကြည့်ချင်တဲ့ ရဲဘော်တွေ ကျုပ်နောက်ကို လိုက်ခဲ့ကြ။ ဒါပေမယ့် ကျုပ်လုပ်ငန်းစဉ် လုပ်ကိုင်ခဲ့တဲ့အခါမှာ ကျုပ်စကား နားထောင်ရလိမ့်မယ်”

ရဲဘော် တော်တော်များများသည် အချိန်မတော် ချိုးရှာရေးကိစ္စတွင် ကိုယ်တိုင်ကိုယ်ကျ ပါရှိကြရအောင် အလျှိုအလျှို လိုက်ပါသွားကြပါသည်။
ဦးဖိုးတင်သည် သူ့အိမ်တွင် လဖက်ရည်ကြမ်းကျကျကို ဇိမ်နှင့် အချိန်ဆွဲကာ ခါသားဟင်းနှင့် သောက်လိုက်သည်။ ညရှစ်နာရီထိုးခါနီးမှ သူ၏သား သာအေးနှင့် တပည့်ကျော် ထွန်းခိုင် အပါအဝင် သူ၏ ချိုးမုဆိုးအဖွဲ့အစည်းဝင် လူခြောက်ယောက်တို့ကို စုဝေးခေါ်ငင်ကာ တစုံတရာအမိန့်ပေးကာ သူက မီးအုပ်ဆောင်းနှစ်လုံးကို ဆွဲ၍ ရှေ့ဆုံးမှ ထွက်လိုက်သည်။

သာအေးနှင့် ထွန်းခိုင်တို့ လူစု၏ လက်တွင်းနှင့် ပခုံးများပေါ်ဝယ် ဝါးလုံးရှည်ကြီးများနှင့် ဧရာမပိုက်ထွေးကြီးတပိုက်ကို မီးရောင်အောက်ဝယ် တွေ့လိုက်ရပေ၏။

“ခုအချိန်ကစပြီး ကျုပ်နောက်လိုက်တဲ့လူတွေ စကားမပြောရဘူး၊ သီချင်းမဆိုရဘူး။ ပါလာတဲ့ လက်နှိပ်ဓာတ်မီးကို တချက်မှ ယောင်လို့ မထိုးရဘူး။
ကျုပ်တို့ လုပ်တာကိုင်တာ အသာကြည့်နေကြပါ”

ခပ်တိုတို လိုရှင်းပြောကာ ရွာ၏ အနောက်သို့ တချိုးတည်း သုတ်ခြေတင်ခဲ့ကြသည်။ မိုင်ဝက်ခန့် အရောက်တွင် တောစပ်နှင့် လယ်များကြားရှိ တနေရာတွင် ကျွန်တော်တို့ ပွဲကြည့်ပရိသတ်ကို အသာထားပြီး သူနှင့် ဝိုင်းတော်သားများက တောစပ်တွင် ဂိုက်လေးရာအကွာ ညောင်ပင်အုပ်ဆီ လယ်ဘေးက အသာပန်းသွားကြသည်။

တအောင့်လောက်ကြာသည့် ကာလဝယ် ဦးဖိုးတင်တယောက်တည်း ဝါးကြီးနှစ်လုံးကိုထမ်းကာ ပြန်လာကြပြီး

“အလုပ်စတော့မယ်ဗျို့၊ ဘာမှ အသံမပြုကြနဲ့။ ကျုပ်နောက်က ခြေသံကို ဖေါ့နင်းပြီး လိုက်ခဲ့ကြပေတော့”

ပြောပြောဆိုဆိုနှင့် လယ်ကွင်းထဲမှ ဖြတ်၍ ညောင်ပင်အုပ်ဆီ သွားပါတော့သည်။

မကြာခင် ဦးဖိုးတင်သည် သူထမ်းယူခဲ့သည့် ဝါးလုံးကြီးတချောင်းကို ထောင်၍ ဝါးလုံးအရင်း တဖက်တချက်မှ ဆုပ်၍ကိုင်ကာ ဝါးလက်ခုတ်ကြီးအဖြစ်ဖြင့် တခြမ်းခြမ်း မရပ်မနား ရိုက်ခတ်ကာ အသံပြုလိုက်ပါသည်။

မကြာမီ စက္ကန့်ပိုင်းအတွင်း၌ ညောင်ပင်အုပ်အုပ်အတွင်းမှ ဝေါကနဲ အသံများဖြင့် ငှက်အုပ်ကြီးတအုပ်သည် မြောက်ဖက်စူးစူးသို့ တချိုးတည်း ကြောက်လန့်တကြား အတင်းထိုး၍ ပျံလိုက်ကြသည်တွင် ဝါးလုံးရှည်နှစ်ချောင်းထိပ်၌ ကောင်းကင်ပိုက်ကြီးအဖြစ် ရှုံ့ကြိုးစဖြင့်များ တပ်ဆင်ထားသည့် ဧရာမပိုက်ကွန်ကြီးဆီ တိုးမိလိုက်တော့၏။

ဝါးလုံးကိုင်မုဆိုးနှစ်ဦးက အတင်း အားနှင့်ဖိ၍ ရှေ့သို့ဝါးလုံးကြီးနှစ်လုံးကို လှဲချလိုက်သည့် တခဏ၌ နောက်၌ အသာချန်နေကြသည့် လူလေးဦးက ဝါးတုတ်တိုများဖြင့် ပြေးထွက်လာကြပြီး ပိုက်တွင်းမှ တအားရုန်းကန်လှုပ်ရှားနေကြသည့် ငှက်များကို ဆိုင်းဝိုင်းမှ ကြေးနောင်တီးသလို လျင်မြန်စွာဖြင့် ထုနှက်ခေါက်၍ နေကြပါသည်။

“ခင်ဗျားတို့ ဓာတ်မီးတွေ ထိုးကြည့်ကြဗျို့။ ဟောဒါ ခင်ဗျားတိုရဲဘော်တွေ့စားဘို့ ချိုးနီတိုအုပ်ကြီးဘဲ”

ဦးဖိုးတင်က ပြောကြားရင်း သူကိုယ်တိုင် ဝင်ရောက်၍ မနိုင်မနင်းဖြစ်နေကြသည့် သာအေးတို့လူစုကို ကူညီကာ ဓားမအနှောင့်နှင့် ထုနှက်ပြန်ပါသည်။

လက်နှိပ်ဓာတ်မီးရောင်အောက်ဝယ် များပြားလှသော ချိုးနီတိုများနှင့် ငူများ (ဘုမ္မတီးငှက်) ချိုးလည်ပြောက်များကို တွေ့ရသလို ဦးဖိုးတင်၏ အဖွဲ့ဝင်များက ဂုံနီအိတ်ကြီးထဲသို့ ခပ်သွက်သွက် သဲ့ကာ ထည့်နေကြပါသည်။

“ချိုးတွေရဲ့သဘာဝကို သိထားဘို့ အင်မတန်အရေးကြီးတယ်ဗျ။ ဒါကြောင့် ချိုးသားကို အချိန်မရွေး ရှာစားနိုင်တယ်လို့ ကျုပ်က ရဲရဲကြီး အာမခံတာကလား။ဒီနေ့ညအတွက်တော့ လုံလောက်ပါပြီ။ အဝသာ အားမနာတမ်း စားကြဗျို့”

ဦးဖိုးတင်က မီးပုံးအတွင်းသို့ ကပ်၍ သူ၏ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဟန်ရပန်ရ မီးညှိ၍ သောက်လိုက်ပါသည်။

ဦးဖိုးတင်၏ နေအိမ်သို့ အရောက်တွင် ဂုံနီအိတ်ထဲမှ လူတယောက် သပ်သပ်ထမ်းလာရသည့် ချိုးနီတို၊ငူများ၊ ချိုးလည်ပြောက်များကို စကောကြီးနှစ်ချပ်အတွင်းသို့ သွန်ချ၍ ရေတွက်ကြည့်လိုက်ရာတွင် ချိုးနီတို ငါးဆယ်၊ ချိုးလည်ပြောက် ဆယ့်ရှစ်ကောင်၊ ငူ သုံးဆယ်နှစ်ကောင်တို့ကို တွေ့လိုက်ရပေ၏။

ဦးဖိုးတင်၏ ကတိအတိုင်း တကယ့် ညစာစားပွဲကြီးတွင် ချိုးသားဆီပြန်၊ ငူသားဆီပြန်များနှင့် ကျွန်တော်တို့လူစု ဗိုက်ကားနေအောင် စားလိုက်ရပါသည်။

စားရင်းသောက်ရင်း ချိုးငတင်ဟူ၍ နာမည်ကြီးလှသော ဦးဖိုးတင်သည် တကယ် အစစ်အမှန် ချိုးသတ္တဝါတို့၏ သဘာဝကို ပိုင်နိုင်စွာ သိရှိနေသော ချိုးဆရာကြီး၊ သို့မဟုတ် ချိုးပါရဂူကြီး တယောက်အဖြစ် ကျွန်တော်က အသိအမှတ်ပြုရရင်း ဦးဖိုးတင်၏ ကျောပြင်ကို လေးစားစွာဖြင့် ပွတ်သပ်ကာ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုချီးကျူးလိုက်ရပါတော့သတည်း။

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

Leave a Reply

Your email address will not be published. Required fields are marked *