ဆင်ဖြူကျွန်းအောင်သိန်း
ချိုးထောင်သည့်ညွတ်တစ်ဖုံ

“အမေ အိမ်ကို ဘယ်သူလာသတုံး အမေ”

ဒေါ်သော့သည် ခေါင်းမော့ပြီး စဉ်းစားသည်။

“ဘယ်သူမှမလာ၊ အဲ … အဲ”

မည်သူမျှ မလာပါကလားဟု ပြောမည်ပြုပြီးမှ

“နင့်ယောက်ဖတော့ လာတာမြင်လိုက်သလိုလိုပဲ”

ဟု မရေမရာဖြေသည်။ အေးဆောင်မှာ အိမ်ထောင်ရှင်မဟုတ်သဖြင့် မည်သို့မျှ ယောက်ဖမရှိနိုင်ပေ။

သို့ရာတွင် ရင်းနှီးသူများက “နင့်ကောင်မ” ဟုခေါ်သော မြသွယ်ကား ရှိသည်။ ကြိုက်နေကြသည်မှာ သုံးနှစ်ကျော်ပြီ။ မယူနိုင်ကြသေး။ ထိုမြသွယ်တွင် ငွေအိုးအမည်ရှိသည့် မောင်ငယ်တစ်ယောက် ရှိသည်။ အမေပြောသော နင့်ယောက်ဖကား ထိုသတ္တဝါပင် ဖြစ်သည်။

“ဘာလာလုပ်တာတုံး အမေ”

အမေ့ကို လှမ်းမေးတော့မှ ရန်လုံသည် ကြက်ကို လိုက်ပြီးကိုက်နေ၏။ ကြက်သည် ဆူညံစွာ အော်ဟစ်လျက် လျှောက်ပြေးသည်။ ကြက်အော်သံကြောင့် အေးဆောင်အမေးကို အမေမကြား။

အေးဆောင်မှာ ရန်လုံကို လိုက်လံမောင်းနှင်ရသည်။ ရန်လုံအလိုက်ရပ်ငြား ကြက်သည် ‘ကတော်’၍ မပြီးသေး။

“ငွေအိုး ဘာလာလုပ်တာတုံး အမေ”

ကြက်ကတော်သံ စဲသည်အထိ စောင့်ဆိုင်းပြီးခါမှ အေးဆောင် မေးနိုင်သည်။ အမေ့ထံမှ အဖြေမလာသောကြောင့် တင်းကုပ်ထဲက ထွက်လာမှ အမေက အိမ်ရှေ့သို့ရောက်လာ၏။ အမေသည် နားထိုင်းပြီး စကားအခွန်းတိုင်းကို နားမလည်။

“နင် ဘာမေးသတုံး”

“အမေ့ချွေးမရဲ့မောင် ဘာလာလုပ်တာတုံး”

ဒေါ်သော့ မျက်လုံးပိတ်အောင် ရယ်မော၏။

“အဲဒါ မင်းယောက်ဖပေါ့ ငါ့သားရဲ့”

“ဟုတ်ပါပြီလေ … အဲဒီကောင် တင်းကုပ်ထဲ ဝင်သလားအမေ၊ ဘာတွေယူသွားတာ မြင်လိုက်သလဲ”

“တင်းကုပ်ထဲ ဝင်သွားတာဖြစ်ပေမဲ့ ဘာတွေလုပ်သလဲ ဘာတွေယူသွားသလဲဆိုတာ စောင့်ကြည့်ရမယ့်လူမှ မဟုတ်တာဘဲဟယ်”

အေးဆောင်သည် ငူထောင်ရန် ညွတ်သုံးဖုံလုပ်ထားသည်။ ထိုအထဲမှ တစ်ဖုံပျောက်နေသောကြောင့် မကြည်မသာ ရှုံ့ရှုံ့မဲ့မဲ့ဖြစ်နေငြား အမေ့စကားကြောင့် မျက်နှာထားပြောင်းသွားသည်။

ငွေအိုးကို စောင့်ကြည့်လျှင် မယုံကြည်ရာ ရောက်သည်။ လူပျိုပေါက်ဖြစ်နေသော ငွေအိုးသည် သူစောင့်အကြည့်ခံရကြောင်း သိလျှင် အစ်မကိုတိုင်မည်။ ထိုအစ်မသည် ဒေါ်သော့နှင့် အဆင်ပြေ၏။

ဒေါ်သော့ကလည်း မည်သည့်အခါကျမှ ချွေးမတော်စပ်ရမည် မသိသော မိန်းကလေးအား ချစ်၏။

သို့ဖြစ်သောကြောင့် မြသွယ်သည် ဒေါ်သော့ကိုကား ရန်တွေ့ ဖွယ်မရှိ။ ရန်တွေ့ ဖွယ်ရှိခဲ့သော အေးဆောင်ကိုသာ ရန်တွေ့လိမ့်မည်။ ရန်တွေ့ စရာအကြောင်းမရှိလည်း ကြံဖန်ပြီး ရန်တွေ့တတ်သည်။ ထိုအဆက်အစပ်ကို တွေ့လျှင် တွေးမိချင်း အေးဆောင် မျက်
နှာထားပြောင်းကာ တင်းကုပ်ထဲသို့ ပြန်ဝင်၏။

ခေါင်းကုပ်၏။

“ဒီကောင် မယူအောင် ဘယ်လိုလုပ်ရပါ့”

အေးဆောင်မှာ အကြံရခက်သွား၏။

“ဟေ့ကောင် … ငါ့လို ညွှတ်နဲ့ထောင်ချင်ရင် ငါ့လို ညွတ်လုပ်ပါလား”

ဟု မပြောရဲ။ စင်စစ်အားဖြင့် ငွေအိုးမှာ အစ်မအားကိုးဖြင့် အေးဆောင်အား အနိုင်ကျင့်နေခြင်းဖြစ်သည်။

ညွှတ်တစ်ဖုံဖြစ်ရန် ခုနစ်ရန်ခန့်လုပ်ရ၏။ အဆင်မသင့်ပါက ခုနစ်ရက်ကျော်၏။ အလွယ်ဖြင့်မရသော သည်ညွှတ်ကို မပြောမဆို ယူသွားသူက အလွယ်ကလေး။

နှဲကောတွေ ညွှတ်တွေကို မမြင့်တမြင့်ထားပြီး ခေါင်းပေါ်တွင် သစ်တုံးတစ်တုံးတင်သည်။ ခလုတ်နှင့် ကြိုးဆင်သည်။ နှဲကောကိုဖြစ်စေ၊ ညွှတ်ကိုဖြစ်စေ လှမ်းအဆွဲတွင် ခလုတ်ကြိုးနှင့်ငြိပြီး ခေါင်းပေါ်က တုံးကြီး ပြုတ်ကျရန်။

“ဟာ … မဖြစ်သေးပါဘူး”

အေးဆောင်သည် တုံးကို ချက်ချင်းဖြုတ်ပစ်သည်။ ယုန်ထောင် ကြောင်မိဖြစ်တတ်၏။

မိမိရည်ရွယ်သည်က ငွေအိုး။ ခလုတ်ကြိုးငြိပြီး အမေ့ကို တုံးပိပါလျှင် ဒုက္ခ။ အမေသည် ဝီစိကိစ္စများသူဖြစ်ရာ တင်းကုပ်ထဲဝင်ပြီး ဟိုဟာကိုင် သည်ဟာဆွဲမလုပ်ဟု မပြောနိုင်။ အိုကြီး အိုမကျမှ သစ်တုံးပိလျှင် ဒုက္ခိတဖြစ်သွားနိုင်သည်။

လုပ်လိုသည်ကို မလုပ်ရသောအခါ အေးဆောင် စိတ်ညစ်သည်။ ပုဆိုးတစ်ထည်ကို ပခုံးတင်ပြီး ခမောက်ကို ဆောင်းသည်။ ဓားမတိုကို ဆွဲသည်။

သခင်ဖြစ်သူ အပြင်ထွက်ရန် ဟန်ပြင်သည်ကို မြင်သော ရန်လုံသည် ရေထည့်သောစဥ့်အိုးကို ကိုယ်ဖြင့်ဖိလျက် လှဲနေရာက ပြေးလာသည်။ အမြီးတနန့်နန့် လုပ်ပြသည်။ ထွက်၍သာလာရသည် အေးဆောင်၍ ရည်ရွယ်ချက်မရှိချေ။

ယာထဲသို့ သွားရမည်လော၊ ခြေဦးတည့်ရာ သွားရမည်လော။ တစ်ခုပြီး တစ်ခု လုပ်ဆောင်ရန် စိတ်ကူးထားသမျှတို့သည် ညွှတ်တစ်ဖုံ ပျောက်သွားသဖြင့် အစီအစဉ်ပျက်နေပြီ။

“ဗျို့ … ရှေ့ကလူကြီး”

ငွေအိုး၏အသံမှန်း သိသဖြင့် အေးဆောင် လှည့်မကြည့်။

“လှည့်ကြည့်ပါဦးဗျ၊ နောက်မှာ အစ်မ ပါပါတယ်”

ငွေအိုးကို စိတ်ကုန်နေသောအခါ သူ့အစ်မ မြသွယ်ကိုလည်း စိတ်မဝင်စားတော့ပါ။ သို့သော် သူတို့မောင်နှမ မည်သည့်အတွက် တကွဲတပြားဖြစ်နေကြရသနည်း။ ဤသည်ကိုသိရန်အတွက် အေးဆောင် လှည့်ကြည့်သည်။

ငွေအိုးသည် ရေစည်လှည်းပေါ်ရှိ ရေစည်ပေါ်တွင် ‘တင်ပါးလွှဲ’ထိုင်နေသည်။ လှည်းပေါ်တွင် မြသွယ်မရှိ။ နွားရေအတွက် ကန်ရေခပ်ရာတွင် သူ့အစ်မပါသည်။ လှည်းမောင်းပြီးထွက်လာချိန်တွင် မြသွယ် မပါတော့ပြီ။ နွားလေးမည်စိုးသောကြောင့် ဆင်းကျန်ခဲ့ခြင်းဖြစ်သည်။

အေးဆောင် လှိုက်လှိုက်လှဲလှဲ မရှိသော်ငြား မြသွယ် ခြေကျင် လျှောက်လာလိမ့်မည် ထင်ရသောဘက်သို့ မျှော်ကြည့်မိသည်။ ဤသည်မှာ သူ့အမှားဖြစ်သည်။ သူက လှိုက်လှိုက်လှဲလှဲမရှိသော မြသွယ်သည် လက်မြှောက်ပြနေ၏။

အေးဆောင် သတ္တိမရှိပါ။ လက်မြှောက်ပြနေသော မြသွယ်ကို ထားပြီး ထွက်သွားရဲသောသတ္တိ သူ့တွင် မရှိပါ။ ရပ်မစောင့်ချင်ငြား ရပ်စောင့်နေမိသည်။

“မနေ့တုန်းက လူကို ဘာပြုလို့ မမြင်ချင်ယောင်ဆောင်သွားရတာလဲ”

“ဘာ”

ဟု အေးဆောင် အော်မိသည်။

“လူမလာသေးဘူး၊ ဟိုသင်း သာယာကုန်းကလို မလုပ်နဲ့ဟေ့”

ဟု ပြောသည်။

“ဘာဟိုသင်း သာယာကုန်းက ရမှာတုန်း၊ ကျုပ်ရေတွင်းပေါ်ကဆင်းတော့ တော်နဲ့ ငှက်ပျောရုံဘေးမှ တွေ့တာပဲ”

မြသွယ်ပြောသောနေရာမှာ ရွာဦးကျောင်းရှိ ရေတွင်းဖြစ်သည်။ အေးဆောင်သည် ယမန်နေ့က ထိုရေတွင်းသို့ ရေခပ်ရန်သွားမိသလော။ အေးဆောင်စိတ်တွေ တွေဝေနေသည်။ သွားမိသည်ဟု မထင်။

“တော်စမ်းပါ၊ ဘယ်က ငှက်ပျောရုံဘေးလဲ၊ ငါမှ ရေခပ်မထွက်တာ”

“ဟောတော်”

အဖေ့ပုဆိုးစုတ်ကို ခေါင်းပေါင်းထားသောမြသွယ်သည် ရင်ကို လက်ဝါးဖြင့်ဖိရင်း အေးဆောင်ကို တအံ့တသြကြည့်သည်။ ထို့နောက် စူးစူးစိုက်စိုက် ကြည့်သည်။

“တော့်အသက်ဟာ ဒါလောက်လည်း မကြီးသေးပါဘူး၊ ဘယ့်နှာကြောင့် ဒါလောက်မေ့ရတာတုံး တော်ရယ်”

အေးဆောင်မှာ ယောင်နနဖြစ်ရတော့သည်။ သူသည် မြသွယ် ပြောသကဲ့သို့ ကျောင်းရေတွင်းသို့ ရေခပ်ရန်ရောက်ခဲ့ရိုးမှန်လျှင် မည်သည့်အတွက်ကြောင့် ယင်းကို မေ့လျော့နေရသနည်း။

“တော့်ဆိုင်းထမ်းထဲမှာ သံပုံးတစ်ဖက် ရေအိုးတစ်ဖက်တော်ရဲ့”

ထိုအချက်ကို မြသွယ်ထောက်ပြလိုက်တော့မှ အေးဆောင်၏သတိသည် ဒိုင်းခနဲ ဝင်ဆောင်တော့သည်။

“အေး ဟုတ်ပြီ ဟုတ်ပြီ၊ အဲဒါ အမှန်ပဲ”

အေးဆောင်က ဝမ်းသာအားရ ပြောပြီးနောက် ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ သုံးသပ်၏။

“ငါ ဘာဖြစ်လို့ နင့်ကို မမြင်တာပါလိမ့်”

“နောက်ရည်းစားနဲ့ချိန်းထားလို့ မွှန်ပြီး မမြင်တာဖြစ်မှာပေါ့”

“နောက်ရည်းစား၊ လက်ရှိရည်းစား၊ အရင်ရည်းစား သုံးယောက်လုံးဟာ နာမည်တစ်ခုတည်းဖြစ်နေတယ်။ မြသွယ်… တဲ့”

မြသွယ်သည် အရပ်လေးမျက်နှာကို လျင်မြန်စွာအကဲခတ်လိုက်ရာက အေးဆောင်အပါးသို့ကပ်သွားသည်။ ဝမ်းဗိုက်ကို လိမ်ဆွဲသည်။

“မလုပ်ပါနဲ့ဟ … လွှတ်ပါဟ”

“ပြော မှန်မှန်ပြော။ မနေ့တုန်းက ကျုပ်ကို ဘာပြုလို့ မမြင်တာတုံး”

ညွှတ်သုံးဖုံ ပြီးစီးသွားလေသောကြောင့် ဝမ်းသာလုံးဆို့ပြီး မြသွယ်ကို မမြင်ခြင်းဖြစ်မည်။ ခိုင်ခိုင်မာမာ ကြီးကြီးမားမား အချက်ဟူ၍ သည်တစ်ချက်သာရှိပြီး အေးဆောင် မပြောရဲ။

တစ်ခါက ယာ၏အရှေ့ဘက် စမ်းခြောက်ကလေးထဲ၌ အေးဆောင် ချိုးထောင်သည်။

အေးဆောင်သည် ချိုးကင်ကို ကြိုက်သည့်နည်းတူ ချိုးထောင်ရသည်ကိုလည်း ဝါသနာကြီးလှပေသည်။

အေးဆောင်သည် ချိုးထောင်ထားပြီး ပုတတ်ညွှတ်လုပ်နေ၏။

ချိုးထောင်ထားသည့်ဘက်မှ ဖျိုးဖျိုးဖျန်းဖျန်း အသံများ ကြားရ၏။ လူထောင်ထားသည့် ငှက်ကို စွန်နှင့် ချိုးသိမ်းများက ဝင်ရောက်လုယက်တတ်သောကြောင့် အေးဆောင် ကမန်းကတန်းပြေးလာ၏

“ဟ.. ဟ မလုပ်ပါနဲ့”

“လုပ်တယ် … တော့်ကို ကြိုးနဲ့တုပ်ပြီး တိုင်မှာကပ်ချည်ထားရင် တော် … ကြိုက်မလား”

ချိုးထောင် ခါထောင်ခြင်းကို မြသွယ် မကြိုက်ကြောင်းကို ထိုအချိန်ကတည်းကပင် သူ သိခဲ့သည်။ ယခု သူ မကြိုက်သော ချိုးထောင်သည့် ညွှတ်အကြောင်းကို ပြောလိုက်လျှင် မရမီက နိုင်ချင်နေသော ဒီမိန်းကလေးအတွက် ပြောစရာအကြောင်းတစ်ခု လုပ်ဆောင်ပေးရာ ရောက်ချေမည်။

အေးဆောင် ခေါင်းကုတ်သည်

“ခေါင်းကုတ်မနေပါနဲ့၊ ကျုပ် မသိဘူး မှတ်သလား”

“ငါ့ခေါင်းကို ငါကုတ်တာ ဘာဖြစ်တုံး၊ ငါကုတ်တာ သဘောမကျရင် နင် ကုတ်ပေး”

မြသွယ်က မဲ့ပြသည်။

“ဝေးပါသေးရဲ့”

ဟူ၍လည်း ပြောသည်။

“တော်က ငွေအိုးနဲ့ ကျုပ်ကို မှားပြီး မခေါ်ဘဲနေတာ မဟုတ်လား”

“မသိဘူးဟ … မသိဘူး”

မြသွယ်ပြောသော စကားတွေကို အေးဆောင် တစ်လုံးမျှ နားမလည်သောကြောင့် လမ်းဘေးရှိ သစ်တုံးပေါ်သို့ သွားရောက်ထိုင်သည်။ မြသွယ်က လမ်းလယ်တွင် ရပ်မနေခဲ့ဘဲ သစ်တုံးပေါ်သို့ လိုက် ထိုင်သည်။

“ဘာကို မသိတာတုံး”

“နင်ပြောတာကို ဘာတစ်ခုမှ ငါ မသိဘူး”

“တော် … ဘယ်လောက်ပဲ ဘူးခံ ဘူးခံ၊ ကျုပ်ကတော့ ပြောရမှာ”

မြသွယ်သည် အေးဆောင်နှင့် လက်တစ်ကမ်းကွာသို့ ရွှေ့လာပြီး အေးဆောင်ကို လှမ်းဆွဲ၏။ သူ့ဘက်သို့ မျက်နှာလှည့်ခိုင်း၏။

“ဟိုမှာ နင့်မောင် ငွေအိုး လှည်းရပ်ပြီး ကြည့်နေတယ်”

“ကြည့်ပေ့စေ … ပခုံးကိုင်ကာ ဘာဖြစ်သတုံး”

“ယာထဲမှာမဟုတ်ဘူး၊ ယာထဲမှာဆိုရင် နင့်အဖေကလွဲပြီးတခြားလူ မရှိဘူး၊ ခုဥစ္စာက လမ်းလေးဆုံလေးခွ”

“တော် မပြောခင်ကတည်းက သိတယ်၊ နားလည်လား”

ရန်တွေ့သည့်ပုံဖြင့် မြသွယ်သည် ရင်ကော့ပြီး ပြောသည်။ အေးဆောင်သည် တစ်စုံတစ်ရာ ပြန်မပြောဘဲ စိုက်ကြည့်နေသည်။ ကြည့်ရင်း ကြည့်ရင်းဖြင့်
တော်တော်စွာတဲ့ မိန်းကလေးပါလားဟု သဘောပေါက်သည်။

“သမယ် ကိုအေးဆောင်”

စေ့စေ့ကြည့်နေဆဲတွင် ခေါ်သောကြောင့် အေးဆောင် မော့ကြည့်သည်။

“ကျုပ်မေးတာကို မဖြေနိုင်လို့ တောပြောတောင်ပြော လုပ်မနေနဲ့ လေ။ ကျုပ်ကို ဘာပြုလို့ မမြင်ချင်ယောင် ဆောင်သွားတာတုံး”

“အေးဟ … နင်ပြောတဲ့ သံပုံးတစ်ဖက် ရေအိုးတစ်ဖက်ကလည်း ဆိုင်းထမ်းထဲမှာ တွေ့ ရတယ်။ ဒါကြောင့် နင်ပြောတာ အမှန်ပဲ ဖြစ်ရမယ်”

“အံမယ် … အံမယ် ကျုပ်က တော့်ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ”

မြသွယ်သည် ပြောပြောဆိုဆိုဖြင့် အေးဆောင်ကို တွန်းပစ်၏။ အေးဆောင် တစ်ဖက်သို့ ယိုင်သွားသောအခါ လက်ကို ဆောင့်ဆွဲ၏။ သူ့ဘက်သို့ အေးဆောင် ယိုင်လဲလာသည်တွင် ပူးကပ်ပြီး အတင်းဆွဲ ထူ၏။

“အေးနော် … ယာထဲမှာ မဟုတ်ဘူး။ လမ်းသွားလမ်းလာတွေမြင်ရင် မကောင်းဘူးလို့ ငါ သတိပေးထားသနော်”

“သတိပေးထားတော့ ဘာဖြစ်သတုံး”

“ဟဲ့ လမ်းလယ်ကောင်မှာ ဘယ်ကလင်မယား ရန်လာပြီး ဖြစ်နေသတုန်း ထင်ကြရင် နင်ပဲ နစ်နာမှာ။ ဒါကြောင့် သတိပေးတာ”

“ဟဲ့ လိပ်၊ ကိုယ့်ရင်ဘတ်အောက်ယက်တဲ့လိပ်”

မြသွယ်သည် အေးဆောင်ကို ထု၏။ လိမ်ဆွဲ၏။ ယာသူမ၏ လက်သီးပင်ဖြစ်ငြား ယာသမား၏အသားကို မထိရောက်။ လိမ်ဆွဲရာတွင်လည်း တင်းရင်းနေသော ကြွက်သားတွေမှာ အဆီပျံနေသဖြင့် ချော်ချွတ်နေသည်။

စင်စစ်အားဖြင့် အေးဆောင်ကို မြသွယ် ထုရိုက်၊ ကိုက်ဆွဲ၊ လိမ်ဆွဲသည်မှ အကျင့်ပါနေပြီ။

ခရိုးတစ်ခုသာခြားသော ယာနှစ်ကွက်ထဲတွင် သက်တူရွယ်တူ သန်မာဖျတ်လတ်သူနှစ်ယောက် လွတ်လပ်စွာတွေ့ကြ၏။ အေးဆောင်မှာ အဖော်မပါသည်က များ၏။ မြသွယ်၏အဖော်မှာ အဖေဖြစ်သည်က များ၏။

သို့သော် သမီးပျိုကို နွားကျောင်းသကဲ့သို့ စောင့်ကြည့်နေခြင်းမျိုး မဟုတ်ပေ။

မြသွယ် ကံကောင်းသည်။ အပျိုကလေးနှင့် လူပျိုမို့ ချစ်ကြ ကြိုက်ကြငြား မြသွယ်မှာ မှည့်မစွန်း။ သို့ကြောင့်လည်း မြသွယ်၏ အမေ ဒေါ်မြက အေးဆောင်အား အသေအလဲ ယုံကြည်ခြင်းဖြစ်၏။ မြသွယ်၏အဖေ ဦးသက်ကလည်း မယုံသင်္ကာစိတ်မမွေး။ သို့ကြောင့် မြသွယ်မှာ အေးဆောင်ကို ထင်သလိုလုပ်ရဲခြင်းဖြစ်၏။

မြသွယ်သည် သူ့ကို မျက်တောင်မခတ်ဘဲ အေးဆောင်က ကြည့်လာသောအခါ ရင်ထဲက စိမ့်ပြီး ကြောက်လာ၏။ အထုအရိုက် ရပ်၏။

“ရေတွင်းမှာ လူချင်းတွေ့ ပါလျက်နဲ့တော် … ကျုပ်ကို မခေါ် တာ ဘာပြုလို့လဲ သိလား”

ကိုယ့်ကိစ္စကို သူ့ကိစ္စလုပ်ပြီး ပိုင်စိုးပိုင်နင်း မေးသောအခါ အေးဆောင်မှာ

“ပြောပါ … ပြောပါ ။ ငါက နင် မဟုတ်လား”

ဟုမေးသည်။

“ချိုးထောင်တာ ခါထောင်တာကို ကျုပ်မကြိုက်မှန်း သိပေမဲ့ တိတ်တိတ်လေး လုပ်နေတယ်မဟုတ်လား”

“နင့် ဘယ်သူပြောတုံး”

“ဘယ်သူပြောပြောပါတော်၊ တော်က ကျုပ်မသိဘူးထင်ပြီး ညွှတ်သုံးဖုံ လုပ်ထားတယ်၊ ကဲ ဘာပြောမတုံး”

“အဲဒါနဲ့ နင့်ကို ငါ မခေါ်တာနဲ့ ဘာဆိုင်တုံး”

မြသွယ် ရယ်မောသည်။

အေးဆောင်ကို တွန်းလားထိုးလားနှင့် လုပ်ပြန်သည်။ အေးဆောင်မှာ မြသွယ်လုပ်သမျှကို အရုပ်တစ်ရုပ်သဖွယ် ခံနေရာက မြသွယ်၏ လက်နှစ်ဖက်ကို ဖမ်းဆုပ်ထားလိုက်သည်။

“လွှတ်နော် … လူတွေ မြင်သွားမယ်”

အေးဆောင် ရယ်မောသော်ငြား မလွှတ်။

“ယာထဲမှာလုပ်သလို ထုလား ရိုက်လား လုပ်မနေနဲ့၊ ဒါဟာ ယာထဲမဟုတ်ဘူးလို့ ငါပြောနေတုန်းကတော့ အရေးမလုပ်ဘူး၊ အခုမှ လူတွေ မြင်သွားမယ်တဲ့”

မြသွယ်၏ ပြက်ချော်ချော် မျက်နှာထားသည် တည်ရာက နီ၏။ အေးဆောင်သည် သူ ဖမ်းဆုပ်ထားသော လက်နှစ်ဖက်ကို လွှတ်၏။ လွှတ်ရာ၌ ရိုးရိုးမလွှတ်ပစ္စည်းတစ်ခုကို လွှင့်ပစ်သည့်ပုံမျိုးဖြင့် လွှတ်ပေးခြင်းဖြစ်၏။

“ချိုးထောင်တဲ့ ညွှတ်သုံးဖုံ ငါ လုပ်တယ်လို့ နင့်ကို ဘယ်သူပြောသတုံး”

မျက်စောင်းသာထိုး၏။ မြသွယ် မဖြေ။

“နင်မဖြေလည်း ငါသိပါတယ်၊ မြသွယ်ရာ ငွေအိုးပါ”

“ငွေအိုးမဟုတ်ဘူး”

“ငွေအိုးမဟုတ်လို့ … တင်းကုပ်ထဲကို ဝင်နိုင်တဲ့လူ ငွေအိုးပဲရှိတာပဲ”

အေးဆောင်က စိတ်ပါဝင်စားလာသည့်နည်းတူ မြသွယ်လည်း မျက်နှာအနီပျောက်ပြီး ပုံမှန်ပြန်ဖြစ်လာသည်။

“တော့်ညွှတ်တွေထဲက တစ်ဖုံပျောက်သွားတော့ ငွေအိုးယူတယ်ထင်ပြီး ငွေအိုးကို စိတ်ဆိုးရာက ကျုပ်ကို မခေါ်တာမဟုတ်လား”

အေးဆောင်သည် မြသွယ်အား အံ့သြတကြီး ကြည့်မိ၏။ ညွှတ်တစ်ဖုံ ပျောက်သွားတာ သူ ဘယ်လိုလုပ်သိသတုံး။ ငွေအိုးပြောသလား တွေးတောရပြီ။

“ရေတွင်းကို ငါရောက်ရောက် မရောက်ရောက် ငါ့ဘာသာငါ ရှင်းလို့ မရသေးခင်မှာ ဘယ်က ညွှတ်တစ်ဖုံကလာပြီး ပျောက်နေရသတုံး၊ ရူးချင်ပြီဟေ့”

“ရူးချင်ရူးလေ … ညွှတ်တစ်ဖုံပျောက်တာ တော့်စိတ်ထဲက ဝန်ခံနေတာပဲ”

“ဟုတ်တယ် … အဲဒါကို ငွေအိုးခိုးတယ် ထင်နေတာ၊ လက်စသတ်တော့ သူခိုးက…

အေးဆောင်ကို ထုရိုက်ကုတ်ဖဲ့တွန်းထိုးခဲ့သော မြသွယ်သည် သစ်တုံးပေါ်မှ ဆင်းပြေးရမှန်း သိသွားပြီ။

“ကျုပ် မသိဘူးထင်ပြီး ညွှတ်တွေလုပ်နေပေမဲ့ ကျုပ် သိတယ်ဆိုတာ တော်သိစေချင်လို့ ညွှတ်တစ်ဖုံယူပြီး ဖွဲနုအိတ်ထဲမှာ ထည့်ပစ်ခဲ့တယ် … မခိုးဘူး”

ညွှတ်တစ်ဖုံမပျောက်ကြောင်း သိရသဖြင့် အေးဆောင် ဝမ်းသာရ၏။

“အမေ့မေးတော့ ငွေအိုးလာတယ်ပဲ ပြောပါကလား”

“ကျုပ်က ငွေအိုးနဲ့ကပ်ပြီး တိတ်တိတ်ကလေး ပါလာတာ”

“နင်တို့မောင်နှမ ဘာလာလုပ်ကြတာတုံး”

“ငွေအိုးက ခွလောက်လေး ခိုးတယ်၊ ကျုပ်က ညွှတ်ကို နေရာရွှေ့ထားတယ်၊ ငွေအိုးက အမေကြီး ဘာချက်လဲမေးပေမဲ့ ကျုပ်ကတော့ မြုံနေတယ်”

အေးဆောင်ရင်မှာ ပေါ့ပါးသွားသည်။ သို့ကြောင့် ငွေအိုး၏ ရေစည်လှည်း ဗွက်နစ်နေရာသို့ ပေါ့ပါးစွာ ပြေးလွှားချဉ်းကပ်သွားသည်။

လပြည့်ဝန်းမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၆ ခုနှစ်။

– ပြီး –

စာရေးသူ – ဆင်ဖြူကျွန်းအောင်သိန်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ