#ဖိုးကျော့
“သည်အတိုင်းဆိုရင်တော့ ဒီနှစ်လည်း နနွင်း ရှားမယ့်နှစ်ပဲဗျို့… ဒုက္ခပဲ”
ကိုသာရင်၏ အသံသြကြီးကို သုံးလေးအိမ်ကျော်ကပင် လှမ်းကြားရ၏။ နနွင်းရှားမည့်နှစ် ဆိုသည်မှာ ကျွန်တော်တို့ဆီ၌ ရပ်ဓလေ့ ရွာဓလေ့ စကားအရ မိကျောင်းရဲမည့်နှစ်ဟု အဓိပ္ပာယ်ရလေသည်။
ကျွန်တော်တို့ဆီ၌ မိကျောင်း တကယ်ရဲလာပြီဆို
လျှင် ရွာတွင် နနွင်း အလွန်ရှားတတ်သည်
အဘယ်ကြောင့်ဆိုသော် လယ်သမားတွေမှာ
ချောင်းတစ်ဖက်ကမ်းရှိ လယ်ယာမြေများကို
ထွန်ယက်စိုက်ပျိုးရန် ကျွဲ၊ နွားများကို
ချောင်းတစ်ဖက်ကမ်းသို့ မောင်းချယူရာ၌ ကျွဲ၊ နွားများ ဖြတ်ကူးသွားရမည့် ချောင်းရေထဲ ကျွဲကူး၊ နွားကူးလမ်းကို နနွင်းရေဖျော်ပြီး ပြွတ်တံနှင့်
ဆေးဖျန်းသလို ပက်ဖျန်းပေးရသောကြောင့် ဖြစ်လေသည်။
ထိုသို့ နနွင်းရေဖျော်နှင့် ပက်ဖျန်းမပေးလျှင် ကျွဲ၊ နွားများ ချောင်းရေကို ဖြတ်ကူးနေချိန်၌ အလွန်ရဲတင်းသောင်းကျန်းသော မိကျောင်း သည် ရေအောက်မှ ငုပ်လျှိုးလိုက်လာပြီး ကျွဲကိုလည်းကောင်း
နွားကိုလည်းကောင်း၊ လူကိုလည်းကောင်း ဆွဲနှစ်
ကိုက်ချီသွားတတ်သည်။
ထို့ကြောင့် ချောင်းတစ်ဖက်ကမ်းသို့ ကျွဲ၊ နွားများကို မောင်းချတော့မည်ဆိုလျှင် ချောင်းရေထဲသို့ ကျွဲ၊ နွားများကို မောင်းမချမီ နနွင်းရေကို ဖျော်၍ ဆေးဖျန်းသလို ပြွတ်တံနှင့် ရေထဲကို ပက်ဖျန်းပေးရလေသည်။ နနွင်းနံ့ရလျှင် မည်မျှ ရဲတင်းသောင်းကျန်းနေသော မိကျောင်းပင်ဖြစ်စေ ဝေးရာသို့ လစ်ပြေးသွားတတ်၏။ နနွင်းအနံ့ကို မိကျောင်း မခံနိုင်ပေ။
နောက်တစ်ခု ထူးဆန်းအံ့သြဖွယ်ရာကောင်းသည်မှာ မိကျောင်း ရ၍ မိကျောင်းသားဟင်း ချက်စားရာတွင် နနွင်းမည်မျှထည့်ချက် ထည့် ချက် မိချောင်းသား
သည် ဘယ်တော့မှ ဝါထိန်မလာဘဲ ဖြူရော်ရော်သာ ဖြစ်နေတတ်သည်။ မိချောင်းသားသည် တခြားသားငါးများလို နနွင်း မစွဲပေ။
မိကျောင်းရဲသော နှစ်ဆိုလျှင် လယ်သမားများမှာ ချောင်းတစ်ဖက် ကမ်းရှိ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးသွားရန် ကျွဲ၊ နွားများကို ချောင်းရေထဲမှ မောင်းချယူကြရာ၌ ကျွဲကူး၊ နွားကူးလမ်းကို နနွင်းရေ ဖျော်နှင့် မနက် အသွားတစ်ခါ၊ ညနေ အပြန်တစ်ခါ တစ်နေ့နှစ်ခါ နေ့စဉ် ပက်ဖျန်းပေးရသဖြင့် နနွင်း အကုန်အကျ များသလို ချောင်းထဲ မြောင်းထဲသို့ သားငါး ရှာဖွေရန် သွားသူများကလည်း မိမိတို့၏ သားငါး ရှာလိုသော ချောင်းနားတစ်ဝိုက်ကို နနွင်းရေဖျော်နှင့် ပက်ဖျန်းပြီးမှ သား ငါးများကို ရှာဖွေရဲကြသဖြင့် မိကျောင်းရဲသော နှစ်ဆိုလျှင် ကျွန်တော်တို့ ဆီ၌ နနွင်းအလွန်ရှားတတ်လေသည်။
“ဟေး… ဘာသတင်း ကြားလာပြန်ပလဲကွ သာရင်ရ”
လယ်တောထဲမှ ရွာသို့ဝင်လာသော ကိုသာရင်အား ကိုရင်ထွန်း မောင်က လှမ်းမေးလိုက်၏။
“ဘာသတင်း ဟုတ်ရမှာတုံး ကိုရင်ရာ၊ သပြေကန်ရွာက ဖိုးသာဒွေးကို ချောင်းပိုင်ကြီး ဆွဲသွားပြန်ပြီတဲ့ဗျို့ “
“ဟယ်…”
မိုးဦးကျစကပင် ကျွန်တော်တို့ သပြေ ချောင်းထဲ၌ လယ်သမားများ ၏ ကျွဲနွားများကို တစ်ဆွဲတည်း ဆွဲနေသော (ချောင်းပိုင်ကြီး) ခေါ် မိကျောင်းကြီးသည် ယခု သပြေကန်ရွာသား ဖိုးသာဒွေး ဆိုသူကို ဆွဲ သွားပြန်ပြီဟု ကြားရသောအခါ ကိုရင်ထွန်းမောင်မှာ အထိတ်တလန့် ဖြစ်သွားပုံရသည်။
ထိုမိကျောင်းအား ချောင်းပိုင်ကြီးဟု ခေါ်ကြခြင်းမှာ သပြေချောင်းထဲ၌ အထက်မှအောက်၊ အောက်မှအထက် စုန်ချည် ဆန် ချည်သွား၍ ကျွဲ၊ နွား၊ လူပါမကျန် တစ်ဆွဲတည်း ဆွဲနေသောကြောင့် ချောင်းပိုင်ကြီးဟု လူတွေက တင်စား၍ ခေါ်နေကြခြင်း ဖြစ်လေသည်။
“ဟယ်… လုပ်မနေနဲ့ ကိုရင်၊ သည်အတိုင်းဆိုရင် လယ်သမားတွေ တော့ ဒီနှစ် ဒုက္ခပဲဗျ၊ ကျုပ်တို့ရွာက တော်သေးတယ်၊ သပြေကန်နဲ့ ချောင်းဝဘက်က လူတွေဆိုရင် ခု ချောင်းနားကို လှည့်တောင် မကြည့် ရဲလောက်အောင် ဖြစ်နေကြပြီဗျ”
“သပြေကန်က ဖိုးသာဒွေးကို ချောင်းပိုင်ကြီး ဘယ်မှာ ဆွဲတာလဲ၊ ချောင်းရေထဲ ဆင်းကူးလို့လား၊ ဒီလောက် မိကျောင်းရဲနေတာ သိရက်နဲ့ လူတွေကလည်း အတင့်ရဲလွန်းကြပါတယ်ဗျာ…”
“ဘယ်ကလာ ချောင်းရေထဲ ဆင်းကူးရမှာလဲ၊ ချောင်းကမ်းပါးမှာ ငါးမျှားနေတာကို ရေအောက်က ငုပ်လာပြီး အမြီးနဲ့ ရိုက်ချယူသွားတာ တဲ့၊ အမှန်က မိကျောင်းလာရိုက်ချတုန်းက ဖိုးသာဒွေးကို မဟုတ်ဘူးဗျ၊ ဖိုးသာဒွေး ခွေးကို ရိုက်ချတာ၊ ဖိုးသာဒွေး ငါးမျှားနေတုန်း သူ့ခွေးက အနားမှာ ဆောင့်ကြောင့်ထိုင်ပြီး တောထဲက ပျားမျောက်တွေကို တဝေါင် ဝေါင်ကြည့်ဟောင်နေတော့ အသံကြားတာနဲ့ ချောင်းပိုင်ကြီးဟာ ရေအောက်က ငုပ်လာပြီး ခွေးကို အမိအရ ရိုက်ဖမ်းတာ၊ လူက ကံဆိုးတော့ ခွေးက လွတ်သွားပြီး ဖိုးသာဒွေးပဲ ပါသွားတာပေါ့”
“ဟယ်… တယ်ရဲတင်းလွန်းပါလားဗျ”
ကိုရင် ထွန်းမောင်မှာ ပို၍ အံ့သြထိတ်လန့်သွားသည်။
“ရဲဆို ဒီကောင်ကြီးကို နတ်မိကျောင်းလို့တောင် ပြောနေကြပြီဗျ”
“အေးဗျာ… သည်အတိုင်းဆိုရင် ဒီကောင်ကြီးကြောင့် လယ် သမားတွေတော့ ဒုက္ခပါပဲ၊ ဘကြီးညိုတို့ မြေးအဘိုးတွေလည်း ဒီနှစ် ဘာအစီအစဉ်မှ လုပ်ကြသံ မကြားဘူးလား”
“လုပ်ပါသော်ကော ကိုရင်ရာ၊ ကုက္ကိုတန်းက ဦးလှမောင် ကျွဲကြီး ကို ချောင်းပိုင်ကြီး ဆွဲသွားတဲ့နေ့က အဘညိုကို သပြေချောင်းနားမှာ ကျွန်တော် တွေ့လိုက်သားပဲ။ ကျွန်တော်က အခြေအနေ ဘယ့်နှယ်လဲ အဘဆိုတော့ ကြိုးစားနေတာပဲလို့ ပြောတယ်။ သူတို့ မြေးအဘိုးလည်း ချောင်းပိုင်ကြီးကို မိအောင်ဖမ်းနိုင်ကြမှာ မဟုတ်ဘူးထင်ပါရဲ့ဗျာ၊ နတ် မိကျောင်းဆိုတော့လည်း လူက ဘယ်တတ်နိုင်မှာလဲ”
ကိုသာရင်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ အဘိုးလေးနှင့် ကျွန်တော်သည် ချောင်းပိုင်ကြီး (ခေါ်) မိကျောင်းအား ဖမ်းမိနိုင်ရန် နည်း အမျိုးမျိုးဖြင့် ကြိုးစားလာခဲ့ကြသည်မှာ နှစ်လပင် ကျော်သွားပြီး ဖြစ်သည်။ သို့သော် မိုးဦးကျစကပင် ဤသပြေချောင်းထဲတွင် အစုန်အဆန် သွားလာသောင်းကျန်းပြီး ချောင်းဝ၊ သပြေကန်၊ ကုက္ကိုတန်း၊ ထန်းစု၊ သရက်ပြင်၊ မြောင်းငယ် စသည့် သပြေချောင်းနားတစ်လျှောက်ရှိ ရွာ များမှ လယ်သမားများ၏ ကျွဲ၊ နွားများကို နေ့စဉ်လိုလို သတ်ဖြတ်စား သောက်နေသော ချောင်းပိုင်ကြီးကိုကား ယနေ့အထိ မဖမ်းမိနိုင်ကြသေးပေ။
ကျွန်တော့်အဘိုးလေး ဦးညိုမှာ မိကျောင်းကိုင်း၊ ကျားကိုင်းထောင်ရာ၌ ဤနယ်တစ်ဝိုက်တွင် စံမတူ
ပုဂ္ဂိုလ်ဖြစ်သည်။ မည်သည့် မုဆိုးကျော်ကမျှ
ထောင်ဖမ်းနိုင်စွမ်းမရှိသော မိကျောင်းနှင့် ကျားဆိုလျှင် ကျွန်တော့် အဘိုးလေးကချည်း ထောင်ဖမ်းရ၏။
တစ်ခါတစ်ခါ ရဲတင်းသောင်းကျန်းလွန်းသော
ကျားကြီးများကို ထောင်ဖမ်းရန် ရိုးမတောင်ခြေ
တစ်လျှောက်ရှိ ရွာများကပင် ကျွန်တော့်အဘိုးလေးကို တကူးတက လာခေါ်ပင့်ဖိတ်တတ်ကြသည်လည်း ရှိသည်။ထို့ကြောင့်၊ ဤနယ်တစ် ဝိုက်တွင် မိကျောင်းကိုင်း၊ ကျားကိုင်းထောင်ရာ၌ အဘိုးလေးသည် ပြိုင်စံ ရှားသော မုဆိုးကျော်ကြီးတစ်ဦး ဖြစ်လေသည်။
မိုးဦးကျစ၌ မြစ်ငယ်များ၏ ရေပြင်သည် လေပြင်းမုန်တိုင်းကျ၍ လှိုင်းတံပိုးတို့ ကြီးမားလာကြပြီဆိုလျှင် မြစ်ငယ်ထဲတွင် ကျက်စားလေ့ ရှိသော မိကျောင်းများသည် လှိုင်းတံပိုးဒဏ်ကို မခံနိုင်တော့သဖြင့်
ကျွန်တော်တို့ သပြေချောင်းထဲသို့ မိုးခိုရင်း ဝင်ရောက်လာတတ်ကြသည်။ သပြေချောင်းထဲသို့ မိကျောင်းတစ်ကောင်ကောင် ဝင်ရောက်လာပြီဆိုလျှင်
ကျွန်တော်တို့ မြေးအဘိုးလက်ထဲက လွတ်ထွက်သွားသော မိကျောင်း ဟူ၍ ယခင်က မရှိခဲ့ပေ။
သပြေချောင်းထဲတွင် သောင်းကျန်းသော မိကျောင်းဆိုလျှင် တစ်နည်းနည်းနှင့်တော့ ဖမ်းမိမြဲဖြစ်၏။ သို့သော် ယခုအခါတွင် သပြေချောင်းထဲ၌ သောင်းကျန်းနေသော ချောင်းပိုင်ကြီး ကိုကား ကျွန်တော်တို့ မြေးအဘိုးမှာ ယနေ့အထိ မဖမ်းနိုင်ကြသေး၍ မုဆိုးတို့၏ ဂုဏ်သိက္ခာပင် ကျလာတော့သည်။
ကျွန်တော်တို့အရပ်၌ မိုးဦးကျစတွင် မိကျောင်းရဲတတ်သလို နတ်တော် ပြာသို ကျားမိတ်လိုက်ချိန်တွင်
လည်း ကျားများ ရဲတတ်လေသည်။ ကျွန်တော်တို့ မြေးအဘိုးမှာ ကျားရဲချိန်၌ ကျားကိုလည်းကောင်း၊ မိကျောင်းရဲချိန်၌ မိကျောင်းကိုလည်းကောင်း၊ ကိုင်းထောင်ဖမ်း၍ အသက်မွေးဝမ်းကျောင်း ပြုနေကြသော မုဆိုးတံငါ မြေးအဘိုးဟုဆိုက ဆိုနိုင်သည်။
သပြေချောင်းထဲသို့ ဝင်လာမိသော မိကျောင်းများကို ကိုင်းထောင်၍ ဖမ်းဆီးယူနိုင်ခဲ့သလို ရိုးမတောထဲမှ အထက်တောဘက်သို့ နယ်ကျွံ၍ ရောက်လာသော ကျားများဆိုလျှင်လည်း ကျွန်တော်တို့ မြေး
အဘိုးလက်ထဲက ပြေးမလွတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ယခု သပြေချောင်း ထဲတွင် ထကြွသောင်းကျန်းနေသော ချောင်းပိုင်ကြီးကို မဖမ်းမိနိုင်လျှင် ကျွန်တော်တို့ မြေးအဘိုးမှာ မုဆိုးတို့၏ သိက္ခာကျရတော့မည်။ ယင်းသမို့ကြောင့်လည်း ချောင်းပိုင်ကြီးကို အမိဖမ်းရန် ကျွန်တော်တို့ မြေးအဘိုး ကြိုးစားနေကြခြင်းဖြစ်သည်။
သို့သော် ချောင်းပိုင်ကြီးကိုကား ယနေ့အထိ မဖမ်းနိုင်ကြသေး။ မိကျောင်းထောင်နည်း ဖမ်းနည်း များစွာတို့တွင်လည်း မျောက်ကောင်ရှင် ထောင်ဖမ်းနည်း
နှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်နည်းသာ ကျန်တော့၏။ နောက်သုံးလေးရက် ကြာ၍လည်း သပြေချောင်းထဲက မိကျောင်းကြီးကို ဖမ်းမမိလျှင် ထိုနည်း နှစ်ခုကိုပင် အသုံးပြုရန် ကျွန်တော်တို့ မြေးအဘိုး စည်းလားရိုက်ထားကြပြီး ဖြစ်လေသည်။
မသေမရှင်ရိုက်ပုတ်ကာ ခြေလက်တုပ်နှောင်ပြီး ထမ်းပိုးယူလာသော ကျွန်တော်၏ ကျောပေါ်မှ
မျောက်မကြီး၏ တအင့်အင့် အသက်ငင် အော်ညည်းနေသံမှာ အလွန်ပင် နားမချမ်းသာစရာ ကောင်းလှသည်။ မသေမရှင် ရိုက်ပုတ်ထုထောင်းထားသဖြင့် ငရဲလည်း အလွန်ကြီးလေမည်။ ထို့ကြောင့်လည်း ဤနည်းနှင့် မိကျောင်းထောင်ဖမ်းရမည့် အလုပ်ကို ကျွန်တော်တို့မြေးအဖိုးက ရှောင်ကြဉ်ခဲ့ကြသေး၏။
သို့သော် ချောင်းပိုင်ကြီးအား ထောင်ဖမ်းရန်နည်းလမ်းမှာ ဤနည်းလမ်းနှင့် ဘဲကောင်ရှင် ထောင်ဖမ်းနည်း နှစ်ခုသာ ကျန်တော့သဖြင့် ဤနည်းလမ်းကိုပင် ပထမဦးစွာ အသုံးပြုရလေတော့သည်။ ဤနည်းလမ်းနှင့် ချောင်း ပိုင်ကြီးကို မမိလျှင် နောက်တစ်ဆင့် တက်ရပေဦးမည်။
ကျွန်တော်တို့မြေးအဖိုးသည် မိကျောင်းကိုင်းထောင်ရမည့် နေရာဖြစ်သော သပြေချောင်းနားရှိ
ကိုင်းကျင်းနားသို့ ရောက်လာကြ၏။ ကျွန် တော်သည် တအင့်အင့်ညည်းနေသော မျောက်မကြီးကို ယင်းကျင်းနားတွင် ညင်သာစွာချလိုက်၏။ မသေမရှင် ရိုက်ပုတ်ထုထောင်းထားသော မျောက်မကြီးမှာ သတိမရတစ်ချက်ရတစ်ချက်နှင့် တအင့်အင့် ညည်းနေ တုန်းပင်တည်း။
မိကျောင်းကို ကိုင်းထောင်ရာတွင် ကြက်၊ ဝက်၊ ငှက်၊ ကျား၊ ချေငယ်များကို ထောင်ဖမ်းသလို ကိုင်းကြိုးတစ်ပင် ကိုင်းတံတစ်ခု ကိုင်းကျင်းတစ်ခုနှင့် ထောင်ဖမ်း၍မဖြစ်ပေ။ ကိုင်းတံနှစ်ခု ကိုင်းကြိုးနှစ်ပင်
ကိုင်းကွင်းနှစ်ခု ဖြစ်လေသည်။ မိကျောင်းကိုင်းမှာ ဝိသေသ ထူးခြားချက်တွေ အများကြီးပါ၏။ ကိုင်းကြိုးထဲတွင် သစ်သားကို ပွတ်လုပ်ထားသော ပုတီးစေ့လေးတွေလို (တောင့်) လည်း ထည့်ထားရ သည်။ ထိုသို့ (တောင့်) ထည့်မထားလျှင် မိကျောင်းသည် ကိုင်း၌မိ၍ ရုန်းကန် လှုပ်ရှားသောအခါ သူ၏ ကြမ်းတမ်းခက်ထရော်သော ကိုယ်လုံးကြီးနှင့် ကိုင်းကြိုးပွတ်တိုက်ထိဖန်များသောအခါ ကြိုးပြတ် ထွက်သွားမှာ စိုးရသည်။
ကိုင်းကြိုးထဲတွင် ပုတီးစေ့ (တောင့်) လေးတွေ ထည့်ထားပေးပါက မိကျောင်းသည် မည်မျှပင် ရုန်းကန်လှုပ်ရှားနေစေကာမူ ပုတီးစေ့လေးတွေက ဘောလိုလည်နေသဖြင့် ကိုင်းကြိုးမပြတ်နိုင်ပေ။ မိကျောင်းကို ကိုင်းထောင်ဖမ်းရာ၌ ကိုင်းတံနှစ်ခု၊ ကိုင်းကြိုးနှစ်ပင်၊ ကိုင်းကွင်းနှစ်ခုဖြစ်သော်လည်း ကိုင်းသီးခေါ် ကိုင်းခလုတ်မှာ တစ်ခုတည်းဖြစ်သည်။ ကိုင်းခလုတ် တစ်ချက်ပြုတ်ရုံနှင့် ကိုင်းကြိုးနှစ်ပင်စလုံး တစ်ပြိုင်နက် တင်းသွားအောင် မိကျောင်းကိုင်းထောင်ဖမ်းသော အတတ်ပညာပါရသည်။
တခြားတိရစ္ဆာန်များကို ထောင်ဖမ်းသလို ကိုင်းကွင်းကြိုးခွေကို မြေပြင်တွင် လှဲမထားဘဲ မတ်တတ်ထောင်ထားရ၏။ ကိုင်းကွင်းမတ်တတ်ကို မြေပြင်ထဲတွင် တစ်ဝက်မြှုပ်ထားရသေး သည်။ သို့မှသာ မိကျောင်း တွားတက်လာပါက မိကျောင်း၏ ကိုယ် လုံးသည် ကိုင်းကွင်းထဲသို့ အဆင်သင့်ဝင်မည် မဟုတ်ပါလား၊ မိကျောင်း ကို ကိုင်းထောင်ရာ၌ တခြား တိရစ္ဆာန်များကို ထောင်ဖမ်းသလို ခြေ လက်တို့ကို မထောင်ဖမ်းဘဲ ကိုယ်လုံးကို ထောင်ဖမ်းရလေသည်။
မိကျောင်းတစ်ကောင်ကောင်ကို ကိုင်းထောင်ဖမ်းတော့မည်ဆိုလျှင် ကိုင်းမထောင်ခင်ကပင် မိမိ
ထောင်ဖမ်းရမည့် မိကျောင်း၏ ကိုယ်လုံး အရှည်အတို အလျား အရွယ်အစား စသည်တို့ကို ခန့်မှန်း လေ့လာရသေး၏။ သို့မှသာ မိကျောင်းကိုင်း၌ မိပါက
ကိုင်းကြိုး နှစ်ပင်မှာ တစ်ပင်က လက်လှုပ် အောက်ကိုယ်ထည်ကိုမိ၍ ကျန်တစ်ပင်က ခြေအထက် ခါးကို မိရပေမည်။ ထိုသို့ ကိုင်းကြိုးနှစ်ပင် မိထားမှသာ မိကျောင်းကြီးသည် လွှတ်မရုန်းနိုင်တော့ဘဲ စန့်စန့်ကြီး ဖြစ်နေလေမည်။
သို့မဟုတ်လျှင် အမြီးနှင့် ရိုက်ပုတ်၍ ကိုင်းကြိုးကို ဖြတ်တတ်လေသည်။ ဤသည်တို့မှာ မိကျောင်းထောင်ဖမ်းနေကျ ဖြစ်သော ကျွန်တော်တို့ မြေးအဘိုးအတွက် အခက်အခဲတော့ မဟုတ်ပေ။
မိကျောင်းထောင်ဖမ်းရန် ကိုင်းကျင်း အဆင်သင့် ပြုလုပ်ထားသော သပြေချောင်းနားသို့ ကျွန်တော်တို့ မြေးအဘိုး ရောက်လာကြချိန်မှာ မှောင်ရီဖျိုးဖျအချိန် ဖြစ်လေသည်။ ချောင်းကမ်းပါးဘေးနားရှိ ပြူးပင်၊ ပြာပင်များပေါ်မှ အိပ်တန်းလုရင်း ရန်ဖြစ်နေကြသော ပြားမျောက်များ၏အသံမှာ ချောင်းပတ်ဝန်းကျင်၌ ဆူညံလျက်ရှိလေသည်။
သပြေချောင်းနားတစ်ဝိုက်တွင် မျောက်အလွန်ပေါ၏ ။ ယခု မိကျောင်းထောင်ရန် အစာအဖြစ် ဖမ်းဆီးယူဆောင်လာကြသော မျောက်မကြီးကိုလည်း ကျွန်တော်တို့ မြေးအဘိုးသည် ဤသပြေချောင်း နားကပင် ဖမ်းယူရသည်။
မျောက်ကို ထောင်ဖမ်းရသည်မှာ အလွန်လွယ်ကူ၏။ ဒီရေကျသွားပြီဆိုလျှင် မျောက်များသည် ချောင်းဘေးနားရှိ သစ်ပင်များပေါ်မှ လတာပြင်သို့ ဆင်းလာကြပြီး လတာပြင်ပေါ်မှ ငါး ကလေးများ၊ ကဏန်းဗလီးကလေးများကို ဖမ်းစားတတ်သည်။ ထိုအခါ လတာပြင်ထဲ၌ ကြိုးကွင်းပစ်၍ မျောက်ကို ဖမ်းယူရသည်။
မျောက်တွေမှာ သပြေချောင်းနားတစ်ဝိုက်၌ အလွန်ပေါများသဖြင့် မျောက်တစ်ကောင် ဖမ်းမိရန်မှာ ဒီရေကျချိန်၌ နာရီဝက်ပင် မကြာပါချေ။ မျောက်များကို မိကျောင်း ဖမ်းစားတတ်ချိန်မှာလည်း ဒီရေကျချိန် မှာပင် ဖြစ်သည်။ ဒီရေကျချိန်တွင် လတာပြင်သို့ မျောက်များ ဆင်းလာ လေ့ရှိသည်ကို သိထားသော မိကျောင်းသည် ဒီရေပြည့်လျှံနေချိန်၌ လတာပြင် ရွှံ့ညွန်ထဲတွင် သူ၏တစ်ကိုယ်လုံးကို နှစ်မြှုပ်၍ ဒီရေကျ သွားသောအခါ မျောက်များ လတာပြင်သို့ ဆင်းအလာကို မိကျောင်းက စောင့်နေတတ်သည်။
ဒီရေကျသွား၍ မျောက်များ လတာပြင်သို့ ဆင်း လာကြသောအခါ မိကျောင်းကြီးသည် လက်လှမ်းမီရာ မျောက်ကို အမြီး နှင့် လှမ်းရိုက်၍ ဖမ်းစားတတ်လေသည်။ မျောက်သားမျောက်သွေးကို မိကျောင်းများ အလွန်ကြိုက်၏။ ထို့ကြောင့်လည်း ယခု သပြေချောင်း ထဲတွင် အစုန်အဆန်သွားလာ၍ သောင်းကျန်းနေသော ချောင်းပိုင်ကြီးကို ကျွန်တော်တို့မြေးအဖိုးသည် မျောက်သွေးမျောက်သားနှင့် ထောင်ဖမ်းရန် စိုင်းပြင်းနေကြလေသည် မဟုတ်ပါလား။
ဒီရေကျချိန်တွင် မျောက်များကို မိကျောင်းက လတာပြင်ထဲ၌ အမြီးနှင့်ရိုက်ပုတ်ပြီး ဖမ်းစားတတ်သလို ကျားများသည်ကား မျောက်များ ကို အကာလ ညအခါ၌ ဖမ်းစားတတ်လေသည်။ မျောက်များ အိပ်တန်း တက်နေကြသော သစ်ပင်ကြီး
ငယ်များကို ညဦးပိုင်းကပင် တွေ့ထားသော
ကျားသည် ညအချိန်၌ ထိုသစ်ပင်အောက်ကို လာ၍ မျောက်များ ကို စောင့်ဖမ်းစားတတ်သည်။
ညဉ့်ယံအခါတွင် မျောက်များသည် စိုးရိမ်ကြောင့်ကြစိတ်နှင့် ကမ္ဘာမြေပြင်ကြီးများ ပြိုကျလေသလားဟု မြေပြင်ကို ဆင်း၍ တစ်ညဉ့်သုံးခါ စမ်းသပ်ကြည့်ကြသည်ဟု လူကြီးသူမများ ပြောကြသည်မှာ ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သော်လည်း အကာလ ညအချိန် ၌ မျောက်များသည် မြေပြင်သို့ ဆင်းတတ်သည်မှာတော့ အမှန်ပင် ဖြစ်သည်။
တိရစ္ဆာန်များတွင် လူတွေ သုတေသနပြု၍ မရသေးသော လျှို့ဝှက်ချက် အကျင့် အလေ့အထ တစ်ခုစီတော့ ရှိကြသည်။ တိရစ္ဆာန်များထဲတွင် အလိမ္မာ အပါးနပ်ဆုံး ဖြစ်သော ကျားသည် ညအခါ၌ မျောက်များ မြေပြင်သို့ ဆင်းအလာကို စောင့်ဖမ်း၍ စားတတ် လေသည်။
သို့သော် သပြေချောင်းနားတစ်ဝိုက်တွင် မျောက်တွေမှာ အလွန်ပေါသဖြင့် မိကျောင်းနှင့် ကျားများက မည်မျှပင် ဖမ်းစားကြစေကာမူ မျောက်များကား မကုန်နိုင်ပေ။ ထို့ကြောင့်လည်း သပြေချောင်း နားသို့ မျက်စိလည် လမ်းမှား၍ ရောက်လာကြသော ကျားများသည် သပြေချောင်းကို တော်တော်နှင့် မခွာနိုင်သလို မိကျောင်းများသည်လည်း မခွာရက်ဖြစ်နေသည်။
ယခု ကြည့်ပါဦး၊ မိုးဦးကျစကပင် လေမိုးခိုရင်း သပြေချောင်းထဲသို့ မျက်စိလည်လမ်းမှားကာ ယောင်ယောင်ပေါင်ပေါင် ရောက်လာသော မိကျောင်းသည် သပြေချောင်းကောင်းမှန်းကို သိသဖြင့် သပြေချောင်းက မခွာဘဲ စခန်းချကာ ချောင်းပိုင်ကြီး လုပ်နေပါလေပြီ။
ကိုင်းကျင်းအဆင်သင့်ပြုလုပ်ပြီးသောအခါ ကျွန်တော်သည် သေလုလုဖြစ်နေသော မျောက်မကြီး၏ဆီးစပ်ကို ဓားမြှောင်နှင့် တစ်ချက် ဆောင့်ထိုးလိုက်၏။ မျောက်သွေးများသည် ကိုင်းကျင်းထဲမှ အသင့် ဖောက်လုပ်ထားသော ရေစီးကြောင်းအတိုင်း လတာပြင်ကို ဖြတ်၍ ချောင်းရေထဲသို့ စီးဆင်းသွားကြသည်။ မျောက်သွေးများ ချောင်းရေထဲသို့ တဖြည်းဖြည်းစီးကျနေမှ မျောက်သွေးမျောက်သားကို အလွန်ကြိုက်တတ် သော မိကျောင်းသည် သွေးနံ့ခံပြီး မျောက်ကောင်ရှိရာသို့ လိုက်လာမည်။
မျောက်သွေးစီးကြောင်းကို တွေ့သောအခါ တဖြည်းဖြည်း သွေးသောက် ရင်း လတာပြင်ကို တွားတက်လာပြီး ကိုင်းကျင်းထဲမှ မျောက်ကောင်ကို ဆွဲဟပ်လေမည်။ ထိုအခါ ကိုင်းခလုတ်က ဒေါက်ခနဲပြုတ်၍ မိကျောင်းသည် စန့်စန့်ကြီးမိနေလေမည်မှာ မုချပင်မဟုတ်ပါလား။
ကိုင်းခလုတ်ချပြီးသောအခါ ကိုင်းတံဖျားတွင် နွားခလောက်ကလေးတစ်လုံးကို ဆွဲချိတ် ထားရ၏။ ညအချိန်၌ မိကျောင်းကိုင်း၌ မိပြီဆိုလျှင် ဤနွားခလောက် ကလေးက ဒိုးဒိုးဒေါင်ဒေါင်မြည်၍ ကျွန်တော်တို့ မြေးအဘိုးအား အချက်ပေးမည်ဖြစ်လေသည်။ ကိစ္စဝိစ္စတွေ ပြီးသောအခါ ကျွန်တော်တို့ မြေးအဘိုးသည် ကိုင်း ကျင်းနှင့် အနီးဆုံးဖြစ်သော လယ်သမားတစ်ဦး၏ နွားတင်းကုပ်သို့ သပြေချောင်းထဲမှ တက်လာကြသည်။
ကျွန်တော်နှင့် အဘိုးလေးသည် နွားတင်းကုပ်တွင် လဲလျောင်းရင်း ကျွန်တော်တို့ အစောင့်အဖြစ်ထားခဲ့ သော ခလောက်ကလေး၏ တဒိုးဒိုး တဒေါင်ဒေါင် အချက်ပေးသံကိုသာ နားစွင့်နေမိကြပေသည်။
မိကျောင်းလမိုင်းကပ်နေသော ကျွန်တော်၏
နားသည် ဒိုးဒိုးဒေါင် ဒေါင် ခလောက်မြည်သံကိုချည်း ကြားနေမိတော့သည်။ ကျွန်တော်တို့ မြေးအဘိုး ထောင်ထားသော ကိုင်းတွင် ချောင်းပိုင်ကြီးမိ၍ တလူးလူး တလွန့်လွန့် လှုပ်ရှားရုန်းကန်နေသည်ကိုလည်း စိတ်ထဲမှာမြင်မိသလိုပင်။ မိကျောင်းနှင့် ကျားများကို နှစ်ပေါင်းများစွာ ထောင်ဖမ်းသတ်ဖြတ် လာသော ကျွန်တော်၏ နား၊ မျက်စိတို့မှာ ကျားနှင့် မိကျောင်းသရဲများ စွဲဝင်ပူးကပ်နေသကဲ့သို့ပင် ရှိတော့သည်။
မိကျောင်းတစ်ကောင်ကို ကိုင်းထောင်ဖမ်းဆီးရမိပြီဆိုလျှင်ကျွန်တော်တို့အဖို့ လေးငါးလ မလုပ်မကိုင်ဘဲ ထိုင်စားနိုင်သည်။ မိကျောင်း တစ်ကောင်ကောင်ကို ဖမ်းဆီးမိပါက အနည်းဆုံး ငွေ ၃ဝ၊ ၄ဝ ကို တစ်ရက် နှစ်ရက်အတွင်း ရနိုင်၏။
ကျေးလက်တောရွာများ၌ ငွေ ၃ဝ၊ ၄ဝ မှာ နည်းသည်မဟုတ်ပေ၊ မိကျောင်းတစ်ကောင်ကို ကိုင်းထောင်၍ ဖမ်းဆီးရမိပြီဆိုလျှင် ဦးစွာပထမ မိကျောင်းသားကို ရောင်းရ၏။ နောက် လက်သည်း၊ ခြေသည်း၊ အမြီး၊ အရေခွံကအစ ဘာတစ်ခုမျှ လွှင့်ပစ်ရ သည်ဟု မရှိပေ။
မိကျောင်း၏ လက်သည်း၊ ခြေသည်း၊ အရေခွံ စသည် တို့ကို ကလေးသူငယ်များ လည်ပင်း၌ ဆွဲချိတ်ထားပါက သူငယ်နာက အစ အမှောင့်ပယောဂ အားလုံးကို ကာကွယ်သည်ဟု တောရွာ ကျေး လက်မှ လူများအယူရှိကြသည်။ မြန်မာသမားတော်ကြီး များကလည်း မိကျောင်း အသည်း၊ ကျောက်ကပ်၊ နှလုံး စသည်တို့ကို ဈေးအများဆုံး ပေး၍ ဝယ်ယူတတ်ကြသည်။ မိကျောင်းတစ်ကောင်လုံးတွင် ပိုက်ဆံမတန်သော၊ တန်ဖိုးမရှိသော အရာဝတ္ထုဟူ၍ တစ်ခုမျှမရှိပေ။ အားလုံး ပိုက်ဆံတန်သည်။
နောက်ဆုံး ကုန်ကုန်ဆိုရသော် မိကျောင်း၏ ဝမ်းဗိုက်ထဲ၌ပါသော ကျောက်ခဲ၊ ကျောက်လုံးတွေများဆိုလျှင် ပို၍ပင် တန်ဖိုးရှိသေးသည်။ ထိုကျောက်ခဲ ကျောက်လုံးလေးတွေကို ဆောင်ထားပါက ကျောက်ကြီးရောဂါ၊ ကျောက်ဝမ်းရောဂါ၊ အနာကြီးရောဂါနှင့် ဓားခုတ်၊ လှံထိုးပင် ပြီးသည် ဟု တောရွာကလူများ အယူရှိကြသည်။ ထို့ကြောင့် မိကျောင်းတစ် ကောင်လုံးတွင် ဝမ်းဗိုက်ထဲက ကျောက်ခဲ၊ ကျောက်လုံးလေးတွေမှာ ပို၍ပင် တန်ဖိုးရှိသေးလေသည်။
မိကျောင်းတစ်ကောင်ကောင်ကို ကိုင်းထောင်ဖမ်းမိပြီဆိုလျှင် မိကျောင်း၏ ဝမ်းဗိုက်ထဲတွင် မိကျောင်းအကောင် အကြီးအသေးကို လိုက်၍ ကျောက်ခဲ၊ ကျောက်လုံးလေးများ ပါစမြဲဖြစ်သည်။
ကျွန်တော့်အဘိုးလေး၏ ပြောပြချက်အရမူ ဥပမာ မိကျောင်းတစ်ကောင်သည် ချောင်းတစ်ချောင်းထဲသို့ ဝင်လာပါက ထိုချောင်းထဲ၌ သူ့ထက်ကြီးသော၊ သူ့ကိုနိုင်နင်းသော၊ တစ်နည်းဆိုရသော် သူ့ကို ရန်မူနိုင်သော ချောင်းပိုင် မိကျောင်း ရှိ မရှိကို စုန်ဆန်ကာ ရှာဖွေသည်။ တိုက်ခိုက်သည်ဟု ဆို၏။ ထိုချောင်း၌ သူ့ကို နိုင်နင်းသော မိကျောင်းတစ်ကောင်မျှမရှိလျှင် ထို မိကျောင်းသည် ကျောက်တစ်လုံး မျိုတတ်သည်ဟု ဆိုသည်။ အဓိပ္ပာယ် မှာ ဤချောင်းကို သူပိုင်ပြီဟု ဆိုလိုသည်။
ထို့ကြောင့် မိကျောင်းတစ်ကောင်ကောင်ကို ကိုင်းထောင်ဖမ်းမိ၍ ထိုမိကျောင်း၏ ဝမ်းဗိုက်ထဲတွင် ကျောက်ခဲ သုံးလေးလုံးကို တွေ့ပါက ထိုမိကျောင်းသည် ချောင်းသုံးလေး ချောင်းပိုင်သည်ဟု ယူဆရမည်။ ငါးလုံးတွေ့ က ငါးချောင်းပိုင်သော မိကျောင်းဟု အဘိုးလေးက ပြောပြသည်။
ကျွန်တော်သည် မပျော်တစ်ချက် ပျော်တစ်ချက်နှင့် အဘိုးလေး အနားကကွပ်ပျစ်တွင် လူးလွန့်လှုပ်ရှား
ရင်း ချောင်းပိုင်ကြီး၏ အကြောင်းကိုသာ တွေးနေမိသည်။ ဤမိကျောင်းကြီးကိုသာ ကိုင်း၌ ဖမ်းမိပါက အသားကိုရောင်းစားရုံနှင့် ငွေလေးငါးခြောက်ဆယ်မှာ အလွယ်ကလေးနှင့် ရနိုင်သည်။
နောက် လက်သည်း၊ ခြေသည်း၊ အမြီး၊ အရေခွံ၊ အသည်းနှလုံး၊ ဗိုက်ထဲက ကျောက်ခဲ၊ ကျောက်လုံးများ…
အချိန်မှာ သက်ကြီးခေါင်းချအချိန်တည်း။ နွားတင်းကုပ်၏ ပတ်ဝန်း ကျင်တစ်ခိုမှ ပိုးကောင်မွှားကောင်ငယ်များ၏ အော်မြည်သံမှာ ညံစီလျက် ရှိသည်။
“ဒေါက်… ဒေါက်… ဒေါင်… ဒေါင်”
ဒိုးဒိုးဒေါင်ဒေါင် မြည်နေသော နွားခလောက်သံသည် သပြေ ချောင်း နားတစ်ဝိုက်ကို ပဲ့တင်ထပ်သွားလေသည်။ ကျွန်တော်သည် အိပ်ရာက လူးလဲထလိုက်၏။
“အဘိုးလေး..အဘိုးလေး ချောင်းပိုင်ကြီးမိပြီဗျို့ “
အိပ်ပျော်နေသော အဘိုးလေးကို ကျွန်တော်က ကမန်းကတန်း လှုပ်နှိုးလိုက်၏။
ညဦးကပင် အသင့်ပြုလုပ်ထားသော မီးတုတ်ကို ထွန်းညှိကာ လှံရှည်တစ်ချောင်းကို ဆွဲတည့်ပြီး မိကျောင်းကိုင်းရှိရာ သပြေချောင်းနားသို့ ဒုန်းစိုင်းပြေးချလာ၏။ အဘိုးလေးမှာ အသက်အရွယ်ကြီးသူပီပီ အလဲလဲအပြိုပြိုနှင့် ကျွန်တော့်နောက်ကို
ပြေးလိုက်လာသည်။ ကျွန်တော် သပြေချောင်းနားသို့ ရောက်သောအခါ အဘိုးလေးမှာ လမ်းတစ်ဝက်
လောက်သာ ရောက်သေး၏။ အဘိုးလေး လက်ထဲက မီးရောင် ကိုတော့ တရွေ့ရွေ့လှမ်းမြင်နေရသည်။
“လူလေး အရမ်းမလုပ်နဲ့နော် • အရမ်းမလုပ်နဲ့ အဘရောက်အောင် စောင့်ဦး” ဟုလည်း
ကျွန်တော့်အား စိတ်မချသဖြင့် လှမ်းအော်ရင်း သတိပေးလေသည်။ ကိုင်းကျင်းနားသို့ ရောက်သောအခါ ကျွန်တော်၏ ခြေလှမ်းမှာ တုံ့ကနဲ ရပ်သွားသည်။ မိကျောင်းရပြီဟူသော ဝမ်းသာအားရစိတ်နှင့် ပြေးချလာမိသည်မှာ ယခုအခါ ခဲလေသမျှ သဲရေကျဖြစ်ရလေပြီ။
အဘယ်ကြောင့်ဆိုသော် မျောက်များသည် တဆူဆူတညံညံ အော်ဟစ်၍ ကိုင်းတံကို တွယ်တက်၍
ကိုင်လှုပ်သည့် အကောင်ကလှုပ်၊ ကိုင်းကျင်း ထဲမှ မျောက်မကြီးကို ဝိုင်းဆွဲသည့်အကောင်က ဆွဲ၊ ခလောက်ကို တဂျောင်ဂျောင်လှုပ်သည့် အကောင်က လှုပ်နှင့် မျောက်အကောင်ရေ သုံးဆယ်လောက်သည် ကိုင်းကျင်းနားတွင် ရှုပ်ယှက်ခတ်ဖြစ်နေသည် ကို တွေ့ လိုက်သောကြောင့်ဖြစ်၏။
မိကျောင်းမိပြီအထင်နှင့် အလဲလဲအပြိုပြို ပြေးလိုက်လာသော အဘိုးလေး ကျွန်တော့်အနီးသို့ အရောက်တွင် ကျွန်တော်သည် စိတ် ပေါက်ပေါက်နှင့် အဘိုးလေးလက်ထဲက မီးတုတ်တွေကို တစ်ခုပြီးတစ်ခု မီးညှိကာ ကိုင်းကျင်းထဲတွင် ဆော့ပြေးနေကြသော မျောက်များအားပစ်ပေါက်လိုက်မိလေသည်။
ချောင်းပိုင်ကြီးကို ဤနည်းနှင့်လည်း မမိနိုင်ပါသေး။ သို့သော် နောက်ဆုံးတစ်နည်းတော့ ကျန်သေး၏။ ချောင်းပိုင်ကြီးက ကျွန်တော်တို့ မြေးအဘိုး ထောင်ထားသော ကိုင်းကျင်းထဲသို့ မလာလျှင် ချောင်းပိုင် ကြီးရှိရာသို့ ကျွန်တော်တို့မြေးအဘိုး လိုက်ရှာပြီး သူသေကိုယ်သေ ပညာ ပြိုင်ကြရပေတော့မည်။
အဘိုးလေးက လိုက်ခဲ့ပါဆို၍သာ လိုက်လာရသော်လည်း ကျွန်တော့် စိတ်ထဲကမူ သိပ်မပါတော့ပေ။ ဤမိကျောင်းကိုဖမ်းမိနိုင်ရန် ကျွန်တော်တို့ မြေးအဘိုး နည်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့သည်မှာ သုံး လေးလ ရှိနှင့်လေပြီ။ မိကျောင်းကိုကား မမိသေး။ ထို့ကြောင့် ကိုသာရင် ပြောသလို ဤမိကျောင်းသည် တကယ်ပင် နတ်မိကျောင်းဆိုတာများ လားဟု တွေးမိသောအခါ ကျွန်တော့် ကျောထဲတွင် စိမ့်၍သွားသည်။
ဤမိကျောင်းကို ဖမ်းမိနိုင်ရန် မနေမနား ကြိုးစားနေသလို ယခုတစ်လော ကျွန်တော်တို့ နယ်တစ်ဝိုက်တွင် ထကြွသောင်းကျန်းနေသော ကျားကြီးကို ဖမ်းဖို့ကြိုးစားပါက သည်လောက်အချိန်မှာ မိနိုင်ပြီဟု ကျွန်တော်က တွက်ကိန်းထုတ်မိသည်။ ထို့ကြောင့်လည်း အသက်အန္တရာယ်နှင့်နီးသော နတ်မိကျောင်းကြီးကို အဘယ်ကြောင့် ဖမ်းချင်ရသနည်းဟု အဘိုးလေးကိုပင် မကျေမနပ်နှင့် အပြစ်တင်ချင်လာသည်။
ဤမိကျောင်း မှာ ရွာနီးချုပ်စပ်တစ်ဝိုက်က လူများသိထားကြသလို နတ် မိကျောင်းဖြစ်သဖြင့် ကျွန်
တော်တို့ မြေးအဘိုးက ဖမ်းဆီး၍ မရနိုင်ပါဆိုလျှင် မုဆိုးတို့၏ ဂုဏ်သိက္ခာလည်း ကျစရာမရှိပေ။
မိုးလယ်ကပင် ထကြွသောင်း ကျန်းလာသော မိကျောင်းမှာ ငမိုးရိပ်နတ်မိကျောင်းလို လူယောင်ဆောင်၍ သွားနေသည်။ ဘယ်ရွာမှာ ဘယ်နေ့က အမည်မသိ သူစိမ်းဧည့်သည်သည် မိကျောင်း လူယောင်ဆောင်လာခြင်းဖြစ်သည် စသည် စသည်ဖြင့် ကောလာဟလတွေကလည်း ထပ်တလဲလဲ ဖြစ်နေလေသည်။
ဤသည်ကို လုံးဝမယုံကြည် မကျေနပ်သော
ကျွန်တော့် အဘိုးလေးကလည်း ထို့ကြောင့် ဤမိကျောင်းကိုသာ ဖမ်းမိနိုင်ရန် သဲသဲမဲမဲဖိ၍ ကြိုးစားနေခြင်းဖြစ်သည်။
အမှန်က ဤမိကျောင်းကို နတ်မိကျောင်းဟု ပြောနေကြသလို ယခုတလော အတင့်ရဲ သောင်းကျန်းလာသော ကျားကြီးကိုလည်း နတ်ကျားကျွန်းပိုင်ရှင်ဟု မိကျောင်းသံလိုက်၍ လူတွေကပြောနေကြပြန်သည်။ ကျားကြီးမှာ ကျွန်တော်တို့ ရမ်းဗြဲ
တစ်ကျွန်းလုံးကို လှည့်ပတ်၍ လယ်သမားများ၏ ကျွဲ၊ နွားများကို တစ်နေ့တစ်ကောင် သို့မဟုတ် နှစ်ကောင် သုံးကောင်အထိပင် ကိုက်ဖြတ် သတ်စားနေလေသည်။
တစ်ခု ထူးဆန်းနေပြန်သည်မှာ ထိုကျားသည် သူ
ကိုက်ဖြတ်သတ် ထားခဲ့သော ကျွဲ၊ နွားများကို တခြားကျားများလို ပြန်စားခြင်းလုံးဝမရှိ ပေ။ သည်နေ့ ဒီရွာမှာ ကျွဲတစ်ကောင်ကို ကိုက်စားသွားပြီဆိုလျှင် နောက် တစ်နေ့မှာ နောက်တစ်ရွာရွာ၌ နွားတစ်ကောင်ကိုလည်းကောင်း၊ ကျွဲ တစ်ကောင်ကိုလည်းကောင်း ကိုက်သွားပြန်ပြီဟု သတင်းသာ ကြားရ သည်။ ဤသည်တို့ကြောင့်လည်း လူတွေက ထိုကျားကို ကျွန်းကိုပတ် ပြီး လှည့်လည်ကိုက်သတ်စားနေသော နတ်ကျား ကျွန်းပိုင်ရှင်ဟု ပြောနေကြလေသည်။
သို့သော် ယနေ့အထိ လူကိုတော့ တစ်ယောက်တလေ မျှ မကိုက်သေးပေ။ သပြေချောင်းထဲက မိကျောင်းနှင့်စာလျှင် တော်သေးသည်ဟု ဆိုရပေမည်။ ဤကျားက လူကို ကိုက်သတ်စားခြင်းမရှိသေး၍လည်း
ကျွန်တော့်အဘိုးလေးက ကျားထက် လူကိုစားသော နတ် မိကျောင်းကိုသာ ဖမ်းမိနိုင်ရန် မဲ၍ကြိုးစားနေခြင်းဖြစ်လေသည်။
သို့သော် ကျားကြီးကိုလည်း တစ်ခါ နှစ်ခါတော့ ကျွန်တော်တို့ မြေး အဘိုး (ဘိ) ထောင်ကြည့်ခဲ့ကြ၏။ သို့သော် ထိုကျားကား သူ ကိုက်သတ်ထားခဲ့သော ကျွဲ၊ နွား အသေကောင်များဆီသို့ နောက်တစ်ကျော့ ပြန်လာ စားသောက်ခြင်းမရှိသဖြင့် ကျွန်တော်တို့ ထောင်ထားသော (ဘိ) တွင် မမိနိုင်ခဲ့ပေ။
ကျွန်တော်တို့ မြေးအဘိုး ထောင်ထားသော ကိုင်းကျင်းထဲသို့ နတ်မိကျောင်းမလာသဖြင့် နတ်မိကျောင်းရှိရာ သပြေချောင်းထဲတွင် နတ်မိကျောင်းကို ပိုက်စိတ်တိုက် အစုန်အဆန် ရှာဖွေကြသည်။
နတ်မိကျောင်းကို တွေ့ပါက သူသေကိုယ်သေ အစွမ်းပြိုင်ကြရန်ကိုလည်း ကျွန်တော်တို့ အစီအစဉ် လုပ်လာခဲ့ကြသည်။
သပြေချောင်း၏ ဒီရေသည် တငြိမ့်ငြိမ့် ကျစပြုနေသည်။ ကျွန် တော်က ကြိုးကို တဆတ်ဆတ် လှုပ်လိုက်သောအခါ လက်မလုံးလောက် ရှိသော
တလောင်ပေါ်မျှားကြီးနှင့် ခြေတစ်ဖက်ကို
ပူးချည်ထားခြင်းခံရသော ဝမ်းဘဲကြီးက တဂဲဂဲ တဂတ်ဂတ် အော်လေသည်။ ဝမ်းဘဲကြီး အော်သံကိုကြားလျှင် ရေထဲမှ ဘွားခနဲ ပေါ်လာပြီး ဝမ်းဘဲကြီးကို ပြေးဟပ်လာမည့် မိကျောင်းအား အဘိုးလေး
သည် လှေပေါ်မှနေ၍ လှံရှည်တစ်ချောင်းနှင့် အဆင်သင့်ချိန်ရွယ်ကာ အသင့်စောင့်လျက် ရှိသည်။
ဒီရေက အကျမြန်လာ၏။ ဒီရေကျသွားလျှင် သောင်ပြင်သို့ ဆင်းရန် ပြားပြင်ပေါ်မှ တွဲလွဲဆွဲနေကြသော ပြားမျောက်များ၏ အော်သံနှင့် ဝမ်းဘဲကြီး၏ တဂဲဂဲ တဂတ်ဂတ် အော်သံတို့မှာ ပို၍ညံစီလာ သည်။
တစ်ကွေ့ နှစ်ကွေ့… သုံးလေးကွေ့…
တံတောင်ဆစ်ချိုး သပြေချောင်း၏ အကွေ့အ
ကောက်များကို လှေနှင့် တရွေ့ရွေ့မျှောကာ ကျော် လွန်လာကြသည်။ ဝမ်းဘဲကြီးသည် ရေထဲ၌ ပေါလောမျောပါနေရင်းက တဂဲဂဲ တဂတ်ဂတ် အော်နေသည်။ ဒီရေမှာ အကျမြန်လာသည်။ သို့သော် မိကျောင်းကြီးကား ပေါ်မလာသေး။ နောက် တစ်ကွေ့ နှစ်ကွေ့.. သုံးလေးကွေ့….
သို့နှင့်လည်း မိကျောင်းက ပေါ်မလာသေးပေ။
နောက်ထပ် ကွေ့တစ်ခုသို့ ရောက်သောအခါ ဒီကျရေမှာ သုံးပုံတစ်ပုံလောက်သာ ကျန်တော့သည်။ လတာ သောင်ပြင်ကြီးများသည် ဖွေးဖွေးလှုပ်၍ ပေါ်လာကြလေပြီ။ နတ်မိကျောင်းသည် လတာပြင်ထဲတွင် သူ၏ တစ်ကိုယ်လုံးကို ရွှံ့ထဲတွင် နစ်မြုပ်ကာ မျက်လုံးနှစ်လုံး ကိုသာဖော်ပြီး ပြားမျောက်များ လတာပြင်သို့ ဆင်းအလာကိုပင် စောင့် နေလေပြီလား မသိပေ။ သို့သော် ရေထဲမှာ ပေါလော မျောပါနေသော ဘဲကောင်နှင့် ဘဲအသံကို ကြားလျှင် မြင်လျှင်တော့ မိကျောင်းကြီးသည် ချက်ချင်း ဆင်းလိုက်လာမည်မှာ မုချပင်ဖြစ်လေသည်။ ထို့ကြောင့် ကျွန်တော်က ဘဲမျှားကြိုးကိုသာ တဆတ်ဆတ် ဆွဲလှုပ်နေမိလေသည်။
နောက်ထပ် ကွေ့ချိုးတစ်ခုသို့ ရောက်သောအခါ တဆတ်ဆတ် လှုပ်လာသော ကျွန်တော်၏ လက်ထဲမှ ကြိုးစသည် တုံ့ခနဲ ရပ်သွား၏။ ကြိုးလှုပ်ရှားမှု ရပ်သွားသည်နှင့်တစ်ပြိုင်နက် ဘဲအော်သံလည်း ရုတ်ခြည်း ရပ်သွားသည်။
သူသေ ကိုယ်သေ လတာပြင်ထဲတွင် ဝုန်း ဒိုင်းကြဲကာ တစ်ကောင်နှင့်တစ်ကောင် အသေသတ်ပုတ်နေကြသော တိရစ္ဆာန်ကြီးနှစ်ကောင်ဆီသို့ ကျွန်တော်တို့မျက်လုံးများ ချက်ချင်း ပြိုင်တူ ရောက်သွားကြသည်။
မြင်စက မည်သည့်တိရစ္ဆာန်များဟု ခွဲခြား၍ မရ ပေ။ နှစ်ကောင်စလုံး၏ ကိုယ်များပေါ်တွင် ရွှံ့ညွန်တွေနှင့် အိုင်လူးထား သော ကျွဲများပမာ ပြာနှမ်းနေကြသည်။ အံ့သြထိတ်လန့်ခြင်းနှင့်အတူ ကျွန်တော်တို့ မြေးအဘိုးသည် ရေရိုးချောင်းကြောထဲမှ လှေကို ကမ်းစပ်နားသို့ ချဉ်းကပ်လိုက်ကြသည်။
လတာပြင်အစသို့ရောက်မှ မိကျောင်းကြီးနှင့် ကျားကြီးတစ်ကောင်တို့ အပြန်ပြန် အလှန်လှန် သတ်ပုတ်နေကြသည်ကို ကွဲကွဲပြားပြား မြင်ရလေသည်။ သူတို့ကိုယ်ပေါ်မှ ရွှံ့ညွန် ရွှံ့ခဲများသည် မိုးသီးမိုးပေါက်ပမာ ပြူးပင် ပြားပင်များ၏ အရွက်အခက်များပေါ်သို့ တဖြောင်းဖြောင်း လွင့်စဉ်လျက်ရှိသည်။
ရေထဲတွင် အားသန်သော မိကျောင်းကြီးက ကျားကြီး၏ ခါးလယ်ကို မိမိရရခဲကာ ရေထဲသို့ ဆွဲချရန် ကြိုးစားနေသည်။ သို့သော် ဒီရေက အကျမြန်သွား ပြီဖြစ်သဖြင့် သူ၏ ကြိုးစားမှုမှာ အချည်းနှီးသာ။
ချောင်းရေအစပ်နှင့် လတာပြင်ကြားသည်ပင် ပေ အစိတ်၊ ၃ဝ ကွာခြားနေလေပြီ။ ကုန်းပေါ် တွင် အားသန်သော ကျားကြီးကလည်း မိကျောင်း၏ လည်မျိုကို အမိအရခဲကာ ကုန်းပေါ်သို့ ဆွဲတင်နိုင်ရန် ကြိုးစားနေ၏။ သို့သော် သူ၏ကြိုးစားမှုမှာလည်း အချည်းနှီးပင်။ ကျားကြီးက မိကျောင်းကြီးကို ကုန်းပေါ် ဆွဲတင်နိုင်ရန် အားတင်း ထရပ်လိုက်တိုင်း မိကျောင်းကြီး၏အမြီးက ကျားကြီး၏ကိုယ်ပေါ်သို့ တဖြောင်းဖြောင်း ကျလာတော့သည်။ ထိုအခါ ကျားကြီးမှာ အလဲလဲအပြိုပြိုနှင့် ရွှံ့ညွန်ထဲသို့ ဖင်ထိုင်လျက် လဲကျသွားပြန်သည်။
ဤသို့နှင့်ပင် မိကျောင်းတစ်ပြန် ကျားတစ်ပြန်
မသေမရှင် သတ်ပုတ်နေကြလေသည်။ အမှန်မှာ သူတို့နှစ်ဦးသည် အကြံတူများ ဖြစ်ကြလေမည်။
လတာပြင်ထဲတွင် မျောက်များကိုဖမ်းစားရန် လာရောက် ချောင်းမြောင်းကြရင်း ရန်သူချင်းတွေ့ကာ သူသေကိုယ်သေ သတ်ပုတ်နေကြလေသည် မဟုတ်ပါလား။
ကျွန်တော်သည် လှံရှည်တစ်ချောင်းကိုဆွဲကာ လှေပေါ် မှခုန်ဆင်းရန် ဟန်ပြင်လိုက်၏။
“ဟဲ့… နေပါဦး လူလေးရယ်၊ ဒင်းတို့နှစ်ကောင်ဟာ တို့မြေးအဘိုးလက်ထဲက ဘယ်လိုမှ မလွတ်နိုင်တော့ပါဘူး။ ဒင်းတို့နှစ်ကောင်ကို ဖမ်းမိဖို့ အရေး တို့မြေးအဘိုးတွေ ကြိုးစားလာခဲ့ရတာ ပင်ပန်းလွန်းလှပြီ၊ ဘဲတွေ မျောက်တွေလည်း အသေအပျောက် များလှပြီ။ ဒီတစ်ခါတော့မုဆိုး မုဆိုးချင်း သူတို့ဘာသာ သူတို့ သေအောင် သတ်ကြပါစေ။ တို့ မြေးအဘိုးက စောင့်သာကြည့်နေ။ သူတို့နှစ်ကောင်စလုံး သေမှ လှေပေါ် ကို အသာလေးဆွဲတင်ပြီး ပြန်ကြတာပေါ့။ ကြည့်လို့လည်းကောင်းပါတယ်၊ ငါ့မြေးလက်ထဲက ဝမ်းဘဲကြီးကိုတော့ ဘေးမဲ့လွှတ်လိုက်ပေတော့”
အဘိုးလေး ပြောသလိုပင် မျှားချိတ်နှင့် ပူးချည်ထားခြင်းခံရသော ဝမ်းဘဲကြီးကို ကြိုးဖြုတ်ကာ ကျွန်တော်က လွှတ်လိုက်လေသည်။ လွတ်ရာကျွတ်ရာသို့ သဘောရှိ သွားပါလေတော့…
သပြေချောင်းထဲတွင် ဘေးရန်ဟူသမျှ ကင်းရှင်းသွားပြီ မဟုတ်ပါလား။
ဖိုးကျော့
မြဝတီမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၆၈။
စာစီ – မုဆိုး တံငါ စာပေများ
Uncategorized