ပုသိမ်လှမိုး
ချောင်းမွှေပွဲ
(၁)
သီတင်းကျွတ်လဆန်း ၁၂ရက်နေ့ည။
လသည် ထိန်ထိန်သာနေသည်။ အပင်နှစ်ဆယ် ချောင်းလက်တက်တစ်လျှောက် အုပ်မိုးနေသည့် ဓနိပင် များအပေါ် လရောင်ဖြာကျလျက် ရှိသည်။
ပုသိမ်-ကြံခင်း အမြန်ရထား ဖြတ်သွားချိန်လောက်တွင်သာ ဆူဆူညံညံ ကြားလိုက်ရပြီးနောက် ကိုးသောင်းကျေးရွာကြီးသည် ပြန်လည်တိတ်ဆိတ်သွားပြန်ပါသည်။
ရွာတောင်ပိုင်းဆီမှ အိုးစည်သံသဲ့သဲ့ ကြားရသည်။
စံရှိန်း ဦးဆောင်သည့် ကိုးသောင်းရွာ လူရွယ်တစ်စုသည် ချောင်းနံဘေး ငုပင်ကြီးအနီးသို့ စုရုံးရောက်ရှိလာကြသည်။
သူတို့လက်ထဲတွင် ပေါက်တူး၊ ဂေါ်ပြား၊ ဒိုင်းဝန်း၊ ယိုးဒယားပိုက်နှင့် ပလိုင်းစသည့် ငါးဖမ်းပစ္စည်း အစုံစုံ ကိုင်ဆောင်ထားကြ၏။
“ဒီနေ့ ရေဘယ်အချိန် စစ်မှာလဲ”
တင်ဦးက စံရှိန်းကို လှမ်းမေးလိုက်သည်။ စံရှိန်းသည် မိုးမခနှင့် ဓနိရိပ်များကြောင့် ခပ်မှောင်မှောင် ဖြစ်နေသော ချောင်းဘက်ဆီ မျက်လုံးဝင့်၍ ကြည့်မိသည်။
“၈-နာရီလောက်မှာ ရေစစ်လိမ့်မယ်။ စောစောက ရထားဟာ ပုသိမ်- ကြံခင်း အမြန်ရထားသံ မဟုတ်လား”
“ဟုတ်မှာပေါ့ စံရှိန်း”
သူတို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေကြစဉ် မင်းအောင်သည် ရွာဘက်သို့ မျှော်ငေးနေမိသည်။
လရောင်ဆမ်းထားသော စပါးခင်းတွေမှာ အနောက်တောင်လေ သုတ်ဖြူးလေတိုင်း လှိုင်းအိများ အ လား တအိအိ လှုပ်လူးသွားသည်ကို သူ မြင်တွေ့ရပါ၏။
မျှော်မဆုံးသော စပါးပင်လယ်ပြင်ကြီး၏ အဝေးပျပျ သစ်ဖင်အုပ်များ အလယ်လောက်ဆီတွင် မီးရောင်တလက်လက် ဖြာထွက်နေကြောင်း တွေ့ရသည်။
ရွာဦးဘုန်းတော်ကြီးကျောင်းပိုင် မီးစက်မှ လျှပ်စစ်မီးရောင်များ ဖြစ်သည်။ ဖိုးဆိတ် တီးခတ်နေသည့် အိုးစည်သံနှင့် သံလုံး၏ မမှုတ်တတ် မှုတ်တတ် ပလွေသံတို့ကို ခပ်ဝါးဝါး ကြားနေရသည်။
မင်းအောင် မျက်ဝန်းအစုံထဲတွင် ဆွမ်းစားကျောင်းအောက်ထပ်၌ ရွာတွင်းမှ အခြားမိန်းမပျိုများနှင့်အတူ ဆန်ပြာနေသည့် မယဉ်နု မျက်နှာကလေးကို မြင်ယောင်နေသည်။
သီတင်းကျွတ်လပြည့်နေ့တွင် သူတို့ ရွာဆွမ်းသိမ်းပွဲရှိသည်။ ဥပုသ်သည်များကို ထမင်းကျွေးမည်။ ညဘက်တွင် မီးထွန်းပွဲလည်း လုပ်မည်။ မီးပုံးပျံလည်း လွှတ်မည်ဟု မင်းအောင် သိထားသည်။
ယင်းကြောင့်လည်း ဆွမ်းသိမ်းပွဲတော်နှင့် သီတင်းကျွတ်လပြည့်နေ့ ဘုန်းတော်ကြီးများနှင့် ဥပုသ်သည်များ ကျွေးမွေးရန် မယဉ်နု အပါအဝင် ရွာတွင်းက မိန်းမပျိုတစ်သိုက် ဆန်ရွေးခြင်း၊ ပဲရွေးခြင်း များကို ယနေ့ညမှ စတင်လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
တက္ကသိုလ် စာပေးစာယူ စာမေးပွဲကိစ္စအတွက် ရန်ကုန်သွားရမည်။ တစ်ပတ်လောက်ကြာမည်။ ယင်းကိစ္စကို မတင်ချောမှတစ်ဆင့် လွန်ခဲ့သော ၂-ရက်ခန့် လောက်ကပင် မယဉ်နုအား မင်းအောင် အသိပေးထားခဲ့သည်။
မတင်ချောသည် မယဉ်နု၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ အိမ်နီးနားချင်းလည်း ဖြစ်သည်။ သူတို့ နှစ်ယောက်သည် မင်းအောင်နှင့် ကျောင်းနေဖက် သူငယ်ချင်း ဖြစ်သည်။ ရွာတွင် ၄တန်းအောင်သည်
အထိ အတူပညာသင်ကြားခဲ့ကြဖူး၏။
မင်းအောင်လည်း ကျောင်းသားတစ်ပိုင်း၊ မိဘများ၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေအတွင်း ဝင်ရောက်ကူညီရသော လယ်သမားတစ်ပိုင်း ဘဝနှင့် ၁၀-တန်း အောင်ခဲ့သည်။
ထိုနှစ်မှာပင် ရွာ၏ အလှပိုင်ရှင် ကွမ်းတောင်ကိုင် မယဉ်နု၏ မေတ္တာပွင့်ပန်းကို မင်းအောင် ရယူပိုင်ဆိုင်ခဲ့သည်။ မတင်ချော၏ ပံ့ပိုးကူညီမှုကြောင့် ဖြစ်သည်။ မတင်ချောကို မင်းအောင် အထူးကျေးဇူးတင်ရပါသည်။
မင်းအောင် ၁၀-တန်းအောင်သော်လည်း ပုသိမ်ဒီဂရီကောလိပ်သို့ တက်ရောက်နိုင်ခြင်း မရှိခဲ့။ မိဘများ ၏ စီးပွားရေးအခြေအနေအရ စာပေးစာယူ သင်တန်းကိုပဲ တက်ရောက်နိုင်ခဲ့သည်။ ယခု သူ တတိယနှစ်သို့ပင် ရောက်နေပေပြီ။
ယနေ့ည ရွာ့တောင်ဘက်ရှိ ကြာမျိုးစုံ ပွင့်ဖူးလျက်ရှိသော သောက်ရေကန်ကြီးတွင် မယဉ်နုနှင့် တွေ့ဆုံ ရန် မတင်ချောမှတစ်ဆင့် မင်းအောင် ချိန်းဆိုထားသည်။ ရန်ကုန် မသွားခင် တွေ့ဆုံချင်သည်ဆို၍ မယဉ်နုကလည်း လိုက်လျောကြောင်း၊ တွေ့ဆုံ မည်ဖြစ်ကြောင်း၊ မတင်ချောမှ ဒတစ်ဆင့် မင်းအောင် ပြန်ကြားချက် ရထားလေ၍ ရင်မှာ ဖိုလှိုက်လျက် ရှိနေသည်။
သို့တစေ စံရှိန်းကြောင့် မယဉ်နုနှင့် ချိန်းဆိုထားချက်တွေ အလွဲလွဲအချော်ချော် ဖြစ်ရလေပြီ။
စံရှိန်းသည် မယဉ်နု၏ အစ်ကိုအရင်းဖြစ်သည်။ သူသည် ကိုးသောင်းကျေးရွာ၏ လူပျိုခေါင်းဖြစ်သည်။ ကျေးရွာ၏ သာရေး၊ နာရေး၊ ဘာသာရေး၊ လူမှုရေးကိစ္စများတွင် တက်တက်ကြွကြွ ပါဝင်ကူညီ လုပ်ကိုင်ဆောင်ရွက်ပေးတတ်သူမို့ တစ်ရွာလုံး၏ အားကိုးအားထားခြင်း ခံရသူဖြစ်သည်။
တစ်ရွာလုံးရှိ လူပျိုကာလသားတစ်သိုက်မှာလည်း သူ့အား ချစ်ကြောက်ရိုသေကြသည်။ ယင်းကြောင့်လည်း မင်းအောင်အဖို့ အခက်ကြုံနေရပြီ။
အထူးသဖြင့် စံရှိန်းမှာ သူ့ယောက်ဖလောင်းမို့ ပို၍ အကျပ်အတည်း ဖြစ်နေသည်။ ဘယ်လိုမှ မလွန်ဆန်ဝံ့တော့ဘဲ စံရှိန်း ဦးဆောင်ရာ “ချောင်းမွှေပွဲ” သို့ မင်းအောင် တစ်ယောက် မလိုက်ချင်ဘဲလျက် လိုက်ပါလာရခြင်း ဖြစ်သည်။
“ကျော်သူ ငါနဲ့လိုက်ခဲ့ကွာ ။ တို့ ချောင်းထဲဆင်းကြည့်ရအောင်။ မင်းအောင်တို့အဖွဲ့ ဒီငုပင်အောက်မှာ စောင့်နေရစ်ခဲ့ကြ။ တို့ ခဏကြာရင် ပြန်လာမယ်”
စံရှိန်း အသံကြောင့် မယဉ်နုထံ အာရုံလွင့်ပျံနေသော မင်းအောင်မှာ လန့်နိုးလာသလို ဖြစ်သွားသည်။ စံရှိန်းနှင့် ကျော်သူသည် ငါးရှဉ့်ထိုးသည့် တစ်လုံးထိုးမှိန်း တစ်ချောင်းစီကို ကိုယ်စီထမ်းကာ ချောင်းဘက် သို့ ထွက်သွားကြသည်။
နှုတ်ဆိတ်နေသူကား မင်းအောင်။
ယနေ့ည မယဉ်နုနှင့် မည်သို့မည်ပုံ သွားရောက်တွေ့ဆုံရမည်ကို စဉ်းစားခန်းဝင်လျက် ရှိနေသည်။
(၂)
ရွာလယ် ဘော်လီဘောကွင်းဘက်မှ မြိုင်ဆိုင်သော အိုးစည်သံများ တိတ်ဆိတ်သွားပြီ။ မင်းအောင်တို့ တစ်နေရာရာဆီ ထွက်ခွာသွားကြပြီကို မယဉ်နု နားလည်လိုက်သည်။ အိုးစည်ဝိုင်းတွင် သူ့အစ်ကို စံရှိန်း ဦးဆောင်နေသဖြင့် မယဉ်နု သွားမကြည့်ရဲချေ။
စောစောက လရောင်အောက်တွင် ဘော်လီဘောကွင်းမှ တရိပ်ရိပ် ထွက်သွားကြသူများကို မယဉ်နု ရိုးတရိပ် မြင်လိုက်ရသည်။
ကောက်ညှင်းစပါးရိတ်ပြီး မုန့်ဆန်းထောင်းကြလေမည်လား။ ချောင်းမွှေဖို့ သွားကြလေသလား။ ဒါမှမဟုတ် ကြက်သားကာလသားချက် ချက်စားဖို့ အကြံအဖန်လုပ်ဖို့ ထွက်သွားကြလေသည်လား။ သည်အဖွဲ့နှင့် ရောယောင်ပြီး မင်းအောင်တစ်ယောက် ပါသွားပေလိမ့်မည်။ ပြီးလျှင် သောက်ရေကန်ကြီးတွင် မိမိအား မင်းအောင် စောင့်နေပေလိမ့်မည်။
ယနေ့ည မယဉ်နုမှာ ပို၍ လှပနေသည်။
တစ်ပတ်လျှိုဆံထုံးထက်တွင် စံပယ်ကုံးကလေး ပန်ဆင်ထားသည်။ မျက်နှာကို သနပ်ခါးရည်ကျဲကျဲလေး လိမ်းကျံထားသည်။ ကိုယ်တွင် နံ့သာရောင် တက်ထရက်ရှန်လက်စက၊ ခါးတွင် အပွင့်အဆုပ်များပါသည့် ချယ်ရီရင့်ရောင် ပါတိတ်ထဘီကို ဝတ်ဆင်ထားသဖြင့် လုံးကြီးပေါက်လှ မယဉ်နုမှာ ချစ်စရာ တစ်ပွေ့တစ်ပိုက်ကြီးအသွင် ဆောင်နေသည်။
“အိုးစည်ဝိုင်းမှာ အစ်ကိုစံရှိန်းတို့ မရှိကြတော့ဘူး ယဉ်နု”
“သေချာရဲ့လား တင်ချောရယ်”
မယဉ်နုက အသံအုပ်အုပ်ဖြင့် မတင်ချောကို ပြောလိုက်သည် ။ တစ်ချိန်တည်းမှာပင် သူတို့ပတ်ဝန်း ကျင်ရှိ ဆန်ပြာ၊ ပဲရွေးနေကြသည့် အမျိုးသမီးရွယ်များဆီ မျက်လုံးစွေ၍ အကဲခတ်လိုက်သည်။
သူတို့တစ်တွေ ကိုယ့်အစုနှင့်ကိုယ် စကားတပြော ပြောနှင့် အလုပ်လုပ်နေကြကြောင်း မယဉ်နု တွေ့ရသည်။
“ငါ အပေါ့သွားပြီး အပြန် အိုးစည်ဝိုင်းနား ရောက်ပြီးပြီ။ အစ်ကိုစံရှိန်းတို့ တစ်ဖွဲ့လုံး ပေါက်တူးတွေထမ်းပြီး ချောင်းဘက်ကို ထွက်သွားကြတာ တွေ့ရတယ်။ အခု အိုးစည် မတောက်တခေါက် တီးနေတာက ဖိုးဆိတ်နဲ့ သံလုံးတို့ လက်သံပဲ။ မင်းအောင်တစ်ယောက် ခုလောက်ဆိုရင် ကြာကန်ကြီးဘက် ရောက်လောက်ပြီပေါ့။
ကဲ ယဉ်နု … နင်လဲ သွားလေ။ သိပ်လဲ မကြာစေနဲ့။ သနပ်ခါးတွေလဲ ပျက်မလာစေနဲ့အုံးနော် … ကြားလား”
မယဉ်နု ရှက်စနိုးဖြင့် မတင်ချောကို လှမ်းထုသည်။ ပြီးတော့ ရှက်ကိုးရှက်ကန်းဟန်ဖြင့် ဆွမ်းစားကျောင်း နောက်ဖေးပေါက်မှ အပေါ့အပါးသွားဟန်ဖြင့် ထွက်လာခဲ့သည်။
လရောင်ဖြင့် လှပနေသော ညဖြစ်သည်။ မယဉ်နုသည် မင်းအောင်နှင့် ဆုံတွေ့နေကျ၊ ကန်ပေါင်ရိုးအနီး ခရေပင်ကြီးအောက်မှာ မတ်တတ်ရပ်နေသည်။ ရင်ထဲမှာ ဖိုလှိုက်လျက် ရှိသည်။ သူအရောက် နောက်ကျနေသဖြင့် မင်းအောင် စိတ်များဆိုးနေပြီလား။
မဖြစ်နိုင်ပါဘူးလေ။ မယဉ်နု အခြေအနေကို မင်းအောင် ကောင်းစွာ နားလည်ထားပါသည်။ သူတို့နှစ်ဦး၏ မေတ္တာအရေးအခင်းကို နှစ်ဖက်သော မိဘများ ရိပ်မိနေကြသည်။ သို့ရာတွင် သူတို့နှစ်ဦးစလုံးမှာ ဖုံးဖုံးဖိဖိနေတတ်ကြသည်။
မင်းအောင် ရည်မှန်းချက် အောင်မြင်သည့်တစ်နေ့၊ မယဉ်နုနှင့် လက်ထပ်ယူမည်ဆိုလျှင် နှစ်ဖက်မိဘများ သဘောတူကြမည်ကိုလည်း သူတို့နှစ်ဦးစလုံး နားလည်ထားကြသည်။ နှစ်ဖက်သော မိဘချင်းမှာလည်း တစ်ရွာတည်းနေ တစ်ရေတည်းသောက်၊ ငယ်မွေးချင်းစားတွေပဲ မဟုတ်ပါလား။
“နင်ဘွဲ့ရရင် ဘာလုပ်မယ် စိတ်ကူးထားလဲ မင်းအောင်”
“ဝါသနာအရတော့ စစ်ထဲ ဝင်ချင်တယ်။ ဒါပေမဲ့ အမေက သဘောမတူဘူး ယဉ်နုရယ်။ ကျောင်း ဆရာပဲ လုပ်စေချင်နေတယ်”
“ကျောင်းဆရာ အလုပ်ကို ငါလဲ သိပ်သဘောကျတယ်ဟယ်။ အိုးမကွာ အိမ်မကွာ နေရတယ်။ တို့ရွာကျောင်းမှာလဲ ဆရာတစ်ယောက် လိုနေတယ် မဟုတ်လား မင်းအောင်”
“ရွာမှာ ပြန်ရရင်တော့ ကောင်းတာပေါ့။ အစိုးရဝန်ထမ်းဆိုတော့ ပို့လွှတ်ရာ သွားရမှာပေါ့ ယဉ်နု”
မိုးဦးကျစတုန်းက မယဉ်နုနှင့် မင်းအောင်တို့ သောက်ရေကန်ကြီးတွင် တစ်ခါ ချိန်းတွေ့ကြစဉ် သူတို့နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြဖူးသည်ကို မယဉ်နု ပြန်ပြောင်းအောက်မေ့မိသည်။ သူတို့နှစ်ဦးမှာ တစ်ရွာတည်း နေကြသည် ဆိုသော်လည်း အမြဲထာဝရ တွေ့မနေကြရပါ။
မင်းအောင်မှာ ကျောင်းတစ်ဖက်၊ ရွာပြန် ရောက်တော့ မိဘများ၏ လယ်ယာနှင့် ဥယျာဉ်ခြံမြေအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေ သည်။
မယဉ်နုမှာလည်း မိဘများ၏ လယ်ယာ၊ ဥယျာဉ်ခြံမြေလုပ်ငန်းများဖြင့် မအားမလပ် ရှိနေရသည်။
တစ်ခါတစ်ရံ မင်းအောင် အိမ်ရှေ့မှ ဖြတ်သွား ဖြတ်လာ အချိန်မျိုးတွင် ခိုးကြောင်ခိုးဝှက် လွမ်းအောက်မေ့ရလွန်းသော အကြည့်များနှင့် နှစ်သိမ့် ရပြန်သည်။
“ပို့လွှတ်တဲ့ နေရာသွားရမယ်ဆိုရင် တို့တော့ လွမ်းကျန်ရစ်အုံးမှာပေါ့နော်”
“နင့်ကိုပါ တစ်ခါတည်း ခေါ် သွားမှာပေါ့ ယဉ်နုရာ”
“ဖဝါးခြေထပ် လိုက်တော့ လိုက်ချင်သားပေါ့ကွယ်။ အိမ်မှာက ငါမရှိ မဖြစ်ဘူး မင်းအောင်။ အစ်ကိုကြီး စံရှိန်းကလဲ သိတဲ့အတိုင်း အိမ်အလုပ် မည်မည်ရရ ဘာမှ လုပ်တာမဟုတ်ဘူး။ ရပ်ရေးရွာရေးတွေပဲ သူက စိတ်ဝင်စားတာ”
မယဉ်နု ခရေပင်ကြီးအောက်တွင် ရပ်နေခဲ့သည်မှာ ၁၀-မိနစ်ခန့် ရှိပြီ။ မင်းအောင် အရိပ်အယောင်ကို
မမြင်ရသေး။ ချိန်းထားပြီး မေ့များ မေ့နေပြီလား။ သို့မှမဟုတ် အစ်ကိုကြီးစံရှိန်းတို့်နောက် လိုက်ပါသွား လေပြီလား။
မယဉ်နု ရင်တဖိုဖို၊ စိုးတထိတ်ထိတ်နှင့် နောက်ထပ် ၅-မိနစ် စောင့်နေမိပါသေးသည်။ မင်းအောင်ကား ပေါ်မလာသေး။
ထိုစဉ် ရွာတွင်းဘက်ဆီမှ လူရိပ်လူယောင်လိုလို တွေ့ရသဖြင့် ရင်ဖိုရပြန်သည်။ မင်းအောင်ကား မဟုတ်။ ရွာမြောက်ပိုင်းက ဦးဖြူတို့ သားအဖ ဖြစ်နေသည်။ ရေကန်ဘက်သို့ လှည့်မလာကြတာဘဲ ကျေးဇူးတင်ရပါသေးသည်။
မယဉ်နု စိုးရိမ်နေမိပြန်ပြီ။ ဆက်စောင့်ရနိုး၊ ထွက်သွားရနိုးနှင့် မယဉ်နုတစ်ယောက် ဗျာများနေရ သည့် အခြေအနေမျိုးတွင် ရှိနေချိန်။
(၃)
စံရှိန်းနှင့် ကျော်သူ သုတ်သုတ်ပျာပျာနှင့် ငုပင်ကြီးအောက် ရောက်လာသည်။
“ရေစစ်ပြီလား၊ ကိုစံရှိန်း”
“အေး ရေစစ်ပြီကွ တင်ဦး။ ကဲ မင်းနဲ့ သာလှ၊ ကျော်အောင်၊ သန်းနိုင်တို့က ချောင်းမြောက်ဘက် ဝါးတံတားဆီကိုသွား။ ချောင်းရိုးတစ်လျှောက် ပေါက်တူး၊ ဂေါ်ပြားနဲ့ ချောင်းကို မွှေလာခဲ့ကြ”
တင်ဦးက မေးသည်။
“ဝါးတံတားကနေ ဘယ်အထိ မွှေလာခဲ့ရမှာလဲ ကိုစံရှိန်း”
“ဝါးတံတား ထိပ်ကနေ အပင်နှစ်ဆယ် ချောင်းဆုံ၊ စစ်ပင်ငုတ်အထိ မွှေလာခဲ့။ အဲဒီ စစ်ပင်ငုတ်တိုမှာ
ငါရယ်၊ မင်းအောင်ရယ်၊ တင်အောင်ရယ် တို့သုံးယောက် ရှိနေမယ်။ တို့ အဲဒီငုတ်တိုမှာ တို့သုံးယောက်က ချောင်းကိုဖြတ်ပြီး ယင်းနဲ့တစ်ထပ်၊ ပိုက်နဲ့တစ်ထပ် တားထားမယ်”
စံရှိန်း ညွှန်ကြားချက်အတိုင်း တာဝန်ကိုယ်စီ ထမ်းဆောင်ရန် တင်ဦးတို့အဖွဲ့ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။
“ငါးရှဉ့် ရယ်၊ အောင်ကြီး၊ ပုစွန်လုံးနဲ့ သိန်းတိုးတို့က တင်ဦးတို့ အဖွဲ့၊ မွှေသွားတဲ့နောက်က တစ်ကျော့ပြန် မွှေလာရမယ်။ အဲဒီလို မွှေရင်းနဲ့ ချောင်းထဲမှာ ပေါ်လာတဲ့ ငါး၊ ပုစွန်တွေကို ကောက်လာခဲ့ရမယ်။ ကြားလား ငါးရှဥ့်”
ငါးရှဉ့်အမည်ရင်းမှာ ဘလှဖြစ်သည်။ ငါးရှဉ့်ထိုးရာ၌ ထူးချွန်သဖြင့် ဘလှအမည် ပျောက်သွား၏။ ထို့အတူ သောင်းစိန်မှာလည်း ပုစွန်လုံးဟု အမည်တွင်သွားလေတော့သည်။
ငါးရှဉ့်တို့အဖွဲ့ ထွက်ခွာသွားချိန်၊ လုံးဝ တာဝန်မပေးရသေးသော အဖွဲ့အား စံရှိန်းက နောက်ဆုံး တာဝန်ခွဲဝေလိုက်သည်။
“ဖိုးပိန်တို့အဖွဲ့က တင်ဦးနဲ့ ငါးရှဥ့်တို့အဖွဲ့ ချောင်းမွှေပြီးတာနဲ့ ရေထဲမှာ ပေါ်လာမယ့် ငါး ပုစွန်တွေကို ဒိုင်းဝန်းနဲ့ ဆောင်းနဲ့ အုပ်ပြီး တစ်ကောင်မကျန် ကောက်လာကြရမယ်။ ချောင်းထဲမှာ မှောင်နေမယ်လို့ ထင်ရပေမယ့် လရောင် ကွက်တိကွက်ကျား ဖြာကျနေတယ်။ ခုရာသီက မင်းတို့သိတဲ့အတိုင်း ငါးပတ်၊ ငါးမြွေထိုး၊ ကသပိုးနဲ့ ပုစွန်ဂါးတုပ်တွေ ရတတ်တဲ့ အချိန်ပဲကွ။ ကဲ မင်းတို့ သွားကြတော့”
စံရှိန်းသည် သူ့လူများကို တာဝန်ကိုယ်စီ ပေးပြီးနောက် သူကိုယ်တိုင်လည်း ယင်းလိပ် တစ်လိပ်ကို ပခုံးပေါ် ထမ်းတင်လိုက်သည်။
“မင်းအောင်နဲ့ တင်အောင်က ကျန်တဲ့ ပိုက်တစ်ဖောင်နဲ့ ယင်းတစ်လိပ်ကို ထမ်းပြီး ငါ့နောက်လိုက်ခဲ့ကြ”
စံရှိန်း စိုက်စိုက် စိုက်စိုက်နှင့် ချောင်းရိုးအတိုင်း ထွက်သွားသည်။ မင်းအောင်လည်း တင်အောင်နှင့်အတူ ပိုက်လိပ်ထမ်းကာ နောက်မှ လိုက်ခဲ့ရ၏။
မင်းအောင် စိတ်မပါဘဲ စံရှိန်းနောက်မှ လိုက်ပါလာသည်။ သူ့စိတ်အစဉ်မှာ ရေကန်ဆီ ပျံ့လွင့်နေ၏။ စောင့်မျှော်နေမည့် မယဉ်နု မျက်နှာလေးကို မြင်ယောင်နေသည်။ သူ့ကို စိတ်များဆိုးနေပြီလား။ လက်ရှိ သူ့အခြေအနေကို မယဉ်နု သိနားလည်စေချင်သည်။ ယောက်ဖလောင်းနှင့် တွဲနေရသဖြင့် မင်းအောင် ဘယ်လိုမှ လစ်ထွက်၍ မရဘဲ ဖြစ်နေသည်။
စစ်ပင်ငုတ်တိုသို့ ရောက်လာသည်။ စံရှိန်းနှင့် တင်အောင်သည် ချောင်းကိုဖြတ်ကာ ယင်းလိပ်နှင့် ပိုက်ကို ကျွမ်းကျင်စွာ တားနေကြ၏။
မင်းအောင်က ဝင်ရောက်ကူညီရသည့်တိုင် စိတ်က မပါချေ။ မယဉ်နုထံ ရောက်နေသည်။
သည်မှာဘက်ကမ်းတွင် စံရှိန်းနှင့် မင်းအောင်ရှိသည်။
ချောင်းကို ဖြတ်ပိတ်ထားသည့် ယင်းလိပ်နှင့် တားပိုက် စနစ်တကျ ရှိ မရှိ စိတ်တိုင်းကျ စစ်ဆေးပြီးနောက် စံရှိန်းက ပြောသည်။
“မင်းတို့နှစ်ယောက် ဒီမှာ ခဏနေကြအုံး၊ ငါ တင်ဦးတို့အဖွဲ့ဘက် ခဏသွားကြည့်လိုက်အုံးမယ်”
“ကိုစံရှိန်း ဘယ်လောက်ကြာမှာလဲ”
“ခုပဲ ပြန်လာမှာပါကွ။ ဘာလဲ ဒီစစ်ပင်ငုတ်က တစ္ဆေခြောက်တယ်ကြားလို့ မင်း ကြောက်နေသလား မင်းအောင်”
“မကြောက်တတ်ပါဘူးဗျာ”
စံရှိန်း အနည်းငယ် နောက်ကျမည်ဆိုပါက မယဉ်နုထံ အပြေးကလေး ပြေးလွှားတွေ့ဆုံရန် ဖြစ်သည်။ သို့ရာတွင် စံရှိန်းက မကြာပါဘူး ဆိုနေသဖြင့် မင်းအောင် အကြီးအကျယ် စိတ်ညစ်သွားသည်။
စံရှိန်း သုတ်သုတ်ပျာပျာ ထွက်သွားသည်။
တစ်ဖက်ကမ်းမှ တင်အောင် သီချင်းညည်းသံ ကြားရသည်။
ထိုအချိန် ချောင်းအထက်ပိုင်းမှ ရေသံ တဝုန်းဝုန်း ကြားရသည်။ အော်ဟစ်ရယ်မောသံ၊ စကားပြောသံ၊ သီချင်းဆိုသံများနှင့်အတူ တဝုန်းဝုန်း ရေသံများသည် မင်းအောင်တို့ မနီးမဝေးသို့ ရောက်လာချေပြီ။
တစ်နှစ်မှ တစ်ခါသာ ပြုလုပ်လေ့ရှိသည့် ယင်း ချောင်းမွှေပွဲကို မင်းအောင်တို့ ကျေးလက်က လူငယ်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလေ့ ရှိသည်။
“ကိုစံရှိန်း … ကိုစံရှိန်း”
ချောင်းရိုးထဲမှ တင်ဦး ခေါ်သံ ကြားရသည်။
“ကိုစံရှိန်း ချောင်းအောက်ပိုင်း ဆင်းသွားတယ်။ မင်းတို့နဲ့ လွဲနေပြီကွ”
တစ်ဖက်ကမ်းမှ တင်အောင်က လှမ်းပြောသည်။
“ငါးရှဥ့်တို့အဖွဲ့ဆီ သွားတယ်ထင်တယ်။ ရေကလဲ သိပ်မနောက်သေးဘူး။ ငါးရှဥ့်တို့အဖွဲ့နောက်က တစ်ကျော့ပြန် မွှေအုံးမယ်ကွာ”
တင်ဦးတို့အဖွဲ့ လှည့်ပြန်သွားစဉ် တင်အောင်က လှမ်းမေးသည်။
“ဘာတွေရပြီလဲကွ”
“ပုစွန်းဂါးတုပ် သုံးထုတ်နဲ့ ငါးပတ်နှစ်ကောင်ပဲ ရသေးတယ်။ ရေ သိပ်မနောက်သေးတော့ ဒီကောင်တွေ ရှောင်နိုင် တိမ်းနိုင်သေးတယ်ပေါ့”
တဖျပ်ဖျပ် ခြင်ရိုက်ရင်း မင်းအောင် စစ်ပင်ငုတ်ပေါ်တွင် ထိုင်ငိုင်နေသည်။ ထိုစဉ် စံရှိန်း ရုတ် တရက် ရောက်လာသည်။
“တင်ဦးတို့အဖွဲ့ ရောက်လာတယ်။ ကိုစံရှိန်းကိုမေးပြီး နောက်တစ်ကျော့မွှေဖို့ လှည့်ပြန်သွားကြတယ်”
“အေး … ငါနဲ့ လမ်းမှာတွေ့ခဲ့တယ် မင်းအောင်”
မင်းအောင်သည် စံရှိန်းထံ မဝံ့မရဲ ခွင့်တောင်းသည်။
“ကျွန်တော် ရွာဘက် ခဏသွားချင်လို့”
“ဘာကိစ္စရှိလို့လဲ မင်းအောင်”
“ဗိုလ်ထဲ နာသလိုလို ရှိတာနဲ့ အိမ်သာတက်မလားလို့”
“အို ဒါများ ရွာပြန်စရာ လိုသေးလားကွ။ မင်းဟာကလဲ ယုတ္တိမရှိလိုက်တာ”
စံရှိန်း ရယ်လိုက်သည်။
မင်းအောင်မှာ ယုတ္တိမတန်သော သူ့လိမ်လည်မှုအတွက် ရှက်သွားသည်။
“မင်း သန်ဘက်ခါမှ ရန်ကုန်သွားမယ် မဟုတ်လား”
“ဟုတ်တယ် ကိုစံရှိန်း”
“ဘာနဲ့ သွားမှာလဲ။ ကားနဲ့လား၊ ရထားနဲ့လား၊ သင်္ဘောနဲ့လား”
“ကားနဲ့သွားဖို့ စိတ်ကူးထားပါတယ်”
“နက်ဖြန်တစ်ရက် အချိန်ရပါသေးတယ်ကွာ။ စိတ်ပျက်မနေပါနဲ့အုံး”
“ဗျာ”
“မင်းနဲ့ ယဉ်နု ဒီညချိန်းထားတာ ငါမသိဘူး မှတ်လို့လား”
မင်းအောင် လန့်ဖျပ်သွားသည်။ ဘာပြန်ပြောရမှန်း မသိတော့ဘဲ မင်းအောင် ငိုင်ကျသွား၏။ စံရှိန်း သူ့ကို ဘာများ ပြဿနာရှာဦးမည်ကို တွေးပြီး စိုးရိမ်နေမိသည်။
“ခုန ရွာထဲ ခဏပြန်သွားတုန်း ယဉ်နုကို ကြာကန်ဘေးမှာ တွေ့ရတယ်။ ငါ အိမ်ပြန်လွှတ်လိုက်ပြီ။ မင်းသွားလဲ မတွေ့ရတော့ဘူး”
“နက်ဖြန်ညကြမှ ယဉ်နုနဲ့ မင်းနဲ့တွေ့ဖို့ ငါ စီစဉ်ပေးမယ်။ ရန်ကုန် မသွားခင် မှာစရာရှိတာ မြန်မြန်မှာ။ ပြောစရာရှိတာ မြန်မြန်ပြော။ ဖတ်စရာရှိလဲ သက်သက်သာသာပေါ့ကွာ။ သိပ်လက်မလွန်စေနဲ့နော်၊ ငါ့မျက်နှာလဲ ထောက်ပါအုံး။ ငါ မင်းတို့နဲ့ မနီးမဝေးမှာ စောင့်ပေးပါ့မယ်။ ပြောရတာ ရှက်လိုက်တာကွာ၊ ရှီးတဲ့မှပဲ”
မင်းအောင်သည် သူ့နားသူ မယုံမကြည် ဖြစ်နေသည်။ ယောက်ဖလောင်း စံရှိန်း ပြောသွားတာမှ ဟုတ်မှ ဟုတ်ပါရဲ့လားဟု သံသယ ဝင်မိသေး၏။
“အလိုက်သိသော ယောက်ဖကြီး ကျန်းမာ ချမ်းသာပါစေ”
ဟူ၍ မင်းအောင် နှုတ်မှ တိုးတိုးဆိုမိ၏။
“ပော့ကောင် ပုစွန်လုံး၊ မင်းရှေ့မှာ ငါးပတ်ကြီးလေကွာ။ အုပ်ဆောင်းနဲ့ အုပ်လိုက်လေ။ နည်းတဲ့ကောင်ကြီး မဟုတ်ပါလား။ မလွတ်စေနဲ့ဟေ့”
“ဖိုးပိန် … မင်းခြေထောက်ကြားမှာ ပုစွန်တုပ်ကြီး မဟုတ်လား၊ ဖမ်းလေကွာ”
အပင်နှစ်ဆယ် ချောင်းလက်တက်တစ်လျှောက်လုံး လူသံ၊ ရေသံ၊ ခွေးဟောင်သံများဖြင့် ပွက်လောရိုက် ဟည်းလျက်ရှိ၏။ တစ်ယောက်နှင့် တစ်ယောက် တွန်းရင်းထိုးရင်း ငါးလုကောက်ရာမှ တိုင်းထွာသံများလည်း ကြားရတတ်သည်။ သူတို့တစ်ကိုယ်လုံး လူးအိုင်ထဲက ကျွဲများပမာ ရွှံ့နွံအလိမ်းလိမ်း ရှိနေကြသည်။
ဘုန်းကြီးကျောင်းမှ ၁၀-နာရီ အုန်းမောင်းခေါက်သံ ကြားရသည်။
စံရှိန်းတို့ လူစုသည် ငါးဖမ်းခြင်းကို ရုပ်သိမ်းလိုက်သည်။ ဖမ်းမိထားသော ငါးပုစွန်များအား ခြင်းတွေ၊ ပလုံးတွေ၊ တောင်းတွေထဲထည့်ကာ ရွာတွင်း ဘက်သို့ တပျော်တပါးကြီး ပြန်လာကြသည်။
“ဘာတွေရခဲ့သလဲဟေ့ စံရှိန်း”
“ငါးစုံပဲ ဦးလေးသက်။ မအိပ်သေးရင် ဘော်လီဘောကွင်း လိုက်ခဲ့လေ။ ထမင်းကျန်ရင်လဲ ယူခဲ့ပါ။ ဆီတို့ဆားတို့ပါ ယူခဲ့ဗျာ”
စံရှိန်းတို့ လူစုအသံကြောင့် တစ်ရွာလုံးလိုလို အိပ်ရာမှ နိုးလာကြသည်။ လူကြီးပိုင်းမှလွဲ၍ ဝမ်းဟာ နေသော လူလတ်ပိုင်းအချို့ စံရှိန်းတို့ဖြင့် လာရောက်ပူးပေါင်းကြသည်။
ငါးခုတ်သံ ထစ်သံ၊ ငရုတ်သီးထောင်းသံ၊ အိုးသံ ခွက်သံများဖြင့် ဘော်လီဘောကွင်းတစ်ဝိုက် ဆူညံ နေသည်။
မင်းအောင် စောစောကလို စိတ်ညစ်မနေတော့ပေ။
ထိုအချိန် မယဉ်နုမှာ အိပ်မပျော်သေးပါ။
ဘယ်လူး ညာလှိမ့်ဖြင့် မင်းအောင်တို့ ချောင်းထဲက ပြန်အတက်ကို နားစွင့်နေပါသည်။
စောစောက လူသံ၊ ခွေးဟောင်သံ၊ သီချင်းဆိုသံများ ကြားလိုက်ရသဖြင့် သူ့အစ်ကိုကြီး စံရှိန်းတို့ ရွာထဲ ပြန်ဝင်လာကြပြီဟု မယဉ်နု နားလည်လိုက်သည်။ ထိုအခါ အစ်ကိုကြီး စံရှိန်းမျက်နှာ တရေးရေး မြင်ယောင်လာသည်။
“နင်နဲ့ မင်းအောင် ဒီညကြမှ ချိန်းတွေ့ဖို့ စီစဉ်ရသလား ခွေးမလေးရ။ ဒီည တို့ ချောင်းမွှေပွဲ လုပ်မယ်ဆိုတာ တစ်ရွာလုံး သိနေကြတယ်။ တကယ်လို့များ ရွာထဲက တစ်ယောက်ယောက် တွေ့သွားရင် ဘယ်ကောင်းမလဲ။ နင်တို့ အကြံအစည်ကိုသိလို့ မင်းအောင် ဘယ်မှ မသွားနိုင်အောင် ငါနဲ့အတူ တမင်သက်သက် ခေါ်ထားတယ်။ နင် မင်းအောင်ကို ဆက်စောင့်မနေနဲ့တော့။ အိမ်ပြန် … အဖေတို့ကိုလဲ ငါ ပြန်မတိုင်ပါဘူး။
“ဒါပေမဲ့ စိတ်တော့ သိပ်ညစ်မသွားနဲ့အုံး။ နက်ဖြန်ည ‘၈‘နာရီမှာ နင်တို့နှစ်ယောက်တွေ့ဖို့ ငါစီစဉ်ပေးမယ် … ကြားလား။ တယ်လေ ပြောရတာ ရှက်ဖို့တောင် ကောင်းလာပြီ၊ ရှီးတဲ့မှပဲ”
သူ့အစ်ကိုကြီးစံရှိန်း ညဦးတုန်းက ရေကန်ဘေးမှာ ပြောသွားသော စကားလုံးကလေးများ ကြားယောင် မိတိုင်း မယဉ်နု ပြုံးရပါသေးသည်။
သဘောထားကြီးသော၊ အလိုတူသော၊ နားလည်မှုရှိသော အစ်ကိုကြီးမို့လည်း ခပ်ပေါပေါ အစ်ကိုကြီးဟု သဘောမထားရက်ပါ။ ဘာပဲပြောပြော အစ်ကိုကြီးမို့ ချစ်ကြောက်ရိုသေရပါသည်။
ခေါင်းရင်းဘက် ပြတင်းပေါက် သံတိုင်မှ တိုးဝင်လာသော လရောင်သည် မယဉ်နုဆံထုံးကြားမှ စံပယ် ကုံးကလေးကို ကုန်း၍ နမ်းနေဟန်တူသည်။
မယဉ်နုသည် ရွှန်းမြသော လဝန်းကို တဝကြီး ငေးကြည့်ရင်း သူ့နှုတ်က တိုးတိုးလေး ပြောလိုက် သည်။
“မင်းအောင်ရေ … တို့နှစ်ယောက် နက်ဖြန်ညမှ တွေ့ကြတာပေါ့ဟယ် နော်။ ဒီညစောင့်ရတာ ရင်မောလွန်းလို့ ငါအိပ်တော့မယ်”
– ပြီး –
စာရေးသူ – ပုသိမ်လှမိုး
Uncategorized