July 31, 2025
Uncategorized

ခြေတဘက်နှင့် ငွေတထောင်

သန်လျင်ရန်နောင်
ခြေတဘက်နှင့် ငွေတထောင်

“ဆရာကြီးတို့ တောပစ် ထွက်မလို့ဆို”

သူက ကျွန်တော့်ရှေ့တွင် ရပ်၍ မေးသည်။

ကျွန်တော် ခေါင်းညိတ်ပြ၏။

“ဟုတ်တယ် အောင်ဒင် … ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး ဆရာကြီး။ ကျွန်တော်လဲ လိုက်ချင်လို့ပါ”

နှစ်လုံးပြူး သေနတ်တဘက်၊ ကျောပိုးအိတ်တဘက် ကိုင်ထားသော စောမြသာက သူ့ လှမ်းကြည့်၏။ အကဲခတ်နေပုံလည်း ရသည်။

ရိက္ခာနှင့် ရေဗူးကို လွယ်၍ တောခုတ်ဓားမတချောင်းကို ကိုင်ထားသော အောင်စိုးကမူ အောင်ဒင့်ကို စိတ်ဝင်စားဟန် မရှိ။ တချက်လှမ်းကြည့်ပြီး သူ အထုပ်အပိုးများ နေရာကျစေရန်သာ ဂရုစိုက်နေသည်။

ကျွန်တော် မျက်မှောင်တွန့်မိ၏။ အမဲလိုက်ထွက်ရာတွင် လူများများ ခေါ်မသွားချင်။ လူများလျှင် အသံထွက် ပိုများသည်။ ကျစ်လစ်သိပ်သည်းမှု နည်းသည်။ အန္တရာယ်နှင့် ကြုံလျှင်လည်း ရှောင်ရတိမ်းရ ခက်သည်။ ဒါပေမယ့် လိုက်ပါရ စေ ဆိုတော့လည်း အခက်သား၊ ပြောတော့ ကြည့်ရဦးမည်။

“ဘာလို့ လိုက်ချင်တာလဲ အောင်ဒင်။ လူ သိပ်များရင် မကောင်းဘူး။ တို့ ရလာလဲ မင်းတို့ ဝေမျှစားရတာပဲ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော် ဒေါင်း လိုက်ပစ်ချင်လို့ပါ”

“ဘာဖြစ်တယ်”

“ဒေါင်းပစ်ချင်လို့ပါ ဆရာကြီး”

ကျွန်တော် အောင်ဒင့်မျက်နှာလှမ်း ကြည့်မိ၏။ မသိသား ဆိုးရွားလှသော လူတယောက်ပေပဲ ဟူ၍ မှတ်ချက်ချမိသည်။

“ဒေါင်းမပစ်ရ” ဟူသော တားမြစ်ချက်ကို သူ သိဟန်မတူ။ ကြားဖူးချင်မှပင် ကြားဖူးမည်။ သူ မကြားဖူးသော်လည်း ဒေါင်း မပစ်ရဟူသော တားမြစ်ချက်ကို သိနေသော ကျွန်တော်က ဇွတ်မတိုးနိုင်။

အမဲပစ်လိုင်စင် ထုတ်ပေးလိုက်ကတည်းက…

“မည်သူ တဦးတယောက်မျှ သားငှက် ဘေးမဲ့ ခိုလှုံရာ တစုံတရာအတွင်း…….

(က) လောကဓာတ်ပညာကိစ္စများအတွက် သို့မဟုတ် သားငှက်ခိုလှုံရာ နေရာတွင် ကျန် တိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန်အတွက်သာ ထုတ်ပေးရမည်။ နိုင်ငံအစိုးရမင်းတို့၏ အထူးအခွင့်အမိန့်နှင့်မှတပါး တိရစ္ဆာန် တစုံတရာကို အမဲလိုက်ခြင်း မပြုရ။

(ခ) တိရစ္ဆာန် တစုံတရာကို မောင်းနှင်ခြင်းသော်လည်းကောင်း၊ ရုတ်တရက် လန့်၍ ပြေးအောင်သော် လည်းကောင်း၊ သို့မဟုတ် တမင်သက်သက် အနှောင့်အယှက်ဖြစ်စေရန်သော်လည်းကောင်း မပြုရ”

ဟူသော ဘေးမဲ့တောများ ဥပဒေက ကပ်ပါလာသည်။

သည်ကြားထဲ တောရိုင်းသတ္တဝါ ကာကွယ်ရေးအက်ဥပဒေအရ ကြံ့၊ ကြံ့သူတော်၊ ဥဒေါင်း၊ မင်းဒေါင်းနှင့် ရေဘလုံငှက်တို့အား လုံးဝ ပစ်ခတ်ဖမ်းဆီးခွင့် မပြုသော ဥပဒေတားမြစ်ချက်ကလည်း ရှိပြန်သည်။

သည်တားမြစ်ချက်များကြား၌ မျိုးပွားရာသီအလိုက် တားမြစ်ချက်က ရှိသေး၏။

နှစ်စဉ် ဇွန်လ ၁၅ရက်မှ စက်တင်ဘာလ ၃ဝ ရက်အထိ ချေ၊ ဆတ်၊ ဒရယ်တို့ကို လုံးဝ ပစ်ခတ်ခွင့် မပြုခြင်းနှင့် မတ်လ ၃ဝ မှ စက်တင်ဘာလ ၃ဝ ရက် အတွင်းတွင်မူ ဥပေါက် သတ္တဝါများကို တားမြစ်ထားပြန်သည်။

သည်တားမြစ်ချက်များက မုဆိုးတို့ကို စည်းတားပေးထား၏။ စည်းကို ကျော်သူလည်း ရှိသည်။ စည်းတွင်း၌ နေသူလည်း ရှိသည်။ ဘာပဲဖြစ်ဖြစ် စည်းကို ကျော်လျှင်မူ နိုင်ငံတော်၏ ဥပဒေစည်းကို ကျော်ခြင်းသာ ဖြစ်သည်။

တောထဲ တောင်ထဲတွင် မည်သူမျှ မသိဟု ဆိုသော်လည်း ကိုယ့်သိက္ခာ ကိုယ်ထိန်းရမည်။ ကိုယ့်နိုင်ငံ၏ ဥပဒေကို ကိုယ်လေးစားရမည်။ ဒါက ကျွန်တော် အသိ။ အောင်ဒင်ကမူ သိချင်မှ သိမည်။ သူသိအောင်တော့ နည်းနည်း ပြောချင်သေးသည်။

“ဒေါင်းဆိုတာ တို့အဖို့ သိပ်တန်ဖိုးမကြီးတဲ့ ငှက်တကောင်ပဲ အောင်ဒင်။ ဒါပေမယ့် နိုင်ငံအတွက်တော့ ရတနာပစ္စည်းတခုပဲ။ ဥပဒေအရ လုံးဝ တားမြစ်ထားတယ်”

“ဘာဖြစ်လိုလဲ ဆရာကြီး”

“ဒေါင်းမျိုးဆက် ပြတ်သွားမှာ စိုးလို့ပေါ့ကွာ။ ငါတို့နိုင်ငံဟာ ဒေါင်းကို အလေးထားတာပဲ။ အခုဆိုယင် သစ်တောတွေမှာ မင်းဒေါင်းဆိုတာ မရှိသလောက် ရှားသွားပြီ။ ဒေါင်းတွေလဲ နည်းသွားပြီ။ ဒါကြောင့် လုံးဝ တားမြစ်ထားတာပဲ”

“ခက်တာပဲ ဆရာကြီးရယ်။ ကျွန်တော့် ယောက္ခမကြီးက ဆေးဖော်ဖို့ ဒေါင်းသည်းခြေ မရ ရအောင် ရှာခဲ့ရမယ် မှာလို့ပါ”

အောင်ဒင်က ညည်းသလို ပြောသည်။ ကျွန်တော်က ဘာမျှမပြောပဲ သူ့ကို တချက် စိုက်ကြည့်လိုက်သည်။

အနီးတွင် ရပ်နေသော စောမြသာက…

“နေစမ်းပါဦး အောင်ဒင်ကြီးရ။ မင်း ဒေါင်းသည်းခြေက ဘာဆေးဖော်ဖိုလဲ”

ဝင်မေးသည်။

အောင်ဒင့်ဆီမှ ရုတ်တရက် အသံထွက်မလာ။ နောက်မှ အထစ်ထစ် အငေါ့ငေါ့ ဖြေသည်။

“ဟို… ဟို… သွေးတိုးဆေးဆိုလား ဘာဆိုလားပဲ ဖထီးရဲ့”

အောင်ဒင့် အဖြေက မရေရာ။

စောမြသာ ခေါင်းယမ်းသည်။

“ငါတော့ မကြားဖူးပေါင်ကွာ။ အေး ဒေါင်းသည်းခြေဟာ ညင်ညင်သာသာနဲ့ သေတတ်တဲ့ အဆိပ်ဆိုတာတော့ ကြားဖူးတယ်။ နှောက်ပြီး ဂန္ဓာလရာဇ် ဆေးကျမ်းမှာ…”

ကျွန်တော်က စောမြသာအား ဖြတ်ကနဲ လှမ်းကြည့်ပြီး ပြုံးလိုက်မိသည်။ စောမြသာက ပြန်ပြုံး၏။

“ဟုတ်တယ် ဆရာနိုင်။ ဒေါင်းကို တရုတ်လို ခုံးချုပ်ကန်ဝေးလို့ ခေါ်တယ်။ အသားကို ချက်စားယင် ဆေးမှား အစာမှား ရောဂါပျောက်တယ်။ ဒေါင်းခြေကို ပြာကျအောင် မီးဖုတ်ပြီး အဲဒီပြာ တမူးသားကို ရေဖျော်သောက်ယင် အမျိုးသမီး သွေးလွန်ရောဂါ၊ ရိနာရောဂါ ပျောက်တယ်။ ကိုယ်မှာ အနာပေါက်ယင် အမှုန့်ဖြူးပြီး သိပ်ပေးရတယ်လို့ ဆိုတယ်”

“ဟုတ်မှလဲလုပ်ပါ မောင်မြသာရယ်။ တလွဲတွေ ဖြစ်နေပါဦးမယ်”

“ဟုတ်ပါတယ် ဆရာနိုင်ရဲ့။ ဘဝရှင် မင်းတုန်းမင်းတရားကြီးကို တရုတ်သမားတော်များဖြစ်တဲ့ ငလောက်စီရယ်၊ လောဆံချိန်ရယ်၊ ယင်းချောက်ဆိုသူရယ်က ဆက်သတဲ့ ဆေးကျမ်းကို လွှတ်တော် စာရေးကြီး ဦးနွဲ့ ဘာသာပြန်ရေးသားထားတဲ့ ဂန္ဓာလရာဇ် ဆေးကျမ်းမှာ ပါတာပဲ”

“အင်း … သေချာသားပဲ”

ကျွန်တော် ပြုံးပြီး မှတ်ချက်ချလိုက်သည်။ စော မြသာက လက်တွင် ကိုင်ထားသော နှစ်လုံးပြူး သေနတ်ကို ပခုံးတွင် လွယ်လိုက်ပြီး အောင်ဒင့်မျက်နှာ ကြည့်သည်။

“ကဲ… ဘယ်လိုလဲ အောင်ဒင်။ တို့မှာ အချိန်မရှိဘူး။ နေသိပ်မြင့်နေမယ်။ ဒီတော့ မင်းဟာမင်း လိုက်ချင်လိုက်၊ မင်းဟာမင်း ပစ်ချင် ပစ်။ တို့ကတော့ ပစ်ပေးမှာ မဟုတ်ဘူး။ ဘယ့်နဲ့လဲ ဆရာနိုင် … ကျုပ်ပြောတာ”

စောမြသာက ကျွန်တော်ဘက် လှည့်မေးသည်။ ကျွန်တော် ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်တယ် အောင်ဒင်၊ မင်း သဘောပဲ။ တို့ကတော့ လူနည်းနည်းများယင် အနှောင့်အယှက်ဖြစ်တာ တခုပဲရှိတယ်”

အောင်ဒင် တွေသွားသည်။ ပြီးမှ ဆုံးဖြတ်ချက်တခု ချဟန်နှင့် ကျွန်တော့်ဘက် လှည့်ပြောသည်။

“ကျွန်တော် မြပုခက်မြောင်အထိ လိုက်ပါရစေ ဆရာကြီး။ အဲဒီကျယင် ကျွန်တော် ခွဲလိုက်ပါ့မယ်”

“ဖြစ်ပါ့မလား အောင်ဒင်။ တယောက်တည်းဆို အန္တရာယ်များတယ်”

“ဖြစ်ပါတယ် ဆရာကြီး။ ဒီနေရာတွေ ကျွန်တော် ကျွမ်းကျင်ပြီးသားပါ”

“အေးလေ … မင်းသဘောပဲ”

ကျွန်တော် သက်ပြင်းတချက် ချလိုက်မိသည်။ နောက် စောမြသာဘက်သို့ လှည့်လိုက်၏။

“ကဲ စောမြသာ … သွားကြရအောင်”

ကျွန်တော် စောမြသာအား ပြောပြလိုက်သည်။ စောမြသာက ပခုံးမှ သေနတ်ကြိုးသိုင်းကို ဆွဲတင်ယင်း ရှေ့ဆုံးမှ ထွက်သွားသည်။

“မြပုခက်မြောင်ကိုနော်၊ အဲဒီဘက်မှာ ဝက်အုပ် စားကျက်ကျနေတယ် သတင်းရတယ်”

စောမြသာက စခန်း၏ အနောက်စူးစူးရှိ သစ်ထုတ်လမ်းအတိုင်း မှန်း၍ လျှောက်နေသည်။ နှာရီဝက်နီးပါးမျှ လျှောက်မိလျှင် သစ်ထုတ်လမ်းမှ ၄၅ ဒီကရီမျှ ဆင်းလျက် အနှောက်တောင်ဆီသို့ ဦးတည်သည်။ နောက်ထပ် မိနစ်သုံးဆယ်မျှ လျှောက်လိုက်လျှင် မြပုခက်မြောင်သို့ ရောက်တော့မည်။

ရွှေလီသစ်တောကြိုးဝိုင်း၊ မြပုခက်မြောင်။

သစ်တောအမှုထမ်းများ ပေးထားသောအမည်။ အမည်နှင့်လိုက်ဖက်အောင်ပင် မြောင် အနေအထားက ပုခက်နှင့် တူသည်။ သို့အတွက် ထိုနေရာကို “မြပုခက်”ဟူ၍ အမည်တွင်စေသည်။

အထက်ရွက်ဖြတ် တောစိုဖြစ်သဖြင့် ကျွန်းပင်များ အုပ်ဆိုင်းနေသည်။ မိုးရေချိန်လက်မ ၅ဝ မှ ၁၅ဝ နှင့် အပူဖာရင်ဟိုက် ၄၂ ဒီကရီမှ ၁၁ဝ ဒီကရီ ဖာရင်ဟိုက် ရာသီဥတုတွင် ကျွန်း ဖြစ်ထွန်းသည်။ သည်နေရာသည် ကျွန်းကြိုက်မြေ။ အမြဲစိမ်းနေသဖြင့် တောကောင် သားကောင်တို့ ပျော်သည်။

တဖြည်းဖြည်းနှင့် ကျွန်တော်တို့ မြပုခက်မြောင်နားသို့ ချဉ်းကပ်လာသည်။

ကျွန်တော်က ကြည်အေးလတ်ဆတ်သော လေကို တဝရှူလိုက်သည်။ တော၏ ရနံ့သည် သင်းမြနေသည်။

ထိုအခိုက် မမျှော်လင့်သော အသံတသံ ထွက်လာသည်။

ဒေါင်းတွန်သံ။

ကျွန်တော်တို့ လက်ျာဘက်ယွန်းယွန်း၊ မြပုခက်မြောင်၏ ဆန့်ကျင်ဘက်ဆီမှ ဖြစ်သည်။

ကျွန်တော် အောင်ဒင့်မျက်နှာ ဖြတ်ကနဲ လှမ်းကြည့် မိ၏။ အောင်ဒင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဒေါင်းသံကြားသည့် အရပ်ဆီသို့ မျက်လုံးများ ရောက်၍ နားစွင့်လိုက်ဟန်လည်း ရှိသည်။

ချက်ချင်းပင် သူ ကျွန်တော့်ဘက်သို့ လှည့်၏။

“ကျွန်တော် အဲဒီ ဒေါင်းကို လိုက်ဦးမယ် ဆရာကြီး”

“အေး … သတိနဲ့ သွားပေါ့ကွာ”

ကျွန်တော် အောင်ဒင့်ကို ဒါပဲ ပြောနိုင်သည်။ အောင်ဒင် ခေါင်းတချက် ဆတ်၍ ဒေါင်းသံကြားရာ မြောင်တဘက်ဆီသို ကမန်းကတန်း လှည့်ထွက်သွားသည်။

စောမြသာက အောင်ဒင့်အား စောင်းငဲ့ကြည့်ပြီး သက်ပြင်းချလိုက်၏။

အောင်ဒင် ထွက်သွားပြီး မကြာမီ ကျွန်တော်တို့ မြောင်ဝသို့ ရောက်လာသည်။

စောမြသာက နှစ်လုံးပြူးသေနတ်ကို သော့ဖွင့် အသင့်ကိုင်၍ မြောင်ဆီသိည့ ဂရုတစိုက် ဆင်းသွားသည်။

ကျွန်တော်က ဒသမ ၂၇ဝ ဝင်ချက်စတာရိုင်ဖယ်သော့ကို ဖွင့်၍ သူ့နောက်မှ လိုက်၏။

မောင်စိုးကမူ ခြေသံလုံလုံနှင့် ကျွန်တော်တို့နောက်မှ လိုက်လာသည်။

မြောင်ဝမှ ကိုက်တရာခန့် ဝင်မိလျှင် စောမြသာ ရုတ်တရက် ရပ်တန့်သွားသည်။

ကျွန်တော်က ခြေလှမ်းကျသည့် နေရာတွင် ရပ်တန့်လိုက်၏။ စောမြသာ နားစွင့်ပြီး ကျွန်တော့်ဘက် လှည့်သည်။

“ဝက်အုပ်ဗျို့”

သူက မျက်ခုံးကိုရှုံ့၍ လေသံနှင့်ပြောသည်။ ကျွန်တော် နားစွင့်၏။

မှန်သည်။

နားထဲတွင် တဗြုတ်ဗြုတ် အသံ ဝင်လာသည်။ နောက် လျှောကနဲ ဗုန်းကနဲ ငှက်ပျောပင်လဲသံ ကြားရသည်။

သေချာပြီ။

မြောင်ထဲမှ ငှက်ပျောတောကို ဝက်အုပ် မွှေနေပြီ။

“သတိနဲ့ဝင် စောမြသာ၊ နေဦး … လေ ဘယ်က တိုက်နေလဲ”

ကျွန်တော် လေတိုက်ရာကို စူးစမ်းသည်။ ကံအားလျော်စွာ ဝက်အုပ်ရှိရာမှ ကျွန်တော်တို့ရှိရာ တိုက်နေသည်။

တော်သေးသည်။ သို့မဟုတ်က ဝက်အုပ်ကို ပန်း၍ တက်ရမည်။ လေအောက်မှ ဝင်ရမည်။

ယခုတော့ မပင်မပန်း ချဉ်းကပ်နိုင်ပြီ။

“ဆရာနိုင် … ရှေ့တက်”

စောမြသာက မုဆိုးကောင်းပီပီ လက်နက်ကြီးသမားကို ဦးစားပေးသည်။ ကျွန်တော် သူ့ကို ကျော်၍ တက်သည်။ ကိုးလုံးကျည်နှင့်က မသေချာ။

ကျွန်တော် ပစ်ပြီးသည်နှင့် သူ့သေနတ်က နောက်ပိုင်းတာဝန် မီးခိုးကြွက်လျှောက် လိုက်လာတတ်သည့် တောဝက်ကို သူက တား ပေးမည်။ ဒါ ကျွန်တော်တို့ လုပ်နေကျ အပေးအယူစနစ်။

မြောင် အနေအထားက ကျယ်ဝန်းသည်။ ကျွန်တော်တို့ လှုပ်၍ ခုန်၍ ကောင်းသည်။

တဖြည်းဖြည်းနှင့် ကျွန်တော်တို့ ဝက်အုပ်နှင့် နီးလွန်းမက နီးသည်အထိ ချဉ်းကပ်နိုင်ခဲ့ပြီ။ နောက်ထပ် ခြေဆယ်လှမ်းမျှ လှမ်းမိလျှင် သဲသဲလှုပ်နေသော ငှက်ပျောပင်တပင်ကို တွေ့ရသည်။ ကျွန်တော် အပင်ခြေရင်းဆီသို့ ဂရုပြု ကြည့်၏။

တောဝက်ကြီး တကောင်။

အချိန် သုံးဆယ်မျှရှိပြီး ငှက်ပျောပင်ကို သဲသဲမဲမဲ ထိုးကော်နေသည်။ အစာမက်နေသဖြင့် ကျွန်တော်တို့ ဝင်လာသည်ကို မမြင်။ အစွယ်များမှာ နှာတံအထက်တွင် ကောက်ချိတ်နေသည်။ ကျောမွေးများ စောင်းထနေသည်။ အမြီးက ခွေဝိုက်လှုပ်ယမ်းနေသည်။

ကျွန်တော် အခွင့်ကောင်းကို လက်လွတ်မခံနိုင်။ တောဝက်ကြီး၏ လက်ပြင်ဆီသို့ သေနတ်ပြောင်းကို နေရာချလိုက်သည်။ နောက် အသက်ကိုအောင့်၍ မောင်းကို ဖွဖွကလေး ညှစ်ချလိုက်သည်။

ဒိုင်းကနဲ ကော်ဒိုက်ယမ်းအားပေါက်ကွဲသံနှင့်အတူ တောဝက်ကြီးဆီမှ အွတ်ကနဲ ဝမ်းခေါင်းသံတချက် ထွက်လာလျက် ငိုက်ကနဲ ဖြစ်သွားသည်။ ကျွန်တော် ကမန်းကတန်း ကျည်သစ်တတောင့် ထပ်ထိုးလိုက်သည်။

စောမြသာက မီးခိုးကြွက်လျှောက် လိုက်လာမည့် တောဝက်ကို ဆီးပစ်ရန် အသင့် ဖြစ်နေသည်။ သို့သော် တောဝက်က ရောက်မလာ။ ငှက်ပျောပင်တွင် အစွယ်တန်းလန်းနှင့် စိုက်ကျနေသည်။

သေနတ်သံကြောင့် ကြောက်လန့်တကြား ပြေးထွက်သွားသော ဝက်အုပ်၏ အသံက ပတ်ဝန်းကျင်ကို လှုပ်ရှားစေသည်။

ထိုခဏ၌ပင် “အား” ကနဲ အော်လိုက်သံကြီးတခုက ကျွန်တော်တို့နောက် အတော်လှမ်းလှမ်းဆီမှ ထွက်လာသည်။

အောင်ဒင့် အသံ။

ကျွန်တော်နှင့် စောမြသာ တယောက်မျက်နှာ တယောက် ကြည့်မိသည်။ အောင်ဒင် တခုခုဖြစ်ပြီဟူသော အသိက ပြိုင်တူ ဝင်လာသည်။

ကျွန်တော် အရေးတကြီး တောဝက်ကြီးရှိရာသို့ လှမ်းကြည့်သည်။ အခြေအနေအရ ထနိုင်တော့မည် မဟုတ်မှန်း ကျွန်တော် သိလိုက်သည်။

“အောင်မယ်လေးဗျ … လုပ်ကြပါဦး … ကယ်ကြပါဦးဗျ”

အောင်ဒင်၏ ငယ်သံပါအောင် အော်လိုက်သော အသံက ထွက်လာသည်။ ကျွန်တော် ဆိုင်းမနေနိုင်၊ တောဝက်ကိစ္စ နောက်မှရှင်းမည်။

“လာဗျို့ စောမြသာ”

ကျွန်တော် မြောင်ထဲမှ ပြေးထွက်သည်။ စောမြသာနှင့် မောင်စိုးက ကျွန်တော့်နောက်မှ ကပ်လျက် ပါလာသည်။

“လာကြပါဗျ … ကယ်ကြပါဦး။ ဖထီးရေ … ကျွန်တော့် လာကယ်ပါဦး။ သေပါတော့မယ်ဗျ … အောင်မယ်လေး”

အောင်ဒင့် အသံက ထပ်ထွက်လာသည်။ အောင်ဒင်အတွက် ကျွန်တော် စိုးရိမ်လျက်ရှိပြီး တောကောင်ကြီးဆိုလျှင် အောင်ဒင် ဤမျှ အသံမထွက်နိုင်။ ချောက်နက် ကျင်းနက်ထဲ ကျရအောင်ကလည်း ထိုနေရာတဝိုက်တွင် ချောက်ကျင်းနက်နက် မရှိ။ မြွေတကောင်က ရစ်ပတ်ထားလျှင်မူ အသံထွက်နိုင်သည်။ ပိုးထိသည်လည်း ဖြစ်နိုင်သည်။

ကျွန်တော်က အသံကြားရာဆီသို့ အားကုန်ညွှန်၍ ပြေးသည်။

“အောင်ဒင် … မင်းဘယ်မှာလဲဟေ့။ ငါတို့ လာပြီ”

ကျွန်တော် ပြေးယင်း အသံပြုလိုက်သည်။

“တို့လာပြီဟေ့ … ဘာမှ မကြောက်နဲ့”

စောမြသာက ထပ်၍ အားပေးသံ ပြုသည်။

“အောင်မယ်လေးလေး … မြန်မြန် လာကြပါဗျာ”

ကျွန်တော်က မြပုခက်မှ ထွက်၍ အောင်ဒင် ဝင်သွားသော နေရာသို့ ဦးတည်လိုက်သည်။

စောစောက ဒေါင်းတွန်သံကြားရာ မှန်းပြေးသည်။

သိပ်မပြေးလိုက်ရ။ လျှိုပြတ်ကလေးတခု အဝင် ထောက်ရှာပင်ကြီးတပင်၏ ခြေရင်းတွင် မှောက်ခုံကြီးဖြစ်နေသော အောင်ဒင်အား ဗြုန်းကနဲ တွေ့လိုက်ရသည်။

ကျွန်တော် ပါးစပ်မှ “ဟာ” ကနဲ အသံထွက်သွားမိ၏။ မြင်ကွင်းက မမျှော်လင့်သော မြင်ကွင်း။ မြေတွင်းမှ သတ္တဝါတကောင်ကောင်က အောင်ဒင့် ခြေတဘက်အား ဖမ်းဟပ်ထားသည့် မြင်ကွင်းမျိုး။

အမှန်တော့မူ မဟုတ်။ စည်းမဲ့သော မုဆိုးတယောက် ထောင်ထားသည့် ကျားပါးစပ်သံညှပ်ကြီးတွင်း မိနေခြင်းသာ။

“အောင်မယ်လေး … မြန်မြန်လုပ်ကြပါ။ သေပါတော့မယ်”

အောင်ဒင်က မချိမဆန့် အော်လိုက်သည်။ ကျွန်တော်တို့က အနားသို့ ပြေးကပ်သွားလျက် လူအားနှင့် သံညှပ်ကို ဆွဲဖွင့်သည်။

ဖွင့်မရ၊ ကြီးမားသော သံညှပ်ကြီး ဖြစ်သည့်ပြင် မောင်းကလည်း သန်သည်။

နောက်ဆုံး စောမြသာက အနီးရှိ ဝါးတလုံးကို ခုတ်၍ ကုပ်နှိပ်နင်းပေးမှ ပါးစပ်ပွင့်တော့သည်။

အောင်ဒင်ခမျာ မသက်သာ။ ခြေသလုံး တခုလုံး ပြတ်လုပြတ်ခင် ရှိနေပြီ။ အရိုးများ ကြေမွ၍ လှုပ်လှုပ်ကလေး ရှိတော့သည်။ ထိုနေရာမှ ဖြတ်ရပေလိမ့်မည်။

“ကဲ … စောမြသာ သူ့ ကို ဆေးရုံ အချိန်မီပို့မှဖြစ်မယ်”

စောမြသာ ကျောပိုးအိတ်ထဲမှ ပတ်တီးတလိပ် ထုတ်လာသည်။ အောင်ဒင့် ခြေထောက်ကို တင်းတင်းစည်းပေးသည်၊ ကျွန်တော် သေနတ်ကို စလွယ်သိုင်း လွယ်လိုက်သည်။

“ကဲဟေ့ … ငါ စောမြသာက လက်ယှက်ပြီး ပွေ့သွားမယ်။ မောင်စိုးက လမ်းရှင်း”

ကျွန်တော်က ပြောယင်း အောင်ဒင့် လက်တဘက်ကို ကိုင်လိုက်သည်။ အောင်ဒင် ပြူးပြူးပျာပျာ ကျွန်တော့်အား ကြည့်၏။

“နေ … နေပါဦး ဖထီး။ ဟို … ဟို … ကျွန်တော့်ဒေါင်းလေး ကောက်ပေးပါ”

“ဘာကွ … လူတောင် သေမလို ဖြစ်နေတာ မင်းဒေါင်းက ဘာလုပ်ဖိုလဲ”

“အား … ကျွတ် … ကျွတ် … ကျွတ် … သိပ် … သိပ် အရေးကြီးလို့ပါ”

“လာပြန်ပလားကွ … ဆေးဖော်ဖို့”

“မ … မဟုတ်ပါဘူးဗျာ။ ဒီဒေါင်းက ငွေ … ငွေတထောင် ရမှာမို့ပါ … အား”

“ဘာ … ငွေတထောင်ရမယ် ဟုတ်လား”

“ဟုတ်ပါတယ်ဗျာ … ဒေါင်းသည်းခြေတလုံးကို တထောင်ပေးမယ် ဆိုလို့ပါ”

“ဟေ ….”

စောမြသာ မျက်လုံးပြူးသွားသကဲ့သိုပင် ကျွန်တော်လည်း မျက်လုံးပြူးသွားသည်။

ဒေါင်းသည်းခြေတလုံးကို တစ်ထောင်။

“မင်းဟာက ဟုတ်ရဲ့လား။ ဘာလုပ်ဖို့တုံး”

“ဟို … မြို့က လူတယောက်က မှာတာ။ ကျွတ် … ကျွတ် … သွားတာပါ။ ရယင် ချက်ချင်း သူ့ဆီယူခဲ့။ တထောင်ပေးမယ် ပြောတာပဲ”

“ဘာလုပ်ဖိုတဲ့လဲ”

“ကျောက်စိမ်းကို အရောင်ဆိုးဖို့ ပြောတယ်”

“မဟုတ်တာကွာ”

“သူပြောတာပဲ။ ကျွတ် … ကျွတ် … ဒေါင်းသည်းခြေနဲ့ ညဘက် စိမ်ထားယင် မနက်ဘက် ပထမတန်း ကျောက်စိမ်းရောင် ထွက်တယ်တဲ့။ အား … ကျွတ် … ကျွတ်”

စောမြသာ ကျွန်တော့်ကို လှမ်းကြည့်သည်။ ကျွန် တော် မသိမသာ ခေါင်းယမ်းမိ၏။

အောင်ဒင်တယောက် မရေရာသော အလုပ်ကို လုပ်မိပါလားဟူ၍ တွေးမိသည်။

ဒေါင်းသည်းခြေနှင့် ကျောက်စိမ်းတု လုပ်၍ ရနိုင် မရနိုင်တော့ မသိ။ အောင်ဒင် ပေးလိုက်ရသည်ကတော့ သိသည်။ သူပေးရသည်က ဆုံးရှုံးသွားသော နိုင်ငံရတနာ ဒေါင်းတကောင်အတွက် ခြေတချောင်း ပေးလျော်လိုက်ရခြင်းပင် ဖြစ်သည်။

ဘဝပျက်သွားသော အောင်ဒင့်ကို ကရုဏာသက်စွာ ကျွန်တော်ကြည့်မိ၏။

“ဖြစ်ရလေ အောင်ဒင်ရယ်”

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၆-ခုနှစ်၊ ဧပြီလ
စာအုပ်အမှတ် ( ၂ဝ )

– ပြီး –

စာရေးသူ – သန်လျင်ရန်နောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *