ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
ခြေရာနှင့် သားကောင်
ဤဖော်ပြပါ အဖြစ်အပျက်သည် ကျွန်တော်၏ မုဆိုးနယ်မြေမှ အတွေ့အကြုံများအနက် သတ္တဝါလောက၏ ထူးဆန်းအံ့ဩဘွယ်ရာ ဖြစ်ရပ်ဆန်းတခုကို မှတ်တမ်းတင်ရစ်ခဲ့စေ၏။
အစကနဦးက ကျွန်တော်ကိုယ်တိုင်၌ပင် ဖော်ပြပါဖြစ်ရပ်ကို ယုံကြည်ရန် ခဲယဉ်းခဲ့၏။ အကောင်အထည်နှင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရမှ သတ္တဝါလောက၏ ဆန်းကြယ်အံ့ဩစရာ အကြောင်းအရင်းကို လက်ခံကာ အင်မတန်ရှားပါးလှသော ထိုသတ္တဝါကောင်၏ ဖြစ်ရပ်ကို မှတ်တမ်းစာအုပ်ထဲတွင် ရေးသားမှတ်တမ်းတင်ခဲ့ရပေ၏။
ထိုထူးဆန်းလှသော သားရဲကောင်နှင့် ကျွန်တော်တို့ မုဆိုးတစု စတင်တွေ့ဆုံခဲ့ရပုံကို ပြန်လည်ရေးသားရလျှင် လယ်ဝေးမြို့နယ်၏ အနောက်တောင်စူးစူးရှိ လယ်စ,မြောင် သစ်တောကြိုးဝိုင်းအတွင်း၌ ဖြစ်ခဲ့ကြုံခဲ့ရသော နေ့တနေ့ကို ပြန်လည်သတိရခဲ့စေ၏။
လယ်စ,မြောင်ချောင်းရိုးဖျားသည် အနောက်ဘက်ကွင်း နံပတ်တရာ၊ တရာ့တဆယ်မှ ချောင်းဖျားခံကာ အရှေ့ဘက် ဦးဘအိုသံလမ်းကိုဖြတ်ကာ စီးဆင်းနေသော အကျယ်အဝန်း ပေနှစ်ဆယ်ခန့်သာရှိသော ချောင်းငယ်ကလေးပင် ဖြစ်သည်။
ဤ လယ်စမြောင်ချောင်းဖျားပင်လျှင် ဖော်ပြပါ ထူးဆန်းလှသော ရုတ်တရက်ပင် အမျိုးအမည် မခေါ်ဝေါ် မဖော်ပြနိုင်သော သားကောင်နှင့် စတင်တွေဆုံရာ စခန်းတခုဖြစ်သလို ဤချောင်းငယ်ကလေးကို အမှီပြု၍ ကျွန်တော်နှင့် မုဆိုးအဖွဲ့ဝင်များသည် ကိုင်းတော၊ ထွေးတော၊ စိမ့်တော ဖြစ်ခဲ့သည့်အလျောက် တောဆင်နှင့် ကျားများ ခိုအောင်းရာ ထိုဒေသအတွင်း၌ တရစ်ဝဲဝဲနှင့်ပင် တောဆင်တလှည့် ကျားဆိုးတလှည့် ပစ်ခတ်ဆင်နွှဲရသည့် အမဲကြီးပစ်ပွဲများစွာလည်း ရှိခဲ့ရပေ၏။
ရာဇဝင်တွင်လောက်သည့် ထိတ်ထိတ်ကြဲရင်ဆိုင် ပစ်ခတ်ပွဲများနှင့် အပြည့်ရှိသော လယ်စမြောင် ချောင်းငယ်ပင် အစချီရပေလိမ့်မည်။
X X X
ဝါထိန်နေသော ပေါက်ပင်များထက်ဝယ် ကျေးငှက် ပေါင်းစုံ မြူးတူးနေသော တပို့တွဲလ၏ နေ့တနေ့ပင် ဖြစ်ပါသည်။ ညအချိန်ဝယ် နှင်းရိပ်မိုးကာ နေ့အချိန်တွင် အပူပျိုးလျက် အေးတခါ ပူတလှည့်နှင့် တတောလုံး တတောင်လုံး ရော်ရွက်ဝါတွေ တဖြုတ်ဖြုတ် မြေသို့ ခနေသည့် သမယလည်း ဖြစ်တော့သည်။
မြေပြင်ထက်တွင်မူကား နှင်းရည်များ ညဦးကဆွတ်ဖြန်းထားခဲ့ခြင်းကြောင့် သားကောင်မျိုးစုံ၏ ခြေရာခြေကြောင်းတို့မှာ အသစ်အဟောင်းဟူ၍ ရုတ်တရက် ခွဲခြား၍ ရနိုင်စေတော့သည်။
ကျွန်တော်တို့ မုဆိုးတစုသည် ခြေရာတခုကို ဗဟိုပြု၍ ဝိုင်းရံလျက် အကဲခတ်ကာ ထင်မြင်ချက် ဝေဘန်ချက်များကို ပေးနေခိုက်ပင်။
ခြေရာမှာ လေးလက်မပတ်လည်ခန့်ရှိပြီး ရှေ့ပိုင်းတွင် မြေပြင်တွင် နစ်၍ ကျန်ရစ်ခဲ့သည့် အဖု လေးဖုနှင့် နောက်ပိုင်းတွင်ကပ်လျက် ကြီးမားသော အဖုကြီးတဖုက ပိတ်လျက် ခြေရာစဉ်များကို တွေ့နေရပေသည်။
ထိုသို့ လေးလက်မပတ်လည်မျှ ထုထယ်ကြီးမားသည့် ခြေရာကို သာမန်မုဆိုးနှင့် တောသူတောင်သားများက တွေ့ရလျှင် တောကောင်၊ ဟင်းမျိုး၊ ငပြောက်၊ ခေါင်းကြီး၊ ပိုးကောင်၊ မျက်ကွင်းဖြူ၊ နှုတ်ခမ်းမွေး အစရှိသည့် တောရွာသားများ၏ ဝေါဟာရ အခေါ်အဝေါ်ရှိသည့် “ကျားကြီး” ၏ ခြေရာဖြစ်သည်ဟု တထစ်ချ ဆုံးဖြတ်ရုံသာ ရှိတော့သည်။
သို့ရာတွင် ကျွန်တော်နှင့်တကွ ဦးဘိုးဟန် ဦးစီးသော မုဆိုးအဖွဲ့ဝင်များအနေနှင့် သားကောင်ခြေရာမှန်သမျှကို အမှုမဲ့ အမှတ်မဲ့ ကြည့်ရုံမြင်ရုံနှင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ ဆုံးဖြတ်ချက်ပေးရိုးထုံးစံ မရှိခဲ့ကြချေ။ အသားစားသတ္တဝါနှစ်ကောင်ဖြစ်သော ကျားနှင့် သစ်ဆင်ကြီးများနှင့် မကြာခဏ ရင်ဆိုင်တွေ့ရှိခဲ့ရသည့် မုဆိုးသံသရာခရီးကြောင်းမှ အတွေ့အကြုံများအရ ခြေရာခြေကြောင်းများကို စနစ်ကျသော လေ့လာအကဲခတ်နည်း၊ မှတ်သားနည်းများဖြင့် မှတ်သားလေ့လာလေ့ ရှိကြသည်။
ကျားကြီးခြေရာနှင့် သစ်ဆင်ခြေရာမှာ ပုံပန်းသဏ္ဍာန် အတူတူပင် ဖြစ်သည်။ သို့ရာတွင် ခြေရာအကြီးအသေး ခွဲခြား၍ မည်သည့်ခြေရာ သစ်ဆင်၊ မည်သည့်ခြေရာ ကျားဟူ၍ ခွဲခြားနိုင်သည်။ သုံးလက်မ ပတ်လည်နှင့် အနည်းငယ်ပိုမိုကြီးထွားသော ခြေရာ သစ်ဆင်ခြေရာဟု ပြောနိုင်သလို လေးလက်မမှ အထက်ခြေရာကြီးကို ကျားကြီး၏ခြေရာဟူ၍ အတပ်ပြောနိုင်သည်။ ပို၍ ရှင်းလင်းသိသာစေသော အချက်တချက်မှာ သစ်ဆင်ခြေရာ၏ ရှေ့ပိုင်း အဖုကလေး လေးဖု၏ ရှေ့တည့်တည့်စီတွင် ဂရုတစိုက် လေ့လာစစ်ဆေးခဲ့လျှင် မြေပေါ်၌ သစ်ဆင်(ဝါ) ကျားသစ်ကြီး၏ လက်သည်းအရာကလေးတွေကို ကောင်းစွာ တွေ့နိုင်သည်။ ကျားကြီး၏ ခြေရာတွင်မူကား သစ်ဆင်ခြေရာလို လက်သည်းရာ တစုံတရာ မပါရှိခဲ့ချေ။
ဤအချက်အလက် အခြေအနေသည် သစ်ဆင်နှင့် ကျားကြီးခြေရာကို ကောင်းစွာ ခွဲခြားစေနိုင်သော အဓိကအချက်အလက်တခု ဖြစ်ပေ၏။
ကျွန်တော်နှင့် ဦးဘိုးဟန်တို့ လူစုသည် တွေ့ရှိနေရသည့် လေးလက်မအထက်ပိုင်းရှိ ခြေရာကြီးများကိုကြည့်၍ ခြေသည်းရာမပါသည်ကို တွေ့ရခြင်းဖြင့် လည်းကောင်း၊ ထိုခြေရာရှင်သားကောင် ကိုက်သတ်ကာ နှစ်ဖါလုံနီးပါးခရီးရှိ ချောက်ထဲသို့ရောက် အောင် ဆွဲချီထားသည့် နွားသိုးတကောင်၏ အခြေအနေတို့ကို စုပေါင်းထားခြင်းအားဖြင့်၎င်း၊ ခြေရာနှင့် သားကောင်သည် ကျားပေါက်တကောင်ဟူ၍ ဆုံးဖြတ်ချက် ချမှတ်လိုက်ကြသည်။
သစ်ဆင် (ဝါ) ကျားကြီးများသည် ကျားထက် ကိုယ်လုံးနှင့် ခွန်အားဗလ နည်းခြင်းကြောင့် ရွာခွေး၊ အိမ်ဝက်နှင့် နွားငယ်ကလေးများလောက်သာ ကိုက်ချီစားသောက်လေ့ ရှိကြသည်။
ကျားကြီးတွေကဲ့သို့ ကျွဲပေါက်၊ ခိုင်းနွားကြီးတို့ကို မကိုက်ချီနိုင်ကြောင်း သတိပြုမိခဲ့သည်။ ဤကဲ့သို့ ခြေရာခြေကြောင်းလက္ခဏာများနှင့် ခြေရာရှင် သားကောင်၏လက်ရာ နွားသိုးကြီးကို နှစ်ဖါလုံအထိ ဆွဲချီခဲ့နိုင်ခြင်း လက္ခဏာတို့ကြောင့် ကျွန်တော်တို့က ခြေရာရှင်မှာ ကျားပေါက်တကောင်ဟူ၍ မှတ်ချက်ချခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ကျွန်တော်တို့၏ အဆုံးအဖြတ်ကို ဟန့်တားနိုင်ခဲ့သော လူတယောက်ကို ကျွန်တော်တို့တွေရှိခဲ့ရပေ၏၊ မမျှော်လင့်သော ဖြစ်ရပ်များကို ဆက်တိုက်တွေ့ကြုံလိုက်ရသည့်အတွက် ကျွန် တော်တို့ ဝါရင့်မုဆိုးကြီးများပင်လျှင် ဇဝေဇဝါဖြစ်လာရကုန်၏။
X X X
လယ်မလယ်ကွင်းအတွင်းမှ ကိုငွေမောင်၏ နွားထီးကို တောကောင်အကိုက်ခံရခြင်း သတင်းကြောင့် သစ်ပုတ်ပင်ဘူတာဘက်သို့ ခရီးထွက်လုဆဲဆဲ ကျွန်တော်တို့မုဆိုးတစုက လယ်စမြောင်အနီးရှိ ကပ်နေသော လယ်မ, တဲတိုက်သို့ ဦးဘအိုသံလမ်းပေါ်တွင် “ထရော်လီ” စီးကာ လက်မနှေးတမ်းပင် လယ်မသို့ ရောက်ရှိခဲ့သည်။
နွားရှင် ကိုငွေမောင်ကလည်း ကျားတကောင်၏ လက်ချက်ဟူ၍ အတပ်စွပ်စွဲနေသည်။ ကျွန်တော်တို့မုဆိုးတစုကလည်း ခြေရာခြေကြောင်းနှင့် အကိုက်ခံရသော နွားကြီး၏ ကိုယ်အလေးချိန်ကို ကြည့်လျှက် ကျားတကောင်၏ လက်ချက်ဟူ၍ ဆုံးဖြတ်ချက်ချခဲ့သည်။
အချင်းဖြစ်ပွားရာ လယ်ထဲသို့ လမ်းကြုံ၍ ဝင်ရောက်လာသော ကရင်သစ်သမား စောမောင်လေးက နွားသေကြီးကိုကြည့်ကာ ခြေရာများကိုကြည့်ရင်း အမှတ်တမဲ့ ဝင်ရောက်၍ပြောလိုက်ပါသည်။
“ဟေ့ ငွေမောင်၊ ဒီနွားကိုက်တဲ့ တောကောင်ဟာ ကျောက်အိုးဖြားအတိုင်း ဆင်းလာတဲ့ခြေရာ မဟုတ်လားဟေ့။ ပြီးတော့ ပန်းညိုကွင်းဘက်နဲ့ မင်းတို့လယ်မဘက်ကို ခဏခဏ လှည့်လာလေ့ရှိတယ် မဟုတ်လားကွ”
ဟု မေးခွန်းထုတ်လိုက်သည်တွင် ကိုငွေမောင်သည် အနည်းငယ်စဉ်းစားလိုက်ပြီး
“ဟုတ်တယ် သစ်ခေါင်ကြီး။ ပန်းညိုဘက်မှာ သူ့ခြေရာတွေ့ပြီး ကျုပ်နွားကို ဝင်ဆွဲတော့တာဘဲလေ”
ဟု ဖြေလိုက်သည်တွင် စောမောင်လေးသည် ကွမ်းကို မြုံ့ဝါးရင်း-
“ဒီအကောင်ကြီးဟာ ကျားလဲ မဟုတ်ဖူး၊ သစ်ဆင်ကြီးလဲ မဟုတ်ဖူးကွ။ ပြောက်ကျား ကျားကြီးဟေ့။ အနက်စင်းရော၊ အနက်ပြောက်ပါ ရောထွေးနေတယ်ကွယ့်။ ငါ တခါက ကွင်းနင်းရင်း ကျောက်အိုးချောင်းထဲမှာ ရေတွင်းယက်နေတုန်း ဒီအကောင်ကြီးနဲ့ တိုးမိတယ်။ ငါ့နောက်က ကျွဲသမားတွေရော ဆင် ဦးစီးတွေကပါ ဝိုင်းအော်ပြီး ဝါးလုံးတွေခေါက်ထုတ်မှ ဘေးဖယ်ဆင်းသွားတယ်”
ဟု သူ၏ အတွေ့အကြုံကိစ္စကို ပြန်ပြောလိုက်ရာ တပ်ကြပ်ကြီးသန်းထွန်းသည် လဘက်ရည်ကြမ်း ပန်းကန်ကို ကိုင်ရင်းမှ
“ဒါနဲ့ ဖထီးရာ၊ ကျားခြေရာကြီးတွေ့နေမှ ကျားဟာ ကျားပေါ့ဗျ။ ဘာကောင်မှန်းမသိဘူးဆိုတာ သိပ် အဓိပ္ပာယ် မရှိပါဘူးလေ။ ကိုယ်လုံးက ဘာနဲ့တူသလဲ”
ဟု ကြားဖြတ်ကာ မေးမြန်းလိုက်၏။
စောမောင်လေးသည် ရယ်လိုက်ရင်း …
“အေးကွာ … ငါက ဘာနဲ့တူမှန်းကို မပြောနိုင်တာ ခက်နေတယ်။ ဒီအကောင်ကြီး ကိုယ်လုံးကတော့ ကျားပေါက်ကြီးတကောင်လောက်ဘဲဟေ့။ သိပ်ရဲတယ်။ ခေါင်းကလဲ ခပ်ကြီးကြီးဘဲကွ။ ကျားခေါင်းလိုဘဲ။ ငါလဲ တောတွေတောင်တွေထဲမှာ ငါ့အသက်နဲ့ အပြည့် နေလာခဲ့တာ ဒီလိုအကောင်ကြီးမျိုး တခါမှ မတွေ့ခဲ့မိဘူးကွ။
အကောင်ကြီးက သိပ်လှတယ်။ ရုတ်တရက်ကြည့်ရတော့ ကျားကြီးလိုပါဘဲကွာ။ တနေရာမှာ ကြာကြာမနေဘူးဟေ့။ နှစ်ရက် သုံးရက် အကြာဆုံးဘဲ။ သူ့ခြေရာတွေက သူဘယ်ရောက်နေပြီဆိုတာ တွေ့နေရတာကိုး”
ဟု အားပါးတရ ပြောလိုက်သည်။
ကျွန်တော်သည် ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်နှင့်ထိုင်ရင်းမှ နားထောင်နေမိသည်။
လျှော်ဆုတ်သမား၊ သစ်ခုတ်သမား၊ ဖွတ်လိုက်သမား အစရှိသည်တို့သည် သာမန်ရွာသားတွေထက် တောတောင်ခရီးလှည့်လည်ကာ ဝမ်းစာရှာဖွေနေရသဖြင့် သားကောင်မျိုးစုံနှင့် အတွေ့အကြုံများစွာ ရှိခဲ့ကြသည်ကို ကျွန်တော်သည် ကောင်းစွာလက်ခံခဲ့သလို သစ်ခေါင်း စောမောင်လေး၏ သတင်းပို့ချက်ကို စိတ်ပါဝင်စားစွာဖြင့် လေ့လာနေမိပါသည်။
ကျွန်တော်၏ အနေဖြင့် ခြေရာရှင် အသားစားသတ္တဝါ၏ ဇာတိမျိုးရိုးကို စဉ်းစားဝေဖန်၍ မရနိုင်အောင် ရှိနေတော့သည်။
သို့ရာတွင် မကြာမတင်ကာလတွင် ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များနှင့် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကို စဉ်းစားမိပြန်သည်ကြောင့် တွေ့ဆုံမိသည့်ကာလနောက်မှပင် စစ်မှန်သောအဖြေကို ရနိုင်မည့်အရေးကို ကျေနပ်စွာဖြင့် လက်ခံရပေသည်။
ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် နွားသေကို ရုပ်ပြအစာအဖြစ် ဖန်တီးကာ လင့်ထိုးစေပြီး ထိုနေ့ည ခုနှစ်နာရီမှပင် လင့်စောင့်ခဲ့သည်။ တောရွာအခေါ်ဖြင့် “လင့်စီးခြင်း” အလုပ်ကို လုပ်ကိုင်ခဲ့ကြသည်။
တညလုံး အအိပ်ပျက်ခံကာ လင့်စီးရသော အလုပ်သည် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်စေ၏။ ရာသီဥတုဒဏ်၊ ခြင်မှက်တို့၏ သွေးစုတ်မှုဒဏ်နှင့်တကွ တညလုံး နားနှင့် မျက်စိအပြင် စိတ်အာရုံစူးစိုက်မှု၏ ပင်ပန်းချက်များကို ခံစားအသုံးပြုခဲ့ရသည်။
သုံးညတိတိ ဆက်တိုက် လင့်စီးခဲ့သော်လည်း တောကောင်၏ အရိပ်အရောင်ပင် မတွေရသည့်အဆုံး၌ သတင်းတခုကြောင့် လင့်စီးခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ရပေ၏။
သရက်ချောင်းရွာဘက်မှ ရောက်လာသော ကျွန်တော်၏ တပည့်များက သူတို့ရွာအရှေ့ဘက် သစ်သမားများ၏ ကျွဲအုပ်ထဲမှ ကျွဲပေါက်ကလေး တကောင်ကို တောကော ဆွဲသွားသောသတင်းနှင့် ခြေရာလက်ရာများအကြောင်း သတင်းပို့လိုက်ပြီး ကျွန်တော်တို့ ဒုက္ခခံကာ လင့်စီးနေရသည့် တောကောင်၏ခြေရာကို တွေ့မြင်သွားပြီးနောက်တွင် ကျွန်တော်တို့ စောင့်နေသည့် သားတောင်ကြီးမှာ သရက်ချောင်းဘက်သို့ နယ်ကျွံနေကြောင်း သိလိုက်ရသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ မုဆိုးတစုသည် လင့်စီးခြင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်ရပေ၏။
လယ်မ၏ မြောက်ဘက် ကနစိုးစခန်းတဝိုက်နှင့် ပေပင်ရွာတလျှောက်ရှိ တောများတွင် တောခြောက်၍ ဆတ်နှင့် ဝက်များ ပစ်ခတ်ကြရန် ခရီးဆက်ခဲ့ကြသည်။ ကိုငွေမောင်ကိုလည်း အရေး အကြောင်းရှိပါက ကျွန်တော်တို့ရှိရာသို့ အမြန်ဆုံး သတင်းလိုက်၍ပို့ရန် မှာကြားစီစဉ်ခဲ့ရပေ၏။
X X X
သစ်ဆွဲရထားလမ်းကလေးပေါ်၌ တရိပ်ရိပ်တွန်းကာပြေးနေသော ထရော်လီသုံးစင်း၏ အသံကြောင့် ရထားကမ်းဘေး နဘဲပင်များပေါ်မှ မျောက်ညိုအုပ်ကြီးသည် တဝုန်းဝုန်းပြေးလွှားသံများဖြင့် တတောလုံး ဆူညံတုန်လှုပ်စေ၏။
နောက်ဆုံး ထရော်လီပေါ်၌ ဆတ်ချိုကားယားကြီးနှင့် ခေါင်းပိုင်း တခေါင်း၊ ကျပ်တင်ပြီးသား ဆတ်သားခြောက် သုံးအိတ်၊ တောဝက်သားခြောက် နှစ်အိတ် စသည့် ကနစိုးစခန်းတွင် လေးရက်တိတိ အမဲပစ်ခတ်ပြီး ဝင်တဲကူးဘူတာဆီသို့ ပြန်ဆင်းလာကြသည်။
ကျွန်တော်တို့ မုဆိုးအဖွဲ့ဝင်များ စီးနင်းလိုက်ပါလာကြသော ထရော်လီသုံးစီးကို အဝေးကပင် တွေ့မြင်နိုင်ပေ၏။
သံလမ်း၏ ညာဘက်ဘေး ကျွန်းပင်ပေါ်မှ အောက်ချင်းငှက် တအုပ်သည် ထရော်လီသံများကြောင့် ဝေါကနဲ တစုတဝေးကြီး အနောက်ဘက်တောထဲသို့ ပျံပြေးကြ၏။
တစ တစနှင့် ကိုငွေမောင်တို့လူစု နေထိုင်လုပ်ကိုင်ရာ လယ်မလယ်ကွင်းစကို ခပ်ရေးရေး မြင်စပြုလာပါပြီ။ ရှေ့ဆုံး ထရော်လီပေါ်မှ ဦးဘိုးဟန်ကြီးသည် ကျွန်တော်စီးလိုက်လာသည့် ဒုတိယထရော်လီဆီသို့ ပြန်လှည့်ကာ အရှိန်ရပ်တန့်ရန် အရေးတကြီး အချက်ပြနေပါသည်။ ထို့ကြောင့် ထရော်လီမောင်းသည့် အလုပ်သမားက စက်အရှိန်ကို ဆွဲသတ်လိုက်ရသည်။
လမ်းဘေး လယ်ကွင်းနှင့် ယာခင်းတောတန်းများ ရှိနေရာ ဂျီဖြစ်စေ တောဝက်ဖြစ်စေ လယ်ထဲ ယာထဲသို့ ထွက်စားနေခြင်းကို ဦးဘိုးဟန် တွေ့မြင်ရ၍ ပစ်ခတ်လိုသည်ကြောင့် ခေတ္တရပ်ခိုင်းလိုက်သည်ဟု ထင်မိပါသည်။
သို့ရာတွင် ဆူညံစွာ စကားပြောသံများကြောင့် ကျွန်တော်က ရပ်ထားသည့် ထရော်လီပေါ်မှ ရပ်ကာ ကြည့်လိုက်ရာတွင် ကိုငွေမောင်တို့ လူသိုက်ကို တွေ့လိုက်ရပေ၏။
“ကိုင်း … ဆင်းကြ၊ ပစ္စည်းတွေ လယ်တဲပေါ် ရွှေ့တင်ကြရအောင်”
ဟု ဦးဘိုးဟန်က လှမ်း၍ အမိန့်ပေးလိုက်ပြီး ကျွန်တော့သို့ လှမ်း၍ …
“ဟိုအကောင် တဲနားကို ပြန်ကပ်လာပြီတဲ့ဗျို့။ ခြေရာအသစ်တွေ ခုမနက် တွေ့ရလို့ ကျုပ်တို့ကို စောင့်နေကြတာဗျ။ တောခြောက်ပြီးပစ်ဘို့ လူတွေ စုထားပြီဆိုဘဲ”
ဟု အရေးတကြီး အကြောင်းကြားလိုက်သည်ကြောင့် ကျွန်တော်သည် ထရော်လီပေါ်မှ ဆင်းလိုက်ပြီး ကိုငွေမောင်တို့ဆီ ထွက်သွားပါသည်။
“မနေ့ညကများဗျာ … ဗိုလ်မှူးတို့ရှိရင် တဲပေါ်က သေနတ်ပြောင်းနဲ့ လှမ်းထိုးပြီးတော့ ပစ်ရမယ့်အပေါက်ဘဲ။ မတတ်သာတော့ သံပုံးတွေဝိုင်းခေါက်၊ လူတွေက ညာသံပေးပြီး ဝိုင်းအော်၊ တုတ်တွေ ခဲတွေနှင့် အတင်းဝိုင်းပေါက်မှ ခွာသွားတယ်”
ဟု ကိုငွေမောင်က ရောက်မဆိုက်ပင် တောကောင်ကြီး၏ လှုပ်ရှားမှုသတင်းကို ပြောကြားလိုက်သည်။
“ဒီအကောင်ကြီး သိပ်ရဲတယ်ဘဲဗျ စစ်ဗိုလ်ကြီး။ လယ်တဲအနောက်ဘက် လျှိုကစပြီး ခြောက်ရရင် နှစ်စီး သုံးစီးဘဲ ဒင်းကို ကျကျနန ဝိုင်းမိမယ်။ အဲဒီလျိုကလေးထဲမှာ ဝင်တဲ့ခြေရာတွေ့ပြီး အပြင်ထွက်တဲ့ခြေရာ တခုမှ မတွေ့ရဘူးဗျ။ ကျုပ်တို့အားလုံး ပတ်ကြည့်ပြီးပြီ။ လယ်တဲတွေနားကပ်ပြီး အိပ်ပြီး ညကျရင် မလွတ်တမ်း ဒုက္ခပေးဘို့အစီအစဉ်ဘဲ စစ်ဗိုလ်ကြီးရေ”
တောကျွမ်းပုံရသော လယ်သမားကြီး ဦးဆိုးပေက သူတွေ့ခဲ့ရသည့် ခြေရာအကြောင်းကို ပြောပြလိုက်ပြီး ကျုပ်တို့ တောခြောက်ဘို့ လူအစိတ်ကို မနက်ဝေလီဝေလင်းထဲက ချင်းရွာနဲ ကားမလယ်ကွင်းကလူတွေပါ ခေါ်ပြီး စုထားပြီးပြီ။
ဒီအကောင်ဆိုးကြီးကို မထွက် ထွက်အောင် ခြောက်ထုတ်ပေးမယ်ဗျို့။ မလွတ်တမ်းသာ ပစ်ကြပါဗျာ”
ဟု ကိုငွေမောင်၏ တဲနီးချင်း ကိုဥာဏ်ထွန်းက ပြောပြပြန်ပါသည်။
ကျွန်တော်၊ ဦးဘိုးဟန်နှင့်တကွ သန်းထွန်း၊ ကျော်လှိုင်၊ မောင်ပု၊ ဦးနု ဟူသော မုဆိုးတစုသည် အသုံးပြုနေကျ တောလိုက်လက်နက်များကို အသင့်ပြင်ဆင်ပြီး ဖြစ်နေကြ၏။
ကျွန်တော်က လက်ပတ်နာရီကို ငုံ့၍ ကြည့်လိုက် သည်တွင် နံနက်ကိုးနာရီထိုးရန် မိနစ်နှစ်ဆယ်အလိုကို တွေ့ရသည်ကြောင့် အဆာခံစေရန် ကာဖီတခွက်စီနှင့် ပေါင်မုံ့ထောပတ်သုက် နှစ်ချပ်ကို ခပ်သုတ်သုတ် စားသောက်လိုက်ကြပြီး တစုတဝေးကြီး ပျော်ပျော်အုံးအုံး စောင့်နေကြသည့် တောခြောက်သမားများရှိရာသို့ ထွက်ခဲ့ရသည်။
ဦးဆိုးပေသည် ရှေ့ဆုံးမှ ဓားမကြီးကို ခပ်တင်းတင်းထမ်းလျက် မုဆိုးများကို နေရာချထားပေးရန် ဦးဆောင်ချီတက်ခဲ့သည်။ တချက် တချက် နောက်မှပါလာသော တောခြောက်သမားများကို လှည့်၍ …
“စကားတိုးတိုးပြောကြဟေ့၊ ဟိုအကောင်ကြီး အိပ်တဲ့နေရာနဲ့ သိပ်မဝေးတော့ဘူးကွ။ ခြောက်တဲ့ အခါမှာ ညီညီညာညာ ဖြန့်လိုက်ကြ။ တုံးတွေ ဝါးတွေ နာနာဖိပြီး ခေါက်ပေးကြ”
ဟု မှာကြားသတိပေးနေပါသည်။
နာရီဝက်ခန့် ချီတက်ခဲ့သည်တွင် လျှိုကလေး တလျှို ဘေးတွင် မုဆိုးများကို သီကာစီကာ နေရာချပေးလိုက်သည်။ ကျွန်တော်သည် ကျည်ဆံအပျော့နှစ်တောင့် သပ်သပ်ရွေးထုတ်ကာ .၄၇၀ ပြောင်းနှစ်လုံးထဲသို့ ထည့်၍ ရိုက်ဖယ်၏ခါးကို ပြန်စေ့ချလိုက်သည်။
နှစ်ဖါလုံခန့်မှ တောချောက်သမားများ၏ ညာသံ၊ ဝါးလုံးခေါက်သံများကို စတင်ကာ ကြားလိုက်ရသည်တွင် ကျွန်တော်သည် ပျဉ်းကတိုးပင်ကြီးတပင်၏ နောက်ကွယ်တွင်ကပ်၍ ကိုယ်ဖျောက်ထားလိုက်သည်။
တော၏ အခြေအနေမှာ ထွေးတောဆန်လှသလို ရေမစီးကြမ်းပင်များ၊ ကြိမ်နွယ်များ၊ ဝါးသုန်းပင်များနှင့် ရှုပ်ရှက်ခက်နေတော့သည်။
ရှေ့ဦးစွာ အလန့်တကြား ကတောက်သံများဖြင့် တောကြက်တအုပ်က တဟူးဟူးပျံသန်းပြေးရှောင်လာကြသည်။
ကျွန်တော်၏ ရှေ့တည့်တည့် ဘယ်ဘက် ညာဘက် ဒီဂရီသုံးဆယ် နယ်နိမိတ်အတွင်း မျက်စိရှင်ရှင်နှင့် ကြည့်ရှုနေမိသည်။
ငှက်ပျောရွက်များကို တသိမ့်သိမ့် လှုပ်ခတ်လျက် ကျွန်တော့်စည်းဘက်သို့ လုကာ တက်လာသည့် သားကောင်တကောင်၏ လှုပ်ရှားမှုကို တွေ့လိုက်ရသည်။
သားကောင်သည် ခုန်ပြေး၍လာနေသည် မဟုတ်ပါ။ ခပ်မှန်မှန် တလှမ်းချင်း နင်းတက်ကာ လာနေခြင်း မျိုး ဖြစ်သည်။
ကျွန်တော်က ရိုင်ဖယ်ဒင်ကို ပခုံးတွင် ခပ်တင်းတင်း ဆွဲကပ်ထားရင်း မျက်စိနှစ်လုံးက ညင်သာစွာဖြင့် ဣန္ဒြေရရ တိုးထွက်လာနေသည့် သားကောင်ကို ရှေ့မှကြို၍ လိုက်ကြည့်နေသည်။
နှစ်မိနစ်ခန့်အကြာလောက်တွင် သားကောင်၏ ခေါင်းပိုင်းတစကို စလူရွက်များအကြားမှ ရိတ်ကနဲ မြင်လိုက်ရသည်။
အဝါရောင် တဖိတ်ဖိတ်တောက်နေသော ကြီးမားသော ဦးခေါင်းထိပ်ပိုင်း၌ အစင်းကျား အနက်ကြောင်းများကို တွေ့ရသည်။
နားရွက်နှစ်ဖက်မှာလည်း ခပ်ဝိုင်းဝိုင်းနှင့် အနားအစွန်းပိုင်းဝယ် ဖောင်းဝတ်ရောင် ဖွေးနေသည်။
နှာခေါင်းတိုပြီး နေရောင်နှင့်ဟပ်သည့် ကာလဝယ် ခပ်ပြဲပြဲ ပါးစပ်ကြီးအတွင်းမှ အစွယ်ကြီးများ အဖွေးသားကို ရိပ်ကနဲ မြင်လိုက်ရသည်။
ကျားတကောင်၏ အခြေအနေကို တွေ့ရသည်ကြောင့် ပိုင်နိုင်သော ပစ်ကွင်းအရောက်တွင် မလွတ်တမ်း ပစ်ခတ်ရန်အတွက် ကျွန်တော်က ရိုင်ဖယ်ပြောင်းနှစ်လုံးနှင့် တောကောင်ကြီး ခေါင်းပိုင်းသို့ လိုက်၍ ချိန်ရွယ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း၌ တောကောင်ကြီး၏ လည်ပင်းမှစ၍ ရှေ့ပိုင်းတပိုင်းလုံးကို အလင်းရောင်များအောက်ဝယ် ကောင်းစွာ မြင်ခွင့်ရပါတော့သည်။
အဝါလွင်ရောင်များကို အနက်တန်းများ၊ ဝိုင်းစက်သော အဖြူကွက်ကလေးများ၊ အနက်ကွက်ကလေးများဖြင့် အဆန်းတကြယ် တွေ့လိုက်ရပေ၏။
သာမန်ကျားကြီးများအဘို့၌ အဝါရင့်ရောင်တွင် အနက်တန်းကြီးများ ခြယ်လှယ်လျက် တွေ့ရသော်လည်း ယခုတောကောင်ကြီးမှာ ကျားသစ် ပျောက်များနှင့် ရောနှောကာ အံ့မခန်းလှပသောအပြောက်များဖြင့် လည်းကောင်း၊ အနက်တန်းစင်းကြီးများဖြင့်လည်းကောင်း မြင်တွေ့နေရပေ၏။
ကျွန်တော်သည် ဤမျှ ရှားပါးလှသော၊ ထူးဆန်းလှသော တောကောင်ကြီးကို ပစ်သင့် မသင့် စဉ်းစားနေမိသည်။
သူ၏ ပုံသဏ္ဍာန် အလုံးအရပ်မှာ ကျားကြီးတကောင်အတိုင်း တွေ့မြင်နေရ၏။
ကျွန်တော် ပစ်ခတ်လိုက်လျှင် ထူးဆန်းလှသော သားကောင်မျိုးဆက် ပြတ်သွားမည့် အရေးကိစ္စကိုလည်း စဉ်းစားမိ၏။
ချီတုံချတုံဖြစ်နေခိုက်ဝယ် တောကောင်ကြီးသည် လူနံ့ကို ရရှိသွားပြီး မျက်လုံးကြီးနှစ်လုံးက ဝင်းကနဲ လက်ကနဲ ဖြစ်လာသည်။ ပါးစပ်ပြဲကြီးကလဲ တဟဲဟဲ တဟင်းဟင်း မာန်သွင်းလာတော့၏။
တခဏအတွင်း၌ ပေသုံးဆယ်ခန့်အကွာမှ ကျွန်တော်၏ အရိပ်ကို တောကောင်ကြီးက တွေ့မြင်သွားကာ ကြီးမားလှသည့် ခေါင်းကြီးကို ယမ်းခါရင်း လက်တဖက်က နီးစပ်ရာငှက်ပျောပင်ကို ပုတ်ခတ်ချလိုက်ပြီး ရှေ့သို့ခုန်၍ အုပ်ရန်အတွက် အားယူလိုက်တော့၏။
အသင့်ချိန်ထားရာမှ ထူးဆန်းသော တောကောင်ကြီး၏ နှာခေါင်းရင်းအလယ်ဗဟိုကို ကျွန်တော်သည် နှစ်လုံးပြူးရိုင်ဖယ်၏ ရှေ့မောင်းကွင်းကို ဆွဲဖြုတ်လိုက်ခြင်းဖြင့် ညာဘက်ပြောင်းအတွင်းမှ ကျည်ဆန်သည် `ဒိုင်းကနဲ’ တခဲနက် မြည်ဟည်းကာ မီးပွင့်ကြီးအဖြစ် ပြောင်းဝမှ ထွက်သွားပါသည်။
တောကောင်ကြီးသည် ရှေ့သို့ ဆန့်တန်းထားသည့် လက်နှစ်ချောင်းအပေါ်တွင် ခေါင်းကြီးစိုက်ကျသွားပြီး တချက်ကလေးမျှပင် မလှုပ်လာတော့ချေ။
ကျွန်တော်သည် တောခြောက်သမားများ အနီးသို့ ဆိုက်ရောက်လာမှ တလှမ်းချင်းတက်ကာ ရိုင်ဖယ်ပြောင်းဝနှင့် နံဘေးသို့ ဆောင့်ကာ ထိုးကြည့်လိုက်ရသည်။
အမည်မဖော်နိုင်သေးသော တောကောင်ကြီးကား နှာရောင်ရင်းမှ ဖောက်ဝင်သွားသော .၄၇၀ ကျည်ဆံတချက်နှင့်ပင် ကျဆုံးခဲ့ပေပြီတကား။
အတွေ့အကြုံ ဗဟုသုတများပုံရသည့် သစ်ခုတ်သမားအဖိုးကြီးသည် တောကောင်ကြီးကို တချက်ငုံ၍ကြည့်လိုက်ပြီး
“ဒီကောင်ကြီးဟာ သစ်တူ ကျားတူကောင်ဗျ။ အဖေက ကျား၊ အမေက သစ်ဆင် ဖြစ်တယ်။ တောထဲမှာ တခါတခါ အသားစားသတ္တဝါချင်း မျိုးမတူသော်လဲ မိတ်လိုက်လေ့ရှိတယ်။ အင်မတန်ရှားပါးတဲ့ အကောင်မျိုးဗျ။
သာမန် ကျားတွေ၊ သစ်ဆင်တွေထက် ပိုပြီး သတ္တိရှိတယ်။ ပိုလဲ ဆိုးတယ်။ ရခိုင်ရိုးမမှာ တခါ တွေ့ဘူးတယ်”
ဟု အမျိုးအမည်မသိရသေးသော တောကောင် ကြီး၏ မျိုးရိုးဇာတိကို ပိုင်နိုင်စွာ ဖော်ထုတ်လိုက်ပါသည်။
ထိုအခါကျမှပင် အသားစားသားရဲအချင်းချင်း အမျိုးအမည်ကွဲပြားသော်လည်း အချိန်ကာလအတွင်း၌ အိမ်ထောင်သားမွေး ပြုကြခြင်းသဘောကို နားလည်မိသည်။
မြန်မာလို “သစ်တူ … ကျားတူ” သတ္ထဝါ၊ အင်္ဂလိပ်ဘာသာဖြင့် အဖေက ကျားကြီး (Tiger)၊ အမေကကျားသစ် (Leopard) ဖြစ်ခဲ့ခြင်းကြောင့် ထိုသတ္တဝါဆန်းကို(Ti-pard) ဟူ၍ ခေါ်ဝေါ် ရန်ပင် စဉ်းစားမိပါတော့သတည်း။
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)