August 1, 2025
Uncategorized

ငရံ့ကောက်ပွဲတော်

#ဖိုးကျော့
ငရံ့ကောက်ပွဲတော်

နွေရင့်ရက်ရောက်လာသည်။ ဘယ်တောဘယ်တောင်ထဲသွားသွား သစ်ရွက်ကြွေသံများကိုသာ ဖြိုးဖြိုးဖြောက်ဖြောက်ကြားလာရသည်။ ထူထပ်ပြန့်ကျဲနေသော သစ်ရွက်ခြောက်များကြောင့် မုဆိုးတို့၏ ခြေသံပင် မလုံချင်တော့။

လယ်သမား၊ ယာသမားတို့၏ လယ်ယာစပါးများလည်း အားလုံး ရိပ်သိမ်းပြီးသွားကြပြီးဖြစ်ရာ သားကောင်များ၏လယ်ဆင်း ယာဆင်း ခြေရာတွေမှာလည်း မိုးနှောင်း ဆောင်းသမယကလို အထင်ကရမရှိတော့။ ပူပြင်းခြောက်သွေ့ကာ မြေမာလာသဖြင့် တောကောင်တို့၏ ခြေရာ ခွာရာတို့မှာလည်း တိမ်ကောပျောက်ပျက်လာကြသည်။

ထို့ကြောင့် ဦးဘာမျိုးတို့မုဆိုးသားအဖမှာ ထောင်ချောက် သုတ်ကိုင်းတွေကို အားကိုးမရတော့ဘဲ တောသုံးတောင်ကို ပြဲပြဲစင်အောင် သွားလာလှုပ်ရှား၍သာ သားကောင်တွေကို ရှာနေကြရလေသည်။

သို့သော် ဘယ်တောတွင် ဘယ်တိရစ္ဆာန်များကြိုက်သော ဘယ်အပင်က သီးမှည့်နေပြီ၊ ဘယ်ချောင်တွင် ဘယ်အကောင်တွေ ကြိုက်တတ်သော ဘယ်သစ်ပင်ကဖြင့် ရွက်နုတွေ ဝေစပြုနေပြီ။
ဘယ်စခန်းတွေ ခန်းခြောက်၍ ဘယ်အိုင်တွေကို သားကောင်တွေ ရေဆင်းသောက်လာတတ်ကြပြီဆိုသည်ကိုတော့ ဦးဘာမျိုး ကောင်းကောင်းကြီး သိထားလေသည်။

ထို့ကြောင့်လည်း ဦးဘာမျိုးတို့သားအဖသည် သစ်တစ်ပင်ချောင်းနားရှိ စမ်းပေါက်အိုင် တစ်အိုင်သို့ ချေ(ဂျီ) ပစ်ရန် ထွက်လာကြသည်။ သို့သော် စမ်းပေါက်အိုင်သို့မရောက်ခင် သစ်ခြောက်ပင် တစ်ပင်နားအရောက်မှာ ဦးဘာမျိုး၏ ခြေလှမ်းက အလိုလို ရပ်သွားလေ၏။

ဦးဘာမျိုး ခြေလှမ်းရပ်လိုက်သောအခါ နောက်ကလိုက်လာကြသော သားနှစ်ယောက်၏ ခြေလှမ်းတွေမှာလည်း တိုင်ပင်ထားကြသလို ပြိုင်တူရပ်သွားကြသည်။ သူ့အဖေခြေလှမ်းရပ်၍ မော့ကြည့်နေသော သစ်ခြောက်ပင်ဘက်ကိုလည်း ‘ဘာပါလိမ့်’ ဟု သူ့အဖေနည်းတူ လှမ်းမော့ကြည့်နေကြသည်။

သူ့အဖေမော့ကြည့်နေသော သစ်ခြောက်ပင်ပေါ်တွင် ပန်းဖြူဆွတ်ဆွတ်တွေ ဖွေးဖွေးလှုပ်ပွင့်နေကြသလား ထင်လိုက်ကြစဉ် ဗျိုင်းဖြူတစ်အုပ်သည် နောက်ထပ် သစ်ခြောက်ပင်တစ်ပင်ပေါ် လာနားလိုက် ကြပြန်သည်။ ထိုအခါမှ စောစောက ပန်းပွင့်နေသည်ဟု ထင်ခဲ့ကြသော သစ်ခြောက်ပင်မှာ ပန်းဖြူတွေမဟုတ်ဘဲ ဗျိုင်းအုပ်တွေမှန်း သိသွားကြလေသည်။ ထိုအချိန်တွင် ဦးဘာမျိုးဆီကလည်း စကားထွက်လာ၏။

“အိမ်း. . ဒီအတိုင်းဆိုရင်တော့ အဖေတို့ ဂျီပစ်လာကြတဲ့ သစ်တစ်ပင်ချောင်းနားကအိုင်ကို ဘာအကောင်မှ လာကြတော့မှာ မဟုတ်ဘူး”

“ဟင်. . . ဘာဖြစ်လို့လဲ အဖေ“

“သစ်တစ်ပင်ချောင်းနားက ဟို သစ်ခြောက်ပင်ကို သားတို့ကြည့်ကြစမ်း ၊ ဘာတွေမြင်လဲ”

“ဗျိုင်းအုပ်တွေ နားနေကြတာ မြင်တယ်အဖေ”

“အေး.. ဒါကြောင့် အဖေက ပြောတာပေါ့”

“ဗျိုင်းအုပ်တွေ လာနားနေကြတာနဲ့ပဲ သားကောင်တွေ မလာကြတော့ဘူးတဲ့လား”

သားငယ်ဘာဟိုးက သူ့အဖေကိုကြည့်၍ မေး၏။

“ဟုတ်တယ်လေ၊ ဗျိုင်းအုပ်တွေဟာ ဘယ်မှာအနေများလဲ”

လယ်ကွင်းနား တောစတွေမှာ အနေများတတ်ပါတယ် အဖေ”

“လယ်ကွင်းနား တောစမှာ အနေများတဲ့ဗျိုင်းတွေဟာ ခု ဒီသစ်ပင်တစ်ပင်ချောင်းနားက တောနက်ထဲ ဘာလို့ရောက်လာကြလဲ”

ဦးဘာမျိုးမှာ သူသိသမျှကို ချက်ချင်းအဖြေစကားမပြောသေးဘဲ သားနှစ်ယောက်အား ပုစ္ဆာဝှက်သလို မုဆိုးဉာဏ်ရည်စမ်းမေးခြင်းမှာ သူ့ဝသီလို ဖြစ်နေ၏။

“ကဲ . . အဖေမေးတာ သားတို့ ဖြေကြလေ။ လယ်ကွင်းနား တောစပ်တွေမှာသာ အနေများကြတဲ့ ဗျိုင်းအုပ်တွေ ခု သစ်တစ်ပင်ချောင်းနားတောနက်ထဲ ဘာကြောင့် ရောက်လာကြသလဲ သိလား”

“မသိဘူး အဖေ”

“အဲဒါ ငါးရံ့ကောက်ပွဲတော်ဖြစ်မယ့် အရိပ်လက္ခဏာပဲ”

“ဟင်. . . ဟုတ်လား အဖေ”

“သိပ်ဟုတ်တာပေါ့ကွာ၊ သစ်တစ်ပင်ချောင်းနဲ့ ဟိုဘက်တစ်ကုန်းကျော်လောက်မှာ ဆင်သေချောင်းကြီး ရှိတယ်လေ၊ ဆင်သေချောင်းကြီးနဲ့ သစ်တစ်ပင်ချောင်းဟာ ငါးရံ့ကျော်ကုန်းတန်းလေးတစ်ခုပဲ ခြားတယ်။ သစ်တစ်ပင်ချောင်းက ရေအိုင်တွေ ရေခန်းတော့မှာမို့ ငါးရံ့တွေဟာ ဆင်သေချောင်းကြီးဘက် ခုန်ကျော်သွားကြလိမ့်မယ်။ အဲဒါကြောင့် ကုန်းပေါ်ရောက်လာတဲ့ ငါးတွေကိုစားဖို့ ခု ဗျိုင်းအုပ်တွေဟာ တစ်အုပ်ပြီးတစ်အုပ် ရောက်လာနေကြပြီ။ ဗျိုင်းတွေ ရောက်လာကြသလို ငါးတွေကိုစားဖို့ သိမ်းငှက်စွန်ရဲတွေနဲ့ တောခွေးတို့၊ ခွေးအတို့ တောကြောင် တို့လည်း ရောက်လာကြလိမ့်မယ်။ အဖေတို့ မုဆိုးတွေအတွက်ကတော့ ငါးရံ့နဲ့တောကြောင်ကလွဲပြီး တခြားပစ်ခတ်စရာ သားကောင်ရယ်လို့ သိပ်ရှိမှာမဟုတ်ပါဘူးကွာ၊ တောခွေးတို့ ခွေးအတို့အသားဆိုတာကလည်း လူစားတာမှ မဟုတ်တာ။ ကဲ… လာ လာ သစ်တစ်ပင်ချောင်းက ရေအိုင်တွေကို သွားအကဲခတ်ကြည့်ထားကြရအောင်၊ အဖေ့အထင်
ကတော့ ဒီနေ့မဟုတ်တောင် မနက်ဖြန်ခါ ငါးရံ့ကောက်ပွဲတော် ကျိန်းသေဖြစ်မယ်ထင်တာပဲ”

ဦးဘာမျိုးတို့သားအဖသုံးယောက်သည် ပြောပြောဆိုဆိုနှင့်ပင် သစ်တစ်ပင်ချောင်းရှိ စမ်းရေအိုင်နား ရောက်လာကြသည်။ ဦးဘာမျိုးတွက်ဆသည်မှာ အမှန်ပင်ဖြစ်သည်။ နွေလရောက်၍ ရေခန်းခြောက်တော့မည့် သစ်တစ်ပင်ချောင်းမှ ငါးရံ့များသည် ဆင်သေချောင်းကြီးဘက် ခုန်ကျော်သွားကြရန် ‘လမ်းစမ်း’ လေ့ကျင့်နေကြလေပြီ။

စတဗွမ်းဗွမ်း ငါးပွက်သံနှင့်အတူ ရေအိုင်ထဲမှ လူကြီးခါးစောင် နီးပါး မြင့်တက်ခုန်ပျံနေကြသော ငါးရံ့အကြီးအသေးများကိုလည်း ဖွေးခနဲဖွေးခနဲ မြင်နေရ၏။ ရေအိုင်ထဲမှ ထွက်ခုန်လိုက်၊ ရေထဲပြန်ကျသွားလိုက်နှင့် လမ်းစမ်းနေကြသော ငါးရံ့ကြီးများကို သစ်ခြောက်ပင်များပေါ်က ဗျိုင်းတွေမှာလည်း လည်တဆန့်ဆန့်နှင့် အားမလိုအားမရ ဖြစ်နေကြ၏။ တခြားသိန်းငှက်စွန်ရဲများလို ရုတ်ခနဲ ထိုးဆိတ်မစားတတ်သော ဗျိုင်းတွေမှာ ဤနေ့တော့ သစ်ခြောက်ပင်များပေါ်က မျှော်ငေး နေကြရုံသာ။

“ကဲ. . . ဒီနေ့တော့ နေအေးသွားပြီ၊ ငါးရံ့တွေလည်း စမ်းရုံပဲ ရသေးတော့ အဖေတို့ပြန်ကြမယ်။ မနက်ဖြန်တော့ စောစောလာကြတာပေါ့”

“မနက်ဖြန် ကျိန်းသေပါ့မလား အဖေ”

“မနက်ဖြန်မဖြစ်ရင်လည်း နောက်တစ်ရက်ပေါ့ကွာ၊ ဒီတစ်ရက် နှစ်ရက်အတွင်းမှာတော့ ကျိန်းသေပါတယ်။ အဖေ့အထင်ပြောရရင်တော့ မနက်ဖြန်ခါကို ကျိန်းသေတယ်ထင်တာပဲ”

“ဒါဆို ရွာကလူတွေကိုလည်း သွားပြောထားမှအဖေ”

“နေဦးကွ တကယ်လို့ အဖေတို့က မနက်ဖြန်ခါ ငါးရံ့ကောက်ပွဲတော်ဖြစ်ပါလိမ့်မယ် သစ်တစ်ပင်ချောင်းကိုလာကြပါ ပြောထားပြီးမှ မဖြစ်ရင် တို့သားအဖ မုဆိုးသိက္ခာကျမှာပေါ့။ ဒီတော့ ကျိန်းသေမှ ပြောတာကောင်းပါတယ်။ ငါးရံ့ကောက်ပွဲတော်က သုံးလေးရက် အနည်းဆုံး ဖြစ်မှာဆိုတော့ အဖေတို့လည်း စောစောစီးစီး ငါးရံ့သန့်သန့် အကောင်ကြီးတွေ ရွေးကောက်နိုင်တာပေါ့၊ ရွာကလူတွေနဲ့ဆို လူတွေက တမှောင့်၊ တောတိရစ္ဆာန်တွေက တမှောင့်နဲ့ ရွေးကောက်ချိန်ရမှာ မဟုတ်ပါဘူး။ အဲဒီတော့ မနက်ဖြန် သွားမပြောနဲ့ဦး”

“ဟုတ်ကဲ့ အဖေ”

“ဒီသစ်တစ်ပင်ချောင်းမှာ ဒီနှစ် ငါးရံ့ကောက်ပွဲတော်ဖြစ်ရင် နောက်နှစ်လည်း ဒီအချိန်ဆို ဒီလိုပဲ ငါးရံ့ကောက်ပွဲတော် ဖြစ်ဦးမလားအဖေ”

သူ့တစ်သက်တာတွင် ကြားသာကြားဖူးပြီး ငါးရံ့ကောက်ပွဲတော်ကို တစ်ခါမျှ ကိုယ်တွေ့ မကြုံဖူးသေးသော သားငယ်ဘာဟိုးက သူ့အဖေကို မေး၏။

“ငါးရံ့ကောက်ပွဲတော်ဆိုတာ အင်မတန် ကြုံခဲဖြစ်ခဲသားပဲ သားရယ်။ ဒါပေမယ့် တောထဲတောင်ထဲမှာ တစ်ချောင်းမဟုတ်တစ်ချောင်း၊ တစ်အိုင်မဟုတ် တစ်အိုင်မှာတော့ နှစ်တိုင်းလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွာ၊ ကျယ်ပြောထူထပ်တဲ့ တောတောင်ကန္တာရထဲ အဖေတို့လည်း မြေအနှံ့ ခြေဆန့်ဖူးကြတာမှ မဟုတ်တာ၊ ဒီသစ်တစ်ပင်ချောင်းမှာ ငါးရံ့ကောက်ပွဲတော်ဖြစ်တာ အဖေတို့လူတွေ သိလိုက်တာပေါ့လေ”

“ဟုတ်ကဲ့”

“ဒီတစ်ခါနဲ့ပါဆို သုံးခါတော့ရှိပြီ။ အဖေတို့ သိလိုက်တာကို ပြောတာနော်။ လူတွေမသိဘဲ ငါးရံ့ကောက်ပွဲတော်ဖြစ်သွားတာလည်း ရှိချင်ရှိမှာပေါ့”

“ဒီငါးရံ့ကောက်ပွဲတော်က ဘာကြောင့် အဓိကဖြစ်တာလဲအဖေ”

“အဓိက မိုးနှောင်း မိုးခေါင်မယ်၊ အပူပြင်းမယ်၊ မိုးကျခဲမယ်၊ နွေရက်ရှည်မယ်ဆိုရင် ခုလိုတန်ခူး ကဆုန်လကြားတွေမှာ ဖြစ်တတ်တာပဲ”

အနေညိုသွားပြီဖြစ်သဖြင့် ဦးဘာမျိုးတို့ သားအဖသည် စကားတပြောပြောနှင့် အိမ်ပြန်လာကြလေသည်။

နေထန်းတစ်ဖျားခန့်အရောက်တွင် ဦးဘာမျိုးတို့ မုဆိုးသားအဖသုံးယောက် အိမ်မှ ထွက်လာကြသည်။ သစ်တစ်ပင်ချောင်းဖျားတွင် ငါးရံ့ကောက်ပွဲတော်ဖြစ်က ငါးရံထည့်ရန် ခြင်းကြားကြီးတစ်လုံးနှင့် တောကြောင် သားငှက်ပစ်ရန် လေး၊ မြား၊ ဝါးပြောင်းကိုယ်စီလည်း ပါလာကြသည်။

မနေ့က ဦးဘာမျိုး၏ ခန့်မှန်းချက်မှာ ဧကန်ဧကမှန်နေသည်။ အရွက်ခြွေထားသော သစ်ရိုင်းပင်များပေါ်တွင် ဗျိုင်းတွေ ဗျိုင်းတွေ ဆိုသည်မှာ ဖွေးဖွေးလှုပ်နေကြသည်။ အမှတ်တမဲ့ကြည့်လျှင် မနေ့ကကဲ့သို့ ပန်းများ ဖွေးဖွေးဖြူပွင့်နေကြသလားထင်ရသည်။ ဗျိုင်းဖြူများမှာ မနေ့ကထက် သုံးလေးဆပိုများနေသည်။ တစ်ကောင်နှင့်တစ်ကောင် နားတန်းသစ်ကိုင်းလုရင်း ရန်ဖြစ်နေကြသံကိုလည်း အတော်ဝေးဝေး ကပင် ကြားနေရသည်။

ဗျိုင်းများလည်း သစ်တစ်ပင်ချောင်းများရှိ ရေအိုင် စမ်းအိုင်များမှ ခုန်တက်လာကြမည့် ငါးများကို လည်တဆန့်ဆန့်နှင့် ငုံ့ကြည့်မျှော်နေကြ၏။ ဦးဘာမျိုးတို့သားအဖသုံးယောက် သစ်ပင်အောက်ရောက်လာကြသည်ကိုပင် သတိမထားနိုင်ကြ။

သစ်တစ်ပင်ချောင်းနားရောက်သောအခါ ဦးဘာမျိုးတို့သားအဖမှာလည်း ဗျိုင်းများနည်းတူ ရေအိုင်စမ်းခွက်များမှ ကုန်းပေါ် ခုန်တက်ပြီး ဆင်သေချောင်းဘက်သွားကြမည့် ငါးရံ့များကို စောင့်ချောင်းနေကြသည်။

ထိုအချိန်မှာပင် ရွက်ကြွေတောထဲ ဖြိုးဖြိုးဖြောက်ဖြောက်အသံများကို ကြားလာရသည်။ ငါးရံ့များ ခုန်တက်လာကြလေပလားဟူသော အထင်နှင့် လှမ်းကြည့်ကြရာ ခွေးအတစ်ကောင်ကို မယောင်မလည် မြင်လိုက်ကြရ၏။ ထို့နောက်မှာမူ တောခွေးသုံးလေးကောင်ကလည်း ချက်ချင်းရောက်လာကြပြန်သည်

အမှန်မှာ သူတို့သည်လည်း ဗျိုင်းများနှင့် ဦးဘာမျိုးတို့သားအဖလို ငါးရံ့ကောက်ပွဲတော်ကို ရောက်လာကြခြင်းဖြစ်သည်။ တောခွေးနှင့် ခွေးအများသည် ဦးဘာမျိုးတို့သားအဖကို မြင်သောအခါ အနီးဝန်းကျင်မှ ရှောင်ပြေးသွားကြသည်။

“အိမ်း. . ဗျိုင်းတွေရော တောခွေးတွေရော၊ ခွေးအရော ဟိုမှာ စွန်ရဲတွေရော ရောက်လာကြပြီဆိုတော့ ဒီနေ့ဟာ ငါးရံ့ကောက်ပွဲတော် ဖြစ်မယ့်နေ့ဆိုတာ သေချာသွားပြီ၊ ဒါတင်မကသေးဘူး ၊ အတော်ကြာရင် တောကြောင်တွေရော မြွေနဲ့ မြွေပါတွေရော ရောက်ချင် ရောက်လာကြမှာ၊ ငါ့သားများ မြွေပါးကင်းပါးတော့ သတိထားကြနော်”

တောတောင်တို့၏ သဘာဝနှင့် တောတိရစ္ဆာန်တို့၏ သဘာဝကိုပါ သိထားသော ဦးဘာမျိုးက သားနှစ်ယောက်ကို ကြိုတင်သတိပေးစကား ဆိုထားသည်။

တောနက်ထဲတွင် ငါးရံ့ကောက်စောင့်ရသည်မှာ မြွေပါး ကင်းပါး အန္တရာယ်များတတ်သဖြင့် သူတို့သားအဖသည် သစ်တစ်ပင်ချောင်းဖျားရှိ ရေအိုင်စမ်းပေါက်များမှ ပေသုံးလေးဆယ်အကွာသို့ နေရာရွှေ့လာကြသည်။

ဤတောဤတောင်ထဲတွင် သားကောင်မျိုးစုံ ပစ်ခတ်လာကြသည်မှာ အခါပေါင်း မရေတွက်နိုင်အောင် ရှိပြီးဖြစ်သော်လည်း ငါးရံ့ကောက်ပွဲတော်ကိုမူ တစ်ခါဖူးမျှ မတွေ့ဖူး မကြုံဖူးကြရသေးသဖြင့် ဘာမိုးနှင့် ဘာဟိုးတို့မှာ သူ့အဖေဦးဘာမျိုး၏ လှုပ်ရှားမှုအတိုင်းသာ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပြီး လှုပ်ရှားနေကြရသည်။

သားအဖသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် လုံးဝစကားပင်မပြောကြတော့ဘဲ ငါးရံ့များ ခုန်တတ်လာကြမည့် ရေအိုင် စမ်းပေါက်များ ဘက်ကိုသာ ငေးကြည့်၍ စောင့်နေကြ၏။

နေမွန်းမတည့်မီမှာပင် သစ်တစ်ပင်ချောင်းဖျားရှိ ရေအိုင် စမ်းပေါက်များဆီမှ ငါးရံ့များ ‘တဗွမ်းဗွမ်း’ ပွက်သံကို ကြားလာရသည်။ နေပူပြင်း၍ ရေပူလာသောအခါ ငါးရံ့များသည် ရေအိုင် ဤစမ်းပေါက် များတွင် ဆက်နေ၍ မရတော့မှန်း သိလာကြသည်။ ထို့ကြောင့် ရေမခန်းနိုင်သော ချောင်းကြီး၊ မြောင်းကြီး၊ ရေအိုင် ရေခွက်ကြီးများရှိရာကို ရေနံ့ခံပြောင်းရွှေ့ကြရန် တစ်ကောင်နှင့်တစ်ကောင် ရေပွက်သံပေးလာကြသည်။

ငါးရံ့များသည် သူတို့၏သဘာဝအသိနှင့် ဤနှစ်မိုးခေါင်မည် ချောင်းဖျားရှိ ရေအိုင်စမ်းပေါက်များ ခန်းခြောက်ကုန်မည်ကိုသိ၍ စခန်းပြောင်းကြမှ လူသားများမှာ တိရစ္ဆာန်များကိုကြည့်၍ ဤနှစ် မိုးခေါင် မည်ကို သိကြရလေသည်။

မကြာခင်မှာပင် စမ်းရေအိုင်များမှ ငါးပွက်သံများနှင့်အတူ ငါးရံ့များ ခုန်တက်လာကြသံ၊ စွန်မိုက်၊ ငှက်ရဲများ ထိုးဆိတ်သံ၊ ဗျိုင်းများနှင့် ငါးဟစ်ကြီးများ ဆင်းကုတ်သံတို့မှာ ချက်ချင်းဆူညံလာသည်။

နေပူ၍ ရေပူသောဒဏ်ကို မခံနိုင်ကြသော ငါးရံ့များသည် ချောင်းဖျားရေအိုင်ထဲမှ တစ်ကောင်ပြီးတစ်ကောင် ခုန်တက်လာကြသည်။ ဤသည်ကို သစ်ပင်များပေါ် အုပ်လိုက်လာနားနေကြသော ဗျိုင်းများနှင့် ငှက်ရဲစွန်မိုက်များက ဦးစွာထိုးသုတ်ကြသည်

ငှက်ရဲစွန်မိုက်များ၏ နှုတ်သီးဖျားမှ လွတ်လာပြီး သစ်တောထဲရှိ ရွက်ကြွေတောပေါ် ရောက်လာကြသော ငါးရံ့များကို အသင့်စောင့်နေကြသော တောခွေး၊ ခွေးအ၊ မြေခွေး၊ မြွေ၊ မြွေပါများက ဝိုင်းဖမ်းကိုက်ခဲ စားသောက်ကြပြန်သည်။ ဦးဘာမျိုးတို့ သားအဖသုံးယောက်မှာ တိရစ္ဆာန်များကြားထဲတွင် အကြီးဆုံးအသန့်ဆုံး ငါးကြီးများကို ဖမ်းသတ်ကာ ခြင်းကြားကြီးထဲ တစ်ကောင်ပြီးတစ်ကောင် ကောက်ထည့်နေကြ၏။

ဤအချိန်တွင် တိရစ္ဆာန်များနှင့် လူများမှာ တစ်ဦးကို တစ်ဦး အထူးဂရုပြု သတိမထားနိုင်ကြ။ ငါးရံ့ကြီးများရရေးသာ ဇောကပ်နေကြရာ တစ်ခါတစ်ခါတွင် တောခွေး၊ ခွေးအ၊ မြေခွေးများ ခုန်အုပ်ကိုက်ခဲထားသော ငါးရံ့ကြီးများကိုပင် တိရစ္ဆာန်တို့၏ ပါးစပ်ဖျားက ဆွဲထုတ်လုယူကြရ၏။

ထို့ကြောင့် တစ်တောလုံး တစ်တောင်လုံး တောတိရစ္ဆာန်များ အော်ဟစ်မာန်ဖီသံရာပေါင်းများစွာသော ငါးရံ့များ ရွက်ကြွေတောထဲ ခုန်ပြေးနေကြသံများနှင့် တစ်တောလုံး တစ်တောင်လုံး ဆူညံနေသည်။ ဦးဘာမျိုးတို့ သားအဖသုံးယောက်နှင့် တောတိရစ္ဆာန်များ လက်ထဲလွတ်ထွက်သွားကြသော ငါးရံ့များသည် ဆင်သေချောင်း ရှိရာသို့ တစ်ကောင်နှင့်တစ်ကောင် သူ့ထက်ငါဦး ခုန်ကျော်ပြီး အသက်လုသွားနေကြ၏။

တောတိရစ္ဆာန်နှင့် လူသားတို့၏ အန္တရာယ်ကြောင့် တချို့ငါးရံ့ကြီးတွေမှာ အလွန်ဖျတ်လတ်ပြီး လူတစ်ရပ်ကျော်ထိပင် ခုန်ပြေးနေကြ၏။ တချို့မှာလည်း ဟိုအပင်နှင့်ရိုက်၊ သည်အပင်နှင့်တိုက်ကာ သူတို့ သွားလိုရာ ခရီးစခန်းဖြစ်သော ဆင်သေချောင်းသို့မရောက်ခင် ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး တောတိရစ္ဆာန်တစ်ကောင်ကောင်၏အစာ ဖြစ်ကုန်ကြသည်။

သည်လိုနှင့် နေ့ဝက်အချိန်ကုန်၍ နေညိုသွားသောအခါ ငါးရံ့များမှာလည်း အတက်နည်းသွားကြသည်။ နေညို၍ ရေအေးသွားသဖြင့် ငါးရံ့များ တက်မလာကြသောအခါ ငါးရံ့ခြင်းကြီးတစ်ခြင်းကို ထမ်းကာ ဦးဘာမျိုးတို့သားအဖ ရွာပြန်လာကြသည်။

သို့သော် ငါးရံ့ကောက်ပွဲတော်မှာ အနည်းဆုံး နောက် တစ်ရက် နှစ်ရက် ဆက်ဖြစ်နေဦးမည်ဖြစ်သဖြင့် အိမ်ခြေ ၁ဝဝ ကျော်ရှိသော ရွာသူရွာသားများကိုလည်း ညကျလျှင် သွားပြောရမည်။

မနက်ဖြန်ခါတွင် တစ်ရွာလုံးရှိ မိန်းမ ယောက်ျားများသည် ငါးရံ့ကောက်ရန် လာကြပေလိမ့်မည်။ ရွာသူမိန်းမများ ငါးရံ့ကောက်ကြပြီး ယောက်ျားကြီးများမှာ ငါးရံ့ထက် တောကြောင်များနှင့် ငှက်တိရစ္ဆာန်များကို ပစ်ခတ်ဖမ်းဆီးကြပေလိမ့်မည်။

ငါးရံ့ကောက်ပွဲတော် ဖြစ်ပြီဆိုလျှင် တစ်ရွာလုံးတွင် သားငှက် တောကြောင်သားတို့မှာ အလျှံပယ်ပေါများတတ်သည်။ ထို့ကြောင့်လည်း ကြုံတောင့်ကြုံခဲ ငါးရံ့ကောက်ပွဲတော်ကို သူတို့တစ်ရွာလုံးမှာ ပျော်ပျော် ပါးပါး ဆင်နွှဲတတ်ကြခြင်း ဖြစ်လေ၏။

– ပြီး –

စာရေးသူ – ဖိုးကျော့

Leave a Reply

Your email address will not be published. Required fields are marked *