အောင်သူရိန် (ပုလဲ)
ငါ့ဝမ်းပူဆာ မနေသာ
ဆောင်းလည်း မပြယ်၊ နွေလည်း မပီပြင်သေးသော တပို့တွဲလ၏ ညချမ်းက အအေးဓာတ်များဖြင့် ရစ်ပတ်လွှမ်းခြုံထားဆဲ ဖြစ်သည်။ လဆုတ် ဆယ့်နှစ်ရက်ညဖြစ်၍ တိမ်စင်သော မိုးကောင်းကင်တွင် ကြယ်ကလေးများ၏ အလင်းပွင့်ကလေးများသာ တွေ့ရပေသည်။
စပါးရိတ်ပြီးစ လတ်ဆတ်သော ရိုးပြတ်လယ်ကွက်များသည် လရောင်ကင်းမဲ့သော ညကမ္ဗလာအောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့်အလား ဆိတ်ငြိမ်လျက်ရှိသည်။
ညစာ ထမင်းစားပြီးချိန် နေဝင်ရီတရောထဲက ထွက်လာခဲ့ကြသော ကိုစိန်ခိုနှင့် သားကြီးဖြစ်သူ သံချောင်းတို့မှာ ရိုးပြတ်လယ်ကွင်းများကို တစ်ခုပြီး တစ်ခု ကျော်ဖြတ်ရင်း နဘဲပင် ယာကွင်းဘက် အသော့နှင်နေကြသည်။
ကိုစိန်ခို ဘယ်ဘက်လက်တွင် မီးပုံးကို ကိုင်ထားပြီး ညာဘက်တွင် မှိန်းတံနှင့် မန်ကျည်းသားအနှစ်ကို ပြုလုပ်ထားသော တုတ်တစ်ချောင်း ကိုင်ထားသည်။ သံချောင်းကလည်း အသံတုကိရိယာကို ကိုင်လာပြီး ပခုံးပေါ်တွင် လေးခွ၊ လောက်စာလုံး၊ ဓားမြှောင်၊ သံနန်းကြိုးခွေစသော တိုလီမိုလီထည့်သည့် ဖျင်လွယ်အိတ်အဟောင်းတစ်လုံး လွယ်ထားသည်။
ညသည် အမှောင်ဘက်ကို လုနေသည်နှင့်အမျှ ပတ်ဝန်းကျင်တွင်လည်း ပုစဉ်းရင်ကွဲသံများ၏ သံပြိုင်သီကျူးနေကြသော အသံများကို ကြားနေရပြီ ဖြစ်သည်။
တစ်ချက် တစ်ချက်တွင် ညဉ့်ငှက်များ၏ စူးရှသောမြည်သံများက ထိုးဖောက်လာတတ်သည်။
ဘာကြောင့်ရယ် မသိ။ ထိုအသံများကြားလျှင် သံချောင်း ကြက်သီးထမိသည်။
ခဏအကြာတွင် ကိုစိန်ခို နေ့ခင်းက လေ့လာထားသော နဘဲပင် ယာကွင်းကြီးဘက် ရောက်လာသည်။
“ကဲ… သံချောင်း အဆင်သင့်လုပ်ထားဟေ့။ ငါ အချက်ပေးရင် အသံတုကိုင်းတံကို မပြတ်ဆွဲပေး။ ငါက မီးပုံးအောက် ရောက်လာတဲ့ ကောင်တွေကို မလွတ်တမ်း မှိန်းနဲ့ထိုးမယ်”
ကိုစိန်ခိုက နေရာတစ်နေရာကို ရွေးချယ်လိုက်ပြီး သံချောင်းကို အဆင်သင့်ဖြစ်စေရန် သတိပေးလိုက်သည်။
သံချောင်းက အသံတုကိရိယာအား စမ်း၍ ဆွဲလိုက်သည်။ ကြွက်သံ ထွက်လာ၏။ ကြွက်မြည်သံအတု ပြုလုပ်ထားသော ကိရိယာဆိုသည်မှာ အဖိုးအခ မကုန်သော ကိုစိန်ခို၏ လက်ရာဖြစ်သည်။ သစ်သားချောင်း လေးဘက်ရံ ပြုလုပ်ထားသော အလယ်တည့်တည့်တွင် သားရေကွင်း ခိုင်အောင်တပ်၍ ပလတ်စတစ်အနားစ ဖျင်တစ်စကို ညှပ်ပြီး အသံထွက်စေသည်။ လေးကိုင်းသဏ္ဌာန် ကိုင်းတံတွင် လက်ဖြင့် ရှေ့နောက် ဆွဲပေးပါက ကြွက်သံနှင့် တထေရာတည်း ထွက်လာသည်။
ကြွက်ဖမ်း ကြွက်ထောင်သည့်အလုပ်မှာ စင်စစ် မလွယ်လှ။ ပင်ပန်းသလို အန္တရာယ်လည်း ကြီးသည်။ နား၊ မျက်စိ အမြဲဖွင့်ထားရပြီး သတိလည်းမပြတ် ရှိဖို့လိုပေသည်။ ယခုလို လမိုက်ညများတွင် ကြွက်ကို လူက စောင့်ဖမ်းသကဲ့သို့ မြွေသည်လည်း သူ၏ အစာဖြစ်သော ကြွက်ကို စောင့်ဖမ်းလေ့ရှိသည်။ အန္တရာယ်က လက်တစ်ကမ်းမှာ ရှိနေတတ်၍ သတိလက်လွတ်ဖြစ်လျှင် ခံရတတ်သည်။
လူသားတွေက ညအမှောင်အောက်တွင် မိသားစု စားဝတ်နေရေးအတွက် ငါ့ဝမ်းပူဆာ မနေသာကြသောကြောင့် ပင်ပန်းကြီးစွာ စွန့်စားပြီး ကြွက်ထောင် သည်။ မြွေကလည်း ငါ့ဝမ်းပူဆာမနေသာ၍ ကြွက်ကိုချောင်းသည်။ အကြံတူနေကြသော လူနှင့် မြွေတို့ တွေ့ဆုံရာတွင် ဦးသူသာ အနိုင်ရသည်။
ထို့ကြောင့် ကြွက်ဖမ်းရာတွင် အတွေ့အကြုံများသော ကိုစိန်ခိုမှာ နား၊ မျက်စိ ဖွင့်၍ သတိရှိနေသလို သားဖြစ်သူကိုလည်း အမြဲသတိပေး မှာကြားထားလေသည်။
ကိုစိန်ခိုမှာ ကြွက်ဖမ်းရာတွင် နာမည်ကြီးသလို မြွေနှင့်ပတ်သက်လာလျှင်လည်း နောကျေသည်။ မြွေတွန်သံကို နားထောင်ပြီး မြွေအမျိုးအစားကို ခွဲခြားတတ်သည့် ပါရမီရှိသည်။
ကိုစိန်ခို အိမ်ထောင်မကျခင်က မြွေပွေးမြွေဟောက်ဖမ်း၍ ပခြုပ်ထဲထည့်ကာ အလမ္ပာယ်ပြသူတွေထံ ရောင်းသည်။ အစတွင် ရွာထဲက မယုံကြ။ ကိုစိန်ခိုနှင့် ကြွက်ထောင်ရာ မကြာမကြာ လိုက်ကြသူများကိုလည်း မြွေတွန်သံကြားရုံနှင့် မြွေဟောက်၊ မြွေပွေး ခွဲပြောပြီး လက်တွေ့ ဖမ်းပြသည်။
ယခုတော့ ကိုစိန်ခိုတစ်ယောက် မြွေကို အင်မတန် မုန်းနေသည်။ မြွေဆိုးဖြစ်စေ မြွေကောင်းဖြစ်စေ တွေ့လျှင် အသေသတ်တော့သည်။ မြွေနှင့်ပတ်သက်၍ မုန်းတီးရခြင်း၊ နာကြည်းရခြင်းမှာ ကိုစိန်ခိုတွင် အကြောင်းရှိသည်။
xxx xxx xxx
ဖခင်ဆုံးပြီးနောက် ဖခင်ထံမှ အမွေရလိုက်သည့် ကြွက်ဖမ်းပညာဖြင့် ကိုစိန်ခိုနှင့် ကိုစိန်ချို ညီအစ်ကိုနှစ်ယောက် ညဘက် ကြွက်ဖမ်းထွက်လေ့ ရှိသည်။ ညီဖြစ်သူကို ကိုစိန်ခို အင်မတန် ချစ်သည်။ အလိုလိုက်သည်။
ကိုစိန်ခိုမှာ မိတောနှင့် အိမ်ထောင်ကျပြီး၍ သားတစ်ယောက် (သံချောင်း) မွေးပြီးစ ဖြစ်သည်။ စိန်ချိုက အိမ်ထောင်မရှိသေး။ တစ်ရွာတည်းသူချင်းဖြစ်သည့် အေးရင်နှင့် ချစ်နေသည်။ မကြာမီ မင်္ဂလာဆောင်တော့မည်ဖြစ်၍ စိန်ချိုတစ်ယောက် အလုပ်တွေ ကြိုးစားလုပ်ပြီး ငွေစုနေသည်။
ညီအစ်ကိုနှစ်ယောက်ဟာ အလောင်းအစားကင်းသော်လည်း အရက်ကိုတော့ သောက်ကြသည်။ ကြွက်ဖမ်းသွားရာသို့ပင် အရက်ပုလင်းကိုယ်စီ ယူလာလေ့ရှိပြီး ကြွက်ကင်ကြော် ကြွပ်ကြွပ်လေးနှင့် လယ်ကန်သင်းပေါ်မှာ အရက်သောက်ရသည်ကို အရသာတစ်ခုဟု ထင်ထားကြသည်။
တစ်ညတွင် စိန်ချိုတစ်ယောက် ရေချိန်များသွားသည်။ အိမ်မှာလည်း တစ်ယောက်တည်း သောက်ခဲ့သည်။ တောမှာလည်း အစ်ကိုနှင့် ခွက်လှည့် သောက်ပြန်သည်။
“ကျုပ် ဝမ်းသာလွန်းလို့ ပျော်လွန်းလို့ သောက် သောက်တာပါနော်။ အ … အကိုကြီး ကျုပ်ကို အေး … အေးရင်က ဝါမဝင်ခင် နား … နားဖောက်ဖို့ ပြောသဗျ ဟေ … ဟေ့၊ ဒါကြောင့် ညီဘွား နည်းနည်းများ များသွားသလား မသိဘူး၊ ညီဘွားကို ခွင့် ခွင့်လွှတ်ပါနော် အစ်ကိုကြီး၊ ဟဲ… ဟဲ…”
စိန်ချို တော်တော်မူးနေ၍ ကိုစိန်ခို ထင့်ခနဲတော့ ဖြစ်သွားသည်။ ဒီပုံစံနှင့်ဆို အလုပ်ဖြစ်မှ ဖြစ်ပါ့မလားဟုလည်း ပူပန်မိသည်။
ညီဖြစ်သူက သူ့ကိုယ်သူ မမူးပါဘူးဟု တွင်တွင်ပြောပြီး အလုပ်စခိုင်းသည်။ ကိုစိန်ခိုလည်း ညီဖြစ်သူ ပျော်နေသည့် အပျော်လေး ပျောက်ပျက်သွားမှာ စိုးရိမ်၍ ဘာမှ မပြောတော့ဘဲ လုပ်ငန်းစသည်။ နောက်များဆို ဒီလို အလွန်အမင်း မသောက်ရန် မနက်ဖြန်မှ ဆုံးမရဦးမည် ဟူ၍လည်း စိတ်ကူးထားသည်။ စိတ်ထဲကတော့ တထင့်ထင့်နှင့်။
ကြွက်ဖမ်းနေစဉ် မကြာလိုက်ပါ။ ဘယ်အချိန်က ချောင်းနေသည် မသိရသော မြွေဟောက်က သတိလက်လွတ် ဖြစ်နေသော စိန်ချိုကို ပေါက်လိုက် သည်။ စိန်ချို တစ်ချက်သာ အော်နိုင်ပြီး လဲကျသွားသည်။ ညီဖြစ်သူကို ပေါက်သော မြွေဟောက်ကို ကိုစိန်ခိုက ရအောင် သတ်သည်။ စိန်ချို့ဒဏ်ရာကိုတော့ ဘယ်လိုလုပ်ကိုင်ရမှန်း မသိရှာ။ ရွာကိုသာ ထမ်းပိုးပြီး ခေါ်လာခဲ့သည်။
ရွာရောက်၍ ဆေးဆရာ ဦးသက်ရှည်ကို လူလွှတ်အပင့်ခိုင်းချိန်တွင် စိန်ချို တစ်ယောက် မြွေဆိပ်ပျံ့ပြီး ဆုံးသွားရှာသည်။
ကိုစိန်ခိုတစ်ယောက် ညီဖြစ်သူ ဆုံးပါးသွား၍ စိတ်ထိခိုက်နေသည်။ ရူးမတတ်ခံစားနေရသည်။ ကိုစိန်ခိုနည်းတူ တစ်သက်တာ ဘဝကြင်ဖော်အဖြစ် စိတ်ကူးထားသော အေးရင်လည်း ကျိတ်ဆွေး ဆွေးနေရရှာသည်။
စိန်ချို ဆုံးပြီးကတည်းက ကိုစိန်ခို အရက်ပြတ်သွားသည်။ အရက်ကြောင့် သူ့ညီ သေရသည်ဟု စွဲလမ်းသွားပြီး လုံးဝမသောက်တော့။
XXX XXX XXX
“အဖေ စ,ရတော့မှာလား”
ညီဖြစ်သူ စိန်ချိုနှင့် ပတ်သက်သည်များကို သတိတရနှင့် တွေးမိပြီး ရင်ထဲမှာ နာကျင်သော ဝေဒနာကို ခံစားနေရာမှ သံချောင်း မေးလိုက်သည့်အသံကြောင့် ကိုစိန်ခို သတိဝင်လာပြီး…
“ဟေ … အေး … စတော့ကွာ၊ စပြီဆိုရင် အသံလုံပေ့စေနော်။ ငါ မကြာမကြာ သတိပေးထားတဲ့အတိုင်း သတိလဲရှိဟေ့။ လုပ်ရင်းကိုင်ရင်း မြီးတို (မြွေပွေး) လဲ သတိထား”
သံချောင်းကိုပြောပြီး ကိုစိန်ခိုက ပုဆိုးခါးပုံစထဲတွင် ထည့်လာသည့် ဆေးရွက်ကြီးကို တစ်ဖဲ့ ဖဲ့၍ ပါးစပ်တွင် ငုံထားလိုက်သည်။ အရက်ပြတ်သည့် အချိန်မှစ၍ ကိုစိန်ခို ဆေးရွက်ကြီး ငုံတတ်သည့်ဝသီ ပါလာသည်။
အသံတုကိရိယာ၏ ကိုင်းတံကို သံချောင်းက ရှေ့နောက်မှန်မှန် ဆွဲပေးလိုက်ရာ ကြွက်မြည်သံသည် ပီသစွာ ထွက်ပေါ်လာသည်။ ကိုစိန်ခိုကလည်း မီးအိမ်ကို ကိုင်ထားရင်းမှ ကျန်လက်တစ်ဖက်က ကြွက်လာလျှင် အဆင်သင့် ဖြစ်စေရန် မှိန်းကို ဆုပ်ကိုင်ထားသည်။
အသံပေးလိုက်ပြီး ခဏအကြာတွင် စပါးရိုးငုတ်များကို တရှဲရှဲနှင့် တိုးဝှေ့လာသော အသံကို ကြားရသည်။ မျက်စိဖွင့် နားစွင့်ထားသော ကိုစိန်ခိုက အသံကြားရုံမျှနှင့် ကြီးမားသော လယ်ကြွက်တစ်ကောင် ဖြစ်ကြောင်း ကြိုသိထားသည်။
မှန်ပါသည်။ ကြွက်သိုးကြီးတစ်ကောင် ဈေးဦးပေါက် ရောက်လာချေပြီ။ အသံတုမှမြည်သော ကြွက်သံကြားရာသို့သာ အာရုံစိုက်နေသည့် ကြွက်ကြီးမှာ အန္တရာယ်ကိုမမြင်။ မီးရောင်အောက် ရောက်လာချိန်တွင် လက်ဆလက်နမှန်သော ကိုစိန်ခို၏ မှိန်းချက်အောက် အသက်ပျောက်သွားလေသည်။
မှိန်းဖျားတွင် အသက်ပျောက်နေသော ကြွက်ကြီးမှာ စပါးနှံတွေကို မည်မျှ ကိုက်ဖြတ်စားသောက်ထားသည် မသိ၊ ဝဖြီးနေသည်။ ကိုစိန်ခိုက ကြွက်သေကို ခြေတစ်ဖက်နှင့် ဖိပြီး မှိန်းတံကို ဖြုတ်လိုက်သည်။
ကြွက်ဖမ်းရာတွင် အတွေ့အကြုံရင့်သော ကိုစိန်ခိုမှာ ဈေးဦးပေါက် ကြွက်သိုးကြီး ရလိုက်၍ ကျေနပ်နေသည်။ ကြွက်သိုး ဦးဆောင်လာပြီဆိုပါက ဆက်တိုက် ကြွက်များ လိုက်လာတတ်သည်။ အကယ်၍ ကြွက်များ အုပ်စုဖွဲ့၍ ရောက်လာလျှင် မှိန်းနှင့်ထိုး၍ မနိုင်တော့။ တုတ်နှင့် အဆက်မပြတ် ရိုက်သတ်ရသည်။
ကိုစိန်ခို ကြိုတင်တွက်ထားသည့်အတိုင်း ငါးကောင်တိတိ မှိန်းနှင့် ထိုးအပြီးတွင် အုပ်စုနှင့် ရောက်လာကြသည်။ ရှစ်ကောင်တစ်စု၊ ဆယ်ကောင်တစ်စု။
ကိုစိန်ခို အလွတ်မပေး။ တုတ်နှင့် တဖြောင်းဖြောင်းမြည်အောင် တရစပ် ရိုက်သည်။ မှိန်းထိုး လက်ဖြောင့်သလို တုတ်ရိုက်လည်း ကျွမ်းကျင်သည်။ လာသမျှ တစ်ကောင်မှ မလွတ်စေရ။
နဘဲပင် ယာကွင်းကြီးတစ်ခုလုံး လေက ငြိမ်သက်နေ၍ ကိုစိန်ခိုတို့လို ကြွက်ဖမ်းသူများအကြိုက် ဖြစ်နေသည်။ လေတိုက်ပါက လူနံ့ရ၍ ကြွက်များ အလာကျဲတတ်သည်။ ထိုအခါမျိုးတွင် အရနည်းသည်။ အကောင်နှစ်ဆယ် အစိတ်ပင် အနိုင်နိုင်။
ထိုအလုပ်ကို နေ့ရော ညပါ လုပ်ကိုင်၍ ရသော်လည်း ကိုစိန်ခိုက နေ့ဘက် လုပ်လေ့မရှိ။ နေ့သမားက ကြွက်ရှိမည် ထင်ရသော ရိုးပြတ်များသို့ ခွေးအကူအညီနှင့် ကြွက်လိုက်ခြင်းသာ ဖြစ်သည်။
ကြွက်တွင်းတွေ့၍ အနံ့ ရလျှင် ခွေးတွေက လက်နှင့်ယက်သည်။ ဟောင်သည်။ ကြောက်လန့်တကြားနှင့် တွင်းထဲမှ ထွက်လာသော ကြွက်ကို လူက စောင့်ပြီး ရိုက်သည်။ လူရော ခွေးပါ ပင်ပန်းပြီး တွက်ခြေမကိုက်။
ညသမားကတော့ တစ်ညလုံး အိပ်ရေးပျက် ခံရသည်။ အသံတုနှင့် ထောင်ဖမ်းရသည်။ အန္တရာယ်များသော်လည်း ကြွက်ကောင်ရေ ရာနှင့်ချီ ရတတ်သည်။
နေ့သမားတွေ အတော်များများရှိသော်လည်း ညသမားဦးရေက နည်းသည်။ ကိုစိန်ခိုနှင့်မှ လေးငါးဦးလောက်သာ မှန်မှန်ထွက်သည်။
ညသမားက တော်ရုံဇွဲ၊ တော်ရုံအရည်အချင်းနှင့် မရ။ ကျွမ်းကျင်ဖို့၊ အတွေ့အကြုံများဖို့ လိုအပ်လှသည်။
ညဉ့်သည် တစ်စထက်တစ်စ နက်လာပြီဖြစ်သည်။
ကိုစိန်ခိုတို့ သားအဖလည်း နဘဲပင်ယာကြီးထဲတွင် နေရာအတော်များများ ပြောင်းရွှေ့လုပ်ပြီးပြီ ဖြစ်သည်။
စောစောက ကြားနေရသော မန်ကျည်းကန်ရွာဆီမှ စပါးပုတ်သံ၊ နွားစာစဉ်းသံ၊ မောင်းထောင်းသံ၊ ပုလွေကျူသံတို့လည်း တိတ်သွားလေပြီ။
တစ်ချက်တစ်ချက် ခွေးဟောင်သံများ၊ ခွေးအူသံများသာ ရွာပြင်သို့ ပျံ့လွင့်လာသည်။
“မှန်းစမ်း၊ ဘယ်လောက်ရနေပြီလဲဟေ့”
ကိုစိန်ခိုက ကြွက်ပုံကြီးဘက် မီးပုံးလှည့်လိုက်ရင်း မေးလိုက်သည်။ သံချောင်းက တစ်ချက်သမ်းဝေလိုက်ပြီး…
“ဝါး… အကောင် ခြောက်ဆယ်ကျော်တော့မယ် ထင်တယ်ဗျ”
“အေး… မဆိုးပါလား။ ဘာလဲ ဟေ့ကောင်ရ၊ မင်းက အိပ်ချင်နေပြီလား။ ဒီည အကောင်တစ်ရာကျော်ရမှ မုံရွာဈေး မင်းလိုက်ပြီး အင်္ကျီဝယ်နိုင်မယ်ဆိုတာ မမေ့နဲ့နော်”
“ဟာ… မမေ့ပါဘူး အဖေရာ။ ကျုပ် အိပ်လဲ မအိပ်ချင်သေးပါဘူးဗျ”
နေ့ခင်းက ဖခင်ပြောသည်ကို သံချောင်း သတိရမိသည်။ အကောင်တစ်ရာကျော်ပါက ရွာအလှူပွဲတွေဝတ်ရန် အင်္ကျီတစ်ထည် ဝယ်ပေးမည်။ မိခင်နှင့် မြို့ပေါ်ထိ ကြွက်ရောင်းလိုက်ရမည်ဟု ပြောထားလေသည်။
ဒီနှစ် စပါးရကြ၍ အလှူအတန်းတွေလည်း ပေါလှသည်။ သံချောင်းမှာ အင်္ကျီကောင်းကောင်း မရှိသေး။
အိပ်ချင်နေပြီဖြစ်သော်လည်း မနည်းအားတင်း၍ ဟန်လုပ်ပြောလိုက်သည်။
သားတော်မောင် အဖြစ်ကို ကြည့်ပြီး ကိုစိန်ခို စိတ်မကောင်း ဖြစ်သွား သည်။
“အင်း ငါ့သားနဲ့ရွယ်တူ ယာမြေပိုင်တဲ့ လယ်သမား သားသမီးတွေများ အတန်းကျောင်း လိုက်ကြရပြီ။ ခုလို အချိန်ဆို အေးအေးနဲ့ ကွေးကောင်း အိပ်ကောင်းနေကြရောပေါ့။ ငါ့သားကြီးသာ ငါနဲ့အတူ သက်စွန့်ဆံဖျား အပင်ပန်းခံလိုက်နေရတယ်။ ဒီအလုပ်ကလဲ တစ်နေ့လုပ်မှ တစ်နေ့ ဝမ်းဝရုံပဲ၊ ခါးလှဖို့ဆိုတာ မစဉ်းစားရဲဘူး။ ဒီကောင်လဲ လူပျိုပေါက်ဖြစ်စ ဆိုတော့ ဝတ်ချင်ရှာမှာပဲ။ အင်္ကျီလေးတစ်ထည် မက်လုံးလေးနဲ့ဆိုတော့ အိပ်ချင်တာတောင် အားတင်းထားရှာသကိုး”
ကိုစိန်ခို စိတ်တွင် သား သံချောင်းနှင့် သက်တူရွယ်တူ ရွာရှိ ပိုက်ဆံပြည့်စုံသော လယ်ပိုင်ရှင်သားသမီးများနှင့် နှိုင်းယှဉ်ကာ မိသားစုစားဝတ်နေရေး တွင် အရွယ်နှင့်မမျှ ပါဝင်ကူညီနေရသော သားအပေါ် ကရုဏာသက်နေမိသည်။ သူ့သားကို အများနှင့်တန်းတူ ခေတ်ပညာတွေတတ်အောင် ကျောင်းထားပေးလိုသော်လည်း ဆန္ဒသာဖြစ်၏။ လက်တွေ့ မထားနိုင်ရှာ။
ကြွက်ဖမ်းဝိဇ္ဇာဘွဲ့ရထားသော ကိုစိန်ခိုမှာ သားသမီးရတနာဘက်တွင်လည်း အကျိုးပေးသန်သည်။ ပုစုခရုတွေ မနည်း။ သံချောင်းအပါအဝင် သားသုံးယောက်၊ သမီးနှစ်ယောက်၊ စုစုပေါင်း ငါးယောက်နှင့် တစ်ဗိုက်။
ထိုစားအိုးကြီးကို ကိုစိန်ခို နိစ္စဓူဝ ဖြည့်တင်းပေးနေရသည်။
ကြွက်ဖမ်းရာသီ ဖြစ်သည်။ စပါးရိတ်ပြီးစ တပို့တွဲလမှစ၍ မိုးမကျခင်အချိန်တို့သည် ကိုစိန်ခိုတို့ စားအိုးဆီ စိုက်တတ်သည်။ ဇနီးဖြစ်သူ မိတောမှာ ကြွက်များကို အရေခွံဆုတ်၊ ဝါးညှပ်နှင့် ညှပ်၊ မီးကင်၍ မြို့ဈေးသို့ ရောင်းရသည်။ အကောင်ကြီး ကြီးသလို ဈေးရသည်။
သံချောင်းက ဖအေ့လက်ထောက် ဖြစ်ရသောကြောင့် တော်သေးသည်။ ဟိုတုန်းကလို တခြားတစ်ယောက် ခေါ်ရမည်ဆိုလျှင် ရသည့်ကြွက် ဝေစုပေးရမည်။ တွက်ခြေကိုက်မည်မဟုတ်။ သံချောင်းကိုတော့ အင်္ကျီတစ်ထည် ဝယ်ပေးဖြစ်အောင် ပေးမည်ဟု ကိုစိန်ခို ဆုံးဖြတ်ထားသည်။
သားနှင့်ပတ်သက်၍ တွေးမိရာမှ ကိုစိန်ခို သူ့ဘဝကိုလည်း ပြန်၍ သုံးသပ်မိပြန်သည်။
အသက်လေးဆယ်ကျော်နေပြီဖြစ်သော်လည်း အကုသိုလ်နွံထဲက မရုန်းထွက်နိုင်သေး။ ကျောင်းကန်ဘုရားသွား၍ ဥပုသ်သီလ မဆောက်တည်နိုင်သေး။
ဖခင်ဖြစ်သူ ဦးမှတ်ကြီး လက်ထက်ထဲက လက်ဆင့်ကမ်း အမွေရလာသော ကြွက်ဖမ်းပညာဖြင့် မိသားစုဝမ်းရေးကို နေ့စဉ် ဖြည့်တင်းနေရဆဲ ဖြစ်သည်။
သို့သော် ကိုစိန်ခို သက်သာရာရအောင် ဖြေပါသည်။ အကုသိုလ်အလုပ်ဟု အများမြင်ချင် မြင်ပါစေ။ လယ်သမားတွေ၏ စပါးနှံတွေကို ဖျက်ဆီးသည့် ကြွက်များကို လယ်သမားတွေ ကိုယ်စားပြု ရှင်းလင်းပေးနေသူဟု သဘောထား၍ ကြီးကြီးကျယ်ကျယ် တွေးမိပြန်သည်။
“ကဲ… သံချောင်း၊ နောက် နှစ်နေရာလောက် ပြောင်းလိုက်ရင် ဇယားကိုက်လောက်ပါတယ်။ ခုတောင် ခြောက်ဆယ်ကျော်လောက် ရနေပြီပဲ။ အေးလာပြီဟေ့ … ပုဆိုးဟောင်းတစ်ထည်နဲ့ နားရွက်လုံအောင် ခြုံထား”
သံချောင်းကိုပြောရင်း ကိုစိန်ခို ကိုယ်တိုင်လည်း ဖျင်ကြမ်းသဘက်နှင့် နားရွက်လုံအောင် ခေါင်းပေါင်းထားလိုက်သည်။
XXX XXX XXX
မန်ကျည်းကန် ရွာဦးကျောင်းမှ မနက် လေးနာရီ တုံးခေါက်ချိန်တွင် ကိုစိန်ခိုတို့သားအဖ ကြွက်ကောင်ရေ တစ်ရာကျော် ရနေပြီဖြစ်သည်။ အိမ်ပြန် မျက်နှာပန်းလှနေသော ကိုစိန်ခိုတို့ သားအဖမှာ သံနန်းကြိုးနှင့် စွပ်ထားသော ကြွက်တွဲကြီးဆွဲကာ ခြေလှမ်းသွက်နေကြသည်။
လယ်ကန်သင်း တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာရာ ဒူးထောက်လယ်ကွင်း အရောက်တွင် ရှေ့မှ ခပ်သွက်သွက် သွားနေသော သံချောင်းက ကန်သင်း တစ်ခုပေါ် ခြေလှမ်းရန် ဟန်ပြင်လိုက်စဉ် ကိုစိန်ခိုက ရုတ်တရက် သံချောင်း၏ လက်တစ်ဖက်ကို ဆောင့်ဆွဲလိုက်သည်။ သံချောင်း နောက်သို့ ယိုင်သွားသည့် နည်းတူ ကိုစိန်ခို လက်တွင်းမှ မှိန်းသည်လည်း လေနှင့်အတူ ဝှီးခနဲ မြည်သွားသည်။
မှိန်းသံ ရောက်ရာသို့ သံချောင်း ကြည့်လိုက်ရာ သံချောင်း ခြေလှမ်းမည့် ကန်သင်းပေါ်တွင် ငါးတောင့်ထိုး တုတ်မီးကြီးတမျှ တုတ်သော မြွေကြီး တစ်ကောင် လူးလွန့်ရင်း အသက်ပျောက်သွားသည်ကို တွေ့ရသည်။ မြွေကြီး မြင်မှ သံချောင်း ကြက်သီးဖြန်းဖြန်းထသွားသည်။
ဖခင်ကြီး မျက်စိလျင်၍ သံချောင်း သက်သာရာရတော့သည်။ ကိုစိန်ခိုကတော့ ဘာမှ မဖြစ်သလိုပင်။
“ကော်တာပဲဟေ့ … မြွေပွေးကြီးကွ။ ဒီနေ့တော့ ထမင်းစားလို့ မြိန်ဦးမှာပဲ။ မြွေပွေးသားကို ကြက်သားနဲ့ မလဲနိုင်ဘူးတဲ့ဟေ့”
ကိုစိန်ခိုက မြွေကြီးကို မှိန်းမှ မဖြုတ်ဘဲ တန်းလန်းကြီး ထမ်းလာသည်။ သံချောင်းမှာသာ မြွေကြီးကို ကြည့်ပြီး ဒူးတုန်နေသလို ဖခင်စကားကြောင့်
လျှာထဲမှာလည်း ယားကျိကျိ ဖြစ်လာသည်။
သံချောင်း မြွေသားကို စားဖူးသော်လည်း မြွေပွေးသားကို တစ်ခါမျှ စားဖူးခြင်းမရှိ။
အရှေ့ဆီမှ ရောင်နီပျိုးလာချေပြီ။ အိမ်ရောက်လျှင် ကိုစိန်ခိုတို့ သားအဖ အနားယူခွင့် မရနိုင်သေး။
မိသားစုဝမ်းရေးအတွက် ကြွက်များကို ဝိုင်း၍ အရေဆုတ်၊ ညှပ်ချည်၊ မီးကင်ရပေဦးမည်။
နောက်ပြီး မြွေကြီးကိုလည်း ကိုစိန်ခို စိတ်ကြိုက် ချက်ပြုတ်ရဦးမည် ဖြစ်လေသည်။
စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း၊ အမှတ် (၆၅)
၁၉၉၀၊ ဇွန်လ
– ပြီး –
စာရေးသူ – အောင်သူရိန် (ပုလဲ)
Uncategorized