July 30, 2025
Uncategorized

ငါးခြောက်သည့် တစ္ဆေ

မြေလတ်မင်းလွင်
ငါးခြောက်သည့် တစ္ဆေ

ဆောင်းနံနက်ဝယ် လင်းလက်ရန် အားယူနေသော နေမင်းကြီးသည် မြူနှင်းတို့အကြားဝယ် ဖြူ ဖတ်ဖြူရော် နိုင်လွန်းလှ၏။ ရေကြက်၊ ရေစစ္စလီတို့၏ တကျည်ကျည် တကျာကျာ ကျူးသီနေကြသည့် ထံတျာတို့မှာ နံနက်ခင်း၏ အလှကျက်သရေကို လက်ဝေစေခဲ့သည်။

ငှက်ကျေးသာရကာတို့သည် တစ်နေ့တာဝမ်းစာအတွက် ထက်မြက်သော အားအင်ဖြင့် ခရီးနှင်နေကြ၏။

မဲညိုရောင်လွှမ်းနေသည့် လတာပြင်ထက်ဝယ် အလုအယက် သွားလာလှုပ်ရှားနေကြသော ကျေးငှက်တို့ကို ဖျော့တော့တော့ နေရောင်အောက်တွင် မြင်တွေ့နေကြရသည်။

ဦးမောင်၏အဖွဲ့သားများမှာ မနေ့က ညွန့်ဝေပွဲကြမ်းနေ၍ ထင်းမခွေလိုက်ကြရ။ သို့အတွက် ယနေ့တောဝင်၍ ထင်းခွေရန် လှထွေးက ဦးဆောင်ပြင်ဆင်နေတော့သည်။

“ဦးမောင်… ဦးလေးနဲ့ ညွန့်ဝေခဲ့နေခဲ့နော်။ ကျွန်တော်တို့ တောဝင်ပြီး ထင်းခွေလိုက်ဦးမယ်”

“လှထွေးရေ … ငါလည်း လိုက်ခဲ့မယ်ဟေ့။ ငါ ဘာမှ မဖြစ်တော့ပါဘူးကွ။ ကောင်းနေပါပြီ”

“ဖြစ်ပါ့မလား ညွန့်ဝေရာ၊ တောထဲကျမှ ဒုက္ခရောက် နေပါ့မယ်”

“ကောင်းပါပြီကွာ။ လိုက်ခဲ့ပါ့မယ်။ ငါဒီနေခဲ့ရမှာ ပျင်းက ပျင်းပါဘိနဲ့”

“အေး … မင်းဖြစ်တယ်ဆိုရင်တော့ သဘောပဲလေ။ လိုက်ချင်လိုက်ခဲ့။ ဦးမောင်ကတော့ နေခဲ့ပေါ့ဗျာ။ တက်ပြီး လျှောက်ချင်လည်း လျှောက်နေပေါ့။ ကျွန်တော်တို့ သွားတော့မယ်နော် ဦးလေး”

“အေးအေး ငါနေခဲ့ပါမယ် လှထွေးရာ။ အပေါ်တက်ပြီး ကိုသန်းထွန်းတို့ဆီကို သွားလိုက်ပါဦးမယ်။ ဪ ဒါထက် လှထွေး … မင်း တောထဲဝင်ရင် ဂရုစိုက်နော်။ သင်မောင်းတောရှိတဲ့နေရာဆိုရင် မဝင်နဲ့ကွာ။ အန္တရာယ်များတယ် … ကြားလား”

“ဟုတ်ကဲ့ ဦးလေး … ဟုတ်ကဲ့”

လှထွေးတို့အုပ်စုသည် သင်္ဘောပေါ်မှ ဦးမောင်၏ အလျင် ဆင်း၍ ကုန်းပေါ်တက်ကာ တောထဲသို့ ဝင်သွားကြ၏။ ဦးမောင်ကမူ သင်္ဘောပေါ်မှ အေးအေးဆေးဆေးဆင်းကာ အော်ပိုက်ရွာဘက်သို့ လျှောက်လာခဲ့သည်။

xxx xxx xxx

အော်ပိုက် ဆိုသည်မှာ ပင်လယ်၏ကမ်းခြေတွင် လှိုင်းဂယက်များ ပုတ်ဝင်သဖြင့် ပစောက်သဏ္ဌာန်၊ ဗထက်ခြိုက်သဏ္ဌာန်လိုမျိုး ဧကငါးဆယ်ခန့် ဝင်နေသော ရေဝပ်ကျင်းကြီးတစ်ခု။ တစ်နည်းအားဖြင့် အင်းလို ရေဝပ်၍ မကျန်ခဲ့သော်လည်း အင်းပုံသဏ္ဌာန် ရေဝပ်ကျင်းကြီးပင်ဖြစ်သည်။

ဤအော်ပိုက်မှာ ပင်လယ်ကမ်းခြေမှ တစ်စိတ်တစ်ဒေသ အကျဉ်းလေးသာဖြစ်သည်။ ကမ္ဘာ့ ပင်လယ်သမုဒ္ဒရာကြီး ပမာဏအားဖြင့် ကြီးကျယ်သော ရေဝပ်ကျင်းကြီးမျိုးကိုကား “အော်” အမျိုးမျိုးနာမည်ဖြင့် ခေါ်ဝေါ်သုံးစွဲနေကြသည်။

ဥပမာ ကပ္ပလီပင်လယ်ပြင်နှင့် စပ်၍ ဘင်္ဂလားဒေ့ရှ်နှင့်နီးစပ်သောအော်ကို “ဘင်္ဂလားပင်လယ်အော်”ဟု ခေါ်ဝေါ်သုံးစွဲကြသကဲ့သို့ပင်။

ယခုလည်း နောက်ပီး နှင့် ဖျာပုံမြစ်ပေါက်ကြားရှိ အော်ကို ပစောက်သဏ္ဌာန်၊ ဗထက်ခြိုက်သဏ္ဌာန် ရင်ခွင်ပိုက်သဏ္ဌာန်ရှိခြင်းကြောင့် “အော်ပိုက်” ဟုခေါ်ကြသည်။ ထိုအော်ပိုက်ကြီး၏ အနီးကမ်း ခြေတွင်တည်ရှိသောရွာကို “အော်ပိုက်” ရွာဟု ခေါ်ကြသည်။ ဦးမောင်သည် အော်ပိုက်ရွာတွင်နေထိုင်သော ၎င်း၏ မိတ်ဆွေကြီး ရေလုပ်ငန်းပိုင်ရှင် ဦးသန်းထွန်းအိမ်ရှိရာသို့ မေးစမ်းလာနေခြင်းဖြစ်သည်။ ဦးသန်းထွန်းအိမ်ရှေ့ရောက်သည်နှင့် …

“ကိုသန်းထွန်းရေ… ကိုသန်းထွန်း… ကိုသန်းထွန်း ရှိပါ သလားဗျာ”

“ရှိပါတယ် … ရှိပါတယ်၊ ဘာကိစ္စများ ရှိပါသလဲခင်ဗျာ”

အသက်အရွယ်အားဖြင့် လေးဆယ့်ငါး၊ ငါးဆယ်ခန့် ရှိသည့် ညိုတောင့်တောင့် အမျိုးသားတစ်ယောက် ထွက်လာကာ ဦးမောင်အား ပြန်လည်ပြောကြားနေ၏။ ၎င်းသည် ဦးမောင်အား မသိသလိုလို စူးစမ်းသည့်အမူအရာဖြင့် ကြည့်နေ၏။

ထိုစဉ် ဦးမောင်က …

“ကိုသန်းထွန်း၊ ခင်ဗျား ကျုပ်ကို မမှတ်မိဘူးလား။ ဦးမောင်လေဗျာ”

“ဟာ ဆရာကြီးရေ စိတ်မရှိပါနဲ့ဗျာ။ မျက်စိတွေက မှုန်တော့ တကယ်ကို မမှတ်မိဘူးဗျို့။ အိမ်ပေါ်တက်ပါ။ ချောရေ … ရေနွေးကြမ်းနဲ့ စားစရာ ပြင်ခဲ့ပါကွာ။ ဆရာကြီး ဘယ်က လှည့်လာတာလဲ”

“ကျွန်တော်တို့ ငါးကွင်းရှပ်သင်္ဘောထွက်လာတာဗျ။ ထင်းပြတ်သွားတာနဲ့ မနေ့ကတည်းက ထင်းခွေဖို့ ရောက်လာကြတာ။ ဒါပေမယ့် မနေ့က ထင်းမခွေလိုက်ရပါဘူးဗျာ။ အလုပ်သမားတစ်ယောက် ပုစွန်ဥစူးတာ လုပ်နေရတာနဲ့ အချိန်ကုန်တာပါပဲ”

“ဒါဆို မနေ့ညနေက ကမ်းနားစပ်က မီးဖိုနေကြတာ ဦးမောင်တို့အဖွဲ့ပေါ့”

“ဟုတ်တယ် ကိုသန်းထွန်းရေ။ ကျွန်တော်က ထင်းခွေ လိုက်မသွားဘူး။ ဒီကောင်တွေက အတွေ့အကြုံမရှိတော့ တောထဲက ပုစွန်ဥစူးတာကို တောဖမ်းတာလိုလို ပယောဂမှီတာလိုလို ထင်နေကြတာ။ ကျွန်တော်လည်း အတော်ကို စစ်စစ်ဆေးဆေးလုပ်ကြည့်လိုက်တော့မှ ပုစွန်ဥစူးတာမှန်းသိလို့ လုပ်ပေးလိုက်ရတယ်”

“ညတုန်းကတိုင်း တက်လာရောပေါ့ ဦးမောင်ရာ။ မနေ့က ရောက်နေရဲ့သားနဲ့ အခုမှတက်လာရတယ်လို့။ ဒီမှာပဲ ထမင်းစားနော် ဦးမောင်။ ကလေးတွေ ထင်းခွေသွားတော့ အေးအေး ဆေးဆေးပေါ့နော်”

“အေးပါဗျာ … စားတာပေါ့။ ဟင်းစားတော့ တကူးတက ဘာမှလုပ်မနေနဲ့နော်။ ရှိတာနဲ့ စားကြတာပေါ့ဗျာ”

“ဘယ်ဟုတ်ပါ့မလဲ ဦးမောင်ရယ်။ ရောက်ကရောက်ဘိနဲ့။ မလာတာ အတော်ကြာသွားပြီနော်။ ရောက်သခိုက် ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပါရစေဗျာ။ ဘာမှ အားမနာပါနဲ့”

“ကိုသန်းထွန်းတို့ အရအမိရော ဘယ်လိုနေလဲ။ တော်ကြရဲ့လား”

“အင်း အခြားလူတွေကတော့ တော်ကြပါတယ်။ ကျွန်တော်ကတော့ အရအမိ မတော်ဘူးဦးမောင်ရေ့”

“ဟင် သူများတွေတော်ပြီး ခင်ဗျားကျမှ မတော်ဘူး ဆိုတော့ ဘယ်လိုဖြစ်တာလဲ ကိုသန်းထွန်းရာ”

“မသိပါဘူး ဦးမောင်ရာ။ ကျွန်တော့်မှာ ပိုက်တို့၊ တိုင်တို့၊ ထိုးတံ၊ ဂွင်း အားလုံး သူများထက်သာပါတယ်။ တိုင်တွေဆို အနောက်သစ်တွေချည့်ပဲ။ အိမ်ရှေ့မှာ လှမ်းထားတဲ့ တိုင်တွေပဲ ဦးမောင်ကြည့်လိုက်။ ဒီလောက် အတောင့်တွေ အကောင်းတွေချည်း ကိုင်နေရက်သားနဲ့ အရမတော်ဘူး ဦးမောင်ရာ”

“ဒါဆို ကိုသန်းထွန်း တစ်ခုခုတော့ လိုနေလို့ဖြစ်မှာပါ”

“ဘာလိုနေတယ်တော့ မသိဘူးဦးမောင်ရေ့။ အရ မတော်တာကတော့ အမှန်ပဲ”

“ဒါဆိုရင် တိုင်စိုက်တာတို့၊ ပိုက်ကားတာတို့ရော လူများနဲ့အတူ လုပ်နိုင်ရဲ့လား”

“အဲဒါတော့ မလုပ်နိုင်ဘူး ဦးလေးရဲ့။ ကျွန်တော့် နေရာက ရိုးထဲမှာဆိုတော့ ရေစီးက သန်တယ်ဗျ။ သူများစိုက်တဲ့ ကားတဲ့ရက်သာ ကားလိုက်ရင်တော့ ပိုက်တွေ ကွဲကုန်လိမ့်မယ်ထင်တယ်။ ဒါကြောင့် ရေဆုတ်ရက်ကျမှ တိုင်စိုက်ပြီး ရေသေရက်နားနီးမှ ပိုက်ကားနိုင်တယ် ဦးမောင်ရ”

“ကိုသန်းထွန်းရေ၊ အဲဒါ ငါးမရခြင်းရဲ့ အကြောင်းရင်းပဲဗျ။ လူများတွေရတဲ့ ငါးတွေက ငါးဒန်တွေ မဟုတ်လား”

“ဟုတ်တယ် ဦးမောင်ရေ့။ ငါးဒန်မှ အသေးမပါဘူး။အလတ်နဲ့ အကြီးချည်းပဲ”

ဦးသန်းထွန်းသည် အတတ်ပြောလိုက်သော ဦးမောင် အား အံ့သြစွာကြည့်ရင်း ပြီးမှ ပြန်ဖြေလိုက်၏။

“ဦးမောင် သူတို့တစ်တွေ ငါးဒန်ရမှန်း ဘယ်လိုလုပ်
သိသလဲ”

“ဒီလိုလေ ကိုသန်းထွန်းရဲ့။ ခင်ဗျားတို့ ထောင်နေတဲ့ နေရာက လက်လံ လေးလံသာသာလောက်ပဲရှိတယ်လေ။ ဒီနေရာမျိုးက ရေသိပ်မငံသေးဘူးဗျ။ ရေချို၊ ရေငန်စပ်ပဲ ရှိသေးတာ။ ရေချိုရေငန်စပ်မှာဆိုတော့ ငါးဒန်က သိပ်ပျော်တာ။

ခင်ဗျားက တိုင်စိုက် ပိုက်ကား နောက်ကျတော့ ခင်ဗျားတန်းကို “ငါးတစ္ဆေခြောက်” ခံရပြီး အခြားထောင်ပြီးသား တန်းတွေကိုပဲ သွားတိုးပြီး မိကြတာပေါ့ဗျာ။ ဒါကြောင့် အခြားလူတွေမှာ သွားပြီး အရအမိ များကြတာပေါ့။

ပိုက်ချလည်း နောက်ကျတယ်။ ရလည်း မရဘူးဆိုကတည်းကတိုင်း မျှင်တော့ မဖြစ်နိုင်ဘူးလေ။ မျှင်ဆိုတာ ရေသေရက်မှာ မိတာကိုး။ ရတာချင်းတူရင် ရိုးသမားက ပိုရရမှာပေါ့။ ရိုးသမားက မရဘဲ ကုန်းသမားက ရတယ်ဆိုကတည်းကတိုင်း ငါးဒန်ပဲဖြစ်ရမယ်လို့ တစ်ထစ်ချ တွက်လို့ရတယ်ဗျ”

“ခုန ဦးမောင်ပြောတဲ့အထဲမှာ ငါးတစ္ဆေခြောက်ခံရ တယ်ဆိုတာ ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော့် ရှင်းပြစမ်းပါဦးဗျာ”

“ဒီလို ကိုသန်းထွန်းရဲ့၊ လူများတွေက ခင်ဗျားအရင် စောပြီး တိုင်စိုက်တယ်၊ ပိုက်ကားတယ်ဗျာ။ ရေပိုးရေမွှားဖြစ်တဲ့ ငါးနှပ်ပေါက်တို့၊ မျှင်စ မျှင်နလေးတို့ကလည်း အရင်ကားထားတဲ့ (ထောင်ထားတဲ့) ပိုက်တန်းမှာပဲ ဝင်ကြ မိကြတာ။

ငါးဒန် ဆိုတာကလည်း အဲဒီလို ငါးမှုန် ငါးမွှားလေးတွေကို သိပ်ကြိုက်ကြတာ။ ဒီတော့ အရင်ကားထားတဲ့ ပိုက်တွေထဲမှာ ငါးဒန်တွေက ဝင်စားကြ၊ ရေလုပ်သားတွေက ပိုက်ပင့်ကြ (ပိုက်မတင်ကြ) တော့ သူတို့ပဲ ရကြရော။

အဲ ခင်ဗျားက ရေဆုတ်ရက်ကျမှ သွားပြီးတိုင်စိုက်။ ခင်ဗျား တိုင်စိုက်တဲ့အသံကို ကြားတာနဲ့ ငါးဒန်တွေဟာ နားပါးတဲ့ သားငါးများပီပီ ကြောက်လန့်ပြီး ပြေးကြတော့တာပဲ။ ခင်ဗျား ရိုးကြောမှာ ငါးပေါတတ်ပေမယ့် ခင်ဗျား တိုင်စိုက်တာဟာ ငါးတွေကို ခြောက်လှန့်သလို ဖြစ်နေတယ်ဗျ။ ဒါကြောင့် တစ်ကောင်တစ်လေတောင်ကျန်ဖို့ ခဲယဉ်းတယ်။

သူများ ထောင်နေချိန်ကျမှ ကိုယ်က တိုင်စိုက်တာမျိုးကို ကြားရ တွေ့ရတဲ့ငါးတွေဟာ ‘ငါးတစ္ဆေခြောက်ခံရ’ သလို အနားမကပ်ဝံ့ဘဲ ပြေးကြတော့တာပဲဗျ ကိုသန်းထွန်းရ”

“ဒါဆို ကျွန်တော် ဘာလုပ်သင့်သလဲ ဦးမောင်”

“ဒီလို ကိုသန်းထွန်းရေ။ ခင်ဗျားက တိုင်၊ ပိုက်၊ ဝါး၊ ကွင်း စတာတွေ တောင့်ရက်နဲ့ အစိုးရိမ်လွန် အကြောက်လွန်နေတာဗျ။ ခင်ဗျားပစ္စည်းတွေ ဒါလောက်တောင် တောင့်နေတာ ဘာမှ ကြောက်စရာမလိုပါဘူးဗျာ။ ကျွန်တော်ပြောသလိုသာ လုပ်စမ်းပါ။ ခင်ဗျား ကျိန်းသေ ငါးရမှာပါ”

ဦးသန်းထွန်းသည် အားရဝမ်းသာအမူအရာဖြင့် ဦးမောင်ကို အားကိုးတကြီးကြည့်ကာ

“ပြောစမ်းပါဦး ဦးမောင်ရာ။ ကျွန်တော် ဦးမောင် ပြောသလို လုပ်ပါ့မယ်””

“ဒီနေ့ မြန်မာလို ဘယ်နှစ်ရက်လဲ ကိုသန်းထွန်း။ ရေထရက် မဟုတ်လား”

“ဟုတ်တယ် ဦးမောင်၊ ၁၅-ရက် လပြည့်လေ”

“ဒါဆို ခင်ဗျား မနက်ဖန်ခါ တိုင်စိုက်ဗျာ။ တိုင်တွေကို အကုန်စိုက်လိုက်။ နက်ဖန်ခါ တိုင်စိုက်ပြီးတာနဲ့ နှစ်ရက်နေ့ သဘက်ခါ ပိုက်ကား”

“မဖြစ်ဘူးထင်တယ်နော် ဦးမောင်။ ကျွန်တော့်နေရာက ရိုးချောက်ကြီး။ ရေစီးသိပ်သန်တာ”

“စိုးရိမ်တတ်ရန်ရော ကိုသန်းထွန်ရာ။ ကျွန်တော် ပြောတာ ဆုံးအောင်နားထောင်ပါဦးဗျ။ ခင်ဗျား သဘက်ခါ ပိုက်ကားတဲ့နေရာမှာ အလုံးစေ့မကားနဲ့။ တစ်လုံးကျော် နှစ်လုံးကျော်လောက် သွားကားထား။ ပြီးတော့ ပိုက်ကိုလည်း မဖော်နဲ့။ နှစ်ရက်လောက် ဒီအတိုင်းပစ်သာထား”

“ဘာကြောင့် ပစ်ထားရတာလဲ ဦးမောင်”

“ဒီလိုလေ ကိုသန်းထွန်းရဲ့။ ခင်ဗျား ထောင်ထားတဲ့ ပိုက်တွေထဲမှာ ငါးမှုံ၊ ငါးမွှားတွေ ဝင်နေလိမ့်မယ်။ အဲဒီ ငါးမှုံ၊ ငါးမွှားတွေကို ငါးဒန်တွေက လာစားကြလိမ့်မယ်။ ခင်ဗျားက ပိုက်ကို နှစ်ရက်လောက် မဖော်ဘဲထားတော့ ငါးဒန်တွေက ပိုက်ထဲက အစာကို စားရလို့ပျော်တာရယ်၊ ရိုးထဲမှာ ရေစီးရေလာ ကောင်းလို့ သွက်လို့ ပျော်တာရယ်၊ ဒီနှစ်ချက်ကြောင့် ခင်ဗျာရိုးကျောမှာ ငါးတွေမြူးနေကြလိမ့်မယ်။

အဲဒီအချိန်ကျမှ ပိုက်ကို အလုံးစေ့ကားပြီး ဖော်ပေတော့။ ကျုပ်ပြောတဲ့အတိုင်းသာလုပ်။ ဒီနေရာမှာ ခင်ဗျား ပိုက်အား၊ တိုင်အားနဲ့ ရကို ရရမယ်။ တိုင်ကျိုးမှာတို့၊ ပိုက်ကွဲမှာတို့၊ ဘာမှ မစိုးရိမ်နဲ့ ကိုသန်းထွန်း။ ထောင်ဖြစ်အောင်သာ ထောင် … သိလား”

“စိတ်ချ ဦးမောင်။ ကျွန်တော် သဘောပေါက်ပါပြီ။ ထောင်ဖြစ်အောင် ထောင်ပါ့မယ်”

ဦးသန်းထွန်းသည် ဦးမောင်၏ စကားများကို စိတ်ဝင်တစား နားထောင်ကာ မိမိလုပ်ငန်းအတွက်လည်း အားတက်သရောဖြစ်၍ ဦးမောင်ပြောသည့်အတိုင်း စနစ်တကျလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။

xxx xxx xxx

အော်ပိုက်ရွာ၏ ကမ်းနားတစ်လျှောက်လုံးတွင် လူအများ စည်ကားနေသည်မှာ ကမ်းပြိုကျလုမတတ် ပြည့်ကြပ်နေတော့၏။ တစ်ရွာလုံးရှိ ယောက်ျား၊ မိန်းမ၊ ကြီးကြီးငယ်ငယ် အရွယ်စုံတို့သည် အံ့သြခြင်း၊ ဝမ်းသာခြင်းများနှင့်အတူ ကမ်းနားတွင် စုပြုံလာကြသည်မှာ အိမ်ရှိလူကုန်ဟု ဆိုရမလောက်ပင်။

အကြောင်းမှာ ရေဦးရေဖျားတွင် ဦးသန်းထွန်း စက်လှေ အလံထိုး ဝင်လာသောကြောင့်ပင်ဖြစ်သည်။

ရေလုပ်သား (တံငါ) တို့ စက်လှေကို အလံထိုးရခြင်းမှာ အကြောင်းနှစ်ချက်ရှိသည်။ တစ်ချက်မှာ လူနာရှိ၍ဖြစ်စေ၊ စက်လှေပျက်၍ဖြစ်စေ၊ ဆီပြတ်၍ဖြစ်စေ၊ အခက်အခဲတစ်ခုခုကြောင့် မြင်ရသူတို့ လာရောက်ကူညီစေလို၍ အလံထိုးခြင်း ဖြစ်သည်။

နောက်တစ်ချက်မှာ ပင်လယ်သားငါးများ မချိမဆန့် ရလာကာ ဝမ်းမြောက်ဝမ်းသာဖြစ်လွန်း၍ ဝါကြွားသည့်သဘောဖြင့် အလံထိုးခြင်းဖြစ်သည်။

ယခု ဦးသန်းထွန်း စက်လှေ အလံထိုးလာပုံမှာ စက်လှေဖောင်းရစ် ရေစွဲနေပြီဖြစ်သောကြောင့် သားငါးများ မချိမဆန့်ရလာကြောင်းကို တစ်ရွာလုံး သိကြသည်။ ထို့ကြောင့် တစ်ရွာလုံးက ဝမ်းမြောက်ဝမ်းသာ ဝိုင်းဝန်းလာကြခြင်းဖြစ်သည်။

ရေလုပ်သားတို့သည် အေးအတူ ပူအမျှဆိုသော ရှေးရှေးက ဓလေ့စရိုက်ကို မြဲခိုင်စွာ ကျင့်သုံးလာကြသည်မှာ ယနေ့တိုင်အောင်ပင်။ သားငါးများ ရှာဖွေရာ၌ တစ်ယောက် မရလျှင် တစ်ယောက်က မျှတဖေးမ ကူတတ်သလို တစ်စီးရလျှင်လည်း ကျန်လူများက ဝိုင်းဝန်းကူညီတတ်ကြသည်မှာ တကယ့်ကို ချစ်စရာ။

ယခုလည်းကြည့်။ ဦးသန်းထွန်း၏ အိမ်ရှေ့ကမ်းနားတွင် ထမ်းတောင်းရွက်သူရွက်၊ ထမ်းပိုးမသူ မဖြင့် တက်ကြွနေကြသည်။

ထိုစဉ် ဦးသန်းထွန်း စက်လှေမှာ ကမ်းနားသို့ ဆိုက်ရောက်လာတော့သည်။ ရေပြည့်ဖြစ်နေ၍ ကမ်းနဖူးတွင် သင်္ဘောစက်လှေဦးထိုး၍ မောင်းတင်ကာ ကျော်စိုးလွင်တစ်ယောက် ‘ငါးရသည့်မျက်နှာ’ ဖြင့် ဆင်းလာတော့သည်။

“ဟာ ငါးဒန်တွေချည်းပါလားကွ။ စက်လှေ အပြည့် ပဲဟေ့။ ဦးသန်းထွန်း ဒီတစ်ခါစားတဲ့ကွမ်းကတော့ နီရုံတင် မကဘူးဗျို့။ ရဲပတောင်းခတ်နေတာပဲ”

ထွေးမောင်က ပြောလိုက်ခြင်းဖြစ်သည်။

“ဟေ့ ငေးပြီး ကြည့်မနေကြနဲ့။ ငါးတွေကို ထမ်းတောင်းထဲထည့်ပြီး ဝိုင်းထမ်းကြဟေ့။ ထမ်းပြီးတာနဲ့ ရေစင်ပေါ်ပုံထား။ ရေစင်ပေါ်ကျမှ ဝမ်းတွင်းသားတွေ ဖောက်ကြရအောင်”

ကြည်သိန်းက ဆော်အောလိုက်ခြင်း ဖြစ်သည်။

တစ်ရွာလုံး ဝိုင်းဝန်းကူညီ၍ ထမ်းလိုက်ကြသည်မှာ ခဏချင်းဖြင့် ရေစင်ပေါ်တွင် ငါးတောင်ကြီးဖြစ်သွားတော့သည်။ စက်လှေထဲက ငါးများ ကုန်သွားသည့်အခါ ငါးဒန်များကို ဗိုက်ခွဲ၍ ဝမ်းတွင်းသားထုတ်သူထုတ် သီးခြားသန့်သန့်ထားသူအားဖြင့် ဇယ်စက်သလို လုပ်ကိုင်နေကြတော့သည်။

ရေလုပ်သား(တံငါ)တို့သည် ပင်လယ်ပြင်မှ သားငါး တို့ကို ရအောင် မိအောင် ရှာရန်မှာ မလွယ်လှသလို ရလာသည့် သားငါးတို့ကို တန်ဖိုးရှိရှိဖြင့် ရောင်းတန်းဝင်အောင် လုပ်ရန်မှာလည်း အရေးကြီးလှသည်။

ယခုဦးသန်းထွန်း စက်လှေမှ ရလာသည့် ငါးများသည် ပိဿာချိန်အားဖြင့် နှစ်ထောင်ကျော် သုံးထောင်နီးပါးခန့် ရှိပေမည်။ ဤငါးများကို အချိန်မီ ဗိုက်ဖောက်၍ ဝမ်းတွင်းသားများ ထုတ်နိုင်ပါမှ မပုပ်မသိုးရှိမည်။ အချိန်မီ ဝမ်းတွင်းသားများ မထုတ်နိုင်၍ ပုပ်သွားပါက အလဟဿ ဖြစ်ကြတော့မည်။

ဤမျှ များပြားသည့် ငါးများကို မိမိအိမ်ရှိ အလုပ်သမားများနှင့်သာ လုပ်နေပါက အချိန်မီ မပြီးနိုင်ဘဲ ပုပ်သွားနိုင်သည်။

ယခုမူ တစ်ရွာလုံးဝိုင်း၍ ဗိုက်ဖောက်သူ ဖောက်၊ အူထုတ်သူ ထုတ်၊ ထုတ်ပြီးငါးများကို သန့်အောင်ထားသူက ထားဖြင့် ခဏချင်းပြီးသွားတော့သည်။

ရွာသူရွာသားများသည် အားလုံးကူညီလုပ်ကိုင်ပြီးသောအခါ ငါးဒန်အူကြိုက်သူက ငါးဒန်အူယူ၍ ငါးစားလိုသူက အနေတော်ငါးများကို ကောက်ယူကာ ပြန်သွားကြတော့သည်။

ကျော်စိုးလွင်တို့အဖွဲ့သည် ငါးများကို ရေခဲဒိုင်သို့ပို့ရန် ပြင်ဆင်နေကြသည်။ ဦးသန်းထွန်းကမူ ဦးမောင်တစ်နေ့က ပြောပြခဲ့သည့် ငါးတစ္ဆေခြောက်ခံရပုံကို ပြန်လည်တွေးတောနေမိသည်။ တစ်နှစ်လုံး အခြောက်ခံခဲ့ရသည်မှာ ဦးမောင် လာမှပင် ငါးတစ္ဆေခြောက် ရပ်သွားတော့သည်။ အကယ်၍သာ ဦးမောင်ရောက်မလာခဲ့ပါမူ မည်မျှအထိ ငါးတစ္ဆေအခြောက်ခံ ရမည်မသိတော့။

ရေလုပ်ငန်းသည် အတွေးအခေါ်နှင့် အတွေ့အကြုံ အပေါ်တွင် မူတည်နေ၏။ အတွေ့အကြုံ၊ အတွေးအခေါ် ရင့်ကျက်မှုမရှိသော မိမိအတွက် လုပ်ငန်းအောင်မြင်မှု နည်းခဲ့သော်လည်း ရေလုပ်သား (တံငါ) သဘာရင့်နေပြီဖြစ်သော ဦးမောင်၏ အကြံဉာဏ်ပေးမှုများမှာ တစ်ခွန်းဆို ဆိုသလောက် ထိရောက်လှပုံကို ဦးသန်းထွန်းတစ်ယောက် တွေးဆဆင်ခြင်နေမိသည်။

ထို့ကြောင့်လည်း လုပ်သား (တံငါ) လောကတွင် လုပ်ငန်းကျွမ်းကျင်ခြင်း၊ အတွေးအခေါ် အယူအဆကောင်းခြင်း၊ စိတ်သဘောဖြူစင်ခြင်းရှိသူများကို လစာများစွာပေးကာ ဦးစီးချုပ်ခန့်၍ လုပ်ငန်းအောင်မြင်နေကြခြင်းဖြစ်ကြောင်းကို ဦးသန်းထွန်း ကောင်းစွာ သဘောပေါက်လာတော့သည်။

(မြေလတ်မင်းလွင်​၏ ၂၀၀၁ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေစာပေဆုရခဲ့သော မီးမက်တဲ့ငါး စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။)

– ပြီး –

စာရေးသူ – မြေလတ်မင်းလွင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *