July 31, 2025
Uncategorized

ငါးပိကြိုက်တဲ့ငါး

ကျွန်းစဥ်မြေစောခက်
ငါးပိကြိုက်တဲ့ငါး

မုတ်သုံမိုးသည် အငြိုးတကြီး ရွာချနေ၏။ တောင်ပြန်လေကလည်း ပင်လယ်ဝဘက်မှ အစုလိုက်အပြုံလိုက် တက်လာပြီး သောသောညံ၍ စစ်ဆင်နေသည်။ လေမြှောက်လေ မိုးကမြောက်လေ။

“ရှီး”

“ဖြန်း ဖြန်း ဖြန်း ဖြန်း”

ရွာပြင် ကွင်းစပ်တွင် ဆောက်လုပ်ထားသော သုံးပင်နှစ်ခန်း အိမ်ကလေး သိမ့်သိမ့်ခါသွားသည်။

“ဘုရား ဘုရား ဘုရား”

ခင်ဖြူ ဘုရားတလိုက်၏။ ချက်ချင်း နို့စို့ကလေးကို ကောက်ချီလိုက်သည်။

“အင့် … အဲ … အဲ … အဲ … အဲ”

ကလေးက ထိတ်လန့်သွားသလားမသိ၊ အသံပြဲကြီးနှင့် ထအော်သည်။ ခင်ဖြူ၏ မိခင်စိတ်သည် ချက်ချင်းနိုးထသွားသည်။ သမီလေး၏ အာဟာရဘဏ်တိုက်ကြီးတစ်ဖက်ကို လက်ဖြင့်မပြီး ပါးစပ်ပေါက်နီတာရဲကလေးထဲ စွပ်ပေးထားလိုက်၏။

“ဂလွမ်း … လွမ်း … လွမ်း … ဂျိန်း”

မိုးခြိမ်းသံကြီးအဆုံးတွင် မိုးကြိုးပစ်သံကြီးက ကမ္ဘာမြေကြီးအား တုန်ဟည်းသွားစေသည်။

“မေမေ … မေမေ သားကြောက်တယ် … သားကြောက်တယ်”

သားလေးက အိပ်ရာက အလန့်တကြား ထပြေးလာပြီး သူ့အမေကျောပြင်ကြီးကို နောက်ကနေ သိုင်းဖက်ထားလိုက်၏။

“အို သားလေးကလဲ … ဘာမှ ကြောက်စရာမလိုပါဘူး။ မိုးခြိမ်းတာ မိုးကြိုးပစ်တာက သူ့ဟာသူဖြစ်နေတာလေ။ အမေတို့ သားတို့ ဘာမှမဖြစ်ပါဘူး”

“မဟုတ်ဘူးအမေ ဘွားဘွားကြီးကပြောတယ်။ သူတစ်ပါးအသက်ကို သတ်ရင် မိုးကြိုးပစ်တတ်တယ်တဲ့”

“သားလေးက ဘယ်သူ့အသက်ကို သတ်လို့လဲ”

“မေမေကလဲ … သားတို့ မနေ့က လယ်ကွင်းထဲဆင်းပြီး ခရုကောက်ကြတယ်လေ”

“ဪ သားရယ်၊ သားတို့က ကလေးတွေဆိုတော့ မသိနားမလည်လို့ ကောက်တာပဲ။ မိုးကြိုးက ဒီလိုမသိ နားမလည်တဲ့ ကလေးတွေကို မပစ်ဘူးကွဲ့”

“ဟုတ်လား မေမေ”

“ဟုတ်တယ် သားလေး … ဘာမှ မကြောက်နဲ့နော်။ ပြန်အိပ် … ပြန်အိပ်”

ခင်ဖြူမှာ နို့စို့ကလေးကို နို့တိုက်။ သားလေးကို ချော့သိပ်နှင့် မိုးနှင့် လေပြင်း စစ်တလင်းမှာ မိဘတို့၏ ချစ်ခြင်းဖြင့် ရင်တွင်းဖြစ် သားသမီးများကို မေတ္တာပေး ကာကွယ်နေ၏။

“ကိုတင်မောင် ဒီဘက် ခဏလာပါဦး။ တို့အိပ်ရာတည့်တည့်ကတစ်ပေါက် ယိုနေပြန်ပြီ”

“အေး … အေး လာပြီ … လာပြီ။ အိမ်ရှေ့ခန်းက ယိုတာတွေတော့ အကုန်လုံး ဖာလိုက်ပြီ”

ကိုတင်မောင် အိပ်ခန်းထဲသို့ဝင်လာပြီး ခွေးခြေကလေးခုကာ မိုးယိုပေါက်ကို ဖာထေးလိုက်သည်။ ဖာထေးသည်ဆိုပေမယ့် အထွေအထူးတော့ ဘာမှမလုပ်၊ နဂိုမိုးပြီးသား ဓနိချပ်တွေကို အပေါ် အောက် ဆွဲစေ့ပြီး ညှိလိုက်ရုံမျှသာ။

“သုံးနှစ်တစ်ကြိမ် မိုးနေတာ၊ ဒီနှစ် မမိုးလိုက်တာ တို့မှားတာပဲကွာ”

“တော်ကပဲ ဒီနှစ် သားလေး ငါးနှစ်ပြည့်လို့ ကျောင်းအပ်ရမယ်ဆို”

“ဟုတ်တယ်လေ၊ ဒီခေတ်က ပညာခေတ်တဲ့ကွ။ သားလေးက ယောက်ျားလေးလေ၊ ကျောင်းထားချိန်ရောက်နေပြီ၊ ကျောင်းမထားလို့ ရမလား”

“ဟုတ်ပါ့တော် … တို့ဘဝကလဲ ရွာမှာ လူဖြစ်အောင် လယ်လေးတစ်ကွင်း နွားလေးတစ်ရှဉ်းတောင် မရှိတဲ့ဘဝပါလားနော်”

“ခင်ဖြူရေ မင်း အဲသလို မညည်းနဲ့ကွာ၊ ငါ့ရင်ထဲ မကောင်းဘူး”

“မင်းစဉ်းစားကြည့်လေ … ငါ့မလဲ မိမွေ ဖမွေမရှိ။ မင်းကလဲ မိမွေ ဖမွေ မရှိဘူး။ တို့ပေါင်းလာခဲ့ကြတာ၊ မေတ္တာအိမ်လေး တည်ဆောက်လာကြတာလေ”

မီးခွက်ကလေး၏ အလင်းရောင်မှိန်မှိန်လေးအောက်က ခင်ဖြူ၏ မျက်ဝန်းညိုညိုလေးက ရီဝေနေသည်။

“ဘာမှ မပူနဲ့ မိန်းမရေ၊ တို့ဆင်းရဲတာ မိဘတွေတိုက်ကို မီးလောင်သွားလို့ ဆင်းရဲသွားတာ မဟုတ်ဘူး၊ ဆင်းရဲတွင်းထဲက ထွက်လာကြလို့ ဆင်းရဲကြတာ”

“စိတ်ညစ်စရာတွေ ပြောမနေပါနဲ့ ကိုတင်မောင်ရယ်”

“စိတ်ညစ်စရာတွေ ပြောတာမဟုတ်ဘူးကွ၊ ဘဝအတွက် အားတွေဖြည့်နေတာဗျ”

“ကဲ ကဲ မိန်းမရေ ခု မိုးတွေ အရမ်းရွာနေတယ်၊ မိုးက မဆိုးဘူးကွ … အကျိုးပေးမှာ သိလား”

“အောင်မယ်လေး … လေတွေတိုက် မိုးတွေရွာလို့ ဒီလောက်စိတ်ညစ်နေရတာ အကျိုးပေးဦးမှာတဲ့”

“မင်း မသိပါဘူးကွာ”

ကိုတင်မောင် မိုးကာပိုင်းလေးကို လည်ပင်းကနေ ဆွဲစေ့ချည်လိုက်သည်။ ဝါးပတ်ခမောက်ကလေးကို ခေါင်းပေါ်တင်ပြီး မေးသိုင်းကြိုးကို တင်းတင်းဆွဲချည်လိုက်၏။ ကွန်ကိုဆွဲပြီး ပလိုင်းကို လွယ်လိုက်သည်။ လက်နှိပ်ဓာတ်မီးကလေးကို ကောက်ယူလိုက်၏။

“ရေတက်ဦးနဲ့ အတော်ပဲကွာ၊ မိုးတွေကြီးတော့ ဘယ်သူမှလဲ ထွက်ကြမှာမဟုတ်ဘူး”

“ဘာသွားလုပ်မှာမို့လဲ၊ ညကြီးသန်းခေါင် မိုးကလဲ ကြီးသနဲ့”

“အို မိန်းမကလဲ၊ ရေတက်ဦးနဲ့ ငါးစင်ရိုင်း သွားဖမ်းမယ်ကွာ”

ခင်ဖြူက ဘာမျှတော့မပြော၊ ကလေးကို နို့ချိုတိုက်ကျွေးရင်း တင်ပါးလေးပုတ်ပြီး အိပ်ရာသို့ ပြန်ချသိပ်လိုက်၏။

“ကဲ မိန်းမရေ သွားပြီ … သွားပြီ”

ကိုတင်မောင် ခပ်သွက်သွက်ပဲ အိမ်ပေါ်က ဆင်းလိုက်သည်။

မိုးကတော့ ရွာမြဲ ရွာနေသည်။

တင်မောင် ရွာပြင်သို့ ထွက်ပြီး လယ်ကန်သင်းရိုးအတိုင်း လျှောက်သွားလိုက်သည်။ မိုးက အဆက်မပြတ် ရွာထားသဖြင့် လယ်ကွင်းပြင်တစ်ခုလုံး ရေတွေ ဖွေးနေပြီ။ တစ်မိုင်ခန့် လျှောက်မိလျှင် ရေငန်တား တမံရိုးကြီးနားသို့ ရောက်လာသည်။ ခြေသီးဖျားလေးတွေကို မြဲမြဲကုပ်ပြီး တမံရိုးကြီးပေါ်သို့ လှမ်းတက်လိုက်သည်။

အပြင်ဘက် ဒီရေရောက်ချောင်းဘက်သို့ ဓာတ်မီးရောင်ဖြင့် လှမ်းထိုးကြည့်လိုက်၏။ ရေကြီး ရေထရက်မို့ ဒီရေ တစ်ဟုန်ထိုး ပြေးတက်လာနေသည်။

တင်မောင် ရေငန်တား တာရိုးကြီးကို လျှောက်ကြည့်လိုက်သည်။ မိုးတဖြောက်ဖြောက်ရွာသည်မှအပ တိတ်ဆိတ်နေ၏။ တင်မောင် စိတ်အိုက်လာသည်။ တော်ကြာ ဒီရေတွေ ပြည့်လျှံသွားလျှင် တင်မောင် ခဲလေသမျှ သဲရေကျ ဖြစ်တော့မည်။

ဇွဲကတော့ မလျှော့။ မျှော်လင့်ချက် စေတသိက်က အရမ်းမြင့်မားနေသည်။ ရှေ့ဆက်လျှောက်လိုက် ပြန်သည်။

“ဝေါ … ဝေါ … ဝေါ … ဝေါ”

လယ်ကွင်းပြင် အတွင်းဘက်မှ မိုးရေများ ထူးပေါက်ဝမှတစ်ဆင့် ကြံကြံဖန်ဖန် ထွက်ပေါက်ရှာပြီး ဒီရောက်ချောင်းထဲသို့ တဝေါဝေါ စီးဆင်းနေ၏။

တင်မောင် တစ်ချက်ပြုံးလိုက်သည်။ ချက်ချင်း တမံရိုးကြီးအတွင်းဘက်သို့ ပြန်ဆင်းလိုက်သည်။ ရေထွက်ရာ ထူးပေါက်နှင့် တည့်တည့်နေရာက ကွန်အဝန်းတစ်ဝန်းစာ မြေကျင်းယက်လိုက်သည်။

ရေတွေဝပ်သွားသဖြင့် ထူးပေါက်ဝမှာအပြင်သို့ ထွက်အားနည်းသွားသည်။ ဟိုနား သည်နား လိုက်ကြည့်လိုက်သည်။ မဒမရိုး ခပ်တိုတို ခြောက်ချောင်း ရလာသည်။ တမံရိုးပေါ် ကျွဲနွားများ မလျှောက်ရန်အတွက် လယ်သမားတွေ အဆီးအတား လုပ်ထား သော သစ်သားချောင်းများပင်ဖြစ်သည်။

သစ်သားချောင်းကလေး နှစ်ချောင်းကို သုံးတောင်လောက်အကွာထားပြီး စိုက်လိုက်၏။ ကျန် လေးချောင်းကို ရေစီးကြောင်းအတိုင်း တစ်ဖက် နှစ်ချောင်းစီ မြေထဲထိုးစိုက်လိုက်၏။ တင်မောင် ကွန်ကို နှစ်ထပ်ထပ်ပြီး တိုင်ချောင်းလေး ခြောက်ချောင်းတွင် စနစ်တကျ ကာရံထားလိုက်သည်။

ကွန်ခဲလုံးများကို ရွှံ့ပြင်ထဲသို့ နစ်ဝင်နေအောင် ခြေဖြင့် နင်းချထားလိုက်၏။ ကွန်ဝိုင်းကလေးမှာ လှလှပပ ထောင်ပြီးသား ဖြစ်သွားသည်။ ကွန်ဝိုင်းနှင့် မလှမ်းမကမ်းတွင် ရွှံ့ကန်လေးတစ်ကန် ဝိုင်းပတ်ဆည်ဖို့ ထားလိုက်သည်။

သိပ်တောင်မကြာ။ ရေထရက်ပီပီ ရေငန်တား တမံရုံကြီးနားသို့ ဒီရေများ ရောက်လာသည်။

“ဖြန်း … ဖြန်း … ဖြန်း … ဖြန်း”

“ဟော … ဟော … ဟော … ဟော”

ငါးစင်ရိုင်းများ ရေစီးကြောင်းအတိုင်း လမ်းပေါက်ရှာပြီး လယ်ကွင်းထဲသို့ တဖြန်းဖြန်းရုန်းကာ ပြေးဝင်လာကြပြီ။ ဆူးတောင်ကလေး သုံးချောင်း တကားကားဖြင့် နေရာသစ်ကို စူးစမ်းရှာဖွေဝင်လာကြသည်။

မိုးဦးရာသီသည် ငါးစင်ရိုင်းတို့ ဥချသောရာသီ။ ငါးတစ်ကောင်၏ ဥမြွှာတစ်စုံမှ ရေတွက်၍မရနိုင်လောက်သော သားပေါက်ကလေးများကို ပွားများစေ၏။ သို့ဖြစ်၍ ငါးတစ်မ ပေါက်ပွားပေးလိုက်သော အရေအတွက်ပမာဏကို တံငါသည် တစ်မိသား သတ်မကုန်နိုင်ဟု ဆိုစမှတ်ပြုကြခြင်းပင်။

ဝင်လာသမျှသော ငါးစင်ရိုင်းတို့သည် တင်မောင်ဉာဏ်ဆင်ပြီး ထောင်ထားသော ကွန်အိတ်ထောင်ထဲ၌ စုပြုံနေကြပေပြီ။ နှစ်တောင့်ထိုးဓာတ်မီးကလေးကို တင်မောင် ဖွင့်ပြီး ပါးစပ်တွင် မြဲမြဲကိုက်ထားလိုက်၏။

ငါးပလိုင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ငါးစင်ရိုင်းများကို ခပ်ကျုံးလိုက်သည်။ ပလိုင်းထဲက ငါးများကို အနီးရှိ အသစ်ဆည်ထားသော ရွှံ့ကန်လေးထဲသို့ သွန်ထည့်လိုက်၏။

တစ်ချီပြီးတစ်ချီ အခေါက်အခါခါ၊ ပိုက်ကွန်အိတ်ထောင်ထဲတွင် ငါးစင်ရိုင်းများ ကုန်သွားပေပြီ။

ရွှံ့ကန်လေးထဲတွင် ထည့်ပြီး အပြုံလိုက် သိုလှောင်ခံနေကြရသော ငါးစင်ရိုင်းများမှာ ဗြောင်းဆန်အောင် ပြေးလွှားရုန်းကန်ကြရင်း လွတ်လမ်းကို ရှာကြံနေကြ၏။ အချို့ငါးစင်ရိုင်းများမှာ အင်နှင့် အားနှင့် ပိုက်ကွန်ကို ဝင်တိုးလိုက်ရာ ပလိုင်းဖြင့် ကျုံးကောက် ၍ မရဘဲ ကွန်သားထဲတွင် ငြိနေကြ၏။

တင်မောင် တစ်ကောင်ပြီးတစ်ကောင် လက်ဖြင့်ဆွဲဖြုတ်လိုက်သည်။

“အောင်မယ်လေးဗျ”

“အား … ကိုက်လိုက်တာ … နာလိုက်တာ”

ငါးစင်ရိုင်းဆူးလျှင် အလွန်နာကျင်ကိုက်ခဲသဖြင့် တင်မောင့်မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။ တင်မောင် ညည်းနေရင်း အသိတစ်ခု ဝင်သွားသည်။ ငါးစင်ရိုင်း အဆူးခံသော လက်ချောင်းကို အပေါ့စွန့်ပြီး ဖျန်းပေးလိုက်၏။ မိုးအေးနေသည့်အချိန်မို့ ပူပူနွေးနွေးကလေးဖြင့် တော်တော်သက်သာသလိုရှိသွားသည်။

မည်သူက တီထွင်လိုက်သော ဆေးနည်းဟူ၍ မသိ။ ငါးစင်ရိုင်းဆူးလျှင် အရေးပေါ် အသုံးပြု၍ရသော ကုထုံးဆိုတာ မှားအံ့မထင်မိပေ။

တင်မောင် ပိုက်ကွန်ဘက်သို့ ပြန်လှည့်လာ၏။ ငါးတွေမှာ ရေစီးဆင်းရာဘက်သို့ ရေဆန်ထိုးကာ ဝင်လာလေ့ရှိသည်။ ထူးပေါက်ဝ ရေစီးကြောင်းတစ်လျှောက် တင်မောင်လိုက်ကြည့်လိုက်သည်။

“ဟင် တစ်ကောင်မှလဲ မဝင်တော့ပါလား”

တင်မောင် တစ်ယောက်တည်း ရေရွတ်လိုက်သည်။

ငါးတို့သည် အုပ်လိုက် သင်းလိုက် သွားလာတတ်ကြသည်။ ခု ငါးစင်ရိုင်းတွေ အဝင်ရပ်သွားခြင်းမှာ တစ်အုပ်တစ်ကျင်း ကုန်သွား၍ ဖြစ်သည်။

ငါးတို့တွင် တက်ငါးနှင့် ကျငါး သဘာဝချင်း မတူကြပေ။ တက်ငါးမှာ ရေစီးကြောင်းကို ဆန်တက်သည်။ ကျငါးမှာ ရေစီးကြောင်းအတိုင်း စုန်ဆင်းသည်။ ကျငါးကို အများအားဖြင့် မိုးနှောင်းရာသီများတွင် ဖမ်းရသည်။

မိုးနှောင်းရာသီ ပွင့်လင်းကာလ အစောပိုင်းသည် စပါးတွေ ဖုံးတုန်းလုံးတုန်းကာလမို့ မောင်းညိုစေရန် လယ်ကွက်ထဲက ရေတွေကို ဖောက်ထုတ်ပေးရချိန်ဖြစ်သည်။ ဤလို အချိန်မျိုးတွင် မိုးဦးရာသီက လယ်ကွက်တွေ ဆည်တွေထဲ ရောက်နေကြသော ငါးများ အုပ်လိုက်သင်းလိုက် မြစ်ချောင်းများသို့ ပြန် ထွက်ကြသည်။

မိုးနှောင်းလများကို ငါးဆင်းသော လများဟု မြန်မာ့ ကျေးလက်လူတန်းစားများ နားလည်ထားကြသည်။

“ဟော … ဟော ဝင်လာကြပြီ … ဝင်လာကြပြီ”

တင်မောင့်အာရုံထဲတွင် အသံတိတ်စကားသံများ ဘောင်ဘင်ခတ်သွားသည်။ ငါးစင်ရိုင်းများ နှစ်ကောင်တစ်တွဲ သုံးကောင်တစ်တွဲ အစုလိုက် အပြုံလိုက် ဝင်လာကြသည်။ တင်မောင် ငါးတွေကို မကျုံးသေးဘဲ ကြည့်နေ၏။

“ဟော ရပ်သွားပြန်ပြီ … မလာကြတော့ဘူး။ ဒါ နောက်ဆုံးအချီပဲ ထင်ပါရဲ့”

တင်မောင် တာရိုးကြီးပေါ်သို့ တွယ်တက်ပြီး ဒီရောက်ချောင်းရေပြင်ကို ကြည့်လိုက်၏။

“ဟာ ဘယ်ဝင်ကြတော့မလဲ။ ဒီရေတွေ ကျစပြုနေပြီပဲ”

ရေတက်ငါးတို့၏ သဘာဝမှာ ရေကျသွားလျှင် လုံးဝမတက်တော့ချေ၊ ချက်ချင်းပြန်ဆုတ်လေ့ရှိကြသည်။

တင်မောင်ပိုက်ကွန်အိတ်ထောင်ထဲဝင်နေသော ငါးများကို ကောက်ယူပြီး ပလိုင်းထဲ ထည့်လိုက်သည်။ တစ်ဆက်တည်းပင် ကျင်းထဲတွင် လှောင်ထားသော ငါးတွေကို ဖမ်းကောက်ပြီး ပလိုင်းထဲ ထည့်လိုက်ပြန်၏။

ငါးစင်ရိုင်းကို ဖမ်းလျှင် ရှေ့က ဆီးဖမ်းရသည်။ သို့မှသာ ငါးက ရှေ့သို့အထိုးတွင် ဆူးသုံးချောင်းစလုံး လွတ်အောင်ကိုင်ဖမ်းနိုင်ပြီး ဆူးအန္တရာယ် ကင်းသည်။

ပလိုင်းကြီးတော့ ပြည့်သွားပြီ၊ တင်မောင် ချုံစပ်သို့သွားပြီး နမှိုင်းနွယ်တစ်ပင် ဖြတ်လိုက်သည်။ ချက်ချင်း ပုဆိုးကိုချွတ်ပြီး နွယ်ဖြင့် အဝတစ်ဖက်ကို စည်းနှောင်ချည်လိုက်၏။ ပြီးလျှင် ပုဆိုးအိတ်ကို ပြောင်းပြန်လှန်လိုက်သည်။ ချည်ကြိုးနွယ်မှာ အတွင်းဘက်သို့ ရောက်သွား၏။ ကွန်ကို အသေအချာထုံးပြီး ပုဆိုးအိတ်ထဲ ထည့်လိုက်သည်။ ရွှံ့ကန်ထဲတွင် ကျန်နေသော ငါးစင်ရိုင်းများကို ပုဆိုးအိတ်ထဲသို့ ကောက်ထည့်လိုက်ပြန်၏။

“ဟော ကုန်သွားပြီ”

နွယ်ကြိုးတစ်ပင်ဖြင့် ပုဆိုးအိတ်အဝတစ်ဖက်ကို စည်းနှောင်ချည်လိုက်ပြန်၏။ သူစိုက်ထားသော မဒမရိုးတစ်ချောင်းကို စွတ်ခနဲ နုတ်ယူပြီး ငါးပလိုင်းနှင့် ပုဆိုးအိတ်ကို တန်းထိုးလိုက်သည်။

ပခုံးပြင် မာကျောကျောကြီးကို အလယ်ကခံပြီး ကောက်ထမ်းလိုက်၏။ ရှေ့ နှင့် နောက် ဟန်ချက်ညီနေပေရာ တော်တော် ခြေလှမ်း၍ ကောင်းသည်။

ဆန္ဒအလိုကျမှုကြောင့် ဖြစ်တည်နေသော ပီတိသည် အတိုင်းအတာတစ်ခုအထိ မြင့်တက်နေ၏။ မိုးကတော့ မစဲသေး။ ဖြောက်ဖြောက်ကလေး ကျနေသေးသည်။ ကျေနပ်မှု စိတ်အရှိန်မြင့်မားနေပေရာ မိုးအေးသည်ကို သတိမူမိ။ ပင်ပန်းသည်ဟု သူမထင်။

အိမ်အပြန်လမ်းသည် အသွားတုန်းကထက်ပင် ပိုနီးနေသည်ဟု ထင်မိလိုက်သည်။

“ခင်ဖြူရေ … မိန်းမရေ”

မိုးဦးကာလ သန်းခေါင်ချိန်တွင် တင်မောင်အသံက ညဉ့်ယံကို တိုးဝင်မြည်ဟီးသွားသည်။

“ရှင် … ကိုတင်မောင်လား ၊ လာပြီ … လာပြီ”

အိမ်ထဲက မီးခွက်ကလေး လင်းလက်သွားပြီး ခင်ဖြူ အိမ်ရှေ့သို့ ထွက်လိုက်သည်။ မီးခွက်ကို မြှောက်ပြီး စူးစမ်းလိုက်၏။

“ပုဆိုးမပါ ဘာမပါနဲ့ ကိုတင်မောင်ရယ်၊ ဘယ်လိုဖြစ်လာတာ“

“ပါမလားဟဲ့ မိန်းမရဲ့၊ ဒီမှာကြည့်လေ၊ ပလိုင်းမဆံ့လို့ ပုဆိုးကို ငါးအိတ်လုပ်လာရတာဗျ”

“ဟိ … ဟိ … ဟိ … ဟိ၊ ဘောင်းဘီလေးပါလို့ တော်သေးတာပေါ့ရှင်”

“မိန်းမကလဲ ဒါ ရယ်စရာလား၊ ငါးရှာ ဟင်းခူးသွားတိုင်း ဘောင်းဘီက ပါစမြဲပဲလေ”

“ဟုတ်ပါ့ … ဟုတ်ပါ့”

“ကဲ … ကဲ ကိုတင်မောင် အရမ်းမောလာရော့မယ်။ ပေး … ပေး ငါးပလိုင်းပေး။ ရေမိုးချိုးလိုက်၊ တစ်ရေးမှီသေးတယ်၊ ကောင်းကောင်း အိပ်လိုက်ဦး”

ကိုတင်မောင်နှင့် ခင်ဖြူတို့ ဘဝအသိနှင့် ပီတိမျက်ဝန်းချင်း တွေ့ထိသွားကြသည်။

xxx xxx xxx

“ဥပြည့် ငါးစင်ရိုင်း လတ်လတ်လေး”

သရက်တောင်ရွာ၏ နံနက်ခင်းတွင် ခင်ဖြူ၏ ဈေးရောင်းသံက ရွာလမ်းအတိုင်း စွပ်ဝင်လာခဲ့သည်။

“ခင်ဖြူရေ လာပါဦး”

“ဟုတ်ကဲ့ … လာပါပြီ အစ်မ”

ခင်ဖြူ ငါးဗန်းကလေးကို မပြီး မလှကြာညို အိမ်ထဲသို့ ဝင်လိုက်၏။

“တစ်သိုက် ဘယ်ဈေးလဲ”

“တစ်ထောင်ပဲ အစ်မ”

“ရှစ်ရာ မဟုတ်ဘူးလား”

“အစ်မကလဲ ဈေးဆစ်နေပြန်ပြီ။ ဒီငါးစင်ရိုင်းတွေက လွယ်လွယ်ကူကူ ရလာတာမဟုတ်ဘူး အစ်မရဲ့။ မိုးကြီးလေကြီးထဲ ညအိပ်ပျက်ခံပြီး တစ်ညလုံး သွားဖမ်းရတာ။ ဈေးမဆစ်ပါနဲ့ အစ်မရယ်၊ ဒီအချိန် ငါးစင်ရိုင်းက ရာသီစာလေ … ဥတွေအပြည့်ပဲ”

“အေးပါ … နင်တို့ ဈေးသည်တွေက ဒီလိုပါပဲ။ မိုးနှောင်းကျပြန်ရင်လည်း အဆီပြည့်လို့ဆိုပြီး ဈေးတင်ရောင်းဦးမှာ”

“ဟုတ်တာပေါ့ အစ်မရယ်။ မိုးနှောင်းပိုင်းဆို လယ်ထဲရောက်နေတဲ့ ငါးစင်ရိုင်းတွေဟာ စပါးပန်း ပွင့်ဖတ်လေးတွေ စားရလို့ အဆီတက်ရတဲ့ ရာသီလေ။ ပင်စိမ်းလေး ရှမ်းနံနံလေးအုပ်ပြီး ချက်လိုက် ရင် အိုးလုံးမှိုင်းပါပဲ အစ်မရယ်”

“ကဲ … ကဲ ခင်ဖြူရေ၊ နင်ပြောတာနဲ့ ငါ့နှာခေါင်းဝထဲ ဟင်းနံ့ လာဟပ်နေပြီဟေ့။ တစ်သိုက်ချိန်လိုက်ပါတော့”

ခင်ဖြူ ဆွဲခြင်သိုက်တန်းရိုးကို ကိုင်ပြီး ငါးစင်ရိုင်းတွေကို ကောက်ထည့်လိုက်သည်။ ပြည့်လောက်ပြီအထင်ကြောင့် တစ်သိုက်ကြိုးကို ကိုင်ဆွဲလိုက်၏။

“တန်းနေပြီနော် အစ်မ ၊ ရော့ … နှစ်ကောင် ပိုထည့်ပေးလိုက်ပါတယ်”

ဆွဲခြင်သိုက်မှာ တစ်ပေခန့်ရှည်သော သစ်သားချောင်းကို သုံးလက်မပတ်လည် သစ်လုံးဖြစ်အောင် ပွတ်ပေးရသည်။ အဖျားပိုင်းက အရင်းပိုင်းထက် အနည်းငယ် သေးရသည်။ သစ်သားရိုး၏ အဖျား ပိုင်းတွင် အရစ်ကလေးများဖြစ်အောင် ထွင်းရစ်ပေးထားရသည်။

အဆိုပါ အရစ်ထစ်များနေရာတွင် သုံးလက်မခန့်ရှည်သော ကျစ်ကြိုးကလေးများကို ချည်ထားရသည်။

သွပ်ခွက် သို့မဟုတ် ဝါးနှီးခွက်တစ်ခုကို တစ်ပေခန့်ရှည်သော ကြိုးသုံးပင်ဖြင့် ညီညီညာညာ ဖောက်ချည်ပြီး သစ်သားရိုး၏ အစွန်းဖျား အသေးဆုံးနေရာတွင် တွဲချည်ထားရသည်။ အဆိုပါကြိုးကို သိုက်ကြိုးဟု ခေါ်ပြီး ခွက်ကို သိုက်ခွက်ဟု ခေါ်ကြသည်။

သုံးလက်မအရှည် ကြိုးကလေး လေးပင်တွင် သိုက်ကြိုးနဲ့ အနီးဆုံးနေရာက ကြိုးကို တစ်သိုက်ကြိုးဟုခေါ် သည်။ တစ်သိုက်သည် ၄ဝ ကျပ်သားဖြစ်သည်။

ဒုတိယကြိုးလေးသည် သိုက်ခွဲကြိုးဖြစ်သည်။ သိုက်ခွဲမှာ (တစ်သိုက်၏ တစ်ဝက်) ၂၀ ကျပ်သားဖြစ်သည်။

တတိယကြိုးမှာ တစ်ဘဝါကြိုးဖြစ်သည်။ ၁ ဘဝါသည် တစ်သိုက်၏ ၄ ပုံ ၁ ပုံ (သိုက်ခွဲ၏ ၂ ပုံ ၁ ပုံ)(၁ဝ) ကျပ်သားဖြစ်သည်။

စတုတ္ထကြိုး ၁ ၏ တစ်ဝက် (ဘဝါစိတ်) ၅ ကျပ်သားကြိုးဖြစ်သည်။

ချိန်ခွင်အလေးဖြင့် တိုက်ကြည့်လျှင်လည်း အကုန်လုံး ကွက်တိ ကျနေပေသည်။

ကျွန်းစဉ်သူ ကျွန်းစဉ်သားတို့သည် ချိန်တွယ်ပြီး ဈေးရောင်း ဈေးဝယ်ပြုကြလျှင် တစ်သိုက်၊ သိုက်ခွဲ၊ တစ်ဘဝါ စသည်ဖြင့်သာ ဒေသဓလေ့စရိုက် ရောင်းဝယ်လေ့ရှိကြသည်။

မိုးဦးကျ ဥပြည့် ငါးစင်ရိုင်းကို ဆီပြန်လည်း ချက်စားကြသည်။ မန်ကျည်းနုပေါ်ချိန်မို့ မန်ကျည်းနုအုပ်၍လည်း ချက်စားကြသည်။ အိုးကပ်လည်း ချက်စားကြ၏။

အိုးကပ်ဟင်းမှာ ချဉ် ငန် စပ်ခပ်ပြီး မြေအိုးကလေးဖြင့် အရည်ခန်းအောင်ထိ ချက်ရသည်။ အရည်ခန်း ပြီး ငါးဟင်းအောက်စကလေး အိုးနှင့်ကပ်သွားမှ ပိုကြိုက်ကြသည်။

ချဉ်ရည်ဟင်းကလေးနှင့်ဆို ပိုပြီး လိုက်ဖက်သည်။ စားဖက် ဟင်းမည်များဟု အသိအမှတ်ပြုကြသည်။

“ယောက်ျားရေ အိပ်တုန်းပဲလား”

“ဟာ မိန်းမ … ငါးရောင်းတာ ပြန်ရောက်လာပြီလား”

“ပြန်ရောက်ပြီလေ၊ အကုန်လုံး စွံပြီ”

“ဘယ်လောက်ရောင်းရလဲ”

“တစ်သိုက် တစ်ထောင်ဆိုတော့ ရွာတောင် မဆုံးလိုက်ဘူး”

“ဘယ်နှသိုက်ဖြစ်လဲကွာ”

“သိုက် ၂ဝ အတိလေ၊ ဒါတောင် ကျွန်မ ဆွဲခြင်သိုက် အမြီးပိုင်း ထောင်ထနေအောင်ချည်း အပိုထည့်ပေးတာ”

“ငါ တစ်ည ပင်ပန်းခံလိုက်တာ နှစ်သောင်းရတာပေါ့ကွာ”

တင်မောင် လက်မကလေးကို ထောင်ပြီး သူ့မိန်းမကို စေ့စေ့ကြည့်နေလိုက်သည်။

“ဒါမှ ကျွန်မလင် ခင်ဖြူချစ်တဲ့လင်”

ခင်ဖြူ လင်တော်မောင် နဖူးပြင်ကလေးကို လက်ညှိုးကလေးနှင့်ထောက်ပြီး အိမ်ထဲသို့ ကနွဲ့ကလျလေး ဝင်သွားသည်။

“မိန်းမရေ နေ့လယ်ပိုင်း လယ်ကွင်းထဲ ပြန်ထွက်မယ်ဗျာ”

“ဘာလုပ်ဦးမှာလဲ၊ ကွန်ပိုက်သွားထောင်ဦးမှာလား”

“ငါးက ညကတည်းက နောက်ပိုင်း သိပ်မဝင်တော့ဘူး။ ရေက ဆုတ်သွားပြီး ရေသေရက်ဆို ငါးက မတက်တော့ဘူးလေကွာ”

“ဟုတ်လား … ဒါဆို လယ်ကွင်းထဲ ဘာသွားလုပ်မှာမို့လဲ”

“ငါးစင်ရိုင်းတက် သွားခုတ်မယ်ကွာ”

“ကဲ မောင့်သဘော … ယောက်ျားသဘော”

တင်မောင် မနက်စာထမင်းကို ခပ်သုတ်သုတ်ပဲ စားလိုက်သည်။ ထမင်းစားအပြီးတွင် ငါးပလိုင်းကို ကောက်လွယ်ပြီး ဓားမတိုလေးတစ်ချောင်းကို ဆွဲကိုင်ကာ ရွာပြင်သို့ ထွက်လိုက်သည်။

လယ်ကွင်းပြင်ကြီးတစ်ခုလုံး ရေတွေ ဖွေးဖွေးလက်နေ၏။ သို့သော် ရေတွေက သိပ်အနက်ကြီးမဟုတ်၊ ခြေသလုံးအလယ်လောက်သာ နက်သည်။

လယ်ကွင်းထဲတွင် လယ်ခရုကောက်သူ၊ ငါးတက်ဖမ်းသူများ နည်းနည်းပါးပါးရှိသည်။ သို့သော် တင်မောင်တို့လို စီးပွားဖြစ်ရှာသူက နည်းသည်။

ရိုးပြတ်တွေဖြင့် တစ်နွေလုံးပြည့်နေသော လယ်ကွက်များတွင် မိုးဦးကျ မိုးရွာချလိုက်ချိန်တွင် ရိုးပြတ်များ မြေတွင် ဝပ်သွားကြသည်။

တင်မောင် ဓားမတိုကလေးကို တဆဆလုပ်ပြီး လယ်ကန်သင်းတွေ တစ်ကွက်ပြီးတစ်ကွက် ဖြတ်သန်းကာ ရေတက်ငါးစင်ရိုင်းတွေကို လိုက်ရှာ၏။

“အောင်မယ်လေး ငါးစင်ရိုင်းမရယ်၊ နင်ဒီလိုနေလို့ လွတ်ရော့လား”

ရိုးပြတ်တောကို ခေါင်းတည်ပြီး ငြိမ်ငြိမ်ကလေးဝပ်နေသော ငါးစင်ရိုင်းမကြီးကို ဓားမတိုကလေးဖြင့် တင်မောင် အသေအချာ ချိန်ဆလိုက်သည်။

“ဒုတ်”

“ဖြန်း … ဖြန်း … ဖြန်း”

ငါးစင်ရိုင်းမ၏ ကျောပြင်ကို ဓားကလေးဖြင့် ကန့်လန့်ဖြတ် ခုတ်ပြီး ဖိထားလိုက်သည်။ တင်မောင် ဓားအောက်က ငါးကို အသာအယာ နုတ်ယူပြီး ပလိုင်းထဲ ထည့်လိုက်၏။ ကွင်းတက် ငါးစင်ရိုင်းကို ခုတ်လျှင် အားကုန်လွှဲပြီး ခုတ်၍ မရပေ။ ငါးနှစ်ပိုင်းပြတ်သွားလျှင် ရောင်းပန်းမလှတော့ချေ။

လယ်ကွင်းထဲတွင် ရိုးပြတ်တွေ အောက်ကခံနေသဖြင့် ရေမှာ ကြည်နေသည်။ ငါးရှိလျှင် အလွယ်တကူ မြင်နိုင်၏။

မြစ်ချောင်းများမှ ရုန်းတက်လာကြသော ငါးစင်ရိုင်းများမှာ ဥချမည့် ဆည်ကြီး မြောင်းကြီးများသို့မရောက်မီ လယ်ကွက်ကလေးများတွင် ဖြစ်သလို ရပ်တည်နေကြခြင်း ဖြစ်သည်။

တင်မောင်မှာ ကွင်းအနှံ့လိုက်ရှာ၏။

တွေ့လျှင် ခုတ်၏။ ယူ၏။ တဖြည်းဖြည်း ပလိုင်းပြည့်လာသည်။

“နေတောင်ညိုသွားပြီ ၊ မိန်းမ ဈေးရောင်းချိန်လည်း လိုသေးတယ်၊ ပြန်လိုက်ဦးမှ။ မိုးကတော့ ကမ်းရိုးတန်းပီပီ ရွာပြီဟေ့ဆို ဒုန်းရိုက် ဗြန်းဗြန်းပါပဲ။

xxx xxx xxx

သည်နေ့ မနက်ခင်းကတော့ ထူးခြားနေသလိုပဲ။ မိုးသံကလေးတိတ်ပြီး နေရောင်ကလေး ဝင်းလက်နေသည်။

“ခင်ဖြူရေ”

“ရှင်”

“ငါးပိ ကောင်းကောင်း ရှိတယ်နော်”

“မနက်တောင် မလင်းသေးဘူး၊ ငါးပိက ဘာလုပ်မှာလဲ၊ ယောက်ျားတန်မဲ့နဲ့”

“မိန်းမရေ ပြောတာလေး နားထောင်ပါဦး၊ တို့ကို ဥပြည့်ငါးစင်ရိုင်းတွေ အကျိုးပေးနေတယ်။ မနေ့ကတင်ပဲ ညကော နေ့ကော ပေါင်းလိုက်ရင် နှစ်သောင်းကျော် ဝင်တယ်နော”

“ခုဟာက”

“ခုဟာက ငါ ဦးမောင်ကျော် လယ်တောထဲက ဆည်မှာ ငါးစင်ရိုင်း သွားမျှားမလို့”

“ဒီမှာတွေ့လား … ကိုင်းတံကလေး၊ မနေ့ကတည်းက ကြခတ်ဝါးလေးနဲ့ လုပ်ထားတာ”

တင်မောင် ငါးမျှားတံလေးကို ကိုင်ပြလိုက်၏။

“ဒါနဲ့ ငါးပိကကော”

“မိန်းမရယ် … ငါးပိက ငါးစင်ရိုင်းတွေ သည်းခြေကြိုက်ကွ”

“ဟုတ်လား”

“ဟုတ်တယ် … မြန်မြန်ပေးစမ်းပါ မျှင်ငါးပိကောင်းကောင်းလေး”

ခင်ဖြူ လိမ္မော်သီးလုံးလောက် ငါးပိတစ်ခဲ စဥ့်အိုးထဲက နှိုက်ယူပြီး ပါဆယ်အိတ်ကလေးဖြင့် ထည့်ပေးလိုက်၏။

တင်မောင် ဖိုးသာဘော်ကုန်းကို ကျော်ပြီး ဦးမောင်ကျော် လယ်ကွင်းထဲက ဆည်ကြီးသို့ လှမ်းလိုက်သည်။ လောဘတရား၏ တွန်းအားကြောင့် ခြေလှမ်းတွေ သွက်လွန်းနေသည်။

သိပ်တောင် မကြာ၊ ဆည်ကြီး ကမ်းနံဘေးသို့ ရောက်သွား၏။ ညံပင်ခြေရင်းတွင် မတ်တတ်ရပ်လိုက်သည်။

ကိုင်းတံတွင် လိမ်ကျစ်ပြီး ယူလာသော ကိုင်းတံ ကြိုးကို အသင့်အနေအထားဖြစ်အောင် ဖြုတ်ချလိုက်၏။ ငါးစင်ရိုင်းမျှားမှာ သေးသေးလေး ဖြစ်သည်။ မျှားကလေး အဖျားတွင် အဟက်ကလေးကိုပါ ငုံပြီး ငါးပိခဲလေးတစ်ခဲကို အစာအဖြစ် တပ်လိုက်၏။ ငါးစင်ရိုင်းပါးစပ်လေးဖြင့် သင့်တော်ရုံသာ ချိန်ဆပြီး တပ်ရသည်။

“ထော့”

“ဂျောက်”

ထော့ဆိုသည်မှာ ရပါစေဟု အဓိပ္ပာယ်သက်ရောက်သော တံငါသည်သုံး ဘန်းစကားတစ်ခုပင် ဖြစ်သည်။

တင်မောင် ငါးပိစာတပ် မျှားကလေးကို ဆည်ရေထဲသို့ ပစ်ချလိုက်သည်။ မျှားပေါ်က နှစ်ပေအကွာလောက်တွင် ဆလီမြစ်သေးသေးလေးကို အခွံခြစ်ပြီး ဖော့အဖြစ် တပ်ဆင်ထားသည်။

ဖော့ဖြူဖြူလေးမှာ ရေပေါ်တွင် ပေါလောပေါ်နေ၏။ ရခိုင်မျှင်ငါးပိမှာ မျှင်ကောင်သေးသေးလေးများကို ဖယောင်းလို ပျောင်းနေအောင် အလီလီထောင်းနယ်ထားခြင်း ဖြစ်သည်။ ပျောင်းလွန်းသဖြင့် ရေထဲသို့ မျှားစာတပ်ပြီး ချလိုက်သော်လည်း တော်ရုံဖြင့် ရေထဲမှာ မပျော်ဝင်။

ဟင်းခတ်လည်း အလွန်ချိုသည်။ ရခိုင်မုန့်တီဟင်းရည် နာမည်ကြီးခြင်းမှာ ရခိုင်မျှင်ငါးပိကြောင့် ပင် ဖြစ်သည်။

“ဂျုတ် … ဂျုတ် … ဂျုတ် … ဂျုတ်”

ကိုင်းတံဖျားကို ဆည်ရေထဲသို့ နှစ်ကာ လှုပ်ပစ်လိုက်၏။ အဓိပ္ပာယ်မှာ ရေအောက်ရှိ ငါးသတ္တဝါတွေ အစာပွက်သံထင်ပြီး စုပြုံလာကြစေရန် မြှူဆွယ်ခေါ်ယူလိုက်ခြင်းပင် ဖြစ်သည်။

“ဂျုတ်”

“ဆွဲပဟေ့”

ဖော့သီးကလေး နစ်မြုပ်သွားသည်။ ရေအောက်က ငါးသတ္တဝါ ငါးပိစာကို ဆွဲပြီဟု တင်မောင်သိသွားပြီ။

ချက်ချင်း ကိုင်းတံကို ဆောင့်ဆွဲလိုက်သည်။

ငါးစင်ရိုင်းမကြီးမှာ မျှားကလေးမှာချိတ်ပြီး ကြိုးတန်းလန်းဖြင့် ရုန်းနေပြီ။ တင်မောင် မျှားကြိုးကို လှမ်းဆွဲပြီး ငါးစင်ရိုင်းမကို ဖြုတ်ကာ ပလိုင်းထဲ ပစ်ထည့်လိုက်သည်။ ငှက်ကြီးတောင်ခတ်တွေ ချိုးပြီး ပလိုင်းထဲ သိပ်ထည့်ထားလိုက်သည်။

ငါးတွေ နေပူဒဏ်ကြောင့် အလွယ်တကူ မသေနိုင်အောင် စီစဉ်လိုက်ခြင်းဖြစ်သည်။

“ထော့ … ထော့ … ထော့”

“ဂျောက်”

ငါးပိစာတပ်ပြီး မျှားလိုက်ပြန်သည်။

“ဟာ ဆွဲပြန်ပြီဟေ့”

တင်မောင် ကိုင်းတံကို ဆောင့်တုတ်လိုက်ပြန်၏။ နေရောင်ဖြင့် ထိန်ထိန်ဝင်းနေသော ငါးစင်ရိုင်းကြီးမှာ မျှားကလေးတန်းလန်းဖြင့် တဖြန်းဖြန်း ရုန်းနေ၏။ တင်မောင် ဆွဲဖြုတ်ယူပြီး ပလိုင်းထဲထည့်လိုက်ပြန်သည်။

ငါးပိစာတပ်လိုက် မျှားချလိုက် ဆွဲယူလိုက်နှင့် သိပ် တောင်မကြာ ပလိုင်းထဲတွင် ပြည့်လာသည်။

မြစ်ချောင်းတွေက တက်လာကြသော ငါးစင်ရိုင်းမတွေ မြေသစ် ရေသစ်မှာ အစာရှာဖွေခြင်းငှာ မစွမ်းနိုင်ချိန်မှာ ရလာသော အစာကို အလုအယက် ဆွဲယူဝါးမျိုကြသော သဘောပင်။

ထက်လှသော ငါးမျှားချိတ်ကလေးကတော့ လာဟပ်သမျှသော အကောင်တွေကို တစ်ကောင်မှ အလွတ်မပေး။ ကိုင်းတံပိုင်ရှင်အပေါ် တာဝန်ကျေပွန် နေသည်။

ဆွမ်းခံနေလှန်းချိန်လောက်တွင် တင်မောင်မှာ ငါးပိခဲ ကုန်လေပြီ။ ငါးစင်ရိုင်းတွေလည်း တစ်ပလိုင်း ပြည့်လေပြီ။

ဆည်ရေထဲ ရောက်နေကြသော ငါးစင်ရိုင်းများမှာ ထူးပေါက်ဝတွင် ထောင်ဖမ်းရာမှ လွတ်လာခဲ့သော ငါးများနှင့် လယ်ကွက်ထဲတွင် ဓားခုတ်ယူခြင်းမှ ကံသီ၍ ကြွင်းကျန်ခဲ့သော ငါးများသည် နောက်ဆုံးဥချပြီး မျိုးပွားမည့် ဆည်ရေထဲသို့ ရောက်လာကြသော ငါးများပင် ဖြစ်သည်။

အတန်တန် အဆင့်ဆင့် နည်းမျိုးစုံဖြင့် ထောင်ဖမ်းနေကြရာ ငါးမျိုးများ ပြုန်းတီးမည့်အရေးကို တွေးပူနေရသည်။ မိုးဦးရာသီများတွင် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်နေခြင်းမှာ သဘာဝကျလှ ပေသည်။

“ခင်ဖြူ မိန်းမရေ … ထမင်းချက်နေတာလား။ ရော့ … ရော့ ငါးစင်ရိုင်းတွေ၊ သွားရောင်းလိုက်ပါဦးကွာ။ ပလိုင်းပြည့်ပဲ”

“ဟင် ယောက်ျားရေ အံ့သြစရာပဲနော်”

“ဘာတုန်းဟ”

“ငါးတွေလည်း ငါးပိကြိုက်တယ်တော်”

“ငါးပိကြိုက်တဲ့ ငါးပေါ့ကွာ”

ခင်ဖြူ ငါးဗန်းကလေး ခေါင်းပေါ်တင်လိုက်သည်။ ဆွဲခြင်သိုက်ကလေးကို လက်တွင် ဆွဲကိုင်လိုက်၏။ တင်သား စွင့်စွင့်ကားကားလေးကို ခါယမ်းထွက်သွားသော ဘဝဖော်ကလေးကို တင်မောင် ကြည့်ရင်း နှလုံးသားရပ်ဝန်းတွင် ပီတရသလေးများ ပိုမိုကျယ်ဝန်း နက်ရှိုင်းသွားသည်။

– ပြီး –

စာရေးသူ – ကျွန်းစဥ်မြေစောခက်

Leave a Reply

Your email address will not be published. Required fields are marked *