အောင်ခိုင်လင်း
ငါးမျှားစကြာ
(က)
“အလုပ်တခုဆိုတာ အမြင်လွယ်သလောက် လက်တွေ့လုပ်ကြည့်တဲ့အခါမှာ မမျှော်လင့်ပဲ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတယ်။ မထင်မှတ်တဲ့ အန္တရာယ်တွေနဲ့ တွေ့လာနိူင်တယ်ကွ။ အခြားလူတွေလုပ်နေတာကို ကြည့်ပြီး ဒီအလုပ်တော့ ကိုယ်လဲဖြစ်မယ်ထင်စရာပဲ။ ဒါပေမယ် လက်တွေ့ လုပ်ကြည့်ယင် လွယ်ပါ့မလား ဥာဏ်မောင်”
“တော်စမ်းပါ ခင်ထွန်းရာ…. မင်းဟာ အလုပ်ဖြင့် မလုပ်ရသေးဘူး၊ မဖြစ်နိူင်တာက စတွေးနေတာကိုး။ ဒီမှာ … လောကမှာ လူက ဖန်တီးလုပ်ကိုင်ယင် ဘာမဆို ဖြစ်ရမှာပေါ့ကွ”
““အင်း- မင်းကတော့ ဇွတ်ပဲကိုးကွ”
ခင်ထွန်း က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းနေသည်။ ဥာဏ်မောင်နှင့် ခင်ထွန်းတို့နှစ်ယောက်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ နှစ်ဦးစလုံး သက်တူရွယ်တူ ဖြစ်ကြပြီး၊ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများလည်း ဖြစ်သည်။
ပင်လယ်ပြင်ကို အမှီပြုလျက် အသက်မွေးဝမ်းကျောင်း ပြုနေသော ရေလုပ်ငန်း အမျိုးအစားများစွာ ရှိသည့်အနက် သူတို့နှစ်ယောက် ကျွမ်းကျင်သော လုပ်ငန်းမှာ ပင်လယ်ပြင် စန္ဒားများ နောက်မြီးတွင် “လက်ထွန်ပစ်”သော လုပ်ငန်းဖြစ်သည်။
လက်ထွန်ပစ်ခြင်းမှာ ရေလုပ်ငန်းတခုဟု ဆိုရသော်လည်း၊ ကိရိယာတန်ဆာပလာနှင့် စရိတ်ကျဉ်းသည် ဆိုစေကာမူ၊ အဆင်ပြေသော နေ့များတွင် ဖြစ်မြောက်အောင် ရလေ့ရှိသဖြင့် “မက်”ထားစရာ ဖြစ်၏။
သို့သော် ဥာဏ်မောင်တို့သည် ထိုထက်ကောင်းသော လုပ်ငန်းကို တွေ့နေကြပြန်သည်။ ထိုလုပ်ငန်းမှာ အခြားမဟုတ်။ သောင်ခုံတန်းများတွင် ချသော “ငါးမျှားစကြာ”လုပ်ငန်း ဖြစ်သည်။
“ဒီ ငါးမျှားစကြာ လုပ်ငန်းကို တစေ့တစောင်း လေ့လာကြည့်ပြီးပြီကွ။ ဘာမှ ခဲယဉ်းတာ မဟုတ်ဘူး။ မြစ် အလျားလိုက် တန်းပစ်ပြီး အဲဒီမှာ ငါးမျှားတွေ လိုက်ချိတ်တာပဲ”
“ငါးများက ဘယ်လို ငါးမျှားမျိုးလဲ”
ခင်ထွန်းက ရုတ်တရက် မေးသည်။
“အဲ … အဲ တို့ သုံးတဲ့ ငါးမျှားမျိုးပဲ ဖြစ်မှာပေါ့ကွ”
“မသေချာလိုက်တာကွာ… ကဲ ဒါဖြင့် ငါးစာကရော ဘယ်လိုအစာမျိုးတွေ သုံးသလဲ”
“ ငါးစာကလဲကွာ ဘာထူးမှာမို့လဲ။ တို့သုံးသလိုပဲ ငါးရှင်စာ၊ ဒါမှမဟုတ် အပုပ်စာတို့ သစ်သီးစာတို့ နေမှာပေါ့”
“ ဟား-ဟား-ဟား-ဟား””
ခင်ထွန်း၏ လှိုက်လှဲစွာ ရယ်မောလိုက်သံကြောင့် ဥာဏ်မောင်မှာ ရုတ်တရက် “ကြောင်” သွားသည်။ မိမိပြောလိုက်သော စကားထဲတွင် ထိုမျှ ရယ်စရာ ကောင်းသော စကားမျိုး မပါဟု ထင်မိသဖြင့် အတန်ငယ် ဒေါသဖြစ်မိသည်။
“ဟေ့ကောင် … မင်းက ဘာရယ်တာလဲ။ ငါပြောတဲ့ စကားထဲမှာ ရယ်စရာ တလုံးမှမပါဘူး။ မင်းကရော ဒီဝငါးများစကြာလုပ်ငန်းနဲ့ ပတ်သက်ပြီး ဘယ် လောက် သိထားလို့လဲ”
“သိတော့ မသိပါဘူး၊ ဒါပေမယ် မင်းကို ငါ ခဏခဏ ပြောနေတယ် မဟုတ်လား။ အလုပ်တခုဟာ အမြင်လွယ်တယ်။ ဒါပေမယ့် ဇစ်မြစ်မသိယင် ခဲယဉ်းတာချည်းပဲကွ။ မင်းပြောလိုက်ကတည်းက မင်းဟာ ဒီလုပ်ငန်းအကြောင်းကို ဘာမှ မသိသေးဘူးဆိုတာ ထင်ရှားနေပြီ။
ဒီမှာ … ငါသိသမျှ ပြောပြမယ်။ ငါးမျှားစကြာ လုပ်ငန်းမှာသုံးတဲ့ ငါးများဆိုတာ တို့သုံးတဲ့ ငါးများမျိုးမဟုတ်သလို၊ ရေထဲချထားတဲ့အခါမှာလဲ ဘယ်လိုအစာမျိုးမှ တပ်ထားဖို့မလိုဘူး”
“ဟေ….”
ဥာဏ်မောင် အလွန် အံ့ဩသွားမိသည်။
(ခ)
ပင်လယ်ပြင်အနှံ့ စန္ဒားလုံးများကို မြင်နိူင်ပေသည်။
ပင်လယ်ပြင်ဟူသည် ကျယ်ပြန့်သည် ဆိုစေကာမူ နေရာတိုင်း ရေစူးနက်လှသည်မဟုတ်။ အချို့နေရာများတွင်မူ ရေတိမ်ရှိသည်။ ထိုနေရာတွင် စန္ဒားများ ထောင်ကြသည်။
လှိုင်းလေထန်သော မိုးရာသီများမှ အပ၊ ရာသီဥတု ကြည်လင်သော ဆောင်းရာသီ နွေရာသီများတွင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြသည်။ ထိုအခါ ဉာဏ်မောင်တို့ အလုပ်လည်း တွင်ကျယ်လာတတ်၏။
နှစ်ယောက်သား စန္ဒားများသို့ စရိတ်ပို့သော စက်လှေတစင်းစင်းနှင့် စိတ်ကြိုက် စန္ဒားဆီသို့ လိုက်သွားနိုင်၏။ အပိုစရိတ်နှင့် ကိရိယာပစ္စည်းကလည်း များများစားစားမလို။ နိုင်လွန်လက်ထွန်ကြိုး တချောင်း၊ ငါးများအနည်းငယ်၊ ဆားအိုး အစာအိုး၊ အိတ်တလုံး နှစ်လုံး ယူရုံမျှနှင့် ပြီးနိူင်၏။
စန္ဒားသို့ရောက်သည်နှင့် ငါးများတွင် ငါးစာတပ်၍ ပစ်ချလိုက်ရုံမျှဖြင့် စန္ဒားနောက်မြီးဘက်တွင် ပျော်ပါးကျက်စားနေသော ငါးတန် အစရှိသော ငါးကြီး ငါးကောင်းများကို ရမိတတ်၏။ ငါးတန်ကဲ့သို့ အရှင်လှောင်ထား၍ရသော ငါးမျိုးကို အမြီးကို ကြိုးချည်၍ စန္ဒားတိုင်များတွင် ချည်လှောင်ထားပြီး အခြားလှောင်ထား၍မရသော ငါးများကို ခုတ်ပိုင်းဆားနယ်ပြီး အိုးဖြင့်သိပ်၍ သယ်ယူကြသည်။ ရွာသို့ပြန်ရောက်မှ ရောင်းချ စားသောက်ကြသည်။
ရေလုပ်ငန်းဟူသည် ကြီးကြီးကျယ်ကျယ် မလုပ်နိုင်ပဲ၊ ရေဦးရေမွှားရှာစားရသော လုပ်ငန်းများမှာ ကျိန်းသေတွက်၍ မရသဖြင့် အဘယ်မျှ နှစ်ပရိစ္ဆေဒ ကြာမြင့်စေကာမူ တိုးတက်မလာပဲ ဆင်းရဲတွင်း နက်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် ဉာဏ်မောင်နှင့် ခင်ထွန်းတို့မှာ လူငယ်များပီပီ ထွက်ပေါက်ရှာလိုကြသည်။ လုပ်ငန်းသစ် ပြောင်းလိုကြသည်။ ငွေကြေးအရင်းအနှီး မတတ်နိုင်ကြသဖြင့် လုပ်အားဖြင့် တီထွင်လုပ်ကိုင်ရသော လုပ်ငန်းမျိုးကို ရှာဖွေနေကြခြင်းဖြစ်သည်။
ထိုအချိန်မှာပင်သည် နွေဦးတွင်မှ ရွာသို့ လုပ်ငန်းသစ်တခု ရောက်ရှိလာ၏။ ရခိုင်လူမျိုး လေးဦး သယ်ဆောင်လာသော ငါးမျှားစကြာ လုပ်ငန်းပင်ဖြစ် သည်။ စရိတ် ကိရိယာနည်းသည်ဆိုစေကာမူ အထိအမိကောင်းလှသောကြောင့် မျက်စိကျဖွယ် ဖြစ်သည်။
လိပ်ကျောက်၊ ငါးမန်း၊ ငါးတန်၊ ကပ်ဘီလူး၊ ကပ်သ မျှင်ကြီးများအပြင် ပင်လယ်ငါးမျိုးစုံနှင့် တခါတရံ ရေဘဝဲကြီးများပင် ရသည်ကို မြင်ကြရသည်။
သို့သော် လုပ်ငန်း၏ အဓိကကျသော အချက်များကို မသိကြသဖြင့် တုပလျက် လိုက်လုပ်ကြရန် ခက်ခဲနေ၏။
ထိုလုပ်ငန်းကို အခြားရေလုပ်သားများနည်းတူ ဥာဏ်မောင်တို့လည်း စိတ်ဝင်စားနေသည်။ သို့ကြောင့် လေ့လာ၍ လိုက်လုပ်ကြရန် ဆုံးဖြတ်ကြသည်။
ဦးစွာ ခိုင်ခန့်သော နိုင်လွန်ကြိုးရှည် တချောင်း။
ငါးမျှားချိတ်များကိုမူ သုံးနေကျ ငါးမျှားကြီးများကို ထစ်ဖြုတ်၍ ခရေပွင့်သဏ္ဌာန် တွဲချည်လိုက်သည်။
“ကဲ- တန်းမှာ တွဲချည်ပြီးတာနဲ့ ဆင်းချလို့တော့ ရပြီ။ ဘယ်နေရာမှာ ချကြမလဲ”
ခင်ထွန်းက မေးသည်။
“ပင်လယ်တိမ်ဘက် သွားကြမယ်ကွာ အဲဒီဘက်က ငါးပေါတယ်”
နှစ်ယောက်သား ထိုဘက်သို့ ထွက်လာပြီး တန်းချကြသည်။
ပင်လယ်ဘက်မှ ဒေါသကြီးစွာဖြင့် ပြေးတက်လာသော ဒီလှိုင်းများသည် ကမ်းခြေသောင်ပြန့်ပေါ်သို့ ရောက်သည်နှင့် တဖန် ပြန်လည်ဆင်းသွားကြပြန်သည်။ လှိုင်းခတ်သံများ ကမ်းခြေတဝိုက် ဆူညံနေသည်။
ထိုညက တန်းချထားသော ပင်လယ်ကမ်းခြေပေါ်ဝယ် နှစ်ယောက်သား ထိုင်စောင့်ကြသည်။ ဆောင်းလက်ကျန်အဖြစ် နှင်းပွင့်နှင်းစက်များကို အခမဲ့ သယ် ဆောင်တိုက်ခတ်လာသော လေဒဏ်ကြောင့် ခိုက်ခိုက်တုန်မျှ ချမ်းအေးလှသော်လည်း ဇွဲဖြင့်စောင့်ကြသည်။
အိပ်ရေးပျက်သည့် ဒဏ်၊ ချမ်းအေးလှသည့် ဒဏ်များကြားမှ ဇွဲကောင်းကောင်းဖြင့် ထိုင်စောင့်ကြသော်လည်း ငါးမျှားများ အပိုင်းပိုင်း ကျိုးထွက် နေသည်ကိုသာ ဝမ်းနည်းဖွယ်ရာ မြင်တွေ့ကြရသည်။
( ဂ )
“ကဲ- ငါမပြောဘူးလား။ အလုပ်တခုဆိုတာ တကယ့်လက်တွေ့ကျယင် မလွယ်ပါဘူးဆို။ မင်း ခုတော့ သိပြီမဟုတ်လား။ ဆရာမပြ ငါးပိဖုတ်တောင် နည်းမကျဘူးတဲ့။ သူတို့ဆီမှာ နည်းလေးဘာလေး ခံယူယင် ကောင်းမယ်။ လူ အောက်ကျလို့ မသေနိုင်ပါဘူး ဥာဏ်မောင်ရာ”
“လွယ်လွယ်နဲ့ ပေးပါ့မလား ခင်ထွန်း ရ။ တံငါဆိုတာ ဟင်းစားသာ ပေးချင်ပေးမယ် … ကွန်ချက်ပြပါ့မလား”
“မင်း အဲဒီလို တယူသန်စိတ် မထားစမ်းပါနဲ့ ။ ဒီမှာ … အလုပ်တခုဆိုတာ နည်းမသိပဲနဲ့ စမ်းတဝါးဝါးလုပ်နေလို့ အကျိုးထူးမှာ မဟုတ်ဘူး။ စနစ်တကျဖြစ်အောင် တတ်ကျွမ်းတဲ့သူနဲ့ သင်ယူတာ အကောင်း ဆုံးပဲကွ”
“သူတို့က အလွယ်တကူ သင်ပေးပါ့မလား”
“ဟာကွာ သမုဒ္ဒရာရေ တယောက်တည်းသောက်လို့ ကုန်နိုင်တာမှ မဟုတ်တာ။ လာစမ်းပါကွာ- ဒီလူတွေကြည့်ရတာ ဒီလောက်ခိုင်းမယ်ပုံ မရှိပါဘူး”
ဥာဏ်မောင် မတတ်သာတော့ပဲ ခင်ထွန်း ခေါ်ရာသို့ လိုက်ပါရတော့သည်။ ငါးမျှားစကြာတန်းသမားများ နေသောနေရာမှာ ရွာအလွန် အုန်းတောစပ်တွင် စတည်းချနေကြခြင်း ဖြစ်သည်။
သူတို့နှစ်ယောက် ရောက်သွားသောအခါ ဝမ်းသာအားရ ဖိတ်ခေါ်ကြသည်။
“လာကြပါ … လာကြပါ၊ ဘာကိစ္စများ ရှိကြလို့ပါလဲ”
လေသံဝဲဝဲဖြင့် နှုတ်ဆက်သောအခါမှ ရခိုင်တိုင်းရင်းသားတွေမှန်း သိကြရသည်။ စုစုပေါင်း လေးယောက်ဖြစ်သည်။ ယာယီထိုးထားသော အုန်းလက်တဲတွင်းသို့ ဝင်ကြသောအခါ ရေနွေးကြမ်းခါးခါးနှင့် ငါးခြောက်ဖုတ်ဆီဆမ်းဖြင့် ဧည့်ခံကျွေးမွေးသည်။
“ကျွန်တော်တို့နှစ်ယောက်က ဒီရွာ ကပါပဲ။ သူက ဥာဏ်မောင်၊ ကျွန်တော်က ခင်ထွန်းပါ။ ရေလုပ်ငန်း လုပ်စားကြပါတယ်””
“ဟုတ်ကဲ့””
“လာတဲ့ ကိစ္စကတော့ အစ်ကိုတို့လုပ်နေတဲ့ ငါးမျှားစကြာလုပ်ငန်းကို စိတ်ဝင်စားလို့ လာပြီး လေ့လာတာပါ”
”အာ- ရပါတယ်ဗျာ””
ဘေးမှ နားထောင်နေသော ဥာဏ်မောင်သည် ငြင်းလိုက်လေမလားဟု တွေးတော၍ ရင်တထိတ်ထိတ် ရှိနေလေရာ ယခုမှပင် ဘဝင်ကျသွားဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။
“ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ ဝန်မလေးဘူးဆိုယင် ကျွန်တော်တို့ကို ပြောပြပါလား”
“ရပါတယ် … ဒီလုပ်ငန်းမျိုးက ကျွန်တော်တို့ကစပြီး တီထွင်တာမဟုတ်ပါဘူး။ ထားဝယ်ကမ်းရိုးတန်းဘက်က စကြတာပါ”
“ဩော်”
“အမြင်ကတော့ အထင်ကြီးစရာ မရှိပါဘူး။ ဒါပေမယ့် အထိအမိကောင်းတော့ ကျွန်တော်တို့လဲ ပြောင်းလုပ်ကြတာပါ”
“ဟုတ်တယ် … ငါးအစုံရတယ်လို့ ကြားတယ် ”
“ရပါတယ်၊ လုပ်ငန်းက သိပ်တော့ မခဲယဉ်းပါဘူး။ ရေတိမ်တဲ့ ပင်လယ်ကမ်းခြေမှန်သမျှ လုပ်လို့ရပါတယ်။
ပထမ ဒီတော့ အလျားရှည်ပြီး တောင့်တင်းခိုင်မာတဲ့ တန်းကြိုးတချောင်းကို မြစ်အလျားလိုက် တိုင်စိုက်ပြီး ခိုင်အောင်ချည်ရပါတယ်။ ဒီလိုချည်တဲ့အခါမှာလဲ ရေစူး မတိမ်လွန်း မနက်လွန်းတဲ့ နေရာမျိုးဖြစ် အောင် သတိထားရတယ်။
ရေတိမ်လွန်းယင် ငါးအတက်နည်းပြီး၊ နက်လွန်းပြန်ယင်လဲ မိတဲ့ငါးကို အဖမ်းခက်လို့ပါပဲ”
“ဪ… ဟုတ်ကဲ့”
“ငါးမျှားကတော့ ဒီက ငါးမျှားတွေနဲ့ မရပါဘူး။ ဒီက ငါးမျှားတွေနဲ့ဆိုယင် ကျိုးပဲ့ထွက်ကုန်တတ်တယ်။ ဒန်နဲ့ သတ္တု ရောထားတဲ့ ငါးမျှားတွေမှ ရတယ်။ သပ်သပ်ဝယ်ယူရတယ်။ နောက်ပြီး အဖျားမှာ ထစ်မထားရဘူး၊ အဖျားထက်နေဖို့ပဲ လိုတယ်”
“ဘာဖြစ်လို့လဲ အစ်ကို”
“အဖျား ထက်နေအောင် ငါးမျှားစကြာသမားတိုင်း တံစည်းတချောင်းတော့ ဆောင်ထားကြရပါတယ်။ ငါးတကောင်မိလို့ ဖြုတ်ယူပြီးတာနဲ့ အဖျားကို တံစည်းနဲ့ ချက်ချင်းသွေးရတယ်။ နောက်ပြီး ချည်တော့လဲ ခရေပွင့်သဏ္ဌာန်ဖြစ်အောင် ခပ်ဝိုင်းဝိုင်းထားရတယ်။ ဒါမှ ချိတ်မိယင် မလွတ်နိူင်မှာကိုး”
”ဟုတ်ကဲ့… ဒါထက် ဒီအလုပ်နဲ့ ပတ်သက်လို့”
ခင်ထွန်းက စကားစ, ပြတ်မည်စိုးသဖြင့် ဝင်ထောက်ပေးသည်။ ဉာဏ်မောင်ကမူ ရေနွေးကြမ်းတခွက် သောက်ယင်း မှတ်သားနေ၏။
“လုပ်ငန်း သဘာဝကတော့ ရှင်းပါတယ်။ ပင်လယ် ဒီလှိုင်းက ကမ်းပေါ်ကို အရှိန်နဲ့ ပြေးတက်လာတော့ ပင်လယ်တွင်းက သားငါးပေါက်တွေ ပါလာတာကို လိပ်ကျောက်၊ ငါးမန်း၊ ငါးတန် စတဲ့ ငါးကြီးတွေက နောက်က တက်လိုက်လာပြီး စားကြတယ်။ ဒီအကျနဲ့ ပြန်ဆင်းကြတဲ့အခါ ငါးမျှားစကြာက မိတဲ့နေရာကို ဖမ်းချိတ် ဆွဲထားလိုက်တာပါပဲ”
“တယ် ဟုတ်ပါလား”
“အဲဒီကျမှ စလွတ်-မှိန်း-လှံ တွေနဲ့ ထိုးပြီး ရေထဲဆင်းဖမ်းယူတာပဲ။ တခါတလေ ဖြုတ်လို့တောင် မနိူင်ပါဘူး။ ဒါပေမယ့် အဲဒီလို ဖမ်းယူတဲ့အခါမှာ မကျွမ်းကျင်ယင် အခက်အခဲ ရှိတတ်ပါတယ်”
“ကျွန်တော်တို့လဲ တသက်လုံး ရေလုပ်ငန်းနဲ့ လုပ် စားလာကြတာပဲ။ ဒီလောက်တော့ မညံ့ကြပါဘူးဗျာ”
”ထိုစကားကို ဝင်ပြောသူမှာ ဥာဏ်မောင် ပင် ဖြစ်သည်။ သူသည် စိတ်တွင်းမှ မခံချင်မှုကြောင့် လက်ထဲမှ ရေနွေးကြမ်းပန်းကန်ကို ကွပ်ပျစ်ပေါ် သို့ ခပ်ကြမ်းကြမ်း ပြန်ချလိုက်သည်။
ထို့ကြောင့် ခင်ထွန်း က အခြေအနေကို ဝင်ထိန်းရသည်။
“အခုလို ပြောပြတာ ကျေးဇူးတင်ပါတယ် အစ်ကို”
“ခင်ဗျားတို့ စိတ်ဝင်စားယင် ကျွန်တော်တို့မှာ ငါးများအပိုတွေ ပါလာပါတယ်။ ယူပြီး လုပ်ကြည့်ကြပါ လား။ ရေလုပ်ငန်းလုပ်နေကြတဲ့ ဘဝတူချင်း ကူညီပေးရာလဲ ကျတာပေါ့”
“ပိုကောင်းတာပေါ့ဗျာ”
“ကဲ-ဒါဖြင့် လက်တွေ့ သိရအောင် တညလောက် လိုက်ကြည့်ကြပါလား”
“ဟုတ်ကဲ့ ပိုကောင်းတာပေါ့”
“ဟင်း တခုမှ လိုကောင်းတာ မရှိပါလား”
“ဟား-ဟား-ဟား-ဟား”
ရယ်သံများသည် သဲပြင်ကိုဖြတ်လျက် အုန်းတောထဲသို့ ပြေးဝင်သွားကြလေသည်။
(ဃ)
ထိုညက ငါးများစကြာလုပ်ငန်းနှင့် ပတ်သက် လေ့လာခဲ့ကြပြီး နောက်တညတွင် မိမိတို့ဘာသာ ချကြည့်ကြရန် ပြင်ဆင်ကြသည်။
“ခုလိုဆိုပြန်တော့လဲ အတော်ကို လွယ်လွယ်ကူကူ ဖြ စ်နေပါလား ခင်ထွန်း”
“အေး ဒီလိုပဲကွ၊ လုပ်ငန်းတခုဟာ ဆရာမပြပဲနဲ့ ဘယ်တော့မှ နည်းမကျနိုင်ဘူး”
“ဟုတ်ပါတယ်၊ ဒါပေမယ့် မင်း ကြည့်နေ၊ ငါ သူတို့ထက်ကျော်အောင် လုပ်ပြမယ်”
“ဆရာကို ဘာဖြစ်လို့ အာခံချင်ရတာလဲ။ နှုတ်ဖြင့် ဖြစ်စေ ကိုယ်ထိလက်ရောက် ဖြစ်စေ၊ နည်းပေး လမ်းပြ သင်ကြားပေးတဲ့သူ မှန်သမျှ- ကိုယ့်ဆရာပဲ မဟုတ်လား။ ဆရာကို အာခံယင်-အာခေါင် လှံစူးတတ်တယ်နော်”
“မင်းကလဲ ငါက သူတို့ကို အာခံနေတာမှ မဟုတ်တာ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သာအောင်လုပ်မယ်လို့ ပြောတာပါ”
“ဟင်း- မင်းနဲ့တော့ ခက်ပါတယ်”
ခင်ထွန်းက စိတ်ပျက်လက်ပျက် ခေါင်းကိုခါယမ်းနေ၏။
ထိုညက နှစ်ယောက်သား ပင်လယ်ကမ်းခြေတွင် ငါးများစကြာချရန် ပြင်ဆင်နေကြသည်။
တဖြူးဖြူး တိုက်ခတ်နေသော ဆောင်းလက်ကျန်လေသည် ပင်လယ်ပြင်အနှံ့မှ နှင်းမှုန် နှင်းစက်များကို ဖြတ်သန်းတိုက်ခတ်လာသဖြင့် အေးစိမ့်စိမ့် ရှိလှသည်။ သို့သော် နှစ်ယောက်သား အေးရ ချမ်းရမှန်း မသိနိုင်။
ရေထဲတွင် တန်းဆွဲပြီးဖြစ်သော ငါးမျှားစကြာတန်း၏ တဘက်တချက်စီတွင် တယောက်စီခွဲ၍ တာဝန်ယူထားကြရသဖြင့် ဂရုတစိုက် ကြည့်ရှုနေကြသည်။
ပင်လယ်ပြင်တလျှောက် အလင်းရောင်အားနည်းလှသောကြောင့် ရေထဲမှမိနေသော သတ္တဝါများကို ခွဲခြားသိနိုင်ရန် ကြိုးကြိုးစားစား ကြည့်နေရသည်။
ဒီလှိုင်းသည် ကမ်းခြေသို့ တဝုန်းဝုန်း လာရောက် ပြေးတက်နေ၏။ ဒီလှိုင်း ပြန်ကျသွားလေတိုင်း ငါးမျှားစကြာတန်းမှ တာဝန်ကျေစွာ ငါးတကောင် မဟုတ် တကောင်တော့ မိအောင် ချိတ်ဆွဲထားနိူင်သည်ချည်း ဖြစ်၏။
ထိုသို့ မိလာသော သတ္တဝါများကို လက်ထဲမှ နှစ်ခွမှိန်းဖြင့် ထိုး၍ ကမ်းပေါ် သို့ ပစ်တင်ရသည်။ သို့နှင့်အတူ ငါးမျှားထိပ်ဖျားများကိုလည်း တံစည်းဖြင့် အစဉ် မပြတ် ပွတ်တိုက်ပေးနေရသည်။
ရေထဲသို့ ဆင်းလိုက်၊ ငါးမမိသည့်အခါ ကမ်း
ပေါ် တက်လိုက်ဖြင့် တညလုံးရေစို ဖြစ်နေရသည်။
ရေထဲတွင် မြုပ်နေစဉ် မထောင်းတာ။ ကမ်းပေါ် တက်လာသည်နှင့် ခိုက်ခိုက်တုန်မျှ ချမ်းလှသည်။
ဥာဏ်မောင်သည် ကမ်းပေါ်တွင် ပုံတင်ထားသော ငါးမျိုးစုံကို ကြည့်ယင်း ပီတိဖြစ်နေသည်။ လုပ်ငန်းသစ် တခုအနေဖြင့် ပွဲဦးထွက် ထိုမျှ အောင်မြင်နေခြင်းကို ဘဝင်ကျနေ၏။
ရေတက်လာသည်နှင့်အမျှ ကမ်းခြေတွင် ရေတိုးစ ပြုလာပြီ။ ဒီလှိုင်းသံ ပိုမိုကြမ်းလာသည်။ ကြည် လင်နေသော ပင်လယ်ရေသည် ကမ်းခြေနှင့် ထိတွေ့လိုက်သည်နှင့် နွံနှစ်ရောင်ပြောင်းသွားကြသည်။
ထိုအခိုက် ငါးမျှားတွင် ငါးတကောင်မိနေကြောင်းကို တွေ့ရသဖြင့် သောင်ပြင်တွင် စိုက်ထားသော မှိန်းကို ဆွဲနုတ်၍ ရေထဲသို့ ဆင်းသွားလေသည်။
ရေသည် ခါးသာသာမျှ နက်လာသဖြင့် တန်းကြိုးကို ဆွဲကိုင်မြှောက်ယင်း မိနေ့သော လိပ်ကျောက်ကို ဖမ်းမိနိူင်ရန် ကြိုးစားနေဆဲမှာပင် ခြေထောက်သို့ အေးစက်ပျော့ပျောင်းသော အရာဝတ္ထုတခု၏ ပတ်ဆွဲခြင်းခံလိုက်ရသဖြင့် လန့်သွားသည်။
အထိတ်တလန့် လှည့်ကြည့်လိုက်သောအခါ ရေပြင်ပေါ်ဝယ် ခပ်ရေးရေးတွေ့ နေရသော ရေဘဝဲတကောင်။
ငါးမျှားစကြာတွင် မိနေသော ရေဘဝဲသည် ဥာဏ်မောင့်ကိုယ်အနှံ့အပြားကို ပတ်ဆွဲနိုင်ရန်ကြိုးစားနေသည်။ ရုတ်တရက်ပေမို့ ထိတ်လန့်တကြား လက်ထဲမှ မှိန်းဖြင့်ထိုးသည်။ ပြီး ရုန်းထွက်သည်။
ခါးလယ်မျှ မြုပ်တက်လာသောရေထဲတွင် လှုပ်ရှားမှုသည် ထင်သလောက် မသွက်လက်၊ နှေးကွေးလွန်းနေသည်။
တစတစဖြင့် ရေသည် တိုး၍တိုး၍လာပြီ။
ရေဘဝဲ၏ လက်ချောင်းများသည်လည်း ဆုပ်ကိုင်ရစ်ပတ်နေကြဆဲ။ ပျော့အိအေးစက်သော ရေဘဝဲ၏ လက်ချောင်းများဖြင့် ထိတွေ့လေတိုင်း အသည်းထဲတွင် အေးစက်လာကာ ခွန်အားများ ဆုတ်လျော့လာသည်ဟု ခံစားရသည်။
“ခင်ထွန်း ရေ … ဟေ့ ခင်ထွန်း”
တိတ်ဆိတ်နေသော ညဉ့်ကာလတွင် ဥာဏ်မောင်၏ စူးစူးဝါးဝါး ခေါ်သံသည် ကမ်းခြေတဝိုက် ပျံ့နှံ့သွားသည်။
“ဟေး-“ဉာဏ်မောင် ဘာဖြစ်တာလဲ”
“လာပါဦးဟ … ဒီမှာ … ဒီမှာ”
အော်ယင်း ဟစ်ယင်းနှင့် ရစ်ပတ်လာသော ရေဘဝဲ၏ လက်များကို ကြိုးစားဖယ်ရှားနေရသည်။
မကြာမီ ခင်ထွန်း အပြေးအလွှား ရောက်လာသည်။
အခြေအနေကို ရုတ်ခြည်းတွက်ဆမိသဖြင့် ဓားတလက်ဆွဲ၍ ရေထဲခုန်ဆင်းလာပြီး တွေ့မြင်သမျှ ရေဘဝဲ၏ လက်များကို ခုတ်ဖြတ်ပစ်သည်။ ရေပြင်တွင် သွေးညှီနံ့များ ပျံ့နှံ့နေ၏၊ ဥာဏ်မောင် လွတ်သွားလေပြီ။
“ဟေ့ ဥာဏ်မောင် မြန်မြန်တက်စမ်း။ သွေးကြောင့် ငါးမန်းတွေ ရောက်လာလိမ့်မယ်”
နှစ်ယောက်သား ကမ်းပေါ်သို့ ခပ်သွက်သွက် တက်ကြသည်။ သဲပြင်ပေါ်သို့ ရောက်သောအခါ မောပန်းမှုကြောင့် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
ကိုယ်အနှံ့ ရေနှင့် ချွေးစက်များ ရောနှောနေ၏။ ချမ်းအေးသောအခါပင် ဖြစ်လင့်ကစား မောပန်းမှုကြောင့် ရင်အစုံတို့မှာ လှိုင်းနှင့်အပြိုင် မောက်ချည် နိမ့်ချည် ဖြစ်နေသည်။
“ဘယ်လို ဖြစ်ရတာလဲကွာ….”
အတန်ကြာမှ ခင်ထွန်းက မေးသည်။
“ရှေ့ ငါးများမှာ ချိတ်မိနေတဲ့ လိပ်ကျောက်ကို ဖမ်းဖို့ကြိုးစားနေတုန်း နောက်ငါးမျှားမှာ မိနေတဲ့ ရေဘဝဲက ဝင်ဆွဲတာပဲ။ အကောင်ကြီးတော့ ငါ မနိုင်လို့ မင်းကို လှမ်းခေါ်ရတာ”
“သတိမှ မထားပဲကိုးကွ။ ငါးမန်းတို့ မိကျောင်းတို့ ဆိုယင် မင်းမလွယ်ဘူး။ ဒါကြောင့် ငါပြောတယ် မဟုတ်လား။ နေရာတကာမှာ ဇွတ်မလုပ်ချင်ပါနဲ့ဆို။ ရမှ မရပဲကိုး။ ခု ငါရှိနေလို့ပေါ့။ မင်းတယောက်ထဲဆို ရေထဲက ပြန်မတက်နိုင်မှာ သေချာတယ်”
“လန့်သွားတာပဲကွာ….”
“မင်းနဲ့ ငါ့ကို ဟိုလူတွေက ငါးမျှားစကြာလုပ်ငန်းအကြောင်း ပြောပြတော့ အန္တရာယ်ရှိတယ်လို့ပြောတာ မင်း စိတ်မဝင်စားဘူး မဟုတ်လား။ အထင်သေးရပါ့မလားဆိုပြီး ဒေါပွသွားသေးတယ် မဟုတ်လား”
ခင်ထွန်းစကားကြောင့် ဥာဏ်မောင် သက်ပြင်းချလိုက်သည်။ တရေးရေးဖြင့် မိမိ၏အမှားများကို တွေးတောကာ နောင်တရနေမိသည်။ မိမိကိုယ်ကို အထင် ကြီးလွန်းသည့်စိတ်သည် နေရာတကာတွင် မကောင်းတတ်ပါလား။
“အေးကွာ- ငါ မှားသွားတယ်။ ကျွမ်းကျင်လိမ္မာမှုသာ အဓိကဆိုတာ ငါ သဘောပေါက်ပါပြီ။ နောက်ကို ဘယ်အလုပ်မျိုးမဆို ဆင်ဆင်ခြင်ခြင် လုပ်ပါ တော့မယ် သူငယ်ချင်းရယ်”
“အေး ဒီလိုမှပေါ့။ ခုမှ ငါ့သူငယ်ချင်း တကယ် အမြင်မှန် ရလာတော့တာပဲ။ ဝမ်းသာတယ်ကွာ”
ခင်ထွန်းနှင့် ဥာဏ်မောင်တို့သည် တဦးလက်ကို တဦးက တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ ဆန္ဒတူညီမှုဖြင့် ရင်မှ အားသစ်များ တိုးပွားနေပြီကို နားလည်လိုက်ကြသည်။
ကမ်းခြေသို့ ဦးတည်ရိုက်ခတ်လာသော ဒီလှိုင်းစစ်သည်တို့သည် နှစ်ယောက်သား၏ ခြေရင်းတွင် ကောင်းချီးပေးသည့်နယ်ရှိနေကြသည်။
သုန်သုန်ဖြူးနေသော ဆောင်းလက်ကျန်လေသည် ရေနှင့် ချွေးစက်များဖြင့် စွတ်စိုနေသော ရေလုပ်သားလူငယ်နှစ်ဦး၏ ခန္ဓာကိုယ်ကို ထွေးပွေ့နှုတ်ဆက်ယင်း ကမ်းခြေအထက် အုန်းလက်များဆီသို့ ခရီးဆက်သွားကြသည်။
ယခုတော့လည်း ပတ်ဝန်းကျင်သည် သာသာယာယာဖြင့် တင့်တယ်စွာ ရှိနေပြန်သည်။ ။
စစ်ပြန်မဂ္ဂဇင်း ၊ အမှတ် (၈၆)၊ နိုဝင်ဘာလ၊ ၁၉၈၅
– ပြီး –
စာရေးသူ – အောင်ခိုင်လင်း
Uncategorized