August 29, 2025

ငါးမြူးပုံ တဖုံဆန်း

ကျော်သစ်
ငါးမြူးပုံ တဖုံဆန်း

(၁)

သဘာဝတရားသည် ဆန်းကြယ်လှသည်။ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေရာမှ တခါတရံ ဆန့်ကျင်ဘက် ပြောင်းပြန်အနေအထား ဖြစ်လာတတ်သည်။ သဘာဝ၏ ဆန်းကြယ်မှုကို မသုံးသပ်မိသည့်အခါ လောဘ၊ ဒေါသ၊ မောဟ တရားတို့သည် ပေါ်ပေါက်လာတတ်သည်။

ယခုလည်း ကိုဇော်ထိုက် ဒေါသတကြီးဖြစ်မိသည်။

တော်သလင်းလဆန်း (၁) ရက်နေ့ ဆိုလျှင် တမြိုနယ်လုံးရှိ ပြည်သူပိုင် မြင်းဝင်းဆည်အားလုံး တည်ဆောက်ပြီးရမည်။ ငါးဖမ်းရရှိသည့် အနေအထား ရှိရမည်။

ပုဂံ ညောင်ပင်အင်းဦးစီးက မလိုက်နာ။ မြင်းဝင်းဆည်ကို တည်ဆောက်ပြီး ချောင်းကို ဖြတ်ထားသည့် လက်ဆွယ်တွေက မပြီး။ ကမ်းခြေ နှစ်ဘက်စလုံး သုံးလံစီလောက် ယင်း မပိတ်ရသေး။

အပေါ်ယံက “လွှားယင်း” မကာရသေးသည်ကို ထားဦး၊ အောက်ခြေက “ငုတ်ယင်း” ပင် မစိုက်ရသေး။ သည်အတိုင်း ဖွင့်ထားသည်။

အဘယ်မှာလာ၍ ငါးရပါအံ့နည်း။ ယင်း မကာရသေးသည့် ကမ်းခြေအစပ်က ဆင်းကုန်မည်။ သေချာပါသည်။ ဦးစီးအောက်က ပိုက်သမားများက ငိုက်ဆံ ပေးထားသဖြင့် ငါးတွေ လွှတ်ပေးသည်သာ ဖြစ်ရမည်။

ဤကိစ္စရပ်ကို မြိုနယ်မန်နေဂျာထံ တင်ပြပြီး အရေးယူခိုင်းရမည်။

ကိုဇော်ထိုက် မျက်နှာကို တည်တည်ထားလိုက်သည်။ ဦးစီးလုပ်ပုံတွေကို မကျေနပ်။ အောက်က ပုဂ္ဂလိက စီးပွားရေးသမားတွေအတွက် ငါးလွှတ်ပေးပြီး ပေါက်ကရ မလုပ်သင့်။ ငါးရသမျှကို တင်ပြီး ဌာနက သတ်မှတ်ထားသည့် စံနှုန်းကြေးတွေကို ထိုက်ထိုက် တန်တန် ထုတ်ယူသင့်သည်။

ယခုတော့ သည်သို့ မဟုတ်။ လုပ်ရက်သည့် ဦးစီးပါပေ။

(၂)

“မြင်းဝင်းဆည် လက်ဆွယ်တွေ အချိန်မီပြီးအောင် ပိတ်မထားတာကို မြို့နယ်မန်နေဂျာကို တင်ပြပြီး အရေးယူရမှာပဲ”

ကိုဇော်ထိုက် စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။

ဦးစီး ဦးသန်းငြိမ် ပြုံးနေသည်။ ဤကဲ့သို့သော ဖြစ်ရပ်တွေက ဖြစ်ရိုးဖြစ်စဉ်ပင်။ မိမိ လုပ်ကိုင်ထားသည်ကို ဆရာဦးဇော်ထိုက် သဘောမပေါက်သေး၍သာ ဒေါသဖြစ်နေသည်။ မိမိ ရှင်းပြလျှင် ဒေါသပြယ်သွားမည်ကို သိပြီးဖြစ်သည်။

ဤသို့ပင် တဦးကို တဦး ဒေါသဖြစ်လိုက်၊ ရှင်းပြလိုက်၊ စိတ်ပြေ လိုက်ဖြင့် လက်တွဲလာသည်မှာ သုံးနှစ် ကျော် ရှိလေပြီ။

“ကျွန်တော် ရှင်းပြပါ့မယ် ဆရာ”

“ရှင်းပြလဲ အပိုပဲ၊ ဒီကိစ္စက ခွင့်လွှတ်လို့ကို မရဘူး”

ဦးစီး ဦးသန်းငြိမ်၏ စကားကို ကိုဇော်ထိုက်က ဒေါသဖြင့် ပယ်ချလိုက်သည်။

“ဒီည ကျွန်တော် လက်တွေ့လုပ်ပြတာကို ဆရာတွေ့ယင် ခွင့်လွှတ်မှာပါ။ ကျွန်တော် လုပ်တာတွေကိုတော့ ဆရာ သည်းခံပြီး ကြည့်ပါဦး”

ဤမျှ တောင်းပန်နေသည်မို့ ဒီတညတော့ စောင့်ကြည့်မည်။ သို့သော် ကိုဇော်ထိုက် စိတ်ထဲတွင် နည်းနည်းမျှ မကျေနပ်။ မကျေနပ်မှုကို သူ၏ မျက်နှာထား ခပ်တင်းတင်းက ဖော်ပြနေသည်။

(၃)

ဖွင့်ထားသည့် မြင်းဝင်း လက်ဆွယ် ကမ်းစပ်မှ ချောင်းအထက်သို့ ငါးများ အလုအယက် တက်နေသည်။ ရေပေါ် ငါးအုပ်စုဖြစ်သည့် ငါးပတ်၊ ကကတစ်၊ ငါးဖန်းမ၊ ငါးဖယ်အောင်း (အင်းသမားအခေါ်အရ ငါးလာ) စုံလှသည်။ ရေတိမ်ကမ်းစပ်မှ ရေဆန် ကူးခပ်နေသည်။

ကိုဇော်ထိုက် ထိုးထားသည့် ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးအရောင်ကို ဂရုမပြုချေ။ တအုပ်ပြီး တအုပ်၊ တသုတ်ပြီး တသုတ် ကူးကြသည်။ မြူးကြသည်။

“ဘယ်လိုကြောင့် ဒီကောင်တွေ ချောင်းအထက်ကို လုတက်နေရတာလဲ ဦးစီးရဲ့”

ကိုဇော်ထိုက်က လေသံတိုးတိုးဖြင့် ဦးစီး ဦးသန်းငြိမ်ကို မေးလိုက်သည်။ တဘက်မှလည်း မိမိမျက်နှာပေါ်တွင် တင်နေသည့် မိုးရေစက်တိုကို သုတ်ပစ် နေသည်။

မိုးဖွဲဖွဲ မှောင်မည်းမည်းတွင် မြင်းဝင်းဆည်အထက် တက်နေသည့် ငါးများကို လှေတစင်းဖြင့် လာရောက် ကြည့်နေကြခြင်း ဖြစ်သည်။

ကိုဇော်ထိုက် အမေးကို ဦးစီးဦးသန်းငြိမ်က မကြားဟန်ပြုပြီး နေခဲ့သည်။ လှေလှော်သမားကိုသာ …

“ကဲ … တင်ငွေ၊ ရေတံခါးဆီကို လှော်ကွာ”

ရေတံခါးဆိုသည်မှာ ပဲခူး-စစ်တောင်း တူးမြောင်းမှ ရေထုတ်သည့်တံခါးကို ဆိုသည်။ ပုဂံ ညောင်ပင်အင်းသည်ပင် တူးမြောင်း၏ ရေနုတ်မြောင်းကြီးတခု ဖြစ် သည်။ တူးမြောင်းမှ ရေနှုတ်မြောင်းသို့ ရေထုတ်ရာတွင် လိုသည့်အခါ ရေကို လိုသလောက် ချိန်ဆထုတ်ရန် တံခါးတပ်ဆင်ထားရသည်။

တနာရီနီးပါး လှော်တက်ခဲ့ကြသည်။ သွားနေကျလမ်းမို့ မှန်းလှော်ရုံဖြင့် လိုရာရောက်လာခဲ့သည်။

“ဟေ့ … ဘယ်သူလဲ … ရပ်”

“သန်းငြိမ်ပါ”

ရေတံခါးစောင့်၏ အမေးကို ဦးစီး ဦးသန်းငြိမ်က ဖြေလိုက်သည်။ လှေကို ရေတံခါး သံဘောင်တန်းတွင် ချည်ပြီး တက်ခဲ့ကြသည်။

“ဟာ … ဆရာတို့ပါလား”

ရေတံခါးစောင့် ကိုပါနှင့် အင်းမှ လုပ်သား စောမောင်တို့နှစ်ဦးက ဆီးကြိုနေသည်။ လက်ထဲတွင် ရေနံဆီမီးခွက်အုပ်ဆောင်းကိုယ်စီ ကိုင်ထားကြသည်။

ဦးသန်းငြိမ်က ရေတံခါးများဆီသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

“အစွန်ဆုံး နှစ်ပေါက်စီ ဖွင့်ထားတယ် ဆရာ”

အင်းလုပ်သား စောမောင်က လှမ်း ပြောလိုက်သည်။ ရေတံခါး အောက်ခြေသို့ ဦးသန်းငြိမ် လက်နှိပ်ဓာတ်မီးဖြင့် လှမ်းထိုးလိုက်သည်။

ဖွေးဖွေးလှုပ်နေသည့် ငါးအုပ်တွေကို တွေ့နေရသည်။

ကိုဇော်ထိုက် အဖို့တော့ ဖြစ်ပျက်သမျှ အားလုံးနှင့် ဦးသန်းငြိမ်တို့ လှုပ်ရှားမှုတွေကို ကြည့်သာ နေရ သည်၊ ဘာတွေဖြစ်နေသည်ကို နားမလည်နိုင်အောင် ရှိတော့သည်။

ဦးစီး ဦးသန်းငြိမ်ကလည်း ဘာတခုမျှ ရှင်းမပြသေး။ လက်တွေ့သာ တခုပြီး တခု လိုက်ပြနေသည်။

“စောမောင်ရေ …တို့ ပြန်မယ်။ နောက် နာရီဝက်လောက် ဘေးတံခါးတွေ ဆက်ဖွင့်ထားပြီးယင် ပိတ်လိုက်။ ဘေးပေါက်တွေ ပိတ်ပြီးယင် အလယ် တည့်တည့်က နှစ်ပေါက်ကို နာရီဝက်လောက် ဆက် ဖွင့်ထား။ ပြီးယင် မင်း အင်းတဲကို ပြန်လာခဲ့”

“ ဟုတ်ကဲ့ ဆရာ”

သူတို့ ဆရာတပည့် အပြန်အလှန် စကားပြောနေစဉ်မှာပင် ကိုဇော်ထိုက်သည် လှေပေါ်သို့ ပြန်တက်နေသည်။ အပြန် ရေစုံခရီးမှာ နာရီဝက်သာသာ လှော်ရုံဖြင့် အင်းတဲသို့ ပြန်ရောက်ကြသည်။

“တင်ငွေ … ဆရာ့အတွက် ရေနွေးကြမ်းထည့်။ ငါးဖန်းမ ကြော်ထားတာတွေလဲ ရှိတယ်”

ဦသန်းငြိမ်က ယခုအထိ ဘာတခုမျှ ရှင်းမပြသေး။ ကိုဇော်ထိုက် သောက်ရန်စားရန် တပည့် တင်ငွေကို ပြောနေသည်။

မိုးအေးအေးမို့ ရေနွေးပူပူ နှစ်ခွက်ကို ဆင့်ကာဆင့်ကာ ကိုဇော်ထိုက် သောက်လိုက်သည်။ သူ့အဆီဖြင့်သူ ပြန်ကြော်ထားသည့် ငါးဖန်းမကြော် ကျွတ်ကျွတ်ကလေးကို ခေါင်းမှစပြီး ဝါးနေမိသည်။

“ငါးဖန်းမကြော်ဆိုတာ မန်ကျည်းရဉ်လေးနဲ့ စားမှ ကောင်းတာ ဆရာရဲ့”

ဦသန်းငြိမ်က ပြောပြောဆိုဆို မန်ကျည်းချဉ်ရေခွက် ကလေးကို ရှေ့မှာ လာချသည်။ ဝိုင်းမှာ ဝင်ထိုင်ပြီး တခြား ရောက်တတ်ရာရာ စကားတွေကိုသာ ပြောနေသည်။ ကိုဇော်ထိုက် သိချင်သည့်ကိစ္စကို တခွန်းမျှ မဟသေး။

“ဖျပ်ဖျပ် … ဝုန်းဝုန်း … ဖလပ်ဖလပ်”

အသံလာရာ မြင်းဝင်းလျောအတွင်းသို့ လှမ်းကြည့်မိသည်။ ဖွေးဖွေးလှုပ် ကျလာသည့် ကကတစ်အုပ်တွေ။ တဲပေါ် ရှိ ယင်းလုပ်သားများလည်း မြင်းဝင်းထဲသို့ အပြေးဆင်းကြသည်။ ဖမ်းသူက ဖမ်း၊ ဆူးချိပ်ဖြင့် ပေါက်သူက ပေါက်၊ တောင်းတွင်း ထည့်သူက ထည့်တော့သည်။

ကိုဇော်ထိုက်၏ ရင်ဝယ် ဖော်မပြနိုင်သော ဝမ်းသာမှုကို ခံစားရသည်။

မိမိတို့ ရေတံခါးမှ ပြန်လာသည့် အချိန်မှ ရေတွက်လျှင် တနာရီကျော်ကျော်ရှိပြီ။

“ရေတံခါးဘေးပေါက်တွေ ဖွင့်ထားစဉ်က မြင်းဝင်းနောက်မှာရှိတဲ့ ငါးအုပ်တွေဟာ အုပ်လိုက် လက်ဆွယ် ကမ်းဘေး အပေါက်ကနေ အထက်ကို တက်လာကြတယ်”

“ဘာဖြစ်လို့လဲ ဦးစီး”

“တူးမြောင်းထဲမှာရှိတဲ့ ရေတွေက နနှစ်ချို့ရေ ခေါ်တယ်ဆရာ။ နှစ်ချို့ရေဆိုတာ တူးမြောင်းထဲမှာ နှစ်ကြာကြာ ရှိနေခဲ့တဲ့ ရေကို ခေါ်တယ်၊ ကျွန်တော်တို့ ရေနှုတ်မြောင်းထဲမှာရှိတဲ့ ငါးထွေဟာ နှစ်ချို့ရေနံ့ကို ရတော့ သူ့သဘာဝအတိုင်း အထက်ကို အလုအယက် တက်လာကြတာပဲ ဆရာ”

“နှစ်ချို့ရေကို ဘာကြောင့် ငါးတွေက ကြိုက်ရတာလဲ ဦးစီးရဲ့”

“နှစ်ချို့ရေမှာ ကျွန်တော် သိသလောက် ပြောရယင် ရေ ပိုပြီး ညစ်ညမ်းတယ်။ ငါးတွေ ကြိုက်တတ်တဲ့ ပိုးကောင်လေးတွေ ပေါက်ဖွားမှု များတယ်ဆရာ။

နောက်ပြီး ငါးတွေဟာ ရေဆန်ကိုတက်တတ်တဲ့ သဘာဝ ရှိတယ်။ ရေတံခါးက ရေလွှတ်တော့ ငါးတွေဟာ မူလက ရေငြိမ်တူးမြောင်းထဲမှာ ဖြစ်သလို နေကြံပေမယ့် ရေစီးလေးတွေ့တာနဲ့ ရေဆန် တက်တော့တာပဲ ဆရာ”

“မူလက ရေတံခါးဘေးနှစ်ဘက်စီမှာ ဖွင့်ပြီးနောက် အလယ်ပေါက်တွေကို ဆက်ဖွင့်တာကရော ဘယ်လိုသဘောကြောင့်ဆိုတာ ရှင်းပြပါဦး”

“ဒါကတော့ ဆရာရယ် … ဘေးပေါက်တွေ ဖွင့်ထားစဉ်က ငါးတွေဟာ မြင်းဝင်းဘေးဘက်က ပန်းတက်လာတယ်။ အဲဒီ ငါးတွေကို ရေလယ်ကြောမှာ စုမိအောင် ဘေးဘက် အပေါက်တွေပိတ်၊ အလယ်အပေါက်တွေ ဖွင့်ရတာပါ ဆရာ။ အလယ်ပေါက်တွေ နာရီ ဝက်လောက် ဖွင့်ပြီးတော့ တံခါးကို လုံးဝ ပိတ်တယ်ဆိုယင် ငါးတွေဟာ အလယ်ရေကြောအတိုင်း မြင်းဝင်းဆည်ထဲကို ပြန်ဝင်ဖို့ စုံလာကြတော့တာပေါ့။ အခု ဆရာ မြင်ရတဲ့ ငါးတွေဟာ အဲ့ငါးတွေပေါ့ ဆရာ”

“ဪ … အင်း … ကျွန်တော် ရှင်းပါပြီ ဦးစီးရယ်။ နေ့ခင်းကတော့ ကျွန်တော် ဒေါသ အတော်ဖြစ်မိတာ။ ခုလို …”

“ကိစ္စမရှိပါဘူး ဆရာ”

ကျွန်တော့်စကား မဆုံးမီ ဦးစီးက ဖြတ်၍ ပြောသည်။

ယခုသော် ငါးတွေက တဝုန်းဝုန်း၊ ကိုဇော်ထိုက်၏ မျက်နှာပြင်မှာတော့ ပီတိပြုံး ….

ဪ…. အတွေ့အကြုံသည်သာ ပညာပါတကား။ ။

(စစ်ပြန်မဂ္ဂဇင်း)

– ပြီး –

စာရေးသူ – ကျော်သစ်

Leave a Reply

Your email address will not be published. Required fields are marked *