July 30, 2025

ငူသား ချိုးသား တစ်ဟင်းစား

မန္တလာသား
ငူသား ချိုးသား တစ်ဟင်းစား

“ဝါဆို ဝါခေါင်၊ ရေဖောင်ဖောင်” ဟူသော စာဆိုနဲ့အညီ “ပန်းလောင်မြစ်”ကြောတစ်လျှောက်မှာလည်း ရေများက ကမ်းပြည့်ကမ်းလျှံ ပေါင်းလန်ပြီး ဘေးဘက်ဝဲယာ စိုက်ပျိုးရေးခြံများထဲသို့ပင် ဒူးဆစ်ပေါင်လယ်အထိ ဝင်နေကြပေပြီ။

ပန်းလောင်မြစ်ကမ်းနဖူးတွင် တည်ရှိသော တဘက်ဆွဲကျေးရွာကလေးတွင်လည်း အနိမ့်ပိုင်းများတွင်ရေများဝင်နေကြပြီဟု သတင်းအတိအကျပေးလာသည်။

သတင်းရပြီး နောက်တစ်ရက်မှာပင် တဘက်ဆွဲရွာသို့ ဆိုင်ကယ်များနှင့် ကျွန်တော်တို့အဖွဲ့ ရောက်သွားကြသည်။ ကျွန်တော်တို့အပြင် စိုးသန်းအောင်၏ သူငယ်ချင်း မင်းမင်းနှင့် တရုတ်ကြီးတို့လည်း ငါးမျှားချင်၍ လိုက်ခဲ့ကြသေးသည်။

“ကိုင်း … ဦးမျိုးညွန့်ရေ၊ ခင်ဗျားပြောတဲ့ရေဝင်ချိန်မို့ငှက်ပစ်ဖို့ ကျွန်တော်တို့တော့ ရောက်လာကြပြီ။ အဲဒါ ငူသား၊ ချိုးသား ဟင်းစားလေးတော့ရအောင် စီမံပေးဦးနော်”

ကျွန်တော်က ရောက်မဆိုက် ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း ပြောလိုက်ခြင်းဖြစ်ပါသည်။

“ဟာ … အဲဒီအတွက်တော့ ဘာမျှစိတ်ပူမနေနဲ့။ စိုးသန်းအောင်ဆီက လာမယ်ဆိုတဲ့သတင်း ပို့လိုက်ကတည်းက အကုန်လုံး စီမံကိန်းဆွဲပြီးသားပါ။ ဒါနဲ့ ပစ်စရာ ခတ်စရာက ဘာတွေပါခဲ့လဲ”

“ပစ်စရာ ခတ်စရာကတော့ တရုတ်အောက်ဆွဲ လေသေနတ် နံပါတ်(၂) တစ်လက်နဲ့ တရုတ်ဘေးဆွဲနံပါတ်(၁) တစ်လက်အပြင် ရေထဲကငါး ပစ်ဖို့လည်း ငါးမျှားတံတွေ ပါလာတယ် မာမူမျိုးညွှန့်ရ”

တူဖြစ်သူ စိုးသန်းအောင်က လေသေနတ်(၂)လက်နှင့် နိုင်ငံခြားဂျွိုင်းဆက် ငါးမျှားတံများကို ထုတ်ပြီး ဆင်ပြလိုက်သည်။

“အင်း . . . ပစ္စည်းတွေကတော့ အကောင်းစားတွေပဲ။ လူတွေ လက်တွေကောင်းဖို့ပဲ လိုတော့တယ်။

“ဟာ … မာမူမျိုးညွန့်ကလည်း၊ လူတွေ လက်တွေ့ကတော့ အကျိုး တစ်ယောက်မျှ မပါပါဘူး။ အကောင်းကြီးပါပဲဗျ။ ဟဲ … ဟဲ … ဟဲ”

“အေးပါ။ အပြောကတော့ တယောပဲပေါ့။ လက်တွေ့ကျမှ အပြောနဲ့အလုပ် အဟုတ် ညီ မညီ ကြည့်ရဦးမှာပဲ”

“တကုကူးကူး”

“တကု ကူးကူးကူး”

“ဟော … အိမ်ခေါင်မိုးပေါ်က ချိုးကူသံဟေ့။ စိုးသန်းအောင် … မင်း မာမူကို လက်စွမ်းပြလိုက်စမ်းပါကွာ”

ကျွန်တော်က သူကိုင်နေကြ ဘေးဆွဲနံပါတ်(၁) လေသေနတ်ကို လှမ်းပေးရင်း ပြောလိုက်ခြင်းဖြစ်သည်။

စိုးသန်းအောင်မှာ ကျွန်တော်ပေးလိုက်သော သေနတ်ကိုယူလျက် ကျည်ထည့် မောင်းတင်ကာ ကူနေသော ချိုးကို ချောင်းပြီး ပစ်လိုက်ပါသည်။ ဖြောက်ခနဲ မြည်သံနှင့်အတူ ဖောက်ခနဲ မှန်သံကြားရပြီး ချိုးရလာပါတော့သည်။

“ကိုင်း … မြင်ပြီမဟုတ်လား မာမူမျိုးညွန့်။ ဒါ အကင်းရှိသေးတယ်နော်”

စိုးသန်းအောင်က ရလာသော ချိုးကို ဦးမျိုးညွန့်အား ပေးလိုက်ပြီး ခပ်ကြွားကြွားလေသံနှင့် ပြောလိုက်သည်။

“အေး … ဒီအတိုင်းဆို မဆိုးပါဘူးကွ။ ကိုင်း … မိန်းမရေ … မင်းတူနဲ့ ဧည့်သည်တွေအတွက် ထမင်းပွဲပြင်ပါဟေ့။ ငါ့အတွက်လည်း ရွှေမိ (တော အရက်)လေးနဲ့ အမြည်းယူခဲ့ပါဟေ့”

ဦးမျိုးညွန့်က ကျွန်တော်တို့အတွက် ထမင်းပိုင်းပြင်ခိုင်းပြီး သူ့အကြိုက် ယစ်ရွှေရည်နဲ့ အမြည်းကိုပါ ယူခိုင်းလိုက်ခြင်းဖြစ်သည်။

“ဟာ … မာမူကြီးပြောမှ သတိရတော့တယ်။ ဟောဒီမှာ မာမူကြီးအတွက် (Rum) ရမ်တစ်လုံး ယူလာတယ်။ ကျွန်တော်တို့လည်း ထမင်းမစားသေးပါဘူး။ စောပါသေးတယ်။ ကြုံတုန်းဆုံတုန်း မာမူကြီးနဲ့ တစ် ခွက် တစ်ဖလား ဝိုင်းဖွဲ့လိုက်ပါဦးမယ်။ ဘာဘီ (အဒေါ်) ရေး … ခုရတဲ့ ချိုးကို အမြည်းအတွက် တောက်တောက်စင်းကြော်ပေးပါနော်”

ယမကာပိုင်းတွင် အမြည်းများက စုံလင်လှပေသည်။ ချိုးကြော်၊ ငါးလေးကြော်၊ မြေပဲဆံကြော်၊ လက်ဖက်သုပ်၊ ငါးရံ့ရေချိုနှင့် မန်ဒါလီဆီပြန်ချက်တို့ဖြစ်သည်။ ရမ် တစ်ယောက် (၃)ပန်းကန်စီလောက် ဝင်သွားကြသောအခါ အာဝဇ္ဇန်းရွှင်လာကြသည်။ စကားနည်းသော မင်းမင်းပင် ပြောလာသည်။

“ဒါနဲ့ မာမူတို့ ဒီတဘက်ဆွဲမှာရော ငှက်အပြင် သားကောင်ကြီးတွေ မရှိဘူးလား”

“အေး … အခုတော့ အကြီးဆုံး ယုန်၊ ကြောင်နဲ့ ငှက်ကြီးတွေလောက်ပဲ ရှိတော့တယ်။ ငါတို့အရွယ်ကောင်းတုန်းကတော့ ပလိပ်၊ တဘက်ဆွဲ၊ ခံလူး၊ တံတားဦး ပတ်ဝန်းကျင်မှာ သမင်၊ ဒရယ်လောက်တော့ ရှိပါတယ်။ ဒါပေမဲ့ ခု ဒီဘက်ခေက်မှာ မတွေ့ရတော့ဘူးကွ”

“အန် … အန်ကယ် ဦးဘမင်းတို့ အမဲကြီးပစ်သွားရင် ဘယ်ဆီသွားပစ်ရတာလဲ။ တစ်ခါ တစ်ခေါက်လောက်ကြုံရင် ဗဟုသုတအဖြစ် လိုက်ချင်လို့”

ရေချိန်အတော်ကိုက်နေပြီဖြစ်သော တရုတ်ကြီးက ကျွန်တော့်ကို လျှာလေးကြီးနဲ့ မေးလိုက်ခြင်းဖြစ်သည်။

“ဗဟုသုတအဖြစ် လိုက်ချင်ရင် ရပါတယ်။ ဒါပေမဲ့ အခုလို နီးနီးနားနားလေးတင် အလွယ်တကူ သွားပစ်လို့တော့ မရဘူး။ အမဲကြီးရှိရာ တောတောင်တွေဆီ သွားပစ်မှ ရတာဆိုတော့ အချိန်ပေးရတယ်။ ချေ၊ သမင်၊ ဒရယ်၊ ယုန်၊ ကြောင် လောက်ဆိုရင်တော့ နှစ်ရက် သုံးရက်လောက်နဲ့ ရပါတယ်။ စိုင်၊ ပြောင်လိုအကောင်ကြီးတွေကျတော့ တစ်ပတ်၊ ဆယ်ရက်၊ ရက်နှစ်ဆယ်၊ တစ်လ ကြာတဲ့အထိ အချိန်ပေးရတယ်။ အဲဒါမှ အဆင်ပြေတာ”

“ဘာပဲဖြစ်ဖြစ်ဗျာ၊ တစ်ခေါက်လောက်တော့ လိုက်ဖြစ်အောင်ကို လိုက်ခဲ့မယ်နော်”

“အေး အေး … လိုက်ခဲ့ လိုက်ခဲ့”

ကျွန်တော်က ကျေနပ်အောင် ပြောလိုက်ရသည်။

“ကဲပါ … အဲဒီကိစ္စက အရေးမကြီးပါဘူး။ နောက်ကြုံတော့ လိုက်သွားကြပေါ့။ အခုတော့ ရေချိန်လည်း ကိုက်သွားကြပြီဆိုတော့ ထမင်းစားရအောင်။ ထမင်းစားပြီးရင် တစ်ဟင်းစား ငူနဲ့ ချိုးပစ်သွားဖို့ ပြင်ကြပေတော့”
ဦးမျိုးညွန့်က ကျွန်တော်တို့စကားကိုဖြတ်၍ ထမင်းစားပြီး ငှက်ပစ်သွားဖို့အတွက် ပြောလိုက်ခြင်းဖြစ်သည်။ သူ့သားမက် ဘိုတင်ကိုလည်း လှေ၊ တက်၊ ဘက်ထရီအိုး အဆင်သင့်ပြင်ထားဖို့ တစ်ဆက်တည်း ခိုင်းလိုက်တော့သည်။

xxx xxx xxx

ည(၁ဝ)နာရီ၊ ရွာလူခြေတိတ်မှ လှေဆိပ်သို့ ကျွန်တော်တို့ ထွက်ခဲ့ကြသည်။ မင်းမင်းနှင့် တရုတ်ကြီးတို့နှစ်ယောက်မှာ ငါးသမားများ ဖြစ်ကြ၍ ငှက်ပစ်မလိုက်ခဲ့ကြတော့။ မနက်စောစော ဝေလီဝေလင်းမှထ၍ ငါးလက်စွမ်းပြမည်ဟု ကြွေးကြော်နေကြသည်။

လှေပေါ်တွင် ကျွန်တော်၊ စိုးသန်းအောင်နှင့် လှေလှော်ပဲ့ကိုင် ဘိုတင် သုံးယောက်သာ ဖြစ်သည်။ စိုးသန်းအောင်က သူ့လက်စွဲတော် ဘေးဆွဲ နံပါတ် (၁)ကိုကိုင်လျက် လှေဦးမှထိုင်ပြီး သူ့နောက်မှ ကျွန်တော်က နံပါတ် (၂) လေသေနတ်ကို ဘေးချထားပြီး ဘက်ထရီအိုး (ဆလိုက်မီး)ကို ကိုင်ပြီး လိုက်ခဲ့သည်။

လှေသမားက ကမ်းမှခွာ၍ ထွက်လိုက်သည်နှင့် ကျွန်တော်က ဆလိုက်မီးကိုဖွင့်၍ တောင်တောင်မြောက်မြောက် ထိုးစမ်းလိုက်သည်။ မီးစပေါ့ကိုလည်း သေးသေး စိတ်ကြိုက်ဖြစ်အောင် ညှိလိုက်သည်။

လှေက ရွာဆိပ်ကမ်းမှ အတော်ဝေးဝေး မြစ်ပြင်ကျယ်ဆီ ရောက်လာကြသည်။ ရေက အတော်စီး၍ လှော်တဲ့သူက တက်ကို မနားတမ်း အတော်အားစိုက်လှော်နေရသည်။

“ဒီနေရာက ပန်းလောင်မြစ်အကြောင်းနေရာလေ။ ဒါကြောင့် ရေက ဒလဟောစီးနေတာ။ မြစ်ကြောင်းနေရာကျော်သွားရင် ရေငြိမ်သွားပါပြီ။ အထက်ပိုင်း အရင်သွားရအောင်နော်။ အထက်နားက ခြံတွေမှာ ဟိုတစ်လောက ငါးလုပ်ရင်း ငူအုပ်အိပ်တန်း တွေ့ခဲ့တယ်”

“အေး … အကွက်အကွင်း မင်းပဲသိတာ၊ ကောင်းမယ်ထင်တဲ့နေရာသာ အရင်သွားကွာ”

လှေက မြစ်ပြင်ကို ကန့်လန့်ဖြတ်သွားနေရာက အထက်ပိုင်းဆီသို့ ဦးတည်လိုက်သည်။ ရေကလည်း မြစ်ကြောင်းလွတ်သွားသဖြင့် ခပ်ဖြည်းဖြည်း ခပ်အီအီသာ စီးနေတော့သဖြင့် လှော်ရသူ သက်သာသွားသည်။

“အန်ကယ်မင်း … ငူအုပ်တွေ့ရင် နှစ်ယောက်ပြိုင်တူ ပစ်ရအောင်။ သေနတ်နဲ့ နဖူးစီးမီး အရံသင့်လုပ်ထားဦးလေ”

စိုးသန်းအောင် ပြောလိုက်မှ ကျွန်တော်က နဖူးစီးကို ဦးခေါင်းတွင်တပ်ဆင်လိုက်ပြီး နံပါတ်(၂)သေနတ်ကိုလည်း ကျည်တစ်စေ့ထည့်၍ မီးဖွင့်ပြီး ချိန်သားကိုက်အောင် ချိန်လိုက်ပြီး အရံသင့် ပြင်ထားလိုက်တော့သည်။

လှေက တဖြည်းဖြည်းနှင့် ခပ်မိုက်မိုက်တောအုပ်နားသို့ နီးလာသည်။ ဆလိုက်မီးကို ဖွင့်ကြည့်လိုက်မှ တောအုပ်မဟုတ်ဘဲ သရက်ခြံဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒီခြံရဲ့ ဟိုဘက်ကခြံမှာ တစ်နေ့က တွေ့ခဲ့တာ။ ငူတွေ အုပ်လိုက်ကြီး အိပ်နေတာ။ မီး အသေအချာရှာနော်ဦး။ ပစ်မယ့်သူကလည်း လောမကြီးနဲ့။ ဒီအကောင်တွေ ဒီအချိန်ဆို အိပ်လို့ သိုးနေမှာ။ နှစ်ချက် သုံးချက် ပစ်ရုံနဲ့ မပျံဘူး”

ပြောရင်းဆိုရင်း လှေက ပထမခြံဝရောက်လာသဖြင့် ကျွန်တော်က မီးစ ရှာလိုက်သည်။ သရက်ခြံမှာ ပင်ပျိုခြံ ဖြစ်သဖြင့် အပင်သိပ်မကြီး၊ သိပ်မမြင့်လှပေ။ စိုက်ထားပုံမှာလည်း အတန်းလိုက် အကွက်ကျကျမို့ မီးရှာလို့ အဆင်ပြေလှပေသည်။

မီးကို စေ့စေ့စပ်စပ်၊ အပင်လုံးနှံ့အောင် ရှာနိုင်ဖို့အတွက်တော့ လှေသမားက ဖြည်းဖြည်းလှော်ပေးနေသည်။ (8.V) ဘက်ထရီ မီးဆလိုက်ကလည်း ကောင်းလှသဖြင့် အကြိုအကြား၊ အရွက်ဖားဖားကြားတွင် ပုန်းခိုအိပ်နေသော ငှက်သေးသေးအကောင်ငယ်ကလေးများပင် အထင်းသားတွေ့ရသည်။

နောက် သရက်ပင် (၂)ပင်၊ (၃)ပင်လောက် ဆက်ရှာလိုက်သောအခါ ချိုးနှစ်ကောင် အိပ်နေသည်ကို တွေ့ရသဖြင့် လှေကို အချက်ပြ ရပ်ခိုင်းကာ စိုးသန်းအောင်ကို ပစ်ခိုင်းလိုက်သည်။

စိုးသန်းအောင်က စိတ်အေးလက်အေးပင် ချိန်၍ ပစ်လိုက်ရာ ချိုးတစ်ကောင်မှာ လည်တိုင်မှန်ပြီး အရုပ်ကျိုးပြတ် ကျလာတော့သည်။

“ကိုင်း စစချင်း လာဘ်ဦးကျိုးသွားပြီ။ ဒီည အကောင်များများ ဖောဖောရတော့မှာ သေချာတယ်”

ဘိုတင်က ငှက်ကိုကောက်၍ လှေဝမ်းထဲပစ်ထည့်ရင် ကျေနပ်စွာ ပြောလိုက်ခြင်းဖြစ်သည်။

ချိုးတစ်ကောင်တော့ ရပြီ။ ဒီတစ်ခါ ငူအလှည့်ပဲဟုပြောရင်း ရှေ့ခရီး ဆက်ခဲ့ကြပြန်သည်။

မကြာပါ၊ ငှက်ခါးတစ်ကောင်ကို တွေ့ရသဖြင့် ပစ်ခိုင်း လိုက်ရာ ဂဲ့ခနဲအော်ပြီး ရေထဲ ပြုတ်ကျသွားသည်။

“ဒီတစ်ခါတွေ့တဲ့အကောင် အန်ကယ်မင်း ပစ်ဦး။ ကျွန်တော်ပစ်တာ (၂)ကောင်ရသွားပြီ”

“ပစ်ပါ စိုးသန်းအောင်ရာ။ ဘယ်သူပစ်ပစ် အကောင်ရဖို့ အဓိကပါ”

“မဟုတ်ဘူးလေ … အန်ကယ်မင်း လက်စွမ်းလေးလည်း ပြဦးမှပေါ့”

“အေး အေး … လက်စွမ်းသိချင်တယ်ဆိုရင်တော့ ပြရမှာပေါ့”

လှေက သရက်ခြံ တစ်ခြံကျော်၍ နောက်တစ်ခြံသို့ ကူးခဲ့ကြသည်။

“ငူတွေ ဒီခြံမှာ တွေ့ခဲ့တာနော်။ အသေချာရှာ၊ ငှက်အသေးကောင်တွေ မပစ်နဲ့။ ငူနဲ့ ချိုးသာ ရွေးပစ်”

ဘိုတင်က လေသံတိုးတိုးနှင့်ပြောရင်း လှေကို သူတွေ့ခဲ့တဲ့ အပင်ဆီသို့ ဦးတည်လှော်သွားသည်။

ကြားက အပင်တစ်ပင်တွင် ချိုးနှစ်ကောင် ယှဉ်၍ အိပ်နေသည်ကို တွေ့သဖြင့် လှေသမားကို အချက်ပေး ကပ်ခိုင်းလိုက်သည်။ လှေက ချိုးအိပ်ပင်အောက် ရောက်သောအခါ ရပ်ပေးလိုက်သည်။
ဆလိုက်မီးကိုင်ထားသော ကျွန်တော်က စိုးသန်းအောင်ကို ပစ်ဖို့ပြောလိုက်သော်လည်း စိုးသန်းအောင်က မပစ်ဘဲ ကျွန်တော့်ကိုသာ ပြန်ပစ်ခိုင်းနေသဖြင့် ရှာမီးကိုပိတ်ကာ နဖူးစည်းမီးကို ဖွင့်လိုက်သည်။ မီးရောင်ထဲတွင် ချိုးနှစ်ကောင်က အဖွေးသား ပေါ်လွင်နေသလို ချိုး(၂)ကောင်၏ နောက် အထက်ကိုင်းတွင် စိမ်းဝါဝါ ငူတစ်ကောင်ကိုလည်း တွေ့ရသဖြင့် ချိုး(၂) ကောင်ကို ကျော်ပြီး နောက်မှ ငူ၏ တောင်ပံဖုံးကို အသေချာချိန်ပြီး နံပါတ် (၂) သေနတ်ခလုတ်ကို အညင်သာဆုံး ဖြုတ်ချလိုက်ပါတော့သည်။

သေနတ်သံ ဖြောင်းခနဲ မြည်သွားသည်နှင့် မရှေးမနှောင်းမှာပင် အိပ်နေသော ချိုး(၂)ကောင်မှာ တဖြန်းဖြန်းနှင့် တောင်ပံခတ်ပြီး ပျံထွက်သွားကြပါတော့ သည်။

“ဟာ မကျဘူး အန်ကယ်မင်း၊ ပျံကုန်ပြီ”

“အပိုင်ကြီးပစ်ရတာ ဘယ်လိုဖြစ်သွားတာလဲ ဆရာကြီး။ ခင်ဗျား သေနတ်က ဆိုဒ်ချိန်သီးများလွဲနေရော့လား”

“မလွဲပါဘူး ဘိုတင်ရ။ မှန်ပါတယ်ကွ။ မှန်သံမကြားလိုက်ဘူးလား”

“မှန်တဲ့ အသံလိုလိုတော့ ကြားလိုက်ပါတယ်။ ရှပ်မှန်သွားတာလား။ ပျံသွားတာကတော့ အကောင်းကြီးအတိုင်းပဲ”

ဤသို့ ပြောဆိုနေတုန်းပင် မှန်မှန်ချင်း မကျသေးဘဲခြေထောက်နဲ့ချိတ်ထားသော ငူမှာ အောက်သို့ ပြုတ်ကျလာတော့သည်။

“ဟ … ငူကြီးဟ။ ပစ်တာက ချိုး ကျတော့ ငူ၊ ဘယ်လိုလဲဟ”

လှေသမားက တအံ့တဩနှင့် နားမလည်စွာ ပြောလိုက်သည်။

စိုးသန်းအောင်က ချက်ချင်းတော့ ဇဝေဇဝါပုံစံနှင့် ကျွန်တော့်ကို ကြည့်လိုက်သည်။ ကျွန်တော့်မျက်နှာ ပြုံးဖြဲဖြဲကို မြင်မှ သဘောပေါက်သွားကာ-

“ဪ … အန်ကယ်မင်းက ဒါ သက်သက် ပညာပြလိုက်တာပေါ့လေ။ ချိုးမပစ်ဘဲ ငူပစ်လိုက်တာ”

“ပညာပြတာ မဟုတ်ပါဘူးကွာ။ ချိုးပစ်မလို့ ချိန်လိုက်မှ နောက်က ငူကို မြင်ပြီး ငူကို ပစ်လိုက်တာပေါ့”

ကျွန်တော်တို့အဖွဲ့မှာရတဲ့ ငှက်အကောင်ရေ မများသေးသော်လည်း ငူရသွားပြီမို့ ပီတိဖြစ်နေကြသည်။

လှေမှာ တဖြည်းဖြည်းနှင့် ခြံလယ်လောက် ရောက်လာသဖြင့် လှေသမားက လက်ဝဲဘက်ခြံထောင့်မှ သရက်ပင်ခပ်အုပ်အုပ်ဆီသို့ ဦးတည်လှော်လိုက်သည်။

“ကျုပ်တွေ့ခဲ့တာ အဲဒီအပင်အုပ်အုပ်မှာပဲ။ အသေအချာရှာကြည့်နော်”

ဘိုတင်ပြောသော သရက်ပင်မှ သုံးပင်မျှ လိုသေးသော်လည်း ကျွန်တော်က ကြို၍ မီးနှင့်ထောက်ကြည့်လိုက်ရာ ငူများ အုပ်လိုက်အိပ်နေသည်ကို တွေ့လိုက်ရသဖြင့် အသံတိုးတိုးနှင့် “ရှိတယ် … ရှိတယ် ၊ အုပ်လိုက်ပဲ” ဟု ပြောလိုက်ရသည်။

လှေက အတတ်နိုင်ဆုံး အညင်သာဆုံး ရေသံမကြားရအောင် လှော်သွားပေးသည်။ ကျွန်တော်ကလည်း ရှာမီးကို စိုးသန်းအောင် ပေးလိုက်ပြီး ကျွန်တော့် နံပါတ်(၂)နှင့် နဖူးစည်းမီးကို အရန်သင့်လုပ်လိုက် သည်။

စိုးသန်းအောင်ကလည်း သူ့ဘေးဆွဲနံပါတ်(၁)တွင် ကျည်ထည့် မောင်းတင်ပြီး အရန်သင့်လုပ်ထားလိုက်တော့သည်။

အပင်အောက် လှေရောက်တဲ့အထိ ငူများက တုတ်တုတ်မလှုပ် အိပ်ကောင်းနေပုံရသည်။ ငူအားလုံး အကောင် အစိတ် သုံးဆယ်ခန့် ရှိပေမည်။ သရက်ပင်လုံး စိမ်းဝါဝါအသီးများ သီးနေသည့်နှယ်ပင် အားရစရာ ကောင်းလှသည်။

စိုးသန်းအောင်ရော ကျွန်တော်ပါ မီးကိုယ်စီဖွင့်၍ ကြိုက်ကောင် တစ်ကောင်စီ ချိန်လိုက်ကြပြီး ပြိုင်တူလို မောင်းခလုတ်များကို ဖြုတ်ချလိုက်ကြသည်။ သေနတ်သံ (၂)ချက်နှင့်အတူ ‘ဖောက် … ဖောက်’ ဟူသော ထိမှန်သံများ ကြားလိုက်ရပြီး ငူ(၂)ကောင် ပြုတ်ကျလာတော့သည်။

ကျသော ငူများကို မကောက်နိုင်သေး။ ထပ်ပြီးကျည်ထည့် မောင်းတင်ပြီး နောက်တစ်ကောင်စီ ချိန်၍ ပစ်လိုက်ကြပြန်သည်။

ကျွန်တော်ပစ်လိုက်သောအကောင်မှာ ပျံဝဲပြီး ဝါးတစ်ရိုက်လောက်အကွာ ရေထဲသို့ ထိုးကျသွားသော်လည်း စိုးသန်းအောင် ပစ်သော အကောင်က မှန်ပြီး ချိတ်လျက် တောင်ပံတဖျတ်ဖျတ် ခတ်နေသဖြင့် အနီးအနားမှ အကောင်များ လန့်၍ ပျံကုန်ကြသည်။ ကျန်အကောင်များမှာလည်း နိုးကုန်ကြပြီး လှုပ်လှုပ်
ရွရွ ဖြစ်ကုန်ကြသဖြင့် နောက်တစ်ကောင်စီ အမြန်ဆုံးပစ်လိုက်ကြပြန်ရာ မှန်တော့ မှန်သည်၊ ချက်မလှသဖြင့် နေရာတင်မကျ၊ယ။ ထပျံသွားသော အကောင်များအုပ်နှင့် ရောပါသွားကြသည်။

ပျံသွားသောအုပ်ကို မီးတဆုံးလိုက်ထိုးကြည့်ရာ တချို့အကောင်များမှာ (၃) (၄)ပင်အကွာတွင် ပြန်နားသွားကြသည်ကို တွေ့ရသဖြင့် လိုက်ရန် ဟန်ပြင်ရပြန်သည်။

အပင်ပေါ်တွင် ချိတ်ပြီး တွဲလောင်းဖြစ်နေသော အ ကောင်ကို စိုးသန်းအောင်က ထပ်ပစ်ချလိုက်ပြီး ကျပြီးသားအကောင်များကိုကောက်လျက် နားသွားသော အပင်ဆီ ဦးတည်လိုက်ကြပြန်သည်။

နားပင်ကို အတိအကျမသိရသဖြင့် (၃)(၄)ပင် ပတ်ရှာမှ တွေ့ကြရသည်။ အရှင်းဆုံးမြင်ရသောအကောင်ကို စိုးသန်းအောင်က ပစ်လိုက်ရာ ခေါင်းကိုမှန်ပြီး အရုပ်ကြိုးပြတ်ကျလာပုံမှာ ကြည့်ကောင်းလှတော့သည်။

တခြားအကောင်များ ထ၍ပျံသွားကြသော်လည်း ငူတစ်ကောင်မှာ မပျံသေးဘဲ ကုပ်ကျန်နေသဖြင့် အသေအချာကြည့်လိုက်ရာ စောစောက မှန်ထားပြီး အုပ်နှင့်ပါသွားသော (၂)ကောင်မှ တစ်ကောင်ဖြစ်နေသည်။ ဒါတောင်ကျွန်တော်တို့ သုံးလေးချက် ထပ်ပစ်မှ ကျလာသည်။

“ကိုင်း … ဒီခြံအနေနဲ့တော့ တော်တော်နှံ့သွားပြီ။ မရှိလောက်တော့ဘူး။ အောက်ဘက်က ခြံတွေဆီ သွားကြရအောင်။ ဒီက ပျံသွားတဲ့အုပ် အောက်ခြံတွေဆီ သွားအိပ်ကြမှာ”

လှေက သရက်ခြံမှ မြစ်ပြင်ကျယ်သို့ ပြန်ထွက်လာခဲ့ကြသည်။ ကျွန်တော်တို့သွားမည့် အောက်ဘက်ခပ်လှမ်းလှမ်းတွင် ဆလိုက်မီးနှစ်ခုကို လှမ်းမြင်တွေ့ရသဖြင့် ကျွန်တော်က. . .

“ပော့ …တို့သွားမယ့် အောက်ဘက်မှာ တို့လို ငှက်ပစ်အဖွဲ့တွေ ရောက်နေပြီထင်တယ်ကွ၊ ဆလိုက်မီးတွေ မြင်တယ်”

“အဲဒါတွေက ငှက်ပစ်အဖွဲ့မဟုတ်ပါဘူး။ ငါးရှော့တိုက်သမားအဖွဲ့တွေပါ ဆရာကြီးရ”

လှေက မြစ်လယ်ကြော ရောက်သွားသဖြင့် ရေစီးအားနှင့် မြန်လှသည်။

လက်မှနာရီကို ကြည့်လိုက်တော့ (၁၂)နာရီကျော်နေပြီ။ သန်းခေါင်ယံလေပြည်စောညင်းကလေးက တိုက်ခတ်လာသဖြင့် ခပ်ချမ်းချမ်းပင် ဖြစ်လာသည်။ ဒါကြောင့် အချမ်းပြေစေရန် လှေကို ကူလှော်လိုက်ရသည်။

ကောင်းကင်ထက်မှ တဖျတ်ဖျတ် လင်းလက်လျက်ရှိသော ကြယ်ပွင့်ကလေးများ၏ အရောင်အဝါက ပန်းလောင်မြစ်ပြင်တစ်ကြောတွင် ရောင်ပြန်တောက်ပလျက်…။

xxx xxx xxx

ရွေ့လျားနေသော လှေကလေးက တဘက်ဆွဲနှင့် တံတားဦး ပေါင်းကူးပေးထားသည့် စီမံကိန်းတံတားကြီးအောက် ရောက်လာသည်။ မီးနှင့် တံတားပေါင်များဆီကို ထိုးကြည့်လိုက်ရာ ခိုတွေ တွေ့ရသဖြင့် စိုးသန်းအောင်က ငှက်စုံအောင်ဆိုပြီး ခိုတစ်ကောင် ပစ်ယူခဲ့သေးသည်။

တံငါရှော့တိုက်သွားအဖွဲ့နား ရောက်ကြသောအခါ ဘိုတင်၏အဖွဲ့များ ဖြစ်နေ၍ ငူသတင်း မေးလိုက်ကြသည်။

“ငါတို့ အောက်က ဆန်လာတော့ သရက်ခြံတွေ အောက်ဘက်က ရေလယ် လက်ခုပ်ပင်ကြီးမှာ ငူတွေအိ ပ်နေတာ တွေ့ခဲ့တယ်။ မြင်တော့ မြင်တယ်ကွ”

ကျွန်တော်တို့အတွက်တော့ မင်္ဂလာသတင်းကောင်းတစ်ခုပါပေ။

(၁၅)မိနစ်ခန့် စုန်လာမိသောအခါ လက်ဝဲဘက်ကမ်းမှ ခြံတစ်ခြံသို့ ဝင်မွှေကြည့်ကြသည်။ ခြံထဲရောက်သောအခါ သရက်ပင်များက အပင်သစ် အပင်ပျိုများ ဖြစ်နေ၍ အတော်သေးသဖြင့် ငူများ မတွေ့ရဘဲ ချိုးများသာ တွေ့ရသဖြင့် ချိုး(၂)ကောင် ထပ်ရပြန်သည်။ အပင်သေးသေး ပုပုတွင် တွေ့ရသောအကောင်များမို့ ပစ်ရသည်မှာ နီးလွန်းသဖြင့် နေရာတွင် ရကြသည်။

ခြံအတွင်း ကုက္ကိုပင်ကြီးအောက် ရောက်သောအခါ စွန်၊ ဗျိုင်း၊ ဇီးကွက်နှင့် အခြားငှက်ကလေးများအပြင် မမျှော်လင့်ဘဲ ကုပ်နေသော ငူတစ်ကောင် တွေ့ရသဖြင့် စိုးသန်းအောင်ကို အသေချာ ပစ်ခိုင်းလိုက်ရာ (၃) ချက်ပစ်မှ ကျလာတော့သည်။

“ကိုင်း … ဒီခြံတွေ လွန်ပြီး ဟိုဘက်ရေပြင်ထဲ ရောက်ရင် ရှော့သမားတွေ ပြောသွားတဲ့ လက်ခုပ်ပင်ကြီးရောက်တော့မယ်။ ပစ်ဖို့ အရန်သင့် လုပ်ထားကြဦး”

ခြံလွန်၍ ရေပြင်ကြီးထဲ ရောက်သွားသောအခါ လေက တဟူးဟူးတိုက်နေသဖြင့် လှိုင်းဂယက်ကလေးများပင် ထနေသည်။ ရေပြင်ကျယ်အလယ် တွင် ထီးထီးကြီးရှိနေသော လက်ခုပ်ပင်ကြီးဆီသို့ မီးထိုးကြည့်လိုက်သောအခါ ငူများ အိပ်နေသည်ကို လှမ်းမြင်ကြရသည်။

ယခု မြင်တွေ့ရသော ငူများမှာ စောစောက ပစ်ခဲ့ရသော ငူများလောက် မကြီး၊ ခပ်ငယ်ငယ် ချိုးသာသာ ခြေနီမျိုးဖြစ်သည်။

ဒီနေရာတွင် အကြောင်းဆုံ၍ ကျွန်တော် တွေ့ဖူး ပစ်ဖူး ရဖူးသော ငူ(၃) မျိုး တင်ပြချင်ပါသည်။

ပထမမျိုးမှာ ချိုးလည်ပျောက်သာသာ၊ ချိုးလင်းပြာ လောက်သာရှိပြီး အမွေးအရောင် စိမ်းဝါဝါနှင့် ခြေနီကလေးများရှိသော အမျိုး။

ဒုတိယအမျိုးမှာ ခိုငှက်လောက်ရှိပြီး အမွေးအတောင် စိမ်းဝါဝါနှင့် ခြေထောက်အဝါရှိသော အမျိုးနှင့် တတိယအမျိုးမှာ တောကြက်မတမ်းမလောက်ရှိပြီးအသွးအရောင်မှာ စိမ်းဖန့်ဖန့် ပြာနှမ်းနှမ်း မီးခိုးရောင်သမ်းနေပြီး ခြေထောက်မှာ အမည်းရောင်ဖြစ်သည်။

တောကြီး မြိုင်စပ်ဖျား၌သာ အတွေ့များပြီး ချိုးငနွား (ငှက်ငနွား) များနှင့် ဆင်လှသည်။ နေတော့ လည်းအုပ်လိုက်နေကြသည်။

“စိုးသန်းအောင်ရေ … အပင်ကလည်း မြင့်တယ်၊ လေကလည်း တိုက်တယ်ဆိုတော့ ဂရုထားပစ်မှ ရမယ်နော်”

အပင်နား လှေရောက်သောအခါ အနိမ့်ဆုံးအကောင်ကို ပတ်ပြီး ရှာကြည့်ကြသည်။ ပစ်ကွင်းအကောင်းဆုံးနှင့် အနိမ့်ဆုံးအကောင်ကို ရွေးပြီးမှ ပစ်ခိုင်းလိုက်သည်။

တစ်ချက် နှစ်ချက် ပစ်သည်။ လုံးဝမလှုပ်…။

“စိုးသန်းအောင် ကျည်ရော ထည့်ပစ်ရဲ့လား။ အကောင်က နကမ္ပတိ လုံးဝ မလှုပ်ဘူးဟ”

“ကျည်ထည့်ပါတယ် အန်ကယ်မင်းရ။ အကောင်ကကျည်လွှဲပါတယ်နဲ့ တူတယ်”

စိုးသန်းအောင်က ကျည်ထည့် မောင်းတင်လိုက်ပြန်သည်။

“ဒီတစ်ခါပစ်ရင် လေအတွက်ပါ ကြိုချိန်ပစ်ကွ။ ဒါမှထိမှာ”

ကျွန်တော်သတိပေးလိုက်သည့်အတိုင်း လေအတွက် ကြိုချိန်ပစ်လိုက်ဟန်တူသည်။ ဒီတစ်ချက်တော့ အကောင်ကိုထိပြီး ရေပြင်ပေါ် ခပ်လှမ်းလှမ်းသို့ ပျံဝဲကျသွားသည်။

တခြားအကောင်များကို ဆက်မပစ်အားသေးဘဲ ရေထဲကျသွားသည့် အကောင်ဆီ လိုက်ကောက်ကြပြီးမှ ပြန်လာကြသည်။

အနိမ့်ကိုင်းအနီးအနားက အကောင်များက ပျံကုန်ကြ၍ အမြင့်ခေါင်ဖျားက ထီးထီးရှင်းရှင်း အိပ်နေသော အကောင်ဆီသို့ မီးထိုးပေးလိုက်သည်။

မြစ်ပြင်လေက အတော်တိုက်နေသဖြင့် လှေကိုငြိမ်အောင် ဝါးလုံးစိုက်လိုက်ပြီး တစ်ဖက်ကလည်း တက်နှင့်ကလန့်ထိန်းပေးရှာသည်။

သေနတ်သမား စိုးသန်းအောင်ကလည်း အသေအချာစိတ်ကြိုက်ချိန်၍ (၅) ချက်မျှပစ်သော်လည်း အကောင်က အိပ်မက်မက်တုန်းပင်။ ဒါကြောင့် သူက ကျွန်တော့်ဆီမှ စပေါ့မီးကို ပြောင်းယူလျက် ကျွန်တော့်ကိုအပစ်ခိုင်းတော့​၏။

ကျွန်တော်က နံပါတ်(၂)သေနတ်ကို ကျည်ထည့် မောင်းတင်လျက် ထီးထီးကြီး ချိန်ကွင်းကောင်းလှသောငူကို တိတိကျကျ ချိန်ပစ်လိုက်သည်။

မမှန်။

ဒါကြောင့် ဒုတိယမ္ပိ၊ အကောင်၏ တစ်ကိုယ်စာ လေအတွက် ကြိုချိန် ပစ်လိုက်ပြန်သည်။

မထိ။

သို့သော် အကောင် အနည်းငယ် လှုပ်ရှားသွားသည်။
တတိယအကြိမ် အကောင်နှစ်ကိုယ်စာမျှ ကြိုချိန်၍ဝပစ်လိုက်ရာ တဝှီးဝှီးဝလေတိုက်သံကြားမှ ဖောက်ခနဲ ကျည်မှန်သံကြားရပြီး အပင်ထိပ်ဖျားမှ ငူမှာ ကျွမ်းထိုးမှောက်ခုံ ကျလာပါတော့သည်။

လှေသမား ဘိုတင်ရော၊ စိုးသန်းအောင်ပါ သဘောကျလွန်း၍ ပါးစပ်မှ ကောင်းလိုက်တဲ့ပစ်ချက်၊ ဘယ်လိုများ ပစ်လိုက်လဲ အန်ကယ်မင်းရာဟု အသီးသီး ချီးကျူးစကားများ ပေါ်ထွက်လာကြသည်။

“မဆန်းပါဘူး စိုးသန်းအောင်ရာ။ ဒါက အတွေ့အကြုံနဲ့ ဝါက စကားပြောသွားတာပါ။ လေပြည်၊ လေညင်း၊ လေပြင်းဆိုတဲ့ လေတိုက်နှုန်းတွေကို ကြည့်ပြီး ကြိုချိန်ပစ်နည်းနဲ့ ပစ်လိုက်လို့ မှန်တာပါ”

“ကျွန်တော်လည်း ကြိုချိန်ပစ်တာပဲ အန်ကယ်မင်းရာ၊ ဒါပေမဲ့ လုံးဝကို မထိဘူး”

“ဒါက ဒီလိုရှိတယ်ကွ။ လေတိုက်နှုန်းကိုကြည့်ပြီး တစ်ကောင်စာ ကြိုပစ်၊ နှစ်ကောင်စာ ကြိုပစ် ကြည့်ရတယ်။ နောက်ပြီး မင်းနံပါတ်(၁) ကျည် အလေးချိန်နဲ့ ငါနံပါတ်(၂)ကျည် အလေးချိန်ကလည်း ကွာတယ်လေကွာ။

ကဲပါ … ဒါတွေ နောက်တော့ ဝါရင့်လာ၊ အတွေ့အကြုံရင့်လာတာနဲ့ အလိုလို သိလာမှာပါ။ အခုတော့တို့ပစ်ရလာတဲ့အကောင်တွေ စစ်ကြည့်စမ်းပါ။ ဘယ်နှစ်ကောင်လောက် ရှိပြီလဲလို့”

လှေသမားလေးက ရထားသောလှေထဲမှ ငှက်များကို ရေတွက်စစ်ဆေးကြည့်လိုက်သည်။

“ငူ(၁ဝ)ကောင်၊ ချိုး(၃)ကောင်၊ ငှက်ခါး(၁) ကောင်၊ ခို(၁)ကောင်၊ ပေါင်းအားလုံး (၁၅)ကောင်တိတိပဲ ဆရာကြီးရေ”

“ကိုင်း … ဒီလောက်ဆို တစ်ဟင်းစားရပါပြီ။ မနက်(၃)နာရီလည်း ထိုးနေပြီ။ ဒီကပဲ လှည့်ပြန်ကြစို့”

အပြန်ခရီးကား ရေအဆန်မို့ ကျွန်တော်တို့ပါ ကူလှော်ကြရသည်။ စကားတပြောပြောနှင့်မို့ ပင်ပန်းမှန်းမသိ၊ ဆိပ်ကမ်းသို့ ရောက်ခဲ့ကြသည်။

ငါးဆရာကြီးများက အိပ်ရာမှ မထကြသေး။အိပ်ကောင်းတုန်း ဟောက်ကောင်းတုန်း ရှိကြသေးသည်။

သူတို့ ငါးဟင်းစားက ဘယ်ဆီမှန်း မသိသေး၊ ကျွန်တော့်ကို လေသေနတ်သမား မုဆိုးများ၏ ငူသား၊ ချိုးသား တစ်ဟင်းစား ငှက်များကတော့ ပိုင်ပိုင်နိုင်နိုင် လက်ဝယ်တိုင်လာနိုင်ခဲ့ကြသည်ကတော့ အမှန်ပင် ဖြစ်ပါတော့သည်တကား…။

သည်းထိတ်ရင်ဖို မဂ္ဂဇင်း

– ပြီး –

စာရေးသူ – မန္တလာသား

Leave a Reply

Your email address will not be published. Required fields are marked *