#ချမ်းမြအောင်
သင်္ကြန်မိုးလေး သုံးလေးပြိုက်လောက် ရွာပြီးသည်နှင့် အဘမောင်တို့ လယ်သမားတွေ အလုပ်များစ ပြုလာသည်။
မိုးတပြိုက်မျှ ရွာပြီးစ၊ မြေသင်းနံ့တို့သည် ခပ်သင်းသင်း မွှေးနေ၏။ နှစ်စဉ် ဆိုသလို သင်္ကြန်မိုးသည် အဘမောင်တို့ လယ်သမားတွေကို စိန်ခေါ် လိုက်သည်နှင့် တူလှသည်။ တခြိမ့်ခြိမ့် ခြိမ်းနေသော မိုးကြိုးထစ်သံသည် အလုပ်ချိန် နာရီကြီးသဖွယ် သတိပေးနေ၏။
ရေစစ်စလီ ငှက်မောင်နှံတို့သည် စုံတွဲတွဲကာ “ကလပ် … ကလပ်” ဟူသော အသံတို့ဖြင့် ကုက္ကိုပင် ခေါင်းဝကြီးတို့တွင် ဝင်ချည်ထွက်ချည် လုနေကြသည်။
အဘမောင်အဖို့ ဤသို့ မြင်နေရ၊ ကြားနေရသည့် အသံတွေ၊ မြင်ကွင်းတွေက ယခုနှစ်အတွက် အားမာန်အသစ်တို့ကို ထပ်လောင်းပေးလိုက်သကဲ့သို့ပင်။
ကြည့်လေ။ ရေဒီယိုမှလည်း အဘမောင် ငယ်ငယ် ကတည်းက အသည်းစွဲ ကြိုက်လာခဲ့သည့် “လယ်သမား သီချင်း”။
သည်နောက်တော့ အဘမောင်သည် အိမ်နောက်ဖေးတွင်ရှိသော သစ်ရွက်ဆွေးများကို လယ်ကွင်းထဲသို့ လှည်းဖြင့် တိုက်လေတော့သည်။ သစ်ရွက်ဆွေးများကုန်တော့ လယ်တဲဘေးရှိ နွားချေးများကို ထပ်၍ သယ်သည်။
ပုအိုက်အိုက် နွားချေးပုံလေးများသည် တပုံနှင့်တပုံသိပ်ပြီးမဝေး။ တလံကျော်ကျော်လောက်ပဲ ရှိမည်။ ဖြောင့်ဖြောင့်တန်းတန်းလေးမို့ ကြည့်၍ တမျိုးကောင်းနေသည်။
ခါတိုင်းဆိုလျှင် အဘမောင်နှင့် ငြိမ်းမယ် သားအဖ သည်လို အလုပ်မျိုးကို လုပ်ကြ၏။
ငြိမ်းမယ်က ကားစပယ်ယာနှင့်တူသော အဘမောင်၏ အမိန့်သံကို နားစွင့်ထားယင်း …
ရပ် ဆိုလျှင် ရပ်၊ သွား ဆိုလျှင် သွား။
တခါတရံ မြို့မှ ပြန်ခါစ ငြိမ်းမယ် ရုပ်ရှင်ကြည့်လာခဲ့သည်ကို ပြန်၍ တွေးမိကာ စိတ်ကူးယဉ်နေတတ် သည်။
ထိုစဉ်ပါးစပ်မှ “တက်” ဟူ၍ ယောင်ယမ်း ထွက်သွားသဖြင့် နွားလှည်း ရှေ့သို့ ရုတ်တရက် ထွက်သွား၏။
ထိုအခါ လှည်းမြီးတွင် ပေါက်ပြားကိုင်၍ ရပ်နေသော အဘသည် ကိုယ်ဟန်မထိန်းနိုင်ပဲ အောက်သို့ ကျသွားတော့သည်။
ငြိမ်းမယ်က အဘကို ကြည့်ပြီး “ခစ်”ကနဲ ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ကျိတ်၍ ရယ်မိသည်။
“တယ် … အရူးမ”
အဘမောင်က သည်လောက်ပဲ ပြောသည်။
ငြိမ်းမယ်သည် အဘ၏ အသည်းအသက်ပင် မဟုတ်လော။ ချစ်လိုက်သည်ကလည်း တုန်လို့။
အဘမောင် စိတ်တိုတာ တခုတော့ရှိသည်။ ထိုကား လှည်းရပ်ရာတွင် အကွာအဝေး ညီမှ ကြိုက်သည်။ သို့မှလည်း နွားချေးတို့သည် တပုံနှင့်တပုံ အကွာအဝေး ညီလာမည်ဖြစ်၏။
အဘမောင်သည် စနစ်ကြီးလွန်း၏။
“တော်ပြီ … ရပ်တော့ သမီး”
ငြိမ်းမယ်က စုတ်သပ်၍ ရပ်လိုက်သည်။မြေဆွေးတို့ လည်း ကုန်ပြီ။ အပြီးသတ်မို့ လှည်းကတ်ကိုပါ ဖြုတ် ၍ ခေါက်ခါ ချခဲ့သေးသည်။ စပါး သယ်ရသကဲ့သို့လှည်းခင်းဖျာ မလို။
ခုတော့ ငြိမ်းမယ် နေရာတွင် သမက် မောင်အေး အစားထိုး ဝင်ရောက်လာ၏။ မောင်အေးသည် ရိုးရိုးအေးအေးမို့ အဘမောင်ကိုယ်တိုင် သဘောတူ၍ ပေးစားခဲ့ခြင်းပင်။ အဘမောင်အပေါ် တစုတပုံတည်း ထားသော အချစ်ကို မောင်အေးအား မျှဝေစေ၏။ ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာနှင့် တထောင့်ငါးရာမေတ္တာတို့ကတော့ မတူကြရိုး အမှန်ပင်။
မိဘ တမျက်နှာမှ ခင်ပွန်း တမျက်နှာ ထပ်ပြီး ပိုလာတာတော့ ငြိမ်းမယ် သတိထားမိသည်။ အချစ်ကို နှစ်မျိုး ခံစားလာရသည်၌ ငြိမ်းမယ်အတွက် နှလုံးသား ခံစားမှု အရသာနှစ်မျိုး ခံစားနေရ၏။
ဟုတ်ပါသည်။ တူတာတော့ မတူ။ ငြိမ်းမယ် တိတိကျကျ သိလာသည်။
xxx xxx xxx
ရန်ငြိုးကြီးစွာ ဝှေ့ယမ်းသွားသည့် လေပွေကြောင့် အဘမောင်၏ တဲခေါင်မိုး လန်သွားသည်။ လန်သွားသော သက်ကယ်ကို ဝါးလုံးဖြင့် တက်၍ ဖိရသည်။ အတော် သပ်သပ်ရပ်ရပ်ရှိသွားမှ အဘမောင် ခေါင်မိုးပေါ်မှ ဆင်းသည်။
လယ်စောင့်တဲဟု ဆိုရငြား အဘမောင်၏တဲသည် ခြေတံရှည်ကား မဟုတ်ပေ။ သုံးပွင့်ဆိုင် ဖြစ်နေသော လက်ပံပင်ခြေရင်းမှာ ကပ်၍ ဆောက်ထားခြင်း ဖြစ်သည်။
လေတိုက်လာပြီ ဆိုသည်နှင့် လက်ပံရွက်တို့၏ ရွက်ချင်းထိခတ်သံတို့ကို ပထမဆုံး ကြားလိုက်ရ၏။ အရွက်သံတို့ “တရှဲရှဲ” မြည်လာပြီးနောက် တဲသည် လှုပ်ခါယမ်းလာတော့သည်။
ဗယ်ညာတိမ်း၍ ကနေတတ်သော ပဲပြားပင်တို့သည် လေထဲ ပြတ်၍ လွင့်မစဉ်ဘိသကဲ့သို့ ပျော့ပျောင်းလှသော အဘမောင်၏ တဲသည်လည်း လေပြင်းဒဏ်ကို နွဲ့ကာယိမ်းကာဖြင့် ခုခံရှာ၏။ လေသည် သက်ကယ်ကြားက ခပ်မြန်မြန် တိုးထွက်သွားသည်ကိုက တဲ၏ ခိုင်ခံမှုကို အခြေခံနေ၏။
မိုးကျခါစမို့ တောင်လိုလို, အနောက်လိုလို ဝှေ့ကာဝိုက်ကာ တိုက်ခတ်တတ်သော လေသည် မိုးပြေးတို့ရှေ့မှ တို့ကာ,တို့ကာ ကလူကျီစယ်တတ်သေး၏။
ခုလို မိုးဦးကျ လေဦးကျအချိန် ရောက်လာမှဖြင့် အဘမောင် ဘယ်ဆီဘယ်ဝယ်ကို လွမ်းရမှန်းမသိ။ ဇနီးဆုံးခါစကတော့ ထားတော့။ ခု သမီးလည်း သူ့အနားတွင် ရှိနေပြီ။
ခက်ပါသည်။ လူ၏ စိတ်စေတသိက်ကား နူးညံ့လှ၏၊ ဆန်းကြယ်လှ၏။
အထူးသဖြင့် မိုးဦးကျအချိန်။
အတိတ်အကြောင်းတို့ကို ပြန်လည်တွေးတောတတ်ကြ၏။
ဤရာသီကား နူးညံ့ပျော့ပျောင်းသော ရာသီ ဖြစ်လေစွ။
xxx xxx xxx
သိမ့်ကနဲ ခါသွားသော တဲကြောင့် အဘမောင် အပြင်သို့ ထွက်လိုက်သည်။
ကပိုကယိုဖြင့် လေအလာကို စိမ်းစိမ်းကားကား ကျောပေးနေသော ပျိုးပင်လေးများသည် မြကမ္ဗ လာခင်း၍ ထား၏။ ရက်သားမို့ အပင်တို့ကား သိပ်မရှည်သေး။
ရေစပ်ကျင်းသာသာမျှရှိသော ပျိုးခင်းကို လိုက်လံ စစ်ဆေးပြီးနောက် အဘမောင် ဖိုးခတို့တဲဘက်သို့ ထွက်ခဲ့၏။
ဖိုးခတို့ တဲတွင် ရေနွေးကြမ်းအိုး ပြတ်သည်ဟူ၍ မရှိ။
အဘမောင်တို့ ရေနွေးကြမ်းဝိုင်းတွင် မိုးလေဝသ အကြောင်း၊ သင်္ကြန်စာအကြောင်း၊ ထို့နောက် မိုးဦးကျစတွင် ဖြစ်တတ်သော နွားများ၏ ခွာနာ လျှာနာ ရောဂါအကြောင်း။
“အဘရေ … ထမင်းစားရအောင်ဗျို့”
ထမင်းလာပို့သော မောင်အေး ရောက်လာမှ စကားဝိုင်း ပြတ်သွားသည်။
“အေး … အေး … လာမယ်ဟေ့”
စကားလက်စဖြတ်ပြီးနောက် တဲဆီသို့ ခပ်သုတ်သုတ် ပြန်လာ၏။
မောင်အေးသည် အဘမောင်အတွက် ငြိမ်းမယ် ဝယ်ပေးလိုက်သည့် ဆေးလိပ်၊ ကွမ်း၊ ကွမ်းသီး၊ ဆေးရွက်ကြီးတို့ကို ပလတ်စတစ်အိပ်ထဲသို့ ထည့်ပေးနေ၏။ ထို့နောက် ထားနေကျ တဲခေါင်မိုးကြားတွင် ညှပ်ထားလိုက်၏။
သည့်နောက်တွင် အဘအတွက် ငြိမ်းမယ် မှာလိုက်သည့် စကားများကို ပြန်၍ ဖောက်သည်ချလေတော့သည်။
ထိုအခါ အဘကား ထမင်းဝါးလိုက်၊ ပြုံးလိုက်၊ တဖန် ရယ်မောလိုက်။
အချို့ စကားတွေဆို ဝါးလက်စထမင်းကိုပင် ဆက်၍ မဝါးသေးပဲ ပါးစပ်စေ့စေ့ကြီးဖြင့် စူးစူးစိုက်စိုက် နားထောင်နေ၏။
အချို့ စကားတွေဆို မျက်ခုံးနှစ်ခုကို အပေါ်သို့ ပင့်တင်ကာ နိမ့်ချည်မြင့်ချည်ဖြင့် နားထောင်နေ၏။
အချို့စကားတွေဆို မြုံ့မြုံ့ကြီးလုပ်ပြီး ပြုံးနေသောကြောင့် တွဲကျနေသော ပါးပျဉ်းကြီးများသည် အရုပ်ဆိုးစွာပင် တွန့်နေရှာ၏။
ဩော် … မိဘတို့ဝမ်းကား ငြိမ်းချမ်းလေစွ။
xxx xxx xxx
အနောက်ယွန်းယွန်းဆီသို့ မေးတင်နေပြီဖြစ်သော နေရောင်သည် တဖြည်းဖြည်း ငုပ်လျှိုးပျောက်ကွယ် သွားလေ၏။ တွန့်တိုလွန်းသော နေရောင်ခြည်၏ လစ်လပ်သွားသည့် နေရာတို့တွင် လရောင် လငွေ့တို့က တစွန်းတစဖြင့် ရောယှက်ကာ အစားရောက်ရှိလာသည်။
မျက်ဝါးထင်ထင် မြင်ရရုံရှိသေး တိမ်မည်းကြီးသည် စောင်နက်ထူကြီးဖြင့် လွှမ်းခြုံပစ်၏။ ထိုအခါ အလင်းရောင်သည် ခဏမျှ ပျောက်ကွယ်သွားလေ၏။ တချို့ကတော့ တိမ်မည်းကြီးကြားမှ အားယူပြီး တိုးထွက်လာသေးသည်။
တိမ်မည်းကြီးများ မြင်းစိုင်းသလို အဝေး, အဝေးဆီသို့ ပြေးနေသောကြောင့် မကြာမီ ခုံးမျက်စ လလေး သည် လုံးလုံးပင် ပေါ်လာလေ၏။
ကောင်းကင်ပိတ်ကားကြီးသည် ကြည်လင်သွားလိုက် မှောင်သွားလိုက်ဖြင့် ပြုံးခြင်း မဲ့ခြင်းတို့၏ နှစ် မျက်နှာကို ပီပြင်စွာ သရုပ်ဆောင်ထား၏။
ဖြူသော မိုးသည် မစဲ၊ မည်းသော မိုးသည်ကား မရွာ။
“ထင်” ဟူသော အသံကို ဆောင်ဓားဆီက ကြားလိုက်ရမှ အဘမောင် ကျေနပ်စွာ ပြုံးနေမိ၏။
“အင်း … ဒီည မိုးစိမ့်မှ … မိုးစိမ့်မှ”
အဘမောင် တကိုယ်တည်း ဆုတောင်းနေမိသည်။
ဟော … မိုးတဖြောက်ဖြောက် ရွာလာပြီ။ ကြည့်တော့။ မိုးသားတို့ကား ဖြူနေ၏။ ဟန်ကျလိုက်လေ။ စိမ့်စိမ့်သာ ရွာမည့်မိုး။
“ဗျို့ … အဘမောင်ရေ … အဘမောင်”
“ဟေး”
“ပြင်ဆင်ပြီးယင် ထွက်ကြရအောင်ဗျို့”
“အေး …. လာပြီ ဖိုးခ ရေ့၊ လာပြီ”
ဆောင်ဓားနှင့် မီးအုပ်ဆောင်းကို ယူပြီးနောက် အဘမောင် ကြိမ်ပိုက်ချောင်းဘက် ထွက်လာခဲ့တော့သည်။
ချောင်းဝထိပ်သို့ ရောက်သောအခါ အဘမောင်နှင့် ဖိုးခတို့သည် ဆောင်ဓားကိုယ်စီဖြင့် သိပ်မကွာသောနေရာတွင် အသင့်စောင့်ကြလေတော့သည်။
စိတ်ထဲတွင်ကား အတွေးကိုယ်စီ။
နွေအခါ ဆည်ဝတို့တွင် စောင့်နေကြသောဗျိုင်းကြီးများသည် မိုးအခါ ချောင်းဝတွင် စောင့်နေကြသော အဘမောင်တို့နှင့် ပမာတူလေ၏။
အဘမောင်သည် စီးနေသော ရေအလျဉ်ကို ကြည့်၍ မျက်လုံးထဲတွင် ငါးကြီးများကိုသာ မြင်နေလေ၏။
“မဖြစ်လို့သာ မြို့ကို သွားရမှာ အဘရေ။ အိမ်က အဘသမီး လူမမာမကို စိတ်မချဘူး”
သမက်ဖြစ်သူ မောင်အေး၏ စကားကို ကြားယောင်လာသည်။ ထိုအခါ အဘမောင် စိတ်သည် ယောက်ယက်ခတ်သွားမိသည်။
ရွာတွင်ရှိသော သမီး ငြိမ်းမယ်ကို စိတ်မချချင်သလို ဖြစ်သွားသည်။
“ဟုတ်ပေသားပဲ။ ငြိမ်းမယ်က နေ့စေ့ လစေ့။ မတော်လို့ မွေးမှဖြင့်။ အို……စိန်ချစ်တို့၊ ငြိမ်းစိန်တို့လဲ ရှိသားပဲ။ သူတို့လဲ ညတိုင်းလာအိပ်ပြီး သမီးကို စောင့်ရှောက်နေတာ။ အကြောင်းရှိယင်လဲ တက်ပု လာခေါ်မှာပေါ့”
အဘမောင် ကိုယ့်စိတ်ကိုယ် ဖြေသိမ့်ကာ ပင့်သက်ကြီးတခုကို ခိုး၍ ချပစ်၏။
xxx xxx xxx
“ရွှိ”ဟူသော ဓားပြေးသံနှင့်အတူ ငါးများသည် ရေပေါ်တွင် ဘွားကနဲ ဘွားကနဲ ပေါ်လာကြ၏။ ဈေးကောင်းလှသော ငါးရံ့ငါးများ ဖြစ်နေသောကြောင့် အဘမောင် အလွန်ကျေနပ်နေမိသည်။
အဘမောင်သည် ပက်လက်လန်ကာ မျောနေကြသော ငါးများကို ပြေး၍ ဆည်ယူပြီးနောက် ပလိုင်း ထဲသို့ လက်မလည်အောင် ပစ်ထည့်နေယင်း …
ထိုစဉ်မှာပင် နောက်ထပ် ငါးဖြူအုပ် တအုပ်က ပြေး၍ ဝင်လာသဖြင့်
“ရွှိ … ရွှိ”
သွက်လိုက်သည့် ဓားချက်။
“ဗျို့ အဘမောင် ဓားချက်က သွက်လှချည့်လားဗျ”
လှမ်းအော်လိုက်သော ဖိုးခ၏ အမေးကို အဘမောင် မဖြေနိုင်။ ပြန်၍ အော်ပြောလိုက်လျှင် ငါးတွေများ ကြားသွားလေမည်လားဟူ၍ စိုးရိမ်နေမိသည်။
ထို့ပြင် အဘမောင် အာရုံတွေက စီးဝင်လာသော ချောင်းရေ၏ ရေအလျဉ်ကိုသာ ရောက်နေ၏။ ပြီးနောက် ငါးရစ်အုပ်တွေကိုသာ မျှော်၍ ကြည့်နေမိ သည်။
တခါတခါ မှန်မှန်ရှူနေသော ထွက်သက် ဝင်သက် လေသည် သိပ်ပြီး မူမမှန်ချင်။
မီးရောင်သည် ရေနံဆီနည်းလာသောကြောင့် ပို၍ တောက်ပစွာ လင်းလာလေသည်။ ထို့ကြောင့် ရေပြင်ပေါ်သို့ တိုလိုက် ရှည်လိုက် ပြေးလွှားသည့် မီးရောင်သည် ဆန့် ဆွဲလိုက်သည့်အလား ပိုမို၍ ရှည်သွားလေတော့၏။ ကုန်ခါနီး ဆီမီး၏ သဘောကိုကား အဘမောင်တယောက် ကောင်းကောင်းကြီး နားလည်မိပါ၏။
ထိုခဏတွင် …
“ဝုန်း … ဝုန်း” ဟူ၍ မမျှော်လင့်သည့် အသံကြီးကြောင့် အဘမောင် မှင်တက်သွားလေ၏။ ပါးစပ် အဟောင်းသားဖြင့် မြင်ကွင်းကို စိုက်ကြည့်နေမိသည်။
ဆုပ်ကိုင်ထားသည့် ဓားသည် လက်ထဲတွင် လုံးလုံးပင် မလှုပ်။
တကယ်ဆို အဘမောင်၏ သွက်လက်လှသော ဓားချက်နှင့်အတူ နီရဲသော သွေးတို့သည် ရေပေါ် သို့ အရောင်လွှမ်းသွားမည်မှာ သေချာသည်။
သို့သော် မြင်ကွင်း၏ အခြေအနေအရ လက်နက်ဆိုလျှင် မည်သည့်လက်နက်ကိုမျှ အသုံးပြုစရာ မလို။
ကိုယ်ရှိန်လွန်၍ ကုန်းခေါင်ခေါင်ပေါ်တွင် ရောက်နေပြီးဖြစ်သော ငါးကြီးသည် သူ့စရိတ်နှင့်သူ ငြိမ်းပြီးသား။
စားရကံကြုံတော့ အဘမောင်အတွက် မုတ်ဆိတ်ကို ပျားစွဲလာရသည့် အဖြစ်မျိုး။
ဗယ်ညာလူး၍ အားကုန်ကူးခတ်နေရှာသော ငါးကြီးသည် မြေပြင်ကို ရေထင်နေသည်လားတော့ မသိ။
အမြီးသည် တဗုတ်ဗုတ်ဖြင့် မြေကြီးကို ရိုက်နေလေ၏။
အဘမောင်သည် ကိုင်ထားသော မီးအုပ်ဆောင်းနှင့် ဆောင်ဓားတို့ကို မြေပေါ်သို့ လွှတ်ချလိုက်ပြီးနောက် ငါးကြီးကို ပြေး၍ ပွေ့ယူလိုက်သည်။ ထိုအခါ အဘမောင် ရင်ခွင်ထဲတွင် ကလေးငယ်ပမာ တပွေ့တပိုက်ကြီး ရောက်ရှိသွားလေ၏။
ကြီးလိုက်တဲ့ ငါးပတ်။
သည်လောက်ကြီးသည့် ငါးပတ်မျိုး အဘမောင် တသက်နှင့်တကိုယ် မမြင်ဖူးမိ။
“ဒီလို ဆူမယ့် ငါးမျိုးဆို မြို့မှာ ကြိုက်ဈေးရမယ်။ တွေကြရောပေါ့။ ဦးဦးဖျားဖျားဆို အရသာခံပြီး စား ချင်ကြတဲ့ မြို့သားတွေ”
ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။ ထခုန်လုမတတ် ဝမ်းသာမိသည်။ အဘမောင်၏ မျက်နှာတပြင်လုံးတွင် ပီတိအရောင်မှလွဲ၍ ဘာမျှ မတွေ့ရတော့။
အဘမောင်၏ လက်သည် ငါးကြီး တကိုယ်လုံးအား အပြန်ပြန် အလှန်လှန် ပွတ်သပ်နေမိ၏။ ဘာအဓိပ္ပာယ်ဟူ၍ တိတိကျကျတော့ မရှိ။
ပွတ်နေသော လက်သည် တစုံတခုကို စမ်းမိလိုက်သည်နှင့် အဘမောင်၏ မျက်စိသူငယ်အိမ်မှာ ပြူးကျယ်သွားလေ၏။ ရင်ထဲတွင် ဒိန်းကနဲ ခုန်သွားမိသည်။
ထိုစဉ် …
အဘမောင်တဲဘက်မှ အော်သံ၊ ခေါ်သံများနှင့်အတူ လက်နှိပ်ဓာတ်မီးရောင်ကို လက်ကနဲ လက်ကနဲ မြင်ရလေတော့သည်။
နားစွင့်၍ သေသေချာချာ နားထောင်လိုက်သည်။
တက်ပု၏ အသံ။ သည်အသံရှင်ကိုကား အဘမောင်တယောက် ရင်းနှီးကျက်မိပြီးသား ဖြစ်သည်။
“ဟာ … အရေးကြီးမှ အဘမောင်တယောက် ဘယ်သွားနေလဲ မသိဘူး။ အဘမောင်ရေ … ဗျို့ … အဘမောင်”
ထပ်၍ ဟစ်ခေါ်သံ ကြားရပြန်သည်။ အရေးကြီးသည်ဆိုသည့် စကားကြောင့် အဘမောင် ရင်ခုန်သွားသည်။ စိုးရိမ်စိတ်သည် တဟုန်တိုး တက်လာလေ၏။
“အဘမောင်ရေ … တက်ပု လိုက်ခေါ်နေတယ်။ အရေးကြီးတယ်တဲ့။ သွားဗျို့ … သွား … သွား။ ကျွန်တော် နောက်က ခုပဲ လိုက်ခဲ့မယ်”
ဖိုးခက အဘမောင် မကြားဖူးဟု ထင်သဖြင့် တဆင့်လှမ်း၍ ပြောသည်။
“ကြားတယ်ကွ ဖိုးခ ရေ့။ ငါ အခု လာနေပြီကွ”
ပြောပြောဆိုဆို တဲဆီသို့ အဘမောင် ခပ်သွက်သွက် လှမ်းလာလေတော့သည်။
မလှမ်းမကမ်းနေရာ ရောက်သောအခါ တုန်ယင်နေသော အသံဖြင့် …
“လာပြီဟေ့ … တက်ပုရေ၊ ငါ လာပြီ”
စောစောပိုင်းက အဘမောင် ပြန်၍ ထူးမည်ဆိုလျှင်လည်း တက်ပု ကြားနိုင်မည်မဟုတ်။ အဘမောင် အသက်ကလည်း ကြီးနေပြီ မဟုတ်ပါလော။
“ငြိမ်း … ငြိမ်းမယ် မီးမဖွားနိုင်လို့ဗျ။ အဲ … အဲဒါ ကျန်းမာရေးဆရာမကြီးက ခု ညတွင်းချင်း မြို့ဆေးရုံကို ပို့မှ ဖြစ်မယ်တဲ့”
“ဟေ … ဟုတ်လား၊ ဖြစ်ရလေကွာ”
အဘမောင်ရင်ထဲ၌ ဗလောင်ဆူသွားလေ၏။
“ဟာ … အဘမောင် ပွေ့လာတာ ငါးပတ်ကြီးပါလား”
တက်ပု ပြောမှ အဘမောင်သည် သူပွေ့လာသည့် ငါး ပတ်ကြီးကို သတိထားမိလာသည်။ လောဘဇောနှင့် သားသမီးဇောကြောင့် ပွေ့လာသည့် ငါးကြီးကိုပင် အာရုံမထားခဲ့မိ။
“လောဘ … လောဘ … အို”
သံဝေဂတရားသည် အဘမောင်အား သတိပေးစ ပြုလာသည်။ ထိုစဉ် ပူလိုက် ဖောင်းလိုက်ဖြင့် အသက်ရှူနေရှာသော ငါးပတ်ကြီးကို ထပ်၍ မြင်ရပြန်သည့်အခါ ရင်ထဲ နင့်ကနဲ ဖြစ်သွားလေတော့၏။
“သ … သမီး၊ ငါ့သမီးလေး”
နှုတ်ဖျားမှ ယောင်ယမ်း၍ ပွင့်ထွက်လာ၏။ ထို့နောက် အဘမောင်၏ လောဘဖုံးလွှမ်းနေသော မျက်နှာ သည် ကရုဏာ မျက်နှာအသွင်သို့ သိသိသာသာပင် ပြောင်းလဲသွားလေတော့၏။
အဘမောင် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချပစ်ရန် ကိုယ်ဟန်ကို တည့်မတ်လိုက်လေ၏။
ထို့နောက် …
“ရော့ … တက်ပု၊ ဒီငါးကြီးကို မြစ်ထဲသွားပြီး လွှတ် လိုက်တော့။ ငါ ရွာပြန်နှင့်မယ်”
တက်ပုသည် အဘမောင်စကားကြောင့် ကြောင်သွားသည်။ မျက်နှာကို နားမလည်သလို ငေး၍ ကြည့်နေမိသည်။
လက်ထဲတွင် ရောက်ပြီးသား ငါးကြီး လွှတ်ပစ်ရမည်ဆိုတော့ တက်ပု အံ့ဩမည်ဆိုလည်း အံ့ဩစရာ။
“ဘာ … ဘာဖြစ်လို့ လွှတ်ရမှာလဲ အဘမောင်”
တက်ပုက မဝံ့မရဲ ဆိုမိသည်။
“စကားမရှည်စမ်းပါနဲ့ တက်ပုရာ။ ငါခိုင်းတာသာ လုပ်စမ်းပါ။ ရော့ … မြန်မြန်ယူလိုက်စမ်း”
တက်ပု ရင်ခွင်ထဲသို့ ငါးကြီးကို တွန်း၍ ပေးလိုက်၏။
“သူ့ဗိုက်ထဲမှာ ဥတွေနဲ့။ ဒီည သူ ဥတွေ ဥချတော့မှာ”
စကားမှာ တိုတောင်းလွန်းသည်။ သို့သော် အဓိပ္ပာယ်ကား ပြည့်စုံသွားပါ၏။
ထို့နောက် အဘမောင် ချာကနဲ လှည့်ထွက်လိုက်သည်။ ရင်ထဲ၌ တမီးတော့ ငြိမ်းချမ်းသွားလေ၏။
ကျန်သေးသည်။ နောက် မီး တမီး။ သည်မီးကား ငြိမ်းမယ် အတွက် ပူပန်ရသောမီးပင် ဖြစ်၏။
တဖြောက်ဖြောက် စိမ့်နေသည့် မိုးစက်တို့သည် အဘ မောင် ကိုယ်ပေါ်သို့ အေးချမ်းစွာ ကျနေလေ ၏။ မည်သို့ ဆိုစေ သောကဖြင့် ကင်းဝေးနေမည့် မိဘတို့ဝမ်းကတော့ ထာဝရ ငြိမ်းချမ်းနေဦးမည်သာ ဖြစ်လေသည်။
မြဝတီမဂ္ဂဇင်း
အမှတ် ၃ဝ၂
ဇွန်လ ၊ ၁၉၈၆
– ပြီး –
စာရေးသူ – ချမ်းမြအောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0
Uncategorized