#လွင်ဦး (ကွမ်းခြံကုန်း)
ငှက်ထောင်သမား
ဟံသာဝတီခရိုင် (ယခု ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်) ကြခတ်တန်းကျေးရွာဝယ် ကိုတိုးမောင်ဟုဆိုလျှင် ကလေးကအစ မသိသူ အလွန်ရှားသည်။ ကိုတိုးမောင်ကား ငှက်ထောင်ရာတွင် ပါရဂူမြောက် ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။ ကိုတိုးမောင်သာမက ကိုတိုးမောင်၏ မိသားစုများလည်း တစ်ဦးလျှင် တစ်မျိုးစီ ပါရမီထူးချွန်ကြသည်။ ကိုတိုးမောင်၏အကိုကြီး ကိုကျော့မောင်သည် အမဲလိုက်ရာ၌ ကျွမ်းကျင်သကဲ့သို့ အကိုလတ် ကိုအေးမောင်သည်လည်း ရေလုပ်ငန်း၊ ပိုက်လုပ်ငန်းတို့ဝယ် ဆရာတစ်ဆူပင်ဖြစ်သည်။
ယင်းသို့ နာမည်ကြီးလှသော ကိုတိုးမောင်ကို တစ်နေ့ဝယ် ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံခဲ့သည်။ “ဝက်လူးအင်း” ကျေးရွာနေ ကျွန်တော့်သူငယ်ချင်း ကိုအောင်သန်းက မိတ်ဆက်ပေးခဲ့သည်။
“ဟောဒီက ကိုမင်းလွင်က ခင်ဗျားတို့ငှက်ထောင်တဲ့ အကြောင်းကို လေ့လာချင်လို့တဲ့ဗျာ။ သူက ဒီလိုအလုပ်မျိုးကို ဝါသနာပါတယ်ဗျ”
“အေးဗျာ၊ ကိုတိုးမောင် ငှက်ထောင်တာ နာမည်ကြီးလွန်းလို့ပါဗျာ”
ဟု ကျွန်တော်က အလိုက်သင့် မြှောက်ပင့်ကာ ပြောလိုက်သည်။
“ဒီလောက်တောင်လည်း မဟုတ်ပါဘူးဗျာ။ အကုသိုလ် အလုပ်ပါ၊ အထင်ကြီးစရာလည်း မရှိပါဘူး”
ကိုတိုးမောင်က သူ့အပေါ် အထင်ကြီးသည်ကို မခံယူလိုဟန်ဖြင့် ခပ်နှိမ်နှိမ် ပြောရှာသည်။
“ဒီငှက်ဆိုတဲ့သတ္တဝါတွေဟာ လူသားတွေကို အကျိုးပြုတာထက် အဖျက်လုပ်ငန်းလုပ်တာက ပိုများပါတယ်။ ဥပမာဗျာ ခင်ဗျားတို့ထောင်တဲ့ တောဘဲတို့၊ ကြက်တူရွေးတို့ဆိုတာ စပါးသီးနှံကို အဓိကဖျက်ဆီးတဲ့ လယ်သမားရန်သူတွေပဲ။ တောဘဲတစ်အုပ် ကျလိုက်ရင် လယ်တစ်ဧကလောက်ဟာ နာရီပိုင်းအတွင်း မရိတ်ရအောင် တံစဉ်လွတ်ဖြစ်ပြီး ကျန်ရစ်ခဲ့ရတယ်မဟုတ်လား။ ဒါကြောင့် ဒီလိုငှက်တွေကို ထောင်ဖမ်းတာဟာ စပါးတွေ ပျက်စီးရတဲ့ဘေးက ကင်းဝေးတာပေါ့ဗျာ”
ကျွန်တော်က သူ့ဘက်က ရှေ့နေလိုက်ကာ ကောင်းကွက်လေးကို ထောက်ပြလိုက်ရသည်။
“အေးဗျာ၊ ဒီလိုယူဆရင်လည်း ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီထိအောင် တစ်ခါမှ မစဉ်းစားမိပါဘူး။ ကိုယ့်ဝမ်းစာရေးအတွက်သာ ရှာဖွေစားသောက်နေရတာပါ။ ကဲ ဆရာတို့သိချင်တာရှိရင် မေးပါ။ ကျွန်တော် တတ်သလောက် မှတ်သလောက်တော့ ဖြေပါ့မယ်။”
“ကျွန်တော်က မေးရုံတင်မဟုတ်ဘူးဗျ။ ကိုယ်တိုင် ကိုယ်ကျလည်း ငှက်ထောင်တဲ့နေရာလိုက်ပြီး လေ့လာချင်တာ။ လောလောဆယ်တော့ မေးရုံပေါ့ဗျာ။ ကဲ ငှက်ထောင်တဲ့နည်း၊ ငှက်ဖမ်းတဲ့နည်း ဘယ်နှနည်းရှိတာလဲဗျာ။ အဲဒါကို အရင်ဖြေပါဦး”
ကျွန်တော်သိချင်သောလုပ်ငန်းကို အခြေခံမှစ၍ မေးလိုက်သည်။
“ငှက်ဖမ်းတဲ့နည်းတွေကတော့ အများကြီးပါပဲဗျာ၊ လောက်လေးခွနဲ့ ပစ်ဖမ်းတာကစပြီးတော့ ညဘက် အိပ်တန်းအပင်ပေါ်က စောင့်ရိုက်တာတို့၊ ချူသံပေးပြီး တက်ရိုက်ချတာတို့၊ ပေါ်တက်ကျွေးပြီး ဖမ်းတာတို့၊ ရေထဲမှာ ဘူးသီးခြောက်ခေါင်းဆောင်းပြီး ဖမ်းတာတို့ စုံနေတာပါပဲ။ ငှက်ထောင်တာကတော့ ကိုင်းရိုက်ထောင်တာကစပြီး ကျွန်တော်သိသမျှ သံညှပ်နဲ့ထောင်တာတို့၊ ကောင်းကင်ပိုက်နဲ့ ထောင်တာတို့၊ ဆွဲပိုက်နဲ့ထောင်တာတို့ သုံးလေးနည်းရှိတယ်ဗျ”
ကိုတိုးမောင်က သူသိသမျှ ဗဟုသုတများကို အိတ်သွန် ဖာမှောက် ပြောပြရှာသည်။
“ငှက်ဖမ်းနည်းနဲ့ ငှက်ထောင်နည်းနဲ့က မတူဘူးလားဗျ။ အသေးစိတ်ကိုလည်း ပြောပြပါဦးဗျာ”
“ငှက်ဖမ်းတယ်ဆိုတာကတော့ အသေရရ၊ အရှင်ရရ မမိ မိအောင်ဖမ်းတာပါပဲ။ လက်နဲ့ တိုက်ရိုက်ဖမ်းတယ်။ ငှက်ထောင်တယ် ဆိုတာကတော့ ပစ္စည်းကိရိယာတွေသုံးပြီး ဥပါယ်တံမျဉ်နဲ့ ထောင်တာပါ။ ထောင်သမျှဟာလည်း အရှင်မိတာပါပဲ။ ဒီတော့ ဒီနှစ်ခုက မတူဘူးပေါ့ဗျာ”
ကိုတိုးမောင်က အသေးစိတ် ရှင်းပြနေသည်။
“ဟုတ်ပါပြီလေ။ မတူဘူးဆိုတာကိုတော့ သဘောပေါက်ပါပြီ။ လေးခွနဲ့ပစ်ဖမ်းတယ်ဆိုတာကလည်း ရှင်းပါတယ်။ အိပ်တန်းစောင့်ရိုက်တာတို့၊ ချူသံပေးရိုက်တာတို့ကရော ဘာတွေလဲဗျ။ ကျွန်တော် သိပ်သဘောမပေါက်ဘူး”
“အိပ်တန်းကစောင့်ရိုက်တယ်ဆိုတာက ငှက်တွေအများဆုံးအိပ်တဲ့ အပင်ပေါ်မှာ ငှက်အိပ်တန်းမတက်ခင် နေဝင်ရီအချိန်မှာ တက်ပြီးစောင့်နေရတယ်။ အိပ်တန်းတက်လာတဲ့ ငှက်တွေကို တစ်ကောင်ပြီးတစ်ကောင် ဆီးပြီး ရိုက်ချတာကို ပြောတာပါ။
ချူသံပေးပြီးရိုက်တယ်ဆိုတာက အိပ်တန်းတက်ပြီးလို့ ညဉ့်နက်တဲ့အချိန်မှာ ခြေသံမကြားရအောင် ချူသံတွေ၊ သံပုံးရိုက်သံတွေပေးပြီး မီးအုပ်ဆောင်းနဲ့ ထိုးပြီး တက်ရိုက်ချရတာပဲ။ ဘူးသီးခြောက်ခေါင်းဆောင်းပြီး ဖမ်းတယ်ဆိုတာက…”
ကိုတိုးမောင် အာခြောက်သွားဟန်ဖြင့် ရေနွေးကြမ်း တစ်ခွက် မော့သောက်လိုက်ပြီးမှ ဆက်ပြောသည်။
“ဒီဖမ်းနည်းက ရေထဲမှာကျက်စားတဲ့ ရေဘဲတို့၊ ဒင်ကြီးတို့၊ မန်ဒါလီတို့၊ ဟင်္သာတို့ပဲ ဖမ်းလို့ရတယ်။ ကုန်းပေါ်ကငှက်တွေကို ဖမ်းလို့မရဘူး။ ဒီငှက်တွေ အကျများတဲ့နေရာကို ဘူးသီးခြောက် သုံးလေးလုံး ကြိုပြီးချထားရတယ်။ ဒီဘူးသီးခြောက်တွေနဲ့ ငှက်တွေ ယဉ်သွားတော့မှ ဘူးသီးခြောက်တစ်လုံးကို မျက်စိနှစ်နေရာ အပေါက်ဖောက်၊ ခေါင်းဆောင်းပြီး ငှက်တွေရှိတဲ့ နေရာကို ရေထဲကနေ ကူးသွားရတယ်။ ငှက်အုပ်ထဲရောက်တော့မှ ကိုယ်ကြိုက်တဲ့ငှက် တစ်ကောင်ပြီးတစ်ကောင် ခြေထောက်ကနေ ရေထဲဆွဲနှစ်ပြီး ဖမ်းရတယ်။ သေသေသပ်သပ် လုပ်တတ်ရင် ငှက်အုပ်တစ်အုပ်လုံး ကုန်အောင် ဖမ်းလို့ရတယ်”
ငှက်ဆရာသည် ငှက်ဋီကာကို အကျယ်ချဲ့၍ နေပေ တော့သည်။ သူပြောသောနည်းများကလည်း အလွန်ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှပေသည်။ သို့သော် ကျွန်တော်က ကိုယ်သိချင်သောအချက်ကို သွေဖည်မသွားရအောင် ထောက်ပေးရသေးသည်။
“ငှက်ထောင်နည်းတွေထဲမှာတော့ သံညှပ်နဲ့ဖမ်းနည်းရော၊ ကိုင်းရိုက်နည်းရော နားလည်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ပိုက်နဲ့ ဖမ်းနည်းရယ်၊ ဆွဲပိုက်နဲ့ဖမ်းနည်းရယ်ကိုတော့ နားမလည်ဘူး၊ ရှင်းပြစမ်းပါဦး”
“ငှက်ထောင်တဲ့နေရာမှာ ကောင်းကင်ပိုက်ဖမ်းနည်းနဲ့ ဆွဲပိုက်ဖမ်းနည်းကတော့ ပထမတန်းနည်းတွေပဲဗျ။ ငှက်ကောင်ရေ များများမိနိုင်သလို စီးပွားရေးအရလည်း တွက်ခြေကိုက်တယ်။
ကောင်းကင်ပိုက်ဆိုတာက ငါးဖမ်းတဲ့ ငါးသလောက်ပိုက်ပဲ။ ကိုက်တစ်ရာကျော်ကျော်အရှည်ကို ကောင်းကင်မှာ ထောင်ထားရတယ်။ ငှက်တွေကျတဲ့နေရာ၊ ငှက်တွေပျံတဲ့လမ်းကြောင်းနေရာကို မှန်းပြီး အနီးစပ်ဆုံးဖြစ်အောင် ထားရတယ်။ တိုင်မြင့်မြင့်စိုက်ပြီး တင်ထားရတာပေါ့ဗျာ။ တိုးလိုက်ရင်တော့ အားရစရာကြီးဗျို့။ အုပ်လိုက်မိတာ။ တစ်ခါတလေ အကောင်တစ်ရာကျော်တယ်ဗျ”
ကိုတိုးမောင်က သူ့ငှက်ထောင်လုပ်ငန်းကို မြိန်ရေရှက်ရေ ပြောပြနေသည်။
“ဆွဲပိုက်အကြောင်း ပြောစမ်းပါဦးဗျာ”
ကျွန်တော်က နောက်ဆုံးသိလိုသောအချက်ကို မေးလိုက်ရာ
“ဆွဲပိုက်က ကောင်းကင်ပိုက်ထက် ပိုသေချာတယ်ဗျ။ ကိုယ်လိုချင်တဲ့နေရာမှာ ငှက်ကျမှန်နေပြီဆိုရင် ဆွဲပိုက်ဆင်ထားလိုက်ရုံပဲ။ ငှက်ကျပြီဆိုတာနဲ့ ဆွဲပိုက်ခလုတ်ကို ဖြုတ်လိုက်ရင် ငှက်တစ်အုပ်လုံးကို အုပ်ပြီးသားဖြစ်နေတယ်။ ဒါပေမဲ့ အန္တရာယ်တော့ များတယ်။ ပိုက်တိုင်နဲ့ရိုက်မိရင် လူသေတတ်တယ်။ ဒါကြောင့် သတိထားကိုင်ရတယ်”
“ကိုတိုးမောင်တို့က ဘာပိုက်ကိုအသုံးများတာလဲဗျ”
“ကျွန်တော်တို့က ကောင်းကင်ပိုက်ပဲအသုံးများတယ်။ ဒါပေမဲ့ ဆွဲပိုက်ကိုလည်း လိုအပ်ရင် သုံးရတယ်။ ငှက်ကျတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ဖမ်းရတာပေါ့ဗျာ”
ကျွန်တော်တို့ စကားကောင်းနေစဉ် ရွာတန်းပေါ်မှ ငှက်တစ်အုပ်ပျံသွားသည်။ ရင်ဘတ်အဖြူ၊ အတောင်အမည်း။ ခေါင်းနီနီနှင့် ဘဲပုံသဏ္ဌာန်ငှက်များဖြစ်သည်။ မေးကြည့်သောအခါဝယ် ဟင်္သာများဟု ဆိုသည်။
“အေးဗျာ၊ မေးရတာ ဗဟုသုတလည်း တော်တော်စုံသွားပါပြီ။ နောက်တစ်ခါတော့ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လေ့လာပါ့မယ်။ ကျွန်တော်လာမယ့်ရက်ကို ကြိုတင် အကြောင်းကြားလိုက်မယ်ဗျာ”
xxx xxx xxx
ဤသို့ဖြင့် နောက်လေးငါးရက်အကြာတွင် ကျွန်တော်နှင့် ကျွန်တော့်မိတ်ဆွေ ကိုအောင်သန်းတို့သည် ကိုတိုးမောင်တို့ ငှက်ထောင်ရာနေရာသို့ လက်တွေ့ လေ့လာရေး ရောက်ခဲ့ကြသည်။
“ငှက်ထောင်တဲ့နေရာမှာ ကင်းကို သတိထားရတယ်ဗျ။ ငှက်အုပ်တစ်အုပ်မှာ ကင်းက သုံးလေးကောင် ပါတတ်တယ်။ ငှက်အုပ်မစားခင် အဲ့ဒီငှက်တွေက အရင်စားတယ်။ စိတ်ချရလောက်ပြီဆိုမှ ငှက်တစ်အုပ်လုံး စားတယ်။ ငှက်တစ်အုပ်လုံး စားတဲ့အခါ အဲ့ဒီကင်းက ကင်းစောင့်တာဝန်ကို ယူရပြန်တယ်။ ကျွန်တော်တို့ ငှက်ထောင်သမားတွေကို ဒုက္ခအပေးဆုံးက အဲ့ဒီကင်းပဲဗျ”
ထိုငှက်ထောင်ထားရာ ကောင်းကင်ပိုက်နှင့်မနီးမဝေးတွင် ပုန်းအုံရှိသည်။ ယင်းပုန်းအုံထဲတွင် ရေနွေးကြမ်းသောက်ရင်း ကိုတိုးမောင်ထံမှ ငှက်ထောင်ပညာကို စာတွေ့၊ လက်တွေ့ လေ့လာနေကြသည်။ ငှက်အုပ် လူသံကြားမည်စိုး၍ စကားကို ခပ်တိုးတိုးလေး ပြောနေရသည်။
ထိုစဉ် ငှက်ကြီးတစ်အုပ် အရှေ့ဘက်မှ ထိုးဆင်းလာသည်။ ကျွန်တော်တို့ စောင့်နေသော ရိုးကလေးထဲသို့ ပျံကျမည်လုပ်ပြီးကာမှ ကောင်းကင်သို့ ပျံတက်သွားသည်။ သို့သော် ယင်းငှက်အုပ်ထဲမှ ငါးကောင်ကမူ ငှက်အုပ်နှင့်ခွဲကာ ရိုးကလေးဘေးသို့ ဆိုက်ဆိုက် မြိုက်မြိုက် ဆင်းသွားလေသည်။
ရေဝမ်းဘဲများဖြစ်သည်။ တစ်ကောင်လျှင် ငါးဆယ်သား ခြောက်ဆယ်သားခန့်ရှိသည်။ ရိုးဘေးရေစပ်ရှိ စပါးများကို အငမ်းမရစားပြီး မကြာမီ ကောင်းကင်သို့ ပျံတက်သွား၍ စောစောက ငှက်အုပ်နှင့် သွားပေါင်းနေတော့သည်။ ထိုအခါကျမှ စောစောက ငှက်အုပ် ဆင်းလာပြီး စပါးမှည့်များကို စိတ်ချလက်ချ စားတော့သည်။
ထိုသို့စားနေစဉ် ကင်းကျငှက်လေးကောင်သည် အရပ်လေးမျက်နှာသို့ လှည့်၍ သတိမလစ်စတမ်း စောင့်နေတော့သည်။
ငှက်အုပ်ကလည်း စပါးများကို အငမ်းမရ စားသောက်နေကြသည်။ တစ်ဧကခန့်ရှိသောလယ်သည် ခဏချင်း၌ပင် တက်တက်ပြောင်ခမန်း အခြေအနေသို့ ဆိုက်ရောက်သွားသည်။ စတင်စားကာစ မဝံ့မရဲနှင့် ဖြည်းဖြည်းချင်း စားနေသော်လည်း အရှိန်ရလာသောအခါတွင် သူ့ထက်ငါ အလုအယက် တိုးဝှေ့စားသောက်နေသည်မှာ တစ်ကွင်းလုံး ဆူညံ၍ နေပေတော့သည်။
ကင်းစောင့်နေသော ငှက်လေးကောင်မှာလည်း စောစောကလောက် သတိဝီရိယ မရှိတော့ဘဲ ငိုက်မြည်းသည့်ငှက်က ငိုက်မြည်း၍ မျက်နှာမူရာသို့ ငေးသည့်ငှက်က ငေးလျက်ရှိကြပေပြီ။ အားလုံး သတိဝီရိယ ပေါ့လျော့ကုန်ကြလေပြီ။
ကျွန်တော်တို့သည် စကားပင် လေသံထွက်၍ မပြောဝံ့တော့ဘဲ အသာငြိမ်၍ အခြေအနေကို စောင့်ကြည့်နေကြသည်။ အလင်းရောင်အားနည်းနေသည့်အတွက် အရှေ့ဘက်တွင် သွယ်တန်းထားသောပိုက်ကို ကောင်းစွာမမြင်ရတော့ပေ။
ထိုစဉ် ကိုတိုးမောင်က သူ့တပည့် ဂွတိုကို လက်ကုတ်၍ အချက်ပေးလိုက်သည်။
မရှေးမနှောင်းပင် ကိုတိုးမောင်တို့ ဆရာတပည့်နှစ်ယောက်သည် ပုန်းအုံမှ တစ်ရှိန်ထိုးထွက်ကာ အသံကုန်အော်ဟစ်၍ ငှက်အုပ်ကို အရှေ့ဘက်သို့ မောင်းထုတ်လိုက်သည်။ ငှက်အုပ်သည် စပါးကို အာရုံစိုက်၍ စားနေသဖြင့် အစတွင် ကြောင်နေပြီး နောက်မှ ရုတ်တရက်ထကာ အရှေ့ဘက်သို့ သူ့ထက်ငါ အလုအယက်ပျံကြလေတော့သည်။
အရှေ့ဘက်သို့ ပျံကြသောငှက်အုပ်သည် ဝေါခနဲ ပိုက်ထဲ ဝင်တိုးမိကာ ပိုက်ထဲဝယ် ထွေးလုံး ရစ်ပတ်မိကုန်ကြသည်။
မြင့်မြင့်ပျံသောငှက်များက ပိုက်ပေါ်မှ လျှံထွက်သွားပြီး နောက်မှလိုက်သော ငှက်အချို့သည် ဘေးသို့ ကွေ့ကာ ပျံထွက်သွားသည်။ လက်နှိပ်ဓာတ်မီးရောင် အဖွေးသားအောက်ဝယ် ပိုက်တွင်းတွင် ထွေးလုံး ရစ်ပတ်မိနေသော ငှက်များကို အတိုင်းသား မြင်နေရသည်။
ကိုတိုးမောင်တို့ ဆရာတပည့်သည် ပိုက်ကို ပိုကြိုးမှကိုင်ကာ စက်သီးဖြင့် တဖြည်းဖြည်း လျှော့ချလိုက်သည်။ လျော့ကျလာသော ပိုက်တွင်းဝယ် ရေဝမ်းဘဲများကား အထွေးထွေးဖြစ်နေကြသည်။
တစ်ကောင်ချင်းဖမ်း၍ ရေတွက်ကြည့်သောအခါဝယ် (၁၁၅) ကောင်ရှိသည်။ တစ်ကောင်လျှင် ကျပ် ၂ဝဝဝ နှုန်းဖြင့် ငွေကျပ် ၂ဝဝ,ဝဝဝ ကျော်ဖိုးခန့် တန်သည်။ ဖမ်းမိသော ရေဝမ်းဘဲများကို လောခြင်းကြီး သုံးခုထဲတွင် မျှ၍ ထည့်ကြသည်။
ရေဝမ်းဘဲငါးကောင်ကို ထိုညအတွက် ပျော်ပွဲစားအဖြစ် ချက်ပြုတ်လိုက်ကြသည်။ ရေဝမ်းဘဲငါးကောင်ကား သုံးပိဿာကျော်ကျော် အလေးချိန်စီးကာ ကျွန်တော်တို့လူစု စားမကုန် သောက်မကုန်ဖြစ်သည်။
ရေဝမ်းဘဲသားကား အိမ်ဘဲသားထက် ပို၍ အရသာရှိသည်ပို၍မာသော်လည်း နူးနှပ်အောင်ချက်လိုက် ပါက အလွန်ကောင်းသော ဟင်းလျာဖြစ်၍ ကျွန်တော်တို့အားလုံး ခေါင်းမဖော်နိုင်အောင် ထမင်းစား၍ မြိန်လှပေသည်။
– ပြီး –
စာရေးသူ – လွင်ဦး (ကွမ်းခြံကုန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized