ထောင်မှူးကြီးသိန်းဝင်း
စခန်းတွင်း တောကောင်ဝင်ခြင်းနိမိတ်
ကျွန်တော်တာဝန်ကျရာစခန်းကို မအူပင်ဆိပ်စခန်းခွဲဟုခေါ် သည်။ ပဲခူးရိုးမတောင်ခြေ ကျွန်းတောကြီးအတွင်း၌ စခန်းကို တည်ထားသည်။ တပ်ကြပ်ကြီးနှစ်ဦးနှင့် ဝန်ထမ်းအင်အား (၂ဝ)၊ ရဲဘက်ကြီး (၂၀၀)ခန့်သာရှိသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဖောက်လုပ်ရန် စီမံကိန်းအတွက် တောရှင်းရသော တောတွင်းရဲဘက်စခန်းကလေးသာ ဖြစ်ပါသည်။
တနင်္ဂနွေရုံးပိတ်ရက်မှတစ်ပါး နေ့စဉ်အလုပ်ဆင်းရသည်။ အလုပ်ချိန်မှာ မနက်ခုနစ်နာရီမှ ညနေလေးနာရီအထိ ဖြစ်သည်။
ခြေကျဉ်းစခန်းမဟုတ်၍ ရဲဘက်ကြီးများမှာ လွတ်လပ်ပါသည်။
နေ့လယ် နေပူချိန်၊ ထမင်းစားနားချိန် နေ့လယ် (၁၂) နာရီမှ မွန်းလွဲနှစ်နာရီထိ နားချိန်ပေးထားရာ ထိုအချိန်အတွင်း တောဟင်းသီးဟင်းရွက်များ ရှာကြသည်။
ခုတ်ထားပြီးသား သစ်လုံးများကြားတွင် ပုန်းခိုနေကြသည့် ဖွတ်၊ ပုတက်၊ ယုန်၊ ပူးတို့ကို ရှာကြသည်။
ဤလိုနွေဦးပေါက်ရာသီတွင် မြေတွင်းအောင်းနေတတ်သော ပူးများကို ရတတ်ရာ အဆီများသဖြင့် ရဲဘက်များက မြောက်ဟုခေါ်သည့် မျက်စိမှေးမှေး၊ နီညိုရောင်ပူးများမှာ ဤလိုရာသီတွင် အသီးအနှံပေါသဖြင့် အလွန်ဝကြသည်။ အသားကလည်း ဝက်သားလိုပင် အဆီတစ်ထပ် အသားတစ်ထပ် ဖြစ်သည်။ လေးငါးဆယ်သား ကြောင်ပေါက်လောက်နီးနီး အကောင်ကြီးသည်။
ဝန်ထမ်းများမှာ တစ်ပတ်တစ်ခါသာ မအူပင်ဆိပ်စခန်းမကြီးက ပေးပို့ကျွေးမွေးသော အမဲသားကို အားမထားကြတော့။ နေ့စဉ်ပင် တောတွင်းမှရရှိသော တောကောင်ငယ်သားများဖြင့် ရောင့်ရဲတင်းတိမ် နေကြသည်။ ဤရာသီတွင် ဇင်ပြွန်းသီး၊ တောသရက်သီးကင်း၊ ပုတတ်စာ၊ ယင်းတိုက်ရွက်နု၊ ညောင်ချဉ်ဖူး၊ ခံတက်ရွက်နု၊ သခွပ်ပွင့်၊ ကြောင်လျှာသီး၊ ဖက်သန်းသီး၊ ဇီးဖြူသီးတို့က ပေါလှသည်။
တောတွင်းစခန်းဖြစ်သော်လည်း လမ်းနယ်မြေအတွက် သစ်ခုတ်ရသဖြင့် လမ်းဖြင့်နီးသော ကျွန်တော်တို့စခန်းကလေးမှာ သစ်ပင်ကြီးများ ကျိုးတိုးကျဲတဲဖြင့် အလွန်ပူသည်။ စခန်းကိုတောင်ထန်းများ မိုးထားပြီး ကျွန်တော်နေသောရုံးခန်းရှေ့တွင် ကနဖျင်းအား ရေငန်းရွက်များတင်ထားသဖြင့် အပူအတော်သက်သာသည်။
ရုံးခန်းအတွင်း၌ ရဲဘက်တပည့်များလုပ်ပေးသော ကြိမ်ပက်လက်ကုလားထိုင်နှင့် သဘာဝကျွန်းတုံးကြီးများအား စားပွဲလုပ်ထားသည်။
ယနေ့ တနင်္ဂနွေနေ့။ စခန်းအလုပ်နားရက်ဖြစ်သည်။ ဝန်ထမ်းနှင့် ရဲဘက်များ နေ့လယ်စာအတွက် ပြင်ဆင်ချက်ပြုတ်နေကြသလို ကျွန်တော်နှင့် မုဆိုးတပည့်ကျော် တင်သောင်းလည်း တောလည်၍ သား ကောင်များ ရှာဖွေပစ်ခတ်ရန် ပြင်ဆင်နေကြသည်။
အချိန်မှာ မနက် ခုနစ်နာရီကျော်ခန့်သာ ရှိပါသေးသည်။
ကျွန်တော်တို့ စမ်းချောင်းကိုဖြတ်တော့ ချေခြေရာ လတ်လတ်ဆတ်ဆတ်နှစ်စုံကို တွေ့ရသဖြင့် ခြေရာခံ၍ လိုက်ခဲ့ကြသည်။ ကမ်းပါးပေါ်တက်ပြီး လျှိုစောင်းရောက်တော့ တောဂွေးသီးပင်ကြီးအောက်တွင် ချေဖိုမနှစ်ကောင် မြူးထူးရင်း တောဂွေးသီးများ ကောက်စားနေကြသည်။
ကျွန်တော် ဖိုမမောင်နှံကို ပစ်လေ့မရှိပါ။ ထို့အပြင် ချေမက ဗိုက်ကြီးကားကား ဇီးကြီးဖြင့် ဖြစ်သည်။
ထိုအချိန်တွင့် လျှိုအောက် ရေငန်းတောအတွင်းမှ ညင်သာစွာ လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရသည်။ အသေအချာကြည့်မှ ချေမောင်နှံကို ချောင်းနေသော ကျားကြီးတစ်ကောင်ဖြစ်သည်။ ကျွန်တော် ကျားကို လည်း တောမုဆိုးချင်းဖြစ်၍ ရှောင်ပါသည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ရှောင်လွှဲ၍မရတော့ပါ။ ကျွန်တော်ရှောင်လျှင် ဇီးနှင့်ချေမကြီး အစားခံရပေတော့မည်။
ထို့ကြောင့် အသင့်ယူဆောင်လာသော ဒသမ ၃ဝ၃ အမေရိကန်ရိုင်ဖယ်ကြီးဖြင့် တောကောင်ကျားကြီး၏ ရှေ့လက်အနောက်သို့ အသေအချာချိန်သည်။ လျှိုစောင်းမှ အောက်ဘက်သို့ ချိန်ရသဖြင့် ပစ်ကွင်းကလည်း အလွန်ကောင်းသည်။ မောင်းခလုတ်နှစ်ဆင့်အား တစ်ဆင့်စီ ညင်သာစွာ ဆွဲလိုက်တော့သည်။
“ဒိုင်း”
ကောက်ဒိုက်ယမ်းအား ပေါက်ကွဲသံမှာ တောတွင်းဟိန်းသွားသည်။ တောကောင်ကျားကြီး တစ်ပတ်ကျွမ်းပစ်သွားသလို ချေမောင်နှံ လည်း သေနတ်သံကြောင့် ပြေးတော့သည်။
ကျွန်တော် အရေးပေါ်မောင်းတင်လိုက်ပြီး ပြောင်းရင်းထဲသို့ ကျည်ဆန်တစ်တောင့်ထိုးသွင်းပြီး အသင့်ပြင်ထားလိုက်သည်။ ကျားကြီးမှာ တဂူးဂူး တဂဲဂဲအော်မြည်၍ အနီးတွင်ရှိသော ပျဉ်းမပင်မြစ်ကြီးကိုကိုက်၍ ငြိမ်သက်သွားသည်။
“ဟာ … ဆရာ ချေကိုပစ်တာမဟုတ်ဘူးလား”
“ချေမကြီးက ဇီးကြီးနဲ့ကွ။ နောက်ပြီး မောင်နှံစုံ။ ငါဘယ်တော့မှ မပစ်ဘူး”
“ကျွန်တော်က ကျားကြီးကို မမြင်ဘူးဆရာ။ ဆရာ မျက်စိအတော်လျင်တာပဲ”
“ကျားကိုလည်းမပစ်ချင်ပါဘူးကွာ။ တောမုဆိုးချင်းမို့ ငါ အမြဲတမ်း ရှောင်ပါတယ်။ ဒီတစ်ခါတော့ ချေမကြီးကိုကယ်လိုက်ပြီး ငါတို့အသက်အန္တရာယ်အတွက် ပစ်လိုက်ရတာ။ ချေကိုသာမဲပြီး ပစ်ရင်တော့ အစာလုသလိုဖြစ်ပြီး ငါတို့ ကျားနဲ့ရင်ဆိုင်တွေ့ရတော့မှာပဲ”
“ကဲ … မင်း စခန်းကိုပြန်။ ရှေ့တန်းတပ်ကြပ်ကြီး ဦးအေးမောင်ကို သတင်းပေးပို့ပြီး ကျားကြီးထမ်းဖို့ ရဲဘက်လေးယောက်လောက် ခေါ်ခဲ့။ ကြားလား”
“ဟုတ်ကဲ့ပါ ဆရာ။ ဒီမှာ ဆရာ့အတွက် ရေဘူးပါထားခဲ့ပါတယ်။ ဆရာတစ်ယောက်တည်း နေရဲ့ရဲ့လား”
“ရပါတယ်ကွာ သွားပါ”
မုဆိုးတင်သောင်း စခန်းပြန်သွားတော့ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့သည်။ ရေဘူးကို မော့သောက် အပန်းဖြေနေစဉ် မျောက်အော်သံများကြားရပြီး တောဂွေးပင်အောက်မှ ခြေသံတချွတ်ချွတ် ကြားရသည်။
ဤရာသီမှာ သစ်ရွက်ကြွေချိန် ခြေသံမလုံပါ။ ကျွန်တော်ကြည့်လိုက်တော့ တောဂွေးပင်အောက်တွင် တောဂွေးသီးလာစားနေသော ချေဖိုကြီးတစ်ကောင်ကို တွေ့ရသည်။ အကောင်မှာ အတော်ကြီးသည်။
ကျွန်တော် သေနတ်ဖြင့် ထိုးချိန်လိုက်ချိန်တွင် ချေဖိုကြီးက လန့်၍ခုန်သည်။ အောက်သို့ပြန်အကျ ကျွန်တော်မောင်းအဖြုတ်နှင့် ကွက်တိပင်။
“ဒိုင်း… ဘုန်း…”
ချေဖိုကြီးမှာ နေရာတွင်လဲသည်။ ကျွန်တော် စောင့်ကြည့်နေစဉ် လျှိုတစ်ဖက်ထိပ်မှ ဦးထုပ်ဖြူဆောင်းထားသော မုဆိုးကြီးဦးလေးမောင်နှင့်အဖွဲ့ ထွက်လာကြသည်။ ကျွန်တော်ကလည်း မတ်တတ်ရပ်၍ နှုတ်ဆက်လိုက်ပါသည်။
“ဟေး ဦးလေးမောင် ဆောရီးပဲဗျို့။ ကျွန်တော်က ခင်ဗျားတို့ချောင်းနေမှန်း မသိလိုက်ဘူး”
“ရတယ် ဆရာသိန်းဝင်းရေ၊ ကျွန်တော်တို့ဘက်က ခြေသံမလုံလို့ ချေကထခုန်ပြီး ပြေးတော့မှာ။ ဆရာသိန်းဝင်း လက်ဦးသွားလို့ ရတာ။ ဟောဒီမှာလည်း ကျားကြီးတစ်ကောင်ပါလား။ ဆရာပစ်ထားတာပဲလား”
“ဟုတ်တယ် ဦးလေးမောင်ရဲ့။ မမျှော်လင့်ဘဲ ဒီနေ့ နှစ်ကောင်တောင်ရတာ။ မုဆိုးကြီးတို့အဖွဲ့ ကျွန်တော့်စခန်း လိုက်ခဲ့ပါ။ ကျွန်တော် ပြုစုပါ့မယ်”
“ကောင်းလှပေါ့ဗျာ။ ကျွန်တော်တို့က ကျားပစ်ထွက်လာတာ။ ပဲခူးမှာ ကျားဝယ်မယ့်တရုတ်တွေ ရောက်နေတယ်။ ဈေးကောင်းပေးဝယ်လိမ့်မယ်။ ဆရာသိန်းဝင်းက ရောင်းမှာလား”
“ကျားသား စားလို့မှ မကောင်းဘဲဗျာ။ ဈေးကောင်းရရင် ရောင်းတာပေါ့။ ဒါနဲ့ ဘယ်လိုသယ်ကြမှာလဲ”
“ဇီးတောကြီးရွာမှာ ကျွန်တော်တို့ စက်လှေပါတယ် ဆရာသိန်းဝင်းရဲ့၊ ဝေးတာမှ မဟုတ်ဘဲ။ စက်လှေနဲ့ ပဲခူးသယ်သွားပြီး ညနေစောင်း ပြန်လာနိုင်ပါတယ်”
“အဲဒါဆိုရင်လည်း ဦးလေးမောင် သဘောအတိုင်းပဲ၊ ကျွန်တော်တို့ စခန်းက စောင့်နေမယ်။ စခန်းမှာပဲ ညအိပ်ကြပါ။ လိုအပ်တာတွေလည်း ဝယ်ခဲ့ကြပေါ့ဗျာ”
“ကျွန်တော် ပဲခူးလိုက်မသွားဘူး ဆရာသိန်းဝင်းရဲ့။ မွန်နဲ့ အာလူးတို့ကိုပဲ လွှတ်လိုက်မယ်။ ကျွန်တော်နဲ့ ဦးသိန်းလွင်၊ အဘကောင်း တို့က ဒီနေ့တော့ပင်ပန်းပြီ။ ဆရာ့စခန်းမှာပဲ အနားယူရင်း စောင့်တော့ မယ်”
“ကောင်းပါတယ် ဦးလေးမောင်။ ကျွန်တော်တို့စခန်းက အားနာစရာမရှိပါဘူး။ လွတ်လပ်ပါတယ်။ ရုံးခန်းကလည်း ကျယ်ပါတယ်”
ထိုအချိန်တွင် စခန်းသို့ ကျားသေထမ်းရန် ရဲဘက်ပြန်ခေါ်သော မုဆိုးတင်သောင်းတို့အဖွဲ့ ပြန်ရောက်လာပါသည်။
“ဟာ … ဆရာ ကျားက ဘယ်လို ချေဖြစ်သွားတာလဲ”
“ကျားသား စားမကောင်းလို့ မုဆိုးကြီး ဦးလေးမောင်တို့အဖွဲ့ ပဲခူးသွားရောင်းဖို့ သယ်သွားပြီ။ ချေကိုသာ စခန်းမြန်မြန်သယ်သွားပြီး ချက်ကြ ပြုတ်ကြကြော်လှော်ကြပေရော့။ ဒီက မုဆိုးကြီးတို့အဖွဲ့ ဒီည စခန်းမှာ ညအိပ်ကြလိမ့်မယ်”
“ဟုတ်ကဲ့ဆရာ”
တင်သောင်းတို့အဖွဲ့က ချေသေကြီးကိုထမ်းသွားသဖြင့် ကျွန်တော်တို့အဖွဲ့က သေနတ်ထမ်းကာ စကားတပြောပြောနှင့် လိုက်ခဲ့ကြသည်။ စခန်းအနီးရောက်တော့ ဆူဆူညံညံအသံများ ကြားရသဖြင့် အရေး ပေါ်ပြီအထင်ဖြင့် ကျွန်တော်တို့သည် သေနတ်များအား မောင်းတင်ကာ အပြေးအလွှား ချီတက်ခဲ့ကြသည်။
“လိုက်ဟ… ဖမ်းဟ… ဆီးဟ”
ဟူသောအသံများက စခန်းဘက်တွင်ဆူညံနေသည်။
ကျွန်တော်တို့ စခန်းဝင်းအတွင်းရောက်မှ ရဲဘက်ဘားတိုက်ဆူးကြိုးဝင်းနှင့် တောင်ယာကိုကာရံထားသည့် ဝါးစည်းရိုးအတွင်း မုန်လာပင်များကို ဝင်စားနေသည့် ချေတစ်ကောင်အား ဝန်ထမ်းနှင့် ရဲဘက်များ ဝိုင်းလိုက်နေကြခြင်းဖြစ်သည်။
ချေကလည်း နှစ်ဖက်ညှပ်ဝိုင်းထားသဖြင့် ထွက်ပေါက်မရှိ။ သွပ်စည်းရိုးဝင်းကို ပတ်ချာလှည့်ပြေးလွှားနေသည်။ တောရိုင်းတိရစ္ဆာန်ဖြစ်၍ ဝင်၍လည်း မဖမ်းရဲကြ။ ထို့ကြောင့် ကျွန်တော်ကပင် ဝန်ထမ်း နှင့် ရဲဘက်များအားရှင်းပြီး လူရှင်းရာ စခန်းအနောက်ဘက်သို့ မောင်းစေပြီး ပစ်ခတ်လိုက်ရတော့သည်။
“ဒိုင်း”
ချေမှာ ချေဖိုကြီးပင် ဖြစ်သည်။ အစောပိုင်းက ကျွန်တော် ပစ်ခဲ့သောချေဖိုကြီးနှင့် မတိမ်းမယိမ်း အရွယ်ခန့်ရှိသည်။
ကျွန်တော်က ဝန်ထမ်းနှင့် ရဲဘက်များ စားသုံးရန် နောက်တန်းတပ်ကြပ်ဦးအိုက်ရီအား လွှဲပြောင်းပေးလိုက်သဖြင့် ရဲဘက်များ တဟေးဟေးဖြင့် အလွန် ပျော်သွားကြသည်။
ကျွန်တော် ဧည့်သည်များဖြင့် ရုံးခန်းအတွင်း နားနေကြစဉ် တပည့်ကျော် မုဆိုးတင်သောင်းက ကျွန်တော်ပစ်လာသောချေကို ဖျက်နေပြီး ကလီစာဟင်းများကိုလည်း အရေးပေါ်စားသုံးရန် ချက်နေပါ သည်။
ထိုစဉ် ရှေ့တန်းတပ်ကြပ်ကြီး ဦးအေးမောင် ကျွန်တော့်အနား ရောက်လာပြီး
“ဆရာထောင်မှူး ကျွန်တော် ပြောစရာရှိလို့ပါ”
ကျွန်တော်ထလိုက်သွားတော့ ရုံးခန်းအနောက်ဘက်ကျွန်းပင်ကြီးအောက်သို့ ခေါ်သွားပြီး
“ဆရာ စခန်းထဲကို တောကောင်ဝင်တာ မကောင်းဘူး ဆရာ။ စခန်းပျက်တတ်တယ်။ ကျွန်တော်က လက်တွေ့ကြုံခဲ့ရတာ။ ဝါးယားကုန်းစခန်းမှာ ကျွန်တော်တာဝန်ကျတုန်းက အခုလိုပဲ တောထဲက ချေတစ်ကောင်ဝင်ဖူးတယ်။ ရဲဘက်နဲ့ ဝန်ထမ်းတွေ ဝိုင်းရိုက်ပြီး ဖမ်းလိုက်ကြတယ်။
မကြာဘူး…လစခန်းကို ဂြိုဟ်ဆိုးဝင်တော့တာပဲ။ ငှက်ဖျားရောဂါနဲ့ ဝမ်းရောဂါဖြစ်ပြီး စခန်းပျက်တယ်။ ဝန်ထမ်းရော ရဲဘက်ပါ ဆုံးပါးသူ မနည်းဘူး။ ဒါကြောင့် ကျွန်တော် ဒီစခန်းပြောင်းလာရတာ။ ကိုယ်တွေ့ပါ ဆရာ။ ဆရာ့ကို သတိပေးတာပါ”
“တိုက်ဆိုင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ဆရာကြီးရယ်။ ဒါပေမဲ့ ဆရာကြီးကိုယ်တွေ့မို့ ကျွန်တော် ဆရာကြီးပြောစကားကို လေးစားပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဝန်ထမ်းနဲ့ ရဲဘက် တွေကို ရေကိုကျိုချက်ပြီးမှ သောက်ခိုင်းပါ။ စနေနေ့ညနေတိုင်း ငှက်ဖျားရောဂါကာကွယ်ဆေးကို ဖိဖိစီးစီးတိုက်ပါ။ ဒါဆို ကာကွယ်ရာ ရောက်ပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ”
ကျွနတော်က လက်တွေ့သမားဖြစ်၍ လူကြီးစကားကိုလည်း မပယ်ဘဲ မယုတ်မလွန်ပြောလိုက်တော့ တပ်ကြပ်ကြီးဦးအေးမောင် ကျေနပ်သွားဟန်တူပါသည်။
ကျွန်တော်တို့စခန်းမှာ ရှေးကပြောခဲ့သလို တော တွင်းစခန်းဖြစ်ပြီး ရာသီပေါ်သီးနှံများ စိုက်ပျိုးထားသဖြင့် စိမ်းစိမ်းစိုစိုမြင်ရသောကြောင့် တောကောင်က ဝင်စားဟန်တူပါသည်။
တောတွင်းကစခန်းသို့ တောကောင်ဝင်သည်ဆိုသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ သို့သော် စခန်းအတွင်း လူအများရှေ့ နေ့ခင်းကြောင်တောင်ကြီး တောကောင်ဝင်သည်မှာတော့ အံ့ဩစရာပင်။
ညနေစောင်းတွင် ကျွန်တော် ဧည့်သည်မုဆိုးကြီးတို့အဖွဲ့အား ညနေစာပြင်ဆင်နေစဉ် မုဆိုးကြီးဦးလေးမောင်၏ တပည့်များဖြစ်ကြသော မွန်နှင့် အာလူးတို့ ပြန်ရောက်လာကြသည်။ စားစရာများနှင့် အရက် ပုလင်းများလည်း တပွေ့တပိုက်ကြီး ပါလာကြသည်။
“ဆရာထောင်မှူး ကျားရောင်းရငွေ တစ်သိန်းခွဲရတယ်။ တစ်သောင်းဖိုးတော့ ကျွန်တော်တို့ စားသောက်ဖို့၊ မြည်းစရာနဲ့ အရက်တွေ ဝယ်လာခဲ့တယ်။ ဟောဒီမှာ တစ်သိန်းလေးသောင်းပါ။ ဒါတောင် စက်လှေခကို ကျားဝယ်တဲ့တရုတ်က ပေးသွားတာ”
“အေးဗျာ ကျေးဇူးပဲ။ ကျွန်တော် တစ်သိန်းပဲ ယူပါ့မယ်… ကျန်တဲ့လေးသောင်းကို မုဆိုးကြီးဦးလေးမောင်တို့ပဲ ဝေယူကြပါ”
“ဆရာဦးလေးမောင်ရေ ဒီတစ်ခါတော့ ဝက်ဝံသည်းခြေနဲ့ စပါးကြီးသည်းခြေ လိုချင်သတဲ့။ ကြီးရင် ကြီးသလို ဈေးကောင်းပေးမယ် ပြောပါတယ်”
“အေးအေး… ရှာကြတာပေါ့။ ဝက်ဝံနဲ့ စပါးကြီးက ကျားလောက်မခက်ပါဘူး။ နတ်ရေတွင်းဘက်မှာ ပေါပါတယ်။ မင်းတို့လည်း တောတက်သူတွေဆီက နားစွင့်ထားကြပေါ့ ဟုတ်လား”
“ဟုတ်ကဲ့ပါ ဦးလေး”
ထိုညက စားသောက်ရင်း စကားကောင်းနေကြရာ ညဉ့်သန်းခေါင် (၁၂) နာရီထိုးပြီးမှ ကျွန်တော်တို့ ဝိုင်းသိမ်းပြီး အိပ်ရာဝင်ကြသည်။
ရိုးမတောင်ကြောဘက်မှ တဝေါင်းဝေါင်းနှင့် ချေတစ်ကောင် ဟောက်နေသည်။
ကျွန်တော်တို့အဖွဲ့လည်း ပင်ပန်းပြီးဗိုက်ကားအောင်စား သောက်ထားကြ၍ မိုးလင်းမှတစ်ရေးနိုးတော့သည်။
မုဆိုးကြီးဦးလေးမောင်တို့အဖွဲ့မှာ ကျွန်တော် မင်းကုန်းစခန်းတွင် တာဝန်ကျစဉ်ကတည်းက လက်တွဲ၍ အမဲလိုက်ခဲ့သောအဖွဲ့ဖြစ်၍ အလွန်ရင်းနှီးလှသည်။ ထို့ ကြောင့်လည်း မနက်စာစားပြီးမှ အေးဆေးစွာပြန်ကြသည်။
တစ်ပတ်ခန့်ကြာတော့ မင်းကုန်းကွပ်ကဲမှုစခန်းမှ ရုံးတွင်း အမိန့်စာတစ်စောင် ရောက်လာသည်။ ကျွန်တော့်အား လက်ရှိတာဝန်ထမ်းဆောင်နေရသော မအူပင်ဆိပ်စခန်းခွဲကို ဖျက်သိမ်းပြီး ရှေ့တန်းစခန်းမကြီးဖြစ်သော စခန်းမကြီး အမှတ် (၉)သို့ ပူးပေါင်းပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဖြစ်ပေသည်။
တိုက်ဆိုင်မှုလော၊ မလိုအပ်တော့၍ စခန်းဖျက်ခြင်းလော။ ကျွန်တော့်စခန်းမှ ရှေ့တန်းတပ်ကြပ်ကြီးဦးအေးမောင်၏ နိမိတ်ဖတ်ခြင်း မှန်ကန်သောကြောင့်လားဟုတော့ မသိပါ။
စခန်းအတွင်း တောကောင် ချေဝင်၍ တစ်ပတ်အတွင်း စခန်းဖျက်သိမ်း၍ ပြောင်းရွှေ့ရခြင်းကတော့ အမှန်ပင် ဖြစ်ပါတော့သတည်း။
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
Uncategorized