July 30, 2025
Uncategorized

စည်းပျက်တံငါ

မောင်ခြိမ့်
စည်းပျက်တံငါ

အရာရာကို အလေးအနက်မထားဘဲ နောက်တတ်၊ ပြောင်တတ်၊ ခပ်ပျော်ပျော်နေတတ်သည့် အေးပု၏စကားကို နားယောင်ပြီး သည်နေရာကို ထွက်လာမိတာ မှားပြီဟု ဖိုးချစ်တွေးရင်း ကိုယ့်ကိုယ်ကို ဒေါသထွက်မိရတော့သည်။

“ရှီးထဲမှပဲ … ဒါ မိုးတွင်းလားဟ”

ဒေါသသံဖြင့် မကျေမချမ်း ရေရွတ်ရင်း ကောင်းကင်ကို မော့ကြည့်ဖြစ်သည်။ ဝင်းဝင်းလျှပ်လျှပ် နေလုံးကြီးကို ဖျတ်ခနဲ တစ်ချက်ကြည့်ပြီး စူးရဲလှသော နေရောင်ခြည်ကြောင့် မျက်စိကိုအမြန်လွှဲကာ စိမ်းမြရွှန်းစို လယ်ကွင်းတစ်ခိုဆီ လှမ်းကြည့်လိုက်ရသည်။

ဝါဝင်ခဲ့သည်မှာ မနည်းကြာခဲ့ပြီဖြစ်၍ မိုးဖြိုင်ဖြိုင်ကျနေပြီ။ မျက်စိတစ်ဆုံး မျှော်ကြည့်လိုက်တိုင်း၊ ကန်သင်းရိုးကလေးတွေ အကန့်အကန့် ပိုင်းခြားထားသော လယ်ပြင်ကြီးကိုသာ တွေ့နေရသည်။ အရိပ်ခိုနိုင်စရာဆို၍ လူတစ်ရပ်ကျော်မြင့်သည့် ညံပင်ကလေးတစ်ပင်သော်မျှမရှိ။ ပကတိ လဟာပြင်ကျယ်ကြီးသာ ဖြစ်သည်။

လယ်ကွက်တချို့မှာတော့ စိုက်ရက်တော်တော်ရနေပြီဖြစ်၍ ကောက်သားတက်စ ပင်ပွားထွက်ပြူစ စပါးပင်တွေက နက်မှောင်စိမ်းစိုနေသလိုလို၊ စိုက်ရက်မကြာသေးသော ကောက်ပင်ကလေးတွေက ဝါတာတာလိုလို၊ စိမ်းဖန့်ဖန့်လိုလိုနှင့် လယ်ပြင်ရေဖွေးဖွေးမှာ အလှသွေးတွေ ကြွယ်နေကြသည်။

ကန်သင်းရိုးကျဉ်းကျဉ်းကလေးတွေပေါ်မှာ ခြေချော်မကျအောင် ဂရုစိုက်လျှောက်လာရင်း မိုးကာလပင်ဖြစ်လင့်ကစား တစ်ခါတစ်ရံ မိုးဆက်ပြတ်၍ ပူပြင်းတတ်လေ့ရှိသော နေမင်းကြီးကို အပြစ်တွေတင်နေမိသည်။ သူသွားချင်သည့်နေရာက ရိုးချောင်းကလေးဆီသို့ ဖြစ်သည်။

ဧကပေါင်းထောင်နှင့်ချီ၍ ကျယ်ပြန့်လှသော လယ်ကွင်းလယ်ကွက်တွေအကြား ကွေ့ကောက်၍ ဖြတ်သန်းစီးဆင်းနေသော ထိုရိုးချောင်းကလေး ဆီသို့ ကွန်စိပ်ကလေးကို ထမ်းပြီးလျှောက်လာရင်း သည်လိုနေရာမျိုးဆီ လမ်းညွှန်လိုက်သော အေးပုကိုစိတ်တို၏။

အတင်းတွန်းထိုးစေလွှတ်သော အိမ်ကမိန်းမကိုလည်း မကျေနပ်။

ဘာပဲဖြစ်ဖြစ် ခရီးအတော်ပေါက်လာပြီဖြစ်၍ ရိုးချောင်းကလေးဆီ မရောက်ဘဲ လှည့်၍တော့ မပြန်ချင်။ အေးပုက ကျိန်းသေရှိလှပါသည်ဟု အာမခံလိုက်သော အကောင်တွေကိုလည်း ဖမ်းချင်သေးသည်။

နှုတ်ခမ်းစူကာ စိတ်ကောက်တတ်သည့် မိန်းမ၏ မျက်နှာကို ပြေး၍မြင်မိသည့်ခဏ၌ ခြေလှမ်းတွေက ရိုးချောင်းကလေးဆီ တွန်း၍ ပို့နေလေသည်။

X X X X

လယ်ကွက်တွေ၏ကြားမှာရှိသဖြင့် ရိုးချောင်းဟုခေါ်ရသော်လည်း တကယ်တော့ ချောင်းကလေးတစ်ချောင်းခန့် ရှိသည်။ မိုးတွင်းကာလများတွင် လက်လံလေးလံခန့် ကျယ်ကာ၊ မိုးအကုန်ဆောင်းကာလများတွင် ရေနည်းသွားပြီး၊ နွေကာလများတွင် ရေခန်းလေ့ရှိသည်။

ရေခန်းသည်ဆိုရသော်လည်း အကုန်အစင် ခန်းခြောက်သွားသည်တော့ မဟုတ်။ တချို့နေရာများတွင် ရေစပ်စပ် ကျန်တတ်သေးသည်။ ထိုရေစပ်စပ်ဒိုက်ပုံတွေအောက်ခြေတွင် ထူးတွင်းကြီးတွေခတ်၍ သူတို့မျိုးနွယ်တစ်စုတို့ နွေခိုတတ်ကြပြီး တချို့မျိုးနွယ်တွေကတော့ တော်သလင်းငါးဆင်းမိုးကြီးနှင့်အတူ ရိုးချောင်းကလေးမှတဆင့် ချောင်းလက်တက်၊ထိုမှတစ်ဆင့် မြစ်မကြီးတွေထိ ဆင်းသွားခဲကြပြီ။

ပဇ္ဇုန်မိုးတွေ ထစ်ချုန်းမြည်ဟည်း ပေါင်းလန်အောင် ရေတွေကြီးလျှင်တော့ သူတို့ ပျော်မြူးကြပြီ။ မြစ်မှတစ်ဆင့် ချောင်းလက်တက်သို့။ ထိုမှတစ်ဆင့် ရိုးချောင်းကွင်းပြင်ကျယ်ကြီးဆီ ပြန်လာကြပြီး၊ ဒိုက်ပုံတွေအောက် ထူးတွင်းကြီးထဲမှာ နွေခိုနေသော သူတို့မျိုးနွယ်တွေလည်း ထွက်၍ ပျော်မြူးကြပြီ။

ရေလျှံရိုးချောင်းကလေးအတိုင်း အထက်ကို ဆန်ချင်ဆန်၊ အောက်ကို စုန်ချင်စုန်၊ ဒါမှမဟုတ် ကန်သင်းရိုး ကတွက်ပေါက်တွေမှာ ခုန်ချင်ခုန၊ ပျံချင်ပျံ၊ ပျော်စရာကာလကြီးပေပ။

အစာတွေကပေါ၊ ကူးခပ်စရာ ရေပြင်ကြီးကကျယ်၊ ခြေခင်းလက်ခင်းကလည်းသာ၊ အဖော်တစ်သင်းနှင့် ချစ်တင်းနှောရင်း မျိုးဆက်သစ်တွေ ဥကြ၊ ပေါက်ပွားကြ၊ ကြီးထွားလာကြနှင့် ပျော်စရာကာလကြီး ဖြစ်ပါ၏။

ရိုးချောင်းကလေးအတွင်း ရေပြင်မှာတော့ ကန်စွန်းရိုးနီတွေ၊ ထိကရုန်းပင်တွေ ထွားကျိုင်းသန်မာစွာ ပေါက်နေကြသည်။ လယ်ပတူ၊ ကနဖော့၊ ကညွှတ် စသည့် အပင်ငယ်လေးတွေလည်း စိုလန်းလျက်ရှိသည်။

ထမင်းစားပန်းကန်ခန့် ကြာရွက်ကြီးတွေ ရေပေါ်တွင် ပြန့်ပြန့်ကားကား လှပလျက်ရှိကြ၏။ တချို့ဖူးလျက်၊ တချို့ငုံလျက်၊ ပွင့်လျက် ကြာဖြူကြာနီတွေကလည်း ရိုးချောင်းကလေးကို အလှဆင်လျက်ရှိသည်။

ရေပြင်၏အောက်ခြေတွင် ပိန်းပိတ်အောင် မည်းမှောင်လျက်ရှိသော်လည်း ရေပြင်နှင့်နီးလာလေ တဖြည်းဖြည်းလင်းလာလေဖြစ်ကာ ရေပြင်အောက် တစ်တောင်ခန့်အထိ နေရောင်ခြည်က ထိုးဖောက်၍လင်းနေသည်။

နှစ်ရက် သုံးရက်ခန့် ဆက်တိုက်ပူနေသောအခါ ရိုးချောင်းကလေးအတွင်းရှိ ရေသည် အေးလည်းမအေး၊ ပူလည်းမပူ နွေးနွေးကလေး ဖြစ်နေတော့သည်။

ထိုသို့ နွေးနေသောရေပြင်တွင် ဥချထားသော မျိုးဥတွေက အကောင်တွေပေါက်ကြ၏။

ရေညှိရေမှော်ပင်ကလေးတွေ ဒိုက်ပင်ကလေးတွေ ပွားလာကြသည်။ များသည်ထက် များလာကြ၏။

သားပေါက်စကလေးတွေ လက်တစ်သစ်၊ လက်နှစ်သစ်ခန့် ကောင်ရေထောင်ပေါင်းများစွာသည် နေခြည်အလင်းရောင်အောက် ဒိုက်ပင်ကလေးတွေ ရေမှော်၊ ရေညှိဖတ်ကလေးတွေကို စားကာ ကြီးထွားလာမြဲ ဖြစ်၏။

မွေးကာစအရွယ်ကလေးတွေသာဖြစ်၍ ငါးတစ်ကောင်၏ ပုံသဏ္ဍန်က မပီပြင်သေး။ ခေါင်းကြီး ကိုယ်သေးလေးတွေ ဖြစ်၏။ အရုပ်ဆိုးကလေးတွေဖြစ်သည်။ ပါးစပ်ကလေးတွေ ဟစိ ဟစိနှင့် အစာဖတ်ကလေးတွေကို သူ့ထက်ငါကောင်း လုယက်စားသောက်နေကြသည်မှာ ပွက်ပွက်ထနေတော့သည်။

သူတို့တွင် အပူအပင် မရှိ၊ အကြောင့်အကြ မရှိ၊ သောက မရှိ၊ စိုးရိမ်မှု မရှိ။ ပကတိအဖြူထည်ကလေးတွေ ဖြစ်သည်။

X X X X

ရေမျက်နှာပြင်အောက် အနက်တစ်တောင်၊ တစ်တောင့်ထွာလောက်မှာတော့ သားထိန်းငါးရံ့ကြီးရှိသည်။

သားပေါက်ကလေးတွေ မှော်ပင်တွေကြားသွားသွား၊ ကြာရိုးကြာနွယ်တွေကြားသွားသွား၊ ကန်စွန်း နွယ်တွေကြားသွားသွား သူ့ခမျာ ရေအောက်မှလိုက်၍ မမောတမ်း စောင့်ရှောက်ပေးလျက်ရှိသည်။

သားပေါက်ကလေးတွေ နေခြည်ဝင်းလျက် ပြိုးပြက်တောက်ပနေသည့် ရေပြင်ထက်မှာ မြူးထူးပျော်ပါး အစာစားနေကြတာကိုကြည့်ပြီး ကြည်နူးဝမ်းသာလျက် ရှိသည်။

“ပျော်ကြစမ်းဟေ့၊ ကူးခပ်ဆော့ကစားကြစမ်းဟေ့၊ စားကြစမ်းဟေ့”

ဟု စိတ်ထဲကနေ အားပေးနေသည်။

ဒါမှ သူ့ရင်သွေး၊ သူ့မျိုးဆက်သစ်ကလေးတွေ သန်မာထွားကျိုင်းလာပေလိမ့်မည်။ အရွယ်ရောက်ကြပေလိမ့်မည်။

ရေအကြောင်း၊ နေရောင်ခြည်အကြောင်း၊ ရိုးချောင်းတွေ၊ လယ်ကွင်းပြင်တွေ၊ ဂယက်အင်းကြီးတွေအကြောင်း တဖြည်းဖြည်း သိနားလည်လာကြ ပေလိမ့်မည်။

သားထိန်းငါးရံ့ကြီးက အချက်ပေးလိုက်လျှင် ရေအောက်သို့ ဖျတ်ခနဲ ငုပ်ဆင်းလာတတ်အောင်၊ ကြာဖတ်၊ ကြာရွက်၊ ကြာစွယ်ဒိုက်ပုံတွေ အကြားမှာ ပုန်းအောင်းနေတတ်အောင်၊ အန္တရာယ်တွေကို ရှောင်ကွင်းတတ်အောင် တဖြည်းဖြည်း သင်ကြားပေးရ ပေဦးမည်။

ယခုလည်း သားထိန်းငါးရံ့ကြီးက သည်အချက်တွေကို သင်ကြားပေးရင်း စောင့်ရှောက်နေခြင်းဖြစ်သည်။ ရက်တွေကြာလာသည်နှင့်အမျှ သူ၏ သားထိန်းကာလ ကုန်ဆုံးပေတော့မည်။

သားထိန်းကာလ ကုန်ဆုံး၍ ကိုယ့်လမ်းကိုယ်လျှောက်ရမည့်အချိန်ကို ရောက်လျှင်တော့ သူ့သားသမီးတွေသည် သူတို့ဘဝကို သူတို့ စောင့်ရှောက်ကြရလိမ့်မည်။ ရုန်းကန်ကြရတော့မည် ဖြစ်ပေ၏။ မိမိ၏ အစာကို မိမိ ရှာဖွေစားသောက်ကာ မိမိ၏ဘေးရန်ကို မိမိတို့အသိဖြင့် ဆင်ခြင်သုံးသပ်ပြီး ကျော်လွှားရင်ဆိုင်ကြရတော့မည် ဖြစ်၏။

တဖြည်းဖြည်းနှင့် အရွယ်ရောက်လာကြကာ အသစ်အသစ်သော မျိုးဆက်သစ်တွေ ထပ်မံပေါက်ပွားကြ၊ ရှင်သန်ကြနှင့် ဟောသည်ကမ္ဘာကြီး တည်နေသ၍ သူတို့မျိုးဆက်တွေ ဆက်လက် တည်ရှိနေကြဦးမည်သာ ဖြစ်သည်။

သားထိန်းငါးရံ့ကြီးသည် ဘေးဘယ်ညာတစ်ဝိုက်နှင့် ရိုးချောင်းရေပြင်တစ်ဝိုက်ကို စေ့စေ့စပ်စပ် ဝေ့ဝိုက်ကြည့်ကာ အန္တရာယ်အရိပ်အရောင်ကို ရှာဖွေလိုက်သည်။ ဘာမှထူးခြားမှုမရှိ၊ ပကတိ အေးချမ်းသာယာလှပါဘိ။

X X X X

စောစောက ပူပြင်းစူးရှခဲ့သော နေရောင်ခြည်သည် တဖြည်းဖြည်း မှိန်ဖျော့လာနေသည်။ အနောက်တောင်ဆီမှ ရေငွေ့၊ ရေမှုန်တွေကို သယ်ဆောင်လာသော မိုးတိမ်မည်းကြီးတွေ တစ်သုတ်ပြီးတစ်သုတ်တပ်ချီ၍ လွင့်မျောပါလာနေကြသည်။

ကြည်စင်ပြာလဲ့နေသော ရိုးချောင်းကလေး၏ ရေမျက်နှာပြင်ပေါ် မှာ တိမ်ညိုတိမ်စိုင်တို့၏ အရိပ်မည်းကြီးတွေ ဖြတ်ပြေးလေတိုင်း အုံ့မှိုင်းသွားကာ ရေပြင်တွင် တိမ်ရိပ်တို့ ထင်ဟပ်လာလိုက် ပျောက်ကွယ် သွားလိုက်နှင့်။

ပထမဆုံးတိမ်တစ်အုပ် ရေပြင်ပေါ်ဖြတ်အပြေးတွင် ရေအောက်မှာ စောင့်နေသော သားထိန်းငါးရံ့ကြီးသည် ရန်သူ၏အရိပ်အယောင်ပေလားဟု စိုးရိမ်တကြီးဖြင့် အချက်ပေးလိုက်သည်။ ထိုအခါ သားပေါက်ကလေးတွေသည် ဖျတ်ခနဲ ရေလွှာအောက်သို့ ငုပ်ချလိုက်ကာ ရှောင်တိမ်းပုန်းကွယ်လိုက်ကြသည်။

ခဏတာမျှ စောင့်ဆိုင်းကြည့်လိုက်ပြီး ရန်သူမဟုတ်မှန်း သိသောအခါ သားထိန်းငါးရံ့ကြီးကိုယ်တိုင် ရေပြင်ထက်သို့ ခုန်တက်အသက်ရှူပြီး ပွက်ပြ မြူးပြလိုက်လျှင် သားပေါက်ကလေးတွေအားလုံး ပြန်တက်လာကြပြီး ပျော်မြူးကြပြန်၏။

သတိဆိုတာ ပိုသည်မရှိ၊ သူ့အသက်ထက်ချစ်သော သားပေါက်ကလေးတွေအတွက်ဆိုတော့ ပင်ပန်းသည်ဟု သူမထင်။ သတိထားမှ … သတိထားမှ။

X X X X

ဖိုးချစ်တစ်ယောက် သူ့မျက်စိကိုပင် သူမယုံချင်။ အလွန်များပြားလှသည့် ငါးရံ့သားပေါက်အုပ်ကြီးပင်ဖြစ်သည်။ အနည်းဆုံး ကျူဖျာတစ်ချပ်စာခန့်ရှိ ရေပြင်တွင် ပွက်ပွက်ထအောင် ဆူညံလှုပ်ရှား အစာစားလျက် ရှိသည်။

တစီစီ တပြုတ်ပြုတ်အသံတွေကိုပင် ကြားနေရသည်။ ထိုအသံသည် ငါးရံ့သားပေါက်အုပ်မှ ထွက်ပေါ်လာသံ ဖြစ်၏။ အခြားဘယ်နေရာကမှ ထိုအသံမျိုး ထွက်သည်မရှိ။

ပြီးတော့ သူ့မျက်စိရှေ့ မြင်နိုင်သလောက် ရိုးချောင်းတစ်ခွင်လုံး ငြိမ်သက်စွာရှိနေသည်။ ဤတစ်နေရာတည်းသာ ပွက်လောထအောင် လှုပ်ရှားနေသည်။

ကျိန်းသေပါသည်။ ဒါဟာ ငါးရံ့သားပေါက်အုပ်ကြီး ဧကန်ဖြစ်တော့၏။ တဖြည်းဖြည်းနှင့် ခြေသံရေသံ မကြားရအောင် အနားသို့ တိုး၍ … တိုး၍ သွားသည်။

မြင်နေရပြီ …။

နီနီထွေးထွေး ငါးရံ့သားပေါက်တွေ ထောင်ပေါင်းများစွာ မြူးထူးနေခြင်းပါတကား။

အေးပုပြောတာ မှန်နေပြီ။

သည်ကနေ့ နံနက်တုန်းက အေးပုတစ်ယောက် သူ့အိမ်ကိုရောက်လာခဲ့သည်။ အိမ်ပေါ်တက်ထိုင်ပြီး ရေနွေးကြမ်းသောက်သည်။ ကောက်ညှင်းဆီထမင်းနှင့် ပုစွန်ခြောက်ထောင်းကို အားမနာပါးမနာ ပါးဖြဲနားဖြဲစားသေးသည်။ ပြီးမှ …

“ဟေ့ကောင် ဖိုးချစ် လောလောဆယ် မင်း ဘာအလုပ်မှ မရှိဘူးမဟုတ်လား။ ရိုးချောင်းထဲသွားပြီး ငါးရံ့သားပေါက် ဖမ်းပါလားကွ။ မနေ့က ငါ ကြာတွေသွားနုတ်ရင်း တွေ့ခဲ့တာဟေ့။ သုံးလေးနေရာလောက်မှာ ပွက်သေးကြမ်းနေတာပဲ။ ငါ့မှာ ဘာမှမပါလို့ ကြည့်ပြီး ပြန်လာခဲ့ရတာ။ မင်းမှာ ကွန်စိပ်ကလေး ရှိရဲ့မဟုတ်လား။ အတော်ပေါ့ကွ၊ သားပေါက်တွေရော ကံကောင်းရင် သားထိန်းငါးရံ့ကြီးပါ ရနိုင်တယ်ကွ”

ဟု အစထောင်ပေးသွားခဲ့သည်။

ထိုအခါ ယောက်ျားဖြစ်သူ အိမ်မှာကျောခင်းပြီး ပျင်းနေတာ ကြည့်မရဖြစ်နေသည့် မိန်းမက ငါးရံ့သားပေါက် အိုးကပ်ကလေး စားချင်တယ်ဟု အတင်းပူဆာလေသောအခါ …

အေးပုကို ဒေါသတွေ တစ်ပြုံကြီးထွက်ပြီး ရိုးချောင်းကလေးဆီ လာခဲ့ခြင်းဖြစ်၏။ ယုံတော့ သိပ်မယုံ။ ယခုတော့ မယုံ၍ မရတော့ပြီ။

ကောင်းကင်ပြင်ကြီးတွင် ဘယ်ကဘယ်လို လွင့်မျောပါလာသည်မသိ၊ တိမ်စိုင်မိုးသားတွေ ထုနှင့်ထည်နှင့် တစ်သုတ်ပြီးတစ်သုတ် အုပ်လိုက်၊ ခဲလိုက် ဖြတ်ပြေးနေတာ မြင်နေရသည်။

မိုးများ ရွာဦးမှာလားဟု တွေး၍ပူသည် … ။

ဘုရားမ၍ မိုးမင်းကြီး မရွာပါနဲ့ဦး။ မိုးရွာလျှင်တော့ သွားပြီ။ ငါးရံ့သားပေါက်အုပ်ကြီး ပျောက်သွားလိမ့်မည်။ ရေပြင်အောက်ငုပ်၍ မှော်ပင်တွေ၊ ကြာရွက်တွေကြား တိုးဝင်သွားကြတော့မည်။

လက်သန်းတစ်မြူပင်မရှိသော ကွန်စိပ်ကလေးကို ပခုံးပေါ်တွင် ထမ်းထားရာမှ အသာချသည်။ ကွန်ဖူးကြိုးကို အလိုက်သင့်ခွေရင်း ကွန်သားကို အသာဖြန့်ကာ ဘယ်ညာလက်ပေါ်မှာ အသင့်ပြင်ရင်း ရိုးချောင်းအစပ်သို့ အသာကပ်၍သွားသည်။ ကွန်တစ်ကမ်းလှမ်း၍ ပစ်နိုင်သည့် အကွာအဝေးကို ချိန်ဆနေသည်။

လာပြီဟေ့ … ကွန်သမားဖိုးချစ် လာပြီကွ … ။

X X X X

ရေလွှာအောက်တွင် လုံးထွေးသတ်ပုတ်လိုက်ရသဖြင့် ဒဏ်ရာအနာတရတွေနှင့်ဖြစ်နေသာ သားထိန်းငါးရံ့ကြီး မောပန်းစွာ ပါးဟပ်ကြီး ဟစိ ဟစိနှင့် အသက်ကိုလုကာ လုကာ ရှူနေရသည်။

ဘယ်နှယ့် သူသာ အသေခံလိုက်ချင်သည်။ သူ့သားသမီးလေးတွေကိုတော့ လာမထိနှင့်။ သူ့ကလေးတွေ ရေလွှာပေါ်မှာ အစာရှာမြူးတူး ကစားနေတုန်း ဘယ်နေရာက ဘယ်လိုရောက်လာသည် မသိရသော ဒိုင်းငါးရံ့ကြီးတစ်ကောင်ကို ဗြုန်းခနဲ တွေ့လိုက်ရသည်။

ပြူးကြောင်သော မျက်လုံးကြီးတွေနှင့် ကြာရိုးကြာစွယ်တွေကြားကနေ အာသာငန်းငန်းနှင့် ချောင်းနေတာဖြစ်သည်။

အရွယ်အစားက သူ့နှစ်ပြန်စာလောက် ရှိသည်။ ရှည်လျားသော ကိုယ်လုံးကြီး၏ ဘေးနှစ်ဖက်တွင် အမြီးဖျားတွင် ဒေါင်းမြီးကွက်သဏ္ဍန် နီနီရဲရဲအကွက် အကွက်ကြီးတွေနှင့် အင်မတန်လှပြီး အလွန်သန်မာသော အကောင်ကြီးပင်။ သူစောင့်ရှောက်နေသော သားပေါက်ကလေးတွေကို ဟပ်မျိုစားသောက်ရန် ချောင်းနေခြင်းဖြစ်သည်။

သူ ကြည့်မနေနိုင်၊ ထိုငါးကြီး တစ်ခါထိုးဟပ်စားလျှင် သားပေါက်နီနီထွေးထွေးကလေးတွေ အကောင်နှစ်ဆယ် သုံးဆယ်ခန့် ပါသွားလိမ့်မည်။

အရွယ်အစားချင်းကွာလှ၍ သူနိုင်မှာမဟုတ်တော့ကြောင်း သိသည်။ သို့သော် သည်ပွဲမှာ သူနောက်မဆုတ်နိုင်၊ ကြည့်မနေနိုင်၊ ဖြစ်သည့်နည်းနှင့် မောင်းထုတ်ရလိမ့်မည်။ သူ့အသက်ကိုရင်းလျှင် ရင်းရ ပါစေတော့…။

သားဇောကပ်ပြီး ဒေါမာန်အပြည့်နှင့် ခွန်အားတွေစုဆောင်းကာ ဒိုင်းငါးရံ့ကြီး၏နံဘေးကို အရှိန်ပြင်းစွာ ကူးခပ်သွားပြီး ကိုက်ခဲပစ်လိုက်တော့သည်။

ရုတ်တရက်ပေမို့ ထိတ်လန့်သွားသော်လည်း သူ့အစာချောင်းနေတာကို နှောင့်ယှက်ခြင်းခံလိုက်ရသည့် ဒိုင်းငါးရံ့ကြီးကလည်း အစာမာန်တက်ကာ ဒေါသတကြီး ပြန်လည်ကိုက်ခဲတော့သည်။

ငါးရံ့ကြီးနှစ်ကောင် လုံးထွေးကိုက်ခဲနေသဖြင့် ရေပြင်ကြီးပွက်ပွက်ထ၍ လှုပ်ရှားနေသည်။ တိုက်ပွဲတို့ထုံးစံ အသက်ကိုစွန့်ကာ သားကလေးကို ကာကွယ်ဖို့ စွန့်စွန့်စားစား ကာကွယ်တိုက်ခိုက်နေသည့် သားထိန်းငါးရံ့ကြီးကို သူများသားသမီးတွေကို အချောင်စားရဖို့ ချောင်းနေသည့် ဒိုင်းငါးရံ့ကြီး တာရှည် ရင်မဆိုင်ရဲတော့ဘဲ ထွက်ပြေးသွားတော့သည်။

နိုင်သည်မှန်သော်ငြား … ဒဏ်ရာဗရပွနှင့်ကျန်ခဲ့သော သားထိန်း ငါးရံ့ကြီး မောနေပြီ … နာနေပြီ။ သားဇောကပ်၍ ဇွဲနှင့်စောင့်ရှောက်နေသော်လည်း အားအင်တွေ လျော့ပါးနေပြီ။

ဟော … မည်းမည်းဆုပ်ဆုပ် တိမ်တစ်အုပ်က ရိုးချောင်းကလေးအပေါ် ဖြတ်ကျော်သွားပြန်ပြီထင်၏။ ရေပြင်တစ်ဝိုက်မှာ အုံ့မှိုင်းသွားတာ ရီဝေသောမျက်လုံးများက တွေ့လိုက်ရသည်။

ဒါ … တိမ်တစ်အုပ်ပါပဲ ဟုတွေးကာ သားထိန်းငါးရံ့ကြီးက အန္တရာယ်အချက်မပေးတော့ဘဲ ငြိမ်သက်စွာ အပန်းဖြေနေခိုက်။

X X X X

ကွေးထားသော ဒူးနှစ်ဖက်လုံးကို စပရိန်တစ်ချောင်းလို ဆန့်ထုတ်ရင်း ဘယ်ညာလက်နှစ်ဖက်က ကွန်သားတွေ ခဲသီးတွေကို စနစ်တကျဖြန့်၍ကိုင်ကာ အားနှင့်လွှဲ၍ ပစ်လိုက်သည်။

ဝေ့ခနဲ ငိုက်ခနဲ လေထဲမှာ ပျံဝဲသွားသော ကွန်စိပ်ကလေးသည် လေထီးတစ်လက် ပွင့်သွားသလို ကားခနဲပွင့်ကာ ရေပြင်ပေါ်ကို ဝိုင်းဝိုင်းစက်စက်ကြီး ကျလေသည်။

ကွန်၏အောက်ပိုင်း ချေးအိတ်တွင် တပ်ဆင်ထားသည့် ခဲသီးတို့၏ အလေးချိန်ကြောင့် ရေပြင်နှင့် “ဗွမ်း” ခနဲ ထိခတ်ပြီး ခဏချင်းမှာပင် ရေအောက်သို့ မြန်မြန်ကြီး မြုပ်ဆင်းသွားတော့ရာ။

ကျူဖျာတစ်ချပ်စာခန့် ငါးရံ့သားပေါက်တွေ ကွန်စိပ်ကလေးထဲက ဘယ်လိုမှ လွတ်မထွက်နိုင်တော့၊ အုပ်မိပြီ။

ဖိုးချစ်တစ်ယောက် ကျေနပ်စွာ ပြုံးနေသည်။

လှပစွာ ဝဲပျံသွားပြီး သားပေါက်ကလေးတွေပေါ် တိတိကျကျ အုပ်မိသည့် သူ့ကွန်ချက်ကို သူ သဘောကျလျက် ခါးပိုက်ထဲက ကွမ်းတစ်ယာထုတ်၍ ဝါးလိုက်သည်။ ပြီးမှ ကွန်ကိုဆွဲ၍ ဖော်တော့မည်။

“ဗွမ်း”ခနဲ အသံကြီးနှင့်အတူ ရေပြင်ထဲသို့ တအိအိနင်းဆင်းလာသော ကွန်သားကြီးနှင့် ခဲသီးတွေကို တွေ့လိုက်ရသည့်အခါ သားထိန်းငါးရံ့ကြီး ထိတ်လန့်တုန်လှုပ်သွားရသည်။ စောစောက အုံ့မှိုင်းသွားသော ကောင်းကင်ပေါ်က တိမ်စိုင်တိမ်ခဲတွေကြောင့် မဟုတ်မှန်းသိလိုက်ပြီ။

သို့သော် နှောင်းခဲ့ပြီ။ ရန်သူက လက်ဦးသွားပြီ။

ပထမတော့ ကိုယ့်အသက်ကိုယ်ချစ်တတ်သည့် သတ္တဝါပီပီ ကိုယ်ရေးကြုံလာပြီဖြစ်၍ သက်လုံကောင်းရတော့သည်။

တဖြည်းဖြည်း အိကျလာသော ကွန်သားတွေ ခဲသီးတွေထက် မြန်သောအလျဉ်ဖြင့် ရေအောက်သို့ အမြန် ငုပ်ဆင်းသွားမိသည်။

သူ့လိုသက်တမ်းရင့် ငါးကြီးတွေမှာ တံငါတွေ၏ အန္တရာယ်အမျိုးမျိုးကို နောကျေနေအောင် ရင်ဆိုင်ခဲ့ရဖူးသည့် အတွေ့အကြုံတွေ အပြည့်ရှိသည်။

ထိုအတွေ့အကြုံနှင့်သတိတွေ၊ ဝီရိယတွေ၊ ရဲရင့်ဖျတ်လတ်မှုတွေ၊ သန်မာသည့် ခွန်အားတွေ ပေါင်းစပ်ပြီး ရင်ဆိုင်ခဲ့ရသဖြင့် ယခုလို သက်တမ်းအထိ အသက်ရှင်နေနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အပေါ်မှ အုပ်ကျလာသည့် ခဲသီးကွန်သားတွေထက် မြန်မြန်ကြီး ရိုးချောင်းအောက်ခြေ နွံပြင်အထိ ငုပ်ဆင်းလာခဲ့ခြင်းဖြစ်တော့သည်။

ဟော … နွံပြင်ဆီရောက်ပြီး တစ်လံနှစ်လံလောက် ကူးခတ်ထွက်ပြေးလျှင် ကွန်၏ စက်ကွင်းကနေလွတ်ပြီ။ ဘာမှခက်လှသည်တော့ မဟုတ်။

ဟိုးအရင်အခါတွေတုန်းကလည်း ယခုလိုကွန်တွေနှင့် အအုပ်ခံရသည့်ကြားမှ၊ ပိုက်တွေထဲမှ၊ ဒိုင်းဝန်းတွေ၊ ဆောင်းတွေ၊ ဒိုးတွေကြားမှ အလွတ်ရုန်းနိုင်ခဲ့သည့် အကြိမ်တွေနည်းလို့လား။ လွတ်အောင်ပြေးတော့မည်။

ရှေ့ရေယက်ကလေးနှစ်ခုကို တဖျပ်ဖျပ်ယက်၊ သူ အားအကိုးဆုံး၊ အားအထားရဆုံး အမြီးဖျားရေယက်ကြီးကို ညွှတ်ကွေးကာ အားနှင့် ရိုက်ခတ်ကူးထွက်အံ့ဆဲဆဲ အချိန်ကလေးမှာပင် သူ့ခေါင်းထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာခဲ့သည်။

သားကလေးတွေ … သားပေါက်ကလေးတွေ … ကွန်ထဲမှာ ကျန်ရစ်တော့မည်။ ကျန်ခဲ့ရှာတော့မည်။

ထိုသားပေါက်ကလေးတွေသည် သူ့လို အသိဉာဏ်မရှိ၊ သူ့လို အတွေ့အကြုံမရှိ၊ သူ့လို ခွန်အားဗလ မရှိရှာသေးသည့် ပကတိကလေးငယ်များပါတကား။

ယခုလောက်ဆို ကွန်သားတွေကြားမှာ ဟိုတိုးသည်ထွက် အသက်ဘေးအတွက် ကြောက်လန့်တကြား ချောက်ချားတုန်လှုပ်စွာ ကယ်သူမဲ့စွာ အားငယ်စိုးထိတ်စွာ ကျန်ရစ်ရှာပေလိမ့်မည်။

ထားခဲ့မည်လား၊ ကိုယ်လွတ်ရုံး ထွက်ပြေးရမည်လား၊ ဒွိဟစိတ်ဖြင့် တွေဝေငြိမ်သက်နေမိသည်။ ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချလိုက်ပြီး နွံပြင်ကြာစွယ်တွေကြားမှာ ခိုကပ်နေရာမှ ရေပြင်ပေါ် ကနေ ဖုံးလွှမ်းကျဆင်းနေဆဲ ကွန်သားဖူးကွက်တွေဆီ မြန်သောအဟုန်ဖြင့် ထိုးတက်လာခဲ့မိပြီ။

“သားကလေးတွေရေ အမေလာပြီကွဲ့ … အားမငယ်နဲ့ ၊ မကြောက်ကြနဲ့ကွဲ့။ မင်းတို့ကိုထားပြီး အမေ မသွားရက်ဘူးကွဲ့။ တို့တစ်တွေ သေတစ်ကံ ရှင်တစ်ကံ အတူရုန်းကန်ရင်ဆိုင်ကြမယ်ကွဲ့။ အမေ့မှာ အတွေ့အကြုံတွေ ခွန်အားသတ္တိတွေ အပြည့်ရှိပါတယ်ကွဲ့။

တို့အပေါ် အုပ်မိုးကျလာတဲ့ ကွန်သားတွေကို အမေ့ရဲ့ သန်မာတဲ့ ဦးခေါင်းတွေ အမြီးတွေနဲ့ ထိုးခွဲပေးမယ်ကွယ့်။ ကွဲထွက်သွားတဲ့ အပေါက်ကနေ သားကလေးတွေ တိုးထွက်သွားကြတော့ကွယ့်။ တို့တစ်တွေလွတ်အောင် အမေ ကြံဆောင်နိုင်ပါတယ်ကွယ်”

အတွေးထဲတွင် စကားတွေအများကြီးပြောရင်း ရေမျက်နှာပြင်နားဆီ ရောက်လာချိန်မှာတော့ သားပေါက်ကလေးတွေ ယောက်ယက်ခတ်နေကြပြီ၊ ကြောက်နေကြပြီ၊ သားထိန်းငါးရံ့ကြီးဘေးကို အားကိုးတကြီး ကပ်လာ တိုးဝှေ့နေကြသည်။

သားထိန်းငါးရံ့ကြီးသည် အစွမ်းကုန် အားအင်တွေထုတ်၍ ကွန်သားပြင်ကိုဝင်၍ ထိုးခွဲလိုက်သည်။ မရ … ။

နောက်တစ်ကြိမ်၊ ပြီးတော့ နောက်တစ်ကြိမ်။
နောက်ထပ်တစ်ကြိမ် …။
အကြိမ်ကြိမ်တိုး၏ … ဆောင့်၏ …။ မရလေ … ။

အံ့သြဖွယ်ကောင်းပါဘိ။

ကွန်သားသည် တင်းမာပြတ်တောက်သွားခြင်းမရှိ၊ ကွဲထွက်သွားခြင်းမရှိ၊ သူတိုးဝင်ရာနောက်သို့ ပျော့ပျောင်းစွာ၊ သို့သော် ခိုင်ခံ့စွာ ပါလာဆဲဖြစ်၏။

ပြီးတော့ ရုန်းကန်တိုးထွက်နေသည့် သူ၏ပါးဟတ်တွေ၊ ရေယက်တွေ၊ အမြီးဖျားတွေအားလုံး ကွန်သားပြင်မှာ သွား၍ ငြိတွယ်နေကြပြီ။ သူ အားကုန်ရုန်းသည်။

ဘာ့ကြောင့် ကွဲထွက်မသွားသနည်း သူတွေး၍မရ။ ပျောင်းနွဲ့သော်လည်း ခိုင်ခံ့လှပါဘိ။ စောစောက ငါးရံ့ဒိုင်းကြီးနှင့် တိုက်ခိုက်ထားရသဖြင့် သူ့ခွန်အားတွေ ကုန်ခဲ့ပြီလား၊ ဒဏ်ရာအနာတရတွေကြောင့် ခွန်အားတွေ ဆုတ်ယုတ်လေသလား။

ယခုတော့ သားထိန်းငါးရံ့ကြီး မတတ်နိုင်တော့ပြီ။

သားပေါက်ကလေးတွေရော သူ့ပါ ကွန်ပိုင်ရှင်၏ ဆွဲခေါ်ရာ ရေပြင်ထက်ဆီ တဖြည်းဖြည်း ပါသွားရပေတော့မည်။

X X X X

ဖိုးချစ်သည် ငါးရံ့သားပေါက်အုပ်ကြီးပေါ်သို့ လှလှပပ တိတိကျကျ အုပ်မိသွားသော သူ့ကွန်ချက်ကို သဘောကျကျေနပ်စွာ ကြည့်ပြီး ကွမ်းတစ်ယာ ခါးပိုက်ထဲမှထုတ်၍စားကာ အမောဖြေလျက်ရှိသည်။

ကွန်အောက်ခြေ ချေးအိတ်တွင် စီစီရီရီတပ်ထားသည့် နှစ်ပိဿာခန့်လေးသည့် ခဲသီးတွေက ကွန်သားတွေကို ရေပြင်အောက်ခြေ နွံပြင်ထဲအထိ တဖြည်းဖြည်း ဆွဲချနစ်ဆင်းသွားသည်ကို အရသာခံ၍ကြည့်ပြီး ကွန်ဖူးကြိုးကို “ဖျောင်း”ခနဲ “ဖျောင်း”ခနဲ ဆက်၍ ဆက်၍ ခါလိုက်သည်။

ထိုခဏမှာပင် ကွန်အတွင်းမှ တဝုန်းဝုန်းအသံတွေနှင့်အတူ ရေလုံးရေပွက်တွေ တဖွားဖွား လွင့်ပျံထွက်လာတာကို တွေ့လိုက်ရသည်။

“ဟား … ဟား … ဟား … ဟား … သားပေါက်တွေတင် မကဘဲ သားထိန်းငါးရံ့ကြီးပါ မိနေပါရောလားကွ။ ရုန်းလေ … ရုန်းလိုက်စမ်းပါကွ ငါးရံ့ကြီးရ။ ကွန်သားတွေကွဲထွက်အောင် ရုန်းပြစမ်း။

ဒါဟာ ရိုးရိုးချည်သားနဲ့ ထိုးထားတဲ့ ကွန်ချည်မဟုတ်ဘူးကွ။ နိုင်လွန်ချည်နဲ့ ထိုးထားတဲ့ကွန်ကွ သိရဲ့လား။ ရုန်းစမ်း … ရုန်းစမ်း၊ ဘယ်လောက် ရုန်းရုန်း ကွန်သားကတော့ ကွဲမှာမဟုတ်ဘူး။ မင်းပဲ မောမှာပါ ငါးရံ့ကြီးရာ ဟား … ဟား”

သဘောကျစွာ တဟားဟား အော်ရယ်ပြီး ကွန်ကို တစ်တောင်ချင်း တစ်တောင်ချင်း အသာချော့ကာ ချော့ကာ ဆွဲ၍ ဆွဲ၍ ဖော်သည်။

ကွန်အတွင်းမှာတော့ နီနီရဲရဲသားပေါက်တွေရော သုံးပိဿာခန့် ငါးရံ့ကြီးပါ ကွေးကွေးကြီးပါလာသည်။ ငါးရံ့ကြီး မလှုပ်နိုင်တော့။ မောနေပြီ။

တစ်ကောင်ချင်း ဖြုတ်မနေအား။ အိမ်ကျမှ မိန်းမကြည့်လုပ်လိုက်မည်။ ယခုတော့ ကွန်အစိပ်ကလေးကို လုံးထွေးပြီး ပခုံးပေါ်ထမ်းလာခဲ့သည်။ အိမ်အပြန် မျက်နှာပန်းလှခဲ့ပြီ။

ကန်သင်းရိုးပေါ်မှာ တင်ကျန်နေသည့် ခရုခွံတွေ၊ လယ်ကဏန်းလုံးအခွံတွေ ဖိုးချစ်၏ ခြေထောက် အောက်မှာ တခွပ်ခွပ် ကွဲကြေရင်းကျန်ခဲ့သည်။

X X X X

“မှတ်ပလားကွ …”

“ရွှမ်း”

“မှတ်ပလားကွ … “

“ရွှမ်း”

“တံငါလုပ်ပြီး တံငါစည်းကို မစောင့်ချင်တဲ့ကောင် မှတ်ပလား … “

“ရွှမ်း”

“ခွေးလိုကောင်၊ ဝက်လိုကောင်၊ ငါးရံ့သားပေါက်တွေ မဖမ်းရဘူး၊ ဥချမယ့်ငါးတွေ မဖမ်းရဘူး မဆီးရဘူးဆိုတာ ငါတို့တံငါတွေ အစဉ်အဆက် လိုက်နာခဲ့ကြတဲ့ စည်းကမ်းကွ သိရဲ့လား။

အခု နင်ဖမ်းလာခဲ့တဲ့ သားပေါက်တွေဟာ နည်းသလား။ အခုနေ ချက်စားရင် ဟင်းတစ်အိုးစာ၊ မိသားစုတစ်နပ်စာထက် ပိုလို့လားကွ ဟေ။

အဲသည် သားပေါက်တွေ ဆက်ပြီး ကြီးလာခဲ့ရင်၊ အရွယ်ရောက်လာခဲ့ရင် ဖမ်းစမ်းကွာ … စားစမ်းကွာ ဘယ်လာကုန်နိုင်ပါ့မလဲ။

မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်မွှေးတစ်ဆုံးလောက်သာ ကြည့်တတ်တဲ့ နင်တို့လို တံငါစည်းပျက်တွေကြောင့် အခုဆိုရင် ငါးတွေမျိုးတုံးတော့မယ်၊ ရှားပါးနေပြီ၊ ရှာလို့ဖွေလို့ ခက်လာနေပြီ။

ဒီလိုသာ စည်းမရှိ ကမ်းမရှိ ဆက်လုပ်နေကြရင်၊ နောင်ဆို ငါးတွေ အရုပ်ရေးကြည့်ရမလို ဖြစ်တော့မယ်။ တံငါအလုပ်နဲ့ အသက်မွေးတဲ့ ငါတို့လို လူတန်းစားတွေလည်း အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူးဆိုတာ မသိဘူးလားကွ ဟေ …။

ဒါ … နမူနာပဲ၊ နောက်တစ်ခါ ဒါမျိုးလုပ်ရင် အသေပဲမှတ်ထား … ခွေးကောင် ထွီ”

ပါးစပ်ထဲမှာငုံထားသည့် ကွမ်းဖတ်တွေကို “ထွီ”ခနဲမြည်အောင် ထွေးထုတ်လိုက်ပြီး အိမ်ရှေ့ကပြင်လေးမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

တံငါအို၊ တံငါလက်ဟောင်းကြီး ဦးအောင်လှတစ်ယောက် မောနေပြီ။ သားဖြစ်သူ ဖိုးချစ်ကို အိမ်တိုင်မှာဖက်ထားခိုင်းပြီး ဝါးခြမ်းပြားနှင့် စိတ်ရှိသလောက်ရိုက်လိုက်ရသဖြင့် ပိန်ကပ်ကပ် ရင်ဘတ်ကလေး ဖားဖိုလိုက်အောင် ဖုတ်လှိုက် ဖုတ်လှိုက်နှင့် အသက်ရှူနေရပြီ။

ဖိုးအောင်လှတစ်ယောက် သူ့သားတွေရော ရွာထဲရှိတံငါလူငယ်တချို့ကိုပါ သဘောမတွေ့လှ။

ယခုလူတွေသည် စောင့်ထိန်းရမည့် စည်းကမ်းတွေ ထိန်းသိမ်းရမှန်းသိသူ နည်းလာပြီ။

သားပေါက်ကလေးတွေ ဖမ်းလား ဖမ်းရဲ့၊ အင်းထဲအိုင်ထဲ၊ ချောင်းထဲမြောင်းထဲ ဆေးခပ်ပြီး ဖမ်းလား ဖမ်းရဲ့၊ ဘာကိုမှမမူကြတော့။

လောလောလတ်လတ် ထမင်းတစ်လုတ် စားရဖို့သာ တွေးသူများလာကြပြီ။ ဒါတွေကို ဖိုးအောင်လှ မကြိုက်။ ဒါကြောင့်ပင် သူ့သား သူ ဆုံးမနေခြင်းဖြစ်သည်။

အဘွားကြီး ဒေါ်ဖော့ကတော့ သူ့ယောက်ျား ဒေါသကြီးမှန်းသိ၍ ဝင်မဆွဲရဲ။ ပြီးတော့ ဖအေက ဒါလောက် တားဆီးပိတ်ပင်နေသည့်ကြားက မိန်းမဖြစ်သူ၏ အလိုကိုလိုက်၍ ငါးရံ့သားပေါက်တွေ သွားဖမ်းသော သားကိုလည်း ဒေါသဖြစ်သည်။

ဖိုးအောင်လှရှေ့သို့ ရေနွေးကြမ်းအိုးချပေးပြီး မီးဖိုချောင်ထဲသို့ ပြန်အလှည့်တွင် အိမ်တိုင်ကိုမှီပြီး ငူငူကြီးထိုင်နေသည့် ဖိုးချစ်ကို လှမ်းမြင်တော့

“ငါ့သားကလေး တော်တော်နာသွားတယ်ထင်ပါရဲ့”

ဟု တွေးရင်း အနားကိုတိုးကပ်သွားသည်။

တကယ်တော့ သူတို့မှာ သားသမီးငါးယောက်ရှိပြီး ဖိုးချစ်က အငယ်ဆုံးဖြစ်သည်။

အကြီးဆုံးသားသည်ပင် အသက်ငါးဆယ်နား နီးနေပြီ။ ဖိုးအောင်လှကတော့ ဘာမှဂရုမစိုက်။ စိတ်မထင်လျှင် မထင်သလို ခေါ်ရိုက်နေဆဲ ရှိသေးသည်။

“ဒီအဘိုးကြီးဟာလေ ဒေါသကလည်းကြီးပါ့။ သူ့သားသမီးတွေက ငယ်တော့တာမဟုတ်ဘူး၊ ရှက်ရှာပေမပေါ့”

ဟု ပါးစပ်မှ မကြားတကြားပြောရင်း သား၏ကျောကုန်းကိုကြည့်၏။ ကျောပြင်မှာတော့ ဒဏ်ရာတွေမရှိ၊ ဧကန္တ တင်ပါးကိုရိုက်တာဖြစ်မည်။

အသက်က မငယ်တော့သော်ငြား မအေကြီးက ယုယုယယနှင့် ဟိုစမ်းသည်စမ်း ပြုသောအခါ ဖိုးချစ်သည် ဝမ်းနည်းလာသည်ထင်၏။ ခေါင်းကြီးငုံ့ပြီး မျက်ရည်ကျသည်။

တကယ်တော့ အဖေရိုက်တာ နာ၍မဟုတ်။ အဖေခေါ်နေတဲ့သတင်း ကြားသည်နှင့် ပုဆိုးအောက်ကနေ ဘောင်းဘီနှစ်ထပ်ခံ၍ ဝတ်လာပြီးသား ဖြစ်သည်။

ပြီးတော့ အဖေက အသက်ခုနစ်ဆယ်ကျော်ပြီ။
အိုမင်းနေပြီ၊ အားအင်တွေ မရှိတော့၊ ရိုက်သည့်တုတ်ကလည်း ဝါးခြမ်းပြားကလေးသာ။

သူ မျက်ရည်ကျတာက အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ဆုံးမခဲ့သော တံငါတွေ၏စည်းကမ်းကို ညွှန်ပြသွန်သင်ခဲ့သော ဖခင်ကြီး၏စကားကို မျက်ကွယ်ပြုပြီး မိန်းမဖြစ်သူ၏ စကားကို နားယောင်ကာ မိမိတို့ တစ်နပ်စာ တစ်အိုးစာအတွက်၊ သားပေါက်ကလေးပေါင်းများစွာကို စတေးခဲ့သည့် မိမိ၏လုပ်ရပ်အမှားအတွက်၊ ပြီးတော့ တံငါတို့၏ စည်းကိုဖောက်ဖျက်ခဲ့မိသည့် အတွက်ပါ။

– ပြီး –

​စာရေးသူ – မောင်ခြိမ့်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

ဆရာမောင်ခြိမ့်​၏ ကမ်းမဲ့နဒီနှင့် တံငါရနံ့ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော်ပြပါသည်။

မုဆိုး တံငါ စာပေများ ပေ့ချ်မှကူးယူဖော်ပြသည်

Leave a Reply

Your email address will not be published. Required fields are marked *