August 1, 2025

စပိုက်ဒရောင်

မောင်မိုးစည်
စပိုက်ဒရောင်

(၁)

ယခုဖြစ်စဉ်မှာ ကျွန်တော်၏ကိုယ်တွေ့ မဟုတ်ပါ။ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ တဆူထုကျေးရွာကလေးသို့ ရောက်စဉ်က ရွာသားကြီး ဦးမလောင်ထိန ပြောပြချက်ကို ပြန်လည်ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်။

ထိုအချိန်က ဦးမလောင်ထိန၏ အသက်မှာ ၈၆ နှစ်ခန့် ရှိပြီဖြစ်၍ အိုမင်းမစွမ်းရှိနေပါပြီ။ သို့သော် မှတ်ဉာဏ်တွေကောင်းဆဲမို့ ငယ်စဉ်က သူ၏ အတွေ့အကြုံများကို ကောင်းစွာ ပြန်ပြောနိုင်သေး၏။

တစ်ချက် တလေ ဝေဝါးနေလျှင် သူငယ်ချင်းများကို ပြန်မေးပြီး ဖြည့်စွက် ပြောတတ်ပေသည်။ ယခု ဤစာရေးနေချိန်အထိ ဦးမလောင်ထိနတစ်ယောက် အသက်ရှင်နေဆဲဖြစ်လျှင် သူ၏အသက်သည် ၁၀၂ ခန့် ရှိပေရော့မည်။

(၂)

ကျုပ်တို့ရွာကို တစ်ခါတလေ လာလည်ကြတဲ့ ဧည့်သည်တွေက မကြာခဏ ညည်းကြတယ်။ အမယ်လေး လမ်းတွေကလည်း ကြမ်း၊ ဆူးပင်တွေ ချုံပင်တွေကလည်းပေါ၊ တစ်ခါတလေ တောင်ကမ်းပါးက ကျားတွေက ဟိန်းလိုက်သေးတယ်။

လက်မငြိမ်တတ်တဲ့သူပါလို့ သစ်ပင်ကြီးတွေမှာ နားနေတတ်တဲ့ အောက်ချင်းငှက်တို့၊ မျောက်တို့ကို ပစ်ရင် တောပျားကြီးတွေက ဝိုင်းတုပ်သေးတယ်။ အမယ်လေး မလွယ်လိုက်တာနော်တဲ့။

အဲဒီစကားမျိုးတွေကို ကြားရင် ကျုပ်က ရယ်ချင်တယ် … ရယ်ချင်တယ်ဗျ။

တကယ်တော့ ရယ်လို့သာ ရယ်ရတာ၊ ကျုပ်ဆိုတဲ့ ကောင်ကလည်း သူတို့ပြောပြောနေကြတဲ့ ပူတောင်းတို့၊ မကျန်းဘော့တို့ကိုတောင် ရောက်ဖူးတာ မဟုတ်ဘူး။ ရောက်ဖူးတော့ကော ဘာထူးဆန်းတာမှတ်လို့။

ပူတောင်းမှာ ဘုံလီကွင်းရှိသတဲ့၊ မိုတိုကားခေါ်တဲ့ သံပြားနဲ့လုပ်တဲ့လှည်းတွေ ရှိသတဲ့။ ဒါပေမဲ့ အဲသဟာတွေက နွားနောက်မဆွဲဘဲနဲ့သွားသတဲ့။ ကျုပ်တော့ တယ်မယုံချင်လှဘူး။

ထားပါတော့လေ… နွားနောက်မဆွဲဘဲသွားတယ်ဆိုဦး ကျုပ်တို့ဆီက နွားနောက်တွေလောက် စိတ်ချရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာစစ် ကြီးအတွင်းက အတောင်ပံနှစ်ဖက်နဲ့ လေထဲပျံတဲ့ ဘုံလီကြီးတစ်စင်း မံဒိန်ရွာဘက်မှာ ပျက်ကျခဲ့လို့ အဲသည်ဟာကြီးပေါ်မှာ ပါလာတဲ့လူတွေ တစ်ယောက်မကျန် သေကုန်ခဲ့ပါရော့လားဗျာ။

တစ်ခါတလေတော့လည်း သူတို့ ဒီလောက်တောင် ပြောလှတာ၊ ပူတောင်းဘက်ကို ရွာထဲက မိတ်ဆွေတွေနဲ့ သွားကြည့်ချေဦးမှပဲလို့ စိတ်ရူးပေါက်ခဲ့ဖူးတာ မကြာခဏပါပဲ။ ဒါပေမဲ့ မအားလပ်တာနဲ့ တစ်ခါမှ မသွားဖြစ်ခဲ့ပါဘူး။

ကျုပ်တို့အနေနဲ့ အားလပ်ချိန်ဆိုတာ သိပ်ရှိတာမှ မဟုတ်ပဲ စဉ်းစားပဲကြည့်ပါဦး။

ကျုပ်တို့တောင်တန်းတွေမှာ မိုးဦး စောစောကျတတ်သဗျ။ လေး(ဧပြီ) မှာ ဆိုရင်ပဲ မိုးရွာပြီလေ။ အဲသည်လမှာ တောင်ယာခုတ်ပြီး၊ မီးရှို့ပြီး ဖြစ်နေရပြီ။ တတ်နိုင်ရင် စူးထိုးစိုက်ပြီးရမယ်။ ဒါမှ တောင်ယာစပါးတွေ ရှစ်(၈)လမှာ ပေါ်မယ်။

တောင်ယာစိုက်ပြီးလို့ စပါးပင်လေးတွေ၊ တောင်ယာစပါးနဲ့ အတူရောစိုက်ထားခဲ့တဲ့ ပြောင်း၊ သခွား၊ ဖရုံတွေ စတင်ပေါက်ပြီဆိုရင် မျောက်တို့၊ တောဝက်တို့ လာမဖျက်နိုင်အောင် ဒူးလေးတစ်စင်းစီနဲ့ နေ့ရော ညပါ စောင့်ကြရပြီ။

ဒီသတ္တဝါတွေကလည်း တစ်ချက်ကလေးမှ အလစ်ပေးလို့ မရဘူး။ လစ်တာနဲ့ လူစိုက်ထားတဲ့ သီးနှံတွေ ကုန်ပြီသာမှတ်ပေရော့။

အဲသလို တောကောင်တွေကို စောင့်ရင်း ယာတဲထဲမှာ ပလိုင်းတွေ၊ ခြင်းတောင်းတွေရက်၊ ဒူးလေးမြားတွေ ချွန်ရသေးတယ်။

ချောင်းနားနီးရင် ငါးဖမ်းရသေးတယ်ဗျ။

အထူးသဖြင့် တောင်ယာစပါးမှည့်စအချိန်မှာ တော ကောင်တွေ ပိုပြီး သောင်းကျန်းလှတယ်။ ဒါပေမဲ့ ကျုပ်တို့ရွာသွားတွေအဖို့တော့ ရိုးနေပါပြီ။ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်နေတာပဲဟာ။

အဲ တစ်ခုတော့ကောင်းသဗျ။ ဒီကောင်တွေ အစာငမ်းလာပြီဆိုရင် ကျုပ်တို့ ထောင်ထားတဲ့ ထောင်ချောက်ထဲ မိနေတတ်တယ်။ အဲဒီအခါမှာ ဟင်းစားကောင်းကောင်းရပြီသာ မှတ်ပေရော့။ ပတ်ဝန်းကျင်နီးနားက တောင်ယာတဲကလူတွေပါ ခေါ်ပြီး ခေါင်ရည်ပြင်းပြင်းနဲ့ ပျော်ပွဲစားရတာ ပျော်စရာကြီးဗျ။ ဟီး … ဟီး … ဟီး။ အခုတောင် ပြောရင်းနဲ့ သွားရည်ကျ ချင်လာတယ်။

ဒါပေမဲ့ ကျုပ်တို့ဒေသတစ်ဝိုက်မှာနေပြီး ကျက်စားနေကြတဲ့ ကတိုးကောင်တို့၊ သားမင်းတို့ကျတော့ ဘယ်လိုမှ မရင်းနှီးနိုင်ကြဘူး။

ဘာကြောင့်လဲဆိုတော့ ဒီအကောင်တွေ နေထိုင်ကျက်စားလေ့ရှိတဲ့နေရာတွေက ဧရာမရေခဲပြင်ကြီးတွေထဲမှာလေ။ ပြီးတော့ သူတို့က လူတွေနဲ့လည်း နီးနီးမနေဘူး။ နေထိုင်တဲ့ဓလေ့ သူတို့သဘာဝတွေကိုက သိပ်ပြီးဆန်းကြယ်တာကလား။

အဲသည်လို သားကောင်တွေရဲ့ ဆန်းပြားတဲ့ စရိုက်တွေကို ခင်ဗျားတို့ မြို့သားတွေ ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ အေးလေ ကျုပ်တို့ရွာသားတွေတောင် အကုန်သိကြတာမှ မဟုတ်ဘဲ။

ကျုပ်တို့သိရတာလည်း တောတွေတောင်တွေထဲမှာ ခြေရာချင်းထပ်အောင် သွားလာထားလို့သာပေါ့။ ဒါပေမဲ့ သွားတိုင်းလည်း သိနိုင်တာ မဟုတ်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့က သွားတိုင်း တွေ့နိုင်တာ မဟုတ်ဘူးလေ။

တွေ့ပြန်တော့လည်း သူတို့တစ်တွေ လွတ်လွတ်လပ် လပ် နေထိုင်တဲ့သဘာဝအလျောက် အကြောင်းတိုက်ဆိုင်ဦးမှ။

အဲ လူပေါ်မှာလည်း မူတည်သေးတာပဲ။ ဘာကြောင့်လဲဆိုတော့ အဲသည်လိုတွေ့မြင်ဖို့ အကြောင်းတိုက်ဆိုင်ပေမဲ့ လူကလည်း စိတ်ဝင်စားပြီး ကြည့် တတ် လေ့လာမှတ်သားတတ်ဖို့ လိုတာပဲ မဟုတ်လား။

ကျုပ်တို့မှာ စကားပုံရှိတယ်။ သတိပြုတတ်တဲ့လူဟာ ရေခဲပွင့်ကလေးတစ်ပွင့် ကျနေတာတောင် မြင်တတ်ပေမဲ့ အမှုမဲ့ အမှတ်မဲ့ နေတတ်သူကြတော့ ခါကာဘိုရာဇီရေခဲတောင်ကြီးကိုတောင် မမြင်ရဘူးတဲ့လေ။

ခါကာဘိုရာဇီရေခဲတောင်ကြီးဆိုတာ ကျုပ်တို့ဒေသတစ်ဝိုက်မှာတော့ အကြီးဆုံးရေခဲတောင်ကြီးပါ။ ဟို အဝေးကြီးက မြင်နိုင်တာပဲ။ ဒါကြောင့် ကျုပ်တို့ တစ်တွေ တစ်ခါတလေ ရေခဲပြင်ထဲမှာ ကတိုးဖမ်းရင်း၊ သားမင်းပစ်ရင်း မျက်စိလည်ကြတဲ့အခါမှာ ခါကာဘိုရာဇီရေခဲတောင်ကြီးကိုကြည့်ပြီး သွားရတယ်။ ဒါဆိုရင် ဘယ်အရပ်ကို ရောက်နေပြီဆိုတာ သိကြတယ်။

ဗဟုသုတအဖြစ်နဲ့ မှတ်ချင်ရင် ခါကာဘိုဆိုတာ ကျုပ်တို့စကားနဲ့က အစဉ်မပြတ်စကားပြောနေသူ၊ ရာဇီဆိုတာကတော့ ခင်ဗျားသိပြီးဖြစ်တဲ့အတိုင်း တောင်ပဲပေါ့။ ဒါကြောင့် ခါကာဘိုရာဇီဆိုတာ အမြဲမပြတ် စကားပြောနေတဲ့တောင်လို့ အဓိပ္ပာယ်ရပါတယ်။

မယုံရင် အဲသည်တောင်ခြေနားသွားကြည့်။ လေက ရာသီမရွေး၊ အချိန်မရွေးတိုက်နေတယ်။ တိုက်ခတ်လာတဲ့ လေကလည်း ထင်းရှူးပင်တွေကြားက ဖြတ်သန်းလာတာဆိုတော့ တဝီးဝီး တဝဲဝဲနဲ့ ကျုပ်တို့နားလည်သယောင်ယောင်၊ နားမလည်သယောင်ယောင် ဘာသာစကားတစ်ခုကို ပြောပြနေသလိုပဲလို့ ထင်ရလိမ့်မယ်။

တစ်ခုတော့ ရှိတာပေါ့ဗျာ။ တစ်ခါတလေ ညင်သာသလို တစ်ခါတစ်ရံတော့လည်း သူက အပြောကြမ်းတမ်းသဗျ။ ဒါပေမဲ့ သေချာတာကတော့ သူဟာ သီချင်းဆိုတာ မဟုတ်ဘူး ဆိုတာပဲ။ စကားပဲပြောနေတာလေ။

ကျုပ် စောစောကပြောခဲ့တဲ့ ကတိုးကောင်တို့၊ သားမင်းတို့ဆိုတဲ့ အကောင်တွေကလည်း ခါကာဘိုရာဇီ၊ တထာရာဇီ၊ ဖူပေါ်ရာဇီ၊ ဂမ်လန်ရာဇီစတဲ့ ရေခဲတောင်ကြီးတွေက စီးဆင်းလာတဲ့ ရေခဲပြင်ကြီးတွေပေါ်မှာပဲ အတွေ့များတယ်။

အဲသည်အကောင်နှစ်မျိုးထဲမှာ သားမင်းလို့ခေါ်တဲ့ တာကင်တွေကျတော့ သစ်တောတွေထဲမှာလည်း တစ်ခါတစ်ရံ တွေ့ရတတ်တယ်။

ဘာကြောင့်ရယ်မသိဘူး ကျုပ်ကလည်း ခက်သားပဲ။ ဈေးပိုရတဲ့ ကတိုးကောင်ကို သိပ်ပြီးစိတ်မဝင်စားလှဘူး။ တာကင်ခေါ်တဲ့ သားမင်းကိုမှ စိတ်ဝင်စားတာကလား။ ကျုပ်တို့ ရဝမ်စကားနဲ့တော့ စပိုက်လို့ခေါ်တာပေါ့ဗျာ။

သြ … သြ … ခင်ဗျားကလည်း သားမင်းကို ပိုပြီး သဘောကျတာကိုး။ ဟုတ်လိုက်လေ… ကျုပ်နဲ့ သဘောချင်း ဝါသနာချင်းတူသွားပြီဗျို့။ ဒါဆိုရင် ကျုပ်က သားမင်းတွေအကြောင်း အဓိကထားပြီး ပြောရဦးမယ်။ ဒါကလည်း သဘာဝကျပါတယ်။

ဘာကြောင့်လဲဆိုတော့ ကတိုးဆိုတဲ့ အကောင်တွေက အခုလိုဆောင်းရာသီမှာ ရေခဲထဲ လျှောက်ပြေးနေပြီး မိုးရာသီကျတော့ ကျောက်ခေါင်းတွေထဲ ဝင်အောင်းတတ်တာကလွဲလို့ ဘာမှ သိပ်ထူးဆန်းတာမဟုတ်ဘူးဗျ။ တစ်ခုတော့ ရှိတာပေါ့လေ။ သူ့ အသားစားရင် အားရှိတာတော့ အမှန်ပါပဲ။ သူ့အဆီအိတ်က အနံ့မွှေးတာကတော့ ပြောမပြတတ်အောင်ပဲ။ အဲဒီကတိုးနံ့နဲ့ပတ်သက်လို့ ပုံပြင်တစ်ပုဒ်တောင် ရှိသေး။

အမယ် ခင်ဗျားက ကလေးကျနေတာပဲ၊ ပုံပြင်ကို နားထောင်ချင်ပြန်ပြီလား။ အေးလေ … ကျုပ်က အိမ်ရှင်ဆိုတော့ ဧည့်သည်ကို ဧည့်ခံတဲ့အနေနဲ့ ပြောပြရသေးတာပေါ့။

တစ်ခုတော့ ရှိတယ်ဗျာ၊ ပုံပြင်ဆိုတာ တကယ်မဟုတ်ဘူးနော်။ ရှေးလူကြီးတွေက ကလေးတွေကို အပျင်းပြေအောင် ဗဟုသုတရအောင် ပြောတာလို့ပဲ မှတ်လိုက်ပေါ့။

အင်း ပုံပြင်ကတော့ ရှေးရှေးတုန်းက အလွန်အရုပ်ဆိုးတဲ့ မင်းသားလေးတစ်ပါးရှိသတဲ့။ သူဟာ အရုပ်ဆိုးပေမဲ့ ရဲစွမ်းသတ္တိနဲ့လည်း ပြည့်စုံပြီး စိတ်နှလုံးလည်း ဖြူစင်လို့ ပြည်သူပြည်သားတွေက ချစ်မြတ်နိုးကြသတဲ့။

ဒါပေမဲ့ သူဟာ အရုပ်ဆိုးလွန်းလို့ ဘယ်မင်းသမီးကမှ လက်မထပ်လိုကြဘူးတဲ့ဗျာ။

အဲသည်အချိန်မှာ တိုင်းပြည်ကြီးတစ်ပြည်မှာ အလွန်ချောမောလှပပြီး မာနကြီးလှတဲ့ မင်းသမီးလေးတစ်ပါးလည်း ရှိသတဲ့။ မင်းသမီးလေးဟာ မာနကြီးလွန်းလို့ ဘယ်မင်းသား ဘယ်ဘုရင်တွေရဲ့လက်ထပ်ဖို့ ကမ်းလှမ်းချက်တွေကိုမှ လက်မခံဘူး။ အထင်သေး နေသတဲ့။

ရုပ်ဆိုးမင်းသားရဲ့ဖခင် ဘုရင်ကြီးကလည်း အသက်ကြီးပြီမို့ ထီးနန်းလွှဲအပ်ချင်နေပြီ၊ သားတော်က မိဖုရားမရှိသေးလို့ ခက်နေတယ်။

ဒါနဲ့ ပညာရှိအမတ်ကြီးတစ်ဦးရဲ့ အကြံပေးချက်အရ တစ်နေ့မှာ ရုပ်ဆိုးမင်းသားလေးဟာ မာနကြီးလွန်းတဲ့ မင်းသမီးကလေး ဥယျာဉ်တော်မှာ ထွက်နေခိုက် ကတိုးဆီတွေကို သုတ်လိမ်းပြီး ချစ်ရေးဆိုသတဲ့။

မင်းသမီးကလေးဟာ ကတိုးဆီရဲ့ မွှေးကြိုင်လှတဲ့ရနံ့ကြောင့် အချစ်စိတ်တွေ တဖွားဖွားတက်ကြွလာပြီး ရုပ်ဆိုးမင်းသားကလေးရဲ့ မေတ္တာကို လက်ခံလိုက်တယ်။ အဲသည်နောက် ရုပ်ဆိုးမင်းသားလေးဟာ ဖခင်ကြီးရဲ့ထီးနန်းအရိုက်အရာကို ဆက်ခံပြီး ပျော်ရွှင်စွာ နေထိုင်သွားကြသတဲ့။

အဲဒါ ကတိုးဆီရဲ့အစွမ်းအကြောင်း ပြောတဲ့ပုံပြင်ပေါ့။ ဒါပေမဲ့ အဲသည်ပုံပြင်ကိုယုံပြီး ခင်ဗျားလက်တွေ့ စမ်းမယ် စိတ်ကူးတယ်ဟုတ်လား။

အံ့ပါရဲ့ဗျာ … ပုံပြင်ပါလို့ ကျုပ် စောစောက ပြောခဲ့တယ်မဟုတ်လား။ တစ်ခုခုဖြစ်ရင် ကျုပ် တာဝန်မယူဘူးဗျ နော်။

အဲ စောစောက သားမင်းတွေရဲ့အကြောင်းကို အဓိကထားပြောမယ်လို့ ဆိုခဲ့ရာက ဘယ်လိုက ကတိုးကောင်အကြောင်း ပြောဖြစ်သွားသလဲ မသိဘူး။ စကားဆိုတာ ဒီလိုပဲ၊ မပြောတတ်ရင် ဟိုရောက် ဒီရောက်ပေါ့။ ခင်ဗျားကလည်း ကျုပ်ပြောတာတွေကို အဟုတ်မှတ်ပြီး မပျင်းမရိ နားထောင်နေသေးတယ်နော် … အံ့ပါရဲ့ဗျာ။

တကယ်တမ်းကျတော့ တာကင်ခေါ်တဲ့ သားမင်းတွေရဲ့အကြောင်းကို ပြောရမှာ ကျုပ်ကလည်း မြိန်ရေရှက်ရေရှိတာ၊ နားထောင်တဲ့လူကလည်း ပိုပြီးသဘောကျ စိတ်ဝင်စားမှာပါဗျာ။

ခင်ဗျားအနေနဲ့ ကျုပ်တို့ဒေသကိုရောက်တာ တစ်နှစ်ကျော်ကြာပြီဆိုတော့ သားမင်းတစ်ကောင်လုံးကို မမြင်ဖူးပေမဲ့ ဦးချိုတွေကိုတော့ မြင်ဖူးပြီးရောပေါ့။ ဟောဟို … နံရံမှာချိတ်ထားတဲ့ ဦးချိုအကြီးစားတွေက တာကင်ခေါ် သားမင်းတွေရဲ့ ဦးချိုတွေ။ ကျုပ်တို့က စပိုက်ဒရောင်လို့ ခေါ်တယ်။

ကျုပ်တို့ကတော့ ရိုးနေပြီ။ ဒီအကောင်တွေကို ငယ်မွေးခြံပေါက်လိုဖြစ်နေပြီ။ ဒါပေမဲ့ နွားနောက်တွေလို မပေါဘူး။ နေရာတကာမှာ မတွေ့ နိုင်ဘူး။ အခုဆိုရင် တော်တော်ကလေး ရှားပါးနေပြီမို့ ပိုပြီးတွေ့ရခဲ့တယ်။

ကျုပ်တို့ငယ်စဉ်ကတော့ အခုလိုဆောင်းဦးပေါက်ပြီး ရေခဲပြင်တွေလည်း မျက်နှာပြင် ညီညာမာကျောလာချိန်ဆိုရင် တစ်နှစ် တစ်ကြိမ် နှစ်ကြိမ်လောက်တော့ သားမင်းဖမ်း ထွက်လေ့ရှိကြတယ်ဗျ။

တစ်ခါတုန်းက ကျုပ်ရယ် တစ်ရွာတည်းသား သူငယ်ချင်းဖြစ်တဲ့ ခေါ်နူအဘိုင်ရယ် သားမင်းပစ်ဖို့ ထွက်ခဲ့ကြတယ်။ လမ်းမှာ စားဖို့ရော၊ တကယ်လို့ ရေခဲပြင်ထဲမှာ မျက်စိလည် လမ်းမှားရင် စားဖို့ရော ခယ်ဆေားခေါ်တဲ့ ဂျုံမှုန့်အခြောက်တွေကို အပြည့်ထည့်ယူခဲ့ကြတယ်။ မီးမွှေးလို့ရရင် ကင်ပြီး စားလို့ရတဲ့ ကျွဲသားရေအခြောက်တွေလည်း ပါတာပေါ့။

ကံအားလျော်စွာပဲဗျ၊ အဲသည်နေ့ ညနေစောင်းခါနီးအချိန်မှာ တာကင်တစ်ကောင်ကို ပစ်လို့ရခဲ့တယ်။

ကျုပ်တို့လည်း မောကလည်း မော၊ ဆာကလည်း ဆာတာနဲ့ ပေါင်သားကောင်းကောင်းကို ဖဲ့လှီးပြီး ရေခဲပြင်အောက်ကို ခေတ္တမြှုပ်ထားလိုက်တယ်။ အတန်ကြာတော့ ဖော်ပြီးစားကြတယ်။

အသင့်ပါလာတဲ့ ခေါင်ရည်ပြင်းပြင်းလည်း ပါလာတော့ စားကောင်းလိုက်တာ မပြောပါနဲ့တော့ဗျာ။ ဒါပေမဲ့ ကျန်တဲ့အသားတွေကို ယူနိုင်သမျှ ယူပြီး ရွာကို မနည်းရောက်အောင် ပြန်လာခဲ့ကြရတယ်။

ရွာကို ရောက်တော့ အဲသည်အကြောင်း ရွာသားတွေကို ပြန်ပြောပြတဲ့အခါ တာကင်သား စားချင်လွန်းလို့ သူတို့နှမြောနေကြတယ်။ ဒီလိုဆိုရင် လူစုပြီး ပြန်ရှာကြမယ်လို့ ပြောတော့ သူတို့လည်း သဘောတူကြ တယ်လေ။ လူစုလိုက်တော့ သန်သန်မာမာ လေးယောက်ရတယ်။ ကျုပ်တို့နှစ်ယောက်နဲ့ပေါင်းတော့ ခြောက်ယောက်ပေါ့ဗျာ။

ဒါနဲ့ နောက်တစ်နေ့နံနက်စောစောမှာပဲ ရွာကထွက်ခဲ့ပြီး သားမင်းအသေကို ရှာကြတယ်။ ဒါပေမဲ့ ညက ရေခဲတွေ နှင်းပွင့်တွေ အများကြီး ကျထားလို့ အကောင်ကို ရုတ်တရက် ရှာမတွေ့ကြဘူး။

ကျွန်တော်က ကြာလာတော့ စိတ်ပျက်လာပြီး မောလည်းမောလှပြီလေ။ ရွာသွားတွေကို ပြန်ကြစို့ရဲ့၊ တွေ့မှာမဟုတ်ဘူးလို့ ပြောတာမရဘူး။ အင်မတန် ဇွဲကောင်းတဲ့လူတွေဗျ။

အဲဒါနဲ့ တာကင်ကို ကျုပ်တို့နှစ်ရက်ကျော်ကျော်ရှာမှ ပြန်တွေ့တာဗျ။ တွေ့ချင်တော့လည်း တာကင်ကြီး ထားပစ်ခဲ့တဲ့အပေါ်မှာ မောမောနဲ့ ရွာသားတစ်ယောက်က တက်ထိုင်မိရက်သားဖြစ်နေတာကိုး။

ကျုပ်တို့လည်း သည်အဖြစ်အပျက်ကို ပြောမဆုံး ရယ်မဆုံး ဖြစ်နေတာပေါ့။

သြ … တာကင်သားတွေ ပုပ်မကုန်ဘူးလားလို့ ခင်ဗျားက မေးတာလား။ ဘယ်လာပုပ်မလဲဗျာ … ရေခဲတွေ ဖုံးနေတာကိုး။ ပူတဲ့အရပ်မှာလို မဟုတ်ဘူးလေ။ ဟောဟိုနံရံမှာ ချိတ်ထားတဲ့ ချိုထဲက အကြီးဆုံးဟာ အဲဒီအကောင်ကြီးပေါ့။

တာကင်က အမဆိုတော့ ဦးချိုက ဝိုက်ဝိုက်ကလေးနဲ့ ညီတယ် လှတယ်ဗျ။ ရောင်းရင် ဈေးကောင်းရတယ်။ ဒါပေမဲ့ မရောင်းနိုင်ပါဘူး။ အမှတ်တရ ထားတာပေါ့ဗျာ။

ကျုပ်တို့ရွာက အိမ်တွေမှာ အနည်းဆုံး သားမင်း ဦးချိုတစ်ခုစီ ချိတ်တဲ့ ရည်ရွယ်ချက်ကို ခင်ဗျား သိချင်တာလား။

သြ … ကျုပ်တို့တစ်တွေ သားမင်းဦးချိုတွေကို အဲသည်လိုနံရံတွေ၊ အိမ်ရှေ့ဝရန်တာတွေမှာ ချိတ်ထားတာ အလှအပအနေနဲ့ ချိတ်တယ်လို့ ထင်တာလား။ မဟုတ်ရပါဘူးဗျာ။

ခင်ဗျားမို့ ပြောလိုက်ရဦးမယ်၊ သားမင်းဦးချိုတွေကို အိမ်တိုင်းစေ့လိုလို ချိတ်တဲ့ရည်ရွယ်ချက်ရှိတယ်ဗျ။ ခင်ဗျားအနေနဲ့ ယုံချင် ယုံ၊ မယုံချင်နေ။ အဲသည်လို အိမ်မှာ သားမင်းဦးချိုကို အိမ်မှာချိတ်ထားရင် မီးဘေးကင်းဝေးတယ်လို့ ကျုပ်တို့က ယုံကြည်သဗျ။

အဲဒါလည်း တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး။ တစ်ချိန်က ရွာကြီးတစ်ရွာမှာ မီးလောင်ခဲ့စဉ်က အဖြစ်အပျက်သာဓက ရှိခဲ့ဖူးပါတယ်။

ရော … ခက်ကပြီ။ ခင်ဗျား အဲဒီအကြောင်းလည်း သိချင်တာပဲလား။ တော်တော်စပ်စုတဲ့လူပေပဲဗျာ။ ခင်ဗျားလောက် စပ်စုတဲ့လူကို ကျုပ်တစ်သက်မှာ မတွေ့သေးပေါင်။

ကျုပ်အသက်လား …

အခုမိုးတွင်းတုန်းက ရှစ်ဆယ်နဲ့ခြောက်နှစ်လောက်ရှိပြီ။ ဒီထက်မလျော့ဘူး။ ပိုချင် ပိုမယ်။

ကဲလေ… ထားပါတော့။ အဲသည်ရွာကြီး မီးလောင်ခဲ့တဲ့အကြောင်းနဲ့ သားမင်းအကြောင်းတွေ ပြောစရာတွေအများကြီး ကျန်ပါသေးတယ်။ အခု ဒီညတော့ တော်ရောပေါ့ဗျာ။ ခင်ဗျားတို့လည်း ခရီးပန်းလာတာ အိပ်ချင်ရာပေါ့။ ထည့်ထားတဲ့ခေါင်ရည်တွေလည်း ကုန်အောင် သောက်လိုက်ပါဦး။ ဒါမှ ညမှာ ကောင်းကောင်း အိပ်ပျော်ကြမှာလေ။

နောက်တစ်ခေါက်တော့ ရွာကို လာဖြစ်အောင် လာခဲ့ပါဦး၊ ခင်ဗျားကို ပြောစရာတွေ ကျုပ် စဉ်းစားထားလိုက်ဦးမယ်။ နောက်တစ်ခါ ကျုပ် တစ်ယောက်တည်း မဟုတ်ဘူး။ ကျုပ်လို သားမင်းအကြောင်း ရေခဲ တောင်ကြီးတွေအကြောင်းကို ပြောပြချင်တဲ့လူတွေကို စုထားလိုက်မယ်။

(၃)

ဦးမလောင်ထိနသည် စကားပြောကောင်းသူပီပီ ကောင်းခန်းတွင် စကားစဖြတ်သွားခဲ့သည်။ နောက်တစ်ခေါက် သူတို့ရွာသို့ သွားဖြစ် မသွားဖြစ် ကျွန်တော် သိပ်ပြီး မမှတ်မိတော့ပါ။ အချိန်ရလျှင် မှတ်တမ်းစာအုပ်ကို ရှာဖွေကြည့်ရပါဦးမည်။

ဦးမလောင်ထိနနှင့်တကွ ရွာသားတွေအားလုံး အသက်ရာကျော် ရှည်ကြပါစေဟု ကျွန်တော် ဆန္ဒအကြိမ်ကြိမ်ပြုမိပါသတည်း။

ပူတောင်း = ပူတာအိုမြို့

မကျန်းဘော့ = မချမ်းဘော့မြို့

ဘုံလီကွင်း = လေယာဉ်ကွင်း

(ပေဖူးလွှာမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၇)

– ပြီး –

စာရေးသူ – မောင်မိုးစည်

Leave a Reply

Your email address will not be published. Required fields are marked *