စာမူ…၁၇၂
စဆုံး
“ကိုကြီးငသြ….”
မောင်မြဲ က ငူငူငိုင်ငိုင်ဖြင့်ထိုင်နေရှာတဲ့ ငသြကို
ကြည့်ပြီး စိတ်မကောင်းစွာခေါ်လိုက်လေသည်။
မောင်မြဲ၏ခေါ်သံကိုတော့ ငသြတစ်ယောက်မကြားပေ။
“ကိုကြီးငသြ…ကျုပ်ခေါ်နေတာမကြားဖူးလားဗျ”
ဟု…မောင်မြဲက လက်ကိုဆွဲလှုပ်၍ပြောလေမှ
“ဟေ…ဘာလဲမောင်မြဲ”
ဟု..အလန့်တကြားဖြင့် ပြန်ထူးရှာသည်။
“ကိုကြီးငသြကိုကြည့်ရတာ ကျုပ်ဖြင့်
စိတ်ကိုမချမ်းသာဘူးဗျာ…
ကျုပ်ဘာလုပ်ပေးရမလဲ ကိုကြီးငသြရယ်…”
မောင်မြဲစကားကြောင့် ငသြပြုံးသည်။
ထိုအပြုံး၌နာကျဥ်မှုများကပါဝင်နေတာကို မောင်မြဲသိ၏။
“တောက်……”
မလှမ်းမကမ်း၌ထိုင်နေသောငထိန်က
တောက်တစ်ချက်ခေါက်၍ နေရာမှထကာ
တောထဲသို့ဝင်သွားတော့သည်။
“မောင်မြဲ…”
“ဗျာ…ကိုကြီးငသြ…”
“ငထိန်ကိုကြည့်ရတာ ဒေါသထွက်နေပုံပဲကွ”
“ဟောဗျာ…သူဒေါသထွက်လည်း ထွက်လောက်တယ်လေ
ကိုယ့်အစ်ကိုတစ်ယောက်လုံးတမှိုင်မှိုင်တတွေဖြစ်နေတာ
ဘယ်သူကစိတ်ချမ်းသာမှာလဲဗျ”
“အင်း…အေးပါကွာ…
ဒီကောင်က စိတ်ထက်တော့ စိုးရိမ်မိတယ်မောင်မြဲရဲ့…
တော်နေ ခွာညိုတို့ကို တစ်ခုခုသွားလုပ်မှ
ခက်နေမယ်ကွာ…”
“အဲ့သည်လိုတော့ မလုပ်လောက်ပါဘူးဗျာ…
ဟိုတလောက ကိစ္စကိုပဲကြည့်ဦးလေ…
ကိုကြီးငသြက မကြီးနွယ်ထိခိုက်အောင်မလုပ်ပါနဲ့ဆိုပြီး
ပြောလိုက်တာနဲ့တင်ပဲ ကိုကြီးငထိန်က
ရှေ့ဆက်တိုးပြီးလုပ်လို့လားဗျာ…”
“မင်းပြောတာလည်းဟုတ်ပါတယ်…
ဒီကောင်က ငါ့ကိုတော့ ချစ်ရှာပါတယ်ကွာ…”
ငသြက ခေါင်းလေးတညိတ်ညိတ်ဖြင့် ပြောလေသည်။
မောင်မြဲတစ်ယောက် ငသြကိုစိတ်ပူနေရှာသည်။
အကြောင်းက…သဘက်ခါဆိုရင်ဖြင့် ခွာညိုနွယ်၏
မင်္ဂလာပွဲကျင်းပတော့မှာကြောင့်ပင်ဖြစ်သည်။
ညဦးသို့ရောက်တော့ မောင်မြဲအိပ်ရာထဲ၌လှဲနေသည်။
ထိုစဥ်
“မောင်မြဲ…ခဏလောက်လာဦးကွ”
ဟု…ငထိန်ကခေါ်၍ မောင်မြဲလှဲနေရာမှ
အသာထလိုက်သည်။
ငသြကတော့ တစ်ဖက်သို့လှည့်၍ အိပ်နေခဲ့၏။
“ကိုကြီးငထိန်…ကျုပ်ရောက်ပြီ”
“အေး…မင်းအစ်ကိုအိပ်နေပြီလား”
ငထိန်က ငသြကို လှမ်းအကဲခတ်ရင်း
မောင်မြဲသာကြားနိုင်သော အသံဖြင့်မေးလေသည်။
“အိပ်တော့ဘယ်အိပ်ပျော်နိုင်သေးမလဲဗျ…
မှေးနေပုံရပါတယ်…”
“အေး…ဒါဆိုရင်လာကွာ…သူမကြားနိုင်တဲ့
နေရာကိုသွားရအောင်”
“ဗျာ…”
“လာပါဆိုကွာ…တိုးတိုးလိုက်ခဲ့”
ငထိန်က မောင်မြဲ၏လက်ကိုဆွဲ၍ခေါ်သွားသည်။
တစ်နေရာသို့ရောက်တော့…
“မောင်မြဲ”
“ဗျာ…”
“အစ်ကိုငသြ အခုလိုဖြစ်နေတာကို
မင်းကြည့်နေရက်လား…”
“ဘယ်ကြည့်နေရက်မလဲ ကိုကြီးငထိန်ရာ…
ကျုပ်လုပ်ပေးနိုင်တာရှိရင်ဖြင့် လုပ်ပေးပါတယ်ဗျ…”
“အေး…အဲ့တာပဲ…အဲ့သည်မှာတင်
ငါနဲ့မင်းနဲ့ကစိတ်တူသွားပြီကွ…”
“ဗျာ…”
“ဒီလိုကွ…မင်းလည်း သူဒီလိုဖြစ်နေတာမကြည့်ရက်သလို…ငါလည်း ငါ့အစ်ကိုဆိုတော့သူအခုလိုဖြစ်နေတာကိုမကြည့်ရက်ဘူးကွ…အဲ့တာကြောင့် သူနဲ့ခွာညိုနွယ်တို့.ပေါင်းဖက်နိုင်ဖို့ ငါကြံစည်မလိုပဲ…”
“ဘယ်လိုကြံစည်မှာလဲကိုကြီးငထိန်…
ကျုပ်ကိုလည်းပြောပါဦးဗျ…”
ငထိန်က တဲဘက်ကိုတစ်ချက်လှမ်းကြည့်ပြီး…
“ငါပြောမယ်မောင်မြဲ…
အခုငါလုပ်မယ့်ကိစ္စကိုအစ်ကိုသိသွားရင်ငါ့ကို
စိတ်ဆိုးမှာသေချာတယ်…
ဒါပေမယ့် ငါလုပ်ကိုလုပ်မှရမယ်…
မဟုတ်ရင် ငါတို့အစ်ကိုက ဘယ်လိုမှအရင်လို
ပြန်ဖြစ်လာမှာမဟုတ်တော့ဘူးကွ…”.
ငထိန်၏စကားကိုမောင်မြဲ ခေါင်းညိတ်လေသည်။
“ဒါကြောင့် ငါဒီညပဲရွာထဲကိုဝင်ပြီး ခွာညိုနွယ်ကို
သွားခေါ်မယ်ကွာ…အဲ့တာ မင်းလည်း
အတူတူလိုက်ခဲ့မှရလိမ့်မယ်…”
“ဟင်…ဖြစ်ပါ့မလားကိုကြီးငထိန်ရာ…
မကြီးနွယ်က အဲ့သည်လိုခေါ်တော့ လိုက်လာပါ့မလား”
“ဒါဆိုရင်…ငါ မင်းက်ိုမေးမယ်မောင်မြဲ…
ခွာညိုနွယ်ကရော ငါ့အစ်ကိုအပေါ်မှာ
ဘယ်လိုစိတ်မျိုးရှိနေတာလဲ…
မင်းအကဲခတ်မိသလောက်ပြောကွာ…”
ဟူသော ငထိန်အမေးကြောင့် မောင်မြဲစဥ်းစားသည်။
ရွာထဲသို့စျေးဝယ်သွားတိုင်း ခွာညိုနွယ်က ငသြကို
မေးတတ်သည်။
တစ်ခါတစ်ရံ အိမ်၌ချက်ထားသောဟင်းများကိုပင်
ငသြအတွက်ဆိုပြီး လူများအလစ်၌ ခိုးပေးတတ်၏။
ဒါတွေကိုစဥ်းစားမိပြီး…
“ကျုပ်အထင်တော့ မကြီးနွယ်ကလည်း
ကိုကြီးငသြအပေါ် ခံစားချက်ရှိပုံရတယ်ဗျ”
ဟု…ပြောလိုက်တော့၏။
“အဲ့တာပဲ…ငါပြောချင်တာလည်း အဲ့တာကိုပဲကွ…
သူတို့အချင်းချင်း ချစ်နေကြပါရဲ့နဲ့…
ဖွင့်မပြောနိုင်ကြတာကွ…ဒါကြောင့်ငါကပဲ
ကြားကနေ သူတို့နီးစပ်ဖို့လုပ်ပေးရတော့မှာပဲမောင်မြဲ”
“ကျုပ်လည်း သဘောတူတယ်ဗျာ…
ကိုကြီးငသြကို မကြီးနွယ်နဲ့သဘောတူတယ်”
“အေး…ဒါဆို ငါတို့တော်နေလောက်ကျ
ရွာထဲကိုဝင်ကြမယ်မောင်မြဲ…
မင်းအတူတူလိုက်ခဲ့နိုင်ရဲ့လား”
“လိုက်နိုင်တာပေါ့ဗျာ…
ဒါပေမယ့်ကိုကြီးငသြကိုရောဘယ့်နဲ့လုပ်ကြမလဲ”
“သူက သူ့စိတ်သူတောင်အစိုးရနေတာမဟုတ်ဘူးကွ…
ငါတို့ခဏလောက်ပျောက်သွားတာ
သူသတိတောင်ထားမိမှာမဟုတ်ပါဘူးကွာ…”
မောင်မြဲမှာ ငသြအစားစိတ်များလှုပ်ရှားနေမိသည်။
ရွာထဲကို ငထိန်နဲ့အတူတူလိုက်ဖို့လည်း ဆုံးဖြတ်ထား၏။
ခဏမျှကြာတော့ ငသြရဲ့အခြေအနေကို ငထိန်က
အကဲခတ်ပြီး လွယ်အိတ်ကိုယူ၍ တဲမှထွက်လာတော့သည်။
“မောင်မြဲလာကွ…အချိန်မရှိဘူး…
ငါသူတို့ကို အိပ်မွေ့ချထားတာကြာပြီ”
“ဗျာ…အိပ်မွေ့ချတာ…ဘယ်သူတွေကိုလဲဗျ”
“ဘယ်သူကမှာလဲကွာ…
ချောင်းတိုတစ်ရွာလုံးက်ိုပေါ့…
အခုချိန်ဆိုသူတို့တော်တော် အိပ်မောကျနေလောက်ပြီ”
ငထိန်စကားကြောင့် မောင်မြဲ အံ့သြမိသည်။
စုန်းညီနောင်တို့ အစွမ်းထက်တာက်ိုသိပေမယ့်
ယခုလို တစ်ရွာလုံးကို အိပ်မွေ့ချထားသည်ဆိုသော
ကိစ္စကြောင့် သူတို့ပညာကိုမောင်မြဲ ပို၍
အထင်ကြီးလာခဲ့သည်။
ငထိန်ပြောတာမှန်တာကိုလည်း မောင်မြဲသိလိုက်ရ၏။
သူတို့ရွာထဲဝင်လာတော့ လူတင်မက ခွေးများပင်
အိပ်မောကျတာကို မောင်မြဲတွေ့လိုက်ရသည်။
လူစိမ်းလာလျှင်အသည်းအသန်ဟောင်တတ်သော
ခွေးများမှာ ယခုတော့ ဟောင်သံပင်မထွက်ကြပေ။
“ကိုကြီးငထိန်…ဒါ…မကြီးနွယ်တို့အိမ်ပဲဗျ…”
ခွာညိုနွယ်တို့အိမ်အရှေ့သို့ရောက်တော့ ငထိန်က
အိမ်ကိုသေချာကြည့်သည်။
မင်္ဂလာရက်နီးနေပြီဖြစ်တာကြောင့် အပြင်အဆင်များပင်
ပြင်ဆင်ထားကြပြီဖြစ်သည်။
နယ်ဝေးသော ဆွေမျိုးများကလည်းရောက်နေကြပြီဖြစ်တာကြောင့် ခွာညိုနွယ်အိမ်၌
လူအတော်များများရှိနေခဲ့၏။
သို့သော် ထိုသူများမှာ မိမိတို့အိပ်ရာများ၌အိပ်မောကျနေပြီဖြစ်သည်။
မောင်မြဲမှာ ထိုလူများကိုကြည့်၍ လန့်နေမိသည်။
မတော်တဆနိုးလာကြလျှင် အားလုံးက
သူတို့နှစ်ယောက်အားဝိုင်း၍ရိုက်သတ်ကြမည်ဖြစ်၏။
“မောင်မြဲ…အချိန်မရှိဘူးကွ…
မင်းအစ်မရဲ့ အခန်းကိုသွား…
မြန်မြန်”
ဟု…ငထိန်ကပြောလေတော့ မောင်မြဲလည်း
ခွာညိုနွယ်၏အခန်းရှိသောအပေါ်ထပ်သို့
တက်လာခဲ့သည်။
“ဒီအခန်းပဲဗျ…”
မောင်မြဲက ခွာညိုနွယ်နှင့်ရင်းနှီး၍.အိမ်အဝင်အထွက်ရှိသည်။ ဦးရွှေတိုးကတော့ မကြိုက်လှသော်လည်း
ကလေးဟူသောအတွေးဖြင့် မည်သို့မှမပြောပေ။
ယခုတော့ ငထိန်နဲ့မောင်မြဲတို့နှစ်ယောက် ခွာညိုနွယ်၏
အခန်းဆီသို့ ရောက်လာခဲ့ကြသည်။
အခန်းတံခါးကိုဖွင့်တော့ အိပ်မောကျနေသော
ခွာညိုနွယ်နဲ့သူငယ်ချင်းတစ်ယောက်ကို ငထိန်တို့တွေ့လိုက်ရသည်။
မောင်မြဲကခြင်ထောင်ကိုကိုင်မ ပေးသလို…
ငထိန်က ခွာညိုနွယ်ကို ထမ်း၍ ခေါ်လာခဲ့တော့သည်။
သူတို့သုံးယောက် ခွာညိုနွယ်တို့အိမ်ထဲမှ ထွက်လာနိုင်လေမှ မောင်မြဲမှာ အသက်ကိုရဲရဲရှုရဲရှာသည်။
ခွာညိုနွယ်ကတော့ ငထိန်၏ပုခုံးပေါ်၌ အိပ်မောကျလျှက်ပါလာခဲ့တော့၏။
“ဟင်းးးးး”
ငသြ သက်ပြင်းတစ်ချက်ချလိုက်သည်။
မှေးခနဲအိပ်ပျော်မလိုဖြစ်သွားခဲ့ပြီးမှ ရုတ်တရက်
မျက်စိပြန်ဖွင့်လာခဲ့၏။
သူ၏ခါးအား ပွေ့ဖက်လာသော မောင်မြဲ၏လက်ကို
ဘေးသို့ချဖို့လုပ်စဥ်…
” ဟင်….”
ဟူသော အသံဖြင့် ငသြအိပ်ရာထဲမှ အလန့်တကြား
ထလိုက်သည်။
“ဟာ…ခွာညို…ဘယ်ကနေဘယ်လိုရောက်လာတာလဲ”
သူ၏နံဘေး၌ ရှိနေသူမှာ မောင်မြဲမဟုတ်ဘဲ
သူချစ်ရသော ခွာညိုနွယ်ဖြစ်နေခဲ့၏။
ဘေးဘီကိုကြည့်မိတော့ ငထိန်နဲ့ မောင်မြဲတို့က အိပ်ပျော်နေကြသည်။
ခွာညိုနွယ်ကိုကြည့်မိတော့ ခွာညိုနွယ်တစ်ယောက်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့်
ငသြလည်း ချစ်ရသူ၏မျက်နှာအား ငေး၍သာ
ကြည့်နေမိတော့သည်။
နံနက်မိုးလင်းသည် အထိ ခွာညိုနွယ်က
အိပ်မောကျနေစဲဖြစ်၏။
“ငထိန်….”
ငသြက ညီဖြစ်သူအနီးသို့သွားသည်။
ငသြနဲ့မောင်မြဲကတော့ နံနက်စာထမင်းကြမ်းစားဖို့
ပြင်ဆင်နေကြ၏။
“ပြောလေ အစ်ကို…”
“ခွာညိုက ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ…
မင်းတို့ငါမသိအောင်ဘာတွေလုပ်ခဲ့ကြတာလဲ ငထိန်”
“ဟင်း…အစ်ကိုကငြိမ်နေတော့…
ကျုပ်တို့ကလှုပ်ရှားပေးရတာပေါ့…
မဟုတ်ဘူးလား”
“မင်းကွာ…ဘာတွေလျှောက်လုပ်နေတာလဲ…
ခွာညိုကမနက်ဖြန်ဆိုရင် မင်္ဂလာဆောင်တော့မှာကွ”
“အဲ့တာကြောင့် အစ်ကို့ရှေ့ကိုအရသွားခေါ်လာပေးတာပေါ့ဗျာ…ကျုပ်အစ်ကို တစ်ယောက်လုံး
အလူးအလဲခံစားနေရတာ ကျုပ်ကကြည့်မနေရက်ဘူးဗျ…”
“ဟေ့ကောင် ငထိန်…
မင်းအခုလိုလုပ်လိုက်တော့ကော ငါ့ဘဝက
ဘာထူးခြားသွားမှာလဲ…ခွာညိုချစ်တာ
ငါမှမဟုတ်တာငထိန်ရာ…
ငါ့ကြောင့်တော့သူ့ဘဝလေးမဖျက်ဆီးပါရစေနဲ့ကွာ”
ငသြက ငထိန်၏ ရင်ဘက်က အင်္ကျီစကို
ဆုပ်ကိုင်၍အော်ပြောလေသည်။
“အစ်ကိုသိလား…အစ်ကိုထင်သလို ခွာညိုနွယ်က
အဲ့သည်လူကိုသူသဘောကျလို့ယူရတာမဟုတ်ဘူးဗျ…
သူ့အဖေပေးစားလို့သာ ယူရတာ…
ကျုပ် မောင်မြဲကိုအကုန် မေးပြီးပြီ…
တကယ်တော့ ခွာညိုနွယ်ချစ်တာ အစ်ကို့ကိုဗျ…
အစ်ကိုဘက်ကသာဒီတိုင်းဘာမှမလုပ်ဘဲ
ငြိမ်နေရင် အစ်ကိုချစ်ရတဲ့သူကိုဆုံးရှုံးရတော့မှာ…
ကျုပ်မှားလားအစ်ကိုရာ……..”
“မင်းပြောတာဟုတ်လို့လားကွာ…”
“ကျုပ်ပြောတာကိုမယုံရင် ခွာညိုနွယ်ကို
အစ်ကို ကိုယ်တိုင်ပဲမေးကြည့်လိုက်တော့….”
ငထိန်က ခွာညိုနွယ်ကိုကြည့်၍ပြောလိုက်သည်။
ငသြလှည့်ကြည့်လိုက်တော့ ခွာညိုနွယ်က မျက်ရည်အဝဲသားဖြင့် ငသြအားကြည့်နေခဲ့၏။
ငသြ ခွာညိုနွယ်အနီးသို့ရောက်တော့…
“ခွာညို…ကျုပ်…ကျုပ်တောင်းပန်ပါတယ်ခွာညိုရယ်…”
ဟု…ပြောနေစဥ် ခွာညိုနွယ်သည် ငသြအားပွေ့ဖက်လိုက်၏။
ငသြမှာ ခွာညိုနွယ်၏အပြုအမူကြောင့်
အံ့သြနေခဲ့၏။
“ကျုပ်ရဲ့ဆုတောင်းတွေအခုမှပြည့်တော့တယ်
အစ်ကိုရယ်…
ကျုပ်လေ ကျုပ်မချစ်တဲ့သူနဲ့ မပေါင်းဖက်ပါရစေနဲ့…
ကျုပ်ချစ်ရတဲ့အစ်ကိုနဲ့သာပေါင်းဖက်ပါရစေလို့
ဘုရားမှာဆုတွေတောင်းနေခဲ့တာအစ်ကိုရဲ့”
ဟူသော ခွာညိုနွယ်၏စကားအဆုံး၌ ငသြမျက်ရည်များ
ကျဆင်းကာ ခွာညိုနွယ်အား တင်းကြပ်စွာ ပွေ့ဖက်လိုက်တော့သည်။
ထမင်းကြမ်းစားနေသော ငထိန်နဲ့မောင်မြဲတို့မှာ
ငသြတို့အားကြည့်၍ မျက်စောင်းများထိုးကာ…
“ဟင်း…ညီဖြစ်သူကူညီလို့သာပဲဟေ့…
သူ့ဘာသာသူဆိုခွေးအကြီးလှည်းနင်းမိတဲ့
အတိုင်းဖြစ်နေဦးမှာကွ…”
“ဟုတ်ပဗျာ…”
ဟုပြောနေကြတော့သည်။
တစ်ဖက်၌…
ချောင်းတိုရွာထဲ၌ ပွက်လောရိုက်နေခဲ့သည်။
ခွာညိုနွယ်ပျောက်ဆုံးနေ၍ ဦးရွှေတိုးမှာ တစ်ရွာလုံးအနှံ့
ဒေါသတကြီးအော်ဟစ်ပြီး လိုက်လံရှာဖွေနေခဲ့သည်။
“တောက်…ခွေးမ…ငါ့ကိုသိက္ခာချတဲ့ကောင်မ”
“တော့်ကိုမပြောဘူးလား…
သမီးလေးစိတ်သဘောကိုသေချာမေးပါ…
ကိုယ်ဖြစ်ချင်တာကို ဇွတ်မလုပ်ပါနဲ့လို့…
အခုတော့ အရှက်တွေကွဲကုန်ပြီ ကိုရွှေတိုးရဲ့”
“နင့်ပါးစပ်ကိုပိတ်ထားစမ်း သောင်းစိန်…
နင် တော့လက်ဝါးစာမိချင်နေပြီ…”
“ကျုပ်ပြောတာမှားလား…ကျုပ်မှားလား
ကိုရွှေတိုးရဲ့…အီးးးးဟီးးးးးဟီးးး…ကျုပ်သမီးလေးကိုရှာပေးပါ…ကျုပ်သမီးလေး ဒုက္ခတွေ့နေတော့မယ်
ကိုရွှေတိုးရဲ့…အီးးးးးဟီးးးးဟီးးးးး”
ဦးရွှေတိုးက သမီးဇောနဲ့ဒေါသထွက်နေသလို…
ဒေါ်သောင်းစိန်ကတော့ မိခင်ပီပီ သမီးဖြစ်သူအတွက်
စိုးရိမ်စွာငိုကြွေးနေရှာသည်။
“ဦးလေး…နွယ့်မှာ ချစ်သူတွေဘာတွေများရှိနေလား…
ကျုပ်တို့ဒီအတိုင်းရှာနေယုံနဲ့တော့တွေ့မှာမဟုတ်ဖူးဗျ…
သေချာစုံစမ်းပြီးမှရှာတာပိုကောင်းလိမ့်မယ်”
ထူးနိုင်ရဲ့စကားကြောင့် ဦးရွှေတိုးစဥ်းစားသည်။
အတွေးထဲဝင်လာသည်က ငသြနဲ့ သမီးဖြစ်သူ၏
ပုံရိပ်တို့ဖြစ်နေခဲ့သည်။
“သေချာပြီ…သေချာနေပါပြီကွာ…
ဟိုတောစပ်က ဝါးတောမှာနေတဲ့ကောင်ရဲ့
လက်ချက်ပဲဖြစ်ရမယ်…”
“ဘယ်သူလဲဗျ…”
“ဟိုကောင်လေကွာ…ငသြဆိုတဲ့ကောင်”
“ဝါးတောမှာနေတဲ့ကောင်တွေဆိုတာ
ဟိုဆရာယောင်ယောင်ဘာယောင်ယောင်
ညီအစ်ကိုတွေကိုပြောတာလား…”
“အေး…အေးကွာ…သူတို့ပြောတာ…”
“ဒါဆို ကျုပ်တို့အခုချက်ချင်းသွားရအောင်ဦးလေး…
ကျုပ်ကတော့ခွာညိုနွယ်ကို အပါမခံနိုင်ဘူးဗျာ…”
ထူးနိုင်က ခွာညိုနွယ်ကို ငယ်စဥ်ကတည်းက
မေတ္တာရှိနေခဲ့သည်။
ခွာညိုနွယ်ကို ဖွင့်ပြောပါသော်လည်း ခွာညိုနွယ်က
ငြင်းဆန်တာကြောင့် ခွာညိုနွယ်ရဲ့အဖေဖြစ်သူ
ဦးရွှေတိုးကို အရအမိကပ်၍ ယခုကဲ့သို့
မင်္ဂလာပွဲကို ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ယခုတော့ ထူးနိုင်တစ်ယောက် စိတ်ကူးအိမ်မက်များ
ပျက်စီးကုန်တော့မည်ဖြစ်၏။
သို့သော်.ထူးနိုင်လက်မလျော့ပေ။
ခွာညိုနွယ်ကိုသူများလက်ထဲသို့လုံးဝအပါခံနိုင်။
“လာကြဟေ့…ငါ့သမီးကိုသွားရှာကြမယ်…
ငါ့သမီးကိုဒင်းတို့တစ်ခုခုလုပ်ပြီးခေါ်သွားတာပဲဖြစ်ရမယ်…တွေ့ရင်တော့အသေပေါ့ကွာ…”
ဦးရွှေတိုးက ငှက်ကြီးတောင်ဓားကြီးကိုင်၍ အရှေ့မှသွားသလို အနောက်မှပါလာသူများမှာလည်း တုတ်များ၊ဓားများ ကိုင်ဆောင်လာကြ၏။
ထိုသူများမှာတခြားသူများမဟုတ် ဦးရွှေတိုး၏တပည့်များနဲ့ ထူးနိုင်၏တပည့်များပင်ဖြစ်ကြလေသည်။
ရွာသူ၊ရွာသားများမှာတော့ ဦးရွှေတိုးတို့လူစုကိုကြည့်ပြီး
သက်ပြင်းများချ၍ ဘုရားတနေကြရှာသည်။
“အစ်ကို…အဖေတို့လိုက်လာရင်ဘယ့်နဲ့လုပ်ကြမလဲ…
အချိန်ရှိတုန်း…ခွာညိုတို့ ဒီကနေ
ထွက်ပြေးကြရအောင်လေ…”
ဟု…ခွာညိုနွယ်က စိုးရိမ်စိတ်များဖြင့် ပြောရှာသည်။
ငသြက ပြုံး၏… ။
ငသြပြုံးသလို ငထိန်ကလည်းပြုံးနေ၍ ခွာညိုနွယ်မှာ
နားမလည်ဖြစ်နေရှာသည်။
“မစိုးရိမ်ပါနဲ့ခွာညိုရယ်…
အစ်ကိုတို့ညီအစ်ကိုစီစဥ်ထားပါတယ်…
အစ်က်ိုတို့နေရာကိုလေ…ခွာညိုအဖေတင်မကဘူး
ဘယ်သူမှ အစ်ကိုတို့ကိုရှာလို့တွေ့မှာမဟုတ်ဘူးခွာညိုရဲ့..”
“ဟင်…ဘယ်လိုကြောင့်အခုလိုပြောရတာလဲအစ်ကို”
“ခွာညိုလည်းသိသင့်သလောက်သိမှာပေါ့လေ…
အစ်ကိုတို့ကသာမာန်လူတွေမဟုတ်ဘူးခွာညိုရဲ့…
အစ်ကိုတို့က ခွာညိုမသိတဲ့ပညာတွေကို ပိုင်ဆိုင်ထားကြတယ်…ဒါကြောင့် အစ်ကိုတို့ကိုယုံပြီး စိတ်အေးလက်အေးသာနေပါကွယ်… “
ဟူသော ငသြ၏စကားကြောင့် ခွာညိုနွယ်သည်
မောင်မြဲအားလှမ်းကြည့်လေသည်။
မောင်မြဲက ခေါင်းလေးညိတ်၍ထောက်ခံပြီး
ခွာညိုနွယ်ကို ပြုံးကြည့်လေသည်။
ထိုအချိန်၌…
‘ခွာညိုနွယ်…သမီးရေ…ခွာညိုနွယ်….”
ဟူသောအော်ခေါ်သံများကို ခွာညိုနွယ်ကြားလိုက်ရသည်။
ဦးရွှေတိုးတို့မှာ ဝါးတောစပ်သို့ရောက်လာခဲ့ကြသည်။
ဝါးတောစပ်၌ တဲအိမ်ကို မတွေ့ရ၍ လှည့်ပတ်ကာ
ရှာဖွေနေကြသည်။
“ဟေ့ကောင်တွေ…တဲလည်းတစ်တဲမှမတွေ့ပါလားကွ”
“ခါတိုင်းကျုပ်တို့ဒီနားမှာတွေ့မိပါတယ်ဗျာ…
အခုမှ ဘယ်လိုလုပ်ပျောက်ချင်းမလှ
ပျောက်သွားသလဲဆိုတာ စဥ်းစားလို့ကိုမရဘူး”
စုန်းညီနောင်မှာ ပညာဖြင့် သူတို့၏နေရာအား ဖွက်ထားလေသည်။
ဒါကြောင့် ဦးရွှေတိုးတို့မှာ ခွာညိုနွယ်အားရှာလို့မတွေ့ဖြစ်နေကြသည်။
“ဒါဆိုလည်း တောထဲထိဝင်ရှာမယ်ကွာ…
ကဲ…သွားကြ…ရှာကြဟေ့”
ဦးရွှေတိုးတို့မှာ ဝါးတောထဲသို့ထပ်မံကာ
ရှာဖွေကြပြန်သည်။
တစ်နေကုန်တစ်ညလုံးရှာဖွေကြပါသော်လည်း
ခွာညိုနွယ်တို့၏ အရိပ်အယောင်ပင်မမြင်ရပေ။
နောက်ဆုံး၌ ခြေကုန်လက်ပန်းကြပြီး ရွာသို့သာ
ပြန်လာကြရတော့၏။
“အစ်ကို…အသံတွေငြိမ်သွားပြီနော်”
“ပြန်ကုန်ကြပြီထင်ပါတယ်ခွာညိုရယ်…
သူတို့လည်း ပင်ပန်းကြရောပေါ့”
“ထူးဆန်းလိုက်တာအစ်ကိုရယ်…
အသံတွေက အနီးမှာလာအော်နေသလိုထင်ရပေမယ့်
သူတို့ကိုလည်းမမြင်ရဘူးနော်…”
“သူတို့ကိုမမြင်ရသလို…သူတို့ကလည်း
အစ်ကိုတို့ကိုမမြင်ရဘူး ခွာညိုနဲ့…”
“အင်း…အစ်ကိုတို့ပညာကအတော်လေးကို
အံ့သြစရာပါပဲ”
ခွာညိုနွယ်ကပြောလေတော့ ငသြက ပြုံးယုံသာ
ပြုံးနေခဲ့ရှာသည်။
ထိုနေ့မှစ၍ ငသြနဲ့ ခွာညိုနွယ်တို့ကို တဲတစ်လုံး၌နေစေပြီး
ငထိန်နဲ့မောင်မြဲတို့ကတော့ တဲအသစ်တစ်လုံးထပ်မံကာ
ဆောက်ပြီးအတူနေကြရလေသည်။
“ဟူးးး…ဒီလူနဲ့အတူတူမနေချင်ပါဘူးဆိုနေ…
အခုတော့ဘယ်လိုမှကိုရှောင်လို့မရတော့ပါလားကွာ”
“ဘာပြောတယ်…မင်း ဘာပြောတာလဲမောင်မြဲ”
“ဘာ…ဘာမှမဟုတ်ပါဘူးဗျာ…
ကိုကြီးငသြတို့ကိုကြည့်ရတာ အတော်လေး
ပျော်နေပုံရတယ်ဗျ…အဲ့တာကြောင့်
အစ်ကိုငထိန်ကရောဘယ်တော့လောက်
မိန်းမယူလေမလဲလို့ ကျုပ်ကတွေးရင်ပြောနေမိတာပါဗျ”
“ဟုတ်လို့လားကွာ…အစောကကြားတာ
ဒီစကားမဟုတ်ပါဘူး…”
“ဟုတ်ပါတယ်အစ်ကိုရာ…
ကျုပ်က အစ်ကိုငထိန်သာမိန်းမယူရင်
ကျုပ်တစ်ယောက်ထဲ တစ်ကောင်ကြွက်ဘဝထပ်ရောက်ရတော့မယ်လို့တွေးရင်း စိတ်မကောင်းဖြစ်နေမိတာဗျ…”
“ဒါဆိုရင်လည်း စိတ်မကောင်းမဖြစ်နဲ့တော့ကွာ…
ငါက ငါ့ပညာတွေအတွက်ပဲတွေးထားတာ…
မိန်းမယူဖို့ကိုတော့အခုထိ မတွေးမိသေးဘူးမောင်မြဲရဲ့…”
“အင်းပါဗျာ…အင်းပါ…”
မောင်မြဲမှာ ငထိန်မသိစေရန်
လေပူတစ်ချက်မှုတ်ထုတ်ရင်းပြောလိုက်လေသည်။
ထို့သို့ဖြင့် စုန်းညီနောင်နဲ့ ချောင်းတိုရွာရဲ့သန်းခေါင်ညဆိုသည့် စာမူလေးပြီးဆုံးသွားခဲ့ပါသည်။
ယဥ်မင်း(ကန့်ဘလူ)
Uncategorized