(၁)
ကျုပ်သရဲမွေးဖူးတယ်လို့ပြောရင် ခင်ဗျားတို့ယုံမလားတော့မသိဘူး၊ မွေးဖူးတယ်ဆိုပေမယ့် ကျကျနနတော့မွေးဖူးတာမဟုတ်ဘူးဗျ၊ ပါးစပ်ဆတ်ဆော့ရင်း မွေးမိသွားတာ၊ ဖြစ်ပုံကတော့ ဒီလိုဗျာ။
ကျုပ်တို့ရွာမှာ ကိုစောဆိုတဲ့လူတစ်ယောက်ရှိတယ်၊ ကိုစောက တော်တော်အစအနောက်သန်တဲ့လူပေါ့၊ အစနောက်သန်တယ်ဆိုပေမယ့် မျက်ခွက်ပြောင်တဲ့လူတော့မဟုတ်ဘူးဗျ၊ သူက ခပ်တည်တည်ပဲနေတယ်၊ မှင်ကောင်းတယ်၊ စပြီဆိုရင်လည်း အတည်ပေါက်ကြီးနဲ့စတဲ့လူဗျ၊ ဦးဘသာလို အစအနောက်သန်တဲ့လူတောင်မှ သူ့ကိုကြောက်ရတယ်၊ ခုခေတ်လူငယ်တွေစကားနဲ့ပြောရင် ဆေးထိုးတယ်ခေါ်မှာပေါ့ဗျာ။
ကျုပ်နဲ့တော့ သိပ်မတွဲမိဘူးဗျ၊ ကိုစောက ကျုပ်ထက်အသက်ကြီးတာကိုး၊ အကိုကြီးတို့နဲ့အသက်မတိမ်းမယိမ်းဆိုတော့ အကိုကြီးနဲ့တွဲဖြစ်တာများတယ်၊ ဒါကြောင့် ကျုပ်တို့နဲ့လည်း သိနေတယ်ဆိုပါတော့ဗျာ၊ အကိုကြီး အိမ်ထောင်မကျခင်ကဆိုရင် ကိုစောနဲ့ တတွဲတွဲဗျ၊ ရွာကလူတွေတောင် မြင်ပြင်းကပ်လို့ အကြီးကောင်တော့ ငစောနဲ့ညားတော့မယ်ဆိုပြီး ပြောကြသေးတာ၊ ဘယ်လောက်တောင်တွဲသလဲဆိုရင် အိပ်တာတောင် သူတို့သူငယ်ချင်းနှစ်ယောက် အတူတူအိပ်ကြတယ်ဗျာ၊ ကျုပ်တို့အိမ်ဆိုရင်လည်း ကိုစောရဲ့စားအိမ်သောက်အိမ်ဖြစ်နေတာပေါ့၊
တစ်ခါက ကိုစောဆေးထိုးတာ ပြောပြရအုံးမယ်၊ ကျုပ်နဲ့သူငယ်ချင်း ဖိုးတရုတ်တို့ အကိုကြီးကိုရှာဖို့ ရွာပြင်ကိုထွက်လာခဲ့ကြတယ်၊ ရွာပြင်ဇရပ်နားရောက်တော့ အကိုကြီးကိုမတွေ့ဘဲ ကိုစောကိုပဲတွေ့တယ်ဗျာ၊ ကိုစောနဲ့အကိုကြီးက တတွဲတွဲဆိုတော့ ကိုစောရှိရင် ဒီအနီးအနားမှ အကိုကြီးလည်းရှိရမယ်မို့လား။
“ဗျို့ကိုစော၊ အကိုကြီးဘယ်မှာလဲ”
ကိုစောက ကျုပ်တို့ကို တွေ့တော့ပြာပြာသလဲနဲ့
“ဟေ့အေး၊ ငါမသိဘူး”
“လုပ်စမ်းပါ ကိုစောရာ”
“မင်းတို့မသိချင်စမ်းပါနဲ့ကွာ၊ မင်းအကိုကြီးက အရေးကြီးကိစ္စတစ်ခုလုပ်နေတာကွ မင်းတို့ကိုပြောလို့မရဘူး၊ ပြောလိုက်ရင် စည်းပေါက်သွားလိမ့်မယ်”
“အောင်မယ်၊ ကိုစောက လာလာချည်သေး၊ အဖေက ခေါ်ခိုင်းလိုက်လို့ပါဗျာ၊ အကိုကြီးဘယ်မှာလဲ”
“မင်းအဖေပဲခေါ်ခေါ် သိကြားမင်းပဲဆင်းခေါ်ခေါ် သူလိုက်မှာမဟုတ်ဘူး၊ သူက အရေးကြီးတဲ့ ကျင့်စဉ်တစ်ခုလုပ်နေပါတယ်ဆိုကွာ”
ကိုစောပြောမှ ကျုပ်တို့လည်းသိချင်သွားတယ်။
“နေပါအုံး ကိုစောရဲ့ အရေးကြီးတဲ့ကျင့်စဉ်ဆိုတာ ဘာလဲ”
“တော်ပါကွာ မင်းတို့ကိုမပြောပြဘူး”
“လုပ်ပါကိုစောရာ ကျုပ်သိချင်လို့ပါ”
ကျုပ်တို့သိချင်နေမှန်းသိလို့ ကိုစောက အိုက်တင်ခံနေသေးတယ်၊ နောက်ဆုံးမှ ကျုပ်တို့အတင်းပူဆာလို့ ပြောရတဲ့ပုံစံနဲ့
“မင်းတို့ ငါပြောတယ်လို့မပြောနဲ့နော်၊ မင်းအကိုကြီးက ပီယဆေးဖော်နေတာကွ”
“ဗျာ . .. ပီယဆေးဖော်တာတဲ့လား”
“အေးဟုတ်တယ်၊ အခု သချိုင်းကုန်းဘေးနားက ချုံပုတ်ထဲသွားပြီးတော့ ဆေးမြစ်နှုတ်နေတာကွ၊ အဲဒီဆေးမြစ်ရရင် ပီယဆေးအောင်ပြီကွ အောင်ပြီ”
“အကိုကြီးက ညီအကိုအချင်းချင်းတောင် လျှိုထားတယ်ဗျာ”
“အေး၊ မင်းတို့ပီယဆေးလိုချင်ရင် ခုမြန်မြန်လိုက်သွားကြ၊ ဒါပေမယ့် မင်းအကိုကြီးမသိစေနဲ့နော်၊ ခြေသံလုံလုံနဲ့ကပ်သွားပြီး သူ့ကိုဝင်လုံးကြကွာ၊ ဒီတိုင်းတောင်းရင် မင်းတို့ကိုပေးမှာမဟုတ်ဘူး၊ သူ့လက်ထဲက လုပြီး ရအောင်ယူကြ ဟုတ်ပြီလား”
ကျုပ်တို့နှစ်ယောက်လည်း ကိုစောစကားကိုယုံပြီး သချိုင်းကုန်းနားကိုထွက်လာခဲ့ကြတယ်၊ ကိုစောပြောတာ မှန်တယ်ဗျာ၊ သချိုင်းကုန်းဘေးနားက ချုံပုတ်ကြီးက လှုပ်လို့ဗျ၊ အထဲကိုကြည့်တော့ အကိုကြီးကိုချုံပင်တွေကြားကနေမြင်ရတယ်၊ အကိုကြီးက ချုံပုတ်ထဲ ဆောင့်ကြောင့်ထိုင်ရင်း ပါးစပ်ကလည်းပွစိပွစိရွတ်လို့ ဆေးမြစ်နှုတ်နေတာဖြစ်မယ်ဗျ၊ ကျုပ်နဲ့ ဖိုးတရုတ်လည်း ချုံပုတ်ကြီးနားကို အသာကပ်လာခဲ့ကြပြီး လက်တစ်ကမ်းလောက်ရောက်တော့ အကိုကြီးဆီကို နှစ်ဦးအားခုန်အုပ်ပြီးဝင်လိုက်ကြတာပဲဗျာ။ အကိုကြီးဆို အော်လိုက်တာများ ငယ်သံတောင်ပါတယ်၊ ကျုပ်နဲ့ဖိုးတရုတ်က အကိုကြီးလက်တွေကို အတင်းချုပ်ထားကြတာပေါ့။
“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်ကြတာလဲ”
“အောင်မယ်၊ အကိုကြီးက အခုမှမသိချင်ယောင်မဆောင်နဲ့၊ ပေး အဲဒီ ဆေးမြစ်ပေး”
အကိုကြီးလက်ထဲကိုင်ထားတဲ့ တုတ်ချောင်းကလေးတစ်ချောင်းကို ကျုပ်ကအတင်းလုပြီးဆွဲလိုက်ရတယ်၊ ဆေးမြစ်သာပြောတာ တုတ်ချောင်းကလေးက ဝါးချောင်းကလေးလိုလိုပဲဗျာ၊ ကျုပ်က ဆေးမြစ်ကိုအသေအချာကြည့်ပြီး
“အကိုကြီး . . . အကိုကြီးဆေးမြစ်က ဝါးချောင်းကလေးပါလား”
“ဟုတ်ပါ့၊ ခနောင်းတံနဲ့တောင်တူသေးတယ်”
“ဟေ့ကောင်တွေ၊ ဘယ်ကဆေးမြစ်ရမှာလဲကွာ အဲဒါ ခနောင်းတံကြီးကို”
“ဟင်၊ ခနောင်းတံဆိုတော့ အကိုကြီးက အင်အင်းပါနေတာပေါ့၊ ဒါဆို ဆေးမြစ်တူးနေတာမဟုတ်ဘူးလား”
“ဘယ်ကလာ ဆေးမြစ်တူးရမှာလဲကွာ၊ တန်းမြင့်ရွာကပြန်အလာ ဗိုက်ကမထိန်းနိုင်တော့တာနဲ့ ဒီချုံထဲမှာ တောထိုင်နေတာကွ၊ နေစမ်းပါအုံး မင်းတို့က ဘယ်သူကဆေးမြစ်တူးတယ်လို့ ပြောလိုက်တာလဲ”
“ကိုစော . . .ဟုတ်တယ် ကိုစောပြောလိုက်တာ”
အကိုကြီးက တောက်တစ်ချက်ခေါက်လိုက်ပြီး
“ငစော . . . ငစော၊ မင်းတို့ကို ငစောက ချောက်ချလိုက်တာပဲကွ၊ ငါတောထိုင်နေမှန်းသိသိကြီးနဲ့ မင်းတို့ကို ဆေးမြစ်တူးပါတယ်ဆိုပြီး လျှောက်ပြောလိုက်တာကွ”
ဒီတော့မှ ကျုပ်တို့နှစ်ယောက်လည်း ကိုစော ကျုပ်တို့ကို လုပ်ကြံလိုက်ပြီဆိုတာ သိလိုက်ရတော့တယ်၊ အကိုကြီးက မြေပြင်ပေါ်ကနေလူးလဲထပြီး ပုဆိုးတွေဘာတွေပြင်ဝတ်တယ်ဗျာ။ နောက်တော့ လက်သီးလက်မောင်းတန်းပြီး
“ငစော . . . ငစော၊ မင်းင့ါအကြောင်း သိကြသေးတာပေါ့ကွာ”
အကိုကြီးက ဇရပ်ဘက်ကိုထွက်သွားတယ်၊ ကျုပ်လည်း အကိုကြီးနောက်ကျောကိုလှမ်းကြည့်လိုက်ရင်း
“အကိုကြီး . . .ဟိုလေ အကိုကြီးရဲ့ နောက်စေ့မှာ”
ကျုပ်ပြောလို့တောင်မဆုံးသေးဘူး အကိုကြီးက သူ့လက်နဲ့နောက်စေ့ကို ကိုင်ထည့်လိုက်တယ်ဗျာ၊ ခုနက သူပါထားတဲ့ ပုံပုံကြီးက ကျုပ်တို့တွေဝင်ပြီး နပမ်းလုံးတဲ့အချိန်မှာ နောက်စေ့မှာကပ်သွားပုံရတယ်၊ အကိုကြီးက ပယ်ပယ်နှယ်နှယ်ကိုင်ထည့်လိုက်တော့ သူ့လက်တွေအကုန်လုံး ပေကျံကုန်တာပေါ့ဗျာ၊ အကိုကြီးက သူ့လက်ကိုသူပြန်ကြည့်ရင်း
“ဟင် . . . ဘာတွေလဲ”
“ဘာတွေရှိရမလဲ အကိုကြီးရာ၊ ခုနက အကိုကြီးစွန့်ထုတ်ထားတဲ့ ထုတ်ကုန်တွေပေါ့ဗျ”
ပြောရင်းဆိုရင်း အန်ချင်လာတာနဲ့ ကျုပ်တို့နှစ်ယောက် တဝေါ့ဝေါ့နဲ့ဖြစ်နေကြတယ်၊ အကိုကြီးကတော့ ဒေါသထွက်ထွက်နဲ့ ချေးပုံကြီးနောက်စေ့မှာကပ်ရင်း ရွာဘက်ကိုပြေးဝင်သွားတာပဲဗျာ၊ ဇရပ်ပေါ်က ကိုစောကိုတော့ အရိပ်အယောင်တောင် မမြင်ရတော့ဘူးဗျို့။
ကိုစောက အဲဒီလိုပဲ အစအနောက်အရမ်းသန်တာဗျ၊ လူပုံကခပ်တည်တည်ဆိုပေမယ့် တခြားလူတွေကိုတွေ့တာနဲ့ ဘယ်လိုစနောက်ရမလဲဆိုတာပဲ စဉ်းစားနေတာ၊ တစ်ခါသားကလည်း ကျုပ်တို့အမျိုး ဦးလေးကြီးတစ်ယောက် ကိုစောလက်ချက်မိသွားသေးတယ်၊ ဖြစ်ပုံက ဒီလိုဗျ၊ ဦးလေးကြီးက တစ်နယ်တစ်ကျေးကလာတာ၊ ကျုပ်တို့ရွာကိုလည်း တစ်ခါမှမရောက်ဖူးဘူး၊ အမေ့ဘက်က အမျိုးတော်တဲ့လူပေါ့ဗျာ၊ သူက ရွာကိုလာရင်း နွားရိုင်းသွင်းချိန်ကျော်ကျော်လောက်မှာ ရွာထိပ်ကိုရောက်လာတယ်၊ ညမှောင်ပြီဆိုတော့ ရွာထဲလည်း စွပ်မဝင်ရဲသေးဘူး၊ ဒါနဲ့ ဇရပ်အနားမှာထိုင်နေရင်း ရွာသားတစ်ယောက်ယောက်လာတော့မှ မေးစမ်းကြည့်မယ်ဆိုပြီး စောင့်နေတာပေါ့ဗျာ။
သူတော်ကောင်းကို နတ်ကောင်းမတယ်ဆိုသလို အဲဒီမှာ ကိုစောနဲ့သွားတွေ့တာပဲ၊ ဦးလေးကြီးက ကိုစောကိုခေါ်လိုက်ရင်း
“မောင်ရင် မောင်ရင်၊ ဟိုအရှေ့ကရွာက ဇီးကုန်းရွာဆိုတာများလား”
ကိုစောက ရွာကိုမမြင်ရတဲ့ပုံစံမျိုးနဲ့ သေချာစိုက်ကြည့်ပြီး
“ဦးကြီး၊ ခင်ဗျားဘာတွေပြောနေတာလဲ”
ဦးလေးကြီးက စိတ်မရှည်တော့တာနဲ့ ရွာကိုလက်ညှိုးထိုးပြပြီး
“ဟိုမှာမြင်နေရတဲ့ ရွာကြီးလေ မောင်ရင်ရာ၊ အဲဒါကြီးကိုမေးတာပေါ့”
ကိုစောက သေသေချာချာစူးစိုက်ကြည့်နေရင်း
“ကျုပ်တော့ ဘာမှမတွေ့ရပါဘူး ဦးကြီးရာ”
“မောင်ရင် မျက်စိများကန်းနေသလား၊ ဒီလောက်ရွာကြီးကို မမြင်ဘူးလား”
ကိုစောက တစ်ချက်တွေဝေသွားရင်း
“ဒါဆိုရင်တော့ ဟုတ်နေပါပြီဗျာ”
“ဘာဟုတ်တာလဲမောင်ရင်”
“အဲဒီနေရာက ကျတ်ကုန်းကြီးဗျ၊ ဘယ်ကလာ ရွာရှိရမှာလဲဗျာ၊ အဲ . . . ဒါပေမယ့် တစ်နယ်တစ်ကျေးကလာတဲ့လူတွေကို ကျတ်တွေက ရွာရှိသလိုအယောင်ဆောင်ပြီးတော့ ဖန်ဆင်းပြတတ်တယ်တဲ့ဗျ၊ ဦးကြီးကသာ ရွာကြီးလို့ပြောနေပေမယ့် ကျုပ်မျက်စိထဲမှာတော့ ချုံတောကြီးပဲမြင်ရပါတယ်ဗျာ”
ကိုစောပြောတော့ ဦးလေးကြီးက သူ့မျက်လုံးတွေသူပွတ်ကြည့်လိုက်သေးတယ်၊
“ဒါဆို ဒီဟာ ဇီးကုန်းရွာမဟုတ်ဘူးပေါ့”
“ဇီးကုန်းရွာက အဝေးကြီးလိုပါသေးတယ်ဗျာ၊ ဟုတ်ပါပြီဗျာ၊ ဟုတ်ကိုဟုတ်နေပါပြီ၊ အခုအချိန်က နွားရိုင်းသွင်းချိန်ကြီးဆိုတော့ ဦးကြီးမြင်နေရတာ ကျတ် . . . ကျတ်ရွာကြီးပဲဖြစ်မှာ၊ ဦးကြီးရေ ပြေးသာပြေးတော့ မကြာခင် ကျတ်တွေက ရွာထဲကထွက်လာပြီး ဦးကြီးအနောက်ကိုလိုက်လာကြလိမ့်မယ်”
ကိုစောကပြောဆိုပြီးတာနဲ့ ချာခနဲလှည့်ပြေးတော့တာပဲဗျာ၊ ဦးလေးကြီးကတော့ မပြေးဘဲ ဇရပ်ရှေ့မှာပဲ ဆက်ထိုင်နေတယ်၊ သူက ကြောက်တတ်တဲ့လူတော့မဟုတ်ဘူးဗျ၊ ဒါပေမယ့် ကိုစောပြောသွားတဲ့စကားကြောင့် ရွာထဲကိုမဝင်ရဲသေးဘဲ အခြေအနေဆက်စောင့်ကြည့်နေတယ်။ ကိုစောက သချိုင်းကုန်းကို ပတ်ပြီးတော့ ရွာထဲကိုတစ်နေရာကနေလှည့်ဝင်လာတယ်၊ ရွာလယ်ရေချိုတွင်းမှာ ရေခပ်နေကြတဲ့ မိန်းကလေးတွေကိုကြည့်ပြီး
“ဟဲ့၊ အခုရွာပြင်မှာ မျက်နှာချေတွေ၊ ပေါင်ဒါတွေရောင်းတဲ့ လူကြီးတစ်ယောက် ရောက်နေတယ်ဟဲ့၊ ရွာမှာတည်းချင်ပေမယ့် အသိအကျွမ်းမရှိဘူးထင်ပါတယ်ဟာ နင်တို့နည်းနည်းပါးပါးသွားကြည့်လိုက်ကြအုံး”
ကိုစောပြောတော့ မိန်းကလေးတွေက ရွာပြင်ကိုအလုအယက်နဲ့ပြေးထွက်သွားကြတယ်၊ အဲဒီတုန်းက အလှပြင်ပစ္စည်းဆိုတာ ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်းဝယ်လို့မရတဲ့ခေတ်ဗျ၊ အနည်းဆုံးတော့ မြိုင်သာလောက်တက်မှ ဝယ်လို့ရတာကိုး၊ ဒါနဲ့ မိန်းကလေးတစ်အုပ်ကြီး သူ့ထက်ငါအပြိုင်အဆိုင်ပြေးလွှားရင်း ရွာပြင်ကိုထွက်လာခဲ့ကြတယ်။
ဦးလေးကြီးက ပြေးရကောင်းနိုးနိုး ရွာထဲဝင်ရကောင်းနိုးနိုးဖြစ်နေချိန်မှာ မိန်းကလေးတွေထွက်လာတော့ တော်တော်အံ့သြသွားတာပေါ့ဗျာ၊ မိန်းကလေးတွေ ဦးလေးကြီးကိုတွေ့တာနဲ့တင်
“ဦးကြီး ကျွန်မတို့ဆီကိုလာပါ”
“ကျွန်မတို့အိမ်မှာတည်းပါ”
အဲဒီလိုအော်ရင်း ပြေးလာကြတယ်ဆိုတော့ ဦးလေးကြီးက မယုံလို့မရတော့ဘူးလေဗျာ၊ ကျတ်တွေက လူသားစားချင်လို့ မိန်းကလေးယောင်ဆောင်ပြီး မြှူဆွယ်တယ်လို့ထင်သွားတယ်၊ အဲဒါနဲ့ပဲ လွယ်အိတ်ကြီးပိုက်လို့ ရွာကနေဒုန်းစိုင်းလစ်ပြေးရတော့တာပေါ့၊ မိန်းကလေးတွေကလည်း ဦးလေးကြီးအနောက်က ပြေးလိုက်ရင်းခေါ်ကြတယ်။ ဦးလေးကြီးဆို လှည့်တောင်လှည့်မကြည့်တော့ဘူးဗျာ။
“မလိုက်ဘူး . . . မလိုက်ဘူး၊ နင်တို့က ကျတ်မတွေ၊ နင်တို့အနောက်ငါမလိုက်ဘူး”
ဦးလေးကြီးက ပြေးရင်းလွှားရင်း ပုဆိုးကြီးကျွတ်ကျခဲ့တာတောင် ပြန်လှည့်မကောက်တော့ဘဲ ဘောင်းဘီတိုကြီးနဲ့ဆက်ပြေးသွားပါလေရောဗျို့၊ နောက်နေ့မနက်ကျတော့မှ တန်းမြင့်ရွာကလူတွေနဲ့ ကျတ်ရွာဆိုတာကိုလိုက်လာကြရင်း ရွာထဲရောက်လာတယ်ဗျာ၊ အဖေကတော့ ကိုစောလုပ်မှန်းသိတော့ ဆူတာပေါ့၊ ကိုစောလည်း တော်တော်တောင်းပန်လိုက်ရတယ်၊ ပြဿနာက အဲဒီလောက်နဲ့မပြီးသေးဘူးဗျ၊ ဦးလေးကြီးအိမ်မှာရှိတယ်ဆိုတာသိတော့ ရွာကအပျိုတွေတစ်ယောက်ပြီးတစ်ယောက် ရောက်လာပြီး အလှပြင်ပစ္စည်းတွေဘဲ လာလာမေးနေကြတာဗျို့။
(၂)
အဲဒီလောက် အစအနောက်သန်တဲ့ ကိုစောက စနောက်ရင်းနဲ့ပဲ သေသွားရရှာတာဗျ၊ အဲဒါလည်း ပြောရအုံးမယ်၊ အရင်က ရွာမှာ ကိုပေါဆိုတဲ့လူတစ်ယောက်ရှိတယ်၊ သူ့နာမည်အရင်းကိုတော့ မသိဘူးဗျ၊ ရူးရူးပေါပေါနေတတ်လို့ ကိုပေါလို့ခေါ်တာ၊ သူက ကျုပ်တို့ရွာသားတော့မဟုတ်ဘူး၊ ဘကြီးတွန်းဇံရဲ့ တစ်ဝမ်းကွဲ တူတော်တယ်၊ ဘကြီးတွန်းဇံဆိုတာ ရွာစွန်မှာ ခြံအကျယ်ကြီးနဲ့ တစ်ယောက်တည်းနေတဲ့လူပျိုကြီးပေါ့ဗျာ၊ နောက်တော့ သူ့တူကိုပေါရောက်လာပြီး လာနေတယ်၊ ကိုပေါက သိပ်ကျပ်မပြည့်ဘူးဗျ၊ သူ့အဖေနဲ့အမေက တစ်ဝမ်းကွဲမောင်နှမတွေ ပြန်ယူထားတာဆိုပဲ၊ သွေးချင်းနီးရင် ရူးတတ်တယ်ဆိုတာ နေမှာပေါ့ဗျာ၊ ကျုပ်မပြည့်ဘူးဆိုပေမယ့် သိပ်ဆိုးဆိုးသွမ်းသွမ်းတော့မဟုတ်ဘူးဗျ၊ နေတာထိုင်တာ အေးအေးဆေးဆေးပါပဲ၊ မသိတဲ့လူဆို လူကောင်းပဲထင်မှာ၊ ကိုပေါက ကာလသားအရွယ်ဆိုတော့ ကာလသားအုပ်စုထဲ ဝင်ပါဖြစ်သွားတယ်။
လုပ်တာကိုင်တာ သွားတာလာတာလည်း ကောင်းကောင်းမွန်မွန်ပဲ၊ ဘကြီးတွန်းဇံရဲ့ ဥယျာဉ်ခြံထဲမှာ အလုပ်တွေကူလုပ်ပေးတယ်၊ သူများတွေက ကောက်စိုက် ပျိုးနှုတ်လိုက်ပါဆိုရင်လည်း လိုက်တာပဲ၊ အလုပ်လည်း မခိုမကပ်လုပ်ရှာတယ်၊ ပိုက်ဆံပေးရင်လဲယူတယ်၊ မပေးရင်လည်း မတောင်းဘူး၊ ထမင်းလေးဘာလေး ကျွေးလိုက်ရင်ရတယ်၊ ကုန်ကုန်ပြောရရင်တော့ ကိုပေါက ကျပ်မပြည့်ဘူးဆိုပေမယ့် ရွာမှာအားကိုးရတဲ့လူတစ်ယောက်ပဲဗျ၊ လူချစ်လူခင်လည်း ပေါတယ်ဆိုပါတော့၊ ရူးကြောင်ကြောင် အမူအကျင့်ဆိုလို့ တစ်ခါတလေ တွေတွေကြီးငေးနေတတ်တာရယ်၊ သူများပြောရင် လွယ်လွယ်ယုံတတ်တာရယ်၊ ဒါပဲ အပြစ်ပြောစရာရှိတယ်၊ ကျုပ်ကတော့ ကိုပေါက ကလေးတစ်ယောက်နဲ့တူတယ်လို့မြင်တယ်၊ လုပ်ဆိုလုပ်တာပဲ၊ စားဆိုစားတာပဲ၊ ဖြူစင်တယ်ပေါ့ဗျာ။
ကိုပေါကို အားကိုးရတဲ့အထဲမှာ နာရေးကိစ္စတွေလည်းပါတယ်ဗျ၊ နာရေးဖြစ်ပြီဟေ့ဆိုရင် ကိုပေါက ထိပ်ဆုံးက ကူညီပေးတယ်၊ ကျုပ်တို့ရွာတွေမှာ သုဘရာဇာဆိုပြီး သတ်သတ်မှတ်မှတ်မရှိတာမို့လို့ နာရေးဖြစ်ပြီဟေ့ဆိုရင် ကာလသားအဖွဲ့ကပဲ ဦးစီးလုပ်ပေးရတယ်၊ ကိုပေါက အရင်သူတို့နေတဲ့ရွာမှာလည်း နာရေးကူညီမှုလုပ်ဖူးတယ်လို့ပြောတယ်။
မသာကိုရေချိုးတဲ့အခါ ကျုပ်တို့ကတော့ ချိုးဖြစ်တယ်ဆိုရုံ စတိချိုးပေးတာဗျ၊ ကိုပေါကတော့ အဲဒီလိုမဟုတ်ဘူး၊ လူသေကောင်ကြီးကို စိမ်ပြေနပြေ ဆပ်ပြာတွေတိုက်ပြီး ရေချိုးပေးတာဗျ၊ ချေးတွေဘာတွေတောင် တွန်းပေးလိုက်သေးတယ်၊ ကာလသားတွေက
“ဟေ့ ကိုပေါ၊ ခင်ဗျားမြန်မြန်လုပ်စမ်းပါဗျာ၊ ခင်ဗျားလုပ်မှ ဒီမသာကြီး အအေးပတ်ပြီး နောက်တစ်ခါထပ်သေသွားပါအုံးမယ်ဗျ”
အဲဒီတော့မှရပ်တယ်ဗျာ၊ မသာစောင့်ဖို့ ဘာဖို့ဆိုရင်လည်း တခြားလူတွေပဲ ပြောင်းရင်ပြောင်သွားလိမ့်မယ်၊ သူကတော့ ပင်တိုင်စောင့်ပေးတာဗျ၊ အဲဒီမသာကြီး မြေချပြီး ရက်လည်သွားတော့မှ ကိုပေါက တာဝန်ကျေတယ်ယူဆတာ။
တစ်နှစ်တော့ ဝါတွင်းကြီး လူသေပါရော၊ သေတာကလည်း တောင်ပေါ်ချောင်းကလေးမှာ ဟင်းစားလိုက်ရှာရင်း ရေနစ်ပြီးသေတာဗျ၊ ရွာကလူတွေသွားကြည့်တော့ ချောင်းဘေးက မြက်ပင်တွေကိုလက်နဲ့ဆုပ်ကိုင်ထားရင်း တောင့်တောင့်ကြီးသေနေတာ၊ အဲဒီလူက ကာလသားတစ်ယောက်ပဲဗျ၊ သူ့နာမည်က ဘာလဲတော့ ကျုပ်မမှတ်မိတော့ဘူး။
ရွာပြင်မှာသေတယ်ဆိုတော့ ရွာထဲပြန်မသွင်းကောင်းတာနဲ့ ရွာထိပ်မှာ အလောင်းစင်ဆောက်ပြီး ထားရတယ်ပေါ့ဗျာ၊ ကျုပ်တို့ဆီမှာက အစိမ်းသေဆိုရင် မီးရှို့တတ်ကြပေမယ့် ရေနစ်သေတဲ့လူကိုတော့ မီးမရှို့ကြဘူး၊ အေးအေးချမ်းချမ်း ရေနစ်သေတဲ့လူကို မီးနဲ့အပူမပေးချင်ဘူးလို့ ပြောကြတယ်၊ နောက်ပြီး မိုးတွင်းကြီးဖြစ်နေတာလဲပါမယ်၊ နာရေးဖြစ်ပြီဆိုတော့ ကိုပေါတို့ တာဝန်ကျလာပြီပေါ့ဗျာ။
အဲဒီမှာ အစအနောက်သန်တဲ့ ကိုစောက စနောက်ချင်လာတယ်ဗျ၊ သူ့ရဲ့ပစ်မှတ်ကတော့ ကိုပေါပေါ့ဗျာ၊ သေသေပြီးချင်းညမှာ အလောင်းစောင့်ရင်း ကိုပေါကိုပြောတယ်။
“ဟေ့ကောင် ငပေါ၊ မင်း . . . ဖုတ်ဆိုတာ ကြားဖူးသလား”
“ကြားဖူးတာပေါ့ဗျာ၊ ဒီရွာမှာ ဖုတ်တွေပေါပါ့၊ လှမ်းလမ်းတစ်လျှောက်မှာ အများကြီးပဲမဟုတ်လား”
“ဟာ . . . ငါပြောတာ အဲဒီဖုတ်မဟုတ်ဘူးကွ၊ လူသေထဲကို ဝင်တဲ့ မကောင်းဆိုးဝါးဖုတ်ကောင်ကြီးကိုပြောတာ”
ကိုပေါက မျက်လုံးအပြူးသားနဲ့ခေါင်းခါပြတယ်။
“အခုသေသွားတဲ့လူက အစိမ်းသေကွ၊ ငါကြားဖူးတာက အစိမ်းသေ သေသွားတဲ့လူရဲ့အလောင်းကို အဲဒီမကောင်းဆိုးဝါး ဖုတ်ကောင်တွေက ပူးကပ်တတ်တယ်၊ အဲဒီလိုပူးကပ်ခံရရင် အလောင်းကောင်ကြီးက အသက်ဝင်ပြီးထလာတာတဲ့ဟေ့၊ အနားကလူတွေကို ကိုက်သတ်ရောဆိုပဲကွ”
ကိုပေါက တော်တော်ကြောက်သွားတယ်။ ကိုစောက သူ့စကားကိုယုံသွားပြီလို့ထင်တာနဲ့
“မင်းလည်း အလောင်းစောင့်တာ သတိထားအုံး ငပေါရေ၊ တော်ကြာ အလောင်းကောင်ကြီးအသက်ဝင်လာပြီးတော့ မင်းကိုဂုတ်ချိုးသတ်နေအုံးမယ်ကွ”
အယုံလွယ်တဲ့ ကိုပေါက ကိုစောရဲ့စကားကို ယုံသွားမှာအမှန်ပဲဗျ၊ ကိုစောကလည်း ဒီအကြောင်းတွေကိုပြောနေတာ အကြောင်းရှိတယ်၊ အလောင်းစောင့်နေတဲ့ ကိုပေါကို ဖုတ်ကောင်ကြီး ထလာတယ်ဆိုပြီး စမလို့တဲ့ဗျာ၊ ကာလသားတွေနဲ့ သေချာတိုင်ပင်ထားတယ်၊ ကာလသားတွေကလည်း ပျော်ချင်တဲ့လူတွေဆိုတော့ ကိုစောရဲ့အကြံအစည်ကို လက်ခံကြတာပေါ့။ သူတို့အကြံက ဒီလိုဗျ၊ အရင်ဆုံး သစ်သားနဲ့အခေါင်းတစ်ခုလုပ်မယ်၊ အခေါင်းထဲမှာ ကိုစောက သရဲပုံစံလုပ်ပြီးဝင်နေမယ်ပေါ့ဗျာ၊ ကိုစောရဲ့ပုံစံကလည်း သေသွားတဲ့လူရဲ့ ကိုယ်လုံးကိုယ်ပေါက် သွားတူတယ်ဆိုပဲ၊ အဲဒီမှာကိုစောက သူ့မျက်နှာကို ပေါင်ဒါမှုန့်တွေဘာတွေနဲ့ သရဲရုပ်ကြီးလုပ်မယ်ပေါ့ဗျာ၊
ညသန်းခေါင်လောက်ရောက်တဲ့အချိန်မှာ ကိုပေါကိုတစ်နေရာကို ပထုတ်ပြီးတော့ တကယ့်လူသေထည့်ထားတဲ့အခေါင်းနဲ့ ကိုစောရဲ့အခေါင်းနဲ့လဲကြမယ်၊ ကိုပေါပြန်လာတော့ ကာလသားတွေက အကြောင်းအမျိုးမျိုးပြပြီးလစ်ထွက်မယ်၊ ကိုပေါတစ်ယောက်တည်း ကျန်နေခဲ့တဲ့အချိန် ကိုစောက အခေါင်းထဲက ထလာပြီးတော့ ဖုတ်ကောင်ကြီးလုပ်မယ်ပေါ့ဗျာ၊ ကိုပေါကိုချောက်မယ်ပေါ့။ အစကတော့ ဒါတွေကျုပ်မသိဘူးဗျ၊ နောက်မှလူတွေပြန်ပြောပြရင်း သိရတာ။
ဒီလိုနဲ့ နောက်ဆုံးတော့ အကွက်ချထားတဲ့အတိုင်းဖြစ်လာတယ်၊ ညသန်းခေါင်လောက်ရောက်တော့ အလောင်းစောင့်နေတဲ့ကာလသားတွေက အရက်ကုန်သွားလို့ဆိုပြီး ကိုပေါကို ဦးတရုတ်ကြီးဆိုင်မှာအရက်သွားဝယ်ခိုင်းလိုက်တယ်၊ ကိုပေါကလည်း ဝယ်ဆိုတော့ သွားဝယ်တာပေါ့၊ ဒီအချိန် ကာလသားတွေက လူသေအခေါင်းကြီးကိုချပြီးတော့ တစ်နေရာမှာသွားဖွက်ထားလိုက်တယ်၊ နောက်တော့ အခေါင်းအလွတ်ကြီးတင်တယ်၊ ကိုစောက အခေါင်းထဲဝင်ပြီး လူသေကြီးလိုပြန်အိပ်နေလိုက်တယ်။ သိပ်မကြာပါဘူး ကိုပေါတစ်ယောက် ငိုက်စိုက်ငိုက်စိုက်နဲ့ပြန်ရောက်ချလာတယ်၊ ကာလသားတွေက ဗိုက်နာလို့အိမ်ပြန်တဲ့လူနဲ့၊ ထမင်းဆာလို့ ထမင်းသွားယူမယ့်လူနဲက လူစုခွဲလိုက်ကြပြီး ကိုပေါတစ်ယောက်တည်းကိုပဲ အလောင်းအနားမှာ စောင့်ခိုင်းထားလိုက်တယ်။ ဒါပေမယ့် တကယ်မပြန်ဘဲနဲ့ သစ်ပင်ကွယ်၊ ချုံကွယ်ကနေပြီးတော့ ကိုပေါဘယ်လိုဖြစ်သွားမလဲဆိုပြီး ချောင်းကြည့်နေတာပေါ့ဗျာ။
ကိုပေါထိုင်နေတုန်းပဲ အခေါင်းကြီးက ဝုန်းခနဲပွင့်ထွက်သွားတယ်၊ နောက်တော့ ကိုစောက အခေါင်းထဲကနေ ငေါက်ခနဲထထိုင်ပြီး အသံနက်ကြီးနဲ့ညည်းတွားတယ်ဗျာ၊ ကိုပေါက တော်တော်ကြောက်နေပုံရတယ်။
“ဟေ့ကောင် ငပေါ၊ မင်းကိုငါစားမယ်၊ မင်းရဲ့အသားကို ငါစားမယ်ကွ”
ကိုစောက အခေါင်းထဲကထွက်ဖို့လုပ်နေတုန်းမှာပဲ ကိုပေါက အနားကိုအတင်းပြေးကပ်သွားပြီးတော့ ကိုစောရဲ့ရင်ဘတ်ကို သစ်စူးချွန်ကြီးတစ်ခုနဲ့ အားကုန်ထိုးစိုက်ထည့်လိုက်တယ်ဗျာ၊ သူထည့်လိုက်တာကလည်း နှလုံးနေရာကို တည့်တည့်ပဲ၊ ကိုစောက အော်တောင်မအော်နိုင်တော့ဘဲ ခွေကျသွားတယ်၊ ကာလသားတွေလည်း ဒီတော့မှ ပုန်းအောင်းနေရာကနေထွက်လာပြီး ကိုစောကိုဝိုင်းဆွဲကြတယ်၊ သစ်ချွန်က နှလုံးကိုဖောက်သွားတာဆိုတော့ မရတော့ပါဘူးဗျာ၊
“ငပေါ၊ အဲဒါ ငစောကွ၊ မင်းဘယ်လိုလုပ်လိုက်တာလဲ”
“ကျုပ် ဦးစိုင်းကိုမေးကြည့်တော့ ဖုတ်ကောင်အသက်ဝင်လာရဲ့ မီးကင်ထားတဲ့ သစ်စို့ချွန်နဲ့ ဖုတ်ကောင်ရဲ့နှလုံးသားကို ထိုးစိုက်သတ်ရတယ်လို့ပြောလို့ပါ”
ကိုပေါလုပ်တာကိုလည်း ဘယ်သူမှအပြစ်မမြင်ရက်ကြပါဘူးဗျာ၊ သူကလည်း တကယ့်ဖုတ်ကောင်လို့ ထင်သွားတာကိုးဗျ၊ တစ်နေ့က ကိုစောက ဖုတ်ကောင်အသက်ဝင်လာမယ်လို့ ပြောကတည်းက ကြောက်လန့်ပြီး ဦးစိုင်းကို သွားမေးထားပုံပဲဗျ၊ ဦးစိုင်းကလည်း သူတို့ရှမ်းပြည်က ဖုတ်ကောင်ကိုသတ်တဲ့အကြောင်းတွေ ပြောလိုက်တာနေမှာပေါ့၊ ကိုပေါကလည်း ဖုတ်ကောင်ကြီး အသက်ဝင်လာခဲ့ရင်ဆိုတဲ့ အသိနဲ့ သစ်ချွန်တစ်ခုလုပ်ပြီး အချွန်ကိုမီးနဲ့ကင်ပြီး အသင့်ဆောင်ထားတာတဲ့ဗျာ၊ ကိုပေါက အယုံလွယ်တဲ့အပြင် ကျပ်မပြည့်တဲ့လူဆိုတော့လည်း တကယ်ထင်တာပေါ့၊ နောက်ဆုံးတော့ သွားလေသူ ကိုစောကိုပဲ ဝိုင်းပြီးအပြစ်တင်ကြတယ်၊ အဲဒီနောက်ပိုင်းကစပြီး သူတစ်ဖက်သား ထိထိခိုက်ခိုက်ဖြစ်အောင်မစနောက်ရဘူးလို့ အဖေက အမိန့်ထုတ်လိုက်တယ်၊ နောက်ဆုံးတော့ ဒီအဖြစ်ကြောင့် ကိုစောလည်းသေ၊ ကိုပေါလည်း လူသတ်မှုနဲ့အဖမ်းခံရတယ်၊ ကျပ်မပြည့်ဘူးဆိုတာကြောင့် အရူးထောင်ကျသွားတယ်ဆိုလားပဲဗျာ။
ဒါပေမယ့် အဲဒီကိုစောက သေသွားရုံနဲ့ မပြီးသေးဘူးဗျ၊ ကျုပ်တို့နဲ့ထပ်ပြီးတွေ့ပါရော။
(၃)
အိမ်မှာ ဖဲရိုက်၊ ကြက်တိုက်၊ လောင်းကစားအလုပ်ဆိုရင် အကိုကြီးက ထိပ်ဆုံးကပဲဗျ၊ ကိုစောသေပြီး တစ်ပတ်လောက်ကြာတော့ အကိုကြီးက စလာတာပဲ။
“အလတ်ကောင်ရေ၊ ပေတောရွာမှာ နာရေးတစ်ခုဖြစ်နေတယ်တဲ့ကွ”
“ပေတောရွာက နာရေးနဲ့ ကျုပ်နဲ့ဘာဆိုင်လို့လဲအကိုကြီးရ”
“ဆိုင်တယ်ကွ ဆိုင်တယ်၊ နာရေးဖြစ်ရင် ဖဲဝိုင်းဖွဲ့မယ်မဟုတ်လား”
“အကိုကြီးကတော့ လုပ်တော့မယ်ဗျာ၊ တစ်လောကမှာ ကိုစောနာရေးမှာ ဖဲရိုက်ထားသေးတယ်မဟုတ်လား၊ သူများရွာသွားပြီးတော့ ဖဲသွားမရိုက်ပါနဲ့ဗျာ”
“ဟ၊ မင်းဘာသိလို့လဲအလတ်ကောင်ရ၊ ငစောနာရေးမှာ ငါဖဲတော်တော်ရှုံးသွားတယ်ကွ၊ ဖဲကြွေးတွေမဆပ်နိုင်လို့ မင်းမရီး မရွှေဥရဲ့ ဆွဲကြိုးတစ်ကုံးကို ဦးတရုတ်ကြီးဆီမှာ သွားပေါင်ပြီးပေးလိုက်ရတယ်”
“ဗျာ . . .အဲဒီ ကိစ္စကို မရီးသိသလား”
“သိလို့ကတော့ ဒီလိုဘယ်နေပါ့မလဲကွ”
“အကိုကြီးကတော့ လုပ်ပြီဗျာ၊ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ၊ အခုမသိပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ သိသွားမှာပဲမဟုတ်လား”
“ဒါကြောင့် ဖဲရိုက်ဖို့သွားရမှာပေါ့ကွ၊ ရှုံးသွားတဲ့ငွေကို ဖဲရိုက်ပြီးပြန်ရှာမယ်ကွာ၊ ငွေရရင် ဦးတရုတ်ကြီးဆီက ဆွဲကြိုးသွားရွေးပြီး သူ့နေရာမှာသူ အသာကလေးပြန်ထားလိုက်ရင် သူမသိတော့ဘူးမဟုတ်လားကွ”
“လောင်းကစားဆိုတာ ဖောင်းလိုက်ပိန်လိုက်ပါအကိုကြီးရာ၊ ကိုယ်ကချည်း အမြဲအနိုင်တွက်ထားလို့ ဘယ်ရပါ့မလဲ”
“ငါ့မှာ ဖဲနိုင်မယ့်နည်းရှိပါတယ်ကွာ၊ လုပ်စမ်းပါ၊ ငါနဲ့လိုက်ခဲ့စမ်းပါကွာ”
“အကိုကြီးဖဲရိုက်ဖို့သွားတာ ကျုပ်ကလိုက်ဖို့လိုလို့လားဗျ”
“လိုအပ်လို့ခေါ်တာပေါ့ အလတ်ကောင်ရာ၊ မလိုအပ်ရင် မင်းကိုခေါ်တောင်မခေါ်ဘူး၊ လိုက်ခဲ့စမ်းပါကွာ၊ တကယ်လို့ဆွဲကြိုးဖိုးပြန်ရရင် မင်းကိုမုန့်ဖိုးပေးမယ်၊ ဦးတရုတ်ကြီးဆိုင်မှာလည်း စားချင်ရာစား အဝကျွေးမယ်ကွာ ဟုတ်ပြီလား”
“ဒါဆိုရင်လည်း ပြီးတာပဲဗျာ၊ အကိုကြီး ကတိတော့တည်ရမယ်နော်”
“အေးပါကွ၊ တည်ပါ့မယ်၊ ပြောနေကြာတယ်၊ ခဏနေ ရေမိုးချိုးပြီး သွားကြစို့”
ညနေစောင်းမှာ ကျုပ်တို့ညီအကိုရွာကနေထွက်လာခဲ့ကြတယ်၊ မှောင်တာတော့ အတော်မှောင်နေပြီဗျ၊ အကိုကြီးက ပေတောရွာဘက်ကို တန်းတန်းမသွားသေးဘဲ ရွာသချိုင်းကုန်းကို အရင်ဝင်နေသေးတယ်၊
“အကိုကြီး ဖဲဝိုင်းက ပေတောရွာမှာမဟုတ်ဘူးလား”
“အေး၊ နေပါအုံးကွာ၊ လုပ်စရာကလေးတစ်ခုရှိလို့ကွ”
အကိုကြီးက သစ်ခက်ကလေးတစ်ခုကိုချိုးလိုက်ပြီး ကျုပ်ကိုလှမ်းပေးတယ်။
“အလတ်ကောင် ဒီသစ်ခက်ကလေးကိုယူကွာ၊ ပြီးတော့ဟောဟိုက မှိုက်ပင်ကြီးကို သစ်ခက်နဲ့သုံးချက်ပုတ်ပြီး ကိုစော ကျုပ်တို့နဲ့လိုက်ခဲ့ပါလို့ ခေါ်စမ်းကွာ”
ကျုပ်ခေါင်းနားပန်းတွေကြီးသွားတယ်။
“အကိုကြီး ဒါက ဘာလုပ်တာလဲ”
“ငစောကို ခေါ်တာလေကွာ၊ ငစောက ငါ့ကိုအိပ်မက်ပေးတယ်၊ သူမကျွတ်ဘူးတဲ့ကွ၊ သချိုင်းကုန်းအဝင်ဝက မှိုက်ပင်ကြီးမှာ နေနေတယ်တဲ့”
“ဖြစ် . . .ဖြစ်ပါ့မလား အကိုကြီးရာ”
“ဖြစ်ပါတယ်အလတ်ကောင်ရာ၊ သူ့နာမည်ခေါ်ပြီးတော့ အပင်ကြီးကိုရိုက်ပြီးခေါ်စမ်း၊ အလုပ်အောင်မြင်ရင် အရက်တိုက်မယ်လို့”
“ဒါဆိုလည်းအကိုကြီးလုပ်ဗျာ၊ ကျုပ်ကဘာဖြစ်လို့လုပ်ရမှာလဲ”
“မင်းကွာ၊ လုပ်စရာရှိတာလုပ်စမ်းပါ ငစောက ငါ့ကိုလေးမှမလေးစားတာကွ၊ ငါက သူ့ကိုခေါ်လို့ရပါ့မလား၊ ဒီမှာအလတ်ကောင် မင်းငစောကိုမခေါ်နိုင်ဘူးဆိုရင် ငါ့ကိုအကိုလို့ မခေါ်နဲ့တော့၊ မင်းမရီးလက်ချက်နဲ့ ငါဘာဖြစ်မလဲဆိုတာ မင်းသိတယ်မဟုတ်လား”
မရီးနဲ့ခြိမ်းခြောက်ပြီး ကိုင်ပေါက်တာနဲ့ နောက်ဆုံးကျုပ်လက်ခံလိုက်ရတယ်၊ ဒါနဲ့ အကိုကြီးခိုင်းတဲ့အတိုင်းသစ်ပင်ကို သုံးချက်ပုတ်ပြီး ကိုစောကိုခေါ်ရတယ်၊ မိုးချုပ်နေပြီဆိုတော့ ခပ်သွက်သွက်ပြန်ထွက်လာတာပေါ့ဗျာ။
“ရခဲ့လား အလတ်ကောင်”
“ခေါ်တော့ခေါ်ခဲ့တာပဲဗျာ”
“ပါမပါ စမ်းသပ်ကြည့်ရမယ်၊ ဟေ့ကောင်ငစော မင်းပါလာတယ်ဆိုရင် သစ်ခက်ကိုလေးပြစမ်းကွာ”
အကိုကြီးပြောလိုက်တာနဲ့ သစ်ရွက်လေးသုံးရွက်လားပါတဲ့ သစ်ခက်ကလေးက လေးလံလာတယ်ဗျာ၊ အုတ်နီခဲတစ်ခုလောက်ကို လေးလာတာဗျ၊ ကျုပ်ဆို အံ့သြလွန်းလို့ ပါးစပ်တောင်မပိတ်နိုင်တော့ဘူး။
“ဒီမယ်ငစော၊ ငါတို့ဖဲသွားရိုက်မယ်၊ မင်းနိုင်အောင်လုပ်ပေးစမ်းကွာ၊ နိုင်လို့ကတော့ မင်းကြိုက်တဲ့အရက်ကို အဝအပြဲသောက်ရစေမယ် ဟုတ်ပြီလား”
အကိုကြီးပြောတော့ သစ်ခက်ကလေးက ခေါင်းညိတ်သလိုလိုနဲ့ တငြိမ့်ငြိမ့်လေးဖြစ်သွားသေးသဗျာ။
“ရပြီအလတ်ကောင်၊ အဲဒီသစ်ခက်ကို မင်းအိပ်ကပ်ထဲထည့်လာခဲ့၊ ငါတို့ ပေတောရွာကိုသွားကြမယ်”
ကျုပ်တို့ညီအကိုနှစ်ယောက် ပေတောရွာကိုချီတက်လာခဲ့တာပေါ့ဗျာ၊ အိတ်ကပ်ထဲမှာ သရဲတစ်ကောင်ရှိတယ်ဆိုတဲ့အသိက ကျောချမ်းစရာပါပဲ၊ ပေတောရွာသွားရင်း လမ်းရောက်တော့ ကျုပ်တစ်ကိုယ်လုံး တဖြည်းဖြည်းလေးလာတယ်ဗျာ၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့လာတဲ့လူက သွားရင်းနဲ့ ဆန်အိတ်ကြီးတစ်အိတ်ထမ်းထားရသလို လေးလံနေတယ်ဗျာ၊ အကိုကြီးကတောင် လွယ်အိတ်ကလေးတစ်လုံးပါသေးတယ်၊ ကျုပ်က ဘာမှမပါဘဲနဲ့ကို လေးလံနေတာ၊ သွားရင်းနဲ့ အကိုကြီးနဲ့တဖြည်းဖြည်းပြတ်ပြတ်ကျန်နေခဲ့တယ်၊ အကိုကြီးက ရပ်ရပ်စောင့်နေရတယ်။
“အလတ်ကောင်ရာ မြန်မြန်လာစမ်းပါကွ၊ မင်းက နှေးလိုက်တာ”
“နှေးတာတော့မပြောနဲ့အကိုကြီးရာ၊ ကျုပ်တစ်ကိုယ်လုံး လေးလံပြီးတော့ ဘာဖြစ်မှန်းမသိဘူး”
အကိုကြီးက ကျုပ်ကိုတစ်ချက်ကြည့်လိုက်ရင်း
“အောင်မာ၊ ငစော၊ မင်းက အလတ်ကောင်ကို ဂုတ်ခွစီးထားတာပဲကွ၊ ဒီလိုမလုပ်ပါနဲ့ကွာ၊ ဆင်းစမ်းပါ”
ကျုပ်ကို ဂုတ်ခွစီးထားတယ်ဆိုလို့ ကျုပ်ဖြင့်လန့်ဖျပ်ပြီး ဟိုကြည့်ဒီကြည့် ကြည့်မိသေးတယ်၊ ဘာမှတော့ မတွေ့ပါဘူးဗျာ။
“အကိုကြီးက ကိုစောကိုမြင်ရတယ်လား”
“အေးလေ၊ ငါက ဒီကောင့်ကို မြင်အောင်ပြပါလို့ပြောတော့ မြင်ရတာပေါ့ကွ”
“ဒါဖြင့် ကျုပ်လည်းမြင်ချင်တယ်ဗျာ”
“မင်း မမြင်ချင်စမ်းပါနဲ့အလတ်ကောင်ရာ၊ ဒီကောင်တွေက ရုပ်ဆိုးလို့ မမြင်အပ်ဘူးလို့ပြောကြတယ်မဟုတ်လား”
“အကိုကြီးတောင် မြင်ရတာဗျာ၊ ကျုပ်လည်း မြင်ချင်တယ်၊ ကိုစောပုံစံက ဘယ်လိုလဲဗျ”
“ဘာမှတော့မထူးခြားပါဘူးကွာ၊ အရင်ကတည်းက ပေစုတ်စုတ်နေတတ်တဲ့ကောင်က အခုပိုပြီး စုတ်စုတ်ပြတ်ပြတ်ဖြစ်သွားတယ်၊ ဒီလောက်ပါပဲ”
“ဒီလောက်တော့ ကျုပ်မကြောက်ပါဘူးဗျာ၊ ကျုပ်လည်းကြည့်ချင်တယ်”
“ဒါဆိုရင် မင်းကိုယ်တိုင်ပြောလေကွာ၊ ကိုစော ကျုပ်ခင်ဗျားကိုမြင်ချင်တယ်၊ ကျုပ်ကိုပြပါလို့ပြောပေါ့ကွ”
ကျုပ်လည်း သေသေချာချာရပ်လိုက်ပြီးတော့
“ကိုစော၊ ကျုပ်ကိုပြပါဗျာ၊ ကျုပ်ခင်ဗျားကိုမြင်ချင်တယ်”
ကျုပ်ပြောလိုက်တဲ့အချိန် ကျုပ်နောက်ကျောတစ်ပြင်လုံးက ကြက်သီးမွှေးညှင်းတွေဟာ တဖြန်းဖြန်းနဲ့ထလာတယ်ဗျာ၊ လူတစ်ယောက်ယောက် လာရပ်နေသလိုမျိုးလည်း ခံစားရတယ်။
“အလတ်ကောင် မင်းနောက်မှာရောက်နေပြီကွ”
ကျုပ်မဝံ့မရဲနဲ့လှည့်ကြည့်လိုက်တော့ ကြောက်စရာကောင်းလိုက်တဲ့ပုံစံကြီးဗျာ၊ မျက်နှာကြီးက ပြားပြားကြီး၊ မျက်လုံးကြီးနှစ်လုံးက အပြင်ကိုပြူးထွက်နေပြီးတော့ ပါးစပ်ကြီးကလည်း ပြဲလန်လို့ဗျ၊ ကျုပ်ဖြင့် ကိုစောပုံမြင်ပြီးတော့ အောင်မယ်လေးလို့အသံရှည်ကြီးနဲ့အော်ပြီး တစ်ချိုးတည်းပြေးတော့တာပဲ၊ ကိုစောက ကျုပ်အနောက်ကနေ ပြေးလိုက်လာရင်း
“ဟေ့ အလတ်ကောင်၊ ငါ့ကိုစောင့်ပါအုံးကွ”
“မစောင့်ဘူးကိုစော၊ ခင်ဗျားကို မစောင့်တော့ဘူး”
အကိုကြီးကတော့ ကျုပ်အဖြစ်ကိုကြည့်ရင်း ခွက်ထိုးခွက်လန်ရယ်ပါလေရောဗျာ၊ ကိုစောက လူဘဝကတည်းက သူများကိုသရဲလုပ်ပြီး လိုက်ခြောက်နေကျဆိုတော့ အခုသရဲဖြစ်တော့ ပိုပြီးဆိုးတာပေါ့ဗျာ။
ဒီလိုနဲ့ဖဲဝိုင်းကိုရောက်ခဲ့ကြတယ်၊ ဖဲဝိုင်းက တော်တော်အရှိန်ရနေပြီဗျ၊ အကိုကြီးက ဖဲဆော့တယ်၊ ကျုပ်က အကိုကြီးလွယ်အိတ်ကိုလွယ်ပြီး အနောက်နားကနေထိုင်ကြည့်နေတာပေါ့ဗျာ၊ အစကနဦး သုံးလေးပွဲလောက်တော့ ရှုံးတယ်ဗျ၊ အကိုကြီးက ကျုပ်အနားကိုကပ်ပြီး တိုင်ပင်သလိုလိုနဲ့
“ဟေ့ကောင် ငစော၊ နည်းနည်းပါးပါးလုပ်အုံးဟ၊ ငါတို့ရှုံံးနေပြီ”
အကိုကြီးက အဲဒီလိုပြောပြီး ကျုပ်အိတ်ကပ်ကိုအသာပုတ်တယ်၊ ကိုစောက ဖဲဝိုင်းအလယ်တည့်တည့်မှာ ငုတ်တုတ်ကြီးထိုင်လို့ပေါ်လာတယ်ဗျာ၊ အခုကျတော့ သူ့ပုံစံက မသေခင်တုန်းက ပုံစံအတိုင်းပဲဗျ၊ အဝတ်အစားတွေကတော့ ညှိုးညှိုးနွမ်းနွမ်းပဲဗျ၊ မသိရင် ထုံးမှုန့်တွေပေနေသလိုလို ဖုန်မှုန့်တွေကပ်နေသလိုလို မှုန်မှုန်ဝါးဝါးကြီးဖြစ်နေတာတစ်ခုကလွဲရင် လူအတိုင်းပါပဲဗျာ၊ ဖဲချပ်တွေကို ဟိုဟာတွေလှန်ကြည့် ဒီဟာတွေလှန်ကြည့်နဲ့ဗျ၊ သူကသာကြည့်နေပေမယ့် ဖဲချပ်တွေကတော့ ဒီအတိုင်းပဲ၊ နောက်တော့ တခြားထိုးသားတွေရဲ့ဖဲကို အနောက်ကနေသွားကြည့်တယ်၊ ဒီအလှည့်က ကျုပ်တို့ဒိုင်ကိုင်အလှည့်ပေါ့ဗျာ၊ ကိုစောက ဟိုအိမ်ကိုဖမ်း၊ ဒီအိမ်ကိုဖမ်းဆိုပြီး လက်ဟန်ခြေဟန်နဲ့လုပ်ပြတယ်၊
သူပြောတဲ့အတိုင်း ကျုပ်တို့လိုက်လုပ်တာ အတော်နိုင်တယ်ဗျာ၊ နိုင်တာမှ ပက်ပက်စက်စက်ကိုနိုင်တာ၊ တစ်ဝိုင်းလုံးကိုချည်း လှိမ့်လှိမ့်စားနေရတာ၊ ရလာတဲ့ငွေကို ကျုပ်က အနောက်ကနေထိုင်သိမ်းတယ်။
“အကိုကြီး မရီးရဲ့ရွှေဆွဲကြိုးကို ဘယ်လောက်နဲ့ပေါင်ထားတာလဲ”
“ငါးရာနဲ့ပေါင်ထားတာ”
“ဒါဆို ပိုက်ဆံတွေအကုန် ကျုပ်သိမ်းမယ်အကိုကြီး”
အကိုကြီးကဖဲရိုက်၊ ကျုပ်က ငွေကိုင်ပေါ့ဗျာ၊ ညသန်းခေါင်လောက်ရောက်တော့ ဖဲဝါသနာရှင်တွေအကုန် အရှုံးပေါ်လို့ပြန်သွားကြပြီ၊ ဝိုင်းက နည်းနည်းငြိမ်သွားတယ်၊ တကယ့် ဖဲသမားဆိုတဲ့လူတွေချည်း ကျန်တော့တယ်၊ ကြေးကလည်းများတယ်ဗျာ၊ ဒါကြောင့် အရင်လို မြန်မြန်ပွဲသိမ်းတဲ့ပွဲကို မဆော့ကြတော့ဘဲ ပိုကာထိုင်ဒေါင်းနေကြတယ်၊ ဒီထဲမှာ တန်းမြင့်ရွာက ဖဲသမားကြီးတစ်ယောက်လည်း ပါတယ်၊ ဒီလူက ဖဲမှော်အောင်ထားတယ်လို့ နာမည်ကြီးတယ်ဗျ၊ နာမည်က ကိုတိုးကြီးတဲ့၊ ဖဲမှော်သမားကို ကိုစောနဲ့ နိုင်မနိုင်ဆိုပြီး စမ်းကြည့်ကြတယ်၊
အကိုကြီးက မသာအိမ်က ဧည့်ခံတိုက်တဲ့ အရက်ပုလင်းကလေးမော့သောက်လိုက်၊ ပဲကြီးလှော်ကလေးစားလိုက်နဲ့ ဇိမ်ကျနေတယ်၊ ကျုပ်လည်း တစ်ငုံတစ်လေတော့ ဝင်သောက်တာပေါ့ဗျာ၊ အရက်ပုလင်းထဲမှာ အရက်သုံးပုံတစ်ပုံလောက်ပဲကျန်တော့တယ်၊ အကိုကြီးက အရက်ပုလင်းကိုလက်နဲ့အုပ်လိုက်ပြီး
“အလတ်ကောင် တော်ပြီ၊ မသောက်နဲ့တော့၊ အရက်ပုလင်းထဲကို သောက်ရေအိုးစင်ထဲက ရေတွေသွားထည့်စမ်းကွာ”
အကိုကြီးက ဘာစိတ်ကူးပေါက်တယ်တော့မသိဘူး၊ ကျုပ်လည်း သူပြောတဲ့အတိုင်း အရက်လက်ကျန်ထဲ ရေတွေရောထည့်ခဲ့ပြီးတော့ ပြန်ယူလာလိုက်တယ်၊ အကိုကြီးက အရက်ပုလင်းကို အဖုံးနဲ့ပြန်ပိတ်ပြီးတော့ လွယ်အိတ်ထဲကိုထည့်သိမ်းထားလိုက်တယ်။
ပွဲတိုင်းလိုလို ကျုပ်တို့ပဲရှုံးတာပါပဲဗျာ၊ အကိုကြီးရှေ့က ငွေပုံကြီးလည်းကုန်ပြီ။
“အလတ်ကောင် လွယ်အိတ်ထဲက ပိုက်ဆံတွေထုတ်စမ်းကွာ”
“တော်ပြီအကိုကြီး ဒီပိုက်ဆံတွေက ထုတ်လို့မဖြစ်ဘူး”
“ပေးဆိုပေးစမ်းပါကွာ၊ လျှာမရှည်နဲ့”
“မရဘူးအကိုကြီး၊ အကိုကြီးလက်က လစ်မစ်မရှိတာကိုသိပြီးသား၊ ဒါတွေက မရီးပစ္စည်းကလေး ပြန်ရွေးရမယ့် ငွေတွေပဲ၊ ဒါတွေကုန်သွားရင် ဘယ်လိုလုပ်မလဲ”
ကျုပ်အတန်တန်ပြောတော့မှ အကိုကြီးက လက်ခံသွားတယ်၊ အကိုကြီးဆိုတာကလည်း လောင်းကစားလုပ်ရပြီဆိုရင် အတောသတ်တဲ့လူမဟုတ်ဘူး၊ ရွှွှေလက်စွပ်ပါရင် ရွှေလက်စွပ်ချွတ်လောင်းတဲ့လူမျိုး၊ မပါရင်တောင် ယာခင်းတွေကို ပါးစပ်နဲ့ပေါင်ပြီး လုပ်တဲ့လူမျိုးမဟုတ်လား၊ ဒါနဲ့ ကျုပ်တို့ညီအကိုနှစ်ယောက် ရွာကိုပြန်လာခဲ့ကြတာပေါ့ဗျာ၊ အကိုကြီးကတော့ ကိုစောကိုမကျေနပ်ဘူး တစ်လမ်းလုံးအော်ပြီးဆဲလာခဲ့တာ၊ သချိုင်းကုန်းအနားရောက်တော့မှ ကိုစောက ဘွားခနဲပေါ်လာတယ်။
“မအေဘေး ငစော၊ မင်းလုပ်လို့ ငါတို့ရှုံးခဲ့တာကွ၊ မင်းကွာ အစပိုင်းတွေနိုင်ရဲ့သားနဲ့ နောက်ပိုင်းကျတော့ ဘယ်လိုဖြစ်ပြီး ပျောက်သွားရတာလဲကွ”
“ဟာ ကိုတိုးကြီးမှာ အကောင်ကြီးတစ်ကောင်ပါတယ်ကွ၊ ဒီအကောင်ကြီးက ငါရှိနေမှန်းသိတာနဲ့ ငါ့ကိုဂုတ်ကနေဆွဲပြီး လွှင့်ပစ်ထည့်လိုက်တာ ငါအိမ်အပြင်ကိုရောက်သွားပါရောလား၊ ငါပြန်ဝင်မယ်လုပ်တော့ သူကငါ့ကို ထိုးမယ်နှက်မယ် တပြင်ပြင်လုပ်နေတာနဲ့ ငါလည်းကြောက်လို့ အိမ်အပြင်မှာပဲ နေလိုက်ရတာ”
“အံ့ပါရဲ့ငစောရာ၊ မင်းက သရဲဖြစ်တာတောင် သရဲကိုကြောက်နေရသလားကွ”
“ဘာပဲဖြစ်ဖြစ် မင်းတို့နိုင်လာတယ်နော်၊ ဒါကြောင့် ကတိအတိုင်းငါ့ကိုအရက်တိုက်တော့”
“အေးတိုက်မယ်၊ ရော့ ဟောဒီမှာအရက်”
အကိုကြီးက လွယ်အိတ်ထဲက ရေရောထားတဲ့အရက်ပုလင်းကို ထုတ်လိုက်တယ်ဗျာ၊ နောက်တော့ မှိုက်ပင်ကြီးအောက်မှာချလိုက်တယ်။
“ကဲ ငစော၊ မင်းလည်းမင်းအိမ်ပြန်၊ ငါတို့လည်း ငါတို့အိမ်ကိုပြန်တော့မယ်၊ ဟုတ်ပြီလား”
အဲဒီလိုပြောပြီးတော့ အကိုကြီးနဲ့ ကျုပ်နဲ့ သချိုင်းကုန်းထဲကနေ ခပ်သွက်သွက်ပြန်လာခဲ့လိုက်တယ်။
“အကိုကြီး၊ အရက်တွေ ရေရောထားတာသိရင် ကိုစောစိတ်တိုနေအုံးမယ်”
“အရက်ဆိုတာ ရေရောသောက်ရတာပဲကွာ၊ ဦးတရုတ်ကြီးတောင် ငါတို့ရေမရောခင်ကတည်းက ရေရောပြီးရောင်းတာပဲကွ၊ ဘာမှကြောက်မနေစမ်းပါနဲ့ကွာ၊ မြန်မြန်လာ”
ကျုပ်နဲ့အကိုကြီး အိမ်ပြန်ရောက်တော့ ကြက်ဦးတောင်တွန်နေပါရော၊ တစ်ညလုံး အိပ်ရေးပျက်ထားတာနဲ့ ကျုပ်ဖြင့် တစ်ချိုးတည်းအိပ်ချလိုက်တော့တယ်။ မနက်လင်းတော့ တော်တော်နဲ့မထနိုင်ဘူးဗျ၊ အကိုကြီးကတော့ လယ်ထဲဆင်းသွားပြီတဲ့၊ ဒါနဲ့ ကျုပ်လည်း လယ်ထဲလိုက်ခဲ့ရတယ်၊ ဦးဘသာနဲ့လယ်တဲထဲမှာ တွေ့ပါရောဗျာ။ ဦးဘသာက ကျုပ်ကိုကြောင်စီစီနဲ့ကြည့်နေသေးတယ်။
“ဘာဖြစ်လို့လဲ ဦးဘသာ”
“ဘာမှမဟုတ်ပါဘူးကွာ၊ မင်းလယ်ထဲဆင်းလာတဲ့အချိန်ကလည်း နေ့တစ်ပိုင်းတောင် ကျိုးတော့မှာပါလား အလတ်ကောင်ရ”
“ဟုတ်တယ်ဦးဘသာ ညကအိပ်ရေးနည်းနည်းပျက်သွားလို့”
ဦးဘသာက ဒန်အိုးအစုတ်ကြီးထဲ ရေနွေးတွေထည့်ပြီးတည်နေတယ်၊ ကျုပ်တို့လယ်ထဲမှာ စားဖို့သောက်ဖို့အတွက် ဒန်အိုးတွေ ဒယ်အိုးတွေထားတတ်တယ်၊ လယ်ထဲက ပုစွန်လုံးတို့၊ ဟိုအရွက်ဒီအရွက်လေးတွေ ခူးလို့ရရင် ချက်စားပြုတ်စားဖို့ပေါ့ဗျာ၊
“ဦးဘသာက ဘာတွေချက်မလို့လဲဗျ”
“ဘာမှမဟုတ်ပါဘူးကွာ၊ ဖရုံညွန့်နဲ့ ပီလောရွက်ကလေး ဟင်းချိုချက်မလားလို့ လယ်ပုစွန်လုံး လေးငါးကောင်လည်းရထားတယ်ဟေ့”
“ဒါဖြင့် ဟန်ကျတာပေါ့ဗျာ၊ ဒါနဲ့ ဖရုံညွန့်မတွေ့ပါလား”
“မင်းအကိုကြီးဆီကို သွားခူးမလို့ကွ”
“အတော်ပဲဗျာ ကျုပ်လည်းလိုက်ခဲ့မယ်”
အကိုကြီးဆီကို ကျုပ်နဲ့ဦးဘသာနဲ့ထွက်ခဲ့တာပေါ့၊ အကိုကြီးတို့လယ်ဘေးမှာ ယာမြေကွက်ကလေးတစ်ခုရှိတယ်မဟုတ်လားဗျာ၊ အဲဒီယာမြေကွက်မှာ ဖရုံပင်၊ ငရုတ်ပင်၊ ပင်စိမ်းပင်လို ဟင်းခတ်အပင်လေးတွေစိုက်ထားတာအများကြီးပဲဗျ၊ လယ်ခင်းထဲရော ယာခင်းထဲမှာပါ အကိုကြီးကိုမတွေ့တာနဲ့ လယ်တဲကလေးထဲကိုဝင်ကြည့်လိုက်ကြတယ်၊ အကိုကြီးက လယ်တဲထဲမှာ အိပ်နေရင်း ခြေတွေလက်တွေတုန်နေတယ်ဗျာ၊ ပါးစပ်ကလည်း ဝူးဝူးဝါးဝါးနဲ့အော်နေတယ်၊ ကျုပ်လည်း လန့်ပြီးတော့ အကိုကြီးအနားကို တိုးကပ်သွားလိုက်တယ်၊ အကိုကြီးအသားတွေကို ကိုင်လိုက်တော့ပူချစ်နေတာပဲဗျာ၊ ဒီအချိန် ကျုပ်ရင်ဝကိုတစ်ယောက်ယောက်ကန်ထည့်လိုက်သလို ခံစားလိုက်ရပြီး ကျုပ်တဲကြမ်းခင်းပေါ် ပက်လက်လန်ပြီးလဲကျသွားရတယ်။
ဦးဘသာက တဲအရှေ့မှာလာရပ်ရင်းနဲ့
“ဟေ့၊ ဘာဖြစ်နေတာလဲကွ”
ဦးဘသာအသံကြားတာနဲ့ အရိပ်လိုလို မီးခိုးငွေ့လိုလိုအရာကြီးတစ်ခုက တဲပေါ်ကနေလှစ်ခနဲပြေးထွက်သွားတော့တာပဲဗျာ၊ ဒီတော့မှ အကိုကြီးက တအင်းအင်းနဲ့ညည်းနေတယ်။
“အကိုကြီး လေဖြတ်တာလားဗျာ၊ လုပ်ကြပါအုံးး”
ဦးဘသာကလည်း တက်လာတယ်၊ အကိုကြီးက ကုန်းထပြီး
“လေဖြတ်တာမဟုတ်ဘူးဟေ့၊ သရဲစီးတာ သရဲစီးခံရတာကွ”
“ဘယ်လိုဖြစ်တာလဲ အကိုကြီးရာ”
“ငါလည်း လယ်တဲထဲမှာ အိပ်နေတုန်း ငါ့ရင်ဘတ်ပေါ်ကို လူတစ်ယောက်တက်ခွတာကွ၊ ငါရုန်းပေမယ့် ရုန်းလို့မရဘူးကွာ၊ ဒီလူက ငါ့လည်ပင်းကိုညှစ်တော့ ငါ့မှာခံလိုက်ရတာပြောမနေပါနဲ့တော့”
“ဘယ်ကသရဲက လာစီးတာလဲဗျာ”
အကိုကြီးက ကျုပ်ကိုမျက်ရိပ်ပြလိုက်တယ်၊ ဟုတ်တော့ဟုတ်နေပါပြီ၊ လာစီးတဲ့သရဲက ကိုစောများဖြစ်နေမလား၊ ဦးဘသာက ကျုပ်တို့ညီအကိုကိုကြည့်ပြီး
“မင်းတို့နှစ်ယောက် ဘာတွေမဟုတ်တာလုပ်ထားကြသလဲ ငါ့ကိုပြောစမ်း”
“ဘာမှမလုပ်ထားပါဘူး ဦးဘသာရာ”
“အေးပါ၊ လုပ်ရင်လည်း မင်းတို့ထိုက်နဲ့ မင်းတို့ခံရမှာပဲ၊ ပရလောကသားဆိုတာ လူသားတွေနဲ့ပတ်သက်လို့ကောင်းတဲ့အရာမဟုတ်ဘူးကွ”
“သိပါတယ်ဦးဘသာရာ၊ အခု ကျုပ်လယ်ထဲကို ဘာလာလုပ်ကြတာလဲ”
“ဖရုံညွန့်လာခူးတာကွ”
“အဲဒါဆိုရင်လည်း ကြိုက်သလောက်သာခူးသွားဗျာ”
ဦးဘသာက တဲပေါ်ကဆင်းသွားတယ်။ ကျုပ်က အကိုကြီးအနားကိုကပ်လိုက်ပြီး
“အဲဒါ အကိုကြီးမကောင်းတာဗျ”
အကိုကြီးက ခေါင်းညိတ်ပြီး
“အေးကွ၊ ရေရောထားတဲ့အရက်တွေတိုက်လို့ ငစောက ငါ့ကိုဒေါသထွက်သွားတာထင်တယ်၊ ငါက ဒီကောင်ငါ့ကိုစတာနောက်တာလောက်ပဲထင်နေတာ၊ ဒါပေမယ့် တကယ်သတ်တာဟေ့၊ မင်းတို့အရောက်မြန်လို့ပေါ့ကွ”
“နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့အကိုကြီးရ၊ အခုက နတ်နဲ့သရဲမလှည့်စားနဲ့လို့ ပြောရမလားပဲ၊ အရက်တစ်လုံးမှ သုံးကျပ် ငါးကျပ်ရှိတာပါ အကိုကြီးရာ၊ တစ်လုံးလောက်တိုက်လိုက်ပေါ့ဗျ”
“အေးပါကွာ၊ ငါလည်း ရမလားဆိုပြီးလုပ်ကြည့်တာပါ”
အကိုကြီးက ပြောပြောဆိုဆိုနဲ့ အိတ်ထဲက ငါးကျပ်တန်တစ်ရွက်ထုတ်ပေးတယ်။
“ဦးတရုတ်ကြီးဆီက အရက်တစ်လုံးဝယ်ပြီး မင်းသွားတိုက်လိုက်စမ်းအလတ်ကောင်ရာ”
“ဟာဗျာ၊ အကိုကြီးသွားတိုက်ပေါ့ဗျ”
“ဟ၊ ငါ့ကိုနပမ်းလုံးထားတာကွ ငါကြောက်တယ် မသွားရဲဘူး”
“ပေးဗျာ၊ အဲဒါဆိုရင်လည်း ကျုပ်သွားပေးမယ် ဟုတ်ပြီလား”
အကိုကြီးဆီက ပိုက်ဆံယူပြီးတော့ တဲထဲကနေဆင်းလာခဲ့လိုက်တယ်၊ လယ်တဲကိုပြန်ရောက်တာနဲ့ ချက်ချင်းပဲအရက်တစ်လုံးပြေးဝယ်ပြီးတော့ ကိုစောနေတဲ့ မှိုက်ပင်ကြီးမှာ သွားချပေးရတယ်၊ အရက်က သုံးကျပ်၊ ပဲလှော်က နှစ်ကျပ်ဖိုးပေါ့ဗျာ။
“ကဲ ကိုစောရော၊ ကျုပ်တို့ကတိအတိုင်းး ကိုစောကို ကျွေးပါတယ် မွေးပါတယ်၊ ကိုစော ကျေနပ်လိုက်ပါတော့၊ နောက်ထပ် အကိုကြီးကိုဒုက္ခမပေးပါနဲ့တော့ဗျာ၊ အကိုကြီးကလည်း ဒီလိုပဲဗျ၊ စောက်ကျင့်တစ်စက်မှမကောင်းဘူး၊ အမြှီးကျက် အမြှီးစား ခေါင်းကျက် ခေါင်းစားတဲ့လူမျိုး”
ကျုပ်ပြောနေပေမယ့် ကိုစောကိုအရိပ်အယောင်တောင် မမြင်ရပါဘူးဗျာ၊ နေ့ခင်းဘက်ကြီးမို့လို့ထင်ပါတယ်၊ အဲဒီနေ့က ယာထဲကနေစောစောပြန်ခဲ့တယ်၊ အိမ်ရောက်တော့ ရေမိုးချိုးထမင်းစားပြီး တန်းအိပ်တော့တာပဲဗျာ၊ ညက အိပ်ရေးပျက်ထားပြီး တစ်နေ့လုံးလည်း အလုပ်လုပ်ထားရတာဆိုတော့ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားတော့တာပါပဲ။
ညသန်းခေါင်လောက်ရောက်တော့ ဆီးသွားချင်လာတယ်ဗျာ၊ အိပ်ချင်မူးတူးနဲ့အိမ်ပေါ်က ဆင်းလာတုန်း အိမ်ရှေ့မှာ လူတစ်ယောက် ရပ်နေတယ်ဗျ၊ ကျုပ်ကိုတချွတ်ချွတ်နဲ့လှမ်းခေါ်တယ်၊ အလတ်ကောင် အလတ်ကောင်ဆိုပြီးတော့လည်း လှမ်းခေါ်တယ်ဗျ၊ အမှောင်ရိပ်ထဲကျနေတာ့ ဘယ်သူဘယ်ဝါဆိုတာလည်း သေချာမမြင်ရဘူး၊ ကာလသားတစ်ယောက်ယောက် လူပျိုလှည့်ကပြန်အလာမှာ ဝင်လာတာများလားဗျာ။ ဒါနဲ့ ခြံစည်းရိုးအနားကိုရောက်တော့မှ တွေ့လိုက်ရတာက ကိုစောဖြစ်နေသဗျ။ သရဲကိုတွေ့တယ်ဆိုတော့ ကျုပ်လည်းကြောက်တော့ ကြောက်သွားတာပေါ့ဗျာ။
“ကိုစော . . . ခင်ဗျားဘာလာလုပ်တာလဲ”
“ဘာလုပ်ရမလဲကွ မင်းအိမ်မှာလာနေမလို့ပေါ့ကွ”
“ဗျာ . . . ခင်ဗျားက သရဲလေဗျာ၊ ကျုပ်တို့အိမ်မှာ ဘယ်လိုလုပ်ပြီးနေမလဲ”
“သြော်၊ မင်းက ငါ့ကိုအခုတော့ပြောပြီပေါ့၊ မင်းပဲ ငါ့ကိုမွေးတယ်ဆိုကွ”
“ပေါက်ပေါက်ရှာရှာဗျာ၊ ခင်ဗျားကို ဘယ်တုန်းကပြောခဲ့ဖူးလို့လဲ”
“ဟ . . . နေ့လည်က မင်းငါ့ကိုအရက်နဲ့ပဲကြီးလှော် လာပေးတုန်းက ပြောသွားတာလေကွာ၊ ဘာတဲ့ ကိုစောကို ကျွေးပါတယ် မွေးပါတယ်ဆိုကွ”
“ခင်ဗျား စကားကို အထအနမကောက်နဲ့လေ ကိုစောရာ၊ ကျွေးတယ်မွေးတယ်ဆိုတာကို ဒီလိုပဲတွဲပြောကြတာပဲမဟုတ်လား”
“မရဘူး၊ တို့လောကမှာတို့ အထအနကောက်တယ်၊ မင်းငါ့ကိုမွေးတယ်ဆိုလို့ ငါဟိုဘက်သစ်ပင်ကိုစွန့်ပြီး မင်းဆီလာခဲ့တာ”
“ပြန်ပါ ကိုစောရယ်၊ ခင်ဗျားကို အရက်တိုက်ဆိုရင် တိုက်ပါ့မယ်ဗျာ၊ ပြန် . . .ပြန်ပါတော့နော်”
“မင်းစကား မင်းတည်ရမှာပေါ့အလတ်ကောင်ရ၊ အခုမှတော့ ပြန်သွားလို့မရတော့ဘူး၊ ငါ့နေရာမှာလည်း သူများဦးသွားလောက်ပြီ၊ ဒီတော့ မင်းအိမ်မှာ ငါနေမယ်ဟေ့”
ပြဿနာတော့ တက်ပြီဗျာ၊ ကျုပ်လည်း ကျွေးပါတယ် မွေးပါတယ်လို့ ပြောမိတာမှားတာပဲ၊
“ဘာလဲ ငါ့ကိုမနေစေချင်ဘူးလား၊ ဒါဆိုရင်လည်းရတယ်လေ၊ ငါပွဲကြမ်းထည့်လိုက်မယ်”
ကိုစောပြောပြီးတာနဲ့ သူက ခြံတံခါးကိုဆွဲလှုပ်တော့တာပဲဗျာ၊ ခြံတံခါးကြီးရော ခြံစည်းရိုးကြီးပါ တဝုန်းဝုန်းနဲ့လှုပ်ရှားနေပါရော။ အဖေတို့ နိုးလာမှာစိုးတာနဲ့
“တော် . . . တော်ပါတော့ ကိုစောရာ၊ ခင်ဗျားနေမယ်ဆိုရင်လည်း နေဗျာ၊ ဒါပေမယ့် အိမ်ကလူတွေကို ဒုက္ခမပေးရဘူး၊ ဟုတ်ပြီလား”
“ပြီးရော မင်းတို့ဟိုးအိမ်နောက်ဖေး အိမ်သာနားက တောင်ပို့ကလေးမှာ ငါနေမယ်”
“ခင်ဗျား ကတိတော့တည်ပါစေနော် ကိုစော”
“အေးပါကွ မင်းကလဲ”
ကိုစောက ပြောပြောဆိုဆိုနဲ့ အိမ်ခြေရင်းကနေ ဖြတ်သွားပြီး အနောက်ဘက်ကိုဝင်သွားတော့တယ်ဗျာ။
မနက်လင်းတော့ ကျုပ်က အိပ်ရာကနေနိုးလာခဲ့တယ်၊ ညကအကြောင်းတွေကို ပြန်မှတ်မိနေတယ်ဆိုပေမယ့် အဲဒီအကြောင်းတွေက အိပ်မက်လား တကယ်လားဆိုတာ တွေးမရဘူးဖြစ်နေတယ်ဗျာ။ ကျုပ်ကတော့ အိပ်မက်ပဲထင်တာပဲ၊ ဒါနဲ့ အိမ်သာဘက်ကိုထွက်လာခဲ့လိုက်တယ်၊ ကိုစောပြောသလို အိမ်သာအနောက်မှာ မြေကြီးထဲကနေ ခြောက်လက်မလောက် တိုးထွက်နေတဲ့ တောင်ပို့ရောင်ရောင်ကလေးတစ်ခုကိုတွေ့ရတယ်။
“အိပ်မက်များလား၊ ငါစိတ်စွဲပြီးတော့ ကိုစောကို မက်နေတာလား”
ဒီအချိန် အိမ်သာအနောက်ကနေ လူခြေသံကြားရတယ်၊ ကျုပ်ကြည့်လိုက်တော့ ဘယ်သူမှလဲမရှိဘူးဗျာ။
“ကိုစော . . . ကိုစောလား”
ကျုပ်မေးလိုက်တော့ အိမ်သာအနောက်က ဝါးပင်တစ်ပင်က လူတစ်ယောက် ယီးလေးခိုစီးနေသလို လှုပ်ယမ်းနေပါရောဗျာ၊ ကိုစောက သူရှိတယ်ဆိုတာကိုပြချင်ပုံရတယ်။
(၃)
အဲဒီနောက်ပိုင်းတော့ ကိုစောက ကျုပ်အနားမှာပဲ ရှိနေတယ်ဗျ၊ ထူးဆန်းတာတွေလည်း ဖြစ်နေတယ်၊ တစ်ခါသားကျတော့ အငယ်ကောင်နဲ့ကျုပ်နဲ့ ရန်ဖြစ်ကြပါရောဗျာ၊ အငယ်ကောင်ကလည်း ကျုပ်ကိုပြန်အော်သဗျ၊ ကျုပ်လည်း စိတ်ပေါက်ပေါက်နဲ့
“မင်းအကြီးကို ကြပ်ကြပ်စော်ကားထားအငယ်ကောင်၊ မင်း ငရဲကြီးမယ်၊ ဒုက္ခရောက်မယ်ကွ”
ကျုပ်လည်း ဒေါသထွက်ထွက်နဲ့ပြောလိုက်မိတယ်၊ ပြောပြီး မကြာပါဘူး အငယ်ကောင် အိမ်သာကအဆင်းမှာ ကိုစောကအနောက်ကနေ တွန်းချထည့်လိုက်တာ မြေပြင်ပေါ်ကို ဟပ်ထိုးလဲကျပြီးတော့ လက်တစ်ဖက်က ကျိုးသလိုလိုဖြစ်သွားပါရောဗျာ။ ကိုစောလုပ်လိုက်မှန်း ကျုပ်သိပါတယ်ဗျာ။
“အဲဒါ အကြီးကိုစော်ကားလို့ဖြစ်တာကွ”
ကျုပ်က အောင်နိုင်သူအပြုံးနဲ့ရယ်ပြီးပြောတာပေါ့ဗျာ၊ ကိစ္စက အဲဒီမှာတင်မပြီးသေးဘူးဗျ၊ အငယ်ကောင်ရဲ့လက်က တဖြည်းဖြည်းဖောင်းကြွလာပြီးတော့ ညိုမည်းစွဲလာပါရောဗျာ။ ဆေးဆရာဦးမှတ်ကြီးခေါ်ပြီး ပြရတော့တယ်၊ ဦးမှတ်ကြီးက သေသေချာချာစမ်းသပ်ကြည့်ပြီးတော့
“လက်ကကျိုးလည်းမကျိုးဘူး၊ အရိုးတွေဘာတွေလည်းမအက်ဘူးဗျ၊ ကျတဲ့ဒဏ်နဲ့ အသားကျေသွားပုံရတယ်၊ မကြာခင် ပြန်ကောင်းလာမှာပါဗျာ”
ဦးမှတ်ကြီးက ပေါ့ပေါ့ဆဆပဲပြောတယ်၊ သောက်ဆေး လိမ်းဆေးတွေလည်း ပေးသွားသေးတယ်၊ ဒါပေမယ့် သုံးလေးရက်ကြာတဲ့အထိ လက်ကြီးက မသက်သာဘူးဗျာ၊ အငယ်ကောင်ဆိုရင် အော်ကိုနေရတာ၊ ကျုပ်လည်း ကိုယ့်ညီဖြစ်တာဆိုတော့ ဘယ်စိတ်ကောင်းပါ့မလဲ၊ ဒီလိုနဲ့ ကိုစောဆီကိုချဉ်းကပ်ရတော့တယ်။
“ကိုစောရာ အငယ်ကောင်ကို လုပ်ထားတယ်ဆိုရင် ပြန်ဖြေပေးလိုက်ပါဗျာ”
“သြော်၊ မင်းက လုပ်ခိုင်းတုန်းက လုပ်ခိုင်းပြီးမှ အခုတော့ ပြန်ဖြေလိုက်ပါလို့ ပြောလို့ရမလားကွ၊ ဒီလောက်မလွယ်ဘူးလေကွာ”
“ဒါဆို ခင်ဗျားဘာလိုချင်သလဲ”
“ငါအရက်သောက်ချင်တယ်၊ အရက်တစ်လုံးတိုက်ရင် ငါသူ့ကိုအကောင်းပြန်ဖြစ်အောင်လုပ်ပေးမယ်”
သူလိုချင်တဲ့အရက်ကို အပြေးဝယ်ပြီး တောင်ပို့ကလေးအနားမှာချပေးထားလိုက်ရတယ်ဗျာ၊ ချပေးပြီး အိမ်ထဲဝင်လာတော့ အငယ်ကောင်က မအော်တော့ဘူး၊ ယောင်ကိုင်းနေတဲ့ဒဏ်ရာကြီးက တဖြည်းဖြည်းသက်သာလာပြီး ညနေကျတော့ အကောင်းအတိုင်းပြန်ဖြစ်သွားပါရောဗျာ။ အရက်တစ်လုံးနဲ့ခိုင်းချင်တာခိုင်းလို့ရပြီဆိုတာ ကျုပ်သိသွားပြီလေဗျာ၊ တစ်ရက်တော့ မကပ်စေးက အိမ်ကိုလာပြီး အဖေ့ကိုလာရှာတယ်၊ အဖေမရှိလို့ ကျုပ်ကိုပြောခဲ့ပါဆိုတော့ ကျုပ်လို ရူးတူးတူး ပေါတောတောအကောင်ကို မပြောနိုင်ဘူးတဲ့ဗျာ၊
“မကပ်စေး . . . မကပ်စေး ခင်ဗျားကတော့ နာချင်ပြီနဲ့တူတယ်”
ကျုပ်ပြုံးထားလိုက်တယ်၊ မကပ်စေး ခြံထဲကနေထွက်သွားတော့မှ
“ကိုစောရေ ကျုပ်ကိုစော်ကားသွားတဲ့ မကပ်စေးကို မှတ်လောက်အောင်ပညာပေးလိုက်စမ်းပါဗျာ၊ ခင်ဗျားကို အရက်တစ်လုံးဝယ်တိုက်ပါ့မယ်”
ပြောလို့တောင်မဆုံးသေးဘူးဗျာ၊ ကိုစောက မကပ်စေးရဲ့ဖိနပ်ကို အနောက်ကလိုက်တက်နင်းပါရော၊ သုံးချက်လောက်လည်းနင်းရော မကပ်စေးတစ်ယောက် မှောက်သွားတာပါပဲဗျာ၊ ကျုပ်ကတော့ ကတိအတိုင်း ကိုစောကို အရက်တစ်လုံးတိုက်လိုက်တာပေါ့၊ သရဲတစ်ကောင်ရှိတာလည်း မဆိုးဘူးဗျ၊ ခိုင်းချင်တာ ခိုင်းလို့ရတယ်၊ တစ်ခုခုဆို ကိုစောရေဆိုတာနဲ့ ပြီးသွားတော့တာပါပဲ၊ ဘာလိုလိုနဲ့ ကိုစောကိုမွေးထားခဲ့တာ တစ်လလောက်ရှိပြီ၊ ကိုစောက တဖြည်းဖြည်းအကောင်ကြီးလာတယ်ဗျာ၊ သူ့ကိုယ်မှာဝတ်စားထားတဲ့ အဝတ်အစားတွေကတော့ တဖြည်းဖြည်းစုတ်ပြတ်လာတယ်၊ တစ်ရက်တော့ ဦးဘသာနဲ့ ရွာလယ်မှာတွေ့ကြတယ်။ ဦးဘသာက ကျုပ်အင်္ကျီကိုလှမ်းဆွဲရင်း
“အလတ်ကောင်၊ မင်း သရဲမွေးထားတာလား”
ကျုပ်စိတ်ထဲထင့်သွားတယ်၊ ဒါပေမယ့် ဦးဘသာကို အမှန်အတိုင်းမပြောဘူးလို့ဆုံးဖြတ်လိုက်တယ်။
“မဟုတ်ပါဘူးဗျာ၊ ဦးဘသာက ဘာတွေသိနေလို့လဲ”
“မင်းတို့ခြံဝိုင်းထဲ သရဲတစ်ကောင်ရှိနေတယ်ထင်တာပဲ၊ မင်းမွေးထားတာမဟုတ်ဘူးဆိုတာ သေချာတယ်နော်အလတ်ကောင်”
“ဟုတ်ပါတယ်ဆိုမှဗျာ၊ သရဲမွေးတာ ဘာဖြစ်သလဲဦးဘသာရဲ့၊ သူ့ဟာသူနေ ကိုယ့်ဟာကိုယ်နေပဲမဟုတ်လား”
ဦးဘသာက ခေါင်းခါရင်း
“ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတာ အပါယ်ဘုံသားတွေပဲကွ၊ အပါယ်ဘုံသားဖြစ်သွားရင် ဉာဏ်တွေဆုံးရှုံးသွားတယ်၊ တို့လူတွေလို စဉ်းစားတွေးတောနိုင်စွမ်းတွေ တဖြည်းဖြည်းလျော့သွားတယ်၊ ကြာလာရင် သူတို့အသိက တိရစ္ဆာန်တွေလို အသိမျိုးဖြစ်သွားတယ်၊ အိပ်မယ်၊ စားမယ်၊ မကျေနပ်ရင်လုပ်မယ် ဒီလိုပဲဖြစ်သွားတတ်ကြတယ်ကွ”
“သရဲမွေးတယ်ဆိုတာ ကိုယ်က သရဲကိုနိုင်မှကွ၊ မဟုတ်ရင် သရဲက ကိုယ့်ကိုနိုင်သွားတတ်တယ်”
ဦးဘသာပြောတာကို ကျုပ်နားမဝင်ခဲ့တာ အမှန်ပါဗျာ၊ ကိုစောကလည်း ကျုပ်ကိုချစ်တာကိုးဗျ၊ ဒါပေမယ့် ကိုစောက နဂိုကတည်းက အစအနောက်သန်တဲ့လူဆိုတော့ ရပ်ထဲရွာထဲ စတာနောက်တာလောက်တော့ရှိတယ်ပေါ့ဗျာ၊ တခြားတော့ ပြဿနာကြီးကြီးမားမားမရှိပါဘူး။ တစ်ရက်တော့ ကိုစောက တောင်ပို့ကလေးအပေါ်မှာ ငုတ်တုတ်ထိုင်နေတယ်။ ထိုင်နေတာကလည်း ငူငူကြီးဗျ။
“ကိုစော ခင်ဗျားဘာဖြစ်နေတာလဲ”
“မင်းက ငါ့ကိုအရက်တွေချည်း လှိမ့်တိုက်နေတယ်ကွာ၊ အရက်က ဗိုက်မပြည့်ဘူးကွ၊ ငါထမင်းစားချင်တယ်”
“စားချင်ရင် ကျုပ်ကျွေးမှာပေါ့ ကိုစောရာ၊ ကိုစော ဘာဟင်းနဲ့စားချင်သလဲ”
“သိပ်တော့မများပါဘူးကွာ၊ ထမင်းလေးလုံးချက်ကို ငါးပိလေး ငါးခြောက်လေးနဲ့ဆိုရင် ရပါပြီ”
“ဗျာ . . . ထမင်းက လေးလုံးချက်တောင်လား၊ ခင်ဗျားကလည်း အစားပုတ်လိုက်တာဗျာ”
“မင်း ငါ့ကိုကျွေးမှာလား မကျွေးဘူးလားအလတ်ကောင်၊ မင်းမကျွေးဘူးဆိုရင် မနက်ခင်း ဆွမ်းထချက်တဲ့ မင်းအမေကို လုပ်လိုက်မယ်၊ သူ့ဆီက ထမင်းလုစားမယ်ကွာ”
“အဲ . . . အဲဒီလိုတော့ မလုပ်ပါနဲ့ ကိုစောရာ၊ ကျုပ်ရှာကြံပြီးကျွေးပါ့မယ်ဗျ”
“ပြီးရော ဒီညနေစားချင်တယ်”
“ဟုတ် . . ဟုတ်ကဲ့ လုပ်ပေးပါ့မယ်ဗျာ၊ လုပ်ပေးပါ့မယ်”
ကျုပ်ကပဲ သရဲကိုမွေးထားတာလား၊ သရဲကပဲ ကျုပ်ကိုမွေးထားတာလားတော့ မသိဘူးဗျို့၊ ဘာပဲဖြစ်ဖြစ် အမေ့ကိုတော့ မထိခိုက်စေချင်ဘူး၊ ဒါနဲ့ သူစားဖို့လုပ်ပေးရတယ်၊ ဆန်လေးလုံးကို ခိုးယူပြီး ဟိုးရွာအပြင်မှာ သွားချက်ရတယ်ဗျာ၊ ကိုစောကိုလည်း ခေါ်သွားရတာပေါ့၊ မချက်တတ် ချက်တတ်နဲ့ဆိုတော့ ကျုပ်ချက်တဲ့ထမင်းအိုးက ကောသလမင်းအိပ်မက်ထဲကလို တစ်အိုးထဲမှာပဲ ထမင်းမာဆတ်၊ ပျော့မနပ်ဆိုတဲ့အတိုင်း ဖြစ်နေတယ်ဗျာ၊
“ကိုစောရေ စားဗျို့ . . .စားဗျ”
ထမင်းတွေကို ဖက်ပေါ်ကိုပုံလိုက်ပြီး အပေါ်က ငါးပိကောင်နဲ့ ဟင်းလေးဘာလေးဆမ်းပေးလိုက်တယ်၊ ကိုစောက ထမင်းပုံကြီးဘေးနားမှာထိုင်နေရင်း
“အလတ်ကောင် ဒါကြီးက ထမင်းတဲ့လား”
“အိုဗျာ၊ ကျုပ်ချက်တတ်သလိုချက်ထားတာ၊ ခင်ဗျားစားချင်စား မစားချင်နေဗျာ”
ကိုစောက ခေါင်းကုပ်ရင်း
“ငါလို အနှစ်နှစ်အလလ ငတ်ပြတ်နေတဲ့ သရဲတောင် မင်းရဲ့ထမင်းကိုမစားချင်ဘူးကွ၊ သွားစမ်းပါကွာ၊ ခွေးသာ သွားကျွေးလိုက်စမ်းပါ”
“ခွေးလည်းစားမှမဟုတ်ဘူးဗျ”
“ဟင် . . . မင်းဘာပြောတာလဲ”
“ဘာမှမဟုတ်ပါဘူး၊ အကိုစော တကယ်မစားဘူးလား”
“အေး၊ မစားဘူး”
“ဒါဆို အမေ့ကိုတော့မလုပ်နဲ့နော်”
“အေးပါ၊ မလုပ်တော့ပါဘူး၊ မင်းက ဘာမှအားကိုးမရတဲ့ကောင်ပဲ အလတ်ကောင်ရ၊ တော်ပြီ ငါ့ဖာသာ ရှာကြံစားတော့မယ်”
ကိုစောရဲ့လက်သည်းကြီးတွေက ချွန်ထက်ပြီးတော့ မည်းနက်နေတယ်ဗျာ၊ ဆံပင်ကြီးတွေကလည်း တော်တော်ရှည်နေပြီ၊ ထူးဆန်းတာကတော့ လက်မွှေး ခြေမွှေးတွေပဲဗျ၊ ကျုပ်တို့လူတွေမှာ လက်မွှေးဆိုတာ ဆံပင်လိုရှည်မှ မရှည်ထွက်လာတာပဲဗျာ၊ ကိုစောရဲ့ လက်တွေခြေတွေမှာတော့ လက်မွှေးတွေက ရှည်ရှည်လာတယ်ဗျ။
အဲဒီနောက်ပိုင်း ကိုစောတစ်ယောက် ဟိုလူ့ကိုတွန်းလိုက်၊ ဒီလူ့ကိုခြေခေါက်လဲအောင်လုပ်လိုက်နဲ့ လုပ်တော့တာပဲ၊ ပြန်ကောင်းချင်တဲ့လူက ခေါစာချပေးရတယ်၊ ကိုစောက အဲဒီခေါစာတွေကို စားတာပေါ့ဗျာ၊ အစကတော့ ထမင်းနဲ့ကြက်ကြော် ဒီလောက်ပဲတောင်းတာ၊ နောက်ပိုင်းကျတော့ ဆန်တစ်ပြည်ချက်၊ အမဲသားက ဘယ်နှပိဿာဆိုပြီး အစားကြမ်းလာတယ်။ ကျုပ်ကြားဖူးတာကတော့ သရဲတွေ စုန်းတွေက သူတို့ကိုရည်ရွယ်ပြီးချတဲ့ ခေါစာ ရွာစာကိုစားပြီးရင် ပါဝါတွေတက်လာတယ်ဆိုပဲဗျ၊ ကိုစောကတော့ ပါဝါတက်သလား မတက်သလားမသိပေမယ့် သူ့ကိုယ်ကြီးက တဖြည်းဖြည်းထွားလာတယ်ဗျာ၊ တောင်ပို့ကလေးပေါ်တက်ထိုင်နေတဲ့ ကိုစောရဲ့ကိုယ်လုံးက ဘေးနားက အိမ်သာကြီးထက်တောင်ကြီးနေပြီ၊ တစ်ကိုယ်လုံးအမွှေးတွေဖုံးနေပြီးတော့ သူအရင်ဝတ်ခဲ့တဲ့အဝတ်အစားတွေလည်း မရှိတော့ဘဲ တကယ့်သရဲရုပ်ကြီးဖြစ်နေပါရော၊ စကားပြောလိုက်တိုင်း ပါးစပ်ထဲက အစွယ်ဖွေးဖွေးကြီးတွေ ထွက်လာသေးသဗျာ။
ကိုစောတစ်ခါထိသွားတာရှိသေးတယ်၊ သူဖမ်းစားလိုက်တဲ့လူက ခေါစာမကျွေးဘဲ အထက်လမ်းဆရာတစ်ယောက်နဲ့ကုလိုက်တာ ကိုစောတစ်ယောက် ခံပြီးပြန်လာရတယ်ဗျာ၊ သူ့ကျောကုန်းမှာဆိုရင် အလျှိုးရာတွေချည်းပဲ၊ အဲဒီဆေးကုသွားတဲ့လူက အိမ်ကိုလာပြီး ပြဿနာရှာတယ်၊ အထက်လမ်းဆရာက သရဲကိုမေးတော့ သူကြီးအိမ်မှာ မွေးထားတဲ့သရဲလို့ဖြေတယ်ဆိုပဲဗျ၊ အဖေက တော်တော်လေးကို ရှင်းယူလိုက်ရတယ်၊ အဖေသာ ကျုပ်သရဲမွေးထားတာသိရင် ကျုပ်ကို သတ်များသတ်မလားပဲ၊ မဖြစ်တော့ဘူး ကျုပ်ကိုစောကို ဆက်ထားလို့မရတော့ဘူး၊ တစ်ညတော့ ကျုပ်အိမ်သာဘက်ကိုထွက်လာခဲ့တယ်။
“ကိုစော ခင်ဗျားသွားတော့၊ ခင်ဗျားကို ကျုပ်မမွေးတော့ဘူး”
“မင်းဒီလိုလုပ်လို့ ဘယ်ရမလဲ အလတ်ကောင်ရ၊ နောက်သခင်တစ်ယောက်ပေါ်မလာမချင်း မင်းက ငါ့ရဲ့သခင်ပဲ”
“ခင်ဗျားကို ကျုပ်မမွေးတော့ဘူးလို့ ပြောနေတယ်လေဗျာ၊ ခင်ဗျားသွားတော့”
“မသွားနိုင်ဘူးအလတ်ကောင်၊ ငါမင်းကိုချစ်တယ်၊ ငါမင်းနဲ့ပဲအတူတူနေမယ်”
“ကျုပ်ကလူဗျ၊ ခင်ဗျားလို သရဲတစ်ကောင်နဲ့ အတူတူမနေနိုင်ဘူးဗျာ”
“ရတယ်လေ၊ မင်းက လူမို့မနေချင်ဘူးဆိုရင် မင်းကိုသတ်ပြီးတော့ ငါခေါ်ထားလိုက်မယ်ကွ၊ မင်းလည်း ငါ့လိုဘဲ သရဲဖြစ်စေရမယ်”
ကျုပ်တော်တော်ကြောက်သွားတယ်၊ ကိုစောက တကယ်ပဲသရဲကြီးဖြစ်နေပြီး ဆင်ခြင်တုံတရားမရှိတော့ဘူးဗျာ။ ကျုပ်လည်း ကြောက်ကြောက်နဲ့အိမ်ပေါ်ကိုပြေးတက်လာခဲ့တယ်၊ ဘုရားကျောင်းဆောင်ပေါ်မှာ တင်ထားတဲ့ ပရိတ်ရေ၊ ပရိတ်သဲတွေကိုယူပြီးတော့ ပြန်ဆင်းလာခဲ့လိုက်တယ်၊ ပရိတ်သဲတွေကို လက်ခုပ်နဲ့ဆုပ်ဆုပ်ခတ်ပြီး တောင်ပို့ကလေးအပေါ်မှာ ထိုင်နေတဲ့ ကိုစောဆီကို ကျဲပက်ထည့်လိုက်တယ်၊ ကိုစောက တအားအားနဲ့အော်ပြီးတော့ အိမ်နောက်ဖေး လယ်ကွင်းတွေထဲကို ဆင်းပြေးတယ်ဗျာ၊ ပြီးတော့ ပြန်တက်လာပြန်တယ်၊ ကျုပ်ကလည်း ပရိတ်ရေတွေနဲ့ပက်ပေါ့၊ ကိုစောတစ်ယောက် ပူလွန်းလို့ထင်တယ် မြေမှာလိမ့်နေတာပါပဲဗျာ။
“သွားတော့ ကိုစော၊ ခင်ဗျားကို ကျုပ်မမွေးတော့ဘူး၊ ခင်ဗျား သွားလိုက်တော့”
ကိုစောက ကလေးတစ်ယောက်လို ငိုတယ်ဗျာ၊ ငိုကြီးချက်မနဲ့ ပြောလည်းပြောသေးတယ်။
“အလတ်ကောင်ရာ၊ မင်းရက်စက်တယ်၊ မင်းငါ့အပေါ် ရက်စက်လိုက်တာကွာ”
အဲဒီနေ့က ကိုစောတစ်ယောက် ကွင်းပြင်ကြီးထဲကို ပြေးဝင်သွားတော့တယ်၊ အိမ်မှာလည်း ဆက်မနေတော့ဘူးပေါ့ဗျာ။ အဲဒီအဖြစ်အပျက်တွေဖြစ်ပြီး တစ်လလောက်ကြာသွားခဲ့တယ်၊ ကိုစောက ဝါဆို ဝါခေါင်လောက်မှာသေတာ၊ အခုက နတ်တော် ပြာသိုလတောင်ရောက်နေပြီပေါ့။
အခုလိုဆောင်းတွင်းဆိုရင် အညာမှာ မီးပုံကြီးတွေဖိုကြတဲ့ ဓလေ့ရှိတယ်၊ တောထဲက သစ်တုံးကြီးတွေရှာပြီးတော့ အိမ်အောက်မှာ မီးဖိုကြီးတွေဖိုကြတယ်၊ အိမ်တိုင်းတော့ မဖိုကြပေမယ့် လူများတဲ့အိမ်တွေမှာ ဖိုတတ်တယ်၊ ဒီအခါ မီးဖိုမဖိုတဲ့အိမ်က ကာလသား ကာလသမီးတွေက မီးပုံဘေးမှာစုဝေးထိုင်ကြပြီးတော့ စကားစမြည်ပြောကြ၊ နောက်တစ်နေ့ဟင်းချက်ဖို့အတွက် ပဲတွေသင်တာ၊ အခွံခွာတာ စသဖြင့်လုပ်ကိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ ကြည်နူးကြတာပေါ့ဗျာ၊ ညသန်းခေါင်ကျော် တစ်ချက်တီးလောက်ဆိုရင်တော့ မီးဖိုကြီးတွေဆီကနေ ကိုယ့်အိမ်ကိုယ့်ရာဆီကို ပြန်လာခဲ့ကြတဲ့အချိန်ပေါ့။
ကျုပ်လည်း အဲဒီညက တစ်ယောက်တည်းပြန်လာခဲ့လိုက်တယ်၊ အငယ်ကောင်က ကာလသားဖြစ်နေပြီဆိုပေမယ့် ပိုးတာပန်းတာကျတော့ ဝါသနာမပါဘူးဗျ၊ အကိုကြီးကလည်း အိမ်ထောင်သည်ဆိုတော့ သိပ်ပြီးမလှုပ်ရှားတော့ဘူး၊ အိမ်မှာ ကျားကျားလျားလျား ကာလသားဖြစ်နေတဲ့ ကျုပ်ကပဲ ပိုးရပန်းရ သွားရလာရတာပေါ့ဗျာ။
ရွာနောက်ပိုင်းကနေ ပြန်လာရင်း ရွာလယ်လောက်ရောက်တော့ အနားကသစ်ပင်တွေအကုန်လုံး တဖြန်းဖြန်းနဲ့လှုပ်ခတ်ကုန်တယ်ဗျာ၊ လေမတိုက်ဘဲနဲ့ကိုသစ်ပင်တွေက လှုပ်နေတာဗျ၊ နောက်တော့ ကျုပ်အရှေ့ကို အကောင်ကြီးတစ်ကောင်က ဘုတ်ခနဲပြုတ်ကျလာတော့၊ ဒီဘက်လှည့်ကြည့်တော့မှ ကိုစောဖြစ်နေတယ်ဗျာ၊ အိမ်ကထွက်သွားတဲ့ကိုစောက ပိုပြီးထွားလာတယ်လို့ထင်ရတယ်။
“ကိုစော . . .ခင်ဗျားဘယ်သွားမလို့လဲ”
“ငါမင်းဆီကိုပဲ လာခဲ့တာအလတ်ကောင်”
“ခင်ဗျားဘာလိုချင်လို့လဲ”
“ငါတစ်ယောက်တည်းနေရတာပျင်းတယ်၊ မင်းကို ငါနဲ့အတူတူခေါ်ထားမယ်”
ကိုစောပြောတော့ ကျုပ်ခေါင်းနားပန်းတွေကြီးသွားရတယ်၊ ဒါနဲ့ တစ်ဖက်ကိုလှည့်ပြီးပြေးမယ်လည်းလုပ်ရော ကိုစောက ဝုန်းခနဲကျုပ်အရှေ့ကို ခုန်ချလာပြန်တယ်ဗျာ။ သူ့လက်ကြမ်းကြီးနဲ့ ကျုပ်ကိုဆွဲဖမ်းထည့်လိုက်တယ်။
“မင်းနေဖို့အတွက်ပါ အပင်တစ်ပင်ရှာပြီးပြီအလတ်ကောင်၊ မင်း ဘာမှမပူနဲ့”
ကိုစောက ကျုပ်ရင်ဘတ်ကိုလက်တစ်ဖက်နဲ့ချုပ်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်က ကျုပ်ခေါင်းအပေါ်ကိုအုပ်ကိုင်ထည့်လိုက်တယ်၊ သူ့လက်ကြီးက ကျုပ်ခေါင်းတစ်ခုလုံးကို အုပ်ကိုင်ထားလို့ရအောင်ကို ကြီးနေပြီဗျာ၊ သူ့လက်ကိုသာ အနောက်ကိုလှန်ထည့်လိုက်ရင် ကျုပ်တော့ ဂုတ်ကျိုးပြီးသေမှာဗျ၊
ကျုပ်ကူရာကယ်ရာမဲ့နေတုန်းမှာပဲ မှောင်မဲနေတဲ့ရွာလယ်လမ်းအတိုင်း မီးရောင်တစ်ခုက တဖြည်းဖြည်းရွေ့လာတယ်ဗျာ၊ မီးအရောင်ကတော့ မှန်အိမ်မီးရောင်ကလေးပဲဗျ၊ ကျုပ်က မီးရောင်တွေ့တော့အားတက်သွားတယ်၊ ဒီအတိုင်းဆိုရင် လူတစ်ယောက်ယောက်က လမ်းလျှောက်လာတဲ့ပုံပဲ။
“ကယ် . . . ကယ်ပါအုံးဗျာ၊ ကျုပ်ကိုကယ်ပါအုံး”
မီးအိမ်ရှင်ကို လှမ်းပြီးအော်ခေါ်လိုက်ရတယ်၊ အနားရောက်လာတော့မှ မီးအိမ်ရှင်က ဦးဘသာကြီးဖြစ်နေတယ်၊ လက်ထဲမှာလည်း မှန်မီးအိမ်ကလေးတစ်လုံးကို ကိုင်စွဲထားလို့ဗျို့။
“ငစော ရပ်လိုက်စမ်း”
“ဦးဘသာ ခင်ဗျားဝင်မရှုပ်နဲ့”
“အလတ်ကောင်ကို လွှတ်လိုက်၊ မဟုတ်ရင် မင်းငါ့အကြောင်းသိမယ်”
ကိုစောက ဦးဘသာဆီကိုပြေးသွားပြီး လက်တစ်ဖက်နဲ့ဦးဘသာကြီးကို ဗြန်းခနဲရိုက်ထည့်လိုက်တယ်၊ လက်က အားပါလိုက်တာပြောမနေပါနဲ့ဗျာ၊ ဦးဘသာက ကိုစောလက်ဝါးရိုက်ချက်ကို သူ့လက်ဝါးနဲ့ပြန်ခံတယ်၊ လက်ဝါးနှစ်ထိပြီးတော့ ဝုန်းခနဲလေတွေထွက်လာပြီး ဘေးနားက သစ်ပင်တွေတောင်လှုပ်ယမ်းသွားတယ်၊ ကိုစောက ဒီအချိန်အထိ ကျုပ်ကိုမလွှွှတ်သေးဘူးနော်၊ လက်တစ်ဖက်နဲ့ကိုင်ထားတုန်းရှိသေးတာ။ ဒါနဲ့ ဦးဘသာကြီးကို နောက်တစ်ချက်ထပ်ရိုက်မယ်ဆိုပြီး လက်ကိုခွာတော့ ခွာမရဘူးဖြစ်နေတယ်။
“ခွာလေကွာ၊ မင်းအစွမ်းရှိရင် ခွာစမ်းပါ”
ကိုစောဘယ်လောက်အားကြီးကြီး ခွာမရဘူးဗျို့၊ ဦးဘသာလက်နဲ့ သူ့လက်နဲ့က ကော်နဲ့သုတ်ထားသလို ကပ်နေတာ၊ ကိုစောက မကျေနပ်သေးဘဲ ဦးဘသာခြေထောက်ကို ခြေနဲ့လှမ်းကန်ထည့်လိုက်တယ်၊ ဦးဘသာနဲ့ထိတာနဲ့ သူ့ကိုယ်က သွားကပ်ပြန်ရော၊ ကိုစော တစ်ယောက်အကြံအိုက်နေပြီလေဗျာ၊ ဦးဘသာက လက်ထဲက မှန်အိမ်ကိုချလိုက်ပြီး ကျုပ်ရဲ့ခေါင်းက ဆံပင်တွေကိုလက်နဲ့လှမ်းဆွဲလိုက်တယ်၊
“လွှတ်လိုက်ငစော၊ မင်း အလတ်ကောင်ကိုလွှတ်လိုက်”
“မလွှွှတ်ဘူးဗျာ၊ လုံးဝမလွှတ်ဘူး”
ဦးဘသာက အားနဲ့ဆွဲပါရောဗျာ၊ ကျုပ်ဖြင့် ဆံပင်တွေအဖုတ်လိုက်ကျွတ်ထွက်ပြီတောင်ထင်တာ၊ ဦးဘသာက ဆံပင်ကနေလှမ်းဆွဲတယ်၊ ကိုစောက ကျုပ်ခြေလက်တွေကို ချုပ်ကိုင်ထားတယ်၊ ဆွဲရင်းဆွဲရင်းနဲ့ ကျုပ်က တဖြည်းဖြည်းကိုစောရဲ့လက်ကနေလွတ်လာတယ်။ လူတစ်ကိုယ်လုံးလည်း ချွေးစေးတွေထွက်နေတာဆိုတော့ ကိုစောလက်ထဲကနေ ရှလွတ်ခနဲလွတ်ထွက်သွားပြီး ဦးဘသာအနားကိုကျသွားပါတော့တယ်၊ မြေပေါ်ရောက်တာနဲ့ ကျုပ်က ဦးဘသာ ခြေသလုံးကိုပြေးဖက်ထားလိုက်တာပဲဗျာ၊
ကိုစောက ကျုပ်ကိုပြန်ပြီးဖမ်းချင်တယ်၊ ဒါပေမယ့် အရှေ့တိုးမရဘူးဖြစ်နေတယ်။ ဦးဘသာက အသံကျယ်ကြီးနဲ့
“ငစော . . .မင်းနဲ့လူ့လောကနဲ့ ဘာမှမအပ်စပ်ဘူး၊ မင်းသွားတော့ မင်းပြန်လိုက်တော့”
ိကိုစောက ဘာကြောင့်တော့မသိဘူး တဟီးဟီးနဲ့ ငိုပါရောဗျာ။
“ကျုပ်လူဖြစ်ချင်တယ်၊ ကျုပ် လူပြန်ဖြစ်ချင်တယ် ဦးဘသာ”
“လူဖြစ်ဖို့ဆိုရင် အရင်ဆုံးလူတွေကို ဒုက္ခမပေးဖို့လိုတာပေါ့ကွာ၊ မင်းနေရာကိုမင်းပြန်ပါတော့”
ဦးဘသာက ကိုစောရဲ့နဖူးကို လက်နဲ့တောက်ထည့်လိုက်ရင်း
“ဒီနေ့ကစပြီး မင်းဟာ ပရလောကထဲက ထွက်ခွာခွင့်မရှိစေရ၊ လူ့လောကထဲကို ဝင်ရောက်နှောင့်ယှက်ခြင်းမရှိစေရ၊ မင်းကို ပရလောကထဲမှာ လှောင်ပိတ်ထားလိုက်ပြီ”
ဦးဘသာက ကိုစောရဲ့နဖူးမှာ ကြက်ခြေခတ်ပုံဆွဲတယ်၊ ကြတ်ခြေခတ်ပုံစံ ပီပီပြင်ပြင်ဆွဲပြီးလိုက်တာနဲ့ ကိုစောတစ်ယောက် နှင်းမြူတွေကြားထဲမှာ တဖြည်းဖြည်းမှုန်ဝါးပြီးတော့ ပျောက်ကွယ်သွားပါတော့တယ်ဗျာ။
“ဒီလိုကျတော့လည်း သနားဖို့ကောင်းတယ် ဦးဘသာရဲ့၊ ကိုစောက လူပြန်မဖြစ်တော့ဘူးပေါ့”
“မဟုတ်ဘူးလေကွာ၊ သူကျွတ်ချိန်တန်ရင်တော့ ကျွတ်မှာပေါ့ကွ၊ ငါပြောတာက လူသားလောကနဲ့ ပရလောကနဲ့ကို ခြားထားတဲ့ စည်းကိုပြောတာ၊ ငါ့ရဲ့အမိန့်နဲ့ ဒီကောင်ဒီစည်းကို ဖောက်ပြီး လူသားတွေကို ဆက်ပြီးဒုက္ခပေးမှာမဟုတ်တော့ဘူး”
ကျုပ်အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။ ဦးဘသာက ကျုပ်ကိုဘုကြည့်ကြည့်လိုက်ပြီး
“ဒါတွေအားလုံးက မင်းကြောင့်ပဲအလတ်ကောင်”
“မ . . မဟုတ်ပါဘူး ဦးဘသာရာ”
“အခုထိတောင် ဝန်မခံချင်သေးဘူးလားကွ၊ ငါလည်း သိပ်မသင်္ကာတာနဲ့ ရွာတော်ရှင်ကိုမေးကြည့်ပြီးပြီ၊ ရွာတော်ရှင်ဆိုတာ ရွာရဲ့လူအဝင်အထွက်၊ ပရလောကသားတွေရဲ့အဝင်အထွက်ကို အမြဲတမ်းမှတ်တမ်းတင်နေတဲ့လူကွ၊ သူဖော်တာနဲ့ တန်းပေါ်တော့တာပဲဟေ့၊ မင်းကိုငါ အတန်တန်မှာခဲ့တယ်မဟုတ်လား အလတ်ကောင်၊ သရဲတွေကို မမွေးပါနဲ့လို့”
“ကျုပ်လည်း မွေးတာတော့မဟုတ်ပါဘူးဗျာ၊ ပါးစပ်ဆတ်ဆော့ရင်းမွေးမိသွားတာပါ”
“ငါရောက်တာ မြန်လို့ပေါ့ကွာ၊ မဟုတ်ရင် အခုအချိန်လောက်ဆို မင်းနဲ့ငစောနဲ့ ဟိုးအနောက်ဘက် တောတန်းထဲမှာ အတူတူပျော်နေလောက်ရောပေါ့ကွ”
“ဦးဘသာကြီး မခြောက်နဲ့ဗျာ၊ ကျုပ် ကြောက်လာပြီဗျ”
“အေး၊ သရဲဆိုတာ ခင်ဖို့မကောင်းဘူး၊ ကြောက်နေတာပဲ ခပ်ကောင်းကောင်းကွ”
ဦးဘသာကြီးက ရယ်ကျဲကျဲနဲ့ ထွက်သွားပါလေရောဗျာ၊ အခုမှ ကျုပ်လည်း စိတ်ထဲကြောက်လာတယ်၊ ဒါနဲ့ အိမ်ကိုတစ်ချိုးတည်းလှည့်ပြေးခဲ့ရတာပေါ့ဗျာ။
တစ်ဆက်တည်းပြောရရင် နောက်တစ်နှစ်လောက်ကြတော့ ကိုစောက သူ့နှမဆီမှာ လူပြန်ဝင်စားတယ်၊ ဒီကောင်လေးနာမည်က စည်သူတဲ့ဗျ၊ သူ့နှမကိုယ်ဝန်မရခင် ကိုစောက ငါနင့်ဆီမှာလာပြန်နေချင်တယ်ဆိုပြီး အိပ်မက်ပေးတယ်ဆိုပဲဗျာ၊ မွေးလာတဲ့ကလေးကလည်း ရင်ဘတ်မှာ အပေါက်ရာပုံစံအမှတ်ကလေးတစ်ခုပါလာတယ်၊ ဒီအမှတ်က ကိုပေါတစ်ယောက် သူ့ကို သစ်သားစို့ချွန်နဲ့ထိုးသတ်သွားတဲ့ အရာကလေးဖြစ်မှာပေါ့ဗျာ၊ စည်သူက ကျုပ်ကိုတော့ သိပ်ချစ်ရှာတာဗျ၊ ကျုပ်ချီလိုက်ရင် အငိုချက်ချင်းတိတ်ပြီး တဟီးဟီးနဲ့ရယ်လို့မောလို့ဗျ၊ ဒီကောင်လေး သုံးလေးနှစ်လောက်အရွယ်ရောက်တော့ သူတို့အိမ်မှာ ဘာဟင်းချက်ချက် ကျုပ်ဆီကိုပို့ရှာတယ်၊ ကျုပ်ကိုလည်း ဦးအလတ်ကောင်လို့ခေါ်တယ်ဗျာ၊ သူငတ်ပြတ်နေတုန်းက ဦးအလတ်ကောင်က ကျွေးမွေးထားတယ်လို့လည်းပြောရှာသေးတယ်၊ ဒါပေမယ့် စည်သူကလေးက စတာနောက်တာတော့မကြိုက်ဘူး၊ သူ့ကိုစနောက်တာလည်းမကြိုက်သလို၊ သူများကိုလည်းမစဘူး၊ သူ့ရှေ့မှာ စနောက်နေတာတွေ့ရင်လည်း ဆဲဆဲလွှတ်သေးသဗျာ၊ ဒါကလည်း စနောက်ရင်း အသက်သေခဲ့ရတဲ့ အတိတ်ဘဝကို ပြန်ပြီးဆင်ခြင်မိလို့ဖြစ်မှာဗျ။
ဘာပဲဖြစ်ဖြစ် ကျုပ်ဘဝမှာ မွေးခဲ့ဖူးတဲ့သရဲတစ်ကောင်ရှိတယ်၊ အဲဒါကတော့ ကိုစောဆိုတဲ့ သရဲကြီးပဲပေါ့ဗျာ။
ပြီးပါပြီ။
#အဂ္ဂဇော်