July 31, 2025
Uncategorized

စေတနာအမျှ ရကြပါစေ

#ဖျာပုံလှမိုးနွယ်
စေတနာအမျှ ရကြပါစေ

သံချောင်းသည် လူးလှိမ့်နေ၏။ တဟီးဟီးညည်းယင်း ကယောင်ကတမ်းတွေ ပြောသည်။

မညီညာသော မျောသားများသည် သံချောင်း လှုပ်ရှားတိုင်း လိုက်၍ လှုပ်ရှားနေကြသည်။ အစများဖွာလျက် တဝက်မျှသာ ရှိတော့သော သပေါ့ဖျာစုတ် သည် သံချောင်း ခြေဆန့်လက်ဆန့် လှုပ်ရှား သာအောင် အခင်းမလုံနိုင်ပေ။

သံချောင်း တကိုယ်လုံး ချစ်ချစ်တောက် ပူနေသည်။

အပြင်းဖျား ဖျား၍ သတိလစ်မတတ် ဖြစ်နေသည်မှာ နှစ်ရက်ရှိပြီ။ ကိုဝင်းသည် သားအဖြစ်ကို ငေးကြည့်၍ နားရွက်ဖုံးမတတ်ရှိသော ဆံပင်ဖုတ်သိုက်ကို လက်ချောင်းများနှင့် ထိုးဖွကုတ်လိုက်မိသည်။ သက်ပြင်းရှည်နှင့်အတူ ဇနီးသည် မပန်းမြ မျက်နှာကို ကြည့်မိသည်။

မပန်းမြသည် မူလအရောင် ပျောက်နေပြီဖြစ်သောစောင်ပါးလေးကို သားငယ်၏ ကိုယ်ပေါ်သို့ လွှမ်း၍လွှမ်း၍ ခြုံပေးနေသည်။

သံချောင်း လှိမ့်လိုက်တိုင်း စောင်ပါးလေးက လျှောကျသည်။

မပန်းမြမျက်လုံးအိမ်တွင် မျက်ရည်စတို့ စို့သီးနေသည်။ ဤအတိုင်း သားငယ်အဖြစ်ကို ကြည့်နေယင်း အဆုံးရှူံးခံရမည်လား။

ခြေစောင့်လက်စောင့် ဆောင်ထားသော ငန်းဆေးကြီး သုံးခွက်စာလည်း ကုန်ချေပြီ၊ သံချောင်းကို ဆေးမတိုက်ရသည်မှာ မနေ့တည်းကဖြစ်သည်။

“တို့ ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်ဘူး ပန်းမြ”

ကိုဝင်းက သူမမျက်နှာမှတဆင့် မညီမညာ ခင်းထားသော မျောသားများကို စိုက်ကြည့်ယင်း တုန်ယင်နွမ်းလျသံနှင့် ပြောသည်။

မပန်းမြသည် သူ့ကို မော့ကြည့်ပြီး သူမမျက်လုံးထဲတွင် မျက်ရည်တို့ ပြည့်လျှံနေသည်။ ပါးပြင်ထက်သို့ စီးကျလာကြသည်။ ရာသီဥတုဒဏ်ကြောင့် ညို၍ရင့် ရော်နေသော သူမမျက်နှာမှာ၊ အိပ်ရေးပျက် ဒဏ်ကြောင့် ချောင်ကျနေသည်။ အားငယ်ဝမ်းနည်းခြင်းဖြင့် ညှိုးရော်နေသည်။

“ရွာကိုသွားမှ ဖြစ်မယ်…”

မပန်းမြက တံတွေးကိုမျိုချယင်း အသံတိမ်တိမ်နှင့် ပြောသည်။ ကိုဝင်း က မနီးမဝေးတွင် အစ်ကိုအဖြစ်ကို ငေးမောနေသော သားသမီးလေးယောက်ကိုကြည့်ယင်း သက်ပြင်းနှင့်အတူ ခေါင်းညိတ်သည်။ တဆက်တည်းပင် ကမ်းစပ်၌ ချည်ထားသောလှေကိုလည်း လှမ်းကြည့်မိသည်။

လှေဝမ်းထဲတွင် တံကူမြုပ်အောင် ရေဝင်နေသည်။ လှေက အိုရသည့်အထဲ ငယ်လွန်းသည်။ လူလေး ယောက်ပင် မနည်းထိန်းစီးရသည်။ ထို့အပြင် မဖာမထေးရသည်မှာကြာ၍ ထေးကြောင်းများတွင် ရွှံ့စေးများ ပွတ်ထားရသည်။ အမြဲယိုနေသည့် လှေဖြစ်သည်။

ကိုဝင်းတို့နေထိုင်ရာ အလေ့ကျသစ်တောအတွင်းမှ ရွာကို တရေတက်သွား၍ တရေကျမှ ပြန်ရောက်သည်။ သစ်ပင်ချုံနွယ်ထူထပ်၍ ကုန်းလမ်းခရီး သွား မရ။ သို့ကြောင့်လည်း ကိုဝင်းမှာ အကြံခက်နေရသည်။ သူတို့တဲပတ်ဝန်းကျင်တွင် ကနစို၊ လမု၊ သမှဲ့၊ ကန့်ဗလာစသော သစ်ပင်ကြီးများ၊ ဆူးရှည်ချုံနွယ်များသည် ပတ်ဝိုင်းနေ၏။

တဲနီးချင်းဟူ၍ မရှိ။ တခေါ် သာသာခန့်မျှ အဝေးတွင် သူတို့လို ဘဝတူထင်းခုတ်သမားတဲ တလုံးတလေ ရှိတတ်သည်။ ထိုတဲများကို သူ မည်သို့ အကူအညီ တောင်းရပါမည်နည်း။ ထင်းခုတ်သမားအားလုံးသည် ဆယ့်ငါးရက်တပတ်မျှ ထင်းလာတင်သော ပွဲစားများနှင့်သာ ဆက်သွယ်မှာယူကြသဖြင့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ဆေးဝါးကို ရရှိကြသည်မဟုတ်လား။

သူတို့လုပ်ငန်းကိရိယာအဖြစ်၊ ပုဆိန်၊ လွှ၊ သံသပ်၊ ရဲတင်းသာ ကောင်းကောင်းမွန်မွန်ရှိသည်။ လှေသမ္ဗန်ကြီးကြီးမားမားဟူ၍ မရှိကြ။ နှစ်ယောက်စီး၊ သုံးယောက်စီး လှေငယ်များသာရှိသည်။ သည်လှေကလေးများနှင့် ရိုးချောင်း၊ ရိုးဖျားတက်၍ ထင်းဖြတ်ကြ၊ ခုတ်ကြသည်။ ရသမျှထင်းကို ချောင်းကျဉ်း၊ ရိုးကျဉ်းဖြစ်သည့်အလျောက် လှေငယ်နှင့် တရွေ့ရွေ့ကဲ့ယူရသည်။

တဲအရောက် လမ်းထွင်၍ နှစ်ထောက်နား၊ သုံးထောက်နား ပခုံးနှင့် ထမ်းယူကြရသည်။

ဤသို့ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်ထားသော ထင်းများကို ရွာခံပွဲစားသည် လှေကြီး၊ သမ္ဗန်ကြီးများနှင့် ဆယ့်ငါးရက်တပတ် လာရောက်တင်သည်။ ထိုသို့ ပွဲစားလာသည့်အခါများတွင် စားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးများ ပါလာသည်။ ထင်းနှင့် တန်ဖိုးသင့်၍လဲသည်။ ကိုဝင်းတို့လို ထင်းလုပ်သားများမှာ ရွာကို နှစ်လသုံးလတကြိမ်ပင် ရောက်ခဲကြပါသည်။

.”အမေ ရေ…. ရေ….”

သူ့အတွေးမှာ သံချောင်း၏ လူးလှိမ့်သံနှင့် ဗလုံးဗထွေး ရေတောင်းသံကြောင့် ပြတ်တောက်သွားသည်။

မပန်းမြသည် သံချောင်း၏ ပါးစပ်ထဲသို့ ရေစက်များ ချပေးသည်။ သံချောင်းသည် ကယောင်ကတမ်းရေရွတ်နေသည်။

ကိုဝင်းသည် သားဖြစ်သူသံချောင်း ကို စိတ်မချမ်းသာစွာ ကြည့်ယင်း ဆုံး ဖြတ်ချက်တခုကို ချလိုက်သည်။ မယ်”

“ငါ… ရွာသွားပြီး ဆရာခေါ်ခဲ့မယ်”

ပန်းမြက သူ့ကို မော့ကြည့်သည်။

“ကလေးကို တခါတည်း ခေါ်မသွားဘူးလား”

“ခေါ်လို့မဖြစ်ဘူး၊ လမ်းမှာ ပိုပြီး အအေးမိနိုင်တယ်။ ပြီးတော့ သူ့ကိုခေါ်ယင် မင်းပါ လိုက်ရမယ်။ မင်းလိုက်ယင် ကလေးတွေချည်းထားခဲ့လို့မဖြစ် ဘူး။ ကလေးတွေခေါ်ပြန်ယင်လဲ လှေက မနိုင်ဘူး။ ဒီတော့ ခြေကြွ ဘယ်လောက်ပဲ ပေးရ ပေးရ ဆရာကိုခေါ်လာမယ်။ ပွဲစားဦးရွှေလှိုင်ဆီမှာ ငွေထပ်ပြောမယ်”

ကိုဝင်းက ခပ်တိုးတိုးရှင်းပြသည်။ မပန်းမြသည် လေးတွဲ့စွာ ခေါင်းညိတ်ရသည်။

ကိုဝင်း ရှင်းပြသည်ကို သူမ မည်သို့ ငြင်းနိုင်ပါမည်နည်း။ သူမ ဆန္ဒအရမူ ကလေးကို တပါတည်းခေါ်သွားစေချင်သည်။

“ရှင် ငွေထပ်ပြောလို့ ရပါ့မလား ကိုဝင်းရယ်။ အယင်ကြွေးက နှစ်ရာကျော်ကျော် ရှိသေးတယ်”

“ရအောင် ပြောရမှာပဲ။ မမာရေး မကျန်းရေးပဲကွာ။ နောက် ကျွန်ခံ ဆပ်ရ ဆပ်ရ။ ငါသွားမယ်၊ သားကို မင်း ဂရုစိုက်လိုက်နော်”

ကိုဝင်းသည် ပြောပြောဆိုဆိုနှင့် လုံချည်ပိုင်းတခုကို ခေါင်းတွင်ပတ်ပေါင်း၍ တဲပေါ်မှ ဆင်းခဲ့သည်။ကလေး လေးယောက်သည် ဖရိုဖရဲနိုင်လှသော မီးဖိုချောင်တွင် ထမင်းကြမ်းခဲကို ဆားနှင့်တို့၍ စားနေကြသည်။

ကိုဝင်းနှင့် မပန်းမြမှာ စိုးရိမ်ပူပန်စိတ်ကြောင့် ထမင်းမှန်း ဟင်းမှန်းမသိ ဖြစ်နေ၍ ကလေးတွေမှာ ချက်ပြီးသား ရှိသမျှကို မျှဝေစားနေကြခြင်းဖြစ်သည်။

အချိန်က ညနေသုံးနာရီခန့် ရှိနေပြီ။ ရေတက်သည်မှာ အတန်ကြာပြီဖြစ်၍ ချောင်းထဲတွင် ရေဝက်ခန့်ရှိသည်။ ကိုဝင်းသည် လှေကလေးမှ ရေကို ခပ် သုတ်သုတ် ပက်ထုတ်ပြီး ရေစုန်အတိုင်း အားစိုက်လျက် အပြေးလှော်သည်။

ကိုဝင်း လှေကလေး ကမ်းစပ်ကို အရှိန်နှင့် ထိုးဆိုက်လိုက်သည်နှင့် အိမ်ပေါ်မှလှမ်းမြင်လိုက်သော ဦးရွှေလှိုင်က ခေါင်းထောင်ကြည့်သည်။

အိမ်ထဲတွင် အောက်လင်းဓာတ်မီးက ထိန်ထိန်လင်းနေသည်။ ကိုဝင်း လှေ တံတားမှာဆိုက်ကပ်၍ ကို ဝင်း တက်လာသည်ကို မီးရောင်နှင့် လှမ်းမြင်နေ ရသည်။

အိမ်ပေါ်၌ ယောက်ျား မိန်းမ ဆယ်ဦးခန့်ရှိနေသည်။ အားလုံးက အိမ်ပေါ်သို့ ခပ်သုတ်သုတ်တက်လာသော ကိုဝင်း ကို လှမ်းကြည့်ကြသည်။

သစ် ခေါက်စွန်းထေးသောလုံချည်ကို တိုတိုဝတ်ထားသည်။ ရှည်လျားသော ဆံပင်တို့ကို သစ်ခေါက် စွန်း၍ ညိုညစ်နေသည့် လုံချည်ပိုင်းနှင့် ထိန်းပတ်လျက် ခေါင်းပေါင်းပေါင်းထားသည်။ ကျောမှာ ပြောင်တလင်း။ ကြွက်သား အဖုအထစ်တို့မှာ ချွေးနှင့် ပြောင်ဝင်းနေသည်။

ကိုဝင်း၏ အဆင်အသွေးမှာ မီးရောင်အောက်ကိုရောက်မှ ပို၍ သိမ်ငယ်သည်ဟု ထင်မိသည်။ နက်ပြောင်သော အသားမှာ သစ်စေးစွန်းထင်းသော ပုဆိုးနှင့် တရောင်တည်း တသားတည်း ဖြစ်နေသည်။

“ဟေး မိုးချုပ်မှ ဘာကိစ္စလဲကွ”

ဦးရွှေလှိုင်က ကိုဝင်း အား ခြေဆုံးခေါင်းဆုံး အကဲခတ်သလိုကြည့်ပြီး မေးလိုက်သည်။ ကိုဝင်းက ထိုင်နေသူများအားလုံးကို မျက်လုံးဝေ့၍ ကြည့်လိုက်သည်။ သည်ရွာ၏ နာမည်ကြီး မြန်မာဆေးဆရာဦးကျော်ဇင်သည် အိမ်ဦးခန်း၌ ကွမ်းတမြုံမြုံဝါး၍ ထိုင်နေသည်။ ကိုဝင်းသည် အားတက်ဝမ်းသာသွားသည်။

“ကျွန်တော်သား အကြီးကောင် သံချောင်းပေါ့ ဦးရွှေလှိုင်ရယ်။ တနေ့က ထင်းထမ်းကအပြန် ရေချိုးပြီး အပူ ငုပ်တယ်ထင်ပါရဲ့။ အလူးအလဲ နေမကောင်းဖြစ်နေတယ်ဗျာ။ ကယောင်ကတမ်းတွေပြောယင်း တချက်တချက် သတိတောင် လစ်နေတယ်။ အဲ့ဒါ ဆရာပင့်ဖို့လာယင်း ဟောဒီကဆရာ ဦးကျော်ဇင်ကို အခန့်သင့် တွေ့ရတာ ဝမ်းသာလိုက်တာ။ ဆရာ… ကျွန်တော် သားကိုလိုက်ကြည့်ပေးပါ ခင်ဗျာ။ ကလေးဟာ အတော်ကို မသက်သာဘူး ဆရာ”

ကိုဝင်း က ထင်းပွဲစားဦးရွှေလှိုင်၏ အမေးကိုဖြေယင်း တဆက်တည်းပင် မြန်မာဆေးဆရာကြီး ဦးကျော်ဇင် ပါ တောင်းပန်စကားဆိုလိုက်သည်။

“အို… ဒီကောင် အမောတကောကွာ။ ဒီမှာလဲ ငါ့ကလေး အအေးပတ် သလိုဖြစ်လို့ ဆရာဦးကျော်ဇင်ကို ပင့်ထားရတာကွ။ မင်းကလေးဆီလိုက်လို ဘယ်ဖြစ်ပါ့မလဲ။ မသကာ ရွာကိုခေါ် လာတယ်ဆိုယင် ဟုတ်သေး”

ဆရာဦးကျော်ဇင်က ဦးရွှေလှိုင်ကို ကြည့်နေသည်။ ပွဲစားဦးရွှေလှိုင်သည် ကိုဝင်း ကို ရှုးသိုးသိုးကြည့်၍ ခေါင်းခါခါ လက်ခါခါနှင့် ပြောသည်။ ကိုဝင်းက ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်။

ပြီးတော့ သူသည် ဆရာဦးကျော်ဇင်နှင့် မလှမ်းမကမ်းတွင် လျော့လျည်းစွာ ထိုင်ချလိုက်သည်။

“ခင်ဗျားထံမှာ ကျွန်တော်တို့ ရသမျှထင်း အမြဲသွင်းနေတာ ခင်ဗျား ကျွန်တော်တို့အခြေအနေ သိပါ တယ်ဗျာ။ ကလေးနဲ့ သူ့အမေပါ ခေါ်လာယင်း တဲမှာကျန်တဲ့ ကလေးတွေချည်း စိတ်ချထားခဲ့လို့လဲ မဖြစ်။ ကျွန်တော် အားလုံးလာနိုင်အောင်လဲ လှေကြီးကြီးမားမား မရှိလို့ ဆရာကို လာပင့်တာပါဗျာ။ တဲနီးဝန်းကျင်ဆိုတာလဲ မရှိပါဘူး။ ကျွန်တော်တို့မှာ လူသူမနီးတဲ့ တောနက်ထဲမှာ အလုပ်-လုပ် ကြရသူတွေပါ”

“အိုကွာ ဒီက လှေကြီးတစင်း ယူသွားချင်ယူသွား၊ ဆရာတော့ မထည့်နိုင်ဘူး”

ကိုဝင်း က သက်ပြင်းကို ရှိုက်လိုက်သည်။

“ကျွန်တော် နေရာနဲ့ ဒီကို တရေတက် တရေကျ သွားရပါတယ်ဗျာ။ ကျွန်တော်သွားခေါ်ပြီး ဒီပြန်လာရ တဲ့အချိန်အတွင်းမှာ ကျွန်တော့်သား တခုခုများ ဖြစ်သွားယင် .. ကိုယ်ကျိုးနည်းပါလိမ့်မယ် ဦးရွှေလှိုင်ရယ်။ ကျွန်တော် တောင်းပန်ပါတယ်။ ခင်ဗျား ကလေးက အအေးမိတယ် ဆိုပေမယ့် ဆရာဦးပြီး ကုနေရပါပြီ။ လောလောဆယ် သတိလစ်အောင် အသဲအသန်ဖြစ်နေတဲ့ ကျွန်တော့်သားလေးကို ဆရာ ခဏလိုက်ကြည့်ပါစေဗျာ။ ကျွန်တော် ချက်ချင်းပြန်ပို့ပေးပါ့မယ် ဆရာ”

ကိုဝင်းသည် ဦးရွှေလှိုင်ကိုပြောယင်း ဆရာ့ဘက်လှည့်ကာ တောင်းပန်ပြန်သည်။ ဆရာရှေ့ကိုလည်း သူ့ကိုယ်ကို တိုးရွှေ့ထိုင်သည်။

“အို ဘယ်ဖြစ်မလဲ၊ ငါ့ကလေး အအေးပတ်ရုံလို့ ပြောမဖြစ်ဘူးကွ။ နမိုးနီးယားတို့၊ တိုက်ဖွိုက်တို့ဖြစ်မှာ စိုးရိမ်ရတယ်ကွ။ ဆရာ့ကို ခေါ်လို့တော့ မဖြစ်ပါဘူး။ ဆေးလေးဘာလေး ဝယ်သွားပေါ့။ ဒီမှာ ခြေကြွေ ငွေအစိတ်တောင် ပေးခေါ်ထားရတာ”

ကိုဝင်း ကို ကရုဏာသက်စွာကြည့်နေသော ဆရာဦးကျော်ဇင်ကို လှည့်မကြည့်ပဲ ဦးရွှေလှိုင်က ဒေါသနှင့်ပြောသည်။

“ကျွန်တော်လဲ ခြေကြွအစိတ်ပေးပါ့မယ်ခင်ဗျာ။ ဆရာ ခဏလေး လိုက်ခဲ့ပါ။ ဒီမှာ ဦးရွှေလှိုင်ရယ်၊ ကျွန်တော်တို့မိသံားစုဟာ ခင်ဗျားအလုပ်သမားတွေ ပါ။ ကျွန်တော်တို့ ကျန်းမာမှ ခင်ဗျားအလုပ်ကို လုပ်ပေးနိုင်ကြမှာပါ။ ဒါကြောင့် ဆရာ့ကို ခဏလေးခွင့်ပြုပါဗျာ”

“အို… ငါ့ကို ချွဲမနေနဲ့ကွာ။ မဖြစ်ဘူး၊ ဆရာလိုက်လို့ ဖြစ်ကိုမဖြစ်ဘူးဟေ့”

ကိုဝင်းက ပြောယင်းမှ အသံတိမ်ဝင်သွားသည်။တောင်းပန်တိုးလျှိုးသော မျက်လုံးအစုံနှင့် ဦးရွှေလှိုင်ကိုတလှည့်၊ ဆရာဦးကျော်ဇင်ကိုတလှည့် ကြည့်နေ သည်။ ဦးရွှေလှိုင်က မျက်နှာလွှဲလိုက်သည်။

“အေးကွယ်၊ မောင်ဝင်းပြောတာလဲ ဟုတ်သားပဲ။ ပွဲစားလေးရဲ့ ကလေးက အအေးနည်းနည်းမိတာပါ။ ကျုပ် ဆေးဦးထားလို့ အတော်ပေါ့သွားပါပြီ။ ဘာမှမစိုးရိမ်ရပါဘူး။ မောင်ဝင်းရဲ့ ကလေးကို လိုက်ကြည့်ဦးမယ်ကွယ်”

ဆရာဦးကျော်ဇင်က မနေသာတော့ပါ။ တည်ငြိမ်အေးချမ်းစွာ ပြောလိုက်သည်။ ဦးရွှေလှိုင်သည် ဆ ရာအား ဖြတ်ကနဲလှည့်ကြည့်သည်။ သူ့မျက်လုံးတို့မှ ဒေါသ မာနတို့ဖြင့် တောက်ပနေကြသည်။

“ဆရာ အဲဒီလို ငါးစိမ်းမြင် ငါးကင်ပစ်မလုပ်ပါနဲ့။တခြားလူတွေပင့်ယင် ဆရာ့ကို ခြေကြွခ တဆယ် ထက် ပိုပေးတာမဟုတ်ဘူး။ ကျွန်တော်က ကလေးအတွက် အနားကမပြတ် ကြည့်ရှုနေရအောင် တမင် ငွေအစိတ်ပေးပင့်ထားတာ။ ဒီကောင် အစိတ်ပေးမယ်ဆိုတာ ဆရာ မလိုက်ချင်ပါနဲ့။ ဒီကောင့်မှာ ငွေအစိတ်မပြောနဲ့ ငါးကျပ်တောင်ပါရဲ့လား၊ မေးကြည့် စမ်းပါဦး”

“ကျွန်တော်မှာ မပါပါဘူးဗျာ။ ဒါပေမယ့် ပွဲစားဆီကငွေ ထပ်ပြောရမှာပါပဲ။ ပွဲစား ကျွန်တော်ဆီ ထင်းလာ
တင်တဲ့အခါ ပွဲစားဖြတ်တဲ့ဈေးကို မငြင်းဘူး။ ကျွန်တော် အကျေဆပ်ပါ့မယ်”

ကိုဝင်း စကားကြောင့် ပွဲစားဦးရွှေလှိုင်သည် အက်ကွဲကွဲနှင့် မဲ့မဲ့ရွဲ့ရွဲ့ ရယ်ချလိုက်သည်။ လက်တဘက်နှင့်လည်း ဝှေ့ယမ်း၍ မာန်ပါပါကာသည်။ သူ့ပါးစပ်ထဲမှ ရွှေသွားတို့သည် အရောင်ထွက်သွား၏။

“အို ဟိုးဟိုး၊ လာ… လာချည်းသေးကွာ။ ဟေ….. မင်းတို့ဆီမှာ ကြွေး ဘယ်လောက်ရှိနေပြီလဲ။ ဒီတပတ် ထင်းလာတင်တာတောင် မကျေနိုင်ဘူးကွ။ ထပ်ပေးဖို့ကတော့ မဖြစ်ဘူး။ ပေးစရာလဲ မရှိဘူး”

ကိုဝင်း ၏ မျက်နှာသည် ညှိုးရော်သွားသည်။ သူ၏ အင်္ကျီမရှိသော ရင်ဘတ်မှ ကြွက်သားမည်းမည်းဖုဖုများကို လျှော့လျည်းစွာ လက်တဘက်နှင့်ပွတ်ယင်း မော့ကြည့်နေသည်။ တံတွေးကိုလည်း မျိုလိုက်၏။

လည်ချောင်းထဲမှ နစ်ဆိုသောအသံက ရုန်းကန်ထွက်လာသည်။

“ကျွန်တော်တို့ကို သနားပါဦးဗျာ”

“အို… မသနားနိုင်ဘူးကွာ၊ ငွေလဲ မပေးနိုင်ဘူး။ ဆရာလဲ အခေါ်မခံနိုင်ဘူး”

ဦးရွှေလှိုင်၏ ခါးခါးသီးသီးစကားသံအဆုံးတွင် သမားတော်ကြီး ဆရာဦးကျော်ဇင်သည် ရှေ့မှ ထွေးခံထဲသို့ ကွမ်းတံတွေးကို ပျစ်ကနဲ ထွေးချသည်။ ပြီးတော့ ဆေးအိတ်ကိုဆွဲလျက် နေရာမှ ထရပ်လိုက်သည်။

သတင်းမေးရောက်လာပြီး ထိုင်နေကြသူအားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြသည်။

ခေတ်မီဆေးဝါး၊ ဆရာဝန် မဆိုထားနှင့် ကျန်းမာရေးမှူး၊ သားဖွားဆရာမပင် မရှိသေးသော တောခေါင်ခေါင်မှ ဤရွာကလေးတွင် တိုင်းရင်းမြန်မာ သမားတော်ကြီး ဦးကျော်ဇင်သည်အသက်ပေါင်းများစွာ ကယ်တင်ခဲ့ပြီး ရောဂါဝေဒနာ ခံစားရသူများကို မြန်မာတိုင်းရင်းဆေးအတတ်နှင့် ကုသချမ်းသာ စေနိုင်ခဲ့သည်။ ဆရာတဆူအဖြစ် အများက ရိုသေ လေးစားမှုကို ခံယူနိုင်ခဲ့သည်။ စိတ်ထက်၍ ပြတ်သားရဲရင့်သူလည်း ဖြစ်၏။

သို့ကြောင့် ပွဲစားဦးရွှေလှိုင်၏ကလေးကို သတင်းမေး ရောက်နေသူအားလုံး ဆရာဦးကျော်ဇင်ကို တ ထိတ်တလန့် ကြည့်မိခြင်းဖြစ်၏။ ပွဲစားဦးရွှေလှိုင်နှင့် သမားတော်ကြီးတို့ မည်သို့ဖြစ်ကြမည်နည်း။

“ကိုင်း… ကိုရွှေလှိုင်ရေ၊ ဟောဒီမှာ … မင်းငွေအစိတ်ကွ။ မင်းကလေးဟာ ငါ့ဆေးဝင်ထားလို့ ဘာမှမဖြစ်တော့ဘူးဆိုတာလဲ ငါ တာဝန်ယူပြောရဲတယ်။ ဆက်ပြီးတော့လဲ ငါစောင့်ဖို့ မလိုတော့ဘူးကွာ။ ငါဟာ တတ်တဲ့ ဆေးပညာနဲ့ လူတွေ မသေသင့်ယင် မသေရအောင် မနာသင့်ယင် မနာရအောင် ကုသနေတဲ့ အများပိုင်ဆရာကွ။ မင်း ငွေများများပေးနိုင်တယ်ဆိုပြီး မင်းတဦးတည်း ကန့်သတ်ပိုင်ချင်လို မရဘူး။ ငါ့ပညာနဲ့ ငါ့ကို ငွေနဲ့ချုပ်ကိုင်လို့ ရမယ်ထင်သလား။ ငါ ငွေမက်တဲ့အကောင် မဟုတ်ဘူး။

တခြားကိစ္စတွေ မင်း ငွေနဲ့လုပ်လို့ရပေမယ့် ငါ့ပညာ နဲ့ ငါ့ကိုတော့ ငွေတန်ဖိုးနဲ့ ဆက်ဆံလို့ မရဘူးဆိုတာ မြဲမြဲမှတ်ထားဟေ့။ ကဲ … လာ မောင်ဝင်း။ အချိန်မီသွားကြရအောင်”

ပြောပြောဆိုဆိုနှင့် ဆရာ ဦးကျော်ဇင်သည် ဆေးအိတ်ကိုဆွဲကာ အိမ်ပေါ်မှ ဆင်းခဲ့သည်။

ကြက်သေသေကာ ငိုင်ကြည့်နေသော ကိုဝင်း သည် ဆရာဦးကျော်ဇင် ခေါ်သံကြားမှ အသက်ဝင်လာသူလို ဖြတ်ကနဲ နေရာမှထ၍ အပြေးဆင်းလိုက်ခဲ့သည်။

သူတို့နောက်တွင် ပွဲစားလေးဦးရွှေလှိုင်၏ ဒေါသနှင့် အံကြိတ်ယင်း တက်ခေါက်သံသည် တိုးတိုးကျိတ်ကျိတ် ကျန်ရစ်ခဲ့ပါသည်။

ကိုဝင်း ၏ လှေငယ် ကမ်းမှခွာသောအခါ ပွဲစားဦးရွှေလှိုင်၏အိမ်သို့ သတင်းမေးရောက်နေကြသော ယောက်ျားမိန်းမ ဆယ်ဦးခန့်မှာ တပြိုင်တည်းလိုပင် နေ ရာမှ အသီးသီးထ၍ ထွက်သွားကြသည်။ အားလုံးကို စူးစူးဝါးဝါးကြည့်ယင်း ဦးရွှေလှိုင်မှာ ပို၍ ဒေါသထွက်လာသည်။ အံကိုကြိတ်မိသည်။

ထို့နောက် တက်ခေါက်ပြန်သည်။ သူ့ခြေထောက် အနီးတွင် ဆရာဦးကျော်ဇင် ပစ်ချခဲ့သော ငွေစက္ကူများသည် ဖရိုဖရဲပြန့်ကျဲနေ၏။ ဦးရွှေလှိုင်သည် ငွေစက္ကူများကို ခြေနှင့် ကန်ပစ်လိုက်သည်။

အိပ်ပျော်နေသော သားငယ်ကို ရင်ခွင်ထဲ၌ ပိုက်ထားသည့် ဇနီးသည် မခင်ရွှေက သူ့ကို မချိုမချဉ်နှင့်ပြုံးကြည့်နေသည်။ ဦးရွှေလှိုင်က ဆောင့်ဆောင့်အောင့်အောင့်နှင့် မျက်နှာလွှဲလိုက်၏။ ထို့နောက် ထွန်း ထားသော အောက်လင်းဓာတ်မီးကို ငြိမ်းသတ်လိုက်သည်။

ဦးရွှေလှိုင်၏ အိမ်သည် မှောင်အတိ ကျသွားသည်။ တရွာလုံးလည်း တိတ်ဆိတ်နေသည်။

ကြယ်ရောင် မလင်းတလင်းအောက်တွင် ချောင်းရိုးအတိုင်း ရေစီးကိုဆန်၍ ကိုဝင်း၏ လှေကလေးသည် တရွေ့ရွေ့ သွားနေ၏။

လှေပေါ်တွင် လိုက်ပါလာသော မြန်မာတိုင်းရင်း သ မားတော်ကြီး ဆရာဦးကျော်ဇင်သည် ပုတီးကို တ ချောက်ချောက် စိပ်သည်။

ပြီးတော့ ကွမ်းတံတွေးကို ရေထဲ ငုံ့ထွေးလျက် သတ္တဝါအများ ကျန်းမာချမ်းသာကြပါစေရန် မေတ္တာပို့လျက် ရှိပါသတည်း။ ။

ဧရာဝတီတိုင်းမဂ္ဂဇင်း၊ ၁၉၈၅

– ပြီး –

စာရေးသူ – ဖျာပုံလှမိုးနွယ်

Leave a Reply

Your email address will not be published. Required fields are marked *