July 31, 2025
Uncategorized

ဆင်ဝင်စား

စာရေးသူ – (ဆောင်းလုလင်)
လွမ်းစေတီရှိသည်တောင်ကုန်းအထက်မှ မျှော်ကြည်လိုက်လျှင် ရိုးမတောကြီးကို အပေါ်မှု … စီးမိုးမြင်နေရပါသည်။ သစ်ပင်သစ်တောများမှာအရွက်ချင်းထပ်၊ အကိုင်းချင်းယှက်၍ မြေပြင်ကိုမမြင်ရနိုင်အောင် ပိန်းပိတ်နေပေသည်။ တစ်တောလုံးစိမ်းစိုနေပေရာ အစိမ်းရောင်ကမ္ဗလာကြီး ဖြန့်ချထားသလို ကြည့်လေရာရာ စိမ်းညို့မှိုင်းရီနေပေ၏။
လုံမသည် ထိုရှူခင်းကိုပင် မငြီးငွေ့နိုင်၊ မရိုးနိုင်ပဲ လွမ်းစေတီတောင်ကုန်းပေါ်သို့ လာကြည်နေမိရပြန်ပါပြီ။ လွမ်းစေတီရှိရာတောင်ကုန်းကားလုံမတို့ရွာမှ တစ်ခေါ်သာသာလောက်ဝေးသည့်အတွက် လူသူပြတ်လတ်သည့်နေရာတစ်ခုဖြစ်ပေသည်။ လုံမလိုအပျိုရွယ်လေးတစ်ယောက်တည်း လာသင့်သောနေရာမဟုတ်ပါ။လွမ်းစေတီတဝိုက်တွင် စေတီမှဆွဲလွဲသံများ၊ ကျေးငှက်သာရကာတို့၏ များဖြင့်သာ ညံညံစီလျှက်ရှိပေ၏။
လုံမ၏အကြည့်သည် . ဟိုးဝေးဝေးဆီမှ ရိုးမတောင်တန်းကြီးဆီသို့ ရောက်လျှက်ရှိသည်။ ရိုးမတောင်တန်းကြီးနှင့် လုံမရှိနေရာ လွမ်းစေတီတောင်ကုန်းကြားမှ အပြန့်အပြောကျယ်လှသောတောအုပ်ကြီးကို အပေါ်မှစီးမိုးကြည်ကာ လုံမမျက်စိထဲဝယ် အဖြစ်အပျက်များကို မြင်ယောင်လျှက်ရှိပါ၏။လုံမအနေဖြင့် သစ်တောအုပ်အောက်ခြေမှ မြေမျက်နှာပြင် အနေအထားများ၊ အရာဝတ္ထုများကို သာမန်မျက်စိဖြင့်မမြင်နိုင်သော်လည်း လုံမ၏စိတ်အာရုံတွင်မူ ထိုတောအုပ်ထဲမှ အဖြစ်အပျက်များကို မြင်ယောင်နေမိပါသည်။
စိမ်းညို့သောတောအုပ်ကြီးအောက်ခြေမှ စမ်းချောင်းများ၊ လျှို မြောင်များ၊ ကမူများ၊ လိုဏ်ခေါင်းများ၊ ရေတံခွန်များ၊ ချောက်ကမ္ဘားများ သားရဲတိရစ္ဆာန်များကို လုံမအာရုံဝယ် ထင်ယောင်မြင်ယောင်လျှက်ရှိလေသည်။
လုံမ၏စိတ်အာရုံ၌ ထင်ရှားစွာမြင်နေရသောအရာမှာ…
ဆင်နှစ်ကောင်ဖြစ်ပေသည်။ တစ်ကောင်မှာ အထီးဖြစ်၍
တစ်ကောင်မှာ အမဖြစ်သည်။
အရွယ်ရောက်ပြီး ဆင်အထီးနှင့်အမတို့သည် တောထဲတွင် ဘာသာဘာဝသွားလာလှုပ်ရှားကျက်စားလျှက်ရှိပေသည်။ဆင်အထီးမှာ စွယ်စုံဆင်ကြီးဖြစ်ပြီး တောင့်တင်းသန်မာလှပေသည်။ ဆင်အမသည် ဆင်အထီးနောက်မှ တလှုပ်လှုပ်ဖြင့်လိုက်ပါလျက်ရှိပေသည်။ ဆင်အထီးကြီးသည် ဆင်မကိုယုယဖေးမကာ ခေါ်သွားလျှက်ရှိပေသည်။
လုံမ၏အာရုံထဲဝယ်… ရေတံခွန်ဘေးတွင် ဆင်ထီးကြီးက ရေတံခွန်အောက်မှရေများကို နှာမောင်းဖြင့်စုပ်ယူပြီး ဆင်မကို ပက်ဖြန်းပေးနေပုံကိုမြင်ယောင်နေပေသည်။
ထို့နောက်… ဆင်ထီးကြီးက ဆင်မအတွက် ကြံများချိုးယူလာကာ တယုတယကျွေးမွေးနေပုံကိုလည်း မြင်ယောင်မိပြန်သည်။
ထို့နောက်တွင်… ဆင်ထီးနှင့်ဆင်မ ရေတိမ်သောစမ်းချောင်းကလေးတလျှောက် လျှောက်သွားနေပုံများ၊ တောထဲတွင် ဘာသာဘာဝ ဆော့ကစားမြူးတူးနေပုံများကို မြင်ယောင်လာပြန်သည်။တစ်ကြိမ်တွင်မူ လုံမသည် အသည်းထိတ်စရာမြင်ကွင်းတစ်ခုကို မြင်ယောင်ရပြန်၏။
ကိုးတောင်ကျားကြီးတစ်ကောင်သည် ဆင်ထီးနှင့်ဆင်မကိုကြည့်၍ မာန်ဖီလျှက်ရှိလေသည်။ ဆင်ထီးကြီးက ဆင်မရှေ့တွင် ရက်ကာဆင်မကို လုံခြုံသောနေရာတွင် ပုန်းအောင်းနေရန် တိရစ္ဆာန်တို့၏ ဘာသာစကားဖြင့် ပြောဆိုအမူအရာပြလိုက်လေသည်။ဆင်မသည် လျှိုကြီးတစ်ခုကြားတွင် ဝင်၍ရပ်နေလိုက်သည်။ကိုးတောင်ကျားကြီးနှင့်စွယ်စုံဆင်ကြီးတို့၏တိုက်ပွဲကား စတင်ပေပြီ။ကိုးတောင်ကျားသည် ဆင်ကြီး၏ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကာမာန်ဖီရင်း… ချက်ကောင်းကိုချောင်းလျှက်ရှိ၏။ စွယ်စုံဆင်ကြီးကလည်းကျားကြီးလှည်ပတ်နေသည်အတိုင်း သူ့ကိုယ်လုံးကြီးကို ပတ်ချာလည်ကာ ခုခံရန်အသင့်ပြင်ဆင်လျှက်ရှိ၏။ ဆင်ကြီးသည် သူ၏အိမ်သူဆင်မကြီးရှိရာလျှိုဖက်သို့ အလစ်မပေးပဲ ကာကွယ်ထားပေ၏။
ကျားသည် ဘယ်ဖက်သို့ပြေးရန်ဟန်ပြပြီးမှ ညာဖက်မှပတ်ဝင်ကာ တစ်ချက်ကျယ်လောင်စွာဟိန်းလိုက်ရင်း ဆင်ကြီးကိုခုန်အုပ်လိုက်လေသည်။ဆင်ကြီးက လျှင်မြန်စွာဝပ်ချလိုက်ကာ ခုန်အုပ်လိုက်သော ကျားကို အစွယ်နှစ်ဖက်ဖြင့် ပင့်ကော်လိုက်လေသည်။
ကျားသည် စွယ်စုံဆင်ကြီး၏အစွယ်ဖွေးဖွေးထက်၌ ယက်ကန် ယက်ကန်ဖြင့် သွေးသံရဲရဲဖြစ်လျှက်ရှိသည်။ ဆင်ကြီးက ဦးခေါင်းကိုဘယ်ညာရမ်းခါပစ်လိုက်သည့်အခါတွင်ကား ..ကျားသည် ဆင်စွယ်ထက်မြှပုတ်ကျကာ ရင်နှစ်ချမ်းကွဲလျှက် အသည်းအူများ မြေပြင်ထက်ပြန့်ကျဲသွားလေတော့ကျားသည် တစ်ချက်နှစ်ချက်သာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီး အသက်ပျောက်သွားလေတော့သည်။စွယ်စုံဆင်ကြီးသည် ထိုအတိုင်းပင် အန္တရာယ်ရန်စွယ်အမျိုးမျိုးမှ ကာကွယ်ပေးခဲ့ပါသည်။သည်အဖြစ်တွေကို လုံမအာရုံထဲဝယ် ထင်ရှားစွာမြင်လျှက်ရှိသည်။
သည်လို… ဆင်မအပေါ်ကြင်နာယုယဖေးမမှုတွေရှိခဲ့သော စွယ်စုံဆင်ကြီးသည်… တစ်နေ့သောအခါတွင် ဆင်မကိုထားရစ်ခဲ့ကာ စွန့်ခွာထွက်ပြေးသွားသည်မှာ မယုံနိုင်စရာပင်ဖြစ်ပေ၏။နောက်ဆုံးတစ်နေ့၌ ဆင်ကြီးသည် ဆင်မကိုထားရစ်ပြီး စွန့်ခွာသွားခဲ့ပါသည်။ဆင်ကြီးစွန့်ခွာသွားသောအပိုင်းကိုမြင်ယောင်လာသော လုံမရင်၌ တစစ်စစ်နာကျင်လာလေသည်။ မျက်ရည်များဝဲလာလေသည်။
“သမီးရေ.. လုံမ၊ အလို… ထင်တဲ့အတိုင်းပဲ ဒီကိုရောက်နေတာကိုး”
နောက်မှအသံကြားသောကြောင့် လုံမက လှည့်ကြည်လိုက် သည်။ လုံမမိခင်ဒေါ်လုံးကြည်ဖြစ်ပါသည်။
“လုံမရယ်…မပြောမဆိုနဲ့ ထွက်ထွက်သွားလိုက်တာ၊ အမေဖြင့် စိတ်ပူရပါပေါ့၊ အို….. သမီးမျက်လုံးမှာလည်း မျက်ရည်တွေနဲ့ဘာဖြစ်တာလဲသမ္မီး”
“ဘာမှမဖြစ်ပါဘူးအမေရယ်၊ ကျွန်မမျက်လုံးထဲ ဖုံဝင်လို့ပါ”
ဒေါ်လုံးကြည်က သက်ပြင်းချလိုက်သည်။ ဒေါ်လုံးကြည်သိပါ သည်။ လုံမသည် တောထဲကိုကြည်ကာ တွေးမိတွေးရာတွေးရင်း လွမ်းမောနေခြင်းဖြစ်သည်။ လုံမရဲ့အကျင့်စရိုက်ကို ဒေါ်လုံးကြည်က သိပြီးဖြစ်ပါသည်။
သို့သော်…. မိန်းမပျိုလေးတစ်ယောက်တည်း ရွာနဲ့ဝေးရာကိုထွက် ထွက်သွားတာ ဒေါ်လုံးကြည်စိုးရိမ်လှသည်။
ပြီးတော့….. ဒေါ်လုံးကြည်မှာ … အစွဲအလမ်းတစ်ခုရှိသည်။
သမီးလုံမ တောထဲကိုထွက်သွားမှာစိုးရိမ်ခြင်းဖြစ်သည်။ တောထဲကလာတဲ့သမီးတောထဲကိုသူ့သဘောနဲ့သူပြန်သွားမှာကို ဒေါ်လုံးကြည်အစဉ်စိုးရိမ်နေမိသည်။ ဒါကြောင့်လည်း… လုံမကို မျက်ခြည်မပြတ်စောင့် ကြည့်နေရ၏။ ကြည့်နေတဲ့ကြားမှ လုံမ တစ်ချက်တစ်ချက် ပျောက်ပျောက်သွားတတ်သည်။ ဒေါ်လုံးကြည်ကလည်း မီးသွေးဖိုမှာ အလုပ်များသည်မို့ လုံမကိုအမြဲသတိပြုမနေနိုင်တာလည်းပါသည်။ဒေါ်လုံးကြည်စိုးရိမ်နေသော်လည်း လုံမက တောထဲထွက်သွား .. လောက်အောင်တော့ .. မမိုက်မဲပါ။ အလွန်ဆုံး ရွာမနီးမဝေးက လွမ်းစေတီရှိရာတောင်ပေါ်သို့သွားပြီး တောထဲကို ငေးစိုက်ကြည့်နေတတ်ရုံသာ ဖြစ်သည်။ဘာပဲဖြစ်ဖြစ်… ဒေါ်လုံးကြည်ရဲ့စိုးရိမ်စိတ်ကလျော့မသွား။
တစ်နေ့မှာ တောစိတ်ပေါက်ပြီး တောထဲပြန်သွားမှာကို စိုးရိမ်နေမိတာ အမှန်ပင်။တကယ်တော့…. လုံမသည် တောထဲကလာသော တောပျော်တစ်ဦးပင်မဟုတ်ပါလား။
“လာနော်… သမီး၊ ပြန်ကြစို့။ မှောင်လာရင်မကောင်းဘူး
ကွယ်၊ ..နောင်လည်း မပြောမဆိုမသွားပါနဲ့သမီးရယ်၊
အမေစိတ်ပူလွန်းလို့ပါ”
“ဟုတ်ကဲ့ပါအမေ”
ဒေါ်လုံးကြည်က ချော့ချော့မော့မော့ပြောရင်း သမီးလေးကို အိမ်ပြန် ခေါ်လာခဲ့လေသည်။
“ကျွန်မ ဒီလွမ်းစေတီအထိပဲလာတာပါအမေရယ်၊ တောင်ခြေမှာ ရွာသူရွာသားတွေလည်း သွားလာနေကြတာပဲ၊ ဘာစိတ်ပူစရာရှိသတုံး၊ ကျွန်မအတွက်စိတ်မပူပါနဲ့အမေ”
“မိဘဆိုတော့ ပူပန်ရတာပဲအေ၊ နောက် ဒီကိုလာချင်ရင်
အမေ့ပြော၊ အမေရင်လည်း လိုက်ပို့မယ်၊ အဖော်ရင်လည်း ထည့်ပေးမယ်၊ နော်”
လင်မယားနှစ်ယောက်သား သမီးအကြောင်းပြောဆိုရင်း အတိတ်အကြောင်းများဆီစိတ်ရောက်သွားကြသည်။လုံမဟာ တကယ်ပဲ ဆင်ဝင်စားသူလား။
ညပိုင်းတွင် ဒေါ်လုံးကြည်က သူမ၏စိုးရိမ်စိတ်များကို
ခင်ပွန်းဖြစ်သူ ဦးနက်ကျော်အား တိုးတိုးတိတ်တိတ်
ပြောပြလိုက်သည်။
“သမီးကလေး ဆင်စိတ်ပေါက်ပြီး တောထဲပြန်သွားမှာ စိုးရိမ်မိ သတော်”
“ကြံကြံဖန်ဖန်လုံးကြည်ရယ်ဘယ့်နဲ့… ဆင်စိတ်ပေါက်ရမှာတုံး၊ တို့သမီးဟာ အလိမ္မာလေးဆိုတာ မင်းသိသားနဲ့ကွယ်၊ စိုးရိမ်ရန်ကော”
“တောစပ်သွားသွားနေတာ သွေးရိုးသားရိုးဟုတ်မလားတော်၊ ဆင်ဘဝကလာတဲ့သူဆိုတော့ ဆင်စိတ်ပေါက်မှာစိုးရိမ်ရတာပေါ့။ လုံမဟာဆင်မလေးတစ်ပိုင်းဆိုတာ တော်လည်းသိသားပဲ”
“ဒါတွေက အရင်ဘဝကပါ လုံးကြည်ရယ်၊ အခု လူဖြစ်လို့ ငါတို့သမီးလေးပဲဖြစ်နေပြီပဲ။ ဆင်စိတ်ပြန်ဝင်မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။အေးလေ… မင်းက မအေဆိုတော့လည်း ကြံဖန်စိုးရိမ်တာ ငါ အပြစ်မပြောပါဘူး”
သမီးလေးလုံမနှင့် ဆင်ဆိုသောသတ္တဝါပတ်သက်မှုရှိနေတာတော့ အမှန်ပင်။လုံမကိုမမွေးခင်က ကိုနက်ကျော်နှင့်မလုံးကြည်တို့လင်မယားမှာ အတော်ပင်ဆင်းရဲကြလေသည်။ ဆင်းရဲသမှ မုန်တောရွာတစ်ရွာလုံးတွင်အဆင်းရဲဆုံးလင်မယားပင်ဖြစ်သည်။မုန်တောရွာခံဖြစ်သော်လည်း မိဘနှစ်ပါး ငယ်စဉ်ကတည်းက ဆုံးပါးသွား၍ ဆွေမျိုးမတော်စပ်သည့်အိမ်တွင် အခိုင်းအစေတစ်ပိုင်းဖြင့် ကပ်ရပ်နေရသော မလုံးကြည်နှင့် အဝေးရပ်ရွာက မိဘမရှိလို့ ရွာဦးဘုန်းကြီးက ကျောင်းမှာခိုင်းဖို့ခေါ်လာသည်. ကိုနက်ကျော်တို့ ကြံကြံဖန်ဖန် ဖူးစာဆုံကာညားခဲ့ကြခြင်းဖြစ်သည်။
ဘုန်းကြီးနှင့်သူကြီးကိုပြောဆိုပြီး နှစ်ယောက်သားလင်မယားအဖြစ် ပေါင်းသင်းမိကြတော့ ရွာအစွန်မှာ တစ်ဖက်ရပ်တဲကလေးထိုးပြီး နေရသည်။လုပ်စရာအလုပ်ကမရှိ။ တောထဲဝင်ကာ ထင်းခွေ၍ရောင်းစားရပါသည်။တောအရပ်ဆိုတော့ ထင်းခွေပြီး ရောင်းစရာနေရာက မရှိ။ သူသူကိုယ်ကိုယ် ယာထဲကိုင်းထဲသွားရင်း လမ်းမှာတွေ့ရာသစ်ခြောက်များကိုကောက်ယူလာရုံနှင့် … ကိုယ့်အိမ်အတွက်တော့ ထင်းလုံလောက်နေသည်။ ကိုနက်ကျော်နှင့်မလုံးကြည်တို့ ခွေလို့ရသောထင်းကိုရွာမှာရောင်းစားလို့မရပါ။
ထိုအခါ…. ကိုနက်ကျော်သည် … ငါးမိုင်ခန့်ဝေးသည် … စမ်းအိုင်ဆိုသည်ရွာကြီးကို ထင်းတွေသွားရောင်းရသည်။
စမ်းအိုင်မှာက မီးသွေးဖိုရှိသည့်အတွက် … ထင်းရောင်းလို့ရပါသည်။ ဒါလည်း မီးသွေးလုပ်လို့ကောင်းသည့် ထင်းတုံးကြီးကြီးကိုမှဝယ်ခြင်းဖြစ်သည်။ . ထို့ကြောင့် … ကိုနက်ကျော်တို့လင်မယားမှာ ထင်းတုံးကြီးကြီးရအောင် သစ်ပင်ကြီးကြီးတွေကိုခုတ်လှဲပြီးမှ ထင်းခွေရလေသည်။
တောထဲကနေ ရွာအထိ ထင်းတုံးကြီးတွေကို လင်မယားနှစ်ယောက် ထမ်းယူရွက်ယူလာရသည်။ ရွာရောက်တော့ မပြီးသေး။ ကိုနက်ကျော်ကထိုထင်းတုံးကြီးများကိုထမ်းကာ စမ်းအိုင်ရွာအရောက် သွားပို့ရသေးသည်။ သည်လို ပင်ပင်ပန်းပန်းလုပ်ပေမယ့် ဝမ်းဝရုံသာရှိပေသည်။အိမ်ထောင်ကျပြီး လေးငါးနှစ်ကြာသည်အထိ ကလေးမရသေးတာပဲတော်သေးတယ်လို့ပြောရတော့မည်။ ကလေးရှိလာပါက ကလေးပါးစပ်ပေါက်အတွက်ပါ ပူပန်ရဦးမည်။သို့သော်…. ကိုနက်ကျော်ရော မလုံးကြည်ပါ ကလေးလိုချင်ခဲ့ကြပါသည်။ ဘယ်လောက်ဆင်းရဲဆင်းရဲ အိမ်ထောင်သည်ဖြစ်မှတော့ သားသမီးရတနာကိုမျှော်လင့်မိသည်ပင်။
တစ်နေ့တော့…. ထင်းရှားပါးသည်အတွက် ကိုနက်ကျော်တို့လင်မယား .. တောအတော်နက်သည်အထိသွား၍ ထင်းခွေခဲ့ရသည်။ ထိုနေ့ကရွာကိုပြန်ရောက်တော့ မိုးချုပ်နေပြီ။ စမ်းအိုင်ရွာအထိ ထင်းသွားမပို့နိုင်တော့။ ကိုနက်ကျော်တို့တောအတော်နက်နက်အထိ ဝင်ခဲ့ကြခြင်းဖြစ်သည်။ထိုအခေါက်မှာပင်ဖြစ်သည်။ကိုနက်ကျော်က သစ်ပင်ကြီးတစ်ပင်ကို အရင်းမှခုတ်လှဲနေတုံး မလုံးကြည်က အလန့်တကြားဖြင့် သတိပေးလာသည်။
“ကိုနက်ကျော်၊ ကျုပ်တို့ပြန်ရမှာနဲ့၊ အဲဒီအပင်ကို ပြီးအောင်ခုတ်မနေနဲ့တော့တော်၊ ပြန်ကြစို့”
“ဟ- ဘယ်လိုဖြစ်တာလဲ၊ ပြီးခါနီးမှ၊ နေပါဦးဟ”
“ပြန်ကြစို့ကိုနက်ကျော်၊ ကျုပ်စိတ်ထဲမှာ မသန့်ဘူး၊ ဒီနားမှာ ဆင်အုပ်တွေသောင်းကျန်းတယ်လို့ ကျုပ်ကြားဖူးတယ်”
“နင်ကလည်းဟာ၊ ကြံကြံဖန်ဖန်တွေးကြောက်နေပြန်ပြီ”
“တွေးကြောက်တာမဟုတ်ဘူးတော့၊ ဒီနားမှာဆင်ရှိတယ်။
ကျုပ်တို့ ပြန်ကြစို့”
မလုံးကြည်က ပြန်ဖို့ချည်း တစာစာပြောနေသည်အခါ
ကိုနက်ကျော်လည်း ခုတ်လက်စသစ်ပင်ကို လက်စအတိုင်းထားပစ်ခဲ့ရသည်။လမ်းမှာ ကိုနက်ကျော်က တဖျစ်ဖျစ်ပြောမဆုံးတော့။ သူ့သစ်ပင်ကြီးကို နှမျောနေသည်။ ဒီကြားထဲ မလုံးကြည် စိတ်ရောဂါက ပိုဆိုးလာသည်။
“မြန်မြန်လျှောက်ပါတော့်ကိုနက်ကျော်၊ ကျုပ်တို့နောက်
ဆင်လိုက်လာပြီထင်တယ်”
နောက်ကိုလှည့်ကြည့်လှည့်ကြည့်နှင့်ပြောသည်။
“လုံးကြည်ရယ်၊ နင်ဘယ်လိုဖြစ်နေတာလဲ၊ ဆင်ရှိရင် တောတိုးသံ ကြားရမှာပေါ့ဟ၊ နင်လုပ်တာနဲ့ ငါ့သစ်ပင်ကြီးနှမျောလိုက်တာဟယ်”
“နှမျောရင် တော့်ဟာတော် နောက်နေ့မှလာယူ၊
လျှောက်ပါတော်၊ မြန်မြန်၊ နောက်မှာ ဆင်ပါလာတယ်ထင်တယ်”
“ဒီမိန်းမ ဒီနေ့ဘာဖြစ်နေတယ်မသိဘူး၊ တော်တော်ရူး”
အိမ်ကိုချောချောမောမောပဲပြန်ရောက်သည်။
“ဘယ်မှာလဲ နင့်ဆင်၊ တကတည်း ကြံဖန်ပြီးတွေးကြောက်နေတယ်”
“အိုတော်တော့သစ်ပင်ကြီးပြီးအောင်ခုတ်နေလည်း တောထဲမှာတင် မိုးချုပ်သွားလိမ့်မယ်၊ ခုတောင်…စမ်းအိုင်ကို တော်မသွားနိုင်တော့ဘူးမဟုတ်လား၊ ကျုပ်တို့ရလာတဲ့ထင်းတွေလည်း နည်းပါဘူးတော်”ထိုညက ကိုနက်ကျော်အိပ်မက်မက်သည်။
အိပ်မက်က မလုံးကြည် ညနေကပြောထားတာတွေကိုစွဲလမ်းလို့လားမသိ။ ဆင်ကိုအိပ်မက်မက်ခြင်းဖြစ်သည်။
သူနဲ့မလုံးကြည် တောထဲကပြန်အလာ ဆင်တစ်ကောင်
နောက်ကလိုက်လာတယ်လို့ အိပ်မက်မက်ခြင်းဖြစ်သည်။
ဆင်က ဆင်မကြီးဖြစ်သည်။ဆင်မကြီးက ရှေ့ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ဖြင့် သူတို့ နောက်မှတကောက်ကောက်လိုက်လာသည်။
ဒုက္ခိတဆင်မကြီးဖြစ်လေသည်။ ဆင်မကြီးက အိမ်
အဝင်ဝတွင် ငေး၍ကျန်ရစ်ခဲ့သည်တဲ့။ အိမ်ဝင်းထဲအထိတော့ ဝင်လိုက်မလာ။သူတို့လင်မယားညအိပ်နေတော့မှ အိမ်ကလေးသိမ့်ကနဲဖြစ်သွားတော့ ကိုနက်ကျော်က လန့်နိုးသွားသည်။ ကြည့်လိုက်တော့…
ခြေရင်းမှာ ညနေကပါလာသည်ဆင်မကြီး ရပ်နေတာတွေ့ရသည်။ ရှေ့ခြေတစ်ဖက်နာနေ၍ ဆင်မကြီးရပ်နေပုံက ခပ်စောင်းစောင်းဖြစ်နေ၏။
“အဖေ.. အဖေ…. ကျွန်မ အဖေတို့နဲ့နေချင်လို့၊ နေမယ်နော်”
ဆင်မကြီးက လူအတိုင်းစကားပြောလေသည်။
အိပ်မက်ထဲဆိုတော့ ဆင်က လူစကားပြောတာကို
ကိုနက်ကျော်က အံ့ဩမနေပါ။
“ဟဲ – နင်နေလို့ဘယ်ဖြစ်မှာလဲ၊ နင့်ကိုယ်လုံးကြီးနဲ့ ငါ့အိမ်ကျိုးကျမှာပေါ့”
“ဟင့်အင်း… ဟင့်အင်း… ကျွန်မအဖေတို့အမေတို့နဲ့နေချင်လို့ တောထဲကနေ ဒီအထိလိုက်လာတာပါ၊ နေမှာပဲ… နေမှာပဲ”
ပြောပြောဆိုဆို ဆင်မကြီးက ကိုနက်ကျော်နှင့်မလုံးကြည်ကြားထဲဝင်လာကာ ဝပ်ချလိုက်သည်။
ကိုနက်ကျော်က “တဟဲ့ဟဲ့”အော်ရင်းမှ လန့်နိုးသွားလေသည်။မလုံးကြည်ကတော့ အိပ်မက်ထဲကအတိုင်း တခေါခေါဟောက်၍ အိပ်နေသည်။ကိုနက်ကျော်သည် သူ၏ထူးဆန်းသောအိပ်မက်ကို မနက်ကျမှပင် မလုံးကြည်ကိုပြန်ပြောပြလေသည်။
“နင် ဆင်လိုက်လာတယ်ပြောတာကိုစိတ်စွဲသွားလို့လား မသိပါဘူးဟာ၊ ညက ငါအိပ်မက်မက်တယ်”
ကိုနက်ကျော်ပြောပြသည်အိပ်မက်ကို မလုံးကြည်က ပါးစပ် အဟောင်းသားဖြင့် နားထောင်နေသည်။
“အိပ်မက်ထဲကဆင်မကြီးက ခြေထောက်တစ်ဖက်
ထော့နဲ့ ထော့နဲ့နဲ့၊ သနားပါတယ်ဟာ”
ထိုစဉ်ကတော့.. နှစ်ယောက်စလုံး အိပ်မက်ကအိပ်မက်ပဲဟု သဘောထားကာ အမှတ်မထင်ရှိခဲ့ကြသည်။ သမီးလေးလုံမကိုမွေးလာမှ အိပ်မက်သည် သမီးလုံမ ဝင်စားချင်လို့မက်တဲ့အိမ်မက်ဖြစ်မှန်းသတိထားမိလေတော့၏။
ကိုနက်ကျော်အိပ်မက်မက်ပြီး မကြာမီ မလုံးကြည်မှာ ကိုယ်ဝန်ရှိလာခဲ့သည်။ လုံမကို မြန်မာသက္ကရာဇ် ၁၂၉ဝပြည့်နှစ်မှာ မွေးဖွားခဲ့ခြင်းဖြစ်ပါသည်။
လုံမကိုမွေးလာတော့ ဆင်စရိုက် ဆင်အလေ့အထလေးတွေတွေ့လာရသည်တွင် … ကိုနက်ကျော်အိပ်မက်မှာ
မှန်ကန်ကြောင်း စဉ်းစားမိကြလေသည်။ထူးခြားတာက အိပ်မက်ကို အမေကမမက်ပဲ အဖေဖြစ်သူက မက်ခဲ့ခြင်းပင်ဖြစ်ပါသည်။လုံမလေးသည် ငယ်စဉ်ကတည်းက သွားလာလှုပ်ရှားမှုနှေးနှေး ကွေးကွေးနှင့်အေးအေးဆေးဆေးနေတတ်သည်။ အခါများစွာတွင်… ကြမ်းပြင်ပေါ်၌လေးဖက်ထောက်ကာ လက်နှစ်ဖက်နှင့်ဒူးကိုကွေး၍ ငြိမ်ငြိမ်လေး ဝပ်နေတတ်သည်။
“ကြည့်စမ်းပါဦးကိုနက်ကျော်၊ ကျုပ်တို့သမီးနေပုံထိုင်ပုံက ဆင်မလေးဝပ်နေတာနဲ့မတူဘူးလားတော်”
လမ်းသွားတတ်ခါစ ဆော့ကစားတော့လည်း လေးဖက်ကုန်း သွားကာ “ဝူး… ဝူး..”နှင့်ဆင်လိုအော်တတ်သည်။
ကိုနက်ကျော်က ဘုန်းကြီးဆီခေါ်သွားကာ ကလေးကိုဇာတာဖွဲ့ပေးဖို့လျှောက်သည်။ ဗေဒင်တွက်ပေးဖို့လျှောက်သည်။
“ဆရာတော်ဘုရား…တပည်တော်သမီးလေးက ထူးခြားပါတယ် ဘုရာ့၊ သူ့ကိုယ်ဝန်မရှိခင်က ဆင်မကြီးတစ်ကောင် တပည်တော်တို့နဲ့ လာနေမယ်လို့ အိပ်မက်ပေးတယ်ဘုရာ့၊ လုံမဟာ ဆင်ဝင်စားလေးလား၊ ကြည်ပေးပါဘုရာ့”
“ဟဲ့- နက်ကျော်၊ သတ္တဝါတိုင်းမှာ အရင်ဘဝဆိုတာရှိတာပဲ၊ မမှတ်မိကြလို့သာဟဲ့၊ နင့်သမီးဆင်ဘဝကလာတော့ ဘာဆန်းသလဲ၊ ဒါတွေအစွဲအလမ်းမထားစမ်းနဲ့”
ဘုန်းကြီးက ကလေး၏ဇာတာကိုတွက်ချက်ပြီးချိန်တွင်တော့… အလေးအနက်မိန့်ကြားခဲ့ပေသည်။
“နက်ကျော်၊ ဒီကလေးက နင်တို့ကိုအကျိုးပေးမယ့်ကလေး၊ သာမန်ကလေးမဟုတ်ဘူး။ သူ့အသက်ဆယ်နှစ်မပြည့်ခင် ထူးခြားမှုပြလိမ့်မယ်”
ကိုနက်ကျော်တို့အဖို့တော့ သာမန်ကလေးမဟုတ်ဘူးလို့ ဟောလိုက်တာနဲ့ပင် ကြေနပ်နေရပါသည်။ သူတို့ဘဝကတော့ ဘာမှထူးခြားမလာခဲ့။
တောထဲသွား ထင်းခွေရတုန်းပင်။ တောထဲဝင်တာတောင်
ကလေးကိုထိန်းမယ့်လူမရှိလို့ တောထဲထိခေါ်သွားရသည်။ ကိုနက်ကျော် တစ်လှည်း မလုံးကြည်တစ်လှည်ပုဆိုးပိုင်းလေးနှင့်သိုင်းကာ လုံမလေးကို ကျောမှာပိုး၍ခေါ်သွားရပါသည်။
တောထဲရောက်တော့လည်း…တော်ရာသစ်ပင်ရိပ်
ကောင်းကောင်းမှာ ကလေးကိုသိပ်ထားပြီး လင်မယား
နှစ်ယောက် သစ်ခုတ်ရသည်။ ဆင်းရဲတွင်းကနက်နေဆဲပင် ဘုန်းကြီးဟောလိုက်သလို ဒီကလေးက ဘယ်အချိန်မှာအကျိူးပေးလာမလဲလို့သာစောင့်ကြည့်နေရသည်။လုံမလေးအသက် ၇နှစ်အရွယ်ရောက်မှပင်
သူတို့အတွက်ကံကြမ္မာအပြောင်းအလဲဖြစ်လာခဲ့လေသည်။
သူတို့ဆီက ထင်းတွေဝယ်နေကျ စမ်းအိုင်ရွာမှ သူကြီးလုပ်သူက ကိုနက်ကျော်ကိုခေါ်ပြောသည်။
“အင်္ဂလိပ်အရေးပိုင်မင်းက ကျောက်သွေးလိုချင်တယ်လို့ပြောတယ် နက်ကျော်၊ မင်းတို့လင်မယားက တောထဲဝင်နေကျဆိုတော့ ကျောက်သွေးရနိုင်မလား၊ ရှာစမ်း၊ ကျောက်သွေးအစစ်ရရင် ငွေနှစ်ဆယ် အစိတ် ပေးဝယ်မတဲ့ဟ”
ငွေနှစ်ဆယ်အစိတ်ဆိုသည်မက်လုံးက ကိုနက်ကျော်ကို
တော်တော်ဖမ်းစားခဲ့ပေသည်။
“ကျောက်သွေးဆိုတော့ တောနက်ထဲက ရေတံခွန်နားများ
ရနိုင်မလားမသိဘူး။ တစ်ရက်တော့ စွန့်စွန့်စားစားသွားရှာကြစို့. လုံးကြည်ရေ၊ကျောက်သွေးရရင် ငါတို့ချမ်းသာပြီဟ၊ မချမ်းသာတောင် အိမ်ကောင်းကောင်းလေးတော့ဆောက်နိုင်မှာပဲ”မလုံးကြည်ကလည်း စိတ်ဝင်စားပါသည်။
“ရှာတာပေါ့တော်။ ဒါနဲ့ ကျောက်သွေးဆိုတာ ဘယ်လိုမျိုးလဲ၊ ရှင်သိလို့လား”
ကျောက်သွေး၊ ကျောက်သွေး၊ ပြောသံသာကြားဖူးသည်။ တစ်ခါမျှလည်း မမြင်ဖူးပါ။ မတွေ့ဖူးပါ။
“ကျောက်ကြိုကျောက်ကြားကထွက်ကျနေတဲ့ …
သွေးလိုအရည်နီနီ … ရဲရဲလို့ပြောတာပဲဟာ၊ စေးပျစ်ပျစ်နဲ့တဲ့၊ ချိုလည်း … သိပ်ချိုတာတဲ့၊ကျောက်ကြားကထွက်ကျနေတဲ့ အနီရည်တွေ့ရင် ကျောက်သွေးပဲပေါ့”
တစ်နေ့တော့.…… ကျောက်သွေးရှာရန်ဆိုသည်ရည်ရွယ်ချက်ဖြင့် မနက်စောစော ဝေလီဝေလင်းမှာပင် တောထဲသို့ ထွက်လာခဲ့ကြလေသည်။သားအမိ၊သားအဖသုံးယောက်စာ ထမင်းထုတ်ကို ပိုပိုမိုမိုထုတ်၍ ကျောက်သွေးရှိမည်ဟုမှန်းဆရသော ရေတံခွန်အထိ ထွက်ခဲ့ကြလေသည်။
ရေတံခွန်က ရိုးမတောင်ခြေမှာရှိသည်။ သွားရသည်လမ်းက မလွယ်ကူ။ ကြမ်းတမ်းသည်။ လမ်းလည်းမှားနိုင်သည်။ လမ်းမှာ တောကောင်အန္တရာယ်လည်း ကြုံတွေ့နိုင်သည်။မည်သို့ဆိုစေ….ငွေနှစ်ဆယ်အစိတ်ဆိုသည် မက်လုံးကြောင့် ကျောက်သွေးကို မရအရရှာရန်ထွက်လာခဲ့လေပြီ။
အမြဲတစေ အေးအေးဆေးဆေး သွားလာလှုပ်ရှားတတ်သော လုံမသည် ထူးခြားစွာပင် ထိုနေ့က တောထဲတွင် သွက်လက်စွာသွားလာ လှုပ်ရှားနေခဲ့ပေသည်။ ခုနစ်နှစ်အရွယ်ရှိပြီမို့ ချီပိုးထိန်းကျောင်းစရာ မလိုတော့။ လုံမသည် တောထဲတွင် ရေတံခွန်ရောက်သည်ထိ ရှေ့မှ ဦးဆောင်သွားခဲ့သည်။
“အဖေနဲ့အမေလမ်းမှားနေပြီး ရေတံခွန်သွားတဲ့လမ်းက
ဒီဖက်ကသွားရမှာ” “ဒီဖက်ကချိုးသွားမှ . ရေတံခွန်နဲ့နီးတာ” “ရေတံခွန်နဲ့ဆန့်ကျင်ဖက်ကိုရောက်နေပြီ၊ ဟောဒီဖက်က လာပါ” စသဖြင့် လမ်းညွှန်ခေါ်ဆောင်သွားခဲ့ရာ မွန်းမတည်မီ ရေတံခွန်ရောက်သွားခဲ့လေသည်။ ကိုနက်ကျော်နှင့်မလုံးကြည်တို့က တစ်ခါမျှမရောက်ဖူးပဲ လမ်းသိနေသည် သမီးလုံမကို အံ့ဩနေကြရသည်။
ရေတံခွန်ရောက်တော့ ထမင်းစားချိန်တန်ပြီမို့
ပါလာသည့် ထမင်းထုတ်ကလေးများကိုဖွင့်ကာ ရေတံခွန်ဘေးတွင် ထမင်းစားကြသည်။ တစ်လမ်းလုံးရွှင်လန်းသွက်လက်လာသည်လုံမသည် ရေတံခွန်အရောက်တွင် သွက်လက်ရွှင်ပျမှုမရှိတော့။ ပတ်ဝန်းကျင်ရှုခင်းကိုကြည့်ကာ မှိုင်တွေငေးငိုင်နေသည်။
မျက်ရည်တွေဝဲနေသည်။
ကိုနက်ကျော်တို့ကတော့ ကျောက်သွေးရှာရန် အားခဲလာသည်မို့ ထမင်းစားပြီးသည်နှင့် ရေတံခွန်အောက်တွင် ကျောက်သွေးရှာကြတော့သည်။
သမီးလေးကို ရေတံခွန်ဘေးက သစ်ပင်ကြီးအောက်တွင် ပုဆိုးပိုင်းကလေး ခင်းပေးခဲ့ပြီး ထိုင်စောင့်ဖို့၊ ဘယ်မှလျှောက်မသွားဖို့ မှာခဲ့ကြသည်။
လုံမသည် မိဘများထားခဲ့သည်နေရာတွင် ထိုင်ကျန်ခဲ့ရင်းမှ ပတ်ဝန်းကျင်ကိုလှည်ပတ် ကြည့်လိုက်လေသည်။အိမ်ကထွက်လာကတည်းက လုံမသည် ဤတောတောင်ရှူခင်း မြင်ကွင်းများကို မြင်ဖူးသိဖူးပြီးသားလိုဖြစ်နေသည်။ …
ဤတောတောင်ထဲတွင်သွားလာခဲ့ဖူးသယောင် ထင်နေမိသည်။ထို့ကြောင့်လည်း လုံမက မိဘများကိုဦးဆောင်ကာ ရေတံခွန်ဆီအရောက် လမ်းပြခေါ်ဆောင်လာနိုင်ခဲ့ ပါသည်။ သူ့အဖြစ်သူလည်းအံ့သြနေမိ၏။ရေတံခွန်ဘေးတွင် ထိုင်ကျန်ခဲ့သောလုံမသည် ပတ်ဝန်းကျင်ရှူ့ ခင်းများကိုကြည့်ရင်းမှ အချို့ကိုမှတ်မိလာပြန်လေသည်။ သူမ၏အမြင်အာရုံထဲဝယ် … အိပ်မက်လိုလို စိတ်ကူးလိုလို တစ်သက်လုံး မြင်ယောင်လာခဲ့သောမြင်ကွင်းများနှင့် ပတ်ဝန်းကျင်အနေအထားများက ထပ်တူညီလျှက်ရှိသောကြောင့်ဖြစ်ပါသည်။
လုံမက သူမရှေ့တွင် တဝေါဝေါစီးကျနေသောရေတံခွန်ကြီးကိုကြည့်ကာ သူမမြင်ယောင်တတ်သောမြင်ကွင်းတစ်ခုကို သတိရလိုက်၏။
ထိုမြင်ကွင်းထဲတွင်…လသာသောညချမ်းတစ်ခုတွင် ဆင်အိုမကြီးသည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ရေတံခွန်ရှိရာသို့ဦးတည်သွားနေသည်ကို လုံမ မြင်နေရသည်။လသာညတွင် ဆင်မကြီးတစ်ကိုယ်တည်းထွက်လာခြင်းမှာ သေဆုံးရန်အတွက် ဆင်သင်္ချိုင်းသို့သွားရောက်နေခြင်းပင်ဖြစ်ပါသည်။ သူမတို့ဆင်များသည် ကွယ်လွန်ခါနီးအချိန်တွင် ဆင်သင်္ချိုင်းသို့ အရောက်သွားရပါသည်။ ဆင်သင်္ချိုင်းတွင် သေဆုံးရပါသည်။ တောထဲမှဆင်တိုင်း မိမိတို့အမျိုးအနွယ်များ၏ ဆင်သင်္ချိုင်းဘယ်နားတွင်ရှိသည်ကိုသိကြပါသည်။
ဆင်မကြီးသည် ရေတံခွန်အောက်တွင်ရှိသော ဆင်သင်္ချိုင်းဆီသို့ ဦးတည်သွားရောက်နေခြင်းဖြစ်ပါသည်။
ဆင်မကြီးသည် ခြေထော့နဲ့ထော့နဲ့ဖြင့်လာခဲ့ရာ…ရေများအားကုန်စီးကျနေသော ရေတံခွန်အောက်ခြေသို့ ရောက်လာပေပြီ။သူမသည် နောက်ဆုံးအနေဖြင့် မျိုးတူအပေါင်းအဖော်ဆင်များ ကျန်ရစ်ခဲ့သည် တောထဲသို့ လှမ်းမျှော်ကြည့်လိုက်သည်။ နှာမောင်းကိုမြှောက်ရင်း ကြေကြေကွဲကွဲအော်လိုက်လေသည်။
ထို့နောက်… ဆင်မကြီးသည် သန်မြန်စွာထိုး ..ကျနေသောရေလုံးထုဘေးမှကွေ့ပတ်ကာ ရေတံခွန်အောက်ရှိလျှိုထဲသို့ဝင်လာခဲ့လေသည်။ထိုနေရာကို စီးကျနေသောရေထုကြီး ကွယ်နေ၍ လူနှင့်အခြားတိရစ္ဆာန်များ မသိရှိကြပါ။
ဆင်မကြီးသည် လျှိုလမ်းကြားအတိုင်း ကွေ့ကာကောက်ကာ တိုးဝင်သွားသည်အခါ နောက်ဆုံး၌ ကျယ်ပြောသောခန်းမကြီးထဲသို့ ရောက်ရှိသွားလေသည်။လုံမသည် ရေတံခွန်ကြီးကိုစိုက်ကြည့်ရင်း ဆင်မကြီးဝင်ရောက် သွားသည်ရေတံခွန်ဖြစ်ကြောင်း ပို၍သေချာလာလေသည်။ရေတံခွန်အောက်ခြေကိုသွားကြည့်ရန်ဆုံးဖြတ်လိုက်လေသည်။
ခန်းမကြီးထဲတွင်တော့… ဆင်သတ္တဝါများ၏ အရိုးများ၊ ဆင်စွယ်များ ပြန့်ကျဲလျှက်ရှိပေသည်။ဆင်မကြီးသည် ဆင်သင်္ချိုင်းခန်းမကြီးထဲတွင် စိတ်ကိုလျှော့ချကာ ကိုယ်ကိုလှဲချလိုက်လေတော့၏။
ထိုမြင်ကွင်းကား လုံမအာရုံထဲတွင် မြင်လာနေကျမြင်ကွင်းများထဲက တစ်ခုပင်ဖြစ်ပါသည်။ သူမမြင်ယောင်လေ့ရှိသော ဆင်မကြီး၏ ဖြစ်ရပ်များထဲတွင် နောက်ဆုံးဖြစ်ရပ်ပင်ဖြစ်ပါသည်။
မိဘများကိုကြည့်လိုက်တော့ အဖေနှင့်အမေသည် တစ်ယောက် တစ်နေရာစီခွဲကာ ကျောက်သွေးရှာနေကြသည်။လုံမက ပုဆိုးပိုင်းလေးခင်းထားသည်နေရာမှထခဲ့ကာ ရေတံခွန်ကြီးဆီသို့ လာခဲ့လေ၏။
ရေတံခွန်အောက်ခြေအရောက်သွားဖို့ဆိုသည်မှာ ..
သာမန်လူအဖို့. အတော်ပင်ခက်ခဲပါသည်။ ရေညှိများဖြင့် ချောကျိနေသောကျောက်တုံးများပေါ်မြှဖတ်သွားရမည်။ ရေတံခွန်အခြေရှိ ရေကိုကျော်လွန် အောင်သွားရဦးမည်မို့ မလွယ်လှပါ။
လုံမကတော့ မြင်ကွင်းထဲတွင် ဆင်မကြီးသွားရာလမ်းကို မြင်ထားသိထားသည်။သူမသည်ကျောက်ဆောင်ကမူများကိုပတ်ကာ ရေတံခွန်ကြီး၏ နောက်ကျောဖက်ဆီလျှောက်လာခဲ့သည်။ ရေတံခွန်နောက်ကျောဆီမှ ကွေ့ဝင်လိုက်လျှင် ရေလုံးထုကြီးနှင့် နောက်ဖက်ကမ္ဘားယံကြားသို့ရောက်သွားလေသည်။
စီးကျနေသောရေထုကြီးမှာ ကြီးမားရလေကား ရေလုံးထုနောက်ဖက်ကမ္ဘားယံ၌ လျှိုကြီးတစ်ခုရှိနေသည်ကို သာမန်မျက်စိဖြင့် မမြင်မတွေ့နိုင်ပေ။
လုံမက ရေတံခွန်တောင်ကြောဘေးမှပတ်၍ဝင်လိုက်သည့်အခါ ခန္ဓာကိုယ်ကိုပင် ရေမစိုပဲ ရေလုံးထုနောက်ဖက်သို့ရောက်သွားလေတော့သည်။
ကြည်လိုက်တော့ သူမမြင်ကွင်းထဲကအတိုင်း လိုဏ်ခေါင်းကြီးဖြစ်နေတာကိုတွေ့ရလေသည်။ လိုဏ်ခေါင်းက အတွင်းဖက်သို့ မြေလမ်းလေးအဖြစ်တိုးဝင်သွားလေသည်။လုံမက လိုဏ်ခေါင်းအောက်ခြေကိုငုံ့ကြည့်လိုက်သည့်အခါမြေပေါ်တွင် အထပ်ထပ်ဖြစ်နေသောဆင်ခြေရာများကိုတွေ့လိုက်ရလေ၏။လုံမသည် … မြေလမ်းလေးအတိုင်း အတွင်းသို့ဝင်လာခဲ့လေသည်။ အတွင်းဖက်တွင် ကွေ့ကာဝိုက်ကာပတ်ကာဖြင့် … ဝင်သွားရသောလမ်းမှာဆင်တစ်ကောင်အတွက်ကျဉ်းကျပ်မည်ဖြစ်သော်လည်း လုံမလိုကလေးတစ်ယောက်အတွက် လွယ်လွယ်ကူကူချောင်ချောင်ချိချိပင်ဖြစ်နေပါသည်။
လိုဏ်ခေါင်းအတွင်းလမ်းမမှာ လုံမမြင်ကွင်းထဲတွင် ဆင်မကြီး ဝင်သွားသည့်အတိုင်းဖြစ်နေတာကိုတွေ့ရလေသည်။လမ်းအဆုံးတွင်တော့ လုံမသည် ကျယ်ပြောမြင့်မားသောခန်းမကျယ်ကြီးထဲသို့ခြေချလိုက်မိတော့သည်။ခန်းမကြီးထဲသို့ရောက်သည်ဆိုလျှင်ပင် ခန်းမနှင့်အပြည့် ပြန့်ကျဲ နေသည် ဆင်အရိုးများကို တောင်ပုံယာပုံတွေ့ရလေတော့သည်။
ဆင်သင်္ချိုင်းကြီးပါတကား။အချို့ မကြာသေးမိကသေဆုံးထားသောဆင်များကား ကိုယ်ထည်ပင်မပျက်သေးပဲ ဆွေးမြေ့ပုတ်ရှိနေကြသည်။ဆင်ထီးကြီးများ၏ဆင်စွယ်များကလည်း အရိုးပုံများထဲတွင် ထိုးထိုးထောင်ထောင် ထိုးထွက်နေကြလေသည်။
လုံမသည် ဆင်သင်္ချိုင်းမြင်ကွင်းကိုကြည့်၍ မျက်ရည်များစီးကျလာလေသည်။ ဝမ်းပန်းတနည်းကြိုက်ငိုနေမိသေးသည်။ထို့နောက်… မျက်ရည်များသုတ်ကာ အနီးဆုံးအရိုးပုံထဲမှ ဆင်စွယ်ကြီးတစ်ချောင်းကို ကောက်ယူလိုက်လေသည်။ကိုနက်ကျော်နှင့်မလုံးကြည်သည် ကျောက်သွေးကိုတွေ့နိုးနိုးဖြင့် လင်မယားနှစ်ယောက်ကျောက်ကြိုကျောက်ကြားမကျန် အနံ့ရှာကြသည်။ လုံမကိုလည်း ရေတံခွန်စီးကျရာ စမ်းချောင်းနဘေးတွင် မြင်တွေ့နေရသည်ထိုအခါမှပင် နှစ်ယောက်သား မျက်လုံးမျက်ဆံပြူးကာ စိုးရိမ်ထိတ်လန့်သွားကြလေတော့၏။သူတို့ထားခဲ့သည်နေရာတွင် သမီးလေးလုံမမရှိတော့။ ပုဆိုးပိုင်းကလေးကိုသာ ခင်းရက်သားတွေ့ရသည်။
“လုံမရေး” လုံမ သမီးရေ…”
ကိုနက်ကျော်နှင့်မလုံးကြည်တို့ သမီးကိုတကြော်ကြော်ဟစ်အော်ခေါ်ရင်း ရှာကြရပြန်သည်။
တော်တော်ကြာကြာရှာလို့ ကျောက်သွေးအစအနပင်မတွေ့ကြတော့ လင်မယားနှစ်ယောက်လူခွဲ၍ရှာကြပြန်သည်။ ရေတံခွန်စီးကျရာ ကျောက်လွှာကျောက်ချပ်များကြားတက်ကာ ရှာကြခြင်းဖြစ်၏။ ကျောက်သွေးဆို၍ အနီရောင်အစက်အပြောက်ကလေးပင် မတွေ့ကြပါ။နေကျသွားချိန်တွင် လင်မယားနှစ်ယောက်ပြန်ဆုံကာ စိတ်ပျက်လက်ပျက်ဖြင့် သမီးလေးကိုထားခဲ့သည်နေရာသို့ပြန်လာကြလေသည်။ဘယ်လိုရှာရှာ လုံမကို အစအနမျှပင်မတွေ့ရပါ။ ပြန်ထူးသံလည်း မကြားရပါ။
မလုံးကြည်ကတော့ ငိုပင်ငိုနေလေပြီ။
လုံမဘယ်အချိန်က ပျောက်သွားမှန်းလည်း သူတို့မသိ။ ယခု ရှာနေကြတာပင် နာရီဝက်ကျော်နေပါပြီ။
တော်တော်နှင့်ရှာမတွေ့။ရေတံခွန်ကြီးမှစီးကျနေသော ရေသံတဝေါဝေါကြားတွင် သူတို့အော်ခေါ်သံများက တိုးဝင်ပျောက်ကွယ်သွားကြသည်။ နှစ်ယောက်သား ချောင်းတလျှောက် လူခွဲပြီး လိုက်ရှာရပြန်သည်။ တစ်ယောက်ကိုတစ်ယောက် မမြင်ရလောက်အောင်လည်း လူချင်းမခွဲရဲ။ သူတို့ချင်းပါပြန် မတွေ့ရမှာစိုးရိမ်ရ၍ဖြစ်သည်။
ထိုစဉ်မှာပင်… လုံမသည် မည်သည့်နေရာမှထွက်လာမှန်းမသိ.လက်ထဲတွင် ကြီးမားရှည်လျားသောအရာ ကိုကိုင်ကာ ပြန်ရောက်လာလေသည်။
“ကျွန်မပြန်လာပါပြီအဖေနဲ့အမေ”
လုံမပုံသဏ္ဍာန်က ပင်ပန်းနွမ်းနယ်ဟန်လည်းမရှိ။ အိမ်လည်ရာမှ ပြန်လာသလို အေးအေးဆေးဆေးပင်ရှိနေသည်။
“သမီး၊ အမလေး… လုံမလေးရယ်၊ အမေတို့ဖြင့် စိတ်ပူလိုက်ရတာ၊ ဘယ်သွားနေတာလဲ”
“ကျွန်မ အမေတို့အတွက် ဟောဒီဥစ္စာကိုသွားယူတာပါ၊ ရော့- အဖေ”
လုံမက သူ့လက်ထဲမှ ရှည်လျား၍ အဖျားသွယ်သွားသော အဖြူရောင်အချောင်းကြီးကို ဖခင်ဖြစ်သူအား အပ်လိုက်သည်။
“ဟာ- ဆင်စွယ်ကြီးပါလား၊ ဆင်စွယ်၊ ဒီဆင်စွယ်ကို သမီး ဘယ်ကတွေ့ခဲ့တာလဲလုံမ..”
“ကျွန်မတွေ့လို့ယူလာခဲ့တာပါအဖေ”
“ဘယ်ကတွေ့တာလဲ”
“အို မသိဘူး။ ကျွန်မမပြောတတ်ဘူး”
ကိုနက်ကျော်က ဆင်စွယ်ကြီးကိုပိုက်ရင်း ရင်တွေတုန်နေသည်။ ဆင်စွယ်က သုံးပေခန့်ရှည်လျားကာ ဖြူဖွေးပြီး ပြောင်လက်ချောမွေ့နေသည်။
“ဒီတောထဲမှာ အဖေတို့ရှာတဲ့ ကျောက်သွေးဆိုတာ မရှိဘူး အဖေ၊ ရှာမနေပါနဲ့တော့၊ ဒါကိုယူပြီး ကျွန်မတို့ပြန်ကြရအောင်”
“သမီးတွေ့ခဲ့တဲ့နေရာမှာ နောက်ထပ်ဒါမျိုးတွေရှိသေးလား”
လုံမက ကိုနက်ကျော်ကိုစူးစူးရဲရဲကြည်လိုက်သည်။
“ကျွန်မတို့ပြန်ကြရအောင်ပါအဖေ”
ပြန်စကားကိုပဲပြောနေသည်။
“ဟုတ်ပါတယ်ကိုနက်ကျော်ရယ်။ ကလေးက မပြောချင်တာတွေ မေးမနေပါနဲ့တော့”
လုံမက ဘာမျှမပြောတော့ပဲ ရှေ့ကထွက်သွားသည်။
မိခင်နှင့်ဖခင်မှာ လုံမနောက်ကလိုက်ခဲ့ရလေသည်။
“လုံမ… အဖေတို့လာတာ ဒီလမ်းမဟုတ်ဘူးလေ၊
လမ်းလွဲနေပြီ”
“ကျွန်မနောက်ကလိုက်ခဲ့ပါ၊ ရွာကိုမြန်မြန်ရောက်တဲ့လမ်းကို ကျွန်မသိတယ်”
ကိုနက်ကျော်နှင့်မလုံးကြည်သည် တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ပါသောမျက်လုံးများနှင့်မကြာခဏကြည်ကာ လုံမနောက်မှ တိတ်ဆိတ်စွာပါလာခဲ့လေသည်။လုံမစကားမှာ မှန်လှလေ၏။ အလာတုံးကအချိန်၏ ထက်ဝက်လောက်နှင့်ပင်ရွာလမ်းကိုရောက်လေသည်။ဒီလမ်းဒီခရီးတွေကို အသက်၇နှစ်အရွယ်လုံမသည် အကြိမ်ကြိမ်အခါခါသွားလာဖူးသည်သဖွယ် ကျွမ်းကျင်နေပါကလား။
တောထဲမှမထွက်မီ တောစပ်အရောက်တွင် လုံမသည်
အတန်ကြာရပ်ရင်း တောထဲသို့စိုက်ကြည့်နေပေ၏။ သက်ပြင်းကိုလည်း လေးတွဲစွာချသည်။ မျက်ရည်များလည်းကျလာသည်။ ပြီးတော့မှ… ချာကနဲလှည့်ကာ ရွာဖက်ဆီသို့ခြေဦးတည်ခဲ့လေသည်။ကိုနက်ကျော်တို့လင်မယားမှာ တွေ့ကြုံရသမျှအတွက် အံ့ဩမင်တက်ရင်း သမီးနောက်မှလိုက်ပါခဲ့ကြရလေ၏။
ရွာပြန်ရောက်ရောက်ချင်း..ကိုနက်ကျော်က ဆင်စွယ်ကြီးကိုပိုက်ကာ ရွာဦးကျောင်းဘုန်းကြီးဆီသွားပြသည်။ အဖြစ်အပျက်ကိုလည်း ပြောပြလိုက်သည်။ တစ်ရွာလုံးကိုလည်း ကိုနက်ကျော်တို့လင်မယား ဆင်စွယ်ရလာသည် သတင်းပျံ့နှံ့သွားလေသည်။
“ဆင်စွယ်ဆိုတာ ကျောက်သွေးထက်အများကြီးတန်ဖိုးရှိတာပေါ့၊ နက်ကျော်တို့တော့ သူဌေးဖြစ်ပြီ”…ဟုပြောကြသည်။ဘုန်းကြီးကတော့…
“ဆင်စွယ်ကိုမြို့ တက်ရောင်းမယ်။ မန္တလေးထိတက်ရောင်းမယ်။ ငါကိုယ်တိုင်လိုက်ပို့ပေးမယ်၊ ဆင်စွယ်ရလာတဲ့သတင်းကို လူတကာသိအောင်လျှောက်ပြောမနေနဲ့တော့၊ မင်းတို့တဲအိမ်လေးထဲမှာလည်းဒီဆင်စွယ်သိမ်းမထားနဲ့၊ သူခိုးသူဝှက်အန္တရာယ်ရှိတယ်။ ငါ့ကျောင်းမှာ ထားခဲ့၊ တစ်ရက်နှစ်ရက်အတွင်း မြို့တက်ဖို့ပြင်ပေတော့”…ဟုမိန့်ကြားလိုက်သည်။
ကိုနက်ကျော်တို့ဆင်စွယ်ရလာမှန်းသိ၍ လူများက ဆင်စွယ် ဘယ်နားကရလာသလဲလာမေးကြသည်။ ကိုနက်ကျော်နှင့်မလုံးကြည်က ရေတံခွန်အနီးမှ လုံမယူလာခဲ့ကြောင်း ရိုးရိုးသားသားပင်ပြောပြကြသည်။ လုံမကိုလည်း ချော့မော့ကာ၊ မုန့်များကျွေးကာ၊ အဝတ်အစားများဝယ်ပေးကာ၊ ဆင်စွယ်ဘယ်နေရာကယူလာသလဲမေးကြသည်။ လုံမက တစ်ခွန်းတစ်ပါ မျှပြန် မပြောခဲ့ချေ။လောဘသားတို့သည် ရေတံခွန်နားမှာပင် ဆင်စွယ်များရှိနိုင်သည်ဟုယူဆကာ ရေတံခွန်ဆီသို့ အုပ်စုဖွဲ့သွားကြလေသည်။
ရွာနီးချုပ်စပ်မှသတင်းကြားသူများလည်း ရေတံခွန်ဆီ ဆင်စွယ်အရှာထွက်ကြလေ၏။ သူတို့အထင်က ထိုနေရာတွင် ဆင်သင်္ချိုင်းရှိမည်ဟု ယုံကြည် ယူဆကြခြင်းပင်ဖြစ်လေသည်။သို့သော်… ဆင်စွယ်အရှာထွက်သူတိုင်း ရေတံခွန်ဆီမရောက်ကြ။ လမ်းမှာပင် မျက်စိလည်ပြီးပြန်လာကြသည်။ ရေတံခွန်ဆီရောက်သွားကြသူများကလည်း မြေလှန်ရှာသည်တိုင် ဆင်စွယ်နှင့်တူတာဆိုလို့မတွေ့ကြ။ သတင်းကြားဖြင့် မြို့မှလာသောဆင်သင်္ချိုင်းရှာသည်အဖွဲ့ဆိုလျှင် လက်နက်ကိရိယာအစုံဖြင့် ရောက်လာကြသည်။ ထိုအဖွဲ့သည် ရေတံခွန်ဆီသို့ရောက်သွားသည်။ သို့သော်…
ဆင်ရိုင်းအုပ်စုနှင့်တွေ့ကာ ဆင်ရိုင်းများလိုက်သော
ကြောင့် သေပြေးရှင်ပြေး ပြန်ပြေးခဲ့ရသည်ဟုဆိုသည်။ အဖွဲ့ထဲမှနှစ်ယောက်မှာ ဆင်နင်းခံရ၍သေကျန်ခဲ့သည်။ တစ်ယောက်ကတော့ ဆင်ပြောင်ကြီး၏အစွယ်ကြားတွင် ပါသွားခဲ့လေသည်။ ထိုသတင်းများကို လုံမကြားတော့ ပြုံးနေလေသည်။
ဘုန်းကြီးအစီအစဉ်ဖြင့် နောက်တစ်ပတ်အကြာတွင် ဘုန်းကြီး ကိုယ်တိုင်ဦးဆောင်ကာ ကိုနက်ကျော်ကိုခေါ်၍ ဆင်စွယ်ရောင်းရန် မန္တလေးအထိတက်သွားကြလေသည်။ ဆင်စွယ်ကိုတော့ ဆင်စွယ်မှန်းမသိအောင် ထုတ်ပိုးသိမ်းဆည်းသွားကြလေ၏။
ကိုနက်ကျော် မန္တလေးတက်သွားသည်ရက်များတွင် မလုံးကြည်တစ်ယောက် ရင်တမမဖြင့် မျှော်နေရလေသည်။ ဘုန်းကြီးပါသည်ဆိုသော်ငြား… လမ်းမှာ လူဆိုးဓားပြနှင့်တွေ့မှာကို စိုးရိမ်ပူပန်မိသည်။
ကိုနက်ကျော်တို့ခရီးထွက်သွားသည်မှာ အသွားအပြန်
ရက်ပေါင်းနှစ်ဆယ်ကြာခဲ့လေသည်။ ရက်နှစ်ဆယ်ကြာပြီး ကိုနက်ကျော် ရွာပြန်ရောက်လာမှပင် မလုံးကြည်စိတ်အေးရတော့သည်။
ဆင်စွယ်ကြီးကို ငွေကျပ်တစ်ထောင်ဖြင့် ရောင်းလို့ရလာခဲ့ပါသည်။ လက်ထဲမှာ ငွေတစ်ကျပ်ပြည့်အောင်ပင်မကိုင်ခဲ့ဖူးသော ကိုနက်ကျော်တို့အဖို့ငွေတစ်ထောင်မှာ များလှလေသည်။ ပြီးတော့… မုန်တောရွာမှာ ငွေတစ်ထောင်ချမ်းသာသူမရှိပါ။ ကိုနက်ကျော်တို့
လင်မယားသည် ဆင်စွယ်တန်ခိုးကြောင့်ရွာမှာအချမ်းသာဆုံးလူများဖြစ်သွားကြလေတော့သည်။
ကိုနက်ကျော်ကလည်း မန္တလေးအထိ သူရောက်ပေါက်ခဲ့သော ခရီးစဉ်အကြောင်းကို ပြောလို့မဆုံးတော့ပေ။
“မန္တလေးဆိုတာ ဒီကနေ တော်တော်သွားရတာကိုးဟ လမ်းမှာတွင် လေးရက်ကြာသွားတယ်ဟေ့၊ တို့ရွာကနေ မြို့အထိသာခြေလျင်တစ်လှည့် လှည်းကြမ်းတစ်လှည့်နဲ့သွားရတာဟေ့၊ မြို့ဟိုဖက်ရောက်တော့ မော်တော်ကားနဲ့သွားရတာကလား၊မော်တော်ကားများဖြင့် အံ့ဩစရာကွယ်ရို့၊ဘယ်တိရစ္ဆာန်မှဆွဲစရာမလိုပဲပြေးတာဟ၊ မြန်သလား မမေးနဲ့၊ တို့ရွာမှာတော့… လူထဲမှာ ငါပထမဆုံးမော်တော်ကားစီးဖူးတာပဲပေါ့”
မှန်သည်။ မော်တော်ကားဆိုသည်ယာဉ် ရှိနေပြီဖြစ်ကြောင်း ကြားသိကြသော်လည်း မုန်တောလို ရိုးမတောင်ခြေကရွာငယ်လေးမှ လူများသည်မော်တော်ကားကို မြင်တောင်မမြင်ဖူးကြသေးပါ။ ဘယ်လို .. ပုံသဏ္ဍာန်ရှိမှန်းလည်း မသိ။ ကိုနက်ကျော်က သူ့အတွေ့အကြုံတွေကိုပြောပြတောရွာကလူတွေကကိုနက်ကျော်ကို အထင်ကြီးကြသည်။
ကိုနက်ကျော်ပြောသည့်အတိုင်း … ကိုနက်ကျော်သည်… ရွာကလူတွေထဲမှာ ပထမဆုံး မော်တော်ကားစီးဖူးသူဖြစ်လေသည်။ ဘုန်းကြီးကတော့တစ်နှစ်တစ်ခါလောက် မြို့အရပ်ကိုကြွနေကြမို့ မော်တော်ကား စီးဖူးတာကြာပါပြီ။ ဒါ့ကြောင့်…ကိုနက်ကျော်က သူ့ကိုယ်သူ ”လူထဲမှာ ပထမဆုံးမော်တော်ကားစီးဖူးသူ”အဖြစ် ကြွားဝါခြင်းဖြစ်သည်။
“ပြောရဦးမယ်၊ အင်္ဂလိပ်တွေတော်ချက်၊ . လောကဓာတ်ပညာနဲ့ဆောက်ထားတဲ့တံတားကြီးများ… ဧရာဝတီမြစ်ဆိုတာနည်းတဲ့မြစ်ကြီး မဟုတ်ဘူးနော်၊ အကျယ်ကြီးရယ်၊ အယ်… အဲဒါကို တံတားရအောင် ဆောက်သဗျ၊ တံတားပေါ်မှာမော်တော်ကားလည်းမောင်းလို့ရတယ်၊ မီးရထားလည်းသွားလို့ရတယ်၊ မီးရထားဆိုတာလည်း မြင်တော့မြင်ဖူးခဲ့ပါ
တယ်၊ အခွင့်မကြုံလို့ မစီးခဲ့ရဘူး၊ အရှည်ကြီးရယ်”
ကိုနက်ကျော်၏အတွေ့အကြုံများက ရင်သတ်ရှုမောဖွယ်ပင်။ စစ်ကိုင်းတံတားခေါ်အင်းဝတံတားကြီးကို ခရစ်၁၉၃၄ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ရာ ကိုနက်ကျော်သွားရောက်ချိန်တွင် တံတားဖွင့်လှစ်သည်မှာ တစ်နှစ်ခန့်မျှသာရှိသေး၏။
“အဲဒီဖက်မှာ ဘုရားတွေ စေတီတွေဆိုတာကလည်း ပေါသကိုးဗျ၊ ကျုပ်မှာ ကားပေါ်ကနေ ဘုရားတွေ့တိုင်း ဦးချလို့မဆုံးဘူး၊ စစ်ကိုင်းမြို့ကိုအရင်ဖြတ်ရတာလေ၊ စစ်ကိုင်းကမှ အခုနကပြောတဲ့ အင်းဝတံတားဆိုတာကြီးပေါ်ကနေ မော်တော်ကားနဲ့တစ်ဖက်ကမ်းကူးရတာကော၊ စစ်ကိုင်းမှာဘုရားတွေပေါပေမယ့် … ဆရာတော်က မဖူးနဲ့ဦး၊ အပြန်ဖူးတဲ့၊ ဆင်စွယ်ရောင်းဖို့က အရေးကြီးတာကိုး၊ ဆင်စွယ်လည်းရောင်းပြီးရော၊ ဖူးလိုက်ရတဲ့ဘုရားတွေ”
“မန္တလေးမှာက တန်ခိုးကြီးဘုရားတွေအများကြီးကိုး၊ ကွယ်… မင်းတို့ကို မဟာမြတ်မုနိဘုရားကြီး ဖူးဘူးစေချင်တယ်။ တယ်ကြည်ညိုစရာကောင်းသကိုး၊ အပြန်ကျ စစ်ကိုင်းဖက်ဝင် စစ်ကိုင်းတောင်ပေါ်က ဘုရားတွေဖူးဪ…. စစ်ကိုင်းတောင်ဆိုတာ သူတော်ကောင်းတွေနေတဲ့နေရာပေကိုး၊ ဘုရားတွေဖူးရတိုင်း ဒါ…ငါ့သမီးလေးလုံမကျေးဇူးဆိုပြီး အောက်မေ့မိတယ်၊ လုံမရော….လုံးကြည်ရော… မဟာမြတ်မုနိဘုရားကြီးဖူးရအောင် မန္တလေးတစ်ခေါက်တော့ လိုက်ပို့ဦးမဟေ့၊ ခုဆို… ငါတို့ မှာ ငွေကြေးပူစရာမှ မလိုတော့တာ”
ကိုနက်ကျော်က အားရပါးရပြောပြနေသည်။
မှန်ပါသည်။ .. ကိုနက်ကျော်တို့မှာ မပူမပင်သုံးလောက်စရာ ငွေကြေးအပြည်အစုံရှိခဲ့ပြီ။ ဒါပေမယ့်… ပိုက်ဆံရှိနေပြီဆိုပြီး အလုပ်မလုပ်ပဲနေလို့တော့ မဖြစ်။ အလုပ်လုပ်မြှဖစ်မည်။ အရင်လိုတော့ တောထဲသွားထင်းခွေစရာမလိုတော့ပါ။သည်လိုဆိုလျှင် … ဘာလုပ်မည်နည်း။… ထင်းခွေစရာမလိုပေမယ့် .. ထင်းခွေစဉ်ကဆက်စပ်နေသည်လုပ်ငန်းဖြစ်သော မီးသွေးလုပ်ငန်းရှိသည်။မီးသွေးလုပ်ငန်းကို ကိုနက်ကျော်နားလည်ပြီးဖြစ်သည်။ အရင်းအနှီးရှိပြီဆိုတော့ မီးသွေးဖိုလုပ်သည်လိုနှင့်… တစ်ချိန်က မုန်တောရွာမှာ အဆင်းရဲဆုံးဖြစ်ခဲ့သော ကိုနက်ကျော်ခု မဆင်းရဲတော့ပါဘူး”
အားလုံးက ဆင်စွယ်ကြောင့်ဖြစ်လာရတဲ့ နောက်ဆက်တွဲများဖြစ်သည်။ဆင်စွယ်ကို ဘယ်ကနေ ဘယ်လိုယူလာမှန်းမသိ။ ယူလာသူက လုံမ။သည်တွင်… လုံမမမွေးခင်ကြုံခဲ့ရသည့် တောထဲကဆင်လိုက်လာတယ်လို့ထင်ခဲ့တဲ့ မလုံးကြည်၏အထင်အမြင်၊ ထိုညတွင် ကိုနက်ကျော် မက်ခဲ့သည် အိပ်မက်များက ပြန်ပြောစရာအဖြစ်များဖြစ်လာရလေသည်။
လုံမကို ဆင်စွယ်ဘယ်လိုရလာသလဲ၊ ဘယ်နေရာတွေ့လာသလဲဆိုတာတော့ ဘယ်အခါမှမေးလို့မရတော့ပါ။ မေးကြည်လိုက်တိုင်း မျက်စောင်းကြီးထိုးပြီးကြည့်နေသည်။ နှုတ်ခမ်းစူစိတ်ကောက်ကာ အိမ်ထဲဝင်သွားတတ်သည်။
“မမေးပါနဲ့ကိုနက်ကျော်၊ မမေးပါနဲ့တော့ရှင်၊ လုံမဟာ ဆင်ဘဝကလာတယ်ဆိုတာ ကျုပ်တို့သိပြီးသားပဲဟာ၊ ကျုပ်တို့အတွက် ရသင့်တာဒါလောက်ပဲဖြစ်မှာပါ။ ခုလည်း ကျုပ်တို့ချမ်းသာနေပြီပဲ၊ သမီးလေး စိတ်ဆင်းရဲအောင် မမေးပါနဲ့တော့ကိုနက်ကျော်ရယ်”
“အေးပါဟာ၊ ငါကလည်း နောက်ထပ်လိုချင်လို့မေးတာမဟုတ်ပါဘူး။ အဖေဆိုတော့ ပြောမလားလို့ပါဟာ၊ ငါ့သမီးမကြိုက်ရင် ငါမမေးတော့ပါဘူး။သည်လိုနှင့်… လုံမကလေးကို ဆင်ဘဝမှလာသူ၊ ဆင်ဝင်စားအဖြစ် တစ်ရွာလုံးကယုံကြည်လိုက်ကြလေတော့သည်။ယခုဆိုလျှင် လုံမအသက်ပင် ၁၆နှစ်ပြည့်ခဲ့ပေပြီ။လုံးကြည်မှာလည်း… မီးသွေးဖိုပိုင်ရှင် ကြေးရေတတ်များဖြစ်နေပြီ။ အလုပ်သမားဆယ်ယောက်ခန့်ထားပြီး တာဝန်ယူထားနိုင်လေသည်။
ယခင်ကတဲကလေးနေရာတွင်လည်း နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးနှင့် ထည်ထည်ဝါဝါနေနိုင်ပါပြီ။သို့သော်… ဒေါ်လုံးကြည်မှာ သမီးလေးလုံမအတွက်
ရတက်မအေးနိုင်ဖြစ်နေရပေသည်။လုံမသည် ရွာထဲမှရွယ်တူမိန်းမငယ်များနှင့်လည်း မပေါင်း။ စကားလည်း ဟဟမပြော။ ဘယ်သူနဲ့မှအရောမဝင်။ မိဘများနဲ့ပင် ရောရောဝင်ဝင်စကားမပြောပဲ တစ်ကိုယ်တည်း ဘာသိဘာသာနေတတ်ပေသည်။ အစဉ်သဖြင့် ငိုင်တွေနေတတ်သည်။လွမ်းစေတီဆီသွားကာ တောနက်ထဲကို မျှော်ငေးနေတတ်သည်။
ဒေါ်လုံးကြည်စိုးရိမ်လာသည်။ကိုနက်ကျော်ရယ်… သမီးက နေ့ရှိသရွေ့တောထဲမျှော်ကြည်ပြီး ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်တော့ သူ့ချည်းသီးခြား ဖြစ်နေတာကိုစိတ်ထဲမှာတစ်မျိုးပဲ၊ သမီးလေးစိတ်ပြောင်းသွားအောင် တော် ကျုပ်တို့သားအမိကို မန္တလေးဘုရားဖူးလိုက်ပို့ပါလားတော်။
“ဆင်စွယ်ရောင်းပြီးကတည်းက မဟာမြတ်မုနိဘုရာကြီးဖူးဖို့ လိုက်ပို့မယ်လို့ တော်ကတိပေးထားတာလေ၊ ခုဆို လုံမအသက်တောင် ၁၆နှစ်ရှိနေပြီတော့၊ တော်ကတိ တော်မေ့ပြီလား”
“မမေ့ပါဘူးလုံးကြည်ရယ်၊ အလုပ်ထဲစိတ်ရောက်ပြီး.. စိတ်မအား လူမအားဖြစ်နေလို့ပါ၊ တို့မိသားတစ်စုလုံး တစ်နေရာရာသွားရင် တို့လုပ်ငန်းကြီးကို ဘယ်လိုထားခဲ့ရပါ့မလဲတွေးပြီး စိတ်မချဖြစ်ဖြစ်နေလို့ပါ။ အလုပ်သမားတွေကလည်းရှိသေးတယ်မဟုတ်လား။ အေးဟာ… ဟုတ်ပါရဲ့၊ နင်တို့ကိုဘုရားဖူးပို့ဦးမှပါ၊ အလုပ်က ဘယ်အချိန်လုပ်လုပ်ဖြစ်တယ်၊ အလုပ်လောဘတက်မနေတော့ပါဘူး”
“အလုပ်ကိုပိတ်ခဲ့၊ အလုပ်သမားတွေကိုတော့ … အဲဒီရက်တွေအတွက် .. လုပ်ခရှင်းပေးလိုက်ပေါ့တော်၊ ဘုရားဖူးသွားပြီး ကုသိုလ်ယူမယ့်ဟာ၊ကိုယ့်အလုပ်သမားတွေလည်း အလုပ်နားရင်း လုပ်ခလေးရပါစေ၊ ဒါလည်းကုသိုလ်ပေါ့”
“ဟုတ်ပါတယ်၊ ဒါဖြင့် နွေပေါက်တာနဲ့ ငါတို့ ဘုရားဖူးထွက်နိုင်အောင် ခုကတည်းက ပြင်ဆင်ပေတော့လုံးကြည်”
အဖေနှင့်အမေက သူမ၏နောင်ရေးအတွက် ပြောဆိုဆွေးနွေးနေစဉ်တွင် လုံမသည် သူမ၏အခန်းလေးထဲဝင်ကာ တစ်ကိုယ်တည်း တွေးမိတွေးရာတွေးနေလေသည်။ညအမှောင်ရောက်ပြီမို့ လရောင်က ပြတင်းပေါက်မှထိုးကာ လုံမအခန်းထဲသို့ကလုံမအတွေးများက ထုံးစံအတိုင်းတောနက်ကြီးထဲသို့ ရောက်ရှိသွားပြန်လေသည်။ပကတိလရောင်နှင့် လုံမအတွေးများရောယှက်ကာ တစ်ချိန်က လသာညချမ်းတွင် ဆင်နှစ်ကောင်ပျော်မြူးနေပုံများ မျက်စိထဲမြင်ယောင်လာလေသည်။
စွယ်စုံဆင်ထီးကြီးက စမ်းချောင်းထဲမှရေများကို နှာမောင်းဖြင့် စုပ်ယူကာ ဆင်မကြီးကိုပက်လျက်ရှိသည်။ လသာသောညချမ်းအခါတွင် သဲသောင်ပြင်ဖွေးဖွေးပေါ်သို့ လရောင်ဖျန်းကျနေရာ သဲပွင့်များက လရောင်အောက်တွင် ပျိုးပျိုးပြက်ပြက်လက်နေသည်။ စမ်းချောင်းရေကြည်ကြည်ထဲတွင်လည်း လရိပ်က ထိုးကျနေ၏။ဆင်မကြီးက ကမ်းပါးသဲသောင်ပေါ်သို့တက်ပြေးသည့်အခါတွင် ဆင်ထီးကြီးက နောက်မှပြေးလိုက်သွား၏။ဆင်မောင်နှံနှစ်ဖော် လသာညတွင် ချစ်ကြည်စယ်နေကြသည် မြင်ကွင်းပင်ဖြစ်ပါသည်။သည်လိုမြင်ကွင်းမျိုးကို မြင်ယောင်လာရတိုင်း လုံမရင်မှာ ကြည် နူးရပါသည်။
သို့သော်….. တစ်ချိန်တွင် ဆင်ထီးကြီးက ဆင်မကြီးကိုစွန့်ခွာ ထွက်ပြေးသွားသည်ကို သတိရလိုက်သည့်အခါတွင်တော့ ကြည်နူးနေသောစိတ်များ ပျောက်ကွယ်သွားရပြန်လေသည်။ မှန်ပါသည်။ ထိုကဲ့သို့ မောင်နှံတွဲ၍ကြည်နူးနေကြသည့်ကြားမှ ဆင်ထီးကြီးသည် တစ်နေ့သောအခါတွင်ပြန်မလာပဲ ပျောက်သွားခဲ့လေသည်။ ထိုအဖြစ်ကိုသိနေသော လုံမစိတ်တွင် ဆင်ထီးကြီးကိုစိတ်နာနေမိလေ၏။
တစ်ခုသောမနက်ခင်းတွင်… ဆင်ထီးကြီးက အစာရှာသွားဦးမည်၊ .. စောင့်နေပါဟုပြောကာ အစာရေစာပေါများသောနေရာသို့ ထွက်ခွာသွားခဲ့လေသည်။ ဆင်မကြီးသည် ထားခဲ့သောနေရာမှ တစ်ဖဝါးမခွာပဲ ဆင်ထီးကြီးပြန်အလာကို စောင့်မျှော်နေခဲ့ပါသည်။
ဆင်ထီးကြီးသွားရာနောက်သို့ ဆင်မကြီးလိုက်မသွားသည်မှာ အကြောင်းရှိပါသည်။
ဆင်မကြီးတွင်ကိုယ်ဝန်ရှိနေသောကြောင့်ဖြစ်သည်။ ကိုယ်ဝန်အရင့်အမာနှင့်မို့ ပင်ပန်းမှာစိုးပြီး ဆင်ထီးကြီးကလည်း မလိုက်စေလို ဆင်မကြီးကိုယ်ဝန်
ဆောင်ကတည်းက ဆင်ထီးကြီးကပင် အစာရေစာများ ရှာဖွေကျွေးမွေးနေခြင်းဖြစ်ပါသည်။ဆင်မကြီးသည် ယခင်နေ့များကလိုပင် ချစ်လင်စွယ်စုံဆင်ကြီး
ပြန်အလာကို ထားရာနေရာမှ တစ်ဖဝါးမခွာပဲ စောင့်မျှော်နေခဲ့သည်။
သို့သော်…. ဆင်ကြီးပြန်မလာပါ။ဆင်မကြီးသည် ဆာလောင်မွတ်သိပ်သည်ကိုသည်းခံကာ ဆင်ကြီးပြန်အလာလမ်းကို မျှော်ငေးနေခဲ့သည်။ညမိုးချုပ်ထိတိုင် ဆင်ကြီးပြန်မလာခဲ့။နောက်တစ်နေ့တွင်လည်း ပြန်ရောက်မလာခဲ့။နောက်နေ့ နောက်နေ့များတွင်လည်း… ဆင်ကြီးကား ပြန်ပေါ်မလာတော့ပါ။ဆင်မကြီးသည် ဆင်ကြီး သူမကိုစွန့်ခွာသွားလေပြီဟု မှတ်ယူလိုက်လေသည်။ အခြားသော ဆင်ပျိုမတစ်ကောင်နှင့်ပေါင်းသင်းနေပြီဟု ယုံမှတ်လိုက်လေသည်။ကိုယ်ဝန်ဆောင်ထားရချိန်ကျမှ စွန့်ခွာသွားရက်သော ဆင်ကြီးကိုလည်း စိတ်နာမိလေ၏။
ထိုအချိန်မှစ၍… ဆင်မကြီးသည် ကိုယ်ဝန်ဆောင်ကြီးဖြင့် ကိုယ့်ဝမ်းစာကိုယ် ရှာဖွေစားသောက်ခဲ့ရလေသည်။ ဆင်ကြီးကား မျှော်သော်လည်းပေါ်မလာတော့။ ဆင်မကြီး၏နာကျည်းစိတ်မှာလည်း ပိုပိုတိုးလာရလေသည်။ကိုယ်ဝန်ဆောင်ဆင်မကြီးကို အခြားသောဆင်အုပ်တစ်ခုကတွေ့သွားကာ သူတို့နှင့်အတူနေစေပြီး စောင့်ရှောက်ထားခဲ့ပေသည်။ တောရိုင်းသတ္တဝါပင်ဖြစ်သော်ငြား မျိုးတူချင်းရိုင်းပင်းကူညီသည်မေတ္တာစိတ်များပင်ဖြစ်သည်။ဆင်မကြီးသည် ကိုယ်ဝန်ဆောင်လစေ့သောအခါ ဆင်ကလေးတစ်ကောင်ကိုမွေးဖွားခဲ့လေသည်။ ဆင်ကလေးက အထီးလေးဖြစ်သည်။
ဆင်ကလေးမှာ အလွန်ပင်လှပလေသည်။ ဦးကင်းထိပ်တွင် လက်တစ်ဝါးစာခန့်ကွက်၍ အမွေးဖြူဖြူများပေါက်နေသည်။ဆင်မကြီးသည် ဆင်ရိုင်းအုပ်နှင့်အတူနေရင်း သားကလေးကို စောင့်ရှောက်လာခဲ့လေသည်။ မျိုးတူဆင်များ၏ ကြောင့်သာ ဆင်မကြီးသည် သားကလေးကို ဆင်ထီးကြီးတစ်ကောင်ဖြစ်
သည်ထိ မွေးမြူစောင့်ရှောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ချစ်လင်ဆင်ထီးကြီးကား သားငယ်ဆင်ကလေးအရွယ်ရောက်သည်အထိ ပေါ်မလာတော့ပါ။ တောထဲတွင်လည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပါ။
ဆင်မကြီးသည် သားငယ်ဆင်ကလေးကိုထိန်းကျောင်းပဲ့ပြင်ရင်း … ဆင်တို့တပ်အပ်သောပညာများကိုသင်ကြားပြသရင်းဖြင့် ဆင်အိုမကြီးတစ်ကောင်ဘဝသို့ရောက်ရှိလာခဲ့လေသည်။
ထိုမြင်ကွင်းများကား လုံမမြင်ယောင်နေကျမြင်ကွင်းများထဲတွင် ပထမပိုင်းမြင်ကွင်းများသာဖြစ်ပါသည်။
နောက်ထပ်မြင်ယောင်လာသောမြင်ကွင်းထဲတွင်မူ
ဆင်မကြီး၏ကြေကွဲစရာနောက်ဆုံးမြင်ကွင်းကိုလည်း ယခုလို လသာသောညနောက်ခံထားလျှက် မြင်တွေ့နေရပါသည်။
လသာသောညချမ်းတစ်ခုတွင် ဆင်အိုမကြီးသည် ခြေထောက်ထော့နဲ့ထော့နဲ့ဖြင့် ရေတံခွန်ရှိရာသို့ဦးတည်သွားနေသည်ကို လုံမမြင်ယောင်မိပေသည်။ဆင်မကြီးသည် အိုမင်းနေပေပြီ။ ဆင်မကြီး၏သားကလေးမှာ စွယ်စုံဆင်ပျိုထီးတစ်ကောင်ဖြစ်လေသည်။တကယ်တော့ လူသားများအန္တရာယ်မှရှောင်တိမ်းရင်း သူတို့ ဆင်အုပ်ထွက်ပြေးရာတွင် ဆင်မကြီးသည် ကျောက်လွှာနှစ်ချပ်ကြား၌ ရှေ့ညာဖက်ခြေထောက်တစ်ဖက်ညပ်သွားခဲ့လေသည်။
ကျောက်တုံးညပ်သောဒဏ်ကြောင့် ဆင်မကြီး၏ခြေတစ်ဖက် မသန်မစွမ်းဖြစ်သွားရခြင်းဖြစ်ပါသည်။ ဆင်မကြီးသည် မကွယ်လွန်မီဆယ်နှစ်ခန့် ဒုက္ခိတဘဝဖြင့် နေထိုင်ခဲ့ရရှာသည်။အရွယ်ရောက်ပြီဖြစ်သော သားဆင်ပျိုကလေးက မိခင်ဆင်အိုမကြီးကို အစာရှာကျွေးခဲ့ပေသည်။တစ်နေ့သောအခါတွင် ဆင်အိုမကြီးသည် မိမိကွယ်လွန်သေဆုံးတော့မည်ကိုသိလိုက်သည်။ သူမသည် ဆင်အနေဖြင့် သက်တမ်းကုန်လုနေပြီဆင်မကြီးက သားငယ်ဆင်ပျိုလေးအား မှာကြားစရာများကို မှာကြားခဲ့ပေသည်။
“အမေတော့ သေရတော့မယ်သား။ အမေမရှိတဲ့နောက်မှာ လိမ်လိမ်မာမာနေရစ်ပါ .. ကိုယ့်ကိုကိုယ်… ကာကွယ်စောင့်ရှောက်ပါ၊ သတိကိုမပြတ်ထားပြီး အန္တရာယ်နဲ့ကင်းအောင်နေပါငါ့သား”
“ဟင့်အင်း… ဟင့်အင်း…အ မေမသေရဘူး၊ အမေမရှိရင် သား ဘယ်သူနဲ့နေရမှာလဲအမေရယ်၊ အမေမသေပါနဲ့နော်”
“ဪ… သားလေးရယ်၊ သတ္တဝါဆိုတာ သေမျိုးတွေကွဲ့၊ သက်တမ်းကုန်ရင်သေရတယ်၊ သက်တမ်းမကုန်ရင်လည်း နာဖျားလို့ သေရတယ်၊ဘယ်သတ္တဝါမှမလွှဲရှောင်နိုင်ပါဘူးငါ့သားရယ်”
ဆင်မကြီးက သားငယ်ဆင်လေး၏ဦးကင်းထိပ်မှအဖြူကွက်လေးကို သူမ၏နှာမောင်းဖြင့် သပ်ရင်းသပ်ရင်း ချော့မော့ပြောဆိုလိုက်လေသည်။ယခု လသာညတွင် ဆင်မကြီးတစ်ကိုယ်တည်းထွက်လာခြင်းမှာ သေဆုံးရန်အတွက် ဆင်သင်္ချိုင်းသို့သွားရောက်နေခြင်းပင်ဖြစ်ပါသည်။ သူမတို့ ဆင်များသည် ကွယ်လွန်ခါနီးအချိန်တွင် ဆင်သင်္ချိုင်းသို့အရောက်သွားရပါသည်။ ဆင်သင်္ချိုင်းတွင်သေဆုံးရပါသည်။ တောထဲမှဆင်တိုင်း မိမိတို့အမျိုးအနွယ်များ၏ဆင်သင်္ချိုင်းဘယ်နားတွင်ရှိသည်ကို သိကြပါသည်။
ဆင်မကြီးသည် ရေတံခွန်အောက်တွင်ရှိသောဆင်သင်္ချိုင်းဆီသို့ ဦးတည်သွားရောက်နေခြင်းဖြစ်ပါသည်။သားကလေးသိလျှင် စိတ်မကောင်းဖြစ်နေမည်စိုး၍ ညအချိန် တွင် အသိမပေးပဲ တစ်ကောင်တည်းထွက်လာခဲ့ခြင်းပင်ဖြစ်ပါသည်။ဆင်မကြီးသည် ခြေထော့နဲ့ထော့နဲ့ဖြင့်လာခဲ့ရာ… ရေများ အားကုန်စီးကျနေသောရေတံခွန်အောက်ခြေသို့ရောက်လာပေပြီ။သူမသည် နောက်ဆုံးအနေဖြင့် သူမ၏သားကလေးနှင့် အပေါင်းအဖော်ဆင်များကျန်ရစ်ခဲ့သည် တောထဲသို့လှမ်းလိုက်သည်။
နှာမောင်းကိုမြှောက်ရင်း ကြေကြေကွဲကွဲအော်လိုက်လေသည်။ထို့နောက်… ဆင်မကြီးသည် … သန်မြန်စွာထိုးကျနေသောရေလုံးထုဘေးမှကွေ့ပတ်ကာ ရေတံခွန်အောက်ရှိ လျှိုထဲသို့ ဝင်လာခဲ့လေသည်။ထိုနေရာကို စီးကျနေသောရေထုကြီးကွယ်နေ၍ လူနှင့်အခြားတိရစ္ဆာန်များ မသိရှိကြပါ။ဆင်မကြီးသည် လျှိုလမ်းကြားအတိုင်း ကွေ့ကာကောက်ကာ တိုးဝင်သွားသည့်အခါ နောက်ဆုံး၌ ကျယ်ပြောသောခန်းမကြီးထဲသို့ ရောက်ရှိသွားလေသည်။ခန်းမကြီးထဲတွင်တော့ ဆင်သတ္တဝါများ၏အရိုးများ၊ ဆင်စွယ်များ ပြန့်ကျဲလျှက်ရှိပေသည်။
ဆင်မကြီးသည် ဆင်သင်္ချိုင်းခန်းမကြီးထဲတွင် စိတ်ကိုလျှော့ချကာ ကိုယ်ကိုလှဲရတော့သည်။ထိုမြင်ကွင်းကား လုံမမြင်နေကျ ဆင်များ၏လှုပ်ရှားမှု့မြင်ကွင်းများထဲမှ နောက်ဆုံးမြင်ကွင်းဖြစ်လေသည်။
လုံမသည် သူမမြင်ယောင်လာသော ဆင်တို့၏လှုပ်ရှားမှုများကို ဆက်စပ်ကာ ဇာတ်လမ်းတစ်ပုဒ်အနေဖြင့် သိမှတ်လာရလေသည်။ (လုံမ သိတတ်စကတည်းက ထိုမြင်ကွင်းများကို မကြာခဏမြင်ယောင်ခဲ့ပါသည်။ ဘာကြောင့်မြင်ယောင်ရတယ်ဆိုတာကိုတော့ လုံမမသိ” )နားမလည် လုံမသိတာ တောထဲကိုလှမ်းကြည့်ကာလွမ်းနေတတ်ပါသည်။တောထဲတွင် သူမမြင်ယောင်သောသူမ၏မြင်ကွင်းများကို ဆက်စပ်ကြည့်လိုက်လျှင် ဆင်သတ္တဝါများပါဝင်သောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေါ်လာသည်။
သူမ၏ မြင်ကွင်းများအရထိုဇာတ်လမ်း၏အဓိကသရုပ်ဆောင်မှာ ဆင်မကြီးဖြစ်နေလေသည်။ ဆင်မကြီး လှုပ်ရှားမှုများကို ဆင်မကြီးသေဆုံးချိန်အထိ မြင်ယောင်ခဲ့ရပေသည်။ဒါတွေကိုဘာကြောင့်မြင်ယောင်ရတယ်ဆိုတာ လုံမနားမလည်ခဲ့။
လုံမအသက်ခုနစ်နှစ်အရွယ်ရှိချိန်တွင် မိဘနှစ်ပါးက ကျောက်သွေးရှာရန်တောထဲအသွားမှာ လုံမကိုခေါ်သွားမှပင် သဘောပေါက်နားလည်လာရခြင်းဖြစ်ပါသည်။မိဘများကျောက်သွေးရှာသည်ကိုစောင့်နေရင်း ရေတံခွန်ကြီးကိုကြည့်ကာ သူမမြင်ယောင်နေကျဆင်ဇာတ်လမ်းထဲမှ ရေတံခွန်ကြီးဖြစ်ကြောင်းသိလာရသည်။ မှန်-မမှန်သိရစေရန်အတွက် လုံမသည် ရေတံခွန်ကြီးအောက်သို့သွားခဲ့လေသည်။
သူမ၏မြင်ကွင်းထဲကလို ရေတံခွန်အောက်ခြေတွင်
ကျဉ်းမြောင်းကွေ့ကောက်သောလမ်းကြောင်းလေးရှိနေတာတွေ့ရသည်။ ဆင်မကြီးဝင်သွားသည့်လမ်းကြောင်းပင်ဖြစ်ပါသည်။လုံမသည် ဆင်မကြီးဝင်သွားသည်နည်းအတိုင်း ကျဆင်းနေသော ရေထုကြီးဘေးမှ ကွေ့ဝိုက်ကာ လျှိုထဲသို့တိုးဝင်လိုက်သည်။ လမ်းကြောင်းလေးအတိုင်း လျှောက်ဝင်လာခဲ့ရာ မြင်ကွင်းထဲတွင်မြင်နေကျ ခန်းမကြီးထဲသို့ရောက်သွားလေသည်။ ခန်းမထဲမှာတော့ ဆင်အရိုးများ တောင်ပုံရာပုံ၊ဆင်စွယ်များလည်း ကြမ်းပြင်မှာပြန့်ကျဲနေသည်။
လုံမသည် ထိုအထဲမှ ဆင်စွယ်တစ်ချောင်းကို ကောက်ယူလာခဲ့ခြင်းဖြစ်ပါသည်။မိဘများကိုတော့ ဒီအကြောင်းတြွေပန်မပြောခဲ့ပါ။ ချော့မော့မေးမြန်းသူတွေကိုလည်း ပြန်မပြောခဲ့။ ရေငုံနှုတ်ပိတ်နေခဲ့သည်။ထိုအချိန်မှစ၍ လုံမသည် ဆင်များ၏မြင်ကွင်းကို ဘာကြောင့် မြင်ယောင်နေရတယ်ဆိုတာကို သိလိုက်ရလေသည်။ သူမမြင်ခဲ့ရသောမြင်ကွင်းများကား သူမ၏ယခင်ဘဝဟောင်းမြင်ကွင်းများပင်ဖြစ်လေတော့သည်။သူမသည် ယခင်ဘဝက ဆင်မကြီးပင်ဖြစ်ပါသည်။
လုံမသည် အကြောင်းစုံကို ခြုံငုံသိလိုက်ရသော်လည်း ဘယ်သူ့ကိုမြှပန်မပြောခဲ့ပါ။ ကိုယ်တစ်ယောက်တည်း ကြိတ်ခံစားခဲ့သည်။သင်တို့ကိုမြင်နေရသောမြင်ကွင်းကား ပျောက်မသွားခဲ့။ အလျဉ်းသင့်တိုင်း မြင်နေရမြဲဖြစ်သည်။ထို့ကြောင့်… လုံမသည် တောနက်ထဲကိုမြင်သာသည့်နေရာသို့ သွားရောက်ကာ လွမ်းနေတတ်ခြင်းဖြစ်သည်။
လုံမလွမ်းနေသောအရာကား အခြားမဟုတ်။ ယခင်ဘဝက တောထဲတွင်ကျန်နေရစ်သော ဆင်သားကလေးကိုပင်ဖြစ်ပါသည်။သူမ၏ဆင်ဘဝသည် မည်သည်ကာလကဖြစ်ပျက်ခဲ့သည်လဲ။ မသိနိုင်ပါ။သူမ၏သား ဆင်ကလေးသည် တောထဲ၌ ယခုအချိန်ထိ ရှိနေသေးသလား။ မသိနိုင်ပါ။မည်သို့ဆိုစေ… လုံမကတော့ ယခင်ဘဝကကျက်စားခဲ့ရာ တောထဲသို့မျှော်ကြည့်နေရသည်ကိုပင်ကြေနပ်နေမိပါတော့သည်။
ဦးနက်ကျော်တို့မိသားစုသည် ၁၉၄၄ခုနှစ်တွင် မန္တလေးသို့ဘုရားဖူးသွားကြသည်။အချိန်ကာလကား မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့များ အုပ်စိုးနေရာမှဂျပန်၏အကူအညီကိုယူကာ အင်္ဂလိပ်များအား
မြန် မာ့မြေပေါ်မှမောင်းထုတ်ပြီးချိန်။ မြန်မာ့မြေပေါ်၌ ဂျပန်များခြေရှုပ်မင်းမူနေသော ဗရုတ်ဗရက်ကာလကြီးဖြစ်ပေသည်။ဦးနက်ကျော်တို့မိသားစုကား သိုသိုသိပ်သိပ်ပင် သွားလာခဲ့ကြ၍ မည်သည့်အနှောက်အယှက်မှမတွေ့ခဲ့ရပါ။
ဘုရားဖူးခရီးစဉ်တလျှောက်လုံး လုံမသည် ရွှင်လန်းတက်ကြွနေသည်။ တန်ခိုးကြီးဘုရားများဖူးရခြင်းဖြစ်၍လည်းကောင်း ပျော်ရွှင်နေပေသည်။အိမ်မှ ပထမဆုံးအကြိမ်သူတို့သည် မန္တလေးကိုဦးစွာသွားရောက်ကာ ဘုရားစုံဖူး လည်ပတ်ပြီးမှ အပြန်တွင် စစ်ကိုင်းသို့ဝင်လေသည်။စစ်ကိုင်းတွင် စစ်ကိုင်းတောင်ပေါ်မှဘုရားများကိုဖူးအပြီး တောင်ပေါ်မြှပန်ဆင်းအလာတွင် တောင်ခြေ၌ ရှင်ပြုအလှူတစ်ခုလုပ် သည်နှင့်ကြုံရလေသည်။ရှင်ပြုပွဲကို ဆင်ဖြင့်လှည့်လာခြင်းဖြစ်သည်။
ရှင်လောင်းကိုတင်ဆောင်လာသည်ဆင်ကိုအမြင်တွင် လုံမက ကြည့်ချင်ပါသည်ဆို၍ မိသားစုလိုက် ရှင်လောင်းလှည်ပုံများကို ရပ်ကြည့်နေကြလေသည်။
ရှေ့မှ ဝင်းခင်းအဖွဲ့များ၊ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် အမျိုးသမီးလေးများ စီတန်းလှည့်လည် သည်များလွန်သော်.…. မောင်ရင်လောင်းစီးနင်းလိုက်ပါလာသော ဆင်ကြီးက လုံမတို့အနီးသို့ ရောက်ရှိလာလေသည်။မည်သို့ဖြစ်သည်မသိ။ လုံမသည် ဆင်ကြီးကိုကြည့်ကာ မျက်ရည်များစီးကျလာသည်။
“ဟဲ့- လုံမ၊ သမီး၊ နင် ဘာလို့ငိုသတုံး”
ဒေါ်လုံးကြည်၏အမေးပင်မဆုံးသေး။ ဆင်ကြီးဆီမှ နှာမောင်းကို မြှောက်ကာ ကျယ်လောင်စွာအော်လိုက်သောအသံကို ကြားလိုက်ရလေသည်။ချက်ချင်းပင် ဆင်ကြီးသည် ရွရွကလေးလျှောက်လှမ်းနေရာမှ လုံမရှိရာသို့ လျင်မြန်စွာပြေးလာလေသည်။အလှူအဖွဲ့ရော၊ ရပ်ကြည့်နေသူများပါ .. ဆင်ကြီး၏အပြုအမူကြောင့် … ရုတ်ရုတ်သည်းသည်းဖြစ်သွားကြလေသည်။ … ဆင်ကြီးမုန်ယိုသွားသည်ထင်ကာ ထွက်ပြေးသူပြေးကြလေ၏။ဆင်ကြီးသည် လုံမရှေ့အရောက်တွင် ဒူးတုပ်၍ဝပ်ချလိုက်လေသည်။
လုံမကလည်း ဆင်ကြီး၏ဦးခေါင်းကိုဖက်ပွေ့ကာ ဦးကင်းထိပ်မှ အမွေးဖြူဖြူအကွက်ကလေးကို ပွတ်သပ်ရင်း ငိုရှိုက်နေသည်။ ဆင်ကြီးကား သူ၏နှာမောင်းကြီးဖြင့် လုံမ၏ပခုံးလေးကိုပုတ်ကာ ပုတ်ကာ ရှိနေပေသည်။ဆင်ဦးကင်းပေါ်တွင် စီးနင်းလိုက်ပါလာသော ဆင်ထိန်းလုလင်ပျိုသည် အံ့ဩမင်သက်စွာဖြင့် မြင်ကွင်းကိုငေးမောကြည်နေသည်။ ဆင်ထိန်းလုလင်ပျို၏မျက်လုံးများကား လုံမမျက်နှာမှမခွာတော့ပေ။
ပရိသတ်အားလုံးသည်လည်း ထူးဆန်းသောမြင်ကွင်းကိုကြည့်ကာ အံ့ဩငေးမောနေမိကြလေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးအသံများ တိတ်ဆိတ်သွား သည်။ အိုးစည်ဒိုးပတ်အဖွဲ့များကလည်း အတီးများကို ရပ်လိုက်သည်။ ဗျောအဖွဲ့လည်း တီးမှုတ်ခြင်းကိုရပ်လိုက်သည်။ခဏချင်းမှာပင် ဆင်ကြီးနှင့်လုံမဘေးတွင် ဝိုင်းကြည့်နေသော လူများဖြင့် ပြည့်နှက်သွားလေ၏။
“သမီး၊ လုံမ၊ ဘာဖြစ်တာလဲကွယ်၊ လာ-လာ- သွားကြစို့”
ဦးနက်ကျော်က လုံမကိုဆွဲခေါ်လိုက်သည်။မြို့မှလူအများကြီးထဲတွင် တောသားကြီးဦးနက်ကျော်မှာ ကြောက်လန့်လျှက်ရှိသည်။ဝတ်ကောင်းစားလှဝတ်ဆင်ထားသောသူများကတစ်ခုခုပြောဆိုလိုက်မည်။ အရေးယူလိုက်မည်ကို စိုးရိမ်သွားမိသည်။“လာဟဲ့- သမီး၊ လုံမ၊ သွားကြစို့”
ဒေါ်လုံးကြည်ကလည်း ဆင်ကိုဖက်တွယ်ထားသည် လုံမလက်များကိုဖယ်ချကာ လုံမကိုလူတောထဲမှ ဆွဲခေါ်ထုတ်ခဲ့လေသည်။ကံအားလျှော်စွာပင် မြင်းလှည်းတစ်စီးတွေ့လိုက်၍ မြင်းလှည်းပေါ်တက်လိုက်သည်။ မြင်းလှည်းကို ကားဂိတ်သို့မေင်းခိုင်း လိုက်ရလေ၏။ဆင်ကြီးသည် မြင်းလှည်းပေါ်ပါသွားသော လုံမကိုကြည့်ကာ ကြေကြေကွဲကွဲအော်လိုက်လေ၏။
ဆင်ထက်မှ ဆင်ထိန်းလုလင်ပျိုလေးကား ထွက်ခွာသွားသော မြင်းလှည်းလေးကိုငေးမောလျှက်ကျန်ရစ်ခဲ့လေသည်။
“လုံမရယ်၊ ဘယ်လိုလုပ်တာလဲ၊ လူတောထဲမှာ ရှက်စရာကြီးဟယ်”
ဒေါ်လုံးကြည်က ပြောလိုက်သည်။လုံမက ငိုရှိုက်နေဆဲ။
“ဟုတ်ပါရဲ့သမီးရယ်၊ မြို့ကလူတွေက သူတို့အလှူကို
အနှောက်အယှက်ပေးတယ်ဆိုပြီး ဖမ်းလားဆီးလားလုပ်မှာ အဖေ့မယ်စိုးရိမ် ရတာ”
ဦးနက်ကျော်ကလည်း သက်ပြင်းကြီးချရင်းရေရွတ်လိုက်လေ၏။လုံမထံမှထွက်လာသော ထူးဆန်းသည်စကားကြောင့် ဦးနက်ကျော်ရော၊ ဒေါ်လုံးကြည်ပါ .. အံ့အားသင့်သွားကြသည်။ မြင်းလှည်းသမားကလည်း လှည့်ကြည့်လေသည်။“ဘယ်လိုကွဲ့၊ ဘာပြောလိုက်တယ်သမီး”လုံမက ခေါင်းမော်လာရင်းမှ မျက်ရည်များသုတ်ကာ တစ်လုံးချင်းပြောလိုက်လေသည်။
“အဲဒါ… ကျွန်မသားလေးပေါ့အဖေတို့အမေတို့ရဲ့၊ အဲဒီ ဆင်လေးက ကျွန်မသားလေး”
ဒေါ်လုံးကြည်က မေးသော်လည်း လုံမဘာမြှပန်မပြောတော့ပါ။ထိုအကြောင်းကို မည်သည့်အခါမျှလည်း မေးလို့မရတော့ပါပေ။စစ်ကိုင်းမြို့တောင်ဖက်အစွန်ရှိ သစ်လုပ်ငန်းလုပ်သောခြံကြီး၏ ဆင်တင်းကုပ်အတွင်းတွင် လူငယ်လေးတစ်ဦးသည် … ဆင်ကြီးတစ်ကောင်ကိုစကားပြောလျှက်ရှိသည်။ သူသည် ဆင်ကို လူတစ်ယောက်သဖွယ် သဘောထားကာ သူပြောလိုသောစကားများကို .. တတွတ်တွတ်ပြောနေခြင်းဖြစ်ပါသည်။
လူငယ်လေးက ဆင်ကြီးဘေးတွင်ရပ်ရင်း ဆင်ကြီး၏နှာမောင်းကို လက်ဖြင့်သပ်ကာ စကားများပြောနေခြင်းဖြစ်ပါ၏။လူငယ်လေးမှာ ဆင်ထိန်းပမာ ဆင်ကြီးကိုထိန်းကျောင်းရသော ညိုမောင် ဆိုသူဖြစ်သည်။ ဆင်ကြီးမှာ ရှင်ပြုအလှူပွဲများတွင် မောင်ရင်လောင်းများစီးနင်းရန် ငှားရမ်းအသုံးပြုခံဆင်ကြီးပင်ဖြစ်ပါသည်။
“ထိပ်ဖြူရယ်…… ငါဒီနေ့ ဘယ်လိုခံစားနေရမှန်းမသိဘူး ငါ့ရင် ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်ထိပ်ဖြူ၊ မင်းကလည်း ဒီနေ့ဘာဖြစ်ရတာလဲဟင်၊မင်းကောင်မလေးနားကိုပြေးသွားတော့ မင်းစိတ်ဖောက်သွားပြီထင်ပြီး ငါ့မှာစိုးရိမ်လိုက်ရတာ။ မင်းက ဘာသဘောနဲ့ အဲဒီမိန်းကလေးနားကို ပြေးသွားရတာလဲထိပ်ဖြူ၊ ကောင်မလေးကိုနှုတ်ဆက်နေပုံကလည်း အသိအကျွမ်းတွေ ကျနေတာပဲ၊ မင်းလုပ်လို့.…. မင်းလုပ်လို့… ငါ…”
ဆင်ကြီးသည် ညိုမောင်ပြောသောစကားများကို
နားလည်သလို . နားစိုက်ထောင်လျှက်ရှိသည်။
ညိုမောင်ကလည်း သူ့စကားများကို ဆင်ကြီး
ထိပ်ဖြူနားလည်မည်ဟုယုံကြည်ပါသည်။
ထိပ်ဖြူနှင့်ညိုမောင်တို့ တွဲလာခဲ့သည်မှာ ဆယ်နှစ်ကျော်ခဲ့ပြီမဟုတ်ပါလား။
“မင်းကို ငါအပြစ်ပြောတာမဟုတ်ပါဘူး၊ မင်းလုပ်လိုက်ပုံကြောင့် ငါ့ရင်ထဲမှာ ဝေဒနာတွေတိုးနေပြီဆိုတာ ပြောချင်တာပါ၊ မင်းက အဲဒီကောင်မလေးကိုနှုတ်ဆက်လိုက်တော့ ငါကလည်း အဲဒီကောင်မလေးကို သတိထားလိုက်မိတာပေါ့၊ သတိထားလိုက်မိတော့ ဘာဖြစ်သလဲ၊ သိလား”
ညိုမောင်က သူ့စကားကိုဖြတ်ကာ ဆင်ကြီးကို မေးလိုက်သည်။ ဆင်ကြီးထိပ်ဖြူက ညိုမောင့်ကိုငေးစိုက်ကြည်နေလေ၏။
“သတိထားလိုက်မိတော့ ငါ သူ့ကို မြင်မြင်ချင်းချစ်မိသွားတာပေါ့ကွ”
ထိုစဉ် ဆင်တင်းကုပ်အနီးသို့ လူရွယ်တစ်ယောက်
အသံမကြားအောင် ချဉ်းကပ်လာလေသည်။ ထိုလူရွယ်က ညိုမောင် .. ဆင်ကြီးကိုပြောနေသည်စကားများကိုသိချင်၍ တိတ်တဆိတ် အနားသို့တိုးကပ်လာခဲ့ခြင်းဖြစ်ပါသည်။
“ဘယ်လိုရေစက်မှန်းမသိပါဘူးကွား သူ့ကိုမြင်မြင်ချင်း ငါချစ်သွားမိတယ်၊ သူဘယ်သူလဲ ငါသိပ်သိချင်တာပဲ၊ ကြည်ရတာ သူတို့ဟာ ဘုရားဖူးခရီးသွားတွေထင်ပါရဲ့ကွာ၊ ဒီမြို့က မဟုတ်တာတော့သေချာတယ်၊ သူ့ကို ငါပြန်တွေ့ရပါတော့မလား ထိပ်ဖြူရယ်။ သူဘယ်သူလဲ ငါသိချင်လိုက်တာကွာ”
ညိုမောင်က ဆင်ကြီးထိပ်ဖြူ ဦးကင်းကိုမှီနွဲ့ရင်း ပြောလိုက်ပြန်လေသည်။
“ညီလေး’”
ကိုယ့်ခံစားချက်နှင့်ကိုယ် ဆင်ကြီးကိုတိုင်တည်နေရာမှ အနီးကပ် ခေါ်လိုက်သည်အသံကြောင့် ညိုမောင်လန့်သွားလေသည်။
“ဟာ- အစ်ကိုကြီး၊ အသံမပေး ဘာမပေးနဲ့ဗျာ”
ညိုမောင့်အနီးသို့ရောက်လာသူမှာ ညိုမောင့်စကားများကို ချောင်းနားထောင်နေသည်လူရွယ်ပင်ဖြစ်ပါသည်။ သူသည် ညိုမောင်၏ အစ်ကိုကြီးကို့အံ့မောင်ပင်။
“တမင်အသံမပေးတာပါညီလေးရယ်၊ ထိပ်ဖြူကို ညီလေး ဘာတွေပြောနေလဲသိချင်လို့ အစ်ကိုကြီးချောင်းနားထောင်နေတာကွ”ညိုမောင်က လူမိသွား၍ရှက်နေသည်။ အံမောင်နှင့်ညိုမောင်မှာ ညီအစ်ကိုဆိုသော်လည်း.. အသက်ချင်းကွာခြားလှပါ၍လူပျိုပေါက်ကလေးညိုမောင်မှာ ရှက်နေရခြင်းဖြစ်လေသည်။ကိုအံ့မောင်နှင့်ညိုမောင်မှာ အသက်ချင်း၁၅နှစ်ပင်ကွာသည်အတွက် ကိုအံ့မောင်အသက်မှာ ၃၀ကျော်နေပြီ။ အိမ်ထောင်ပင်ကျနေပါပြီ။
“ဟာဗျာ’ အစ်ကိုကြီးကလဲ”
“အစ်ကိုကြီးကလဲ မလုပ်ပါနဲ့ကွယ် .. အစ်ကိုကြီး ချောင်းနားထောင်လို့ ငါ့ညီရဲ့စိတ်ကိုသိရပါပြီ၊. ဘယ်ကကောင်မလေးလဲကွ၊ .. အစ်ကိုကြီးကိုပြောပါဦး”ဟူ၍မေးလိုက်ရာ ဆင်ကြီးသည် နှာမောင်းကိုမြှောက်ရင်း ဝူးကနဲအော်လိုက်လေ၏။
“ပြောပါဦးညီလေးရယ်၊ ဆင်ကိုတိုင်တည်နေတာထက် အချစ်ရေးဆိုတာ ညီအစ်ကိုချင်းတိုင်ပင်ရတယ်ကွဲ့၊ မင်းဆင်ကြီးက ဘာလုပ်ပေးနိုင်မှာ..”
“ဒီလိုမပြောပါနဲ့အစ်ကိုကြီးရယ်၊ ထိပ်ဖြူကြီးအောင်သွယ်ပေးလို့ ကျွန်တော် သူ့ကိုမြင်ဖူးရတာပါ”
“ဘယ်လို… ထိပ်ဖြူကြီးက အောင်သွယ်ပေးတယ်၊
ဟုတ်လား”
“ဒီလိုပါအစ်ကိုကြီး၊ နေ့လည်က အလှူလှည်တုန်းကလေ…”
ညိုမောင်က အဖြစ်အပျက်ကိုပြန်ပြောပြလိုက်သည်။
“ဪ…. ဒီလိုလား၊ နေ့လည်က အလှူလှည်နေတုံး ရုတ်ရုတ်ဖြစ်သွားတယ်လို့ ကြားလိုက်သား။ဒါများ ညီလေးရယ်၊ဘာပူဆွေးနေစရာလိုသလဲ၊ ညီလေးချစ်တဲ့ကောင်မလေးကို စုံစမ်းပေါ့ကွဲ့”
“ဘယ်လိုစုံစမ်းရမှာလဲအစ်ကိုကြီးရယ်၊ သူတို့ဒီမြို့ကမဟုတ်တာ သေချာတယ်ဗျ၊ ဘုရားဖူးလာတဲ့လူတွေပါ၊ တောင်ပေါ်ကဆင်းလာကြတာပါ။မြင်းလှည်းပေါ်တက်သွားကြတော့ ပြန်သွားကြတာဖြစ်မှာပေါ့ဗျာ”
“ဘယ်သူ့မြင်းလှည်းပေါ်တက်သွားတာလဲ၊ မှတ်မိလား”
“ကိုလှဆောင်ကြီးမြင်းလှည်းပေါ် ပါသွားတာဗျ”
“ဒါများ ညီလေးရယ်၊ လှဆောင်ကြီးကို ဘယ်ပို့ခဲ့သလဲမေးကြည့်ရင် သဲလွန်စရနိုင်တာပေါ့ကွ”
“ဟာ… ဟုတ်သားပဲ”
“အစ်ကိုကြီးပြောမှပဲ အကြံရတော့တာမဟုတ်လား၊ အဲဒါကြောင့် အစ်ကိုကြီးကပြောတာပေါ့၊ ဒီကိစ္စမျိုးက ယောကျာ်းချင်းတိုင်ပင် ရတယ်ကွဲ့၊မင်း, ဆင်ကြီးကိုရင်ဖွင့်နေလို့ ဘာသိရမှာတုံး”
“ထိပ်ဖြူကြီးကျေးဇူးလည်း ပါပါတယ်အစ်ကိုကြီးရယ်”
“ဪ……… ငါ့ညီက ကိုယ်တိုင် ဆင်ဘဝကလာတာဆိုတော့ သူ့ဆင်ကြီးကို တော်တော်ချစ်ရှာတာကိုး။.ကဲပါငါ့ညီရယ်…အစ်ကိုကြီးပဲမြင်းလှည်းသမားလှဆောင်ဆီမှာ စုံစမ်းပေးပါ့မယ်၊ မင်းတို့ဖူးစာမှန်ရင် တွေ့ရမှာပေါ့ကွယ်”
အံ့မောင်က ညီငယ်ကိုချော့မော့ပြောဆိုပြီး ဆင်တင်းကုပ်ထဲမှထွက်သွားလေသည်။
“ထိပ်ဖြူကြီး၊ အစ်ကိုကြီးပြောသလို ငါတို့နှစ်ယောက် ဖူးစာဆုံနိုင်ပါ့မလားဟင်”
စစ်ကိုင်းမြို့တောင်ဖက် မြို့အစွန်တွင် သစ်လုပ်ငန်းများလုပ်ဆောင်နေသောခြံကြီးတစ်ခုရှိလေသည်။ ပိုင်ရှင်များ၏အိမ်ကို ခြံထဲမှာပင်ဆောက်လုပ်ထားသည်။ ခြံထဲမှာပင်နေထိုင်ကြ၏။ကျယ်ဝန်းသောခြံကျယ်ကြီးထဲ၌ သစ်ခွဲစက်များ၊ လွှစင်များ၊ သစ်ချောစက်များရှိသည်။ လူအင်အားဖြင့်လုပ်ရသော ရွေဘော်ထိုးခြင်း၊ သစ်အချောကိုင်ခြင်းများကိုလည်း ပြုလုပ်လေသည်။ တောထဲမှသစ်များကို အရိုင်းအတိုင်းဝယ်ယူသယ်ဆောင်ပြီး သစ်အချောထည်များဖြစ်သည်အထိ ပြုလုပ်ရောင်းချ
သောလုပ်ငန်းကြီးဖြစ်ပေသည်။
ထို့ကြောင့်… ခြံထဲမှာပင်နေထိုင်သောအလုပ်သမားများလည်း နှစ်ဆယ်ခန့်ရှိပေ၏။ခြံထဲတွင် သစ်စက်များ၊ အလုပ်သမားတန်းလျားများ၊ ပိုင်ရှင်တို့၏နှစ်ထပ်အိမ်ကြီးနှင့်အတူ… ခြံနောက်ဖက်၌ ဆင်ထားရာ ဆင်တင်းကုပ်တစ်ခုလည်း ရှိလေသည်။တောထဲမှသစ်ရိုင်းများ၊ သစ်တုံးများ၊ သစ်ပင်များကိုသယ်ဆောင်ရာတွင် ဆင်အကူအညီဖြင့်သယ်ယူရသည်အတွက် သစ်ဆွဲဆင်တစ်ကောင်ကိုအပိုင်ဝယ်ယူမွေးမြူထားရခြင်းဖြစ်ပါသည်။
သစ်ဆွဲရန်ဆင်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၈ခုနှစ်တွင် ဆင်ဖမ်းသမားများထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဆင်ဖမ်းသမားများက ဆင်ကြီးယဉ်ပါးအောင် လေ့ကျင့်ပေးထားပြီးဖြစ်ပါသည်။ ဆင်ဖမ်းသမားများသည် တောထဲမှဆင်များကို ကျုံးသွင်းဖမ်းယူကာ ယဉ်ပါးအောင်လေ့ကျင်ပြီးလိုအပ်သူများကိုပြန်ရောင်းစားကြခြင်း ဖြစ်သည်။ သစ်လုပ်ငန်းပိုင်ရှင်များ ဆင်ကြီးကိုဝယ်ယူချိန်၌ ဆင်ကြီးသည် လူ့အမိန့်ကို နာခံတတ်နေပြီဖြစ်သည်။ပိုင်ရှင်များက ဆင်ကြီး၏ ညိုမောင်းသောအသားအရေကြောင့် ဆင်ကြီးနာမည်ကို “ညိုကြီး”ဟု မှည်ခေါ်ထားလေသည်။သစ်လုပ်ငန်းပိုင်ရှင်များမှာ ဦးသာမောင်၊ ဒေါ်ရင်ရွှေတို့ဖြစ်လေ၏။ ချမ်းသာကြွယ်ဝသောလုပ်ငန်းရှင်များမို့ ဦးဒေါ်တပ်ခေါ်နေကြသော်လည်းသူတို့အသက်အရွယ်မှာ အစိတ်နှင့်သုံးဆယ်အတွင်းသာ
ရှိသေးသော လူရွယ်လင်မယားဖြစ်လေသည်။
ထိုအချိန်က ကိုသာမောင်နှင့်မရင်ရွှေတို့တွင် သမီးလေးတစ်ဦးတည်းသာထွန်းကားသေးသည်။ သမီးလေးအမည်မှာ မအံ့ခင် ဖြစ်လေသည်။သစ်ဆွဲဆင်ညိုကြီးသည် သူတို့၏သစ်လုပ်ငန်းတွင် များစွာအကူအညီရခဲ့ပါသည်။ ညိုကြီး သူတို့ဆီရောက်လာချိန်၌ ညိုကြီးအသက်အရွယ်ကိုလေးဆယ်ခန့်ဟုခန့်မှန်းကြလေသည်။ ဆင်များအဖို့ လေးဆယ်အရွယ်မှာ အားကောင်းမောင်းသန် အလုပ်လုပ်နိုင်သောအရွယ်ပင်ဖြစ်လေသည်။သစ်ဆွဲဆင်ညိုကြီးသည် အလုပ်ကို မခိုမကပ်လုပ်ဆောင်သော်လည်း အချိန်ပြည့်မှိုင်တွေငေးငိုင်နေတတ်ပေသည်။ အလုပ်နားသည့်အချိန်များ၌ရိုးမတောဆီသို့မျှော်ငေးပြီး မှိုင်တွေနေတတ်လေသည်။ သူလာခဲ့ရာ တောတောင်ကို လွမ်းဆွတ်ဟန်တူပေသည်။
ကိုသာမောင်နှင့်မရင်ရွှေမှာ အကြင်နာတရားရှိသူများမို့ … သူတို့လုပ်ငန်းတွင်အကျိုးပြုသည်ဆင်ကြီးညိုကြီးအား လူသားအလုပ်သမားတစ်ယောက်သဖွယ် လိုလေးသေးမရှိ စောင့်ရှောက်မွေးမြူခဲ့ပေသည်။ ဆင်အကြောင်းနားလည်သော စောဝေမိုးဆိုသည်ကရင်အဘိုးကြီးကို ဆင်ထိန်းအဖြစ်ခန့်ထားခဲ့သည်။ဆင်ကြီးညိုကြီးရောက်လာပြီး ငါးနှစ်ကြာချိန်၌ ကိုသာမောင်နှင့် မရင်ရွှေတွင် သားကလေးတစ်ဦးထပ်မံထွန်းကားလေသည်။ ထိုသားကလေးမှာ“အံ့မောင်’’ ဖြစ်ပါသည်။
မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်နေချိန်တွင် … တိုင်းရင်းသားလုပ်ငန်းရှင်ဖြစ်သော ကိုသာမောင်တို့၏သစ်လုပ်ငန်း အောင်မြင်မှုရနေသည်မှာဝမ်းမြောက်ဖွယ်ပင်ဖြစ်ပါသည်။ ကိုသာမောင်နှင့်မရင်ရွှေကလည်း အလှူရေစက် လက်နှင့်မကွာရှိခဲ့ပေသည်။သစ်ဆွဲဆင်ညိုကြီးသည် ကိုသာမောင်တို့လုပ်ငန်းတွင် နှစ်ပေါင်းနှစ်ဆယ်ကြာအောင် လုပ်ကိုင်ပေးခဲ့ရှာပေသည်။
ညိုကြီး၏အသက်မှာလည်းခြောက်ဆယ်အရွယ်သို့တိုင်ခဲ့လေပြီ။ညိုကြီးကိုထိမ်းကျောင်းရသည် ဆင်ထိန်းကြီးဦးစောဝေမိုးသည်လည်း အသက်ခုနစ်ဆယ်အရွယ်၌ကွယ်လွန်သွားခဲ့သည်။ဆင်ထိန်းလည်း မရှိတော့၊ ညိုကြီးမှာလည်း အသက်ကြီးပြီမို့ ကိုသာမောင်တို့က အနားပေးထားလိုက်သည်။ အလုပ်မခိုင်းတော့ပဲ ဆင်တင်းကုပ်ထဲမှာပင် နေစေခဲ့ပါသည်။
ညိုကြီးသည် အလုပ်မှအနားရပြီးတစ်နှစ်ကြာချိန်၌ ဆုံးပါးသွားခဲ့လေ၏။ ညိုကြီး၏အလောင်းကို ဆင်တင်းကုပ်ဘေးမှာပင် မြှုပ်နှံထားခဲ့ပါသည်။ကိုသာမောင်တို့သည် သစ်ဆွဲရန်အတွက် ဆင်အသစ်တစ်ကောင်ဝယ်ယူရန်လိုအပ်လာသည်။ ညိုကြီးကိုဖမ်းဆီးခဲ့သော ဆင်ဖမ်းလုပ်သားအဖွဲ့ကိုပင် ဆင်တစ်ကောင်အလိုရှိကြောင်း ဆက်သွယ်အကြောင်းကြားလိုက်သည်။ ဆင်မရမီစပ်ကြား၌ သစ်သယ်ယူခြင်းလုပ်ငန်းကို ဆင်မပါပဲလုပ်ဆောင်ခဲ့ရလေသည်။ညိုကြီးကွယ်လွန်ပြီး ခြောက်လအကြာတွင် ဦးသာမောင်နှင့်ဒေါ်ရင်ရွှေသည် အိပ်မက်တစ်ခုတည်းကို နှစ်ယောက်ပြိုင်တူမက်ခဲ့လေ၏။
အိပ်မက်ထဲတွင် ညိုကြီးသည် သူ့ကိုမြှုပ်နှံထားသောမြေကြီးအောက်မှ ထိုးထွက်လာကာ ဦးသာမောင်နှင့်ဒေါ်ရင်ရွှေတို့အိမ်ထဲအထိ ဝင်လာလေသည်။ညိုကြီးက လူသားဘာသာစကားဖြင့် ဦးသာမောင်တို့ကိုပြောလိုက်လေ၏။
“ကျွန်တော် ဒီအိမ်ထဲမှာနေချင်တယ်၊ ကျွန်တော့်ကိုလက်ခံပါနော်၊ ဒီတစ်ခါတော့ ကျွန်တော့်ကို ပင်ပန်းတဲ့အလုပ်တွေ မခိုင်းပါနဲ့တော့ဗျာ”
ဆင်ကြီးက ထိုသို့ပြောဆိုပြီးသည်နှင့်ပျောက်ကွယ်သွားလေသည်။ ဒေါ်ရင်ရွှေ့အားအိပ်မက်ကိုပြောပြရာ…ဦးသာမောင်က မနက်တွင် သူမက်ခဲ့သောအိမ်မက်နှင့်အိပ်မက်နှင့် တစ်ထပ်တည်း တူနေကြောင်း အံ့ဩဖွယ်တွေ့ရလေသည်။
“ဘုရား… ဘုရား… အိပ်မက်တစ်ခုတည်းကို နှစ်ယောက်ပြိုင်တူမက်ရတယ်လို့။ ထူးဆန်းလိုက်တာ ကိုသာမောင်ရယ်”
“တန်တော့၊ ညိုကြီးဟာ လူအဖြစ်နဲ့ ငါတို့ဆီမှာဝင်စားချင်လို့များလား မရင်ရွှေရယ်’”
“အို… ကိုသာမောင်ကလဲ၊ ကျွန်မအသက်အရွယ်က ကလေးမရနိုင်တော့ပါဘူးရှင်”
“အေး.. ဒါလည်းဟုတ်တာပဲ”
ဦးသာမောင့်အသက်မှာ ထိုအချိန်တွင် ငါးဆယ်ရှိနေပါပြီ။ ဒေါ် ရင်ရွှေ့အသက်က လေးဆယ့်ခုနစ်နှစ်၊ သမီးကြီး မအံ့ခင်ပင် အသက်၂ဝသားငယ်မောင်အံ့မောင်က အသက်၁၅နှစ်အရွယ်ရှိနေပါပြီ။ဒေါ်ရင်ရွှေက သူ့ကိုယ်သူ ကလေးမရနိုင်တော့ဘူးလို့ပဲ ထင်နေသည်။
သို့သော်… အိပ်မက်မက်ပြီးမကြာမီမှာပင် ဒေါ်ရင်ရွှေ၌ကိုယ်ဝန်ရှိလာလေ၏။သားသမီးတွေလူပျိုအပျိုဖြစ်ချိန်မှ နောက်ထပ်ကလေး မွေးရဦးမည့်အတွက် ဒေါ်ရင်ရွှေက ရှက်နေသည်။
“ငါတော့ အသက်ကြီးမှ ဖြစ်တောင့်ဖြစ်ခဲ ရလာတဲ့ကိုယ်ဝန်ဟာ အိပ်မက်ထဲကအတိုင်း ညိုကြီးဝင်စားချင်လို့ပဲဖြစ်မယ်ထင်တယ်ဟေ့”
ဦးသာမောင်က မှတ်ချက်ချခဲ့သည်။
ဒေါ်ရင်ရွှေသည် … အသက်ကြီးမှကံပေါ်လာသောကလေးကို မြန်မာသက္ကရာဇ်၁၂၉၀ပြည့်နှစ်၌ဖွားမြင်ပါသည်။သည်။ ကလေးအမည်ကို ညိုကြီးနာမည်လည်းပါအောင်၊ သားအကြီးမောင်အံ့မောင်နှင့်လည်းဆင်တူဖြစ်အောင်“ညိုမောင်”ဟု မှည်ခေါ်ခဲ့လေသည်။ကလေးမှာယောကျာ်းလေးဖြစ်ပါဖြစ်ပါသည်။
ညိုကြီးကွယ်လွန်ပြီး ခြောက်နှစ်ကြာမှပင် ဆင်ကလေးတစ်ကောင်ကိုထပ်မံဝယ်ယူရရှိခဲ့ပါသည်။ ထိုဆင်ကလေးမှာ ထိပ်ဖြူ ဖြစ်လေသည်။
“ထိပ်ဖြူ”ဟုအမည်ပေးထားသည်ဆင်ကြီးကို ဝယ်ယူလိုက်သည်မှာ ညိုမောင်အသက်ငါးနှစ်အရွယ်တွင်ဖြစ်ပါသည်။သစ်ဆွဲဆင်အသစ်ကို … နာမည်ပေးရန်စဉ်းစားသည့်အခါ ဆင်၏ဦးကင်းထိပ်တွင် အဖြူရောင်အမွေးများပေါက်နေသည်ကိုအကြောင်းပြု၍ထိပ်ဖြူ”ဟုပေးလိုက်ခြင်းဖြစ်ပါသည်။
ဦးသာမောင်တို့အိမ်ကို ထိပ်ဖြူ ရောက်လာချိန်တွင် ထိပ်ဖြူ၊ အသက်မှာ ၂ဝကျော်ရှိနေပေပြီ။ ဆင်ဖမ်းအဖွဲ့လုပ်သားများက ဆင်၏အသက်ကိုခန့်မှန်းပေးခဲ့ခြင်းဖြစ်ပါ၏။
“ဒီဆင်လေးက အရင်ဆင်ထက် အသက်ငယ်တယ်ဗျ၊ အရင်ဆင်ကြီးက ဖမ်းမိကတည်းက အသက်လေးဆယ်လောက်ရှိနေပြီ၊ ဒီဆင်လေးကအသက်နှစ်ဆယ်ဆိုတော့ ခင်ဗျားတို့ ကြာကြာခိုင်းလို့ရတာပေါ့ဗျာ”
ထိပ်ဖြူကိုသစ်ဆွဲရာတွင် အသုံးပြုရန်ရည်ရွယ်ထားသောဦးသာမောင်တို့မှာ…. တကယ်တန်းကျတော့ ထိပ်ဖြူကို ဘာအလုပ်မှ ခိုင်းခွင့် မကြုံခဲ့ရအသက်ငါးနှစ်အရွယ်မောင်ညိုမောင်ကလေးက အရေးဆိုခဲ့ခြင်းကြောင့်ဖြစ်သည်။
“အဖေတို့က ဘုရားတရားမြဲရဲ့သားနဲ့ သတ္တဝါတွေအပေါ်မှာ ညှာတာထောက်ထားမှုမရှိဘူး။ ကျွန်တော့်ကိုလည်း ဆင်ဘဝတုန်းက မညှာမတာပင်ပင်ပန်းပန်းခိုင်းခဲ့စေခဲ့တယ်။ အခုလည်း ထိပ်ဖြူကို ခိုင်းဖို့ကြိုးစားပြန်ပြီး အဖေတို့သစ်တွေကိုဆွဲရတာ ပင်ပန်းလှပါတယ်အဖေရယ်၊ ထိပ်ဖြူကြီးကိုမခိုင်းပါနဲ့နော်၊ အဖေတို့ မော်တော်ကား ဝယ်နိုင်တာပဲ၊ သစ်လုံးတွေကို မော်တော်ကားနဲ့ပဲ သယ်ပါ အဖေ”
အသက်ငါးနှစ်အရွယ်ကလေးလေးက ချက်ကျလက်ကျနှင့် ချက်ချက်ချာချာပြောသည်အခါ ဦးသာမောင်တို့အဖို့တွေဝေသွားကြလေသည်။ သားငယ်လေး၏ သတ္တဝါတွေအပေါ်ညှာတာမှုမရှိဘူးဆိုသည့် စွပ်စွဲချက်ကိုလည်း သံဝေဂရသွားမိသည်။ ဒါ့အပြင်… သူ ဆင်ဘဝတုန်းက လုပ်ခဲ့ကိုင်ခဲ့ရတာပင်ပန်းလွန်းတယ်ဆိုသောအပြောကြောင့် သနားသွားမိလေသည်။
ညိုမောင်လေးကို … အသက်ကြီးမှရလာသောကြောင့်
မိဘနှစ်ပါးက နွားအိုနောက်ကျသားလေးအဖြစ် ..
သနားချစ်ခင်ကြသည်။ အစ်မကြီးနှင့်အစ်ကိုကြီးကလည်း အသက်များစွာကွာသည် မောင်လေးညီလေးကို သိပ်ချစ်ကြရှာသည်။သည်လိုနှင့် ထိပ်ဖြူဆိုသောဆင်အသစ်ကို သစ်လုပ်ငန်း၌ မခိုင်းစေဖြစ်တော့ချေ။
“ငါ့သားက ဆင်ဘဝကလာတယ်ဆိုတော့ ဟိုတုံးကအဖြစ်တွေကို မှတ်မိသေးလားသား”
ဦးသာမောင်က သွေးတိုးစမ်းကာ မေးကြည်လေသည်။
“မှတ်မိတာပေါ့အဖေ၊ ကျွန်တော့်နာမည်က အဖေတို့မှည်ပေးထားတာ ညိုကြီးလေ… ကျွန်တော့်ကိုထိမ်းတဲ့ ဖထီးဆိုတဲ့အဘိုးကြီးကိုလည်းကျွန်တော်မှတ်မိပါတယ်အဖေ”
ဖထီးဆိုသည်မှာ ကွယ်လွန်သွားသည် ဆင်ထိန်းကရင်အဘိုးကြီး စောဝေမိုးကိုဆိုလိုခြင်းဖြစ်သည်။ ကရင်ကြီးမို့ တစ်ခြံလုံးကဖထီးလို့ခေါ်ခဲ့ကြခြင်းဖြစ်သည်။မောင်ညိုမောင်လေးသည် ဆင်ညိုကြီးအဖြစ်သေလွန်ပြီး တစ်နှစ်ကျော်ကြာရုံနှင့် လူအဖြစ်ပြန်ဝင်စားခဲ့သောကြောင့် ဘဝဆက်နီးနေသည်။လူပြန်ဖြစ်တော့လည်း ဆင်ဘဝကနေခဲ့သောနေရာတွင်ပင် ပြန်ဖြစ်သောကြောင့် အားလုံးကိုမှတ်မိနေခြင်းဖြစ်ပါသည်။
မောင်ညိုမောင်လေးက သူ၏ဆင်ဘဝအတွေ့အကြုံများကိုပြန်ပြောပြရာတွင် ဦးသာမောင်တို့နှင့် … ဤအိမ်ဤခြံတွင် ရသောအဖြစ်များထက်ဤနေရာသို့မရောက်မီ တောတောင်ထဲတွင်နေထိုင် ကျက်စားခဲ့ရသောအဖြစ်များကို ပိုပြီးပြောပြတတ်လေသည်။ဦးသာမောင်တို့မိသားစုမှာလည်း ဆင်ကြီးညိုကြီးနှင့် နှစ်၂၀နေထိုင်ခဲ့သည်တိုင် ရှေ့ပိုင်းက တောထဲတွင်ကြုံတွေ့ခဲ့ရသော ညိုကြီးအဖြစ်များကိုညိုမောင်လေးပြန်ပြောပြမှ သိခွင့်ရခဲ့ခြင်းဖြစ်ပါသည်။
“လူတွေမဖမ်းမိခင်တုန်းက တောထဲမှာ ကျွန်တော့်မှာ မိန်းမရှိတယ်အဖေ။ တစ်နေ့… ကျွန်တော်အစာရှာထွက်လာတုံး.. လူတွေ.ထောင်ထားတဲ့ကျုံးထဲကိုရောက်သွားတယ်။ လူတွေကလည်း ကျွန်တော့်ကို အသံပေးဝိုင်းခြောက်လှန့်ပြီး … ကျုံးထဲရောက်အောင်သွင်းလိုက်တာကိုး။ ကျွန်တော်အဖမ်းခံလိုက်ရတာပေါ့၊ … တကယ်တော့… ကျွန်တော်အစာရှာဖို့ထွက်လာတာ .. ကျွန်တော်တစ်ကောင်တည်းအတွက်မဟုတ်ပါဘူး .. အဖေတို့ရယ် … အဲဒီအချိန်တုံးက ကျွန်တော့် မိန်းမဆင်မလေးမှာ ဇီးရှိနေပြီလေ။ ကိုယ်ဝန်ရှိနေပြီဆိုတော့ သူမပင်ပန်းအောင် ကျွန်တော်ကအစာရှာကျွေးနေတာ၊ ကျွန်တော်လူတွေအဖမ်းခံရပြီး ပြန်မလာတော့ သူတစ်ကောင်တည်း ဘယ်လိုဖြစ်ကျန်ခဲ့မယ်မသိဘူး”
“ဖြစ်မြှဖစ်ရလေသားရယ်”
“ကျွန်တော်လေ အဖေတို့ဆီမှာအလုပ်လုပ်နေရပေမယ့်
မပျော်ဘူး။ တောထဲမှာကျန်ခဲ့တဲ့ ကျွန်တော့်မိန်းမဆင်မလေးကိုပဲ … လွမ်းနေရတယ်၊တောထဲကိုသစ်သွားဆွဲရရင် ထွက်ပြေးဖို့ ကျွန်တော်ခဏခဏကြိုးစား ကြည့်တယ်၊ ဒါပေမယ့်… ကျွန်တော်သစ်ဆွဲတဲ့တောနဲ့ နေခဲ့တဲ့တောက မတူဘူးအဖေ၊ အဝေးကြီးရယ်”
“အဲဒါကြောင့် ငါ့သားလေးက ညိုကြီးဘဝတုံးက တောတောင်ရှိရာဖက်ငေးငေးပြီးနေတာ၊ ကျန်ရစ်ခဲ့တဲ့ဆင်မလေးကို လွမ်းနေတာလားဟင်”
ဒေါ်ရင်ရွှေက ကရုဏာသက်စွာ ဝင်မေးလိုက်သည်။
“ဟုတ်တာပေါ့အမေ၊ ဆင်မလေးကိုလည်းလွမ်းတယ်၊ သူရဲ့ ကိုယ်ဝန်ကမွေးလာမယ့် ကျွန်တော့်သားသမီးလေးကိုလည်း မြင်ချင်တယ်၊ အဲဒီစိတ်တွေနဲ့ ကျွန်တော်မှိုင်တွေနေတာပါ အမေ ”
“ဖြစ်ရလေသားရယ်။ အမေတို့က ဒါတွေဘယ်နားလည်မှာလဲကွဲ့”
“အဲဒီတုန်းက ကျွန်တော်လူတွေကိုသိပ်စိတ်နာတာပဲ၊
လူတွေကြောင့် ကျွန်တော်အဖမ်းခံရတယ်၊ မိသားစုနဲ့ရှင်ကွဲကွဲရတယ်လေ”
“ဘုရား… ဘုရား.. ဒီအရွယ်လေးနဲ့ အတိတ်ဘဝအကြောင်းတွေ စုံစုံစေ့စေ့ပြောတတ်လှချည်လားကွယ်၊ အမေတို့က တရိစ္ဆာန်ကို တိရစ္ဆာန်လိုပဲ သဘောထားခဲ့မိတယ်။ ဒါတွေနားမလည်ခဲ့ဘူး။ မစာနာတတ်ခဲ့ဘူး။ သားလေးက ထိပ်ဖြူကြီးကိုလည်း ကိုယ်ချင်းစာပြီး မခိုင်းမစေဖို့ ပြောတာပေါ့နော်”
“ဟုတ်ပါတယ်အမေရယ်၊ သူ့မှာလည်း တောထဲမှာ သူ့အပေါင်းအဖော်နဲ့မိသားစုနဲ့ရှိမှာပေါ့၊ ဘယ်လောက်သနားစရာကောင်းတုန်း”
“ကောင်းပါပြီငါ့သားရယ်၊ ထိပ်ဖြူ၊ကြီးကိုလည်း ငါ့သားစိတ်တိုင်းကျ ဘေးမဲ့ပေးလိုက်ပါတော့မယ်၊ တောထဲကိုတော့ ပြန်လွှတ်လို့မဖြစ်ဘူးပေါ့၊ငါ့သားနဲ့ဆော့ကစားဖို့အဖော်အနေနဲ့သာ ဒီခြံထဲမှာပဲ သက်သက်သာသာနေပါစေတော့ကွယ်”
သည်လိုနှင့် ထိပ်ဖြူကြီးသည် ဘာအလုပ်မှလုပ်စရာမလိုတော့ပဲ ဦးသာမောင်တို့သစ်လုပ်ငန်းခြံထဲ၌ လူသားများနှင့်ရောနှောနေထိုင်ခဲ့လေသည်။ထိပ်ဖြူမှာလည်း ညိုကြီးကဲ့သို့ပင်လိမ္မာရေးခြားရှိ၍ လူ့သဘောကိုနားလည်သောဆင်တစ်ကောင်ဖြစ်လာခဲ့လေသည်။ဆင်တစ်ကောင်ကို တန်ဖိုးကြီးပေးဝယ်ထားပြီးမှ မခိုင်းမစေရသည့်အခါ သာမန်အားဖြင့် အခြားလိုအပ်သူကို ပြန်ရောင်းလိုက်ဖို့ သင့်ပါသည်။သို့သော်…. သားလေးနှင့်ခင်မင်ရင်းနှီးနေသောဆင်ကြီးကို ပြန်မရောင်းရက်ခဲ့ချေ။ သူတို့အနေဖြင့်လည်း ဆင်တစ်ကောင်တန်ဖိုးကို အမှုထားလောက်စရာမရှိပါ၍ ထိပ်ဖြူကြီးကို ဘေးမဲ့ပေး၍မွေးမြူထားခဲ့လေသည်။
သို့သော်…..ထိပ်ဖြူကြီးသည် အလကားအချိန်မကုန်ခဲ့ရပါ။ ထိပ်ဖြူကြီးအတွက် လုပ်စရာအလုပ်အကိုင်တစ်ခုက အမှတ်မထင်ပေါ်ပေါက်လာခဲ့လေသည်။
မောင်ညိုမောင့်ကို အသက်ခြောက်နှစ်အရွယ်တွင် သင်္ကန်းစည်းပေးခဲ့သည်။
မောင်ညိုမောင်နှင့်အတူ ထိုစဉ်က အသက်၂၁နှစ်ရှိပြီဖြစ်သောမောင်အံ့မောင်ကိုလည်း ရဟန်းခံစေခဲ့သည်။ရှင်ပြုပွဲလှည်ရန်စီစဉ်သည့်အခါ … မောင်ညိုမောင်က မြင်းနှင့်မလှည့်လို။ထိုစဉ်က ရှင်ပြုပွဲကို မြင်းနှင့်လှည်သည်သာထုံးစံရှိပါသည်။ထိပ်ဖြူကိုစီးပြီး … ရှင်လောင်းလှည်ချင်သည်ဟု .. အရေးဆိုသည်။မောင်ညိုမောင်အရေးဆိုသည့်အတိုင်း … မိဘများကအလိုလိုက်ခဲ့သည်။ ထိပ်ဖြူကြီးသည် … မောင်ရင်လောင်းဝတ်စုံဖြင့် … မောင်ညိုမောင်လေးကိုကျောပေါ်တင်ပြီး ဆိုင်းဝိုင်းများဖြင့် မြို့အနှံ့လှည်လည်ရသည်ကို ပျော်ရွှင်နေလေသည်။ ဆင်နှင့်လှည့်သောရှင်ပြုပွဲမှာလည်း စစ်ကိုင်းမြို့၌ ပြောစမှတ်တွင်ခဲ့လေတော့သည်။
ထို့နောက်ပိုင်း မျက်နှာကြီးရှင်ပြုပွဲတစ်ခုက ရှင်လောင်းလှည့်ရာတွင်အသုံးပြုရန် ထိပ်ဖြူကြီးကိုလာငှားလေသည်။ဦးသာမောင်က လက်မခံ။ သူတို့အနေနှင့် ဘေးမဲ့ပေးထားပြီးဖြစ်သောထိပ်ဖြူကြီးကို ငှားမစားလိုသောကြောင့်ဖြစ်သည်။
သို့သော်.. ရှင်ပြုပွဲအတွက် ထိပ်ဖြူကိုလာငှားရမ်းစဉ်
အနားတွင် မောင်ညိုမောင်ရှိနေသည်။ မောင်ညိုမောင်က စကားတစ်ခွန်း ဝင်ပြောလိုက်လေသည်။
“ထိပ်ဖြူကြီးကိုငှားလိုက်ပါအဖေ၊ ထိပ်ဖြူကြီးက ကျွန်တော် ရှင်ပြုတုန်းက လှည့်ရတာကို သိပ်ပျော်နေတယ်၊ သာသနာ့ဘောင်ဝင်တဲ့ ရှင်ပြုပွဲမှာကူညီရတော့ ထိပ်ဖြူကြီးလည်း ကုသိုလ်ရတာပေါ့အဖေရဲ့”
သည်လိုနှင့် အခကြေးငွေအဓိကမဟုတ်ပဲ ဆင်ကြီးထိပ်ဖြူသည် စစ်ကိုင်းမြို့ ရှိ ရှင်ပြုပွဲများတွင် မောင်ရင်လောင်းတင်ဆောင်သော ဆင်ကြီးအဖြစ်သို့ရောက်ခဲ့ရလေတော့သည်။ အခကြေးငွေမသတ်မှတ်ပဲ ငှားရမ်းသူပေးကမ်းသည်ငွေကိုသာ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လက်ခံခဲ့သည်။ ထို့အတွက် သာမန်လက်လုပ်လက်စားများပါ ရှင်ပြုပွဲအတွက် ထိပ်ဖြူကိုငှားရမ်းနိုင်ခဲ့လေ၏။ထိပ်ဖြူကို မောင်ညိုမောင်ကပင် ဆင်ဦးစီးလုပ်ပြီးထိမ်းကျောင်းခဲ့လေသည်၊ ထိုငှားရမ်း၍ရသော အခကြေးငွေများကိုလည်း ထိပ်ဖြူအမည်ဖြင့်ပင် ဘုရားကျောင်းကန်များ၌ လှူဒါန်းခဲ့ပါသည်။
“ရှင်ပြုတယ်ဆိုတာ သာသာနာ့ဘောင်ဝင်တာ၊ ရှင်ပြုတဲ့နေရာမှာ ကူညီတော့ ထိပ်ဖြူကြီးလည်း .. သာသနာပြုနေတာပဲပေါ့၊ သူရတဲ့လုပ်ခငွေတွေကို လှူဒါန်းတာလဲ ထိပ်ဖြူကြီးအတွက် ကုသိုလ်ရတာပဲ၊ ထိပ်ဖြူကြီး နောင်ဘဝကျ တိရစ္ဆာန်ဘဝထက်မြင့်မြတ်တဲ့ဘဝရောက်ရမှာပေါ့ဗျာ”
ထိုကာလက စစ်ကိုင်းမြို့တွင် ရှင်ပြုလှည့်လည်ပွဲတိုင်းလိုလို၌ ထိပ်ဖြူကြီးသည် ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်များ၊ သပိတ်သင်္ကန်းကိုင်များကြားတွင် အိုးစည်ဗုံမောင်းသံ၊ ဗျောသံစည်သံများအလည်၌ ကြွရွစွာလှမ်းကာ သာသနာပြုနေသောမြင်ကွင်းကို မြင်တွေ့ကြရလေသည်။
မောင်ညိုမောင်အသက်၁၅နှစ်ရှိချိန်တွင် ဖခင်ဦးသာမောင်မှာ အလုပ်မှအနားယူလိုက်လေသည်။ အသက်လည်း ၆၅နှစ်ရှိပြီ။ လုပ်ငန်းများကိုသံယောဇဉ်ဖြတ်ကာ လင်မယားနှစ်ယောက်လုံး တရားအားထုတ်နေလေတော့သည်။သစ်လုပ်ငန်းများကို သားကြီးမောင်အံ့မောင်ကဆက်၍ဦးစီးခဲ့သည်။
အသက်၃၅နှစ်ရှိပြီဖြစ်သော မောင်အံ့မောင်မှာ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ပင်ရခဲ့လေပြီ။ သမီးကြီး မယဉ်ကျေးနှင့် သားငယ် မောင်လူအေးတို့ဖြစ်သည်။သမီးအကြီး မအံ့ခင်မှာ အိမ်ထောင်မပြုပဲ အပျိုကြီးဘဝဖြင့်ပင် နေခဲ့လေ၏။မောင်ညိုမောင် အသက်၁၆နှစ်ပြည့်ချိန် တစ်ခုသောရှင်ပြုပွဲတွင် ထိပ်ဖြူကြီးကို ဦးစီးလုပ်ထိန်းကျောင်းခဲ့ရာမှထိပ်ဖြူကြီး ထူးထူးခြားခြားနှုတ်ဆက်လိုက်သောမိန်းမပျိုလေးနှင့် ဆုံဆည်းခဲ့ရခြင်းဖြစ်ပါသည်။
မောင်ညိုမောင်သည် တဒင်္ဂမြင်တွေ့လိုက်ရသောမိန်းမပျိုကို စွဲလမ်းနေခဲ့သည်။ ရင်ထဲမှဝေဒနာများကို ထိပ်ဖြူရှေ့မှောက်တွင် ဖွင့်အံနေရင်းချောင်းနားထောင်သောအစ်ကိုကြီးကိုအံ့မောင် သိသွားခဲ့ခြင်းဖြစ်ပါသည်။
ကိုအံ့မောင်က ညီလေး၏စွဲလမ်းမှုကိုသိရှိကာ မြင်းလှည်းသမား ကိုလှဆောင်ထံသွား၍စုံစမ်းခဲ့ပါသေးသည်။သို့သော်…. မြင်းလှည်းသမားကိုလှဆောင်သည် ဂဃနဏပြော မပြနိုင်ခဲ့ချေ။ မိန်းကလေးတို့မိသားစုကိုမူ မှတ်မိနေသည်။ သူတို့ကို အထက်ဖက်သွားသောကားများစုစည်းရာကားဂိတ်သို့ ပို့ပေးခဲ့ရသည်။ ဘယ်ကားကို စီး၍ခရီးဆက်သွားသည်ကို မသိနိုင်ပေ။သို့ရာတွင်… ကိုလှဆောင်ထံမှ ထူးခြားသောသတင်းတစ်ခုကို တော့ရခဲ့ပေသည်။
“သူ့အမေကမေးလို့ မိန်းကလေးက ထူးထူးဆန်းဆန်းစကားတစ်ခွန်းတော့မိန်းကလေးကပြောတယ်၊ ဆင်ကြီးထိပ်ဖြူက သူ့သားတဲ့၊ သူ့သားလေးတဲ့ဗျာ”
တစ်နေ့တွင်… မောင်ညိုမောင်သည် ရှင်ပြုပွဲတစ်ခုကို
ထိပ်ဖြူနှင့်အတူလိုက် လှည့်လည်ပြီးအပြန် ကောင်းမှုတော်ဘုရားကြီးသို့ ဝင်ရောက်ခဲ့လေသည်။ထိပ်ဖြူကြီးကို ဘုရားပုရဝုဏ်အပြင်ဖက်တွင်ထားခဲ့ကာ . ဘုရားဝင်ဖူးခဲ့သည်။ ထိပ်ဖြူကြီးငှားရမ်းခအတွက် ရလာသောငွေကို အလှူခံပုံးထဲတွင်ထည့်ရင်း ဘုရားတွင် သူက ဆုတစ်ခုတောင်းခဲ့လေ၏။
“ဘုရားတပည်တော်စွဲလမ်းနှစ်သက်နေတဲ့မိန်းကလေးနဲ့ ပြန်လည်တွေ့ဆုံရပါစေ၊ အဆက်အသွယ်ရရှိပါစေ၊ ဖူးစာမှန်လျှင် ပြန်လည်ဆုံတွေ့ရပါစေဟု ဆုတောင်းဖြစ်ပါသည်”
ထိုညတွင် မောင်ညိုမောင်သည် အိပ်မက်တစ်ခုကိုမြင်မက်လေ၏။
အိပ်မက်ထဲတွင် သူသည် ယခင်ဘဝက ဆင်ကြီးညိုကြီးပြန်ဖြစ်နေသည်။ ဆင်ကြီးသည် ယခင်ဘဝပထမပိုင်းက
ကျင်လည်ကျက်စားခဲ့ရာရိုးမတောထဲသို့ပြန်ရောက်နေလေသည်။
မောင်ညိုမောင်ဘဝဟောင်းဆင်ကြီးသည် တောထဲတွင်
ယခင်ဘဝက သူ့ဇနီးဆင်မကြီးကိုပြန်လည်တွေ့ရလေသည်။ဆင်ကြီးသည် ဆင်မကြီးကိုအပြင်တွင် အားရဝမ်းသာအနားသို့ တိုးကပ်သွားလေ၏။သို့ရာတွင်… ဆင်မကြီးက ဆင်ကြီးအနားတိုးကပ်လာသည်ကို မနှစ်မြို့ သလိုကြည့်ကာ ထွက်ပြေးသွားလေသည်။ဆင်ကြီးသည် ဆင်မကြီးနောက်သို့ပြေးလိုက်ခဲ့လေ၏။
ဆင်မကြီးကလည်း ရှေ့ကပြေးနေသည်။
ဆင်ကြီးဖြစ်နေသောမောင်ညိုမောင်က တကြော်ကြော်အော်ခေါ်ရင်း နောက်ကလိုက်သည်။ ဆင်မကြီးက လှည့်၍ပင်မကြည့်ပါ။ထို့နောက် ရွာစည်းရိုးတစ်ခုဆီသို့ရောက်ရှိသွားကြလေသည်။ဆင်မကြီးက ရွာစည်းရိုးကိုကျော်လွန်ကာ ရွာထဲသို့ဝင်သွားလေသည်။ဆင်ကြီးသည် ဆင်မကြီးဝင်သွားသည်ရွာထဲသို့ လိုက်ဝင်ခဲ့လေ၏။
ရွာစည်းရိုးအစပ်တွင် ရွာအမည်ရေးသားထားသော ဆိုင်းဘုတ် တစ်ခုကိုဆင်ကြီးမြင်တွေ့လိုက်ရလေသည်။
မုန်တောရွာ…တဲ့။ သုံးပေနှစ်ပေခန့်သစ်သားပြားပေါ်တွင် သင်္ဘောဆေးဖြင့်ရေးထားသောဆိုင်းဘုတ်ဖြစ်သည်။ဆင်မကြီးသည် ရွာအစွန်ဆုံးမှ ခြံဝင်းတစ်ခုထဲသို့လှမ်းဝင်လိုက်လေသည်။ ခြံထဲသို့ ဆင်မကြီးခြေလှမ်းချလိုက်သည်နှင့် ဆင်မကြီးသည် လူသားမိန်းမပျိုတစ်ယောက်အသွင်ပြောင်းလဲသွားလေ၏။လူသားမိန်းကလေးကနောက်မှလိုက်လာသောဆင်ကြီးအားလှည့်ကြည့်လိုက်လေသည်။ထိုအခါ ထိုမိန်းကလေးသည်မောင်ညိုမောင်နှစ်သက်နေသောမိန်းကလေးပင်ဖြစ်နေလေတော့သည်။
“သွားပါ။ သွားပါ၊ ရှင် ကျွန်မနောက်ကိုလိုက်မလာပါနဲ့၊ ရှင့်ကို စိတ်နာတယ်၊ ရှင့်ကိုမမြင်ချင်ဘူး”
မိန်းကလေးက ခါးထောက်ကာ လူသားဘာသာစကားဖြင့် ပီသစွာပြောလိုက်ပြီး ခြံထဲသို့လှည့်ဝင်ပြေူထွက်သွားပြီးနောက်ခြံထံရှိနှစ်ထပ်အိမ်ကြီးထဲသို့လှမ်းဝင်သွားလေ၏။
ဆင်ကြီးသည် ခြံအဝမှ ငေးမောရင်း ကျန်ရစ်ခဲ့လေသည်။လူသားမိန်းမပျိုက အိမ်တံခါးအဝတွင် နောက်ပြန်လှည့်ကြည့်ပြီး တံခါးကို ဂျိမ်းကနဲ ဆောင့်ပိတ်လိုက်လေး
အိပ်မက်မှလန့်နိုးအလာတွင် မောင်ညိုမောင်သည် အိပ်မက်ကို ပြန်စဉ်းစားကာ အံ့ဩတွေ့ဝေနေလေသည်။
အိပ်မက်က ဘာသဘောပါလိမ့်။အိပ်မက်ထဲတွင် သူသည် အတိတ်ကဆင်ဘဝပြန်ရောက်သွားသည်။အတိတ်ဘဝကချစ်သူဆင်မကြီးကိုလည်ူတွေ့ရသည်။
ထိုဆင်မကြီးသည်ပင် သူစွဲလမ်းချစ်ခင်နေသောမိန်းကလေးအဖြစ်သို့ ပြောင်းသွားခဲ့လေ၏။
အိပ်မက်က ဘာသဘောလဲ။ ရောက်တတ်ရာရာမြင်မက်ခြင်းလား။ အဓိပ္ပါယ်တစ်ခုခုကိုဆောင်လေသလား။ ရြှေ့ဖစ်မည်နိမိတ်ပုံလေလား။အိပ်မက်ထဲတွင် ချစ်သောမိန်းကလေးပြေးဝင်သွားသော ရွာအမည်ကိုဆိုင်းဘုတ်အဖြစ်နှင့်တွေ့ခဲ့ရသည်။ “မုန်တောရွာ”ဆိုသည့် အမည်ကိုလည်းကောင်းကောင်းမှတ်မိ၍ကျန်ခဲ့ပါသည်။မောင်ညိုမောင်က သူ့အိပ်မက်ကို အစ်ကိုကြီးဖြစ်သူ ကိုအံ့မောင်အားပြောပြလိုက်လေ၏။
“ညီလေးဘယ်လိုထင်သလဲ”
“ကျွန်တော်ကတော့ သူ့ကိုစွဲလမ်းလို့အိပ်မက်မက်တယ်ထင်တာပဲ၊ အတိတ်ဘဝကဆင်မကြီးကိုမက်တာလည်း ဆင်မကြီးဟာ အရင် ဘဝကကျွန်တော့်ချစ်သူလေ၊ သူကလေးကလည်း ကျွန်တော်ချစ်နေရတဲ့သူဆိုတော့ အိပ်မက်ထဲမှာ ရောထွေးပြီးမြင်မက်တာထင်ပါရဲ့အစ်ကိုကြီးရယ်၊ ဒါပေမယ့်ကျွန်တော်ရောက်သွားတဲ့ရွာကို နာမည်နဲ့တကွ အိပ်မက်ထဲမှာ တွေ့ရတာတော့ဆန်းတယ်အစ်ကိုကြီး၊ သူကလေးနေတဲ့ရွာပဲဖြစ်နေမလား မသိပါဘူးဗျာ”
“အိပ်မက်ဆိုတာ တစ်ခါတစ်ခါတော့လည်း ရြှေ့ဖစ်မယ့်အဖြစ်ကို နိမိတ်ပြတာမျိုးပဲညီလေးရယ်၊ မုန်တောရွာဆိုတာ အပြင်မှာ တကယ် ရှိချင်ရှိမှာပေါ့၊ ညီလေးရဲ့ချစ်သူဟာလည်း အဲဒီရွာမှာနေတာ ဖြစ်ချင်ဖြစ် နေနိုင်တယ်။ ဒီတော့… အစ်ကိုကြီးတို့ မုန်တောရွာဆိုတာ တကယ်ရှိမရှိနဲ့ ရှိရင်ဘယ်နားမှာရှိတယ်ဆိုတာ စုံစမ်းကြည့်ကြတာပေါ့ကွာ”
ညီအစ်ကိုနှစ်ယောက် မုန်တောရွာဆိုသည့်အမည်ကို ဦးတည်ချက်ထားကာစုံစမ်းခဲ့ကြလေသည်။တကယ်တန်းစုံစမ်းတော့ ဝေးဝေးလံလံမှာပင် မစုံစမ်းခဲ့ရပေ။
သူတို့သစ်စက်မှ အလုပ်သမားအယောက်နှစ်ဆယ်ထဲတွင် မုန်တောရွာဆိုသည်ကို သိသူနှစ်ယောက်ပေါ်ထွက်လာသည်။တစ်ယောက်က သူသိသောမုန်တောရွာသည်
မန္တလေး-မြစ်ကြီးနားရထားလမ်းဘေး ကပ်ရက်တွင်ရှိပြီး
ဘူတာရုံကလေးရှိသောရွာဟု ဆိုသည်။ညိုမောင့်အိပ်မက်ထဲမှ မုန်တောရွာသည် ထိုမုန်တောမဖြစ်နိုင်ပါ။
အိပ်မက်ထဲမှာ ထူထပ်သောသစ်တောအုပ်နှင့်မလှမ်းမကမ်း၊ တောခေါင်ခေါင်ဒေသကရွာကလေးအဖြစ်မြင်မက်ခဲ့ရသည်။ထိုသူပြောသော မုန်တောရွာကို ပယ်လိုက်ကြသည်။
မုန်တောရွာကိုသိသော နောက်တစ်ယောက်ကတော့
ကိုစစ်အောင်ဆိုသူဖြစ်သည်။ ကိုစစ်အောင်က သူနေခဲ့သောဇာတိရွာအနီးတွင် မုန်တောတစ်ရွာရှိကြောင်း၊ ရိုးမတောနှင့်အနီးဆုံးရွာ ဖြစ်ကြောင်း၊ အတော်ပင်ဝေးလံသီခေါင်ကြောင်းပြောပြသည်။
“ခင်ဗျား အဲဒီရွာကိုရောက်ဖူးသလား ကိုစစ်အောင်”
“ငယ်ငယ်ကတော့ ရောက်ဖူးတယ်”
“ရွာထိပ်မှာ သစ်သားဆိုင်းဘုတ်နဲ့ မုန်တောရွာလို့ရေးထားတာ ရှိသလားဗျ”
ကိုစစ်အောင်က အချိန်အနည်းငယ်ပြန်စဉ်းစားနေသည်။
“ဟာ…ရှိတယ်။ ရှိတယ်၊ ရွာထိပ်မှာဆိုင်းဘုတ်ကြီးရှိတယ်။ ကျွန်တော်က မုန်တောနဲ့မလှမ်းမကမ်းက စမ်းအိုင်ဆိုတဲ့ရွာဇာတိပါ၊ မုန်တောကလူတွေ ကျွန်တော်တို့ရွာကို မကြာခဏလာတတ်တယ်၊ မြို့တက်ရင်လည်း ကျွန်တော်တို့ရွာကပဲဖြတ်သွားရတာ၊ ကျွန်တော်ရောက်ဖူးတာက အလှူတစ်ခုသွားရင်းရောက်ဖူးတာပါ”
“ဒါဆို ကျွန်တော်တို့ကို လိုက်ပို့နိုင်မလား ကိုစစ်အောင်”
“မုန်တောကိုလား”
“ဒါပေါ့”
“ဆရာတို့သွားချင်တယ်ဆိုရင် ကျွန်တော်ပို့ရမှာပေါ့၊ ဒါပေမယ့် လမ်းကြမ်းတယ်၊ ခေါင်တယ်နော်၊ ကားမပေါက်ဘူး၊ လှည်းလမ်းပဲရှိတယ်။သွားရင် သုံးရက်လောက်ကြာမှရောက်မယ်”
“ဘယ်လောက်ကြမ်းကြမ်းဗျာ၊ ရောက်အောင်သွားမယ်၊
ကျွန်တော်တို့ကိုသာ လမ်းပြပေတော့”
မုန်တောရွာသွားမည်အစီအစဉ်အား မိဘများကိုတင်ပြတော့… သဘောမတူကြပေ။ အဓိပ္ပါယ်မရှိသောလုပ်ရပ်လို့ပင် စွပ်စွဲကြသည်။တကယ်တော့လည်း အိပ်မက်တစ်ခုကိုအကြောင်းပြု၍ ထွက်ရမည့်ခရီးမှာ မရေရာလှပါ။
“ခေတ်ကာလကြီးကလည်း မကောင်းဘူးငါ့သားတို့၊
အင်္ဂလိပ်ရော ဂျပန်ရော တို့မြေပေါ်ရောက်နေကြတာ၊ သူတို့အချင်းချင်းလည်း ဘာဖြစ်ကြဦးမယ်မသိဘူး၊ မသွားကြပါနဲ့ကွယ်”
ဦးသာမောင်ကတားမြစ်သော်လည်း ကိုအံ့မောင်က ရအောင် အရေးဆိုခဲ့လေသည်။
“ဒီအတိုင်းနေရင် … အဖေ့သားလေး. စိတ္တဇဖြစ်ပြီး လုံးပါးပါးလိမ့်မယ်အဖေ၊ သူက ကောင်မလေးကို အတော်စွဲလမ်းနေတာ၊ ကျွန်တော်လိုက်သွားမှာပါ၊ ရွာခံကိုစစ်အောင်လည်းပါတာပဲ၊ ကျွန်တော်တို့ စုံစမ်းသင့်တာစုံစမ်းပြီး အပြန်ပြန်လာခဲ့ပါ့မယ်အဖေ”
ကိုအံ့မောင်အရေးဆိုလွန်း၍ မိဘနှစ်ပါးမှာ မလိုက်လျောချင်ပဲ ခွင့်ပြုလိုက်ရလေသည်။
“ဒါဖြင့်လည်း အမြန်သွားပြီး အမြန်ပြန်လာကြ၊
အိမ်အလုပ်တွေ မင်းမရှိရင်မဖြစ်ဘူးဆိုတာ သိတယ်နော်
မောင်အံ့မောင်”
“ကျွန်တော့်ညီလေးဝေဒနာကို မကြည့်ရက်လို့ပါအဖေရယ်၊ သူ့အိပ်မက်အတိုင်း တကယ်ဟုတ်,မဟုတ် ရှင်းရှင်းလင်းလင်းသိလိုက်ရ သူလည်းဖြေသာသွားတာပေါ့။ နို့မို့ သူ့ရင်မှာ တနံ့နုံ့ဖြစ်နေမှာ စိုးလို့ပါ”
“ကဲ- ဒါဖြင့် အိပ်မက်ထဲကအတိုင်း မိန်းကလေးကိုတွေ့ရင် တစ်ခါတည်းပြောဆိုပြီး အပါသာခေါ်ခဲ့ကြပေတော့ သားတို့ရေ”
ဒေါ်ရင်ရွှေက အလေးအနက်တိုက်တွန်းလိုက်လေသည်။
ခရီးစဉ်မှာ အတော်ပင်ကြမ်းတမ်းပြီး ပင်ပန်းလှပေသည်။သူတို့သည် မုန်တောရွာရောက်အောင် … သုံးရက်တိတိခရီးဆက်ခဲ့ရပေသည်။.အဝေးပြေးလမ်းမကြီးမှဖဲ့ဆင်းလိုက်သည်နှင့် ကားလမ်းမပေါက်တော့ပေ။ လှည်းလမ်းရှိသော်လည်း လှည်းကအမြဲသွားနေသည်မဟုတ်။ လှည်းကြုံဖြင့်တစ်လှည့် တစ်ရွာမှတစ်ရွာသို့ လှည်းငှား၍တစ်လှည့် ခရီးဆက်ခဲ့ရပေသည်။
ကိုစစ်အောင်တို့စမ်းအိုင်ရွာအရောက်တွင် ခရီးစဉ်မှာ
သုံးရက်တိုင်သွားပေပြီ။ ညနေခင်းမှာ စမ်းအိုင်ရွာသို့ရောက်၍ တစ်ညအိပ်ပြီးမှ မုန်တောကိုသွားရန် ကိုစစ်အောင်ကပြောသော်လည်း စိတ်ဇောကြီးနေသောညိုမောင်က တားမရပေ။ကိုစစ်အောင်ရာ”
“ငါးမိုင်လောက်ပဲဝေးတော့တာဆို၊ မိုးမှမချုပ်သေးပဲ၊
တစ်ခါတည်း ရောက်အောင်သွားကြရအောင်။
သည်လိုနှင့် စမ်းအိုင်ရွာမှ မုန်တောရွာအထိကို ခြေလျင်
လျှောက်ခဲ့ရပြန်လေသည်။ညိုမောင်ကတော့ တက်ကြွလျှက်ရှိသည်။လမ်းမှာတွေ့ရသည်ရှူခင်းမြင်ကွင်းများကို သူ့အိပ်မက်ထဲကနှင့် တူတူလာပြီလို့လည်းပြောလာသည်။ ရိုးမတောင်ကြီးကိုမျှော်ကြည့်ရင် ယခင်ဘဝက ဆင်အဖြစ် သူကျင်လည်ခဲ့ရာတောကြီးအဖြစ်မှတ်မိကြောင်း ပြောပြန်သည်။ညိုမောင့်ခြေလှမ်းများက သွက်လက်နေလေသည်။နေဝင်ဖျိုးဖျအချိန်တွင်… မုန်တောရွာထိပ်သို့ရောက်ပါပြီ။
“ဟာ…”
ရွာထိပ်က သစ်သားဆိုင်းဘုတ်ကြီးကိုကြည့်၍ ညိုမောင်က ရေရွတ်လိုက်သည်။
“မောင်ညိုမောင်ပြောတာ အဲဒီဆိုင်းဘုတ်လား”
“ဟုတ်တယ်၊ ဟုတ်တယ်ကိုစစ်အောင်၊ ဒီအတိုင်းပဲ ကျွန်တော် အိပ်မက်ထဲမှာ တွေ့ရတာ၊ အိပ်မက်ထဲကအတိုင်းဆို သူတို့အိမ်ဟာမဝေးတော့ဘူး၊ ဒီနားတွင်ပဲ”
ညိုမောင့်ကိုလမ်းပြစရာမလိုတော့ပါ။ အိပ်မက်ထဲမှာ မြင်မက်မှတ်မိနေသော ရွာစည်းရိုးကိုဖြတ်ကာ ရွာထဲသို့ရှေ့ဆုံးမှဝင်သွားသည်။ရွာစည်းရိုးအစပျဉ်ထောင်အိမ်ကြီးကိုအတွေ့တွင် ညိုမောင်က ဝမ်းသာအားရလှည့်ပြောလိုက်လေသည်။
“သေချာပြီအစ်ကိုကြီးရေ၊ ဟိုအိမ်ပဲ၊ အစ်ကိုကြီးတို့လိုက်ခဲ့ပေတော့”
ညိုမောင်သည် အိပ်မက်ထဲကခြံဝင်းထဲသို့ အပြေးတစ်ပိုင်းဖြင့် ဝင်သွားလေတော့သည်။ခြံထဲမှ အိမ်ကြီးရှေ့ ဝါးကွပ်ပျစ်ကလေးပေါ်တွင် ဦးနက်ကျော်၊ ဒေါ်လုံးကြည်နှင့် လုံမတို့သားအမိသားအဖသုံးယောက် ရေနွေးကြမ်းသောက်ရင်းစကားစမြည်ဆိုလျှက်ရှိသည်။
ခြံထဲသို့ပြေးဝင်လာသောလူငယ်ကိုတွေ့လိုက်သည်တွင်
သုံးယောက်လုံးက ထိုလူငယ်ကိုလှမ်းကြည့်လိုက်၏။
ညိုမောင်က ခြေလှမ်းကိုတုံ့လိုက်ကာ လုံမကို စိုက်ကြည့်လိုက်လေသည်။ လုံမကလည်း ညိုမောင့်ကိုပြန်ကြည့်နေသည်။လုံမသည် ထိုင်ရာမှဆတ်ကနဲထကာ အိမ်ထဲသို့ဝင်သွားလေတော့သည်။
“ဟင်…”
ညိုမောင့်ရင်မှာ ဟာလျှက်ကျန်ခဲ့သည်။ အိပ်မက်ထဲကအတိုင်းပါလား။ဦးနက်ကျော်နှင့်ဒေါ်လုံးကြည်က ညိုမောင့်ကိုအံ့ဩစွာကြည့်နေကြသည်။ ထိုသူငယ်ကိုမြင်ဖူးသည်ဟုလည်း စိတ်ထဲမှာထင်နေ၏။
ထိုအချိန်တွင်… နောက်မှလိုက်လာသော ကိုစစ်အောင်နှင့် ကိုအံ့မောင်တို့ အိမ်ခြံဝင်းထဲသို့ရောက်လာကြလေသည်။
အခြေအနေကိုရိပ်မိလိုက်သောကိုစစ်အောင်က
ဦးနက်ကျော်တို့ကို မိတ်ဆက်စကားပြောကာ ထိမ်းလိုက်သည်။
“အစ်ကိုကြီးနဲ့အစ်မကြီး၊ ကျွန်တော်က စမ်းအိုင်ရွာက ဦးဖိုးမြ၊ ဒေါ်ကြွယ်တို့သား စစ်အောင်ပါ၊ အစ်ကိုကြီးကို ကျွန်တော်ငယ်ငယ်က ရွာကိုထင်းတွေလာလာပို့တာမြင်ဖူးပါတယ်”
“ဪ.. ဪ.. ဦးဖိုးမြသားကိုး၊ ထိုင်ပါ၊ ထိုင်ကြပါ၊ ဘာကိစ္စရှိလို့ပါလိမ့်။ ဦးနက်ကျော်က ဧည့်သည်များကိုဖိတ်ခေါ်လိုက်သည်။ ကွပ်ပြစ်ပေါ်တွင်ဝင်ထိုင်ကြရင်း ကိုစစ်အောင်က ညိုမောင့်ကို ပြေပြေလည်လည်ပြောလိုက်၍မေးလိုက်သည်။
“မင်းရှာနေတဲ့မိန်းကလေးဟာ ခုနအိမ်ထဲဝင်သွားတဲ့
မိန်းကလေး အမှန်ပဲလား မောင်ညိုမောင်”
“ဟုတ်ပါတယ် ကိုစစ်အောင်၊ သူပါပဲ”
ညိုမောင့်ဆီမှ သေချာပြီဆိုသောအဖြေရမှ ကိုစစ်အောင်က အကျိုးအကြောင်းကို ရှင်းရှင်းလင်းလင်းဖွင့်ပြောလိုက်လေသည်။
“ဒီကညီအစ်ကိုနှစ်ယောက်က ကျွန်တော့်ရဲ့အလုပ်ရှင်များပါ အစ်ကိုကြီးနဲ့အစ်မကြီး၊ အကြီးကကိုအံ့မောင်၊ အငယ်က မောင်ညိုမောင်ပါ”
“မောင်စစ်အောင်က အဝေးမှာအလုပ်သွားလုပ်နေတာ
မဟုတ်လား၊ မင်းငယ်ရုပ်ကို ဖမ်းမိပါပြီကွယ်၊ အေး…အေး…အစ်ကိုကြီးနာမည်ကကိုနက်ကျော်တဲ့၊ အစ်ကိုကြီးဇနီးက မလုံးကြည်၊ ဒါနဲ့… မင်းတို့လာတာ အကြောင်းထူးများရှိသလားမောင်စစ်အောင်”
“ရှိပါတယ်အစ်ကိုကြီး၊ ကိုအံ့မောင်နဲ့မောင်ညိုမောင်က စစ်ကိုင်းမှာ ကျွန်တော်အလုပ်လုပ်နေတဲ့သစ်စက်ပိုင်ရှင်တွေပါ”
“စစ်ကိုင်းမှာ… မင်းက စစ်ကိုင်းမှာအလုပ်လုပ်နေတာလား၊ တို့တောင်မကြာခင်က မန္တလေးကိုဘုရားဖူးထွက်ရင်း စစ်ကိုင်းဖက် ရောက်ခဲ့သေးတယ်”
“ဟုတ်ကဲ့၊ ကျွန်တော်တို့လာတာလဲ အဲဒီကိစ္စပါပဲခင်ဗျာ၊
ဒီက မောင်ညိုမောင်က စစ်ကိုင်းကိုအကိုကြီးတို့လာတုန်းအကိုကြီးတို့သမီးလေးကိုတွေ့လိုက်ပါတယ်။ မရိုသေ့စကားပြောရရင် အစ်ကိုကြီးတို့ သမီးလေးကိုစွဲလမ်းနေလို့ ဒီအထိစုံစမ်းပြီးလိုက်လာရတာပါပဲခင်ဗျာ”
“ဘယ်လို… ဘယ်လို”
ကိုစစ်အောင်စကားကြောင့် ဦးနက်ကျော်ရော၊ ဒေါ်လုံးကြည်ပါ အံ့ဩသွားကြလေသည်။
“ဒီလိုပါခင်ဗျာ”ကိုအံ့မောင်က ဝင်ပြီးရှင်းပြရလေသည်။
“ စစ်ကိုင်းမှာ အစ်ကိုကြီးတို့ဘုရားဖူးလာတုံးက … ရှင်ပြုအလှူလှည့်လာတာမှာ … မောင်ရင်လောင်းတင်တဲ့ဆင်ကြီးက .. အစ်ကိုကြီးတို့သမီးကိုနှုတ်ဆက်တာ မှတ်မိဦးမယ်ထင်ပါတယ်၊ အဲဒီတုန်းက… ကျွန်တော့် ညီလေးညိုမောင်ဟာ ဆင်ကြီးရဲ့ဦးကင်းပေါ်မှာ ဆင်ဦးစီးအဖြစ်ပါလာပါတယ်ခင်ဗျာ၊အဲဒါနဲ့ပဲ… အစ်ကိုကြီး၊အစ်မကြီးတို့သမီးကို တွေ့ဖူးသွားတာပါ”
ဦးနက်ကျော်နှင့်ဒေါ်လုံးကြည် တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်ကြလေသည်။
“ဪ… အဲဒါကြောင့် ဒီသူငယ်လေးအိမ်ထဲဝင်လာကတည်းက မြင်ဖူးပါတယ်လို့ထင်မိတာကိုး၊ ဟုတ်ပါရဲ့၊ မှတ်မိပြီ …မှတ်မိပြီ”
ဒေါ်လုံးကြည်က စစ်ကိုင်းကအဖြစ်ကိုပြန်စဉ်းစားရင်းပြောလိုက်လေသည်။
“ထူးထူးဆန်းဆန်းကွယ်၊ ဆင်က လုံမကိုနှုတ်ဆက်နေတော့ အစ်မကြီးတို့လည်း အံ့ဩသွားတာပေါ့၊ မြင်းလှည်းပေါ်ရောက်မှ လုံမက ပြောပြတယ်၊ ဆင်ကြီးက အရင်ဘဝက သူ့သားတဲ့”
“အစ်မကြီးတို့ သမီးလေးနာမည်က လုံမပေါ့နော်၊ အဲဒီလို ပြောတဲ့အကြောင်းကိုမြင်းလှည်ူသမားပြောပြလို့သိပြီးပါပြီ၊ အစ်မကြီးသမီးကဒီလိုဘာလို့ပြောရတာလဲဗျာ”
“ကိုအံ့မောင်က မေးလိုက်သည်။ဒေါ်လုံးကြည်သည် မြန်မာတောသူမ သဘောရိုးကြီးဖြစ်သည့်အားလျော်စွာ ထိန်ချန်ကွယ်ဝှက်ခြင်းမရှိပဲ လုံမ၏ဘဝဇာတ်ကြောင်းကို ပြောပြလိုက်လေသည်။“ပြောရင်တော့ယုံစရာမရှိဘူး၊ အစ်မကြီးတို့သမီးလေးဟာ ဆင်ဘဝက လာတာကွဲ့”
” ဗျာ…”
သည်တစ်ခါ အံ့ဩစွာအာမေဍိတ်သံပြုလိုက်မိသူက
ညိုမောင်ပင်ဖြစ်လေသည်။ဒေါ်လုံးကြည်က ဆင်လိုက်လာသည်ထင်၍ တောထဲမှအပြေးအလွှားပြန်လာမိပုံ၊ ညပိုင်းတွင် ကိုနက်ကျော်ဆင်မကြီးကို အိပ်မက်မက်ပုံများကိုစီကာပတ်ကုံးပြောပြနေလေသည်။
“အဲဒါပဲ၊ ပြောရင်ယုံစရာမရှိဘူး၊ သမီးလေးဟာ နေ့ရှိသရွေ့ သူ ဆင်ဘဝကနေခဲ့တဲ့တောထဲကို လှမ်းလှမ်းကြည့်ပြီး .. မှိုင်နေတော့တာ၊မင်းတို့ကတော့ ဒါတွေကို ယုံမှာမဟုတ်ဘူး”
“ယုံပါတယ်ဗျာ၊ ယုံပါတယ်၊ အကြွင်းမဲ့ယုံပါတယ်
ဒေါ်လေးရယ်…”
ညိုမောင်က ဒေါ်လုံးကြည်ကို ဒေါ်လေးဟုပင် ခေါ်ဝေါ်သုံးစွဲလိုက်သည်။ ကိုအံ့မောင်၊ ကိုစစ်အောင်တို့နှင့်အသက်ချင်းမကွာလှ၍ အစ်ကိုကြီးအစ်မကြီးခေါ်တာတင့်တယ်သော်လည်း ညိုမောင့်အဖို့တော့ အသက်အရွယ်အရ ဦးလေး၊ဒေါ်လေးခေါ်ရပေမည်။
ပြီးတော့… ဦးနက်ကျော်၊ဒေါ်လုံးကြည်မှာသူချစ်နေသောမိန်းကလေး၏မိဘများဖြစ်နေသည်မဟုတ်ပါလား။
“မလုံမဟာ ဆင်ဘဝလာတဲ့ ဆင်ဝင်စားတဲ့လားဗျာ၊
တိုက်ဆိုင်လိုက်တာ ဒေါ်လေးရယ်၊ ကျွန်တော်ဟာလည်း
ဆင်ဝင်စားတစ်ယောက်ပါပဲ၊ကျွန်တော့်ရဲ့အတိတ်ကဆင်ဘဝကိုလည်း ကျွန်တော်ကောင်းကောင်း မှတ်မိပါတယ်၊ ဆင်ဝင်စားအချင်းချင်းမို့ ကျွန်တော် မလုံမကို စိတ်ဝင်စားမိတာထင်ပါရဲ့ ဒေါ်လေးရယ်”
“မင်းကလည်း ဆင်ဝင်စား၊ ဟုတ်လား”
ဦးနက်ကျော်က မေးလိုက်သည်။
“ဟုတ်ပါတယ်ဦးလေး”
“ဟုတ်ပါတယ်အစ်ကိုကြီး၊ ညီလေးက ဆင်ဘဝကလာတဲ့
လူတစ်ယောက်ပါ၊ သူရဲ့အတိတ်ဘဝက မလုံမထက်တောင် အထောက်အထားပြည့်ပြည့်စုံစုံရှိပါသေးတယ်၊ ညီလေးရဲ့အရင်ဘဝက ကျွန်တော်တို့ သစ်လုပ်ငန်းမှာသစ်ဆွဲခဲ့တဲ့ဆင်ကြီးလေ၊ ကျွန်တော်တို့နဲ့အတူ သေသည်အထိနေခဲ့တဲ့ဆင်ကြီးပေါ့၊ ဆင်ကြီးသေပြီးတစ်နှစ်အကြာမှာပဲ အမေ့ဝမ်းထဲမှာဝင်စားခဲ့တာပါဗျာ”
“ဪ…. ထူးလည်းထူးပါပေါ့”
“ဒါနဲ့ မလုံမက ကျွန်တော်တို့ဆင်ကြီးကို သူ့သားလေးလို့ ဘာလို့ပြောရတာလဲဒေါ်လေးရယ်”
“လွှတ်ကနဲပြောလိုက်တာပဲကွယ်၊ အဒေါ့်သမီးက စကားနည်းတယ်၊ သူ့အတိတ်ဘဝအကြောင်းကို ပြောဟယ်ဆိုဟယ် မရှိဘူး၊ ဆင်ကြီးကိုသူ့သားလို့ပြောလိုက်တာလည်း အဲဒီတစ်ခါပါပဲ၊ ထပ်မေးတော့ မပြောတော့ပြန်ဘူး””
“အစ်မကြီးသမီးကို ခဏလောက်ခေါ်ပေးပါလားဗျာ၊
မောင်ညိုမောင်တို့နဲ့လည်း မိတ်ဆက်ပေးရအောင်၊
မောင်ညိုမောင်က သူ့ကိုစွဲလမ်းလို့ဒီရွာအထိ ခက်ခက်ခဲခဲလိုက်လာတာလည်း သူသိစေချင်ပါတယ်၊ အစ်ကိုကြီးနဲ့အစ်မကြီးကိုလည်း လူငယ်ချင်းအိမ်ထောင်ရေးကိစ္စအတွက် စဉ်းစားပေးပါလို့တစ်ပါတည်းပြောချင်ပါတယ်”
ကိုစစ်အောင်က ဝင်ပြောပေးလိုက်ခြင်းဖြစ်သည်။
ဦးနက်ကျော်နှင့်ဒေါ်လုံးကြည် တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်ကြလေ၏။
“လူငယ်ချင်းကိစ္စကတော့ တိုင်တိုင်ပင်ပင်လုပ်ကြတာပေါ့လေ၊ သမီးလုံမသဘောထားကိုလည်း မေးပါရစေဦး၊
နောက်တော့ ဆွေးနွေးကြတာပေါ့၊ လုံးကြည်… သမီးကိုခေါ်ပေးလိုက်ပါကွယ်”
ဒေါ်လုံးကြည်က လုံမကိုခေါ်ရန် အိမ်ထဲသို့ဝင်သွားလေသည်။
ဒေါ်လုံးကြည်အိမ်ထဲရောက်ချိန်တွင် အိမ်ရှေ့ခန်း၌ နှုတ်ခမ်းစူလျှက်ရပ် နေသောလုံမကို တွေ့ရလေ၏။
“လုံမသမီး၊ အိမ်ရှေ့ကပြောတာတွေကြားလား”
“ကြားသားပဲအမေ”
“ကြားရင်လိုက်ခဲ့ဦးသမီး၊ တော်တော်ထူးဆန်းတာပဲ၊ အမေတို့ စစ်ကိုင်းမှာ ဆင်ကြီးနဲ့အတူတူတွေ့ခဲ့ရတဲ့ ကောင်လေးဟာပဲ၊ … သူကလည်း..”
“ဒါတွေကျွန်မကြားပြီးပါပြီအမေ၊ ကျွန်မသူ့ကိုမတွေ့ချင်ဘူး။ မလိုက်ပါရစေနဲ့”
“ဟဲ့- ကိုယ့်အိမ်လာတဲ့ဧည်သည်ကို၊ ဘယ့်နဲ့ကောင်းမလဲလုံမရယ်။ တစ်ရပ်တစ်ကျေးက လိုက်လာရတဲ့ဟာ”
“ဟင့်အင်း…… ကျွန်မသူ့ကိုမတွေ့ချင်ပါဘူး”
“သူငယ်က သူလည်းဆင်ဝင်စားလေးဆိုလို့ သမီးတို့ချင်း တွေ့ စေချင်လို့ပါကွယ်၊ သမီးက သူပြောတာတွေမယုံဘူးလား”
“ယုံသားပဲ၊ သူပြောတာတွေအားလုံးဟုတ်တယ်၊ သူကသာ မသိတာ၊ ကျွန်မသူ့ကို ဆင်ဘဝကတည်းက သိတယ်အမေ”
“ဟင်”
“ဟုတ်တယ်၊ ဆင်ဘဝတုန်းက သူဟာ သမီးယောကျာ်း
ဆင်ထီးကြီးပေါ့”
“အမလေး… လုံမ၊ တကယ်ပြောနေတာလား။ ဒါနဲ့များ
ထွက်တွေ့ရောပေါ့အေ”
“မတွေ့ချင်ဘူး၊ သူဟာ သစ္စာမရှိဘူးအမေ၊ ဆင်ဘဝတုံးက သူ ကျွန်မကိုပစ်ထားခဲ့တယ်၊ အဲဒီတုန်းက ကျွန်မမှာကိုယ်ဝန်ကြီးနဲ့၊ ကိုယ်ဝန်ရှိနေတာကို ပစ်ပြေးပြီး သူသွားချင်ရာသွားတာ၊ ကျွန်မမှာ တစ်ကောင်တည်း ဒုက္ခတွေရောက်ခဲ့ရတယ်၊ သူ့ကို ကျွန်မစိတ်နာတယ်၊ ဟိုဘဝကတည်းကစိတ်နာနေတာ၊ ခုဘဝ ပိုဆိုးသေး။ သူ့မျက်နှာကို မမြင်ချင်ပါဘူး၊ သွားပါအမေ၊ ကျွန်မကိုခေါ်လို့မရဘူးလို့ပြောလိုက်ပါ”
“လုံမရယ်…”
“သွားပါတော့အမေရယ်၊ အဖေပါ လိုက်လာနေပါဦးမယ်၊
ကျွန်မက မတွေ့ချင်ပါဘူးလို့သာ ပြောလိုက်ပါအမေရယ်၊ နော်…”
”အိမ်ထဲမြှပန်ထွက်လာသောဒေါ်လုံးကြည်မှာ မျက်နှာ
အပျက်ပျက် ဖြစ်နေရှာသည်။ဧည့်သည်များကလည်း လုံမပါမလာ၍ အိမ်ပေါက်ဝမှထွက်လာနိုး ငေးနေကြ၏။“သမီးရော… လုံမရော လုံးကြည်၊ ခေါ် မလာဘူးလား”
ဦးနက်ကျော်က မေးလိုက်သည်။
“လုံမက… လုံမက မလိုက်ချင်ဘူးတဲ့၊ ဟို… ဒီကသူငယ်ကို မတွေ့ချင်ဘူးတဲ့တော်”
“ဟင်”
ညိုမောင်တို့ညီအစ်ကို အံ့အားသင့်သွားရလေသည်။
“သူက ကျွန်တော့်ကို ဘာလို့မတွေ့ချင်ရတာလဲဒေါ်လေးရယ်”
“သူက မင်းကိုစိတ်နာနေတာတဲ့သူငယ်ရဲ့၊
မင်းတို့နှစ်ယောက်လုံးရဲ့ ဆင်ဘဝကို လုံမက မင်းထက်တောင် ပိုသိနေသေးတယ်၊ ဒီမယ်- မင်းနဲ့သူဟာ ဟိုအရင်ဆင်ဘဝက လင်မယားတွေတဲ့”
“ဗျာ….”
ဒေါ်လုံးကြည်က ရိုးသားသူပီပီ သူသိလာသမျှကို အားလုံးဖွင့်ချလိုက်လေသည်။
“ဟုတ်တယ်၊ မင်းက သူ့ယောကျာ်းဆင်ထီးကြီးပေါ့၊ အဲဒီတုန်းက မင်းက သူ့ကိုပစ်ပြေးသွားတယ်ဆို၊ သူ့မှာ ကိုယ်ဝန်ဆောင်ကြီးနဲ့ကျန်ခဲ့ရသတဲ့တော်၊ မင်း ဒါတွေမမှတ်မိဘူးလား၊ သူကတော့ အဲဒါတွေကြောင့် မင်းကိုစိတ်နာနေတာ၊ မင်း ကိုမတွေ့ချင်ဘူးတဲ့လေ”
ညိုမောင်နှင့်ကိုအံ့မောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြန်သည်။
“ဟင်”
“အစ်ကိုကြီး၊ ကျွန်တော့်အိပ်မက်ဟာ အဓိပ္ပါယ်ရှိနေပြီပေါ့”
“ဟုတ်တာပေါ့ညီလေးရယ်””
ညိုမောင်က ဦးနက်ကျော်နှင့်ဒေါ်လုံးကြည်ကို ရှင်းပြလိုက်သည်။
“ဦးလေးနဲ့ဒေါ်လေး၊ ကျွန်တော် ဒီရွာအထိ လိုက်လာနိုင်တာ အိပ်မက်ကြောင့်ပါ၊ အိပ်မက်ထဲမှာ အရင်ဘဝကဆင်မကြီးနောက်ကိုလိုက်လာရင်းဟောဒီမုန်တောရွာကိုရောက်လာတယ်။ မုန်တောရွာဆိုင်းဘုတ်ကို အိပ်မက်ထဲမှာ ကျွန်တော်မြင်ခဲ့ရလို့ ကိုစစ်အောင်ဆီမှာစုံစမ်းပြီး လိုက်လာနိုင်တာပါ။
အဲဒီအိပ်မက်ထဲမှာလေ ဆင်မကြီးက ဟောဒီခြံဝင်းထဲပြေးဝင်သွားတယ်၊ ခြံဝင်းထဲရောက်တာနဲ့ ဆင်မကြီးဟာ လုံမအဖြစ် ပြောင်းလဲသွားတယ်ဒေါ်လေး။အိပ်မက်ကို ရောက်တတ်ရာရာမက်တယ်လို့ပဲ ကျွန်တော်ကထင်ထားတာ။ တကယ်တော့ အိပ်မက်က လုံမနဲ့ဆင်မကြီးဟာ တစ်ယောက်တည်းဖြစ်ကြောင်းကျွန်တော့်ကိုအသိပေးလိုက်တာပဲ၊ ခုမှ ကျွန်တော်နားလည်တော့တယ် ဒေါ်လေးရယ်”
“အေးကွယ်၊ ဒါပေမယ့် အရင်ဘဝက မင်းက သူ့ကိုပစ်ပြေးထားတော့ သူစိတ်နာနေရှာတယ်”
“ကျွန်တော်ပစ်မပြေးပါဘူး။ သူ့ကိုပစ်ပြေးတာမဟုတ်ပါဘူး ဒေါ်လေး၊ အဲဒီအဖြစ်တွေကို ကျွန်တော်ကောင်းကောင်းကြီးမှတ်မိပါတယ်၊ ကျွန်တော်အစာရှာထွက်အလာမှာ .. လူတွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာပါ။
အဲဒီတုန်းက တောထဲမှာအစာရှာနေတဲ့ကျွန်တော့်ကို
လူတွေက အသံအမျိုးမျိုးပေးခြောက်လှန့်ပြီး ထောင်ထားတဲ့ကျုံးထဲဝင်အောင်လုပ်ပြီး ဖမ်းခဲ့
ကြတာပါ၊ ကျွန်တော့်ကိုဖမ်းပြီး .. လူစကားနားလည်းအောင် … အမျိုးမျိုးလေ့ကျင့်ပေးပြီးမှခုဘဝကျွန်တော့်အဖေနဲ့အမေဆီမှာ ရောင်းစားလိုက်တာပါဗျာ”
“ဪ.. မင်း ဒါတွေမှတ်မိသားပဲ”
“ဘဝဆက်နီးလို့ .. ဆင်ဘဝကအဖြစ်တွေကို မှတ်မိပါတယ် ဦးလေ။ ကျွန်တော်ဟာ ဆင်ဖမ်းသမားတွေ အဖမ်းခံရလို့. စစ်ကိုင်းက အခုအိမ်ကိုရောက်ခဲ့ရတာပါ။ သူ့ကိုပစ်ပြေးခဲ့တာ မဟုတ်ရပါဘူး ဦးလေးတို့ရယ်”
“ဒါ အမှန်ပဲလားကိုရင်”
အိမ်ထဲမှထွက်လာကာ မေးလိုက်သောမေးခွန်းသံကြောင့် အားလုံးက လှည့်ကြည့်လိုက်ကြလေသည်။
လုံမပါတကား။
လုံမသည် ညိုမောင့်ကို ယခင်ဘဝနာကျည်းချက်ကြောင့် မတွေ့လိုသော်လည်း ဧည့်သည်များစကားဝိုင်းကို ထရံအကွယ်မှ နားထောင်နေခဲ့ခြင်းဖြစ်ပါသည်။
ညိုမောင်ရှင်းပြသည် ကြားလိုက်ရသည့်အခါ သူမရင်တွင် တစ်ဘဝလုံးနာကျည်းခံပြင်းနေရသောဝေဒနာများ
ပျောက်ကွယ်သွားလေ၏။လုံမက အပြင်ဖက်သို့ထွက်လာကာ ညိုမောင့်ကိုမေးလိုက်ခြင်းဖြစ်ပါသည်။
“ဒါ အမှန်ပဲလားကိုရင်”
“ဟင်…မလုံမ၊ ကျွန်တော်ပြောတာတွေဟာ..အဖြစ်မှန်တွေပါ.. မလုံမရယ်၊ မယုံရင် ဟောဒီက ကျွန်တော့်အစ်ကိုကြီးကို မေးကြည့်ပါ။အစ်ကိုကြီးဟာ ကျွန်တော့်ဘဝနှစ်ခုလုံးကို အစအဆုံးသိပါတယ်”
လုံမက ကွပ်ပြစ်အစွန်တွင် ဝင်ထိုင်လိုက်သည်။
“ကျွန်မက အစာရှာမယ်ဆိုပြီးသွားလိုက်တာ ပြန်မလာတော့ ကျွန်မကိုပစ်ပြေးသွားပြီပဲထင်ခဲ့တာပေါ့”
“ဖြစ်ရလေမလုံမရယ်၊ အဲဒီနာကျည်းချက်က အခုဘဝအထိတောင် ပါလာခဲ့တယ်နော်၊ အဲဒီတုံးက… မလုံမဟာ တောထဲမှာ ကိုယ်ဝန်ကြီးနဲ့တစ်ကောင်တည်းကျန်ခဲ့တာနော်၊ ဒါဖြင့်… ထိပ်ဖြူကို မလုံမရဲ့သားလို့ပြောလိုက်တာ ထိပ်ဖြူဟာ မလုံမ ဆင်ဘ၀ကမွေးခဲ့တဲ့သားလေး ဖြစ်နေလို့လား”
“အစစ်ပေါ့ကိုရင်၊ သူကလည်း ကျွန်မကိုမှတ်မိတယ်၊ ကျွန်မကလည်း သူ့ကိုမှတ်မိလိုက်တယ်လေ၊ ကျွန်မမှတ်မိတာက တခြားကြောင့်ပါ၊ ဆင်ကလေးဟာ မွေးကတည်းက ဦးကင်းပေါ်မှာ အမွေးဖြူဖြူလေးတွေ အကွက်လိုက်ပေါက်နေတယ်လေ၊ .အလှူလှည်လာတုံးက
ကျွန်မကိုလာနှုတ်ဆက်တော့ ဒါ ကျွန်မသား ဆင်ကလေးပဲဆိုတာ တန်းသိလိုက်တာပေါ့”
“ဒါဖြင့်… ထိပ်ဖြူဟာ ကျွန်တော့်သား၊ ကျွန်တော်နဲ့မ
“ဆင်ဘဝကမွေးခဲ့တဲ့ ဘဝဟောင်းကသားပါ ကိုရင်”
“ကျွန်တော်က မလုံမကို ဘဝဟောင်းက ဆင်မကြီးအနေနဲ့ မမှတ်မိခဲ့ဘူး၊ အိပ်မက်မက်တာတောင် သဘောမပေါက်ခဲ့ဘူး၊ မလုံမကတော့ကျွန်တော့်ကို လူအနေနဲ့မြင်ရပေမယ့် ဘဝဟောင်းက ဆင်ထီးကြီးဖြစ်ခဲ့တယ်ဆိုတာ မှတ်မိနေသားပဲ၊ စစ်ကိုင်းမှာတုံးက တွေ့တွေ့ချင်း သိတာပဲလားဟင်”
“မဟုတ်ပါဘူးကိုရင်၊ ကိုရင့်ကို ဆင်ဦးကင်းပေါ်မှာ လူအနေနဲ့ မြင်ခဲ့ပေမယ့် ဘဝဟောင်းကဆင်ကြီးမှန်း ကျွန်မသိပါဘူး၊ အိပ်မက်ကြောင့်ကျွန်မသိလိုက်ရတာပါ၊ ကိုရင်မက်ခဲ့တဲ့အိပ်မက်မျိုး ကျွန်မလည်း မက်ခဲ့တယ်လေ။ ဘုရားဖူးက ပြန်လာပြီး ရွာပြန်အရောက်မှာပေါ့၊ အိပ်မက်ထဲမှာဘဝဟောင်းကဆင်ကြီးဟာ တောထဲကနေ ကျွန်မနောက်ကိုလိုက်လာတယ်။ ကျွန်မကစိတ်နာနာနဲ့အတွေ့မခံပဲ အိမ်ထဲဝင်ပြေးခဲ့တယ်၊ အိမ်ထဲရောက်လို့ပြန်လည်းလှည်ကြည်လိုက်ရော ဆင်ကြီးဟာ ကိုရင်ဖြစ်နေတယ်လေ၊ လူသားပုံစံပြောင်းသွားတယ်၊ အိပ်မက်ထဲက ကိုရင့်ကို ဆင်ဦးကင်းပေါ်မှာတွေ့ခဲ့တဲ့လူဆိုတာ ကျွန်မမှတ်မိလိုက်ပါတယ်။”
“ဒါ့ကြောင့်….အခုကိုရင်လိုက်လာတာကို ကျွန်မမအံ့ဩပါဘူး။ အကြောင်းစုံမသိရသေးလို့ မတွေ့ချင်ဘူးလို့ပြောလိုက်တာပါကိုရင်”
“မလုံမအိပ်မက်နဲ့ ကျွန်တော့်အိပ်မက်ဟာ တစ်ရက်တည်း အတူတူမက်တာဖြစ်လောက်တယ်၊ ဒါဆိုရင်… မလုံမ
ကျွန်တော့်ကို သံသယဖြစ်နေတာတွေ နာကျည်းနေတာတွေ ပြေလောက်ပြီပေါ့နော်”
” အို…လုံမက ရှက်သွေးဖြန်းကာ ခေါင်းလေးငုံ့သွားလေတော့သည်”
“အစ်ကိုကြီးနဲ့အစ်မကြီးခင်ဗျာ၊ ဇာတ်စုံခင်းလိုက်လို့ … အားလုံးလည်း ရှင်းသွားပါပြီ။ ကျွန်တော့်ညီလေးမောင်ညိုမောင်ဟာ လုံမကိုမြင်ကတည်းက စွဲလမ်းနေလို့ ဒီရွာကို မရမက စုံစမ်းပြီးထွက်လာခဲ့တာပါ၊ ခုလိုဇာတ်စုံရှင်းလိုက်တော့ သူတို့နှစ်ယောက်ဟာ အရင်ဘဝကတည်းက ဆင်အဖြစ်နဲ့ဖူးစာဖက်ခဲ့ကြတဲ့စုံတွဲဆိုတာ သိလိုက်ရပါပြီ၊ အဲဒီတော့ ကျွန်တော်ကပဲ .. အစ်ကိုကြီးအဖရာအနေနဲ့နားဖောက်ပါရစေတော့ခင်ဗျာ”
ကိုအံ့မောင်က အဖြစ်အပျက်များအားလုံးကို ရှင်းလင်းရေငုံစွာ သိသွားပြီးချိန်တွင် ပြောလိုက်သည်။
“ကျွန်တော်တို့မိဘများကတော့ အသက်လည်းကြီး၊ နိုင်ငံရေးအခြေအနေကလည်းမကောင်း၊ ဒီရွာကလည်း ဝေးလံလွန်းလို့ လိုက်မလာနိုင်ပါဘူး၊ ကျွန်တော်တို့မိသားစုများရဲ့ အနေအထားကို ကိုစစ်အောင်ကို မေးကြည့်နိုင်ပါတယ်။ ဒီတော့… မိဘများကိုယ်စား မောင်ညိုမောင်အတွက်လုံမကို တောင်းရမ်းပါရစေ၊… သူတို့နှစ်ယောက်ဟာလည်း ဘဝဟောင်းကဖူးစားဖက်ခဲ့ဖူးသူတွေမို့ သဘောတူပေးပါလို့ ပြောချင်ပါတယ် .. အစ်ကိုကြီးနဲ့အစ်မကြီး”ခင်ဗျာ။
လုံမ၏မိဘနှစ်ပါးဖြစ်သော ဦးနက်ကျော်နှင့်ဒေါ်လုံးကြည်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြန်သည်။
“ကျုပ်အနေနဲ့တော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ သို့သော်… အိမ်ထောင်ရေးဆိုတာ ကာယကံရှင်တွေရဲ့ သဘောက အဓိကပေကို။ ကျုပ်သမီးလုံမရဲ့ သဘောထားကိုသာ မေးပါလေ”
“အို.. အဖေကလဲ”
လုံမမှာ ရှက်ရှက်နှင့် အိမ်ထဲသို့အမြန်ဝင်ပြေးသွားလေတော့သည်။
“ကဲ- ကဲ- မောင်ရင်တို့လည်း ခရီးပန်းလာတယ်၊ ညလည်း မိုးချုပ်ပြီ၊ ဒီလိုကိစ္စမျိုးဟာ ချက်ချင်းဆုံးဖြတ်ရမယ့်ကိစ္စမျိုးလည်း မဟုတ်ဘူး။
စမ်းအိုင်ကိုလည်း ပြန်မနေနဲ့တော့၊ မောင်ရင်တို့တွေ
ဘုန်းကြီးကျောင်းမှာပဲအိပ်လိုက်ကြ၊ ကျုပ်လိုက်ပို့ပေးမယ်၊ မနက်မှ ကျောင်းက ဆရာတော်ကြီးရော၊
ရွာက သူကြီးနဲ့လူကြီးသူမတွေရော ပြောဆိုအသိပေးပြီး စီမံကြတာပေါ့ကွယ်”
လွမ်းစေတီရှိသည်တောင်ကုန်းအထက်မှ မျှော်ကြည်လိုက်လျှင် ရိုးမတောကြီးကိုအပေါ်မှစီးမိုးမြင်နေရပါသည်။ သစ်ပင်သစ်တောများမှာ အရွက်ချင်းထပ်၊ အကိုင်းချင်းယှက်၍ မြေပြင်ကိုမမြင်ရနိုင်အောင် ပိန်းပိတ်နေပေသည်။ တစ်တောလုံးစိမ်းစိုနေပေရာ အစိမ်းရောင်ကမ္ဗလာ ကြီးဖြန့်ချထားသလိုကြည်လေရာရာ စိမ်းညို့မှိုင်းမှုံနေပေ၏။
“ဟောဟိုတောင်တန်းကြီးရဲ့ တောစပ်တလျှောက်မှာ ကျွန်မတို့ အရင်ဘဝက သွားလာလှုပ်ရှားခဲ့တာပေါ့ကိုရင်”
လုံမက အဝေးခပ်လှမ်းလှမ်းမှု ရေးရေးပြပြမြင်နေရသော ရိုးမတောစပ်ဆီ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
လုံမသည် လွမ်းစေတီရှိရာတောင်ကုန်းပေါ်သို့ ညိုမောင့်ကိုခေါ်လာကာ ပြောပြနေခြင်းဖြစ်ပါသည်။
“ဪ.…. လုံမရယ်၊ ကိုယ်တို့အဖြစ်က ဆန်းကြယ်လှချည်လားမှော်၊ တိရစ္ဆာန်ဘဝမှာလည်း ဖူးစာဆုံရတယ် … အခု လူ့ဘဝမှာလည်းပြန်ဆုံရပြန်ပြီး ဆန်းလည်းဆန်းတဲ့ဖူးစာပါပဲကွယ်”
“မဆန်းပါဘူးကိုရင်၊ ကိုရင်နဲ့ကျွန်မက အရင်ဘဝအကြောင်းကိုမှတ်မိနေကြလို့သာကိုး။ တကယ်တော့ လူတိုင်းသတ္တဝါတိုင်းဟာ ကျွတ်တန်းမဝင်သေးသရွေ့ ဘဝသံသရာကြီးထဲမှာ တရစ်ဝဲဝဲ တဝဲလည်လည်နဲ့ ဘဝအမျိုးမျိုးပြောင်းနေကြတာပါ၊ ခုအချိန်မှာ လူဖြစ်နေပေမယ့် နောင်တစ်ဘဝကျတိရစ္ဆာန်ဖြစ်ချင်ဖြစ်နေမှာပေါ့၊ ကျွန်မတို့ မြတ်ဘုရားတောင် ဘဝပေါင်းစုံကျင်လည်ခဲ့ရာမှာ . ဆဒ္ဒန်ဆင်မင်းဆိုတဲ့ဆင်ဘဝနဲ့ … ကျင်လည်ခဲ့ရသေးတာမဟုတ်လား”
“လုံမက တရားသဘောတွေလည်း သိလို့ပါလား”
“ရွာဦးကျောင်းဆရာတော်ကြီး ဟောကြားတဲ့တရားတွေထဲကမှတ်ထားတာပါကိုရင်”
“ဟုတ်ပါတယ်၊ တရားသဘောနဲ့ကြည့်ရင်တော့ ဒါဟာ ဘာမှ မဆန်းကြယ်ပါဘူးလေ”
“ဒါပေမယ့်… လူဘဝ၊ တိရစ္ဆာန်ဘဝ၊ ကျေးငှက်ဘဝရယ်လို့ … ဘဝပေါင်းများစွာရှိတဲ့အထဲမှာ လူ့ဘဝရရှိတာတော့… မြတ်တာပေါ့ကိုရင်၊သတ္တဝါတွေထဲမှာ လူတစ်မျိုးတည်းသာလျှင် သရဏဂုံတည်နိုင်တယ်၊ ဘုရားတရားသံဃာကို ကိုးကွယ်ဆည်းကပ်နိုင်တယ် မဟုတ်လား ကိုရင်”
“ဒါပေါ့ကွယ်.….. ဒီတော့ ကိုယ်တို့လည်း နိဗ္ဗာန်မရမီစပ်ကြား နောင်ဘဝအဆက်ဆက်ဖြစ်ခဲ့ရင် လူအဖြစ်ကိုပဲရပါစေ၊ ဘဝဆက်တိုင်း ဖူးစာဆုံရပါစေလို့ ဟောဒီလွမ်းစေတီကြီးမှာဆုတောင်းရအောင်နော် လုံမ”
“ကျွန်မနဲ့ကိုရင်အတွက်ပဲ ဆုတောင်းလို့ မလုံလောက်သေးဘူးလေ၊ ကျွန်မတို့သားလေးရှိသေးတယ်“
“ကျွန်မတို့သားလေးထိပ်ဖြူအတွက်ပါ ဆုတောင်းရမှာပေါ့ကိုရင်ရဲ့”
“ဟုတ်ပါတယ်လုံမရယ်၊ ကိုယ်တို့ အရင်ဘဝကမွေးခဲ့တဲ့သားလေးက ကိုယ်တို့ဘဝပြောင်းတဲ့အထိ သက်ရှိထင်ရှားရှိနေတာ ထူးခြားတဲ့ ကံကြမ္မာပဲနော်၊ သားလေးနဲ့အမြန်တွေ့ရအောင် မြို့ကိုလိုက်ခဲ့ပါတော့နော် လုံမ”
“ဟုတ်ကဲ့ပါကိုရင်ရယ်”
ဆင်ဝင်စားချစ်သူနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အချစ်ရည်ရွှမ်းလဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိကြလေတော့သည်။
အဆင်ပြေသွားခဲ့လေပြီ။ညိုမောင်တို့ရောက်ရှိပြီး နောက်တစ်နေ့မှာပင် ဘုန်းကြီးကျောင်းသို့ သူကြီးနှင့်ရွာလူကြီးများကိုခေါ်ယူပြီး ညိုမောင်နှင့်လုံမတို့့ဖြစ်စဉ်အားပြောပြလိုက်လေသည်။
မုန်တောရွာတစ်ရွာလုံးမှာ လုံမကိုဆင်ဝင်စားမလေးအဖြစ် သိထားကြပြီးဖြစ်သည်။ ယခုလို အဝေးတစ်ရပ်တစ်ရွာက လုံမကိုတောင်းရမ်းရန်ရောက်လာသူမှာလည်း ဆင်ဝင်စားတစ်ဦးပင်ဖြစ်ပြီး ယခင်ဘဝက လုံမ၏ချစ်သူဖြစ်မှန်းသိလိုက်ကြသည့်အခါ .. ဆန်းကြယ်သည်ဖူးစာကို အံ့ဩမဆုံးဖြစ်သွားကြလေတော့၏။
“ကျွန်တော့်ညီလေးမောင်ညိုမောင်ဟာ လုံမကို အရင်ဘဝဟောင်းကဆက်စပ်မှု့ရှိမှန်းမသိခင်ကတည်းက လူကိုမြင်ပြီးစွဲလမ်းမိလို့ ဒီရွာအထိရောက်လာရတာပါခင်ဗျာ၊ မုန်တောရွာမှာ လုံမရှိမှန်းသိပုံကလည်း ဆန်းကြယ်ပါတယ်။ အိပ်မက်ထဲမှာ လုံမနောက်ကိုလိုက်လာရင်း ရွာထိပ်က မုန်တောရွာဆိုတဲ့ဆိုင်းဘုတ်ကြီးကိုတွေ့လို့ ဒီရွာကိုစုံစမ်းရင်းက ကိုစစ်အောင်အကူအညီနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာပါ”
ညိုမောင်နှင့်လုံမတို့၏ ဆင်ဝင်စားဖြစ်စဉ်များကိုပြောပြအပြီးတွင် ယခုဘဝတွင် ဆန်းကြယ်စွာဆုံဆည်းရပုံများအား ကိုအံ့မောင်က ထပ်ဆင့်ရှင်းပြလိုက်ပြန်၏။
“အဲဒီတော့ ဆရာတော်ဘုရားကြီးကိုအမှူးထားပြီး တပည့်တော် လျှောက်ထားပါရစေ၊ မောင်ညိုမောင်နဲ့လုံမဟာ ရှေးဘဝကတည်းက ရေစက်ပါပြီးသားမို့ ခုဘဝမှာလည်း လူငယ်ချင်းသဘောတူမျှရင် လက်ဆက်ပေးပါလို့ မောင်ညိုမောင့်အုပ်ထိန်းသူအနေနဲ့တောင်းဆိုပါရစေ ဘုရား”
“အင်း… ညိုမောင်နဲ့လုံမတို့အဖြစ်ဟာ ဘဝသံသရာကြီးထဲမှာ သတ္တဝါတွေဟာ တဝဲလည်လည်နဲ့ ကံစီမံရာအတိုင်း လှုပ်ရှားရုန်းကန်နေရတယ်ဆိုတာ သက်သေပြလိုက်တဲ့အဖြစ်တစ်ခုပေပဲ ဒကာတို့၊ သူတို့အဖြစ်ပေါ်မှာ သံဝေဂယူကြဖို့ပဲ ဘုန်းကြီးက မိန့်ကြားချင်တယ်၊ လောကီသားချင်းဃရာဝါသကိစ္စတွေမှာတော့ ဘုန်းကြီးမပါပါရစေနဲ့တော့၊ သူကြီး ကိုစံခက ဦးဆောင်ပြီး သင့်လျော်အောင် စီမံပေးလိုက်ပါ ဒကာကြီး”
ဆရာတော်ဘုရားကြီးက လိုအပ်သမျှသာမိန့်ကြားကာ ကျက်သရေခန်းထဲသို့ ကြွသွားလေတော့သည်။သူကြီးဦးစံခကပင် လုံမမိဘများသဘောထားများကိုမေးမြန်းပြီး စေ့စပ်ဆောင်ရွက်ပေးခဲ့ရာ ညိုမောင်နှင့်လုံမတို့ အချစ်ရေးမှာအဆင်ပြေသွားခဲ့သွားခဲ့လေပြီ။ဦးနက်ကျော်ကလည်း လုံမကို ညိုမောင်နှင့်လက်ဆက်ပေးရန် သဘောတူသည်။
“ဒါဖြင့် မောင်ညိုမောင်နဲ့လုံမကို ဒီရွာမှာပဲတင့်တင့်တယ်တယ် လက်ထပ်ပေးပြီး မြို့ကိုခေါ်သွားချင်ပါတယ်၊ မြို့ ရောက်တဲ့အခါမှာလည်း ထပ်ပြီးလက်ထပ်ပွဲကျင်းပပေးပါဦးမယ်”
“ကိုအံ့မောင်က သူ့အစီအစဉ်ကိုတင်ပြလိုက်သည်။
အတိုင်းထက်အလွန်ပါပဲမောင်ရင်ရယ်”
သူကြီးဦးစံခက ပြန်ပြောလိုက်လေသည်။သို့ဖြင့် လုံမသည် မောင်ညိုမောင့်ကို သူမသွားရောက်နေကျ လွမ်းစေတီဆီသို့ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပါ၏။
“လုံမ၊ ပျော်ရဲ့လားဟင်၊ ကိုယ့်ကိုချစ်ရဲ့လား”
ညိုမောင်က လုံမ၏လက်ကလေးများကိုဆုပ်ကိုင်ကာ မေးလိုက်သည်။
“ပျော်ပါသော်ကောကိုရင်ရယ် ကိုရင်နဲ့ကျွန်မဟာ ဟိုအရင် ဆင်ဘဝကတည်းက ချစ်ခဲ့ဖူးသူတွေပဲ၊ မပျော်ပဲရှိပါ့မလားရှင်“
“ဒါနဲ့ ကိုယ်ရောက်လာတော့ လုံမက ရှောင်ပြေးရက်သေး
တယ်နော်၊ အိပ်မက်ထဲမှာတောင်ကိုယ့်ကိုစိမ်းကားရက်လိုက်တာ၊ ရန်တွေဖွဲ့လို့ပါလားလုံမရယ်”
“ဒါကတော့ ကိုရင်ရယ်၊ ကျွန်မက ကိုရင်ဆင်ဘဝတုန်းက
ကျွန်မကိုပစ်ပြေးသွား လို့ချည်းစွဲလမ်းနေတာကိုး”
“တကယ်တော့ လုံမရယ် .. ဆင်ဘဝတုံးက ကိုယ်ဟာ
လူတွေချောက်လှန့်ပြီး ကျုံးထဲဝင်အောင် ဖမ်းခဲ့လို့အဖမ်းခံခဲ့ရတာပါ။လူတွေနယ်မြေထဲမှာ နေခဲ့ရတဲ့တလျှောက်လုံး လုံမကိုလွမ်းနေခဲ့ရတာပါ၊ ညိုကြီးနာမည်နဲ့ သစ်ဆွဲဆင်ဘဝတုံးက နေ့ရှိသရွေ့ရိုးမတောဖက်ငေးပြီး တောထဲကဘဝကို ပြန်ပြီးလွမ်းဆွေးနေရတာပါလုံမရယ်၊ မယုံရင် အစ်ကိုကြီးကိုအံ့မောင်ကိုမေးကြည်၊ ကိုယ်ငယ်ငယ်တုံးကလည်း ဆင်ဘဝက အကြောင်းတွေပြန် ပြောပြတော့ တောထဲမှာကျန်ခဲ့တဲ့ဆင်မကြီးကို စိတ်မချတဲ့အကြောင်းတွေပါတယ်။ အစ်ကိုကြီးကိုသာ ပြန်မေးကြည့်ပါတော့ လုံမရယ်”
“ယုံပါတယ်ကိုရင်၊ ယုံပါတယ်၊ ကျွန်မကလည်း တောထဲမှာ တစ်ကောင်တည်း မျက်နှာငယ်ကျန်ခဲ့တော့ သားကလေးကိုမွေးပြီး အားကိုးရာမဲ့ခဲ့ရလို့ စိတ်နာမိတာပါ၊ ကျွန်မကို ဘဝတူဆင်တွေက စောင့်ရှောက်ဖော်ရခဲ့ပါတယ်ကိုရင်၊ ဒါတောင် သားလေးကြီးလာတဲ့တစ်နေ့မှာ လူတွေရဲ့အန္တရာယ်နဲ့ကြုံရပါသေးကောရှင်”
“ဟင်- ဟုတ်လား”
“ကျွန်မမှတ်မိသေးတာပေါ့ကိုရင်၊ လူတွေဟာ အုပ်စုဖွဲ့အသံပေးပြီး ကျွန်မတို့ဆင်အုပ်ကို နောက်ကနေချောက်လှန့်ကြတာလေ၊ ကျွန်မတို့လည်းသေပြေးရှင်ပြေးပြေးရတာပေါ့၊ အဲဒီတုန်းက သားလေးအတွက် စိုးရိမ်လိုက်ရတာ၊ ပြေးကြလွှားကြရင်းက ကျွန်မရှေ့ခြေထောက်တစ်ဖက်ဟာ ကျောက်လွှာနှစ်ချပ်ကြားမှာညပ်သွားခဲ့တယ်၊ ကျွန်မလေ သေသည်အထိ ရှေ့ခြေထောက်တစ်ဖက်ဟာ အနာဖြစ်ပြီး မတ်မတ်မရပ်နိုင်တော့ပါဘူး”
“ ဖြစ်ရလေလုံမရယ်”
“အဲဒီတုန်းက ဆင်ဖမ်းတဲ့လူတွေဟာ ကျွန်မတို့အဖွဲ့က
ဆင်ထီးကြီးတစ်ကောင်ကိုဖမ်းမိသွားခဲ့တယ်လေ၊ ကျွန်မဖြင့် ငါမရှိတော့ရင် ငါ့သားလေးလူတွေအန္တရာယ်က လွတ်ပါ့မလားလို့တွေးပြီး ပူပန်ခဲ့ရတယ်၊ ကျွန်မပူပန်တဲ့အတိုင်း သားလေးဟာ လူတွေရဲ့အဖမ်းအဆီးကိုခံခဲ့ရတာပဲနော်”
“ဒါပေမယ့် ကိုယ်တို့သားလေး ကံမဆိုးပါဘူးလုံမ၊ သားလေးထိပ်ဖြူကို မခိုင်းမစေဖို့ ကိုယ်ပန်ကြားတာကို ကိုယ့်မိဘများက လက်ခံခဲ့ပါတယ်။ကိုယ့်မိဘတွေက သူတော်ကောင်းတွေပါ။ ခုလို. သားလေး .. ရှင်ပြုပွဲတွေမှာလိုက်နေတာကတော့ … ကိုယ့်အစီအမံပဲလုံမရယ်၊ .. သာသနာ့ဘောင်ဝင်တဲ့အလုပ်မှာ ကူလုပ်တော့ ကုသိုလ်ရတယ်ဆိုပြီး လုပ်ခိုင်းထားတာပါ။ ထိပ်ဖြူ ကလည်း ရှင်လောင်းလှည့်လိုက်ရတာကို သိပ်ပျော်နေရှာတယ်လေ။
“အင်း…ကိုရင်နဲ့ထိပ်ဖြူဟာ အရင်ဘဝသားအဖမို့ ခုလို ချစ်ခင်နေကြတာပဲဖြစ်မှာပေါ့နော်”
“ဒါနဲ့ လုံမက တောထဲကနေ ဆင်စွယ်ကြီးယူလာပြီး မိဘတွေကိုပေးသေးတယ်ဆို၊ အဲဒီအကြောင်းပြောပြပါဦးလုံမရယ်”“ကျွန်မဒါတွေကို ဘယ်သူ့မှ ပြောမပြခဲ့ဘူး၊ တကယ်တော့ ဆင်စွယ်ကို ဆင်သင်္ချိုင်းထဲက ယူပေးခဲ့တာပါ။ အဖေတို့က ကျောက်သွေးရှာဖို့ရေတံခွန်နားခေါ်သွားတော့ ဆင်ဘဝက ကျွန်မသွားသေခဲ့တဲ့ ဆင်သင်္ချိုင်းကိုသတိရလာတယ်ကိုရင်၊ ဒါနဲ့ပဲ ရေတံခွန်အောက်ကဆင်သင်္ချိုင်းထဲဝင်ပြီးဆင်စွယ်တစ်ချောင်းယူခဲ့တာပါ”
“ဪ…”
“အံ့ဩစရာပဲကိုရင်၊ ဆင်သင်္ချိုင်းထဲက ကျွန်မလည်းပြန်ထွက်လာရော နံရံကြီးဟာ စေ့ပြီးပိတ်သွားတော့တယ်၊ ကျွန်မဝင်ခဲ့တဲ့လမ်းကလေးကိုလည်းမမြင်ရတော့ဘူး၊ ကျွန်မသဘောပေါက်လိုက်ပါတယ်၊ ကျွန်မဟာလူဘဝရောက်နေပြီဆိုတော့ ဆင်သင်္ချိုင်းကို မသိစေချင်လို့ ကွယ်ပစ်လိုက်တယ်ဆိုတာ ကျွန်မသိလိုက်ပါတယ်၊ ဒါကြောင့် ဒီအတွေ့အကြုံတွေကို ဘယ်သူ့မှမပြောပြဘူးကျွန်မတို့ဆင်တွေရဲ့ သင်္ချိုင်းဆိုတာဟာလည်း ဘယ်သူမှ မသိအောင်လျှို့ဝှက်ထားသင့်တဲ့နေရာ မဟုတ်လား”
“ဟုတ်တာပေါ့လုံမရယ်၊ ဆင်သင်္ချိုင်းထဲက ဆင်စွယ်တစ်ချောင်းယူလို့ရလာတာ လုံမကံကောင်းလို့ပေါ့နော်ဒီတုန်းက လုံမ ငယ်သေးတယ်၊ ဆင်စွယ်ဟာ လူတွေအတွက် အလွန်အဖိုးတန်တယ် ဆိုတာလည်းမသိသေးပါဘူး၊ အဖေအမေတို့ကိုပေးချင်တဲ့စိတ်ပဲရှိပါ တယ်၊ ကျွန်မစိတ်ထဲမလဲ အများကြီးမယူဘူး၊ တစ်ချောင်းပဲယူမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်ကိုရင်၊သင်္ချိုင်းထဲမှာတော့ ဆင်စွယ်တွေဟာ တောင်ပုံရာပုံပါပဲကိုရင်ရယ်”
“လုံမလောဘမထားခဲ့လို့ ဆင်စွယ်တစ်ချောင်းယူလို့ရခဲ့တာပေါ့လေ။ . ကိုယ့်ရဲ့မိဘတွေကလည်း ကိုယ့်ရဲ့အရင်ဘဝ ဆင်ညိုကြီးရဲ့အလောင်းကိုခြံထဲမှာပဲ မြှုပ်ခဲ့ပါတယ်။ ညိုကြီးရဲ့အစွယ်တွေကိုလည်း ဖြတ်ယူမထားခဲ့ပါဘူး။ သေသွားပေမယ့် မဖြတ်ရက်လို့တဲ့”
“ ကိုရင်လူ့ဘဝကိုပြန်ရောက်တော့ ကိုရင်နေခဲ့တဲ့အိမ်မှာပဲ
လူပြန်ဖြစ်တယ်နော်”
“ဟုတ်တယ်၊ ကိုယ့်ရဲ့အဖေအမေနဲ့အစ်ကိုအစ်မတွေကို ဆင်ဘဝကတည်းက သံယောဇဉ်ကြီးလို့ထင်ပါရဲ့ လုံမရယ်၊ ညိုကြီးဟာ ၁၂၈၉ခုနှစ်မှာကွယ်လွန်တယ်၊ ကိုယ်က ၁၂၉၀ခုနှစ်မှာ အမေ့ဝမ်းထဲပြန်ဝင်စားပြီး လူအဖြစ်မွေးခဲ့တယ်လေ”
“ကိုရင်နဲ့ကျွန်မမွေးသက္ကရာဇ်ချင်း အတူတူပါပဲလား၊ ဟိုဘဝက သေချိန်ချင်းလည်း အတူတူကျမယ်ထင်ပါရဲ့”
“လုံမကရော ဒေါ်လေးမလုံးကြည်ဝမ်းထဲဝင်စားခဲ့ပုံကိုမှတ်မိသလား၊ တောထဲမှာသေပြီး လူတွေနေတဲ့ရွာထဲမှာ ဘယ်လိုဝင်စားခဲ့တာလဲ လုံမ”
“အဲဒါကိုတော့ ကျွန်မမမှတ်မိပါဘူးကိုရင်၊ ကျွန်မလူဖြစ်လာတော့ ဆင်တွေရဲ့ပုံရိပ်တွေကို နေ့စဉ်လိုမြင်ယောင်နေတာနဲ့ ကျွန်မဟာ ဆင်ဘဝကလာတဲ့လူဆိုတာ ရိပ်မိလာတာပါ၊ အမေတို့ကတော့ ကျွန်မမမွေးခင်အိပ်မက်တွေဘာတွေမက်တယ်တဲ့။ တောထဲမှာလဲ ထင်းခွေနေတုံး ဆင်လိုက်လာတယ်လို့ အကောင်အထည်မမြင်ရပဲထင်ခဲ့တယ်တဲ့၊ ဒါနဲ့ပဲ ကျွန်မက ဘာမျှပြန် မပြောပဲနဲ့ ကျွန်မကို ဆင်ဝင်စားလို့ အမေတို့က မှတ်ယူခဲ့ကြတယ်လေ၊ဪ.အဖေမက်တဲ့အိပ်မက်ထဲက ဆင်မကြီးဟာ ရှေ့ခြေတစ်ဖက်နာပြီး ထော့နင်းထော့နင်းဖြစ်နေသတဲ့ကိုရင်၊ ထိပ်ဖြူ နဲ့ စစ်ကိုင်းမှာတွေ့တော့ကျွန်မအတိတ်ဘဝကို ဝန်ခံလိုက်သလိုဖြစ်သွားတာပါပဲ၊ ထိပ်ဖြူကိုလည်း ကျွန်မသားလေးလို့ ပြောလိုက်မိတယ်လေ”
“ထိပ်ဖြူကိုတော့ မြင်မြင်ချင်း ဆင်ဘဝကမွေးခဲ့တဲ့သားလေးမှန်း တန်းသိတာပေါ့နော်”“သူကလည်းလာနှုတ်ဆက်နေတယ်သူ့ထိပ်ကအဖြူကွက်ကလေးကလည်း ပြန်သတိရစေခဲ့တယ်လေ”“လုံမက လူဘဝရောက်နေတာတောင် ထိပ်ဖြူကတော့ သူ့မိခင်အဖြစ်နဲ့မှတ်မိနေသေးတယ်နော်”
“ဒါကတော့… တိရိစ္ဆာန်တွေရဲ့ ထူးကဲတဲ့အသိဉာဏ်ကြောင့် ဖြစ်မယ်ထင်ပါရဲ့ကိုရင်ရယ်”
“အင်း… ကိုယ်တို့နှစ်ယောက်ရဲ့ဇာတ်လမ်းဟာ ထူးလည်းထူးဆန်းတဲ့အပြင် ဘဝနှစ်ဆက်လုံးပေါင်းဖက်ခွင့်ရတာ
ကုသိုလ်ကံ သိပ်ကောင်းလို့ပဲနော် လုံမ၊ ပြီးတော့..ဘဝဟောင်းက ကိုယ်တို့သားလေးနဲ့လည်း အတူနေခွင့်ရဦးမယ်၊ ပျော်စရာမကောင်းဘူးလားလုံမရယ်”
“ပျော်ပါတယ်ကိုရင်ရယ်၊ ပျော်ပါတယ်၊ နောင်ဘဝအဆက်ဆက်လည်း ခုလိုပေါင်းရအောင် ကောင်းမှုကုသိုလ်ကို အဆက်မပြတ် လုပ်ကြပါစို့”
“ကိုယ်ကတော့ ငှက်ဖြစ်ရင်လည်း.. တစ်ကိုင်းတည်းနားပါရစေ၊ ဆင်ဖြစ်ရင်လည်း တစ်ကျွန်းတည်းစံပါရစေဆိုတဲ့ဆုတောင်းမျိုး မတောင်းချင်တော့ဘူးလုံမ၊ ဖြစ်လေရာဘဝတိုင်းမှာ လူပဲပြန်ဖြစ်ပြီး လူအနေနဲ့ပဲ လုံမနဲ့ပေါင်းဖော်ချင်ပါတယ်ကွယ်၊ ကိုယ်တို့သားလေးပါ လူဖြစ်ပြီး ဘဝအဆက်ဆက်အတူနေရရင် ဘယ်လောက်ပျော်စရာကောင်းမလဲနော်”
“ကျွန်မတို့ အခုလူ့ဘဝရနေတာဟာ ကိုရင်တောင်းချင်တဲ့ဆုတြွေပည်ဝစေဖို့ အားသာချက်တစ်ခုပါပဲ ကိုရင်ရယ်၊ သတ္တဝါတွေထဲမှာ လူသာလျှင်သရဏဂုံတည်နိုင်တယ်။ ကုသိုလ်ကောင်းမှုပြုနိုင်တယ် မဟုတ်လား၊ ကျွန်မတို့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက်လက်နဲ့မကွာနေကြရင် နောင်ဖြစ်လေရာဘဝတိုင်းလည်း အတူတူဆုံဆည်းရမှာပေါ့၊ မဟုတ်ဘူးလားကိုရင်”“ဪ… လုံမ လုံမ၊ နားလည်သိတတ်လိုက်တာကွယ်၊ ကိုယ်နဲ့အတူ မြို့ကိုလိုက်ခဲ့ပါတော့နော် လုံမ”
“ကျွန်မကလည်း သားလေးထိပ်ဖြူကိုတွေ့ ချင်လွန်းလို့ လိုက်ချင်နေပါပြီ ကိုရင်ရဲ့”
နောက်တစ်နေ့တွင် မုန်တောရွာ၌ပင် ညိုမောင်နှင့်လုံမတို့ မင်္ဂလာပွဲအား ကျင်းပခဲ့လေသည်။
တစ်ရွာလုံးကိုဖိတ်ကြားကာ မီးခိုးတိတ်ဧည့်ခံကျွေးမွေးသော မင်္ဂလာလက်ထပ်ပွဲကား ထူးခြားလှပေ၏။
မင်္ဂလာပွဲပြီးလျှင် သတို့သမီးလုံမနှင့်အတူ မိဘနှစ်ပါးဖြစ်သော ဦးနှက်ကျော်နှင့်ဒေါ်လုံးကြည်တို့ပါ စစ်ကိုင်းကို လိုက်သွားကြမည်ဖြစ်သည်။စစ်ကိုင်းတွင် မင်္ဂလာပွဲတစ်ပွဲ ထပ်မံကျင်းပကြဦးမည်ဟုဆိုလေသည်။ဆန်းကြယ်သောဇာတ်လမ်းကား မုန်တောတစ်ရွာတည်းသာမဟုတ်၊ ရွာနီးချုပ်စပ်အထိပါ ပြောမဆုံးအောင် ဖြစ်ခဲ့ရလေတော့သည်။
၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မှစာပေမိတ်ဆွေများ ရောက်လာသောကြောင့် ကျွန်တော်သည် မန္တလေးနှင့် မန္တလေးပတ်ဝန်းကျင်ရှိဘုရားစေတီပုထိုးများကိုလိုက်ပါပို့ဆောင်ခဲ့ရသည်။
စစ်ကိုင်းမြို့သို့သွားရောက်၍ စစ်ကိုင်းတောင်ပေါ်အတက်တွင် … အတူပါလာသူ… စာရေးဆရာတစ်ဦးမှာ သွေးတိုးပြင်းထန်လာသည်အတွက်တောင်ပေါ်အတက် လမ်းခုလတ်မှာပင် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခေတ္တဝင်နားခဲ့ရပေသည်။ဘုန်းကြီးကျောင်းရှိရာချောင်မှာ အတက်ကားလမ်းမှမဝေးလှပဲ ကားကွေ့ဝင်လို့ရသည့်နေရာ၌ရှိပေသည်။ကျောင်းအမည်ကို “မင်္ဂလာဇေယျုံ”ဟု အုတ်တိုက်ပေါ်တွင် ကဗ္ဗည်းထိုးထား၏။
ကျောင်းရှေ့ဆင်ဝင်တွင် ဆင်နှစ်ကောင်မျက်နှာချင်းဆိုင်ကာနှာမောင်းများကိုမြှောက်၍ ပိဋကတ်သုံးပုံကို မြှောက်ပင့်ထားပုံကို ထုလုပ်ထားလေ၏။
ကျောင်းမှာ နှစ်ထပ်အုတ်ကျောင်းကလေးဖြစ်ပြီး အတွင်းသို့ ရောက်မှ ဘုန်းကြီးအိုတစ်ပါးတည်းသား သတင်းသုံးသည်ကျောင်းလေး ဖြစ်ကြောင်းသိရလေသည်။ ကျောင်းထဲတွင် ဘုန်းကြီးအိုကြီးနှင့်အတူ ကပ္ပိယအဘိုးကြီးတစ်ဦးသာရှိလေသည်။
ကျွန်တော်တို့ရောက်သွားချိန်မှာ ဆွမ်းစားချိန်ဖြစ်၍ ကပ္ပိယကြီးက ထွက်၍ဧည့်ခံသည်။ ခရီးသွားစဉ် ကျန်းမာရေးချို့တဲ့သွား၍ ခေတ္တ အနားယူပါရစေဟုပြောသည့်အခါ ကပ္ပိယကြီးက နားနားနေနေနေနိုင်ကြောင်း ခွင့်ပြုလေသည်။ကျွန်တော်က နေမကောင်းသည် စာရေးဆရာနှင့်အတူနေခဲ့ပြီး . ကျန်အဖွဲ့ကို တောင်ပေါ်ဆက်တက်ရန်… အပြန်မှဝင်ခေါ်ရန်… လွှတ်လိုက်သည်။
နေမကောင်းသူကို ဆေးတိုက်ပြီး ကပ္ပိယကြီးစီစဉ်ပေးသည်. သင်ဖြူးပေါ်တွင် လှဲနေစေရသည်။ စာရေးဆရာမိတ်ဆွေလည်း .. ခဏကြာလျှင်အိပ်ပျော်သွားပါသည်။
ကျွန်တော်က ကျောင်းလေးနံရံတွင်ချိတ်ထားသောဓာတ်ပုံများကို လျှောက်ကြည့်နေမိသည်။ဓာတ်ပုံများမှာ … ရှေးဟောင်းဓာတ်ပုံများဖြစ်ပြီး အဖြူအမည်း … ဓာတ်ပုံများဖြစ်လေသည်။ ဓာတ်ပုံအားလုံးမှာ ရှင်ပြုပွဲလှည့်လည်ပုံများကိုရိုက်ကူးထားခြင်းဖြစ်သည်။ ထူးခြားသည်မှာ ရှင်လောင်းကို ဆင်ပေါ်တင်၍လှည့်လည်ခြင်းဖြစ်သည်။
အချို့ပုံများထဲ၌ ဆင်တစ်ကောင်တည်းတွေ့ရပြီး၊ အချို့ပုံများထဲ၌ ဆင်နှစ်ကောင်တွဲ၍တွေ့ရပါသည်။ ပုံတစ်ခုတွင်မူ ဆင်များချည်းရိုက်ထားပြီးဆင်သုံးကောင်ကိုတွေ့ရလေသည်။ အလည်မှဆင်ကလေးမှာ မွေးကာစဆင်အငယ်လေးဖြစ်ပြီး ဆင်ကြီးနှစ်ကောင်ကြား၌ရပ်နေပုံမှာ ချစ်စရာကောင်းလှသည်။
ဆင်များနှင့်လူများ တန်းစီကာရိုက်ကူးထားသော ဓာတ်ပုံများလည်း ပါသည်။ဓာတ်ပုံများမှာ … အချို့ဆေးသားများပင်ပျက်ပျယ်နေပါပြီ။ မှန်ဘောင်သွင်းထားရာ အချို့ပုံများသည် ဓာတ်ပုံမှဆေးသားနှင့်မှန်ဘောင်တို့ကပ်နေသောကြောင့် ခွာလိုက်လျှင် လုံးဝပျက်စီးသွားနိုင်ပေသည်။ကျွန်တော်ဓာတ်ပုံများကိုကြည့်နေစဉ်တွင် ဆွမ်းစားပြီးသွားသာ ကျောင်းထိုင်ဘုန်းကြီးက ဆွမ်းစားဆောင်ထဲမှထွက်လာလေသည်။ကျွန်တော်က ဘုန်းကြီးကို ဝတ်ပြုဦးချလိုက်သည်။
“ဘယ်ကလာသလဲ ဒကာ”
“တပည့်တော်က မန္တလေးကပါ ဘုရား၊ ရန်ကုန်ကစာရေးဆရာတွေကိုလိုက်ပို့ရင်း တစ်ယောက်က သွေးတိုးနေလို့ ဝင်နားနေတာပါ ဘုရား”
“ဪ… ဪ… နားနားနေနေ နေပါလေ၊ ဒါနဲ့ ဘာအလုပ် လုပ်သလဲ ဒကာ”
“တပည့်တော်လည်း စာရေးဆရာပါပဲဘုရာ့”
ကျွန်တော်က ကျွန်တော့်ကလောင်နာမည်ကိုပါပြောပြလိုက်ပါသည်။ဘယ်လိုစာမျိုးတွေများရေးသတုံးကွဲ့”
ဂမ္ဘီရစာတွေအရေးများတယ်ဘုရား၊ ဝတ္ထုပုံစံနဲ့ရေးတာပါ၊ အထူးအဆန်းဖြစ်ရပ်တွေ၊ စိတ်နယ်လွန်ဖြစ်ရပ်တွေ၊ သဘာဝလွန်ဖြစ်ရပ်တွေကိုရေးလေ့ရှိပါတယ်ဘုရား”
“ဪ… ဪ… ဒါနဲ့ လူဝင်စားဖြစ်ရပ်တွေကရော ဂမ္ဘီရအမျိုးအစားထဲမှာပါသလား”
“တင်ပါ့၊ ပါပါတယ်ဘုရား၊ တပည့်တော်လည်း ထူးခြားတဲ့ လူဝင်စားဖြစ်ရပ်တွေ ဝတ္ထုအဖြစ်ရေးဖူးပါတယ်၊ တချို့လည်း စိတ်ကူးယဥ်ပါ ဘုရား၊တချို့ကတော့ တကယ်အဖြစ်အပျက်ပေါ်မှာ စိတ်ကူးထပ်ကွန်းမြူးပြီး ဖတ်ကောင်းအောင် ရေးရတာပါဘုရား”
“ဒါဖြင့်… သတ္တဝါတစ်ခုဘဝကနေ နောက်သတ္တဝါတစ်ခုအဖြစ် ဝင်စားတဲ့အဖြစ်အပျက်ဆိုရင် ဒကာစိတ်ဝင်စားမလား”
“တင်ပါ့၊ ဆရာတော်ကြီးအပန်းမကြီးဘူးဆိုရင် ကြားချင်ပါတယ်ဘုရား၊ တပည့်တော်လည်း စာရေးစရာ ကုန်ကြမ်းရတာပေါ့ဘုရား”
“ဒကာလေး အခုနက ဓာတ်ပုံတွေကြည့် နေတာမြင်လို့ပါကွယ်၊ အဲဒီပုံတွေထဲမှာ ဆင်တွေကိုမြင်ရဲ့မဟုတ်လား”
“တင်ပါ့”
“ဟုတ်တယ်ဒကာ”
“ကြားချင်ပါတယ်ဘုရား၊ မိန့်ပါ”
“သတ္တလောကကြီးရဲ့ သံသရာလည်ပုံအကြောင်းဟာ တရားကျစရာပဲဒကာလေး။ ဒီလိုကွဲ့ …”
ဆရာတော်ဘုရားကြီးမိန့်ကြားခဲ့သောအဖြစ်များမှာ ရှေ့ပိုင်းတွင် ကျွန်တော်တင်ပြခဲ့သော ညိုမောင်နှင့်လုံမတို့၏ ဆင်ဝင်စားဇာတ်ကြောင်းပင်ဖြစ်ပါသည်။
“ဒါဖြင့်… ဓာတ်ပုံထဲကဆင်တစ်ကောင်ဟာ ထိပ်ဖြူ ပေါ့ဘုရား။ ဪ.. ဟုတ်သားပဲ၊ ဆင်ဦးကင်းထိပ်မှာ အမွေးဖြူဖြူ ကွက်ပေါက်နေတာပဲ၊ ဓာတ်ပုံထဲမှာတောင်မြင်နေရတယ်၊ ဒါနဲ့ ကျန်တဲ့ဆင်တွေကရောဘုရား”
“ဇာတ်လမ်းက မဆုံးသေးဘူးဒကာ၊ ကိုညိုမောင်ဟာ မလုံမကို မြို့ခေါ်လာပြီး ပျော်ပျော်ရွှင်ရွှင်ပဲပေါင်းသင်းနေခဲ့ကြပါတယ်။ သူတို့ မင်္ဂလာဆောင်ကြတာ အင်္ဂလိပ်နှစ် ၁၉၄၄ခုနှစ်၊ စက်တင်ဘာလထဲမှာပေါ့၊ သူတို့လင်မယားဟာ ဆင်ကလေးထိပ်ဖြူနဲ့အတူနေရင်း ဆင်ကလေး ထိပ်ဖြူကိုထိမ်းကျောင်းရင်းနဲ့ပဲ နေလာခဲ့ကြတယ်၊ ဆင်ကလေးသာဆိုရတယ်၊တကယ်တန်းကျတော့ ထိပ်ဖြူဟာ အသက်အရွယ်အရ ကိုညိုမောင်နဲ့မလုံမတို့ထက်ပိုကြီးနေတယ်လေ၊ ကိုညိုမောင်တို့က ဆင်ဘဝက သေလွန်ပြီးမှလူပြန်ဖြစ်ကြတာကိုး၊ သူတို့အသက်၁၆နှစ် အိမ်ထောင်ကျချိန်မှာ ထိပ်ဖြူကြီးဟာ၃၅နှစ်နဲ့လေးဆယ်အတွင်း ရှိနေပြီကွဲ့”
“ဆရာတော်ဘုရား၊ ဆရာတော်ကြီးမိန့်ကြားသမျှတွေဟာ ခုနှစ်သက္ကရာဇ်တွေနဲ့ တိကျလှပါတယ်၊ ဘယ်လိုများသိရှိရပါသလဲဘုရား”
“ဪ.. ဟုတ်ပေသားပဲ၊ ဒကာလေးကို ပြောထားဦးမှပေါ့၊ ဘုန်းကြီးဟာ တခြားသူမဟုတ်ပါဘူး၊… ဘုန်းကြီးမိန့်ခဲ့တဲ့ဇာတ်လမ်းထဲကကိုညိုမောင်ရဲ့အစ်ကိုကြီး ဦးအံ့မောင်ရဲ့သားပါ ဒကာလေး”
“ဪ…”
“ဦးအံ့မောင်က ကိုညိုမောင်နဲ့အသက်ချင်း၁၅နှစ်ကွာတော့ ကိုညိုမောင်နဲ့မလုံမတို့အိမ် ထောင်ကျချိန်မှာ အသက်၃၁နှစ်ရှိနေပြီလေ။ အသက်အစိတ်မှာ … ဦးအံ့မောင်အိမ်ထောင်ကျတော့ ကလေးနှစ်ယောက်ရနေပြီ၊ အကြီးက မိန်းကလေး၊ မယဉ်ကျေးတဲ့၊ အငယ်က ယောကျာ်းလေး၊မောင်လူအေးတဲ့၊ မောင်လူအေးဆိုတာ… ဘုန်းကြီးပါပဲကွယ်၊ ဘုန်းကြီးက အင်္ဂလိပ်နှစ် ၁၉၄၀မှာ မွေးခဲ့တာ၊ ကိုညိုမောင် မလုံမတို့နဲ့ ထိပ်ဖြူ
ကြီးနဲ့အဖြစ်တွေဟာ ဘုန်းကြီးကလေးဘဝက ဘုန်းကြီးရှေ့မှာဖြစ်ပျက်ခဲ့တာတွေပေါ့။ ဒါကြောင့် ခုနှစ်သက္ကရာဇ်နဲ့တကွ ပြန်ပြောနိုင်တာပဲ ဒကာလေး”
“တင်ပါ့ဘုရား၊ ရှင်းပါပြီ၊ ဆရာတော်က ကိုညိုမောင်ရဲ့တူ ဖြစ်နေတာကိုး”
“ဘုန်းကြီးဟာ သက်တော်၆၈နှစ်ရှိပြီကွဲ့၊ ဘွဲ့တော်က ဦးရေဝတ တဲ့”
“တင်ပါ့၊ ဒါဆိုရင် ခုနှစ်သက္ကရာဇ်ကလေးတွေ ရေးမှတ်ထားတာ ကောင်းလိမ့်မယ်ထင်တယ်ဘုရာ့”
“ကောင်းတာပေါ့ကွယ်၊ ရှေးဟောင်းနှောင်းဖြစ်ဆိုတာ ပြောတတ်တဲ့ ရှေ့မီနောက်မီပုဂ္ဂိုလ်ရှိတုံး ကြားရတာမျိုး၊
သွားရင် သိချင်ဦးတော့ ဘယ်မှသွားမေးလို့မရဘူး၊ မှတ်ထားတာအကောင်းဆုံးပေါ့ဒကာ”
ကျွန်တော်က ပါလာသောမှတ်စုစာအုပ်ကိုထုတ်ကာ ဘုန်းကြီးပြောသောခုနှစ်သက္ကရာဇ်များကို ပြန်မေး၍ ရေးမှတ်ရပါသည်။
ကိုညိုမောင်နဲ့မလုံမ မွေးနှစ်= မြန်မာသက္ကရာဇ် ၁၂၉ဝ
ကိုညိုမောင်၊မလုံမ မင်္ဂလာဆောင်နှစ်= ခရစ်နှစ် ၁၉၄၄
ပထမဆင်ညိုကြီးကို ဝယ်ယူသည်နှစ်= မြန်မာ ၁၂၆၉
ညိုကြီးကွယ်လွန်သည်နှစ်= မြန်မာသက္ကရာဇ် ၁၂၈၉
ဒုတိယဆင်ထိပ်ဖြူကိုဝယ်ယူသည့်နှစ်= မြန်မာ ၁၂၉၅
မောင်လူအေး(ဘုန်းကြီးဦးရေဝတ)မွေးနှစ်= ခရစ် ၁၉၄ဝ
“နောက်ထပ်ကြားရမယ့် ခုနှစ် တွေကိုတော့ နားထောင်ရင်းကနေပဲ မှတ်သားသွားပေတော့”
“ဦးညိုမောင်နဲ့ဒေါ်လုံမဟာ ဆင်ကလေးထိပ်ဖြူကို အလှူပွဲ … ရှင်ပြုပွဲတွေလှည်ရာမှာ အငှားလိုက်ပေးရင်းနဲ့ပဲ ခပ်ပျော်ပျော်နေခဲ့ကြတာပေါ့၊ထိပ်ဖြူကိုငှားရတဲ့အခကြေးငွေလည်း တစ်ပြားတစ်ချပ်မှမသုံးဘူး၊ အကုန်လှူပစ်တာပဲ၊ နောင်ဘဝမှာ ထိပ်ဖြူ တိရိစ္ဆာန်ဘဝက ကျွတ်လွတ်အောင်တဲ့…”
“ဒါပေမယ့်ဒကာလေးရေ သူတို့ခမျာ နှစ်ရှည်ကြာကြာ အေးအေးငြိမ်းငြိမ်းမနေလိုက်ရရှာပါဘူးကွယ်”
“တင်ပါ့”
“မကြာခင်ပဲ ဒုတိယကမ္ဘာစစ်မီးကြီးက မြန်မာပြည်ကိုကူးစက်လာတယ်လေ”
“၁၉၄၅မှာပေါ့၊ မှန်ပါ့ဘုရား”
“၄၅ခုနှစ်၊ မတ်လ၂ရရက်နေ့မှာ ဖက်ဆစ်ဂျပန်တွေကိုလည်း တို့နိုင်ငံက မျိုးချစ်လူငယ်တွေက မောင်းထုတ်ခဲ့သေးတာကိုး၊ အဲဒီတော့ မြို့အရပ်မှန်သမျှမှာ ပစ်ကြခတ်ကြ ဗုံးကြဲကြနဲ့ တစ်ကမ္ဘာလုံးဟာ စစ်မြေပြင်ဖြစ်နေတာကိုးကွဲ့၊ ဘုန်းကြီးတို့လည်း အရပ်ထဲမှာ မနေရဲကြတော့ဘူး။ ဟောဒီစစ်ကိုင်းတောင်ရိုးပေါ်ကို … တက်ရှောင်ကြရတယ်၊ ရန်ကုန်မန္တလေးလိုမြို့ကြီးပြကြီးကလူတွေပါ. စစ်ပြေးအဖြစ်နဲ့ စစ်ကိုင်းချောင်ကို ရောက်လာခဲ့ကြတယ်လေ…
“လူတွေတောင် စစ်ပြေးဘဝနဲ့ တော်ရာမှာဖြစ်သလိုပုန်းရှောင်နေရတော့ ထိပ်ဖြူလိုဆင်ကြီးတစ်ကောင်ကို ထိမ်းသိမ်းထားဖို့ဟာ ခက်ခဲလာတယ်ကွဲ့၊ ဒါနဲ့ပဲ ထိပ်ဖြူကြီးကို တောထဲမှာ သွားစွန့်ပစ်ရတော့တယ်”
“ဪ… ဖြစ်ရလေ”
နားထောင်ရင်း ကျွန်တော့်ရင်မှာ နာကြင်သွားမိသည်။
ဆင်ဖြစ်သော်လည်း လူလိုအသိဉာဏ်ရှိသည့်ဆင်ကလေး။ အတိတ်ဘဝကမိခင်ကိုပင် မှတ်မိ မိတ်ဆက်ခဲ့သည်ဆင်ကလေး။ဦးညိုမောင်၊ ဒေါ်လုံမတို့အနေနှင့်လည်း ဆင်ဘဝဟောင်းက သားကလေးကို အတူနေလာပြီးမှ စွန့်ပစ်ရသည်အတွက် မည်မျှခံစားရရှာလေမည်နည်း။
“ဘုန်းကြီးရဲ့ခမည်းတော်ကြီး ဦးအံ့မောင်ရယ်၊ ဦးလေးကိုညိုမောင်ရယ် .. နှစ်ယောက်သား တောစပ်အထိ ထိပ်ဖြူကိုခေါ်သွားပြီး တောထဲမှာနေခဲ့ခိုင်းရတာပေါ့ကွယ်၊ အို… ဦးလေးကိုညိုမောင်ပြန်ပြောလို့ ထိပ်ဖြူ ကြီးကိုသနားပြီး ဘုန်းကြီးတို့မှာ ငိုလိုက်ရတာ”
တောစပ်သို့ရောက်သည့်အခါ ကိုညိုမောင်က ထိပ်ဖြူကြီးကို ပြောလိုက်သည်။
“ထိပ်ဖြူကြီး၊ သားကြီး၊ နေခဲ့တော့နော်၊ တိုင်းပြည်အခြေအနေ အေးချမ်းတဲ့အခါမှ ငါတို့မင်းကိုလာခေါ်လှည့်မယ်၊ ဒီတောထဲမှာ နေခဲ့နော်ထိပ်ဖြူကြီးက ငူငူကြီးရပ်နေလေသည်။ တောထဲသို့ဝင်မသွားချေ။ကိုအံ့မောင်နှင့်ကိုညိုမောင်က သူတို့ထွက်ခွာသွားရင် ထိပ်ဖြူ တောထဲဝင်သွားမည်အထင်ဖြင့် ထိပ်ဖြူကိုထားခဲ့ကာ ငှားလာသောကားကို ထွက်ခိုင်းလိုက်တော့ထိပ်ဖြူသည် တဝူးဝူးအော်ရင်း ကားနောက်သို့ပြေးလိုက်လာ၏။ ကားကို ရပ်ခိုင်းလိုက်ရသည်။ကားပေါ်မြှပန်ဆင်းကာ ထိပ်ဖြူကို တောစပ်ပြန်ပို့ ချော့မော့ပြောဆိုရပြန်သည်။
“မြို့ပေါ်မှာ မင်းသိတဲ့အတိုင်းပဲကွယ်၊ တိုင်းပြည်ပျက်သလိုဖြစ်နေတာ မင်းအတွက်လည်း နေရထိုင်ရခက်ခဲတယ်။ . တောထဲမှာ ပျော်ပျော်နေခဲ့နော်၊ တောထဲမှာ မင်းပျော်မှာပါကွယ်၊ တိုင်းပြည်အေးချမ်းရင် မင်းကိုပြန်လာခေါ်မယ်နော်၊ အဲဒီအခါသာ ထိပ်ဖြူရေ… ထိပ်ဖြူ လို့လှမ်းခေါ်လိုက်ရင်တောထဲကထွက်ခဲ့ပေတော့၊ လိမ္မာပါတယ်ကွယ်၊ နေခဲ့တော့နော်”
ချော့မော့ပြောဆိုပြီး ကားပေါ်တက်ကာ ကားကိုဖြည်းဖြည်းချင်း မောင်းထွက်ရင်းအခြေအနေကိုကြည့်သည်။ထိပ်ဖြူသည် ကားကဘီးတစ်ချက်လိမ့်လိုက်တိုင်း သူက ရှေ့ကို ခြေတစ်လှမ်းတိုးလာကာ ကားနောက်လိုက်လာပြန်လေသည်။ကားကိုရပ်လိုက်ရပြန်သည်။ကြည်လိုက်တော့ ထိပ်ဖြူကြီးမျက်လုံးများမှ မျက်ရည်များ စီးကျနေသည်ကိုတွေ့ရ၏။ညိုမောင်လည်း မျက်ရည်များကျလာလေသည်။
“အစ်ကိုကြီးရယ်၊ ကျွန်တော်တော့မကြည်ရက်တော့ဘူးဗျာ၊ အစ်ကိုကြီးပဲကြည့်ပြောပါတော့”
ညိုမောင်က ငိုသံပါကြီးဖြင့်ပြောလိုက်သည်။
ကိုအံ့မောင်ကားပေါ်ကပြန်ဆင်းကာ ထိပ်ဖြူကိုဆွဲခေါ်ရင်း တောစပ်အထိ ပြန်ပို့ရပြန်သည်။ကိုအံ့မောင်ကပင် ထိပ်ဖြူကြီးနားလည်အောင် ပြောရပြန်လေသည်။
“ထိပ်ဖြူကြီးရေ၊ မင်းကိုငါတို့ကချစ်ပါတယ်ကွယ်၊ ခွဲလည်း မခွဲချင်ပါဘူး၊ မင်းလည်း ငါတို့ကိုမခွဲနိုင်တာသိပါတယ်၊ ဒါပေမယ့်…. အခြေအနေအရ ခေတ္တခဏခွဲကြမြှဖစ်မယ်ကွဲ့၊ ဒီတော့.…. မင်းနေခဲ့နော်၊ လိမ္မာပါထိပ်ဖြူရယ်၊ ငါတို့ကိုတကယ်ချစ်ရင် ငါတို့စိတ်ချမ်းသာအောင် တောထဲကိုမင်းလျှောက်ဝင်သွားနော်၊ မင်းတောထဲရောက်သွားတာမြင်မှ ငါတို့လည်း ကားထွက်တော့မယ်၊ မြို့ပေါ်မှာနေရင် မင်းအတွက်လည်း မလုံခြုံလို့ ပါထိပ်ဖြူရယ်၊ သွားနော်-ထိပ်ဖြူ သွား-သွား-သွားပါတော့ကွယ်။
“မလုံခြုံလို့ပါထိပ်ဖြူရယ်၊ သွားနော်-ထိပ်ဖြူ။ သွား-သွား၊ သွားပါတော့ကွယ်”
ထိပ်ဖြူကြီးသည် ကိုအံ့မောင်စကားကိုနာခံကာ နောက်ပြန်လှခပ်လှမ်းလှမ်းအရောက်တွင် ထိပ်ဖြူကြီးက လည်ပြန်လှည့် ကြည့်လိုက်သည်။ကိုအံ့မောင်က လက်ပြလိုက်သည်။ထိပ်ဖြူကြီးက တောထဲသို့တစ်လှမ်းချင်းလှမ်းဝင်သွားလေ၏။
သူ့စကားကိုနာခံကာ တကယ်ပဲတောထဲဝင်သွားတော့ ကိုအံ့မောင်ရင်မှာ နာလာလေသည်။ သူပါရော၍ မျက်ရည်ကျကာညီအစ်ကိုနှစ်ယောက်ကားပေါ်မှာ တစ်ယောက်လည်ပင်းတစ်ယောက်ဖက်ရင်း ငိုနေမိကြသည်။ထိပ်ဖြူကြီးကားတောထဲသို့ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။ကျွန်တော်တို့ကားထွက်လို့ရလောက်ပါပြီနော်ဟု ကားဆရာကပြောကာ ကားကိုမောင်းထွက်လိုက်လေ၏။ကားထွက်လာစဉ်တွင် ထိပ်ဖြူကြီး၏ ဝူးကနဲသံရှည်ဆွဲ၍ အော်လိုက်သံက တောထဲမှထွက်ပေါ်လာကာတောတောင်တစ်ခုလုံးကိုပဲ့တင်ထပ်သွားလေတော့သတည်း။
ထိပ်ဖြူကြီးကား တောထဲမှနေ၍ နောက်ဆုံးနှုတ်ဆက်လိုက်ခြင်း ဖြစ်ပါတော့သည်။
“ထိပ်ဖြူကြီးကို တောထဲ မရမကပြန်လွှတ်ရပုံကို အိမ်ပြန်အရောက်မှာပြောပြတော့ အားလုံးပဲစိတ်မကောင်းကြဘူး။ ဘုန်းကြီးတို့ ကလေးတွေကငိုကြတယ်။ ဒေါ်လုံမဆိုရင် လူးလှိမ့်ပြီးတော့တောင် ငိုရှာတယ်၊ ဒေါ်လုံမအတွက်က ဆင်ဘဝကမွေးထားတဲ့သားဆိုတော့ ပိုခံစားရတာပေါ့လေ၊ ဒေါ်လုံမဟာ မစားနိုင်မသောက်နိုင်နဲ့ ဖျားနာပြီး အိပ်ရာထဲလဲတဲ့အထိဖြစ်ခဲ့ရတယ် ဒကာလေး”
ဆရာတော်ကြီးမိန့်ကြားချက်များကိုနားထောင်ပြီး ကျွန်တော်ပင် ရင်ထဲ၌မွန်းကြပ်နာကြင်လာရလေသည်။
“သို့ပေမယ့်… ဘယ်တတ်နိုင်မှာတုံးဒကာလေးရယ်၊ ကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်မှာ လူတိုင်း ကိုယ့်အသက်ကိုယ်တောင် . ဘယ်နားထားရမှန်းမသိ ကျီးလန့်စာစားဖြစ်နေရတဲ့အချိန်ကိုး၊ ဘုန်းကြီးတို့မိသားစုလည်း ဟောဒီနေရာမှာပဲ ချောင်ကိုခိုပြီး စစ်ဘေးဒဏ်ကရှောင်ပုန်းနေခဲ့ရတယ်၊ ထိပ်ဖြူကြီးကိုလည်း ဆင်တို့ဘာသာဘာဝ တောထဲမှာ အဆင်ပြေလိမ့်မယ်လို့ယုံမှတ်ပြီး ဥပေက္ခာပြုလိုက်ရတာပေါ့”
“တင်ပါ့ဘုရား”
“အဲဒီနောက်ပိုင်း”
“တိုင်းပြည်အခြေအနေအေးချိန်မှာ ထိပ်ဖြူကြီးကို ပြန်ခေါ်ဖြစ်သလားဘုရား”
“စစ်ကြီးပြီးချိန်မှာ အခြေအနေအေးချမ်းသွားပေမယ့် ဘုန်းကြီးတို့မိသားစုမှာ စီးပွားရေးလုပ်ငန်းတွေကို တစ်ကပြန်စရတယ်လေ၊ မြို့ပေါ်ကသစ်စက်နဲ့အိမ်အပါအဝင်အဆောက်အဦးတွေဟာ ဗုံးဒဏ်သင့်လို့ တစ်ခုမှ အကောင်းမကျန်တော့ဘူး၊ စုဆောင်းထားတဲ့ လက်ဝတ်ရတနာတွေကိုထုခွဲပြီးသစ်လုပ်ငန်းကို အစကပြန်စရတယ်၊ ဘုန်းကြီးတို့လိုပဲ မိသားစုတိုင်း ဒုက္ခရောက်ကြရတယ်၊ တစ်တိုင်းပြည်လုံးပြန်လည်ထူထောင်ရေး လုပ်နေကြချိန်ပေါ့ကွယ်၊ ဒီလိုအချိန်မျိုးမှာ ထိပ်ဖြူကြီးကို တောထဲကပြန်ခေါ်ဖို့အရေးကို မစဉ်းစားနိုင်အားခဲ့ဘူးပေါ့”
“ဪ…”
“ဒါပေမယ့် ထိပ်ဖြူကြီးပြန်လာခဲ့ပါတယ်”
“ပြန်လာတယ်”
“ဟုတ်တယ်ဒကာ၊ အချိန်တွေတရွေ့ရွေ့ကုန်လို့ သုံးနှစ်တောင် ကြာသွားခဲ့တယ်။ ၁၉၄၈ခုနှစ်မှာ တို့နိုင်ငံလွတ်လပ်ရေးရတယ်လေ၊ လွတ်လပ်ရေးကြေငြာပြီး ရက်ပိုင်းအတွင်းမှာပဲ ထိပ်ဖြူကြီးဟာ သူ့ဘာသာသူ တောထဲကနေ စစ်ကိုင်းမြို့အရောက် ပြန်လာခဲ့တယ်ကွဲ့”
နံနက်ဝေလီဝေလင်းအချိန်ဖြစ်သည်။ တစ်အိမ်သားလုံး မနိုးကြသေး။ထိုအချိန်တွင် အိမ်ရှေ့မှ ဆင်အော်သံကိုကြားလိုက်ရသည်။ဆင်အော်သံကြောင့် အိမ်သားများနိုးလာကြသည်။
“ဝူး… ဝူး…”
ဆင်အော်သံက ထိပ်ဖြူကြီးအော်သံနှင့်တူလှပေသည်။ သို့သော် မဖြစ်နိုင်ဟုပင်ထင်မိသည်။
ထိုစဉ်… အိမ်ရှေ့မှ လူတစ်ချို့ ၏ အော်နှိုးသံများကိုကြားလိုက်ရလေသည်။
“ဦးသာမောင်၊ ဒေါ်ရင်ရွှေ၊ ဆင်ကြီး၊ ဆင်ကြီး၊ ခင်ဗျားတို့ အိမ်ရှေ့မှာ ဆင်ကြီး”
“ဗျိုး- ကိုအံ့မောင်၊ ကိုညိုမောင်၊ ခင်ဗျားတို့ဆင်ကြီးပြန်ရောက် နေတယ်ဗျို့၊ ထကြည့်ပါဦး”
အော်ခေါ်သံများကြောင့် အိမ်ရှေ့သို့ထွက်ကြည်ကြသည့်အခါ ခြံရှေ့တံခါးဝတွင်ရပ်နေသော ဆင်ကြီးထိပ်ဖြူကို ဝေလီဝေလင်း အလင်းရောင်အောက်တွင် တွေ့လိုက်ရလေသည်။
“ဟင်- ထိပ်ဖြူကြီး၊ သားကြီး၊ အမလေး- အမေ့သားကြီး”
မလုံမသည် ရှေ့ဆုံးမှပြေးသွားကာ တံခါးကိုဖွင့်လိုက်လေသည်။ ထိပ်ဖြူကြီးက မလုံမရှေ့တွင်ဝပ်ချကာ နှုတ်ဆက်လိုက်လေ၏။ထိပ်ဖြူကြီးဝပ်ချလိုက်မှပင် ထိပ်ဖြူကြီးကိုယ်လုံးနှင့်ကွယ်နေသောဆင်တစ်ကောင်ကို ဘွားကနဲမြင်တွေ့လိုက်ရပြန်လေသည်။
“ဟင်- ထိပ်ဖြူကြီး၊ ထိပ်ဖြူကြီးတောထဲကပြန်အလာမှာ မိန်းမရလာတာပဲ”
ပါလာသောဆင်မှာ ဆင်မလေးဖြစ်နေသည်။ တောထဲတွင် ထိပ်ဖြူကြီး အိမ်ထောင်ကျလာခြင်းပါကလား။ထိပ်ဖြူကြီးက တယ်ဟုတ်ပါလားဟေ့၊ တောထဲက မြို့အရောက်ပြန်လာတတ်တယ်။ သူ့ဆင်မလေးကိုပါ စည်းရုံးပြီးခေါ်လာခဲ့တာကိုး၊တယ်တော်တဲ့ထိပ်ဖြူကြီးပဲထိပ်ဖြူကြီးက သူ့ဆင်မလေးဖက်သို့လှည့်ကြည့်ကာ ခြံဝင်းထဲသို့ ခပ်တည်တည်ဝင်သွားလေသည်။ ဆင်မလေးမှာ မဝံ့မရဲဖြင့်နောက်မှ ပါသွားလေ၏။
တောရိုင်းဆင်မလေးမှာ မြို့ အရပ်တွင် လူများကိုတွေ့မြင်ပြီးကြောက်လန့်နေခြင်းဖြစ်လေသည်။ထိပ်ဖြူကြီးက ဆင်မလေးကိုရပ်စောင့်ခေါ်ကာ သူ့နေရာဟောင်းဆင်တင်းကုပ်ဆီသို့ခေါ်သွားလေသည်။ကံအားလျှော်စွာပင် ဆင်တင်းကုပ်က မပျက်မစီးပဲကျန်ရှိနေသေးသည်။ထိပ်ဖြူကြီးက ဆင်မလေးကို တင်းကုပ်ထဲသို့ဝင်ခိုင်းကာ ဝူးကနဲအော်လိုက်လေတော့သည်။ကြည့်နေသောလူများက ထိပ်ဖြူ၏အမူအရာကိုသဘောကျကာ လက်ခုပ်များတီးလိုက်ကြလေသတည်း။
“ထိပ်ဖြူကြီးဟာ လူနဲ့နီးနီးစပ်စပ်နေခဲ့ဖူးတော့ လူ့သဘောသဘာဝတွေ လူ့ရပ်လူ့ရွာအကြောင်းတွေနားလည်နေတာကိုး၊ တကယ်တော့ သူ့ကိုလွှတ်ပေးခဲ့တဲ့တောနဲ့စစ်ကိုင်းမြို့ဟာ မနီးလှဘူး၊ အတော်ဝေးတယ်၊ အဲသည်လောက်အဝေးကို သူဟာ ဖြောင့်ဖြောင့်တန်းတန်း ရောက်အောင်ပြန်လာနိုင်တယ်လေ၊ စစ်ကိုင်းတစ်မြို့လုံးက သူ့ကိုသိနေပေမယ့် လမ်းခရီးက ရွာတွေမြို့တွေက သူ့ကိုသိမှာမဟုတ်ဘူး။ အဖမ်းခံရမှာ အန္တရာယ်ပေးမှာကိုသူသိမှာပဲ၊ နေ့ပိုင်းအချိန်တွေမှာ ပုန်းအောင်းပြီး ညပိုင်းအချိန်တွေကျမှ ခရီးဆက်ရင်း လာခဲ့ပုံရတယ်ကွဲ့”
“တင်ပါ့”
“ရောက်လာတော့လည်း လွတ်လပ်ရေးကြေငြာပြီး
မကြာခင်မှာရောက်လာတာ၊ ၄၈ခု ဇန်နဝါရီလထဲမှာပဲပေါ့၊ ထိပ်ဖြူကြီးဟာ လွတ်လပ်ရေးရပြီဆိုတာများ သိနေသလားလို့တောင် လူတွေက ပြောကြဆိုကြတယ်၊ တိုင်းပြည်အေးချမ်းရင် သူ့ပြန်လာခေါ်မယ်လို့မှာခဲ့တာကို သတိရပုံပေါ်တယ်။လာအခေါ်မစောင့်ပဲ သူ့ဟာသူပြန်လာတာလေ”
“ထူးခြားလှပါတယ်ဘုရား”
“ထိပ်ဖြူနဲ့ပါလာတဲ့ဆင်မလေးကိုတော့ ဒေါ်လုံမကပဲ
“ပိုပို” လို့နာမည်ပေးလိုက်တယ်၊ တောထဲကနေ အပိုပါလာတဲ့ဆင်ကလေးပေါ့ကွယ်၊ပိုပို့အသက်ကိုတော့ နှစ်ဆယ်လောက်လို့ခန့်မှန်းကြတယ်၊ ထိပ်ဖြူကြီးက အသက်လေးဆယ်နီးပါးရှိနေပြီဆိုတော့ ထိပ်ဖြူ နဲ့ပိုပိုဟာ အသက်ချင်းကွာကြတာပေါ့ကွယ်”
“တင်ပါ့။ ဓာတ်ပုံတွေအရဆိုရင် ထိပ်ဖြူကြီးနဲ့အတူ ပိုပိုပါ ရှင်လောင်းလှည့်တဲ့နေရာမှာ ဝင်ကူခဲ့တာပေါ့နော်၊ ဆင်နှစ်ကောင်နဲ့ ရှင်လောင်းလှည့်တဲ့ပုံတွေ ဓာတ်ပုံတွေထဲမှာတွေ့လို့ပါ”
“မှန်တာပေါ့၊ လာ- ဓာတ်ပုံတွေကို ဘုန်းကြီးရှင်းပြမယ်”
ဆရာတော်ကြီးက ထိုင်ရာမှထလိုက်သည်။
ကျွန်တော်လည်း ဆရာတော်ကြီးနောက်မှလိုက်ပါရင်း နံရံမှာ ချိတ်ထားသောဓာတ်ပုံများဆီရောက်သွားလေသည်။
“ဟောဒါတွေကတော့ ထိပ်ဖြူကြီးတစ်ကောင်တည်းရှိစဉ်က ရှင်လောင်းလှည့်တဲ့ပုံတွေပေါ့ကွယ်”
ထိပ်ဖြူကြီးတစ်ကောင်တည်း ရှင်လောင်းလှည့်ရာတွင်ပါဝင်သည် ပုံသုံးပုံကို ဘုန်းကြီးကညွှန်ပြ၍ပြောသည်။
“ဒါတွေက ပိုပိုရောက်လာမှ ပိုပိုနဲ့အတူ ရှင်လောင်းလှည့်တဲ့ ပုံတွေ”
ဆင်နှစ်ကောင်နဲ့ရှင်လောင်းလှည့်သောပုံများကိုပြပြန်သည်။
“ဒီပုံထဲက ရှင်လောင်းကတော့ ဘုန်းကြီးကိုယ်တိုင်ပဲကွဲ့၊ ကြည့်ပါဦး”
“တင်ပါ့ဘုရား””
ပုံထဲတွင် ဆရာတော်ဘုရားကြီး၏ အသက်ရနှစ်၈နှစ်အရွယ်ခန့်ပုံကို ရှင်လောင်းအဝတ်အစားဖြင့်တွေ့ရပါသည်။ဘုန်းကြီးက ကျွန်တော့်ကို ဓာတ်ပုံများညွှန်ပြရင်း ပြောပြသွားပါသည်။
“ဒါက တို့များရဲ့အဘိုးအဘွားပြော တဲ့ ဦးသာမောင်နဲ့ဒေါ်ရင်ရွှေပုံ”
“ဒါက ဘုန်းကြီးရဲ့ခမည်းတော်နဲ့မယ်တော်ကြီး၊
ဦးအံ့မောင်နဲ့ ဒေါ်နွဲ့ရီ”
“ဒါကတော့ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်နှစ်ဦးဖြစ်တဲ့ ဆင်ဝင်စားဇနီးမောင်နှံ ဦးညိုမောင်နဲ့ဒေါ်လုံမပေါ့ကွယ်”
“ဒီမှာ မိသားစုတွေအားလုံး ထိပ်ဖြူ ကြီးရယ်၊ ပိုပိုရယ်နဲ့ ရိုက်ထားတဲ့ပုံပေါ့ကွဲ့၊ ဒီဖက်က ဘုန်းကြီးရဲ့ကြီးတော်ကြီး ဒေါ်အံ့ခင်လေ၊ ဒေါ်အံ့ခင်ဟာအပျိုကြီးဘဝနဲ့ပဲ ဆုံးသွားတယ်။ အဘိုးအဘွားတြွေဖစ်တဲ့ ဦးသာမောင်၊ ဒေါ်ရင်ရွှေတို့ကတော့ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ဆုံးပါးကုန်ကြပါတယ်၊ဟောဒီဖက်ဆုံးက မိန်းကလေးကတော့ ဘုန်းကြီးရဲ့ အစ်မ မယဉ်ကျေးဆိုတာပဲကွဲ့”
“ဒီပုံမှာက မိသားစုအားလုံးစုံတာပဲနော်”
“ဘုန်းကြီးရှင်ပြုတုန်းက အမှတ်တရစုရိုက်ကြတာလေ”
“တင်ပါ့၊ ဟောဒီပုံထဲမှာတော့ ထိပ်ဖြူနဲ့ပိုပို့ကြားထဲမှာ
ဆင်ငယ်ငယ်လေးတစ်ကောင်၊ ထိပ်ဖြူတို့သားလေးလားဘုရား”
“မှန်တာပေါ့ကွယ်၊ ဆင်မလေးပါ။ ဆင်မလေးကို
ပိုပို့နာမည်နဲ့ဆင်တူ မိုမို လို့မှည်ထားခဲ့ကြတယ်”
“မိုမိုဆိုတဲ့ဆင်မလေးနာမည်တော့ ဒကာလေးကြားဖူးမှာပေါ့”
“ကြားဖူးတယ်ထင်ပါတယ်ဘုရာ့”
“ကြားဖူးမှာပါကွယ်၊ မိုမိုဟာ နောင်တော့ တစ်နိုင်ငံလုံးကသိတဲ့ တစ်နိုင်ငံလုံးအချစ်တော်ဆင်လိမ္မာမလေးဖြစ်သွားခဲ့တယ်လေ”
ကျွန်တော့်နားထဲဝယ် ဆင်မလေးနာမည်မိုမိုနှင့်ပတ်သက်သော တေးသံတစ်ခုကို ကြားယောင်လာမိလေသည်။
“မိုမို ဆင်မလေးမိုမို”
ကျွန်တော်က ဆင်မလေးမိုမို့အမည်ကို ရေရွတ်ကြည့်လိုက်သည်။
“မိုမိုရေ…….”
“ဝူး……..”
ဆင်ကလေးနာမည်မိုမိုတဲ့ဟေ့ခေါ်ကြည့်စမ်းပါလေ
“မိုမိုရေ.. ဝူး… …”
“မိုမိုရေ.. ………”
မင်းဇာတိချက်ကြွေ ဘယ်ရပ်ဌာနေဒီဥယာဉ်ထဲမှာပျော်ရဲ့လားဟေ……
“တပည့်တော်ကြားဖူးတဲ့ဆင်မလေးမိုမိုဆိုတာ တိရစ္ဆာန်ရုံထဲက ဆင်မလေးပါဘုရား”
“မှန်တယ်လေ၊ တိရစ္ဆာန်ရုံက ဆင်လိမ္မာလေးမိုမိုဟာ ထိပ်ဖြူနဲ့ပိုပိုတို့ရဲ့ သမီးလေး မိုမိုပဲကွယ့်”
“ဗျာ-”
“ဒီလိုကွဲ့…”
“မိုမို့ကို ၁၉၅၀ ပြည့်နှစ်မှာမွေးတယ်၊ ထိပ်ဖြူကြီးကတော့ ၁၉၅၄ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်”
“ဪ…”
“ထိပ်ဖြူကြီးမရှိတော့တဲ့နောက်ပိုင်း ပိုပိုတစ်ကောင်တည်းနဲ့.. အလှူပွဲတွေ.လိုက်ခဲ့သေးတယ်။ ဒါပေမယ့်… ပိုပိုဟာလည်း သူ့ခင်ပွန်းမရှိတဲ့နောက်ပိုင်း တမှိုင်မှိုင်တတွေတြွေဖစ်လာလို့ အလှူလှည့်ရာမှာလိုက်ပါတာကို ရပ်နားထားလိုက်ရတယ်”
“တင်ပါ့ဘုရား”
“ဒီနောက်ပိုင်းတော့ အခြေအနေတွေဟာ အမျိုးမျိုးပြောင်းလဲလာခဲ့တယ် ဒကာလေး၊ နိုင်ငံ့အခြေအနေပြောင်းလဲမှုတွေကိုတော့ ဒကာလေးလည်းဗဟုသုတရှိမှာပါ၊ ဘုန်းကြီးတို့သစ်စက်ဟာ ပြည်သူပိုင်အသိမ်းခံလိုက်ရတယ်လေ၊ ဘုန်းကြီးတို့မိသားစုများလည်း သစ်စက်ထဲကနေ ပြောင်းရွှေ့ပေးခဲ့ရတယ်လေ”
“ဘုန်းကြီးတို့မိသားစုများလည်း တခြားတစ်နိုင်တစ်ပိုင်စီးပွားရေးအလုပ်ကိုပြောင်းလုပ်ခဲ့ရတာပေါ့၊ ဒီမှာ ကျန်ရစ်ခဲ့တဲ့ဆင်မလေး ပိုပိုနဲ့မိုမိုအတွက်အခက်ကြုံလာရတာက နေထိုင်စရာပဲ၊ မြို့လည်ခေါင်မှာ ဆင်တင်းကုပ်ကို ကျဉ်းကျဉ်းကျပ်ကျပ်ထားပြီး မွေးခဲ့ရတာပေါ့၊ မကြာခင်မှာပဲ မြို့နယ်နိမိတ်အတွင်းမှာ တောတိရစ္ဆာန်များကိုမွေးပိုင်ခွင့်မရှိကြောင်းကန့်သတ်ခဲ့ပြန်တယ်ကွယ်”
“ဪ…”
“ဘုန်းကြီးတို့လည်း ပိုပိုနဲ့မိုမိုသားအမိကို တောထဲပြန်လွှတ်ရကောင်းနိုးနိုး ခေါင်းခဲခဲ့ရတာပေါ့။ တောထဲပြန်လွှတ်ရမှာလည်း သူတို့ ရှာဖွေစားသောက်ဖို့ အခက်တွေ့မှာကို သနားနေမိတယ်၊ ဒီတုန်းမှာပဲ.. သက်ဆိုင်ရာအာဏာပိုင်များက ဆင်နှစ်ကောင်ကို
ရန်ကုန်ကတိရစ္ဆာန်ရုံကိုလှူတာသင့်တော်ကြောင်းအကြံပေးလို့ ပိုပိုနဲ့မိုမိုတို့သားအမိကို တိရစ္ဆာန်ရုံကို လှူဖြစ်ခဲ့တာပါပဲကွယ်၊ ၁၉၆၃ခုနှစ်မှာပေါ့”
“ဪ… ဒါကြောင့် မိုမိုဟာ တိရိစ္ဆာန်ရုံကိုရောက်ပြီး
နိုင်ငံကျော်ဆင်ကလေး ဖြစ်လာခဲ့တာကိုး၊ ဒေါ်လုံမနဲ့ဦးညိုမောင်ကတော့ တော်တော်ခံစားရမှာပဲနော်”
စိတ်မကောင်းကြဘူးပေါ့ကွယ်။
“ဦးညိုမောင်နဲ့ဒေါ်လုံမမှာရော သားသမီးဘယ်နှစ်ယောက်မွေးခဲ့ပါသလဲဘုရား”
“သားသမီးမထွန်းကားခဲ့ပါဘူးကွယ်..”
“အို… ဒီလိုဆိုရင် ပိုပိုနဲ့မိုမိုနဲ့ခွဲရတဲ့အတွက် တော်တော်ပဲခံစားရမှာပေါ့နော်”
“ဒါပေါ့ဒကာ၊ အဲဒီနောက်တော့… ဘုန်းကြီးရဲ့ခမည်းတော်ကြီးက ၁၉၆၅ခုနှစ်၊ မယ်တော်ကြီးက နောက်တစ်နှစ်၁၉၆၆ခနှစ်မှာကွယ်လွန်သွားခဲ့တယ်ကွဲ့၊ မိဘများကွယ်လွန်ပြီးနောက် ၁၉၆ရခုနှစ်ထဲမှာ ဘုန်းကြီးလည်း သာသနာ့ဘောင်ကိုအပြီးဝင်ရောက်လိုက်တယ်လေ”
ကျွန်တော်က ဘုန်းကြီးမိန့်ကြားသောခုနှစ်သက္ကရာဇ်များကို ရေးမှတ်လိုက်ရပြန်ပါသည်။
“ဆင်မလေးမိုမိုမွေး- ၁၉၅ဝခုနှစ်
ပိုပိုနဲ့မိုမိုကိုတိရစ္ဆာန်ရုံလှူ – ၁၉၆၃ခုနှစ်
ဦးသာမောင်ကွယ်လွန်- ၁၉၆၅ခုနှစ်
ဒေါ်ရင်ရွှေကွယ်လွန်- ၁၉၆၆ခုနှစ်
ကိုလူအေးသာသနာ့ဘောင်ဝင်- ၁၉၆ရခုနှစ်”
“ဘုန်းကြီးကို ဦးလေးတော်သူ ဦးညိုမောင်တို့လင်မယားကပဲ ဟောဒီတိုက်ကျောင်း ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လေ၊ ကဗ္ဗည်းစာတမ်းထိုးထားတယ်”
ဘုန်းကြီးညွှန်ပြရာသို့ကြည်လိုက်သည့်အခါ ကျောင်းနံရံတွင် ရေးထိုးထားသောကဗ္ဗည်းစာတမ်းကိုတွေ့လိုက်ရလေသည်။
(ကွယ်လွန်သူ နှစ်ဖက်မိဘများအားရည်စူး၍
သိမ်ကျောင်းအလှူရှင် (ဦးညိုမောင်၊ ဒေါ်လုံမ)
သား- ထိပ်ဖြူ၊ သမ္မီး -ပိုပို… မြေး- မိုမို လှူဒါန်းသည် နတ်လူသာဓုခေါ်စေသောဝ်)
ပိုပို၊ မိုမိုတို့ကို ဆင်အဖြစ်ဖော်ပြမထားပဲ လူအမှတ်ဖြင့် အမည်နာမကိုသာ ထည့်သွင်းကဗ္ဗည်းထိုးထားခြင်းပါတကား။
“ပိုပိုနဲ့မိုမိုကို တိရစ္ဆာန်ရုံလှူဒါန်းပြီး နောက်ပိုင်း ပြန်တွေ့ရ ပါသေးသလားဘုရား”
“လှူဒါန်းပြီး နှစ်နှစ်ဆက်တိုက် ရန်ကုန်တိရစ္ဆာန်ဥယာဉ်ကို မိသားစုလိုက်ရောက်ဖြစ်ပါတယ်၊ ရောက်တော့လည်း ပိုပိုရော မိုမိုပါ မှတ်မိကြတယ်။အားရဝမ်းသာနှုတ်ဆက်ကြတယ်၊ နောက်ပိုင်းနှစ်တွေတော့ ဘုန်းကြီးရဲ့ခမည်းတော်ကြီးကွယ်လွန်သွားပြီးနောက်ပိုင်း မရောက်ဖြစ်တော့ဘူး၊ တမင် မသွားတာလည်းပါပါတယ်။ ပိုပိုနဲ့မိုမိုကိုတွေ့ရတဲ့အခါ ဝမ်းသာတာကတစ်ပိုင်း၊ အများပြည်သူကိုပြသခံဘဝနဲ့နေရတဲ့ သူတို့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတာကတစ်ပိုင်း ပြန်ပြီးခွဲခွာရပြန်တော့လည်း ကြေကွဲရပြန်တာမို့ မသွားတော့ဘူး၊ သူတို့ဖက်ကလည်း ဘုန်းကြီးတို့လိုပဲ ခံစားရပေလိမ့်မယ်၊ တိရစ္ဆာန်တွေရဲ့စိတ်ကို မညှင်းဆဲလိုတော့ပါဘူးလေ၊ သူတို့မေ့ရင်လည်း မေ့သွားပါစေတော့ဆိုပြီး မသွားမလာပဲနေလိုက်တော့တယ်၊ ဒကာ”
“တင်ပါ့”
“တိရစ္ဆာန်ရုံကိုရောက်ပြီးငါးနှစ်အကြာ၊ ဘုန်းကြီး ရဟန်းဘဝခံယူပြီးနောက်တစ်နှစ်၊ ၁၉၆၈ခုနှစ်မှာ ပိုပိုကြီးကွယ်လွန်သွားတဲ့အကြောင်းတိရစ္ဆာန်ရုံက အကြောင်းကြားခဲ့ပါတယ်”
ဆင်မပိုပိုကွယ်လွန်သည်နှစ်- ၁၉၆၈ခုနှစ်။
“နောက်ပိုင်း… မိုမိုလေးဟာ လူထုနှုတ်ဖျားမှာနာမည်ကြီးလာတယ်၊ သီချင်းတွေဘာတွေထဲမှာလည်း ပါလာရဲ့၊ တိရစ္ဆာန်ရုံထဲမှာလည်း ဖျော်ဖြေရတယ်၊ ဆပ်ကပ်ထဲမှာတောင် လိုက်ပါဖျော်ဖြေရတယ်လို့ကြားတယ်ကွဲ့”
“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ငယ်ငယ်က ဆင်ကလေးမိုမိုပါတဲ့ ဆပ်ကပ်ပွဲကို ကြည့်ဖူးပါတယ်၊ … တိရစ္ဆာန်ရုံမှာလည်း မိုမိုကိုတွေ့ဖူးပါတယ်”
“မိုမိုနဲ့အဆက်ပြတ်သွားလိုက်တာ.. အခု မိုမိုရှိသေးလား… သေသွားပြီလားဆိုတာတောင် မသိတော့ပါဘူးကွယ်၊ . လောကီအရေးတွေလည်းစိတ်မဝင်စားတော့လို့ မစုံစမ်းတော့ပါဘူး
“ဦးညိုမောင်နဲ့ဒေါ်လုံမတို့ကောဘုရား၊ သက်ရှိထင်ရှားရှိပါသေးသလား”
“ကွယ်လွန်ကုန်ပါပြီကွယ်၊ အသက်၅၀အရွယ် ၁၉၀၉ခုနှစ်မှာ လင်မယားနှစ်ယောက်လုံး ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်ကြရှာတယ်”
ဦးညိုမောင်၊ ဒေါ်လုံမကွယ်လွန်သည့်နှစ်- ၁၉၇၉ခုနှစ်။
“ဦးညိုမောင်နဲ့ဒေါ်လုံမလည်းကွယ်လွန်ပြီးရော ဘုန်းကြီးတို့အမျိုးထဲမှာ ဘုန်းကြီးနဲ့ အစ်မကြီးမယဉ်ကျေးတို့ပဲ ကျန်ခဲ့တော့တယ်။ ဘုန်းကြီးကလည်း ရာသက်ပန်ရဟန်းဘဝနဲ့အရိုးထုတ်တော့မယ် . အစ်မကြီးမယဉ်ကျေးဟာလည်း ဘဝမှာကြုံရဆုံရတဲ့ အနိမ့်အမြင့်အတက်အကျတွေကိုသံဝေဂရပြီးလောကီထဲကရုန်းထွက်လိုက်တယ်ကွယ် … ရှိသမျှပစ္စည်းတွေကို … အပြတ်ရောင်းချ၊ … လှူတန်တာလှူ၊ကိုယ်ပိုင်ကျောင်းလေးတစ်ဆောင်ဆောက်လုပ်ပြီးသီလရှင်ဘဝကို ကူးခဲ့တယ်ကွဲ့၊ ဒေါ်ခေမာဝတီဆိုတဲ့ သီလရှင်ဆရာကြီးဘဝနဲ့ပဲ တမြန်နှစ်က ကွယ်လွန်သွားရှာပါပြီ”
“ဪ…”
“သည်တော့… ဘုန်းကြီးတို့အမျိုးထဲမှာ မျိုးဆက်မကျန်တော့ပါဘူးကွယ်၊ ပြတ်ပါပြီ။ လောကီအရှုပ်အထွေးတွေလည်း စိတ်ကုန်ပါပြီ၊ ဘုန်းကြီးလည်း နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်ပြီး အချိန်ကုန်လွန်စေတော့တယ်”
“တင်ပါ့ဘုရား၊ ဆရာတော်ကြီးမိန့်ကြားတဲ့ဆင်ဝင်စားဇာတ်လမ်းဟာ … စိတ်ဝင်စားစရာကောင်းလွန်းလှပါတယ် ဘုရား၊ တပည်တော် ဝတ္ထုအဖြစ်ရေးသားလိုတဲ့ဆန္ဒရှိပါတယ်။ ဝတ္ထုရေးဖို့ ခွင့်ပြုပေးတော်မူပါဘုရား”
“အိမ်း- ကောင်းပါတယ်ဒကာ၊ ရေးချင်သပဆိုရင်ရေးပါ၊ အများသိရတာပေါ့ကွယ်”
“တင်ပါ့။ ဆရာတော်ဘုရားကြီးအနေနဲ့ အကြံဉာဏ်ပေးစရာရှိရင် မိန့်ကြားတော်မူပါဘုရား”
“ဝတ္ထုဇာတ်လမ်းဆိုတဲ့နေရာမှာ အပျော်သဘောဖတ်ရှူဖို့တွင်မဟုတ်ပဲ သံဝေဂရစရာလေးများကို သတိပြုမိအောင်ထည့်သွင်းစေချင်တာပါပဲလေ၊ဆင်ဝင်စားဇာတ်လမ်းကိုဖတ်ရြှခင်းဖြင့် သတ္တဝါတို့ရဲ့ လောကီဘဝမှာ သံသရာလည်ရပုံ၊ ကုသိုလ်ကံကြမ္မာအလျှောက် ဘဝများပြောင်း ကြုံဆုံရပုံကိုထင်ရှားအောင်ရေးရင်ဖြင့် ဖတ်သူများလည်း တရားသံဝေဂရနိုင်ပေမပေါ့”
“တင်ပါ့ဘုရား”
စစ်ကိုင်းချောင်ရှိ… ဆရာတော်ဦးရေဝတ၏ မင်္ဂလာဇေယျုံကျောင်းကလေးမှ ပြန်ထွက်အလာတွင်…
ကျွန်တော့်ရင်ထဲ၌ ဆင်ဝင်စားချစ်သူနှစ်ဦးနှင့် ဆင်မိသားစုတို့၏ဇာတ်ကြောင်းက ခိုဝင်ငြိတွယ်လျှက်ပါလာခဲ့လေသည်။
ဆင်ဘဝမှ လူသားအဖြစ်ဝင်စားလာသူနှစ်ဦး၏
နှစ်ဘဝဆက်ဖူးစာ၊ သူတို့၏မျိုးနွယ်ဆင်များမှ
နိုင်ငံကျော်ဆင်လိမ္မာမလေးမိုမိုအထိ မျိုးဆက်ပျံ့ပွားခဲ့ပုံ။
ထိပ်ဖြူ၊ ပိုပိုနှင့်မိုမိုတို့သည် ယခုအခါ မည်သည့်ဘဝတွင် ရောက်ရှိလေနေမည်နည်း။ ဆင်ဘဝဖြင့်ပြုခဲ့သောကောင်းမှူကုသိုလ်များကြောင့်လူအဖြစ်ကိုပဲရောက်ရှိနေလေမလား။
ဘဝဆက်ပြတ်၍ ကျွတ်တန်းဝင်သွားလေပြီလား။ မရေမရာ တွေးတောနေမိလေ၏။
ဆရာတော်ဘုရားကြီး၏ ခွင့်ပြုချက်ဖြင့် ကျွန်တော်သည်… ဆင်ဝင်စားဇာတ်လမ်းကို ခုနှစ်သက္ကရာဇ်အထောက်အထားများဖြင့် ရေးသားနိုင်ပေတော့မည်။
မင်္ဂလာဇေယျုံကျောင်းကလေးမှထွက်လာခဲ့သည်တွင် နောက်သို့ တစ်ဖန်ပြန်လှည့်ကြည့်လိုက်ရာ ပိဋကတ်သုံးပုံကို နှာမောင်းများမြှောက်၍ မ,ချီထားသောဆင်နှစ်ကောင်ပုံကို တွေ့လိုက်ရလေသည်။
ကျောင်းနံရံတွင်ကဗ္ဗည်းထိုးထားသော အလှူရှင်စာတမ်းကြီးကိုလည်း မြင်တွေ့လိုက်ရ ပါ သည်။
ကွယ်လွန်သူ နှစ်ဖက်မိဘများအားရည်စူး၍
သိမ်ကျောင်းအလှူရှင်
(ဦးညိုမောင်၊ ဒေါ်လုံမ)
သား- ထိပ်ဖြူ၊ သမ္မီး-ပိုပို
မြေး- မိုမို လှူဒါန်းသည်
နတ်လူသာဓုခေါ်စေသောဝ်
[ပြီးပါပြီ]

Leave a Reply

Your email address will not be published. Required fields are marked *