August 5, 2025

ဆင်အုပ်ကြီးဦးဖိုးထိန်ပြောသော သမန်းကျားပုံပြင်

ခင်မောင်အေး (မန္တလေး)
ဆင်အုပ်ကြီးဦးဖိုးထိန်ပြောသော သမန်းကျားပုံပြင်

မိုးမိတ်ခရိုင် လုံခြုံရေးတာဝန်ကို ကျွန်တော်၏တပ်ရင်းမှ တာဝန်ယူရန်ဟု ရှေ့တန်းတပ်မဌာနချုပ်မှ အမိန့်ပေးလိုက်ပါသည်။

သို့ဖြစ်၍ ကျွန်တော်၏ ရှေ့တန်းဌာနချုပ်ကို မိုးမိတ်သို့ ရွှေ့ပြောင်းလာခဲ့ရလေသည်။ မိုးမိတ်ခရိုင်တွင် တာဝန်ထမ်းဆောင်နေရချိန် မဘိန်းဒေသ သစ်ထုတ်လုပ်ရေးစခန်းမှ မန်နေဂျာ ကိုကျော်ဝင်းနှင့် တစ်ပတ်လျှင် တစ်ကြိမ်ခန့်မျှ တွေ့ဆုံဖြစ်သည်။

နယ်မြေလုံခြုံရေး၊ သစ်ထုတ်လုပ်ရေးအတွက် အစောင့်အရှောက်များ စီမံရေးစသည်ဖြင့် အစည်းအဝေးများ မကြာခဏ ပြုလုပ်ရ၏။

ဒီဇင်ဘာလလေးလပတ် အစည်းအဝေးပြီးစီးသည့် တစ်နေ့တွင် ကျွန်တော်၏ ရှေ့တန်းဌာနချုပ်ဧည့်ရိပ်သာ၌ ကိုကျော်ဝင်းကို ကျွန်တော်က ညစာဖြင့် ဧည့်ဝတ်ပြု၏။ နောက်တစ်နေ့ နံနက်စောစောတွင် ကိုကျော်ဝင်းတို့ မဘိန်းသို့ပြန်ကြတော့မည် ဖြစ်သောကြောင့်ပင်။

ကိုကျော်ဝင်းနှင့် ကျွန်တော်က အမိမြို့မကျောင်းတော်တွင် ပညာရင်နို့သောက်စို့ခဲ့စဉ်ကာလက တက္ကသိုလ်ဝင်တန်းတွင် အတူတက်ခဲ့ကြဖူးသည်။ ကျောင်းနေဖက်ချင်း ဆုံမိခြင်းကြောင့်လည်း ဖြစ်ပါသည်။

ညစာစားသည့်အချိန်မှာ ကိုကျော်ဝင်း၏ ဆင်အုပ်ကြီးဦးဖိုးထိန်လည်း ပါလာသည်။ ဦးဖိုးထိန်က သူတို့ဆင်စခန်းအတွက် ရိက္ခာဝယ်ရန်
လိုက်ပါလာခြင်း ဖြစ်လေသည်။

ကျွန်တော် သူတို့ကို အထူးညစာ ချက်ပြုတ်ကျွေးမွေး ဧည့်ဝတ်ပြုခဲ့ပါသည်။

သူတို့ကလည်း ကျွန်တော် အမဲပစ်တောလည် သွားရောက်သည့်အခါများမှာ မရှိ ရှိတာ ရှာကြံကျွေးမွေး ဧည့်ခံတတ်သည် မဟုတ်ပါလား။

ညစာစားသောက်ပြီးနောက် ဧည့်ရိပ်သာ၏ ဝရန်တာတွင် အေးအေးဆေးဆေးထိုင်ကြပြီး အချိုပွဲဖြင့် ဧည့်ဝတ်ပြုသည်။

မုဆိုးဝါသနာပါရှိကြသူများပီပီ အမဲလိုက်တောလည်သည့် အကြောင်းများသာ ပြောဖြစ်ကြ၏။ အထူးသဖြင့် တောဘုရင်ဟင်းမျိုး ကျားဆိုးကြီးများအကြောင်း ပြောနေကြရင်းက ဦးဖိုးထိန်က မေးခွန်းတစ်ခု မေးလိုက်ပါသည်။

“ဆရာတို့ခင်ဗျာ … သမန်းကျားဆိုတာ မြင်ဖူး ကြားဖူးကြလား ခင်ဗျ”

ကျွန်တော်နှင့် ကိုကျော်ဝင်းသည် မည်သို့မျှ အဖြေမပေးနိုင်ကြပါ။ စင်စစ် သမန်းကျားဆိုတာကို စာအုပ် စာစောင် အချို့တွင်သာ ဖတ်ရှုဖူးသည်၊ ကြားဖူးသည်။ မျက်မြင်ကိုယ်တွေ့ မရှိခဲ့စဖူး။

“မြင်လည်း မမြင်ဖူး၊ တွေ့ဖို့တော့ ဝေးပါသေး။ ကိုကျော်ဝင်းကော တွေ့ဖူးလားဟင်”

ကိုကျော်ဝင်းကလည်း ခေါင်းခါပြသည်။

“ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော် ခန္တီးခရိုင်သစ်ထုတ်လုပ်ရေးမှာ တာဝန်ထမ်းဆောင်နေတုန်းက ကြားခဲ့ သိခဲ့ တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုတော့ ပြောပြချင်ပါတယ်။ ဆရာတို့ နားထောင်ချင်ပါရဲ့လား ခင်ဗျာ”

“ဆင်အုပ်ကြီး ပြောပြရင်တော့ နားထောင်ချင်တာပေါ့ဗျာ”

X X X X

ချောင်းမကြီး ဆင်ဝိုင်းသည် ခန္တီးခရိုင်အတွင်းတွင် ရှိသည်။ ဆင်ခေါင်းဦးဖိုးမျှင် ကွပ်ကဲသည်။ ဆင်ဝိုင်းတွင် ဆင်ကိုးကောင် ရှိပါသည်။ ဆင်ဝိုင်း၏ ခေါင်းခွဲက ဦးပုဖြစ်၏။ ထမင်းအိုးသူကြီးက ဦးစောကဒူး ဖြစ်လေသည်။

ဆင်ဝိုင်းရှိ ဦးစီး၊ ပဲ့ချိတ်၊ စာပို့ အပါအဝင် ဆင်လုပ်သား နှစ်ဆယ်ကျော်အတွက် စားရေး၊ သောက်ရေးအားလုံးကို တာဝန်ယူရသည်။ အိုးသူကြီး ဦးစောကဒူးက သူ၏နှမငယ် မကွယ်လွန်မီကပင် နှမငယ်၏သမီး မြမေနှင့် မြမေ၏ခင်ပွန်း ဘိုးရွှေတို့နှင့်အတူ နေထိုင်ခဲ့ကြသည်ဖြစ်၍ နှမ ကွယ်လွန်သွား သည့်အခါ မြမေတို့လင်မယားကို သူကပင် ဆက်လက်စောင့်ရှောက်ခဲ့သည်။

မြမေနှင့် ဘိုးရွှေတို့ ဇနီးမောင်နှံက တစ်ဦးနှင့် တစ်ဦး အလွန်ချစ်သည်။ သူတို့က တစ်အိုးတစ်အိမ် သီးသန့်ခွဲမသွားကြတော့ဘဲ ဦးစောကဒူးနှင့်ပင် အတူတကွ နေထိုင်ခဲ့ကြပါသည်။ ဦးကြီး၏လုပ်ငန်းကို ကူညီလုပ်ကိုင်ပေးသည်။ များစွာ အကူအညီရ၏။

ခန္တီးသူ မြမေက အသားဖြူဖြူ၊ လုံးကြီးပေါက်လှ၊ မန်းဆန်ဆန်ချောမောသဖြင့် စွဲမက်စဖွယ်ကောင်းသည်။ ဆင်ဝိုင်းအတွင်းရှိ တဲအိမ်တွင် အိမ်ဆိုင်ကလေးဖွင့်ပြီး ကွမ်းယာ၊ ဆေးလိပ်၊ လက်ဖက်၊ ချင်းသုပ်နှင့် စားစရာမုန့်ထုပ်များ ရောင်းချသည်။ ဝိုင်းအတွင်းမှ ဆင်လုပ်သားများ၊ သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းများပါ မြမေ၏ဆိုင်ကို ဝိုင်းဝန်းအားပေးကြသည်ဖြစ်ရာ အကျိုးအမြတ် အတော်အတန် ရရှိ၏။ သို့ဖြစ်၍ မြမေတွင် ဆွဲကြိုး၊ လက်စွပ်၊ နားကပ်စသည်ဖြင့် ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်လာခဲ့ပေသည်။

ဦးစောကဒူး၏ ချောင်းမကြီးဆင်ဝိုင်းက အတွင်းပိုင်းကျသဖြင့် ရွာဆက်ဝေးပြီး ဟင်းစားရှားပါး၏။
သူတို့ကိုယ်တိုင်လည်း မကြံတတ် မစည်တတ်။ ဘာလုပ်ရ၊ ဘာကိုင်ရမှန်း မသိတော့ပါ။ အားကိုးစရာဆိုလို့ သူမယောက်ျား ဘိုးရွှေပဲ ရှိတော့သည်မို့ …

“ကိုဘိုးရွှေရယ်၊ ဦးကြီးတစ်ယောက်တည်း ချက်ရေးပြုတ်ရေးမှာ အတော့်ကို ခက်ခဲနေပြီ။ ရှင် ငါးလေး ဖားလေး ရှာကြည့်နိုင်မလားဟင်။ ချောင်းမကြီးထဲမှာ ငါး တော်တော်ပေါတယ် မဟုတ်လား။ တစ်နည်း နည်း ကြံကြည့်ပါအုံး ကိုဘိုးရွှေရယ် … နော်”

မြမေက ဘိုးရွှေရင်ခွင်ထဲဝင်ကာ တစ်ချက်ချော့ပြောကြည့်လိုက်သည်။ သူကောင်းသား နှစ်ခါမချော့ ရပါ။ ဖယောင်းတိုင် မီးလောင်သွားသလို အရည်ပျော်ကျသွား၏။
စင်စစ် ဘိုးရွှေက ငါးရှာတတ်သည် မဟုတ်ချေ။ ရိက္ခာဝယ်ဖို့ မြိုပေါ်တက်သွားသည့်အဖွဲ့ကို သူက နိုင်လွန်ပိုက်တစ်ဖုံ မှာလိုက်သည်။ သူ့မိတ်ဆွေတစ်ယောက် နည်းပေးလမ်း ပြလုပ်ပေးထားသည့်အတိုင်း နိုင်လွန်ပိုက်ကို ချောင်းအတွင်းလတန်းချထားခြင်း ဖြစ်၏။

သည်လိုချထားသည်ကို ဟုမ္မလင်းဘက်တွင် တွေ့ကြုံဖူးသဖြင့် ဖြစ်ပေသည်။ လူမိုက်ကံကောင်းဟု ပြောရတော့မည်။ ရေစီးတွင် ပိုက်တန်းချထားခြင်းဖြစ်၍ ငါးကြင်းအကောင်ကြီး အတော်များများ ပိုက်တွင်းမှာ ငြိနေသည်။ မြမေပါ ငါးကြင်းများကို ပိုက်မှ ဖြုတ်ကူရ၏။

ဘိုးရွှေ ဖမ်းဆီးရမိလာသော ငါးကြင်းသားဆီပြန်ဟင်းကို စားကြရသည်ဖြစ်သဖြင့် ဆင်လုပ်သားတွေ
ထိုနေ့ညနေခင်းမှာ ထမင်းမြိန်ဆေး တွေ့ကုန်ကြသည်။ ဦးစောကဒူးရော မြမေရော မော်၍မဆုံး တပြုံးပြုံး ဖြစ်နေလေသည်။ ဘိုးရွှေကတော့ ဟီးရိုးပေါ့။

သို့စေကာမူ မိုးကျလာသည့် အချိန်မှာတော့ ဘိုးရွှေတို့ကံဇာတာက ညံ့လာပြန်လေသည်။ တောင်ပေါ် က ရေများကျလာသည်မို့ ချောင်းမကြီး ချောင်းရေလျှံသည်။ သစ်ပင် သစ်ကိုင်းများ၊ ရံဖန်ရံခါ သစ်တုံးကြီးများပါ မျောပါလာသည်။ နိုင်လွန်ပိုက်ကိုချ၍ မရနိုင်တော့ပါ။

စွန့်စွန့်စားစား ချကြည့်လိုက်မိ၏။ ချောင်းရေစီးကကြမ်း၊ ရေမျောသစ်တွေက ဒလဟောမို့ ပိုက်တစ်ဖုံ အသားလွတ် ဆုံးသွားရတော့သည်။

နိုင်လွန်ပိုက်တစ်ဖုံဆိုလည်း အရင်းအနှီးက မသေး လှသဖြင့် နောက်ထပ် မစွန့်စားရဲတော့။ သို့ဖြစ်၍ ဆင်လုပ်သားများ ဒုံရင်းဒုံရင်း ပြန်ဖြစ်သွားသည်။

မိုးရာသီမို့ ဆင်သမားတွေ အလုပ်များလှသည်။ သစ်တွေကို ရေမျှောချရသည်။ လူတွေရော ဆင် တွေပါ အားလပ်ချိန် မရှိ။ အလုပ်တွေ ပိနေကြသည်။ ရာသီဥတုကြောင့် အဖျားအနာကလည်း များသည်။ စားရတာကလည်း အာဟာရမဖြစ်။ အဖျားပျောက်စ လူမမာအတွက် အားဖြည့်အစာပင် တိုက်ကျွေးစရာ နတ္ထိ။ ချောင်းမကြီး ရေကျနေ၍ မြို့သို့တက်ပြီး ဈေးဝယ်ရမည့်အဖွဲ့လည်း ငုတ်တုတ်။ လင်းတမှိုင် မှိုင်နေရသည်။

“ကိုဘိုးရွှေရယ် ဦးကြီးတော့ အလုပ်ကတောင် နားရတော့မလား မပြောတတ်ဘူး ထင်ပါရဲ့။ ဆင်သမားတွေက အစားအသောက်ညံ့လို့ မကျေမနပ် ဖြစ်နေကြပြီး နားပူနားဆာ လုပ်ကုန်ကြတယ်လေ။ ဆင်ခေါင်းခမျာလည်း မရှူနိုင် မကယ်နိုင် ဖြစ်နေတယ် ကိုဘိုးရွှေ”

ရာသီဥတု ကြည်လင်သာယာကောင်းမွန်သည့် တစ်နေ့တွင် ဆင်ခေါင်းကြီး ဦးစီးကာ ချောင်းဖျား အထိ တက်ရောက်ပြီး ငုတ်ထုတ်နေကြသည်။ ဆင်ဝိုင်းအတွင်းမှာ ပဲ့ချိတ်တစ်ဦး၊ စာပို့တစ်ယောက်နှင့် အိုးသူကြီးသာ စခန်းစောင့်အဖြစ် ကျန်ရစ်သည်။ ပဲ့ချိတ်နှင့် စာပို့တို့ ငှက်ဖျားမိထားသဖြင့် အိပ်ရာထဲမှ မထနိုင်ကြ။ ဦးစောကဒူးကလည်း ပင်ပင်ပန်းပန်းနှင့် အိပ်မောကျနေသည်။

ဘိုးရွှေက ဇနီးသည်မြမေကို အသာလက်တို့ခေါ်ယူလျက် ဆင်ဝိုင်း၏ အနောက်ဘက်တောနက်နက်တစ်နေရာဆီသို့ ခေါ်ဆောင်သွားလေသည်။ ထိုနေရာမှာအုပ်အုပ်ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့နှင့် ဆင်ဝိုင်းမှ ငါးမိုင်သာသာ ကွာဝေးသည်။ လူသူအရောက်အပေါက်နည်းပြီး ဆင်တွေကို လွှတ်ကျောင်းသည့် စားကျက်နှင့် တောင်နှင့်မြောက် ဖြစ်သဖြင့် တောကြီးမျက်မည်းဖြစ်ကာ လူခြေတိတ်လှ၏။

“ကိုင်း … မြမေ၊ အစ်ကိုပြောမှာ သေသေချာချာနားထောင်။ ဘာမှလည်း ဖြတ်မမေးနဲ့၊ ဘယ်သူ့ကိုမှ လည်းပြန်မပြောနဲ့။ အခု အစ်ကိုပြောတဲ့စကားကိုပဲဖြစ်ဖြစ်၊ အခု တွေ့ရမြင်ရမယ့်ကိစ္စကို ဘယ်သူမှ မသိစေရပါဘူးလို့ ကတိပေး။ ဒါဆိုရင် ဆက်ပြောမယ်။ ဘယ့်နှယ်လဲ၊ ကတိပေးနိုင်ပါ့မလား။ ကတိပေးနိုင်၊ မပေးနိုင် သေသေချာချာစဉ်းစား။ မပေးနိုင်ဘဲနဲ့တော့ ပေးနိုင်ပါတယ်လို့တော့ လုံးဝမပြောနဲ့။ ကဲ … ပြောပေတော့”

ဘိုးရွှေက တောတွင်းတောစိုးပင်ကြီးတစ်ပင်အောက် အရောက်တွင် မြမေကို မျက်နှာချင်းဆိုင်ကာ လေးလေးနက်နက် ပြောလေသည်။ ဘိုးရွှေ၏ မျက်နှာသည် ယခင့်ယခင် အခါများကဲ့သို့ မဟုတ်ဘဲ လေးလေးနက်နက် တည်တည်ကြည်ကြည် ရှိလှသည်။ မြမေ ကိုယ်တိုင်လည်း သိရှိခံစားနေမိ၏။

ဘိုးရွှေက သူမကို အလေးအနက်ထားလျက် ပြောကြားနေမှန်း သိရှိသည်ဖြစ်ရကား စဉ်းစဉ်းစားစားတွေးတောပြီး ဦးခေါင်းကို ညိတ်လိုက်သည်။ ဆက်လက်၍လည်း –

“မြမေ အစ်ကို့ကို ယုံပါတယ်၊ ချစ်လည်း ချစ်တယ်။ ဒါကြောင့် မြမေ ကတိပေးတယ်။ မြမေတို့ နှစ်ယောက်က အတူတကွ ချစ်ခင်နှစ်သက်လို့ ယူထားကြတဲ့လင်မယားပဲ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ရမှာပေါ့။ အစ်ကိုက ယုံကြည်လို့ ပြောတာ မြမေက ဘယ်သူ့ကို သွားပြောမှာတဲ့တုံး။ မြမေ ကတိပေးပါတယ် အစ်ကို”

“ဒါဖြင့် ဟုတ်ပြီ။ မြမေကို အစ်ကို ယုံကြည်လို့ အခုပြောတော့မယ်။ အခုအချိန်ကစပြီး သားကောင ရှာဖို့ အစ်ကို ကျားအသွင် ပြောင်းတော့မယ်။ ကျားဓာတ်စီးပြီး ကျားစိတ်ဝင်သွားရင် မြေပေါ်မှာ သုံးကြိမ်
လှိမ့်လိုက်တာနဲ့ ကျားဖြစ်သွားလိမ့်မယ်။ ကျားဖြစ်တာနဲ့ တောထဲကိုဝင်သွားပြီး သားကောင်ရှာမယ်။ အဲဒီနောက် သားကောင်ရလာရင် သားကောင်ကို ကိုက်ချီပြီး ဒီနေရာကိုရောက်အောင် ပြန်လာမယ်။ အဲဒီ အခါ အခုချွတ်ထားခဲ့မယ့် အဝတ်အစားတွေကို ပစ်ချလိုက်တော့။ အစ်ကို့အဝတ်အစားတွေကို အစ်ကို တွေ့ပြီး မှတ်မိသွားတဲ့အခါ လူ့အသွင် ပြန်ဖြစ်သွားလိမ့်မယ်။ မြမေ သစ်ပင်တက်တတ်တယ် မဟုတ်လား။ အစ်ကို့ အဝတ်အစားတွေကိုယူပြီး ဒီအပင်ပေါ် တက်ပေတော့။ မြင့်မြင့်တော့တက်။ ပြီးရင် အစ်ကိုပြန်မလာမချင်း သစ်ပင်ပေါ်ကပဲ စောင့်နေပေတော့။ နားလည်ပါတယ်နော်”
မြမေ သဘောပေါက်သွားပြီ။ ဘိုးရွှေ ချွတ်ပေးထားခဲ့သည့် အဝတ်တွေကို ကိုင်ထားရင်း ကတုန်ကယင် ဖြစ်နေသည်။ စိတ်တွင်းမှလည်း တော်တော်ချောက်ချားသွားမိ၏။ တအံ့တဩလည်း ဖြစ်မိသည်။ ဘိုးရွှေနှင့် စတင်တွေ့မြင်ကာ မေတ္တာမျှလျက် အကြောင်းပါကြသည့်တိုင် ဘိုးရွှေကို အထက်ပိုင်းတစ်နေရာကဟုသာ သိရှိသည်။ ယခုကဲ့သို့ ကျားအသွင်ပြောင်းနိုင်လိမ့်မည်ဟု သိရှိမထား။ ဘိုးရွှေကိုယ်တိုင် သူ့ နှုတ်မှ ဖွင့်ဟလာမှသာ သိရတော့၏။

ရှိပါစေတော့လေ။ သေတစ်ပန် သက်တစ်ဆုံး ပေါင်းဖက်ကြမည်ဟု ယုံကြည်ကာ ယူခဲ့ကြသည့် လင်နှင့် မယား။ လူပဲဖြစ်ဖြစ်၊ ကျားပဲဖြစ်ဖြစ်၊ ကိုယ့်လင်က ကိုယ့်လင်ပဲ မဟုတ်လား။

“ကောင်းပြီ အစ်ကို။ အစ်ကိုမှာတဲ့အတိုင်း တစ်သဝေမတိမ်းဖြစ်အောင် မြမေ လုပ်ပါ့မယ်။ အစ်ကို လုပ်စရာရှိတာသာ ဆက်လုပ်ပါတော့။ မြမေ သစ်ပင်ပေါ်တက်ပြီ အစ်ကို”

မြမေက ပြောပြောဆိုဆို ဘိုးရွှေချွတ်ပေးထားသောအဝတ်တွေကို ယူဆောင်လျက် သစ်ပင်ပေါ် သို့ တက်သွားလေသည်။ မြမေက ဆင်သမားသားသမီးပီပီ သစ်ပင်တက်ကျွမ်းသည်။ တောစိုးပင်ကြီး ပေါ်သို့ တစ်ကိုင်းမှ တစ်ကိုင်း ကူးလျက် ပေနှစ်ဆယ်ခန့်အမြင့်အထိရောက်အောင် တက်ရောက်သွား ၏။ ခွဆုံတစ်ခုပေါ်တွင် နေရာယူပြီး ဘိုးရွှေလုပ်ပုံကိုင်ပုံကို စောင့်ကြည့်နေလေသည်။

ဘိုးရွှေက မြမေ သစ်ပင်ပေါ်သို့ ကောင်းစွာရောက်ရှိသွားပြီဟု သေချာသွားသည့်အခါတွင် ကျားမာန်သွင်းလျက် မြေပေါ် တွင် သုံးကြိမ်လှိမ့်ပစ်လိုက်သည်။ သုံးကြိမ်ပြည့်အောင်လှိမ့်လိုက်သည်နှင့် ရုတ်တရက်ချက်ချင်းပင် မြမေ၏ မျက်စိအောက်တွင် ကျား တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့၏။ မြမေက ကိုယ့်မျက်စိကိုပင် ကိုယ်မယုံနိုင်။ ကျားဖြစ်သွားသည့် ဘိုးရွှေသည် မြေတုန်ခမန်း ‘ဟင်း’ ခနဲတစ်ချက်ဟိန်းလျက် တောထဲသို့ ပြေးဝင်သွားလေသည်။

ထူးခြားဆန်းကြယ်သော မယုံနိုင်ဖွယ်ရာ ဖြစ်ရပ်က မြမေ၏ရင်ကို တလှိုက်လှိုက်ဖိုနေစေသည်။ ချောက်ချားကြောက်လန့်ကာ သစ်ပင်ထက်မှ လိမ့်ကျလုမတတ် ဖြစ်သွား၏။

အချိန် သိပ်မကြာလိုက်ပါ။ နာရီဝက်လောက်အတွင်း မြမေ ထိုင်နေသည့် သစ်ပင်ကြီး၏ အောက်သို့ ကျားတစ်ကောင်က ဝုန်းခနဲခုန်၍ ဝင်ရောက်လာသည်။

ကျားသည် ချေတစ်ကောင်ကို လည်ကုပ်မှခဲထားသည်။ မြမေသည်လည်း ကျားကို တွေ့လျှင်တွေ့ချင်း ရင်ခွင်အတွင်း ပိုက်ပွေ့ထားသော ဘိုးရွှေ၏ အင်္ကျီနှင့် လုံချည်ကို ပစ်ချလိုက်၏။

ကျားသည် ချေပေါက်ကို ခဲထားရာမှ လွှတ်ချလိုက်ပြီး မြမေ ပစ်ချထားသည့် အင်္ကျီနှင့် လုံချည်ကို လွှားခနဲ ခုန်ကျော်လိုက်သည်နှင့် ကျားအသွင်မှ ဘိုးရွှေအဖြစ် တစ်ခဏချင်း ပြောင်းလဲသွားတော့သည်။

ကိုယ်လုံးတီးနှင့် ဖြစ်နေသည့် ဘိုးရွှေသည် မြမေ ပစ်ချထားသည့် လုံချည်နှင့် အင်္ကျီကို ကောက်ယူဝတ်ဆင်လိုက်၏။

“မြမေရေ ဆင်းလာလို့ရပြီ … ဆင်းခဲ့တော့။ တို့လင်မယား အမဲထမ်းပြီး စခန်းကို ပြန်ကြရအောင်”

X X X X

ဘိုးရွှေတို့လင်မယား ရှာဖွေကျွေးမွေးကြသဖြင့် ချောင်းမကြီး ဆင်ဝိုင်းမှ ဆင်လုပ်သားများ တောအမဲသား လတ်လတ်ဆတ်ဆတ် စားကြရသည်။ ရံဖန်ရံခါ တောဝက်သားပါ စားကြရသေး၏။ အစားကောင်းကောင်း စားကြရသဖြင့် အလုပ်ကောင်းကောင်း လုပ်နိုင်ကြသည်ဖြစ်ရာ ချောင်းမကြီးသစ်ထုတ်လုပ် ရေးစခန်းသည် သတ်မှတ်သစ်တန် ထက် ပိုမိုထွက်ရှိအောင် စွမ်းဆောင်နိုင်ကြောင်း အထက်ဌာနချုပ်မှ သိရှိသွားသည်။ ထို့ကြောင့် ဆင်လုပ်သားများ လစာအပြင် ထပ်ဆောင်း ဆုကြေးတွေပါ ခံစားကြရသည်။

မြမေလည်း ဘိုးရွှေ ရှာဖွေရရှိသော တောကောင်သားများ ရောင်းချရ၍ ငွေကြေးစုမိဆောင်းမိ ရှိလာခဲ့သည်။ ရွှေတိုငွေစများ တစ်စထက်တစ်စ တိုးလာပြီး လက်ကောက်၊ လက်စွပ်၊ ဆွဲကြိုးတွေ တစ်ကွင်းပြီး တစ်ကွင်း၊ တစ်ကုံးပြီး တစ်ကုံး ဝတ်နိုင်စားနိုင်၊ ရွှေရောင် ငွေရောင်တွေ ပြိုးပြိုးပြက်ပြက် ဝင်းဝင်းလက်လက်။

“တောင်းမှာ အကွပ်၊ လူမှာ အဝတ်”တဲ့။

အဝတ်အစားဆိုလည်း မြို့ပေါ်တက်၊ နှစ်သက်ရာရာရွေးချယ်ဝယ်ယူဝတ်ဆင်လာပြန်တော့ မြမေ ၏ အလှက နဂိုရှိမှ နဂိုင်းထွက် ဆိုသည့်အလား လှမျိုးကြွယ်ပြီး အလှတွေတိုးသည်ထက် တိုးနေတော့ သည်။ လင်ရှိမယားဖြစ်မှန်း သိလျက်နှင့် အစ်ကိုကာလသားများ ဝိုင်းဝိုင်းလည်နေတော့သည်။

မြမေ၏ ဆိုင်ကလည်း ယခင်ကဲ့သို့ ပါချည်ပါချဲ့ဆိုင် မဟုတ်တော့ပါ။ သံဘူး၊ ဘီယာ၊ အချိုရည်မျိုးစုံ၊ ခေါက်ဆွဲခြောက် စသည်ဖြင့် အသင့်စား စားသောက်စရာမုန့်မျိုးစုံအပြင် အလှကုန်အချို့ပါ တင်လျက် ရောင်းချနေပြီဖြစ်သဖြင့် ချောင်းမကြီးဆင်ဝိုင်းမှ အိုးသူကြီးဦးစောကဒူး၏ တူမ မြမေကုန်စုံဆိုင်ကလေးက အတော်ပင် ပေါ်ပြူလာဖြစ်နေပေတော့သည်။

ချောင်းမကြီး ဒေသအတွက် သစ်လုံးပိုမိုထွက်ရှိရေး၊ သစ်တန်တိုးတက်ရေး တာဝန်သတ်မှတ်ပေးလိုက်သည့်အခါ ချောင်းမကြီးဒေသသည် စီမံကိန်းဇုန်ဖြစ်လာလေတော့၏။ ဆင်ဝိုင်းများကိုလည်း စုစည်း ပေါင်းစပ်ရ၍ ဆင်ဝိုင်းများကို ကွပ်ကဲရန် ဆင်အုပ်တစ်ဦး ရောက်ရှိလာသည်။ ဆင်အုပ်က ထိန်ဝင်း အောင် ဖြစ်၏။ လူလွတ်တစ်ဦးဟု ဆိုသည်။ ထိန်ဝင်းအောင်၏ စားရေးသောက်ရေးအတွက် ဦးစော ကဒူး တာဝန်ကျသည်။ အိုးသူကြီးများအနက် ဝါအရင့်ဆုံးဖြစ်သောကြောင့်ပင်။
သည်တော့ မြမေ၏ ဆိုင်သည် ဆင်အုပ်၏ရုံးအဖြစ် အလိုလိုပြောင်းလဲရောက်ရှိသွားလေသည်။ ဆင်အုပ်က လူကလည်း ငယ်ငယ်၊ ရုပ်ကလည်း အတော် အသင့်ရှိ မကြာမီ မြမေနှင့် ငြိသွားတော့သည်။

ဆင်အုပ်ကလေး ထိန်ဝင်းအောင်နှင့် မြမေတို့၏ တိတ်တခိုးဇာတ်လမ်းများက ချောင်းမကြီး သစ်ထုတ်လုပ်ရေးဒေသတစ်ခွင်လုံး Breaking News ကဲ့သို့ ပျံ့နှံ့ကျော်ကြားသွားလေသည်။ လူပြောသူပြောများလာပြီဖြစ်၍ လင်ဖြစ်သူ ဘိုးရွှေခမျာ အများသူငါ နားမဆံ့အောင် ကြားကြတော့မှ သူလည်း သိရ ကြားရတော့သည်။ ထိုအခါမှ ဘိုးရွှေကိုယ်တိုင် မနေနိုင်တော့ဘဲ ရင်နင့်အောင်ချစ်ရသည့် မြမေကို မေးရ လေသည်။

“ဆင်ဝိုင်းတစ်ခုလုံး ပြောနေကြတာ အစ်ကို အခုပဲကြားလာခဲ့တယ်။ ဆင်အုပ်နဲ့ မြမေ ဘာလိုလို ဖြစ်နေကြတယ်တဲ့။ အဲ … ဒါ ဟုတ်များနေလို့လား မြမေရယ်”

ဘိုးရွှေ ပြောရခက်ခက် ပြောမထွက်ရက်။ သူအလွန်ချစ်ခင်မြတ်နိုးရသည့် မယားမို့ စွပ်စွပ်စွဲစွဲလည်း မလုပ်ရက်ခဲ့ပါ။ ပြောချင်သော စကားလုံးတွေကို မကြာခဏ မျိုချနေရသဖြင့် စလုတ်ကြီးက နိမ့်လိုက် မြင့်လိုက် ဖြစ်နေရပေသည်။

“ပြောသာ ပြောပါတော့အစ်ကို။ ဆင်အုပ်နဲ့ မြမေ ဖောက်ပြားနေကြတယ်လို့။ အစ်ကိုကြားတဲ့အတိုင်းသာ ပြောပစ်လိုက်ပါ။ ဆင်ဝိုင်းက ကျွန်မတို့ကို အလိုလိုကမှ မနာလိုနေကြတာ။ အတင်းတွေအများကြီး ကြားမှာပေါ့။ အစ်ကို ဦးနှောက်မရှိရင် ယုံလိုက်တော့။ ကိုယ်က ဆိုင်ဖွင့်ထားတာဆိုတော့ ဝင်ကြထွက်ကြ ရှိမှာပဲ။ သိလား အစ်ကိုရဲ့”

သို့ကလို မြမေက ကဲကဲဆတ်ဆတ် ဆိုလိုက်ပြန်တော့

“အေးပါ မြမေရယ်၊ အစ်ကိုလည်း ဆင်သမားတွေပြောနေတာ ကြားလို့ မေးကြည့်တာပါ။ မြမေကို အစ်ကို ယုံပြီးသားပါ။ မြမေလည်း သိရဲ့သားနဲ့” ဟု ပြောသည်။

ဘိုးရွှေက အချစ်စိတ်ဝင်နေသူပီပီ အပြစ်မမြင်တော့။ ဘယ်သူတွေ ဘာပြောပြော သူက ခေါင်းထဲမထား။ သူတို့၏ဦးကြီးဦးစောကဒူးကလည်း စကားကို တစ်နေကုန်နေ၍ ဆယ်ခွန်းတောင်ပြည့်အောင် ပြောတတ်သူမဟုတ်သဖြင့် မြမေတို့လင်မယားကိစ္စ လေသံမျှပင် ထွက်မလာချေ။

မြမေကမူ သူမနှင့် ဆင်အုပ်ကလေးကိစ္စ လင်သည်ဖြစ်သူ ကြားသိသွားပြီမို့ နည်းနည်းတော့ တုန်လှုပ်သွားမိသည်မှာ အမှန်ပင်။

“ဘယ့်နှယ်လုပ်ကြမတုံး ကိုကိုအောင်။ မြမေတို့နှစ်ယောက်ကိစ္စကို ဆင်သမားတွေပြောနေတာ ကိုဘိုး ရွှေ ကြားသွားပြီး မြမေကို မေးတယ်။ မြမေကတော့ ကိုကိုအောင်နဲ့ ဘယ်နည်းနဲ့မှ မခွဲနိုင်ဘူး။ တစ်နည်းနည်းတော့ ကြံစမ်းပါအုံးရှင်”

“ကိုအောင်လည်း ဘယ်လိုကြံရမှန်း မသိတော့ပါဘူးမြမေရယ်။ ကိုအောင်လည်း မြမေနဲ့ မခွဲနိုင်ပါဘူး။ တူတူနေချင်တာပဲ သိတယ်လေ။ မြမေရဲ့ယောက်ျားကိစ္စ ကိုယ့်ဘာသာကိုယ်ပဲ ရှင်းပေတော့”

ကိုင်းဘယ့်နှယ်ရှိစ … ကိုယ့်ဘာသာပဲကိုယ် ရှင်းပါတော့တဲ့။ ချစ်ရသူ ထိန်ဝင်းအောင်၏ စကားက သူမ နားထဲ သံမှိုနှင့် တွဲလိုက်သလို စွဲဝင်သွားပြီ။

X X X X

ချောင်းမကြီးဆင်ဝိုင်းအတွင်းမှ ဆင်လုပ်သားများသည် ဘိုးရွှေနှင့် မြမေတို့၏ အားထုတ်မှုကြောင့် ချေသား၊ ဝက်သား၊ တောကောင်သားများကို စားနေကြရသည်။ အစားကောင်း စားနေကြရသဖြင့် အိုးသူ ကြီးကိုရော ဘိုးရွှေတို့ လင်မယားကိုပါ ကျေးဇူးတင်နေကြသည်ကလွဲလို့ တောင်တောင်ဤဤ ဘာဘာညာညာ မတွေးကြ။ တောကောင်တွေ ဘိုးရွှေတို့ ဘယ်လိုဖမ်းယူရရှိခဲ့ကြသည်ကိုလည်း မစပ်စုကြ။

ဘိုးရွှေကလည်း ပိရိသိုသိပ်သည်။ တောတွင်းမဝင်မီ သားကောင်ဖမ်းဖို့ သံညှပ်၊ သုတ်ကိုင်းထောင်ရန် နန်းကြိုး စသည့် မုဆိုးသုံးပစ္စည်းများကို အများမြင်အောင် ကိုင်ဆောင်သွားသည်။ သားကောင်ကို သံညှပ်နှင့် ထောင်ဖမ်းသည်ဟု ဆင်သမားများက နားလည်သွားကြသည်။ မြမေကလည်း ပါးစပ်ကို အပ်နှင့်ချုပ်ထားသလားဟု ထင်ရလောက်အောင် နှုတ်လုံသည်။

သည်တစ်ခေါက် ဘိုးရွှေတို့လင်မယား တောထဲထွက်အလာ လှမ်းကြည့်သူပင် မရှိကြပါ။ ဘိုးရွှေက သည်တစ်ကြိမ်မှာတော့ အင်ကြင်းမြိုင်တောင်တန်းဘက်ဆီ ထွက်ခွာခဲ့သည်။ ယခင် မိမိတို့ သားကောင်ရှာခဲ့သည့် ချောင်းမကြီး၏အရှေ့တောတွင် သားကောင်များ ရှားပါးသွားပြီ ဖြစ်ပါသည်။ အင်ကြင်းမြိုင်တောင်တန်းဘက်တွင် တောကပိုနက်ပြီး ရံဖန်ရံခါ တောကောင်ကြီးများပင် ခိုအောင်းတတ်သဖြင့် ယခင်ကာလများက ဘိုးရွှေ သားကောင်ရှာဖို့ လာရောက်ခြင်း မပြုခဲ့။ တောမုဆိုးအချင်းချင်း ထိပ်တိုက်မတွေ့စေရန် ရှောင်ရှားခြင်းဖြစ်၏။

ယခုတစ်ခေါက်တွင်မူ သားကောင်ပေါသည့်တောသို့ တမင်တကာပင် လာခဲ့သည်။ သားကောင် မြန်မြန်ရှာဖွေတွေ့ ရှိနိုင်မည်ဟု သူ ယုံကြည်နေသည်။ စင်စစ် သူ့အတွက် ကြမ္မာဆိုးဝင်သွားပြီ ဖြစ်သည်ကိုမူ. . . ။

ဘိုးရွှေက ခါတိုင်းကဲ့သို့ပင် သူ့ အဝတ်အစားများကိုချွတ်သည်။ ပြီးတော့ မြမေအား လှမ်းပေးလိုက်၏။ မြမေကလည်း ဘိုးရွှေ၏ အင်္ကျီနှင့် လုံချည်ကို ခေါက်သိမ်းကာ လွယ်အိတ်ထဲသို့ ကျစ်ကျစ်ပါအောင် လိပ်ထည့်သည်။ ထို့နောက် ထိန်ပင်ထက်သို့ သွက်လက်ဖျတ်လတ်စွာ တက်ရောက်သွားသည်။ ယခင်အကြိမ်များကထက် ပိုမို၍မြင့်သော သစ်ပင်ခွဆုံပေါ်သို့ တက်ရောက်နေရာယူသည်။
သစ်ပင်အောက်မှ ဘိုးရွှေသည် ကျားဓာတ်စီးပြီး ကျားစိတ်ဝင်အောင်မာန်သွင်း၍ တစ်ချက်ဟိန်းလိုက်ပြီးနောက် မြေကြီးပေါ် တွင် သုံးပတ်လှိမ့်လိုက်သည်။ ယင်းကဲ့သို့ သုံးပတ်လှိမ့်လိုက်ပြီးသည်နှင့် တစ်ပြိုင်နက် ဘိုးရွှေ၏အသွင်မှာ ရုတ်ခြည်းပြောင်းလျက် ကျားကြီးတစ်ကောင်ဖြစ်သွားသည်။ ကျား ကြီးသည် မြေကြီးကို မျက်နှာအပ်၍ တစ်ချက်ဟိန်းလိုက်ပြီးနောက် တောနက်အတွင်းသို့ ပြေးဝင်သွား သည်။

သည်တစ်ကြိမ်တွင်မူ ဘိုးရွှေ တောတွင်းဝင်သွားသည်မှာ အချိန်တော်တော်ကြာသွားသည်။ သစ်ပင် ခွဆုံတွင် မြဲမြဲဖက်တွယ်ပြီး ထိုင်နေသော မြမေပင် ခြေလက်တွေ တစစ်စစ် ကိုက်ခဲလေးလံလာလေသည်။ သို့တစေ မြမေက ဘိုးရွှေ ပြန်အလာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့၏။

တစ်နာရီ။ နောက်နှစ်နာရီ။ သုံးနာရီခန့် ကြာသွားပြီး နေဝင်ဖျိုးဖျအချိန်သို့ပင် ရောက်လာပြီဖြစ်၏။ မိမိအတွက်ရော ဘိုးရွှေအတွက်ပါ မြမေက စိတ်ပူလာလေသည်။ သစ်ပင်ပေါ်မှာ ဆက်နေရကောင်းမလား၊ အောက်ဆင်းရကောင်းမလား ချီတုံချတုံ ဖြစ်နေဆဲ။

ထိုအချိန်တွင် ဝုန်းခနဲ ကျားကြီးတစ်ကောင်က သွေးသံရဲရဲ အချိန်သုံးဆယ်ခန့် တောဝက်တစ်ကောင်ကိုကိုက်ချီလျက် ရောက်ရှိလာလေသည်။ ကျားသည် အစာကို ကိုက်ချီထားဆဲမှာပင် စားမာန်ထလျက် ဟိန်းနေသည်။

‘ဝေါင်း’ ခနဲ ‘ဝေါင်း’ ခနဲ ကျားဟိန်းသံသည် အင်ကြင်းမြိုင်တောင်တန်းတစ်ခိုမှာ ပဲ့တင်ထပ်လျက် ရှိနေလေသည်။ ယခင်အခါများတွင် သစ်ပင်အောက်သို့ ဘိုးရွှေသမန်းကျား ပြန်လည်ရောက်ရှိလာသည်နှင့် မရှေးမနှောင်းတွင်ပင် ကျားအသွင်မပြောင်းမီက ဝတ်ဆင်ထားခဲ့သည့် အဝတ်အစားများကို ပစ်ချလိုက်သည်နှင့် ကျားဖြစ်နေသည့်လူက ပြန်လည်မှတ်မိကာ လူ့အသွင်သို့ ပြန်လည်ပြောင်းလဲလာစမြဲ ဖြစ်သည်။

ယခုမူ မြမေသည် ဘိုးရွှေ၏ အင်္ကျီနှင့်လုံချည်ကို သစ်ပင်အောက်သို့ ပစ်မချတော့ဘဲ သစ်ပင်ခွဆုံတွင် မြဲမြဲဖက်တွယ်ထားပြီး အသံမပေး ဘာမပေး တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် ထိုင်နေလိုက်၏။ သမန်းကျားဘိုးရွှေသည် ကိုက်ချီ လာသော တောဝက်သေကို လွှတ်ချလိုက်ကာ သစ်ပင်ကို လှည့်ပတ်လျက် “ဟင်း” ခနဲ “ဟင်း” ခနဲ ဟိန်း၍ နေလေသည်။

အချိန်က တစ်စတစ်စ ကြာမြင့်လာသည်နှင့်အမျှ သမန်းကျားသည် တောကောင်ကို ကိုက်ဆွဲလိုက်၊ ပြေးထွက်သွားလိုက်၊ ပြန်လာလိုက်နှင့် အကြိမ်ကြိမ်ပြုလုပ်နေပြီးနောက် တောဝက်၏ဝမ်းကို ကိုက် ဖောက်၍ ကလီစာအချို့ကို ဟပ်ဆွဲစားသောက်ပြီး တောနက်အတွင်း ပြေးဝင်ပျောက်ကွယ်သွားလေတော့သည်။

သွားရှာပြီ။ သမန်းကျားဘိုးရွှေ ကျားအသွင်မှ လူအဖြစ် ပြန်လည်ပြောင်းလာနိုင်ခြင်း မရှိတော့ဘဲ ကျားကြီးတစ်ကောင်လုံးလုံး ဖြစ်သွားခဲ့ပါပြီ။ အင်ကြင်းမြိုင်တောတစ်ခွင်က ကျားတစ်ကောင်က မြမေ၏ ယောက်ျား ဘိုးရွှေပါလို့ ဘယ်သူကကော ယိုးစွပ်နိုင်ပါတော့မလဲ။

ချောင်းမကြီး ဆင်ဝိုင်းအတွင်း မြမေ ပြန်လည်ရောက်ရှိသည့်အချိန်မှာ မိုးကြီးစုပ်စုပ် ချုပ်သွားခဲ့ပါပြီ။ မြမေက အလိမ္မာသုံးပြီး ဦးစောကဒူးနှင့် ဆင်လုပ်သားများအား အကျိုးအကြောင်းကို မယုတ်မလွန် လှည့်ပတ်ပြောပြသဖြင့် အင်းကြင်းမြိုင်တောတွင်းသို့ မီးတုတ်များနှင့် ညတွင်းချင်း ဝက်သေကို သွားရောက်ယူဆောင်လာခဲ့ကြ၏။

ဘိုးရွှေတစ်ယောက် တောဝက်တစ်ကောင်နောက်သို့ဆက်လိုက်သွားသည်ဟု မြမေ ပြောပြခဲ့သည်ကိုလည်း မည်သူကမျှ သံသယဖြစ်ခြင်း မရှိခဲ့။

နောက်တစ်နေ့ နေမွန်းတည့်သည့်အချိန်တိုင်အောင် ဘိုးရွှေတစ်ယောက် ပြန်မရောက်လာတော့။ ဆင်သမားတွေက ဟိုမေးသည်မေး မေးလာကြ၏။

မြမေ ကိုယ်တိုင် မည်သည့်အဖြေမှ မပေးနိုင်သည့်အသွင် နေပြလိုက်၏။ ဘိုးရွှေတစ်ယောက် မုဆိုးမှ သားကောင်ဖြစ်သွားရှာပြီဟု ဆင်ဝိုင်းတစ်ခုလုံး ယုံမှတ်သွားကြသည်။ နေ့ကိုရက်စား လများသို့ပင် တိုင်ခဲ့ပါပြီ။ ဘိုးရွှေတစ်ယောက်လည်း စုပ်စမြုပ်စ ပျောက်ကွယ်သွားခဲ့ပါပြီ။ ဘိုးရွှေ မရှိတော့ဘူးဆိုတော့ မုဆိုးမပူပူနွေးနွေး မြမေနှင့် ဆင်အုပ်ကလေး ထိန်ဝင်းအောင်တို့က ပေါ်ပေါ်ထင်ထင်အတူတကွ ဦးစောကဒူး၏ တဲအိမ်တွင်ပင် နေထိုင်လိုက်ကြတော့၏။

X X X X

သတ်မှတ်သစ်တန်များများ မကြာမီ ပြည့်မီသွားခဲ့ပြီဖြစ်သဖြင့် ဆင်ဝိုင်းများကို မူလအတိုင်း အစုများပြန်လည်ခွဲလျက် မိမိတို့၏မူလ နေထိုင်ခဲ့သည့်စခန်းချရာနေရာများသို့ပြန်လည်ကာ ပြောင်းရွှေ့သွားကြ ရ၏။

ချောင်းမကြီးဆင်ဝိုင်းတွင်မူ ဆင်ခေါင်းဦးဖိုးမျှင်ကွပ်ကဲသော ဆင်ဝိုင်းသာ ကျန်ရစ်လေသည်။ ဆင်အုပ်လည်း ခန္တီးသို့ ကွပ်ကဲမှုရုံးပါ ပြောင်းရွှေ့သွားရသည်ဖြစ်ရာ မြမေကို ခေါ်ဆောင်မသွားဘဲ ချောင်းမ ကြီးတွင်ပင် ထားရှိရစ်လေသည်။

စင်စစ် ဆင်အုပ်ထိန်ဝင်းအောင်၏ မယားကြီးရော သားသမီးသုံးယောက်ပါ ခန္တီးတွင်ရှိနေသည့်အကြောင်းကို မြမေတို့ ယခုမှပင် သိရှိရလေသည်။ နောင်တဆိုတာက နှောင်းခါမှပဲ ရတော့သည်ပဲ မဟုတ်ပါလား။ ပျားပိတုန်းဆိုသည့် သတ္တဝါမျိုးသည် မွှေးပျံ့သင်းကြိုင်ရနံ့တွေ လှိုင်နေတုန်းသာ ပန်းဝတ်ရည်ကိုစုပ်ယူသုံးဆောင်ပြီးနောက် ဝတ်ရည်ခန်းတော့ နေရစ်တော့ ဆိုသမို့လား။
မြမေခမျာ ထိန်ဝင်းအောင်နှင့်ရသည့် ကိုယ်ဝန်ကိုလွယ်ရင်း မျက်ရည်ကိုသာ အဖော်ပြုနေရတော့သည်။ သူမ၏ဦးကြီး ဦးစောကဒူးလည်း ချစ်ခင်ရသည့် မိတဆိုးတူမလေး၏ ရင်နင့်ဖွယ်ဖြစ်ရပ်ကို နှလုံးကြေကွဲ ဝမ်းပန်းတနည်းနှင့်သာ ကြည့်နေရလေသည်။ တတ်နိုင်သမျှတော့ တူမလေး အားမငယ်ရလေ အောင် နှစ်သိမ့်၍သာ ပေးနိုင်ပါတော့သည်။

ငရဲပန်းကို မြမေ ရွှေပန်းလို့ ထင်မိပေသကိုး။ မိမိကို ပန်းကလေးတစ်ပွင့်လို အစဉ်မပြတ် တယုတယချစ်မြတ်နိုးပြီး အသက်ထက်ပင် ယုံယုံကြည်ကြည်သစ္စာရှိလိမ့်မည်လို့ ယုံကြည်စွာ လူအဖြစ်မှ သမန်းကျားအသွင်ပြောင်းလျက် မယုံကြည်နိုင်စရာ ထူးထူးခြားခြား ဆန်းဆန်းပြားပြား သားကောင်ရှာဖွေကျွေးမွေးခဲ့လေသော ချစ်သောခင်ပွန်းလင် ဘိုးရွှေ၏ တန်ဖိုးကို ယခုမှပင် သိတော့သည်။ တမ်းတ လွမ်းရ၊ သတိရနေမိသည်ကလည်း အမှန်ပါ။

“အစ်ကိုဘိုးရွှေရယ်၊ အမိုက်မ မြမေရဲ့အဖြစ်ကို မြင်လှည့်ပါအုံးရှင်။ ကိုယ့်ပေါ် တကယ့်မေတ္တာအစစ်နဲ့ ချစ်တဲ့ ယောက်ျား၊ လင်သူတော်ကောင်းကြီးကို ခြေစုံကန်ပြီး မဆင်မခြင်ပြစ်မှားမိခဲ့လို့ ခံခဲ့ရတဲ့ဘဝဝဋ်ကြွေး ဒီဘဝ ဒီမျှနဲ့သာ ကျေပါစေတော့။ မြမေ အစ်ကို့ကို နောက်ဆုံး နှုတ်ဆက်ကန်တော့ခဲ့ ပါတယ် အစ်ကိုရယ်”

သည့်နောက် မြမေသည် ဦးကြီး ဦးစောကဒူးအား ဖြစ်ရပ်ဖြစ်စဉ်ကို တိုးတိုးတိတ်တိတ်ပြောပြလိုက် သည်။ ပြီးနောက် ဦးစောကဒူးကို ခေါ်ဆောင်ကာ နေအိမ်မှ ထွက်ခွာလာကြ၏။

ထမင်းအိုးတစ်လုံး၊ ကြက်သားဟင်းတစ်အိုးပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြသည်။

အင်ကြင်းမြိုင်တောင်တန်းသည် ယခင်ကကဲ့သို့ပင် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေလေသည်။ မြမေ တက်ရောက်နေခဲ့သည့် ထိန်ပင်ကြီးအောက်တွင် ယူဆောင်လာခဲ့သော ထမင်းအိုးနှင့် ကြက်သားဟင်း ပန်းကန်ကို ချထားပြီး ဘိုးရွှေ၏ အဝတ်အစားများကိုပါ ထားလိုက်သည်။ တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်းကို ရိုရိုသေသေ ရှိခိုးကန်တော့လျက် ဘိုးရွှေအား ပြန်လည်ခေါ်ယူပေးပါရန် တိုင်တည် ဆုတောင်းကြ၏။

ထို့နောက် တူအရီးနှစ်ယောက်စလုံး သစ်ပင်ထက်သို့ တက်ပြီး စောင့်ဆိုင်းနေလိုက်ကြလေသည်။

အချိန်က တစ်နာရီပြီး တစ်နာရီ ကုန်ဆုံးသွားသည်။ တစ်နေ့လုံး စောင့်သည့်တိုင် ဘိုးရွှေ ရောက်မလာပေ။

သည်လိုနှင့် တစ်နေ့ပြီးတော့ နောက်တစ်နေ့။

ရက်သတ္တတစ်ပတ်တိုင်သည့်အခါတွင်မူ ဘိုးရွှေ ရောက်မလာခဲ့သည့်အတွက် ဦးစောကဒူးက တူမလေးကို ချော့မော့နှစ်သိမ့်ရ၏။

“စိတ်ကို လျှော့လိုက်ပါတော့ တူမလေးရယ်။ ဘိုးရွှေက တူမလေး ပြောတဲ့ပုံဆိုရင် လူ့အသွင်ပြန်ပြောင်း နိုင်တော့မယ် မထင်ပါဘူးကွယ်။ တောစိတ်ဝင်ပြီး သမန်းကျားကနေ ကျားကြီးစစ်စစ် ဖြစ်နေလောက်ပြီ။ သူ မှတ်မိနိုင်ဖို့ မလွယ်တော့ဘူးနဲ့ တူပါတယ်”

“ဟုတ်ပါတယ် ဦးကြီးရယ်။ မြမေလည်း သူ လူပြန်ဖြစ်လာမလားလို့ပါ။ တကယ်လို့များ ကိုဘိုးရွှေက ကျားအသွင်နဲ့ ပြန်လာခဲ့ရင် မြမေ အပြစ်တွေကို ခွင့်လွှတ်ပါလို့ ရှိခိုးကန်တော့ တောင်းပန်ကြည့်ချင်လို့ပါ ဦးကြီးရယ်။ ခုတော့ ကိုဘိုးရွှေနဲ့ မြမေ ဒီတစ်သက် ဘယ်တော့မှ ပြန်တွေ့ဆုံနိုင်ဖို့ အကြောင်းမရှိနိုင်တော့ဘူးပေါ့နော်”

မြမေ၏ မချိတင်ကဲပြောပြသံများကို ဦးစောကဒူးပင် ရင်တွင်းမှ ဆို့နင့်စွာနားထောင်နေရလေသည်။

“နေရစ်တော့ အစ်ကိုဘိုးရွှေ။ အမိုက်မ မြမေ ဒီကနေပဲ အစ်ကို့ကို ကန်တော့ခဲ့ပါတယ်။ မြမေ အစ်ကို့ကို ပြစ်မှားမိခဲ့တဲ့ အပြစ်တွေအတွက် မြမေ ကိုယ့်ကိုယ်ကိုယ်သာ ကိုယ် အပြစ်ပေးပါရစေတော့။ သွားပြီ အစ်ကိုရေ”

မြမေ ထိန်ဝင်းအောင်နှင့်ရရှိခဲ့သော ကိုယ်ဝန်က သုံးလပင် ပြည့်သေးဟန်မတူ။ ဆင်ဝိုင်းအတွင်းမှ ဘဝတူ ဆင်လုပ်သားများက မြမေကို အသနားပိုနေကြ၏။

ချောင်းမကြီးဆင်ဝိုင်းမှ ဆင်လုပ်သားများ ရုတ်ရုတ်သဲသဲ ဟိုဟိုဒီဒီ ပြေးလွှားနေကြသည်။ ချောင်းမကြီးချောင်းအတွင်းသို့ မြမေတစ်ယောက် ခုန် ချသွား၍ ဖြစ်ပါသည်။ ရေစီးက ကြမ်းသဖြင့် ဆင်သမားအချို့ ရေထဲခုန်ဆင်းပြီး လိုက်လံဆယ်ယူသော်လည်း မမီလိုက်တော့ပါ။ နာကြည်းကြေကွဲဖွယ်ရာ ဖြစ်ပါချေသည်။

အိုးသူကြီးဦးစောကဒူးလည်း မရူးရုံသာ ကျန်ပါတော့သည်။ ဆင်ခေါင်းကို ခွင့်ပန်လျက် နေရပ်သို့ ပြန်သွားပြီး ရဟန်းဘောင်သို့ ကူးပြောင်းသွားသည်။

X X X X

တစ်နေ့ ချောင်းမကြီး ဆင်ဝိုင်းအနီးတွင် နံနက်ဝေလီဝေလင်းအချိန်ခန့်က ကျားတစ်ကောင် ရောက်ရှိလာလေသည်။ ရုတ်တရက် တွေ့လိုက်ရသော ဆင်လုပ်သားက ကျားကို မျက်နှာချင်းဆိုင် တွေ့လိုက် ရသည်ဖြစ်ရာ ထိတ်လန့်ချောက်ချား ကြောက်အားကြီးလှသဖြင့် နေရာမှပင် မရွှေ့နိုင်အောင် ငုတ် တုတ်မေ့သွားရ၏။ သို့ပင်ဖြစ်စေကာမူ ကျားသည် လူကိုရော ဆင်တွေကိုပါ မည်သို့မျှ ရန်မပြုသော် လည်း ဦးစောကဒူး၏ အိမ်အနီး အရောက်တွင် လူနှင့်ဆင်များ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်တွင် နောက်သို့ ပြန်လှည့်ပြီး တောတွင်းသို့ပြန်သွားလေသည်။

“ကျားက နည်းတဲ့ကျားကြီး မဟုတ်ဘူး။ ရှစ်တောင်ထက် နည်းမယ်လို့ မထင်ဘူး။ ခုလို လူတွေ၊ ဆင်တွေကို မြင်နေရက်နဲ့ ဘာမှ လုပ်မသွားတာ တော်တော့်ကို အံ့ဩစရာပဲ။ ထူးတော့ တော်တော်ထူးတယ်”

ယခုရက်ပိုင်းအတွင်း ကျားသတင်းတွေ လူပြော သူပြောများနေသည်။ ရေသိုး၊ ကြခတ်ဝိုင်း၊ ဂုံမင်းမြောင်နှင့် နန်ချဲထွန်ဆင်ဝိုင်းများသို့လည်း ကျား တစ်ကောင် ရောက်လာတတ်ကြောင်း ကြားသိရ၏။ ယခုအထိ လူတွေရော ဆင်တွေကိုပါ ဘာဒုက္ခမှ မပေးသေးချေ။
နန်အီးမည်းချောင်းအတွင်းမှာ ရွှေကျင်နေကြသည့်လူတွေ မိမိတို့အိမ်အတွက် မွေးထားသည့် ဝက် အုပ်တွင်းမှ ဝက်ပေါက်တစ်ကောင်ကို ကိုက်သတ်ဆွဲချီသွားကြောင်း သတင်းတစ်ခု ကြားသိရသည်။ သို့ဖြစ်၍ ဆင်နှင့် လူတွေကို မည်သည့်ဒုက္ခမျှ မပေးစေကာမူ ဆင်လုပ်သားများ ထိတ်လန့်ချောက်ချားနေကုန်ကြသည်။

ခန္တီးခရိုင် သစ်ထုတ်လုပ်ရေး ရုံးချုပ်မှ တာဝန်ရှိသူများ ကျားအန္တရာယ်မှ ကာကွယ်ဖို့ ဆင်ခေါင်းများနှင့် ညှိနှိုင်းတိုင်ပင်လျက် ကျားဖမ်းဆီးရေး စီစဉ်ဆောင်ရွက်ရတော့သည်။

ကျားကို ဖမ်းဆီးရန်မှာ ထောင်ချောက်လုပ်ရမည်။ သုတ်ကိုင်းထောင်ရမည်။ သံညှပ်များကို သွားလာလမ်းတွေမှာ ချထားရန် လိုပါသည်။ သစ်တန် တိုးမြှင့်ရေးအတွက် အချိန်ကိုလု၍ ဆောင်ရွက်နေရသဖြင့် ကျားဖမ်းဆီးရန် အလွယ်ကူဆုံးနှင့် အချိန်အတိုဆုံးနည်းလမ်းဖြစ်သည့် ကျင်းကျထောင်ဖို့ ဆုံးဖြတ်လိုက်ကြ၏။ ထို့ကြောင့် အပူတပြင်း ဆောင်ရွက်ကြရသည်။

လုပ်ငန်းခွင်များရှိသည့် လုပ်ကွက်များဆီသို့ သတ်မှတ်ပေးထားသော တောလမ်းများမှသာ သွားလာ ကြဖို့၊ ဆင်ဝိုင်းအတွင်းသို့ဝင်သည့် လမ်းများတွင် ကျင်းကျထောင်ချောက်များ ကွက်လပ်မကျန်အောင် ထောင်ဖို့ စီစဉ်သည်။

ဆင်ဝိုင်းမှ ဆင်ခေါင်းကိုယ်တိုင် ဦးစီး၍ တွဲဖက် ဆင်ခေါင်း(ခေါင်းခွဲ)တို့နှင့် လိုက်လံသတိပေးဆော်ဩပြီး ဝင်လမ်းထွက်လမ်းများတွင် ကျင်းကျထောင်ထားသဖြင့် ဆင်လုပ်သားများကို သတိပြု၍ ရှောင်ရှားသွားလာကြရန် နှိုးဆော်ထားသည်။

ကျင်းကျထောင်ချောက်ဆိုသည်က ဝင်လမ်း ထွက်လမ်း၊ အလယ်မှာ အလျား၊ အနံ နှစ်လံခန့် ကျင်းတစ်ကျင်း တူးရသည်။ ကျင်းနှုတ်ခမ်းထက်တွင် နှီးတစ်ပြားခန့် ဝါးပြားကို ယက်သဲ့လိုယက်ကာ ကျင်းနှုတ်ခမ်းပတ်လည် အပြင်ဘက် တစ်ထွာခန့်အထိ အုပ်မိအောင်ဖုံး၍ ခင်းထားရသည်။

ယင်းအပေါ်မှ တစ်ဖန် သစ်ရွက်များကို စိနေအောင် ထပ်ခင်းပြီး မြေကြီးနှင့်ပြန်ဖုံးကာ မူလအသွင်အတိုင်း ပြုလုပ်ထားရသည်။

ပတ်ဝန်းကျင်တွင် ဝါးတိုဝါးစများ၊ သစ်ခက်သစ်ရွက်များ၊ နှီးစများ စသည်ဖြင့် အစအနမကျန်ရစ် အောင် ရှင်းလင်းထားရသည်။

တောကောင် သင်္ကာမကင်းမဖြစ်ရလေအောင် ဂရုစိုက်ရသည်။ ဝင်လမ်းအတိုင်း ဝင်ရောက်လာသည့် တောကောင်က နင်းကြမ်းပေါ်သို့ တက်နင်းမိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့အလေးချိန်နှင့်သူ ကျင်း ထဲသို့ ကျွံကျသွားပြီး ပြန်ခုန်ထွက်၍လည်း မရနိုင်တော့ပေ။

ကျင်းကျထောင်ထားပြီး တောကောင်မိနေပြီဆိုပါက ကျင်းထဲမှ ကျား၏ ခြေ၊ လက်၊ ခေါင်းများကိုမိ အောင် ကြိုးကွင်းစွပ်၍ဖမ်းလျက် အရှင်လတ်လတ် ဝိုင်းဝန်းဆွဲတင်လိုက်ရုံပင် ဖြစ်၏။ ဆင်ဝိုင်းများအားလုံး လက်လှမ်းတမီ ကျင်းကျများ ထောင်ထားခဲ့ကြ၏။ သို့ဖြစ်၍ မည်သည့်ဆင်ဝိုင်းသို့မဆို ကျားလာလျှင် တစ်ဝိုင်းမဟုတ် တစ်ဝိုင်းတွင် ကျင်းကျမိဖို့ သေချာပေသည်။

သို့တစေ ဆယ်ရေးတစ်ရေး၊ ကိုးရေးတစ်ရာ ဆိုသည်မဟုတ်လား။ တောတွင်းမှာနေ၊ တောတွင်းမှာ ကျင်လည်ကျက်စား တောသတ္တဝါဖြစ်စေကာမူ မိမိတို့၏ အသက်အန္တရာယ်ကို မွေးရာပါအသိစိတ်ဖြင့် ရှောင်တတ်ရှားတတ်ကြ၏။ ဆင်ဝိုင်းများတွင် ကျင်းကျထောင်ထားကြသည်မှာ လေးရက်တိုင်တိုင် ရှိသွားပြီ။ သမန်းကျားအဖြစ် ဘိုးရွှေ အသွင်ပြောင်းသွားခဲ့သည်မှာလည်း တစ်နှစ်တိတိ ရှိသွားခဲ့ပါပြီ။

X X X X

ထက်ကောင်းကင်တစ်ခွင်လုံး ကြယ်မစုံဘဲ လက မိုက်နေသည်။ ဝန်းကျင်ပတ်ချာတွင် အမှောင်သာလျှင် ကြီးစိုးမင်းမူနေသည်။ တစ်လုံးစ၊ နှစ်လုံးစ ထွက်ပေါ်နေသော ကြယ်ကလေးများကြောင့် မှေးမှေးမှိန်မှိန် ဝိုးတဝါးမျှ မြင်ရသည်။ ချောင်းမကြီး ဆင်ဝိုင်းတစ်ခုလုံး ယနေ့ ငုတ်ထုတ်ကြရသဖြင့် ဆင်တွေရော လူတွေပါ ပင်ပန်းနွမ်းနယ်ပြီး စောစော စီးစီး အနားယူလျက် အိပ်စက်နေကြသည်။

လုပ်ကွက်က ချောင်းမကြီးမြောက်ဘက်တွင် ရှိ၏။ ယင်းနေရာတွင် တောင်စောင်းများနှင့် ဒန့်ဒင်ရေတံခွန်အဖျားမှ ခဲရာခဲဆစ်ထုတ်ကြရသည်ဖြစ်၍ ဆင် တွေ၊ လူတွေ စိတ်ရောကိုယ်ပါ ဆင်းရဲပင်ပန်းကြပေသည်။

ဆင်ဝိုင်းအတွင်း ခွေးဟောင်သံမျှပင် မကြားရဘဲ တိတ်ဆိတ်လျက်ရှိ၏။

ခုနစ်စဉ်ကြယ်ပြောင် အမြီးထောင်နေချိန်တွင် ဆင်ဝိုင်းတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားစေ သော ကျားဟိန်းသံ ထွက်ပေါ်လာလေသည်။ ကျားက ဒေါသတကြီးဖြင့် နာနာကြည်းကြည်း ‘ဝေါင်း’ခနဲ၊ ‘ဝေါင်း’ခနဲ အဆက်မပြတ် ဟိန်းလျက် ရှိသည်။

တဲအိမ်များအတွင်း အိပ်မောကျနေကြသည့် ဆင်လုပ်သားများ၊ ဇနီးနှင့် သားသမီးများမကျန် ငုတ်တုတ်ထ၍ ထိုင်မိကြသည်အထိ ဖြစ်၏။ ကလေးများလန့်ဖျပ်ပြီး ကျယ်ကျယ်လောင်လောင် ငိုကုန်ကြ သည်။

“ကျားဟေ့… ကျား… ကျား၊ ကျင်းထဲမှာ ကျားမိနေပြီ။ တုတ်မီးတွေ ယူလာကြ။ မီးတုတ်တွေလည်း တစ်ခါတည်း ရှို့လာခဲ့ကြ။ ကြိုးတွေပါ ယူလာကြ”

“ဆင်ဝိုင်းမြောက်ဘက်က ဟိန်းသံပဲ။ ဒီဘက်မှာ လာစုကြပါ။ အားလုံး အတူတူ တစည်းတလုံးတည်းသွားကြရအောင်”

ဆင်ခေါင်းဦးဖိုးမျှင်၏ ကြပ်မတ်ဆော်ဩကွပ်ကဲနေသောအသံကို ကြားကြရသည်။ တစ်ဆက်တည်း ဦးဖိုးမျှင်၏အသံ ထပ်မန်ထွက်ပေါ် လာပြန်သည်။

“ဆင်ဦးစီးတွေ ကိုယ့်ဆင်ကို ကိုယ်သေသေချာချာထိန်းထားကြအုံး။ ထူးသံကြိုးတွေ ခိုင်ခိုင်ငုတ်စွဲထားကြ”
ချောင်းမကြီးဆင်ဝိုင်းတစ်ခုလုံး လူသံသူသံ၊ ကလေးတွေအာခေါင်ခြစ်၍ ငိုနေသံများ ပွက်ပွက်ညံသွားသည်။ ဆင်တွေကလည်း ထူးသံကြိုးတွေ တချွင်ချွင်မြည်နေအောင် လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ခပ်ဆိုးဆိုး ဟိုင်းဆင်တစ်ကောင်ကမူ နှာမောင်းကိုမြှောက်လျက် ‘ဝူး’ခနဲ၊ ‘ဝူး’ ခနဲ အော်လိုက်၏။

ဆင်ခေါင်းဦးဖိုးမျှင် ခေါင်းဆောင်လျက် ဆင်လုပ်သားများက ဆင်ဝိုင်း၏ မြောက်ဘက်ဝင်လမ်းတွင် ထောင်ထားသော ကျင်းကျသို့ ရောက်သွားကြသည့်အခါ ကျင်းထဲမှာ ကျားတစ်ကောင် မိနေသည်ကို
တအံ့တဩ တွေ့လိုက်ကြရသည်။ ကျင်းကျကို စနစ်တကျ သေချာစွာ ပြုလုပ်ထားသဖြင့် ကျားက ကျင်းအထက်သို့ရောက်အောင် အကြိမ်ကြိမ်ခုန်နေသော်လည်း ကျင်းထဲသို့သာ ပြန်ပြန်ကျနေသည်။ အထပ်ထပ် ခုန်တက်နေရသောကြောင့် မောဟိုက်ပင်ပန်းလွန်းသဖြင့် ကျားက လက်မှိုင်ချကာ ဆောင့်ကြောင့်ထိုင်ပြီး ဟိန်းဟောက်မာန်ဖီနေတော့လေသည်။

ဆင်လုပ်သားများက ယူဆောင်လာသော ကြိုးများဖြင့် ကြိုးကွင်းပြုလုပ်၍ ကျင်းထဲမှ ကျား၏ ဦးခေါင်း၊ ခြေအစုံ၊ လက်နှစ်ဖက်ကို ပစ်စွပ်ကြပြီး ဝိုင်းဝန်းဖမ်းဆီးကြ၏။ လေးဖက်လေးတန် တုပ်နှောင်ထားပြီး မလှုပ်နိုင်သည့်အခါမှပင် ကျင်းပေါ်သို့ ဆွဲတင်သည်။ ခြေရောလက်ပါ ကြိုးကွင်းစွပ်ထားပြီး ဦးခေါင်းကိုပါ စွပ်မိထားပြီးဖြစ်သောကြောင့် ကျားသည် လူပြုသမျှ နုရရှာပြီ။

ဆင်ဝိုင်းတစ်ခုလုံး ဦးစောကဒူးက ဘိုးရွှေ၏သမန်းကျားအဖြစ် ပြောင်းလဲသွားရခြင်းအကြောင်း အတော်အသင့် ပြောပြထားပြီးဖြစ်၍ ကျားကို စေ့စေ့စပ်စပ် သေသေချာချာကြည့်ရှုကြ၏။ ဘိုးရွှေပဲလား၊ တောထဲမှ အခြားကျားတစ်ကောင်ပေပဲလားဆိုသည်ကို မည်သူကမျှ ဝေခွဲမရနိုင်ကြပေ။

“ဒီကျားကို ရန်ကုန်တိရစ္ဆာန်ရုံကို ပို့ရရင် အကောင်းဆုံးပဲ။ သတ္တဝါတစ်ခု ကံတစ်ခုတဲ့။ မဟုတ်ဘူးလား”

“အိုး … ဆင်ဝိုင်းတကာလှည့်ပြီး ဒုက္ခပေးနေတဲ့ကောင်၊ သတ်သာပစ်လိုက်ဗျာ။ တောထဲတောင်ထဲ ကျုပ်တို့ နေ့ညမရှောင် သွားလာနေကြရတာ။ အန္တရာယ် အလွန်ကြီးပါတယ်။ သားရေခွာ၊ အရိုးအရေနဲ့ အစွယ် ရောင်းစားရင် ဆယ်ပုံး၊ ဆယ့်နှစ်ပုံး အသာလေးပဲ”

“နေကြပါအုံးကွယ်။ သူ့အသက်ကို မသတ်ကြတာ ဘုရားလည်း ကြိုက်ပါတယ်၊ တိရစ္ဆာန်ရုံကိုပဲ ပို့လိုက်ကြမယ်၊ ဟုတ်ပြီလား”

ဆင်လုပ်သားများအားလုံး စောဒကမတက်ကြတော့ ဘိုးရွှေပဲဖြစ်ဖြစ်၊ တောတွင်းကကျားပဲဖြစ်ဖြစ် အသက်ရှင်ခွင့် ရသွားပါပြီ။

X X X X

ဆင်အုပ်ကြီးဦးဖိုးထိန် ပြောပြခဲ့သော သမန်းကျားဘိုးရွှေ၏ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဖြစ်စဉ်ကို ကျွန်တော်တို့တစ်တွေ စိတ်လက်လေးလံစွာဖြင့် နားထောင်ခဲ့ကြရပြီး အသီးသီး ဝေဖန်ချက်များ ပြုခဲ့ ကြ၏။

“သမန်းကျားဆိုတာတော့ ကြားဖူးနားဝတော့ ရှိပါရဲ့။ ဒါပေမဲ့လို့ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးတွေ့ဖူးတာ မဟုတ်ဘူး။ လူတွေက ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ပြောနေတာလေ”

“ကျွန်တော်ကလည်း ကြားခဲ့ဖူးတဲ့အတိုင်း ဆရာတို့ကို ပြန်ပြောပြတာပါခင်ဗျ။ ယုံတစ်ဝက် မယုံတစ်ဝက်ပါ”

ဟု ဦးဖိုးထိန်ကလည်း မှတ်ချက်ပြုလေသည်။ ။

မြဝတီမဂ္ဂဇင်း
အတွဲ ၆၆ ၊ အမှတ် ၁၁
စက်တင်ဘာလ ၊ ၂၀၁၈

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)

Leave a Reply

Your email address will not be published. Required fields are marked *