August 1, 2025
Uncategorized

ဆင်းရဲလို့

ဆင်းရဲလို့
———-
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဖတ်ခဲ့ဖူးသော တူရကီပုံပြင်ဇာတ်လမ်းလေး တစ်ခုဖြစ်သည်။

မှတ်မိသမျှပြန်ရေးပြရလျှင်

မိသားစုတစ်စုရှိသည်။ လင်မယားနှစ်ယောက်နှင့် သူတို့၏ ကလေးသုံးယောက်ဖြစ်သည်။ ဆင်းရဲသဖြင့် ဘဝအတွက် ခက်ခဲစွာ ရုန်းကန်နေကြရသူများလည်းဖြစ်သည်။

ဖခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့် သူ့ကိုဆေးကုသနေရသည်နှင့် ဝင်ငွေမှာ လုံလောက်သည်မရှိ။ လူမမာကလည်း အိပ်ရာက မထနိုင်သည့် အခြေအနေဖြစ်လာသည်။ နောက်ဆုံးသူသည် မိသားစုကို ခွဲခွာပြီး ဆင်းရဲခြင်းဝဋ်ကပါ ကျွတ်သွားလေတော့သည်။ သားသမီးသုံးယောက် ဖခင်မဲ့ဖြစ်ခဲ့ရပြီ၊

သူတို့လူမျိုး ဓလေ့ထုံးစံအရ ကွယ်လွန်သွားသူအိမ်ကို ရွာထဲရှိရွာသားတွေက အစားအစာများ သုံးရက် တိုင်အောင် ပို့ပေးလေ့ရှိကြသည်။ သုံးရက်လုံး ရွာထဲကပို့ပေးသော အစားအသောက်များဖြင့် ကျန်ရစ်သူ မိသားစုသည် ဝလင်လုံလောက်စွာ စားသောက်နိုင်ကြသည်။

လေးရက်မြောက်သောနေ့တွင် သူတို့တဲလေးဆီကို အစားအစာများ လာပို့သူ တစ်ဦးမျှ ရောက်မလာတော့ပေ။ ကလေးတွေက တဲဝတွင်ထိုင်ကာ ရွာထဲမှ မည်သူတွေ အစားအစာလာပို့မည်နည်းဟု မျှော်နေကြသည်။ သို့သော် သတ်မှတ်ထားသောရက်ပြည့်သွားပြီဖြစ်သောကြောင့် မည်သူမျှရောက်မလာတော့ပေ။

ကလေးသုံးယောက်က အိမ်ပြင်ကိုထွက်ပြီး အိမ်တိုင်း၏ စားဖိုဆောင်တွေက မီးခိုးလေးတွေ ထွက်နေသည်ကို ငေးကြည့်နေကြသည်။ ထိုအိမ်တွေက သူတို့အိမ်ကို အစားအစာများ လာပို့ရန် ချက်ပြုတ်နေသည်ဟုပဲ ထင်ကြသည်။ သူတို့တဲရှေ့က ဖြတ်သွားသည့် ခြေသံကို ကြားတိုင်းလည်း ငါတို့ဆီကို အစားအစာတွေ လာပို့ပြီလားဟု ထွက်ကြည့်ကြသည်။ သို့သော် သူတို့အိမ်တံခါးကို လာခေါက်သူ တစ်ဦးမျှ မရှိပြီ။

မိခင်က ရက်လွန်ပေါင်မုန့်အစအနလေးတွေကို လိုက်လံစုဆောင်းပြီး မျှဝေကျွေးလိုက်ကာ ကလေးတွေကို အိပ်စေလိုက်သည်။ နောက်တစ်နေ့တွင်လည်း ကလေးတွေက မိုးလင်းသည်နှင့် ဆာလွန်းသောကြောင့် အစာတောင်းတော့သည်။

အခြေအနေ အချိန်အခါက ခက်ခဲကျပ်တည်းသောကာလဖြစ်နေသဖြင့် သူတို့အိမ်ကို အလွယ်တကူနှင့် ရောင်းချ ရန်လည်း မဖြစ်နိုင်သေး။ မိခင်ဖြစ်သူက အိမ်ထဲတွင် ရောင်းချနိုင်မည့် ပစ္စည်းလေးတွေကို လိုက်စုရင်း သူ့ကလေးတွေအတွက် ရောင်းချကျွေးကာ ပစ္စည်းတွေလည်း ကုန်သွားသည့် အနေအထားကို ရောက်သွား သည်။

ရောင်းချစားစရာ အားလုံးကုန်သွားသောအခါ သူတို့ သားအမိတွေမှာ စားသောက်ရန် အခက်အခဲတွေနှင့် ရင်ဆိုင်ရပြန်သည်။ ကလေးတွေလည်း ဆာလွန်းသဖြင့် ဖြူဖျော့ပိန်လှီလာကြသည်။ ခုနစ်ရက်မြောက်နေ့တွင် မိခင်သည် ချမ်းအေးလှသော ရာသီကိုဖြတ်ကာ ရွာကုန်စုံဆိုင်ကို စောင်လေးပတ်ပြီးရောက်လာသည်။

သူကဆိုင်ရှင်ထံသွားပြီး သူကလေးတွေ ဆာလောင်နေသောကြောင့် စားစရာတစ်ခုခု အကြွေးရောင်းပါရန် တောင်းပန်သည်။ ဆိုင်ရှင်က အကြွေးမရောင်းသည့်အပြင် သူ့ကိုပါ ဆိုင်ထဲက ထွက်သွားရန် နှင်ထုတ်လိုက် သေးသည်။ မိခင်ဖြစ်သူမှာ လက်ဗလာနှင့် အိမ်ကိုပြန်ရောက်လာသည်။

ဖခင်ဖြစ်သူကွယ်လွန်ပြီး တစ်ပတ်အကြာတွင် ကလေးတွေမှာ မျက်နှာငယ်လေးတွေနှင့် ဆာလောင်ခြင်း ဒဏ်ကို အပြင်းအထန်ခံစားနေကြရသည်။ နောက်ဆုံး ၈ နှစ်သားဖြစ်သူမှာ အပြင်အထန် ဖျားပါလေတော့ သည်။

ဆေးလည်းမရှိ။ ဆရာဝန်လည်းမပြနိုင်။ ဆာတယ်ပြော၍လည်း ပါးစပ်ထဲကို အစာလေးတစ်ဖဲ့မျှပင် မထည့် ပေးနိုင်လောက်အောင်ဖြစ်ကာ အဖျားအရှိန်တက်နေသော သားဖြစ်သူကို ကျန်မိသားစုမှာ အိမ်ထောင့် လေးတွင်ထိုင်ကာ ငုတ်တုတ်ကြည့်ကြရသည့်ဘဝဖြစ်သည်။

မိခင်ဖြစ်သူက သားဖြစ်သူနဖူးပေါ်တွင် ရေအေးအဝတ်လေးတင်ပေးပြီး အဖျားကျစေရန် လုပ်ပေးရုံမှတစ်ပါး ဘာမျှမတတ်နိုင်သည့် ဘဝ။ ငါးနှစ်အရွယ်သမီးငယ်လေးက ဖျားနေသော သူ့အစ်ကိုခြေရင်းတွင် ထိုင်ကာ သူ့အစ်ကို ခြေထောက်လေးကို ကိုင်ပြီးနှိပ်ပေးနေသည်။

သမီးလေးက ရုတ်တရက် သူ့မိခင်အနားကို တိုးလိုက်ပြီး နားအနီးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

“မေမေ”

“ဘာလဲသမီးလေး”

“ကိုကိုဘယ်တော့သေမှာလဲဟင်”

မိခင်ဖြစ်သူမှာ သမီးလေး၏ မေးလိုက်သောစကားကြောင့် တုန်လှုပ်သွားသည်။ သမီးလေးကို ဖက်လိုက်ပြီး

“ဘာဖြစ်လို့လဲသမီး။ ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”

သမီးလေးက အပြစ်ကင်းမဲ့သော မျက်လုံးလေးနှင့် သူ့မိခင်ကိုမော့ကြည့်ကာ

“မေမေ … ကိုကိုသေသွားရင် အစားအစာတွေ ရောက်လာမှာလေ” ဟု ပြောလိုက်သည်။

ကျွန်တော် ဤပုံပြင်လေးကို အဘယ်ကြောင့် သတိပြန်ရသွားသနည်းဆိုသော် ဟောပြောပွဲခရီးထွက်စဉ် ပြောဖော်များနှင့် စကားပြောရာ၌ တစ်ဦးက

“ဆင်းရဲတာမကောင်းဘူးဆရာ။ မဆင်းရဲအောင် ကျွန်တော်တို့ကလေးတွေကို အားပေးရမယ်” ဟုပြောသည်။

သူက ဆင်းရဲတွင်းကလွတ်ကင်းအောင် ဘဝကိုမနည်းရုန်းကန်ရင်း ယခုတော့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေသူ။

သို့သော် ကိုယ်တစ်ယောက်တည်းဆင်းရဲတွင်းကလွတ်လည်း ကိုယ့်ပတ်ဝန်းကျင်ကဆင်းရဲနေလျှင်၊ ကိုယ့်လူမျိုးက ဆင်းရဲနေလျှင်၊ ကိုယ့်နိုင်ငံကဆင်းရဲနေလျှင် ကျွန်တော်တို့ ဆင်းရဲတွင်းကလွတ်မြောက်ရန် အများကြီး ကြိုးစားရပေဦးမည်။

ကျွန်တော့်မိတ်ဆွေ ကျောင်းဆရာလေးတစ်ယောက် ကွယ်လွန်သွားစဉ်က ကျွန်တော် ပဲခူးကိုပြန်ကာ သူ့ အသုဘကို လိုက်ပို့ခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်ကဖြစ်သည်။ ကျွန်တော်က သူ့ဇနီးဖြစ်သူကို

“ကိုသန်း ဘာဖြစ်လို့ ဆုံးသွားတာလဲ” ဟု မေးလိုက်မိသည်။

သူ့ဇနီးက မျက်ရည်တွေသုတ်ကာ တစ်ခွန်းတည်း ပြန်ဖြေလိုက်သည်

“ဆင်းရဲလို့ပေါ့ဆရာရယ်”

ကျွန်တော့်ရင်ထဲတွင် လှိုက်ခနဲဖြစ်ကာ မျက်ရည်ကျလာသည်ကို ချွေးသုတ်သလိုနှင့် လက်ကိုင်ပုဝါကိုထုတ်ပြီး အမြန်သုတ်လိုက်ရသည်။

တင်ညွန့်

၂၉.၄.၂၀၂၅

Leave a Reply

Your email address will not be published. Required fields are marked *