ဆဒ္ဒန်ဆင်မင်း
===========
ရှေးလွန်လေပြီးသောအခါ ဟိမဝန္တာတော၌ ဆဒ္ဒန်ဆင်မင်းသည် ဆဒ္ဒန်အိုင်ကို အမှီပြု၍ ရှစ်သောင်းသောဆင်တို့ ခြံရံလျက် နေလေ၏။ ထိုဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါ ဟူ၍ ဆင်မိဖုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆင်မင်းသည် အင်ကြင်းပန်းကို ဆင်မိဖုရားတို့အပေါ်သို့ ကြဲဖြန့်လေရာ စူဠသုဘဒ္ဒါအပေါ်သို့ကျသော အင်ကြင်းပန်းတို့၌ ခါချဉ်ပါသွားလေရာ စူဠသုဘဒ္ဒါက ဆင်မင်းသည် မိမိကို မဟာသုဘဒ္ဒါလောက် မချစ်၍သာ ဤသို့ပြုကျင့်သည်ဟု အထင်မှားပြီးလျှင် ဆင်မင်းအား အငြိုးထားလေ၏။ ဤသို့ဖြင့် စူဠသုဘဒ္ဒါ သည် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား ကြာစွယ်ကြာရင်းတို့ကို လှူပြီးလျှင် နောင်ဘဝ၌ လူမင်း၏ မိဖုရားကြီးဖြစ်လျှင် ဆဒ္ဒန်ဆင်မင်း၏အစွယ်ကို ဖြတ်ယူနိုင်ပါစေဟု ဆုတောင်း၏။
စူဠသုဘဒ္ဒါ သေလွန်သော် ဆုတောင်းပြည့်စုံ၍ ကာသိကရာဇ်တိုင်း ဗာရာဏသီမင်းကြီး၏ မိဖုရားဖြစ်လေ၏။ စူဠသုဘဒ္ဒါဟုပင် အမည်တွင်၏။ ဆဒ္ဒန်ဆင်မင်းကို ရန်ငြိုးမပြေသည့်အတွက် ဆင်မင်း၏စွယ်တော်ကို နားတောင်းလုပ်၍ ပန်လိုပါသည်ဟု မင်းကြီးအား လျှောက်တင်လေ၏။
မင်းကြီးလည်း သောနုတ္တရမုဆိုးအား ရွာငါးရွာဆုပေး၍ ဆဒ္ဒန်ဆင်မင်း၏စွယ်တော်ကို ဖြတ်ယူဆက်သရန် စေလွှတ်လေ၏။ မုဆိုးသည် မိဖုရားကြီးညွှန်ကြားအပ်သော ခရီးစဉ်အတိုင်း ဆင်မင်းရှိရာ ဆဒ္ဒန်အိုင်သာသို့ သွားလေ၏။ မုဆိုးသည် ဆဒ္ဒန်အိုင်သို့ ခုနစ်နှစ်၊ ခုနစ်လနှင့် ခုနစ်ရက်ကြာမှ ရောက်လေသည်။ မုဆိုးသည် ဆင်မင်း၏ သွားလာနေထိုင်ပုံကို ချောင်းမြောင်းကြည့်ရှုမှတ်သားလျက် ဆင်မင်းရေအိုင်မှတက်၍ ရပ်တန့်နားနေတတ်သော နေရာသို့ ဥမင်လိုဏ်ခေါင်းတူးပြီးသော် အပေါက်ငယ်ဖောက်ထား၏။ မုဆိုးသည် မိဖုရားကြီးမှာသည့်အတိုင်း သင်္ကန်းဝတ်ဆင်လျက် ဥမင်တွင်း၌ စောင့်နေ၏။ ဆဒ္ဒန်ဆင်မင်းသည် ဆင်အများခြံရံလျက် ဆဒ္ဒန်အိုင်၌ ရေချိုးပြီးသော် အိုင်မှတက်၍ ရပ်တန့်နားနေစဉ် မုဆိုးသည် ဥမင်တွင်းမှ အဆိပ်လူးမြားဖြင့် ပစ်လေ၏။ ဆင်မင်းသည် မြားထိ၍ ပြင်းစွာသောဒုက္ခဝေဒနာကို မခံမရပ်နိုင်သည်နှင့် သုံးကြိမ်တိုင်တိုင် အသံကျယ်စွာ ဟစ်အော်ညည်းညူလေ၏။ ဆင်အပေါင်းတို့သည် ဆင်မင်း၏အော်သံကိုကြားလျှင် ကြောက်ရွံ့သောကြောင့် ဟစ်အော်ထွက်ပြေးကြလေ၏။ နောင်မှ သတိရ၍ ပြန်လာကြရာ ဆင်မင်း၏ဝေဒနာကို မြင်ကြသဖြင့် မြက်တို့ကိုလည်းကောင်း၊ သစ်ပင်တို့ကိုလည်းကောင်း မှုန့်မှုန့်ညက်ညက်ကြေအောင် နင်းနယ်ကုန်လျက် ဆင်မင်း၏ရန်သူကို ရှာဖွေကြ၏။ ထက်ဝန်းကျင်အရပ် ရှစ်မျက်နှာ ဆင်အပေါင်းတို့ ရန်သူရှာဖွေရန် သွားကြသော်လည်း မဟာသုဘဒ္ဒါသည် ဆင်မင်းကို သက်သာရာရစိမ့်သောငှာ ကိုယ်ချင်းတွဲမှီလျက် နေရစ်၏။
ထိုအခါ ဆင်မင်းက နောက်ထပ်မြားတစ်စင်းလာသော် မဟာသုဘဒ္ဒါကို ထိမှန်မည် စိုးသောကြောင့် အခြားဆင်တို့မှာ ရန်သူရှာရန် ထွက်ခွာသွားကြပြီ၊ သင်ကား အဘယ်ကြောင့် နေရစ်သနည်းဟု ဆိုလေ၏။ ထိုအခါ မဟာသုဘဒ္ဒါသည် ဆင်မင်းကို သုံးကြိမ်လက်ယာရစ်လျက် ရှိခိုးခဲ့ပြီးလျှင် ဆင်မင်းရှိရာ ပြန်ကြည့်ကာဖြင့် ကောင်းကင်သို့ ပျံသွားရှာ၏။ ဆင်မင်းလည်း ရန်သူသည် မြေထဲ၌သာ ရှိတန်ရာ၏ဟု ဆင်ခြင်၍ မြေကိုခွာဖြင့် ရှပ်သော် ဥမင်အတွင်း၌ သောနုတ္တရမုဆိုးကို မြင်လေ၏။ သတ်အံ့ဟုကြံလျက် နှာမောင်းဖြင့် မုဆိုးကို ဆွဲငင်လေရာ သောနုတ္တရမုဆိုးသည် အကြံရကာ ကိုယ်မှသင်္ကန်းကို ခွာပြီးလျှင် ဆင်မင်း၏နှာမောင်း၌ တင်ထားလိုက်၏။
ဘုရားလောင်းဆင်မင်းသည် သင်္ကန်းကိုမြင်လျှင် ဒေါသကိုငြိမ်းစေပြီး မုဆိုးအား အလုံးစုံသော အကြောင်းခြင်းရာတို့ကို မေးမြန်းလေ၏။ မုဆိုးက အကြောင်းစုံကို ပြန်ပြောလေလျှင် ဆင်မင်းသည် မိမိ၏အစွယ်ကိုဖြတ်စေရန် ဦးခေါင်းတော်ကို ညွှတ်၍ပေး၏။ မုဆိုးလည်း လွှကို ဆင်မင်း၏ခံတွင်းသွင်း၍ စွယ်တော်မြတ်ကို တိုက်ဖြတ်လေ၏။ ဘုရားလောင်းဆင်မင်းသည် ပြင်းစွာသော ဝေဒနာခံစားရပြီး ခံတွင်းမှသွေးတို့သည် တွေတွေယိုစီးကြကုန်၏။ စွယ်တော်မှာမူကား လွှရာမျှမထင်ချေ။ ဘုရားလောင်းဆင်မင်းကိုယ်တိုင် လွှကိုယူ၍ဖြတ်မှ ပြတ်လေ၏။ ဆင်မင်းသည် သဗ္ဗညုတဉာဏ်ကို ရရန်အကြောင်း ဖြစ်စေသတည်းဟု ဆုပန်၍ မုဆိုးအား စွယ်တော်ကို ပေးလှူပြီးလျှင် ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်လာရသောခရီးကို ခုနစ်ရက်အတွင်း ရောက်အောင် လမ်းညွှန်၍ လွှတ်လိုက်၏။
ဆင်အပေါင်းနှင့် မဟာသုဘဒ္ဒါမိဖုရားတို့ ပြန်ရောက်လာကြသော် ဘုရားလောင်းဆင်မင်း စုတေနှင့်သည်ကို တွေ့ရ၍ ငိုကြွေးကြကုန်၏။ မဟာသုဘဒ္ဒါလည်း စွယ်တော်ပြတ်ရာကိုမြင်လျှင် စူဠသုဘဒ္ဒါ၏အကြံဖြစ်သည်ဟု တွေးဆလျက် များစွာပူဆွေးငိုကြွေးရှာလေ၏။ ဆရာဖြစ်သော ပစ္စေကဗုဒ္ဓါတို့အား တကာတော်ဆင်မင်းသည် အဆိပ်လူးမြားခ၍ အနိစ္စရောက်ကြောင်းကို လျှောက်ကြားစေလျက် သင်္ဂြိုဟ်ရာသို့ အသုဘကမ္မဋ္ဌာန်းရှု ကြွတော်မူပါရန် ပင့်စေ၏။
ငါးရာသော ပစ္စေကဗုဒ္ဓါအရှင်တို့လည်း ကောင်းကင်ခရီးဖြင့် ကြွလာ၍ တန်ဆောင်း မဏ္ဍပ်၌ နေကြကုန်၏။ ထိုခဏ၍ နှစ်စီးသောဆင်ပျိုတို့သည် ဘုရားလောင်းဆင်မင်း၏ကိုယ်ကို အစွယ်တို့ဖြင့်ချီ၍ ပစ္စေကဗုဒ္ဓါတို့အား သုံးကြိမ်ဦးခိုက်စေပြီးမှ ထင်းပုံထက်သို့ သင်္ဂြိုဟ်ရန် တင်ထား၏။ ပစ္စေကဗုဒ္ဓါတို့သည်လည်း တစ်ညဉ့်ပတ်လုံး သင်္ဂြိုဟ်ရာ၌ ကမ္မဋ္ဌာန်းရှုကြပြီးသော် မိုးလင်းမှ ပြန်ကြကုန်၏။ ရှစ်သောင်းသောဆင်တို့သည် မီးကိုငြိမ်းစေ၍ ရေချိုးကြပြီးလျှင် ငိုကြွေးမြည်တမ်းကြ၏။ ဆင်မင်းသင်္ဂြိုဟ်ရာမှ မြေတို့ကို မိမိတို့ဦးခေါင်းထက်၌ ကြဲ၍ မဟာသုဘဒ္ဒါကို ရှေ့ကသွားစေလျက် မိမိတို့နေရာသို့ ပြန်ကြလေ၏။
မုဆိုးလည်း ဆင်စွယ်ကိုယူဆောင်၍ စူဠသုဘဒ္ဒါမိဖုရားအား ဆက်သလေ၏။ မိဖုရားသည် ဘုရားလောင်းဆင်မင်း၏ စွယ်တော်မြတ်ကို ရင်ခွင်ထက်၌ထား၍ ကြည့်နေစဉ်မှာပင် ယခင်ရှေးဘဝက ဆင်မင်းနှင့်တကွ ပျော်ပါးခဲ့သည်များကို သတိရလျက် လွမ်းဆွတ်ကြေကွဲ၍ သေရရှာလေသတည်း။
****************
ဆဒ္ဒန်ဆင်မင်း
လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ








