July 30, 2025
Uncategorized

ဆန္ဒရိုင်းများ စေလေရာ

ခင်မောင်အေး(မန္တလေး)

မိုးဖွဲကလေးများ ဝန်းကျင်တွင် တဖွဲဖွဲကျလျက် ရှိသည်။ ဂရုတစိုက် နားထောင်မည်ဆိုလျှင် ယင်းတို့၏ အသံကို တီးတိုးညင်သာစွာ ကြားရကောင်း ကြား ရမည် ထင်သည်။

လေညင်းက သစ်ခက်သစ်ရွက်များအား ပွတ်သပ်တိုးဝှေ့ ဖြတ်သန်းပုံရသည်။

ယင်း၏ လှုပ်ရှားသံကို အမှတ်မထင် ကြားလိုက်ရသလို ရှိသည်။ သည့်အပြင် အပတော၏ ဝန်းကျင်တွင် အသံဗလံ ကင်းစင်လျက် ရှိလေသည်။

မိုးကုပ်စက်ဝန်း အဆုံးဆီသို့ လှမ်းမျှော်ကြည့်လိုက်လျှင် စိမ်းညို့သော တောင်တန်းကို နောက်ခံလျက် ညောင်ပင်သာရွာကို မှုန်ပျပျ မြင်ရသည်။ ဖြူလွင်သော မီးခိုးတန်းများက ရွာဆီမှ ဝေ့ဝိုက်ဝဲပျံကာ ပြာသော ကောင်းကင်သို့ လွန့်လူးတိုးဝင်လျက် ရှိနေသည်။

အရှေ့တောင်ယွန်းယွန်း ကွင်းပြန့်တွင် နတ်ပုတ်ချောင်းသည် ငွေရောင်တောက်လျက်ရှိသည့် ဖဲပြားမျှင်ကလေးပမာ မြင်ရသည်။

ချောင်းဖျားကိုမူ ရွှေဥဒေါင်းတောင်ကြောခြေသို့ ဦးတိုက်နေပြီး ညို့မှောင်သည့် မြစိမ်းကွက်များအတွင်း ဝိုးတဝါး တွေ့မြင်ရ၏။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၂ဝဝဝခန့် အမြင့်တွင် ရှိနေသည့်တိုင်
ဥတုသည် အေးစိမ့်စိမ့် ရှိမနေ။ ထွေးနွေးလျက်ပင် ရှိနေသည်။

မိုးအမှုန်အဖတ်များက သစ်ခက်သစ်ရွက်များအား တဖွဲဖွဲ ရိုက်ခတ်လျက် ရှိနေလင့်ကစား စိမ်းမြမြ ခံစားရခြင်းမရှိ။ သဲ့သဲ့မျှ တိုက်ခိုက်နေရသော လေညင်းကလည်း အေးမြစေနိုင်သည် မထင်။

သည်ဥတု၊ သည်ရာသီကို အကျွမ်းတဝင် ရှိနှင့်ပြီးသား၊ ရင်းနှီးပြီးသား၊ ခံနိုင်ရည်ရှိပြီးသားပင်။

မြေပြင်အခြေအနေဆိုလျှင်ကော သည်မြေပြင်ကိုလည်း ကျွမ်းကျင်ပြီးသား၊ နှံ့စပ်ပြီးသားပင်။

သို့မို့ကြောင့်လည်း ရာသီကြောင့် အခက်အခဲမရှိ။ မြေအနေအထားကြောင့် အတားအဆီးမဖြစ်။

အပတောသည် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ကျွန်တော်တို့ကို ဆီးကြိုနေသည်။ စိမ်းစိမ်းတည်တည်ကြီးနှင့်ပင် နှုတ်ခွန်းဆက်သည်။ သစ်ရွက်သစ်ခက်တို့ လှုပ်သံကိုသော်မျှ ခွင့်ပြုခြင်းမရှိသည့်အလား ဖြစ်သည်။

သဲ့သဲ့မျှ တိုက်ခတ်လျက်ရှိသည့် လေညင်းကပင် အပတော၏ အထာကို တင်ကြိုသိရှိနေသည့်ပမာ အလိုက်သိစွာ ညင်းညင်းသာ ပွတ်သပ်တိုးဝှေ့သွား သည်။

အရှေ့မိုးကောင်းကင်၌မူ နေသည် လွတ်လွတ်ကျွတ်ကျွတ် ထွန်းလင်းလျက် ရှိမနေ။ အုံ့ပျပျ မိုးသားများကြောင့်မှ ရုန်းကန်အားယူ တိုးထွက်နေသည့် နှယ်ပင်။ တဖွဲဖွဲကျဆင်းလျက်ရှိသော မိုးအမှုန်စက်များကြားမှ ထွေးနွေးသော အပူရှိန်ကို ပို့လွှတ်လျက် ရှိသည်။

သုံးနာရီသာသာမျှ မရပ်မနား လျှောက်လာခဲ့ရသည်ဖြစ်ရာ ကျွန်တော်တို့နှစ်ဦးလုံး ချွေးများနစ်နေကြပေပြီ။ အဝတ်အစားများပင် မိုးရော ချွေးပါ ရော နှောစွတ်စိုလျက် ရှိသည်။ ညောင်ပင်သာရွာမှသည် ရွှေဥဒေါင်းကြောအစ အပတောအထိ ခုနစ်မိုင်နီးနီး ခရီးပေါက်ခဲ့ပြီးလည်း ဖြစ်ချေသည်။

ညောင်ပင်သာရွာသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၁ဝဝဝ ခန့် အမြင့်တွင် ဖြစ်ရကား ရွှေဥဒေါင်းအစ ယခု ကျွန်တော်တို့ ရောက်ရှိနေရာ အပတော၏ ကြောပေါ်သို့ ပင်ပင်ပန်းပန်း တက်လိုက်ရသည်မထင်။

ပြေပြေလျှောလျှော ကွေ့ကွေ့ဝိုက်ဝိုက် လှည့်ကာပတ်ကာ သက်သက်သာသာ တက်လာနိုင်ခဲ့ကြပါသည်။ သည်တော သည်တောင်အတွင်း သွားလာ ကျက်စား လှုပ်ရှားလှည့်ပတ်ခဲ့ဖူး၍လည်း အလေ့အကျင့်ရှိပြီး အကျွမ်းတဝင်ရှိပြီး သက်သောင့်သက်သာ ဖြစ်ရသည်ဟု ဆိုနိုင်သည်။

“ကိုင်း … အာစရိရေ၊ ခဏ နားလိုက်ကြဦးစို့လား။ ကြောပေါ်ရောက်နေကြပြီ”

ကိုဘသိန်းက ကျွန်တော့်ရှေ့ ငါးကိုက်အကွာမှ ခွာ၍ သွားနေရာက လှမ်း၍ ပြောလိုက်သည်။ ကိုဘသိန်း၏ အနီးသို့ ရောက်သွားသည့်အခါ ကျွန်တော်က အလိုက်သင့် ပြန်၍ အဖြေပေးလိုက်ရ၏။

“ကောင်းသားပဲ … နားလိုက်ရအောင်”

လက်မှ နာရီကို အမှတ်မထင် လှမ်း၍ ကြည့်လိုက်သည့်အခါ နံနက် ရှစ်နာရီ လေးဆယ့်ငါးမိနစ်ရှိပြီ။ ဖြောင့်စင်းရှည်လျားသော ကျွန်းပင်ကြီးတစ်ပင်၏ အခြေတွင် မှီ၍ ထိုင်ချလိုက်ရာမှ ကျွန်တော့်အား မေးလိုက်သည်။

“ဘယ်နှစ်နာရီ ရှိနေပြီလဲဗျ။ ကျွန်တော်တို့ ထွက်လာတာ သုံးနာရီလောက်တော့ ရှိနေရောပေါ့”

အပတောပင် ဖြစ်စေကာမူ ရွှေဥဒေါင်းကြိုးဝိုင်းနှင့် ဆက်စပ်နေခြင်းကြောင့်ပင် ဖြစ်လေသလား မပြောတတ်နိုင်။ ကျွန်းပင်များကို နေရာအနှံ့ တွေ့ နေရပေသည်။

အင်၊ ကညင်နှင့် သစ်ရာ၊ ဒီဒူး စသော ပင်စည်ထွားထွား အပင်ကြီးများလည်း ပေါလှသည်။

ရွာမှထွက်စ အင်တိုင်းဆန်ဆန် သစ်တောပါးပါးမှ အထက်သို့ တက်လာလေလေ တောထူလာလေလေ ဖြစ်သည်။ သစ်ကြီးများ ပေါ၍လည်း နေရောင်ကို လုရာမှ အထက်သို့ စင်းစင်းဖြောင့်ဖြောင့် ရှည်၍ ရှည်၍ အလုအယက် တိုးတက်နေပုံရသည်။ အောက်ခြေကမူ မြင်ကွင်းရှင်းသော အနေအထား ဖြစ်၏။

“ရှစ်နာရီ လေးဆယ့်ငါး၊ ဘယ်လိုလဲ ကိုဘသိန်းရ၊ ဆာနေပြီလား”

“ဆာလို့ မဟုတ်ပေါင်ဗျာ။ တောအနေအထား သိပ် စိတ်နဲ့မတွေ့လို့ပါ။ ခင်ဗျားကော သတိထားမိရဲ့လားဟင်”

ဖြောင့်စင်းသော ကျွန်းပင်၏ ပင်စည်ကို ကျကျနန မှီရင်း စီးကရက်တစ်လိပ် ဖွာရှိုက်လျက်ရှိသော ကိုဘသိန်းကို ကျွန်တော် ကြည့်နေမိလိုက်သည်။

မန္တလေးသား မုဆိုးကျော် ကိုဘသိန်းနှင့် ကျွန်တော် တွဲခဲ့သည်မှာ ကြာချေပြီ။ ၁၉၆၁ ခုနှစ် ကုန်လုနီးကာလတွင် ၎င်းနှင့် စတင်တွဲဖက်မိပါသည်။ မန္တလေးခရိုင်အတွင်း ကိုဘသိန်း မလည်ဖူးသော တောဟူ၍ မရှိလေတော့။ ဆယ့်ခြောက်နှစ်သားခန့်မှ စတင်၍ ယခု သုံးဆယ့်ခြောက်နှစ်အထိ အပျော်တမ်းမုဆိုးတစ်ဦး အနေအထားတွင် ရပ်တည်နေသည်။

စီးပွားရေးသက်သက်အားဖြင့်မူ မုဆိုးဟူသည် သက်ဆိုင်ရာ သစ်တောဌာန၏ ဥပဒေကို လေးလေးစားစား လိုက်နာသူအတွက် ဝမ်းရေးခက်လှပါ သည်။

တောနေတောင်သား လုပ်သားတောင်သူ မိဘများအတွက် အန္တရာယ်သက်သက်မျှသာ ဖြစ်ကြသော ဝက်ဝံ၊ ကျား၊ ကျားသစ်များမှလွဲ၍ တောတွင်း သားကောင်များ ဖြစ်ကြသည့် သစ်တောငှက်မှအစ ပြောင်အထိ သားကောင်ငယ်၊ သားကောင်ကြီးများအား အခွင့်အမိန့်မရဘဲ ပစ်ခတ်ရခြင်း မရှိ။

သတ်မှတ်ထားသော ပိတ်ပင်တားမြစ်သည့် ရာသီများတွင် ပစ်ခတ်ခွင့် မရှိပါချေ။ သစ်တောကြိုးဝိုင်းများ၊ ဘေးမဲ့သစ်တောကြိုးဝိုင်းများအတွင်း ခွင့်ပြုချက်မရှိက ဝင်ရောက် ပစ်ခတ်ခြင်း မပြုရ။

အမဲကြီးများ ပစ်ခတ်ခွင့်အား သက်ဆိုင်ရာသစ်တောဌာနတွင် အမဲကြီးပစ်လိုင်စင်သက်သက် ရယူကြရသည်။ အမဲကြီးဆိုရာတွင်လည်း တစ်နှစ်တာ ကာလအတွက် အထီးငါးကောင် သို့မဟုတ် ခုနစ်ကောင် စသည်ဖြင့်သာ ခွင့်ပြုသည်။

ဤမျှ ကျော်လွန်၍ အမများကို ပစ်ခတ်လျှင်သော် လည်းကောင်း၊ သတ်မှတ်အရေအတွက်ထက် ကျော်လွန်ပစ်ခတ်လျှင်လည်းကောင်း သစ်တောဥပဒေအရ တရားစွဲဆိုခြင်း ခံရမည် အမှန်ပင်။

ဘေးမဲ့တောများ အတွင်းသို့မူ လုံးဝ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်ခြင်း မပြုရချေ။ သို့သော် ဥပဒေစည်းကမ်းများအား သိလျက်နှင့်သော်လည်းကောင်း၊ မသိသောကြောင့်လည်းကောင်း ချိုးဖောက်နေသူ မုဆိုးများ အများအပြား ရှိကြပါသည်။

မည်သို့ဆိုစေ ကိုဘသိန်းသည် သစ်တောဌာန၏ ဥပဒေကို တိတိပပလိုက် နာဆောင်ရွက်လေ့ရှိသော အပျော်တမ်းမုဆိုးတစ်ဦးသာ ဖြစ်လေသည်။

ကွယ်လွန်ခဲ့ပြီးဖြစ်သည့် ဖခင်ကြီး၏အမွေ ဒသမ ၄ဝ၅ ရိုင်ဖယ်တစ်လက်၊ ရန်ကြီးအောင်အမျိုးအစား ပြောင်းအရှည် သုံးဆယ့်နှစ်လက်မ နှစ်လုံးပြူးတစ် လက်ဖြင့် နှစ်ပေါင်း နှစ်ဆယ်အတွင်း အပျော်တမ်း အမဲပစ်မုဆိုးတစ်ဦးအဖြစ် အလေ့အကျင့် စုံခဲ့ရပေပြီ။

ဝါသနာတူချင်း ဖြစ်၍လည်း ကျွန်တော်နှင့် သူ အတူလက်တွဲ အမဲကြီးများကို အောင်အောင်မြင်မြင် လှဲနိုင်ခဲ့ကြပါသည်။

မန္တလေးခရိုင်အတွင်းရှိ ဂန္ဓမာ၊ ဒဟတ်တော၊ လေသာတစ်ဝိုက် တောင်သူလယ်သမားများအား ဒုက္ခလှလှကြီး ပေးခဲ့ကြသော ကျားဆိုးကြီးများ အရေအတွက် တော်တော်များများပင် ကျွန် တော်တို့နှစ်ဦး တွဲဖက်သုတ်သင်ခဲ့ကြပြီး ဖြစ်လေသည်။

မုဆိုးဟူသည် တစ်ဦးနှင့် တစ်ဦး ဘေးအန္တရာယ်နှင့် ကြုံဆုံရသည့် ကာလများအတွင်း ယှဉ်ပြိုင်လက်တွဲ အရဲချင်းပြိုင် အနိုင်ယူကြရစမြဲ ဖြစ်ပါသည်။

သံသယဝင်စား ယုံကြည်မှု လျော့ပါးသွားခဲ့လျှင် အန္တရာယ်ဟူသည် လက်တစ်ကမ်းအတွင်းသို့ ဆိုင်းမဆင့် ဗုံမပါ လျင်မြန်စွာ ရောက်လာတတ်သည် မဟုတ်ပါလား။

သို့မို့ကြောင့်လည်း ကိုဘသိန်းနှင့် ကျွန်တော်သည် ဝါသနာတူ၊ ယုံကြည်ချက်တူ၊ စိတ်ဆန္ဒတိုင်း နှစ်ကိုယ့်တစ်စိတ်ပမာ ဖြစ်ခဲ့လေသလား မဆိုနိုင်ပါချေ။ အပြန်အလှန် ခင်မင်အားထား၊ အသက်ချင်း လောင်းကစားပွဲများအလား သားကောင်ကြီးများနှင့် သူနိုင်ကိုနိုင် အနိုင်ကျဲသည့် ပွဲများအတွင်း သေဖက်ရှင် ဖော် ရဲဘော်ချင်း ဖြစ်ခဲ့ကြပါသည်။

ထို့ကြောင့်ပင် ထင်ပါသည်။ သူနှင့် ကျွန်တော်တို့ ဆက်ဆံရာတွင် ရာထူး အဆင့်အတန်း အဆောင်အယောင်များကို ပယ်ထားရှောင်ရှား ရင်းနှီးခဲ့ကြသည်။

မန္တလေးသား သေနတ်ပစ်သမား ကိုဝင်းမောင်က ကျွန်တော့်အား လေးလေးစားစား ခေါ်ဝေါ်သော အာစရိဟူသည့် စကားလုံးဖြင့် ရံဖန်ရံခါ ဆက်ဆံတတ်သည်။

ကျွန်တော်က သက်တူချင်းဖြစ်သည့်တိုင် သူ့ကို နာမည်ရင်းအတိုင်း ကိုဘသိန်း ဟူ၍ လေးလေးစားစား သုံးနှုန်းဆက်ဆံခဲ့ပါသည်။

တော၏ထူးခြားသော အနေအထားကို သတိပြုမိ၊ မပြုမိ စူးစမ်းထားသော သူ့မေးခွန်းကို ရုတ်ခြည်းမဖြေမိသေးဘဲ အတွေးကွန်ရက် ဖြန့်ကြက်မိသော ကျွန်တော့်အား စူးစမ်းသလို လှမ်းကြည့်နေသည်။

“ထူးထူးခြားခြား ငြိမ်နေတာတော့ သတိထားမိတာ တစ်နာရီလောက် ရှိသွားပြီ။ တွေ့ရိုးတွေ့စဉ် မုဆိုးခရမ်းချဉ်တောင် မတွေ့မိလို့ ဘာဖြစ်လို့လဲလို့ တွေးနေမိတာ”

“အေးပေါ့ဗျာ၊ တောဟာ ထူးခြားငြိမ်နေတယ်ဆိုတော့ စဉ်းစားစရာပေါ့။ သစ်ခုတ် ဝါးခုတ်သမားဆိုရင် တောဟာ ခါတိုင်းလိုပဲလို့ ထင်ကြမှာပေါ့။ ကြက် သံ၊ ငှက်သံ၊ တောသံ တောင်သံဆိုတာ ထူးခြားတာမှ မဟုတ်ဘဲ။ ကျွန်တော်တို့လို သေနတ်သမားတွေကသာ အမဲသားကောင် အသံဗလံ အရိပ်အခြည်ကို မျက်စိကိုဖွင့် နားကိုစွင့်ပြီး တစ်ချိန်လုံး စူးစမ်းလေ့လာနေခဲ့တာမို့ တောငြိမ်နေတယ်ဆိုတာ စိတ်က သိသာတာပေါ့။ ကျွန်တော့်အထင်တော့ ဟင်းမျိုးများ ဝင်မွှေထားလေသလားလို့ အောက်မေ့နေမိတယ်”

စီးကရက်တိုကို မြေပေါ်သို့ ပစ်ချလျက် ဖိနပ်ဦးဖြင့် နင်းခြေပစ်လိုက်သော ကိုဘသိန်းအား ကျွန်တော်ကကြည့်ရင်း အဖြေပေးလိုက်မိပြန်သည်။

“ဖြစ်နိုင်တာပဲလေ၊ ဒါပေမယ့် ညောင်ပင်သာမှာ ညအိပ်ခဲ့ကြတုန်းကလည်း ဦးဘမောင်တို့ ဘာမှ မကြားခဲ့ရပါကလား။ ဒီကြောပေါ်မလည်း ခြေစ ခြေန မတွေ့ခဲ့ပေါင်ဗျာ”

“ဟင်းမျိုးအစအနတော့ မတွေ့ခဲ့ပါဘူး။ ကျွန်တော်လည်း သတိထားလာတာ အမဲကြီးတွေ ခြေရာကိုတောင် အဟောင်းတွေပဲ တွေ့မိတယ်။ ခြေရာသစ် စွတ်ကြောင်းသစ်တောင် မရှိဘူးဗျ။ ညောင်ပင်သာသား ထွန်းရှင် တွေ့ခဲ့တဲ့ စိုင်အုပ်ဆိုတာတောင် ဟုတ်မှ ဟုတ်ပါ့မလားလို့ပဲ အာစရိရေ”

ကြပ်ပြင်တွင် ခေတ္တနေထိုင်လျက်ရှိသော ကျွန်တော်တို့၏မိတ်ဆွေ ကိုတင့်ဆွေကြီးဆီ အသွား၊ ညောင်ပင်သာတွင်ဝင်အနား ထွန်းရှင်၏ သတင်းပေးချက်အရ ရွှေဥဒေါင်းကြိုးစ အပတောအတွင်း ကလေးသားငယ်နှင့် စိုင်တစ်အုပ် တွေ့ခဲ့ရသည် ဆိုခြင်းကြောင့် သည်ကြောပေါ်သို့ ကျွန်တော်တို့ ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။

အခါအခွင့်ကြုံ၊ အခြေအနေပေးက စိုင်အုပ် အခြေအနေကို ဒက်ထိတိုးမိလျှင်ဖြစ်စေ၊ စိုင်အုပ်အတွင်း ကလေးသားငယ်များ ပါခဲ့လျှင်ဖြစ်စေ နေ့မကူးမီ ပစ်ခွင့်ကြုံနိုင်သည်။

ကလေးသားငယ်များပါသော အမဲကြီးအုပ်ဆိုလျှင် စားစားသွားသွား နားနားနေနေ ရှိတတ်သည်။ စိုင်ငယ်ကလေးများ မိခင်နောက် ဖြောင့်ဖြောင့်မလိုက် တတ်ပေ။ စားရင်းသွားရင်း မြူးထူးကစား ပြေးလွှားခုန်ပေါက် လုပ်နေတတ်သည်။ သည်အုပ်မျိုးကိုကလည်း အတော်ဝေးဝေးမှပင် အသံဗလံကို ကြားရ တတ်သည်။ လွယ်လွယ်ကူကူလည်း ပစ်ရခတ်ရတတ်ပေသည်။

“ထွန်းရှင် တွေ့ခဲ့တာ မနေ့က ညနေစောင်းတင်ဆိုတော့ ကနေ့မနက် စိုင်အုပ် သိပ်ဝေးဝေး ရောက်သွားစရာအကြောင်းတော့ မရှိဘူးဗျနော”

ကျွန်တော့်ထင်မြင်ချက်ကို ပြောပြလိုက်မိသည်။

“ဟုတ်တယ်လေ၊ အနည်းဆုံး ဒီ အပတောလယ်လောက်ဆို အမဲအုပ်နဲ့ မဆုံတောင် ခြေရာခြေစတော့ တွေ့လောက်ပြီ။ ဧကန္တ ဟင်းမျိုးဟာ ဒီကြော ပေါ် ညဘက် လျှောက်သွားပြီ ထင်ပါရဲ့ဗျာ”

အပတော၏ အောက်ခြေမြေအပြင်သည် ကျောက်စရစ်ဖြုန်းများ ထူထပ်သော မြေစေးဖြစ်သည်။ စေး၍ မာနေသည်။ မိုးဖြိုင်ဖြိုင် ရွာမထားလျှင် အပေါ် လွှာတင်း၍ စေးခံနေတတ်သည်။ ကျောက်စရစ်ဖြုန်းများကြောင့် သာမန်အလေးချိန်နှင့် အမဲကောင်များ ခြေရာခံရန် ခက်ခဲသည်။

ပိဿာရာနှင့်ချီ၍စီးသော စိုင်လို၊ ပြောင်လို တစ်အုပ်တစ်မကြီး ဖြတ်ကျော်နင်းခြေသွားမှပင် ခြေစခြေန စွတ်ကြောင်း တွေ့နိုင်သည်။ ဖဝါးပျော့သော ကျားလို သတ္တဝါမျိုး ခြေစခြေနကို တွေ့နိုင်ရန် ခဲယဉ်းလှသည်။ ကိုဘသိန်း၏ စကားကို ကျွန်တော်က သဘောတူသည့်အလား တိတ်တိတ်ဆိတ်ဆိတ်ပင် နေလိုက်မိပါသည်။

“အေးလေ၊ ကြိုးစအထိတော့ လှည့်ကြည့်လိုက်သေးတာပေါ့။ ကြိုးထဲဝင်သွားရင်လည်း လှည့်ပြန်ကြတာပေါ့ဗျာ”

ကျွန်တော်က အထူးအထွေစကား မဆိုတော့။ သက်သောင့်သက်သာ နားနေရာမှ သစ်ပင်တွင်မှီလျက် ထောင်ထားသော ရိုင်ဖယ်ကို ပြန်လွယ်ရင်း နေရာမှ ထလိုက်သည်။ ကျွန်တော့်နည်းတူ ကိုဘသိန်းကလည်း ရိုင်ဖယ်ကို ကောက်ယူလျက် ခင်ကြောအတိုင်း ခရီးဆက်သည်။

ရွှေဥဒေါင်းကြိုးစနှင့် အပတောဆက်စပ်ရာ ညောင်ခြေထောက်မြောင်သို့ အရောက်တွင်မူ ကျွန်တော်တို့ နှစ်ဦးလုံးပင် စိတ်မောလူမော ခြေကုန်လက်ပန်း ကျသွားခဲ့ကြရပေသည်။

သို့သော် စိုင်အုပ်သည် ရွှေဥဒေါင်း ဘေးမဲ့သစ်တောအတွင်းသို့ ကူးဝင်သွားခဲ့ပြီဖြစ်ကြောင်းကိုမူ ထင်ရှားလှသော စွတ်ကြောင်းအရ နားလည်သိလိုက် ရပါသည်။

အချိန်ကို ကြည့်လိုက်သည့်အခါ တစ်နာရီခွဲရှိနေပြီ။ ညောင်ခြေထောက်မြောင်အတွင်း တိတ်တိတ်ဆိတ်ဆိတ် စီးဆင်းလျက်ရှိသည့် ဖက်စွပ်ချောင်းဘေး သဲပြင်တွင် ထိုင်ချလိုက်မိသည်။ တစ်လံသာသာမျှသာ ကျယ်သော ဖက်စွပ်ချောင်းသည် လူသားနှစ်ဦးအား နှုတ်ခွန်းဆက်ဆို ဆီးကြိုနေသည့်အလားပင်။

မျက်နှာ၊ ခြေလက်တို့ကို ချောင်းရေဖြင့် ဆေးကြောလျက် နံနက်စာကို စားကြရန် ကျွန်တော်တို့က ပြင်ဆင်လိုက်ကြသည်။ အနီးအပါးမှ တောငှက်ပျော ရွက်အချို့ကို ယူဆောင်လျက် ပြန့်ပြူးသော သဲပြင်တွင် ဖြန့်ခင်းလိုက်သည်။

ရွာမှ ယူဆောင်လာသော ထမင်းထုပ်များကို ဖြေလျက် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။ ဟာလျက်ရှိသော ဝမ်းကို ဖြည့်ရန်အတွက် နှစ်ဦးသား စိတ်မပါ တပါ စားသောက်နေလိုက်မိသည်။ ရည်မှန်းချက် မအောင်မြင်သည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြခြင်းကြောင့်ပင်။

သွားရောက်မည့် ခရီးစဉ်ကို ဖျက်လျက် တစ်နေ့နှင့် တစ်ညသော အချိန်ကို အရယူကာ ကြိုးစားအားခဲခဲ့ခြင်းများသည် အရာမထင်လေတော့။

“ဟင်းမျိုးသာ ဝင်မမွှေရင် စိုင်အုပ်ဟာ ဒီမြောင်ထဲက လွန်ဦးမှာ မဟုတ်ဘူးဗျနော်”

ကျွန်တော်က ရေရွတ်လိုက်မိပါသည်။

ကိုဘသိန်းက သဘောတူသည့်နှယ် ခေါင်းဆတ်လိုက်သည်။

“အသေအချာပေါ့ အာစရိရာ။ ဒီအုပ်ဟာ ရွှေဥဒေါင်းကိုဖြတ်ပြီး အနောက်မြောက်ကို တက်သွားမှာ။ ဟင်းမျိုးကြောင့်သာပါ။ နို့မို့ ညောင်ခြေထောက်မြောင်ဘက် ဘယ် ရုတ်တရက် ထွက်ဦးမှာလဲဗျာ”

ကိုဘသိန်း မှတ်ချက်ချသလိုပင် သည်မြောင်က စားကျင်းစားကျက် ကောင်းသည်။ ရေမိုးအဆင်ပြေသည်။ လွင်ပြန့်ဖြစ်၍ အောက်ခြေရှင်းသည်။ ဝါးရုံတောပေါ၍ အရိပ်အာဝါသ ရှိသည်။ မှက်၊ ခြင်၊ ယင်ရဲ နည်းပါးသည်။ အမဲများ မြူးထူးပျော်မွေ့လေ့ ရှိပါသည်။

ယခုမူ မမျှော်လင့်သော ဟင်းမျိုး ဝင်မွှေခြင်းကြောင့် အမဲအုပ်ကို ကျွန်တော်တို့ လက်လွှတ်လိုက်ရချေပြီ။

စောစောပိုင်းက မိုးတဖွဲဖွဲ ရွာနေလင့်ကစား မွန်းတည့်လုနီးအချိန်မှစ၍ မိုးတိတ်သွားခဲ့ပြီး နေပွင့်လာသည်။ ယခု အခိုက်အတန့်အတွင် နေသည် ပြင်းပြင်း ပျပျပင် တောက်ပထွန်းလင်းလျက် ရှိနေသည်။ ဖက်စွပ်ချောင်းရေပြင်သည်ပင် နေရောင်ဖိတ်ဖိတ်လက်လက် ပြိုးပြိုးပြက်ပြက် ရှိနေသည်။

ဝါးရိပ်တောကြောင့် ကျွန်တော်တို့ နားနေရာ မြောင်အတွင်း အရိပ်အာဝါသ ရရှိသည်။ မြင့်မားရှည်လျားသော အင်၊ ကညင်ကြီးများ ဖြောင့်တန်းစွာဖြင့် ပြာသော အထက်ကောင်းကင်သို့ ထိုးတက်လျက်ရှိသည်။

ကိုက်သုံးဆယ်ထက် မပိုသော ချောင်းတစ်ဖက် ကနစိုပင်တစ်ပင်တွင် ဒိုးနွယ်ကြီးတစ်နွယ် တွယ်ကပ် သွယ်ယှက်လျက် ရှိသည်။ ဒိုးသီးတောင့်ကြီးများ ရင့်နေပြီဖြစ်သည်။ အချို့အတောင့်များ ကွဲအာလျက် ဒိုးဆန်များ မြေပေါ်သို့ ပြန့်ကျဲလျက် ရှိနေသည်။

ချောင်းစပ် မလှမ်းမကမ်း တစ်နေရာဆီမှ တောကြက်ဖတစ်ကောင် သံပြတ်နှင့် တွန်နေသံကို ကြည်မွေ့ဖွယ်ရာ ကြားနေရသည်။ ဖက်စွပ်ချောင်းရေသည် တီးတိုးညင်သာစွာ အသံပြုလျက် စီးဆင်းနေသည်။ အောက်ခြေ ကျောက်စရစ်ခဲများအား ရိုက်ခတ်ပွတ်သပ် တိုးဝှေ့ကာ ညိုးညိုးညိတ်ညိတ် လှုပ်ရှားလျက် ရှိသည်။

ဗိုက်လေးလေးနှင့်ပင် ကျွန်တော်က သဲပြင်ကို ကျောတင်ကာ ကျောပိုးအိတ်ကို ခေါင်းအုံးလျက် လဲလျောင်းနေမိ၏။

ကိုဘသိန်းသည်လည်း ကျွန်တော့်နည်းတူ လဲလျောင်းနေသည်။ သူရှိုက်ဖွာလျက်ရှိသော စီးကရက်မှ မီးခိုးဖြူသည် ခွေခေါက်တွန့်လိမ်၍ အထက်ကောင်းကင်ပြာပြာဆီသို့ ဦးတည်ပျံ့လွင့်သွားသည်။

စီးကရက်မီးခိုးများအား အမှတ်မထင် လိုက်လံကြည့်ရှုနေမိသည့် ကျွန်တော့် မြင်ကွင်းအတွင်း တစ်စုံတစ်ခု ထူးထူးခြားခြား ပေါ်လွင်လာသည်။ ရုတ်တရက်မူ အထိုအရာကို သဲသဲကွဲကွဲ မခွဲခြားတတ်နိုင်။

တဖြည်းဖြည်း ကြည့်နေရင်းမှပင် ကောက်ကြောင်း အသွင်သဏ္ဌာန်က ပေါ်လွင်ထင်ရှားလာသည်။ လဲလျောင်းရာမှ ရုတ်ခနဲ ထလိုက်မိရသည်အထိ။

“ဘာတုံးဗျ အာစရိ၊ ဘာလဲ … ဘာဖြစ်လို့လဲ”

ကျွန်တော့်အမူအရာကိုကြည့်ရင်း ကိုဘသိန်းက အမေးပြုသည်။ ကျွန်တော်က ဝေသီမြင့်မားသော ကညင်ပင်ကိုင်း တစ်ကိုင်းပေါ်မှ သဏ္ဌာန်ကို လက်ဖြင့် ညွှန်ပြလိုက်ရင်း အဖြေပေးလိုက်၏။

“ဟိုမှာလေဗျာ၊ ဟို သတ္တဝါကို တွေ့လိုက်လို့ပါ”

ကညင်ပင်သည် ဖြောင့်စင်းစွာ ရှည်လျားမြင့်မားလှသည်။ အနီးတစ်ဝိုက်မှ သင်္ကန်း၊ သစ်ရာ၊ အင်ကြင်း၊ ကနစို စသော အပင်များနှင့် ကိုင်းဖျားချင်း ဆက်စပ်ယှက်မတတ် ရှိသည်။ ကိုင်းအဖျားရှိ သတ္တဝါ၏ အသွင်သဏ္ဌာန်ကိုမူ စူးစိုက်ကြည့်နေရာမှ ကိုဘသိန်းက သက်ပြင်းတစ်လုံးကို စိတ်ပျက်လက်ပျက် ချရင်း ကျောပိုးအိတ်ကို ခေါင်းတင်လျက် ပြန်လည်လဲလျောင်းလိုက်သည်။

ကညင်ပင် ကိုင်းတစ်ကိုင်းပေါ်မှ သတ္တဝါသည် မကွဲမပြား မြင်ရသော မျောက်လွှဲကျော်တစ်ကောင်ပင် ဖြစ်ပါသည်။ ကျွန်တော် လဲလျောင်းနေရာမှ ဒီဂရီခြောက်ဆယ် အနေအထား၊ အကွာအဝေးအားဖြင့် ပေခြောက်ရာနီးပါးတွင် ဖြစ်သည်။

ကောက်ကြောင်းသဏ္ဌာန်ကိုသာ မြင်ရခြင်း ဖြစ်သည်။ ခပ်တုတ်တုတ် ကိုင်းလက်တစ်ခုပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေပုံဖြစ်သည်။ တစ်စုံတစ်ရပ် သော အကြောင်းကြောင့် ဦးခေါင်းကိုငုံ့၍ ငြိမ်သက်နေသည့်အသွင် ထင်ရသည်။

မည်သို့ပင် ဆိုစေ။ ကျွန်တော် ရိုင်ဖယ်ကို ကောက်ယူလိုက်သည်။ ကျွန်တော့် အမဲပစ်ရိုင်ဖယ်သည် ဒသမ သုံးခုနစ်ငါး မက်ဂနမ်ရိုင်ဖယ် ဖြစ်၏။ အမဲကြီးပစ် ရိုင်ဖယ်လည်း ဖြစ်သည်။ သတ္တဝါနှင့် လက်နက် လုံးဝ မျှတခြင်းလည်း မရှိ။

ကျည်တစ်တောင့်၏ တန်ဖိုးသည် ယခင်က ပါမစ်ရရှိ ဝယ်ယူခဲ့စဉ်ကပင် နှစ်ကျပ် ခုနစ်ဆယ့်ငါးပြားကျ
သင့်သည်။ ယခု ရှားပါးလှပြီလည်း ဖြစ်၏။ လိုင်စင်နှင့် ကိုင်ဆောင်သော သူငယ်ချင်းများ၊ မုဆိုးများအချင်းချင်း မျှတ၍ အခွင့်အခါကြုံဆုံမှ အမဲပစ်ရာ တွင် အသုံးပြုကြရသည်။

ယခု ကျွန်တော်က သည်ရိုင်ဖယ်ကို ကောက်ယူ၍ မောင်းတုံးကို လှန်၍ မ,ကာ ပြန်ချလိုက်သည်။ ပြောင်းရင်းအတွင်း ကျည်မာတစ်တောင့် ထိုးထားပြီ ဖြစ်သည်။ မှန်ချိန်ကို စစ်ဆေးလျက် ကိုက် ၂ဝဝ အနေအထား ပြုပြင်လိုက်ကာ ထိုင်လျက်အနေအဖြင့်ပင် ညာပခုံးတွင် ထောက်၍ ပစ်မှတ်ကို ချိန်ကြည့်လိုက်သည်။

ကိုဘသိန်းက ကျွန်တော့်အား အခြားသော ဂြိုဟ်ကမ္ဘာမှ သတ္တဝါတစ်ဦးကို စူးစမ်းသလို ကြည့်နေသည်။ ကျွန်တော်၏ ညာမျက်လုံးထောင့်ကို ကပ်၍ သူ့အသွင်ကို ကျွန်တော် အကဲခတ်မိပါ၏။

သို့စေကာမူ။ ကျွန်တော်၏ ပစ်မှတ်သည် လှုပ်ရှားမှုမပြု။ တည်ငြိမ်လျက်ပင် ရှိသည်။ လခြမ်းသဏ္ဌာန် နောက်မှန်ချိန် အလယ်ခွက်အတွင်း ရှေ့ချိန်သီး၏ အလူမီနီယန် အဖျားသည် ပစ်မှတ်ပေါ်တွင် အနေအထားမှန်စွာ ရောက်ရှိနေပြီလည်း ဖြစ်သည်။

အလေ့အကျင့်ရပြီး လက်ချောင်းများက လုံခြုံရေးခလုတ်ပေါ်သို့ လည်းကောင်း နေသားတကျ ရောက်ရှိသွားပြီးနောက် သေနတ်ပြောင်းမှ ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည်။

တောအပြင်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ပြင်းထန်သော သေနတ်သံက စက္ကန့်အတော်ကြာကြာမျှ ပဲ့တင်သံညံလျက် ရှိပြီးနောက် ဝေသီမြင့်မားသော ကညင်ပင်ကိုင်းပေါ်မှ မီးခိုးရောင်သဏ္ဌာန်သည် ပြုတ်ကျလာသည်။ ယင်းသို့ ပြုတ်ကျလာနေစဉ်အတွင်း တိုတောင်းသော အခိုက်အတန့်၌ပင် လှုပ်ရှားမှု တစ်စုံတစ်ခု ပြုလိုက်သည် ထင်ရသည်။ လိမ့်လူးလှည့်ပတ်၍ ကျလာသည့်နှယ်ပင်။

ဗုန်းခနဲ အသံပြု၍ ကျလာသော မျောက်လွှဲကျော်သည် မြေပြင်နှင့် မထိမီကပင် အသက်ကုန်သွားလိမ့်မည်ဟု ကျွန်တော်က ကြိုတင်တွက်ထားပြီးဖြစ် ၍လည်း အေးအေးဆေးဆေးပင် နေရာမှ ထရပ်လိုက်မိသည်။

စိတ်ရူးထ၍ လက်တည့်စမ်းခြင်း ဖြစ်သောကြောင့်လည်း ပစ်မှတ်ဖြစ်သော သတ္တဝါကို မက်မက်မောမော မရှိလှ။ စိုင်အုပ်ကို မမီလိုက်သဖြင့် လိပ်ခဲတည်းလည်း မကျေမနပ် ဖြစ်ခဲ့ရသော စိတ်ရိုင်းကို ချိုးနှိမ်သော သဘောဖြင့်သာ ပြုမူလိုက်ခြင်းလည်း ဖြစ်ပါ၏။

သို့သော် ကိုက်နှစ်ဆယ်ခန့်အကွာ မြေပြင်ပေါ်တွင် မြင့်မားလှသော သစ်ပင်ထက်မှ ဒသမသုံးခုနစ်ငါး မက်ဂနမ် အမဲကြီးပစ်ရိုင်ဖယ်၏ ဒဏ်ကြောင့် ကျ လာခဲ့သော မီးခိုးရောင် မျောက်လွှဲကျော်သည် လှုပ်ရှားလျက်ရှိသည်။ ကျွန်တော့်နေရာမှကြည့်လျှင် ထ၍ ထိုင်နေသည့်အသွင် တွေ့မြင်နေရသည်။

ကိုဘသိန်း သည်လည်း ယင်းအဖြစ်ကို တအံ့တဩဖြစ်သွားပုံဖြင့် စကားလုံးအချို့ ရေရွတ်လိုက်သည်။

“ဘယ်နှယ့် မျောက်ပါလိမ့်ဗျာ၊ အသက်ပြင်းလှချည်လား။ ဟုတ်ကော ဟုတ်သေးရဲ့လား အာစရိ”

ကျွန်တော်ကိုယ်တိုင်ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ မီးခိုးရောင်သဏ္ဌာန်သည် လှုပ်ရှားလျက် ရှိနေသည်မှာ အသေအချာပင်။ သေနတ်ကို လက်တွင်ကိုင် ထားလျက်နှင့်ပင် ကျွန်တော်က ပြေးလွှားသွားမိသည်။

သေနတ်ဒဏ်ရာသည် သေကွင်းကို တိကျစွာ ခြေလွတ်လက်လွတ်သည့်တိုင် ပေခြောက်ရာခန့်အမြင့်မှ မြေပြင်သို့ ခြေလွတ်လက်လွတ် အရှိန်အဟုန်ပြင်း စွာ ကျဆင်းလာခဲ့သည့် ဒဏ်ရာသည် မည်သို့မျှ အသက်ရှင် လှုပ်ရှားနိုင်ဖွယ်ရာ အကြောင်းမမြင်။

အနီးသို့ရောက်သည့်အခါတွင်မူ ကျွန်တော့်နှုတ်မှ “ဟင်” ခနဲ အသံပြုလိုက်မိပါသည်။ ဆို့ဆို့နင့်နင့်လည်း ရင်ထဲတွင် ခံစားလိုက်မိသည်။

မျောက်လွှဲကျော်ကြီးသည် ပက်လက်လန်၍ ငြိမ်သက်နေပါပြီ။ ဘယ်လက်မောင်းရင်းမှ ဖောက်ထွင်း၍ ညာဘက်လည်တိုင်ကို ပွင့်ထွက်သွားသော ပြင်းထန်လှသည့် ဒဏ်ရာကြောင့် မည်သို့ သေဆုံးရသည်ကိုပင် သိလိုက်မည်မထင်။

သို့ပင်ဖြစ်စေ မျောက်လွှဲကျော်မကြီး၏ ရင်ခွင်တွင် လသားခန့်မျှသာ ရှိဦးမည့် မျောက်လွှဲကျော်ပေါက်စကလေးက တွယ်ကပ်လျက် ရှိနေသည်။ မိခင် မျောက်မကြီးအား ဖက်တွယ်လှုပ်ရှားနေသည်။

သေနတ်ဒဏ်ချက်ကြောင့် ခြေလွတ်လက်လွတ် ကျလာခဲ့ရသော မျောက်မကြီးသည် သားငယ်အား ရင်ခွင်တွင် ထားဆဲမှ တင်းတင်းကျပ်ကျပ် ဖက်တွယ်လျက် ကျဆင်းလာရာတွင် မြေပြင်နှင့် ရင်ဘတ် အကျမခံ။ ကျောပြင်နှင့် ကျသွားစေရန် လှုပ်ရှားလှည့်ပစ်လိုက်သည် ဖြစ်နိုင်သည်။

နောက်ဆုံးထွက်သက်ကို ရှူမထုတ်လိုက်မီ သားငယ်၏ အသက်ချမ်းသာမှုကို ရှေးရှုလိုက်သည်မှာ မလွဲဧကန် အမှန်ပင်။

ကိုဘသိန်းသည် သေဆုံးလျက်ရှိသော မျောက်မ၏ ရင်ခွင်ထဲက မျောက်သားငယ်ကလေးကို ကောက်ယူလိုက်သည်။ မျက်လုံးအစုံကို ကလယ်ကလယ် ပြုကာ ပြူးကြောင်ကြောင် မော့ကြည့်ရင်း မျောက်ကလေးက ကိုဘသိန်း၏ လက်ကို ဖက်တွယ်လျက် ပါလာသည်။

မျောက်ကလေး၏ သေးသိမ်သော စမ်းတဝါးဝါး အသိစိတ်အတွင်း မိခင်၏ ရင်ခွင်မှ ဆွဲယူလိုက်သော သတ္တဝါသည် မည်သို့ပါနည်းဟု စူးစမ်းသော သဘော ဝင်စားလျက် ရှိကောင်းရှိမည်။

ထိုအခိုက် ချောင်းစအနီး သစ်ပင်စုစုအထက်တွင် ရုတ်ရုတ်သဲသဲ ဆူဆူညံညံအသံကို ကြားလိုက်ရသည်။ လေတိုက်ခတ်ဝှေ့ယမ်းခြင်း မရှိပါဘဲလျက် ပင်ဖျား ကိုင်းခက်များ ဗြောင်းဆန်အောင် ယိမ်းထိုးလှုပ်ရှားနေသည်။

အကြောင်းခြင်းရာများကို စုံစမ်းကြည့်ရှုလိုက်ရာတွင်မူ ဒိုးနွယ်များ တွယ်ကပ်ယှက်သန်းပေါက်ရောက်နေသည့် ကနစိုပင်ကိုင်းဖျားတစ်ခုတွင် မည်းနက် သော မျောက်လွှဲကျော်တစ်ကောင်ကို မြင်လိုက်ရသည်။

အသွေးအရောင်ကြောင့်ပင် မျောက်လွှဲကျော် အထီးဖြစ်ကြောင်း သိသာနိုင်သည်။ ယင်းမျောက်ကြီးသည် မြေပြင်တွင် လှမ်းမြင်နေရသော မျောက်တစ် ကောင်အား လည်းကောင်း၊ ကိုဘသိန်း၏ လက်အတွင်း ဖက်တွယ်လျက်ရှိသော မျောက်ပေါက်စကလေးအား လည်းကောင်း၊ သေနတ်ကိုင်ဆဲ မတ်တတ်ရပ်လျက် ငူငူငိုင်ငိုင်ကြီး ရှိနေဆဲ ကျွန်တော့်အား လည်းကောင်း ကြည့်ရှုလျက် အခြေအနေအားလုံးကို အဓိပ္ပာယ်ပေါက်သွားပြီ ထင်ရသည်။

ကနစိုပင်၏ ကိုင်းဖျားကို လက်နှစ်ဖက်ဖြင့် လွှဲခိုလျက် သွယ်တန်းတွယ် ကပ်လျက်ရှိသည့် ဒိုးနွယ်ကိုခြေအစုံဖြင့်ချိတ်ထားပြီး သောသောညံညံ ရုန်းရင်း ဆန်ခတ်ဖြစ်အောင် အပြင်းအထန် လှုပ်ရှားလျက်ရှိသည်။ ဖြူဖွေးသောသွားများကို ဖြီးလျက် တခွီးခွီး တခွားခွား မာန်ထဟန်ပြ ခြိမ်းခြောက်လျက်လည်း ရှိသည်။

၎င်း၏ ကြင်ဖော်အား သတ်ဖြတ်လျက် ရင်သွေးသားငယ်အား ဖမ်းဆီးထားသူ လူသားနှစ်ဦးအား မုန်းမုန်းတီးတီး နာနာကြည်းကြည်း ကျိန်ဆိုရေရွတ်နေသည်လား မပြောနိုင်။

ဒိုးပင်နွယ်မှ ဒိုးတောင့်များအချင်းချင်း မျောက်ကြီး၏ ယိမ်းထိုးလွှဲခိုလှုပ်ယမ်းမှုကြောင့် ကျိုးကျိုးကျည်ကျည် ရိုက်ခတ်မြည်ဟည်း ကွဲကြေကုန်သည်။ ဒိုးဆန်များသည် သစ်ခက်သစ်ရွက်များအား တိုက်ခိုက်ရိုက်ခတ်လျက် မြေပြင်သို့ တဗုန်းဗုန်း ပြုတ်ကြွေကုန်လေသည်။

တစ်စတစ်စနှင့် သာ၍ သာ၍ ဒေါမာန်ထလာသည့်အလား ယိမ်းထိုးလွှဲခို လှုပ်ရှားရင်း ရှေ့သို့ခုန်လွှားလာခဲ့သော မျောက်လွှဲကျော်ကြီးကို ကျွန်တော်တို့က တအံ့တသြ ကြည့်နေခိုက် လွှဲခိုရာ သစ်ပင်ကိုင်းခက်များမှ တစ်ဆင့်ပြီးတစ်ဆင့် နီးကပ်လာနေသော မျောက်ကြီးအား ကြည့်နေရင်းမှ ထိတ်ခနဲ ဖြစ်သွားမိပါ သည်။

သစ်ပင်ထက်မှခုန်ချ၍ မျက်စိမျက်နှာကို လှမ်းကုတ်လိုက်လေမည်လား ဟူသော သံသယကြောင့် ထင်ပါသည်။ မိမိ၏ စိတ်အလျဉ်တွင် ပေါ်ပေါက်လာသော အတွေးကို လက်က လိုက်ပါအကောင်အထည် ဖော်လိုက်မိသည့် တစ်ခဏ။

ကျွန်တော်၏ သေနတ်မှ ဒိုင်းခနဲ အသံထွက်သွားပြီးခဲ့နောက် မည်းနက်သော မျောက်လွှဲကျော်ကြီးသည် လက်တစ်ကမ်းအကွာ ဒိုးနွယ်များအကြားမှ ခြေလွတ်လက်လွတ် ပြုတ်ကျသွားခဲ့လေသည်။

မြေပြင်တွင် မှောက်ခုန်လဲကျ ငြိမ်သက်လျက်ရှိသော်ငြားလည်း ၎င်း၏ အကျည်းတန်သော မျက်နှာတွင် လူသားတို့အား မုန်းတီးစက်ဆုပ်နာကြည်းစွာ အံကြိတ် သွားဖြီးထားလိမ့်မည်ဟု ကျွန်တော်တွေးမိပါသည်။

ကိုဘသိန်း၏လက်ကို ဖက်တွယ်ထားဆဲဖြစ်သော မျောက်ကလေးထံမှ ကွိကွိကွကွ အသံသေးသေး အနည်းငယ်ကို ကြားလိုက်ရသလိုရှိသည်။ ကိုယ် ကလေးကိုကျုံ့လျက် ကိုဘသိန်း၏ လက်မောင်းအား မိခင်ရင်ခွင်အလား ဖက်တွယ်ကာ ကြောက်ရွံ့ရွံ့ရှိနေပုံမှာ သနားဖွယ်ရာ ရင်နင့်ဖွယ်ရာ ဖြစ်သည်။

မိမိ၏ ရင်မှဖြစ်သော ရင်သွေးအတွက် အသက်မသေဆုံးမီ နောက်ဆုံးကာလ တဒင်္ဂမျှသော အချိန်အတွင်း ဆောင်ရွက်သွားခဲ့ရှာသော မိခင်မျောက်လွှဲ ကျော်မ၏ အပြုအမူကို လည်းကောင်း၊ မုဆိုး၏ လက်ချက်ကြောင့် အသက်ဆုံးရသော ကြင်ဖော်နှင့် အဖမ်းဆီးခံနေရသည့် ရင်သွေး မျောက်ကလေးအတွက် မိမိအသက်ကို ချေဖျက်နိုင်သည့် လက်နက်ကိုင်ဆောင်ထားဆဲ လူသားနှစ်ဦးအား ဘေးအန္တရာယ်ကိုမမှုဘဲ တတ်စွမ်းသမျှသော အတိုင်းအတာဖြင့်ယှဉ်လျက် ဆန့်ကျင်အန်တုတိုက်ခိုက်ရန် အားထုတ်ကြိုးစားခဲ့သော မျောက်လွှဲကျော်ကြီး၏ ဖြစ်ရပ်ကို လည်းကောင်း တွေးတောဆင်ခြင်လျက် ကျွန်တော့်ရင်အတွင်း လှိုက်လှဲကြေကွဲခြင်းများ ဖြစ်ရသည်။

လူသားတစ်ဦးဖြစ်လျက်နှင့် ဆင်ခြင်တုံတရားကင်းပစွာ စိတ်ဆန္ဒ၏ စေပါးရာသို့ လိုက်ပါကာ မလုပ်သင့် မလုပ်ထိုက်သော အပြုအမူကို လည်းကောင်း၊ လုပ်ရပ်ကို လည်းကောင်း ပြုမူလုပ်ဆောင်ခဲ့မိခြင်းအတွက် မိမိကိုယ်ကို မိမိ ခွင့်မလွှတ်နိုင်အောင် နောင်တရရှိမိခဲ့ရပါသည်။

မိမိတို့ထက် အသိဉာဏ် အဆင်အခြင် သာလွန်ကြွယ်ဝ မြင့်မြတ်လှသူ လူဟူသော သတ္တဝါတို့အား မေတ္တာ ဟူသည် ဤသို့ဤနှယ် အသွယ်သွယ်ပင်တည်းဟူ၍ ကွယ်ဝှက်ပိတ်ဆီးထားသော လောဘ၊ ဒေါသနှင့် မောဟ ကန့်လန့်ကာကို လှစ်ပြလိုက်သည်နှင့် အလားတူညီပမာဖြစ်ပါသည်။

ကိုဘသိန်းသည် လည်းကောင်း၊ ကာယကံရှင် ကျွန်တော်ကိုယ်တိုင်ပင် လည်းကောင်း နှုတ်မှ စကားတစ်စုံတစ်ရာ ဆိုခဲ့မိခြင်း မပြုနိုင်။ လှိုင်းထသော ရင်၊ နောင်တဖြင့် ပြည့်ပြွန်းသော နှလုံးဖြင့်သာ အပြန်ခရီးကို ရှေးရှုလိုက်ကြသည်။

အသက်အသံ တိုးတိုးညံညံပြု၍ ကိုဘသိန်း၏ လက်မောင်းကို တွယ်ကပ်လိုက်ပါလာသော မျောက်ကလေးထံမှ ကွိကွိကွကွ အသက်အသံလိုလို ကြားလိုက်ရပြန်သည်။ ၎င်း၏ သေးသိမ်သော စမ်းတဝါးဝါး အသိစိတ်ဖြင့် လူသားဟူသည် မေတ္တာတရား ခေါင်းပါးရက်စက်လွန်းလှပါတကား ဟူသော အဖြေထွက်သည့် ပုစ္ဆာကို ထုတ်နုတ်မေးမြန်းလိုက်လေသလား မပြောတတ်နိုင်။

မိုးဖွဲကလေးများ ဝန်းကျင်တွင် တဖွဲဖွဲကျလာသည်။

ဂရုတစိုက် နားထောင်မည်ဆိုလျှင် ယင်းတို့၏ တီးတိုးညင်သာစွာပြုသော အသံကို ကြားရကောင်း ကြားရမည် ထင်သည်။

လေညင်းက သစ်ခက်သစ်ရွက်များအား တိုးဝှေ့ဖြတ်သန်းသွားသည်ကို အမှတ်မထင် လှုပ်ရှားသံများ ကြားရသည်ကြောင့် သိရှိလိုက်ရပါသည်။

သည့် အပြင်တော့ အပတောသည် အသံဗလံ ကင်းစင်လျက်ပါတကား။

– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *