July 31, 2025
Uncategorized

ဆေးမြီးတို

ဆေးမြီးတို📖 ✍️ခင်ခင်ထူး

ကျွန်မ မှတ်မိသရွေ့ မိဘများနှင့် နေခဲ့ရစဉ်တစ်လျှောက်လုံး ဆေးရယ် ဝါးရယ် လိုချင်ပြီဆိုလျှင် ဘုရားစင် အောက် က ကြွက်လျှောက်တန်း မှာ ရှာခဲ့ရသည်။ ကြွက်လျှောက်တန်းမှာ မြန်မာဆေး တွေပုလင်းနှင့် လည်းရှိ၏ စက္ကူထုပ်နှင့်လည်း ရှိ၏။ ကြွပ်ကြွပ်အိတ်နှင့်လည်း ရှိ၏။
ဆေးကို မှတ်မိသော်လည်း ဘယ်တုန်း က ဘယ်လို ရောက်နေသည့် ဆေးဆိုတာတော့ ဘယ်သူမှလည်း မပြောနိုင်ပါ။ ဆေးမြစ်တွေကလည်း သည် ကြွက်လျှောက်ပေါ်မှာရှိသည်။ သရင်းကြီးမြစ်၊ ညော်ခံမြစ်၊ ဝံအူမြစ်၊ တောရှောက်မြစ်၊ သနပ်ခါးမြစ်၊ သီးမြစ် စသည်ဖြင့် ။ နံ့သာဖြူ၊ နံ့သာနီ၊ ဇောင်ချမ်းနက်။ အမေ ကတော့ မှတ်မိတာများပါသည်။ မသေချာ လျှင် သွေးပြီးနမ်းလိုက်လျှင် သေချာပြီ။ သည်ဆေးမြစ်တွေကို တစ်ရွာလုံး က သုံးကြခြင်းဖြစ်သည်။ ဘယ်သူ့ အိမ် မှာ ဘယ်ဆေးမြစ်ရှိသတဲ့ဆိုတာလည်း တစ်ရွာလုံးက သိကြတော့ အချင်းချင်း အလဲအဖယ် ရှိကြ ပါသည်။
”မမြတင်ရေ ဖိုး၀င်းတောင်က ဆေးမြစ်စုံ ၀ယ်လာသယ်ဆိုလို့ ဇောင်ချမ်းနက်များ ပါသလားလို့”
”ပါလိုက်သာမှအေ ဆေးမြစ်စုံပါဆိုမှ ညည်းတို့က ရောဂါလေးဖြစ်မှ ဆေးမြစ်စုံ ဘယ်သူ့အိမ်ရှိသယ်၊ သန်းကောင် စာရင်း ကောက်သာကိုးအေ့။ ကိုယ်ကလေး မအေပဲ ဆေးရယ်ဝါးရယ် ၀ယ်ထားမယ်မရှိဘူး ရော့ … ဟောသဟာ ဇောင်ချမ်းမြစ် မှတ်မှတ်ရရ ပြန်ပို့ပါအေ၊ ညည်းလိုလို သဲ့လူပေးရသာပေါ့”
အမေက အားရအောင် ဆူငေါက်ပြီးမှ ပေးလေ့ရှိပါသည်။ ကျွန်မတို့ အိမ်ကြွက်လျှောက်တန်းပေါ်မှာ ရှိနေသည့် ဖုန်အလူးလူး ဆေးများဖြင့် ကျွန်မတို့ လူလားမြောက်ခဲ့ရသည်ဆိုလျှင် ဟုတ်ရဲ့လားလို့ မေးစရာ ရှိနိုင်ပါ၏။ တကယ်ပါ။ ကျွန်မတို့ ငယ်ဘ၀တစ်လျှောက်လုံး ချကဆေး၊ စားဆေး၊ ရင်လူးဆေး၊ ညှော်ခံဆေး၊ မန်းဆေး၊ ငန်းဆေး၊ ချေွးထုတ်ဆေးများနှင့် ကြီးခဲ့ရတာ အမှန်ပင်။ မိဘတွေက တောသူ တောင်သား တွေ ဆိုတော့ သူတို့ကိုယ်တိုင်က လက်တစ်ကမ်းမှာ ရနိုင်သည့် တိုင်းရင်းဆေးများကို အားကိုးခဲ့ကြတာ မဟုတ်လား။
ကိုယ့်အိမ်ကိုယ့်ရာနှင့် ဖြစ်လာတော့ ကျွန်မတို့သားအမိ သားအဖသုံးယောက် အိမ်ထောင့်မှာ ဆေးဝါး တွေက လိုတာထက် ပိုများနေပါသည်။ ခေတ်ပေါ်ဆေးဝါးများမှာ အမယ်များလာသ လောက် အာနိသင် ကလည်း ကောင်းကြသည့်အတွက် ၀ယ်ယူ မှီ၀ဲနေရတာတွေကလည်း များလာ ပါသည်။ ဆေးတွေကို စနစ်တကျ ထားနိုင်ရန် လက်သမားဆရာကို ဆေးပုံးကလေး အရိုက်ခိုင်း ရပါ၏။ ဆေးပုံးကလေးကို သငေ်္ဘာဆေး အဖြူသုတ်၍ နံရံမှာ ကပ်ထားပြီး အကန့်လေးကန့် ပါပါသည်။ အကန့်လေးကန့်စလုံးမှာ ဆေးတွေ က အပြည့်။ အင်္ဂလိပ်ဆေးတွေချည်းတော့ မဟုတ်ပါ။ တိုင်းရင်း ဆေးတွေက အကန့် နှစ်ကန့် ပါပါသည်။ ကျွန်မတို့ ကိုယ်တိုင်၀ယ်သုံးသည်လည်းရှိ၊ မိတ်ဆွေများက ကောင်းနိုးရာရာ ဆေးကုသိုလ်ဖြစ် လက်ဆောင် ပေးကြသည်လည်း ရှိပါသည်။
အင်္ဂလိပ်ဆေးကတော့ ဆရာ၀န်များညွှန်သည့် ဆေးကိုပဲ သုံးတာဆိုတော့ တစ်စုံတစ်ရာ ရောဂါဖြစ် ပါမှ ဆေးပုံးထဲ ထည့်ရတာမျိုး ဖြစ်သည်။ အရက်ပျံလို၊ ဂွမ်းလိပ်လို၊ လိမ်းဆေးလို၊ ဓာတ်ဆားလို အမယ် တွေလည်း ပါပါ၏။ မြန်မာဆေးတွေထဲက လျက်ဆား၊ ရင်လူးဆေး၊ ရှူဆေး၊ မန်းဆေး၊ လေနိုင်ဆေး၊ လျှာပွတ်ဆေး၊ ဆေးတို့ပတ်ကြီး၊ သွေးဆေး စသည့် အလွယ်သုံး အိမ်သုံးဆေးများ လည်း မရှိလို့ မဖြစ်ပါ။
သည်ဆေးပုံး ကလေးကို တစ်လတစ်ခါဆိုသလို ကျွန်မ သန့်ရှင်းဖြစ်ပါသည်။ ရက်လွန်နေသော၊ သိပ်ဟောင်းလွန်း နေသော ဆေးများကို ဖယ်ရှားရသည်။ သည်လို သန့်ရှင်းရေး ၀င်သည့်အခါတိုင်း ရွာမှာ သုံးခဲ့ ရသည့် ဆေးမြီးတိုတွေကို ကျွန်မ သတိရမိပါသည်။ ရွာတွေဆို တော့ လက်တစ်ကမ်းမှာ ဆေးကောင်း ဝါးကောင်း ရနိုင်ဖို့မလွယ်။ ပျောက်သော်ရှိ ဆေးမြီးတို ဆေးမြီးရှည်တွေကိုသာ အားကိုးကြရသည်။
မြင်းခြံနယ် ဆီမီးခုံတစ်၀ိုက်က ရွာတွေဆိုတော့ အရေးရယ်ကြုံလျှင် မြင်းခြံမြို့ကို ပြေးကြရသည်။ တော်ရုံ တန်ရုံ ရောဂါလောက်ကတော့ ရွာမှာတင်ကုကြရ၏။ တစ်ခါတစ်ရံမှာတော့ စက်ဘီးတစ်စီး ဖြင့် ရွာစဉ် လှည့်တတ်သော ဆေးဆရာ (ကျွန်ကတို့ရွာတွေကတော့ ကျောက်ထိုးဆရာ ခေါ်ကြ ပါသည်) ကို အားကိုး ကြရသည်။ တော်ရုံတန်ရုံလောက်တော့ လက်လှမ်းမီရာ ဆေးမြီးတိုဖြင့် ပြီးလိုက်ကြတာ များပါသည်။ ဆေးမြီးတို ဆိုသော်လည်း အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော ရိုးရာအမွေလို ထိန်းသိမ်း ထားကြပါ၏။
“ဟဲ့ … မျက်စိနာသာများအေ၊ ညည်းတို့ခဲယဉ်းနေ၊ ကင်ပွန်းရွက် သတ္တုရည်ကလေးညှစ်ပြီး ကြေးပြား တစ်ပြားစိမ်ပြီး ခတ်လိုက်စမ်းပါလား၊ နင်နေရင် ငါသွားမယ်ပဲ မိုးလင်းလို့ မပျောက်တော့
ငါ့ပြော…”
သည်လို တစ်ယောက်ယောက်က သွားရင်းလာရင်း ဆေးနည်းပေးသည်နှင့် စမ်းသပ်ရန် အဆင် သင့်ဖြစ်ကြပါပြီ။
မျက်စိနာ၊ မျက်စိကျိန်း ကုဆေးနည်းတွေကလည်း များလှပါ၏။ ရွာခရိုးမှာ ပေါက် နေသော ရေသကျည်းရွက် ကို ပွတ်ချေကာ အရည်ကို ခတ်ကြတာလည်း ရှိသည်။ နုနယ်လှသော မျက်လုံးများအတွက် ထွန့်ထွန့်လူး အောင် ခံစားကြရသည်။ သဘာ၀အားဖြင့် ပျောက်သွားတော့ လည်း အားကိုးရာ ဖြစ်ရ တော့သည်။ ၀မ်းကိုက်ချင် သလိုလို၊ ၀မ်းရစ်ချင်သလိုလို ဖြစ်လာလျှင် ထား၀ယ်မှိုင်းရွက် သုတ်စားကြသည်။ ချောင်းဆိုး ပြန်တော့ လျက်ဆားနှင့် ကွမ်းရွက်ပြုတ်ရည် သောက်ကြသည်။ နှာချေ၊ နှာပိတ်တော့ ကင်ပွန်းသီး ကို မီးအုံ၊ နံသာဖြူ နှင့် ရောသွေးကာရသည့် အနှစ်တွေကို နဖူးမှစ၍ နှာခေါင်းက လျှောက်ဆွဲချကြသည်။
နားအူ၊ နားကိုက်လျှင် ကြောင်လျှာသီးသုတ်စားကြသည်။ သန်ကောင်ထိုးလို့ အော်နေရတော့ အေ၀ရာစေ့ ကို စားကြပါ၏။ ခေါင်းအုံဇက်လေးသော် စလောင်းဖုံးထဲ မီးကျီးခဲထည့် အပေါ်က နနွင်းတက်အုံ၊ အူထ လာသော နနွင်းမှိုင်းကို အားရပါးရ ရှုကြသည်။ ခလုတ်တိုက်၊ ဓားရှ ဒဏ်ရာ လောက်ကိုတော့ ဖုတ်သိပ်တာ နှင့် ပျောက်၏။
ယောကျ်ားများ ညောင်းညာကိုက်ခဲလျှင် ရွဲယိုရွက်နှင့် ရုံးပတီးသီးကြော် စားကြသည်။ ငါးရှဥ့် နှင့် ဂွေးသီး ချက်စားကြသည်။ မိန်းမသားများ သဘာ၀ ကိုက်ခဲလျှင်တော့ ထန်းလျက်ခုနစ်လုံး၊ ချင်းခုနှစ်လွှာ၊ စပယ်ခုနှစ်ရွက် ရောကျိုကာ သောက်ကြရုံ သာ။ ၀မ်းဖော၀မ်းယောင် ဖြစ်လျှင် လယ်ပတူရွက်၊ ကနဖော့ရွက်ပြုတ်တို့စားလျှင် ပျောက်ပြီ။
ဒါတွေ စုံစေ့အောင် ရေးပြရလျှင် ကုန်ဖွယ်မရှိ။ ဆရာလွတ်ဆေးနည်းတွေဆိုတော့ ေ၀းေ၀းသွားရှာ စရာ မလိုပါ။ သူ့စည်းရိုး ကိုယ့်စည်းရိုးပေါက်နေတာကို ခူးပြီးစားကြခြင်းဖြစ်၏။ သည်ကြားထဲက မပျောက်လျှင် ရိုးရာများလားအေလို့ အကြံပေးကြတာတွေ ရှိလာတော့သည်။ ငါးရိုးမျက်၊ ခွေးကိုက်၊ ကင်းကိုက်၊ မြွေကိုက်၊ စုန်းကိုက်၊ နတ်ကိုက် ဆိုတာတွေကိုလည်း ကုသနိုင်သူတွေ ရွာတိုင်းမှာရှိ သည်။ ကွမ်းမန်း၊ ထုံးမန်း၊ နနွင်းမန်း၊ ဆီမန်း၊ ရေမန်း၊ သဲမန်း၊ ဆန်မန်း မေတ္တာရိမန်းမှုတ်ပေးကြသူ တွေရှိသည်။ ဆေးလိပ်နှစ်လိပ် လက်ဖက်တစ်ပွဲ နှင့် ကန်တော့ရုံ။
“ဥုံ … ဒင်ကျီးပက်လက် ငါးရိုးမျက် … ထွက်ဆရာထွက် သက်ဆရာသက် … ကြေဆရာကြေ … ပြေဆရာပြေ …
ကျဆရာကျ … “
သည်ဂါထာကို ၃၇ အုပ်မန်း၍သောက် အရိုးကျ၏။ အိမ်တံစက်မြိတ်ကို ရေလက်ပြန်ပက်လျှင်လည်း ငါးအရိုး ကျသည် ဆိုပါ၏။ ကျွန်မတို့ရွာမှာတော့ ဘကြီးမုန်းဆီ ပြေးကြတာများပါသည်။ ဘကြီး မုန်းက သီလမြဲသူ ဆိုတော့ မန်းရုံနှင့် ပျောက်ကင်းမြဲဟု ယုံကြည်ကြပါသည်။ ယုံကြည်ခြင်းသည်ပင် ခွန်အားဖြစ်ရပုံ ပေါ်ပါသည်။ ဘကြီးမုန်းမရှိတော့ သည်အမွေကို အိမ်နီးချင်း ဘဒွေးသောင်က ဆက်ခံလေ၏။ ဘဒွေးသောင် က ငါးရိုးမျက် မန်းပေးရတာကိုပင် သူ့ိကိုယ်သူ သမားတော်ကြီးပုံ ဖမ်းတတ်လို့ ရွာက မလွှဲသာမှ သွားလေ ့ရှိ၏။
“ဟဲ့ … မိသေး၊ ညည်းသားလေး ခွေးကိုက်လို့ဆို ဘသောင်ဆီသွားလိုက်၊ ဘသောင် မန်းတတ် သယ်၊ ဘကြီးမုန်းလက်ကျတော့ မီပါရဲ့အေ၊ ဂိုက်ဆိုက် မကြိုက်သာ”
တစ်ဖက်က ဆေးဆရာဆီလွှတ်၊ တစ်ဖက်ကလည်း ဆေးဆရာကိုေ၀ဖန်။ ဘဒွေးသောင်က ဘကြီးမုန်းနှင့် သားလည်းမတော် တူလည်းမစပ်။ အိမ်နီးချင်းဆိုတော့ ဘကြီးမုန်း၏ ဂါထာ မန္တရား တွေကို ကြားရဖန်များလို့ အလွတ်ရလိုက်သူ ဖြစ်သည်။
သည်လိုနှင့် ကျွန်မတို့ရွာတွေမှာ သမား နောက် ပါသွားသည့် ပညာရယ် လို့မရှိ။ ဘယ်တုံးကမှလည်း မတိမ်ကောခဲ့။ အခုထိလည်း ရှိနေပါသေးသည်။ ခေါင်းကိုက်မန်း၊ အကြောထုံး မန်း၊ ရေယုံမန်း၊ သက်တန့်နာမန်းကအစ အဆိပ် ချ၊ အပင်းချချင်တော့လည်း ဂါထာဆရာ တွေရှိပါသည်။ ဘယ်ရွာမှာတော့ ဘယ်ဆရာကောင်းသတဲ့ ဆိုလျှင် လှေတစ်တန်၊ လှည်းတစ်တန် သွားကြသူ တွေ ဖြစပါ၏။
ရွာကအိမ်တွေမှာ မရှိမဖြစ် လက်သုံးဆေးနှစ်လက် ရှိရပါသည်။ လျက်ဆားနှင့် ပရုတ်ဆီဖြစ်၏။ ချောင်းဆိုး၊ ချွဲကြပ်လျှင်လည်း လျက်ဆား၊ လေနာ ၀မ်းနာလည်း လျက်ဆား၊ အစားမကြေ ရင်ပြည့်ရင်ကယ်လည်း လျက်ဆား၊ လျက်ဆားရှိလျှင် ခေါင်းမခဲကြတော့ အမြဲဆောင်ထားတတ်ကြ ပါသည်။ အမူးအမော် အကြောတင် အကြောတက် ကိုက်ချင်ခဲချင်ကလေး ဖြစ်လာလျှင်တော့ ပရုတ်ဆီတကော်ကော်ကာ ဇက်လူး၊ နားထင်ပွတ်၊ အန့ံကလေးရောက်အောင် ပြင်းပြင်းရှုလိုက် ကြရုံသာ။ သည်ဆေးနှစ်လက်မှာမှ သုံးနေကျ လက်သုံးတံဆိပ်ဆိုပါမှ ဆေးတိုးသည်ထင်ကြ၏။
လျက်ဆားဆို ဘယ်တံဆိပ်မှ၊ ပရုတ်ဆီဆို ကျားဘမ်းပရုတ်ဆီဗူးနီအ၀ိုင်းကလေးမှ စသည်ဖြင့် အစွဲနှင့် သုံးကြလေ့ရှိသည်။ ရွာက ကျွန်မ ဘကြီး၊ ကျွန်မ ကြီးတော်များအတွက် ဆေးလူကြုံပါးရ တိုင်း သည်နှစ်မျိုးကို မပါပါအောင် ပို့ရသည်။ သုံးနေကျ မဟုတ်သော အခြားတံဆိပ်ကို လုံးလုံး လက်မခံကြ။ တံဆိပ်ပြောင်းချင်လို့မခံ။ အထုပ်ဟောင်းနှင့် တိုက်ကြည့်လို့ သံသယဖြစ်လျှင် လက်မခံကြဘဲ ညည်းတို့ ပို့ လိုက်တာ အတုပါအေလို့ ဆိုတတ်ကြပါသည်။
တစ်ခါက ကျွန်မတို့မိသားစု ရွာပြန်တော့ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းများအပြင် စားနေ ကျ ဆေးများပါသည့် ဆေးအိတ်ကလေးပါ ကျွန်မ သယ်သွားခဲ့ရသည်။ ခင်ပွန်းသည်အတွက် သွေး ကျေဆေး၊ ဆီးချိုကျဆေး၊ သမီးအတွက် အားဆေးအပြင် အခြားခရီးသွား လိုရမယ်ရဆေး အမယ် တွေ စုကာ ထည့်လာခဲ့ခြင်း ဖြစ်သည်။ ဆေးကို အလုပ်တစ်ခုလုပ်ပြီး အချိန်နှင့် သောက်နေကြတာ ကို ကြီးတော်က အံ့သြနေပါသည်။ ညဘက်မှာဆေးသောက်ဖို့ ဆေးအိတ်ကို ဖွင့်တော့ ကြီးတော်က မအောင့်နိုင်တော့။
“ညည်းတို့ဆေးတွေက ပွဲစားကို ပဲနမူနာပြရသလိုပါကောအေ၊ လူလေးယောက်ဟာကို၊ ရွာလာ ဆေးကုသယ့် တိရစာၦန်ဆေးကုဆရာရဲ့ ဆေးအိတ်ကျလို့၊ ဆေး, ဆေးနဲ့ သည်လောက်ကြီး ဆေး ၀ယ်သောက် နေရမှတော့ မဟန်ပါဘူးအေ။ ရောဂါမဟုတ်တာကို ရောဂါလုပ်ပြီး ဆေးကို ပဲလှော်ဝါးသလို ဝါးနေကြ သာ အံ့ပါရဲ့။ ညည်းတို့မြို့ကဟာတွေကြောင့် ဆေးဆိုင်တွေ ချမ်းသာ ကြသာ”
ကြီးတော်က ဆိုတော့ ကျွန်မတို့မှာ ရယ်ကြရသည်။
ကြီးတော်ပင် အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နား သီသီ နီးခဲ့ပြီ။ သည်ကနေ့အထိ ကြီးတော် အင်္ဂလိပ်ဆေးတစ်လုံး မထိုးခဲ့ဖူးတာ်လည်း အမှန်ပင်။ တကယ်တော့ ကြီးတော်တို့ရွာမှာ အလွယ်ရနေသော အစားအသောက်များကပင် ဆေးဖက်၀င်နေလို့လား မပြောတတ်ပါ။ ကြီးတော်က ပဲသိမ်းပဲရုပ်လုပ်နိုင်သေးသည်။ မြေးထိန်းနိုင် သေးသည်။ ပုခတ်လွှဲ သီချင်းဆိုနိုင်သေးသည်။ ကျားဘမ်းပရုတ်ဆီကို လက်ဝါးထဲထည့်ပွတ်ပြီး ရှုလိုက်ရလျှင် ကိုးဆယ့်ခြောက်ပါး ပျောက်ကရော ဟု ဆိုပါ၏။
ကျွန်ကတို့ငယ်စဉ်တုန်းကတော့ ရွာမှာ ဆေးဆရာ ဆရာခဆိုသူရှိ၏။ ဆရာခအိမ်ရှေ့က ဖြတ်သွား လျှင်ပင် ပရဆေးနံ့တွေ လှိုင်နေတတ်သည်။ ဆရာခလှမ်းထားတတ်သော စမုံမိျုးငါးပါး၊ ဖာလာ၊ ဇီရာ၊ ကရေ၀း၊ ဇာတိပ္ဖိုလ်သီး၊ လေးညှင်း၊ ရှိန်းခို၊ မုန်ညင်းဆီ၊ နှမ်းဆီ၊ ဆားပုတ်ခဲကအစ၊ ဆီးဖြူသီးခြောက်၊ ချင်းခြောက်၊ ကြွေပုပ်၊ နံ့သာဖြူ၊ နံ့သာနီ၊ ကျောက်ချဉ်၊ ဇ၀က်သာ၊ ယမ်းစိမ်း၊ ငရုတ်ကောင်း၊ လက်ချား၊ ပရုတ်၊ နွယ်ချို စသည့် အမယ်တွေ က အနံ့တွေကြိုင်နေခြင်းဖြစ်၏။
“ငါတို့တော့ သရိုးသရီကလေး ဖြစ်ချင်ရင် ဆရာခ အိမ်ရှေ့လျှောက်သာပဲ။ ဆေးနံ့နဲ့တင် ပျောက် သာ၊ ပရဆေး ဆိုသာများ မြို့က ဆိုင်ထက်များသေး၊ ဆေးဖော်ဖို့ သံဆုံနဲ့ ထောင်းနေရင် မွှေးနေ သာပဲ”
ရွာခရိုး တလျှောက် မှာ ဆေးဖက်၀င်အပင်တွေကလည်း အလေ့ကျပေါက်နေကြတာ များပါဘိ။
ခရာ ပွင့်၊ စူလာနဖာရွက်၊ ရေသကျည်းရွက်၊ မယားကြီးရွက်၊ တောင်ကန်စွန်းရွက်၊ သကြားရေစင်ရွက်၊ ကြဇု၊ ဘုမ္မရာဇာ၊ နွားလျှာကြီးမြစ်၊ ဇီရာ၊ မြင်းသေမြက်၊ ဆီမီးတောက်ဥ၊ နနွင်းဥ၊ တောခတ္တာဥ၊ နန်းလုံးကြိုင်မြစ်၊ ပန်းညိုရွက်၊ ကြိတ်မှန်ရွက်၊ ပဒိုင်းနက်မြစ်၊ ဥသျှစ်မြစ်၊ သခွမြစ်၊ ယမနေ၊ ထိန်ခေါက်၊ ရေသဖန်းခေါက်၊ ညောင်ခေါက်၊ မန်ကျည်းပင်နီခေါက်၊ သနပ်ခါးမြစ်၊ ကြက်သဟင်း မြစ်။ ရွာမှာအကုန်ရှိသည်။
သစ်သီးဓာတ်စာအတွက်လည်း မပူရပါ။ သငေ်္ဘာသီး၊ ကျောက်ဖရုံသီး၊ သံပုရာသီး၊ ရှောက်သီး၊ ဖီးကြမ်း ငှက်ပျောသီး ဆိုတာ အိမ်တိုင်းမှာရှိသည်။ မရှိလို့လည်း ငွေပေး၀ယ်စရာ မလို။ ရွာထဲ လူမမာရှိလျှင် တစ်ရွာလုံး က ခေါင်းပေါင်းတစ်ဖက်တင်ကာ လူမမာမေး သွားကြတာကလည်း ချစ်စရာဓလေ့ဆိုရမလား၊ လူမမာ က ပက်လက်က အမြုပ်ထွက်အောင် ဖြစ်ကြောင်းကုန်စင် ပြောပါရော။ လူမမာမေးကလည်း လူနာက ဖြေမှအားရသလို လူနာကလည်း သူကိုယ်တိုင် ပြောလိုက်ရမှ ရောဂါစင်သည် အောက်မေ့ကြ သည်။
အကြေင်းကြောင်းကြောင့် အေ၀းမှာ ရောက်နေကြသော်လည်းရွာပြန်မီးဖွားတတ်ကြတာ ရွာဓလေ့ ဖြစ်သည်။ ရွာမှာက မိကြီးဖကြီးဒွေးကြီး ဒွေးလေးတို့ ရှိကြတော့ အားကိုးရသည်။ အတွေ့အကြုံရင့် သော လက်သည်ကြီးတွေလည်း ရှိသည်။ အဖိတ်အစင် မရှိ။ သူနာပြုငှားစရာ မလို။ အထူးသဖြင့် မီးနေသည် ကို ဆွေဆွေမျိုးမျိုးတွေ များလွန်းလို့ပင် ခက်ရသည်။ နို့မထွက်မှာလည်း ပူစရာ မလို။ မိခင် နို့သက်စေ သည့် ဟင်းရွက်တွေကို ငရုတ်ကောင်းနိုင်နိုင်နှင့် ကျိုကာ တစ်အိမ်တစ်ခွက် လာပို့ကြတော့ “သူ့လင်စို့ တော့ မကုန်တည်း” ဆိုရမလောက်ပင်။ သားသည် အမေ မီးနေခန်းအောင်းနေစဉ် ကာလတစ်လျှောက် လုံး ရွာက ပျိုပျိုအိုအို မိန်းမရွယ်တွေက ညအိပ်ညဥ့်နေ လာအိပ်စောင့်ပေးကြသည်။ မီးနေသည်ရှိသည့် အိမ်ရှေ့ ဖြတ်လျှောက် လျှင်ပင် နနွင့်နံ့တွေ ထောင်းကနဲ ရနေတတ်ပါ၏။
ကျွန်မ သမီးကလေးကို ဆေးရုံမှာမွေးတာ ဆိုပေမယ့် အိမ်ရောက်သည်နှင့် အမေက ပျားရည်နှင့် နနွင်း ရောကာ လုံးထားသော အလုံးကလေးများနှင့် နနွင်းတစ်ပုလင်းဖျော်ကာ မ၀င်၀င်အောင် တိုက်တော့ သည်။ ဆေးရုံပေါ်မှာ မသောက်ခဲ့မှန်းသိလို့ တိုက်ခြင်း ဖြစ်၏။ နနွင်းဖျော်တိုက်ရုံတင်မကပါ။ ကျွန်မ တစ်ကိုယ်လုံး နနွင်း တွေ ပျစ်နေအောင် လိမ်းပေးသည်။ နနွင်းလုံးတွေ မျိုရသည်။
“ညည်းတို့မြို့သာ ဗိုက်ကို ဓားနဲ့ခွဲမွေးသာပါအေ၊ တို့တောဖြင့် ဘယ်သူ့ဗိုက်မှ ခွဲမွေးရသယ် မရှိပေါင် တော်၊ တစ်သက်လုံး သည်လိုမွေးကြသာ၊ သားသည် မအေများ နနွင်းတစ်ပိဿာ ၀မ်းထဲမ၀င်လို့ကို မဖြစ်သာ”
အမေကိုယ်တိုင်က သားသမီးခြောက်ယောက် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ မွေးကာနီးဖွားကာနီး သား သမီး မီးဖွားဖို့ အခက်ကြုံနေလျှင် သစ်ကျွတ်စကို ဆံထုံးမှာ စိုက်ကြသည်။ သစ်ကျွတ်စ ဆိုသည်မှာ သစ်ပင် ခုတ်လှဲရာ မှ သစ်ပင်ကျိုးပြီး ကျန်ရစ်ခဲ့သော သစ်မိသားစု အချွန်ကလေးကို ခေါ်ခြင်း ဖြစ်သည်။ ပေါက်ပန်းဖြူ ခုနှစ်ရွက်ကို ဘယ်လက်ဖြင့် ဆုတ်ခိုင်းထားစေခြင်းဖြင့် မွေးရဖွားရလွယ်သည်ဟု အယူရှိ ကြသည်။ ဆီးမီးတောက်ဥဖြင့် ဗိုက်ကို ညာရစ် ကိုးရစ် ရစ်ပေးသည်။ မွေးဖွားပြီးလျှင် ဘယ်ရစ် ကိုးရစ် ရစ်ကာ ပြန်ဖြေရသည်ဆိုပါ၏။
တချို့ မီးဖွားရခက်သူ အမျိုးသမီးများကို လင်ယောကျ်ား၏ လက်ဆေး ရေ၊ ခြေဆေးရေ အသောက်ခိုင်းကြသည်လည်း ရှိ၏။ ကိုယ်၀န်ဆောင်ပါပြီဆိုကတည်းက မွေးဖွားပြီး သည်အထိ စိတ်အား လက်အား ရှိတိုင်း အင်္ဂုလိမာလသုတ်တော်ကို နှုတ်မှ တဖွဖွ ရွတ်နေစေသည်။
“ဆေးကြီးဝါးကြီး မလိုခဲ့ပေါင်အေ၊ တောသူတောင်သား သဘာ၀ ငါတို့တောမှာရှိတဲ့ ပစ္စည်းနဲ့ ပြီးရတာပါ။ အဓိကကတော့ ကိုယ်တိုင်က ပျောက်ကင်းချမ်းသာချင်တဲ့စိတ်နဲ့ ယုံကြည်အားထားတဲ့စိတ် ရှိကြသာကိုး၊ မေတ္တာ တွေလည်း ပါမှာပေါ့၊ တောသီးတောစာနဲ့ လေကောင်းလေသန့်နဲ့ လှုပ်လှုပ်ရှားရှား ရှိကြသာနဲ့ ကျန်းမာ နေကြတာပဲ”
အမေ ပြောသလို ဖြစ်ပါလိမ့်မည်။ ရွာကို အလည်အပတ် ရောက်သခိုက် ကြုံရသည့် အဖြစ်ကိုလည်း သတိရ မိပါသည်။
ရွာက ကျွန်မတူ ၀မ်းကွဲကလေးတစ်ယောက် သစ်ပင်ပေါ်က လိမ့်ကျသည်။ လက်ကျိုးသွားမှန်းသိကြလို့ ကျွန်မ က မြင်ခြံဆေးရုံသွားကြဖို့ တိုက်တွန်းသော်လည်း မသွားကြ။ ကလေးလက်ကို သစ်သားပေတံ လောက် ရှိသည့် ဝါးခြမ်းပြားအကြောမာမာ နှစ်ချောင်းကပ်၍ စည်းနှောင်ကာ ဆပ်သွားဖူးရွက်၊ ဆပ်သွားဖူးမြစ် ကို အရည်ကြိတ်၍ အစက်ချပေးလျှင် ပျောက်သည်ဟုပြောလို့ ကျွန်မမှာ အံ့သြနေရပါ သည်။ နောက်တစ်ခေါက် ရွာကိုပြန်တော့ လက်ကလေး နည်းနည်းကောက်နေတာက လွဲ၍ ရေခပ်၊ မြက်ရိတ်၊ ထင်းကောက် လုပ်နိုင်သည်အထိ အကောင်းပကတိ ဖြစ်နေလေပြီ။
တချို့ ကလည်း လောကျမ်း ကို လက်ကိုင်ထားကြတုံး ဖြစ်၏။
ခေါင်းခဲသော်အခံ မခက်လော၊ မန်ကျည်းမှည့်ကို ဆားနှင့်ဖျော်၍ ရှူသော် မပျောက်လော။ အနာပေါက် သော် အခံမခက်လော၊ ထန်းလျက်ကိုစားသော် မပျောက်လော။ နှာစေးသော် မခက်လော၊ ရေနံကို ရှူ သော် မပျောက်လော ဆိုသည့် နည်းများကို ယုံကြည်လိုက်နာ သုံးစွဲနေကြဆဲပင်။
“ဆေးမယူ ကောင်းသဲ့ နေရာရယ်လို့တော့ ရှိသာပေါ့အေ။ နတ်ကွန်းမှာ ပေါက်တဲ့ဆေးပင်၊ တောင်ပို့မှာ ပေါက်တဲ့ ဆေးပင်၊ ကျင်းထဲပေါက်တဲ့ဆေးပင်၊ လမ်းခရီးမှာ ပေါက်တဲ့ဆေးပင်၊ ရေမှာပေါက်တဲ့ဆေးပင်၊ မီးလောင် ထားတဲ့ ဆေးပင်၊ ပိုးကျတဲ့ ဆေးပင်တွေတော့ ရှောင်ရသယ်။ ကျန်သာတော့ နတ်လိုလား၊ ဓာတ် လိုလား ကြည့်ပြီး သည်လိုကုသကြရသာပါပဲ။
ပျောက်လည်းပျောက်သယ်လို့ပဲ ပြောရမှာပေါ့အေ”
ကျွန်မ ဘကြီးဘိုးစံ ပြောသလိုပင်။ အခုတော့လည်း ခေတ်မီဆေးဝါးတွေ သုံးစပြုလာကြပြီ။ တကယ့် ဆရာ၀န် လား၊ ရမ်းကု လား နားလည်လာကြပါပြီ။ မြို့နှင့် အသွားအလာများလာတော့ အသိဗဟုသုတ တွေလည်း ရနေကြပါပြီ။ ဆေးရုံဆေးခန်း ပြေးရမှန်း သိလာကြပြီ။ သည့်အတွက်တော့ ၀မ်းသာရပါသည်။
သို့သော် ဆေးမြီးတိုကလေးတွေကတော့ ပျောက်ပျက်တိမ်ကောသွားဖွယ် မမြင်ပါ။ သုံးသူတွေက သုံးကြ တုန်း။ ပျောက်သူတွေလည်း ပျောက်ကြတုန်း။ ရောဂါခပ်သိမ်း ငြိမ်းကြပါစေ။
📖📖📖
ခင်ခင်ထူး

Leave a Reply

Your email address will not be published. Required fields are marked *