August 1, 2025
Uncategorized

ဇာတ်ကြောင်းပြန်

မောင်နီဆန်း(ရေစကြို)
ဇာတ်ကြောင်းပြန်

(၁)

ပွဲတော်ရက်က တော်တော်လိုသေးသည်။

ပွဲအကြောင်း၊ ဇာတ်အကြောင်း၊ သဘင်အကြောင်းက တမြို့လုံး မိုးမွန်နေချေပြီ။ နေရာတကာမှာပင် ဇာတ်ပွဲအကြောင်းက နေရာယူနေတော့၏။

ကံထရိုက်ကလည်း လျင်သည်။

ရပ်ကွက်အစုံ၊ လမ်းဘေးအစုံ၊ ဈေးဆိုင်အစုံ၊ နေရာ အစုံစုံမှာ ဇာတ်ပွဲပိုစတာတွေက ရှောင်မလွတ်တော့။ ဆိုက်ကားဘော်ဒီဘေး၊ မြင်းလှည်းဘော်ဒီဘေးမှသည် မော်တော်ကားဘော်ဒီဘေးအထိ ယာဉ်ရထားအစုံစုံမှာလည်း ဇာတ်ကြော်ငြာတွေက အနှံ့။

မမြင်ချင်အဆုံး၊ မကြည့်ချင်အဆုံး။

ဇာတ်သတင်းကလည်း မကြားချင်အဆုံး။

“ပွဲတော်ကို လာခဲ့ကြအုံးနော်၊ ဇာတ်က နာမည်ကြီးတဲ့တော်၊ ဒါထက် ပွဲမီ အထည်ချုပ်သွားအုံးလေ”

ဈေးထဲမှ ဈေးသည်တွေကလည်း ဇာတ်စကားနှင့်ပင် ဈေးခေါ်နေကြ၏။ ဆေးလိပ်ခုံတွေက ဆေးလိပ်သမတွေ၏ ပါးစပ်ဖျားမှာလည်း မြိုင်ထအကြောင်း၊ နှစ်ပါးသွားအကြောင်း၊ မင်းသား ရုပ်ချောသည့်အကြောင်းတို့က ဖုံးလွှမ်းကာ ချိုမြိန်မှုအရသာ တွေ့နေကြသည်။

“သုံးညစာ ဖျာကုန်ပြီတဲ့ကွာ၊ လွန်ပါတယ်”

“လွန်ဆို မင်းသားက စူပါစတားကိုးကွ”

ဆိုက်အရွယ် အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုး၊ အရောင် အမျိုးမျိုး၊ စာတန်းအမျိုးမျိုးသော စက္ကူကြော်ငြာတွေသာမက ပါးစပ်ကြော်ငြာတွေကလည်း ထုတ်ပြန်လိုက်သေးသည်။

ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လောလောဆယ်မှာတော့ ဇာတ်အကြောင်း ပွဲအကြောင်း ပြောနေရသည်ကပင် အလုပ်တခု ဖြစ်နေကြ၏။ သည်အကြောင်း ပြောနေရလျှင်ပင် ခံတွင်းတွေ့နေသလိုလို။ အာရွှင်ကြပါဘိတောင်း။

သူတကာထက် ပို၍ မင်းသား မင်းသမီးတို့၏ ထင်ကြေးအတ္ထုပ္ပတ္တိ လုပ်ကြံနောက်ခံသမိုင်း ကြောင်းတို့ကို လက်ဖက်ရည်ဆိုင်လို လူစုံစုံ နေရာမျိုးမှာ အာဘောင်အာရင်းသန်သန် ပြောနိုင်သူဆိုလျှင် သူပင် စူပါစတား ဖြစ်နေပြန်သည်။

ဇာတ်သတင်းသည် မြို့လုံးအနှံ့ အိမ်ပေါက်စေ့လည် ၍လည်း အားမရသေး။ တောရွာ ဇနပုဒ်များသို့ပင် ခြေဆန့်သွားပြန်ချေပြီ။

လယ်ထဲ၊ ယာထဲ၊ တောဆီ၊ တောင်ထဲမှာ ပင်ပင်ပန်းပန်း လုပ်ငန်းဝင်နေကြသည့် ကျေးလက် တောင်သူ မိလက္ခူတို့ထံ ဇာတ်သတင်းလည်ပတ်ရာတွင်မူ စတိတ်ရှိုး၊ ဆက်တင်၊ ဒိုင်ယာလော့ စသည့် ဝေါဟာရတို့ ခါးပြတ်၍ ကျန်ခဲ့ရှာသည်။

“သည်နှစ်နောက်ပိုင်းမင်းသားကတော့ အငိုကောင်း အဟဲကောင်းတဲ့ ကိုဟဝှာရေ”

“ခုခေတ် မင်းသားတွေ ဘယ်လောက်ကောင်းကောင်း ဟိုတုန်းက ဖိုးစိန်ကြီးတို့ ရွှေမန်းတို့ကို မမီတော့ပါဘူးကွာ”

ပွဲတော်ရက် နီးလာလေလေ ဇာတ်သဘင်အကြောင်း က ဒီရေပမာ တိုးပွားလာလေလေ။

(၂)

“ဟေ့ မိမှေး သည်ည ငါတို့ ပွဲကြည့်ကြမှာ။ ညည်းရော တို့နဲ့ လိုက်ခဲ့ပါလား”

ပွဲတော်မှာ ဇာတ်ဝင်သည့် ညနေပိုင်းတွင် တောင်ဘက်အိမ်က ညိုအိက မိမှေးကို ပွဲကြည့်အဖော် ညှိလာသည်။ ငိုချင်လျက်လက်တို့ ဖြစ်သွားရသည်။ မိမှေး ရူးချင်စိတ်ပင် ပေါက်သွားမတတ် စိတ်ညစ်သွား၏။

“ဘယ်ဖြစ်ပါ့မလဲ ကောင်မရယ်၊ မမကြီးတို့ကလဲ ညည်းတို့နဲ ထည့်မှာမဟုတ်ပါဘူးအေ”

“အေးဟယ် နင်တို့မမကြီးကလဲ တမျိုးကြီးပဲ။ ပွဲမကြိုက်ရဘူး ရယ်လို့၊ ငါဖြင့် ကြားပဲ မကြားဖူးပေါင်”

မိမှေး ဘာမျှ ပြန်မပြောမိ။

“သည်လိုကျပြန်တော့လဲ တို့မမကြီးက တော်ပြန်ရောဟ။ ပွဲရှိယင် မလွတ်တမ်းကြည့်တာ”

မိမှေးလည်း ညိုအိစကားကြောင့် အားကျမခံ ပြန်၍ ပြောဖြစ်သေး၏။

“သိဘူးအေ တို့ မမကြီးလဲ တစ်ညတလေ​တော့ ကြည့်ချင် ကြည့်အုံးမှာပါ”

ပြောသာ ပြောလိုက်ရသော်လည်း မိမှေး စိတ်ကမူ တယ်ပြီးမထင်လှ။ သည်အိမ်ကို မိမှေးရောက်ခဲ့သည်မှာ အခါလည်တော့မည်။ တခါမျှ ပွဲဟူ၍ မကြည့်ခဲ့ရ။ မြို့ပေါ် မှာ ဗလာဇာတ်ပွဲ၊ အငြိမ့်ပွဲတွေ အလျှိုအလျှို ပေါလှသည်။ ပွဲကြည့်ဖို့ နေနေသာသာ ဇာတ်ခုံနားကိုပင် သီခွင့်မပြု။

မိမှေးသာမဟုတ်။ မမကြီးတို့ မိသားစုသည်လည်း တခါမျှ ပွဲမကြည့်ကြ။

ဆိုင်းသံ ဗုံသံကြောင့် ကလေးတွေ ပူဆာလွန်းလျှင် တစ်ခါတလေ ပွဲကရာဆီ ရောက်ဖြစ်ကြသည်။ ပွဲ ဈေးလျှောက်ရုံ၊ ပွဲဈေးစားရုံ သက်သက်မျှသာ။

ကလေးတွေကို ခေါက်ဆွဲ၊ ထပ်တစ်ရာ စားစရာတစ်ခုခုကိုကျွေးကာ ချော့မော့ပီး ပွဲမထွက်ခင် အိမ်ပြန်လာခဲ့သည်ချည်းပင်။

မင်းသမီး မင်းသား ကသည်ဆိုသည်ကို ကြည့်ချင် မြင်ချင်လှသော်လည်း မိမှေးတစ်ယောက် မမကြီးတို့နောက်က လိုက်ခဲ့ရသည်သာ။ ကလေးချီလျက်က ဇာတ်ခုံဘက် လည်တပြန်ပြန်နှင့်။

ရွာမှာတုန်းက အငြိမ့်ပွဲ ဇာတ်ပွဲရှိလျှင် မိမှေးတို့က ထိပ်ဆုံးကပင်။ ညနေမစောင်းခင်ကပင် ဇာတ်ခုံရှေ့မှာ ယောင်ပေပေနှင့် နေပစ်လိုက်သည်။ ထမင်းဟင်းကိုပင် အမှတ်မရ။ အိပ်ချင်လာလျှင် ပွဲခင်းထဲမှာ အိမ်လိုက်ရုံ။ ပတ်စာခွာ ဖျာသိမ်းမှ မိမှေး ပွဲခင်းက ပြန်သည်။

မိမှေး ဘာမျှပူရမှန်း မသိ။ မိမှေးတို့လို အဖော်အပေါင်းအသင်းတွေ တပြုံတခေါင်း။

xxx xxx xxx

“ဟင်း … သူပဲပြောတော့ မိုးလားကဲလား၊ အလကား အပလီမကြီး”

ပွဲနှင့်ပတ်သက်လာတိုင်း မိမှေး နှလုံးနာမိသည်။ မမကြီးတို့အိမ်ကို ပို့ပေးသော ရွာက ဒေါ်ဖွားညွန့် ကြီးကို ဖြစ်သည်။

“မိမှေးရဲ့၊ မြို့ဆိုတာ ညည်းကြိုက်တဲ့ပွဲတွေ လမ်းတွေက ပြတ်တာမဟုတ်ဘူး။ နောက်တော့ ညည်း ရွာကိုတောင် ပြန်ချင်မှာမဟုတ်ပါဘူး”

အမေ နားချစဉ်က မလှုပ်ခဲ့သော မိမှေးသည် ပွဲတွေပေါသည်ဆိုရုံနှင့် ခေါင်းညိတ်ချင်လာသည်။

“ဟိုရောက်ယင် ညည်း ကလေးထိန်းရုံသက်သက်ပဲရယ်၊ ညည်းအမေနဲ့ နေရတာကမှ ထင်းခွေရ၊ ရေခပ်ရန် ပင်ပန်းသေးတယ်။ စိတ်ကူးမလွဲနဲ့ ငါ့တူမ။ ကြီးတော်က ကောင်းစေချင်လို့ ပြောတာ”

“ဘာ ကောင်းစေချင်တာတုံး၊ ဟင်း ဒီမှာဖြင့် လုပ်လိုက်ရတာ ဖတ်ဖတ်ကိုမောလို့”

“ဟဲ့ကောင်မရဲ့ ဘာဖြစ်နေတာတုံး၊ နင့်မျက်နှာကြီးကလဲ ရှစ်ခေါက်ချိုးနဲ့၊ ကဲ ငါပြန်မယ်၊ သနပ်ခါးလူးရအုံးမှာ”

ပြောပြောဆိုဆို ညိုအိက လှည့် ပြန်သွားသည်။ မိမွှေးမှာမူ ဘဝင်က မကျသေး။ ပွဲတော်ကွင်းဆီမှ
တအုန်းအုန်း တရုန်းရုန်းနှင့် လူသံ သူသံများက မိမှေး၏ နားဝသို့ ကလိနေလေ၏။

ပွဲမက်လှသော မိမှေးသည် သူမမြင်ဖူးသော ရုံပွဲကို စိတ်ကူးပုံဖော်နေမိသည်။

“ဟဲ့ မိမှေး ဘာငေးနေတာတုံး၊ အိုးခွက်တွေ ဆေး တော့လေ”

“ဟုတ်ကဲ့ မင်းသမီး … အဲ မမကြီး”

“ဒေါက်”

မိမှေးငယ်ထိပ်သို့ မမကြီး လက်ဆစ်ကလေးများက ဒေါက်ကနဲ ခေါက်ပစ်လိုက်သည်။ မိမှေး အယောင်ကောင်းလိုက်ပုံမှာ ငယ်ထိပ် မရောင်ရုံတမည်ပင်။

မင်းသမီး အခေါ်ခံရ၍ မမကြီး စိတ်တိုသွားသည်။

xxx xxx xxx

မိမှေး အလိုလို စိတ်တိုနေသည်။

“ကောင်မတော့လား၊ တွေ့မှကို ဆွဲဆောင့်ပစ်လိုက်မယ်”

နံနက်စာ စားပြီးသား ပန်းကန်များကို ဆေးယင်း ကြောယင်း တောင်ဘက်အိမ်ဆီသို့ လှမ်းမျှော် ကြည့်ရသည်မှာလည်း အမော။

“တကယ်ဆို ပွဲကောင်းကြောင်းလေးတော့ လာပြောဖို့ကောင်းတယ်။ ဇာတ်ကြောင်းမပြန်ချင် နေပေါ့”

မိမှေးကသာ ညိုအိကို တမ်းတနေသည်။ ညိုအိနှင့်တူသည့် အရိပ်အရောင်ပင် မမြင်။

“ပွဲလေးတစ်ညကြည့်ရခါရှိသေး စိတ်ကြီးဝင်ပြီး မခေါ်ချင် မပြောချင်နဲ့ အသားထည့်နေမှာပေါ့လေ၊ကောင်မက”

ပန်းကန်မှာကပ်နေသော ဟင်းဆီ ဟင်းညှိများကို အဝတ်စုတ်ဖြင့် ချေဖျက်နေရသော်လည်း မိမှေး စိတ်ကမူ ညိုအိအပေါ် အခဲမကျေ။

မနက်လင်းကတည်းက တောက်တိုမည်ရ အလုပ်လုပ်ယင်း ညိုအိကို မျှော်၏။ မပေါ်လာ။

ကလေးထိန်းယင်း ချောင်းမြောင်းကြည့်မိသေး၏။ ပြူစိပင် ထိုးဖော်မရ။ ယခုနေ့လယ် ထမင်းစားပြီးသည့်တိုင် ညိုအိတယောက် မပေါက်လာ။ မိမှေးစိတ်က ခံပြင်းလှပြီ။

“ပွဲကြည့်ရတာများအေ … ဝတာမှတ်လို့”

“ကနေ့ည ပွဲကြည့်ရမှာတဲ့ဟေ့ ။ ဒါမှ တို့ဖေဖေကွ… တို့ဖေဖေ။ ဖြောင်း….၊ဖြောင်း….၊ဖြောင်း…”

လက်ခုပ်သံနှင့်အတူ အကြါ်ကောင် ချမ်းမြေ့ အောင်၏ အားရဝမ်းသာ အော်ဟစ်သံက အိမ်ရှေ့ လက်ဖက်ရည်စားပွဲဆီမှ ဟိန်းထွက်လာသည်။

မိမှေး ကပျာကယာ ထသည်။ အိမ်ရှေ့ခန်းအနီး တံခါးမနားသို့ ကသောကမျောပြေး၏။ ခန်းဆီးစကို ကွယ်၍ ကပိုကရို ရပ်လိုက်သည်။ နားနှစ်ဘက်က စွင့်လျက်။

“ဒါဆိုလဲ နေရာကောင်းရအောင် ခုကထဲက ဖျာလက်မှတ် သွားယူထားလိုက်ပေါ့ အဖေ”

“အေးပါကွာ ဖျာအတွက် မပူစမ်းပါနဲ့ ။ လက်မှတ်ရောင်းတာက ငါ့ကောင်လေးတွေပါ”

မိမှေး အလုံးဆို့မတတ် ဝမ်းသာသွားသည်။ လက်နှစ်ဘက်ကို ရင်ဝသို့ ကယောင်ကတမ်း ဖိကပ်လိုက်မိ၏။ ရင်ထဲမှာ စိမ့်ကနဲ အေးသွားသည်။

အသေအချာကြည့်မှ လက်ထဲမှာ ပန်းကန်ဆေးကြောစဉ်က ပါခဲ့သော အဝတ်စုတ်အစို တထွေး တလုံးကို တွေ့ရ၏။

ကျန်ရှိနေသေးသော ထမင်း ဟင်းအိုး အချို့ကို ကသုတ်ကရက် ခပ်သွက်သွက် ဆေးနေမိသည်။ မိမှေးသည် စိတ်ထဲမှ ကလဲ့စားချေလိုက်သေး၏။

““ရှင်ညိုအိရေ မနက်ဖြန်ခါကျတော့ ပွဲကြောင်း လာမမေးနဲ့။ ဟွန်း … မပြောရေးချ မပြော”

လမ်းမပေါ် ဇာတ်ကြော်ငြာလှည့်သော မော်တော်ကားဆီမှ စပီကာသံက မိမှေးနားဝဆီသို့ ကရောသောပါး ရောက်လာပြန်သည်။ မိမှေးမျက်နှာ ရွှန်းလက်သွား၏။

“နယုန်လ ဘုရားပွဲတော်ကွင်း အောင်မင်္ဂလာရုံတော်ကြီး ယနေ့ညကပြမယ့် အစီအစဉ်များမှာ အော်ပရ … “

ကြော်ငြာမော်တော်ကားသည် မြန်လွန်းလှသည်။ ကြေငြာသံကား ဝေးသွားကာ ထွေး၍ ဝါးသွားတော့သည်။ မိမှေး နားမလည် လိုက်ချေ။

xxx xxx xxx

ဇာတ်ရုံရှေ့ရှိ လူအုပ်ကြီးက တထွေးတလုံး တရုန်းရုန်း။ အငယ်ကောင် စမ်းမြေ့အောင်ကို ခါးထစ်ခွင်ချီလျက်နှင့် မိမှေးသည် မမကြီးနောက်က ကပ်လိုက် နေရသည်။ မမကြီးခမျာမှာလည်း သမီးငယ် ဧရာအောင်ကတဘက်၊ သင်ဖြူးလိပ်က တဘက်နှင့် ကိုကိုကြီးနောက်က ကပ်လိုက်လျက်။

ပလတ်စတစ်ခြင်းကို လက်ကဆွဲကာ သားကြီးချမ်းမြေ့အောင်ကို ကုန်းပိုးယင်း ရှေ့ဆုံးမှလူအုပ်ထဲ တိုးနေရသောကိုကိုကြီးမှာ ရုံဝင်ဝအရောက် ယက်ကန် ယက်ကန် ဖြစ်နေပြန်သည်။

မိမှေးမှာ နောက်ဆုံးမှနေ၍ ဘယ်ယိမ်း ညာယိမ်း ကတိမ်းကပါး ဖြစ်နေ၏။ ရွာမှာရွှေစွန်ညိုကစားခဲ့ စဉ်က မထွေး လုပ်ခဲ့ရသည်ကိုပင် အမှတ်ရလိုက်သေးတော့။

ရုံကြီးထဲရောက်သည့်တိုင် မိမှေးခမျာ မထွေးဘဝကမကျွတ်သေး။ မင်းလမ်းတလျှောက် တန်းစီတိုးရာ မှာ နောက်ကတွဲလဲ။

ရုံထဲရှိဖျာကြမ်းပေါ်မှာ သင်ဖြူးအငယ်လေး ထပ်ခင်းပြီး နေသားတကျ ထိုင်စရာရမှ မိမှေးပျော်သွား တော့၏။

ဇာတ်ခုံပေါ်မှ ပြည်ဖုံးကားကြီးမှာလည်း ပြိုးပြိုးပြက်ပြက် အရောင်တလက်လက်။

ဇာတ်ရုံကြီးတခုလုံး လူတွေက အပြည့်။ ထိုင်သူ၊ ထသူ၊ သွားသူ၊ လာသူတွေနှင့် တရုံလုံး လှုပ်လှုပ်ရွရွ ဖြစ်နေသည်။

ရွာမှာ ဗလာပွဲသာ ကြည့်ခဲ့ရသော မိမှေးအဖို့ အထူးအဆန်းတွေချည်း ဖြစ်နေ၏။

မိမှေးတယောက် ကျီးကန်းတောင်းမှောက် တောင် ကြည့် မြောက်ကြည့် ကြည့်၍မှ အားမရသေး။ဇာတ်ခုံကြီး၏ ဘေးတဘက်မှ ဂေါ်ဂီ,ဂေါ်ဂီ အသံများ ထွက်ပေါ် လာသည်။ လက်ခုပ်တီးသံ တဖြောင်းဖြောင်း။ လက်ခေါက်ထိုးသံ တရွှီရွှီ။

ဘာတွေ တီးကြမှုတ်ကြသည်ဟု မိမှေးမသိ။ ဆိုင်းဝိုင်းထဲကလူတွေက ငြိမ်ချက်သားကောင်းနေသည်ကို လည်း မိမှေး ဘဝင်မကျလှ။

သို့သော်မျက်စိကမူ မျက်တောင်ပင် မခတ်မိ။

မမကြီး၏ ရင်ခွင်ထဲမှ ဧရာအောင်က ကော့ထိုးကာ ငိုလိုက်မှ မိမှေး လန့်ဖျပ်ပြီး မျက်တောင်ခတ်မိတော့ သည်။

ဧရာအောင်၏ ပါးစပ်ထဲကို မမကြီးက နို့ခွံ့သည်။ နှုတ်မှလည်း ကျွတ်,ကျွတ်နှင့် ချော့သည်။ ဘယ်လိုမှမရ။လူးလွန့်ပြီး ငိုသည်။

ကိုကိုကြီးက ယပ်ခတ်ပေးမှ ငိုသံရှဲသွားသလိုလို ရှိလာ၏။ ခဏလေးသာ၊ တကျော့ပြန်၍ ငိုလိုက်သော အခါ ပို၍အသံကျယ်လာ၏။

“အိုက်လို့ ထင်ပါတယ် ခင်မမရာ။ အပြင်ထွက်ပြီး ခဏ လမ်းလျှောက်လိုက်ရအောင်ပါ”

“ဒီကလေးတွေချည်း ပစ်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ အဖေကြီးရဲ့”

“ဒါဆို ခင်မမနဲ့ မိမှေး ထွက်လိုက်ကြကွာ၊ ကလေးအိပ်မှ ပြန်ခဲ့ကြ။ ဘေးလူတွေ အားနာဖို့ကောင်းတယ်”

“ကောင်းသားပဲ”

ကလေးကိုပွေ့ကာ မမကြီး ရုံပြင်ထွက်သောအခါ မိမှေး အဖော်လိုက်ခဲ့ရသည်။ ဇာတ်ရုံအပြင် ရောက်ဖို့ တော်တော်ကြိုးစားရသည်။ ကျော်လိုက် လွှားလိုက်၊ တိုးလိုက် တိုက်လိုက်နှင့် လူပေါင်းများစွာ နှင့် ထိတွေ့ရ၏။

တကယ်တော့ အဝင် အထွက် လွယ်သည်မဟုတ်။ ရွာမှာတုန်းကလို ဗလာဇာတ်ပွဲ ကွင်းပြင်ကြီးနှင့်တော့ မတူ။ စိတ်အိုက် လူအိုက် နိုင်လှသည်။

ရုံရှေ့မှာ လူအုပ်ကြီးက တပြုံတခေါင်း ရှိသေးသည်။ စားသောက်စရာ ဈေးတန်းကြီးက တမျှော်တခေါ်။

မမကြီးသည် လူရှင်းရာကွင်းစပ်နားထိ သွားသည့်အတွက် ပြင်ပလေကလေးကြောင့် မိမှေး အသက်ရှူ ချောင်သလိုလို။ ကလေးလည်း ငိုသံမကြားရတော့။ကလေးကို ပွတ်ကာ ချော့ကာနှင့် မမကြီးတယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။ မိမှေးလည်း နောက်က တကောက်ကောက်။

ကလေးအိပ်၍ အတော်ကြာမျှ မမကြီး ရုံထဲကို ပြန်ဝင်သည်။

“ကန်တော့နော် … ကန်တော့”

“တဆိတ်ကလေး”

ပါးစပ်မှလည်း တောင်းတောင်းပန်ပန်နှင့် ရင်ခွင်မှာလည်း ကလေးပွေ့လျက်မို့ ယို့ယို့လေးဖြင့် လူကြား တိုးနေရသော မမကြီးကို နောက်ကလိုက်ယင်း ကြည့်နေရသည့် မိမှေးမှာ သနားစိတ်ပင် ဝင် လာသေးသည်။

ဖျာပေါ်ရောက်သည်နှင့် မမကြီးထံမှ ရှူးကနဲ သက်ပြင်းချသံ ထွက်လာသည်။

“မေမေ သား အီးအီး ပါချင်လို့”

အကြီးကောင် ချမ်းမြေ့အောင်၏ ညည်းညူသံကြောင့် မမကြီး စိတ်တိုသွား၏။

“လုပ်ပြီ အစားတွေပေါက်ပန်းဈေး စားပြီး ငါမပြောလိုက်ချင်ဘူး””

“အိုကွာ ကလေးပဲ စားမှာပေါ့၊ ခင်မမကလဲ။ ကဲ မိမှေး ချမ်းချမ်းကို အပြင်လိုက်ပို့လိုက်အုံး””

တာဝန်က မိမှေးခေါင်းပေါ် ရောက်လာပြန်သည်။ မိမှေး လျှာရှည်လိုက်သေး၏။

“ဖိုးချမ်း ရှူးရှူးပေါက်မှာဆို ရုံအစပ်တင် သွားရအောင်နော်”

“အီးအီး ပါချင်တာပါ ဆိုနေ”

မိမှေး ဘာမျှ ပြန်မပြောတော့။ ချမ်းမြေ့အောင်ကို ရုံအပြင် လိုက်ပို့ရပြန်သည်။

“တဆိတ်ကလေး”

“ကန်တော့နော် … ကန် တော့”

ဟု ဆိုရသည့် လောကဝတ်များကို မိမှေး မသိ။ တုံးဆိုတိုက် ကျားဆိုကိုက် ရုံအပြင်ကို ရောက်ဖို့က အဓိက။

“ဟဲ့ ဟဲ့ ကလေးကို နင်းမိပြီ။ မပြောမဆိုနဲ့ ရှုပ်ရှုပ် ယှက်ယှက်”

“ဖိနပ်ကြီးတော့ ချွတ်ပါအုံး မမိန်းကလေးရယ်၊ ညည်းအမေ အရွယ်တွေပါ”

ပွဲခင်းထဲမှ လူပေါင်းများစွာ​၏ ထောပနာပေးမှုကို
အကြိမ်ကြိမ်ခံယူပီးမှ မိမှေးတို့ ရုံအပြင် ရောက်တော့သည်။

ဇာတ်ရုံဆီမှ ဇာတ်သံ ဇာတ်စကားတို့သည် မိမှေးထံသို့ ကလူ​၏သို့ မြူ​၏သို့ ဖြစ်နေသည်။

ကိစ္စ ဝိစ္စ ပြီးသည်နှင့် ရုံထဲသို့ ကသောကမျော ဝင်ခဲ့ကြသည်။ ဖျာပေါ်မှ မိမှေး ဖင်မချရသေး။

“မေမေ ဆီးပေါင်းစားချင်တယ်”

“ဟဲ့ ဘယ်က ဆီးပေါင်းတုံး။ ရော့ ပါလာတဲ့ ချိုချဉ်စုပ်”

မမကြီး ရှာမီချိုချဉ်ထုတ်ကာ အငယ်ကောင် စမ်းမြေ့အောင်ကို ပေးသည်။ စမ်းမြေ့အောင်က မယူ။

“ဆီးပေါင်းမှ စားချင်တာ”

“ကဲ… ကဲ မိမှေးရေ သွားဝယ်လိုက်အုံးကွာ”

“မိမှေး စိတ်အချဉ်ပေါက်သွားသည်။ ပိုက်ဆံကလေး လှမ်းယူကာ ကတိုက်ကရိုက် ရုံအပြင်ထွက်ခဲ့ရပြန်သည်။

“နင်တို့တော့လား၊ ငါ့ကို ဘယ်လောက် ဒုက္ခပေးအုံး မယ် မသိဘူး။ ကွယ်ရာကျမှ ဆွဲလိမ်ပစ်အုံးမယ်”

မိမှေးသည် စိတ်ထဲမှာ ကလန်ကဆန်လုပ်ယင်း ရုံထဲပြန်ရောက်လာသည်။

ရုံထဲရောက်ရုံသာရှိသည်။ မထိုင်လိုက်ရ။

မမကြီးက အိပ်ချင်ပြေဝါးဖို့ ကွမ်းယာ အဝယ်ခိုင်းပြန်သည်။

“လက်ဖက်သုပ်တွေ ပါရက်သားနဲ … ဟွန်း”

မိမှေး၏ စိတ်ထဲမှ စကား။ အပြင်ဘက်ရောက်မှ တကိုယ်တည်း ရေရွတ်မိတော့သည်။

“စိတ်ပိန်ဖို့ ကောင်းတယ်”

ကလေး ရေသောက်ဖို့ ပို့ရ ၊ ရှူရှူးပေါက်ဖို့ ပို့ရနှင့် မိမှေးသည် ရုံဝင် ရုံထွက် လုပ်နေစဉ်မှာပဲ ပရိသတ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ ပြည်ဖုံးကားကြီး ကျလာ၏။ ပြဇာတ် သိမ်းချေပြီ။

အားလပ်ချိန်မို့ တရုံလုံး လှုပ်ရွ ဆူညံနေ၏။

“နှစ်ပါးသွားတွေ နောက်ပိုင်းတွေ ကြည့်မနေပါနဲ့တော့ အဖေကြီးရယ်။ မနက်ရောက်တော့ ချက်ရ ပြုတ်ရအုံးမှာတွေနဲ့”

“အေးကွာ ခင်မမ ပြန်ချင်လဲ ပြန်ကြတာပေါ့။ လူနံ့ ချွေးနံ့ ဖုန်နံ့တွေနဲ့ အသက်ရှူကျပ်လာသလိုပဲ”

“ဒါဆို ပြန်ကြစို့၊ သားကြီးကို အဖေကြီးချီခဲ့”

ပြောပြောဆိုဆို အတိုင်အဖောက်ညီညီ ပြင်ကြ ဆင်ကြပြီ။

“မိမှေးတော့ ကြည့်ချင်သေး နေခဲ့ပါစေလေ”

ကိုကိုကြီးနှုတ်မှ လည်းကောင်း၊ မမကြီးနှုတ်မှ လည်းကောင်း ထွက်ပေါ်လာမည်လေလားဟု မိမှေး မျှော်မိသေး၏။

“ဟဲ့ မိမှေး ဘာ ယောင်တောင်တောင် လုပ်နေတာ လဲ၊ စမ်းမြေ့အောင်ကို ချီလေ”

မိမှေး နားဝေတိမ်တောင် မလုပ်တော့ပါ။ စိတ်နှလုံး တုံးတုံးချကာ အိပ်ပျော်နေသော စမ်းမြေ့အောင်ကိုပွေ့ယူလိုက်တော့သည်။

(၃)

တမနက်ခင်းလုံး အထိတ်တလန့် ဖြစ်နေသည်။

ညိုအိတယောက် ပေါက်လာမှာ ကို စိုးရိမ်နေ၏။ ညိုအိရောက်လာပြီး ပွဲအကြောင်း၊ ဇာတ်အကြောင်း၊ မင်းသမီး မင်းသားများအကြောင်း မေးများ မေးခဲ့လျှင် မည်သို့ပြန်ပြောရမည်ကို မိမှေး မတွေးတတ်အောင် ဖြစ်နေသည်။

တကယ်တော့ ညိုအိသည်လည်း မိမှေးထံ လာဦးမည် မဟုတ်ပါ။ သူ့မှာလည်း ဇာတ်ကြောင်းပြန်ပြောစရာ အစအန ရှာမရ ဖြစ်နေသောကြောင့်ပင်။

ညိုအိ၏အဖြစ်အပျက်ကို မိမှေး မသိ။

မိမှေး၏ အဖြစ်အပျက်ကိုလည်း ညိုအိက မသိ။

သူကလေးတို့ နှစ်ဦးအကြား ဇာတ်ကြောင်းပြန်တယောက် လိုနေသေးသည်။

(မြဝတီမဂ္ဂဇင်း ၊ ၁၉၈၅ ဒီဇင်ဘာ)

– ပြီး –

စာရေးသူ – မောင်နီဆန်း(ရေစကြို)

Leave a Reply

Your email address will not be published. Required fields are marked *