မောင်ဧရာ(ရာမည)
ဇွဲကျွတ်ခပန်းမှာ ဝေတဲ့နှင်း
စာစဉ် (၁)
ငွေနှင်းရည်တချို့ကတော့ ဝါးရွက်တွေပေါ်တွင် ယီးလေ့ခိုတွဲရစ်ကြသည်။
မကြာ… ဆောင်းလေသုတ်အဖြူးတွင် ခိုတွယ်ခြင်းငှာ မစွမ်းသာတော့ဘဲ မြေပေါ် တဖြုတ်ဖြုတ်ကြွေသက်ကုန်ကြ၏။
ထိုခဏ၌ နုထွေးထွေး နေခြည်သစ်က ဆောင်းပုဝါကိုလှစ်ဖို့ရာ မြစ်သောင်ရင်း အရှေ့ကမ်းက တောင်တန်းအချို့ပေါ် မေးတင်လာချေတော့သည်။
ပါးလျသည့်ထုထည်သည် စူးထက်သော ထွင်းဖောက်မှုကို မခံနိုင်သည့်အဆုံး ဇွဲကျွတ်တောင်မင်းဆီမှ ဇာချည်လွှာပဝါပါးသည် လျော့တိလျော့ရဲနိုင်စွာ ပြေကျလာခဲ့သည်။
စင်စစ် နှင်းသည် အိပ်မက်နှင့်တူ၍နေသည်။ လက်တွေ့ပင်ဆန်လေသလောဟု စောဒကတွေးဆ နေမိသည်။ နှင်းသည် နေလာသောအခါ ပျောက်၍ အဘယ်မှာ ကောက်ယူစုဖွဲ့လို့ရတော့နည်းဟု အတွေးဆက်မိရ၏။
ပြတင်းဆီမှ လှမ်းမြင်ရသော ခမောက်ပုံဟန်နှင့် တောင်မင်းဇွဲကျွတ်သည် ပြယ်လွင့်စနှင်းမြူကြား ထီးတည်းကြီးကျန်နေသည်ကို တွေ့ရပြန်သည်။
မည်သို့မျှ မပျောက်ကွယ်သည်က နှင်း။ ဥတုသုံးလီစလုံး တောင်မင်း၏ နံနက်ခင်းတိုင်းတွင် မြူခြေက ရစ်သိုင်းခြုံစမြဲ။ နေလာ၍နှင်းပျောက်သည့်အထဲ ဇွဲကျွတ်တောင်မင်းကြီးမပါ။
သို့ဆိုလျှင် တောင်ကြီးရှိသည် နှင်းမြူတို့မပျောက်ကွယ်။ နေလာခိုက်သာ ပြယ်၍ နေကွယ်သည်နှင့် ရစ်ဖွဲ့နှောင်တည်းစမြဲ။
သည်သို့ဆိုလေလျှင်တော့ အိပ်မက်သည် နှင်းနှင့် မတူပြန်။
“ဒီကနေ့ ဘယ်ကြောကိုတက်မလဲ စောပဂေ”
“သရက်ပင်ကုန်းဘက် သွားမလားလို့”
“သရက်ပင်ကုန်းဘက်မယ် ဘာမှမရှိဘူး စောပဂေရေ။ မီးသွေးဖုတ်သမားတွေ လာနေကြတာ ရွာအလား မှတ်ရတယ်ဗျ။ ဒီမယ် ကျုပ်အကြံပေးမယ်”
“အေးလေကွာ၊ လုပ်စမ်းပါဦးဟ”
“ဒီမယ် နားထောင်၊ ကျုပ် ခင်ဗျားကို ခင်လို့ပြောတာ။ ဇွဲကျွတ်ဘက်မယ် ဝံတွေ ရောက်နေတယ်ဗျ”
“ဟေ … ဝံ ဟုတ်လား”
“ဟုတ်တယ် … ကျုပ် မနေ့က ဘောင်တက်ထမ်းရင်းဆုံခဲ့တာ။ ကြီးသားဗျ
ဘောင်ဆိုသည်မှာ ပျဉ်းကတိုးခွဲသား (၁၆) လက်မ ပျဉ်ပြားကြီးတွေ ဖြစ်သည်။ ခုတင်လုပ်ရာတွင် သုံးသည်။ တောထဲတွင် သစ်စက်ရှိ၍ ပိုင်ရှင်တွေက အထမ်းသမားငှား၍ ရွာသို့ သယ်ချလေ့ရှိသည်။ ဗြက် (၁၆) လက်မရှိ၍ အတော်လေးသည်။
စာစဉ် (၂)
ဇွဲကျွတ်ဘက်မှာ ယခင်က ဒီသတ္တဝါတွေ မရှိ။ ဘယ်ကဘယ်လို လမ်းမှားလာသည် မသိချေ။
တစ်လောကလည်း နွယ်ဒန်းကြောမှာ ထိုင်းမုဆိုးတွေ ဝင်ချက်စတာတွေနှင့်သာ ပစ်၍ သုံးကောင်ရကာ အတော်ပွသွားတာ ကြားထားသည်။
ယခု ဇွဲကျွတ်တွင် ပေါ်ပြန်ပြီ။
“မင်းကို ရန်မပြုဘူးလားဟ”
“သူတို့ လျှိုထဲဆင်းသွားတာ ကျုပ်က တောင်စောင်းကထမ်းရင်း လှမ်းမြင်လိုက်ရတာဗျ။ ဝံအစစ်ပါဗျာ။ ကျုပ်တို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မယ် တွေ့ဖူးတဲ့ ကောင်မျိုးဗျ။ အဲဒါ စောပဂေ တက်ပစ်ပါလား။ သည်းခြေက ရွှေလိုပဲ အဖိုးတန်တာတဲ့ဗျ”
“ငါ့တူမီးနဲ့ ရပါ့မလား”
“ဟာဗျာ – ခင်ဗျား တောဝက်တောင် ပစ်ရဖူးတာပဲဟာ”
ခဏကြာတော့ မောင်စိုးပြန်သွားသည်။ ရေနွေးကြမ်းသောက်ရင်း ထိုင်စဉ်းစားနေစဉ်မှာပဲ စောတာလူး အိမ်ပေါ်ရောက်လာပြန်သည်။ သူလည်း ရွာကမုဆိုးပင်။
“ကျောက်ဂူခြေမယ် ချေတွေလာသဗျို့။ ဖန်းခါးသီးလည်း မပြတ်သေးတော့ ချေတွေ မပြတ်လာသဗျို့။ ကဲ ဘယ်လိုလဲ … လိုက်မယ်မို့လား။ ဒီညပဲ လင့်ထိုးပြီး ပစ်မယ်”
“လိုက်မအားသေးဘူးကွ၊ တောင်ယာဟောင်းဘက် တောဝက်လာတယ်ကြားလို့ အဲဒါ”
“ဟာဗျာ … ကျုပ်ဖြင့် အောက်ရွာက ငပြည့်တောင် မခေါ်ခဲ့ဘူး။ ခင်ဗျား အားကိုးပြီးလာခေါ်မှဖြင့် ကဲဗျာ သဘောပဲ၊ ကောင်းမယ်ထင်ရင် သွားပေါ့။ ကဲ ကျုပ်လည်း ခဲသီးမှာထားတာ သွားယူဦးမယ်”
စောပဂေ လိပ်ပြာတော့မလုံ။ သူငယ်ချင်းအပေါ် မလိမ်စဖူး လိမ်မိပြီ။ မတတ်နိုင်။ တစ်လောက သတင်းကြား၍ စုတ်တသပ်သပ်ဖြစ်သည့်အထဲ သူလည်း ပါဝင်သည်။ ဝံကို သူ မမြင်ဘူးပေမယ့် တစ်ကောင်၏တန်ကြေးကို မစားရဝခမန်း ပြောနေကြသည်။ ရွှေလိုအဖိုးထိုက်သည့် ဝံသည်းခြေကြောင့် မချိတင်ကဲ ဖြစ်ခဲ့ကြရသည်။
ယခု မောင်စိုးက သတင်းပေးလာချေပြီ။ အဖော်သဟဲပြုစရာ စောတာလူးကိုမခေါ်ချင်၍ လိမ်ပြီး တစ်ကိုယ်တော်တက်ပစ်မည်။ ရလာလျှင် ခွဲဝေယူစရာမရှိ၍ မိမိတစ်ဦးတည်းပိုင်။ ဝံမကလို့ ဆင်လည်း စောပဂေ ပစ်ရဲ၏။
စာစဉ် (၃)
စောပဂေသည် ထိုင်ရင်းနှင့် အိပ်မက်တစ်ခု မက်နေမိသည်။ သားသမီးတွေက ငယ်တုန်း၊ မိမိတို့က ခါးကုန်းမတတ် ဖြစ်နေရသည်။
တောင်ယာပိုင် မရှိ။ တောင်ယာအလုပ်ကိုသာ ဇောက်ချလုပ်ချင်၍ တောခုတ်ဖို့ရာလည်း အရင်းအနှီးမရှိ၊ လုပ်အားကမရှိ။
မုဆိုးအလုပ်ကလည်း ထမင်းပင် နပ်မမှန်ချင်။ သွား ရင်းလာရင်း သစ်လေးတွေ့၍ နောက်နေ့တက်ဖြစ်၊ ရွာမှာပြန်ခွဲရောင်းနှင့်လည်း လုပ်ရသလို ဝါးခုတ်ချိန်လည်း ဝါးခုတ်ရောင်းခဲ့ဖူးသည်။
ဒီလိုပုံစံနှင့် သားသမီးတွေက ကစားလို့ကောင်းတုန်းအရွယ်တွေ။ မိမိတို့က အလုပ်အတည်တကျနှင့် လုပ်နေရသူတွေမဟုတ်တော့ ရှေ့ရေးရှေ့ရာ မလွယ်။
ရွာနားက တောင်ယာတစ်ကွက် မဝယ်နိုင်တောင် ပျဉ်းကတိုးရေဆိပ်နားက တောင်ယာတစ်ကွက် ဝယ်နိုင်လျှင်တောင် နောင်ရေးအတွက် စောပဂေ စိတ်အေးရမည်။ ယခုလို တစ်ချီကောင်း ပွဲနှင့်ဆုံ၍မှ မကနိုင်လျှင် သွားပေရော့ သံသရာ။
ဒီလောဘကြောင့် စောတာလူးတို့ ချေပစ်မည့်ပွဲကို မိမိမလိုက်ခဲ့။
ခက်သည်က ချေ၊ ဝက်၊ ယုန်လောက်သာ ပစ်ဖူးသည့် တူမီးကိုင်မုဆိုးတစ်ကိုယ်တော်သည် ဝံကို မမြင်ဘူးပါချေ။ ဖြူဖြူလား မည်းမည်းလား။
ဤနယ်က သတ္တဝါမဟုတ်၍ နယ်ကျွံကာ လာကြခြင်းပီပီ မိမိ ပစ်ကိုပစ်၍ရမည်။ ဝက်တောင်လဲသည့် မိမိတူမီးကို ယုံကြည်သည်။ မျောက်နှင့်တူသော သတ္တဝါလား ဘာလားဆိုပြီး မောင်စိုးကို မမေးမိသည်မှာ အတော်နာသည်။ မောင်စိုးကလည်း တောထဲရောက်သွားလောက်ပြီ။
ဒီလိုနှင့် မနက်ရှစ်နာရီခန့်တွင် ဇွဲကျွတ်တောင်ကြီးဘက် ထွက်ခဲ့၏။ မြဝတီနယ်တစ်ကြောတွင် အမြင့်ဆုံးလို့ပြောလို့ရမည့် တောင်ကြီးဖြစ်သည်။
ဖလူးစခန်းကို တပ်မတော်က တိုက်ခိုက်စဉ် ဤတောင်ပေါ်အမြောက်ကြီးတွေဆင်၍ ပစ်ခတ်ကြတာ စောပဂေ အမှတ်ရသည်။ အမြောက်ကြီးဆို တစ်နေ့လုံးတစ်ညလုံးပင်ပစ်ကြသည်။ နောက်ဆုံးတော့ ဖလူးစခန်း ကျသွားသည်။
သဲမွမွနှင့် သစ်တိုက်ကားလမ်းပေါ်မှ ဘယ်ဘက်အနိမ့်ကြောဆီ ဆင်းလိုက်သည်။ လမ်းက ကျဉ်းကျဉ်းလေး ဖြစ်သွားသည်။ ညာဘက်ကုန်းက (-) တပ် ရင်း စခန်းထိုင်သွားဖူးသည့် ကုန်းဖြစ်၏၊
သူ့ရှေ့မှဆက်လျှောက်ပြီး အင်တိုင်းတောကို ဖြတ်သည်။ မကြာ ထင်ရှူးပင်တွေရှိသည့် ကုန်းကိုရောက်ပြန်၏။ ထင်းရှူးကုန်းမှ ဆင်းသော် တောင်ခြေစမ်းချောင်းဆီ ရောက်၏။
အောက်ခြေရှင်းသော တောများပီပီ သာယာလှသည်။ သဘာဝအတိုင်းပွင့်သည့် တောပန်းလေးများ စီရရီနှင့် အင်မတန်လှသည့် တောတောင်ပါတည်း။
စာစဉ်(၄)
စမ်းရောက်တော့ ရေသောက်ကာ ကွမ်းယာစားသည်။ မလှမ်းမကမ်း ကြို့ပင်ခြေမှာ တောပိုင်တောင်ပိုင်ပူဇော်ပသသည်။
နေထွက်ချိန်ရောက်တာတောင်မှ တောတောင်ထဲမှာ နှင်းက မကွဲတတ်သေး။ နှင်းရည်စို ရွက်ခြောက်တွေ ကြောင့် ခြေဖွလျှောက်စရာပင် မလို။
တောသည် ဝယောင်းငှက်အုပ်၏ အသံတို့ဖြင့် ဆူညံလှသည်။ ဤငှက်တွေကို စောပဂေ မုန်းသည်။ ဆိုးရွားလှသည့် အသံဖြင့် အော်မြည်တတ်လွန်း၍ ဖြစ် သည်။
ခဏအကြာ အငုတ်မှပေါက်သည့် ကျွန်းပင်ပျိုတစ်ပင်ဆီမှ ထူးခြားမှုကို စမြင်သည်။ အပင်၏ အခေါက်တွေကို ကုတ်ဖဲ့ခွာချထား၍ ဖွာကြဲနေသည်။ မမြင်ဘူးသည့် ခြေရာလက်ရာများက ရှုပ်ယှက်ခတ်နေပါပကော။
အသိဝင်တော့ သတိရှိကာ တူမီးကိုဖြုတ်ကာ ယမ်းထောင်းခဲသီးထည့်၊ နားခွက်ကပ်၊ ယမ်းကပ်ပြီး အသင့်ပြင်သည်။
ပွေးကျစ်စာပုံတွေပေါ် ဖြတ်နင်းသွားသည့် ခြေရာနောက် သတိကြီးကြီးထားပြီး လိုက်လာမိသည်။ နှာခေါင်းထဲတွင်လည်း အနံ့တစ်မျိုး ရနေသည်။ အောက်သိုးသိုး အနံ့ဆိုး။
သေချာပြီ … ဝံ သတ္တဝါပင် ဖြစ်မည်။
လဲကျနေသည့် သစ်ပင်ခြောက်ကြား ငုံ့လိုက် ခွကျော်လိုက်နှင့် ကျော်ဖြတ်နေစဉ်မှာပဲ
“ဝေါ … ဝီ … ဝီ … ဝီ… ဝီ”
အလို လေယာဉ်သံကြီးပါလား။
အသံကြီးက မိမိ၏ ဘယ်ဘက်ကုန်းတက်နားက ဖြစ်သည်။ ပစ်ခလုတ်ပေါ် လက်ညှိုးတင်ရင်း အသာတိုးကပ်သွားမိသည်။
ဟော တွေ့ပါပြီ။ တဝီပိအသံသည် လေယာဉ်သံမဟုတ်။ ဘန့်ဘွေးပင်ကြီးဆီမှ ပျားအုံကြီးအသံတည်း။
ပျားအုံရှိရာ သစ်ကိုင်းကြီးကို မမြင်ရပေမယ့် ပျားကြီးတွေပျံနေတာ မြင်နေရသည်။ ကြို့ပင်ခြေနားကပ်ရင်း သူ ရင်ခုန်နေသည်။ “
“ဝေါ… ဝရော… ဝီ… ဝီ”
ဒီတစ်ခါ ပျားကြီးတွေ ဝေါခနဲ ထိုးဆင်းရာစောင်းလေးဘက် ချောင်းကြည့်စဉ်မှာတော့ တွေ့ပါပြီ၊ ဝံဆိုသော မည်းမည်းသတ္တဝါ။
ခေါင်းက ဝက်လိုလို ခွေးလိုလို၊ အကောင်က ကလေးခြောက်နှစ်သားအရွယ်ခန့်အရပ်ရှိ၍ အလုံးက ထည်သည်။ ကုန်းကုန်းကွကွနှင့် ဘာတွေကောက်စားနေသည် မသိ။ ပျားတွေက သူ့ကို ဝိုင်းတုတ်သည်။ သူ့ပုံက မမှုသည့် ပုံပင်။
မြိန်ရေရှက်ရေနှင့် စားနေသည့်အရာက ပျားသလက်ပင်လော။ ဒါဆို အနှီသတ္တဝါသည် ပျားသလက်စား သတ္တဝါပင်ဖြစ်သည်။
သူ ရှေ့ဆက် မတွေးတော့။ ပစ်ကွင်းက အပိုင်ရယ်မို့ လက်ပြင်ဆီချိန်ရွယ်၍ ပစ်ချလိုက်တော့၏။
“ဒိန်း. . . .”
“အူး”
“ခွီး… ဂရီး… ဂရီး… ဂရီး”
သူ သိလိုက်သည်။ ပစ်မှတ်သည် ဒဲ့ထိ၍ ချက်ကောင်းဖြစ်သည်နှင့်အညီ သတ္တဝါမှာ ခဏမျှ ကုန်းထကာ အော်နေပြီး ငြိမ်ကျသွား၏။ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။
အတွေးကမ္ဘာထဲ နှင်းတွေပင် ချက်ချင်းဝေ့ပဲလာချေပါပကော။
“ဗုန်း… “
“ဟာ…”
အသံကြားရာဘက် သေနတ်ထိုးချိန်လိုက်ပေမယ့် နောက်ကျနေပြီ။ သူ၏ သေနတ်သည် ယမ်းထောင်းသေနတ်ဖြစ်၍ ဆက်တိုက်ပစ်ဖို့ရာ ယမ်းမထောင်းမိ။
အပင်ပေါ်မှ ဗုန်းခနဲ ခုန်ချလာသော မည်းမည်းသည်းသည်းကောင်ကြီးက သူ့ဆီ ပြေးဝင်လာပြီး ရိုက်ချလိုက်သည်မှာ ရှောင်ချိန်ပင်မရ။
“ဖြောင်း”
“အား”
သေနတ်တခြား လူတခြားဆီ ဖြစ်သွားသည်။ ခေါင်းနှင့် မျက်နှာတစ်ခြမ်းဆီမှ သွေးတွေ ရဲခနဲ ထွက်လာသည်။ လက်သည်းတွေက ခေါင်းပြုတ်ပါသွားသ လား မှတ်ရသည်။ လူးလဲထကာ ဓားမြှောင်ကို ခါးကြားမှ ဆွဲထုတ်သည်။ ဟိုက ပြေးအဝင်မှာ ရင်ဘက်ထဲ အားစိုက်ထိုးပစ်လိုက်သည်။ သေစမ်း။
“ကဲကွာ”
“ဒုတ်”
“ဖြောင်း”
“အားလားလား”
ဓားသွားက ကားတာယာကို ထိုးမိသလို ခုန်ထွက်လာစဉ်မှာဘဲ လက်ကြီးတစ်ဖက်က ပခုံးကို ရိုက်ချလိုက်ပြန်သည်။ လွင့်စဉ်ကျသွားစဉ်မှာတော့ လက်တစ် ဖက်မရှိတော့ဘူး ထင်လိုက်သည်။
“ဂျွတ်”
သွားပြီ။ တူမီးသေနတ်ကို ပြောင်းကကိုင်ကာ သစ်ပင်နှင့် ကိုင်ရိုက်ချိုးပစ်လိုက်ချေသည်ကော။
ပြီးသည်နှင့် ပါးစပ်ကြီးဖြဲကာ အစွယ်အဖွေးသားနှင့် အူးခနဲ အော်သည်။ မိစ္ဆာဆိုးပါတကားဟု စောပဂေ တွေးချိန်ပင် ရပါ၏လော။
သတ္တဝါကြီးသည် အားရပါးရ ကုတ်ခြစ်ဆွဲရိုက်ပြီးနောက် ငြိမ်သက်နေသည့် လူသားကို အကြာကြီး စိုက်ကြည့်နေမိ၏။ ခဏအကြာ ဝမ်းခေါင်းသံကြီးနှင့် ဂရားဂရားဟု အော်မြည်ကာ ကျောခိုင်းသွားတော့သည်။
သည်အထိ သူ ဝိုးတဝါးနှင့် သိမြင်နေရသေးသည်။
သားသေကို ကုန်းနမ်းရင်း ဝက်ဝံမကြီး ထပ်အော်စဉ်မှာတော့ သူမိုက်ခနဲဖြစ်ကာ သတိလစ်သွားချေတော့သည်။
နိဂုံးစာစဉ်(၅)
ငွေနှင်းရည်စက်တချို့က ဝါးရွက်တွေပေါ် ယီးလေ့ခိုတွယ်ရစ်ကြသည်။ မကြာ ဆောင်းလေပြေအဝေ့တွင် မြေပေါ် တဖြုတ်ဖြုတ်ကြွေကျကုန်နေသည်။
ဝါကြင့်ကြင့်ရွက်ဟောင်းတို့ပါ ရောယောင်မြေခကြသည်ကော။ သည်ခဏမှာပင် နုထွေးသောနေခြည်သည် ဇွဲကျွတ်ခါးပန်းဆီမှ ခြုံထည်ပဝါကို ဖြေလျှော့ဖို့ရာ သောင်ရင်းအရှေ့ကမ်းက ထိုင်းတောင်တန်းတွေပေါ် မေးတင်လာချေ၏။
ဪ နေလာလျှင် နှင်းတို့ ကွယ်၍ ပြယ်၍ သွားကြရသည်။ ထိုသို့ဆိုလျှင် အိပ်ပျော်ရာက နိုးထသော် ပျက်တတ်သည့် အိပ်မက်သည် နှင်းနှင့်ပမာတူ၍ နေပြန်သည်ဟု စောပဂေ တွေးနေမိသည်။
ကုလားထိုင်ပေါ် ပက်လက်မှီထိုင်နေရင်းက ပြတင်းဆီမှသည် ငေးရီကြည့်တိုင်း နှင်းအကွယ် နှင်းအပြယ်နှင့်သာ ဆုံသည်ချည်း။ ထီးတည်းကြီး ကျန်နေရစ်သည့် တောင်မင်းဇွဲကျွတ်သည်ပင် မိမိ၏ ဘဝပင်လော။
ထိုသို့ တွေးမိပြန်တော့ ဒဏ်ရာတွေက ကျက်လေလေ ပိုနာလေလေပင်။
ညှပ်ရိုးနှင့် လက်မောင်းတစ်ဖက်ပါ ကျိုးသည့်အပြင် မျက်နှာတစ်ခြမ်း မရှိတော့ဘဲ မျက်စိတစ်ဖက်ပါ ဆုံးရှုံးခဲ့ရသည့်အဖြစ်က နှင်းနှယ် မလွင့်ပြယ်တတ်သည်ကော။
ဤဘဝတွင် ဤခန္ဓာသည် သစ်ထမ်းသစ်ရှာသမားများနှင့် မဆုံလေဘဲ ဇွဲကျွတ်ခါးပန်းဆီမှာသာ ထို့နေ့က အပြီးတိုင်မြှုပ်နှံခံခဲ့ရလျှင် အဘယ်မျှကောင်းမည်နည်း။
တစ်ဖန် ခက်လှစွာသော လူသားအသိဉာဏ်သည် ပင့်ကူတိမ်ဖွဲ့သည့်နှယ် ရှိချေတော့။
သားကောင်၏ သဘောသဘာဝကို ပိုင်နိုင်စွာသိခွင့်ရပြီး ဝင်ချက်စတာလို သေနတ်ကောင်းကောင်းနှင့် ပစ်ခတ်ခွင့်ရခဲ့လျှင်ကော။
ထိုသို့ ဆန့်ကျင်အတွေးဝင်ခိုက် တဒိန်းဒိန်းအခုန် မြန်သောရင်နှင့်အတူ မျက်စိတစ်ဖက် ပိုလင်းလက်လာရပြန်သည်။
ဟုတ်သည်။ ထိုသို့ဆိုလျှင် စောပဂေ၏ တောင်ယာလေးတွင် ယခုအချိန် ကော်ပြောင်းနှံတွေ ဖွေးဖွေးလှုပ်ရော့မည်။
တောင်မင်းဇွဲကျွတ်သည်ပင် နေမလာသည့်အခိုက် ဥတုသုံးလီမရွေး နှင်းငွေ့မြူခြေ ခြုံသိုင်းတတ်သေးတာ။
သို့ဆိုလျှင်ဖြင့် အိပ်မက်သည် နှင်းနှင့်မတူပြန်။
လေးစားလျက်
မောင်ဧရာ(ရာမည)
– ပြီး –
စာရေးသူ – မောင်ဧရာ(ရာမည)
Uncategorized