July 31, 2025
Uncategorized

ညမီးလည်ခြင်း

မဟာမြိုင်မုဆိုး
ညမီးလည်ခြင်း

ညမီးလည်ခြင်းသည် လကွယ်၊ လမိုက်ည၊ လဆန်း၊ လအဝင်အထွက်ကို စောင့်၍ အချိန်ရလျှင်ရသလို အကြိမ်အဖန်ဖန် ပြုလုပ်သည့် မုဆိုးတို့၏ အလုပ် ဖြစ်ပါသည်။ ထွန်စက်၊ မော်တော်ကားတို့ဖြင့် လည်းကောင်း၊ နွားလှည်းဖြင့် လည်းကောင်း၊ ခြေကျင်ဖြင့် လည်းကောင်း ညမီးလည်ခြင်းသုံးမျိုးရှိသည်။

တောထဲ၌ ကားမောင်း၍ရသော လမ်းများတွင်ကားမောင်း၍ လမ်းဘေးဝဲယာ ကားပေါ်မှမီးထိုးပြီး သားကောင်ရှာကာ ပစ်ခတ်ခြင်း၊ သားကောင်က ကားက
သံနားစွင့်၊ မီးရောင်ကို အာရုံစိုက် ကြောင်ကြည့်နေစဉ် ပစ်ခတ်ခြင်း၊ တောကို အကာအကွယ်ပြု၍ ပုန်းအောင်းနေသော သားကောင်မျိုးကို ကားပေါ်မှဆင်းပြီး အောက်ဆင်းမီးထိုးသွားကာ ပစ်ခတ်ခြင်း ပင် ဖြစ်ပါသည်။

နွားလှည်းဖြင့် ညမီးလည်ရာတွင် လှည်းပုံတောင်း (ပဒေါင်း)၊ လှည်းစည်းကုံး၊ လှည်းဦးတို့မှ မြည်သံမထွက်အောင် ပြင်ခြင်း၊ မီးထိုးသမား မတ်တတ်ရပ် မီးထိုးနိုင်ရန် လှည်း၏ ဘယ်ဘက် လှည်းရံတိုင်တွင် ဝါးဆစ်ပိတ်တိုင်ရှည် ချည်တုပ်ရခြင်း စသည်တို့ ပြင်ဆင်ရသည်။

နွားလှည်းဖြင့် ညမီးလည်လျှင် နွား၊ လှည်းသမား၊ မီးထိုးသမား၊ သေနတ်သမား အားလုံး တောလည်အတွေ့အကြုံ ရင့်ကျက်ရန် လိုပေသည်။ နွားသည် သေနတ်သံယဉ်ပါးပြီးသား ဖြစ်ရမည်။ လှည်းသမား တောကျွမ်းကျင်ရမည်။ သေနတ်တစ်ကမ်းထိရောက်သည့် အကွာအဝေး သိရမည်။

မီးထိုးသူက မီးရိုက်၍ အချက်ပြသည်ကို သိရမည်။ မီးသမား သည့်လည်း မီးထိုးကျွမ်းကျင်ရမည်။ မီးအဖျားအတွင်း အရောင်တောက်နေသော မျက်လုံးကိုကြည့်၍ မည်သည့်သားကောင် ဖြစ်သည်ဟု သိရပေလိမ့်မည်။

သေနတ်သမားသည်လည်း သေနတ်ကိုင်ဆောင် ထိန်းသိမ်းမှု ရှိရမည်။ မျက်လုံးကိုကြည့်၍ သားကောင် ခွဲခြားတတ်ရမည်။ လောဘမကြီးဘဲ တိကျပိုင်နိုင်စွာ ပစ်ခတ်နိုင်ရမည်။ ရိုင်ဖယ်သေနတ်ဆိုလျှင် ပိုမိုတိကျစွာ ပစ်ခတ်နိုင်ရန် လိုအပ်၏။ နှစ်လုံးပြူးသေနတ်သည်လည်း ကိုးလုံးကျည်၊ ခြောက်လုံးကျည်နှင့် ပစ်ခတ်သည်ဟု ပေါ့ဆ၍မရပေ။ ဆင်တစ်ကောင်လုံးပင် လွဲမည် ဖြစ်ပေသည်။

နွားလှည်းဖြင့် ညမီးလည်ရာတွင် အားသာချက်မှာ တောတွင်းနေ သားကောင်များသည် လှည်းသံနှင့် နွားတို့၏ အနံ့အသက်ကို ယဉ်ပါးနေ၍ လှည်းကို မကြောက်၊ နွားကိုလည်း ဂရုမပြုသလို ဖြစ်နေ၍ အနီးကပ်လွယ်ကူစွာ ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။

ခြေကျင် မီးလည်သည်ကတော့ နဖူးစည်းမီးဖြင့် တစ်ဦးတည်းလည်တာရှိသလို အဖော်တစ်ယောက်ဖြင့် ရှေ့ကလူ မီးထိုး၊ နောက်ကလူ သေနတ်ကိုင်ကာ သားကောင်ရှာ၍ ပစ်ခတ်ကြခြင်း ဖြစ်သည်။

ခြေကျင်မီးလည်ရခြင်း အားသာချက်ကတော့ ကား၊ လှည်းဖြင့် မသွားရောက်နိုင်သော ချောက်တန်း၊ ခင်တန်း၊ စိုက်ခင်းများ ကာရံထားသော စည်းရိုးများကို ကျော်ဖြတ်ကာ သွားရောက်နိုင်ခြင်း ဖြစ်သည်။

အားနည်းချက်မှာကား ကိုယ်ပေါ်တွင် သေနတ်၊ ယမ်းတောင့်နှင့် လှည်းလို အမြင့်မှ မီးမထိုးနိုင်ခြင်း၊ ရေဘူး၊ ဓား၊ ဘက်ထရီအိုး အစရှိသည့် လေးလံသော ဝန်စည်စလယ်များ သယ်ရခြင်းနှင့် သစ်ငုတ်၊ ငြောင့်၊ ဆူး စသည်များ နင်းမိ၊ ခလုတ်တိုက်မိသဖြင့် ဒဏ်ရာအနာတရ ဖြစ်ခြင်းများပင် ဖြစ်သည်။

မုဆိုးများ ညမီးလည်ခြင်းသည် ရွာခံမုဆိုးများ၊ တောတိုက်နေ ဒေသခံများထံ စနည်းနာ၍ သားကောင်ရှိမည့်နေရာကို ရှာဖွေသွားကြခြင်းတည်း။ လူတို့ စိုက်ပျိုးခြင်းမပြုသည့်တော၌ တောကောင်တို့စားတတ်သော သဘာဝအပင်များ ပေါက်ရောက်ရာ ဝါးရုံတော၊ သပြေတော၊ ဆီးဖြူတော၊ ဖန်ခါးတော့၊ သန်းတော၊ ဒဟတ်တော စသည့်တောများသို့လည်းကောင်း၊ အိပ်နေတတ်သည့် ဝါးရုံတောများ၊ လာရောက်တတ်သော ရေကန်၊ ထူးပေါက်၊ စိမ့်ပေါက်၊ ချောင်း စသောနေရာများနှင့် လူတို့စိုက်ပျိုးထားသည့် စပါးခင်း၊ ပဲခင်း၊ ခရမ်းချဉ်ခင်း၊ ချဉ်ပေါင်ခင်း အစရှိသည့် တောများကို လှည့်လည်၍ ပစ်ခတ်ကြပေသည်တကား။

သို့သော်လည်း အကြောင်းအမျိုးမျိုးတော့ ရှိပေသည်။

ညမီးလည်နေစဉ် အချိန်အခါမဟုတ် မိုးချုန်း၊ လျှပ်စီးလက် မိုးရွာ၍ လည်းကောင်း၊ လှည်းမှောက်၍ လည်းကောင်း၊ လှည်းသမားနှင့် နွားပါ မျက်စိလည်လမ်းမှား၍ လည်းကောင်း၊ ပစ်ခတ်မှုလွဲချော်၍ လည်းကောင်း မည်သည့်သားကောင်မျှမရဘဲ ပြန်ခဲ့ရသည့် ညများက အကြိမ်ပေါင်းမနည်းတော့ပေ။

ယခု ဝတ္ထုတိုလေးမှာ လွန်ခဲ့သော အနှစ် (၃၀) ကျော်က မုဆိုးတို့ ရောက်ရှိခဲ့သော တောတွင်းတဲတိုက်တစ်နေရာမှ အတွေ့အကြုံကလေးတစ်ခုသာ ဖြစ် ပါကြောင်း။

xxx xxx xxx

ဆောင်းရာသီ ပြာသိုလ၌ မြောက်ပြန်လေသွေး တညင်းညင်း ဆော်သွင်းသည့်အခါ အအေးဓာတ်သည် ရိုးတွင်းအထိ ရောက်ပေသည်။ ဆီးနှင်းပေါက် များမှာလည်း ဆီးကင်းလောက်ကြီးစွာ ကျပေသည်။ ဟိုးအဝေး မြိုင်ခြေတွင်ကား မှိုင်းများတိုက်၍ ပြတ်သားစွာ မမြင်နိုင်ပေ။ မို့မို့မှိုင်းမှိုင်း မှုန်ရီဝေလျက်သာ။

မြောက်ဘက်အရပ်အဝေးဆီတွင်ကား ပြည့်ဘဏ္ဍာ ရတနာသစ်များ ပေါက်ရောက်လျက်ရှိသော နာမည်ကျော် မဟာမြိုင်တောကြီးသည် ညို့ညို့မှိုင်းမှိုင်းဖြင့် အပြောကျယ်လှပေသည်။ တောတောင် အရိပ်သည် အေးချမ်းလှသည်။ ရိုးဆင်းလှသည်။ လေ့လာစရာ အများအပြားရှိသည်။

အနောက်အရပ် ချင်းတွင်းမြစ်၏ ဟိုဘက်ကမ်းတွင်ကား တောင်စဉ် တောင်တန်း အထပ်ထပ်တို့သည် အရောင်အမျိုးမျိုးဖြင့် တင့်တယ်လှသည်။ အမြင်နီးသောတောင်တန်းသည် အစိမ်းရောင်ရင့်ရင့်ရှိ၍ ၎င်းထက်ဝေးသော တောင်တန်းသည် အပြာရောင်ရင့်ရင့်နှင့်။

ထိုမှတစ်ဖန်ဝေးသော တောင်တန်းသည်ကား ကြည်ပြာရောင်နုကလေး၊ ယင်းမှ တစ်ဖန်ဝေးသော တောင်တန်းသည်ကား ခရမ်းရောင် ဖျော့ဖျော့လေးသာ မြင်ရပေတော့၏။ သဘာဝအလှတရားများရှိရာ ကျွန်တော်တို့မြန်မာပြည်ပါပေ။

စာရေးသူတို့ မုဆိုးအဖွဲ့သည် ဆုန်ကုန်း၊ ဆည်တောရွာတို့၏ အနောက်မြောက် (၃) တိုင်ခန့်ဝေးသော မြက်တပင်တဲတိုက် (တဲစု) သို့ ရောက်နေသည်မှာ နှစ်ရက်ရှိပြီ။ ဒီအခေါက်တွင် မုံရွာမှ ကျွန်တော်၊ ကိုကြံအောင်၊ ကိုစန်းအောင်၊ ကိုကြည်ထွန်းနှင့် ကိုကျော်ဝေတို့ ငါးယောက်ထွက်ခဲ့ကြပြီး လမ်းခုလတ်ရှိ မင်းကန်ရွာမှ ငလင်း (ယုန်ငလင်း)ကို ဝင်ခေါ်ခဲ့ကြသည်။

မုံရွာမှ မလာခင် ရိက္ခာများ ဝယ်ခြမ်းပြီးဖြစ်၍ ကားကြုံ စုံစမ်းကြရာဝယ် မိမိတို့ရောက်လိုသော အတွင်းကျကျရွာအထိ ဝင်သည့်ကား မရှိသေးပေ။

ယခုလို ဆောင်းအခါမှာ ကားလမ်းကတော့ ပေါက်ပါပြီ။ ကောက်ပဲသီးနှံများ လှိုင်လှိုင်မပေါ်သေးသဖြင့် ကုန်တင်ကားများ မဝင်သေးခြင်းဖြစ်ပေမည်။ သို့နှင့် နောက် (၂) ရက်ကြာမှ ကားကြုံရှိ၍ လိုက်ခဲ့ကြ တော့သည်။

ကားဂိတ်ဆုံးရွာမှာ ဝက်ရဲရွာ ဖြစ်သည်။ ထိုရွာမှ လှည်းငှားပြီး ဆည်လည်၊ ရွက်လည်၊ ဆုန်ကုန်း၊ ဆည်တော စသည့် ရွာများဖြတ်ပြီး မြက်တပင်တဲတိုက်ကို ရောက်ခဲ့ကြသည်။

(၁၂) ဗို့ ဂျာမန်လုပ် နှစ်လုံးပြူးသေနတ် (Side Hammer) နှစ်လက်နှင့် (SG) ကိုးလုံးကျည်၊ (LG) ခြောက်လုံးကျည်၊ ယမ်းတောင့်များ ယူခဲ့ကြသည်။ ငလင်းက သူ၏ လေသေနတ်လေး ယူခဲ့သည်။ ယုန် ပစ်၊ ချိုးပစ်ရန်အတွက် ဖြစ်သည်။

မြက်တပင်တဲတိုက်ဆီသို့ ရောက်လျှင် ရောက်ချင်း ညမှာပင် ငလင်းနှင့် ဦးပေသီးသား ငမျိုးတို့ ခြေကျင် ညမီးလည်ထွက်ကြသည်။ ကျွန်တော်တို့မှာ ခရီးပန်းသဖြင့် တောမလည်နိုင်။ ငလင်းသည် ဒူပေနာပေခံနိုင်သော ပုဂ္ဂိုလ်ဖြစ်ရကား လေးငါးတိုင်ပတ်လည်ခရီးကို အဖော်မပါ တစ်ယောက်တည်းလည်း နဖူး စည်းမီးနှင့် ဘက်ထရီအိုးလွယ်၍ ညမီးလည်တတ်သူတည်း။

သူ၏ (၈)ဗို့ ဘက်ထရီအိုးလွယ်အိတ်ကို သူ့ဘာသာ ချုပ်ထားသည်။ စိုက်ခင်း ရေသွင်းရာတွင် အသုံးပြုသော ကူဘိုတာ ရေစုပ်စက် ခြောက်လက်မ ပိုက်ပြာအပေါက်အပြဲကို ကတ်ကြေးဖြင့်ကိုက်၍ နိုင်လွန်ကြိုးဖြင့် ချုပ်ထားသည်။

ငမျိုးသည်လည်း ပတ်လည်ကျွမ်းသူ ဖြစ်သည်။ (လမ်းသုံးမြွှာ ဘင်ဂတုံးတောတိုက်၊ မြက်တပင်တဲတိုက်၊ သုံးတိုင်ပတ်လည်ရှိတောကို ဘယ်ကုန်းဖြတ်၍ သွားလျှင် ဘယ်တောရောက်မည် တတ် အပ်သိသည်ကို ဆိုလိုပါသည်။)

၎င်းတို့ နှစ်ဦး ညမီးလည်ရာ ချေတစ်ကောင်နှင့် ယုန်သုံးထုပ် ရလာကြသည်။ ယုန်ကို လေသေနတ်နှင့် ပစ်လာခြင်း ဖြစ်သည်။

ဤကဲ့သို့ ခြေကျင်ညမီးလည်ရာတွင် လှည်းနှင့်လည်သည်လောက် သားကောင်က အကပ်မခံပေ။ ထို့ကြောင့် မုဆိုးများသည် ခြေချုပ်သုံး၍ ပစ်ခတ် ကြသည်။ သားကောင်ကို မီးထိုးထားပြီး သေနတ်ထိရောက်သည့် အကွာအဝေးသို့ တဖြည်းဖြည်းကပ်ကြသည်တွင် အဖော်ပါသူတစ်ယောက်က ကျောက်ခဲ လုံးကလေးများ ထည့်ထားသည့် ဝါးဆစ်ဘူးငယ်ကို ချပ် ချပ် မြည်သံထွက်အောင် လှုပ်ပေးနေသည်။

ယင်းအသံကို ဘာသံလဲဟု သားကောင်က နားစွင့်ပြီး ကြောင်ရပ်နေတတ်သည်။ ဤဝါးဆစ်ဘူးကို ခြေချုပ်ဟု မုဆိုးများက သမုတ်သည်။ အချို့မှာ နို့ဆီဘူးသံပြားလေးများ အပေါက်ဖောက်၊ စပုတ်တံတွင်သီ၍ ခြေချုပ်ကိရိယာလုပ်ကြသည်။

ခြေကျင် ခြေချုပ်ဖြင့် ညမီးလည်နည်းသည် ယုန်၊ ချေ သတ္တဝါလောက်သာ ရပေ၏။ သမင်ကတော့ လွန်စွာ ပါးနပ်လျင်မြန်သော သားကောင်ဖြစ်ရကား လှည်းနှင့်လည်မှသာ အခွင့်အရေး ပိုသာသည်။

ယမန်နေ့ည ညလယ်ခန့်၌ ငလင်းနှင့် ငမျိုးတို့ တဲပြန်ရောက်ကြသည်။ တဲနှင့် သိပ်မဝေးသောတောမှ ချေ ရခဲ့သည်။ ချေဘောက်မှာ စားခင်းထဲတွင် စားနေစဉ် တွေ့ရသည်ဟု ၎င်းတို့နှစ်ဦးမှ ပြောသည်။

နံနက် (၆) နာရီတွင် အိပ်ရာမှ နိုးကြသည်။ ခိုက်ခိုက်တုန်အောင် အေးသည်။ ရေစည်လှည်းအတွင်းမှ ရေဖြင့် ကပျာကယာ မျက်နှာသစ်ရသည်။ နဘူးချုံတန်းတို့ အထက်တွင် ငှက်လေးများ တီတီတျာတျာ အသံပြု၍ မြူးထူးနေကြလေသည်။ မြစိမ်းရောင် သစ်ရွက်ကလေးများပေါ်တွင် နှင်းစက်လေးများ တင်နေသည်မှာ ပုလဲရည်ငွေဥအစုစုဖြင့်။ နံနက်ပိုင်း (၉)နာရီခန့် နေရောင်ပွင့်သောအခါ ယင်းချုံတန်းကလေးများအပေါ် စိန်ပွင့်လေးများ ကြဲပက်ကာထား ဘိသကဲ့သို့ ပြိုးပြိုးပြက်ပြက် ရောင်စဉ်ထွက်၏။

“ကဲ ကိုကျော်ဝေနဲ့ ကိုကြည်ထွန်း၊ ချေဖျက်ရအောင်ဗျို့။ ကျုပ်ကိုကူပါဦး”

ငလင်းက အကူအညီတောင်းကာ ပြောသည်။

“အေးအေး၊ လာ ကြည်ထွန်း”

ကိုကျော်ဝေက ကိုကြည်ထွန်းကို တစ်ပါတည်းခေါ်၍ တဲအနောက်ဘက် ငလင်းရှိရာ ထွက်သွားကြသည်။ ကျွန်တော်တို့ စတည်းချသော ဦးပေသီးတဲမှာ ခြေတံရှည် ဝါးကြမ်းခင်း ထန်းလက်မိုး ဖြစ်သည်။ ရှေ့ပရပ်ကတော့ မြေညီတွင်ရှိသည်။ ပရပ်ထဲတွင် ဝါးကြမ်းခင်း ကွပ်ပျစ်နှင့်။ ကွပ်ပျစ်ပေါ် စားပွဲဝိုင်းတင်ထား သည်။ တဲမှာ မြောက်ဘက်မျက်နှာလှည့် ဆောက်ထားသည်။

“ငမျိုးရေ လူလေး၊ ရေနွေးကြမ်းအိုးယူခဲ့ပါကွ”

ဦးလေးပေသီးက တဲအနောက်ဘက် မီးဖိုတဲရှိရာလှည့်၍ အသံပြုသည်။

“ဟောဗျာ၊ အဖေပဲ မီးလှုံတဲ့မီးဖိုမှာ တည်ထားတယ်လေ”

“ဟေ- ဟုတ်ပေသားပဲ၊ သတိများ ကြီးလာတော့ မကောင်းဘူး”

ဟု ဆို၍ ထသွားသည်။

ကိုကြံအောင်နှင့် ကိုစန်းအောင်လည်း ချေသားရေ ကောင်းကောင်းရချင်တယ်ဆိုပြီး ချေဖျက်နေတဲ့ဆီ ထသွားသည်။

ဟိုလူတွေ အလုပ်ရှုပ်နေခိုက် ထမင်းအိုးတည်ဦးမှ ဆိုပြီး မီးဖိုတဲရှိရာ ထလာခဲ့၏။ ဦးလေးပေသီးတစ်ယောက်သာ ကွပ်ပျစ်တွင် ရေနွေးသောက်နေရစ် သည်။

မီးဖိုတဲဘေးတွင် ငမျိုးက ယုန်ရေ ဆုတ်နေသည်။ သူ့အနား ကျွန်တော်ရပ်လိုက်သည်တွင် ငုံ့၍ အရေဆုတ်နေရာမှ မော့ကြည့်လိုက်ကာ-

“ဩ … ကိုတာ” ဟု ပြုံးပြသည်။

“ဟ ယုန်ပေါင်ကြီးတွေက ကြီးသားပဲ။ မင်းယုန်ကိုင်နေရင် ငါ ထမင်းအိုးတည်လိုက်မယ်”

“နေပါစေ ကိုတာရာ၊ ကျွန်တော် တည်မှာပါ ပြီးပါပြီ”

ဟု ငမျိုးက ပြောသည်။ သို့နှင့် တဲရှေ့ ပြန်လာလိုက်ပြီး-

“ဦးလေးပေသီး၊ ခင်ဗျား လှည်းကို စစ်ကြည့်ဦး။ ပြင်စရာရှိတာ ပြင်ရအောင်။ ဘာသံမှမထွက်ဘဲ ညက်နေမှဖြစ်မှာနော့”

“အေးပါကွ၊ ပြီးတော့ မင်းနဲ့ ငါနဲ့ ဟိုနားဒီနား မောင်းကြည့်ကြတာပေါ့”

နွားလှည်းဖြင့် ညမီးလည်ရာတွင် နွားလှည်းသည် မည်သည့်အသံမျှ မမြည်ရန် အရေးကြီးပေသည်။ ဥပမာဆိုရလျှင် လှည်းဘီး၊ လှည်းပုံတောင်း (ပဒေါင်း) အီသံ(လှည်းပဒေါင်းအတွင်း ရေနံချေး (သို့) အမဲဆီခြောက်နေ၍ လှည်းဝင်ရိုးနှင့် ပဒေါင်းပွတ်သံ။) တကျည်ကျည် မြည်နေလျှင် သားကောင်က ကြားပြီး အဝေးသို့ ထွက်ပြေးသွားတတ်သည်။

အရင်တစ်နှစ်က ယခုလို ဆောင်းတွင်း ညမီးလည်ရာတွင် ခရီးတော်တော်ပေါက်မှ ပုံတောင်း အီသံမြည်လာ၍ ကြံရာမရဖြစ်ကာ မုရိုးပင်များနုတ်ပြီး ပုံတောင်းအတွင်း ထိုးထည့်ကြရသည်။

မနှစ်ကလည်း လှည်းစည်းကုံး (လှည်းထမ်းပိုးနှင့် လှည်းဆံကို တုပ်နှောင်ထားသည့် သားရေစည်းတုံး) နှင့် လှည်းထမ်းပိုးပွတ်သံ တဖျစ်ဖျစ်မြည်၍ သောက်ရေဘူးထဲမှ ရေဖြင့် လောင်းရသည်။ ထိုအခါမှ အသံ မထွက်တော့ပေ။

တစ်နှစ်ကတော့ နားစောင့် (နဇောက်) ပြုတ်၍ လှည်းဘီး ကျွတ်ထွက်ကာ ဒုက္ခရောက်ခဲ့သေး၏။ အချုပ်ဆိုရသော် ညမီးလည်ရာတွင် လှည်းကောင်းဖို့ အရေးကြီးသည်။ (နားစောင့်ဟူသည် လှည်းဘီးကျွတ်မထွက်စေရန် လှည်းဝင်ရိုးထိပ် စိုက်ထားသောစိုက်ထားသော သပ်ပင် ဖြစ်သည်။)

ဝိုင်းဝန်း ချက်ပြုတ်ပြီး နံနက် (၁၁) နာရီတွင် ထမင်းစားကြသည်။ ဟင်းများမှာတော့ ခရမ်းချဉ်သီးနှင့် ဝါးချိတ်လိမ်ပဲသီး ရော၍ ချက်ထားသည့် စပ်ချဉ် ဟင်း၊ ချေဝမ်းတွင်းသား တစ်ပွက်ဆူဟင်း၊ ယုန်သားပြုတ်ထောင်းကြော်၊ ငရုတ်သီးထောင်းဖြင့် စား၍ မြိန်လှသည်။

မြိန်ပေမပေါ့။ ထမင်းမစားခင် ဘီအီးအရက် တစ်ခွက်စီ သောက်ကြသည်ကိုး။ မန်းဘီအီးကို မုံရွာမှ (၅)ဂါလံ ပုံးဖြင့် သယ်လာသည်။

စားပွဲဝိုင်းလေးသည် သေး၍ လူ (၈) ယောက်မဆံ့ပါ။ ကြည်ထွန်း၊ ငလင်း၊ ငမျိုးတို့မှာ ဇလုံထဲထမင်းဟင်းပုံ၍ ဝိုင်းအပြင်တွင်ဆောင့်ကြောင့်ထိုင်ကာ လွေး ကြတော့သည်။

ထမင်းစားပြီး ကိုကြံအောင်နှင့် ငလင်းတို့နှစ်ယောက် လေသေနတ်နှင့် ထွက်သွားကြသည်။ ငမျိုးက နွားတစ်ရှဉ်းနှင့် ရေစည်လှည်းတိုက်သွားသည်။

ဦးလေးပေသီးမှာ နွားနှစ်ရှဉ်း ရှိသည်။ ထို့ကြောင့် ကျန်နွားတစ်ရှဉ်းဖြင့် ဟိုနားဒီ နားလှည်းမောင်းကြည့်ကြရန် ကျွန်တော်မှ ဦးလေးပေသီးအား ခေါ်လိုက်သည်။

“ဦးလေးပေသီး၊ လှည်းမောင်းကြည့်ရအောင်”

“နွားစာကျွေးထားတုန်းမို့ တစ်အောင့်နေပါဦးကွ”

ဦးလေးပေသီး၏ နွားများသည် ဗမာနွားမျိုးသာ ဖြစ်သည်။ နှစ်ရှဉ်းရှိသည့်အနက် အနီ အဖြူကျား တစ်ကောင်နှင့် ကျန်သုံးကောင်မှာ နီညိုရောင်ချည်း ဖြစ်သည်။ နွားနှစ်ရှဉ်းစလုံး ညမီးလည်ရာတွင် အသုံးပြုလို့ရသည်။ ကျွန်တော်တို့နှင့် နှစ်တိုင်း လည်နေကျ ဖြစ်သည်။

ကျွန်တော်တို့ မုဆိုးများကလည်း ပစ်ခတ်မှု ဆင်ခြင်ရပါသည်။ လှည်းဦးတိုက်သားကောင်တွေ့ပါက နွားဦးခေါင်းကိုကျော်၍ မပစ်ခတ်ရပါ။ သေနတ်သံ မြည်ဟိန်းသွားလျှင် နွားပျက်တတ်သည်။ သေနတ်သံကို လန့်သွားသောနွားသည် နောင် တောလည်ရာတွင် ဂနာမငြိမ် ဖြစ်တော့သည်။ ယင်းသို့ဖြစ်လျှင် ထိုနွားများကို သုံးမရတော့ပေ။ သို့ဖြစ်ပါ၍ လှည်းဘေးတိုက်အနေအထားသာ ပစ်ခတ်ရပေသည်။

“လာဟေ့ မောင်တာ၊ ငါ လှည်း ‘က’ ပြီးပြီ”

“ဟုတ်ကဲ့ ဦးလေးပေသီး”

လှည်းရှိရာ တဲအနောက်ဘက် သွားလိုက်သည်။ ဦးလေးပေသီးက မောင်း၍ ကျွန်တော်က လှည်းပေါ်
တင်ပျဉ်ခွေထိုင်၍ လှည်းရံတိုင်ကိုင်ကာ လိုက်ခဲ့သည်။

ကိုစန်းအောင်၊ ကိုကျော်ဝေ၊ ကြည်ထွန်းတို့မှာ ညှင်းထားသော ချေသားများကို ဝါးတံစို့ထိုး၍ လှန်းနေ ရစ်ကြသည်။

မွန်းတည့်နေ ဖြစ်ပါသော်လည်း ဆောင်းနေမှာ အပူမပြင်းလှ။ ပဲစင်းငုံအခင်းများသည် အစိမ်းရင့်ရောင်မှ စိမ်းပြာပြာအရောင်ဘက်လုပြီ။ ရင့်မှည့်တော့မည့်လက္ခဏာပင်။ တဲတိုက်နှင့် နှစ်ဖာလုံခန့်အရောက်-

“ဦးလေးပေသီး၊ ဘယ်အထိမောင်းမှာတုံး”

“သိဘူးလေကွာ မင်းပြန်ကွေ့ဆို ပြန်လှည့်ရုံပဲ”

“ပြန်လှည့်ကြစို့ဗျာ၊ လှည်းက ဘာသံမှတော့ မထွက်ပါဘူး”

သို့နှင့် တဲကို ပြန်ရောက်သည်တွင် ဦလေးပေသီး တံစဉ်တစ်ချောင်း ခါးကြားထိုး၍-

“နားနားနေနေ စကားပြောရစ်ကြဦးဟေ့၊ ငါတော့ နွားစာအစိုလေး သွားရိတ်ချေဦးမယ်”

ဟု ပြော၍ ထွက်သွားသည်။

ကျွန်တော်တို့လည်း ရေနွေးကြမ်းသောက်၍ ထွေရာလေးပါး စကားပြောနေကြသည်။ ခဏအကြာ ငမိုး ရေစည်လှည်းမောင်း၍ ရေစည်တိုက်ရာမှ ပြန်လာ တော့သည်။ နွားများချွတ်၍ ကျွန်တော် တို့လူစုရှိရာ လျှောက်လာသည်။

“ကိုတာတို့ ရေအတွက်တော့ အားမနာကြနဲ့နော်။ ရေချိုးရင်လည်းရတယ်”

ဟု ငမျိုးက ပြောလာသည်။

“အောင်မလေး အေးရတဲ့အထဲ ရေတော့ မချိုးနိုင်ပေါင် မောင်ရာ”

ကိုစန်းအောင်နှင့် ငလင်း ပြန်လာကြသည်။

“ကိုတာရေ ကြုံတောင့်ကြုံခဲ ဇောတိကတစ်ကောင် ရလာတယ်ဗျို့ “

“ဟုတ်လား ညနေအမြည်းကောင်းတော့မှာပေါ့ဗျာ”

(ဇောတိကဟူသည် ဖွတ်ကိုပြောခြင်း ဖြစ်သည်။)

ကိုကြံအောင်နှင့် ငလင်းတို့ ပြောစကားအရ ရေကန်မှစောင့်၍ ချိုးပစ်ပြီး အပြန် လူသွားလမ်း တစ်ဖက်ချုံတန်းထဲမှ ဇောတိက ထွက်အလာနှင့် သူတို့နှစ်ဦးကအရောက် ပက်ပင်းတိုးတွေ့၍ သစ်ကိုင်းခြောက်ဖြင့် လိုက်ရိုက်သည်၊ မမိ။

အနီးရှိ အင်ပင်ပေါက်ပေါ်ကို တက်ပြေးသည်။ ပုတ်သင်ညိုထက်ကို လျင်မြန်သည်။ တော်တော်အမြင့်ရောက်သောအခါ ပင်စည်တွင် တွယ်ကပ်နေစဉ် လေသေနတ်နှင့် ခေါင်းကို ပစ်ချရသည် ဟူသတတ်။

ညနေ (၃) နာရီခန့်တွင် ဦးလေးပေသီး မြက်စည်းကြီး ခေါင်းပေါ်ရွက်၍ တံစဉ်ကို ခါးမှာထိုးကာ ရောက်လာပြီ။ အောင်မယ် ပတော်နီမြက်တွေချည်း ရိတ်လာတာပါလား။ ဒီဟာကို ခြေနင်းနွားစာစဉ်းခုံဖြင့်စဉ်း၍ ပြောင်းရိုးခြောက်၊ ပဲစင်းငုံ၊ ပဲစွန်းတို့နှင့် ရောနှောကာ ကျွေးမည်ပ။

နွားများကလည်း အစာအခြောက်ချည်းဆို သိပ်မစား။ ယခုလို အစိုလေးရောကျွေးမှ စားကြသည်။ သူတို့အတွက်တော့ ဒီမြက်စိုဟာ ဟင်းကောင်းပေါ့။ ဒါကလည်း မိုးတွင်းနှင့် ယခုလို ဆောင်းတွင်းမှာသာ ကျွေးနိုင်တာ။ နွေခေါင်ခေါင်မှာတော့ နွားစာအစို မရှိ။

ယခု တဲတိုက်များတွင် နွေရောက်သောအခါ လူမနေကြတော့ပေ။ ရွာအတွင်း ပြန်နေကြသည်။ ရေလည်းရှားသည်။ မိုးတွင်းနှင့် ဆောင်းတွင်းသာ ကိုယ်အခင်းဝရင်းရှိ၍သာ နေကြခြင်းဖြစ်သည်။

ဇောတိကသားနှင့် ချိုးငှက်များ ကြော်ပြီး ဝိုင်းဖွဲ့ကြတော့သည်။ ဇောတိကသားမှာ ခပ်စိုစိုလေး ကြော်ထား၍ ချိုလှသည်။ ချိုးကြော်ပန်းကန်မှာ မျက်နှာငယ်ပေသည်။ ရီရီတီတီ ဖြစ်သောအခါ ညစာထမင်းစားကြသည်။ ထမင်းစားပြီးလျှင်ပဲ မှောင်ရိပ်သန်းပေပြီ။

ကိုစန်းအောင်က နှစ်လုံးပြူးသေနတ်နှင့် ယမ်းတောင့်များ စီစစ်နေသည်။ ကျွန်တော်ကတော့ (၈) ဗို့ ဘက်ထရီအိုးနှစ်လုံးကို အားကောင်း၊ မကောင်း ကလစ်ချိတ်၍ ဆလိုက်မီးစမ်းသည်။ မီးသီးများမှာ တစ်လုံးနှင့်တစ်လုံး မီးစုမတူကြပေ။ မီးစမ်း ထိုးကြည့်ပြီးသား မီးစုကောင်းသော မီးသီးများအား ဝါဂွမ်းခံထားသည့် ကက်ပီတန်တံဆိပ် အလိပ်(၅၀) ဝင် စီးကရက် သံဘူးခွံအတွင်းထည့်သည်။

စိတ်တိုင်းကျ မီးစမ်းပြီးလျှင် စစ်ဆွယ်တာဝတ် ဖီးဂျက်ကက်၊ သက္ကလတ်ဘောင်းဘီရှည်ဝတ်၊ ခြေအိတ်စွပ်၊ တောစီးဖိနပ်စီး၊ ခေါင်းစွပ်စွပ်ကာ စစ်စောင်တစ်ထည် ခြုံလိုက်ပြီး အဆင်သင့်ဖြစ်ပြီ။

ယနေ့ည ညမီးလည်ထွက်ကြထွက်ကြမည်။

ငမျိုးကို လှည်းမောင်းစေပြီး ကျွန်တော်နှင့် ကိုစန်းအောင် တစ်ယောက်တစ်လဲ မီးထိုးသူထိုး၊ ပစ်သူကပစ် တစ်ညလုံး လှည့်လည်ကြရမှာ ဖြစ်သည်။

ကိုစန်းအောင်လည်း အဆင်သင့်ဖြစ်ပြီ။ ငမျိုးသည် စောင်ခြုံကြီးနှင့် လှည်းပေါ် ကောက်ရိုးဆိုဖာခင်းနေသည်။ ယခုမှ သတိပေါ်လာ၍ ငမျိုးဆီ လျှောက်သွားလိုက်ကာ-

“ငမျိုးရေ၊ လှည်းဘယ်ဘက်ရှေ့က ကျွဲကာတိုင်တစ်တိုင်ပဲ ချန်ထားပြီး ကျန်တဲ့ သုံးတိုင်ဖြုတ်ခဲ့ကွာ။ တော်ကြာ ဟိုအပင်ငြိ ဒီအနွယ်ချိတ် ဖြစ်နေမယ်”

“ဟုတ်ကဲ့ ကိုတာ၊ ဖြုတ်လိုက်မယ်”

ငမျိုးက ချည်နှောင်ထားသော ကြိမ်လျှော်များကို ဓားဦးနှင့်ထောက်၍ ကျွဲကာတိုင် သုံးတိုင်ကို ဖြုတ်လိုက်သည်။ (ကျွဲကာတိုင်ဆိုသည်မှာ ဝန်တင်ရာတွင် လှည်းအိမ်ပြဲမထွက်စေရန် ချုပ်ထားသည့် ဝါးအဆစ်ပိတ် တိုင်ရှည်ကို ဆိုပါသည်။ လှည်းအိမ် ဘေးတစ်ဖက်တစ်ချက် ရှေ့နောက် တစ်ဖက်တစ်တိုင်စီဖြင့် လေးတိုင် ချည်ထားသည်။)

မီးထိုးသမားက လှည်းပေါ်မတ်တတ်ရပ်၍ ယင်းကျွဲ ကာတိုင်ကို ကိုင်ကာ မီးထိုးရသည်။

ငမျိုးသည် စစ်ရေဘူးနှစ်လုံး ရေဖြည့်၍ လှည်းဆီယူလာသည်။ ကိုကြံအောင်က သေနတ်၊ ယမ်းတောင့်ထည့်ထားသော စစ်လွယ်အိတ်၊ ဆလိုက်မီးတို့ကို လှည်းပေါ်တင်ပေးသည်။ ကြည်ထွန်းက ဘက်ထရီအိုးနှစ်လုံး လှည်းရံတိုင်တွင် ချိတ်ပေးသည်။ ကိုကျော်ဝေကလည်း စောင်အပိုများ ထည့်ထားသော ကျောပိုးအိတ်ကြီးယူလာကာ-

“မောင်တာ၊ ဒီအိတ်ထဲမှာ အရက်ပုလင်းရော ပါတယ်နော်”

ဟု ပြောပြီး တင်ပေးပြန်သည်။ ဦးလေးပေသီးက အနီးသို့လာ၍-

“လူကလေး၊ ငနီကို အတိုင်ကထားပြီး နကျား(နွားကျား) ကို အလှည့်က ထား’က’ဟေ့”

“ဟုတ်ကဲ့ အဖေ”

ငမျိုးက ခေါင်းညိတ်လိုက်သည်။ (လှည်းမောင်းသူ၏ ဘယ်ဘက်ကနွားကို အတိုင်နွား၊ ညာဘက်ကနွားကို အလှည့်နွားဟု ခေါ်သည်။)

လှည်း’က’၍ ပြီးပြီ။

“ကဲ – ကိုစန်းအောင်၊ စောစော ထွက်ကြစို့ရဲ့။ ဒါမှ သားကောင်တွေ စားခင်းဝင်စားနေတုန်းတွေ့မှာဗျ”

ကျွန်တော်က လောဆော်လိုက်သည်။

“အေး သွားကြစို့၊ ငမျိုး မင်းကြိုက်တဲ့တောက အရင်စ,ပြီးပတ်ကွာ”

ကိုစန်းအောင် လှည်းပုံတောင်း (ပဒေါင်း) စွန်းနင်းပြီး လှည်းရံတိုင်ဆွဲကိုင်ကာ လှည်းပေါ်တက်လိုက်သည်။ ကျွန်တော်ကတော့ လှည်းမြီးမှ ခုန်၍ တင်ပျဉ်လွဲတက်လိုက်သည်။

ငမျိုးက နကန် (နှင်တံ) မြှောက်၍ ဟဲ့ငေါက်ကာ ထွက်ခဲ့ကြတော့သည်။ ကျွန်တော်က သူ၏ လက်နှိပ်ဓာတ်မီးရောင်တွင် လက်မထောင်ပြလိုက်သည်။

“ထွေးလေးရ (ဦးလေးဦးထွန်းရ) တို့ တောပဲစင်းငုံခင်းတွေရှိတဲ့ လမ်းသုံးမြွာဘက်က ပတ်မောင်းပြီး ဘင်ဂတုံးတောဘက် လှည့်မယ်ဗျာ။ ဘယ်နှယ့်လဲ”

ငမျိုးက သဘောတူညီချက်ကို တောင်းခံကာ မေးပြော ပြောလာသည်။

ကျွန်တော်က- “မောင်ရင့်သဘောပဲကွာ” ဟု ပြန်ပြောလိုက်သည်။

မီးကိုမသုံးသေးဘဲ ညအမှောင်အတိုင်း မောင်းသွားကြသည်။ ငမျိုးသည် ဒီလမ်း ဒီခရီးကို နောကျေပြီးသားဖြစ်သလို ငနီနှင့် နကျားသည်လည်း သူတို့သခင်အတိုင်းပင်။

မြေအနေအထားသည် မြေနီစပ် ကျောက်စရစ်ခဲကလေးများ အနည်းငယ်ပါသည့် ကုန်းကမူ အနိမ့်အမြင့်ဖြင့် ပဲစင်းငုံတော့ စိုက်၍ ဖြစ်ထွန်းသည်။

ဤသို့ဖြင့် တစ်မိုင်ခန့် ခရီးပေါက်လာရာ လှည်းရံတိုင်တွင် ချိတ်ထားသော ဘက်ထရီအိုးကို ဆလိုက်မီးကလစ်ညှပ်တော့မည်။ လိုအပ်လျှင် အောက်ဆင်း မီးထိုးလိုက်ရန်အတွက် ယူလာသော သုံးခဲထိုး လက်နှိပ်မီးဖြင့် ဘက်ထရီအိုးကိုထိုးကာ အပေါင်း၊ အနုတ်ကြည့်၍ ကလစ်ညှပ်ရသည်။ လက်နှိပ်မီးကို ဖီးဂျက်ကက်ဘေးအိတ်ထဲ ထည့်လိုက်သည်။ ဆလိုက်မီးကိုင်ကာ ကျွဲကာတိုင်ဆွဲ၍ မတ်တတ်ရပ်လိုက်သည်။ လက်ကိုင်ရှိ ခလုတ်ကိုဖွင့်ကာ ခပ်ထောင်ထောင်ထိုး၍ အောက်သို့ တဖြည်းဖြည်း မီးချလိုက်သည်။ မီးအဖျားက မြေကြီးအရောက်တွင် လှည်း ညာဘက်မှစ၍ ဘယ်ဘက်သို့ဝိုက်ကာ တဖြည်းဖြည်းထိုး၍ သားကောင်ရှာသည်။

မီးထိုး၍ အပစ်ခံထားရဖူးသော သားကောင်များသည် မီးရောင်မြင်လျှင်ပင် သုတ်ခနဲ ပြေးသွားတော့သည်။ ဤသို့သော သားကောင်ကို မုဆိုးများက မီးယဉ်နေသည့် သားကောင်ဟု ခေါ်သည်။

မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလသည် တောဆူဖြိုး၍ နွေကာလလို ညမီးလည်လို့ မကောင်းပေ။

ယခုတော့ ပဲစင်းငုံခင်းများသည် လူတစ်ရပ်ကျော်အမြင့်ရှိပြီး ပိန်းပိတ်နေပေသည်။ သားကောင်တွေ့နိုင်မည် ထင်သည့်ဘက်ကို ကျွန်တော်က လှည်းဆရာငမျိုးအား မီးရိုက်ပြသည်။

ဘယ်ဘက်သွားချင်လျှင် ဘယ်ဘက်သို့ မီးရောင်တန်းဖြင့် ဖျတ်ခနဲ ဖျတ်ခနဲ မီးရိုက်ပြသည်။ ညာဘက်သွားလိုလျှင်လည်း ထိုနည်း၎င်းပင် မီးရိုက်ပြသည်။ အသံထွက်၍ကား စကားအပြန်အလှန်မပြော ကြတော့ပေ။

စာဖတ်သူခင်ဗျာ၊ ကျွန်တော်တို့ မုဆိုး အသုံးအနှုန်းဖြင့်ပြောသော မီးအဖျားဆိုသည်မှာ စာဖတ်သူ ညအချိန် လက်နှိပ်မီးဖြင့် အဝေးသို့ ခပ်ထောင် ထောင်ထိုးလိုက်ပါ။ လက်နှိပ်မီးမှ ဖြာထွက်သော အလင်းရောင်တန်းသည် အလှမ်းဝေးလေ စက်ဝိုင်းကြီးသွားပေသည် မဟုတ်ပါလား။

၎င်းအလင်းရောင် စက်ဝိုင်းအောက်ဘက် အနားသတ်ကို မီးအဖျားဟု ခေါ်ပါသည်။ စာရှုသူလည်း တစ်စုံတစ်ယောက် မျက်နှာချင်းဆိုင် အဝေးမှ လက်နှိပ်မီးဖြင့် အထိုးခံရလျှင် မီးအဖျားနှင့်ဆို မျက်စိမစူး။ မီးရောင်တန်း အလယ်တည့်တည့်ဖြင့် အထိုးခံလိုက်ရလျှင် မျက်စိစူးသွားပေသည် မဟုတ်ပါလား။

သို့ဖြစ်ပါ၍ စာရေးသူတို့ သားကောင်ရှာရာတွင် မီးအဖျားဖြင့် ဝှေ့ဝိုက်ထိုးကာ ရှာကြသည်။ သားကောင်တွေ့လျှင် မီးအဖျားအတွင်း သားကောင်၏ မျက်လုံးမှာ အရောင်လက်နေသည်ကို လှမ်းမြင်နေရ သည်။

ဤသို့ မြင်ရပြီဆိုလျှင် သေနတ် တစ်ကမ်းပိုင်လောက်သည့် အကွာအဝေးရောက်သည်ထိ လှည်းကို ဖြည်းဖြည်းမောင်းသွားကာ ကပ်ရသည်။ သေနတ်ထိရောက်သည့် အကွာအဝေးကို လှည်းသမားကလည်း သိပြီးသားဖြစ်ရပေမည်။ ယင်းအကွာအဝေးအရောက်တွင် လှည်းသမားက လှည်းကို ဘေးတိုက်ရပ်ပေးရသည်။

သည်တွင် မီးသမားက သားကောင်၏မျက်လုံးတည့်တည့်ကို သေနတ်သမား၏ ညာဘက်ပခုံးဘေးမှ မီးရောင်တန်းနေအောင် ထိုးပေးရသည်။ သားကောင် မီး၌မိ၍ ကြောင်ကြည့်နေစဉ် သေနတ်သမားက ပစ်မှတ်ကိုချိန်၍ ပစ်ပေတော့သည်။

ထိုသို့ဖြင့် လှည်းသမား၊ မီးထိုးသမား၊ သေနတ်သမား သုံးဦး ကာရန်ဝါကျညီကြမှသာလျှင် သားကောင်ရပေသည်။

နွားလှည်းဖြင့် ညမီးလည်ရာတွင် လှည်းပေါ် လူများများပါလျှင် မကောင်း။ နှစ်လုံးပြူးသေနတ်ကိုင်ဆောင်ထိန်းသိမ်းမှု အရေးကြီးသည်။ မိုးရေစီးကြောင်းချိုင့်ထဲ လှည်းဘီးက ဆောင့်ကျလျှင် သေနတ်က ထပေါက်တတ်သည်။ သို့ဖြစ်၍ သေနတ်ကိုင်ဆောင်ထားသောသူသည် ပြောင်းကို လှည်းနောက်ဘက်လှည့်၍ ကိုင်ကာ လိုက်ရသည်။ လှည်းပေါ်တွင် လူများလျှင်အန္တရာယ်များသည်။ လှည်း သမား၊ မီးသမား၊ သေနတ်သမား ဒီသုံးယောက်ပဲ လည်တာကောင်းပါသည်။

မီးအဖျားအတွင်း အရောင်တောက်စွာဖြင့် မြင်ရသော မျက်လုံးကိုကြည့်၍ ဒါတော့ ချေ၊ ဒီဟာဖြင့် သမင်(သို့) သမင်ဘောက်ကြီးဟု အကောင်အထည် မမြင်ရခင် ခွဲခြားသိရန်မှာတော့ မုဆိုးသဘာရင့်မှ သိနိုင်သည်။

မျက်လုံးအရောင်သည် နီကြောင်ကြောင်ဝင်းတောက်လျက် တစ်လုံးနှင့်တစ်လုံး (၈) လက်မခန့် အကွာရှိနေလျှင် သမင်ဘောက်ကြီး(ချိုကားကြီး) ဖြစ်သည်။ မျက်လုံးက ဝင်းတောက်နေပြီး တစ်လုံးနှင့်တစ်လုံး အကွာအဝေး နီးနေလျှင် ချေပဲဟုသိနိုင်သည်။ သို့သော် လင်းဝက်ငှက်နှင့်လည်း မှားတတ်သေးသည်။ ခွေးအနှင့် တောကြောင်တို့မှာ မျက်လုံးစိမ်းပြီးဝင်းတောက်နေသည်။

ယခုလို ဆောင်းတွင်း အသီးအနှံများပေါ်ချိန်တွင် သားကောင်များသည် စားခင်းသို့ စောစောထွက်စားတတ်ကြကာ သန်းခေါင်ယံအချိန်တွင် စားခင်းအတွင်းနှင့် ချပ်ကြိုချပ်ကြားဝင်၍ စားမြုံခတ်နေတတ်၏။ ချေသတ္တဝါသည် ဖန်ခါးသီး၊ ဆီးဖြူသီး၊ လွန်သီး၊ ခပေါင်းသီး၊ သပြေသီး စသည့်ရာသီပေါ် အသီးများကိုမျိုချပြီး ဗိုက်ကားမှ ဝပ်၍ စားမြုံ ခတ်သည်။ ချေစားမြုံ့ခတ်၍ထွေးထုတ်ထားသောအပုံတွေ့လျှင် သစ်စေ့သစ်ဆန်လေးများမှာ ပြောင်နေပါသည်။ သမင်လည်း စားမြုံ့ခတ်သော သတ္တဝါပင် ဖြစ်သည်။

အောင်မယ်၊ အလွန်ပါးနပ်လှတဲ့ အကောင်များကိုလည်း အံ့ဖွယ်လိလိ တွေ့ဖူးပါသည်။ စားခင်းအတွင်း ဝပ်၍ စားမြုံ့ခတ်နေရာမှ မီးရောင်ကိုမြင်လိုက် သည်နှင့်တစ်ပြိုင်တည်း မျက်စိမှိတ်လိုက်ကာ ရှေ့လက်နှစ်ချောင်း ရှေ့သို့စုံပစ်၊ နှုတ်သီးကိုလည်း ရှေ့သို့စင်း၊ မေးကို မြေကြီးကပ်၍ နောက်ပေါင်နှစ်ဖက်ကား ပြားပြားဝပ်ကာ ငြိမ်နေတော့သည်။ သူ့ကိုယ်သူတော့ လုံလှပြီပေါ့လေ။ ဒါပေမယ့် ချိုက ထောင်နေသည်ကို မြင်ရသည်။

သို့ဖြင့် မီးထိုးလိုက်၊ မီးပိတ်လိုက်နှင့် လှည်းမောင်းလာကြရာ ည (၈)နာရီ ထိုးပေပြီ။ ဘေးဘယ်ညာတွင် ပဲစင်းငုံခင်းများ ခြံရံ၍ ကုန်းပြေပြေလှည်းလမ်း အတိုင်း မောင်းတက်လာစဉ် တုတ်တုတ် တုတ်တုတ်ဟူ၍ အခေါင်းပါသော သစ်တုံး ကုလားတက်တုံးကို လေးလေးမှန်မှန် တစ်ချက်ချင်း ခေါက်လိုက်သည့် အသံကဲ့သို့ မြည်သံကြားရပေသည်။

ယင်းအသံသည် အခြားမဟုတ်ပေ။ သမင်များ တစ်ကောင်နှင့် တစ်ကောင် အသံပေး၍ အဖော်ခေါ်ခြင်း ဖြစ်သည်။ ကုန်းအဆင်းတွင် ကျွန်တော်က မီးဖွင့်လိုက်သည်။ ထောင်၍ ထိုးထားရာမှ တဖြည်းဖြည်း မီးချလာရာ မီးအဖျားအတွင်း တွေ့ပါပြီ၊ တစ်ကောင်မကဘူးဗျာ။ (၅) ကောင်အုပ် ဖြစ်မလားဘဲ။

ဖြည်းညင်းစွာ ကပ်ကြသည်။ သမင်မများ ဖြစ် သည်။ (၅) ကောင်မဟုတ်။ (၃) ကောင်သာ ဖြစ်သည်။ လူ့တစ်ရပ်ကျော်မြင့်သော ပဲစင်းငုံပင်များကို ပတတ်ရပ်၍ စားလိုက်၊ အောက်ဆင်းလိုက် တစ်ဖန် ပတတ်ရပ်စားလိုက် လုပ်နေကြသည်။

ကိုက် (၇ဝ) ခန့် ဝေးသေးသည်။

ကိုက် (၅၀)ခန့်အရောက်…

“ဟော ဗျာ- သုတ်ခနဲ ပြေးသွားကြပြီ။”

ငမျိုးက လေသံလေးဖြင့်-

“မပူနဲ့ ကျုပ်ထွေးလေးရတို့ကုန်းက ဖြတ်ချပြီး ပတ်ဆီးမယ်တွေ့မှာ”

ဟု ပြောကာ အတိုင်နွားကို ဆွဲလိုက်သည်။ နကန် (နှင်တံ) နှင့် နှစ်ကောင်စလုံးတို့၍ အသော့လေးမောင်းသည်။ တစ်နေရာအရောက် စည်းကာထားသောအခင်းကိုတွေ့ရာ လှည်းအောက်ဆင်း၊ လက်နှိပ်ဓာတ်မီးထိုးကာ စည်းရိုးဖြဲကြသည်။ တစ်လပဲခင်း ဖြစ် သည်။

ကောင်းလိုက်သည့် … ပဲခင်းဗျာ။ ပဲခင်းအလယ်တည့်တည့်မှ ဖြတ်မောင်းတော့သည်။ ထိုကဲ့သို့ စည်းရိုးဖျက်ပြီး ဝင်သည်ကို အခင်းရှင်က စိတ်မဆိုးပေ။ သူတို့အခင်းဖျက်ဆီးသော တောကောင်များကို နှိမ်နင်းပေးသည်ဟု ကျေးဇူးပင် တင်ရှိကြပါသည်။

နွားများလည်း တောလည်နေကျဖြစ်၍ လူ့အထာကို သိနေသည့်အလား တို့လျှင်တို့သလို သွက် သွက်သွားကြသည်။

ကျွန်တော်က မီးဖွင့်၍ မီးများဖြင့်ဝိုက်ကာ ရှာလိုက်သည်။ ယာခရိုး တစ်ကွေ့ ကွေ့ပြီးသော် လှည်းဦးတိုက် ကိုက် (၅၀) အကွာတွင် စောစောက သမင်သုံးကောင် တွေ့ပါပြီ။

ကိုက် (၃၀) ခန့်တွင် မီးတည့်တည့်ထိုးရာ ကြီးသော သမင်မသည် ရှေ့က လည်တိုင်စွန့်ရပ်နေပြီး အငယ်နှစ်ကောင်မှာ ရှေ့နောက် ထပ်၍ ကပ်လျက်ရပ်ကာ မီးကို ကြည့်နေကြသည်။ ငမျိုးက လှည်းဦးဘယ်ဘက်သို့ ဖြည်းဖြည်းလှည့်ရပ်လိုက်သည်။ ကိုစန်းအောင်က သမင်ကြီးကို ချိန်၍ပစ်လိုက်တော့သည်။

ယမ်းပေါက်ကွဲသံမြည်သွားသည်။ သမင်မမှာ နေရာတွင်ပင် လဲပေသည်။ အငယ်နှစ်ကောင်မှာ လန့်ခုန်ပြီး နောက်ဘက်သို့ လှည့်ကာ ပြေးသွားကြသည်။ သမင်သည် ခြေလက်များ ယက်ကန် ယက်ကန်ဖြစ်ပြီး ငြိမ်ကျသွားပြီ။ လက်နှိပ်မီးဖြင့် အနီးကပ်ထိုးကြည့်ရာ လက်ပြင်တွင် (၆)လုံးစလုံးဝင်သည်။ သေ နတ်သည် ကျည်စုကောင်းသည်။

ချုပ်ပါသော ဘယ်ဘက်ပြောင်းဖြင့် ပစ်ခြင်းဖြစ်သည်။

ငမျိုးက သမင်မ၏ တံကောက်ကြောများ ဖြတ်လိုက်ပြီး လှည်းပေါ် ကောက်တင်ကြရာ အချိန် (၂၅) တော့ ရှိပေမည်။ ယင်းနောက် သေနတ်ကို ကျွန်တော်ကကိုင်၍ ပြောင်းချိုးကာ ဘယ်ဘက်ပြောင်းရင်း ယမ်းတောင့်ကို ထည့်လိုက်၏။ ကိုစန်းအောင်က လက်နှိပ်မီးဖြင့် ထိုးပြသည်။

ယခုတစ်ဖန် ကိုစန်းအောင် မီးထိုးမည်။ ကျွန်တော်က သေနတ်သမားဖြစ်သွားပြီ။

ဘင်ဂတုံးတောတိုက်ဆီလှည့်ပတ်၍ သွားကြသည်။ ဘင်ဂတုံးတောမြေအနေထားမှာ ကျစ်မြေခပ်ဆန်ဆန်ကုန်းကမူများ ဖြစ်သည်။ အင်ပင်ပေါက်များ ကျိုးကျိုးကျဲ ကျဲပေါက်၍ အောက်ခြေတွင် နဘူးချုံ၊ မိုးနှံချုံ၊ ဘောင်မဲ့ချုံများ ကျိုးတိုးကျဲတဲ ရှိသည်။ မိုးတွင်းအခါ ရေစီးသောချောင်းဘေး တစ်ဖက်တစ်ချက်နှင့် ချောင်းပြန့်မှာတော့ တစ်လပဲခင်းများ၊ မြေပဲခင်းများသည် တစ်မျှော်တစ်ခေါ်ကြီး စိုက်ပျိုးထားကြပေသည်။

မီးတဝင်းဝင်းထိုး၍ သားကောင်ရှာပြီး မောင်းလာကြရာ အထက်ပါ ချောင်းပြန့်သို့ရောက်လာကြသည်။ သည်မှာဘက်တွင် ပဲစင်းငုံအခင်းများ မရှိ၍ မီးတစ်ဆုံးထိုးလို့ရသည်။ မီးအဖျားတွင် မျက်လုံးတစ်စုံ မြင်ရသည်။ သဲချောင်းအတွင်းဖြစ်သောကြောင့် အသံလုံသည်။ ငမျိုး လှည်းကို သွက်သွက်မောင်းသည်။

လှည်းဘီးနှင့် သဲပွတ်သံ တရှဲရှဲ တိုးတိုးသာ မြည်သည်။ ကိုစန်းအောင် မီးအဖျားကို အောက်သို့အနည်း ငယ်ချလိုက်သည်။

ကိုက် (၅၀) အကွာခန့်အရောက် နီကြောင်ကြောင် ဝင်းတောက်နေသော မျက်လုံးမှန်း ကွဲပြားစွာ မြင်ရတော့သည်။ ဘောက်ကြီး (သမင်ချိုကားကြီး) ဖြစ်နိုင်သည်။ သို့သော် မျက်လုံးက မြေကြီးဖြင့် ကပ်လွန်းသည်။

ကိုက် (၃၀)ခန့် အကွာရောက်တော့ ဘောက်ကြီးကို ကွဲပြားစွာ မြင်ရတော့သည်။ ရှေ့လက်အစုံ ခွာယက်၍ မြေပဲသီးများကို ဖော်စားလိုက်၊ မီးဆီကြည့်လိုက် လုပ်နေတော့သည်။

အတန်ငယ် နီးသောအခါ ငမျိုးက နဖားကြိုးတောင့်၍ ဖြည်းညင်းစွာကပ်သည်။ လှည်းကို ခပ်စွေစွေမောင်း ပေးသည်။ ရပ်တော့ မရပ်သေး။ လှည်း ခပ်စောင်းစောင်း မောင်းသော်လည်း ကိုစန်းအောင်က သားကောင်ဆီမှ မီးမခွာအောင် ထိုးပေးထားသည်။

သားကောင်မှာ မီးကိုစူးစိုက်ကြည့်နေသည်။ လှည်းကြမ်းပေါ်မှ ဒူးထောက်ပစ်မည်။ ကိုစန်းအောင်၏ ခြေသလုံးကို လက်တို့လိုက်သည်။ သူက အထာသိ သည်။

ဘောက်ကြီးမျက်လုံးဆီ မီးတည့်တည့်ထိုးထားပြီး လူကတော့ မတ်တတ်ရပ်ရာမှ အောက်သို့ တဖြည်းဖြည်း ဒူးကွေးကာ ထိုင်လာသည်။

သားကောင်နှင့် ကိုက်(၂၀)ခန့်အကွာ လှည်းဘေးတိုက်အနေအထားရောက်တွင် ငမျိုးက ရပ်ပေးတော့သည်။ ရှေ့ဆိုက် နောက်မျှော့ကြောင်းပစ်မှတ် တစ်ထပ်တည်း အကျတွင် ခလုတ်ကို ဆွဲညှစ်လိုက်သည်။ ယမ်းပေါက်ကွဲသံနှင့် တစ်ပြိုင်တည်း ဘောက်ကြီးသည် လူတစ်ရပ်နီးပါး (၅) ပေအမြင့်လောက်အထိ စုံခုန်လိုက်ကာ ခွာခုတ်၍ ချောင်းပြန့်ဘယ်ဘက်သို့ ပြေးသွားသည်။ မီးလိုက်ထိုး သော်လည်းမမီပေ။ အတွေ့ အကြုံအားဖြင့် ချက်ကောင်းထိမှန်းသိပါသည်။

သို့ဖြစ်၍-

“ကဲ- ငမျိုး၊ တို့ ဒီနားပဲ လှည်း ချွတ်အိပ်ကြစို့ရဲ့”

“ကောင်းတယ် မောင်တာ၊ ဒီကောင်ကြီး ဝေးဝေးမရောက်နိုင်ဘူး။ ဒီနားတင် လဲနေမှာ။ မနက်ကျတော့ တွေ့မှာပေါ့ဗျာ”

ဟု ကိုစန်းအောင်က ပြောသည်။ ငမျိုးကလည်း-

“ဒီချောင်းပြန့်ထဲ အိပ်ရအောင်ဗျာ။ အခုမှ ဆေးလိပ်သောက်ချင်လာတယ်ဗျို့”

လှည်းကို ဦးထောက်ဖြင့်မထောက်ဘဲ သဲပြင်ပေါ် လှည်းဦးချလိုက်ကာ ထမ်းပိုးအဖျားတစ်ဖက်စီတွင် နွားများကိုချည်သည်။ ကိုစန်းအောင်က လက်နှိပ်မီးထိုး ပြသည်။

ကျွန်တော်က ဘက်ထရီအိုးများ မစောင်းအောင် ပြုပြင်ချိတ်သည်။

အေးလိုက်တာ။ နွားများ နှာမှုတ်သည်တွင် အငွေ့ထောင်းထောင်းထသည်။ လူများလည်း စကားပြောလိုက်တိုင်း အငွေ့ထောင်းခနဲထွက်ပေသည်။ စောစောက ဇွဲအာရုံကပ်နေ၍ သတိမထားမိ။ ခေါင်းစွပ်လည်း နှင်းရည်စိုနေလေသည်။

ကိုစန်းအောင် ပစ်ခတ်ထားသော သမင်မကတော့ လှည်းပေါ်တွင် မလှုပ်မယှက်။ ငမျိုးသည် နွားများကို မြေပဲပင်များနုတ်၍ ပုံကျွေးနေသည်။ အချိန်မှာ ည (၁) နာရီခွဲရှိပြီ။ လှည်းမြီးနောက် အောက်ပိုင်း စောင်ပိုတစ်ထည်ခင်းပြီး ထိုင်ကြသည်။ အင်္ကျီအိတ်ထောင်ထဲမှ ဆေးလိပ်နှိုက်ယူကာ –

“ရော့- ငမျိုး၊ ဆေးလိပ်”

ကိုစန်းအောင်ကိုလည်း တစ်လိပ်ပေးလိုက်သည်။ ငမျိုးမှာ ဆေးလိပ်ကို မီးညှိ၍ ဖွာလိုက်ကာ ဆေးငွေ့များကို အားပါးတရ “ရှီး” ဟု မြည်သံပေးရှိုက်သွင်းသည်။

“ကိုစန်းအောင် ကျောပိုးအိတ်ကြီးထဲက ပါလာတာလေးထုတ်ဗျာ။ အချမ်းပြေအောင်”

“အေး မတ်ခွက်ရော ပါခဲ့လား”

“ပါပါတယ်ဗျ၊ ကိုကျော်ဝေ ထည့်လိုက်တာမြင်ပါတယ်”

သို့နှင့် မတ်ခွက်ထဲ အရက်ငှဲ့၊ ရေဘူးထဲမှ ရေလေးစွက်နှင့် ဘီအီးတစ်လုံးလည်းကုန်မှ အိပ်ကြတော့သည်။

သေနတ်ကို ယမ်းတောင့်ထိုးပြီး ကျွန်တော် ညာ ဘက်မှာထားလိုက်သည်။ လက်နှိပ်ဓာတ်မီးကို အလယ်မှ အိပ်သော ငမျိုးနှင့် ကျွန်တော့်ခေါင်းအကြား ထားသည်။ နွားနှစ်ကောင်လည်း စားမြုံ့ပြန်ကာ လှည်းဦးတွင် ဝပ်နေကြသည်။

နံနက် (၇) နာရီတွင် ငမျိုးနိုး၍ အားလုံးနိုးကြသည်။ စောင်ဖြင့် မျက်နှာပွတ်သပ်ကာ ဝန်းကျင်ကို ကြည့်လိုက်သည်။ မြူနှင်းတွေ ဆိုင်းနေသည်။ မှိုင်း များ ပါးလျားစပြုသော (၈) နာရီခန့်တွင် မနေ့ညကပစ်ခတ်လိုက်သော ဘောက်ကြီးနေရာသို့ သွားရောက်ကြည့်ကြရာ အမွေးများ ပြတ်ကျခဲ့သည်။ တော်တော်များသည်။ သွေးကွက်များတွင် ပုရွက်ဆိတ်များပင် အုံနေတာ တွေ့ ရသည်။

သွေးစက်များနောက် ခြေရာခံလိုက်ကြသည်။ အင်တိုင်းတောဆီ ဦးတည်နေသည်။ ကိုက် (၁ဝဝ) ခန့်အကွာ ကုန်းမို့မို့အဆင်းတွင် တွေ့ပါပြီ။

အင်ပင်ပေါက်အခြေ ပေါင်မဲ့ဆူးချုံဘေးတွင် ဘောက်ကြီးမှာ လက်နှစ်ဖက်ခေါက်၍ ဘေးစောင်းလဲနေသည်။

အနားရောက်တော့ ကြည့်ကြရာ ရှေ့လက်၊ နောက်လက်ထပ်ကို မှန်ထားသည်။ ထူးခြားသည်မှာ ချို့အပေါ်ပိုင်း အခက်အလက်များသည် အပြားလိုက်ရှိ သည်ကို တွေ့ရသည်။ ချိုဆန်းပေပဲ။ အချိန် (၄၀) တော့ထွက်မည့် အကောင်ကြီးပါပေ။

ငမျိုး ချောင်းပြန့်ဆီမှ လှည်းသွား ‘က’၍ မောင်းလာသည်။ ဘောက်ကြီးကို လှည်းမြီးနောက် ခေါင်းတန်းလန်းချ တင်ကာ သမားရိုးကျ လှည်းလမ်းအတိုင်း မောင်းကာ မြက်တပင်တဲတိုက်ဆီသို့ မျက်နှာပန်းလှလှ ပြန်ခဲ့ကြပါသတည်း။

– ပြီး –

စာရေးသူ – မဟာမြိုင်မုဆိုး

Leave a Reply

Your email address will not be published. Required fields are marked *