August 1, 2025
Uncategorized

တင်ကျီးဘိုးထွန်း

တပ်ကြပ်မောင်ထူး
တင်ကျီးဘိုးထွန်း

၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျွန်တော်၏မိခင် ဈာပနကို ပဲခူးမြို့ ဗဟိုစည်ရပ်ကွက်မှ ကျွန်တော်တို့ရွာဖြစ်သော တောင်သူစုကျေးရွာ သင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ရသည်။

ကျွန်တော်၏ မိခင်သည် ဒုတိယကမ္ဘာစစ်ကြီးပြီး၍ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်ရေးရပြီးစ အချိန်မှ စ,ကာ မြို့ရွာမငြိမ်မသက်ခြင်းကြောင့် တောင်သူစုကျေးရွာလေးတွင် မနေနိုင်တော့ဘဲ ပဲခူးမြို့ ဗဟိုစည်ရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

သို့သော် ရွာတွင် သူ့သမီးငယ် ရှိနေခြင်းကြောင့် သူ့ရွာကလေးသို့မူ မကြာခဏပင် သွားရောက်သည်။ သူ ခေါင်းချသောအခါတွင် သူ့ ရွာသင်္ချိုင်းမှာပင် ခေါင်းချလိုစိတ် ရှိခဲ့သည်။

ထို့ကြောင့် ကျွန်တော်တို့သည် မိခင်၏ ဈာပနကို ပဲခူးမြို့ ဗဟိုစည်ရပ်ကွက်မှ တောင်သူစုကျေးရွာသင်္ချိုင်းသို့ ပို့ဆောင်သင်္ဂြိုဟ်ရာတွင်လည်း နွားနှစ်ကောင်တပ်လှည်းဖြင့် တင်ဆောင်ခဲ့ကြသည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်တော်၏မိခင်သည် နွားလှည်းစီးရခြင်းကို လွန်စွာ နှစ်သက်သောကြောင့်ဖြစ်၏။

ကျွန်တော်တို့ရွာ သင်္ချိုင်းကုန်းသည် ရွာ၏ တနင်္ဂနွေထောင့်တွင် ရှိပါသည်။ သရဏဂုံတင်ရန် သင်္ချိုင်းဇရပ် မရှိပါ။ ကြီးမားသော သရက်ပင်ကြီး၏ အရိပ် အာဝါသအောက်တွင်သာ သရဏဂုံ တင်ကြရပါသည်။

ကျွန်တော် ရွာမှာ ရှိစဉ်ကလည်း ဤသရက်ပင်ကြီးအောက်တွင်သာ အသုဘများကို သရဏဂုံတင်ခဲ့ကြပြီး ကျွန်တော် ရွာမှ ခွာခဲ့၍ နှစ်ပေါင်း လေးဆယ်ကျော်ပြီးသော ယခုအချိန်တွင်လည်း ဤသရက်ပင်ကြီးအောက်မှာပင် ကျွန်တော့်မိခင် ဈာပနကို သရဏဂုံတင်ရပါသည်။

ပြောင်းလဲမှုရှိသည်မှာ သရက်ပင်ကြီး ဇရာထောင်းလှပြီဖြစ်၍ နုပျိုစဉ်ကလောက် အကိုင်းအခက်များ ဝေဆာနိုင်ခြင်း မရှိသည်ကို သတိပြုမိပါသည်။

ဤသို့ မိခင်၏ ဈာပနကို လိုက်ပို့ရင်း ကျွန်တော်၏ ရွာသို့ တစ်ခေါက် ပြန်ရောက်ခဲ့ရပါသည်။

ကျွန်တော်တို့ရွာသည် ပဲခူးမြို့၏ အင်္ဂါထောင့်တွင် ရှိပါသည်။ ပဲခူးမြို့တွင် ထင်ရှားသော ရွှေမော်ဓောဘုရားကြီးဆီမှ တောင်ဘက်သို့ မိနစ်နှစ်ဆယ်မျှ လမ်း လျှောက်က ရောက်ပါသည်။

ကျွန်တော်တို့ ရွာထိပ်တွင် ကုန်းမြင့်ကြီးတစ်ခု ရှိပါသည်။ ထိုကုန်းထိပ်တွင် စံကားစိမ်းပင်ကြီးတစ်ပင် ရှိပါသည်။ ထို့ကြောင့် ထိုရွာထိပ်ကုန်းကို ပန်းပင်ကုန်းဟု ခေါ်ကြပါသည်။

ထို ပန်းပင်ကုန်းမှ ဆင်းသည်နှင့် ကျွန်တော်တို့ရွာကို မြောက်ဘက်မှ ဝင်ပါသည်။ ဤသို့ ရွာကို ဝင်လိုက်မိသည်နှင့် ကိုဘိုးထွန်းကို ကျွန်တော် သတိရလိုက်တော့သည်။

အဘယ့်ကြောင့်ဆိုသော် ကိုဘိုးထွန်းသည် ကျွန်တော်တို့ ရွာမြောက်စွန်း ရွာထိပ်တွင် မြေစိုက်တဲငယ်တစ်လုံးနှင့် နေထိုင်ခဲ့သောကြောင့် ဖြစ်သည်။

ဤကဲ့သို့ သတိရ,ရခြင်း၏ အကြောင်းမှာလည်း ကိုဘိုးထွန်း၏ အသက်မွေးဝမ်းကြောင်း ထူးဆန်းမှုနှင့် ကိုဘိုးထွန်း အမည်မှ “တင်ကျီးဘိုးထွန်း” ဟု လူတို့က ပြောင်းလဲခေါ်ဝေါ်ခဲ့ကြရသော ထူးဆန်းသည့် ဖြစ်ပျက်မှုတို့ကြောင့်ပင် ဖြစ်ပါသည်။

ကိုဘိုးထွန်းသည် အိမ်ထောင်မရှိ။ မြေစိုက်တဲငယ်တစ်လုံး၌ လုံးတည်းသာ နေသည်။ ပျိုးနုတ်ချိန်တွင် ပျိုးနုတ်လိုက်သည်။ စပါးရိတ်ချိန်တွင် စပါးရိတ် လိုက်သည်။ ထို ပျိုးနုတ် စပါးရိတ်ရာမှ ရသော လုပ်ခ စပါးသည် သူ၏ တစ်နှစ်စာ ဝမ်းစာစပါးဖြစ်သည်။

လုပ်ခအဖြစ် ငွေကြေးကို မယူ။ စပါးကိုသာ ယူသည်။ ထို စပါးကို သူ့တဲရှိ လက်လှည့်ဆုံလည်ဖြင့် လှည့်၍ ဆန်ဖွပ်စားသည်။ စက်ကြိတ်ဆန် မစား။ လက်ဖွပ်ဆန်ကိုသာ စား၏။

မိုးတွင်း ပျိုးနုတ် တစ်ချိန်နှင့် ဆောင်းတွင်း စပါးရိတ် တစ်ချိန်သာလျှင် တစ်နှစ်လုံးအတွက် သူ့ ပင်မအလုပ်ချိန် ဖြစ်သည်။

ပျိုးနုတ် စပါးရိတ်ချိန်မှလွဲသော ကျန်အချိန်များသည် သူ ဝါသနာထုံသော အလုပ်များကို ရာသီအလိုက်လုပ်သော အချိန်များသာ ဖြစ်သည်။

သူ ဝါသနာထုံသော အလုပ်များမှာ ချိုးတည်သည်။ တောကြက် ထောင်သည်။ ယုန်ဖမ်းသည်။ တောကြောင်လိုက်သည်။ ရှဉ့်ပစ်သည်။ ငါးမြွေထိုး ချိတ် သည်။ ငါးရှဉ့် ထိုးသည်။ ငါး ဆောင်းသည်။

ဤသည်တို့မှာ ဆောင်းနှင့် နွေကာလတွင်ဖြစ်၍ မိုးဦးကျ ငါးရစ်မိုး ရွာသည်မှစ၍ မိုးနှောင်း ငါးဆင်းမိုး ရွာသည်အထိ ကာလအတွင်းမူ နည်းမျိုးစုံဖြင့် ငါးဖမ်းသည်။

သူ့လုပ်ငန်းများအတွက် သူ့တဲငယ်တွင် လုပ်ငန်းကိရိယာမျိုးစုံ ရှိသည်။

တည်ချိုးနှင့် ချိုးတည်အိမ် ရှိသည်။

တည်ကြက်နှင့် ကြက်ထောင်ညွှတ် ရှိသည်။

ယုန်ထောင်ပိုက် ရှိသည်။

တောကြောင်နှင့် ရှဉ့်လိုက်ရန် လိုက်ခွေးနှင့် ပစ်ခတ်ရန် ကိုင်းလေးအပြင် မြားဖြင့်မှုတ်ရန် ပြောင်းလည်း ရှိသည်။

နွေဘက် ချောင်းထဲတွင် ငါးမြွေထိုးချိတ်ရန် ချိတ်ရှိသည်။

ကန်ထဲ၌ ငါးရှဉ့်ထိုးရန် စူးရှိသည်။

ငါးဆောင်းရန် ဆောင်းရှိသည်။

မိုးတွင်းတွင် ငါးဖမ်းရန် ငါးမျှားတံ တို-ရှည်မှ စ၍ ရေနွင်း၊ ယက်သဲ့၊ ခရာ၊ ယင်း စသည်ဖြင့် မျိုးစုံပင် ရှိ၏။

ကိုဘိုးထွန်းသည် ချိုးတည်ခြင်း၊ တောကြက်ထောင်ခြင်း စသည်တို့ကို ပြုလုပ်ရာတွင် ကျွန်တော်တို့ ကလေးများကို လိုက်ခွင့်မပြု။ တောထဲတွင် တိတ်တဆိတ် ပြုလုပ်ရ၍ ဖြစ်သည်။

ထိုလုပ်ငန်းများအတွက် တောထဲသို့ သူ ထွက်သွားရာတွင် သူ့ချိုးကိုပင် လူမြင်မခံ။ ချိုးတည်အိမ်ကို အဝတ်နက်ဖြင့် အုပ်၍ ယူသွားခဲ့သည်။

ထို့အတူပင် သူ့ တည်ကြက်ကိုလည်း လူမြင်မခံ။ အဝတ်နှင့်အုပ်၍ ရင်ဝယ်ပိုက်သွားလေ့ ရှိသည်။

တောကြောင်နှင့် ရှဥ့်လိုက်တော့မည် ဖြစ်လျှင်မူ ခွေးတစ်အုပ်နှင့် သူ ထွက်လာတော့သည်။ ထိုအခါ ကျွန်တော်တို့ ကလေးများပါ ဝိုင်းလိုက်နိုင်သည်။

ထိုလုပ်ငန်းအတွက် သူ့တွင် ကိုင်းလေး ပါသည်။ ကိုင်းလေးဆိုသည်မှာ ဝါးကိုင်းကို ညွှတ်ကွေးအောင် ကြိုးတပ်ထားခြင်းကြောင့် ဆွဲရ အလွန်မာသည်။ တော်ရုံအားနှင့် မဆွဲနိုင်။

သူ့လောက်စာလုံးမှာ ဂေါ်လီလုံး အကြီးစားတမျှ ရှိသည်။ ထိုလောက်စာလုံးဖြင့် တစ်ချက်ထိလျှင် တော်ရုံ တောကြောင် မခံနိုင်။ ပြုတ်ကျတော့သည်။ ရှဉ့်ငယ်ဖြစ်ပါမူ လွင့်စင်၍ပင် ကျတော့သည်။

အကယ်၍ ထိုအကောင်တို့သည် ဝါးရုံတောထဲသို့ တိုးဝင်နေ၍ ကိုင်းလေးဖြင့် ပစ်ခတ် မရခဲ့ပါလျှင် မြားကို ပြောင်းထဲထည့်၍ မှုတ်တော့သည်။

ပြောင်းဆိုသည်မှာ အဆစ်များကို ဖောက်ထားသော ဝါးလုံးပင် ဖြစ်သည်။ ဆယ်ပေမှ ဆယ့်ငါးပေအထိ ရှည်တတ်သည်။ ထိုဝါးပြောင်းထဲသို့ ကြက်မွေးတပ်ထားသော မြားကိုထည့်၍ ပါးစပ်တွင်တေ့ကာ သားကောင်ကို ချိန်ပြီး လေဖြင့် မှုတ်ထုတ်လိုက်ခြင်း ဖြစ်သည်။

ကိုဘိုးထွန်းသည် ပြောင်းလေမှုတ်လည်း လွန်စွာပြင်းသည်။ ဤပြောင်းဖြင့်ပင် ညဉ့်ဘက်တွင် တောထဲသို့ ဝင်၍ ဝါးရုံထက်တွင် အိပ်တန်းတက်နေကြသော တောကြက်များကို မှုတ်၍လည်း ယူတတ်သည်။

ထို့အပြင် နေ့ခင်းဘက်တွင် ချုံဖုတ်တွင်း၌ ခိုအောင်းနေတတ်သော ဘုတ် (ငှက်) များကိုလည်း ချောင်း၍ မှုတ်ယူတတ်သည်။

ကိုဘိုးထွန်းသည် သူ့လုပ်ငန်းများကို တောတစ်လှည့်၊ ကွင်းတစ်လှည့် လုပ်ဆောင်သည်။

တောဘက်လှည့်သောအချိန်တွင် ချိုးတည်ခြင်း၊ တောကြက်ထောင်ခြင်း၊ တောကြောင်နှင့် ရှဉ့်လိုက်ခြင်း စသော လုပ်ငန်းများဖြစ်၍ ကွင်းဘက် လှည့်သောအချိန်တွင် ကျွန်တော်တို့ရွာ၏ အရှေ့ဘက်တွင်ရှိသော ကမာနတ်ချောင်းအတွင်း၌ ငါးမြွေထိုး ချိတ်ခြင်း၊ ရေခန်းစပြုသော ကန်များအတွင်း၌ ငါးရှဉ့်ထိုးခြင်း၊ ငါးဆောင်းခြင်း စသော လုပ်ငန်းများကို လုပ်ဆောင်လေသည်။

ဤတွင် ကိုဘိုးထွန်း လုပ်ဆောင်သော လုပ်ငန်းများ၏ သဘောသဘာဝနှင့် လုပ်ပုံနည်းစနစ်တို့ကို ဖော်ပြရန် ကျွန်တော် မရည်ရွယ်ပါ။

ဤကဲ့သို့သော လုပ်ငန်းများကို ကိုဘိုးထွန်း လုပ်ဆောင်သည်ဟူ၍သာ စာရှုသူတို့ကို သိစေလိုရင်း ဖြစ်ပါသည်။

အမှန်စင်စစ် ကိုဘိုးထွန်းသည် ဤလုပ်ငန်းများကိုသာ ပြုလုပ်သည် မဟုတ်ပါ။ တောရွာ၏ သဘာဝ လုပ်ငန်းများဖြစ်သော မိုးဦးကျ ဖားရိုက်ခြင်း၊ ငါးခုတ်ခြင်း၊ မှိုရှာခြင်း၊ မျှစ်ချိုးခြင်း၊ စားသီးစားရွက်ခူးခြင်း၊ နွေဘက်ရောက်သော် ကောက်သင်းကောက်ခြင်း၊ လက်ပန်ပွင့်၊ မလွှပွင့်၊ ပေါက်ပွင့်ကောက်ခြင်း စသည်တို့ကိုလည်း အများနည်းတူ ပြုလုပ်သည်သာ ဖြစ်ပါသည်။

သို့သော် ရွာသားအများစုကမူ သူ ပြုလုပ်သော လုပ်ငန်းများကို (သားကောင်ဖမ်း စသည်) ပြုလုပ်ခြင်း မရှိကြပါ။ အကုသိုလ်အလုပ်များအဖြစ် ရှောင်ကြဉ်ကြပါသည်။

ဤနေရာတွင် ကိုဘိုးထွန်းကို ချီးကျူးရန် တစ်ခု ရှိလာပြန်သည်။ အခြား မဟုတ်ပါ။ သူသည် တစ်ရွာလုံးတွင် မှိုရှာ အတော်ဆုံး လူတစ်ယောက်ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်ပါသည်။

အဘယ်ကြောင့် ဤသို့ တော်ရသနည်းဆိုသော် သူသည် မှိုကျင်းရှိသည့် နေရာနှင့် မှိုထွက်သည့် နေ့ရက်တို့ကို စာအုပ်ဖြင့် ရေးမှတ်ထားခြင်းကြောင့်ပင် ဖြစ်သည်။

မှိုတို့သည် အံ့သြစရာကောင်းလောက်အောင်ပင် နေ့ရက်နှင့် အချိန်တို့ မှန်ကန်စွာ မြေတွင်းမှ ထွက်လာတတ်လေသည်။

ကိုဘိုးထွန်းသည် သူ၏ မှတ်စုစာအုပ်မှ ညွှန်းသော နေ့ရက်နှင့် နေရာတွင်ရှိသည့် မှိုကျင်းမှ မှိုများကို ပင်ပန်းစွာ မရှာရဘဲလျက် ဆွတ်ခူးရယူလေ့ ရှိသည်။

သို့သော် သူ အထူးသတိထားရသော အချက်ကား ရှိလေသည်။ အခြား မဟုတ်ပါ။ သူ မှိုကျင်းရှိရာသို့ သွားသောအခါ သူ့နောက်မှ အခြားသူတစ်ဦး နောက်ယောင်ခံ လိုက်မလာစေရန်နှင့် မှိုကျင်းမှ မှိုများကို သူ နုတ်နေစဉ်တွင် အခြားသူများ မမြင်တွေ့စေရန် အထူးလျှို့ဝှက်၍ သိုသိုသိပ်သိပ် လုပ်ဆောင်ရခြင်းပင် ဖြစ်ပါသည်။

ကိုဘိုးထွန်း၏ လုပ်ဆောင်ချက်များကို အကျဉ်းမျှ ဖော်ပြခဲ့ပြီး၍ ယခုအခါ ကိုဘိုးထွန်းအမည်မှ “တင်ကျီးဘိုးထွန်း” အမည်သို့ ပြောင်းလဲရသည့်အကြောင်းကို ဖော်ပြပါတော့မည်။

ကျွန်တော်တို့ ရွာ၏အရှေ့ဘက်တွင် “စိန်သာလျောင်း” အမည်ရှိ ဘုရားကြီး တည်ရှိပါသည်။ ကိုယ်တော်ကြီးမှာ အရှေ့ဘက်သို့ မျက်နှာမူ၍ တောင်ဘက်သို့ ခေါင်းပြုလျက် လျောင်းတော်မူနေသော ကိုယ်တော်ကြီး ဖြစ်ပါသည်။

ထိုကိုယ်တော်ကြီးမှာ ကျွန်တော် လူမှန်းသိတတ်စ အရွယ်မှ စ၍ ယခု ရွာသို့ ပြန်ရောက်သည့် အချိန်ထိ မြင်တွေ့ရသည်မှာ အမိုးအကာမရှိဘဲ ကုန်းမော့ မြေပြင်ထက်တွင် မိုးရှာလျှင် စို၊ နေပူလျှင် ခြောက် ဘဝဖြင့်သာ စံနေရရှာပါသည်။

ဤ စိန်သာလျောင်းကိုယ်တော်ကြီး၏ ကျောတော်ဘက်နှင့် ခြေရင်းတော်ဘက်တို့တွင် ရေကန်တစ်ကန်စီ ရှိသည်။ မိုးတွင်းဖြစ်လျှင် ကန်များမှာ ရေများ ပြည့်လျှံ၍ ကြာ ဖြူ, နီ, ပြာ တို့ ပွင့်ဖူး၏။

ခြေရင်းတော် ကန်သည် ကျောတော် ကန်ထက် ပို၍ ကျယ်ပြန့်ပါသည်။ ထိုခြေရင်းတော် ကန်နှင့် ဘုရားကြီး၏ ကုန်းတော်အကြားတွင် သက်ကယ်နှင့် ချုံငယ်အချို့ ရှိပါသည်။

ထို သက်ကယ်နှင့် ချုံငယ်တောတွင် ကန်မှ ငါးကို ဖမ်းစားသော သားစားငှက်အချို့ ခိုအောင်းသည်။

ကိုဘိုးထွန်းသည် တစ်ခါသော် ခြေရင်းတော်ကန်တွင် ငါးရှာရာမှ ကန်နှင့် ကုန်းပေါ် အကြား သက်ကယ်တောတွင်းရှိ တင်ကျီးငှက်တစ်ကောင်ကို လေးခွဖြင့် ပစ်ခတ်ရရှိပြီးသော် ထိုတင်ကျီးငှက်၏ အသိုက်တွင်းမှ တင်ကျီးငှက်ငယ်ပေါက်စတစ်ကောင်ကို တွေ့ရှိသည်နှင့် သူ့အိမ်သို့ ယူဆောင်ကာ မွေးထားခဲ့သည်။

သို့ဖြင့် သူ့အိမ်တွင် တောကြောင်နှင့် ရှဉ့်လိုက်ရန်
၊ တောလိုက်ခွေးများနှင့် ချိုးတည်ရန် တည်ချိုးရှိသည်။ တောကြောင်ထောင်ရန် တည်ကြက်ရှိသည်။

ယခု တစ်ခါ တင်ကျီးတစ်ကောင် တိုးလာခဲ့ပြန်လေပြီ။ ထို တင်ကျီးကို သူ မည်ကဲ့သို့ အသုံးချလိမ့်မည်နည်းဟု လူတို့က တစေ့တစောင်း ကြည့်နေခဲ့ကြသည်။

အဘယ့်ကြောင့်ဆိုသော် တောထဲမှ ချိုးကို သူ့ တည်ချိုးဖြင့် ရအောင်တည်၍ စားသည်။ တောကြက်ကို သူ့တည်ကြက်ဖြင့် ရအောင်ဖမ်း၍ စားသည်။

ယခု တင်ကျီးကို မွေး၍ မည်သည့်အကောင်ကို ထောင်စားဦးမည်နည်းဟု စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

ကိုဘိုးထွန်းသည် တင်ကျီးလေးကို တယုတယပင် ကျွေးမွေးသည်။ တင်ကျီးလို ငှက်မျိုးကို အစာကျွေးရသည်မှာ လွယ်သည်မဟုတ်ပါ။

တည်ချိုးနှင့် တည်ကြက်တို့လို ဆန်စပါးနှင့် ဆန်ကွဲ စသည်တို့လောက်နှင့် ကျွေး၍ရသည် မဟုတ်ပါ။

တင်ကျီးငှက်မျိုးမှာ ဗျိုင်းမျိုးနွယ်ကဲ့သို့ ငါး၊ ပုစွန်ကိုသာ စားသော သားစားငှက်မျိုး ဖြစ်ပါသည်။ ထို့ကြောင့် ကိုဘိုးထွန်းသည် တင်ကျီးလေးအား ကျွေးနိုင်ရန် ငါးငယ်၊ ပုစွန်ငယ်လေးများကို ရသလို ရှာဖွေရပါသည်။

ဤကဲ့သို့ ကိုဘိုးထွန်းက ဂရုတစိုက် ကျွေးမွေးလေသောအခါ တင်ကျီးလေးကလည်း ကိုဘိုးထွန်းကို ခင်တွယ်လေသည်။ ကိုဘိုးထွန်း၏ လက်ပေါ်တွင် နားသည်။ ပခုံးပေါ်တွင် နားသည်။ ကိုဘိုးထွန်းကလည်း လက်ပေါ်တင်၊ ပခုံးပေါ်တင် အစာကျွေးသည်။

ဤတွင် ကိုဘိုးထွန်းကို အံ့သြရမည်လော၊ တင်ကျီးငှက်ကိုပင် အံ့သြရမည်လော မသိ။ အံ့သြစရာတော့ ဖြစ်လာသည်။

တခြားမဟုတ်ပါ။ ကိုဘိုးထွန်းသည် တင်ကျီးငှက်ငယ်ကို လှောင်အိမ်ဖြင့် လှောင်၍လည်း မမွေး။ မပျံနိုင်အောင် အတောင်ကိုလည်း ဖြတ်၍ မထားပါဘဲလျက် ကိုဘိုးထွန်း အိမ်မှ မခွာဘဲ နေခြင်းပင် ဖြစ်ပါသည်။

လူနှင့် ယဉ်ပါးလွယ်၍ ယဉ်ပါးနေပြီဖြစ်သော ကြက်တူရွေး၊ သာလိကာ၊ ချိုးငှက်တို့ပင်လျှင် လှောင်အိမ်က လွတ်သည်ဆိုလျှင် တောတွင်းသို့ ပျံသွားတတ်ကြသည်သာ များပါသည်။

ယခု တင်ကျီးငယ်မှာ အံ့သြစရာကောင်းလှလောက် အောင် ကိုဘိုးထွန်း အိမ်မှ မခွာဘဲ ရှိနေပါသည်။

ထိုတင်ကျီးငယ် အရွယ်ရောက်လာသောအခါ ကိုဘိုးထွန်း ကျွေးသော အစာမျှနှင့် မတင်းတိမ်တော့ဘဲ သူ့ဘာသာ အစာထွက်ရှာစားလေသည်။

ထိုရောအခါ တင်ကျီးငှက်သည် ငါးတစ်ကောင်မျှကို နှုတ်သီးဖြင့် ချီ၍ ကိုဘိုးထွန်း အိမ်သို့ ပြန်လာတတ်သည်။

ဤတွင် ကိုဘိုးထွန်း အကြံရလာဟန် ရှိသည်။ တင်ကျီး၏လည်ပင်းတွင် သွပ်နန်းကွင်း ပတ်ထားပေးလိုက်သည်။

ထိုအခါ တင်ကျီးသည် ငါးကို ဖမ်းမိ၍ မျိုချသောအခါ လည်ချောင်းတွင် တစ်ခံပြီး မျိုချမရဖြစ်သည်နှင့် ကိုဘိုးထွန်းအိမ်သို့ ငါးကို ချီ၍ ပြန်ခဲ့ရတော့သည်။ ထိုငါးကို ကိုဘိုးထွန်းက ယူ၍ တင်ကျီးကို ပြန်လွှတ်သည်။

သို့ဖြင့် တင်ကျီးမှာ ခေါက်တုံ့ခေါက်ပြန် ငါးရှာဖွေ၍ ကိုဘိုးထွန်းကို ပြန်လာပေးရတော့သည်။

ကိုဘိုးထွန်း ဤသို့ တင်ကျီးကို ကြံဖန်ခိုင်းစားသောအခါ တစ်ရွာလုံးကပင် အံ့သြကြရသည်။ ထို့ထက်ကဲ၍ တင်ကျီးငှက်ကို ပို၍ပင် အံ့သြကြရသည်။

အဘယ့်ကြောင့်ဆိုသော် ငှက်တို့ဘာဝ လွတ်လပ်စွာ ပျံသွားနိုင်ခွင့် ရနေပါလျက်နှင့် ပျံသွားခြင်းမပြုဘဲ ကိုဘိုးထွန်း အိမ်သို့ အစာကိုပါ ချီ၍ ပြန်လာနေခြင်းမှာ ဘယ်ဘဝက ရေစက်ပါလိမ့်ဟု လူတို့ အံ့သြမဆုံး ရှိကြတော့သည်။

ကိုဘိုးထွန်းသည် သူ့ကို ငါး ရှာဖွေပေးလာသောအခါ တင်ကျီးကို ပို၍ပင် ယုယလာတော့သည်။ “သားကြီး … သားကြီး” နှင့် ခေါ်ကာ သူ့ ပခုံးပေါ်တင်၍ အစာကျွေးသည်။

အစာကျွေးမည်ပြုသောအခါ တင်ကျီး၏ လည်ပင်းတွင် သူ ပတ်ပေးထားသော သွပ်နန်းကွင်းကို ဖြုတ်လိုက်သည်။ သူ့လက်ဖဝါးထဲတွင် အစာကို ထည့်၍ ကျွေးသည်။

တင်ကျီးက ကိုဘိုးထွန်း ပခုံးပေါ်မှ နေ၍ အစာကို နှုတ်သီးဖြင့် ကောက်စားသည်။ စားရင်းလည်း ကိုဘိုးထွန်း၏မျက်နှာကို ကြည့်သည်။ ကိုဘိုးထွန်းကလည်း တင်ကျီးကို ကြည့်ကာ “သားကြီး … စား၊ သားကြီး … စား” နှင့် ဆိုကာ ကျွေးသည်။

တစ်နေ့သော် လက်ဖဝါးတွင်းမှ အစာကုန်သည်နှင့် ကိုဘိုးထွန်းသည် တင်ကျီး၏ ခေါင်းမှ ကျောအထိကို လက်နှင့်သပ်၍ တင်ကျီး၏ မျက်နှာကို စေ့စေ့ကြည့်လျက်

“ငါ့သားကြီး … စားလို့ ဝရဲ့လားကွ။ စားလို့ ဝရဲ့လားကွ”

ဟု ပါးစပ်က မေးရင်း ချစ်စနိုးဖြင့် တင်ကျီး၏ နှုတ်သီးလေးကို ကိုင်တွယ်သည်။

ဤတွင် တင်ကျီးသည် ကိုဘိုးထွန်း၏ မျက်စိကို ကြည့်ကာ မျက်ဆန်ကို အစာဟု ထင်သည်နှင့် နှုတ်သီးဖြင့် မျက်စိတစ်ဖက်ကို ပေါက်ဆိတ်လိုက်တော့သည်။

ထိုအချိန်မှ စ၍ ကိုဘိုးထွန်း၏ မျက်လုံးတစ်ဖက် ပျက်ရတော့သည်။

လူတို့ကလည်း ကိုဘိုးထွန်းကို “တင်ကျီးဘိုးထွန်း” ဟူ၍ အမည်သစ်ဖြင့် ခေါ်ဆိုကြ လေတော့သည်။

ဤတွင်လည်း အံ့ဖွယ်တစ်ရပ် ဖြစ်ရပြန်သည်မှာ လွတ်လပ်စွာ ပျံသန်းခွင့် ရရှိနေပါလျက် ပျံသန်းထွက်ခွာသွားခြင်း မပြုဘဲ ကိုဘိုးထွန်းကို ငါးရှာပေးနေခဲ့သော တင်ကျီးသည် ကိုဘိုးထွန်း မျက်လုံးကို ဆိတ်ဖောက်ပြီးသည်နှင့် သူ့တာဝန်တစ်ရပ် ပြီးဆုံးသကဲ့သို့ ပျံသန်းထွက်ခွာသွားခဲ့သည်မှာ ဘယ်တော့မှ ပြန်မလာတော့ပါလေ။

အကုသိုလ်အမှုကား ကြောက်ဖွယ်အတိဖြင့်သာ ပြီးသတည်း။

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
၁၉၈၄-ခုနှစ်၊ နိုဝင်ဘာလ။
စာအုပ်အမှတ် (၃)

– ပြီး –

စာရေးသူ – တပ်ကြပ်မောင်ထူး

Leave a Reply

Your email address will not be published. Required fields are marked *