July 30, 2025
Uncategorized

တစ်ပွဲစား စံနက်ကျော်

မောင်ခြိမ့်
တစ်ပွဲစား စံနက်ကျော်

ကောင်းကင်မည်းမည်းကြီးပေါ်တွင် တစ်လုံးနှစ်လုံးသာ ပြောက်တိပြောက်ကြား မြင်နေရသည့် ကြယ်ကလေးတွေ၏ အလင်းရောင်က ဖျော့တော့မှေးမှိန်လှသဖြင့် ရပ်ရှစ်ခွင်ကို ဝေဝေဝါးဝါးသာ မြင်နေရသည်။

တစ်ခါတစ်ခါ လေကြမ်းကြမ်းဝင်ဆောင့်လေသဖြင့် ကမ်းစပ်ရှိ လမု၊ သံဒတ်၊ ပျဉ်းမပင်တွေဆီက သစ်ရွက်ချင်းခတ်သံ၊ သစ်ကိုင်းချင်းထိသံတွေ တသောသော လွင့်ပျံလာနေသည်။

တိုက်ခတ်နေသော လေထဲတွင် မိုးနံ့တွေပါလာနေသည်။ မြစ်ပြင်သည် လေငြိမ်နေခိုက်မှာ စိတ်ကောင်းဝင်ခွေနေတတ်သော မြွေဟောက်ကြီးတစ်ကောင်လို တုတ်တုတ်မျှ မလှုပ်စတမ်း ဣန္ဒြေရနေသော်လည်း လေသရမ်း ဝှေ့ယမ်းလေလျှင် လှိုင်းကြမ်းကြီးတွေ ဆူပွက်ရုန်းကြွလာကာ ဒေါသနှင့် ပါးပျဉ်းထောင်နေသည့် မြွေတစ်ကောင်အလား ကြောက်စရာကောင်းနေတော့သည်။

မြစ်ညာဘက်သို့လည်းကောင်း၊ အကြေဘက်သို့လည်းကောင်း တစ်စုံတစ်ခုကို မြင်ရနိုးနိုးနှင့် လှမ်းကြည့်လိုက်လျှင် မီးခွက် မီးအုပ် အရောင် ဘာတစ်ခုမှ မြင်တွေ့ရခြင်းမျိုးမရှိ။ လှိုင်းဘောင်ဘင်ခတ်နေသဖြင့် လှေကလေးသည် ဦးမော့တက်လာလိုက် ပြန်နစ်သွားလိုက်၊ ပဲ့ထောင် လာလိုက် နိမ့်ကျသွားလိုက်နှင့် ကသောင်းကနင်း ဖြစ်နေတော့သည်။

မိုးဦးကျကာလဖြစ်၍ မိုးလေက မမှန်သေး။ မြန်မာပြည်အောက်ပိုင်းဆီသို့ တိုးတိုက်ဝင်ရောက်လာစ မုတ်သုံလေသည် အားကောင်းနေလျှင် သုံးလေးရက်ဆက်တိုက်ရွာပြီး အားပျော့ချိန်မှာတော့ ကျောကွဲအောင် နေက ပူပြန်သေး၏။

သည်ကနေ့ နံနက်ပိုင်းအထိ နေကသာနေသည်။ ညနေစောင်း မီးခွက်ထွန်းချိန်အထိ ရွာမည့်အရိပ်အဆင် မမြင်ရသေး။ ဘယ့်နှယ့်ဖြစ်၍ အခုလို ရေတက်ခါနီးကျမှ ရွာရန်ဆင်နေရပါသလဲ။

“ဒီလိုမှန်းသာသိရင် မြစ်မကြီးဘက် ထွက်မလာခဲ့ပါဘူးကွာ”

ဟု တစ်ယောက်တည်းရေရွတ်ရင်း အားငယ်စိတ်တွေ ဝင်လာမိတော့၏။ ရွာထဲကကောင်တွေ မြစ်မကြီးထဲမှာ ယခုလို လှိုင်းထန်စပြုချိန်မှာ တစ်ယောက်မှ ရှိမှာမဟုတ်။ မတော်လို့များ အကူအညီ တစ်စုံတစ်ရာများ လိုအပ်ခဲ့လျှင် မည်သူ့ကို အကူအညီတောင်းရပါမည်နည်း။

ပြန်မယ်ဟု ဆုံးဖြတ်ပြီး မျှောချထားသော ငါးမျှားပဒေသာတွဲကြီးကို ရုပ်သိမ်းရန် လှေဦးဘက်ဆီ ဖင်ရွှေ့လာခဲ့သည်။

ဟော မိုးစက်ကလေးတွေပါလာပြီ။ မိုးပါလာလျှင် လေငြိမ်သွားရိုး ဓမ္မတာအတိုင်း လေတိုက်နှုန်းပျော့သွားပြီ။ လေတိုက်နှုန်း ပျော့လာလျှင် လှိုင်းပါးပျဉ်းကြီးတွေ စစ်မခင်းကြတော့။ သို့သော် အမှောင် ထုက ပို၍ သိပ်သည်းလာတော့၏။

ထိုအခိုက်မှာပင် လှေကလေး ငြိမ့်ခနဲလှုပ်ခါသွားပြီး ရှေ့ဘက်သို့ အရှိန်နှင့် ပြေးထွက်သွားသည်။ ပက်လက်လန်လဲမကျရအောင် လှေနံနှစ်ဖက်ကို လှမ်းဆုပ်ဆွဲကိုင်ထားလိုက်ရ၏။

“ဘာလဲဟ”

ဟု အလန့်တကြားပြောနေဆဲမှာပင် ရှေ့ကနေဆွဲငင် ရုန်းနေမှုကြောင့် လှေဦးသည် ရေထဲနစ်ဝင်ကာ တရွတ်တိုက်ပါသွားသဖြင့် ရေပန်းတွေ တဖွားဖွားထွက်လာသည်။

“ဘုရား … ဘုရား ဒါ ငါးကြီးတစ်ကောင် ရေအောက်ကနေ ဆွပြေးတာပဲ။ ဘယ်လောက်ကြီးပါလိမ့် … ဘာကောင်ကြီးပါလိမ့်”

ဘာပဲဖြစ်ဖြစ် သည်အတိုင်းဆို မကြာခင် လှေကလေး နစ်မြုပ်တော့မည်။ ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းချလိုက်ပြီး ခရီးထွက်တိုင်း ဆောင်လာလေ့ရှိသော စလူဖူးဓားရှည်အား အသာစမ်းကိုင်ပြီး လှေဦးတုံးမှာ ချည်ထားသော တန်းကြိုးကို မှောင်ထဲမှာပင် ခုတ်ဖြတ်လိုက်တော့သည်။

xxx xxx xxx

“မနေ့က ကိုထွန်းတို့ပိုက်ကို ဘာကောင်ဝင်တိုးသွားသလဲ မသိဘူးတဲ့။ လက်လံ လေးငါးလံလောက် ပြတ်ပါသွားသတဲ့”

“လက်ပံပင်ဝဲနားမှာ တစ်ခါတစ်ခါ ထပေါ်တဲ့ အကောင်ကြီးဟာ ဆယ့်လေးတောင်လှေထက် ပိုကြီးသတဲ့ကွ။ အရီးမအေးကြည်တို့ ဈေးကောက်သွားရင်း တွေ့ခဲ့တာတဲ့။ နံနက်စောစော ဝေလီဝေလင်းဆိုတော့ သဲသဲကွဲကွဲတော့ မမြင်လိုက်ရဘူးလို့ပြောတယ်””

“ဒါဆို အောင်ရှိန်းတန်းကြိုးကို ရေအောက်ကနေ ဆွဲပြေးတဲ့ကောင်ကြီးများ ဖြစ်နေမလား မသိဘူး”

“ဘာပဲဖြစ်ဖြစ်ကွာ။ လှေပေါ်မှာနေပြီး ရှာဖွေစားတဲ့သူတွေထက် ရေထဲဆင်း ပိုက်ဆွဲရတဲ့ လင်းပိုက်သမားတွေက ပိုပြီး သတိထားကြဖို့ လိုတယ်ကွ”

လူတစ်ယောက်တစ်ပေါက် ပြောနေကြသည့် အသံတွေကြောင့် အဘစံနက်ကျော်၏ အိမ်ကလေးအတွင်းမှာ စကားသံတွေ ရယ်သံတွေ ငြင်းခုံသံတွေ ဝေစည်လျက်ရှိ၏။

တံငါအိုကြီး အဘစံနက်ကျော်ကတော့ ဘာတစ်ခွန်းမှ ထပ်မပြော။ ဝါစိမ်းနီဆေးပေါ့လိပ်ကြီးကိုသာ မျှဉ်း၍ဖွာရင်း တစ်ယောက်တစ်မျိုး ပြောနေကြသူတွေကိုသာ စေ့စေ့ကြည့်ပြီး အသာနားထောင်လျက်ရှိသည်။

ရေထရက်ပေမို့ မြစ်ထဲ ချောင်းထဲမှာ ရေတွေ အတက်ကြမ်းနေသဖြင့် ရွာထဲက တံငါတွေ အလုပ်မဆင်းကြဘဲ အားလပ်လျက်ရှိ၏။

မကြာသေးခင်ကလေးက တိုက်ခတ်မွှေနှောက်သွားသော မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် မခံလိုက်ရပေမယ့် အိမ်တွေ အမိုးလန်သူ လန်၊ ယိုင်သည့် အိမ်က ယိုင်နှင့် တချို့များဆို ယခုထက်ထိ ပြင်ဆင်နေရဆဲ ရှိသေး၏။

သုံးပင်နှစ်ခန်း ဓနိမိုး ထရံကာ၊ ပျဉ်ခင်းထားသော အဘစံနက်ကျော်၏ အိမ်ကလေးပင် လေပြင်းက ဆင်တိုးသလို ဝင်တိုးသွားလေသဖြင့် ယိုင်ထွက်သွားလေရာ ရွာထဲက ဆွေနီးမျိုးစပ်တွေရော ခင်မင်သူ များပါ လာရောက်ဝိုင်းကူ၍ ကျားကန်တည့်မတ်ပေးရင်း စကားဝိုင်းဖွဲ့ နေကြခြင်းဖြစ်၏။

“ကြည့်သွား ကြည့်လာကြပေါ့ကွာ။ အဲသည် လက်ပံပင် ဝဲခွဆိုင်ကြီးက အခုမှ တော်သွားသေးတာ။ တို့ငယ်ငယ်တုန်းကဆိုရင် တော်ရုံလူ ဘယ်ဖြတ်ရဲလို့လဲ။ တစ်နှစ်တစ်ခါလည်း လူစားတတ်တယ်လို့ ယုံကြည်ထားကြတယ်ကွ။ ဝဲစောင့်တွေ ဘာတွေလည်း ရှိချင် ရှိနိုင်တာပဲကွ”

အဘစံနက်ကျော်၏ ငယ်သူငယ်ချင်း ဖိုးသံဒိုင်ကပြောလျှင် ဝဲစောင့်ဆိုသည့် စကားပါသွားသဖြင့် အဘစံနက်ကျော်က သဘောမကျသည့်ပုံနှင့် သောက်လက်စ ရေနွေးကြမ်းခွက်ကို ဆောင့်၍ ချလိုက်သည်။

နဂိုကတည်းက အသည်းကလည်းငယ် သရဲတစ္ဆေဆိုလျှင် သေးဖျန်းဖျန်းပါအောင် ကြောက်တတ်လှသော အောင်ရှိန်းက

“ကျွန်တော်လည်း တံငါလုပ်စားလာတာ ကြာပါပြီဗျာ။ ကျုပ်လှေ ဆယ့်လေးတောင်လောက်ကြီးကို ရေအောက်ထဲ စိုက်ဆင်းသွားအောင် ဆွဲနိုင်တဲ့အကောင်ဟာ ရိုးရိုးငါးတော့ မဟုတ်နိုင်ဘူးဗျ။ လှေဦးက ကြိုးတန်းကို ဓားနဲ့ အမြန်ဖြတ်နိုင်လို့ပေါ့ဗျာ။ နို့မိုဆိုရင်… ”

ဟု စကားကို မဆက်ဘဲ ကျောချမ်းသွားဟန်နှင့် ပခုံးနှစ်ဖက် တွန့်၏။

ဖိုးနီ၊ ကိုရွှေဖောင်၊ ကိုညို၊ ကိုတင်အုံး၊ စိန်ကုလား၊ ငခွေးကြီး တို့ကတော့ ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ငြိမ်ပြီး နားထောင်နေကြသည်။ တကယ်တမ်းကျတော့ သူတို့တစ်တွေသည် အတွေ့အကြုံနုနယ်ကြသေး သည်မဟုတ်လား။

“အေးပေါ့လေ … ငါးလား၊ ဖားလားဆိုတာ တစ်နေ့တော့ အဖြေပေါ်လာရမှာပေါ့ကွာ”

ဟုပြောပြီး အိမ်ပေါ်တွင် ဝိုင်းထိုင်နေကြသည့် လူငယ်တစ်စုကိုကြည့်ကာ အဘစံနက်ကျော်သည် တစ်စုံတစ်ခုကို စဉ်းစားနေပုံနှင့် ငြိမ်သက်လျက်ရှိသည်။

xxx xxx xxx

မြစ်သုံးခွဆိုင်နေရာတွင် ရေစီးအရှိန်က ပြင်းလှ၏။ သုံးဖက် သုံးတန် အရှိန်အဟုန်နှင့် စီးလာကြသော ရေလုံးရေစွယ်အချင်းချင်း အားပြိုင်တိုးဝှေ့ကြသောအခါ အားနည်းသောဘက်သို့ အိဆင်းကာ ချာလည်လှည့်လေသဖြင့် ဝဲကတော့ကြီး ဖြစ်နေတော့သည်။

တအုန်းအုန်း တဗျင်းဗျင်း မနားစတမ်း ရွာချနေသော မိုးကြောင့် မြစ်ရေပြင်သည် တဖြည်းဖြည်း ပြည့်လျှံလာတော့သည်။ ရေ၏အရောင်က ရွှံ့နှစ်ရောင်ပေါက်ကာ နွံတွေ၊ နုန်းတွေ၊ ရွှံ့တွေ ပျော်ဝင်လျက် ပျစ်နှစ်နေကြသည်။

“ဟေ့ကောင် အောင်ရှိန်း … ဟုတ်ရော ဟုတ်ရဲ့လားကွ၊ မင်းဟာက… ”

ဖိုးနီက မေးသည်။

“ငါပြောတဲ့ အကြိမ်တွေလည်း များလှပြီ။ ဒါတောင် မင်းတို့က မယုံသေးဘူး။ အခု ဒီဝဲထဲကို လိုက်လာတာကလည်း ငါလိုက်ချင်လို့ မဟုတ်ဘူး။ မင်းတို့က အတင်းခေါ်လို့သာ လိုက်လာရတာ။ ငါ့ဟာ့ငါဆိုရင် ခြေဦးတောင် မလှည့်ဘူးကွ … သိရဲ့လား”

အောင်ရှိန်းက ဒေါသနှင့် ပြော၏။

နေဝင်တော့မည်ဖြစ်၍ အလင်းရောင်တွေ မှေးမှိန်လာနေပြီ။ မီးခိုးလုံးကြီးတွေကဲ့သို့ မည်းမည်းညစ်ညစ် တိမ်တိုက်မိုးသားတွေက ကာဆီးထားသဖြင့် နေဝင်တာ စောတော့သည်။

မိုးက တစ်ဆက်တည်း နှစ်နာရီ သုံးနာရီခန့် သည်းလိုက်၊ မောပန်းသွားဟန်နှင့် ခဏနားလိုက်နှင့် ရှိသည်။ ခပ်စောစောကတင် ခဏစဲသွားတာ မကြာသေး၊ နောက်တစ်ကြိမ် အားနှင့် မာန်နှင့် ရွာချရန် ပြင်ဆင်နေ ပြန်ပြီ။

ကမ်းပါးသောင်စပ်သည် မြင့်မောက်တက်လာသော ရေပြင်အောက်တွင် ပျောက်ကွယ်နေပြီဖြစ်၏။ ရေထဲတွင် တစ်ဝက်နစ်နေသော လမုပင်တွေ၊ သံဒတ်ပင်တွေ၊ ပျဉ်းမပင်တွေ လေတိုက်ရာဘက်သို့ ယိမ်းယိုင်လှုပ်ရှားနေကြသည်။

မြစ်ပြင်ထဲတွင် လှိုင်းလုံးတွေ ပွက်၍ ပွက်၍ ထလာ၏။ လိမ့်၍ လိမ့်၍ တက်လာ၏။ တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ပျပျမှုန်မှုန်ကလေးသာ မြင်နေရသည့် မြစ်ကမ်းနှစ်ဖက်သည် လှိုင်းလုံးတွေ၏ ထိပ်ဖျားဆီမှ လွင့်ပျံတက်နေသော ရေစက်ရေမွှားတွေကြောင့် ပို၍ ရီဝေမှိုင်းမှုန်နေသည်။ တစ်လုံးပြီးတစ်လုံး ပြေးဝင်လာနေသော လှိုင်းများကို ဘေးတိုက် မခံဝံ့။ လှေဦးပေးကာ တောင့်ခံနေရသဖြင့် ငါးဖမ်းလှေကလေးသုံးစင်းမှာ ဦးစိုက်ပဲ့ထောင် ဗြောင်းဆန်နေတော့၏။

ဝါးပိုးဝါးနှစ်လုံးကို ဘေးဘယ်ညာတွဲထားသည့် ဦးစံနက်ကျော်၏ လှေကို အလယ်မှာထား၍ တစ်ဖက်တစ်ချက်စီတွင် တံငါလှေကလေးနှစ်စင်း ကပ်၍ တွဲထား၍သာ လှိုင်းဒဏ်ကို ခံနိုင်နေခြင်းဖြစ်သည်။

တဖျန်းဖျန်း ကြဲပက်နေသော မိုးစက်များအောက်တွင် ငါးမျှားချိတ်ကြီး ဆယ်ချောင်းစီ တွဲ၍ ချထားသည့် လေးထောင့်သံပုံးကြီးငါးလုံးသည် ဝဲကတော့ကြီး၏ ဘေးဘက်ဆီမှာ အလိုက်သင့် မျောပါလျက်ရှိသည်။

သံပုံးတစ်လုံးနှင့် တစ်လုံးကို နိုင်လွန်ကြိုးများဖြင့် တွဲချည်ထားလေရာ မည်သည့်ငါးမျှားချိတ်မှာ မိသည်ဖြစ်စေ ထိုငါးသည် သံပုံးငါးလုံးစလုံးကို မြုပ်အောင် ဆွဲပြေးနိုင်မည်တော့ မဟုတ်ချေ။

လှေသုံးစင်းပေါ်က လူခြောက်ယောက်တို့သည် မိုးဒဏ်လေဒဏ် ခံနိုင်ရန်အတွက် ခမောက်တွေကို မေးသိုင်းကြိုးတွေ တင်းနေအောင် ချည်ထားရသည်။ မိုးစွတ်စွတ်စိုနေရသည့်အထဲမှာ လေသရမ်းက မွှေ့ယမ်းလေသောအခါ ခိုက်ခိုက်တုန်အောင် ချမ်းတုန်၍ နေကြပြီ။

“ငါကတော့ လိုက်လာမိတာ မှား … မှားပြီနဲ့ တူတယ်ကွာ”

အောင်ရှိန်းက မေးချင်း တဂတ်ဂတ်ရိုက်နေသည်ကြားက ညည်းညူလေသည်။

“မင်းကတော့ကွာ။ ကဲ … ကဲ ဒါလေးချလိုက် … ချလိုက်”

လှေဦးခေါင်းထဲမှာ ထည့်ယူလာသော ကောက်ညှင်းအရက်ဦးရည်ကလေးကို ဖိုးနီက လှမ်းပေးလိုက်သည်။

ပုလင်းဖော့ဆို့ကို သွားဖြင့်ကိုက်၍ဖွင့်ကာ အောင်ရှိန်းက နှစ်ငုံ သုံးငုံခန့် မော့ချသည်။ ထိုအခါ အချမ်းပြေ၍ နေသာထိုင်သာရှိသွားပြီး ကြောက်ရွံ့တုန်လှုပ်မှုလည်း ပျောက်သွားကာ

“လာချင်တဲ့အကောင် လာစမ်းကွ။ ငါးမန်းကြီးပဲ လာလာ၊ မိကျောင်းကြီးပဲလာလာ၊ ဝဲစောင့်ငါးကြီးပဲလာလာ၊ ဆွဲချင်တဲ့အကောင် လာဆွဲစမ်းဟေ့။ တွေ့ကြပြီပေါ့ကွာ … အောင်ရှိန်းတဲ့ကွ”

ဟု ကြိမ်းဝါးလေတော့၏။

“နေစမ်းပါဦးကွ အောင်ရှိန်းရ၊ စောစောတုန်းကတော့ ရေအောက်က အကောင်ကြီးကို ကြောက်တယ်ဆိုကွ”

ဖိုးနီက စ၏။

“အေး ဟုတ်တယ် စောစောတုန်းကတော့ ကြောက်တယ်ကွ။ အခု မကြောက်တော့ဘူး။ အဘစံနက်ကျော်လည်း ပါတယ်။ မင်းရော၊ ငခွေးကြီးရော၊ ကိုညိုတို့ စိန်ကုလားတို့ပါ ပါတယ်ဆိုတော့ ဘာကြောက်စရာ ရှိတော့လို့လဲကွ”

“ငါတို့ပါလို့တော့ မဟုတ်ပါဘူးကွာ။ ရဲဆေးတင်လိုက်လို့ မင်း မကြောက်တော့တာပါ။ ဟုတ်တယ်မဟုတ်လား”

ကိုညိုက ပြောလျှင် မိုးတွေ လေတွေ ကြားမှာပင် အားလုံးက ဝိုင်း၍ ရယ်ကြတော့သည်။

ထိုစဉ်ခိုက်မှာပင်

“ဆွဲပဟေ့ …ဆွဲပဟ။ ကြည့် … ကြည့်၊ ငါတို့လှေ သုံးစင်းလုံးပါသွားပဟ”

ကိုညိုက ထ၍အော်သည်။

ဟုတ်သည်။ ငါးမျှားချိတ်သံပုံးကြီးများနှင့် လှေဦးမှာတွဲပြီး ချည်ထားသော နိုင်လွန်ကြိုးကြီးများကြောင့် ရေအောက် အတောင်နှစ်ဆယ်လောက်တွင် ချထားသည့် ငါးမျှားချိတ်ကို ရေအောက်က သတ္တဝါကြီးက ဆွဲပြေးလေသည်တွင် လှေပါရွေ့၍ ပါသွားလေပြီ။

xxx xxx xxx

ညဦးပိုင်းသို့ရောက်ပြီဖြစ်၍ မြစ်ပြင်တစ်ခွင်လုံး မည်းမှောင်ပြီး ကမ်းနှစ်ဖက်ဆီကြည့်၍ မမြင်ရတော့။ သူတို့၏ သုံးစင်းတွဲလှေကြီးသည် ရေပြင်ကိုဦးတိုက်၍ ရေအောက်ကသတ္တဝါကြီး ဆွဲပြေးရာနောက်သို့ ပါသွားနေသည်။ တဖျန်းဖျန်းကြဲပက်နေသော မိုးစက်တွေက ပါးလျားသွားလိုက်၊ သိပ်သည်းပြင်းထန်လာလိုက်နှင့် ရှိနေဆဲဖြစ်၏။

“ဟေ့ … အားလုံး သတိထားကြ။ ကိုယ့်လှေပေါ်မှာ ကိုယ်ငြိမ်ငြိမ်နေကြ။ ငါအမိန့်မပေးဘဲ ဘာမှမလုပ်ကြနဲ့။ လှေပဲ့ကိုင်တွေက နိုင်အောင်ထိန်း၊ ဘာမှ မကြောက်ကြနဲ့နော်”

အဘဦးစံနက်ကျော်၏ အရေးတကြီး သတိပေးနေသံသည် မိုးသံ လေသံတွေကြားမှာပင် ကျယ်လောင်စွာ ပေါ်ထွက်လာနေသည်။

ဖိုးနီနှင့် ကိုညိုတို့က လှေဦးမှာ ဒူးထောက်ထိုင်ရင်း သုံးထောင့်ထိုးဓာတ်မီးများဖြင့် မြစ်ပြင်ဆီ ဝေ့ကာဝိုက်ကာ ထိုး၍ကြည့်သည်။ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရ။ ဖြူဖွေးစူးရှသော လက်နှိပ်မီးရောင်အောက်တွင် မိုးစက်မြားတံများကိုလည်းကောင်း၊ ခေါင်းပေါင်းဖြူဖွေးဖွေးထနေသော ဂယက်လှိုင်းကြီးတွေကိုလည်းကောင်း အတောမသတ် မြင်နေရသည်။

ဘေးဘယ်ညာ ဝှေ့ယမ်းထိုးကြည့်သော်လည်း ကမ်းနှစ်ဖက်ကိုမမြင်ရ။ ထို့ကြောင့် သူတို့လှေသုံးစင်းတွဲကြီးကို ရွေ့ရွေ့ပါအောင် ဆွဲပြေးနေသော ရေအောက် သတ္တဝါကြီး၏ ဦးတည်ရာအရပ်သည် အရှေ့လော၊ အနောက်လော၊ တောင်လော၊ မြောက်လော၊ မြစ်ကြောင်းအလျားလိုက်သော၊ ကန့်လန့်ဖြတ်လော မသိ။ မသိ … ဘာကိုမှ မသိနိုင်၊ မမြင်နိုင်ဖြစ်နေရပေပြီ။

စောစောတုန်းက အရက်ကလေးထွေထွေနှင့် သွေးကြွကာ သတ္တိကောင်းနေသော အောင်ရှိန်းတစ်ယောက် ငြိမ်နေပြီ၊ တိတ်နေပြီ၊ ကြောက်ဒူးတွေ တဆတ်ဆတ်တုန်နေပြီ။

ကောင်းကင်တစ်ပြင်လုံး အနက်ရောင် ဧရာမထီးကြီးအုပ်မိုးထားဘိသို့ ရှိ၏။

“ဟေ့ကောင်တွေ… လှေထဲကရေတွေ တစ်စက်မှမကျန်အောင် ပက်ထုတ်ထားကြကွနော် … အရေးရယ် အကြောင်းရယ်ကျမှ လှေထဲ ရေဝင်ပြီး နစ်လို့မဖြစ်ဘူးကွနော်။ မင်းတို့အကောင် ဘယ်လောက်ဆွဲပြေးနိုင်မလဲ ပြေးစမ်းပါစေကွာ။ စံနက်ကျော်တဲ့ကွ … စံနက်ကျော်ကွနော်၊ ဘာမှတ်နေကြလဲ”

စူးစူးရှရှ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာသော အဘစံနက်ကျော်၏ ကြုံးဝါးသံကြောင့် ငခွေးကြီးတို့၊ ဖိုးနီတို့၊ ကိုညိုတို့တစ်တွေ အားတက်လာကြ၏။ လှေဝမ်းထဲက ရေတွေကို သူ့ထက်ငါကောင်း ပက်ထုတ်ကြ၏။ ပြီးလျှင် အဘစံနက်ကျော်၏ လှေဘေးမှာ တွဲချည်ထားသည့် ဝါးပိုးဝါးကြီးတွေကို မြဲမြဲတွယ်ဖက်ထားကြ​၏။

တော်ပါပေ၏။ အမြင်ကျယ်ပါပေ၏။ အတွေ့အကြုံရှိပါပေ၏။ အဘစံနက်ကျော် တော်ပေလို့သာပေါ့။ နို့မို့ဆိုလျှင် သည်လောက် မှောင်ကြီးမည်းကြီး လှိုင်းကြီးလေထန်ထဲမှာ တွေးဝံ့စရာပင်မရှိ။

သူတို့အသုံးပြုသော အလျား တစ်ဆယ့်လေးတောင် ဝမ်းအကျယ် နှစ်တောင်သာသာ တံငါလှေငယ်ကလေးတွေသည် သည်လောက် ဒဏ်မခံနိုင်။ ရွာမှ မထွက်ခင်ကတည်းက သုံးထွာဆိုင်ခန့် လုံးပတ်ရှိသည့် ဝါးပိုးဝါး နှစ်လုံးကို လှေမှာ ဘယ်ညာမြဲမြဲတွဲထားခဲ့၍သာ။ ထိုဝါးပိုးဝါးနှစ်လုံးကြောင့် လှေမှောက်မှာ ပူစရာမရှိ။ အကြောင်းကြောင်းကြောင့် မှောက်ဦးတော့ ရေထဲနစ်စရာမရှိ။

အသက်အရွယ်၊ အတွေ့အကြုံ၊ တံငါတို့၏ ဝါ သမ္ဘာကို သူတို့ မလေးစား၍ မရ။ အထင်မကြီး၍ မဖြစ်။

ကိုညို၏ လှေပဲ့ကိုင်က အောင်ရှိန်း၊ ဖိုးနီ၏ လှေပဲ့ကိုင်က ငခွေးကြီး၊ အဘစံနက်ကျော်၏ လှေပဲ့ကိုင်က စိန်ကုလားဖြစ်၏။

လှေဦးစီး ခေါင်းဆောင်သုံးဦးတို့၏ ညာလက်တွေထဲမှာ ငါးထိုးမှိန်းကြီးတွေ ကိုယ်စီ။ ဘယ်လက်တွေထဲမှာတော့ လက်နှိပ်မီးတွေကိုယ်စီနှင့် အဘစံနက်ကျော်၏ တိကျပြတ်သားသောအမိန့်ကို တိတိကျကျလိုက်နာကာ လာသမျှဘေး ပြေးတွေ့ရန် အသင့်ဖြစ်နေကြပေပြီ။

ရေအောက်က ဆွဲယူပြေးနေတာ ဘာကောင်နည်း။ သူတို့မသိ။

ဘယ်အရပ်ဆီ ဆွဲပြေးလောနည်း။ ဒါကိုလည်းသူတို့မသိ။

အဘစံနက်ကျော်တော့ သိလိမ့်မည်။

“အဘ … ဘာကောင်ကြီးလဲဗျ ဟင်”

စိန်ကုလားက လှေပဲ့ကိုင်ထားရင်း မေးသည်။

“ဟုတ်တယ် အဘရယ် … ဘာကောင်ကြီး ဆွဲပြေးနေတာလဲဟင်”

အောင်ရှိန်းကလည်း မေး၏။

ကိုဖိုးနီတို့၊ ကိုညိုတို့၊ ငခွေးကြီးတို့ကလည်း သိချင်လိုက်တာမှ အူယားနေတော့သည်။ သို့သော် မမေးရဲ၍သာ နေရ၏။

တစ်ပွဲစားဆိုသော ဂုဏ်ပုဒ်သည် ဘယ်ကျောင်း၊ ဘယ်သင်တန်းတက်ပြီးမှ ရလာသည်မဟုတ်။

မြစ်ထဲချောင်းထဲ၊ အင်းထဲအိုင်ထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားလာပြီး ငါးတွေ၊ ပုစွန်တွေ၏ အလေ့အထ၊ အမူအကျင့်၊ စရိုက်အထွေထွေ နေထိုင်ကျက်စားပုံ၊ ပေါက်ပွားကြီးပြင်းပုံတို့နှင့် ၄င်းတို့ရှင်သန်နေထိုင်ရာ အင်းအိုင်၊ မြစ်ချောင်းတို့၏ ရေသေ၊ ရေထ၊ ရေတက်၊ ရေကျ၊ လဆန်းပက္ခ၊ လဆုတ်ပက္ခ၊ ကမ်းစပ်၊ သောင်ခုံ၊ စည်းတိမ်၊ ရေဝဲ၊ ရေအိုင်၊ ခွဆိုင်၊ ရေစီးရေလာ၊ တံစူး၊ ငြောင့်ကျင်း အဖုံဖုံတို့ကို သိရှိနားလည်တတ်ကျွမ်းပါမှ၊ တစ်ဖက်ကမ်းခပ်ပါမှ ဘဝတူတံငါတွေက တရိုတသေ တလေးတစား ပေးထားလေ့ရှိသော ရယူရန်ခက်ခဲလှသော ဂုဏ်ထူး ဘွဲ့ထူးကြီး ဖြစ်ရလေကား။

အပျော်တမ်းတံငါ၊ လက်သင်တံငါ၊ ဝါမရင့်တရင့်တံငါတွေက ရှိန်ကြ၊ လန့်ကြ၊ ဟန့်ကြရသည်မှာ တံငါတို့၏ သဘောသဘာဝပင် ဖြစ်သည်မဟုတ်လား။

“မကြာခင် သိရတော့မှာပါကွာ … ကြာကြာစောင့်ရမယ် မထင်ပါဘူး။ တစ်ခုတော့ ကြိုပြောထားမကွ။ အခု ဆွဲပြေးနေတဲ့ ရေအောက်သတ္တဝါဟာ မြင်နေကျ တွေ့နေကျ မင်းတို့သိနေကျအကောင်တော့ မဟုတ်ဘူးကွ”

လေကြမ်းကြမ်းတွေ ကွမ်းတစ်ယာညက်ခန့် တိုက်ခတ်လိုက်ပြီးချိန်မှာတော့ မိုးစက်မိုးပေါက်တွေ ပါးသွားပြီး ထီးမည်းမည်းကြီး အုပ်ထားသကဲ့သို့ နက်မှောင်နေသော ကောင်းကင်ကြီးဆီမှာလည်း ပိတ်ဆီးကာ ဆိုင်းထားသော မိုးတိမ်တောင်တွေသည် လေပြင်းနောက် ပါသွားခဲ့လေသဖြင့် ဟိုတစ်မှုန် သည်တစ်ပွင့် ကောင်းကင်အမြင့်မှာ ကြယ်စင်ငွေပွင့်တွေ လှမ်းမြင်နေရပြီ။

“ဟော… ဟော၊ ရပ်သွားပြီကွ … ရပ်သွားပြီကွ”

ကိုညိုက ဝမ်းသာအားရ အော်လိုက်သည်။

ဦးစံနက်ကျော်က ဝေဝေဝါးဝါး အလင်းရောင်ထဲမှာပင် လက်တစ်ဖက်ကို ရေထဲ အသာချကြည့်လိုက်၏။

ဟုတ်သည်။ လှေသုံးတွဲကြီး မရွေ့လျားတော့။ လက်ကို ရေစီးက တိုးတိုက်မှုမရှိ။

ထိုစဉ်မှာပင် ဗွမ်းခနဲ ဗြောင်းခနဲ အသံကြီးတွေ ထွက်လာပြီး ရေစက်ရေမှုန်တွေ မြစ်ပြင်ပေါ် ဖျန်းဖျန်းမြည်အောင် လွင့်ပျံသွား၏။

“အောင်မလေးဗျ။ ဘာ … ဘာကြီးတွေလဲဗျ။ လုပ်ပါဦး အဘရဲ့”

အောင်ရှိန်းနှင့် စိန်ကုလားတို့၏ အသည်းငယ်ငယ်နှင့် အော်သံထွက်လာ၏။

ဖွေးခနဲ ဓာတ်မီးရောင်တန်းတွေက အသံကြီးတွေပေါ်ထွက်လာရာ မြစ်ပြင်ဆီ ပြေးသွားကြသည်။

လား … လား … လေးထောင့်သံပုံးကြီးတွေပါလား။ တစ်လုံးပြီးတစ်လုံး ရေပြင်ပေါ်ကြွတက်လာကြလေပြီ။

“ဟား ဟား ဟား ဟား … မင်း ဘာတတ်နိုင်သေးတုံးကွ။ မင်းအစွမ်း ဒါအကုန်ပဲလားဟေ့။ မကြာခင် ငါ့လက်ထဲ မင်း ရောက်လာတော့မှာပါကွာ။ ဟား ဟား ဟား”

အဘစံနက်ကျော်၏ အားရပါးရရယ်လိုက်သံကြီး ပေါ်ထွက်လာပြီးသည့်တိုင်အောင် ဖိုးနီတို့၊ ကိုညိုတို့၊ ငခွေးကြီးတို့က ဘာမှန်းမသိသေး။ နားမလည်နိုင်သေး။

စိန်ကုလားနှင့် အောင်ရှိန်းတို့က အကြောက်ပင်မပြေသေး။

ရေအောက်သတ္တဝါကြီးသည် ဘယ်လိုအကောင်ကြီးပါလိမ့်။

ပထမ ငါးမျှားချိတ်မှာမိမည်၊ ဆွဲ၍ ရုန်း၍ ပြေးလျှင် ငါးမျှားကြိုးနှင့် ဆက်တွယ်ထားသည့် သံပုံးကြီးတွေပါ ရေအောက်သို့ နစ်ဝင်သွားတာဖြစ်မည်။

ထို အလုံပိတ်သံပုံးကြီးတွေပါ ရေအောက်သို့နစ်ဝင်သွားအောင် ဆွဲပြေးနိုင်သည်မှာ နည်းနည်းနောနော အင်အားမဟုတ်။ သာမန်အရွယ်အစားတော့ မဖြစ်နိုင်။

ယခုတော့ ဆက်မဆွဲနိုင် မရုန်းနိုင်တော့သောအခါ သံပုံးတွေက ရေပေါ် ပြန်ပေါ်လာခဲ့ပြီ။ ထိုသတ္တဝါကြီး မောနေပြီ။ ခြေကုန်လက်ပန်း ကျနေပြီ။

“ဟေ့ ဖိုးနီ ကြိုးကို နည်းနည်းချင်း ဆွဲဖော်ကြည့်စမ်း။ သတိနဲ့ ဆွဲနော်။ ရေအောက်က ပြန်ဆွဲရင် အသာလျှော့ပေးပြီးမှ ပြန်ဆွဲ … ဟုတ်ပြီလား”

နိုင်လွန်ကြိုးကို စ၍ဆွဲသည်။ ဘေးလှေနှစ်စင်းဆီမှ လက်နှိပ်ဓာတ်မီးနှစ်လက်၏ အလင်းရောင်ကြောင့် ကောင်းစွာမြင်နေရသည်။ တစ်စ တစ်စနှင့် ကြိုးက ပါလာနေပြီ။ လူခြောက်ယောက်၏ မျက်စိအစုံတို့သည် နိုင်လွန်ကြိုးပေါ်မှာ စူးစိုက်စွာ ရှိနေကြသည်။

ငါးမျှားချိတ်တွေနှင့် တွဲချည်ထားသော သံပုံးကြီးတွေပင် လှေဦးနားရောက်တော့မည်။ ရေအောက်မှ လေးလံသောအကောင်ကြီး ပါလာတာကတော့ ကျိန်းသေသည်။ ဆွဲတင်နေသော နိုင်လွန်ကြိုးစသည် လက်နှိပ်ဓာတ်မီးရောင်အောက်တွင် တုန်ခါပြီး ပါလာသည်။

ဘာ့ကြောင့် မရုန်းမကန်ဘဲ ပါလာသနည်း။ ဖိုးနီ စဉ်းစား၍မရ။ ဘာအကြံအစည်များ ရှိနေပါလိမ့်။

ဦးစံနက်ကျော်သည် လှေဦးတွင် ခြေကိုခွဲ၍ရပ်ပြီး တစ်ဖက်က ဓာတ်ကိုထိုးရင်း တစ်ဖက်က သံမဏိမှိန်းကြီးကို အသင့်ပြင်ရင်း “ဆက်ဆွဲ … ဆက်ဆွဲ” ဟု လေသံဖြင့် ဖိုးနီကိုပြောသည်။

ဖိုးနီက ဆက်ဆွဲသည်။

ရုတ်တရက် ကြိုးစသည် လက်ထဲမှာ လျော့တိလျော့ရဲပါလာပြီး သူတို့လှေနှင့် အတောင်နှစ်ဆယ်ခန့်အကွာတွင် ဧရာမငါးကြီးတစ်ကောင် ဘွားခနဲ ပေါ်လာလေတော့၏။

“ဟာ”ခနဲ“ဟင်”ခနဲ အသံတွေ ဆူညံစွာထွက်ပေါ်လာသည်။

“ဘုရား … ဘုရား … ဘာကောင်ကြီးတွေလဲဟ”

လှေပဲ့မှ အောင်ရှိန်း၏ အလန့်တကြားအော်သံထွက်လာသည်။

ဖိုးနီသည် ဆွဲလက်စကြိုးစကို လွှတ်ချပြီး ညာလက်က လှေဝမ်းထဲတွင် အလျားလိုက်ချထားသည့် ငါးထိုးမှိန်းကို ဖျတ်ခနဲ ကောက်ကိုင်ပြီး ငါးကြီးဆီသို့ အားနှင့်လွှတ်၍ ထိုးလိုက်စဉ် ဘေးလှေမှ ကိုညို၏ မှိန်းသွားသည်လည်း လှစ်ခနဲ အားနှင့်ထွက်လာကာ စဉ်းစဉ်းကြီး ငြိမ်သက်နေသော ငါးကြီးဆီ ပြေးဝင်သွားတော့၏။

xxx xxx xxx

နာကျင်ကြောက်လန့်နေသည့် ငါးကြီးက တစ်ဖန်ဆွဲပြေးလေသဖြင့် ဆွဲတင်ထားသောကြိုးတွေ တလျောလျောနှင့် ဆန့်ထွက်လိုက်ပါသွားပြီး ကြိုးဆုံးလျှင်တော့ ဖိုးနီတို့လှေသုံးစင်းတွဲကြီး တရွေ့ရွေ့ ပါသွားပြန်လေပြီ။

လှေဦးတွင် ဒူးထောက်လျက် ငါးကြီးဆွဲပြေးရာဘက်ဆီ မှန်း၍ ဓာတ်မီးနှင့်ထိုးကြည့်နေသော ဦးစံနက်ကျော်က ဒေါသဖြစ်စွာ တောက်တစ်ချက်ခေါက်လိုက်ပြီး

“ခွေးမသားတွေ … ခွေးမသားတွေ၊ ငါ အမိန့်မပေးဘဲ ဘာမှမလုပ်ပါနဲ့လို့ သေသေချာချာမှာထားရက်နဲ့ကွာ”

ဟု ကြိမ်းမောင်းရေရွတ်နေသည်။

ညသန်းကောင်ကျော်လောက်ရှိနေပြီ။ စောစောက စဲစပြုနေသည့် မိုးသည် ခပ်ဖွဲဖွဲကြဲပက်နေပြန်သည်။ လကွယ်ရက်ပေမို့ လ၏အလင်းရောင်ကို မျှော်မှန်း၍မရနိုင်။ လက်နှိပ်ဓာတ်မီးအလင်းရောင်တန်းမှအပ အမှောင်ထုကြီးကသာ မြစ်ပြင်ကို လွှမ်းမိုးထားနေဆဲဖြစ်၏။

ကြောက်လန့်နာကျင်စွာ ဆွဲပြေးနေသောကြောင့် လှေဦးနှင့် ရေပြင်တို့ တိုးတိုက်ရာမှ တဟဲဟဲမြည်သံနှင့်အတူ ရေစက်ရေမှုန်တွေက တဖွားဖွားလွင့်ပျံလျက်ရှိသည်။

ဖိုးနီတို့ ကိုညိုတို့တစ်တွေက ဦးစံနက်ကျော် အမိန့်မရဘဲ ငါးကြီးကို မှိန်းနှင့်ထိုးမိသည့်အတွက် အသာငြိမ်၍ပါလာသည်။ လှေကို တွဲထားသော ဝါးပိုးဝါးတွေကြောင့် လှေမှောက်မှာတော့ မစိုးရိမ်ရပေ။

သို့သော် ငါးကြီးမိနေသော ငါးမျှားချိတ်သည် မည်သည့်အချိန်အထိ တောင့်ခံထားနိုင်မည်နည်း။ ငါးကြီး၏ဆွဲအား ရုန်းအားကြောင့် ကျိုးထွက်မည်လား၊ ဒါမှမဟုတ် စန့်ထွက်သွားမည်လား။

နောက်ဆုံး နိုင်လွန်ကြိုးကရော ဘယ်အချိန်အထိ ခံနိုင်မည်နည်း။

ထိုအချက်တွေထဲက တစ်ခုခုသာဖြစ်သွားလျှင် ငါးကြီးလွတ်ထွက်သွားတော့မည်။ တစ်ညလုံးနီးပါး မိုးထဲ လေထဲမှာ သက်စွန့်ဆံဖျား ပင်ပန်းခံထားခဲ့သမျှ အလဟဿ ဖြစ်ရတော့မှာလား။

“အဘ … ဘယ်ရောက်နေပြီလဲဗျ၊ ဘာမှလည်း မမြင်ရဘူး၊ မှောင်လိုက်တာကလည်း ပိန်းလို့”

အသက်ကလည်းငယ်၊ အတွေ့အကြုံလည်း နုနယ်သေးသည့် စိန်ကုလားက တုန်တုန်ရီရီဖြင့်မေးသည်။

“ဟဲ့ကောင် … ဘာမှမပူနဲ့၊ ငါတစ်ယောက်လုံးရှိတယ်၊လှေပဲ့သာ ဖြောင့်ဖြောင့်ကိုင်”

စိန်ကုလားကို ဟောက်ရင်း အဘစံနက်ကျော် ဓာတ်မီးဖြင့် ဝေ့ဝိုက်၍ထိုးကာ ကမ်းကိုရှာသည်။ ဖြူဖွေးစူးရှသော အလင်းတန်းအောက်တွင် ကမ်းစပ်တောတန်းတို့ကို ရိပ်ခနဲ မြင်လိုက်ရသည်။

“ဟဲ့ကောင် ဖိုးနီ … ကြိုးကိုဆွဲစမ်း။ မလျှော့နဲ့ … တင်းတင်းဆွဲ”

ဟု ပြောလျှင် ဖိုးနီသည် ဒူးထောက်ထိုင်ရင်းက ကြိုးကို တအားတုံ့၍ ဆွဲသည်… မရချေ။

“ဟေ့ကောင် ငညို … ကူဆွဲစမ်း၊ ဆောင့်ဆွဲစမ်း … ဆောင့်ဆွဲ …. ဘာမှမကြောက်နဲ့ … ဆွဲ”

ဟု အရေးတကြီး လှမ်းအော်သည်။

နှစ်ယောက်အားနှင့် ဆောင့်ဆွဲသဖြင့် တန့်သွားကာ လှေဦးက ရေထဲ နစ်ဝင်မတတ် စိုက်ဆင်းပြီး ရေတွေ ဟောခနဲဝင်လာသည်။

“မလျှော့နဲ့ … မလျှော့နဲ့ …. ဆွဲ … ဆွဲ”

အဘစံနက်ကျော်၏ အော်သံဆုံးလျှင် ရေအောက်ကဆွဲပြေးနေသော ငါးကြီးသည် ဦးတည်ရာဘက်မှ ဘေးသို့ကွေ့ကာ ဆတ်ခနဲ ရုန်းထွက်သည်။

လှမ်းထိုးထားသော လက်နှိပ်မီးရောင်အောက်တွင် ကမ်းစပ်ရှိ လမုပင်တွေ၊ သမန်းချုံတွေ ရိပ်ခနဲ လှေဆီပြေးဝင်လာကာ လှေဦးကစ၍ ချုံစပ်တွေထဲ တိုးဝင်ကာ ရပ်တန့်သွားလေပြီ။

xxx xxx xxx

“ဒင်း ဘာတတ်နိုင်သေးလဲကွ ဟင် … စံနက်ကျော်ကို ဒီလိုလာစမ်းလို့ ရစတမ်းလားကွ … ဟား ဟား ဟား”

ထိုအချိန်မှာပင် ရွာသားတစ်စုတို့ မီးခွက်၊ မီးအုပ်တွေ၊ ဓာတ်မီးတွေ၊ ဓားတွေ၊ လှံတွေကိုင်ကာ ရောက်လာကြသည်။

ရွာသားတွေထဲမှ အဘိုးကြီးတစ်ယောက်က သူတို့လှေပေါ် ဓာတ်မီးနှင့်ထိုးကြည့်ပြီး

“အမယ် ဆူဆူညံညံအသံတွေနဲ့ ဘယ်သူတွေများပါလိမ့်ဆိုပြီး ထွက်လာခဲ့ကြတာ စံနက်ကျော်တို့ပါလားဟ။ ကမ်းပေါ်ထိုးတင်နေတာကလည်း ငါးမန်းကြီးလား၊ ငါးရွေးကြီးလား၊ လာ … လာ ကမ်းပေါ်တက်ကြ။ အချမ်းပြေ ရေနွေးကြမ်းလေး ဘာလေး သောက်ရအောင်”

ဟု ခေါ်လေသည်။

ဦးစံနက်ကျော်တို့တစ်တွေ တလိုင်းစုရွာကလေးရှိ သူငယ်ချင်း မန်းအောင်ခင်၏ အိမ်ပေါ်တက်၍ ရေနွေးကြမ်းသောက်နေချိန်မှာတော့ အရုဏ်တက်စပြုနေပြီ။

ဒါလောက်ကြီးသောငါးကြီးကို မမြင်ဘူးကြသော ရွာသားတွေကတော့ သူ့ထက်ငါ ငါးကြီးဆီသွားကြည့်ကာ တအံ့တသြ ဆူဆူညံညံ ပြောဆိုနေကြသံတွေ စီစီညံနေတော့သည်။

ပြီးခဲ့တဲ့လက သူတို့ မြစ်ဝကျွန်းပေါ်ဒေသတစ်ခွင်ဝင်၍ မွှေသွားသော မုန်တိုင်းကြီးက ဘင်္ဂလားပင်လယ်အော်ဆီမှ စတင်၍ ပင်လယ်ကွေ့ တစ်ဝိုက်ရှိ ဒေသအနှံ့အပြားကို လေပြင်းတွေတိုက် ဒီရေလှိုင်းကြီးတွေက လယ်ကွင်းတွေပေါ် ၊ ရွာတွေ မြို့တွေအပေါ်၊ ကမ်းစပ်ရှိ ဒီရေတောတွေ၊ အင်းတွေ၊ အိုင်တွေ၊မြစ်ချောင်းတွေအပေါ် ဖုံးလွှမ်းချေဖျက်သွားခဲ့လေသည်။

ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လပွတ္တာ၊ ဘီတွတ်၊ ကံပဲ့၊ မော်လမြိုင်ကျွန်းမြို့နယ်တွေအတွင်းရှိ လယ်တွေ၊ ယာတွေ ငါးဖမ်းလုပ်ငန်းတွေ၊ စန္ဒားတွေ၊ ကျားပိုက်တွေ၊ ငါးဖမ်းလှေတွေကို ဖျက်ဆီးသွားခဲ့လေသည်။

ထိုပြင်းထန်သော မုန်တိုင်းကြီးနှင့် ပေပေါင်းများစွာမြင့်သော ဒီရေလှိုင်းကြီးတွေကြောင့် ပင်လယ်ကွေ့ဆီမှ အချို့သော ငါးများ မျောပါလာပြီး မြစ်ကြီးတွေထဲမှာ မျက်စိလည်ကျန်ရစ်ခဲ့သည်။

ဦးစံနက်ကျော်တို့မိသော ငါးမန်းကြီးသည် ထိုအထဲမှ တစ်ကောင်သာဖြစ်၏။ ငါးမန်းကြီး၏ခေါင်းပိုင်းတွင် လည်းကောင်း၊ အမြီးပိုင်းတွင် လည်းကောင်း မည်သည့်အရာဝတ္ထုတွေနှင့် ထိခိုက်တွန်းတိုက်လာသည်မသိ။ ဒဏ်ရာဒဏ်ချက်တွေ ဗရပွနှင့် နာနေသော ငါးမန်းကြီးဖြစ်၏။

မြစ်သုံးခွဆိုင်ဝဲကြီးသည် ရေနက်လှသည်ဖြစ်၍ အသာခိုကပ်နေရင်း ဟိုနေရာပေါ်လိုက်၊ သည်နေရာပေါ်လိုက်၊ ပိုက်တွေဝင်တိုးလိုက်၊ တန်းကြိုးတွေနှင့် ငြိကာပြတ်ထွက်လိုက်နှင့် ရေစိမ်း၊ မြေစိမ်း၊ ဒေသစိမ်းတွင် အံမဝင်ခွင်မကျ ဖြစ်နေရတော့၏။

ယခုလည်း ဦးစံနက်ကျော်တို့ ဝဲကြီးနားတွင်ချထားသော အချောင်းငါးဆယ်ခန့်ရှိ ငါးမျှားပဒေသာတွဲကြီးတွင် ဝင်ညိပြီး ရုန်းလေ ရုန်းလေ ငါးမျှားချိတ်တွေက တစ်ကိုယ်လုံးမှာ နေရာအနှံ့ ချိတ်မိတွယ်မိလေဖြစ်ကာ မောပန်းလွန်း၍ မြစ်ပြင်မှထ အပေါ်တွင်မူ စူးရဲထက်မြက်လှသော မှိန်းစွယ်
မှိန်းချက်တွေကြောင့် ပြေးမိပြေးရာကမ်းစပ်ပေါ် ထိုးတက်မိခြင်းသာ ဖြစ်တော့သည်။

“မင်းတို့သာ မှိန်းနဲ့မထိုးခဲ့ရင် ဒါလောက် ဒုက္ခမရောက်ဘူးကွ သိလား။ မိထားတဲ့ငါးမျှားချိတ်တွေက အများကြီးဆိုတော့ လွတ်လည်း မထွက်နိုင်ဘူး။ မောပြီး မှိန်းနေတုန်း အသာချော့ဆွဲပြီး ကမ်းကပ်လိုက်ရင် ပြီးနေတဲ့ဥစ္စာ။ မင်းတို့က မှိန်းတွေနဲ့ထိုးတော့ လန့်ပြီး အသက်ဘေးကလွတ်အောင် မြစ်ကြောင်းအတိုင်း ဆွဲပြေးတာကွ။ ဒါကြောင့် ငါက အတင်း ဆောင့်ဆွဲခိုင်းရတာ။ အဲသည်တော့ နာနာနဲ့ ကွေ့ပြေးတော့ မြစ်ကမ်းပေါ် ထိုးတက်ရတော့တာပဲ မဟုတ်လား”

ဦးစံနက်ကျော်၏ စကားကို ဝိုင်းနားထောင်နေကြသည်။ ဦးစံနက်ကျော်၏ သူငယ်ချင်း မန်းအောင်ခင်က ငါးခြောက်ဖုတ်များ၊ ထမင်းကြမ်းများနှင့် ဧည့်ခံလေသည်ကို မောမော ဆာဆာနှင့်စားရင်း စကားကောင်းနေကြ၏။

xxx xxx xxx

အရှေ့ဘက်ဆီတွင် ပုစွန်ဆီသွေးရောင် ရောင်နီပျို့နေပြီး တစ်ညလုံးလုံး ရွာလိုက်၊ တိတ်လိုက်၊ ကျဲလိုက်၊ သဲလိုက်နှင့် ကြမ်းချင်တိုင်း ကြမ်းနေခဲ့သည့် မိုးမင်းကြီး လက်လျှော့သွားခဲ့ပြီ။

ဦးစံနက်ကျော်၏တပည့်တွေသည် ရွာခံကာလသားတွေနှင့် စကားလက်ဆုံကျပြီး ငါးမန်းကြီးဖမ်းခဲ့သည့် အတွေ့အကြုံတွေကို စွန့်စားခန်းတစ်ခုသဖွယ် သူကဘယ်လို၊ ငါကဘယ်လို သက်စွန့်ဆံဖျား ရင်ဆိုင်ယှဉ်ပြိုင် အနိုင်ယူခဲ့ကြပုံတွေကို အသားယူကြွားဝါခဲ့ကြပြီး ယခုတော့ မောမောနှင့် အိပ်ပျော်ကုန်ကြပြီ။

အိမ်ရှေ့ခန်းမှာ ခင်းထားသည့် နှီးကြောဖျာကြမ်းကြီးတွေပေါ်မှာ ဖိုးနီတို့၊ စိန်ကုလားတို့၊ ကိုညိုတို့၊ ငခွေးကြီးတို့တစ်တွေ တခေါခေါ ဟောက်နေကြပြီ။

တစ်ပွဲစား စံနကျော်တစ်ယောက်ကတော့ဖြင့် အိပ်၍မဖြစ်သေး။

သူ၏ တပည့်သားတွေကို တံငါတို့တတ်အပ်သော အတတ်ပညာတွေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါတွင် တည်တည်ငြိမ်ငြိမ် သတ္တိရှိရှိ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ဖို့ စသည့်အချက်တွေ သင်ပေးထားခဲ့ဖို့ သူ့မှာ တာဝန်တွေရှိနေပါသေးကလားဟု တွေးနေမိသည်။

ပြီးတော့ နံနက်လင်းသည်နှင့် ငါးမန်းကြီးကို ဖျက်ရမည်။ အကောင်လိုက်သယ်ယူရန်မလွယ်။ သည်တော့ အသားတွေချည်း ဈေးကိုပို့ရမည်။ အားလုံးဝိုင်းကူကြသော တလိုင်းစုရွာသားတွေကို သင့်လျော်သလို ဟင်းစားတွေ ပေးရမည်။

ရွာမှာ ကျန်ရစ်သည့် အိမ်သူအိမ်သား ဇနီးမယားတွေက သူတို့ ပြန်ချိန်တန်၍မှ ပြန်မရောက်လျှင် စိတ်ပူကြလိမ့်မည်။ ထို့ကြောင့် လှေတစ်စင်းစီစဉ်ကာ ရွာကိုပြန်၍ ပြောရဦးမည်။

စသည်ဖြင့် ခေါင်းဆောင်ပီပီ အစီအစဉ်တွေချရင်း ဆေးပေါ့လိပ်တစ်တို၊ ရေနွေးကြမ်းတစ်အိုးနှင့် ငုတ်တုတ်ထိုင်နေဆဲ။

– ပြီး –

​စာရေးသူ – မောင်ခြိမ့်

Leave a Reply

Your email address will not be published. Required fields are marked *